မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး

ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး

အခန်း ၁၆

ကဆုန်​စိုင်း​နေသည့် မြင်းစီးသူရဲ​လေးဦး

ရူပါရုံ ၃ ဗျာဒိတ် ၆:၁-၁၇

အကြောင်းအရာ– မြင်းစီးသူရဲ​လေးပါး စီးနင်း​ခြင်း၊ ယဇ်​ပလ္လင်​အောက်​မှ အသက်​စတေး​သူ သက်သေခံ​များနှင့် အမျက်တော်နေ့​ကြီး

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်​မှ ဤ​အစီအစဉ်​စနစ် ပျက်စီးခြင်း​အထိ

၁။ ယေရှု​ဖွင့်​သော စိတ်ဝင်စားဖွယ် စာလိပ်​ထဲ​က အကြောင်းအရာများ​ကို ယောဟန်​အား ယေဟောဝါ​မည်သို့ ဖော်ပြ​တော်​မူ​သနည်း။

ကပ်တည်း​သော ယခု​ကာလ​၌ ကျွန်ုပ်​တို့သည် “များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ” ကို​သိလိုစိတ် မ​ပြင်းပြ​ပေ​လော။ မုချ​ပြင်းပြ​၏။ ကျွန်ုပ်​တို့​နှင့် ပတ်သက်​နေသည်​ကိုး။ သို့​ဖြစ်၍ ဆန်းကြယ်​လှ​သော​စာလိပ် ယေရှု​ဖွင့်​တော်​မူ​သည်ကို ယောဟန်​နှင့်အတူ ရှုစား​ကြ​စို့။ ထူး​သည်​ကား ၎င်းကို ယောဟန်​ဖတ်ရှု​စ​ရာ​မလို။ အဘယ်ကြောင့်​နည်း။ ၎င်း​၏​အကြောင်းအရာများ​ကို တက်ကြွ​လှုပ်ရှားမှု​ပြည့်နှက်​သည့် အခန်းဆက်​မြင်ကွင်း​များ​ပါဝင်သော “နိမိတ်​လက္ခဏာများ” အသွင်​ဖြင့် ဖော်ပြ​သောကြောင့်​တည်း။​—ဗျာဒိတ် ၁:၁၊ ၁၀

၂။ (က) ယောဟန် ဘာကို မြင်ရ​ကြား​ရသနည်း။ ခေရုဗိမ်​၏​အသွင်​က ဘာ​အကြောင်းကို စိတ်ထဲ​၌ ထင်ဟပ်​စေ​သနည်း။ (ခ) ပထမ​ခေရုဗိမ်​၏​ဆင့်ဆိုချက်​မှာ မည်​သူ့ကို ရည်ညွှန်း​သနည်း။ သင် အဘယ်ကြောင့် ဤသို့​ဖြေဆို​သနည်း။

စာလိပ်​၏ ပထမ​တံဆိပ်​ကို ယေရှု​ဖွင့်​ပြီ​ဖြစ်၍ ယောဟန်​၏​စကား​ကို နားထောင်ပါ– “တံဆိပ်​ခု​နစ်​ခု​အနက်​မှ တစ်ခု​ကို သိုးသငယ် ဖွင့်​တော်​မူ​စဉ် ငါ​မြင်​၍ သက်ရှိ​သတ္တဝါ လေးပါး​ထဲ​မှ တစ်ပါး​က မိုးခြိမ်းသံ​ကဲ့သို့​သော အသံ​ဖြင့် ‘လာ​လော့’ ဟုဆို​သည်ကို ငါ​ကြား​၏။” (ဗျာဒိတ် ၆:၁) ၎င်းမှာ ပထမ​ခေရုဗိမ်​၏ အသံ​ဖြစ်၏။ ၎င်း​၏​ခြင်္သေ့​အသွင်​က ယေဟောဝါ​၏ အဖွဲ့အစည်း​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ချက်​အတိုင်း ရဲရင့်စွာ​ရွက်​ဆောင်​မည် ဟူသော​အချက်​ကို ယောဟန်​စိတ်ထဲ ပေါ်လာ​ပေ​လိမ့်​မည်။ မည်​သူ့​အား လာ​လော့​ဟု ဆင့်ဆို​သနည်း။ ယောဟန်​အား ပရောဖက်​ဆိုင်ရာ ထို​မြင်ကွင်း​များ​ကို​ရှုစား​ရန် ခေါ်ဖိတ်​ထားပြီ​ဖြစ်၍ သူ့​အား ဆင့်ဆို​နေခြင်း​မဖြစ်​နိုင်။ (ဗျာဒိတ် ၄:၁) စိတ်​လှုပ်ရှား​ဖွယ် ဇာတ်ကွက်​လေး​ကွက်​ထဲ​မှ တစ်​ကွက်​တွင် ပါဝင်​ဆင်နွှဲ​ရန် ထို “မိုးခြိမ်းသံ​ကဲ့သို့​သော​အသံ” က အခြားသူများ​အား ဆင့်ခေါ်ခြင်း​ဖြစ်သည်။

မြင်းဖြူ​နှင့် အဓိက​ရ မြင်းစီးသူရဲ

၃။ (က) ယခု ယောဟန် ဘာကို​ဖော်ပြ​သနည်း။ (ခ) ကျမ်းစာ​၏​အထိမ်းအမှတ်​ပြုချက်​အရ မြင်းဖြူ​သည် ဘာကို​ပုံခိုင်း​ခြင်း​ဖြစ်​ရမည်​နည်း။

ယောဟန်​နှင့်အတူ ယခု​ခေတ် စိတ်​ထက်သန်​သော ယောဟန်​အတန်းအစား​အပြင် သူတို့၏​အပေါင်းပါ​တို့သည် အပြောင်းအလဲ​မြန်ဆန်​သော ပြဇာတ်​ကို ရှုစား​ခွင့်​ရ​ကြ​၏။ ယောဟန်​က– “ထို​အခါ ငါ​ကြည့်​လိုက်​သော် မြင်းဖြူ​တစ်စီး​ကို ငါ​မြင်​၏။ မြင်းစီးသူရဲ​သည် လေး​ကို​ကိုင်ထား​၏။ သူ့​အား သရဖူ​ကို​ပေး​၏။ သူသည် အောင်နိုင်​လျက်​လည်းကောင်း၊ အပြီး​အောင်နိုင်​ရန်​လည်းကောင်း ထွက်သွား​လေ​၏။” (ဗျာဒိတ် ၆:၂) မှန်​ပေ​သည်။ “လာ​လော့” ဟူ​သည့် မိုးခြိမ်း​သကဲ့သို့​သော​အသံကို တုံ့ပြန်​သည့်​အနေ​နှင့် မြင်းဖြူ​တစ်စီး စိုင်း​ထွက်​လာ​သည်။ ကျမ်းစာ​ခေတ်​၌ မြင်း​သည် စစ်မှု​ကို အထိမ်းအမှတ် ပြု​လေ့​ရှိသည်။ (ဆာလံ ၂၀:၇; သုတ္တံ ၂၁:၃၁; ဟေရှာယ ၃၁:၁) ဤ​မြင်း​သည် လှပ​ကြော့​မော့​သည့် မြင်း​လား​ဖြစ်​ဟန်​ရှိ၍ သဲ​လဲ​စင်​သန့်ရှင်းခြင်း​ကို ရည်ညွှန်း​သည့် ဖြူ​လွင်လွင်​အရောင် ဟပ်​နေသည်။ (ဗျာဒိတ် ၁:၁၄; ၄:၄; ၇:၉; ၂၀:၁၁ နှိုင်းယှဉ်။) ၎င်း​သည် ယေဟောဝါ​၏ သန့်ရှင်းသော​မျက်စိတော်​ရှေ့ စင်ကြယ်​ဖြောင့်မတ်​သည့် စစ်မက်​ကို တင်စား​သောကြောင့် လျောက်ပတ်​လိုက်​လေ​ခြင်း။​—ဗျာဒိတ် ၁၉:၁၁၊ ၁၄ လည်း​ရှု။

၄။ မြင်းဖြူ​ရှင်​ကား မည်သူ​နည်း။ ရှင်းပြပါ။

မြင်းစီးသူရဲ​မှာ မည်သူ​နည်း။ သူသည် ထိုးစစ်​ဆင်​လက်နက်​ဖြစ်သော လေး​ကို​ကိုင်ထား​ရုံ​မ​က သရဖူ​ကိုလည်း​ရ၏။ သခင့်​နေ့​တော်​အတွင်း သရဖူ​များ​ကို​ဆောင်း​သော ဖြောင့်မတ်​သူတို့မှာ ယေရှု​နှင့် အကြီးအကဲ ၂၄ ပါး​ကိုယ်စား​ပြုသော အတန်းအစား​တို့​သာ​ဖြစ်သည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇; လုကာ ၁:၃၁-၃၃; ဗျာဒိတ် ၄:၄၊ ၁၀; ၁၄:၁၄) * အကြီးအကဲ ၂၄ ပါး​ထဲ​မှတစ်ပါး​က မိမိ၏​ကောင်းမှု​ကြောင့် သရဖူ​ရခြင်း ဖြစ်​ဟန်​မတူ။ သို့​ဖြစ်၍ အဖော်​မပါ​သော ဤ​မြင်းစီးသူရဲ​သည် ယေရှု​ခရစ် မှ​လွဲ​၍ အခြားသူ​မဖြစ်​နိုင်။ ၁၉၁၄ ခုနှစ်​၏ သမိုင်း​တင်​အ​ခိုက်​သမယ​၌ ကိုယ်တော်​ကို ယောဟန်​မြင်​လိုက်ရ​သည်။ ထို​အ​ခိုက်​တွင် ယေဟောဝါ​က “ငါ​၏​ဘုရင်​ကို ငါ​ကိုယ်တိုင် ဘိသိက်ပေး​ပြီ” ဟု ကြေညာ​တော်​မူ​ပြီး “လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး” ရန်ဖြစ်​သည်​ဟု ယေရှု​အား သိ​ကြားစေ​တော်​မူ​၏။ (ဆာလံ ၂:၆-၈) * သို့ဖြင့် ပထမ​တံဆိပ်​ကို ယေရှု​ဖွင့်​စဉ် နန်း​ရ​စ​ဘုရင်​အဖြစ် မိမိ​ကိုယ်တိုင် ဘုရားသခင့် သတ်မှတ်ချိန်​တွင် မည်သို့​ထိုးစစ်​ဆင်​မည်​ကို ဖော်ပြ​တော်​မူ​သည်။

၅။ ထို​မြင်းစီးသူရဲ​အကြောင်းကို ဆာလံဆရာ​က ဗျာဒိတ် ၆:၂ နှင့်​အလားတူ​စွာ မည်သို့​ဖော်ပြ​သနည်း။

ဤ​မြင်ကွင်း​သည် ယေဟောဝါ နန်းတင်​သော​ဘုရင်​အား မိန့်ဆို​သည့် ဆာလံ ၄၅:၄-၇ (ခ​မ) ပါ စကား​နှင့် အလွန်​သ​ဟာ​ဇာ​တ​ဖြစ်၏။– “သစ္စာတရား​နှင့် တရား​မျှတမှု စိုးမိုး​ရေး​အတွက် ဘုန်း​အသရေတော်​နှင့်​တကွ ချီတက်​တိုက်ခိုက်​၍ အောင်ပွဲခံ​တော်​မူ​ပါ။ အရှင်မင်းကြီး​သည် မိမိ၏​စွမ်းရည်​အားဖြင့် အောင်ပွဲ​ကြီး​များ​ကို ခံရ​ပါ​လိမ့်​မည်။ မြား​တော်​တို့သည် ထက်​သည်​ဖြစ်၍ ရန်သူ​တို့၏​နှလုံးသားကို ထိုးဖောက်​ပါ​၏။ လူမျိုးတကာ​တို့သည် ခြေတော်​ရင်း​၌ လဲ​ကြ​ပါ​၏။ အရှင်မင်းကြီး​အား ဘုရားသခင်​ပေးအပ်​တော်​မူ​သော ရာဇ​ပလ္လင်​သည် ကာလ​အစဉ်အဆက် တည်​လိမ့်​မည်။ အရှင်မင်းကြီး​သည် မိမိ၏​တိုင်းနိုင်ငံ​ကို တရား​မျှတ​စွာ အုပ်စိုး​တော်​မူ​ပါ​၏။ အမှန်တရားကို​နှစ်သက်၍ ဆိုးညစ်မှု​ကို မုန်းတော်မူ​ပါ​၏။ သို့​ဖြစ်သော​ကြောင့် အရှင်မင်းကြီး​၏ ဘုရား​တည်း​ဟူသော ဘုရားသခင်​သည် အရှင်မင်းကြီး​အား ရွေးချယ်​တော်​မူ​ပြီး​လျှင် အခြား​ဘုရင်​အပေါင်း​တို့​ထက် ချီး​မြှောက်၍ ဝမ်းမြောက်ခြင်း​တည်း​ဟူသော​ဆီ​ကို သွန်း​တော်​မူ​ပါ​ပြီ။” ယောဟန်​သည် ၎င်း​ပရောဖက်ပြု​ဖော်ပြချက်​ကို သိကျွမ်း​ထား​ရာ ၎င်း​သည် ဘုရင်​အဖြစ် ယေရှု​ပြုလုပ်​သော​အမှုကို ရည်ညွှန်း​ကြောင်း သဘောပေါက်​ပေ​လိမ့်​မည်။​—ဟေဗြဲ ၁:၁၊ ၂၊ ၈၊ ၉ နှိုင်းယှဉ်။

