အခန်း ၅
ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ
“ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ။”—ကောလောသဲ ၃:၁၂
အိမ်ထောင်ပြုတယ်ဆိုတာ မိသားစုအသစ်ကို တည်ဆောက်လိုက်တာဖြစ်တယ်။ မိဘကို အမြဲ ချစ်ကြောက် ရိုသေသွားမှာဖြစ်ပေမဲ့ အခုကစပြီး အိမ်ထောင်ဖက်က ကိုယ့်အတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်သွားပါပြီ။ ဒါကို သင့်ဆွေမျိုးတချို့ လက်ခံဖို့ခက်ခဲနိုင်တယ်။ ကိုယ့်မိသားစုအသစ်ကို ကြိုးစားတည်ဆောက်နေရင်း ဆွေမျိုးတွေနဲ့လည်း သင့်မြတ်နိုင်ဖို့ ကျမ်းစာလမ်းညွှန်ချက်တွေကနေ အကူအညီရနိုင်ပါတယ်။
၁ ဆွေမျိုးတွေအပေါ် အမြင်မှန်ရှိပါ
ကျမ်းစာပြောဆိုရာ– “မိဘကို ရိုသေပါ။” (ဧဖက် ၆:၂) သင် အသက် ဘယ်လောက်ပဲရှိပါစေ၊ မိဘကို အမြဲ ရိုသေလေးစားရမယ်။ သင့်အိမ်ထောင်ဖက်လည်း သူ့ရဲ့မိဘကို ရိုသေလေးစားဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။ “မေတ္တာဟာ မနာလိုမဖြစ်တတ်” လို့ သင့်အိမ်ထောင်ဖက်က သူ့မိဘနဲ့ ချစ်ချစ်ခင်ခင်နေတာကို ဘယ်တော့မှ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။—၁ ကောရိန္သု ၁၃:၄။ ဂလာတိ ၅:၂၆။
သင်လုပ်ဆောင်နိုင်ရာ–
-
“နင့်မိသားစုက ငါ့ကို အမြဲနှိမ်တယ်၊” “နင့်အမေက ငါဘာလုပ်လုပ် ဘယ်တော့မှ အကောင်းမပြောဘူး” စတဲ့ ချဲ့ကားပြောဆိုတာမျိုးကို ရှောင်ပါ
-
အိမ်ထောင်ဖက်ရဲ့ နေရာကနေ မြင်တတ်ဖို့ ကြိုးစားပါ
၂ လိုအပ်မယ်ဆိုရင် ပြတ်သားပါ
ကျမ်းစာပြောဆိုရာ– “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” (ကမ္ဘာဦး ၂:၂၄) သင် အိမ်ထောင်ကျသွားတာတောင်မှ သင့်ကို ဆက်တာဝန်ယူဖို့ လိုသေးတယ်လို့ မိဘတွေ ခံစားမိနိုင်တယ်။ ဒါမှမဟုတ် သင့်အိမ်ထောင်ရေးမှာ သူတို့ ပိုပြီးစွက်ဖက်ချင်တာလည်း ဖြစ်နိုင်တယ်။
နှစ်ဖက်မိဘတွေကို ဘယ်အတိုင်းအတာထိပဲ ပါဝင်ပတ်သက်ခွင့်ပေးမယ်ဆိုတာ သင်တို့နှစ်ယောက် ဆုံးဖြတ်ပြီး သူတို့ကို လေးလေးစားစား အသိပေးပါ။ ယဉ်ယဉ်ကျေးကျေး၊ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ပါတယ်။ (ပညာအလိမ္မာ ၁၅:၁) နှိမ့်ချမှု၊ ကြင်နာမှုနဲ့ စိတ်ရှည်မှုတို့ရှိမယ်ဆိုရင် ဆွေမျိုးတွေနဲ့ ဆက်ဆံရေး ပြေပြစ်မယ့်အပြင် သူတို့ကို “မေတ္တာထားပြီး သည်းခံ” နိုင်မှာပါ။—ဧဖက် ၄:၂။
သင်လုပ်ဆောင်နိုင်ရာ–
-
အိမ်ထောင်ရေးမှာ ဆွေမျိုးတွေ ပါဝင်စွက်ဖက်လွန်းနေတာကို စိတ်အနှောင့်အယှက် ဖြစ်နေရင် အေးအေးဆေးဆေးရှိနေချိန်မှာ အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ
-
အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ နှစ်ဦးသဘောတူ ဆုံးဖြတ်ထားပါ