ခရစ်ယာန်ဘောင်အပေါ် ကျရောက်သော ယေဟောဝါ၏ ကပ်ဘေးများ
အခန်း ၂၁
ခရစ်ယာန်ဘောင်အပေါ် ကျရောက်သော ယေဟောဝါ၏ ကပ်ဘေးများ
ရူပါရုံ ၅ ဗျာဒိတ် ၈:၁–၉:၂၁
အကြောင်းအရာ– တံပိုးခရာ ခုနစ်လက်အနက် ခြောက်လက်ကိုမှုတ်ခြင်း
ပြည့်စုံချိန်– ၁၉၁၄ ခုနှစ် ခရစ်တော်ယေရှု နန်းထိုင်ချိန်မှ ဆင်းရဲဒုက္ခကြီးအထိ
၁။ သတ္တမတံဆိပ်ကို သိုးသငယ် ဖွင့်တော်မူသောအခါ ဘာဖြစ်သနည်း။
ဝိညာဏဣသရေလ ၁၄၄,၀၀၀ ကို တံဆိပ်ခတ်၍ လူအုပ်ကြီးအား ကပ်ကျော်ရန် အတည်ပြုထောက်ခံ၍ မပြီးမချင်း “လေးမျက်နှာလေများ” ကို ချုပ်ထိန်းခဲ့ပါသည်။ (ဗျာဒိတ် ၇:၁-၄၊ ၉) သို့ရာတွင် ၎င်းလေပြင်းမုန်တိုင်း မြေကြီးပေါ် မတိုက်ခတ်မီ စာတန့်လောကအပေါ် ချတော်မူသော ယေဟောဝါ၏ အပြစ်ပေးစီရင်ချက်များကိုလည်း အသိပေးရမည်ဖြစ်၏။ သတ္တမနှင့် နောက်ဆုံးတံဆိပ်ကို သိုးသငယ် ဖွင့်တော်မူသောအခါ ဘာပေါ်လာမည်ကို ယောဟန် အာရုံပြု၍ ကြည့်မည်မုချ။ ယခု သူ့တွေ့ကြုံမှုကို ကျွန်ုပ်တို့အား ဤသို့ဖောက်သည်ချ၏– “သတ္တမတံဆိပ်ကို ကိုယ်တော် [သိုးသငယ်] ဖွင့်လိုက်သောအခါ ကောင်းကင်ဘုံတွင် နာရီဝက်ခန့် ဆိတ်ငြိမ်သွား၏။ ထို့နောက် ဘုရားသခင့် ရှေ့တော်၌ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာ ခုနစ်လက်ကိုပေး၏။”—ဗျာဒိတ် ၈:၁၊ ၂။
စိတ်အားပြင်းပြစွာ ဆုတောင်းရန်အချိန်
၂။ ကောင်းကင်၌ နာရီဝက်မျှ ဆိတ်ငြိမ်နေစဉ် ဘာဖြစ်ပျက်သနည်း။
၂ ထူးခြားသော ဆိတ်ငြိမ်မှုပါတကား။ တစ်စုံတစ်ခုဖြစ်ပျက်ဖို့ စောင့်ဆိုင်းသောအခါ နာရီဝက်ဆိုသော အချိန်ပိုင်းသည် အတော်ကြာညောင်း၏။ မပြတ်သီဆိုသော ကောင်းကင်သံပြိုင် ထောမနာသီချင်းကိုပင် မကြားရတော့။ (ဗျာဒိတ် ၄:၈) အဘယ်ကြောင့်နည်း။ အကြောင်းရင်းကို ရူပါရုံ၌ ယောဟန်တွေ့ရ၏။ “ထို့နောက် အခြားကောင်းကင်တမန်တစ်ပါး ရောက်လာပြီး ယဇ်ပလ္လင်နားမှာ ရပ်လေ၏။ သူ၌ နံ့သာပေါင်းရှို့သော ရွှေလင်ပန်းပါရှိ၏။ ပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာများနှင့်အတူ ပူဇော်ရန် သူ့အား များစွာသော နံ့သာပေါင်းကို ပေးထား၏။ ထို့နောက် နံ့သာပေါင်း မီးခိုးငွေ့သည် သန့်ရှင်းသူတို့၏ ပတ္ထနာများနှင့်အတူ ကောင်းကင်တမန်၏လက်မှ ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။”—ဗျာဒိတ် ၈:၃၊ ၄။
၃။ (က) နံ့သာပေါင်းမီးရှို့ခြင်းက ဘာကိုသတိရစေသနည်း။ (ခ) ကောင်းကင်၌ နာရီဝက် ဆိတ်ငြိမ်ခြင်းသည် ဘာအတွက်နည်း။
ထွက်မြောက်ရာ ၃၀:၁-၈) ထိုသို့နံ့သာပေါင်း မီးရှို့ပူဇော်စဉ် ယဇ်ပုရောဟိတ်မဟုတ်သော ဣသရေလလူတို့သည် နံ့သာပေါင်းကို ခံတော်မူသောအရှင်ထံ နှလုံးထဲ၌ တိတ်ဆိတ်စွာ ဆုတောင်းလျက် မြင့်မြတ်သောနေရာ အပြင်ဘက်၌ စောင့်နေကြသည်။ (လုကာ ၁:၁၀) အလားတူအခြင်းအရာ ကောင်းကင်ဘုံတွင် ဖြစ်ပျက်သည်ကို ယခု ယောဟန်မြင်ရ၏။ ကောင်းကင်တမန် ပူဇော်သောနံ့သာပေါင်းသည် “သန့်ရှင်းသူတို့၏ ပတ္ထနာများ” နှင့်ဆက်စပ်သည်။ အမှန်အားဖြင့် စောစောပိုင်းက ရူပါရုံတစ်ခု၌ နံ့သာပေါင်းသည် ထိုသို့သောပတ္ထနာကို တင်စားသည်ဟုဆို၏။ (ဗျာဒိတ် ၅:၈; ဆာလံ ၁၄၁:၁၊ ၂) သို့ဖြစ်၍ ကောင်းကင်မှ ပုံခိုင်းချက်ဖြစ်သော ဆိတ်ငြိမ်မှုမှာ မြေကြီးပေါ်က သန့်ရှင်းသူတို့၏ ပတ္ထနာများကို နားညောင်းတော်မူရန် အချိန်ပေးခြင်းဖြစ်ကြောင်း သိသာ၏။
၃ ဤအချက်က ဂျူးစနစ်အောက်၌ တဲတော်တွင် နံ့သာပေါင်းကို နေ့စဉ် မီးရှို့ပူဇော်ကြောင်း၊ နောက်ပိုင်း၌လည်း ယေရုရှလင် ဗိမာန်တော်၌ ထိုသို့ပြုကြောင်း သတိရစေသည်။ (၄၊ ၅။ ပုံခိုင်းချက်ဖြစ်သော နာရီဝက် ဆိတ်ငြိမ်ချိန်ကို သိနိုင်ရန် အဘယ်သမိုင်းဖြစ်ရပ်က အထောက်အကူပြုသနည်း။
၄ မည်သည့်အချိန်၌ ထိုသို့ဖြစ်ပျက်သည်ကို ကျွန်ုပ်တို့ ပိုင်းဖြတ်နိုင်သလော။ ပိုင်းဖြတ်နိုင်ပါသည်။ သခင့်နေ့တော် အဦးပိုင်းမှ သမိုင်းဝင်ဖြစ်ရပ်များနှင့်တကွ ရှေ့နောက်စကားကို စိစစ်ခြင်းဖြင့်ဖြစ်သည်။ (ဗျာဒိတ် ၁:၁၀) ၁၉၁၈ နှင့် ၁၉၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်က အဖြစ်အပျက်များသည် ဗျာဒိတ် ၈:၁-၄ ပါ ဇာတ်ဝင်ခန်းနှင့် ကိုက်ညီလှ၏။ ၁၉၁၄ ခုနှစ်မတိုင်မီ အနှစ် ၄၀ အတွင်း ကျမ်းစာကျောင်းသားများဟူ၍ ထိုစဉ်က အမည်တွင်သော ယေဟောဝါသက်သေများက တစ်ပါးအမျိုးသားကာလသည် ၁၉၁၄ ခုနှစ်၌ ကုန်ဆုံးမည်ဟု ရဲရင့်စွာကြေညာခဲ့ကြသည်။ ၁၉၁၄ ခုနှစ်၏ဒုက္ခများက သူတို့မှန်ကန်ကြောင်း သက်သေထူ၏။ (လုကာ ၂၁:၂၄; မဿဲ ၂၄:၃၊ ၇၊ ၈) သို့သော် သူတို့အများက မိမိတို့သည် ၁၉၁၄ ခုနှစ်တွင် ဤကမ္ဘာပေါ်မှ အမွေခံရာကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်ဟုလည်း ယုံကြည်ကြသည်။ ထိုသို့မဖြစ်ခဲ့ချေ။ သို့အစား၊ ပထမကမ္ဘာစစ်အတွင်း ပြင်းထန်သောညှဉ်းဆဲမှုကို ခါးစည်း၍ခံလိုက်ရသည်။ ၁၉၁၆၊ အောက်တိုဘာ ၃၁ ရက်တွင် ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ် တီ၊ ရပ်စဲလ် ကွယ်လွန်သွားသည်။ ထို့နောက် ၁၉၁၈၊ ဇူလိုင်လ ၄ ရက်နေ့၌ ဥက္ကဋ္ဌသစ် ဂျိုးဇက် အက်ဖ်၊ ရပ်သဖော့ဒ်နှင့် အသင်းမ၏ အခြားကိုယ်စားလှယ်ခုနစ်ဦးသည် နှစ်ရှည်ထောင်ဒဏ် မှားယွင်းစွာ စီရင်ချက်ချခံရပြီး ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်ခံရကြသည်။