အောင်နိုင်​လျက်​ထွက်သွား​ခြင်း

၆။ (က) ထို​မြင်းစီးသူရဲ​သည် အဘယ်ကြောင့် အောင်နိုင်​လျက် စီးနင်း​ချီတက်​ရသနည်း။ (ခ) အဘယ်​နှစ်များ​တစ်လျှောက် ဆက်လက်​၍ အောင်နိုင်​လျက် စီး​ကြွ​သနည်း။

သို့သော် နန်း​ရ​စ​ဘုရင်​သည် အဘယ်ကြောင့် စီးနင်း​စစ်ချီ​ရသနည်း။ အကြောင်း​မှာ ကိုယ်တော်​၏ မင်း​အာဏာ​သည် ယေဟောဝါ​၏ အဓိက​ရန်သူ စာတန်​မာရ်နတ်နှင့်၊ စာတန်​၏အလိုကို သိ​သိ​နှင့်​ဖြစ်စေ၊ မသိဘဲ​ဖြစ်စေ လုပ်ဆောင်​သော မြေကြီးပေါ်​ကလူ​တို့၏ ခါးသီး​သော အတိုက်အခံ​ကြား​မှ တည်ထောင်သော​ကြောင့်​ဖြစ်သည်။ နိုင်ငံတော် ဖွားမြင်မှု​ကိုယ်နှိုက်​ကြောင့် ကောင်းကင်​တွင် စစ်​ကြီး​ဖြစ်​ရသည်။ ယေရှုသည် (“မည်သူ ဘုရားသခင်​နှင့်​တူ​သနည်း” ဟူ၍ အနက်​ရှိသော) မိက္ခေလ​အမည်​ဖြင့် စစ်ဆင်​ကာ စာတန်​နှင့် နတ်ဆိုး​များ​ပေါ် အနိုင်​ရ​၍ သူတို့ကို မြေကြီး​သို့​ပစ်ချ​လိုက်​သည်။ (ဗျာဒိတ် ၁၂:၇-၁၂) သိုး​ကဲ့သို့ စိတ်ထား​ရှိသူ​များ​ကို သခင့်​နေ့​အစောပိုင်း ဆယ်စုနှစ်​များ​တစ်လျှောက် စုသိမ်း​စဉ် ယေရှုသည် အောင်ပွဲခံ မြင်း​စီး​လျက်​နေ​တော်​မူ​၏။ တစ်လောက​လုံး “မာရ်နတ်​၏​လက်၌” ရှိ​ဆဲ​ဖြစ်​သော်​ငြား ယေရှုသည် မိမိ၏​ဘိသိက်ခံ ညီတော်​များနှင့် သူတို့၏​အပေါင်းပါများ​ကို မေတ္တာ​ရှေ့​ထား​၍ ဆက်လက်​ထိန်းကျောင်း​ကာ တစ်ဦးစီ ယုံကြည်ခြင်း​အောင်ပွဲခံ​နိုင်​ရန် မစ​တော်​မူ​၏။​—၁ ယောဟန် ၅:၁၉

၇။ သခင့်​နေ့​တော်​၏ ပထမ​ဆယ်စုနှစ်​များ​အတွင်း မြေကြီးပေါ် ယေရှု အဘယ်​အောင်​ပန်း​များ ဆွတ်ခူး​ခဲ့​သနည်း။ ကျွန်ုပ်​တို့ အဘယ်​သန္နိ​ဋ္ဌာန် ချ​သင့်​သနည်း။

သခင့်​နေ့​တော်​၏ လွန်ခဲ့သော​အနှစ် ၉၀ ကျော် ကာလ​အတွင်း အခြား​အဘယ်​အောင်ပွဲ​များ​ကို ယေရှု​ဆင်နွှဲ​ခဲ့ပြီ​နည်း။ ဓမ္မ​အမှုတော်ကို ထမ်းရွက်​ခဲ့​သည့် သာဓက​အဖြစ် တမန်​တော်​ပေါလု ဖော်ပြ​ခဲ့​ရာ​များနှင့်​ဆင်တူ​သော အခက်အခဲ၊ ဖိစီးမှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​များ​ကို ကမ္ဘာ​တစ်ခွင်​မှ ယေဟောဝါ​၏ လူမျိုးတော်​လည်း တစ်ဦးချင်း​ဖြစ်စေ၊ အသင်းတော်​လိုက်​ဖြစ်စေ ရင်ဆိုင်ခဲ့​ကြ​ရသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၈) ယေဟောဝါသက်သေ​များသည် “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ကို​လိုအပ်​ခဲ့​ကြသည်။ အထူးသဖြင့် စစ်​နှင့် အကြမ်းဖက်မှု​ဖြစ်ပွား​ရာ နေရာများ​၌ ကြံ့ကြံ့ခံ​နိုင်​ရန်ဖြစ်​၏။ (၂ ကောရိန္သု ၄:၇က​ဘ) သို့​တ​စေ၊ သစ္စာရှိ​သက်သေခံ​တို့သည် အကျပ်​တည်း​ဆုံး အခြေအနေ​မျိုး​အောက်မှာ​ပင် “ဒေသနာတော်​ကို အကုန်အစင်​ဟောပြော . . . စေခြင်း​ငှာ သခင်​ဘုရား​သည် ငါ့​ဘက်၌​နေ၍ ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ” ၏​ဟု ပေါလု​ကဲ့သို့ ဆိုနိုင်​ခဲ့​သည်။ (၂ တိမောသေ ၄:၁၇) မှန်​ပေ​သည်။ သူတို့​အဖို့ ယေရှု အောင်လံထူ​တော်​မူ​၏။ ကျွန်ုပ်​တို့၏ ယုံကြည်ခြင်း​အောင်​ပန်း​ကို အပြီးအပိုင်​ဆွတ်ခူး​ရန် သန္နိ​ဋ္ဌာန်​ချထား​သမျှ​ကာလပတ်လုံး ကိုယ်တော်​သည် ကျွန်ုပ်​တို့​အဖို့​လည်း ဆက်လက်​၍ အောင်ပွဲ​ဆင်နွှဲ​သွားပါ​လိမ့်​မည်။​—၁ ယောဟန် ၅:၄

၈၊ ၉။ (က) ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​အသင်းတော်သည် အဘယ်​အောင်ပွဲ​များ​တွင် ပါဝင်​ဆင်နွှဲ​ခဲ့ပြီ​နည်း။ (ခ) ယေဟောဝါသက်သေ​များ အဘယ်​နေရာများ​၌ သိသိသာသာ တိုးများ​လာ​သနည်း။

ယေဟောဝါသက်သေ​တို့၏ ကမ္ဘာချီ​အသင်းတော်သည် မိမိတို့၏​အောင်နိုင်​သော ဘုရင်​၏​ညွှန်ကြားမှု​အောက်​၌ အောင်ပွဲ​များစွာ​ရခဲ့​သည်။ ကိုယ်တော်​သည် ၁၉၁၈ ခုနှစ်​၌ ဤ​ကျမ်းစာ​ကျောင်းသား​များ​ကို ထူးခြား​စွာ ကာကွယ်​တော်​မူ​၏။ ထို​နှစ်​၌ သူတို့​ကိုယ်တိုင် စာတန့်​နိုင်ငံရေး အဖွဲ့အစည်း​၏ ‘အောင်နိုင်’ ခြင်း​ကို ယာယီ​ခံ​လိုက်ရ​သည်။ သို့သော် ၁၉၁၉ ခုနှစ်​တွင် ထောင်​၏​အဆီးအတား​များ​ကို ချိုးဖျက်​၍ သူတို့ကို​ကယ်တင်​ကာ “မြေကြီးစွန်း​တိုင်အောင်” သတင်းကောင်း​ကြွေးကြော်​ရန် နိုးကြား​တက်ကြွ​စေတော်မူ​သည်။​—ဗျာဒိတ် ၁၃:၇; တမန်​တော် ၁:၈

ဒုတိယ​ကမ္ဘာ​စစ်​အကြို​နှင့် အတောအတွင်း ဝင်ရိုး​တန်း​နိုင်ငံ​များသည် နိုင်ငံ​ဒေသ​များစွာ​တို့​တွင် ယေဟောဝါသက်သေ​များ​ကို ရှင်းလင်း​သုတ်သင်​ရန် အားထုတ်​ခဲ့​ကြသည်။ ထို​ဒေသ​များ​၌ ဘာသာရေး​ခေါင်းဆောင်​များ၊ အထူးသဖြင့် ရို​မင်​ကက်သလစ် ဂိုဏ်းအုပ်​ဘုန်းကြီး​အဖွဲ့​သည် နိုင်ထက်စီးနင်း မင်းမူ​သော အာဏာရှင်​များ​အား ပွင့်ပွင့်လင်းလင်း​ဖြစ်စေ၊ ခပ်​မ​ဆိတ်​နေ၍​ဖြစ်စေ ထောက်ခံကြ​သည်။ စစ်​ဖြစ်​စ ၁၉၃၉ ခုနှစ်​၌ ဟောပြောနေ​သော​သက်သေခံ ၇၁,၅၀၉ ဦး​မှ ၁၀,၀၀၀ ကျော်​မှာ ထောင်​နှင့် ချွေး​တပ်​စခန်း​များ​တွင် နှစ်ပေါင်းများစွာ​အချုပ်ခံရ​ပြီး ၂,၀၀၀ ခန့် အသတ်ခံရ​သော်လည်း စစ်​ပြီး​ချိန် ၁၉၄၅ ခုနှစ်​၌ ၁၄၁,၆၀၆ ဦး​အထိ တိုးများ​လာ​သည်။ ယနေ့​ဆိုလျှင် ကမ္ဘာ​တစ်ဝန်း​ရှိ တက်ကြွ​သော​သက်သေခံ​တို့၏ အရေအတွက်​သည် ခြောက်​သန်း​ကျော်​အထိ တိုးများ​လာပြီ။ ကက်သလစ်​နိုင်ငံ​များ​၌ ယခု အကြီးအကျယ် တိုးတက်​နေသည်။ အရက်​စက်​ဆုံး နှိပ်စက်​ညှဉ်းပန်းမှု ဖြစ်ပွား​ခဲ့​သော ဂျာမနီ၊ အီတလီ​နှင့် ဂျပန်​နိုင်ငံ​များ​တွင် ၆၀၀,၀၀၀ ထက်မက​သော တက်ကြွ​သည့်​ဓမ္မ​အမှုဆောင်​များ မှတ်တမ်းသွင်း​နေကြ​သည်။​—ဟေရှာယ ၅၄:၁၇; ယေရမိ ၁:၁၇-၁၉

၁၀။ အောင်​တံခွန်​စိုက် ဘုရင်​မင်းမြတ်​သည် “သတင်းကောင်းကို ကာကွယ်​၍ ဥပဒေ​အရ အတည်​ဖြစ်စေ​ခြင်း” ကိစ္စ​တွင် မိမိလူ​မျိုး​တော်​အား အဘယ်​အောင်ပွဲ​များ ချီးမြှင့်​ခဲ့ပြီ​နည်း။

၁၀ ကျွန်ုပ်​တို့၏​အောင်ပွဲခံ ဘုရင်​မင်းမြတ်​သည် မိမိ၏​စိတ်အား​ထက်သန်​သော လူမျိုးတော်​အား ဦးဆောင်​၍ တရားရုံး​များနှင့် မင်း​များ​ရှေ့ “သတင်းကောင်းကို ကာကွယ်​၍ ဥပဒေ​အရ အတည်​ဖြစ်စေ​ခြင်း” ကိစ္စ​တွင် အောင်ပွဲ​အမြောက်အမြား ဆင်နွှဲ​စေခြင်း​ဖြင့်​လည်း ကောင်းချီး​ပေး​တော်​မူ​သည်။ (ဖိလိပ္ပိ ၁:၇က​ဘ; မဿဲ ၁၀:၁၈; ၂၄:၉) ဩစတြေးလျ၊ အာဂျင်တီးနား၊ ကနေဒါ၊ ဂရိ၊ အိန္ဒိယ၊ ဆွာဇီလန်၊ ဆွစ်ဇလန်၊ တူရကီ​မှ​စ၍ ကမ္ဘာ​အနှံ့ အောင်ပွဲခံ​ခြင်း​ဖြစ်သည်။ အမေရိကန်​ပြည်ထောင်စု တရားရုံး​ချုပ်​၌ ယေဟောဝါသက်သေ​များ အနိုင်​ရခဲ့​သော အမှု ၅၀ အနက် “လူစုဝေး​ရာ​၌​လည်းကောင်း၊ အိမ်များ​၌ [“တစ်အိမ်​မှ​တစ်အိမ်​သို့၊” က​ဘ] လည်းကောင်း” သတင်းကောင်း ကြေညာ​ပိုင်ခွင့်​နှင့် ရုပ်တု​ကိုးကွယ်​ရာ​ကျ​သော မျိုးချစ်​အခမ်းအနား​များ​၌ မပါဝင်ဘဲ​နေ​ပိုင်ခွင့်​အတွက် အာမခံချက်​နှင့်​ဆိုင်သော​အမှု​များ ပါဝင်​သည်။ (တမန်​တော် ၅:၄၂; ၂၀:၂၀; ၁ ကောရိန္သု ၁၀:၁၄) သို့ဖြင့် ကမ္ဘာ​အနှံ့​တိုးချဲ့​သော သက်သေခံ​လုပ်ငန်း​၏​တံခါး​သည် ယနေ့​တိုင် ပွင့်​လျက်​ရှိသည်။

