မဿဲ အခန်းကြီး ၅-၇
၅ ယေရှုက လူအုပ်ကို မြင်တော့ တောင်ပေါ် တက်သွားပြီး ထိုင်လိုက်တဲ့အခါ တပည့်တွေ အနားလာကြတယ်။ ၂ အဲဒီအခါ သူတို့ကို စတင် ဟောပြောသွန်သင်တယ်။
၃ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။
၄ “ဝမ်းနည်းပူဆွေးသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ နှစ်သိမ့်မှု ရလိမ့်မယ်။
၅ “နူးညံ့သိမ်မွေ့သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကမ္ဘာမြေကို သူတို့ အမွေရလိမ့်မယ်။”
၆ “ဖြောင့်မှန်တာကို လုပ်ချင်စိတ် ပြင်းပြသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ ဆန္ဒပြည့်ဝလိမ့်မယ်။
၇ “သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ သနားကြင်နာခံရလိမ့်မယ်။
၈ “စိတ်ထားဖြူစင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ကို သူတို့ မြင်ရလိမ့်မယ်။
၉ “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ရဲ့ သားတွေ လို့ အခေါ်ခံရလိမ့်မယ်။
၁၀ “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။
၁၁ “ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့ ညှဉ်းဆဲခံရတဲ့အခါ၊ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။ ၁၂ ကောင်းကင်မှာ ခင်ဗျားတို့ ရမယ့် ဆုဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက်ရွှင်လန်းကြပါ။ အရင်က ပရောဖက်တွေလည်း ဒီလိုပဲ ညှဉ်းဆဲခံခဲ့ရတယ်။
၁၃ “ခင်ဗျားတို့ဟာ လောကရဲ့ ဆားပဲ။ ဆားမှာ အငန်ဓာတ် မရှိတော့ရင် ပြန်ငန်အောင် လုပ်လို့ ရသလား။ အပြင်ကို လွှင့်ပစ်ပြီး အနင်းခံရရုံကလွဲလို့ ဘာမှ အသုံးမဝင်တော့ဘူး။
၁၄ “ခင်ဗျားတို့ဟာ လောကရဲ့ အလင်းပဲ။ တောင်ထိပ်မှာ တည်တဲ့ မြို့ကို ထင်ထင်ရှားရှား မြင်နိုင်တယ်။ ၁၅ လူတွေက မီးခွက်ကို ထွန်းပြီး တောင်းနဲ့ အုပ်ထားလေ့ မရှိပါဘူး။ ဆီမီးတိုင်ပေါ်မှာပဲ တင်ထားတတ်ကြတယ်။ ဒါမှ အိမ်သားအားလုံး အလင်းရမှာပေါ့။ ၁၆ အဲဒီလိုပဲ ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။
၁၇ “ကျွန်တော်ဟာ ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေကိုပယ်ဖျက်ဖို့ လာတာ မဟုတ်ဘူး။ ပြည့်စုံစေဖို့ လာတာ။ ၁၈ ကျွန်တော် မှန်တာကို ပြောမယ်။ ကောင်းကင်နဲ့ မြေကြီး ကွယ်ပျောက်ကောင်း ကွယ်ပျောက်လိမ့်မယ်။ ဒါပေမဲ့ ပညတ်ကျမ်းမှာပါတဲ့ အက္ခရာလေး တစ်လုံး၊ ဝစ္စပေါက် တစ်လုံးတောင် ကွယ်ပျောက်မှာ မဟုတ်ဘူး။ အဲဒီမှာ ရေးထားသမျှ ပြည့်စုံလိမ့်မယ်။ ၁၉ ဒါကြောင့် အရေးကြီးပုံ မရတဲ့ ပညတ်ချက်ကို ချိုးဖောက်ပြီး သူများကိုလည်း အဲဒီအတိုင်း လုပ်ဖို့ သွန်သင်ပေးတဲ့သူဟာ ကောင်းကင်နိုင်ငံကို မဝင်ထိုက်ဘူး။ ဒါပေမဲ့ အဲဒီပညတ်တွေအတိုင်း ကျင့်ကြံပြီး သွန်သင်ပေးသူကတော့ ကောင်းကင်နိုင်ငံ ဝင်ထိုက်တယ်။ ၂၀ ကျွန်တော် ပြောမယ်။ ခင်ဗျားတို့ဟာ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေထက် မဖြောင့်မတ်ဘူးဆိုရင်တော့ ကောင်းကင်နိုင်ငံကို ဘယ်နည်းနဲ့မှ ဝင်ရမှာ မဟုတ်ဘူး။
