မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်သစ်နှင့် မြေကြီးသစ်

ကောင်းကင်သစ်နှင့် မြေကြီးသစ်

အခန်း ၄၂

ကောင်းကင်သစ်​နှင့် မြေကြီး​သစ်

၁။ ကောင်းကင်တမန်​က ယောဟန်​ကို အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ အစပိုင်း​သို့ ပြန်ပို့​သောအခါ ယောဟန် ဘာကို​ဖော်ပြ​သနည်း။

 ကာင်းကင်တမန်​က ယောဟန်​ကို အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ အစပိုင်း​သို့ ပြန်ပို့​သောအခါ ဘုန်းတောက်​သော​ဤ​ရူပါရုံ ဆက်လက်​ပေါ်လာ​၏။ ယောဟန် ဘာ​အကြောင်းကို ဖော်ပြ​သနည်း။ “ထို့နောက် ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​ကို ငါ​မြင်ရ​၏။ အကြောင်း​မှာ ယခင်​ကောင်းကင်​နှင့် ယခင်​မြေကြီး​တို့သည် ကွယ်ပျောက်​သွားပြီး ပင်လယ်​လည်း မရှိတော့​ပေ။” (ဗျာဒိတ် ၂၁:၁) စွဲမက်​ဖွယ်​မြင်ကွင်း​စုံ​တစ်ရပ် ပေါ်လာ​သည်​တကား။

၂။ (က) ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​ဆိုင်ရာ ဟေရှာယ​ပရောဖက်ပြုချက်​သည် ဘီစီ ၅၃၇ ခုနှစ်​၌ ပြည်တော်ပြန်​ဂျူး​များ​အပေါ် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။ (ခ) ဟေရှာယ​၏ ပရောဖက်ပြုချက် နောက်ထပ်​ပြည့်စုံ​ဦး​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သိနိုင်​သနည်း၊ ယင်းက​တိ​တော် မည်သို့​ပြည့်စုံ​လာ​သနည်း။

ယောဟန်​လက်ထက်​မတိုင်မီ ရာစုနှစ်များစွာ​တွင် ဟေရှာယ​အား ယေဟောဝါ ဤသို့​မိန့်တော်မူ၏– “ကြည့်ရှု​လော့။ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်။ အရင်​မိုးကောင်းကင်​နှင့် မြေကြီးကို မ​အောက်မေ့​ရ။ နှလုံး​မမှတ်မိ​ရ။” (ဟေရှာယ ၆၅:၁၇; ၆၆:၂၂) ဤ​ပရောဖက်ပြုချက်​သည် သစ္စာရှိ​ဂျူး​များ ဗာဗုလုန်​နိုင်ငံ​၌ အနှစ် ၇၀ ပြည်နှင်ဒဏ်​ခံရ​သည့်​နောက် ဘီစီ ၅၃၇ ခုနှစ်​တွင် ယေရုရှလင်​မြို့​သို့ ပြန်သွား​ကြသောအခါ ပထမ​အကြိမ် ပြည့်စုံ​လာ​သည်။ ထိုသို့​ပြန်လည်​ထူထောင်​စဉ် သူတို့သည် အသစ်​သော​အစိုးရ​စနစ်​ဖြစ်သည့် “ကောင်းကင်သစ်” အောက်​ရှိ သုတ်သင်​ပြီး​သော လူ့​ဘောင်​ဖြစ်သည့် “မြေကြီး​သစ်” အဖြစ် ဖွဲ့စည်း​ခဲ့​ကြသည်။ သို့ရာတွင် တမန်​တော်​ပေတရု​က “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏” ဟု​ဆိုပြီး ထို​ပရောဖက်ပြုချက် နောက်ထပ်​ပြည့်စုံ​လာ​မည်​ကို တင်ပြ​၏။ (၂ ပေတရု ၃:၁၃) ယခု ယောဟန်​က ဤ​ကတိတော်​သည် သခင့်​နေ့​တော်​အတွင်း ပြည့်စုံ​လာ​သည်​ဟု​ဆို​၏။ စာတန်​နှင့် သူ၏​နတ်ဆိုး​များ ဩဇာ​အောက်​ရှိ စာတန့်​အုပ်ချုပ်ရေး​အစီအစဉ်​စနစ်​ဖြစ်သည့် “ယခင်​ကောင်းကင်​နှင့် ယခင်​မြေကြီး​တို့သည်” ကွယ်ပျောက်​သွား​မည်။ ဆိုးယုတ်​သည့်​ပုန်ကန်​သူ လူသားများ​တည်း​ဟူသော လှိုင်း​ထ​န်​သည့် “ပင်လယ်” သည် တည်ရှိ​တော့​မည်​မဟုတ်။ ၎င်း​အစား၊ “ကောင်းကင်သစ်​နှင့် မြေကြီး​သစ်”​—ဘုရားသခင့်​နိုင်ငံတော် အစိုးရသစ်​အောက်​ရှိ မြေကြီးဆိုင်ရာ​လူ့​ဘောင်​သစ်​—ဖြစ်ပေါ်​လာ​မည်။​—ဗျာဒိတ် ၂၀:၁၁ နှိုင်းယှဉ်။