၅ စိတ်ရင်းမှန်သော ယောဟန်အတန်းအစား ခရစ်ယာန်များသည် နားဝေတိမ်တောင် ဖြစ်ခဲ့ကြသည်။ မိမိတို့ ရှေ့ဆက်ဘာလုပ်ရန် ဘုရားသခင် အလိုတော်ရှိသနည်း။ မိမိတို့အား အဘယ်အခါ ကောင်းကင်သို့ ခေါ်ဆောင်တော်မူမည်နည်း။ ၁၉၁၉၊ မေလ ၁ ရက်
ထုတ် ကင်းမျှော်စင် ၌ “ရိတ်သိမ်း၍ ပြီးလေပြီ—ရှေ့ဆက် ဘာဖြစ်မည်နည်း” ဟူ၍ ခေါင်းစဉ်တပ်သောဆောင်းပါး ပေါ်ထွက်လာသည်။ ယင်းက သူတို့ဇဝေဇဝါဖြစ်ကြောင်း ပေါ်လွင်စေသော်လည်း သစ္စာရှိများ ဆက်လက်ကြံ့ကြံ့ခံသွားကြရန် အားပေးလျက် ဤသို့ဖြည့်စွက် ရေးသားလိုက်သည်– “နိုင်ငံတော်အတန်းအစား ရိတ်သိမ်းခြင်းပြီးစီးပြီ ဟူသောစကားသည် ယခု တကယ်ပင်မှန်ကြောင်း၊ သူတို့အားလုံးကို တံဆိတ်ခတ်ပြီးသဖြင့် တံခါးပိတ်ပြီဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်၏။” ခဲယဉ်းသော ထိုသမယအတွင်း ယောဟန်အတန်းအစား၏ စိတ်ပြင်းပြသော ပတ္ထနာများသည် များစွာသောနံ့သာပေါင်း မီးခိုးငွေ့ပမာ တလူလူတက်ခဲ့သည်။ ကိုယ်တော်လည်း သူတို့၏ပတ္ထနာကို နားညောင်းတော်မူ၏။မြေကြီးပေါ်သို့ မီးကျစေခြင်း
၆။ ကောင်းကင်၌ ဆိတ်ငြိမ်သည့်နောက် ဘာဖြစ်ပျက်၍ ဘာကို တုံ့ပြန်သည့်အနေနှင့်နည်း။
၆ ယောဟန်က ကျွန်ုပ်တို့အား ဤသို့ပြောကြား၏– “သို့သော် ကောင်းကင်တမန်သည် နံ့သာပေါင်းလင်ပန်းကို ချက်ချင်းယူ၍ ယဇ်ပလ္လင်ပေါ်မှမီးဖြင့် ဖြည့်ပြီးလျှင် မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ ထိုအခါ မိုးခြိမ်းသံများ၊ စကားသံများ၊ လျှပ်စီးများနှင့် ငလျင် ဖြစ်ပေါ်လာသည်။” (ဗျာဒိတ် ၈:၅) ဆိတ်ငြိမ်နေရာမှ တစ်မုဟုတ်ချင်း ဇာတ်ဆန်သော လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ နံ့သာပေါင်းယဇ်ပလ္လင်ပေါ်က မီးကြောင့်ဖြစ်သည့်အတွက် သန့်ရှင်းသူများ၏ ပတ္ထနာကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ လွန်ခဲ့သော ဘီစီ ၁၅၁၃ ခုနှစ်တွင် သိနာတောင်၌ မိုးခြိမ်းသံများ၊ လျှပ်စီးများ၊ ကျယ်သောအသံ၊ မီးနှင့် တောင်တုန်လှုပ်ခြင်းတို့က လူမျိုးတော်အပေါ် ယေဟောဝါ အာရုံပြုတော်မူခြင်းကို အချက်ပြ၏။ (ထွက်မြောက်ရာ ၁၉:၁၆-၂၀) ယောဟန်တင်ပြသော အလားတူ တန်ခိုးပြမှုများကလည်း မြေကြီးပေါ်ရှိ ကျေးကျွန်များအပေါ် ယေဟောဝါ အာရုံပြုတော်မူခြင်းကို ရည်ညွှန်း၏။ သို့သော် ယောဟန်မြင်ရသော အရာများကို အမှတ်လက္ခဏာများဖြင့် တင်ပြထား၏။ (ဗျာဒိတ် ၁:၁) သို့ဖြစ်၍ ပုံခိုင်းချက်ဖြစ်သောမီး၊ မိုးခြိမ်းသံ၊ စကားသံ၊ လျှပ်စီးနှင့် ငလျင်တို့ကို ယနေ့ မည်သို့အဓိပ္ပာယ် ဖွင့်ဆိုရမည်နည်း။
၇။ (က) ယေရှု ဓမ္မအမှုဆောင်စဉ်ကာလ မြေကြီးပေါ်တွင် ပုံခိုင်းချက်ဖြစ်သော အဘယ်မီးကို တို့ခဲ့သနည်း။ (ခ) ယေရှု၏ ဝိညာဏညီတော်များသည် ခရစ်ယာန်ဘောင်အတွင်း မည်သို့မီးရှို့ခဲ့သနည်း။
၇ တစ်ကြိမ်တွင် တပည့်တော်များအား ယေရှုက “မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၄၉) ကိုယ်တော် တကယ်ပင် မီးရှို့ခဲ့သည်။ စိတ်ဇောထက်သန်စွာ ဟောပြောခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ကို အကြီးမားဆုံးအရေးကိစ္စ ဖြစ်စေတော်မူသောကြောင့် ဂျူးနိုင်ငံတစ်ခွင်လုံး ပူပြင်းသောမီးအလား အငြင်းအခုံ ဖြစ်ပွားခဲ့သည်။ (မဿဲ ၄:၁၇၊ ၂၅; ၁၀:၅-၇၊ ၁၇၊ ၁၈) ပထမကမ္ဘာစစ်၏ ကျပ်တည်းသော နေ့ရက်များကို ဖြတ်ကျော်ခဲ့သည့် ဘိသိက်ခံခရစ်ယာန် အုပ်စုကလေးဖြစ်သော ကမ္ဘာပေါ်ရှိ ယေရှု၏ ဝိညာဏညီတော်များလည်း ၁၉၁၉ ခုနှစ်တွင် ခရစ်ယာန်ဘောင်၌ အလားတူ မီးရှို့ခဲ့သည်။ ထိုနှစ်၏ စက်တင်ဘာလ၌ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင် ယေဟောဝါ၏ သစ္စာရှိသက်သေခံများ အနယ်နယ်အရပ်ရပ်မှ စုဝေးလာကြသောအခါ ကိုယ်တော့်ဝိညာဉ်တော် အထူးထင်ရှားခဲ့သည်။ မကြာမီက ထောင်ထဲမှထွက်လာပြီး များမကြာမီ စွဲချက်များနှင့် ကွင်းလုံးကျွတ်လွတ်တော့မည့် ဂျိုးဇက် အက်ဖ်၊ ရပ်သဖော့ဒ်က ထိုစည်းဝေးကြီးပရိသတ်အား အောက်ပါအတိုင်း ရဲဝံ့စွာဟောပြောခဲ့သည်– “ကျွန်ုပ်တို့သည် သခင့်အမိန့်တော်ကို နာခံ၏။ ထို့ပြင်၊ လူတို့ကို ဤမျှကြာမြင့်စွာ ချုပ်နှောင်လာခဲ့သော မိစ္ဆာအမှား၏ ခံတပ်များကို တိုက်ခိုက်ဖြိုဖျက်ရန်တည်းဟူသော ကျွန်ုပ်တို့၏ အခွင့်အရေးနှင့် တာဝန်ကိုလည်း အသိအမှတ်ပြု၏။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ဘုရားပေးတာဝန်မှာ လာလတ္တံ့သော ဘုန်းရှိန်တောက် မေရှိယနိုင်ငံတော်ကို ကြေညာခြင်းဖြစ်ခဲ့သည်၊ ယခုလည်း ထိုအတိုင်းဖြစ်ပါသည်။” ဘုရားသခင့် နိုင်ငံတော်ပင်လျှင် အဓိက အရေးကိစ္စတည်း။