၁၁။ (က) ထို​မြင်းစီးသူရဲ​သည် မည်သို့ “အပြီး​အောင်” တော်​မူ​သနည်း။ (ခ) ဒုတိယ၊ တတိယ​နှင့် စတုတ္ထ​တံဆိပ်​များ​ကို​ဖွင့်​ခြင်း​သည် ကျွန်ုပ်​တို့အား မည်သို့​ဖြစ်စေ​သင့်​သနည်း။

၁၁ ယေရှုသည် မည်သို့ “အပြီး​အောင်နိုင်” *တော်​မူ​သနည်း။ ကျွန်ုပ်​တို့ သိမြင်​ရမည်​ဖြစ်သည့်​အတိုင်း မိစ္ဆာ​ဘာသာ​ကို​ပယ်ရှား​၍ စာတန့်​ရူပ​အဖွဲ့အစည်း​၏ ကျန်​အစိတ်အပိုင်း​တစ်ခုစီ​ကို ဖျက်ဆီး​ပြီး “မီး​အိုင်” ထဲ​သို့​ပစ်ချ​လျက် ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို သင်္ကာ​ယန​ကင်းရှင်း​စေခြင်း​အားဖြင့်​တည်း။ ယခု ကျွန်ုပ်​တို့သည် အာမဂေဒုန်​၌​ကျရောက်​မည့် ထို​နေ့ကို ယုံကြည်​စိတ်ချ​စွာ စောင့်မျှော်​ကြ​၏။ ထို​အခါ ကျွန်ုပ်​တို့၏ “ဘုရင်​တ​ကာ့​ဘုရင်” သည် စာတန်​၏​နိုင်​ထက်​ကလူ​ပြုသော နိုင်ငံရေး​အဖွဲ့အစည်း​အပေါ် အပြီးအပိုင် အောင်ပွဲခံ​တော်​မူ​မည်။ (ဗျာဒိတ် ၁၆:၁၆; ၁၇:၁၄; ၁၉:၂၊ ၁၄-၂၁; ယေဇကျေလ ၂၅:၁၇) စပ်​ကူး​ကာလ​၌ ကမ္ဘာ​ပေါ်​ရှိ မိမိ၏​ဖြောင့်မတ်​သော လူမျိုးတော်​ထဲ​သို့ နှလုံး​ရိုး​ဖြောင့်​သူတို့အား ယေဟောဝါ ဆောင်​သွင်း​တော်​မူ​သည်​နှင့်​အမျှ မြင်းဖြူ​ပေါ်​က အရှုံး​မရှိသော အောင်နိုင်သူ​သည် ဆက်လက်​ချီတက်​သွားပါ​လိမ့်​မည်။ (ဟေရှာယ ၂၆:၂; ၆၀:၂၂) သင်သည် ယောဟန်​အတန်းအစား​နှင့်အတူ၊ ဤ​ဝမ်းမြောက်​ဖွယ် နိုင်ငံတော်​တိုးချဲ့​ခြင်း​လုပ်ငန်း​၌ ပါဝင်​ဆင်နွှဲ​လျက်​ရှိသလော။ သို့ပြုလျှင် နောက်ထပ်​တံဆိပ်​သုံးခု​ဖွင့်​စဉ် တမန်​တော်​ယောဟန် မြင်ရသော​အရာများ​ကြောင့် ယနေ့ ယေဟောဝါ​၏​လုပ်ငန်းတော်​၌ ယခု​ထက်မက ပါဝင်​ဆောင်ရွက်​လို​သော​ဆန္ဒ သင်၌ တဖွားဖွား ပေါ်ပေါက်​လာ​မည်​ဧကန်။

ကြည့်ရှု​လော့၊ မြင်း​နီ​တစ်စီး

၁၂။ မိမိ​ဘုရင်​အဖြစ် အ​ရူပ​နည်းဖြင့် ရောက်ရှိ​ကြောင်းကို ဘာက​သိသာ​စေမည်​ဟု ယေရှု​မိန့်ဆိုခဲ့​သနည်း။

၁၂ ယေရှု မြေကြီးပေါ် အမှုတော်​ဆောင်ခြင်း နိဂုံးပိုင်း​တွင် တပည့်တော်​တို့​က “ကိုယ်တော်​ရောက်ရှိခြင်း​နှင့် ဤ​စနစ်​ဆုံးခန်း​၏ နိမိတ်​လက္ခဏာ​သည် အဘယ်အရာ​ဖြစ်​မည် [နည်း]” ဟူ၍ ကိုယ်တော်​အား တိတ်တဆိတ် မေးမြန်း​ကြသည်။ ယေရှု ဖြေကြား​ရာ​တွင် “ဒုက္ခ​ဆင်းရဲခြင်း​၏ အစအဦး” ဖြစ်​မည့် ဘေးများ​အကြောင်း ဤသို့​တင်ကူး​မိန့်ဆို​တော်​မူ​သည်– “ထို​မှတစ်ပါး၊ လူ​တစ်မျိုး​နှင့်​တစ်မျိုး၊ တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ ရန်ဘက်ပြု​ကြလိမ့်မည်။ အရပ်ရပ်​တို့​၌ ကြီးစွာ​သော​မြေလှုပ်ခြင်း၊ အစာ​ခေါင်းပါး​ခြင်း၊ ကာလ​နာ​များပြားခြင်း​တို့သည် ဖြစ်​ကြလိမ့်မည်။ မိုးကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​သော​အရာ​နှင့် ကြီးစွာ​သော​ပုဗ္ဗနိမိတ်​တို့သည် ပေါ်ထွန်း​ကြလိမ့်မည်။” (မဿဲ ၂၄:၃က​ဘ၊ ၇၊ ၈; လုကာ ၂၁:၁၀၊ ၁၁) စာလိပ်​၏ ကျန်​တံဆိပ်​များ​ကို ဖွင့်​သောအခါ ယောဟန်​မြင်တွေ့ရ​သော အရာများ​သည် အထက်ပါ​ပရောဖက်ပြုချက်​နှင့် ထူးခြား​စွာ​ဆင်တူ​၏။ ဘုန်းပွင့်​ယေရှု ဒုတိယ​တံဆိပ်​ဖွင့်​သည်ကို ယခု ရှုစား​ပါ​လေ။

၁၃။ အဘယ်​ခြားနား​ချက်​သည် ယောဟန်​ရှေ့ ပေါ်လာ​တော့​မည်​နည်း။

၁၃ “ဒုတိယ​တံဆိပ်​ကို ကိုယ်တော် ဖွင့်​သောအခါ ဒုတိယ​သက်ရှိ​သတ္တဝါ​က ‘လာ​လော့’ ဟု ဆို​သည်ကို ငါ​ကြား​၏။” (ဗျာဒိတ် ၆:၃) နွား​ပေါက်​အဆင်း​ရှိသော ဒုတိယ​ခေရုဗိမ် အမိန့်ပေး​နေခြင်း​ဖြစ်သည်။ ဤ​တွင် အစွမ်း​တန်ခိုး​တည်း​ဟူသော အရည်အသွေးကို ပုံဆောင်​၏။ ဖြောင့်မတ်​စွာ​အသုံးပြု​သော အစွမ်း​တန်ခိုး​ဖြစ်သည်။ သို့သော် ယောဟန်​သည် သေ​လမ်း​ပို့​သည့် ကြောက်​ခ​မ​န်း​လိ​လိ အစွမ်း​တန်ခိုး​ပြ​မှု​ကို မြင်ရ​တော့​မည်။

၁၄။ အဘယ်​မြင်း​နှင့် မြင်းစီးသူရဲ​ကို ယောဟန်​ရှေ့ဆက်​မြင်ရ​သနည်း။ ၎င်း​ရူပါရုံ​က ဘာကို​ပုံခိုင်း​သနည်း။

၁၄ သို့​ဖြစ်​လျှင် “လာ​လော့” ဟူသော ဒုတိယ​ဆင့်ခေါ်​ချက်​ကို မည်သို့​တုံ့ပြန်​သနည်း။ အောက်ပါ​အတိုင်း​ဖြစ်၏– “ထို​အခါ နောက်​မြင်း​တစ်စီး ထွက်​လာ​သည်။ မြင်း​နီ​ဖြစ်၏။ မြင်းစီးသူရဲ​သည် လူ​လူ​ချင်း သတ်ဖြတ်​စေရန် မြေကြီးပေါ်​မှ ငြိမ်သက်ခြင်း​ကို ရုပ်သိမ်း​ပိုင်ခွင့်​ရ၏။ သူ့​အား ဓား​ကြီး​တစ်လက်​ကို ပေး​ထား​သည်။” (ဗျာဒိတ် ၆:၄) ဝမ်းနည်းပူဆွေး​ဖွယ် ရူပါရုံ​ပါ​တကား။ ၎င်း​သည် ဘာကို​ပုံခိုင်း​သည်​မှာ သံသယ​မရှိ။ စစ် ပင်​တည်း။ ယေဟောဝါ​၏ အောင်ပွဲခံ​ဘုရင်​မင်းမြတ်​၏ ဖြောင့်မတ်​သော အောင်ပွဲခံ​စစ်​မဟုတ်။ အကြောင်းမဲ့​သွေးသွန်းမှု၊ နာကျင်မှု​တို့​နှင့်​ပြည့်​သည့် လူ​ကြောင့်​ဖြစ်သော ရက်စက်​သည့် နိုင်ငံတကာ​ဆိုင်ရာ စစ်မက်​တည်း။ ဤ​မြင်းစီးသူရဲ​သည် မြင်း​နီ​တစ်စီးပေါ် စီး​လာ​သည်​မှာ အပ်စပ်​လိုက်​လေ​ခြင်း။

၁၅။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် ဒုတိယ​မြင်းစီးသူရဲ​၏ စီးနင်း​ခြင်း​နှင့် လုံးဝ​မပတ်သက်​လို​သနည်း။

၁၅ ယောဟန်​အနေ​နှင့် ဤ​မြင်းစီးသူရဲ​နှင့်​လည်းကောင်း၊ သူ၏​ကမူးရှူးထိုး ကဆုန်​စိုင်း​ခြင်း​နှင့်​လည်းကောင်း ဘာမျှ​ပတ်သက်​လို​မည်​မဟုတ်။ ဘုရားသခင့်​လူမျိုးတော်သည် “စစ်​အတတ်ကို နောက်​တစ်ဖန် မသင်​ရ​ကြ” ဟု ပရောဖက်ပြု​နှင့်​သောကြောင့်​တည်း။ (ဟေရှာယ ၂:၄) ယောဟန်၊ ယောဟန်​အတန်းအစား​နှင့် လူအုပ်ကြီးသည် “လောက​၌​ရှိ” သေး​သော်လည်း သွေးစွန်း​သော​ဤ​စနစ်​၏ ‘အစိတ်အပိုင်း’ မဟုတ်။ ကျွန်ုပ်​တို့၏​လက်နက်​မှာ ဝိညာဏ​ဖြစ်၍ သမ္မာတရား​ကို တက်တက်ကြွကြွ ကြွေးကြော်​ခြင်း​ငှာ “ဘုရားသခင်​၏​တန်ခိုးတော်” ကြောင့် ထက်မြက်​၏။ ဇာတိ​ပကတိ​လက်နက်မဟုတ်။​—ယောဟန် ၁၇:၁၁၊ ၁၄; ၂ ကောရိန္သု ၁၀:၃၊ ၄

၁၆။ မြင်း​နီ​ရှင်​သည် မည်သည့်​အခါ၊ မည်သည့်​နည်းဖြင့် “ဓား​ကြီး” ကို​ရခဲ့​သနည်း။

၁၆ မြင်းဖြူ​ရှင် သရဖူ​ဆောင်း​သော ၁၉၁၄ ခုနှစ်​မတိုင်မီ စစ်​အမြောက်အမြား ဖြစ်ပွား​ခဲ့​သည်။ သို့သော် မြင်း​နီ​ရှင်​သည် ယခု “ဓား​ကြီး​တစ်လက်” ကို​ရ၏။ ဘာကို​ဆိုလို​သနည်း။ ပထမ​ကမ္ဘာ​စစ် ပေါက်ကွဲခြင်း​နှင့်အတူ လူ့​စစ်မက်​သည် ယခင်​ထက်​ပို​၍ သွေး​သံ​ရဲ​ပြီး ပို​၍​အဖျက်​သန်​လာ​သည်။ ၁၉၁၄-၁၉၁၈ ခုနှစ်၊ သွေး​သွန်း​ပွဲ​ကြီး​အတွင်း တင့်ကား၊ အဆိပ်​ငွေ့၊ လေယာဉ်၊ ရေငုပ်​သင်္ဘော၊ ဧရာမ​အ​မြောက်​ကြီး၊ မောင်း​ပြန်​သေနတ်​တို့ကို ပထမ​အကြိမ်​ဖြစ်စေ၊ ယခင်​ထက်​ပို​၍ ကြီးကျယ်​စွာ​ဖြစ်စေ အသုံးပြု​ခဲ့​ကြသည်။ နိုင်ငံ ၂၈ ခု​၌ ကြေးစား​တပ်သား​များ​သာမက လူထု​တစ်ရပ်လုံး စစ်ရေး​အတွက် လုံးပန်း​ရန် အတင်းအကျပ်​ပြု​ခံရ​သည်။ သေကျေ​သူ​အရေအတွက်​မှာ ကြောက်​ခ​မ​န်း​လိ​လိ​ပင်။ တပ်သား ကိုး​သန်း​ကျော် သတ်ဖြတ်​ခံရ​ပြီး အရပ်သား​သေနှုန်း​မှာလည်း မိုး​ထိ​ဘ​နန်း။ စစ်​ကြီး​ပြီးဆုံး​သည့်​နောက်​မှာ​ပင် ကမ္ဘာကြီး ပြန်၍​ငြိမ်းချမ်း​မလာ​ပါ။ ထို​စစ်​ကြီး​အပြီး အနှစ် ၅၀ ကျော်​တွင် ဂျာမနီ​နိုင်ငံ​ခေါင်းဆောင် ကော​န်​ရ​ဒ် အက်​ဒ​နော်​ရ်​က “၁၉၁၄ ခုနှစ်​မှ​စ၍ လုံခြုံမှု​နှင့်​ငြိမ်သက်မှု​သည် လူသား​တို့​ဘဝ​မှ ပျောက်ကွယ်​ခဲ့​ချေ​ပြီ” ဟု ပြောကြား​ခဲ့​သည်။ မြင်း​နီ​ရှင်​သည် ကမ္ဘာ​ပေါ်​မှ ငြိမ်သက်ခြင်း ရုပ်သိမ်း​ခွင့်​ကို တကယ်​ပင် ရခဲ့​သည်​တကား။