၃။ (က) အဘယ်​အကြောင်းကို ယောဟန်​ဖော်ပြ​သနည်း၊ ယေရုရှလင်​မြို့​သစ်​ကား အဘယ်နည်း။ (ခ) ယေရုရှလင်​မြို့​သစ်​သည် “ကောင်းကင်ဘုံ​မှ” မည်သို့ “ဆင်းသက်” လာ​သနည်း။

ယောဟန် ဤသို့​ဆက်၍​ဆို​၏– “သန့်ရှင်းသော​မြို့တော် တည်း​ဟူသော ယေရုရှလင်​မြို့​သစ်​သည် ခင်ပွန်း​အတွက် တန်ဆာ​ဆင်ယင်​ထား​သည့် သတို့သမီး​ကဲ့သို့ ပြင်ဆင်​လျက် ဘုရားသခင့်​အထံတော် ကောင်းကင်ဘုံ​မှ ဆင်းသက်လာ​သည်ကို ငါ​မြင်ရ​၏။” (ဗျာဒိတ် ၂၁:၂) ယေရုရှလင်​မြို့​သစ်​ကား ခရစ်တော်​၏ သတို့သမီး​ဖြစ်၍၊ သေ​သည်​တိုင် သစ္စာစောင့်​ကြ​ပြီး ဘုန်းပွင့်​သော​ယေရှု​နှင့်အတူ ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုထမ်း​ရန် ထမြောက်ခြင်း​ခံရ​သည့် ဘိသိက်ခံ​ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​သည်။ (ဗျာဒိတ် ၃:၁၂; ၂၀:၆) မြေကြီးဆိုင်ရာ ယေရုရှလင်​မြို့​သည် ရှေး​ဣသရေလ​နိုင်ငံ​တွင် အစိုးရရုံး​စိုက်​ရာ​မြို့​ဖြစ်​သကဲ့သို့ ကျက်သရေ​ရှိသော ယေရုရှလင်​မြို့​သစ်​နှင့် သူ၏​သတို့သား​သည် အစီအစဉ်​စနစ်သစ်​၏ အစိုးရ​အဖြစ် ဖွဲ့စည်းထား​၏။ ဤ​ကား ကောင်းကင်သစ်​ပင်​တည်း။ စာသား​အတိုင်း ‘သတို့သမီး​သည် ကောင်းကင်ဘုံ​မှ ဆင်းသက်လာ​သည်’ မဟုတ်၊ မြေကြီးကို အာရုံလှည့်​လာ​ခြင်း ဟူသော​အဓိပ္ပာယ်​ဖြင့် ဆင်းသက်လာ​ခြင်း​ဖြစ်၏။ သိုးသငယ်​၏ သတို့သမီး​သည် ဖြောင့်မတ်​သည့်​အစိုးရ​ဖြင့် လူသား​ခပ်သိမ်း​ပေါ် အုပ်ချုပ်​သည့်​ကိစ္စ​၌ သစ္စာစောင့်သိ​သော ကူ​ဖော်​လောင်​ဖက်​အဖြစ် ပါဝင်​ရန်ဖြစ်​၏။ မြေကြီး​သစ်​အဖို့ တကယ့်​ကောင်းချီး​ပါ​တကား။

၄။ ထွန်း​သစ်​စ​ဣသရေလ​နိုင်ငံ​အား ပေး​တော်​မူ​သော ကတိတော်​နှင့်​ဆင်တူ​သည့် အဘယ်က​တိ​တော်​ကို ဘုရားသခင် ပေး​တော်​မူ​သနည်း။

