မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း

ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း

အခန်း ၂၈

ကြမ်းကြုတ်​သော​သားရဲ​နှစ်ကောင်​နှင့် ဆိုင်ပြိုင်​တိုက်ခိုက်​ခြင်း

ရူပါရုံ ၈ ဗျာဒိတ် ၁၃:၁-၁၈

အကြောင်းအရာ– ခေါင်း​ခု​နစ်​လုံး​နှင့်​သားရဲ၊ ချို​နှစ်ချောင်း​နှင့်​သားရဲ၊ သားရဲ​၏​ရုပ်တု

ပြည့်စုံချိန်– နိမ်ရောဒ​ခေတ်​မှ ဆင်းရဲ​ဒုက္ခ​ကြီး​အထိ

၁၊ ၂။ (က) နဂါးနှင့်​ပတ်သက်​၍ ယောဟန်​ဘာ​ပြော​သနည်း။ (ခ) နဂါး​အသုံးပြု​သော ရူပ​အဖွဲ့အစည်း​တစ်ခု​အကြောင်းကို ယောဟန်​က ပုံခိုင်း​စကား​ဖြင့် မည်သို့​ဖော်ပြ​သနည်း။

ဂါး​ကြီး​သည် မြေကြီးပေါ်​သို့ ပစ်ချ​ခံရ​ပြီ။ ကျွန်ုပ်​တို့၏ ဗျာဒိတ်ကျမ်း​လေ့လာချက်​အရ မူလ​မြွေ​ဖြစ်စေ၊ သူ့​နတ်ဆိုး နောက်လိုက်​များ​ဖြစ်စေ၊ ကောင်းကင်​သို့ ပြန်​တက်ခွင့်​ရမည် မဟုတ်​တော့။ သို့ရာတွင် ‘လူနေထိုင်ရာ မြေတစ်ပြင်လုံး​ကို လှည့်စား​သော မာရ်နတ် စာတန်​ဟူ၍ ခေါ်ဝေါ်​ခံရ​သူ’ ၏​ဇာတ်လမ်း​သည် မဆုံး​သေး​ပါ။ ‘မိန်းမ​နှင့် မိန်းမ​၏​အမျိုးအနွယ်’ ကို​တိုက်ခိုက်​ရာ​၌ စာတန်​အသုံးပြု​သော ကိရိယာ​များ​အကြောင်းကို မှတ်တမ်းက ရှေ့​ဆက်၍ အသေးစိတ် ခွဲခြား​ဖော်ပြ​၏။ (ဗျာဒိတ် ၁၂:၉၊ ၁၇) ထို​မြွေ​နဂါး​အကြောင်း ယောဟန်​ဤသို့​ဆို​၏– “ထို့နောက်၊ နဂါး​သည် ပင်လယ်​သဲသောင်ပြင်​ပေါ်မှာ ရပ်​လျက်​နေ​၏။” (ဗျာဒိတ် ၁၃:၁က) ထို့​ကြောင့် နဂါး​၏ နည်း​ဗျူဟာ​ကို စိစစ်​ကြည့်​ကြ​စို့။

သန့်ရှင်းသော ကောင်းကင်ဘုံ​သည် စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကြောင့် ထိခိုက်​နစ်နာမှု မရှိတော့။ ထို​နာမ်ဝိညာဉ်​ဆိုး​များသည် ကောင်းကင်​မှ​ပစ်ချ​ခံရ​ပြီး မြေကြီး​ဝန်းကျင်​တွင် ခြေချုပ်မိ​လေ​ပြီ။ ယင်းကြောင့် ဤ​ခေတ်တွင် နတ်​ဝိဇ္ဇာ​အတတ်​လိုက်စားမှု တစ်ဟုန်ထိုး တိုးများ​လာ​ခြင်း​ဖြစ်သည်။ ယနေ့​တိုင် စဉ်းလဲ​သည့်​မြွေသည် ဖောက်ပြန်သော နာမ်ဝိညာဉ်သား အဖွဲ့အစည်း​တစ်ခု တည်ထောင်​ထား​သည်။ သို့သော် သူသည် လူသားများ​အား လမ်းလွဲ​စေဖို့ ရူပ​အဖွဲ့အစည်း​တစ်ခု​ကိုလည်း အသုံးပြု​သလော။ ယောဟန် ဤသို့​ဆို​၏– “ထို​အခါ၊ ဦးချို​ဆယ်ချောင်း​နှင့် ဦးခေါင်း​ခု​နစ်​လုံး​ရှိသော သားရဲ​တစ်ကောင် ပင်လယ်​ထဲ​မှ တက်လာ​သည်ကို ငါ​မြင်ရ​၏။ ၎င်း​၏ ဦးချို​များ​ပေါ်​တွင် သရဖူ​ဆယ်ခု ဆောင်း​ထားပြီး ဦးခေါင်း​များ​ပေါ်​တွင် ဘုရားတရား စော်ကား​သော​အမည်များ ပါရှိ​၏။ ငါ​မြင်ရသော သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ ၎င်း​၏​ခြေ​တို့သည် ဝက်ဝံ​ခြေ​များနှင့်​တူ​၏။ ၎င်း​၏​နှုတ်​သည် ခြင်္သေ့​နှုတ်​နှင့်​တူ​၏။ နဂါး​သည် မိမိ၏​တန်ခိုး၊ မိမိ၏​ပလ္လင်​နှင့် ကြီးမားသော​အာဏာ​တို့ကို သားရဲ​အား ပေးအပ်​၏။”​ဗျာဒိတ် ၁၃:၁ခ၊ ၂

၃။ (က) ရူပါရုံ​များ​၌ အဘယ်​ကြမ်းကြုတ်​သော သားရဲများ​ကို ပရောဖက်​ဒံယေလ မြင်ရ​သနည်း။ (ခ) ဒံယေလ ၇ ပါ ဧရာမ​သားရဲများ​က ဘာကို​တင်စား​သနည်း။

ထူးဆန်းသော ဤ​သားရဲ​ကား အဘယ်နည်း။ ကျမ်းစာ​က​ပင် အဖြေပေး​၏။ ဘီစီ ၅၃၉ ခုနှစ်​၌ ဗာဗုလုန်​မကျ​ဆုံး​မီ ဂျူး​ပရောဖက် ဒံယေလ​သည် ကြမ်းကြုတ်​သော သားရဲများ​ဆိုင်ရာ ရူပါရုံ​များ​ကို မြင်ခဲ့​ရသည်။ သူသည် ဒံယေလ ၇:၂-၈ ၌ ပင်လယ်​ထဲ​မှ​တက်လာ​သော သားရဲ​လေးကောင်​အကြောင်းကို ဖော်ပြ​၏။ ပထမ​သားရဲ​သည် ခြင်္သေ့၊ ဒုတိယ​သားရဲ​သည် ဝက်ဝံ၊ တတိယ​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ စတုတ္ထ​သားရဲ​သည် “ကြီးစွာ​သော​ခွန်အား​နှင့် ပြည့်စုံ​၍ အလွန်​ကြောက်မက်​ဖွယ်” ဖြစ်​ပြီး “ချိုဆယ်ချောင်း​လည်း​ရှိ၏။” အေဒီ ၉၆ ခုနှစ်​ခန့်​၌ ယောဟန်​မြင်​သော​သားရဲ​နှင့် ဆင်တူ​လှ​၏။ ထို​သားရဲ​လည်း ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်​တို့၏ လက္ခဏာ​ရပ်​များ​အပြင် ဦးချို​ဆယ်ချောင်း​လည်း​ရှိသည်။ ဒံယေလ​မြင်ရသော ဧရာမ​သားရဲများ​ကား အဘယ်နည်း။ သူ​ဤသို့​ဖြေကြား​၏– “ဤ​သားရဲ​ကြီး​လေးကောင်​သည် မြေကြီး​တွင် ပေါ်​လတ္တံ့​သော ဘုရင်​လေးပါး​ဖြစ်၏။” (ဒံယေလ ၇:၁၇သမ္မာ) မှန်​ပေ​သည်၊ ထို​သားရဲ​တို့သည် “ဘုရင်” များ၊ သို့​မဟုတ် မြေကြီးပေါ်​မှ အင်အားကြီး​နိုင်ငံ​များ​ဖြစ်သည်။

၄။ (က) ဒံယေလ ၈ ၌ သိုးထီး​နှင့် ဆိတ်ထီး​တို့သည် ဘာကို​အသီးသီး သရုပ်ဖော်​ကြ​သနည်း။ (ခ) ဆိတ်ထီး​၏​ချိုကြီး​ကျိုး​၍ ၎င်း​နေရာ၌ ချို​လေးချောင်း​ပေါ်လာ​ခြင်း​က ဘာကို​ဆိုလို​သနည်း။

နောက်​ရူပါရုံ​တစ်ခု​၌  ဦးချို​နှစ်ချောင်း​ရှိသော  သိုးထီး​တစ်ကောင်​ကို ဒံယေလ​မြင်ရ​၏။ ၎င်း​သိုးထီး​ကို ဦးချိုကြီး​တစ်ချောင်း​ရှိသော ဆိတ်ထီး​တစ်ကောင်​က ဝှေ့​သတ်​လိုက်​သည်။ ၎င်း​၏​အဓိပ္ပာယ်​ကို ဒံယေလ​အား ကောင်းကင်တမန်​ဂါဗြေလ​က ဤသို့​ရှင်းပြ​၏– “သိုးထီး​သည် မေဒိ​ဘုရင်၊ ပေရသိ​ဘုရင်​ဖြစ်၏။ ဆိတ်ထီး​သည် ဂရိ​ဘုရင်​ဖြစ်၏။” ဂါဗြေလ​က ဆိတ်ထီး​၏​ချိုကြီး ကျိုး​၍ ၎င်း​နေရာ၌ ချို​လေးချောင်း​က ဆက်ခံ​မည်​ဟု ဆက်၍​ပရောဖက်ပြု​၏။ အနှစ် ၂၀၀ ကျော် လွန်​လေ​သော် ဆို​သည့်​အတိုင်း ဖြစ်​ခဲ့​သည်။ မဟာ​အလက်ဇန္ဒား သေဆုံး​သော​အခါ သူ၏​နိုင်ငံ​သည် လေးနိုင်ငံ​အဖြစ်​ကွဲ​၍ သူ့​ဗိုလ်ချုပ်ကြီး​လေးဦး​က အုပ်ချုပ်​ကြ​လေ​သည်။​—ဒံယေလ ၈:၃-၈၊ ၂၀-၂၅သမ္မာ။ *

၅။ (က) သားရဲ​အတွက်​အသုံးပြု​သော ဂရိ​စကားလုံး​က အဘယ်အရာ​များ​ကို အဓိပ္ပာယ်ဆောင်​သနည်း။ (ခ) ဗျာဒိတ် ၁၃:၁၊ ၂ ပါ​သားရဲ​သည် ခေါင်း​ခု​နစ်​လုံး​နှင့်​တကွ ဘာကို​ကိုယ်စား​ပြု​သနည်း။

ထို့​ကြောင့် မှုတ်သွင်းခံကျမ်း​စာ​၏ ကလောင်ရှင်​က မြေကြီးပေါ်​ရှိ အင်အားကြီး​နိုင်ငံ​များ​ကို သားရဲများ​အဖြစ် ရှုမှတ်​တော်​မူ​ကြောင်း ထင်ရှား​သည်။ မည်သို့သော​သားရဲ​နည်း။ ဋီကာ​ဆရာ​တစ်ဦး​က ဗျာဒိတ် ၁၃:၁၊ ၂ ပါ သားရဲ​ကို “တိရစ္ဆာန်” ဟု​ခေါ်​ပြီး ဤသို့​ဆက်၍​ဆို​၏– “θηρίον [the-riʹon, သယ်​ရီး​အွန်၊ “သားရဲ” အတွက် ဂရိ​စကားလုံး] တွင်​ပါဝင်သော အဓိပ္ပာယ်​သက်ရောက်​ချက်​များ အားလုံး​ကို ကျွန်ုပ်​တို့ လက်သင့်ခံ​သည်။ ၎င်းတို့မှာ ရက်စက်​သော၊ အဖျက်​သန်​သော၊ ကြောက်မက်​ဖွယ်​သော၊ အငမ်းမရ လုယက်​ကိုက်စား​သော ဧရာမ​သတ္တဝါ စ​သည်​တို့​ဖြစ်သည်။” * လူသားများ​အပေါ် စာတန်​ကြီးစိုး​ရာ​၌ အသုံးပြု​သော သွေးစွန်း​သည့် နိုင်ငံရေး​စနစ်​ကို ထိထိမိမိ သရုပ်ဖော်​လိုက်ခြင်း​ပါ​တကား။ ဤ​သားရဲ​၏ ဦးခေါင်း​ခု​နစ်​လုံး​က အီဂျစ်၊ အဆီးရီးယား၊ ဘေဘီလုန်၊ မီဒို-ပါးရှား၊ ဂရိ၊ ရောမ​တည်း​ဟူသော ယောဟန်​လက်ထက်​အထိ​ဖြစ်သည့် ကျမ်းစာ​သမိုင်း​ဖော်ပြ​သော ကမ္ဘာ့​အဓိက အင်အားကြီး​နိုင်ငံ​ခြောက်​ခု​နှင့် နောက်​၌​ပေါ်လာ​မည်​ဟု ပရောဖက်ပြု​ထားသော သတ္တမ ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​တို့ကို ကိုယ်စား​ပြု​သည်။​—ဗျာဒိတ် ၁၇:၉၊ ၁၀ နှိုင်းယှဉ်။

၆။ (က) သားရဲ​၏​ခေါင်း​ခု​နစ်​လုံး​သည် အဘယ်​အမှု၌ ခေါင်းဆောင်​သနည်း။ (ခ) ဂျူး​စနစ်​ကို အပြစ်ပေး​စီရင်​ရာ​၌ ရောမ​နိုင်ငံ​ကို ယေဟောဝါ​မည်သို့​အသုံးပြု​တော်​မူ​သနည်း၊ ယေရုရှလင်​မြို့မှ ခရစ်ယာန်​များ မည်သို့​ဖြစ်​ကြ​သနည်း။