၈၊ ၉။ (က) ခက်ခဲသော စစ်ကာလအတွင်း ဘုရားသခင့်လူမျိုးတော် မည်သို့သော စိတ်သဘောထားနှင့် ဆန္ဒရှိခဲ့ကြောင်း ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်က မည်သို့ဖော်ပြသနည်း။ (ခ) မြေကြီးပေါ်သို့ အဘယ်သို့ မီးပစ်ချခဲ့သနည်း။ (ဂ) မိုးခြိမ်းသံများ၊ စကားသံများ၊ လျှပ်စီးများနှင့် ငလျင် မည်သို့ဖြစ်ပေါ်လာသနည်း။
၈ ဟောပြောသူသည် မကြာခင်က ဘုရားသခင့်လူမျိုးတော် ကြုံခဲ့ရသော ခက်ခဲမှုများအကြောင်းကို ရည်ညွှန်းလျက် ဤသို့ဆို၏– “ရန်သူတို့၏ ပြင်းထန်သောထိုးစစ်သည် အကြင်နာကင်းလှသဖြင့် သခင်ချစ်တော်မူသော သိုးများစွာတို့သည် မှင်တက်မိကာ အံ့အားသင့်ခြင်းနှင့်အတူ မလှုပ်မရှက်ဖြစ်ပြီး ဆုတောင်းကာနေမိ၏။ သခင့်အလိုတော် မည်သို့ဖြစ်သည်ကို ပြညွှန်ရန် စောင့်ဆိုင်းခဲ့ကြသည် . . . သို့တစေ တဒင်္ဂ စိတ်ဓာတ်ကျခဲ့လျက်နှင့် နိုင်ငံတော်သတင်း ကြွေးကြော်လိုသောဆန္ဒမူ တငွေ့ငွေ့ တောက်လောင်ခဲ့ပါသည်။”—၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈၀ [လိပ်]ကိုရှု။
၉ ၁၉၁၉ ခုနှစ်တွင် ထိုဆန္ဒ ပြည့်ဝလာသည်။ အုပ်စုသေးသော်လည်း တက်ကြွလှသော ဤခရစ်ယာန်များသည် ဝိညာဉ်ရေးအရ တောက်လောင်လာပြီး ကမ္ဘာချီ ဟောပြောခြင်းကင်ပိန်းကို အစပြုလိုက်သည်။ (၁ သက်သာလောနိတ် ၅:၁၉ နှိုင်းယှဉ်။) မြေကြီးပေါ်သို့ မီးကျလာသည်။ ဆိုလိုသည်မှာ ဘုရားသခင့် နိုင်ငံတော်သည် တောက်လောင်သော အရေးကိစ္စဖြစ်လာပြီး ယနေ့တိုင်ဖြစ်၏။ ဆိတ်ငြိမ်မှုကို ကျယ်သောစကားသံများက အစားထိုးလိုက်ပြီး နိုင်ငံတော်သတင်းကို ရှင်းလင်းစွာ လွှင့်ဆိုလာကြသည်။ ကျမ်းစာမှ မုန်တိုင်းကဲ့သို့သော သတိပေးချက်များသည် မိုးခြိမ်းသံတမျှ တဂျိန်းဂျိန်း မြည်ဟည်းလာသည်။ ထိန်ထိန်ညီးသော သမ္မာတရားရောင်ခြည်များသည် ယေဟောဝါ၏ ပရောဖက်ပြု နှုတ်ကပါဌ်တော်မှ လျှပ်စီးပမာ တလျှမ်းလျှမ်းတောက်ကာ ဖြာထွက်လာရုံမက ငလျင်ကြီးလှုပ်သကဲ့သို့ ဘာသာရေးနယ်ပယ်သည် အောက်ခြေသိမ်း တုန်ခါသွားသည်။ ယောဟန်အတန်းအစားက လုပ်စရာအလုပ်ရှိကြောင်း သိမြင်၏။ ထိုအလုပ်သည် ယနေ့တိုင် လူနေထိုင်ရာကမ္ဘာတလွှား ကြီးကျယ်ခမ်းနားစွာ တိုးချဲ့လျက်နေ၏။—ရောမ ၁၀:၁၈။
တံပိုးခရာများမှုတ်ရန် အသင့်ပြင်ဆင်ခြင်း
၁၀။ ကောင်းကင်တမန် ခုနစ်ပါး ဘာလုပ်ရန် ဟန်ပြင်သနည်း၊ အဘယ်ကြောင့်နည်း။
၁၀ ယောဟန်က “တံပိုးခရာ ခုနစ်လက်ကို ကိုင်ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးသည် တံပိုးခရာမှုတ်ရန် အသင့်ပြင်ဆင်ကြ၏” ဟု ဆက်၍ဆို၏။ (ဗျာဒိတ် ၈:၆) တံပိုးခရာ မှုတ်ခြင်းသည် ဘာအဓိပ္ပာယ်နည်း။ ဣသရေလလူတို့ လက်ထက်၌ အခါကြီးရက်ကြီး သို့မဟုတ် ထူးခြားသော အဖြစ်အပျက်များကို သတ်မှတ်ရန် တံပိုးခရာ မှုတ်လေ့ရှိသည်။ (ဝတ်ပြုရာ ၂၃:၂၄; ၄ ဓမ္မရာဇဝင် ၁၁:၁၄) ထို့အတူ၊ ယောဟန် ကြားရတော့မည့် တံပိုးခရာသံများသည် သေရေးရှင်ရေးတမျှ အရေးပါသောအရာများကို အာရုံပြုစေလိမ့်မည်။
၁၁။ ယောဟန်အတန်းအစားက ၁၉၁၉ မှ ၁၉၂၂ ခုနှစ်အတွင်း ဘာပြင်ဆင်ရေးလုပ်ငန်းဖြင့် အလုပ်များခဲ့သနည်း။
၁၁ ကောင်းကင်တမန်များ ထိုတံပိုးခရာများကိုမှုတ်ရန် ဟန်ပြင်ကြစဉ် မြေကြီးပေါ်က ပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း ညွှန်ကြားကြမည်ဧကန်။ ပြန်လည်သက်ဝင် လှုပ်ရှားလာသော ယောဟန်အတန်းအစားသည် ၁၉၁၉ မှ ၁၉၂၂ ခုနှစ်အထိ လူအများရှေ့ ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းပြီး ပုံနှိပ်ထုတ်ဝေရေး အဆောက်အဦများကို တည်ထောင်သည့်ကိစ္စဖြင့် အလုပ်များခဲ့ကြသည်။ ၁၉၁၉ ခုနှစ်တွင် နိုးလော့! ဟု ယနေ့အမည်တွင်သော ရွှေခေတ် မဂ္ဂဇင်းကို “အမှန်တရား၊ မျှော်လင့်ချက်နှင့် ခံယူချက်ဆိုင်ရာဂျာနယ်” အဖြစ်ထုတ်ဝေလိုက်သည်။ ၎င်းသည် နိုင်ငံရေးတွင် မိစ္ဆာဘာသာ ဝင်စွက်မှုကို ဖော်ထုတ်ခြင်း၌ အဓိကကဏ္ဍမှပါဝင်မည့် တံပိုးခရာနှင့်တူသော ကိရိယာဖြစ်၏။
၁၂။ တံပိုးခရာမှုတ်ခြင်းက ဘာကိုကြေညာ၍ မောရှေလက်ထက်က ဘာကိုသတိရစေသနည်း။