ယောဟန် ဤသို့​ဆက်၍​ဆို​၏– “ထို​အခါ ပလ္လင်တော်​မှ ကြီးစွာ​သော​စကားသံ​ကို ငါ​ကြား​ရ၏။ ထို​အသံ​က ‘ကြည့်​လော့။ ဘုရားသခင်​၏ တဲ​တော်​သည် လူသား​တို့​နှင့်အတူ​ရှိ၍ ကိုယ်တော်​သည် သူတို့နှင့်​အတူ ကျိန်းဝပ်​တော်​မူ​မည်။ သူတို့​သည်လည်း ကိုယ်တော်​၏​လူမျိုးတော် ဖြစ်​ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်​လည်း သူတို့နှင့်​အတူ ရှိ​တော်​မူ​မည်’ ဟု​ဆို​၏။” (ဗျာဒိတ် ၂၁:၃) ယေဟောဝါ​သည် ထွန်း​သစ်​စ​ဣသရေလ​နိုင်ငံ​နှင့် ပညတ်ပဋိညာဉ်​ဖွဲ့​စဉ် ဤသို့​ကတိပြု​တော်​မူ​ခဲ့​သည်– “ငါသည် စက်ဆုပ်​ရွံရှာခြင်း​မရှိဘဲ သင်တို့တွင် တဲ​တော်​ကို​တည်​မည်။ သင်တို့တွင်​လည်း လှည့်လည်​၍ သင်တို့၏​ဘုရားသခင်​ဖြစ်​မည်။ သင်တို့သည်လည်း ငါ​၏​လူ​ဖြစ်​ကြလိမ့်မည်။” (ဝတ်ပြုရာ ၂၆:၁၁၊ ၁၂) ယခု ယေဟောဝါ​သည် သစ္စာရှိ​လူသားများ​အား အလားတူ​ကတိတော်​တစ်ခု ပေး​တော်​မူ​၏။ သူတို့သည် အနှစ်​တစ်ထောင် တရား​စီရင်​ရာ​နေ့​အတွင်း ကိုယ်တော့်​အဖို့ အလွန်​ထူးမြတ်​သော လူမျိုးတော်​ဖြစ်​ကြလိမ့်မည်။

၅။ (က) ဘုရားသခင်​သည် အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​အတွင်း လူသားများ​နှင့်အတူ မည်သို့​ကျိန်းဝပ်​တော်​မူ​မည်​နည်း။ (ခ) အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​ပြီး​နောက် လူသားများ​ဘောင်​တွင် ဘုရားသခင် မည်သို့​ကျိန်းဝပ်​တော်​မူ​မည်​နည်း။

အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​အတွင်း ယေဟောဝါ​သည် လူသား​တို့​အလယ်​၌ ယာယီ “ကျိန်းဝပ်” တော်​မူ​မည်။ မင်းသား​ဖြစ်သော သားတော်​ယေရှု​ခရစ်​က ကိုယ်တော်​အား ကိုယ်စား​ပြု​တော်​မူ​မည်။ သို့ရာတွင် နိုင်ငံတော်​ကို ခမည်းတော်​အား ယေရှု​ပြန်အပ်​တော်​မူ​သည့် အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​အဆုံး​၌ ဘုရင့်​ကိုယ်စားလှယ်တော် သို့​မဟုတ် ကြားဖျန်​တစ်ဦး လိုအပ်​တော့​မည်​မဟုတ်။ ယေဟောဝါ​သည် ဝိညာဉ်​ရေး​အရ တိုက်ရိုက်​နည်းဖြင့် မိမိ၏ “လူမျိုးတော်” နှင့်အတူ အစဉ်အမြဲ​ရှိ​တော်​မူ​မည်။ (ယောဟန် ၄:၂၃၊ ၂၄ နှိုင်းယှဉ်။) ပြန်လည်​ထူထောင်​လာသော လူသားများ​အဖို့ မြင့်မြတ်​လှ​သော အခွင့်ထူးပါ​တကား။

၆၊ ၇။ (က) ကြီးမြတ်သော အဘယ်က​တိ​တော်​များ​ကို ယောဟန်​ဖော်ပြ​သနည်း၊ ထို​ကောင်းချီး​များ​ကို မည်သူ​များ ခံစားရ​ကြ​မည်​နည်း။ (ခ) ဝိညာဏ​သာမက ပကတိ​လည်း​ဖြစ်သော ပရဒိသု​တစ်ခု​အကြောင်းကို ဟေရှာယ မည်သို့​ဖော်ပြ​သနည်း။