၂၁ “‘လူ့အသက် မသတ်နဲ့။ သတ်တဲ့သူဟာ တရားရုံးမှာ အမှုဆိုင်ရမယ်’ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ၂၂ အခု ကျွန်တော် ပြောမယ်။ ကိုယ့် ညီအစ်ကိုကို အမျက်မပြေနိုင်သူဟာ တရားရုံးမှာ အမှုရင်ဆိုင်ရမယ်။ ညီအစ်ကိုကို မကြားဝံ့မနာသာ ကဲ့ရဲ့သူဟာ တရားရုံးချုပ်မှာ အမှုရင်ဆိုင်ရမယ်။ ‘အလကားလူ’ လို့ စွပ်စွဲတဲ့သူဟာ မီးလောင်နေတဲ့ ဂေဟင်နာ a အရပ်ကို ရောက်ရလိမ့်မယ်။
၂၃ “ဒါကြောင့် ပူဇော်ရာပလ္လင်ဆီ အလှူ ယူလာနေတုန်းမှာ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရသွားရင်၊ ၂၄ အလှူကို ပလ္လင်ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကိုဆီ သွားပြီး သူနဲ့ ပြေလည်အောင် အရင် လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့ အလှူကို ဆက်သပါ။
၂၅ “ကိုယ့်ကို တရားစွဲတဲ့သူနဲ့ လမ်းမှာ အတူသွားနေတုန်းမှာပဲ ပြေလည်အောင် ချက်ချင်း လုပ်ပါ။ ဒီလိုမှ မလုပ်ရင် သူက ခင်ဗျားကို တရားသူကြီးလက်ထဲ အပ်လိမ့်မယ်။ တရားသူကြီးကလည်း ထောင်မှူးလက်ထဲ အပ်ပြီး ထောင်ချလိမ့်မယ်။ ၂၆ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားဟာ ငွေ တစ်ပြားမကျန် မပေးမချင်း ထောင်ကနေ ထွက်ရမှာ မဟုတ်ဘူး။
၂၇ “‘အိမ်ထောင်ရေး မဖောက်ပြန်နဲ့’ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ၂၈ ဒါပေမဲ့ ကျွန်တော်ပြောမယ်။ မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ ပြစ်မှားတာပဲ။ ၂၉ ကိုယ့်ရဲ့ ညာဘက်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီမျက်စိကို ထုတ်ပြီး လွှင့်ပစ်လိုက်ပါ။ ဂေဟင်နာ b အရပ်မှာ တစ်ကိုယ်လုံး ပစ်ချခံရတာထက် မျက်စိတစ်ဖက် အဆုံးရှုံးခံလိုက်တာ ပိုကောင်းတယ်။ ၃၀ ကိုယ့်ရဲ့ ညာလက်က အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီလက်ကို ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ။ ဂေဟင်နာ c အရပ်ဆီ တစ်ကိုယ်လုံး ရောက်တာထက် လက်တစ်ဖက် အဆုံးရှုံးခံလိုက်တာ ပိုကောင်းတယ်။
၃၁ “ဒါ့အပြင် ‘ဇနီးကို ကွာရှင်းမယ်ဆိုရင် ကွာရှင်းစာချုပ် ပေးစေ’ လို့ အဆိုရှိတယ်။ ၃၂ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လိင်အကျင့်ယိုယွင်းမှု d ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းတဲ့သူဟာ ကိုယ့်ဇနီးကို အိမ်ထောင်ရေး ဖောက်ပြန်သူ ဖြစ်အောင် လုပ်ရာရောက်တယ်။ ကွာရှင်းထားတဲ့ မိန်းမကို လက်ထပ်တဲ့သူကလည်း အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။
၃၃ “‘ကိုယ်မလုပ်နိုင်တဲ့ ကိစ္စအတွက်မကျိန်ဆိုနဲ့။ ယေဟောဝါကို သစ္စာကတိပြုပြီးရင် အဲဒီအတိုင်း လုပ်ရမယ်’ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကိုလည်း ခင်ဗျားတို့ ကြားဖူးပါတယ်။ ၃၄ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လုံးဝ မကျိန်ဆိုနဲ့။ ကောင်းကင်ကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ကောင်းကင်ဟာ ဘုရားသခင်ရဲ့ ရာဇပလ္လင်ပဲ။ ၃၅ ကမ္ဘာမြေကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ကမ္ဘာမြေဟာ ဘုရားသခင်ရဲ့ ခြေတင်ခုံပဲ။ ဂျေရုဆလင်မြို့ကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ဘုရင်မင်းမြတ်ရဲ့ မြို့တော် ဖြစ်လို့ပဲ။ ၃၆ ကိုယ့်ရဲ့ ခေါင်းကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ဆံချည်တစ်ပင်ကိုတောင် ဖြူအောင်၊ မည်းအောင် ခင်ဗျားတို့ မလုပ်နိုင်ဘူး။ ၃၇ ဒါကြောင့် ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ။ ဒီထက်ပိုတဲ့ စကားဟာ ဆိုးညစ်သူဆီက လာတာပဲ။