၁၇။ ပထမ​ကမ္ဘာ​စစ်​ကြီး​ပြီး​နောက် “ဓား​ကြီး” ကို မည်သို့​ဆက်၍​သုံး​လျက်​ရှိ​သနည်း။

၁၇ မြင်း​နီ​ရှင်​သည် သွေး​အရသာ တွေ့​သွားပြီ​ဖြစ်​ရာ သွေး​ဆာ​ဆာ​နှင့် ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​သို့ ခုန်ဆင်း​လေ​တော့​သည်။ သတ်ဖြတ်​သည့် လက်နက်​ကိရိယာ​များသည် ယခင်​က​ထက် ရက်စက်​ကြမ်းကြုတ်​လာပြီး အသေအပျောက်​နှုန်း​လည်း ပထမ​ကမ္ဘာ​စစ်​၏​လေးဆ​တိုင် တစ်ဟုန်ထိုး​တက်​သွား​သည်။ ၁၉၄၅ ခုနှစ်​၌ ဂျပန်​နိုင်ငံ​အပေါ် အဏုမြူ​ဗုံး​နှစ်လုံး ဖောက်ခွဲ​ခဲ့​ရာ တစ်လုံးစီ​သည် လျှပ်​တစ်​ပြ​က်​အတွင်း လူပေါင်း​သောင်း​ချီ ချေမှုန်း​ခဲ့​လေ​သည်။ မြင်း​နီ​ရှင်​သည် ဒုတိယ​ကမ္ဘာ​စစ်​ကြီး​အတွင်း အသက်​ပေါင်း ၅၅ သန်း တောင်ပုံရာပုံ ရိတ်သိမ်း​ခဲ့​လျက်​နှင့် အာသာမပြေ​သေး။ ခိုင်လုံ​သော​သတင်း​အရ၊ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် လူပေါင်း​သန်း ၂၀ ကျော်​မှာ “ဓား​ကြီး” အောက် ဇီဝိန်​ကြွေ​ခဲ့​ရလေ​ပြီ။

၁၈၊ ၁၉။ (က) ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ပြီး​နောက် သတ်ဖြတ်မှု​သည် စစ်မက်​ဆိုင်ရာ​နည်း​ပညာ​၏ အောင်မြင်မှု​တစ်ရပ်​မဟုတ်ဘဲ အဘယ်အရာ၏ သာဓက​ဖြစ်သနည်း။ (ခ) လူသားများ ဘာ​ကပ်ဘေး​နှင့် ရင်ဆိုင်​နေရ​သနည်း။ သို့သော် မြင်းဖြူ​ရှင်​က ၎င်းကို မည်သို့​ဖယ်ရှား​မည်​နည်း။

၁၈ ၎င်းကို စစ်မက်​ဆိုင်ရာ​နည်း​ပညာ​၏ အောင်မြင်မှု​တစ်ရပ်​ဟု ဆိုနိုင်​သလော။ မဆို​နိုင်​ပါ။ အကြင်နာမဲ့ မြင်း​နီ​ရှင် ကဆုန်​စိုင်း​နေခြင်း​၏ သာဓက​သာ​ဖြစ်၏။ ဘယ်​စခန်း​ရောက်တော့​မှ ရပ်​မည်​နည်း။ ကြိုတင်​စီစဉ်​ပြီး​တိုက်​သော နျူကလီးယား​စစ်ပွဲ​ကို မဆို​ထား​နှင့် နျူကလီးယား​စစ် မတော်တဆ​ဖြစ်​ဖို့ သေချာ​သလော​က်​ဖြစ်သည်ဟု အချို့​သိပ္ပံ​ပညာရှင်​များ​က ဟောကိန်းထုတ်​ထား​သည်။ သို့သော် ဝမ်းသာစရာ​မှာ အောင်ပွဲခံ မြင်းဖြူ​ရှင်​၌ အခြား​အကြံအစည်​တစ်မျိုး​ရှိ၏။

၁၉ လူ့​အဖွဲ့အစည်း​သည် မျိုးချစ်​မာန်​နှင့် မုန်းတီးစိတ်​ပေါ် အခြေပြု​နေ​သမျှ​ကာလပတ်လုံး လူသား​သည် နျူကလီးယား​ယမ်း​ပုံ​ပေါ်မှာ ထိုင်​နေရ​ပါ​လိမ့်​မည်။ တိုင်းနိုင်ငံ​များသည် ကြံရာမရ​သဖြင့် နျူကလီးယား​လက်နက်​ရှိသမျှကို ဖျက်သိမ်း​လျှင်​တောင်​မှ ဆိုင်ရာ​ပညာ​ကို​မူ ဖျောက်ဖျက်​ပစ်​မည်​မဟုတ်။ မိမိတို့၏ လူသတ်​နျူကလီးယား ကိရိယာ​များ​ကို တစ်ခဏချင်း ပြန်၍​ထုတ်လုပ်နိုင်​သည်။ သို့ဖြင့် သ​မား​ရိုး​ကျ​လက်နက်များ​ဖြင့် တိုက်ခိုက်​သော မည်သည့်​စစ်မက်​မဆို မကြာမီ မီးလောင်​တိုက် ဖြစ်သွား​နိုင်​သည်။ မြင်း​နီ​၏​ကမူးရှူးထိုး ကဆုန်​စိုင်း​မှု​ကို မြင်းဖြူ​ရှင်​က​သာ မရပ်တန့်​စေပါ​က၊ မ​ဆီးတား​ပါ​က တိုင်းနိုင်ငံ​များ​ကို လွှမ်းခြုံ​ထားသော မာန​နှင့် မုန်းတီးစိတ်​ကြောင့် လူသားထု​သည် ကိုယ့်​ကိုယ်ကို အဆုံးစီရင်​မည့်​ကိန်း​သို့ ဆိုက်​မည်​မုချ။ ဘုရင်​ခရစ်တော်​သည် စာတန်​ခြယ်လှယ်​သော လောက​အပေါ် အောင်ပွဲ​ဆင်​ရန်​မ​က ဘုရားသခင်​နှင့် လူလူချင်းကို​ချစ်သော မေတ္တာ​ပေါ်​အခြေပြု​သည့် လူ့​အဖွဲ့အစည်း​သစ်​ကို တည်ထောင်​ရန် စီးနင်း​ချီတက်​တော်​မူ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ကြပါစို့။ အဆိုပါ​မေတ္တာသည် ရူးသွပ်​သော ယခု​ကာလ​၏ ချည့်နဲ့​သည့်​နျူကလီးယား အဟန့်အတား​များ​ထက် အဆပေါင်း​များစွာ​သာ၍ အားကောင်း​သော ငြိမ်းချမ်းရေး​အင်အား​ဖြစ်​ပေ​သည်။​—ဆာလံ ၃၇:၉-၁၁; မာကု ၁၂:၂၉-၃၁; ဗျာဒိတ် ၂၁:၁-၅

မြင်း​နက်​တစ်စီး စိုင်း​ထွက်​လာ

၂၀။ မြင်းဖြူ​ရှင်​သည် ဘေး​ဘ​ယ​ထူပြော​သော အဘယ်​အခြေအနေ​မျိုးကို​မဆို ရင်ဆိုင်​ကျော်လွှား​နိုင်​မည်​ဟု စိတ်ချ​ယုံကြည်​ရန် ဘာ​အကြောင်း​ရှိ​သနည်း။

၂၀ ယခု တတိယ​တံဆိပ်​ကို ယေရှု​ဖွင့်​ပြီ။ ယောဟန်၊ သင်​ဘာ​တွေ့ရ​သနည်း။ “တတိယ​တံဆိပ်​ကို ကိုယ်တော်​ဖွင့်​သောအခါ တတိယ​သက်ရှိ​သတ္တဝါ​က ‘လာ​လော့’ ဟု ဆို​သည်ကို ငါ​ကြား​၏။” (ဗျာဒိတ် ၆:၅က) ဝမ်းသာစရာ​မှာ ဤ​တတိယ​ခေရုဗိမ်​သည် “လူ့​မျက်နှာ​ကဲ့သို့​သော မျက်နှာ​ရှိ” ၍ ၎င်း​သည် မေတ္တာ​ဟူ​သည့် အရည်အချင်းကို သရုပ်ဖော်​သည်။ မူကို​အခြေခံ​သော မေတ္တာသည် ဘုရားသခင့်​ကမ္ဘာသစ်​၌ စိမ့်ဝင်​ပျံ့နှံ့​နေပါ​လိမ့်​မည်။ ယနေ့ ယေဟောဝါ​၏ အဖွဲ့အစည်း​တစ်ခုလုံး​တွင် ထို​အရည်အသွေး​မွန် ပျံ့နှံ့​လျက်​ရှိသကဲ့သို့​ဖြစ်၏။ (ဗျာဒိတ် ၄:၇; ၁ ယောဟန် ၄:၁၆) “ရန်သူ​အပေါင်း​တို့ကို ခြေဖဝါး​တော်​အောက်​၌ ချထား​တော်​မူ​သည်​တိုင်အောင် အုပ်စိုး​တော်​မူ​ရမည်” ဖြစ်သော မြင်းဖြူ​ရှင်​သည် ယောဟန်​ရှေ့ဆက် လေ့လာ​သုံးသပ်​ခွင့်​ရသည့် ဘေး​ဘ​ယ​ထူပြော​သော အခြေအနေ​ကို မေတ္တာ​ရှေ့​ထား​၍ ဖယ်ရှား​တော်​မူ​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်၏။​—၁ ကောရိန္သု ၁၅:၂၅သမ္မာ။

၂၁။ (က) မြင်း​နက်​နှင့် မြင်းစီးသူရဲ​သည် ဘာကို​ပုံခိုင်း​သနည်း။ (ခ) မြင်း​နက် သောင်းကျန်း​နေဆဲ​ဖြစ်​ကြောင်း ဘာက​သက်သေပြ​သနည်း။

၂၁ သို့​ဖြစ်၍ “လာ​လော့” ဟူသော​ဆင့်ဆိုချက်​ကို တုံ့ပြန်​သောအခါ ယောဟန် ဘာကို​မြင်ရ​သနည်း။ “ထို​အခါ ငါ​ကြည့်​လိုက်​သော် မြင်း​နက်​တစ်စီး​ကို ငါ​မြင်​၏။ မြင်းစီးသူရဲ​၏​လက်ထဲ​၌ ချိန်ခွင်​တစ်လက်​ရှိ၏။” (ဗျာဒိတ် ၆:၅ခ) တကယ့်​အစာ​ငတ်မွတ်​ဘေး​ကြီး​ပါ​တကား။ ဤ​ကား ထို​ပရောဖက်ပြုချက်​ဆိုင်ရာ​မြင်ကွင်း​၏ ကြောက်​ဖွယ်​လိ​လိ သတင်း​ပင်​တည်း။ ၎င်း​သည် အစာကို​ချိန်တွယ်​၍ ဝေ​စား​ရသော သခင့်​နေ့​တော်​အ​ဦး​ပိုင်း​မှ အခြေအနေ​ကို ညွှန်ပြ​နေ​၏။ ငတ်မွတ်​ဘေးသည် ၁၉၁၄ ခုနှစ်​မှ​စ၍ ယနေ့​တိုင် ကမ္ဘာ့​ပြဿနာ ဖြစ်​လျက်​ရှိခဲ့​သည်။ ယခု​ခေတ် စစ်မက်​လည်း ငတ်မွတ်​ဘေး​ကို​ဖြစ်စေ​သည်။ ဆာလောင်​သူတို့ကို​ကျွေး​ရန် သုံးစွဲ​နေကျ ဓန​အင်​ခွင်​ကို လမ်းကြောင်း​လွှဲ​၍ စစ်​လက်နက်​အတွက် သုံးစွဲ​ရ​၍​ဖြစ်၏။ လယ်သမားများ​သည် ဥပဒေ​အရ စစ်မှုထမ်း​ရပြီး စစ်​ကြောင့် လယ်ယာ​ပျက်စီး​သည့်​ပြင် မြေလှန်စနစ်​များ​ကြောင့် အစာ​ထုတ်လုပ်မှု လျော့နည်း​ရသည်။ ပထမ​ကမ္ဘာ​စစ်​အတွင်း ထို​အဖြစ်သနစ်​မျိုး​နှင့် ကြုံ​ခဲ့​ရ​သဖြင့် လူ​သန်းနှင့်ချီ ငတ်ပြတ်​သေဆုံး​ခဲ့​ကြသည်။ ထို​မျှ​မ​က ဆာလောင်​ခြင်း မြင်း​နက်​စီး​သူသည် စစ်​ပြီး​သည့်​နောက်​မှာ​ပင် မလျှော့​သေး။ ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း ယူ​ခရိ​န်း​တွင် အစာ​ခေါင်းပါး​ဘေး တစ်ခု​တည်း​ကြောင့် လူ​ငါး​သန်း​သေဆုံး​ခဲ့​သည်။ ဒုတိယ​ကမ္ဘာ​စစ်​ကြောင့် ပို​၍​အစာ​ရှားပါး ငတ်မွတ်​ခဲ့​သည်။ ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က နှစ်စဉ်​ကလေးငယ် ငါး​သန်း​ကျော်​သေဆုံးရခြင်း​၏ အဓိက​အကြောင်းရင်း​မှာ အာဟာရချို့​တဲ့​ခြင်း​ကြောင့်​ဖြစ်သည်ဟု ခန့်မှန်း​ထား​သည်။