၁၂ ယခုကျွန်ုပ်တို့ တွေ့ရမည်ဖြစ်သည့်အတိုင်း တံပိုးခရာမှုတ်တိုင်း ဇာတ်ဆန်သည့် မြင်ကွင်းတစ်ရပ်ကို ကြော်ငြာ၏။ ထိုမြင်ကွင်း၌ ကြောက်မက်ဖွယ်ကပ်ဘေးများ ကမ္ဘာ့အစိတ်အပိုင်းများကို ဘေးပြုသည်ကိုတွေ့ရသည်။ ကပ်ဘေးအချို့က မောရှေလက်ထက်၌ အီဂျစ်လူတို့ကို ဒဏ်ခတ်ရန် ယေဟောဝါ လွှတ်တော်မူသော ကပ်ဘေးများကို သတိရစေသည်။ (ထွက်မြောက်ရာ ၇:၁၉–၁၂:၃၂) ၎င်းတို့ကား ထိုနိုင်ငံအပေါ် ကျစေသော ယေဟောဝါ၏ စီရင်ချက်များဖြစ်၍ ဘုရားသခင့် လူမျိုးတော် ကျွန်ဘဝမှ လွတ်မြောက်ရာလမ်းကို ဖွင့်ပေးသည်။ ယောဟန်မြင်ရသော ကပ်ဘေးများလည်း အလားတူအရာကို ဖြစ်မြောက်စေသည်။ သို့ရာတွင် ပကတိ ကပ်ဘေးများမဟုတ်။ ယေဟောဝါ၏ ဖြောင့်မတ်သော တရားစီရင်ချက်များကို ပုံခိုင်းသော အမှတ်လက္ခဏာများ ဖြစ်ကြသည်။—ဗျာဒိတ် ၁:၁။
“သုံးပုံတစ်ပုံ” သည် အဘယ်အရာဖြစ်ကြောင်း
၁၃။ ပထမတံပိုးခရာ လေးလက်ကိုမှုတ်စဉ် ဘာဖြစ်ပျက်၍ အဘယ်မေးခွန်း ပေါ်ပေါက်စေသနည်း။
၁၃ ကျွန်ုပ်တို့ မြင်ရမည်ဖြစ်သည့်အတိုင်း ပထမတံပိုးခရာ လေးလက်ကိုမှုတ်သောအခါ မြေကြီး၊ ပင်လယ်၊ မြစ်၊ စမ်းပေါက်တို့၏ “သုံးပုံတစ်ပုံ”၊ မြေကြီးကို အလင်းပေးသော အရာများ၏ “သုံးပုံတစ်ပုံ” ဘေးသင့်ကြ၏။ (ဗျာဒိတ် ၈:၇-၁၂) သုံးပုံတစ်ပုံသည် အရာတစ်ခု၏ အပိုင်းကြီးတစ်ပိုင်း ဖြစ်သော်လည်း ထိုအရာတစ်ခုလုံး မဟုတ်ပါ။ (ဟေရှာယ ၁၉:၂၄; ယေဇကျေလ ၅:၂; ဇာခရိ ၁၃:၈၊ ၉ နှိုင်းယှဉ်။) သို့ဖြစ်၍ အဘယ် “သုံးပုံတစ်ပုံ” သည် ထိုကပ်ဘေးများကို အခံထိုက်ဆုံး ဖြစ်သနည်း။ လူသားအများထုသည် စာတန်နှင့် စာတန့်အမျိုးအနွယ်ကြောင့် မျက်စိကွယ်၍ အကျင့်ပျက်စီးခဲ့ကြပြီ။ (ကမ္ဘာဦး ၃:၁၅; ၂ ကောရိန္သု ၄:၄) ဒါဝိဒ်ဖော်ပြသော အခြေအနေအတိုင်းဖြစ်သည်– “လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်း ရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။” (ဆာလံ ၁၄:၃) မှန်၏။ လူသားတစ်ရပ်လုံး အပြစ်စီရင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သို့သော် ၎င်း၏အပိုင်းတစ်ပိုင်းသည် အထူးသဖြင့် အပြစ်ရှိ၏။ “သုံးပုံတစ်ပုံ” ဖြစ်သော ထိုအပိုင်းတစ်ပိုင်းသည် ယခုထက်ပို၍ အသိဉာဏ်ရှိဖို့ ကောင်းလှပါသည်။ မည်သည့် “သုံးပုံတစ်ပုံ” နည်း။
၁၄။ ယေဟောဝါထံတော်မှ ကပ်တိုက်သတင်းများကိုရသည့် ပုံခိုင်းချက်ဖြစ်သော သုံးပုံတစ်ပုံသည် အဘယ်အရာနည်း။
၁၄ ခရစ်ယာန်ဘောင်တည်း။ ၁၉၂၀ ပြည့်လွန်နှစ်များ၌ ၎င်း၏နယ်ပယ်တွင် လူသားသုံးပုံတစ်ပုံ အကျုံးဝင်၏။ ၎င်း၏ဘာသာရေးမှာ ခရစ်ယာန်ဘာသာစစ်မှ တိမ်းလွဲသွားသော မဟာဖောက်ပြန်မှု၏ အသီးအပွင့်ပင်။ ထိုဖောက်ပြန်မှုအကြောင်းကို ယေရှုနှင့် တပည့်တော်များ ကြိုပြောခဲ့သည်။ (မဿဲ ၁၃:၂၄-၃၀; တမန်တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃; ၂ ပေတရု ၂:၁-၃) ခရစ်ယာန်ဘောင် ဓမ္မဆရာများက မိမိတို့သည် ဘုရားသခင့် ဗိမာန်တော်ထဲ၌ရှိ၍ ခရစ်ယာန်ဘာသာတရားကို ပို့ချသောဆရာသမားများ ဖြစ်သည်ဟုဆိုကြ၏။ သို့ရာတွင် သူတို့ပို့ချသော အယူဝါဒများမှာ ကျမ်းစာသမ္မာတရားနှင့် ဝေလာဝေး။ ဘုရားသခင့် နာမတော်ကိုလည်း အစဉ်မပြတ် အသရေပျက်စေ၏။ ခရစ်ယာန်ဘောင်သည် ပုံခိုင်းချက်ဖြစ်သော “သုံးပုံတစ်ပုံ” ဖြင့် အထူးဆီလျော်စွာ တင်စားခံရ၍ ယေဟောဝါ ထံတော်မှလာသည့် ကပ်ဘေးတမျှ ထက်မြက်သည့် သတင်းစကားကို ခံယူရသည်။ လူသားထဲမှ ထိုသုံးပုံတစ်ပုံသည် ဘုရားသခင့် မျက်နှာသာတော် စိုးစဉ်းမျှ မခံထိုက်။
၁၅။ (က) တံပိုးခရာ တစ်လက်စီမှုတ်ခြင်းသည် တစ်စုံတစ်ခုသော ခုနှစ်နှင့်သာ ဆိုင်သလော။ ရှင်းပြပါ။ (ခ) ယေဟောဝါ၏ တရားစီရင်ချက် ကြွေးကြော်ခြင်း၌ ယောဟန်အတန်းအစားအသံနှင့်အတူ မည်သူများ၏အသံလည်း ပါဝင်လာသနည်း။
၁၅ တံပိုးခရာ တစ်လက်ပြီးတစ်လက် မှုတ်ခြင်းနှင့်အညီ ၁၉၂၂ မှ ၁၉၂၈ ခုနှစ်အထိ၊ စည်းဝေးကြီး ခုနစ်ခု၌ အထူးသန္နိဋ္ဌာန်များ ချခဲ့ကြသည်။ သို့တစေ တံပိုးခရာမှုတ်ခြင်းသည် ထိုနှစ်များအတွင်းသာ မဟုတ်ပါ။ သခင့်နေ့တော် ကြာမြင့်လာသည်နှင့်အမျှ ခရစ်ယာန်ဘောင်၏ ဆိုးယုတ်သော လမ်းစဉ်များကို အကြီးအကျယ် ဖော်ထုတ်သည့်အလုပ်လည်း မပြတ်ခဲ့ချေ။ နိုင်ငံတကာ၏ မုန်းတီးမှုနှင့်ညှဉ်းဆဲမှုကို ခံရလျက်ကယ် ယေဟောဝါ၏ တရားစီရင်ချက်များကို တိုင်းနိုင်ငံအားလုံး ကြားသိအောင် တစ်ကမ္ဘာလုံးတွင် ကြွေးကြော်ရမည်။ ထို့နောက်မှသာ စာတန့်စနစ်အဆုံး ဆိုက်ရောက်မည်။ (မာကု ၁၃:၁၀၊ ၁၃) ဝမ်းမြောက်ဖွယ်ကား၊ လူအုပ်ကြီးသည် ယောဟန်အတန်းအစားနှင့် ပူးပေါင်း၍ မိုးခြိမ်းသံနှင့်တူသော ကမ္ဘာ့အရေးဖြစ်သည့် ကြေညာချက်များကို တစ်သံတည်း ကြွေးကြော်ကြလေပြီ။
မြေကြီးသုံးပုံတစ်ပုံ လောင်ကျွမ်း