ယောဟန်​က ဤသို့​ဆက်၍​ဆို​၏– “ကိုယ်တော်​သည် သူတို့၏​မျက်စိ​မှ မျက်ရည်​ရှိသမျှကို သုတ်တော်မူ​မည်။ သေခြင်း​သည် ရှိတော့မည်​မဟုတ်။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်း​တို့​လည်း ရှိတော့မည်​မဟုတ်။ ရှေးဟောင်း​နှောင်း​ဖြစ်​များသည် လွန်သွား​လေ​ပြီ။” (ဗျာဒိတ် ၂၁:၄) ရှေး​က​မှုတ်သွင်းခံ ကတိတော်​များ​ကို ကျွန်ုပ်​တို့ သတိရ​ပြန်​၏။ သေခြင်းနှင့် ငိုကြွေး​မြည်တမ်း​ခြင်း​မရှိ၊ ပူဆွေး​သောက​ကို ဝမ်းမြောက်ခြင်း​ဖြင့် အစားထိုး​မည့်​ကာလ​ကို ဟေရှာယ​လည်း မျှော်မှန်း​ခဲ့​သည်။ (ဟေရှာယ ၂၅:၈; ၃၅:၁၀; ၅၁:၁၁; ၆၅:၁၉) ယခု ယောဟန်​က ဤ​ကတိတော်​တို့သည် အနှစ်​တစ်ထောင် တရား​စီရင်​ရာ​နေ့​အတွင်း အံ့မခန်းဖွယ်​နည်းဖြင့် ပြည့်စုံ​လာ​မည်​မှန်​ကြောင်း ထောက်ခံ​၏။ ရှေးဦး​စွာ လူအုပ်ကြီးသည် ထို​ကောင်းချီး​များ​ကို ခံစားရ​ကြ​မည်။ “ပလ္လင်တော်​အလယ်​မှ သိုးသငယ်​သည်” သူတို့ကို ဆက်လက်​ထိန်းကျောင်း​၍ “အသက်ရေ​စမ်း​ပေါက်​များ​ဆီ​သို့ ပို့ဆောင်​တော်​မူ​မည်။ ဘုရားသခင်​သည်လည်း သူတို့၏​မျက်ရည်​ရှိသမျှကို အကုန်အစင် သုတ်တော်မူ​မည်။” (ဗျာဒိတ် ၇:၉၊ ၁၇) သို့သော် ထမြောက်​လာပြီး ယေဟောဝါ​၏ ပြင်ဆင်​စီမံချက်​များ​ကို ယုံကြည်သူ​အားလုံး​တို့သည် အဆုံး​၌ လူအုပ်ကြီး​နှင့်အတူ ထို​နေရာတွင်​ရှိကြ​ပြီး ဝိညာဏ​သာမက ပကတိ​လည်း​ဖြစ်သော ပရဒိသု​၌ မွေ့လျော်​ရ​ကြ​မည်။

“ထို​အခါ မျက်စိကန်း​သော​သူတို့သည် မျက်စိပွင့်​လင်း​ကြလိမ့်မည်။ နားပင်း​သော​သူတို့သည် နားပင်း​ခြင်း​နှင့်​လွတ်​ကြလိမ့်မည်” ဟု​ဟေရှာယ​ဆို​၏။ မှန်​ပေ​သည်၊ “[ထို​အခါ] ခြေဆွံ့​သော​သူတို့သည် ဒ​ရ​ယ်​ကဲ့သို့​ခုန်​ကြလိမ့်မည်။ စကား​အသော​သူတို့သည် သီချင်းဆို​ကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) ဤမျှ​မ​က ထို​အချိန်တွင် “ထို​သူတို့သည် ကိုယ်​ဆောက်​သော​အိမ်​၌ နေကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော​စပျစ်​ဥယျာဉ်​အသီးကို စား​ကြလိမ့်မည်။ သူတို့သည် အိမ်ကို​ဆောက်​၍ အခြားသော​သူ​နေရ​မည်​မဟုတ်။ သူတို့သည် စပျစ်​ဥယျာဉ်​ကို​စိုက်​၍ အခြားသော​သူ စား​ရမည်​မဟုတ်။ ငါ​၏​လူ​တို့​အသက်သည် သစ်ပင်​၏​အသက်​ကဲ့သို့​ဖြစ်၍ သူတို့သည် ကိုယ်​ပြုစု​သော​အရာ​ကို ကြာမြင့်စွာ​သုံးဆောင်​ရ​ကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) သို့​ဖြစ်၍ သူတို့သည် မြေကြီးပေါ်​မှ နုတ်​ပယ်​ခြင်း ခံရ​ကြ​မည်​မဟုတ်။

၈။ ကြီးမြတ်သော ထို​ကတိတော်​များ​ကို ယုံကြည်​နိုင်​ခြင်း​နှင့်​ပတ်သက်​၍ ယေဟောဝါ​ကိုယ်တော်တိုင် မည်သို့​မိန့်ဆို​သနည်း။