ယောဟန်​မြင်ရသော သားရဲ​သည် ခန္ဓာ​တစ်ခု၊ ဦးခေါင်း​ခု​နစ်​လုံး​နှင့် ဦးချို​ဆယ်ချောင်း​တို့​ဖြင့် ဖွဲ့စည်းထား​သကဲ့သို့ သမိုင်း​တွင် ထို​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ ခု​နစ်​ခု​အပြင် အခြား​အင်အားကြီး​နိုင်ငံ​များလည်း ရှိသည်​မှာ မှန်​ပေ​၏။ သို့သော် ခေါင်း​ခု​နစ်​လုံး​သည် ဘုရားသခင့် လူမျိုးတော်ကို ဖိစီး​နှိပ်စက်​ရာ​၌ အလှည့်ကျ​ဦးဆောင်​ခဲ့​သော အဓိက​အင်အားကြီး​နိုင်ငံ​များ​ကို ကိုယ်စား​ပြု​၏။ စာတန်​သည် ရောမ​နိုင်ငံ တန်ခိုး​အရှိန်​တက်​ဆဲ အေဒီ ၃၃ ခုနှစ်​တွင် သားရဲ​၏​ထို​ခေါင်း​ကို​သုံး​၍ ဘုရားသခင့်​သားတော်ကို သတ်ခဲ့​သည်။ ထို​အချိန်တွင် သစ္စာမဲ့​ဂျူး​စနစ်​ကို ဘုရားသခင် စွန့်ပစ်​ပြီး အေဒီ ၇၀ ပြည့်နှစ်​၌ ရောမ​နိုင်ငံ​အား ဂျူး​နိုင်ငံ​ကို စီရင်​ဖျက်ဆီး​ခွင့် ပေး​တော်​မူ​သည်။ ဝမ်းသာစရာ​မှာ ဘုရားသခင့် ဣသရေလ​လူမျိုး​စစ်၊ ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်သည် ကြိုတင်​သတိပေး​ခံရ​သဖြင့် ယေရုရှလင်​မြို့​နှင့် ယုဒ​နယ်​မှ ခရစ်ယာန်​တို့သည် လုံခြုံ​ရာ ယော်ဒန်​မြစ်​တစ်ဖက်​သို့ ထွက်ပြေး​နှင့်​ပြီ။​—မဿဲ ၂၄:၁၅၊ ၁၆; ဂလာတိ ၆:၁၆

၇။ (က) စနစ်​ဆုံးခန်း​ချိန်​ဆိုက်ရောက်​ပြီး သခင့်​နေ့​တော်​စတင်​သောအခါ ဘာဖြစ်​ရန်​ရှိ​သနည်း။ (ခ) ဗျာဒိတ် ၁၃:၁၊ ၂ ပါ​သားရဲ​၏ သတ္တမ​ခေါင်း​သည် အဘယ်အရာ​ဖြစ်​ကြောင်း ထင်ရှား​လာ​သနည်း။

သို့သော် အေဒီ ပထမ​ရာစု​အဆုံးပိုင်း​သို့ ရောက်​သောအခါ ဤ​ကနဦး​အသင်းတော်​ထဲ​မှ လူ​အမြောက်အမြား​သည် သမ္မာတရား​မှ တိမ်း​လွဲသွား​ကြ​ပြီး ခရစ်ယာန်​ဂျုံပင်​တည်း​ဟူသော “နိုင်ငံတော်သား” အများထု​သည် ပေါင်းပင်​တည်း​ဟူသော “နတ်ဆိုးသား” များ​၏ ဖုံးလွှမ်း​ခြင်း​ကို ခံရ​ကြ​၏။ သို့သော် အစီအစဉ်​စနစ်​ဆုံးခန်း ရောက်လာ​သော​အခါ ဘိသိက်ခံ​ခရစ်ယာန်​များသည် အဖွဲ့အစည်း​တစ်ရပ်​အဖြစ် တစ်ဖန်​ပေါ်ထွက်​လာ​သည်။ သခင့်​နေ့​တော်​အတွင်း​၌ ဖြောင့်မတ်​သူတို့သည် “နေကဲ့သို့​ထွန်းလင်း​ကြ” မည်​ဖြစ်သည်။ သို့​ဖြစ်၍ ခရစ်ယာန်​အသင်းတော်သည် ဖွဲ့စည်း​တည်ထောင်​ကာ လှုပ်ရှား​ဆောင်ရွက်​လာ​၏။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ထို​အချိန်တွင် ရောမ​အင်ပါယာ မရှိတော့။ ဧရာမ​ဗြိတိသျှ​အင်ပါယာ​သည် အင်အားကြီး​သော အမေရိကန်​ပြည်ထောင်စု​နှင့်အတူ ကမ္ဘာ့​ဇာတ်​စင်​၏ အလယ်ဗဟို​ကို နေရာယူ​လိုက်ပြီ​ဖြစ်၏။ ထို ပူးတွဲ​ကမ္ဘာ့ အင်အားကြီး​နိုင်ငံ​ပင် သားရဲ​၏ သတ္တမ​ဦးခေါင်း​ဖြစ်သည်။

၈။ အင်္ဂ​လို-အမေရိကန် ပူးတွဲ​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​ကို သားရဲ​တစ်ကောင်​နှင့် နှိုင်းယှဉ်​သည်​မှာ တရားလွန်​သည်​ဟု အဘယ်ကြောင့်​မဆို​သင့်​သနည်း။

အုပ်ချုပ်​နေသော အင်အားကြီး​နိုင်ငံ​များ​ကို သားရဲ​အဖြစ် တင်စား​သည်​မှာ တရား​မ​လွန်​ပေ​လော။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း သက်သေခံ​များ​ကို ဆန့်ကျင်​သော​သူ​အချို့​က ထိုသို့​ပင်​ဆို​ကြ​၏။ ၎င်း​အချိန်ပိုင်း​တွင် ကမ္ဘာ​တစ်ဝန်း​မှ တရား​ခွင်​များ​၌ ယေဟောဝါသက်သေ​များ​၏ အဖွဲ့အစည်း​ဆိုင်ရာ အနေအထား​နှင့် တစ်ဦးချင်း​ဆိုင်ရာ အနေအထား​ကို စောဒကတက်​ခဲ့​ကြသည်။ သို့သော် စဉ်းစား​ကြည့်​ပါ။ တိုင်းနိုင်ငံ​များ​ကိုယ်နှိုက်​က သားရဲ သို့​မဟုတ် သား​ရိုင်း​သတ္တဝါများ​ကို မိမိတို့၏​အမျိုးသား အထိမ်းအမှတ်​များ​အဖြစ် မခံယူ​ကြ​ပေ​လော။ ဥပမာ၊ ဗြိတိသျှ​ခြင်္သေ့၊ အမေရိကန်​လင်းယုန်​နှင့် တရုတ်​နဂါး ဟူ၍​ရှိကြသည်။ သို့​ဖြစ်၍ သမ္မာကျမ်းစာ​၏ ကလောင်ရှင် ဘုရားသခင်​က​လည်း ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များ​ကို သားရဲများ​ဖြင့်​ပုံခိုင်း​လျှင် တစ်စုံ​တစ်ဦး​က အဘယ်ကြောင့် ကန့်ကွက်​ရမည်​နည်း။

၉။ (က) စာတန်​က သားရဲ​အား မဟာ​အာဏာ​အပ်နှင်း​သည်​ဟု ကျမ်းစာ​ဆို​သည်ကို အဘယ်ကြောင့် မ​ကန့်ကွက်​သင့်​သနည်း။ (ခ) ကျမ်းစာ​၌ စာတန်​ကို မည်သို့​ဖော်ပြ​၍ အစိုးရ​များ​အပေါ် သူ မည်သို့​သြဇာလွှမ်း​သနည်း။

ထို့​ပြင်၊ သားရဲ​အား ကြီးစွာ​သော​အာဏာ အပ်နှင်း​သူ​မှာ စာတန်​ဖြစ်သည်​ဟူသော ကျမ်းစာ​အဆိုကို အဘယ်ကြောင့် ကန့်ကွက်​ရမည်​နည်း။ ထိုစကား​သည် ဘုရားသခင့်​ထံ​မှ​လာ​၏။ ကိုယ်တော့်​ရှေ့မှောက်၌ ‘လူအမျိုးမျိုး​တို့သည် ရေပုံး​ထဲ​က ရေ​စက်​တစ်​စက်၊ မြူမှုန့်​တစ်​မှုန့်​မျှ​သာ​ဖြစ်သည်။’ ထို​လူမျိုးများ​အနေ​နှင့် မိမိတို့ကို ဘုရားသခင့် ပရောဖက်ပြုချက် နှုတ်ကပါဌ်တော်​က ထိုသို့​ပုံဖော်​ရေးသား​ရ​ကောင်းလား​ဆိုပြီး စိတ်ဆိုး​ကြ​မည့်​အစား ဘုရားသခင့် မျက်နှာသာတော်​ကို​ရ​ရန် ခယ​ဖို့​ကောင်း​ပါ​သည်။ (ဟေရှာယ ၄၀:၁၅၊ ၁၇; ဆာလံ ၂:၁၀-၁၂) စာတန်​ဆို​သည်​မှာ သေလွန်သူ​တို့၏ ဝိညာဉ်​များ​ကို မီးငရဲ​၌​ညှဉ်းဆဲ​ရန် တာဝန်ချ​ခံရ​သော ဒဏ္ဍာရီ​ပုံပြင်​ထဲ​က ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်။ ထိုသို့​သော​နေရာ​မျိုး​လည်း မရှိပါ။ ကျမ်းစာ​က စာတန်​ကို “အလင်း​နှင့်​ဆိုင်သော ကောင်းကင်တမန်” အဖြစ်​ဖော်ပြ​၏။ သူသည် အထွေထွေ​နိုင်ငံရေး​ရာ​များ​တွင် အား​ကြီးသော​သြဇာလွှမ်း​မိုး​သည့် က​လိမ်​ချုံ​ဝိဇ္ဇာ​ဖြစ်သည်။​—၂ ကောရိန္သု ၁၁:၃၊ ၁၄၊ ၁၅; ဧဖက် ၆:၁၁-၁၈

၁၀။ (က) ချိုဆယ်ချောင်း​၌ သရဖူ​တစ်ခုစီ​ရှိ​ခြင်း​က ဘာကို​ဆိုလို​သနည်း။ (ခ) ချိုဆယ်ချောင်း​နှင့် သရဖူ​ဆယ်​လုံး​တို့​က ဘာကို​အသီးသီး ပုံခိုင်း​သနည်း။

၁၀ သားရဲ​၏ ဦးခေါင်း​ခု​နစ်​လုံး​ပေါ်​တွင် ဦးချို​ဆယ်ချောင်း​ရှိ၏။ ဦးခေါင်း​လေးလုံး​၌ ဦးချို​တစ်ချောင်း​စီ၊ အခြား​ဦးခေါင်း​သုံးလုံး​၌ ဦးချို​နှစ်ချောင်း​စီ ရှိ​ဟန်​တူ​သည်။ ထို့​ပြင် ချို​များ​၌ သရဖူ​ဆယ်​လုံး​ရှိသည်။ ဒံယေလကျမ်း​စောင်​၌ ကြောက်မက်​ဖွယ် သားရဲများ​အကြောင်းကို ဖော်ပြ​ထား​ရာ၊ ၎င်းတို့၏ ဦးချို​အရေအတွက်​ကို စာသား​အတိုင်း အဓိပ္ပာယ်​ကောက်​ရန်ဖြစ်​သည်။ ဥပမာ၊ သိုးထီး​၏​ချို​နှစ်ချောင်း​သည် မီးဒီးယား​နှင့် ပါးရှား​တည်း​ဟူသော တွဲဖက်​နှစ်ဦး​ပါဝင်​သည့် ကမ္ဘာ့​အင်ပါယာ​ကို ကိုယ်စား​ပြုပြီး ဆိတ်ထီး​၏ ချို​လေးချောင်း​တို့သည် မဟာ​အလက်ဇန္ဒား​၏ ဂရိ​အင်ပါယာ​မှ ပေါ်ပေါက်​လာသော တစ်ချိန်တည်း​တည်ရှိ​သည့် အင်ပါယာ​လေးခု​ကို တင်စား​သည်။ (ဒံယေလ ၈:၃၊ ၈၊ ၂၀-၂၂) သို့ရာတွင် ယောဟန်​မြင်ရသော​သားရဲ​၏ ဦးချို​ဆယ်ချောင်း အရေအတွက်​မှာ​မူ ပုံခိုင်း​ချက်​ဖြစ်​ဟန်​တူ​သည်။ (ဒံယေလ ၇:၂၄; ဗျာဒိတ် ၁၇:၁၂ နှိုင်းယှဉ်။) ၎င်းတို့သည် စာတန်​၏ နိုင်ငံရေး​အဖွဲ့အစည်း တစ်ခုလုံး​အဖြစ် ဖွဲ့စည်းထား​သော အချုပ်အခြာအာဏာ​ပိုင် နိုင်ငံ​များ​၏ ပြည့်စုံမှု​ကို​ပုံ​တင်​၏။ ထို​ချို​ရှိသမျှ​တို့သည် အကြမ်းဖက်​တတ်​၍ ရန်လိုသော​သဘော ရှိကြသည်​ချည်း​ပင်။ သို့သော် ဦးခေါင်း​ခု​နစ်​လုံး​ကို​ကြည့်​ခြင်း​ဖြင့် ဦးစီး​ခေါင်းဆောင်မှု​ကို တစ်ချိန်​လျှင် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ တစ်ခု​တည်း​က​သာ ပိုင်ဆိုင်​ကြောင်း သိသာ​၏။ ထို့​နည်းတူ သရဖူ​ဆယ်​လုံး​က အချုပ်အခြာအာဏာ​ပိုင် နိုင်ငံ​များ​အားလုံး​သည် ၎င်း​အချိန်​ရှိ ကြီးစိုး​သော​နိုင်ငံ သို့​မဟုတ် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​နှင့်အတူ တစ်ပြိုင်တည်း အုပ်စိုး​ကြ​မည်​ကို​ပြ​သည်။

၁၁။ သားရဲ​၏ “ဦးခေါင်း​များ​ပေါ်​တွင် ဘုရားတရား စော်ကား​သော​အမည်များ” ပါရှိ​ခြင်း​က ဘာကို​ပြသ​နည်း။

