မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၅

ယေရှုဟာ ဘယ်သူလဲ

ယေရှုဟာ ဘယ်သူလဲ

ယေရှုဟာ သမိုင်းမှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ ယေရှုဆိုတဲ့နာမည်ကို လူသိများပေမဲ့ သူ့အကြောင်း သိပ်မသိကြဘူး။ ယေရှုနဲ့ပတ်သက်ပြီး အမျိုးမျိုး ယူဆကြတယ်။ ကျမ်းစာမှာ ယေရှုအကြောင်း ဘာဖော်ပြသလဲ။

၁။ ယေရှုဟာ ဘယ်သူလဲ။

ယေရှုဟာ ကောင်းကင်မှာနေတဲ့ တန်ခိုးကြီး ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်။ ယေဟောဝါဘုရားက ဘာကိုမှ မဖန်ဆင်းခင် ယေရှုကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် “ဖန်ဆင်းရာအားလုံးမှာ သားဦး” လို့ ခေါ်ထားတယ်။ (ကောလောသဲ ၁:၁၅) ယေရှုတစ်ဦးတည်းကို ယေဟောဝါကိုယ်တိုင် ဖန်ဆင်းခဲ့လို့ ဘုရားရဲ့ “တစ်ဦးတည်းသော သား” လို့ ကျမ်းစာ ဆိုထားတယ်။ (ယောဟန် ၃:၁၆) တခြားအရာအားလုံးကို ဖန်ဆင်းရာမှာ ဖခင်ယေဟောဝါနဲ့အတူ ယေရှု တွဲလုပ်ဆောင်တယ်။ (ပညာအလိမ္မာ ၈:၃၀ ကို ဖတ်ပါ။) ယေရှုဟာ ယေဟောဝါနဲ့ ရင်နှီးတဲ့ဆက်ဆံရေး ရှိနေတယ်။ “နှုတ်ကပတ်တော်၊” ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် သစ္စာရှိရှိ အမှုဆောင်ပြီး ဘုရားရဲ့ သတင်းစကား၊ ညွှန်ကြားချက်တွေကို အသိပေးတယ်။​—ယောဟန် ၁:၁၄

၂။ ကမ္ဘာပေါ် ယေရှု ဘာကြောင့် လာသလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ခန့်က ယေဟောဝါဟာ သန့်ရှင်းသောစွမ်းအားတော် သုံးပြီး ကောင်းကင်မှာရှိတဲ့ ယေရှုရဲ့အသက်ကို အပျိုစင်မာရိရဲ့ ဝမ်းထဲ အံ့ဖွယ်နည်းနဲ့ ပြောင်းရွှေ့ပေးတယ်။ ဒီနည်းနဲ့ ယေရှုဟာ လူတစ်ဦးအဖြစ် မွေးဖွားလာတယ်။ (လုကာ ၁:​၃၄၊ ၃၅ ကို ဖတ်ပါ။) ယေရှု ကမ္ဘာပေါ် လာတာဟာ ကတိထားရာ မေရှိယ၊ ခရစ်တော်အဖြစ် လူတွေကို ကယ်တင်ဖို့ပါ။ a မေရှိယနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်အားလုံး ယေရှုဆီမှာ ပြည့်စုံတယ်။ ဒါက ယေရှုဟာ ‘ခရစ်တော်၊ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သား’ ဖြစ်မှန်း သိစေတယ်။​—မဿဲ ၁၆:၁၆

၃။ အခု ယေရှု ဘယ်မှာလဲ။

ယေရှု သေဆုံးပြီးတဲ့နောက် ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ကို ပြန်တက်သွားတယ်။ “ဘုရားသခင်က သူ့ကို သာလွန်မြင့်မြတ်တဲ့ အနေအထားရောက်အောင် ချီးမြှောက်” တယ်။ (ဖိလိပ္ပိ ၂:၉) အခု၊ ယေရှုဟာ ယေဟောဝါပြီးရင် အခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်တယ်။

ရှာဖွေလေ တွေ့ရှိလေ

ယေရှုဟာ ဘယ်သူလဲ၊ ယေရှုအကြောင်း လေ့လာဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာ ထပ်ရှာဖွေကြည့်ပါ။

၄။ ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင် မဟုတ်

ယေရှုဟာ ကောင်းကင်မှာ တန်ခိုးကြီးတဲ့ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်ပေမဲ့ အဖဘုရား ယေဟောဝါကို နာခံတယ်လို့ ကျမ်းစာ သွန်သင်တယ်။ ဘယ်လို သိနိုင်သလဲ။ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် မတူကြောင်း ကျမ်းစာအဆိုကို သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

အောက်ပါ ကျမ်းပိုဒ်တွေက ယေဟောဝါနဲ့ ယေရှု မတူကြောင်း နားလည်စေတယ်။ ကျမ်းပိုဒ်တစ်ခုစီကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

လုကာ ၁:၃၀-၃၂ ကိုဖတ်ပါ။

  • ယေရှုနဲ့ “အမြင့်ဆုံးအရှင်” ယေဟောဝါဘုရား မတူကြောင်း ကောင်းကင်တမန်ရဲ့ စကားက ဘယ်လို ဖော်ပြသလဲ။