၃၈ “‘မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား ပြန်လျော်ပေးရမယ်’ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ၃၉ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လူဆိုးကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေး လိုက်ပါ။ ၄၀ လူတစ်ယောက်က ခင်ဗျားရဲ့ အတွင်းအင်္ကျီကို လိုချင်လို့ တရားရုံး ခေါ်သွားချင်တယ်ဆိုရင် အပေါ်ဝတ်ရုံကိုပါ ပေးလိုက်ပါ။ ၄၁ အာဏာရှိသူတစ်ယောက်က ခင်ဗျားကို အတင်းအကျပ် ခိုင်းစေဖို့ တစ်မိုင် ခေါ်သွားရင် သူနဲ့အတူ နှစ်မိုင် လိုက်သွားပါ။ ၄၂ တောင်းတဲ့သူကို ပေးပါ။ ချေးငှားချင်တဲ့သူကိုလည်း မငြင်းဘဲ ချေးလိုက်ပါ။
၄၃ “‘လူလူချင်းကို ချစ်ပါ။ ရန်သူကိုတော့ မုန်းပါ’ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ၄၄ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ။ ၄၅ ဒါမှ ခင်ဗျားတို့ဟာ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ သားတွေ ဖြစ်မှန်း သက်သေပြရာ ရောက်မှာပေါ့။ ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။ ၄၆ ကိုယ့်ကို မေတ္တာထားသူတွေကိုပဲ မေတ္တာထားရင် ဘာအကျိုးထူးမှာလဲ။ အခွန်ခံတွေလည်း အဲဒီလောက်တော့ လုပ်နိုင်တာပဲ။ ၄၇ ကိုယ့်ညီအစ်ကိုတွေကိုပဲ နှုတ်ဆက်ရင်ကော ဘာများ ပိုထူးခြားလို့လဲ။ လူမျိုးခြားတွေလည်း အဲဒီလောက်တော့ လုပ်နိုင်တာပဲ။ ၄၈ ကောင်းကင်အဖ ပြည့်ဝစုံလင်သလို ခင်ဗျားတို့လည်း ပြည့်ဝစုံလင်ရမယ်။
၆ “ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့မှာ မလုပ်ပြမိဖို့ သတိထားကြပါ။ အဲဒီလို လုပ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားဆီကနေ ဘာကောင်းချီးမှ ရမှာ မဟုတ်ဘူး။ ၂ ဒါကြောင့် ပေးကမ်းစွန့်ကြဲတဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မလုပ်ကြနဲ့။ သူတို့က လူတွေ ချီးမွမ်းတာ ခံချင်လို့ လူတကာ သိအောင် တရားဇရပ်တွေ၊ လမ်းတွေမှာ ကိုယ့်ဂုဏ်ကိုယ်ဖော်ကြတာ။ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၃ ခင်ဗျားတို့ကတော့ ပေးကမ်းစွန့်ကြဲတဲ့အခါ ညာလက်နဲ့ ပေးတာကို ဘယ်လက် မသိစေနဲ့။ ၄ သိုသိုသိပ်သိပ် ပေးကမ်းစွန့်ကြဲကြပါ။ ဒါဆိုရင် ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။
၅ “ဆုတောင်းတဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မလုပ်ပါနဲ့။ သူတို့က လူတကာ မြင်အောင် တရားဇရပ်တွေ၊ လမ်းဆုံလမ်းခွတွေမှာ ရပ်ပြီး ဆုတောင်းတတ်ကြတယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၆ ခင်ဗျားတို့ကတော့ ဆုတောင်းတဲ့အခါ အခန်းထဲ ဝင်၊ တံခါးပိတ်ပြီး မမြင်နိုင်တဲ့ အရပ်မှာ စံမြန်းတဲ့ အဖဘုရားဆီ ဆုတောင်းကြပါ။ ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။ ၇ ဆုတောင်းတဲ့အခါ လူမျိုးခြားတွေလို အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့။ သူတို့က အရှည်ကြီး ဆုတောင်းရင် ဘုရား နားထောင်မှာပဲလို့ ထင်နေကြတာ။ ၈ သူတို့နဲ့ မတူစေနဲ့။ အဖဘုရားက ခင်ဗျားတို့ လိုအပ်တာကို မတောင်းခင်ကတည်းက သိပြီးသားပဲ။