၁၁ သားရဲ​၏ “ဦးခေါင်း​များ​ပေါ်​တွင် ဘုရားတရား စော်ကား​သော​အမည်များ” ရှိ၍ ယေဟောဝါ ဘုရားသခင်​နှင့် ခရစ်တော်​ယေရှုကို စိုး​စဉ်း​မျှ မ​ခန့်ညား​သော​သဘောဖြင့် ကြွားလုံး​ထုတ်​တတ်၏။ နိုင်ငံရေး အကျိုးအမြတ်​အတွက် ဘုရားသခင်​နှင့် ခရစ်တော်​၏​နာမကို ဟန်ပြ​သုံး​၏။ မိစ္ဆာ​ဘာသာ​နှင့် ညာ​တာ​ပါ​တေး​လက်တွဲ​ပြီး ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​ကို မိမိ၏​နိုင်ငံရေး စီမံ​ဆောင်ရွက်ချက်​များ​မှာ​ပင် ပါဝင်​စေ​သည်။ ဥပမာ၊ အင်္ဂလန်​နိုင်ငံ​မှ မှူးမတ်​ကြီး​များ​လွှတ်တော်​တွင် ဂိုဏ်းအုပ်​ဘုန်းကြီး​များ ပါဝင်​ကြသည်။ ကက်သလစ် ဂိုဏ်းချုပ်​များသည် ပြင်သစ်​နှင့် အီတလီ​နိုင်ငံ​များ​၌ ထင်ပေါ်​သော နိုင်ငံရေး​ကဏ္ဍ​များ​တွင် ပါဝင်​ဆောင်ရွက်​၏။ မကြာသေးမီ​က​လည်း လက်တင်အမေရိက​နိုင်ငံ​များ​၌ ဘုန်းကြီး​များသည် နိုင်ငံရေး​ရာထူး​များ​ကို ယူ​ကြ​၏။ အစိုးရ​များသည် မိမိတို့၏​ငွေ​စက္ကူ​များ​ပေါ်​တွင် “ဘုရားသခင်​ကို ငါ​တို့​ကိုးစား​၏” ဟူသော ဘာသာရေး​ဆောင်ပုဒ်​များ​ကို ရိုက်နှိပ်​ကြ​ပြီး ဒ င်္ဂါး​များ​ပေါ်မှာ​လည်း မိမိတို့၏​မင်း​စိုး​ရာဇာ​များ​ကို ဘုရားသခင် နှစ်သက်​လက်ခံ​သည် ဟူသော​အဆို​များ ရေးသား​ကြသည်။ ဥပမာ၊ ထို​မင်း​စိုး​ရာဇာ​များ​ကို “ဘုရားသခင့် ကရုဏာတော်​ဖြင့်” ခန့်အပ်​သည်​ဟူ၍ ဆို​ကြသည်။ အမှန်​မှာ၊ ယင်း​တို့အားလုံး​သည် ဘုရားသခင်​ကို စော်ကားခြင်း​ဖြစ်၏။ အကြောင်း​မှာ၊ ညစ်ညူး​သော အမျိုးသားရေး​ဆိုင်ရာ နိုင်ငံရေး​ပြိုင်​ကွင်း​ထဲ​သို့ ဘုရားသခင်​ကို​ဆွဲသွင်း​ရန် အားထုတ်ခြင်း​ဖြစ်၍​တည်း။

၁၂။ (က) သားရဲ​သည် “ပင်လယ်” ထဲ​က​တက်လာ​သည် ဟူ​သည့်​အချက်​က ဘာကို​အဓိပ္ပာယ်ဆောင်​၍ အဘယ်​အချိန်တွင် ထွက်ပေါ်​လာ​သနည်း။ (ခ) နဂါး​က ပုံဆောင်​သားရဲ​အား မိမိ၏ ကြီးမားသော အာဏာ​အပ်နှင်း​သည် ဟူ​သည့်​အချက်​က ဘာကို​ပြသ​နည်း။

၁၂ သားရဲ​သည် “ပင်လယ်” ထဲ​က တက်လာ​၏။ ပင်လယ်​သည် လူ့​အစိုးရ​များ ထွက်ပေါ်​လာ​ရာ ရုန်းရင်းဆန်ခတ်​ပြုသော​လူထု​ကို အထိမ်းအမှတ်​ပြု​သည်​မှာ လျောက်ပတ်​လှ​၏။ (ဟေရှာယ ၁၇:၁၂၊ ၁၃) ၎င်း​သားရဲ​သည် ရှေး​အချိန်၊ နိမ်ရောဒ​လက်ထက် (ဘီစီ ၂၁ ရာစု​ခန့်) တွင် ဝရုန်းသုန်းကား​နိုင်​သည့် လူသားထု​တည်း​ဟူသော ပင်လယ်​ထဲ​မှ တက်လာ​သည်။ ရေလွှမ်းမိုးခြင်း​ပြီး​နောက် ယေဟောဝါ​ကို အန်တု​သော​စနစ် အဦးဆုံး​ပေါ် ပေါက်​လာသော​အချိန်​ပင်​ဖြစ်၏။ (ကမ္ဘာဦး ၁၀:၈-၁၂; ၁၁:၁-၉) သို့သော် သခင့်​နေ့​တော်​အတွင်း​ရောက်​မှ ၎င်း​၏​နောက်ဆုံးသော​ဦးခေါင်း အပြည့်အဝ​ပေါ်လာ​သည်။ “မိမိ၏​တန်ခိုး၊ ပလ္လင်​နှင့် ကြီးစွာ​သော​အာဏာ​တို့ကို သားရဲ​အား ပေး” သူ​မှာ နဂါး​ပင်​ဖြစ်​ကြောင်းကို​လည်း သတိပြုပါ။ (လုကာ ၄:၆ နှိုင်းယှဉ်။) သားရဲ​သည် လူသားထု​ဘောင်​မှ စာတန်​ဖန်တီး​သော နိုင်ငံရေး​လက်ရာ​ဖြစ်၏။ စာတန်​သည် တကယ်​ပင် “ဤ​လောက​မင်း” ဖြစ်၏။​—ယောဟန် ၁၂:၃၁သ​မ။

သေ​လောက်​သော​ဒဏ်ချက်

၁၃။ (က) သခင့်​နေ့​တော် အ​ဦး​ပိုင်း​၌ သားရဲ​သည် အဘယ်​ဘေး​နှင့် တွေ့ခဲ့​ရသနည်း။ (ခ) ဦးခေါင်း​တစ်လုံး သေ​လောက်​သော​ဒဏ်ချက်​ရသောအခါ သားရဲ​တစ်ကောင်​လုံး ခံရ​သည်​မှာ အဘယ်​သို့​နည်း။

၁၃ သားရဲ​သည် သခင့်​နေ့​တော် စောစော​ပိုင်း​၌ ဘေး​တွေ့ခဲ့​သည်။ ယောဟန်​ဤသို့​သတင်းပို့​၏– “၎င်း​၏ ဦးခေါင်း​တစ်လုံး​သည် အသေ​သတ်​ခြင်း ခံရ​သကဲ့သို့ ဖြစ်သည်​ကို ငါ​မြင်ရ​၏။ သို့သော် သေ​လောက်​သော ထို​ဒဏ်ချက်​သည် ပျောက်ကင်း​လေ​၏။ မြေကြီးသား ရှိသမျှသည် အံ့သြ​ကြည်ညို​လျက် သားရဲ​နောက်သို့ လိုက်​ကြ​ကုန်​၏။” (ဗျာဒိတ် ၁၃:၃) ဤ​အခန်းငယ်​က သားရဲ​၏​ဦးခေါင်း​တစ်လုံး သေ​လောက်​သော​ဒဏ်ချက် ရသည်​ဟု​ဆို​သော်လည်း အခန်းငယ် ၁၂ က သားရဲ​တစ်ကောင်​လုံး ခံရ​သည့်​အလား တင်ပြ​ထား​သည်။ အဘယ်ကြောင့်​နည်း။ စဉ်းစားသာ​ကြည့်။ သားရဲ​၏​ဦးခေါင်း​များသည် တစ်ပြိုင်နက် စိုးမိုး​ကြသည်​မဟုတ်။ ဦးခေါင်း​တစ်လုံးစီ​သည် လူသားများ​အပေါ်၊ အထူးသဖြင့် ဘုရားသခင့် လူမျိုးတော်အပေါ် အလှည့်ကျ ကြီးစိုး​ခဲ့​သည်။ (ဗျာဒိတ် ၁၇:၁၀) သို့​ဖြစ်၍ သခင့်​နေ့​တော် အစပြု​သောအခါ သတ္တမ​မြောက်​ဖြစ်သော ခေါင်း​တစ်လုံး​သာ ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​အဖြစ် ကြီးစိုး​လှုပ်ရှား​နေသည်။ ယင်း​ဦးခေါင်း သေ​လောက်​သော ဒဏ်ချက်​ခံရ​သော​အခါ သားရဲ​တစ်ကောင်​လုံး အလူးအလဲ ဆင်းရဲခံ​ရလေ​သည်။

၁၄။ အဘယ်​အချိန်တွင် သေ​လောက်​သော​ဒဏ်ချက် ထိ​ခဲ့​သနည်း၊ စာတန်​၏​သားရဲ​အပေါ် အကျိုး​သက်ရောက်​ပုံ​ကို စစ်​အရာရှိ​တစ်ဦး​က မည်သို့​ဖော်ပြ​သနည်း။

၁၄ သေ​လောက်​သော ဒဏ်ချက်​ကား အဘယ်နည်း။ နောက်ပိုင်း၌ ၎င်းကို ဓား​ဒဏ်ချက်​ဟု​ခေါ်​သည်။ ဓား​သည် စစ်မက်​၏ အထိမ်းအမှတ်​ဖြစ်သည်။ သခင့်​နေ့​တော် အ​ဦး​ပိုင်း​၌​ရသော ထို​ဓား​ဒဏ်ချက်​သည် ပထမ​ကမ္ဘာ​စစ်​နှင့်​ပတ်သက်​မည် သေချာ​သည်။ ယင်း​စစ်​ကြောင့် စာတန့်​နိုင်ငံရေး​သားရဲ​သည် အကြီးအကျယ်​ထိခိုက်​ပြီး အားအင်ကုန်ခန်း​ခဲ့​သည်။ (ဗျာဒိတ် ၆:၄၊ ၈; ၁၃:၁၄) ထို​စစ်​အတွင်း စစ်​အရာရှိ​တစ်ဦး​ဖြစ်​ခဲ့​သူ စာရေး​ဆရာ မောရစ်​စ် ဂျင်​န​ဗွိုက်စ်​က ဤသို့​ဆို​၏– “လူ့​သမိုင်း​တစ်လျှောက်​လုံး​တွင် ၁၉၁၄ ခုနှစ်၊ သြဂုတ်​လ ၂ ရက်​လောက် အရေးပါသော​ရက်စွဲ များများ​မရှိကြောင်း လူတိုင်း​သဘောတူ​သိမှတ်​၏။ ရှေးဦး​စွာ ဥရောပ၊ နောက်​၌ လူသားထု​တစ်ရပ်လုံး​ဆို​ရ​မလောက် ကြောက်​ဖွယ်​လိ​လိ အဖြစ်သနစ်​အတွင်း​သို့ ကျဆင်း​ခဲ့​ရသည်။ ထုံးတမ်း​ဓလေ့​များ၊ သဘော​တူညီချက်​များ၊ သီလ​ဆိုင်ရာ​ဥပဒေ​များ၊ အုတ်မြစ်​ရှိရှိသမျှ သိမ့်​သိမ့်​တုန်​ခဲ့​သည်။ တစ်နေ့​ပြီး​တစ်နေ့၊ အရာရာတိုင်း​သည် သံသယဝင်​စ​ရာ ဖြစ်လာ​သည်။ ၎င်း​ကား၊ လူ့​ပင်ကိုစိတ်​ဖြင့် ကြို၍​မ​ရိပ်မိ​နိုင်၊ မြော်​ဆ​၍​လည်း​မရနိုင်​သော အဖြစ်သနစ်​တည်း။ ပက်​စက်​၍ ဗရမ်းဗတာ​ဖြစ်​ပြီး ကြမ်းကြုတ်​လှ​သဖြင့် ကျွန်ုပ်​တို့သည် ၎င်း​၏​စွတ်​ကြောင်း​ထဲ​တွင် ယနေ့​တိုင် မျောပါ​နေဆဲ​ပင်။”​—ပြင်သစ် အကယ်​ဒမီ အသင်းဝင်၊ မောရစ်​စ် ဂျင်​န​ဗွိုက်စ်။ ၁၉၆၈ ခုနှစ်​ထုတ် ကြီးပွား​ရေး အလားအလာ စာအုပ်​၌ ကိုးကား​ထား​သည်။

၁၅။ သားရဲ​၏ သတ္တမ​ဦးခေါင်း​သည် သေ​လောက်​သော​ဒဏ်ချက်​ကို မည်သို့​ရခဲ့​သနည်း။

၁၅ ထို​စစ်ပွဲ​သည် သားရဲ​ကြီးစိုး​သော သတ္တမ​ဦးခေါင်း​အဖို့ ကြီးမားသော ဆုံးရှုံးမှု​တစ်ရပ်​ဖြစ်သည်။ အခြား​ဥရောပ​နိုင်ငံ​များနှင့်​တကွ ဗြိတိန်​သည် ရင်ကျိုး​မတတ် နိုင်​ငံ့​သား​ပျို​များ အတုံးအရုံး စတေး​လိုက်ရ​သည်။ ၁၉၁၆ ခုနှစ်၊ ဆ​မ်း​မြစ်​တိုက်ပွဲ တစ်ခု​တည်း​တွင် ပြင်သစ်​ဘက်​မှ ၁၉၄,၀၀၀ ခန့်၊ ဂျာမန်​ဘက်​မှ ၄၄၀,၀၀၀ နှင့်​တကွ၊ ဗြိတိန်​ဘက်​မှ ၄၂၀,၀၀၀​—စုစုပေါင်း ၁,၀၀၀,၀၀၀ ကျော် ကျဆုံး​ခဲ့​သည်။ ဗြိတိန်​သည် အခြား​ဥရောပ​နိုင်ငံ​များနှင့်​အတူ၊ စီးပွားရေး​ဘက်၌​လည်း ချွတ်ခြုံ​ကျ​ခဲ့​သည်။ မဟာ​ဗြိတိသျှ အင်ပါယာ​သည် ဒဏ်ချက်​အောက်​၌ လူး​လိမ့်​ပြီး နာ​လ​န်​အပြည့် မ​ထူ​နိုင်​သေး​ချေ။ ၂၈ နိုင်ငံ​ဦးစီး​၍ ပါဝင်​တိုက်ခိုက်​ခဲ့​သော ထို​စစ်​ကြီး​ကြောင့် တစ်ကမ္ဘာ​လုံး သေ​လောက်​သော ဒဏ်ချက်​ထိ​သည့်​အလား အလူးအလဲ ခံ​လိုက်ရ​သည်။ ပထမ​ကမ္ဘာ​စစ်​ဖြစ်ပွား​၍ ၆၅ နှစ်​သာလွန်​လေ​သော ၁၉၇၉ ခုနှစ်၊ ဩဂုတ်​လ ၄ ရက်​နေ့၌ အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့​ထုတ် သည်​အီ​ကော်​နော​မ​စ် အပတ်စဉ်​မဂ္ဂဇင်းက “၁၉၁၄ ခုနှစ်​၌ ကမ္ဘာကြီး​သည် ဆက်စပ်​ပေါင်းစည်း​မှု ပျောက်ဆုံး​သွားပြီး ထို​အချိန်​မှ ယနေ့​တိုင် ၎င်းကို​ပြန်​မရနိုင်​သေး​ပါ” ဟူ၍ ဝေဖန်ရေး​သား​လိုက်​သည်။