ဤ​ကတိတော်​များ​ကို တွေးတော​ဆင်ခြင်​သောအခါ ကျွန်ုပ်​တို့​ရင်ထဲ​၌ ကျက်သရေ​ရှိ​လှ​သော မျှော်လင့်ခြင်း​ရောင်ခြည်​ဦး​များ ပြည့်လျှံ​သွား​သည်​တကား။ ကောင်းကင်ဘုံ​ရှင်​၏ မေတ္တာ​ပြည့်ဝသော အစိုးရ​အောက်​မှ ယုံကြည်သူ​လူသားများ​အဖို့ အံ့မခန်းဖွယ်​ရာ​များ အသင့်ပြင်​ဆင်​၍ သိုထား​လျက်​ရှိ၏။ ဤ​ကတိတော်​တို့သည် ကောင်း​လွန်း​၍ မဖြစ်​နိုင်သော​အရာများ​လော။ ပတ်မုကျွန်း​၌ ပြည်နှင်ဒဏ်​ခံ​နေရ​သော အဖိုးအို​တစ်ယောက်​၏ အိပ်မက်မျှသာ​လော။ ယေဟောဝါ​ကိုယ်တော်တိုင် ဖြေကြား​တော်​မူ​၏– “ပလ္လင်တော်​ပေါ်မှာ စံတော်မူ​သော​အရှင်​က ‘ကြည့်​လော့။ ငါသည် အရာခပ်သိမ်း​ကို အသစ်​ပြုလုပ်​လျက်​ရှိ၏’ ဟု​မိန့်တော်မူ၏။ ထို့​ပြင် ကိုယ်တော်​က ‘ရေးထား​လော့။ အကြောင်း​မှာ ဤ​စကား​တို့သည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏’ ဟု​မိန့်တော်မူ​ပြန်​၏။ ထို့နောက် ကိုယ်တော်​က ငါ့​အား ‘အမှု​ပြီးပြီ။ ငါသည် အာလဖ​နှင့် ဩ​မေ​ဃ၊ အစ​နှင့်​အဆုံး​ဖြစ်၏’ ဟု​မိန့်တော်မူ၏။”​—ဗျာဒိတ် ၂၁:၅၊ ၆က

၉။ ထို​အနာဂတ်​ကောင်းချီး​များ​ကို ဧကန်​ပြည့်စုံ​လာ​မည့်​အရာများ​အဖြစ် အဘယ်ကြောင့် ယူမှတ်​နိုင်​သနည်း။

ယေဟောဝါ​ကိုယ်တော်တိုင်​က သစ္စာရှိ​လူသားများ​အတွက် ထို​အနာဂတ်​ကောင်းချီး​များ ရ​ပိုင်​သော​အာမခံချက် သို့​မဟုတ် ပိုင်ဆိုင်ခွင့်​စာချုပ်​စာတမ်း​ကို လက်မှတ်​ရေးထိုး​တော်​မူ​သည့်​အလား​ဖြစ်၏။ ဤသို့​အာမခံ​သူကို မည်သူ​စောဒက တက်​ရဲ​သနည်း။ စဉ်းစား​ကြည့်​ပါ၊ ယေဟောဝါ ပေး​တော်​မူ​သော ထို​ကတိတော်​များသည် ကျိန်းသေ​လှ​ရ​ကား ပြည့်စုံ​ပြီး​သကဲ့သို့​သဘောထား​၍ ကိုယ်တော်​က “အမှု​ပြီးပြီ” ဟု​မိန့်တော်မူ၏။ ယေဟောဝါ​သည် “အာလဖ​နှင့် ဩ​မေ​ဃ၊ . . . ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်​ကာလ​၌ အစဉ်​ရှိတော်မူသော​သူ၊ အနန္တ​တန်ခိုးရှင်” ဖြစ်သည်​မဟုတ်လော။ (ဗျာဒိတ် ၁:၈) ဧကန်​အမှန် ဖြစ်​တော်​မူ​၏။ “ငါသည် အဦးဆုံး​သော​သူ၊ နောက်ဆုံးသော​သူ​ဖြစ်၏။ ငါ​မှတစ်ပါး အခြားသော​ဘုရားသခင် မရှိ” ဟု ကိုယ်တော်တိုင် မြွက်ကြား​တော်​မူ​၏။ (ဟေရှာယ ၄၄:၆) ကိုယ်တော်​သည် ထိုသို့​သော​ပုဂ္ဂိုလ်​အနေ​နှင့် ပရောဖက်ပြုချက်​ကို​မှုတ်သွင်း၍ ၎င်းတို့ကို​အသေးစိတ် ပြည့်စုံစေရန် တတ်နိုင်​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်တော်​က “ကြည့်​လော့။ ငါသည် အရာခပ်သိမ်း​ကို အသစ်​ပြုလုပ်​လျက်​ရှိ၏” ဟု​ကတိပြု​တော်​မူ​၏။ ကျွန်ုပ်​တို့သည် ဤ​အံ့ဖွယ်ရာများ တကယ်​ဖြစ်ပျက်​ပါ့​မလား​ဟူ၍ စောဒကတက်​မည့်​အစား ‘ထို​ကောင်းချီး​များ​ကို အမွေခံ​နိုင်​ရန် ကျွန်ုပ်​ကိုယ်တိုင် ဘာ​ပြု​ရမည်​နည်း’ ဟု တွေးတော​ဖို့ ကောင်း​ပါ​သည်။

ရေငတ်​သူများ​အတွက် “ရေ”