၁၆။ ပထမကောင်းကင်တမန် တံပိုးခရာကို မှုတ်သည့်နောက်၌ ဘာဖြစ်ပျက်သနည်း။
၁၆ ကောင်းကင်တမန်များနှင့် ပတ်သက်၍ ယောဟန် ဤသို့ရေး၏– “ပထမ ကောင်းကင်တမန် တံပိုးခရာ မှုတ်လိုက်ရာ သွေးနှင့်ရောသော မီးနှင့်မိုးသီး ဖြစ်ပေါ်၍ မြေကြီးပေါ်သို့ ကျလာသဖြင့် မြေကြီးသုံးပုံတစ်ပုံ လောင်ကျွမ်းလေ၏၊ သစ်ပင်သုံးပုံတစ်ပုံ လောင်ကျွမ်းလေ၏၊ စိမ်းသောအပင်အားလုံး လောင်ကျွမ်းလေ၏။” (ဗျာဒိတ် ၈:၇) ၎င်းသည် အီဂျစ်ပြည်ပေါ် ကျရောက်သော သတ္တမကပ်ဘေးနှင့်တူသော်လည်း ကျွန်ုပ်တို့ခေတ်အဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။—ထွက်မြောက်ရာ ၉:၂၄။
၁၇။ (က) ဗျာဒိတ် ၈:၇ ပါ “မြေကြီး” ဟူသောစကားက ဘာကိုပုံဆောင်သနည်း။ (ခ) ခရစ်ယာန်ဘောင်၏ မြေကြီးသုံးပုံတစ်ပုံ မည်သို့လောင်ကျွမ်းခံရသနည်း။
၁၇ ကျမ်းစာ၌ “မြေကြီး” ဟူသောစကားလုံးသည် လူသားများကို ရည်ညွှန်းလေ့ရှိသည်။ (ကမ္ဘာဦး ၁၁:၁; ဆာလံ ၉၆:၁) ဒုတိယကပ်ဘေးသည် ပင်လယ်ပေါ်ကျရောက်၍ ပင်လယ်လည်း လူသားများနှင့်ပင် သက်ဆိုင်ပြန်သဖြင့် “မြေကြီး” သည် စာတန်တည်ဆောက်သော၊ ဖျက်ဆီးခံရမည့် တည်မြဲဟန်ရှိသော လူ့ဘောင်အဖွဲ့အစည်းကို ရည်ညွှန်းခြင်း ဖြစ်ရပေမည်။ (၂ ပေတရု ၃:၇; ဗျာဒိတ် ၂၁:၁) ကပ်ဘေးဆိုင်ရာ ဇာတ်ဝင်ခန်းက ခရစ်ယာန်ဘောင်၏ မြေကြီးသုံးပုံတစ်ပုံသည် ယေဟောဝါ၏ မျက်မာန်တော်အပူလောင် ခံရကြောင်းကိုပြသည်။ ယေဟောဝါ၏ အပြစ်ပေးစီရင်ချက် ကြွေးကြော်ခြင်းလုပ်ငန်းကြောင့် ၎င်း၏အလယ်တွင် သစ်ပင်များအလား မားမားရပ်နေသည့် အထင်ကရပုဂ္ဂိုလ်များ လောင်ကျွမ်းခံရကြ၏။ ခရစ်ယာန်ဘောင်ဘာသာ၏ သန်းနှင့်ချီသော ချာ့ခ်ျအသင်းသားများအားလုံးသည် ၎င်းကိုဆက်လက် ထောက်ခံအားပေးကြမည်ဆိုလျှင် အပူဟပ်ခံရသော မြက်ပင်များပမာ ဘုရားသခင့်မျက်စိအောက်၌ ဝိညာဉ်ရေးအရ ညှိုးနွမ်းသွားပေမည်။—ဆာလံ ၃၇:၁၊ ၂။ *
၁၈။ စီဒါပွိုင့်စည်းဝေးကြီးတွင် ယေဟောဝါ၏ တရားစီရင်ခြင်းသတင်းကို မည်သို့ကြွေးကြော်ခဲ့သနည်း။
၁၈ ဤတရားစီချက်ကို မည်သို့သတင်းဖြန့်သနည်း။ ယေဘုယျအားဖြင့် ဤလောက၏ သတင်းမီဒီယာအားဖြင့် မဟုတ်ပါ။ ၎င်းသည် ဤလောက၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘုရားသခင်၏ “ကျွန်” ကို အပြစ်ပြောလေ့ရှိသည်။ (မဿဲ ၂၄:၄၅) ၁၉၂၂၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ အိုဟိုင်အိုနယ်၊ စီဒါပွိုင့်မြို့၊ ဘုရားသခင့်လူမျိုးတော်၏ ဒုတိယအကြိမ် မော်ကွန်းတင်စည်းဝေးကြီး၌ ထိုသတင်းတော်ကို ထူးခြားသောနည်းဖြင့် ကြွေးကြော်ခဲ့သည်။ သူတို့သည် “ကမ္ဘာ့ခေါင်းဆောင်များအား စိန်ခေါ်ခြင်း” ဟူသောသန္နိဋ္ဌာန်ကို စိတ်အားထက်သန်စွာ တခဲနက် ချခဲ့ကြသည်။ ၎င်းက ပုံခိုင်းချက်ဖြစ်သော ခေတ်သစ်မြေကြီးကို အောက်ပါအတိုင်း ပြတ်ပြတ်သားသား သတိပေးလိုက်သည်– “ထို့ကြောင့် မြေကြီးပေါ်မှ လူမျိုးများ၊ သူတို့၏ မင်းစိုးခေါင်းဆောင်များ၊ ကမ္ဘာပေါ်မှ ဂိုဏ်းဂဏကွဲပြားသောချာ့ခ်ျအသင်းများ ရှိသမျှတို့၏ ဓမ္မဆရာများအားလုံး၊ သူတို့၏နောက်လိုက်နှင့် မဟာမိတ်များ၊ မဟာစီးပွားရေးနှင့် မဟာနိုင်ငံရေးသမားများအား မိမိတို့သည် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနှင့် တိုးတက်ကြီးပွားမှု ထူထောင်ပြီး လူသားတို့အား ပျော်ရွှင်မှုရယူခံစားစေနိုင်သည်ဟု အဘယ်ကြောင့် ဆိုကြရကြောင်း သက်သေပြရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ဤကိစ္စတွင် သူတို့ သက်သေမပြနိုင်သဖြင့် သခင့်သက်သေများအနေနှင့် ကျွန်ုပ်တို့တင်ပြသော ထွက်ဆိုချက်ကို နားထောင်ကြရန်၊ နားထောင်ပြီးနောက် ကျွန်ုပ်တို့၏ ထွက်ဆိုချက် မှန်မမှန် ပြန်ကြားကြရန် တောင်းဆိုပါသည်။”
၁၉။ ဘုရားသခင့် လူမျိုးတော်သည် ခရစ်ယာန်ဘောင်အား ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ အဘယ်ထွက်ဆိုချက်ကို တင်ပြခဲ့သနည်း။
၁၉ ထိုခရစ်ယာန်များ ဘာထွက်ဆိုချက်ကို တင်ပြသနည်း။ အောက်ပါထွက်ဆိုချက်ဖြစ်သည်– “မေရှိယ၏နိုင်ငံတော်သည် လူသားတို့၏ ပြဿနာရှိသမျှကို အပြီးကုစားနိုင်သော ဆေးစွမ်းကောင်းဖြစ်၍ ကမ္ဘာပေါ် ငြိမ်းချမ်းရေးကိုလည်းကောင်း၊ လူသားများပေါ် စေတနာကောင်းကိုလည်းကောင်း သက်ရောက်စေပြီး လူမျိုးအပေါင်း၏ လိုအင်ဆန္ဒကို ပြည့်ဝစေမည်ဖြစ်ကြောင်း၊ အစပြုပြီဖြစ်သည့် ဖြောင့်မတ်သောအုပ်ချုပ်မှုကို စိတ်လိုကိုယ်လျောက် နာခံသူတို့သည် ထာဝရငြိမ်းချမ်းမှု၊ အသက်၊ လွတ်လပ်မှုနှင့် မကုန်ခန်းနိုင်သော ရွှင်လန်းမှုကို ခံစားကြရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်ဝင်ယုံကြည်၍ ကြေညာသည်။” ဖောက်ပြန်သော ဤခေတ်ကြီး၌ လူ့အစိုးရများ၊ အထူးသဖြင့် ခရစ်ယာန်ဘောင်ထဲမှ အစိုးရများ ကမ္ဘာ့ပြဿနာများ ဖြေရှင်းရန် လုံးဝ မအောင်မြင်သဖြင့် အထက်ပါ တံပိုးခရာသံနှင့်တူသော စိန်ခေါ်ချက်သည် ၁၉၂၂ ခုနှစ်မှာထက် ပို၍ကျယ်လောင်၏။ အောင်ပွဲဆင် ခရစ်တော်လက်ထဲက ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်မှာ မှန်လိုက်လေခြင်း။
၂၀။ (က) ၁၉၂၂ ခုနှစ်မှစ၍ ဘိသိက်ခံခရစ်ယာန်များ အသင်းတော်သည် အဘယ်နည်းများဖြင့် တရားစီရင်ခြင်းသတင်းများကို တံပိုးခရာမှုတ်သလို ယနေ့တိုင် သတင်းဖြန့်လျက်ရှိသနည်း။ (ခ) ပထမ တံပိုးခရာမှုတ်ခြင်းကြောင့် ခရစ်ယာန်ဘောင်အတွင်း ဘာဖြစ်ခဲ့သနည်း။
၂၀ ဘိသိက်ခံခရစ်ယာန်များ၏ အသင်းတော်သည် သန္နိဋ္ဌာန်၊ ဝေစာ၊ စာအုပ်ငယ်၊ စာအုပ်ကြီး၊ မဂ္ဂဇင်းနှင့် ဟောပြောချက်များကိုသုံးလျက် အဆိုပါကြွေးကြော်ချက်နှင့် နောက်ပိုင်းကြွေးကြော်ချက်များကို တံပိုးခရာမှုတ်သည်ပမာ အသံလွှင့်ခဲ့ကြ၏။ ပထမတံပိုးခရာမှုတ်သံကြောင့် ခရစ်ယာန်ဘောင်သည် မာကျောသောမိုးသီးများဖြင့် ပစ်ပေါက်ခံရသည်အလား ဖြစ်ခဲ့သည်။ ၂၀ ရာစုစစ်များ၌ ခရစ်ယာန်ဘောင် ပါဝင်ဆင်နွှဲရာမှ ကျူးလွန်ခဲ့သော သွေးစွန်းခြင်းအပြစ်သည် ဘူးပေါ်သလို ပေါ်လာပြီး ၎င်းသည် ယေဟောဝါ၏ အမျက်တော်မီး မြှိုက်ခံထိုက်ကြောင်း ထင်ရှားလာသည်။ ယောဟန်အတန်းအစားသည် နောက်ပိုင်း၌ လူအုပ်ကြီး၏ထောက်မမှုဖြင့် ပထမတံပိုးမှုတ်သံကို ယနေ့တိုင် ပဲ့တင်ခတ်စေလျက်ရှိပြီး ခရစ်ယာန်ဘောင် ဖျက်ဆီးခံထိုက်သည်ဟူသော ယေဟောဝါ၏အမြင်ကို လူတို့အား သတိပြုမိစေသည်။—ဗျာဒိတ် ၇:၉၊ ၁၅။
မီးလောင်သော တောင်ပမာ
၂၁။ ဒုတိယကောင်းကင်တမန် တံပိုးခရာမှုတ်သောအခါ ဘာဖြစ်သနည်း။
၂၁ “ဒုတိယ ကောင်းကင်တမန် တံပိုးခရာမှုတ်လိုက်ရာ မီးလောင်လျက်ရှိသော တောင်ကြီးနှင့်တူသည့် အရာတစ်ခု ပင်လယ်ထဲသို့ ပစ်ချခံရ၏။ ပင်လယ် သုံးပုံတစ်ပုံသည် သွေးဖြစ်လေ၏။ ပင်လယ်ထဲမှ အသက်ရှိသောသတ္တဝါ သုံးပုံတစ်ပုံလည်း သေကြ၏။ သင်္ဘော သုံးပုံတစ်ပုံလည်း ပျက်စီးကြ၏။” (ဗျာဒိတ် ၈:၈၊ ၉) ဤကြောက်ဖွယ်မြင်ကွင်း ဘာကိုပုံခိုင်းသနည်း။
၂၂၊ ၂၃။ (က) အဘယ်သန္နိဋ္ဌာန်သည် ဒုတိယ တံပိုးခရာမှုတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဧကန်ဖြစ်သနည်း။ (ခ) “ပင်လယ်သုံးပုံတစ်ပုံ” သည် ဘာကိုတင်စားသနည်း။
၂၂ ၁၉၂၃၊ ဩဂုတ်လ ၁၈-၂၆ တွင် အမေရိကန်နိုင်ငံ၊
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်းဂျလိစ်မြို့၌ကျင်းပသော ယေဟောဝါလူမျိုးတော်၏ စည်းဝေးကြီးကို နောက်ခံထားလျှင် ၎င်းကိုနားလည်ဖို့ အလွယ်ကူဆုံးဖြစ်မည်။ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်၏ စနေနေ့ မွန်းလွဲပိုင်း ဟောပြောချက်မှာ “သိုးနှင့်ဆိတ်” ဟူသော ခေါင်းစဉ်ရှိ၏။ “သိုး” များမှာ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ မြေကြီးနယ်ပယ်ကိုအမွေခံမည့် ဖြောင့်မတ်သူများဖြစ်ကြောင်း ရှင်းလင်းစွာ တင်ပြလိုက်သည်။ ၎င်းနောက် သန္နိဋ္ဌာန်ချကြရာ “အယူဖောက်ပြန်သော ဓမ္မဆရာများနှင့် သူတို့၏သိုးထဲက အဓိပတိတည်းဟူသော လောကဆန်သည့် စီးပွားရေးနှင့် နိုင်ငံရေး ဩဇာရှင်ကြီးများ” ၏သီလကြောင်မှုကို အထူးအာရုံပြုစေသည်။ ၎င်းသန္နိဋ္ဌာန်က “ဂိုဏ်းဂဏကွဲပြားသော ချာ့ခ်ျအသင်းများထဲက ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို မြတ်နိုးသော လူပရိသတ်များ” အား “‘ဗာဗုလုန်’ ဟု သခင်သတ်မှတ်တော်မူသည့် မဖြောင့်မတ်သော ဘုန်းကြီးရဟန်းစနစ်များမှ ခွဲထွက်လာ” ပြီး “ဘုရားသခင့် နိုင်ငံတော်ကောင်းချီးများ ခံယူကြ” ရန် အသင့်ပြင်ကြပါဟု နှိုးဆော်လိုက်သည်။၂၃ ဒုတိယတံပိုးခရာ မှုတ်ခြင်းကြောင့် ဤသန္နိဋ္ဌာန် ပေါ်လာခြင်းဖြစ်သည်မှာ မုချ။ ၎င်းသတင်းကို လက်ခံကြမည့် ပုဂ္ဂိုလ်များသည် အောက်ပါအတိုင်း ဟေရှာယဖော်ပြသောသူတို့မှ ခွဲထွက်လာကြမည်ဖြစ်၏– “မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲလှုပ်ရှား၍ ရွှံ့နှင့်အမှိုက်ကိုပက်သော ပင်လယ်ရေနှင့်တူကြ၏။” (ဟေရှာယ ၅၇:၂၀; ၁၇:၁၂၊ ၁၃) သို့ဖြစ်၍ “ပင်လယ်” သည် ဆူပူသောင်းကျန်း တော်လှန်မှုများကို နှိုးဆွပေးသော မငြိမ်မသက် ယောက်ယက်ခတ်သည့် ပုန်ကန်သူလူသားများကို ဆီလျော်စွာပုံခိုင်း၏။ (ဗျာဒိတ် ၁၃:၁ နှိုင်းယှဉ်။) ထို “ပင်လယ်” ပျောက်ကွယ်မည့်အချိန် ရောက်လာမည်။ (ဗျာဒိတ် ၂၁:၁) စပ်ကြားကာလ၌ ဒုတိယတံပိုးခရာ မှုတ်ခြင်းနှင့်အတူ ၎င်း၏သုံးပုံတစ်ပုံတည်းဟူသော ခရစ်ယာန်ဘောင်နယ်ပယ်ထဲက ထိန်းမနိုင်သိမ်းမရသော အပိုင်းအပေါ် ယေဟောဝါ စီရင်ချက်ချတော်မူ၏။