၁၆။ ပထမ​ကမ္ဘာ​စစ်​အတွင်း​တွင် အမေရိကန်​ပြည်ထောင်စု​က ပူးတွဲ​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​၏ အစိတ်အပိုင်း​တစ်ခု​ဖြစ်​ကြောင်း မည်သို့​ပြ​ခဲ့​သနည်း။

၁၆ တစ်ချိန်တည်း​တွင် ထို​အခါ​က မဟာ​စစ်ပွဲ​ကြီး​ဟု​ခေါ်​သော ၎င်း​စစ်​ကြီး​သည် အမေရိကန်​ပြည်ထောင်စု​အား အင်္ဂ​လို-အမေရိကန် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​၏ အစိတ်အပိုင်း​တစ်ခု​အဖြစ် ပီပြင်​ထင်ရှား​စွာ ပေါ်ထွက်​လာ​စေရန် လမ်း​ဖွင့်ပေး​လိုက်​သည်။ စစ်​ကြီး​ဖြစ်​စ​နှစ်များ​၌ အမေရိကန်​ပြည်ထောင်စု​သည် လူထု​ဆန္ဒ​ကြောင့် စစ်​ကို​ရှောင်​ခဲ့​သည်။ သို့သော် သမိုင်း​ပညာရှင် အက်​စ​မဲ ဝင်းဖီးလ်-စ​ထ​ရက်​ဖော့ ရေးသား​တင်ပြ​သည့်​အတိုင်း “အရေးတကာ့​အရေး​ဖြစ်သော ဤ​သမယ​၌ ဗြိတိန်​နှင့် အမေရိကန်​ပြည်ထောင်စု​တို့သည် မိမိတို့၏ ပဓာန​ကျ​သော စည်းလုံး​ညီညွတ်မှု​ကိုလည်း​ကောင်း၊ မိမိတို့​နှစ်ဦး​နှင့်​ဆိုင်သော ဂေါပက​အဖွဲ့ဝင် တာဝန်​ကိုလည်း​ကောင်း ထောက်ထား​၍ မိမိတို့၏ သဘော​ကွဲလွဲ​ချက်​များ​ကို မြှုပ်နှံထား​ကြ​မည်​လော​ဟူသော​မေးခွန်း​သည် အဓိက​ဖြစ်လာ​၏။” နောက်ပိုင်း​အဖြစ်အပျက်​များ​အရ သူတို့​ထိုသို့​ပင် ပြု​ကြ​ကြောင်း သိရ​သည်။ ၁၉၁၇ ခုနှစ်​တွင် အမေရိကန်​ပြည်ထောင်စု​သည် ဓန​အင်အား၊ လူ​အင်အား​ဖြင့် ယိမ်းယိုင်​နေသည့် မဟာမိတ်​များ​အား စစ်ကူ​ပေး​လေ​တော့​သည်။ သို့​နှင့်၊ ဗြိတိန်​နှင့် အမေရိကန်​ပြည်ထောင်စု​တို့​ဖြင့် ဖွဲ့စည်းထား​သော သတ္တမ​ဦးခေါင်း​သည် နောက်ဆုံး​အောင်ပွဲခံ​သူ ဖြစ်လာ​သည်။

၁၇။ စစ်​ပြီး​သည့်​နောက် စာတန်​၏​မြေကြီးဆိုင်ရာ​စနစ် ဘာဖြစ်​ခဲ့​သနည်း။

၁၇ စစ်​ပြီး​ကမ္ဘာ​သည် ယခင်​နှင့် အခြားကြီး​ခြားနား​၏။ စာတန်​၏ မြေကြီးဆိုင်ရာ​စနစ်​သည် သေ​လောက်​သော​ဒဏ်ချက်​ကြောင့် အလူးအလဲ​ခံ​လိုက်ရ​သော်လည်း နာလန်ထူ​ကာ ယခင်​ထက်မက အင်အား​တောင့်တင်း​လာပြီး ၎င်း​၏​နာလန်ထ​နိုင်စွမ်း​ကြောင့် လူတို့၏ အံ့သြ​ကြည်ညို​မှု​ကို ခံရ​လေ​သည်။

၁၈။ လူသား​အများထု​သည် “အံ့သြ​ကြည်ညို​လျက် သားရဲ​နောက်သို့​လိုက်​ကြ” သည်​ဟု မည်သို့​ဆိုနိုင်​သနည်း။

၁၈ သမိုင်း​ပညာရှင် ချားလ်​အယ်​လ်၊မီး ဂျူနီယာ​က ဤသို့​ဆို​၏– “[ပထမ​ကမ္ဘာ​စစ်​ကြောင့်] အစီအစဉ်​ဟောင်း ပြိုကွဲခြင်း​သည် ကိုယ့်​မင်း​ကိုယ့်​ချင်း​အုပ်စိုးမှု ပြန့်ပွားခြင်း၊ အသစ်​အသစ်​သော တိုင်းနိုင်ငံ​နှင့် လူတန်းစား​လွတ်မြောက်ခြင်း၊ အသစ်​သော​လွတ်ငြိမ်း​ခြင်း​နှင့် လွတ်လပ်ရေး​ရခြင်း​တို့အတွက် နိဒါန်း​ဖြစ်၏။” စစ်​ပြီး​ခေတ်​ဖြစ်ထွန်း​မှု​ကို ဦးဆောင်​သူ​မှာ သားရဲ​၏ အနာ​ပျောက်​ပြီး​သော သတ္တမ​ခေါင်း​ဖြစ်၍ အမေရိကန်​ပြည်ထောင်စု​က ထင်​ပေါ်သော​ကဏ္ဍ​မှ ဆောင်ရွက်​လာ​သည်။ ပူးတွဲ​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​က ဦးစီး​ဦးဆောင်​ကာ နိုင်ငံ​ပေါင်း​ချုပ်​အသင်း​အတွက်​ကော ကုလသမဂ္ဂ​အဖွဲ့​အတွက်​ပါ ရှေ့နေ​လုပ်ခဲ့သည်။ ၂၀၀၅ ခုနှစ်​သို့​ရောက်​သောအခါ အမေရိကန်​အင်အားကြီး​နိုင်ငံ​သည် အခွင့်အလမ်း​သာသော တိုင်းနိုင်ငံ​များ​ကို​ဦးဆောင်​ပြီး ပို​၍​မြင့်မားသော လူနေမှု​အဆင့်အတန်း​ကို ဖန်တီး​ရေး၊ ရောဂါ​တိုက်ဖျက်ရေး​နှင့် နည်း​ပညာ​ထွန်းကား​ရေး​ကိစ္စ​များ​၌ လုပ်ဆောင်ခဲ့​သည်။ လူ ၁၂ ဦး​ကို လ​ပေါ်​သို့​ပင် တင်ပို့​ခဲ့​သည်။ ထို့​ကြောင့် လူသား​အများထု​က “အံ့သြ​ကြည်ညို​လျက် သားရဲ​နောက်သို့​လိုက်​ကြ” သည်​မှာ မ​ဆန်း​ပါ။

၁၉။ (က) လူသားများ​သည် သားရဲ​ကို အံ့သြ​ကြည်ညို​ရုံ​မ​က မည်သို့​ပြု​ခဲ့​ကြပြီ​နည်း။ (ခ) မည်သူသည် ကမ္ဘာ့​နိုင်ငံ​အားလုံး​အပေါ် အာဏာ​လွှမ်းမိုး​သည်​မှာ ငြင်း​ဖွယ်​မရှိကြောင်း ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။ (ဂ) စာတန်​သည် သားရဲ​အား မည်သို့​အာဏာ​အပ်နှင်း​သနည်း။ ယင်းကြောင့် လူသား​အများထု​အပေါ် အဘယ်​အကျိုးအပြစ် သက်ရောက်​သနည်း။

၁၉ ယောဟန် ရှေ့ဆက်​တင်ပြ​သည့်​အတိုင်း လူသား​တို့သည် သားရဲ​ကို အံ့သြ​ကြည်ညို​ရုံ​သာ ကြည်ညို​ကြသည်​မဟုတ်– “နဂါး​သည် သားရဲ​အား အာဏာ​ပေး​သောကြောင့် လူတို့သည် နဂါး​ကို ကိုးကွယ်​ကြ​၏။ ‘မည်သူသည် ဤ​သားရဲ​နှင့် တူ​သနည်း။ မည်သူသည် သားရဲ​နှင့် စစ်ပြိုင်​နိုင်​သနည်း’ ဟူသော​စကား​ဖြင့် သားရဲ​ကိုလည်း ကိုးကွယ်​ကြ​၏။” (ဗျာဒိတ် ၁၃:၄) ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ် စာတန်​က မြေကြီးပေါ်​ရှိ နိုင်ငံ​များ​အားလုံး​ကို အစိုးရ​သော​အာဏာ မိမိ​၌​ရှိသည်​ဟု ဆို​ခဲ့​သည်။ ယေရှုလည်း ဤ​အချက်​ကို​မငြင်း​ပါ။ ကိုယ်တော်တိုင် စာတန်​ကို လောက​မင်း​ဟု​ပင်​ခေါ်​ပြီး ထို​ခေတ်​က​နိုင်ငံရေး​တွင်​လည်း မပါဝင်ဘဲ နေ​တော်​မူ​ခဲ့​သည်။ နောက်ပိုင်း၌ ခရစ်ယာန်စစ်​များနှင့်​ပတ်သက်​၍ ယောဟန်​ဤသို့​ရေး​၏– “ငါ​တို့သည် ဘုရားသခင်​နှင့် စပ်ဆိုင်​ကြသည်​ကိုလည်း​ကောင်း၊ တစ်လောက​လုံး​သည် မာရ်နတ်​၏​လက်၌ ရှိသည်​ကိုလည်း​ကောင်း ငါ​တို့​သိ​ကြ​၏။” (၁ ယောဟန် ၅:၁၉; လုကာ ၄:၅-၈; ယောဟန် ၆:၁၅; ၁၄:၃၀) စာတန်​သည် သားရဲ​အား လုပ်ပိုင်ခွင့်​အာဏာ အပ်နှင်း​သည်။ လူမျိုးရေး​ကို​အခြေပြု​၍ အပ်နှင်း​ပေးခြင်း​ဖြစ်သည်။ ထို့​ကြောင့် လူသား​တို့သည် ဘုရားတရား မေတ္တာ​နှောင်ကြိုး​ဖြင့် သွေး​စည်း​ညီညွတ်​မည့်​အစား၊ အမျိုး​မာန်၊ အနွယ်​မာန်၊ နိုင်ငံ​မာန်​တို့​ကြောင့် စိတ်ဝမ်းကွဲ​နေကြ၏။ အမှန်​မှာ လူအများ​ထု​သည် မိမိတို့​နေထိုင်ရာ တိုင်းပြည်​ကို​လိုက်၍ ၎င်း​တို့​အပေါ် အာဏာ​လွှမ်းမိုး​သော သားရဲ​၏​အစိတ်အပိုင်းကို ကိုးကွယ်​ကြသည်။ ဤနည်းဖြင့် သားရဲ​တစ်ကောင်​လုံး​သည် လူတို့၏ အံ့သြ​ကြည်ညို​ခြင်း​နှင့် ကိုးကွယ်​မှု​ကို ရယူ​သည်။

၂၀။ (က) လူတို့သည် အဘယ်​အဓိပ္ပာယ်​အရ သားရဲ​ကို ကိုးကွယ်​ကြ​သနည်း။ (ခ) ယေဟောဝါ​ဘုရားသခင်​ကို ကိုးကွယ်​သော ခရစ်ယာန်​များသည် သားရဲ​ဝတ်ပြုရေးတွင် အဘယ်ကြောင့် မပါဝင်​ကြ​သနည်း။ မည်​သူ့​ပုံသက်သေ​ကို သူတို့​လိုက်​ကြ​သနည်း။