မဿဲ ၃:၁၆၊ ၁၇ ကို ဖတ်ပါ။

  • ယေရှု နှစ်ခြင်းခံချိန်မှာ ကောင်းကင်ကနေ ဘာပြောသလဲ။

  • ဘယ်သူ့အသံလို့ ထင်ပါသလဲ။

ယောဟန် ၁၄:၂၈ ကို ဖတ်ပါ။

  • အသက်ပိုကြီးပြီး အခွင့်အာဏာပို ရှိသူဟာ ဖခင်လား၊ သားလား။

  • ယေရှုက ယေဟောဝါကို အဖလို့ခေါ်တာ ဘာအဓိပ္ပာယ်လဲ။

ယောဟန် ၁၂:၄၉ ကို ဖတ်ပါ။

  • ယေရှုက မိမိနဲ့ အဖဘုရားဟာ တစ်ဦးတည်းလို့ ယူဆသလား။ သင်ကော ဘယ်လို ထင်သလဲ။

၅။ ယေရှုဟာ မေရှိယဖြစ်ကြောင်း သက်သေထူ

လူတွေကို ကယ်တင်ဖို့ ဘုရားရွေးချယ်ထားတဲ့ မေရှိယဟာ ဘယ်သူလဲဆိုတာ သိစေတဲ့ ကြိုဟောချက်အများကြီး ကျမ်းစာမှာ ပါတယ်။ ယေရှု ကမ္ဘာပေါ် ရှိချိန်မှာ ပြည့်စုံခဲ့တဲ့ ကြိုဟောချက်တချို့ကို သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ

ဒီကျမ်းစာကြိုဟောချက်တွေကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

မေရှိယ ဘယ်မှာ မွေးမလဲ သိနိုင်ဖို့ မိက္ခာ ၅:၂ ကို ဖတ်ပါ။ b

  • ယေရှု မွေးဖွားတဲ့အခါ ဒီကြိုဟောချက် ပြည့်စုံသလား။​—မဿဲ ၂:၁

မေရှိယသေဆုံးခြင်းအကြောင်း အသေးစိတ် ကြိုဟောချက်အတွက် ဆာလံ ၃၄:၂၀ နဲ့ ဇာခရိ ၁၂:၁၀ တို့ကို ဖတ်ပါ။

  • ဒီကြိုဟောချက်တွေ ပြည့်စုံခဲ့သလား။ ​—ယောဟန် ၁၉:​၃၃-၃၇

  • ဒီကြိုဟောချက်တွေ ပြည့်စုံအောင် ယေရှု ကြိုတင်စီစဉ်ထားတယ်လို့ သင်ထင်သလား။

  • ဒါက ယေရှုနဲ့ပတ်သက်ပြီး ဘာကို သက်သေထူသလဲ။

၆။ ယေရှုအကြောင်း လေ့လာခြင်းကနေ အကျိုးခံစားရကြ

ယေရှုနဲ့ ယေရှုလုပ်ဆောင်ခဲ့တာတွေကို လေ့လာဖို့ အရေးကြီးတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ယောဟန် ၁၄:၆ နဲ့ ၁၇:၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုအကြောင်း လေ့လာဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဘုရားနဲ့ မိတ်ဆွေဖြစ်နိုင်ဖို့ ယေရှု လမ်းဖွင့်ပေး။ ယေဟောဝါအကြောင်း အမှန်တရားကိုလည်း သွန်သင်ပေး။ ယေရှုအားဖြင့် ကျွန်တော်တို့ ထာဝရအသက် ရနိုင်ကြ

လူတချို့ အဆို။ “ယေဟောဝါသက်သေတွေဟာ ယေရှုကို မယုံကြဘူး။”

  • သင် ဘယ်လို ပြန်ဖြေမလဲ။

အနှစ်ချုပ်

ယေရှုဟာ တန်ခိုးကြီးတဲ့ ဝိညာဉ်ပုဂ္ဂိုလ်၊ ဘုရားသခင်ရဲ့သား၊ မေရှိယ ဖြစ်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေရှုကို “ဖန်ဆင်းရာအားလုံးမှာ သားဦး” လို့ ဘာကြောင့် ခေါ်သလဲ။

  • ကမ္ဘာပေါ် မလာခင် ယေရှု ဘာလုပ်ခဲ့သလဲ။

  • ယေရှုဟာ မေရှိယဖြစ်မှန်း ဘယ်လို သိရသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

လူတွေ ကလေးရသလိုမျိုး ဘုရားလည်း ယေရှုကိုရတယ်လို့ ကျမ်းစာ ဆိုသလား။

“ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

သုံးပါးပေါင်းတစ်ဆူဟာ ကျမ်းစာသွန်သင်ချက် မဟုတ်ကြောင်း သုံးသပ်ကြည့်ပါ။

“ယေရှုသည် ဘုရားသခင်လော” (ကင်းမျှော်စင် ဧပြီ ၁၊ ၂၀၀၉)

ယေရှုအကြောင်း ကျမ်းစာမှာ လေ့လာပြီးနောက် အမျိုးသမီးတစ်ဦး ပြောင်းလဲသွားပုံကို ဖတ်ကြည့်ပါ။

‘ဂျူးအမျိုးသမီးတစ်ဦး သူ့ရဲ့ဘာသာရေးယုံကြည်ချက်ကို ဘာကြောင့် ပြန်ဆန်းစစ်ခဲ့သလဲ’ (နိုးလော့! မေ ၂၀၁၃)

a မေရှိယ၊ ခရစ်တော်ဆိုတာ လူတွေကိုကယ်ဖို့ ဘုရားရွေးချယ်ထားသူကို ဆိုလိုတယ်။ လူတွေ ဘာကြောင့် ကယ်တင်ခံရဖို့ လိုသလဲ၊ ယေရှု ဘယ်လို ကယ်သလဲဆိုတာ သင်ခန်းစာ ၂၆ နဲ့ ၂၇ မှာ ဆွေးနွေးပါမယ်။

b ယေရှု ကမ္ဘာပေါ် လာမယ့်အချိန်အကြောင်း တိကျတဲ့ ကြိုဟောချက်ကို ရှင်းလင်းချက် ၂ မှာ ကြည့်ပါ။