၉ “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်–
“‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ ၁၀ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။ ၁၁ ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ။ ၁၂ သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ။ ၁၃ သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ။’
၁၄ “သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်ရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်လိမ့်မယ်။ ၁၅ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်မလွှတ်ရင်တော့ အဖဘုရားက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။
၁၆ “အစာရှောင်တဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မျက်နှာညှိုးမထားကြနဲ့။ သူတို့က အစာရှောင်တာကို လူတွေ သိအောင် မျက်နှာညှိုးပြတတ်ကြတယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၁၇ ခင်ဗျားတို့ကတော့ အစာရှောင်တဲ့အခါ မျက်နှာသစ်ပြီး ခေါင်းကို ဆီလိမ်းပါ။ ၁၈ အစာရှောင်တာကို လူတွေ မရိပ်မိစေဘဲ မမြင်နိုင်တဲ့ အရပ်မှာ စံမြန်းတဲ့ အဖဘုရားပဲ မြင်ပါစေ။ ဒါဆိုရင် ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။
၁၉ “သံချေးနဲ့ ပိုးမွှားကြောင့် ပျက်စီးနိုင်တဲ့၊ သူခိုး ဝင်ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာကို မစုဆောင်းကြနဲ့တော့။ ၂၀ သံချေးနဲ့ ပိုးမွှားကြောင့် မပျက်စီးနိုင်တဲ့၊ သူခိုး ဝင်မခိုးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ။ ၂၁ ကိုယ့်ဘဏ္ဍာ ရှိတဲ့နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်။
၂၂ “မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်ပဲ။ တစ်ခုတည်းကိုပဲ အာရုံစိုက် ကြည့်ရင် တစ်ကိုယ်လုံး လင်းနေလိမ့်မယ်။ ၂၃ ဒါပေမဲ့ မနာလိုတဲ့ စိတ်နဲ့ ကြည့်နေရင် e တစ်ကိုယ်လုံး မှောင်နေလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အလင်းဟာ တကယ်ပဲ မှောင်နေရင်တော့ တစ်ကိုယ်လုံး မှောင်မိုက်နေမှာပေါ့။
၂၄ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။
၂၅ “ဒါကြောင့် ကျွန်တော် ပြောမယ်– အသက်ရှင်ရေးအတွက် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ အစာထက် အသက်က ပိုအရေးကြီးတယ် မဟုတ်လား။ အဝတ်ထက် ခန္ဓာကိုယ်က ပိုအရေးကြီးတယ် မဟုတ်လား။ ၂၆ ငှက်တွေကို အာရုံစိုက် ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။ ၂၇ စိုးရိမ်ပူပန်နေလို့ကော ခင်ဗျားတို့သက်တမ်း တစ်တောင်လောက် ပိုရှည်လာလို့လား။ ၂၈ ပြီးတော့ အဝတ်အတွက် ဘာလို့ စိုးရိမ်နေကြတာလဲ။ တောနှင်းပန်းတွေ ရှင်သန်နေပုံကိုကြည့်ပြီး သင်ခန်းစာ ယူပါ။ နှင်းပန်းတွေက ပင်ပင်ပန်းပန်း မလုပ်ဘူး၊ ချည်လည်း မငင်ဘူး။ ၂၉ ကျွန်တော် ပြောမယ်၊ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပ ဖြစ်အောင် မဆင်မြန်းနိုင်ဘူး။ ၃၀ ယုံကြည်ခြင်းနည်းသူတို့၊ ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲ ရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလို ဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။ ၃၁ ဒါကြောင့် ‘ဘာစားရမလဲ။’ ‘ဘာသောက်ရမလဲ။’ ‘ဘာဝတ်ရမလဲ’ ဆိုပြီး ဘယ်တော့မှ မစိုးရိမ်ကြပါနဲ့။ ၃၂ ဒါတွေကို လူမျိုးခြားတွေ အသည်းအသန် ရှာဖွေတတ်ကြတယ်။ ဒါတွေအားလုံး ခင်ဗျားတို့ လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ။
၃၃ “ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။ ၃၄ နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။
၇ “ကိုယ်တိုင် ဝေဖန် အကဲဖြတ်မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုးမလုပ်ပါနဲ့တော့။ ၂ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်။ ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရလိမ့်မယ်။ ၃ ကိုယ့်မျက်စိထဲမှာ သစ်သားချောင်း ခံနေတာကို သတိမထားဘဲနဲ့ ညီအစ်ကိုရဲ့ မျက်စိထဲက သစ်စလေးကိုပဲ ဘာလို့ ကြည့်နေတာလဲ။ ၄ ကိုယ့်မျက်စိထဲမှာ သစ်သားချောင်း ခံနေလျက်နဲ့ ညီအစ်ကိုကို ‘မင်းရဲ့ မျက်စိထဲက သစ်စလေး ထုတ်ပေးပါရစေ’ လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ၅ သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကိုယ့်မျက်စိထဲက သစ်သားချောင်းကို အရင် ထုတ်လိုက်ပါဦး။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်ရပြီး ညီအစ်ကိုရဲ့ မျက်စိက သစ်စလေးကို ထုတ်ပေးနိုင်မှာပေါ့။
၆ “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့။ အဲဒါတွေကို နင်းချေပြီး ခင်ဗျားတို့ကို ပြန်ကိုက်လိမ့်မယ်။
၇ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။ ၈ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်။ ၉ ကိုယ့်ရဲ့ သားက မုန့်ကို တောင်းရင် ကျောက်ခဲပေးမလား။ ၁၀ ငါးကို တောင်းရင် မြွေ ပေးမလား။ ၁၁ ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံစံ အဖဘုရားက တောင်းတဲ့သူတွေကို ကောင်းတဲ့အရာတွေ ပိုလို့တောင် ပေးမှာ မဟုတ်လား။
၁၂ “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။ ဒါဟာ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းရဲ့ အနှစ်ချုပ်ပဲ။
၁၃ “ကျဉ်းတဲ့ တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ ၁၄ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။