၂၀ အဘယ်​အဓိပ္ပာယ်​ဖြင့် ကိုးကွယ်​ကြ​သနည်း။ ဘုရားသခင်​ကို​ချစ်​သည်ထက် တိုင်းပြည်​ကို ချစ်ခြင်း​အားဖြင့်​ဖြစ်၏။ လူအများ​ထု​သည် မိမိတို့​မွေးရပ်​နေ​ပြည်​ကို ချစ်​ကြသည်။ ခရစ်ယာန်စစ်​များလည်း နိုင်ငံသား​ကောင်း​ပီပီ မိမိတို့​နေထိုင်ရာ​တိုင်းပြည်​၏ မင်း​စိုး​ရာဇာ​များနှင့် တိုင်းပြည်​အထိမ်းအမှတ်​များ​ကို လေးစား​ကြ​ပြီး ဥပဒေ​နာခံ​လျက် မိမိတို့​ရပ်ရွာ​နှင့် အိမ်နီးချင်း​အကျိုးကို သယ်ပိုး​ကြ​ပါ​သည်။ (ရောမ ၁၃:၁-၇; ၁ ပေတရု ၂:၁၃-၁၇) သို့သော် မျက်စိ​စုံ​မှိတ်​လျက် အခြား​တိုင်းပြည်​အားလုံး​ကို ဆန့်ကျင်​ပြီး တိုင်းပြည်​တစ်ခုခု​ကို သစ္စာ​မခံနိုင်​ကြ​ပါ။ “မှား​မှား​မှန်မှန်၊ တို့​အမိ​နိုင်ငံ” ဟူသော​ခံယူ​ချက်​မှာ ခရစ်ယာန်​ဝါဒ​မဟုတ်။ ထို့​ကြောင့် ယေဟောဝါဘုရားသခင်​ကို ကိုးကွယ်​သော ခရစ်ယာန်​များ​အနေ​နှင့် သားရဲ​၏​အစိတ်အပိုင်း​တစ်ခုခု​ကို အမျိုး​မာန်​တက်ကြွ​စွာ ကိုးကွယ်​ခြင်း​မပြု​နိုင်။ သို့​ပြုခြင်း​သည် သားရဲ​အား အာဏာ​အပ်နှင်း​သော နဂါး​ကို ကိုးကွယ်​ရာ ရောက်​သောကြောင့်​တည်း။ သူတို့​အနေ​နှင့် ‘မည်သူသည် သားရဲ​နှင့်​တူ​သနည်း’ ဟု သားရဲ​ကို အံ့သြ​ကြည်ညို​သော​သဘောဖြင့် မ​မေး​နိုင်​ကြ​ပါ။ သို့​ပြု​မည့်​အစား၊ “မည်သူသည် ဘုရားသခင်​နှင့်​တူ​သနည်း” ဟူသော​အဓိပ္ပာယ်​ရှိသည့် အမည်ရှင် မိက္ခေလ​၏ ပုံသက်သေ​ကို​လိုက်၍ ယေဟောဝါ​၏ စကြဝဠာ​အချုပ်အခြာအာဏာ​တော်​ကို ထောက်ခံကြ​သည်။ မိက္ခေလ ခရစ်တော်​ယေရှုသည် စာတန်​ကို ကောင်းကင်​မှ အောင်မြင်စွာ တိုက်ထုတ်​ခဲ့​သကဲ့သို့ ဘုရားသခင့်​သတ်မှတ်ချိန်​တွင် သားရဲ​ကို​တိုက်ခိုက်​၍ အောင်ပွဲခံ​တော်​မူ​မည်။​—ဗျာဒိတ် ၁၂:၇-၉; ၁၉:၁၁၊ ၁၉-၂၁

သန့်ရှင်းသူ​တို့ကို စစ်တိုက်ခြင်း

၂၁။ သားရဲ​အား စာတန်​ကြိုးကိုင်​စေ​စား​ပုံ​ကို ယောဟန်​မည်သို့​ဖော်ပြ​သနည်း။

၂၁ စဉ်းလဲ​သော​စာတန်​သည် သားရဲ​ကို မိမိ​ဆန္ဒရှိ​သလို ကြိုးကိုင်​စေစားရန် စီမံကိန်း​ချထား​သည်။ ဤ​အချက်​ကို ယောဟန် ဤသို့​ရှင်းပြ​၏– “ထို​သားရဲ​အား ကြီးကျယ်​သော​စကား​နှင့် ဘုရားတရား​စော်ကား​သော စကား​များ​ကို​ပြော​သည့် နှုတ်​ကိုလည်း​ကောင်း၊ လေး​ဆယ့်နှစ်​လ​တိုင်တိုင် လုပ်ပိုင်​သော အခွင့်အာဏာကို​လည်းကောင်း ပေးအပ်​၏။ သားရဲ​သည် နှုတ်​ကို​ဖွင့်​ကာ ဘုရားသခင်​ကို စော်ကား​သော စကား​များ​ဖြင့် နာမတော်​နှင့် ကျိန်းဝပ်​ရာ​အရပ်​ကို သာမက ကောင်းကင်သား​တို့ကို​ပါ စော်ကား​လေ​၏။ သားရဲ​အား သန့်ရှင်းသူ​တို့ကို တိုက်ခိုက်​၍ အောင်နိုင်​သော အခွင့်​ကိုလည်း​ကောင်း၊ မျိုးနွယ်စု၊ လူ​ပုဂ္ဂိုလ်၊ ဘာသာ​စကား​နှင့် လူမျိုး ရှိသမျှ​တို့​အပေါ် စိုးမိုး​ပိုင်​သော အာဏာကို​လည်းကောင်း ပေးအပ်​၏။ မြေကြီးသား​အပေါင်းတို့သည် သားရဲ​ကို ကိုးကွယ်​ကြလိမ့်မည်။ လောက​တည်​သည့် ကာလ​မှ​စ၍ ဤသူတို့​ထဲ​မှ တစ်ယောက်မျှ အသတ်ခံရ​သော သိုးသငယ်​၏ အသက်​စာလိပ်​တွင် အမည်​စာရင်း မဝင်​ချေ။”​—ဗျာဒိတ် ၁၃:၅-၈

၂၂။ (က) ၄၂ လ​က အဘယ်​ကာလပိုင်း​ကို ရည်ညွှန်း​သနည်း။ (ခ) ၄၂ လ​အတွင်း​၌ ဘိသိက်ခံ​ခရစ်ယာန်​များသည် မည်သို့ ‘စစ်ရှုံး’ ခဲ့​ကြ​သနည်း။

၂၂  ဖော်ပြ​ပါ ၄၂ လမှာ သုံးနှစ်ခွဲ​ကာလ​နှင့် တူ​ပုံ​ရသည်။ ထို​ကာလ​အတွင်း သန့်ရှင်းသူ​တို့သည် ဒံယေလ ပရောဖက်ပြုချက်​ပါ သားရဲ​တစ်ကောင်​မှ​ပေါက်​သော ဦးချို​တစ်ချောင်း​၏ နှောင့်ယှက်​တိုက်ခိုက်မှု​ကို​ခံရ​၏။ (ဒံယေလ ၇:၂၃-၂၅; ဗျာဒိတ် ၁၁:၁-၄ လည်း​ရှု။) သို့ဖြင့်၊ ၁၉၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်း​မှ ၁၉၁၈ ခုနှစ်​အထိ၊ တိုက်ပွဲဝင်​တိုင်းနိုင်ငံ​များသည် သားရဲများ​ပ​မာ အချင်းချင်း ကိုက်ဖြတ်​နေကြ​စဉ် ယင်း​တို့၏ နိုင်ငံသား​များသည် သားရဲ​ကို ကိုးကွယ်​ရန်၊ မျိုးချစ်စိတ်​တည်း​ဟူသော ဘာသာရေး​၌ ပါဝင်​ကြ​ရန်​မ​က၊ မိမိတို့​တိုင်းပြည်​အတွက် အသက်​စတေး​ရန်​ပင် အတင်းအကျပ် ပြု​ခံရ​ကြသည်။ ယင်း​အတင်းအကျပ် ပြု​မှု​ကြောင့် ဘိသိက်ခံ​အမြောက်အမြား အကြီးအကျယ် ဆင်းရဲခံ​ခဲ့​ရ​ကြသည်။ ဘိသိက်ခံ​တို့​က ယေဟောဝါ​ဘုရားသခင်​နှင့် သားတော်​ယေရှု​ခရစ်​ကို ပို​၍​နာခံ​ရမည်ဟု ယူမှတ်​ကြ​၏။ (တမန်​တော် ၅:၂၉) ၁၉၁၈ ခုနှစ်၊ ဇွန်လ​၌ သူတို့ ‘စစ်ရှုံး’ သောအခါ သူတို့၏​စုံစမ်းခြင်း​လည်း အထွတ်အထိပ်​သို့ ရောက်​လေ​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် ကင်းမျှော်စင်​အသင်း​၏ ထင်ပေါ်​သော အမှုဆောင်​အရာရှိများ​နှင့် အခြားသော​ကိုယ်စားလှယ်​များသည် မတရား​သဖြင့် ထောင်ချ​ခံရ​ကြ​ပြီး သူတို့​ညီအစ်ကို​များ​၏ စနစ်တကျ ဟောပြောခြင်း​လုပ်ငန်း​လည်း အကြီးအကျယ် တားမြစ်​ခံ​ခဲ့​ရသည်။ သားရဲ​သည် “မျိုးနွယ်စု၊ လူ​ပုဂ္ဂိုလ်၊ ဘာသာ​စကား​နှင့် လူမျိုး ရှိသမျှ​တို့​အပေါ်” အခွင့်အာဏာ​ရှိသဖြင့် ကမ္ဘာ​တစ်ဝန်း ဘုရားသခင့် လုပ်ငန်းတော်​ကို ဟန့်တား​ပိတ်ပင်​၏။

၂၃။ (က) “သိုးသငယ်​၏​အသက်​စာလိပ်” ကား အဘယ်အရာ​ဖြစ်၍ ၁၉၁၈ ခုနှစ်​မှ​စ၍ အဘယ်အရာ အဆုံးတိုင်​စ​ပြု​သနည်း။ (ခ) စာတန်​၏​ရူပ​အဖွဲ့အစည်း​သည် “သန့်ရှင်းသူ​များ” အပေါ် အောင်ပွဲခံ​ပုံ​ရ​သော်လည်း အဘယ်ကြောင့် အချည်းနှီး​ဖြစ်သနည်း။

၂၃ စာတန်​နှင့် သူ့​အဖွဲ့အစည်း အောင်ပွဲခံ​သလို ဖြစ်​ခဲ့​သည်။ သို့သော် သူတို့​အဖို့ ရေရှည်​အကျိုးမရှိ။ စာတန့်​ရူပ​အဖွဲ့အစည်း​ထဲ​မှ လူတစ်ယောက်​မျှ “သိုးသငယ်​၏ အသက်​စာလိပ်​တွင်” အမည်​စာရင်း မဝင်​သောကြောင့်​တည်း။ ပုံဆောင်​သဘော​အရ ၎င်း​စာလိပ်​၌ ယေရှု​နှင့်အတူ ကောင်းကင်​နိုင်ငံတော်​တွင် အုပ်စိုး​မည့်​သူများ​၏​အမည် ပါရှိ​၏။ ပထမ​အ​သုတ်​မှာ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့​၌ ရေးမှတ်​သော အမည်များ​ဖြစ်သည်။ ၎င်းနောက်​ပိုင်း​တွင် အမည်​စာရင်း ရှည်​လာ​သည်။ နိုင်ငံတော်​အမွေခံ ၁၄၄,၀၀၀ မှ​အကြွင်းအကျန်​များ​ကို တံဆိပ်​ခတ်​ခြင်း​အမှုသည် ၁၉၁၈ ခုနှစ်​မှ​စ၍ အဆုံးတိုင်​စ​ပြု​၏။ မကြာမီ သူတို့​အားလုံး​၏ အမည်များ​ကို သိုးသငယ်​၏​စာလိပ်​ထဲ​တွင် ဖျက်​မရအောင် ရေးမှတ်​ပြီး​ဖြစ်​လိမ့်​မည်။ သားရဲ​ကိုကိုး​ကွယ်​သော ဆန့်ကျင်သူ​များ​မှာ​မူ တစ်ယောက်မျှ ထို​စာလိပ်​ထဲ​တွင် အမည်​စာရင်း ဝင်​မည်​မဟုတ်။ ထို့​ကြောင့် “သန့်ရှင်းသူ​များ” အပေါ် သူတို့​အောင်ပွဲခံ​ပုံ​ရ​သော်လည်း အချည်းနှီး​ဖြစ်၏။ တဒင်္ဂ​သာ​မျှ​ဖြစ်သည်။

၂၄။ ဝေခွဲ​ပိုင်းခြား​ဉာဏ်​ရှိ​သူများ​အား ဘာကို​နားထောင်​ကြ​ရန် ယောဟန်​တိုက်တွန်း​သနည်း၊ အဆိုပါ​စကား​များသည် ဘုရားသခင့်​လူမျိုးတော်​အဖို့ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၄ ယခု ယောဟန်​က ဝေခွဲ​ပိုင်းခြား​ဉာဏ်​ရှိ​သူများ​အား အထူး​ဂရုပြု​နားထောင်​ကြ​ရန် “နား​ရှိသောသူ​သည် ကြား​ပါစေ” ဟု ဆော်သြ​လိုက်​သည်။ ထို့နောက် ဤသို့​ဆို​ပြန်​သည်– “သုံ့ပန်း​ဖြစ်​မည့်​သူသည် သုံ့ပန်း​အဖြစ် အဖမ်းခံရ​မည်။ ဓား​ဖြင့် သတ်​မည့်​သူသည် ဓား​ဖြင့်​အသတ်ခံရ​မည်။ ဤ​တွင် သန့်ရှင်းသူ​တို့သည် ခံနိုင်ရည်​နှင့် ယုံကြည်ခြင်း​ရှိ​ရမည်ဟု ဆိုလို​၏။” (ဗျာဒိတ် ၁၃:၉၊ ၁၀) ယေရမိ​သည် ဘီစီ ၆၀၇ ခုနှစ် မတိုင်မီ အလားတူ​စကား​များ​ဖြင့် သစ္စာမဲ့​ယေရုရှလင်​မြို့​အဖို့ ယေဟောဝါ​၏ စီရင်ချက်​သည် နောက်​ပြန်လှည့်​မည် မဟုတ်​ကြောင်း ရေးသား​တင်ပြ​လိုက်​သည်။ (ယေရမိ ၁၅:၂; ယေရမိ ၄၃:၁၁; ဇာခရိ ၁၁:၉ လည်း​ရှု။) ကြီးစွာ​သော​စုံစမ်းခြင်း​ခံရ​စဉ် ယေရှု​က “ဓားကို​ကိုင်​သော​သူ ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြလိမ့်မည်” ဟု​မိန့်ဆို​သောအခါ မိမိ​နောက်လိုက်​များ​အနေ​နှင့် အညံ့​မခံ အလျှော့မပေး​နိုင်​ကြောင်း ရှင်းလင်းစွာ​တင်ပြ​တော်​မူ​၏။ (မဿဲ ၂၆:၅၂) ထို့​နည်းတူ၊ ယခု သခင့်​နေ့​တော်​အတွင်း ဘုရားသခင့် လူမျိုးတော်​လည်း ကျမ်းစာ​မူများ​ကို လက်မလွတ်​တမ်း ကိုင်စွဲ​ရမည်။ သားရဲ​ကိုကိုး​ကွယ်​၍ နောင်တ​မရ​သော​သူများ​အဖို့ နောက်ဆုံး​ပြေး​ပေါက် ရှိ​မည်​မဟုတ်။ ရှေ့​လာ​မည့်​နှိပ်စက်​ညှဉ်းပန်းမှု​နှင့် စုံစမ်းခြင်း​တို့ကို ကျော်လွှား​နိုင်​ရန် ကျွန်ုပ်​တို့အားလုံး မယိမ်းယိုင်​သော ယုံကြည်ခြင်း​နှင့်​တကွ ခံနိုင်ရည်​ရှိ​ရမည်။​—ဟေဗြဲ ၁၀:၃၆-၃၉; ၁၁:၆