၂၂။ (က) အသံ​တစ်ခု​က ဘာ​ပြော​သနည်း။ အဘယ်အရာ​ပြုလုပ်​ဖို့​လို​ကြောင်း ဖော်ပြ​သနည်း။ (ခ) ဂျုံ​တစ်ခွက်​နှင့် မုယော​သုံး​ခွက်​၏ ဈေးနှုန်း​အသီးသီး​က ဘာကို​ဆိုလို​သနည်း။

၂၂ ယောဟန် နောက်ထပ်​ပြောစရာ​ရှိ၏– “ထို့​ပြင်၊ သက်ရှိသတ္တဝါ လေးပါး​အလယ်​မှ ထွက်​လာ​သည်​ဟု​ထင်​ရသော အသံ​တစ်ခု​က ‘ဂျုံ​တစ်ခွက်​အတွက် ဒေနာရိ​တစ်ပြား၊ မုယော​သုံး​ခွက်​အတွက် ဒေနာရိ​တစ်ပြား။ သံလွင်ဆီ​နှင့် စပျစ်​ရည်​ကို မထိခိုက်​စေ​နှင့်’ ဟု​ဆို​သည်ကို ငါ​ကြား​၏။” (ဗျာဒိတ် ၆:၆) ဘီစီ ၆၀၇ ခုနှစ်၊ ယေရုရှလင်​မြို့ မပျက်စီး​မီ​က လူတို့သည် “မုန့်ကို​ချိန်​လျက် စိုးရိမ်​သော​စိတ်​နှင့် စား​ရ​ကြ” သကဲ့သို့ စား​နပ်​ရိက္ခာ​ကို သတိ​နှင့် ထိန်းသိမ်း​ရန်လို​ကြောင်း ခေရုဗိမ်​လေးပါးစလုံး တညီတညွတ်​တည်း​ဆို​ကြ​၏။ (ယေဇကျေလ ၄:၁၆) ယောဟန်​လက်ထက်​၌ ဂျုံ​တစ်ခွက်​ကို စစ်သား​တစ်ဦး၏ တစ်နေ့စာ​ဝေပုံ​အဖြစ် ယူမှတ်​ကြ​၏။ ၎င်း​တစ်နေ့စာ​ဝေပုံ​အတွက် မည်မျှ​ပေး​ရသနည်း။ ဒေနာရိ​တစ်ပြား​—တစ်နေ့လုံး​လုပ်ခ​တည်း။ (မဿဲ ၂၀:၂) * အိမ်ထောင်​ရှိလျှင် မည်သို့​နည်း။ ၎င်း​အစား၊ မုယော​ကြမ်း​သုံး​ခွက် ဝယ်​နိုင်​ပါ​သည်။ သို့​တိုင် မိသားစု​ငယ်​လေး​အတွက်သာ လောက်​င​၏။ ထို့​ပြင် မုယော​ကို ဂျုံ​လောက်​ကောင်း​သည်​ဟု မယူဆ​ကြ​ပါ။

၂၃။ “သံလွင်ဆီ​နှင့် စပျစ်​ရည်​ကို မထိခိုက်​စေ​နှင့်” ဟူသော​စကား​က အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၃ “သံလွင်ဆီ​နှင့် စပျစ်​ရည်​ကို မထိခိုက်​စေ​နှင့်” ဟူသော​စကား​က ဘာကို​ဆိုလို​သနည်း။ လူအများ အစာ​ရှားပါး​ရုံ​မ​က ငတ်​ပင်​ငတ်မွတ်​နေကြ​သော်လည်း သူဌေး​တို့၏ ဇိမ်​ခံ​ပစ္စည်း​များ​ကား မထိခိုက် ဟူသော အဓိပ္ပာယ်​ရှိကြောင်း အချို့​သူများ​က ယူမှတ်​ကြသည်။ သို့သော် အရှေ့အလယ်ပိုင်း​၌ ဆီ​နှင့်​စပျစ်​ရည်​သည် ဇိမ်​ခံ​ပစ္စည်း​များ​မဟုတ်။ ကျမ်းစာ​ခေတ်တွင် မုန့်၊ ဆီ​နှင့် စပျစ်​ရည်​တို့ကို အဓိက​စား​ကုန်​များ​အဖြစ် ယူမှတ်​ကြသည်။ (ကမ္ဘာဦး ၁၄:၁၈; ဆာလံ ၁၀၄:၁၄၊ ၁၅ နှိုင်းယှဉ်။) ထို​ခေတ်​က ရေ​သည် အမြဲတမ်း ကောင်း​သည်မဟုတ်။ ထို့​ကြောင့် စပျစ်​ရည်​ကို အများ​တကာ သောက်သုံး​ကြ​ပြီး ရံဖန်ရံခါ ဆေး​ဖြစ်​ဝါး​ဖြစ်​သုံး​ကြသည်။ (၁ တိမောသေ ၅:၂၃) ဆီ​အကြောင်း​ဆို​ရ​လျှင် ဧလိယ​လက်ထက် ဇရတ္တ​မြို့မှ မုဆိုးမ​သည် ဆင်းရဲ​လျက်​နှင့် ဂျုံနု​အ​ကျန်​လေး​ကို​မုန့်​လုပ်ရန် ဆီ​အ​ကျန်​အကြွင်း​ရှိသေး​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၁၂) သို့​ဖြစ်၍ “သံလွင်ဆီ​နှင့် စပျစ်​ရည်​ကို မထိခိုက်​စေ​နှင့်” ဟူသော​အမိန့်​က ထို​အခြေခံ​စားသုံး​ကုန်​များ​ကို ကုန်​အောင်​အမြန်​မ​သုံး​ဘဲ ချွေတာ​သုံးစွဲ​ကြ​ရန် အကြံပေး​သည်​နှင့်​တူ​သည်။ ထိုသို့​မချွေတာ​လျှင် ၎င်းတို့ကို “ထိခိုက်” ရာ​ရောက်​၍ ငတ်မွတ်​ဘေးမ​လွန်​ခင် ကုန်ခန်း​သွားပါ​လိမ့်​မည်။

၂၄။ မြင်း​နက်​သည် အဘယ်ကြောင့် နောက်ထပ်​ကြာရှည်​စွာ ကဆုန်ပေါက်​မည်​မဟုတ်​သနည်း။

၂၄ မကြာမီ မြင်းဖြူ​ရှင်​သည် ကဆုန်​စိုင်း​နေသော ၎င်း​မြင်း​နက်​ကို ဇ​က်​သတ်​တော့​မည်​ဖြစ်၍ ဝမ်းသာစရာ​ပါ​တကား။ အကြောင်း​မှာ ကမ္ဘာသစ်​အတွက် ကိုယ်တော်​၏ မေတ္တာ​ပြည့်ဝသော စီမံချက်​နှင့်​စပ်လျဉ်း၍ ဤသို့​ရေးထား​၍​တည်း– “လက်ထက်​တော်​၌ လ​သည် ပပျောက်​ခြင်း​သို့ မရောက်မီ​တိုင်အောင် တရားသော​သူသည် ပွင့်လန်း​၍ ချမ်းသာ​များပြား​လိမ့်​မည်။ . . . ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ အသီးအနှံ​သည် တောင်ထိပ်​ပေါ်မှာ လှုပ်ရှား [“ပြည့်လျှံ၊” က​ဘ] လိမ့်​မည်။”​—ဆာလံ ၇၂:၇၊ ၁၆; ဟေရှာယ ၂၅:၆-၈ လည်း​ရှု။

မြင်း​မွဲ​နှင့် မြင်းစီးသူရဲ

၂၅။ စတုတ္ထ​တံဆိပ်​ကို ယေရှု​ဖွင့်​စဉ် မည်​သူ့​အသံကို ယောဟန်​ကြား​ရသနည်း။ ၎င်း​သည် ဘာကို​ရည်ညွှန်း​သနည်း။

၂၅ ဇာတ်လမ်း​မဆုံး​သေး​ပါ။ စတုတ္ထ​တံဆိပ်​ကို ယေရှု​ဖွင့်​တော်​မူ​ရာ ရလဒ်ကို ယောဟန်​ဤသို့​ဖော်ပြ​၏– “စတုတ္ထ​တံဆိပ်​ကို ကိုယ်တော်​ဖွင့်​သောအခါ စတုတ္ထ​သက်ရှိ​သတ္တဝါ​၏ ‘လာ​လော့’ ဟု​ဆို​သော​အသံကို ငါ​ကြား​၏။” (ဗျာဒိတ် ၆:၇) ဤ​ကား ပျံ​နေသော​လင်းယုန်​နှင့်​ဆင်တူ​သည့် ခေရုဗိမ်​၏​အသံ​တည်း။ အမြော်အမြင်​ရှိသော ဉာဏ်ပညာ​ကို ရည်ညွှန်း၏။ ဤ​တွင်​ဖော်ပြ​သော အရာ​ကို​ထောက်၍ ယောဟန်၊ ယောဟန်​အတန်းအစား​နှင့် မြေကြီးပေါ်​ရှိ ဘုရားသခင့် အခြား​အစေခံ​အားလုံး ထိုးထွင်း​ဉာဏ်​ဖြင့် အကဲခတ်​လှုပ်ရှား​ဖို့ လိုအပ်​သည်။ သို့ပြုလျှင် ဘဝင်မြင့်​ပြီး သီလ​ပျက်​သော ယနေ့​လူမျိုးဆက်​၏ လောကီ​ပညာတတ်​များ​ကို ဖိစီး​နှိပ်စက်​သည့် ကပ်ဘေး​များ​မှ အကာအကွယ် အတော်အတန်​ရနိုင်​မည်။​—၁ ကောရိန္သု ၁:၂၀၊ ၂၁

၂၆။ (က) စတုတ္ထ​မြင်းစီးသူရဲ​မှာ မည်သူ​ဖြစ်၍ သူ့​မြင်း​၏​အရောင်​သည် အဘယ်ကြောင့်​အပ်စပ်​သနည်း။ (ခ) စတုတ္ထ​မြင်းစီးသူရဲ​နောက်​မှ မည်သူ​လိုက်ပါ​လာ၍ သူ၏​သားကောင်​များ ဘာဖြစ်​ကြ​ရသနည်း။