၁၀။ အဘယ် “ရေ” ကို ယေဟောဝါ​ကမ်း​တော်​မူ​သနည်း၊ ၎င်း​သည် ဘာကို​တင်စား​သနည်း။

၁၀ “ငါသည် ရေငတ်​သူ​မှန်သမျှ​အား အသက်​စမ်းရေ​တွင်း​မှ​ရေ​ကို အခမဲ့​ပေး​မည်” ဟု​မြွက်ကြား​သူ​မှာ ယေဟောဝါ ကိုယ်တော်တိုင်​တည်း။ (ဗျာဒိတ် ၂၁:၆ခ) လူတစ်ဦး​သည် မိမိ၏​ဝိညာဉ်​ရေး လိုအပ်ချက်​ကို​သိရှိပြီး ယေဟောဝါ ပေးသနား​တော်​မူ​သော “ရေ” ကို စိတ်လို​ကိုယ်​လျောက် လက်ခံပါ​မှ အငတ်​ပြေနိုင်​မည်။ (ဟေရှာယ ၅၅:၁၁; မဿဲ ၅:၃) အဘယ် “ရေ” နည်း။ ရှမာရိ​နယ်​ရှိ ရေတွင်း​တစ်​တွင်း​နား​မှ အမျိုးသမီး​တစ်ဦး​အား ယေရှု​သက်သေခံ​စဉ် ထို​မေးခွန်း​ကို ကိုယ်တော်တိုင် ဖြေကြား​တော်​မူ​၏။ ကိုယ်တော်​က– “ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား ရေငတ်​ခြင်း​နှင့် အစဉ်မပြတ် ကင်းလွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာဝရ​အသက်ရှင်ခြင်း​အလို​ငှာ ထွက်​သော​စမ်းရေ ဖြစ်​လိမ့်​မည်​ဟု မိန့်တော်မူ၏။” ထို “အသက်​စမ်းရေ” သည် လူသားများ​အား စုံလင်ခြင်း​အဖြစ်သို့ ပြန်ရောက်​စေရန် ပြင်ဆင်​စီမံ​တော်​မူ​ရာ​အဖြစ် ခရစ်တော်​မှ​တစ်ဆင့် ဘုရားသခင်​ထံ​မှ သက်ရောက်​၏။ ကျွန်ုပ်​တို့သည် ထို​ရှမာရိ​အမျိုးသမီး​ကဲ့သို့ ၎င်း​စမ်းရေ​တွင်း​မှ​ရေ​ကို အားပါးတရ သောက်သုံး​လို​သော​စိတ်ဇော ရှိ​သင့်​သည်​တကား။ ထို​အမျိုးသမီး​ကဲ့သို့ လောကီ​ရေးရာ​များ​ကို​စွန့်​၍ အခြား​သူတို့အား သတင်းကောင်း​ပြောကြား​ရန်​လည်း အဆင်သင့်​ရှိ​ထိုက်​သည်​တကား။​—ယောဟန် ၄:၁၄၊ ၁၅၊ ၂၈၊ ၂၉

အောင်နိုင်သူ​များ

၁၁။ အဘယ်က​တိ​တော်​ကို ယေဟောဝါ ပေး​တော်​မူ​သနည်း၊ ထိုစကား​သည် မည်သူ​များနှင့် ဦးစွာ​သက်ဆိုင်​သနည်း။

၁၁ ယေဟောဝါ ဆက်လက်​မိန့်ကြား​သည့်​အတိုင်း လူကို​လန်းဆန်း​စေသည့် ထို “ရေ” ကို​သောက်သုံး​သော​သူတို့သည် အောင်နိုင်သူ​ဖြစ်​ဖို့​လည်း​လို​၏– “အောင်နိုင်​သော​သူ​မှန်သမျှ ဤ​အရာများ​ကို အမွေခံ​ရ​လိမ့်​မည်။ ငါသည် သူ၏​ဘုရားသခင် ဖြစ်​မည်။ သူသည်​လည်း ငါ​၏​သား ဖြစ်​လိမ့်​မည်။” (ဗျာဒိတ် ၂၁:၇) ဤ​ကတိတော်​သည် အသင်းတော်​ခု​နစ်​ပါး​ထံ ပါး​လိုက်​သော သတင်း​စကား​များ​ပါ ကတိတော်​များနှင့် အလားတူ​၏။ ထို့​ကြောင့် ယင်း​စကား​များသည် ဘိသိက်ခံ​တပည့်တော်​များနှင့် ဦးဆုံး​သက်ဆိုင်​ရ​ပေမည်။ (ဗျာဒိတ် ၂:၇၊ ၁၁၊ ၁၇၊ ၂၆-၂၈; ၃:၅၊ ၁၂၊ ၂၁) သမိုင်း​တစ်လျှောက် ခရစ်တော်​၏ ဝိညာဏ​ညီတော်​တို့သည် ယေရုရှလင်​မြို့​သစ်​၏ အစိတ်အပိုင်း​အဖြစ် ပါဝင်​ရသော​အခွင့်အရေး​ကို စိတ်​ထက်သန်​စွာ စောင့်မျှော်​လာ​ခဲ့​ကြပြီ။ သူတို့သည် ယေရှု​ကဲ့သို့ အောင်နိုင်​လျှင် သူတို့၏​မျှော်လင့်ချက် အကောင်အထည် ပေါ်လာ​လိမ့်​မည်။​—ယောဟန် ၁၆:၃၃