၂၄။ ပင်လယ်ထဲသို့ ပစ်ချခံရသော မီးလောင်နေသည့် တောင်အစိုင်အခဲကြီးက ဘာကိုပုံခိုင်းသနည်း။
၂၄ မီးလောင်နေသော တောင်နှင့်တူသည့် အစိုင်အခဲကြီးတစ်ခု ထို “ပင်လယ်” ထဲသို့ ပစ်ချခံရလေသည်။ ကျမ်းစာ၌ တောင်များသည် အစိုးရများကို အထိမ်းအမှတ် ပြုလေ့ရှိသည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ကို တောင်တစ်လုံးအဖြစ် သရုပ်ဖော်၏။ (ဒံယေလ ၂:၃၅၊ ၄၄၊ ၄၅) ပျက်သုဉ်းသော ဗာဗုလုန်လည်း “မီးနှင့်ကျွမ်းလောင်သောတောင်” ဖြစ်ခဲ့သည်။ (ယေရမိ ၅၁:၂၅) သို့သော် ယောဟန်မြင်သည့် တောင်ကဲ့သို့သော အစိုင်အခဲကြီးသည် မီးလောင်လျက်ရှိသည်။ ပင်လယ်ထဲသို့ပစ်ချခံရသော ၎င်း၏အဖြစ်က ပထမကမ္ဘာစစ်အတွင်းနှင့် အပြီး၌ လူသားတို့ဘောင်တွင် အုပ်ချုပ်ရေးဆိုင်ရာ တောက်လောင်သော ပြဿနာတစ်ရပ် ဖြစ်ခဲ့ကြောင်းကို သင့်လျော်စွာ ပုံဆောင်ပေသည်။ အထူးသဖြင့် ခရစ်ယာန်ဘောင်အတွင်းဖြစ်၏။ အီတလီနိုင်ငံ၌ မူဆိုလီနီက ဖက်ဆစ်ဝါဒကို စတင်လိုက်သည်။ ဂျာမနီက ဟစ်တလာ၏ နာဇီဝါဒကို လက်ခံလိုက်ပြီး အခြားနိုင်ငံများက ဆိုရှယ်လစ်ဝါဒအမျိုးမျိုးကို စမ်းသပ်အသုံးပြုကြသည်။ ရုရှားနိုင်ငံ၌ အမြစ်လှန် ပြောင်းလဲမှုတစ်ရပ် ဖြစ်ပွားပြီး ဗော်လ်ရှီဗစ်တော်လှန်ရေးကြောင့် ပထမကွန်မြူနစ်နိုင်ငံ ဖြစ်ပေါ်လာ၍ ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်များသည် တစ်ချိန်က မိမိတို့ခံတပ်စွဲခဲ့သည့် နေရာများ၌ ဩဇာအာဏာ လက်လွတ်ခဲ့ရလေသည်။
၂၅။ ဒုတိယကမ္ဘာစစ်ပြီးနောက် အုပ်ချုပ်ရေးသည် အဘယ်နည်းဖြင့် ယနေ့တိုင် ရဲရဲတောက်ပြဿနာ ဖြစ်လျက်နေသနည်း။
၂၅ ဖက်ဆစ်နှင့် နာဇီစမ်းသပ်မှုများသည် ဒုတိယကမ္ဘာစစ်အတွင်း ချုပ်ငြိမ်းသွားသော်လည်း အုပ်ချုပ်ရေးသည် ရဲရဲတောက်ပြဿနာ ဖြစ်လျက်ရှိဆဲပင်။ လူ့ပင်လယ်သည် တော်လှန်ရေးအစိုးရသစ်များကို အဆက်မပြတ် ပေါက်ဖွားစေသည်။ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်များအတွင်း တရုတ်၊ ဗီယက်နမ်၊ ကျူးဘားနှင့် နီကာရာဂွာတို့၌ ထိုအစိုးရသစ်များ တည်ထောင်ခဲ့သည်။ ဂရိနိုင်ငံ၌ စစ်အာဏာရှင်စနစ်ကို စမ်းသပ်ရာ မအောင်မြင်ခဲ့။ ကမ်ပူချား (ကမ္ဘောဒီးယား) တွင် အခြေခံကွန်မြူနစ်ဝါဒသို့ တစ်ဖြုတ်လောက် သွေဖည်ခဲ့ရာမှ လူနှစ်သန်းမက သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
၂၆။ “မီးလောင်လျက်ရှိသောတောင်” သည် အဘယ်နည်းဖြင့် ယနေ့တိုင် လူသားပင်လယ်အတွင်း လှိုင်းဂယက် ထစေလျက်ရှိသနည်း။
၂၆ “မီးလောင်လျက်ရှိသော တောင်ကြီး” သည် လူသားပင်လယ်ထဲ၌ ယနေ့တိုင် အဆက်မပြတ် လှိုင်းဂယက်ထစေ၏။ အာဖရိကတိုက်၊ အမေရိကတိုက်များ၊ အာရှတိုက်နှင့် ပစိဖိတ်ကျွန်းများ၌ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ပွဲများ ဆင်နွှဲလျက်ရှိကြောင်း ကြားသိရပါသည်။ အဆိုပါတိုက်ပွဲအများမှာ ခရစ်ယာန်ဘောင်နိုင်ငံများ၊ သို့မဟုတ် ခရစ်ယာန်ဘောင် သာသနာပြုများ ဘက်လိုက်အုံကြွမှုတွင် ပါဝင်သောနိုင်ငံများ၌ ဖြစ်ပွားလျက်ရှိသည်။ ရိုမင်ကက်သလစ်ဘုန်းကြီးများပင် ကွန်မြူနစ် ပြောက်ကျားတပ်သားများ အဖြစ်ဖြစ်စေ၊ ပြောက်ကျားတပ်သားများနှင့် ပူးတွဲ၍ဖြစ်စေ တိုက်ပွဲဝင်ခဲ့ကြလေပြီ။ တစ်ချိန်တည်း၌ ပရိုတက်စတင့် ဧဝံဂေလိအုပ်စုများလည်း ကွန်မြူနစ်တို့၏ “ဆိုးညစ်ရက်စက်၍ အငတ်မပြေနိုင်သော အာဏာရမ္မက်” ကိုတန်ပြန်ရန် ဗဟိုအမေရိကတွင် လုပ်ဆောင်ခဲ့ကြသည်။ သို့သော် လူသားပင်လယ်ထဲမှ ဤသိမ့်သိမ့်တုန်မှုတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို မဆောင်ကြဉ်းခဲ့ပါ။—ဟေရှာယ ၂၅:၁၀-၁၂; ၁ သက်သာလောနိတ် ၅:၃ နှိုင်းယှဉ်။
၂၇။ (က) “ပင်လယ်သုံးပုံတစ်ပုံ” သည် မည်သို့သွေးဖြစ်သွားသနည်း။ (ခ) ‘ပင်လယ်ထဲမှ သတ္တဝါ သုံးပုံတစ်ပုံ’ မည်သို့သေခဲ့၍ “သင်္ဘော သုံးပုံတစ်ပုံလည်း” မည်သို့ဖြစ်လိမ့်မည်နည်း။
၂၇ ဘုရားသခင့် နိုင်ငံတော်အုပ်ချုပ်မှုကို နာခံမည့်အစား အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ တော်လှန်ရေးတိုက်ပွဲများ၌ ပါဝင်ကြသော ထိုလူသားတို့သည် သွေးစွန်းခြင်းအပြစ်နှင့် မကင်းကြောင်း ဒုတိယ တံပိုးခရာမှုတ်ခြင်းက ထင်ရှားစေပါသည်။ အထူးသဖြင့် ခရစ်ယာန်ဘောင်၏ “ပင်လယ်သုံးပုံတစ်ပုံ” သည် သွေးဖြစ်ခဲ့ပြီ။ ၎င်းထဲမှသက်ရှိမှန်သမျှ ဘုရားသခင့် မျက်စိတော်အောက်၌ သေလျက်ရှိကြသည်။ သင်္ဘောများအလား ပင်လယ်သုံးပုံတစ်ပုံထဲတွင် ပေါလောမျောနေသော ထိုတော်လှန်ရေးအဖွဲ့တစ်ခုမျှ အဆုံး၌ သင်္ဘောပျက်ကပ်နှင့် မလွတ်နိုင်။ သိုးကဲ့သို့သော လူသန်းပေါင်းများစွာတို့သည် တံပိုးခရာကဲ့သို့သော ဆော်သြသံကိုနာခံ၍ ၎င်းပင်လယ်၏ အမြင်ကျဉ်းသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့် သွေးစွန်းခြင်းအပြစ်ထဲ၌ ယခုတိုင် လူးလွန့်နစ်မွန်းနေသော သူများထဲမှ ယခု ခွဲထွက်လာကြသည့်အတွက် ကျွန်ုပ်တို့ ဝမ်းသာလိုက်လေခြင်း။