၂၆ သို့​ဖြစ်၍ ဆင့်ခေါ်​သံ​ကို စတုတ္ထ​မြင်းစီးသူရဲ တုံ့ပြန်​သောအခါ အဘယ်​ထိတ်လန့်ဖွယ်​ရာ​များ ထွက်ပေါ်​လာ​သနည်း။ ယောဟန် ဤသို့​ပြောပြ​၏– “ထို​အခါ ငါ​ကြည့်​လိုက်​သော် မြင်း​မွဲ​တစ်စီး​ကို ငါ​မြင်​၏။ မြင်းစီးသူရဲ​သည် သေခြင်း​ဟူသော အမည်​ရှိ၏။ ဟေးဒီးစ်​လည်း သူ့​နောက်​မှ​ကပ်​၍ လိုက်ပါ​လာ​၏။” (ဗျာဒိတ် ၆:၈က) နောက်ဆုံး​မြင်း​ကို​စီး​သော​သူ၌ သေခြင်း ဟူသော အမည်​ရှိ၏။ ဗျာဒိတ်ကျမ်း​ပါ မြင်းစီးသူရဲ​လေးဦး​အနက် သူ​တစ်ဦး​သာ​လျှင် မိမိ၏​အမည်​ကို တိုက်ရိုက်​ဖော်ပြ​သည်။ သေခြင်း​သည် အရောင်​မှိန်​သော၊ ဖြူ​ဖျော့​သော​မြင်း​ကို​စီး​သည်​မှာ ညီ​ထွေ​လှ​၏။ အကြောင်း​မှာ ဖျော့​သော (ဂရိ​လို ခ​လော​ရော့စ် [khlo·​rosʹ]) ဟူသော​စကားလုံး​ကို ဂရိ​စာပေ​တွင် ရောဂါ​ကြောင့် ဖြူဖပ်ဖြူရော်​ဖြစ်နေ​သော မျက်နှာ​များ​အကြောင်း ဖော်ပြ​ရာ​တွင် အသုံးပြု​၏။ သေခြင်း​နောက်​၌ ဟေးဒီးစ် (သင်္ချိုင်း) က ဖော်ပြ​မထား​သော​နည်းဖြင့် ကပ်လျက်​လိုက်ပါ​လာ​သည်​မှာလည်း ဆီလျော်​၏။ အကြောင်း​မှာ ဟေးဒီးစ်​သည် စတုတ္ထ​မြင်းစီးသူရဲ​လက်ချက်​ဖြင့် ကျဆုံး​သည့် ပို​၍​များပြား​သော​လူ​တို့ကို လက်ခံ​သည်။ ဝမ်းသာစရာ​မှာ ဤသူတို့​အတွက် ထမြောက်ခြင်း​ရှိ၏။ ထို​အခါ ‘သေခြင်းနှင့် ဟေးဒီးစ်​တို့သည် မိမိတို့​၌​ရှိသော လူသေ​တို့ကို ပေးအပ်​ကြ​မည်။’ (ဗျာဒိတ် ၂၀:၁၃) သို့သော် သေခြင်း​သည် ထို​သားကောင်​တို့၏​အသက်ကို မည်သို့​ခြွေယူ​သနည်း။

၂၇။ (က) မြင်းစီးသူရဲ​သေခြင်း​သည် မိမိ​သားကောင်​များ​၏​အသက်ကို မည်သို့​ခြွေယူ​သနည်း။ (ခ) သေခြင်း​အာဏာ​ရသော “မြေကြီး​လေးစိတ်​တစ်စိတ်” က ဘာကို​ဆိုလို​သနည်း။

၂၇ ရူပါရုံ​က နည်းလမ်း​အချို့​ကို စာရင်း​တင်ပြ​သည်– “သူတို့သည် မြေကြီး​၏ လေး​ပုံ​တစ်​ပုံ​ပေါ်​တွင် အခွင့်အာဏာ​ရ​၍ ဓား​ဘေး၊ အစာ​ခေါင်းပါး​ခြင်း​ဘေး၊ ကပ်ရောဂါ​ဘေး​နှင့် မြေသား​ရဲ​ဘေး​တို့​ဖြင့် သတ်​ပိုင်​သော​အခွင့်​ကို ရ​ကြ​၏။” (ဗျာဒိတ် ၆:၈ခ) ကမ္ဘာ့​လူဦးရေ​၏ ပကတိ​လေး​ပုံ​တစ်​ပုံ ဖြစ်ချင်​မှ​ဖြစ်​မည်။ သို့သော် သိပ်​သည်း​စွာ​ဖြစ်စေ၊ ပြန့်ကျဲ​လျက်​ဖြစ်စေ နေထိုင်​သော ကမ္ဘာ့​လူဦးရေ တစ်​ပုံ​တစ်​ခေါင်း​ကြီး​သည် ၎င်း​စီးနင်း​မှု​၏​ဒဏ်​ကို ခံရ​ကြ​မည်​ဖြစ်သည်။ ဤ​မြင်းစီးသူရဲ​သည် ဒုတိယ​မြင်းစီးသူရဲ​၏ ဓား​ကြီး​နှင့် တတိယ​မြင်းစီးသူရဲ​၏ အစာ​ရှားပါး၊ ငတ်မွတ်​ခြင်း​တို့​ကြောင့် သားကောင်​ဖြစ်​ရ​ရှာ​သော သူများကို ရိတ်သိမ်း​ရသည်။ ၎င်း​သည် လုကာ ၂၁:၁၀၊ ၁၁ တင်ပြ​သည့် ကပ်ရောဂါ​နှင့် မြေငလျင်​တို့​ဖြင့် လူ့​အသက်​များ​ကို ခြွေယူ​သည်။

၂၈။ (က) “ကပ်ရောဂါ” ဆိုင်ရာ ပရောဖက်ပြုချက် မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။ (ခ) ယနေ့ ယေဟောဝါ​၏​လူမျိုးတော်သည် ရောဂါ​အမျိုးမျိုး​၏​ဘေး​မှ မည်သို့​အကာအကွယ်​ရခဲ့​ကြ​သနည်း။

၂၈ လက်ရှိ အရေးပါသော​အရာ​မှာ “ကပ်ရောဂါ” ပင်​ဖြစ်သည်။ ပထမ​ကမ္ဘာ​စစ် မွှေနှောက်​သွား​သည့်​နောက် ၁၉၁၈-၁၉ ခုနှစ်​၏ လအနည်းငယ်​အတွင်း စပိန်​တုပ်ကွေး​က လူ့​အသက်​သန်း ၂၀ ကို​ခြွေယူ​ခဲ့​သည်။ ကမ္ဘာ​ပေါ်​တွင် စိန့်​ဟ​ယ်​လင်​နာ​ဆို​သော ကျွန်း​လေး​တစ်ခု​သာ ထို​ကပ်​နှင့်​လွတ်​ခဲ့​သည်။ လူဦးရေ​ပြုန်းတီး​မှုများ​ပြား​သော ဒေသ​များ​၌​ဆိုလျှင် အလောင်း​များ​ကို အစုလိုက်​အပြုံလိုက် မီး​သင်္ဂြိုဟ်​ရသည်။ ယနေ့လည်း နှလုံး​ရောဂါ​နှင့် ကင်ဆာ​တို့သည် ကြောက်စရာ​ဖြစ်၏။ များသောအားဖြင့် ဆေး​ရွက်​ကြီး​၏ ညစ်ညမ်းမှု​ကြောင့်​ဖြစ်သည်။ “ကြောက်လန့်​ရွံမုန်းဖွယ် ဆယ်စုနှစ်” ဟု​သမုတ်​ကြသော ၁၉၈၀ ပြည့်လွန်​နှစ်များ​အတွင်း ကျမ်းစာ​စံ​အရ တရား​လက်လွတ်​ဟု​ဆို​ရသော နေထိုင်ပုံ​တစ်မျိုး​ကြောင့် “ကပ်ရောဂါ” စာရင်း​ထဲ​၌ အေ့ဒ်စ်​ရောဂါ​ကပ်​ဆိုး​တစ်ပါး တိုးများ​လာ​သည်။ ၂၀၀၀ ပြည့်နှစ်​တွင် အမေရိကန်​ပြည်ထောင်စု သမားတော်ချုပ်​က အေ့ဒ်စ်​ရောဂါ​သည် “ကမ္ဘာ့​အဆိုးဆုံး​ကပ်ရောဂါ​ဖြစ်၏” ဟု​ဖော်ပြ​သည်။ ကမ္ဘာ​တစ်ဝန်း​တွင် Hiv

/Aids ကူးစက်​ခံရ​သူ ၅၂ သန်း​ရှိပြီး သန်း ၂၀ သေဆုံး​ခဲ့​ရပြီ​ဟု ဆို​သေး​သည်။ မတရားမေထုန်​နှင့် သွေး​အလွဲသုံး​မှု​ကြောင့် ယနေ့ ရောဂါ​အမျိုးမျိုး ကူးစက်​လျက်​ရှိသည်​ဖြစ်​ရာ ယေဟောဝါ​၏​လူမျိုးတော်သည် ကိုယ်တော့်​နှုတ်ကပါဌ်တော်​၏ ပညာရှိ​သြဝါဒ​ကြောင့် ၎င်းတို့ကို​ရှောင်ရှား​နိုင်​သဖြင့် ကျေးဇူးတော်​ကြီး​လှ​သည်​တကား။​—တမန်​တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၆:၉-၁၁ နှိုင်းယှဉ်။

၂၉၊ ၃၀။ (က) ယေဇကျေလ ၁၄:၂၁ ၏ “အလွန်​ဆိုးသော​ဘေး​လေးပါး​တို့” သည် ယခု​ခေတ်​နှင့် မည်သို့​သက်ဆိုင်​သည်​ဟု ဆို​ရမည်​နည်း။ (ခ) ဗျာဒိတ် ၆:၈ ပါ “သားရဲ” ကို ကျွန်ုပ်​တို့​မည်သို့ နားလည်​နိုင်​သနည်း။ (ဂ) ဤ​ပရောဖက်ပြုချက်​မြင်ကွင်း​၏ အဓိက​အချက်​မှာ ဘာဖြစ်​ပုံ​ရသနည်း။

၂၉ ယောဟန်​၏​ရူပါရုံ​က အသေစော​ခြင်း​၏ စတုတ္ထ​အကြောင်းရင်း​မှာ သားရဲ​ကြောင့်​ဖြစ်သည်ဟု​ဆို​၏။ မှန်​ပေ​သည်။ စတုတ္ထ​တံဆိပ်​ပွင့်​၍ ပေါ်လာ​သော​အရာ​လေးပါး​—စစ်မက်၊ ငတ်မွတ်​ဘေး၊ ရောဂါ​နှင့် သားရဲ​—တို့​မှာ အသေစော​ခြင်း​၏ အဓိက​အကြောင်းရင်း​များ​ဖြစ်သည်ဟု ရှေး​လူ​တို့ ရှုမြင်​ကြသည်။ ထို့​ကြောင့် ၎င်းတို့သည် ယနေ့ အသေစော​ရခြင်း​အကြောင်းရင်း​အားလုံး​ကို တင်ကူး​ပုံဆောင်​ပေမည်။ “ယေရုရှလင်​မြို့၌ လူ​နှင့်​တိရစ္ဆာန်​တို့ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်သိပ်ခြင်း​ဘေး၊ ဖျက်ဆီး​တတ်သော​သားရဲ​ဘေး၊ ကာလ​နာ​ဘေး​တည်း​ဟူသော၊ အလွန်​ဆိုးသော ဘေး​လေးပါး​တို့ကို ငါ​စေလွှတ် . . . မည်” ဟု ဣသရေလလူ​တို့အား ယေဟောဝါ သတိပေး​တော်​မူ​သည့်​အတိုင်း​ဖြစ်သည်။​—ယေဇကျေလ ၁၄:၂၁

၃၀ ယခု​ခေတ်​၌ သားရဲ​ကိုက်သတ်​မှု​သည် သတင်း​ခေါင်းစဉ် ဖြစ်​ခဲ​လှသော်လည်း အပူပိုင်း​နိုင်ငံ​များ​၌ သားရဲ​ကြောင့်​သေဆုံးမှု ယနေ့​တိုင် မှန်မှန်​ဖြစ်ပွား​လာ​ခဲ့​သည်။ နောင်​၌ စစ်မက်​ကြောင့် လူခြေတိတ်​၍​ဖြစ်စေ၊ ငတ်မွတ်​ဘေး​ကြောင့် အားပြတ်​ချည့်နဲ့​သဖြင့် ဆာလောင်​သော​တိရစ္ဆာန်​များ​ကို မ​တိုက်လှန်​နိုင်​၍​ဖြစ်စေ ၎င်းတို့၏​သားကောင်​များ ဖြစ်လာ​မည့်​သူ တိုးလာ​နိုင်​သည်။ ထို​မျှ​မ​က၊ ယနေ့ လူ​အမြောက်အမြား​တို့သည် ဟေရှာယ ၁၁:၆-၉ တွင်​ဖော်ပြ​သော တိရစ္ဆာန်​များနှင့်​မတူ၊ ဆင်ခြင်​ဉာဏ်​မဲ့​သော တိရစ္ဆာန်​များ​ပ​မာ သားရဲ​စိတ်ထား​မျိုး တင်ပြ​ကြသည်။ သူတို့​အများစု​သည် ယခု​ခေတ် ကမ္ဘာ​တစ်ဝန်း​ရှိ လိင်ဆိုင်ရာ​ပြစ်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှု​နှင့် ဗုံးခွဲမှု​တို့၏ တရားခံ​ဖြစ်​ကြသည်။ (ယေဇကျေလ ၂၁:၃၁; ရောမ ၁:၂၈-၃၁; ၂ ပေတရု ၂:၁၂) သူတို့၏ သားကောင်​များ​ကို​ပါ စတုတ္ထ​မြင်းစီးသူရဲ​က ရိတ်သိမ်း​၏။ ဤ​ပရောဖက်ပြုချက်​မြင်ကွင်း​၏ လို​ရင်း​မှာ အကြောင်း​အမျိုးမျိုး​ကြောင့် အသေစော​သူများကို မြင်း​မွဲ​ရှင်​က ရိတ်သိမ်း​သည်​ဟူသော​အချက်​ပင် ဖြစ်ပုံရ​သည်။

၃၁။ မြင်း​နီ၊ မြင်း​နက်​နှင့် မြင်း​မွဲ​တို့၏ မြင်းစီးသူရဲ​များ မွှေနှောက်​လျက်​ရှိသော်လည်း ကျွန်ုပ်​တို့​အဘယ်ကြောင့် အားယူနိုင်​သနည်း။