ဦးချို​နှစ်ချောင်း​ရှိသော သားရဲ

၂၅။ (က) ကမ္ဘာ့​ဇာတ်ခုံ​ပေါ်​တက်လာ​သော အခြား​ပုံခိုင်း​သားရဲ​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) သားရဲ​သစ်​၏ ချို​နှစ်ချောင်း​သည်လည်း​ကောင်း၊ ၎င်း​သားရဲ​မြေကြီး​ထဲ​မှ တက်လာ​ခြင်း​သည်လည်း​ကောင်း ဘာကို​ပြသ​နည်း။

၂၅ ယခု နောက်​သားရဲ​တစ်ကောင် ကမ္ဘာ့​ဇာတ်ခုံ​ပေါ် တက်လာ​၏။ ယောဟန် ဤသို့​သတင်းပေး​၏– “ထို့နောက် အခြား​သားရဲ​တစ်ကောင်​သည် မြေကြီး​ထဲ​က တက်လာ​သည်ကို ငါ​မြင်ရ​၏။ ၎င်း​သည် သိုးသငယ်​ကဲ့သို့ ဦးချို​နှစ်ချောင်း​ရှိပြီး နဂါး​ကဲ့သို့ စကားပြော​၏။ ၎င်း​သည် ပထမ​သားရဲ​၏ အခွင့်အာဏာ​ရှိသမျှကို ထို​သားရဲ​ရှေ့၌ သုံးစွဲ​၏။ သေ​လောက်​သော​ဒဏ်ချက် ပျောက်ကင်း​ခဲ့​သည့် ပထမ​သားရဲ​ကို မြေကြီး​နှင့် မြေကြီးသား​တို့အား ကိုးကွယ်​စေ​၏။ ကြီးစွာ​သော နိမိတ်​လက္ခဏာများ​ကို ပြ​ခြင်း​ဖြင့် လူသား​တို့​မျက်မှောက်​၌ ကောင်းကင်​မှ မြေကြီးပေါ်​သို့ မီး​ကျစေ​၏။” (ဗျာဒိတ် ၁၃:၁၁-၁၃) ဤ​သားရဲ​၌ ဦးချို​နှစ်ချောင်း​ရှိသဖြင့် အင်အားကြီး​နိုင်ငံ​နှစ်ခု တွဲဖက်​ပါဝင်​သည်ကို​ပြ​၏။ ၎င်း​သည် ပင်လယ်​ထဲ​က​မဟုတ်၊ မြေကြီး​ထဲ​က ထွက်​လာ​သည်​ဟု​ဆို​သည်။ သို့​ဖြစ်၍ တည်ထောင်​ပြီး​သား​ဖြစ်သော စာတန်​၏ မြေကြီး​စနစ်​ထဲ​မှ ထွက်​လာ​ခြင်း​ဖြစ်သည်။ ၎င်း​သည် သခင့်​နေ့​တော်​အတွင်း ထင်​ပေါ်သော​ကဏ္ဍ​မှ ပါဝင်​လှုပ်ရှား​သော ရှိ​နှင့်​ပြီး​သား ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​တစ်ခု ဖြစ်​ရ​ပေမည်။

၂၆။ (က) ဦးချို​နှစ်ချောင်း​နှင့်​သားရဲ​သည် အဘယ်အရာ​ဖြစ်၍ မူလ​သားရဲ​နှင့် မည်သို့​ဆက်စပ်​သနည်း။ (ခ) ချို​နှစ်ချောင်း​နှင့်​သားရဲ​၏ ချို​များသည် အဘယ်​အဓိပ္ပာယ်​အရ သိုးသငယ်​ချို​များနှင့်​တူ​၍ သားရဲ​စကားပြော​သောအခါ အဘယ်​နည်းဖြင့် “နဂါး​ကဲ့သို့” ဖြစ်သနည်း။ (ဂ) မျိုးချစ်စိတ်​ရှိသူ​များသည် အမှန်​အားဖြင့် ဘာကို​ကိုးကွယ်​ကြ​သနည်း။ မျိုးချစ်​ဝါဒ​ကို အဘယ်အရာ​နှင့် နှိုင်းယှဉ်​ထား​သနည်း။ (အောက်ခြေမှတ်ချက်​ရှု။)

၂၆ ၎င်း​သည် အဘယ်အရာ​ဖြစ်​နိုင်​သနည်း။ အင်္ဂ​လို-အမေရိကန်​ကမ္ဘာ့ အင်အားကြီး​နိုင်ငံ​ပင်​တည်း။ ၎င်း​သည် ပထမ​သားရဲ​၏ သတ္တမ​ဦးခေါင်း​ပင်​ဖြစ်သော်လည်း ထူးခြားသော​ကဏ္ဍ​မှ ပါဝင်​၏။ ရူပါရုံ​၌ ၎င်းကို​သီးခြား​သားရဲ​အဖြစ် ခွဲထုတ်​ထား​သဖြင့် ကမ္ဘာ့​ဇာတ်​စင်ပေါ် ၎င်း​၏​သီးခြား​လှုပ်ရှားမှု​ကို ပို​၍​ရှင်းလင်းစွာ​မြင်နိုင်​သည်။ ပုံခိုင်း​ချက်​ဖြစ်သော ဤ​ဦးချို​နှစ်ချောင်း​ရှိသော သားရဲ​သည် သီးခြား​လွတ်လပ်​စွာ ယှဉ်တွဲ​တည်ရှိ​ပြီး ပူးပေါင်း​ဆောင်ရွက်​ကြ​သည့် အင်အားကြီး​နိုင်ငံ​နှစ်ခု​ဖြင့် ဖွဲ့စည်းထား​၏။ “သိုးသငယ်​ကဲ့သို့” သော ၎င်း​၏​ချို​နှစ်ချောင်း​က မိမိသည် နူးညံ့​သိမ်မွေ့​၍ ရန်လိုသော​သဘော​မပါ၊ မိမိ​၌ ဉာဏ်​အမြော်အမြင်​ရှိသော အစိုးရ​မျိုး​ရှိသဖြင့် ကမ္ဘာ​သားများ အားထား​ရာ​ဖြစ်သည်​ဟူသော မျက်နှာ​ပန်း​ရှိကြောင်းကို​ပြ​သည်။ သို့သော် ၎င်း​သည် “နဂါး​ကဲ့သို့” စကားပြော​၏။ ဆိုလိုသည်မှာ မိမိ​အုပ်ချုပ်ပုံ​ကို အခြားသူများ လက်မခံ​သောအခါ အတင်းအကျပ်​ပြု​၍ ခြိမ်းခြောက်​ရုံ​မျှ​မ​က ပြောင်ပြောင်တင်းတင်း​ပင် အကြမ်းဖက်​တတ်​သည်။ ဘုရားသခင့် သိုးသငယ်​၏ အုပ်ချုပ်မှု​ကို​နာခံ​ရန် လူ​တို့ကို အားပေး​မည့်​အစား နဂါး​ကြီး စာတန်​၏​အကျိုးကို သယ်ပိုး​ခိုင်း​၏။ မျိုးချစ်စိတ်​ကြောင့် ကွဲပြားမှု​နှင့် မုန်းတီးမှု​များ​ဖြစ်ပွား​စေခြင်း​ဖြင့် ပထမ​သားရဲ​ကို ကိုးကွယ်​စေ​၏။ *

၂၇။ (က) သားရဲ​က ကောင်းကင်​မှ​မီး​ကျစေ​ခြင်း​သည် ၎င်း​၌ အဘယ်​သဘောထား​ရှိကြောင်းကို ပြသ​နည်း။ (ခ) ချို​နှစ်ချောင်း​နှင့်​သားရဲ​၏ ခေတ်​သစ်​ပုံတူ​ကို လူ​အမြောက်အမြား​က မည်သို့​ရှုမှတ်​ကြ​သနည်း။

၂၇ ဤ​ဦးချို​နှစ်ချောင်း​ရှိသော သားရဲ​သည် ကြီးစွာ​သော နိမိတ်​လက္ခဏာများ​ကို​ပြ​၍ ကောင်းကင်​မှ​ပင် မီး​ကျစေ​သည်။ (မဿဲ ၇:၂၁-၂၃ နှိုင်းယှဉ်။) ဤ​နိမိတ်​လက္ခဏာ​က ဗာလ​၏​ပရောဖက်​များနှင့် ဆိုင်ပြိုင်​သော ဘုရားသခင့် ရှေးပရောဖက် ဧလိယ​ကို သတိ​ရစေသည်။ သူသည် ယေဟောဝါ​၏ နာမတော်​ဖြင့် ကောင်းကင်​မှ အောင်မြင်စွာ မီး​ကျစေ​သောအခါ မိမိသည် ပရောဖက်​စစ်မှန်​ကြောင်း၊ ဗာလ​၏​ပရောဖက်​များသည် အတု​ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၂၁-၄၀) ဦးချို​နှစ်ချောင်း​ရှိသော သားရဲ​လည်း ဗာလ​ပရောဖက်​များ​နည်းတူ မိမိသည် ပရောဖက်​စစ်မှန်​ကြောင်း ခိုင်လုံ​သော​အထောက်အထား ရှိသည်​ဟု​ထင်​၏။ (ဗျာဒိတ် ၁၃:၁၄၊ ၁၅; ၁၉:၂၀) စဉ်းစားသာ​ကြည့်။ ၎င်း​က မိမိသည် ကမ္ဘာ​စစ်​နှစ်ခု​အတွင်း ဆိုးဝါး​သော အင်အားစု​များ​ကို နှိမ်နင်း​ခဲ့ပြီ​ဟု​ဆို​၏။ ဘုရားမဲ့ ကွန်မြူနစ်​ဝါဒ​ကိုလည်း အနိုင်ယူ​ခဲ့​၏။ လူ​အမြောက်အမြား​က ဦးချို​နှစ်ချောင်း​နှင့် သားရဲ​၏ ခေတ်​သစ်​ပုံတူ​ကို လွတ်လပ်ရေး​ကာကွယ်​သူ၊ စီးပွား​ဥစ္စာ​သိုက်​ဟု ရှုမှတ်​ကြ​၏။

သားရဲ​၏​ရုပ်တု

၂၈။ ချို​နှစ်ချောင်း​နှင့်​သားရဲ​သည် သိုးသငယ်​ချို​နှင့်​တူသော မိမိ၏​ချို​များ​ဟန်​ပြသ​လောက် ဖြူစင်​ရိုးသားမှု​မရှိကြောင်း ယောဟန်​မည်သို့​တင်ပြ​သနည်း။

၂၈ ဤ​ဦးချို​နှစ်ချောင်း​ရှိသော သားရဲ​သည် သိုးသငယ်​ကဲ့သို့​သော သူ့​ဦးချို​များ ဟန်​ပြသ​လောက် ဖြူစင်​ရိုးသား​၏​လော။ ယောဟန် ရှေ့ဆက်​ဤသို့​ဆို​၏– “၎င်း​သည် သားရဲ​၏​မျက်မှောက်​၌ ပြ​ပိုင်ခွင့်​ရသော နိမိတ်​လက္ခဏာများ​ဖြင့် မြေကြီးသား​တို့ကို လမ်းလွဲ​စေ​၏။ တစ်ချိန်တည်း​တွင် ဓား​ဒဏ်ချက်​ရ​သော်လည်း မသေ​ဘဲ​ရှင်​ကျန်​သော သားရဲ​၏​ရုပ်တုကို မြေကြီးသား​တို့အား ထုလုပ်​ခိုင်း​၏။ ၎င်း​သည် သားရဲ​၏​ရုပ်တု​အား အသက်သွင်း​ပေး​ခွင့်​ရ​သဖြင့် သားရဲ​၏​ရုပ်တု​သည် စကားပြော​နိုင်​ရုံ​မ​က မိမိ​အား မည်သည့်​နည်းဖြင့်​မျှ မကိုးကွယ်​သော​သူ ရှိသမျှ​တို့ကို သေစေနိုင်​၏။”—ဗျာဒိတ် ၁၃:၁၄၊ ၁၅

၂၉။ (က) သားရဲ​၏​ရုပ်တုကို အဘယ်​ရည်ရွယ်ချက်​ဖြင့် အဘယ်​အချိန်၌ ထုလုပ်​ခဲ့​သနည်း။ (ခ) သားရဲ​၏​ရုပ်တု​သည် အဘယ်ကြောင့် သက်မဲ့​ရုပ်တု မဟုတ်​သနည်း။

၂၉ “သားရဲ​၏​ရုပ်တု” ကား အဘယ်နည်း။ အဘယ်​ရည်ရွယ်ချက်​ဖြင့် ၎င်းကို​ထုလုပ်​ခဲ့​သနည်း။ လူ​တို့အား ဦးခေါင်း​ခု​နစ်​လုံး​နှင့် သားရဲ​ကို ကိုးကွယ်​စေခြင်း​ဖြင့် သားရဲ​ကို သက်​ဆိုး​ရှည်​စေရန်​ဖြစ်သည်။ ယင်း​ရုပ်တု​သည် ၎င်း​သားရဲ​၏ ရုပ်တု​ပင်​ဖြစ်၏။ ပထမ​ကမ္ဘာ​စစ်​အပြီး ဦးခေါင်း​ခု​နစ်​လုံး​ရှိသော သားရဲ​သည် ဓား​ဒဏ်ချက်ပျောက်ကင်း​သည့်​နောက်၊ ယင်း​ရုပ်တုကို ထုလုပ်​ခဲ့​ခြင်း​ဖြစ်သည်။ ၎င်း​သည် ဒုရ​လွင်ပြင်​တွင် နေဗုခဒ်နေဇာ စိုက်ထူ​သော​ရုပ်တု​ကဲ့သို့ သက်မဲ့​မဟုတ်။ (ဒံယေလ ၃:၁) ဦးချို​နှစ်ချောင်း​နှင့်​သားရဲ​က ၎င်း​ရုပ်တု​ထဲ​သို့ အသက်သွင်း​ပေး​သောကြောင့် ၎င်း​သည် အသက်ရှင်​၍ ကမ္ဘာ့​သမိုင်း​တွင် တစ်ခန်း​တစ်​ကဏ္ဍ ပါဝင်​လှုပ်ရှား​နိုင်၏။

