အခန်း ၂
တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ
“ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။” —မာကု ၁၀:၉
“သစ္စာစောင့်သိမှုကို မြတ်နိုး” ပါလို့ ကျွန်တော်တို့ကို ယေဟောဝါဘုရား တောင်းဆိုထားတယ်။ (မိက္ခာ ၆:၈) အဲဒါက အထူးသဖြင့် သင့်အိမ်ထောင်အတွက် အရေးကြီးတယ်။ သစ္စာမရှိရင် ယုံကြည်စိတ်ချမှု မရှိနိုင်လို့ပဲ။ ယုံကြည်စိတ်ချမှုရှိမှ ချစ်ခြင်းမေတ္တာ ရှင်သန်နိုင်မှာ။
ဒီနေ့အချိန်မှာ အိမ်ထောင်ကတိသစ္စာ ပျက်ပြားသွားစေဖို့ တိုက်ခိုက်ခံနေရတယ်။ ဒါကြောင့် သင့်အိမ်ထောင်ကို ကာကွယ်နိုင်မယ့် အချက်နှစ်ချက်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားရမယ်။
၁ ကိုယ့်အိမ်ထောင်ကို ဦးစားပေးပါ
ကျမ်းစာပြောဆိုရာ– ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိမြင်ကြပါ။’ (ဖိလိပ္ပိ ၁:၁၀) သင့်ဘဝမှာ အရေးအကြီးဆုံး အရာတွေထဲကတစ်ခုဟာ သင့်ရဲ့အိမ်ထောင်ပဲ။ ဒါကြောင့် သင့်အိမ်ထောင်ကို ဦးစားပေးသင့်တယ်။
သင့်အိမ်ထောင်ဖက်ကို ဂရုစိုက်ဖို့၊ သူနဲ့အတူ “ပျော်မွေ့” ဖို့ ယေဟောဝါဘုရား အလိုရှိတယ်။ (ဒေသနာ ၉:၉) ကိုယ့်အိမ်ထောင်ဖက်ကို ဘယ်တော့မှ ဥပေက္ခာမပြုဖို့၊ နှစ်ယောက်စလုံး ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေကို ရှာကြံဖို့ တိတိကျကျ မိန့်မှာထားတယ်။ (၁ ကောရိန္သု ၁၀:၂၄) သင့်အိမ်ထောင်ဖက်ကို သင်လိုအပ်တယ်၊ သူ့ကို တန်ဖိုးထားတယ်ဆိုတာ သူသိပါစေ။
သင်လုပ်ဆောင်နိုင်ရာ–
-
အိမ်ထောင်ဖက်ကို ပုံမှန်အချိန်ပေးပြီး စကားပြောဆိုပါ၊ အတူတကွ လုပ်ဆောင်ပါ၊ အပြည့်အဝ ဂရုစိုက်ပါ
-
“ငါ” လို့စဉ်းစားမယ့်အစား “ငါတို့” လို့ စဉ်းစားပါ
၂ သင့်စိတ်နှလုံးကို စောင့်ရှောက်ပါ
ကျမ်းစာပြောဆိုရာ– “မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ။” (မဿဲ ၅:၂၈) အကျင့်ယိုယွင်းစေတဲ့အရာတွေကို တွေးတောနေတာက အိမ်ထောင်ဖက်ကို သစ္စာဖောက်ရာရောက်တယ်။
“စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ ယေဟောဝါဘုရား မိန့်မှာထားတယ်။ (ပညာအလိမ္မာ ၄:၂၃။ ယေရမိ ၁၇:၉) ကိုယ့်စိတ်နှလုံးကို စောင့်ရှောက်နိုင်ဖို့ သင်ကြည့်တဲ့အရာတွေကို သတိထားဖို့လိုတယ်။ (မဿဲ ၅:၂၉၊ ၃၀) ကျမ်းစာမှာဖော်ပြထားတဲ့ ယောဘရဲ့ စံနမူနာကို တုပပါ။ တခြားအမျိုးသမီးကို တပ်မက်တဲ့စိတ်နဲ့ ဘယ်တော့မှမကြည့်ဘူးလို့ သူ ဆုံးဖြတ်ထားတယ်။ (ယောဘ ၃၁:၁) သင်လည်း ညစ်ညမ်းရုပ်ပုံစာပေတွေကို ဘယ်တော့မှ မကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ သင့်အိမ်ထောင်ဖက်ကလွဲလို့ ဘယ်သူနဲ့မှ အချစ်ဇာတ်လမ်း မခင်းမိဖို့ သန္နိဋ္ဌာန်ချထားပါ။
သင်လုပ်ဆောင်နိုင်ရာ–
-
သင့်အိမ်ထောင်ဖက်ကို ပေးထားတဲ့ ကတိသစ္စာကို အပြည့်အ၀စောင့်ထိန်းကြောင်း တခြားသူတွေ သိပါစေ
-
အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို ထည့်စဉ်းစား ပေးပါ။ လိင်ခြားသူနဲ့ ခင်မင်နေတာကို ကိုယ့်အိမ်ထောင်ဖက်က စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အဲဒီခင်မင်မှုကို ချက်ချင်းအဆုံးသတ်လိုက်ပါ