၁၂။ ဗျာဒိတ် ၂၁:၇ ပါ ယေဟောဝါ​၏ ကတိတော်​သည် လူအုပ်ကြီး​အပေါ် မည်သို့​ပြည့်စုံ​လာ​မည်​နည်း။

၁၂ လူမျိုးတကာ​ထဲ​မှ​ထွက်​လာသော လူအုပ်ကြီးသည်​လည်း ထို​ကတိတော်​ကို မျှော်လင့်​ကြ​၏။ သူတို့လည်း ဆင်းရဲ​ဒုက္ခ​ကြီး​ထဲ​မှ ထွက်​လာ​သည့်​အချိန်အထိ ဘုရားသခင်​ကို သစ္စာစောင့်သိ​စွာ​ဝတ်ပြု​လျက် အောင်နိုင်​ရမည်။ သို့​မှ​သာ ‘ကမ္ဘာ​တည်​သည့်​ကာလ​မှ​စ၍ မိမိတို့​အဖို့ ပြင်ဆင်​တော်​မူ​သော​နိုင်ငံ၊’ ဖြစ်သည့် မိမိတို့၏​မြေကြီးဆိုင်ရာ အမွေအနှစ်​ကို ရ​ကြလိမ့်မည်။ (မဿဲ ၂၅:၃၄) အနှစ်​တစ်ထောင်​အကုန်​တွင် စမ်းသပ်မှု​ကို​ကျော်လွှား​အောင်မြင်​သော ဤသူတို့​နှင့် မြေကြီးဆိုင်ရာ သခင့်​သိုးများ​သည် “သန့်ရှင်းသူ​များ” ဟု​သမုတ်​ခံရ​ကြ​၏။ (ဗျာဒိတ် ၂၀:၉) သူတို့သည် မိမိတို့၏​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​၏ စကြဝဠာ​အဖွဲ့အစည်း​ဝင် သားသမီး​များ​အဖြစ် ကိုယ်တော်​နှင့် မြင့်မြတ်​သော​ဆက်ဆံ​ရေး​၌ မွေ့လျော်​ရ​ကြလိမ့်မည်။​—ဟေရှာယ ၆၆:၂၂; ယောဟန် ၂၀:၃၁; ရောမ ၈:၂၁

၁၃၊ ၁၄။ ကြီးမြတ်​လှ​သော ဘုရားသခင့်​ကောင်းချီး​များ​ကို အမွေခံ​နိုင်​ရန် အဘယ်​အကျင့်​များ​ကို ခိုင်မာ​သော​စိတ်ပိုင်းဖြတ်​ချက်​ဖြင့် ရှောင်ရှား​ရမည်​နည်း၊ အဘယ်ကြောင့်​နည်း။

၁၃ ဤမျှ​တောက်ပ​သော အနာဂတ်​ရှိသည်​ဖြစ်၍ ယခု ယေဟောဝါသက်သေ​များသည် စာတန့်​လောက​၏ ညစ်ညမ်း​သော​အရာများ​ဖြင့် မိမိတို့​ကိုယ်ကို မ​စွန်းထင်း​စေ​ဘဲ သန့်ရှင်း​စွာ​နေထိုင်ရန် မည်မျှ​အရေးကြီး​သည်​တကား။ ကျွန်ုပ်​တို့သည် သန်စွမ်း​၍ စွဲမြဲ​တည်ကြည်​ရမည်။ စာတန်​၏​ဆွဲဆောင်မှု​ကြောင့် ယေဟောဝါ​ကိုယ်တော်တိုင်​ဖော်ပြ​သော အောက်ပါ​အပေါင်းအသင်း​ထဲ​သို့ မ​ရောက်ရှိ​လေ​အောင် သန္နိ​ဋ္ဌာန်​ချထား​ရမည်– “သို့သော် သူရဲဘော​နည်း​သူများ၊ ယုံကြည်ခြင်း​ကင်းမဲ့​သူများ၊ မိမိတို့၏ အညစ်အကြေး​ဖြင့် ရွံရှာဖွယ်​ကောင်း​သူများ၊ လူသတ်​သူများ၊ မတရားမေထုန်​မှီဝဲ​သူများ၊ နတ်​ဝိဇ္ဇာ​အတတ်​လိုက်စားသူ​များ၊ ရုပ်တု​ကိုးကွယ်​သူများ​နှင့် လိမ်လည်​သူ​ရှိသမျှ​တို့သည် မီး​နှင့်​ကန့် လောင်ကျွမ်း​သော​အိုင်​ထဲ​၌ မိမိတို့​ဝေပုံ​ကို ခံယူ​ရရှိကြလိမ့်မည်။ ဤ​ကား ဒုတိယ​သေခြင်းကို ဆိုလို​သတည်း။” (ဗျာဒိတ် ၂၁:၈) မှန်​ပေ​သည်၊ အမွေတော်​ခံရ​မည့်​ပုဂ္ဂိုလ်​များသည် ဤ​အစီအစဉ်​စနစ်ဟောင်း​ကို ညစ်ညမ်း​စေသော အကျင့်အကြံ​များ​ကို ရှောင်​ရမည်။ ဖိအား​နှင့် သွေးဆောင်မှု​မှန်သမျှကို ရင်ဆိုင်​ရ​စဉ် သစ္စာ​တည်ကြည်​ခြင်း​ဖြင့် အောင်နိုင်​ရမည်။​—ရောမ ၈:၃၅-၃၉