၃၁ ပထမ​တံဆိပ်​လေးခု​ဖွင့်​၍ ပေါ်လာ​သော​အချက်အလက်များ​က ကျွန်ုပ်​တို့ကို စိတ်အေး​သက်သာ​စေ​သည်။ အကြောင်း​မှာ ၎င်း​က စစ်မက်၊ ငတ်ပြတ်​မှု၊ ရောဂါ​မှ​စ၍ ယနေ့​များပြား​လှ​သော အသေစော​ခြင်း​အကြောင်း​များ​ကြောင့် စိတ်အား​မ​ငယ်​ရန် ကျွန်ုပ်​တို့ကို သင်ကြား​ပေး၍​ဖြစ်သည်။ လက်ရှိ​ပြဿနာ​များ​ကို လူသား​ခေါင်းဆောင်​များ မဖြေရှင်း​နိုင်​သည့်​အတွက်​ကြောင့်​လည်း ကျွန်ုပ်​တို့​စိတ်မပျက်​သင့်။ ကမ္ဘာ့​အခြေအနေ​များ​က မြင်း​နီ၊ မြင်း​နက်​နှင့် မြင်း​မွဲ​ရှင်တို့ နေရာအနှံ့ ကဆုန်ပေါက်​နေကြောင်း သက်သေထူ​နေလျှင် မြင်းဖြူ​ရှင် အဦးဆုံး​စီး​ထွက်​လာ​သည်ကို မမေ့​ပါ​နှင့်။ ယေရှုသည် ဘုရင်​ဖြစ်​လေ​ပြီ။ စာတန်​ကို ကောင်းကင်​မှ​ပစ်ချ​သည့်​အဆင့်​အထိ အောင်နိုင်​ခဲ့ပြီ။ ကိုယ်တော်​၏​လာ​မည့်​အောင်ပွဲ​များ​တွင် ဝိညာဏ​ဣသရေလ အကြွင်းအကျန်​နှင့် သန်းပေါင်း​များစွာသော အပြည်ပြည်ဆိုင်ရာ လူအုပ်ကြီး​အား ဆင်းရဲ​ဒုက္ခ​ကြီး​ကို ကပ်ကျော်​စေရန် စုသိမ်းခြင်း​ကိစ္စ ပါဝင်​၏။ (ဗျာဒိတ် ၇:၄၊ ၉၊ ၁၄) အောင်​ပန်း အပြီး​ဆွတ်ခူး​သည့်​အထိ ကိုယ်တော် စီး​ကြွ​ချီတက်​ရဦး​မည်​ဖြစ်သည်။

၃၂။ ပထမ​တံဆိပ်​လေးခု​ထဲ​က တစ်ခု​ကို​ဖွင့်​တိုင်း ဘာ​ထူးခြားချက်​ရှိ​သနည်း။

၃၂ ပထမ​တံဆိပ်​လေးခု​ထဲ​က တစ်ခုစီ​ကို​ဖွင့်​တိုင်း “လာ​လော့” ဟူသော ဆင့်ဆို​သံ လိုက်ပါ​လာ​သည်။ အကြိမ်တိုင်း မြင်း​တစ်ကောင်​နှင့် မြင်းစီးသူရဲ စိုင်း​ထွက်​လာ​သည်။ ပ​ဉ္စ​မ​တံဆိပ်​မှ​စ၍ ထိုသို့​သော​ဆင့်ဆို​သံ​ကို မကြား​ရတော့။ သို့​တ​စေ၊ ထို​မြင်းစီးသူရဲ​များ စီးနင်း​လျက်​နေဆဲ​ဖြစ်​ပြီး စနစ်​ဆုံးခန်း​တစ်လျှောက်​လုံး ကဆုန်ပေါက်​လျက် နေကြ​မည်​ဖြစ်သည်။ (မဿဲ ၂၈:၂၀ နှိုင်းယှဉ်။) ကျန်​တံဆိပ်​သုံးခုကို ယေရှု​ဖွင့်​သောအခါ အဘယ်​အရေးပါသော အခြင်းအရာ​များ​ကို ဖော်ပြ​တော်​မူ​သနည်း။ အဖြစ်အပျက်​အချို့​မှာ လူ့​မျက်စိဖြင့် မမြင်နိုင်​ရာ​များ​ဖြစ်သည်။ အချို့​ကို​မူ မြင်နိုင်​သော်လည်း အနာဂတ်​နှင့်​ဆိုင်​၏။ သို့သော် ၎င်းတို့သည် ဧကန်​ပြည့်စုံ​မည်​ဖြစ်သည်။ အဘယ်အရာ​များ​ဖြစ်သည်​ကို ကြည့်​ကြ​စို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 သို့သော် ဗျာဒိတ် ၁၂:၁ ပါ “မိန်းမ” သည် “ကြယ်​တစ်ဆယ့်​နှစ်လုံး​ပါ​သည့်” တင်စား​သော “သရဖူ” ကို​ဆောင်း​ထား​ကြောင်း မှတ်သားပါ။

^ အပိုဒ်၊ 4 ၁၉၁၄ ခုနှစ်​၌ မိမိ​နိုင်ငံတော်​သို့ ယေရှု​ကြွတော်မူ​ကြောင်း အသေးစိတ်​သာဓက​ကို ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​မှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၂၁၅-၁၈ တွင်​ရှု။

^ အပိုဒ်၊ 11 ဘာသာပြန်​ကျမ်း​များစွာ​တို့​က ဤ​ကြိယာ​မဲ့​စကားစု​ကို “အောင်မြင်ခြင်း​ငှာ” (Revised Standard, The New English Bible, King James Version, ယဒ၊ သ​မ၊ သမ္မာ) သို့​မဟုတ် “အောင်မြင်​ရန် သန္နိ​ဋ္ဌာန်​ချ​လျက်” (Phillips, New International Version) ဟု​ပြန်ဆို​ကြသော်လည်း ဤ​နေရာ၌​သုံး​သော aorist subjunctive က မူလ​ဂရိ​စကား​၌ ပြီးစီး​ခြင်း သို့​မဟုတ် ပြီးပြတ်​ခြင်း​ဟူသော အဓိပ္ပာယ်​ပါရှိ​သည်။ သို့​ဖြစ်၍ ရော်​ဘ​တ်​စင်​၏ Word Pictures in the New Testament က “aorist ကြိယာ​သဏ္ဌာန်​သည် နောက်ဆုံး​အောင်ပွဲ​ကို​ပြ​သည်” ဟု​ဆို​သည်။

^ အပိုဒ်၊ 22 ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉၂ ပါ လေးထောင့်ကွက်]

ဘုရင်​မင်းမြတ် အောင်မြင်စွာ စီးနင်း​ချီတက်

၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်​နှစ်များ​အတွင်း အလျှော့မပေး​သော​ရန်သူများ​က ယေဟောဝါသက်သေ​များ​၏ ဓမ္မ​အမှုကို တရား​မဝင်၊ ရာဇဝတ်မှု​ဖြစ်​ရုံ​မ​က အစိုးရ​ကို​မှောက်လှန်​သော အပြု​အမူ​ဖြစ်ပုံရ​အောင် ကြံဆောင်​ခဲ့​ကြသည်။ (ဆာလံ ၉၄:၂၀) ၁၉၃၆ ခုနှစ် တစ်နှစ်​တည်း​၌ အမေရိကန်​ပြည်ထောင်စု​တွင် ဖမ်းဆီးမှု ၁,၁၄၉ မှု​ပြု​ခဲ့​သည်။ သက်သေခံ​တို့သည် အမေရိကန်​ပြည်ထောင်စု​၏ တရားရုံး​ချုပ်​အထိ အမှု​ဆိုင်​ခဲ့​ရာ အောက်ပါ​တို့​မှာ တရား​ခွင်​တွင်​နိုင်​ခဲ့​သည့် ထင်ရှားသော​အောင်ပွဲ​များ​ဖြစ်သည်။

၁၉၄၃ ခုနှစ်၊ မေလ ၃ ရက်​တွင် မာ​ရ်​ဒေါ့​နှင့် ပဲ​င်​စီ​လ်​ဗေး​နီး​ယား အမှု၌ တရားရုံး​ချုပ်​က သက်သေခံ​များသည် စာအုပ်စာတမ်း​များ​ကို ငွေ​ကောက်​၍​ဖြန့်ဝေ​ရန် လိုင်စင်​မလိုဟု ဆုံးဖြတ်​လိုက်​သည်။ ထို​နေ့​ချင်း မာတင်​နှင့် စ​ထရပ်​ဘား အမှု၌ တစ်အိမ်​မှ​တစ်အိမ် ဝေစာ​နှင့် အခြား​ကြော်ငြာ​စာတမ်း​များ​ဖြန့်ဝေ​စဉ် တံခါး ခေါင်းလောင်း​တီး​ခြင်း​သည် ဥပဒေ​နှင့်​မညီညွတ်​သော လုပ်ရပ်​မဟုတ်​ဟု ချမှတ်​ခဲ့​သည်။

၁၉၄၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်​တွင် တေ​လာ​နှင့် မ​စ်​စစ်စစ်​ပီ အမှု၌ တရားရုံး​ချုပ်​က သက်သေခံ​များသည် ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် လူ​တို့ကို အစိုးရ​အပေါ် သစ္စာဖောက်​ဖျက်​စေရန် အားပေး​ရာ​မ​ရောက် ဟူ၍​ဆုံးဖြတ်​လိုက်​သည်။ ထို​နေ့​အတွင်း အနောက်​ဗာဂျီးနီးယား​ပြည်နယ် ပညာရေး​အဖွဲ့​နှင့် ဘား​နက် အမှု၌ တရားရုံး​ချုပ်​က ကျောင်း​ဘုတ်​အဖွဲ့​တစ်ခု​အနေ​နှင့် အလံ​အလေး​မပြု​သော ယေဟောဝါသက်သေ ကလေး​များ​ကို ကျောင်း​ထုတ်​ပိုင်ခွင့်​မရှိ ဟူ၍​ချမှတ်​ခဲ့​သည်။ နောက်​တစ်နေ့​၌ ဩစတြေးလျ​၏ တရားရုံး​ချုပ်​က ၎င်း​နိုင်ငံ​တွင် ယေဟောဝါ သက်သေ​များ​အား ပိတ်ပင်​ခြင်း​မှာ “အကျိုးအကြောင်း​မဆင်​ခြင်၊ ထင်ရာစိုင်း​၍ နိုင်​လို​မင်း​ထက်​ဆန်​သည်” ဆို​ကာ ထို​ပိတ်ပင်​မှု​ကို တညီတညွတ်​တည်း ဖယ်ရှား​လိုက်​သည်။

[စာမျက်နှာ ၉၄ ပါ လေးထောင့်ကွက်]

“မြေကြီးပေါ်​မှ​ငြိမ်သက်ခြင်း​ကို ရုပ်သိမ်း​ပိုင်ခွင့်​ရ”

နည်း​ပညာ​သည် ဘယ်​ကို​ဦးတည်​နေသနည်း။ ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်၊ ကနေဒါ​နိုင်ငံ၊ တို​ရန်​တို​မြို့​ထုတ် သည်​ဂ​လုပ်​ဘ် အဲ​န်​မေးလ် သတင်းစာ​က နိုင်ငံတကာ​ဖွံ့ဖြိုးရေး သုတေသန​ဗဟို​ဌာန ဥက္ကဋ္ဌ အိုင်​ဗင် အယ်​လ်၊ ဟက်​၏​မိန့်ခွန်း​မှ အောက်ပါ​အချက်​ကို ကောက်နုတ်​ဖော်ပြ​လိုက်​သည်–

“သုတေသန​နှင့် တိုးတက်​ဖွံ့ဖြိုးရေး​၌ လုပ်ဆောင်နေ​သော ကမ္ဘာ့​သိပ္ပံ​ပညာရှင်​နှင့် နည်း​ပညာရှင်​လေး​ဦးလျှင် တစ်ဦး​သည် လက်နက်​ထုတ်လုပ်မှု​အတွက် လုပ်ကိုင်​နေသည်​ဟု ခိုင်လုံ​စွာ ခန့်မှန်း​ရ​ပါ​သည်။ ၁၉၈၆ ခုနှစ်​၏​နှုန်း​အရ၊ ကုန်ကျ​စရိတ်​သည် တစ်​မိနစ်​လျှင် ဒေါ်လာ ၁.၅ သန်း​မ​က ဖြစ်သည်။ . . . နည်း​ပညာ​ကို ဤသို့​အလေးပေး လုပ်ဆောင်မှု​ကြောင့် ကျွန်ုပ်​တို့ ပို​၍​လုံခြုံ လာပြီ​လော။ အင်အားကြီး​နိုင်ငံ​များ ပိုင်ဆိုင်​သော နျူကလီးယား လက်နက်များ​၏ ပေါက်ကွဲ​စွမ်းအား​သည် ဒုတိယ​ကမ္ဘာ​စစ်​ကြီး တစ်ခုလုံး​အတွင်း တိုက်ပွဲဝင်​သူအား​လုံး သုံးစွဲ​ခဲ့​သော လက်နက်ခဲယမ်း​မီးကျောက် ရှိရှိသမျှ​၏ ပေါက်ကွဲ​စွမ်းအား​၏ အဆပေါင်း ၆,၀၀၀ နှင့်​ညီမျှ​သည်။ ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ပေါင်း ခြောက်​ထောင်​ဖြစ်၏။ ၁၉၄၅ ခုနှစ် နောက်ပိုင်း၌ ကမ္ဘာကြီး စစ်ရေး​စစ်​ရာ​နှင့် ကင်းရှင်း​ခဲ့​သည့်​ကာလ​မှာ ရက်သတ္တပတ် ခု​နစ်​ပတ်​လောက်​ပင်မ​ရှိ။ နိုင်ငံတကာ သို့​မဟုတ် ပြည်တွင်းစစ် ၁၅၀ ဖြစ်ပွား​ခဲ့​ပြီး သန်း ၂၀ ကျော် သေဆုံး​ခဲ့​သည်။ အများ အားဖြင့် ဤ​ကုလသမဂ္ဂ​ခေတ်​အတွင်း ပေါ်ထွန်း​လာသော အစွမ်းထက်​မြက်​သည့် နည်း​ပညာ​သစ်​များ​ကြောင့်​ဖြစ်သည်။” ၂၀၀၅ ခုနှစ်​တိုင်​လေ​သော် စစ်မှု​ကြောင့် သန်း ၂၀ ကျော် အသက်ဆုံးရှုံး​ခဲ့​သည်။