၃၀၊ ၃၁။ (က) သမိုင်း​အဖြစ်မှန်​များ​က ၎င်း​ရုပ်တု​သည် အဘယ်အရာ​ဖြစ်​ကြောင်း​ပြသ​နည်း။ (ခ) ၎င်း​ရုပ်တုကို မကိုးကွယ်​သည့်​အတွက် အသတ်ခံရ​သူများ​ရှိသလော။ ရှင်းပြပါ။

၃၀ သမိုင်း​ဖြစ်ရပ်​က ယင်း​ရုပ်တု​မှာ ဗြိတိန်​နှင့် အမေရိကန်​ပြည်ထောင်စု အဆို​သွင်း၊ မြေ​တောင်​မြှောက်၍ ထောက်မ​သော အဖွဲ့အစည်း​ဖြစ်​ကြောင်း သိသာ​စေ​သည်။ အစ​၌ ၎င်း​သည် နိုင်ငံ​ပေါင်း​ချုပ်​အသင်း​အဖြစ် ထင်ပေါ်​ခဲ့​၏။ နောက်​သော် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ ၌ နောက်​အထိမ်းအမှတ်​တစ်မျိုး​အဖြစ် ပေါ်လာ​ဦး​မည်။ အသက်ရှင်​၍ အသက်​ရှူရှိုက်​သော သီးခြား​တည်ရှိ​သည့် နီ​မြန်း​သော​သားရဲ​ပင်​တည်း။ နိုင်ငံတကာ​ဆိုင်ရာ ယင်း​အဖွဲ့က မိမိ​တစ်ပါး​တည်း​သာ လူသားတို့အား ငြိမ်းချမ်းမှု​နှင့် လုံခြုံမှု​ကို ပေး​နိုင်​သည်​ဟု ကြွားလုံး​ထုတ်​ကာ “စကားပြော” ၏။ အမှန်​သော်၊ ၎င်း​သည် အဖွဲ့ဝင်​နိုင်ငံ​များ အချင်းချင်း မာန်မဲ​ကြိမ်းမောင်း ပြစ်မှား​စော်ကား​ရာ ဟစ်​တိုင်​ဖြစ်လာ​ပြီ။ ယင်း​၏​အာဏာကို အောက်​မ​ကျို့​သော တိုင်းနိုင်ငံ သို့​မဟုတ် လူမျိုး​အား ဝိုင်း​ပယ်​ခြင်း၊ သို့​မဟုတ် သေ​ခန်း​ဖြတ်​ခြင်း​ဖြင့် ခြိမ်းခြောက်​ခဲ့​၏။ နိုင်ငံ​ပေါင်း​ချုပ်​သည် ၎င်း​၏​သဘောတရား​များ​အတိုင်း မကျင့်​သုံး​သော​နိုင်ငံ​များ​ကို ထုတ်​ပယ်​ခဲ့​သည်။ ဆင်းရဲ​ဒုက္ခ​ကြီး စတင်​သောအခါ သားရဲ​ရုပ်တု​၏ စစ်​ဝါဒီ​ဆန်​သော “ဦးချို​များ” သည် ဖျက်ဆီး​ချေမှုန်း​ခြင်း​ကဏ္ဍ​မှ ပါဝင်​လှုပ်ရှား​ကြလိမ့်မည်။​—ဗျာဒိတ် ၇:၁၄; ၁၇:၈၊ ၁၆

၃၁ ဒုတိယ​ကမ္ဘာ​စစ်​မှ​စ၍ ကုလသမဂ္ဂ အဖွဲ့အစည်း​အဖြစ် ယခု​ထင်ရှားသော သားရဲ​၏​ရုပ်တု​သည် စာသား​အတိုင်း လူသတ်​ခဲ့ပြီ။ ဥပမာ၊ ၁၉၅၀ ပြည့်နှစ်​တွင် ကု​လ​တပ်​တစ်တပ်​သည် မြောက်​ကိုးရီးယား​နှင့် တောင်​ကိုးရီးယား​စစ်​၌ ပါဝင်​တိုက်ခိုက်​ခဲ့​သည်။ ၎င်းကု​လ​တပ်​သည် တောင်​ကိုးရီးယား​လူမျိုးများ​နှင့်​ပူး​တွဲ၍ ခန့်မှန်းခြေ​အရ မြောက်​ကိုးရီးယား​နှင့် တရုတ်​လူမျိုး​ပေါင်း ၁,၄၂၀,၀၀၀ ကို သတ်ဖြတ်​ခဲ့​သည်။ ထို့​အတူ၊ ၁၉၆၀ ပြည့်နှစ်​မှ ၁၉၆၄ ခုနှစ်​အတွင်း ကု​လ​တပ်​များသည် ကွန်ဂို​နိုင်ငံ (ကင်​ရှာ​ဆာ) တွင် လှုပ်ရှား​ခဲ့​သည်။ ထို့​ပြင် ပုပ်​ရဟန်း​မင်း ဆဋ္ဌမ​မြောက်​ပေါလ်​နှင့် ဒုတိယ​မြောက် ဂျွန်ပေါလ်​အပါအဝင် ကမ္ဘာ့​ခေါင်းဆောင်​များ​က​လည်း ၎င်း​ရုပ်တု​သည် လူသားများ​၏ နောက်ဆုံး​နှင့် အကောင်းဆုံး​သော ငြိမ်းချမ်းရေး​မျှော်လင့်ချက်​ဖြစ်သည်ဟု ဆက်လက်​အတည်ပြု​ကြ​၏။ လူသား​တို့​က ၎င်းကို​အလုပ်​အကျွေး​မပြုလျှင် လူသား​မျိုးနွယ်​သည် ကိုယ့်​ကိုယ်ကို​ချေမှုန်း​လိမ့်​မည်​ဟု အခိုင်အမာ​ဆို​ကြ​၏။ သို့​နှင့် သူတို့သည် ယင်း​ရုပ်တု​အလို​သို့​မလိုက်၊ သူ့ကို​မကိုးကွယ်​သော လူသား​အားလုံး​ကို ဥပစာစကား​အရ သေစေ​ကြ​၏။​—တရားဟောရာ ၅:၈၊ ၉

သားရဲ​၏​အမှတ်​တံဆိပ်

၃၂။ ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်​အကြွင်းအကျန်​များ​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေရန် မိမိ၏​ရူပ​အဖွဲ့အစည်း​ဆိုင်ရာ နိုင်ငံရေး​အပိုင်း​များ​ကို စာတန်​ကြိုးကိုင်​စေ​စား​ကြောင်း ယောဟန်​မည်သို့​ဖော်ပြ​သနည်း။

၃၂ ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်ဝင် အကြွင်းအကျန်​များ​အား ဆင်းရဲ​ဒုက္ခ​ရောက်​အောင် အစွမ်းကုန်​ဖန်တီး​ရာ​၌ မိမိ၏​ရူပ​အဖွဲ့အစည်း​၏ နိုင်ငံရေး​အပိုင်း​များ​ကို စာတန်​မည်သို့​အသုံးပြု​ကြောင်း ယောဟန်​ယခု​သိမြင်​ရပြီ။ (ကမ္ဘာဦး ၃:၁၅) “သားရဲ” အကြောင်းကို သူ​ဖော်ပြ​ပြန်​သည်– “၎င်း​သည် ကြီးမြတ်သူ​နှင့် သိမ်ငယ်​သူ၊ ချမ်းသာသူ​နှင့် ဆင်းရဲသူ၊ ကျွန်​နှင့် လွတ်လပ်​သူ​မှ​စ၍ ရှိရှိသမျှ​လူ​တို့အား လက်ယာလက်​တွင်​ဖြစ်စေ၊ နဖူး​ပေါ်​တွင်​ဖြစ်စေ၊ အတင်းအကျပ် အမှတ်​တံဆိပ် ရိုက်နှိပ်​စေ​၏။ သားရဲ​၏​အမည် သို့​မဟုတ် ၎င်း​အမည်​၏ ကိန်း​ဂဏန်း​တည်း​ဟူသော ထို​အမှတ်​တံဆိပ် ရိုက်နှိပ်​ထား​သူ​မှတစ်ပါး မည်သူမျှ ရောင်းဝယ်​ခွင့်​မရ။ ဤ​တွင် ဉာဏ်ပညာ​ရှိသူ​သည် သားရဲ​၏​ကိန်း​ဂဏန်း​ကို တွက်ချက်​ပါစေ။ အကြောင်း​မှာ၊ ၎င်း​သည် လူ​၏​ကိန်း​ဂဏန်း​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ့်ခြောက် ဖြစ်​သတည်း။”​ဗျာဒိတ် ၁၃:၁၆-၁၈

၃၃။ (က) သားရဲ​၏​အမည်​မှာ အဘယ်နည်း။ (ခ) ခြောက်​ဂဏန်း​သည် အဘယ်အရာ​နှင့် ဆက်စပ်​သနည်း။ ရှင်းပြပါ။

၃၃ သားရဲ​၌ အမည်​တစ်ခု​ရှိပြီး ၎င်း​သည် ၆၆၆ ဟူသော ကိန်း​ဂဏန်း​ဖြစ်သည်။ ခြောက်​ဟူသော​ဂဏန်း​သည် ယေဟောဝါ​၏ ရန်သူများ​နှင့် ဆက်စပ်​၏။ ရေ​ဖိ​မ်​အမျိုးသား ဖိလိတ္တိ​လူတစ်ယောက်​သည် “အရပ်အမောင်း​မြင့်​၍ လက်ချောင်း​ခြေချောင်း ခြောက်​ခု​စီ” ရှိ၏။ (၁ ရာဇဝင်ချုပ် ၂၀:၆သမ္မာ) နေဗုခဒ်နေဇာ​သည် မိမိ၏​နိုင်ငံရေး​အရာရှိများ​ကို တစ်ခု​တည်း​သော​ဝတ်ပြုရေး​၌ စည်းလုံးစေ​ရန် အနံ​ခြောက်​တောင်၊ အမြင့်​အတောင်​ခြောက်​ဆယ်​ရှိသော ရွှေ​ရုပ်တုကို စိုက်ထူ​ခဲ့​သည်။ ၎င်း​ဘုရင်​သည် ဘုရားသခင့်​အမှုထမ်းများ ရွှေ​ရုပ်တုကို​မကိုးကွယ်​ဘဲ ငြင်းဆန်​သောအခါ သူတို့ကို မီးဖို​ထဲ​သို့ ချပစ်​လေ​သည်။ (ဒံယေလ ၃:၁-၂၃) ခြောက်​ဂဏန်း​သည် ဘုရားသခင့်​အမြင်​တွင် ပြည့်စုံခြင်း​ကို​တင်စား​သော ခု​နစ်​ဂဏန်း​ကို စံ​မမီ​ချေ။ ထို့​ကြောင့် ခြောက်​သုံးလုံး​သည် အလွန့်အလွန် မစုံလင်​ခြင်း​ကို တင်စား​၏။

၃၄။ (က) သားရဲ​၏​ကိန်း​ဂဏန်း​သည် “လူ​၏​ကိန်း​ဂဏန်း​ဖြစ်” သည် ဟူသော​အချက်​က ဘာကို​ပြသ​နည်း။ (ခ) ၆၆၆ သည် အဘယ်ကြောင့် စာတန့်​လောကီ​နိုင်ငံရေး​စနစ်​၏ လျောက်ပတ်​သော​အမည် ဖြစ်သနည်း။

၃၄ အမည်​တစ်ခု​က ပုဂ္ဂိုလ်​တစ်ဦး​ကို ဖော်ပြ​၏။ သို့​ဖြစ်၍ ၎င်း​ဂဏန်း​က ယင်း​သားရဲ အဘယ်အရာ​ဖြစ်​ကြောင်း မည်သို့​တင်ပြ​သနည်း။ ယောဟန်​က ၎င်း​သည် ဝိညာဉ်​ပုဂ္ဂိုလ်​၏​ဂဏန်း​မဟုတ်ဘဲ “လူ​၏​ကိန်း​ဂဏန်း” ဖြစ်သည်ဟု​ဆို​၏။ ထို့​ကြောင့် သားရဲ​သည် မြေကြီး​နှင့်​ဆိုင်၍ လူ့​အစိုးရ​ကို​ပုံခိုင်း​သည်​ဟူ​သည့်​အချက်​ကို သာ၍​ခိုင်လုံ​စေ​သည်။ ခြောက်​သည် ခု​နစ်​ကို​စံ​မမီ​သကဲ့သို့ ခြောက်​၏​သုံးထပ်​ကွမ်း​ဖြစ်သည့် ၆၆၆ သည် ဘုရားသခင့်​စုံလင်ခြင်း​စံ​ကို လုံးဝ​စံ​မမီ​သော ဧရာမ​ကမ္ဘာ့​နိုင်ငံရေး​စနစ်​၏ လျောက်ပတ်​သော​အမည်​ဖြစ်၏။ ကမ္ဘာ့​နိုင်ငံရေး​သားရဲ​သည် အမည်-ကိန်း​ဂဏန်း ၆၆၆ ဖြင့် ကြီးစိုး​၏။ တစ်ချိန်တည်း​တွင် မဟာ​နိုင်ငံရေး၊ မဟာ​ဘာသာရေး​နှင့် မဟာ​စီးပွားရေး​တို့​က ထို​သားရဲ​ကို လူသားများ​အား ဖိစီး​သူ၊ ဘုရားသခင့်​လူမျိုးတော်​အား နှိပ်စက်​ညှဉ်းပန်း​သူ​အဖြစ် လှုပ်ရှား​စေ​သည်။

၃၅။ နဖူး သို့​မဟုတ် လက်ယာလက်​တွင် သားရဲ​၏​အမည်​ဖြင့် အမှတ်​တံဆိပ်​ခတ်​ခံရ​ခြင်း​မှာ ဘာကို​ဆိုလို​သနည်း။