၁၄ ခရစ်ယာန်ဘောင်​သည် ခရစ်တော်​၏​သတို့သမီး​ဟု အမည်ခံ​သော်လည်း အထက်​၌ ယောဟန်​ဖော်ပြ​သော ရွံရှာဖွယ်​အကျင့်​များ​ဖြင့် ထင်ရှား​ပေါ်လွင်​၏။ ထို့​ကြောင့် ၎င်း​သည် မဟာ​ဗာဗုလုန်​၏ ကျန်​အစိတ်အပိုင်း​များနှင့်​အတူ ထာဝရ​ပျက်စီးခြင်း​သို့ ဆင်းသက်​ရ၏။ (ဗျာဒိတ် ၁၈:၈၊ ၂၁) ထို့​နည်းတူ ဘိသိက်ခံ သို့​မဟုတ် လူအုပ်ကြီး​ထဲ​မှ​မည်သူ​မဆို ဆိုးညစ်သော ထို​အမှု​များ​ကို ပြုကျင့်​လျှင်​ဖြစ်စေ၊ အားပေး​လျှင်​ဖြစ်စေ ထာဝရ​ဖျက်ဆီးခြင်း​နှင့် တွေ့ကြုံ​ရ​လိမ့်​မည်။ ထို​အမှု​များ​ကို ဆက်လက်​ပြုကျင့်​လျှင် ကတိတော်​များ​ကို အမွေခံ​ရ​ကြ​မည်​မဟုတ်။ မြေကြီး​သစ်​၌ မည်သူ​မဆို ထို​အကျင့်အကြံ​များ​ကို ယူဆောင်​လာ​လျှင် အလျင်အမြန်​ဖျက်ဆီး​ခံရ​ပြီး ထမြောက်​ရန်​မျှော်လင့်ချက်​မရှိသော ဒုတိယ​သေခြင်း​သို့ လား​ရ​လိမ့်​မည်။​—ဟေရှာယ ၆၅:၂၀

၁၅။ မည်သူ​များသည် ထင်ပေါ်​သော​အောင်နိုင်သူ​များ ဖြစ်​ကြ​သနည်း၊ ဗျာဒိတ်ကျမ်း​သည် အဘယ်​ရူပါရုံ​နှင့်အတူ ခမ်းနား​သိုက်မြိုက်စွာ ဇာတ်​ပေါင်း​လိုက်​သနည်း။

၁၅ သိုးသငယ် ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏ သတို့သမီး​တည်း​ဟူသော ၁၄၄,၀၀၀၊ ယေရုရှလင်​မြို့​သစ်​သည် ထင်ပေါ်​သော အောင်နိုင်သူ​များ ဖြစ်​ကြသည်။ ထို့​ကြောင့် ယေရုရှလင်​မြို့​သစ်​ဆိုင်ရာ ထူးကဲ​လှ​သည့် နောက်ဆုံးသော​မြင်ကွင်း​တစ်ရပ်​ဖြင့် ဗျာဒိတ်ကျမ်း​ကို ခမ်းနား​သိုက်မြိုက်စွာ ဇာတ်​ပေါင်း​လိုက်​သည်​မှာ လျောက်ပတ်​လှ​သည်​တကား။ နောက်ဆုံး​တစ်ခု​ဖြစ်သော ရူပါရုံ​ကို ယခု ယောဟန်​ဖော်ပြ​လေ​ပြီ။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၃၀၂ ပါ ရုပ်ပုံ]

မြေကြီးဆိုင်ရာ လူ့​ဘောင်​အဖွဲ့အစည်း​သစ်​တွင် အားရ​ပျော်ရွှင်ဖွယ်​လုပ်ငန်း​၌ လူအပေါင်း ပျော်မွေ့​နေကြ​လိမ့်​မည်