[စာမျက်နှာ ၉၈၊ ၉၉ ပါ ရုပ်ပုံ]

ဗျာဒိတ်ကျမ်း​၏ ဖွဲ့စည်းမှု​ဘောင်

ဗျာဒိတ်ကျမ်း​ဆွေးနွေးခန်း​၏ ဤ​အပိုင်း​သို့​ရောက်ပြီ​ဖြစ်၍ ကျွန်ုပ်​တို့သည် ကျမ်း​၏​ဖွဲ့စည်းမှု​ဘောင်​ကို ပို​၍​ရှင်းလင်းစွာ​မြင်လာ​ပြီ။ ၎င်း​၏​စိတ်​လှုပ်ရှား​ဖွယ်​နိဒါန်း (ဗျာဒိတ် ၁:၁-၉) နောက်​၌ ဗျာဒိတ်ကျမ်း​ကို အောက်ပါ​အတိုင်း ရူပါရုံ ၁၆ ခု​အဖြစ် ပိုင်းခြား​ယူမှတ်​နိုင်​သည်–

ပထမ​ရူပါရုံ (၁:၁၀–၃:၂၂)– ယောဟန်​သည် ဝိညာဉ်​တော် လှုံဆော်​ခြင်း​ခံရ​သဖြင့် ဘုန်းပွင့်​သော​ယေရှုကို မြင်ရ​၏။ ယေရှုသည် အသင်းတော်​ခု​နစ်​ပါး​ထံ လှိုက်လှဲသော ဩ​ဝါဒ​သတင်း​စကား​များ ပေး​ပို့​တော်​မူ​သည်။

ဒုတိယ​ရူပါရုံ (၄:၁–၅:၁၄)– ယေဟောဝါ​ဘုရားသခင်​၏ ကောင်းကင်​ပလ္လင်တော်​ဆိုင်ရာ ဘုန်း​ကွ​န့်​မြင်ကွင်း။ ကိုယ်တော်​သည် သိုးသငယ်​အား စာလိပ်​တစ်လိပ်​ကို ကမ်း​တော်​မူ​၏။

တတိယ​ရူပါရုံ (၆:၁-၁၇)– သိုးသငယ်​သည် စာလိပ်​၏ ပထမ​တံဆိပ်​ခြောက်​ခု​ကို ဖွင့်​ကာ သခင့်​နေ့​တော်​အတွင်း ဖြစ်ပျက်​မည့် အခြင်းအရာ​များ​ဆိုင်ရာ ပေါင်းစပ်​ရူပါရုံ​တစ်ခု​ကို တစ်စစ လှစ်ဟ​တော်​မူ​သည်။ အပေါ​က​လ​စ်​ပါ မြင်းစီးသူရဲ​လေးဦး ချီတက်​လာ​သည်။ ဘုရားသခင်​၏ သက်စွန့်​အာဇာနည်​ကျွန်​များ ဝတ်လုံ​ဖြူ ခံယူ​ကြသည်။ အမျက်တော်နေ့​ကြီး​အကြောင်းကို ဖော်ပြ​သည်။

စတုတ္ထ​ရူပါရုံ (၇:၁-၁၇)– ဝိညာဏ​ဣသရေလလူ ၁၄၄,၀၀၀ ကို တံဆိပ်​မ​ခတ်​မချင်း ဖျက်ဆီးခြင်း​လေ​များ​ကို ကောင်းကင်တမန်​များ​က ထိန်းချုပ်​ကြသည်။ လူမျိုး​အားလုံး​မှ လူအုပ်ကြီးသည် ဘုရားသခင်​နှင့် ခရစ်တော်​၏ ကယ်တင်ခြင်း​ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆင်းရဲ​ဒုက္ခ​ကြီး​ကို ကပ်ကျော်​ရန် စုသိမ်း​ခံရ​ကြသည်။

ပ​ဉ္စ​မ​ရူပါရုံ (၈:၁–၉:၂၁)– သတ္တမ​တံဆိပ်​ဖွင့်​စဉ် တံပိုးခရာ​ခု​နစ်​ခု မှုတ်​၏။ ပထမ​ခြောက်​ခု မှုတ်ခြင်း​သည် ပ​ဉ္စ​မ​ရူပါရုံ​အဖြစ် ဖွဲ့စည်း​၏။ ၎င်း​တံပိုးခရာ​ခြောက်​ခု မှုတ်ခြင်း​က လူသားများ​အပေါ် ယေဟောဝါ တရား​စီရင်တော်မူ​ခြင်း​ကို ကြော်ငြာ​သည်။ ပ​ဉ္စ​မ​နှင့် ဆဋ္ဌမ​တံပိုးခရာ​များသည် ပထမ​နှင့်​ဒုတိယ အမင်္ဂလာ​များ​ကိုလည်း နိဒါန်း​ပျိုး​လိုက်​သည်။

ဆဋ္ဌမ​ရူပါရုံ (၁၀:၁–၁၁:၁၉)– ခွန်အား​ကြီးသော ကောင်းကင်တမန် တစ်ပါး​က ယောဟန်​အား စာလိပ်​ကလေး​တစ်လိပ်​ကို ပေး​၏။ ဗိမာန်တော်ကို တိုင်းထွာ​၏။ သက်သေခံ​နှစ်ဦး​၏ တွေ့ကြုံမှု​များ​ကို သိရ​၏။ သတ္တမ​တံပိုးခရာ မှုတ်ခြင်း​နှင့်အတူ ဆဋ္ဌမ​ရူပါရုံ အဆုံးသတ်​သည်။ သတ္တမ​တံပိုးခရာ မှုတ်ခြင်း​မှာ ဘုရားသခင့်​ရန်သူများ​အတွက် တတိယ​အမင်္ဂလာ​တည်း​ဟူသော ယေဟောဝါ​နှင့် သားတော်​ခရစ်တော်​၏ လာ​လတ္တံ့​သော​နိုင်ငံတော်​အကြောင်း ကြွေးကြော်​ခြင်း​ပင်​ဖြစ်သည်။

သတ္တမ​ရူပါရုံ (၁၂:၁-၁၇)– နိုင်ငံတော်​ဖွားမြင်​သဖြင့် မြွေ​စာတန်​ကို မိက္ခေလ​က မြေကြီးပေါ်​သို့ ပစ်ချ​ခြင်း​အကြောင်း ဖော်ပြ​သည်။

အ​ဋ္ဌ​မ​ရူပါရုံ (၁၃:၁-၁၈)– ခွန်အား​ကြီးသော​သားရဲ ပင်လယ်​ထဲ​မှ ထွက်​လာ​သည်။ ၎င်းကို​ကိုးကွယ်​ရန် သိုးသငယ်​နှင့်​တူသော ဦးချို​နှစ်ချောင်း​ရှိသည့် သားရဲ​က လူသား​တို့ကို တိုက်တွန်း​သည်။

န​ဝ​မ​ရူပါရုံ (၁၄:၁-၂၀)– ဇိအုန်​တောင်ပေါ်​မှ ၁၄၄,၀၀၀ နှင့်​ဆိုင်သော ထူးကဲ​ပြောင်မြောက်​သည့် ရှေ့ပြေး​မြင်ကွင်း။ ကောင်းကင်တမန် ကြွေးကြော်​သော သတင်း​များ​ကို ကမ္ဘာ​တစ်ခွင် ကြား​ရ​ကြသည်။ မြေကြီး​စပျစ်​ကို ရိတ်သိမ်း​၏။ ဘုရားသခင့်​အမျက်တော် စပျစ်​နယ်ရာကျင်း​ကို နင်းနယ်​သည်။

ဒဿ​မ​ရူပါရုံ (၁၅:၁–၁၆:၂၁)– ကောင်းကင်​တရားရုံး​ကို ရိပ်​ခ​နဲ​မြင်ရ​ပြန်​သည်။ ၎င်းနောက် ယေဟောဝါ​၏ အမျက်တော်​ဖလား ခု​နစ်​လုံး​ကို မြေကြီးပေါ် သွန်းလောင်း​သည်။ ဤ​အပိုင်း​လည်း စာတန့်​စနစ်​နိဂုံး​ဆိုင်ရာ ပရောဖက်ပြု​ဖော်ပြချက်​နှင့်အတူ အဆုံးသတ်​သည်။

ဆယ့်တစ်​ခု​မြောက်​ရူပါရုံ (၁၇:၁-၁၈)– ပြည့်တန်ဆာ​ကြီး မဟာ​ဗာဗုလုန် ကြက်သွေးရောင်​သားရဲ​ကို စီး​သည်။ ၎င်း​သားရဲ​သည် တွင်း​နက်​ကြီး​ထဲ​သို့ ခေတ္တ​သက်ဆင်း​၍ ပြန်ထွက်​လာ​ကာ ၎င်းကို ချေမှုန်း​ဖျက်ဆီး​လေ​သည်။

ဆယ့်နှစ်​ခု​မြောက်​ရူပါရုံ (၁၈:၁​–၁၉:၁၀)– မဟာ​ဗာဗုလုန်​၏ ကျဆုံး​ခြင်း​နှင့် အပြီး​ပျက်စီးခြင်း​ကို ကြေညာ​သည်။ မဟာ​ဗာဗုလုန် အဆုံးစီရင်​ခံရ​သော​အခါ အချို့​က​ငိုကြွေး​၍ အချို့​က ယေဟောဝါ​ကို ချီးမွမ်း​ကြသည်။ သိုးသငယ်​၏ မင်္ဂလာပွဲ​ကို ကြေညာ​သည်။

ဆ​ယ့်​သုံးခု​မြောက်​ရူပါရုံ (၁၉:၁၁-၂၁)– ကောင်းကင်​တပ်​များ​ကို ယေရှု​ဦးစီး​လျက် စာတန့်​စနစ်၊ ၎င်း​၏​တပ်​များနှင့် ထောက်ခံသူ​များ​အပေါ် ဘုရားသခင့် အမျက်တော်​စီရင်ချက် သက်ရောက်​စေ​သည်။ သူတို့၏​အလောင်း​များ​ကို အသေကောင်​ပုပ်​စား​ငှက်​များ​က တစ်​ဝ​စား​ကြသည်။

ဆ​ယ့်​လေးခု​မြောက်​ရူပါရုံ (၂၀:၁-၁၀)– စာတန်​မာရ်နတ်ကို တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ချုပ်နှောင်​ခြင်း။ ခရစ်တော်​နှင့် အပေါင်းပါ​ဘုရင်​များ​၏ အနှစ်​တစ်ထောင် အုပ်စိုးမှု။ လူသား​တို့၏ နောက်ဆုံး​စမ်းသပ်မှု။ စာတန်​နှင့် သူ၏​နတ်ဆိုးများ၏ ပျက်စီးခြင်း။

ဆယ့်ငါးခု​မြောက်​ရူပါရုံ (၂၀:၁၁–၂၁:၈)– အထွေထွေ​ထမြောက်ခြင်း​နှင့် တရား​စီရင်​ရာ​နေ့ကြီး။ ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​ပေါ်​လာ၍ ဖြောင့်မတ်​သော​လူသားများ ထာဝရ​ကောင်းချီး​များ ခံစား​ရခြင်း။

ဆယ့်ခြောက်​ခု​မြောက်​ရူပါရုံ (၂၁:၉–၂၂:၅)– ဗျာဒိတ်ကျမ်း​သည် သိုးသငယ်​၏ ဇနီး​တည်း​ဟူသော ယေရုရှလင်​မြို့​သစ်​ဆိုင်ရာ ဘုန်း​ရော​င်​ကွ​န့်​မြူး​သည့် ရူပါရုံ​နှင့်အတူ အထွတ်အထိပ်​သို့ ရောက်​လေ​သည်။ လူသား​တို့ကို ကုသ​၍ အသက်ပေး​ရန် ဘုရားသခင့် ပြင်ဆင်​ပေး​ချက်​သည် ထို​မြို့ထဲ​မှ စီး​ထွက်​သည်။

ဗျာဒိတ်ကျမ်း​သည် ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်​နှင့် ယောဟန်တို့​ထံ​မှ​လာသော လှိုက်လှဲသော နှုတ်ဆက်​စကား​နှင့် ဩ​ဝါဒ​များ​ဖြင့် နိဂုံး​ချုပ်​လေ​သည်။ လူတိုင်း​အား “လာ​လော့” ဟု ခေါ်ဖိတ်​သည်။​—ဗျာဒိတ် ၂၂:၆-၂၁