၁၅ “သိုးရေခြုံပြီး ဝင်လာတဲ့ ပရောဖက် အတုအယောင်တွေကို သတိထားကြ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက် ဖြစ်နေတဲ့ ဝံပုလွေတွေပဲ။ ၁၆ သူတို့ရဲ့ အသီးကို f ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။ ဆူးပင်ကနေ စပျစ်သီး ခူးလို့မှ မရတာ။ ဆူးလေပင်ကနေ သဖန်းသီး ခူးလို့မှ မရတာ။ ၁၇ အလားတူပဲ၊ ကောင်းတဲ့ အပင်ဟာ ကောင်းတဲ့ အသီး သီးတတ်တယ်။ မကောင်းတဲ့ အပင်ကတော့ မကောင်းတဲ့ အသီးပဲ သီးတတ်တယ်။ ၁၈ ကောင်းတဲ့ အပင်ဟာ မကောင်းတဲ့ အသီး မသီးဘူး။ မကောင်းတဲ့ အပင်လည်း ကောင်းတဲ့ အသီး မသီးဘူး။ ၁၉ ကောင်းတဲ့ အသီး မသီးရင် ခုတ်လှဲပြီး မီးထဲ ပစ်ချခံရတတ်တယ်။ ၂၀ ဒါကြောင့် သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။
၂၁ “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်။ ၂၂ အဲဒီနေ့မှာ လူအများက ‘သခင်၊ သခင်၊ ကျွန်တော်တို့ သခင့်နာမည်ကို သုံးပြီး ပရောဖက်ပြုခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ အံ့ဖွယ်အမှုတွေကိုလည်း လုပ်ပြခဲ့တယ် မဟုတ်လား’ ဆိုပြီး ပြောကြလိမ့်မယ်။ ၂၃ အဲဒီအခါ ကျွန်တော်က ‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝ မသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’ ဆိုပြီး သူတို့ကို ပြောမယ်။
၂၄ “ဒါကြောင့် ကျွန်တော် ပြောနေတဲ့ ဒီစကားတွေကို ကြားပြီး လိုက်နာတဲ့သူဟာ ကျောက်သားပေါ်မှာ အိမ်ဆောက်တဲ့ သတိပညာရှိသူနဲ့ တူတယ်။ ၂၅ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေ တက်လာပြီး လေပြင်း တိုက်ခတ်တဲ့အခါ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတဲ့အတွက် မပြိုလဲဘူး။ ၂၆ ကျွန်တော် ပြောနေတဲ့ ဒီစကားတွေကို ကြားပေမဲ့ မလိုက်နာသူကတော့ သဲပေါ်မှာ အိမ်ဆောက်တဲ့ ဉာဏ်မရှိသူနဲ့ တူတယ်။ ၂၇ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေ တက်လာပြီး လေပြင်း တိုက်ခတ်တဲ့အခါ အဲဒီအိမ် ပြိုလဲပြီး လုံးဝ ပျက်စီးသွားတယ်။”
၂၈ အဲဒီလို ပြောပြီးသွားတဲ့အခါ လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့သြကြတယ်။ ၂၉ ယေရှုက ကျမ်းတတ်တွေလို မဟုတ်ဘဲ ဘုရားပေး အခွင့်အာဏာ ရှိသူတစ်ယောက်လို သွန်သင်ပေးလို့ပဲ။
a ရှေးခေတ် ဂျေရုဆလင်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဟိန်နုံချိုင့်ဝှမ်းရဲ့ ဂရိနာမည်။ ဂျေရုဆလင်မြို့ပြင်မှာ အမှိုက်တွေ မီးရှို့တဲ့ နေရာဖြစ်တယ်။ တိရစ္ဆာန်ကိုဖြစ်ဖြစ်၊ လူကိုဖြစ်ဖြစ် ဂေဟင်နာထဲပစ်ချပြီး အရှင်လတ်လတ် မီးရှို့ညှဉ်းဆဲတယ်ဆိုတဲ့ အထောက်အထား မရှိပါ။ ဒါကြောင့် လူတွေကို မီးနဲ့ ထာဝရညှဉ်းဆဲတဲ့၊ မမြင်နိုင်တဲ့နေရာအဖြစ် တင်စားလို့ မရပါ။ အဲဒီအစား၊ ယေရှုနဲ့ တပည့်တွေက ထာဝရဖျက်ဆီးခြင်းဆိုတဲ့ ထာဝရပြစ်ဒဏ်ကို တင်စားဖော်ပြဖို့ ဂေဟင်နာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့တယ်။
b ၅:၂၂ အောက်ခြေမှတ်ချက်ကို ကြည့်ပါ။
c ၅:၂၂ အောက်ခြေမှတ်ချက်ကို ကြည့်ပါ။
d ဂရိစကားလုံး ပေါ်နီယာ ကနေဆင်းသက်လာပြီး ဘုရားသခင် တားမြစ်ထားတဲ့ လိင်ဆက်ဆံမှုအမျိုးမျိုးကို ဆိုလိုတယ်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ ပြည့်တန်ဆာလုပ်ခြင်း၊ လက်မထပ်ဘဲ လိင်ဆက်ဆံခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နဲ့ဆက်ဆံခြင်း ပါဝင်တယ်။
e ဒါမှမဟုတ်၊ “ဆိုးညစ်တဲ့အရာကို အာရုံစိုက်ကြည့်နေရင်။”
f လုပ်ရပ်ကိုဆိုလို။