၃၅ နဖူး သို့​မဟုတ် လက်ယာလက်​တွင် သားရဲ​၏​အမည်​ဖြင့် အမှတ်​တံဆိပ်​ခတ်​ခံရ​ခြင်း​မှာ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ယေဟောဝါ​က ဣသရေလလူ​တို့အား ပညတ်တရား​ပေး​စဉ် “ငါ​ဟောပြောသော ဤ​စကား​ကို စိတ်နှလုံး​၌​သွင်းထား​၍ လက်၌ လက္ခဏာ​သက်သေ​ဖို့​ရာ​လည်းကောင်း၊ မျက်စိ​ကြား​မှာ သင်း​ကျစ်​ကဲ့သို့​လည်းကောင်း ချည်​ထား​ရ​ကြ​မည်” ဟု မိန့်ဆိုခဲ့​၏။ (တရားဟောရာ ၁၁:၁၈) ဣသရေလလူ​တို့သည် ပညတ်တရား​ကို အစဉ်​မျက်မှောက်ပြု​ခြင်း​ဖြင့် မိမိတို့၏​အပြု​အမူ​နှင့် အကြံအစည်​များ​အပေါ် ၎င်း​၏​သြဇာလွှမ်း​မိုး​စေ​ရမည်ဟု ဆိုလို​သည်။ ၁၄၄,၀၀၀ သော​ဘိသိက်ခံ​တို့၏​နဖူး​၌ ခမည်းတော်​နှင့် ယေရှု၏​နာမတော် ရေးသား​ထား​သည်​ဟု​ဆို​၏။ ၎င်း​က သူတို့ကို ယေဟောဝါ​နှင့် ယေရှု​ခရစ် ပိုင်ဆိုင်​တော်​မူ​ကြောင်း​ပြ​၏။ (ဗျာဒိတ် ၁၄:၁) စာတန်​လည်း ၎င်းကို​အတုယူ​ကာ သားရဲ​၏​နတ်ဆိုး​အမှတ်​တံဆိပ်​ကို​သုံး​၏။ လူသည် အရောင်းအဝယ်​စ​သော နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​၌ သားရဲ​၏​နည်းလမ်း​အတိုင်း​ပြု​ရန်၊ ဥပမာ၊ ပွဲနေ့​များ​ကျင်းပ​ရန် အတင်းအကျပ်​ပြု​ခံရ​သည်။ လူတို့သည် သားရဲ​ကို​ဝတ်ပြု​၍ ၎င်း​အား မိမိတို့​ဘဝကို​စိုးမိုး​စေခြင်း​ဖြင့် ၎င်း​၏​အမှတ်​တံဆိပ်​ကို ခံယူ​ရ​ပါ​သည်။

၃၆။ သားရဲ​၏​အမှတ်​တံဆိပ်​ကို မခံ​ဘဲ​နေ​သူများ​သည် ဘာ​ပြဿနာ​များနှင့် ရင်ဆိုင်ခဲ့​ကြပြီ​နည်း။

၃၆ သားရဲ​၏​အမှတ်​တံဆိပ်​ကို မခံ​ဘဲ​နေသော​သူတို့သည် တစ်ချိန်​လုံး ပြဿနာ​နှင့်​တွေ့ရ​၏။ ဥပမာ၊ သူတို့သည် ၁၉၃၀ ပြည့်လွန်​နှစ်များ​မှ​စ၍ တရားရုံး​များ​၌ အမှု​ဆိုင်​ခဲ့​ရသည်မှာ မနည်း​ပါ။ အကြမ်းဖက်​သော​လူအုပ်​၏ တိုက်ခိုက်မှု၊ အခြားသော​နှိပ်စက်​ညှဉ်းပန်းမှု​များ​ကို ခံ​ခဲ့​ကြ​ရသည်။ တစ်​ပါတီ​အာဏာရှင်​အစိုးရ ကြီးစိုး​သော​တိုင်းပြည်​များ​၌ ချွေး​တပ်​စခန်း​များ​ထဲ​သို့ ပစ်​သွင်း​ခံရ​၍ များစွာ​သေကျေ​ခဲ့​ကြသည်။ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​ချိန်​မှ​စ၍ မိမိတို့၏​ခရစ်ယာန်​ကြားနေ ရပ်တည်မှု​အတွက် ဒူး​မ​ထောက်​သောကြောင့် နှစ်​ရှည်​ထောင်ဒဏ်​ချ​ခံရ​သော လူငယ်များ​မှာ မရေမတွက်​နိုင်အောင်​များ​လှ​ပြီး အချို့​ဆိုလျှင် နှိပ်စက်​ကလူ​ပြု​၍ သတ်ဖြတ်​ခြင်း​ပင်​ခံရ​ကြသည်။ အချို့​နိုင်ငံ​ဒေသ​များ​၌​ဆိုလျှင် တကယ်​ပင် ရောင်းဝယ်​ခွင့်​မရ​ကြ။ အချို့​သူများ​ဆိုလျှင် မြေယာ​အဆောက်အဦ ပိုင်ဆိုင်ခွင့်​မရှိ။ အချို့​မှာ မုဒိမ်းကျင့်​ခြင်း၊ သတ်ဖြတ်​ခြင်း၊ ပြည်နှင်ခြင်း​ခံရ​ကြသည်။ အဘယ်​အတွက်​နည်း။ မိမိတို့​သြတ္တပ္ပစိတ်​ကြောင့် နိုင်ငံရေး​ပါတီ​ကတ်ပြား မဝယ်​ဘဲ​နေသော​ကြောင့်​တည်း။ *​—ယောဟန် ၁၇:၁၆

၃၇၊ ၃၈။ (က) ဤ​လောကသည် သားရဲ​၏​အမှတ်​တံဆိပ်​ကို မခံ​သူများ​အဖို့ အဘယ်ကြောင့် ကျပ်တည်း​ခဲယဉ်း​သော​နေရာ ဖြစ်သနည်း။ (ခ) မည်သူ​များသည် သစ္စာစောင့်​လျက်​ရှိကြ​ပြီး ဘာ​ပြု​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြ​သနည်း။

၃၇ ကမ္ဘာ့​ဒေသ​အချို့​၌ ဘာသာရေး​သည် ရပ်ကွက်​အသိုင်းအဝိုင်း​ဘဝ​၌ နက်ရှိုင်း​စွာ​အမြစ်စွဲ​နေ​သဖြင့် ကျမ်းစာ​သမ္မာတရား​ဘက် ရပ်တည်​သူသည် မိသားစု​နှင့် မိတ်ဆွေများ​၏ ဝိုင်း​ပယ်​ခြင်း​ကို ခံရ​ကြ​၏။ ယုံကြည်ခြင်း​အတော်အတန်​ရှိ​ရုံ​နှင့် ကြံ့ကြံ့ခံ​နိုင်​သည်မဟုတ်။ (မဿဲ ၁၀:၃၆-၃၈; ၁၇:၂၂) သူ​ငါ​အများထု စည်းစိမ်ဥစ္စာ​ကိုကိုး​ကွယ်​ပြီး မရိုးသားမှု​လည်း ပျံ့နှံ့​လှ​သည့် ဤ​လောကကြီး​၌ ခရစ်ယာန်စစ်​များသည် ဖြောင့်မတ်​သော လမ်းစဉ်​လိုက်လျှောက်​ရာ​တွင် မိမိတို့​အား ယေဟောဝါ ထောက်မ​တော်​မူ​မည်​ဖြစ်​ကြောင်း အကြွင်းမဲ့​အားထား​ယုံကြည်​ရန် လိုအပ်သော​အခါ​မျိုး​လည်း မနည်း​ပေ။ (ဆာလံ ၁၁:၇; ဟေဗြဲ ၁၃:၁၈) သီလ​ပျက်မှု လွှမ်းခြုံ​နေသော ဤ​လောက​၌ သန္နိ​ဋ္ဌာန်​အခိုင်အမာ ချ​မထား​လျှင် သန့်ရှင်း​စင်ကြယ်​စွာ နေနိုင်​မည်​မဟုတ်။ ဖျားနာ​သော ခရစ်ယာန်​များသည် သွေး​၏​မြင့်မြတ်မှု​ဆိုင်ရာ ဘုရားသခင့်​ပညတ်​ကို ချိုးဖောက်​ရန် ဆရာဝန်​နှင့် သူနာပြု​တို့၏ အတင်းအကျပ်​ပြုခြင်း​ကို ခံ​ရလေ့​ရှိ၏။ မိမိတို့၏​ယုံကြည်ခြင်း​နှင့်​ဆန့်ကျင်​သော တရားရုံး​အမိန့်​ကို​ပင် တွန်းလှန်​ရ​ကြသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉; ၁ ပေတရု ၄:၃၊ ၄) အလုပ်အကိုင် ရှား​သည်ထက်​ရှားပါး​သော ဤ​ခေတ်​၌ ဘုရားသခင်​အား သစ္စာဖောက်​စေသော အလုပ်ကို​ရှောင်ရန် ခရစ်ယာန်စစ်​တစ်ဦး​အဖို့ ခက်​သည်ထက် ခက်​လာ​သည်။​—မိက္ခာ ၄:၃၊

၃၈ မှန်​ပေ​သည်၊ ဤ​လောကသည် သားရဲ​၏​အမှတ်​တံဆိပ်​မခံ​သူတို့​အဖို့ အသက်ရှင်နေ​ထိုင်​ရန် ခက်ခဲ​သော​နေရာ​ဖြစ်၏။ မိန်းမ​၏​အမျိုးအနွယ် အကြွင်းအကျန်​များနှင့် ခြောက်​သန်း​မ​က​သော လူအုပ်ကြီး​တို့သည် ဘုရားသခင့်​ပညတ်​များ​ကို​ချိုးဖောက်​ရန် အကျပ်ကိုင်​ခံရ​သည့်​ကြား​မှ သစ္စာစောင့်​နိုင်​ကြသည်​မှာ ယေဟောဝါ​၏​တန်ခိုးတော်​နှင့် ကောင်းချီး​ကြောင့်​ဖြစ်​ကြောင်း သိသာ​ထင်ရှား​လှ​၏။ (ဗျာဒိတ် ၇:၉) ကျွန်ုပ်​တို့​အနေ​နှင့် သားရဲ​၏​အမှတ်​တံဆိပ်​ကို​မခံ​ဘဲ​နေ​ကာ ကမ္ဘာ​တစ်​လွှား စည်းလုံးစွာ​ဖြင့် ယေဟောဝါ​နှင့် ကိုယ်တော့်​ဖြောင့်မတ်​သော နည်းလမ်းတော်​များ​ကို အဆက်မပြတ် ထင်ပေါ်​ကျော်စော​စေ​ကြပါစို့။​—ဆာလံ ၃၄:၁-၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အသေးစိတ်​သိ​လို​ပါ​က ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ဒံယေလ ပရောဖက်ပြုချက်​ကို ဂရုပြု​လော့! စာမျက်နှာ ၁၆၅-၇၉ ကို​ကျေးဇူးပြု​၍​ရှု။

^ အပိုဒ်၊ 5 အာရ်၊စီ၊အိပ်ခ်ျ၊ လင်း​စ​ကီး​ပြုစု​သော ရှင်ယောဟန်​၏ ဗျာဒိတ်ကျမ်း အနက်ဖွင့်​ချက် စာမျက်နှာ ၃၉၀-၁။

^ အပိုဒ်၊ 26 အမှန်​မှာ မျိုးချစ်စိတ်​သည် ဘာသာ​တရား​တစ်ရပ်​ဖြစ်​ကြောင်း ဋီကာ​ဆရာများ မှတ်တမ်းတင်​ခဲ့​ကြပြီ။ ထို့​ကြောင့် မျိုးချစ်စိတ်​ရှိသူတို့​သည် မိမိတို့​နေထိုင်ရာ​နိုင်ငံ​ဖြင့် ကိုယ်စား​ပြုသော သားရဲ​၏​ထို​အစိတ်အပိုင်းကို တကယ်​ပင် ကိုးကွယ်​ကြသည်။ အမေရိကန်​ပြည်ထောင်စု​မှ မျိုးချစ်စိတ်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ဘာသာ​တရား တစ်မျိုး​အဖြစ်​ကြည့်​လျှင် မျိုးချစ်​ဝါဒ​သည် ရှေး​က အခြား​ဘာသာရေး စနစ်ကြီး​များနှင့် များစွာ​တူ​၏။ . . . ဘာသာရေး​ဆန်​သော ခေတ်​သစ်​ဝံ​သာ​နု​သည် မိမိ၏​နိုင်ငံ​တည်း​ဟူသော ဘုရား​ကို မိမိ​အားထား​မှီခို​ကြောင်း ကောင်းစွာ​သိရှိ​၏။ ထို​ဘုရား​၏ တန်ခိုး​ကြီးသော​မစမှု​ကို မိမိ​လိုအပ်​သည်​ဟု​ယူဆ​၏။ ထို​ဘုရားထံ​မှ စုံလင်မှု​နှင့် ပျော်ရွှင်မှု​ကို​ရသည်​ဟု သိမှတ်​၏။ ထို​ဘုရား​အား လုံးဝ ဘာသာရေး​ဆန်​စွာ နာခံ​၏။ . . . နိုင်ငံတော်​သည် ထာဝရ​ဖြစ်သည်ဟု ယူမှတ်​ပြီး သစ္စာရှိ​နိုင်ငံတော်သား​များ​၏ သေခြင်း​သည် နိုင်ငံတော်​၏ ဥ​ဒါန်း​မ​ကျေ​သော ဘုန်း​ကိတ္တိ​ကို သာ၍​တိုးပွား​စေ​သည်။”​—ဂျေ ပေါလ် ဝီလီယံ​စ် ပြုစု​သော အမေရိကန်​လူမျိုး၏ ယုံကြည်ချက်​နှင့် ကိုးကွယ်​ပုံ ဟူသော​စာအုပ်၊ စာမျက်နှာ ၃၅၉ ၌​ကိုးကား​ထားသော ကားလ်​တန် ဂျေ. အက်ဖ်. ဟေးစ်​၏​အဆို။

^ အပိုဒ်၊ 36 ဥပမာ၊ ကင်းမျှော်စင် ၁၉၉၆၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၂၅-၂၈; ၁၉၉၆၊ မတ် ၁၅၊ စာမျက်နှာ ၇; ၁၉၉၄၊ ဇန်နဝါရီ ၁၅၊ စာမျက်နှာ ၅; ၂၀၀၀၊ ဧပြီ ၁၊ စာမျက်နှာ ၂၆၊ ၂၇ တို့ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉၅ ပါ ရုပ်ပုံ]

၎င်း​သည် သားရဲ​၏​ရုပ်တု​အား အသက်သွင်း​ပေး​ခွင့်​ရ