ကြယ်တစ်လုံး ကောင်းကင်မှကျလာ
၂၈။ တတိယကောင်းကင်တမန် တံပိုးမှုတ်သောအခါ ဘာဖြစ်သနည်း။
၂၈ “တတိယ ကောင်းကင်တမန် တံပိုးခရာမှုတ်လိုက်ရာ မီးခွက်ပမာ ထွန်းတောက်သော ကြယ်ကြီးတစ်လုံး ကောင်းကင်မှကျလာ၍ မြစ်သုံးပုံတစ်ပုံနှင့် စမ်းရေပေါက်များအပေါ်သို့ ကျလေ၏။ ထိုကြယ်၏အမည်မှာ ဒေါနဖြစ်၏။ ရေသုံးပုံတစ်ပုံသည် ဒေါနအရည်ဖြစ်သွားရာ ထိုရေခါးကြောင့် လူများစွာ သေကြ၏။” (ဗျာဒိတ် ၈:၁၀၊ ၁၁) ဤကျမ်းချက် သခင့်နေ့တော်အတွင်း မည်သို့သက်ဆိုင်ကြောင်း သိမြင်နိုင်ရန် အခြားကျမ်းပိုင်းများက တစ်ဖန် အထောက်အကူ ပြုပြန်သည်။
၂၉။ “မီးခွက်ပမာထွန်းတောက်သော ကြယ်ကြီးတစ်လုံး” ၏ပုံခိုင်းချက်ကို ဘာကပြည့်စုံစေသနည်း။
၂၉ အသင်းတော်ခုနစ်ပါးထံ ယေရှုပေးပို့သော သတင်းတော်များ၌ ကြယ်၏ပုံခိုင်းချက်ကို ကျွန်ုပ်တို့တွေ့ခဲ့ပြီဖြစ်သည်။ ထိုသတင်းတော်များ၌ ကြယ်ခုနစ်လုံးသည် အသင်းတော်များထဲက အကြီးအကဲများကို ပုံခိုင်း၏။ * (ဗျာဒိတ် ၁:၂၀) ဘိသိက်ခံ ‘ကြယ်များ’ သည် အခြားဘိသိက်ခံများ အားလုံးနှင့်တကွ ကောင်းကင်အမွေခံအဖြစ် ဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်ခံရသည့် အချိန်မှစ၍ ဝိညာဉ်ရေးအရ ကောင်းကင်ဆိုင်ရာ နေရာများ၌ နေကြ၏။ (ဧဖက် ၂:၆၊ ၇) သို့ရာတွင် တမန်တော်ပေါလုက ကြယ်နှင့်တူသော ထိုပုဂ္ဂိုလ်များထဲမှ အယူဖောက်ပြန်သူများနှင့် ဂိုဏ်းဂဏဝါဒီများ ပေါ်လာ၍ သိုးများကို လမ်းလွဲစေမည်ဟု သတိပေးခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀) ထိုသို့သော သစ္စာဖောက်မှုကြောင့် အယူဖောက်ပြန်မှုကြီး ဖြစ်ပေါ်လာပြီး လမ်းလွဲသွားသော ထိုအကြီးအကဲများသည် ပေါင်းစပ်အဓမ္မလူဖြစ်လာကာ လူသားများအလယ်တွင် မိမိတို့ကိုယ်ကို ဘုရားနှင့်တူသောအဆင့်သို့ ချီးမြှင့်လိမ့်မည်ဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၃၊ ၄) ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ခရစ်ယာန်ဘောင် ဓမ္မဆရာအုပ်စု ပေါ်ပေါက်လာသောအခါ ပေါလု၏သတိပေးချက် ပြည့်စုံ လာ၏။ “မီးခွက်ပမာ ထွန်းတောက်သောကြယ်ကြီး” ဖြင့် ဤအုပ်စုကို တင်စားသည်မှာ ဆီလျော်လှ၏။
၃၀။ (က) ဗာဗုလုန်ဘုရင်ကို ကောင်းကင်မှကျလာသူအဖြစ် ပြောဆိုစဉ် ဘာကိုဆိုလိုသနည်း။ (ခ) ကောင်းကင်မှကျခြင်းသည် ဘာကိုရည်ညွှန်းနိုင်သနည်း။
၃၀ ကောင်းကင်မှ ထိုကြယ်ကျလာသည်ကို ယောဟန်မြင်ရ၏။ မည်သို့ကျလာသနည်း။ ရှေးဘုရင်တစ်ပါး၏ အတွေ့အကြုံကိုကြည့်လျှင် နားလည်နိုင်မည်။ ဗာဗုလုန်ဘုရင်အား ဟေရှာယဤသို့ဆို၏– “အိုနံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည် မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။” (ဟေရှာယ ၁၄:၁၂) ကုရု၏တပ်များ ဗာဗုလုန်ကို ဖြိုလှဲသဖြင့် ၎င်း၏ဘုရင်လည်း ကမ္ဘာ့အုပ်စိုးရှင်အဆင့်မှ ရုတ်တရက် အရှက်တကွဲ ပြုတ်ကျသောအခါ အထက်ပါပရောဖက်ပြုချက် ပြည့်စုံလာသည်။ သို့ဖြစ်၍ ကောင်းကင်မှကျခြင်းသည် မြင့်သောရာထူးကို လက်လွတ်ဆုံးရှုံး၍ သိက္ခာကျဆင်းခြင်းကို ရည်ညွှန်းနိုင်သည်။
၃၁။ (က) ခရစ်ယာန်ဘောင် ဓမ္မဆရာအဖွဲ့သည် အဘယ်အချိန်တွင် “ကောင်းကင်” အဆင့်မှ ကျဆင်းခဲ့သနည်း။ (ခ) ဓမ္မဆရာအဖွဲ့ တိုက်ကျွေးသောရေသည် မည်သို့ “ဒေါန” ဖြစ်သွား၍ လူအများ ဘာဖြစ်ကြသနည်း။
၃၁ ခရစ်ယာန်ဘောင် ဓမ္မဆရာအုပ်စုသည် ခရစ်ယာန်ဘာသာစစ်မှ အယူဖောက်ပြန်သွားသောအခါ ဧဖက် ၂:၆၊ ၇ ၌ ပေါလုဖော်ပြသော မြင့်မားသည့် “ကောင်းကင်” အဆင့်မှ ကျဆင်းလာသည်။ သူတို့သည် လတ်ဆတ်သော သမ္မာတရား ရေချိုအစား၊ ငရဲမီး၊ ငရဲကလေး၊ သုံးပါးပေါင်းတစ်ဆူ၊ ကံကြမ္မာအယူ စသော မုသားခါးဖြစ်သည့် “ဒေါန” ကိုတိုက်ကျွေး၏။ ထိုမျှမက၊ အကျင့်ကောင်းသော ဘုရားသခင့်ကျွန်များဖြစ်လာစေမည့်အစား တိုင်းနိုင်ငံများအား စစ်တလင်းသို့ ခေါ်ဆောင်သွားသည်။ ရလဒ်ကား အဘယ်နည်း။ ထိုမုသားများကို ယုံကြည်သူတို့သည် ဝိညာဉ်ရေးဘက် အဆိပ်သင့်ကုန်ကြသည်။ သူတို့၏အဖြစ်သည် ယေရမိလက်ထက်က သစ္စာဖောက် ဣသရေလလူတို့၏ အဖြစ်နှင့်တူသည်။ ထိုသူတို့အား ယေဟောဝါက “သူတို့ကို ဒေါနနှင့် ငါကြွေး၍ အဆိပ်ရေကို တိုက်မည်။ အကြောင်းမူကား ယေရုရှလင်မြို့ရှိ ပရောဖက်တို့မှ ဘုရားမဲ့နေခြင်းအရာ [“အယူဖောက်ပြန်မှု၊” ကဘ] သည် တစ်ပြည်လုံးကို နှံ့ပြားလေပြီ” ဟုမိန့်တော်မူ၏။—ယေရမိ ၉:၁၅; ၂၃:၁၅၊ သမ္မာ။
၃၂။ ခရစ်ယာန်ဘောင် ဝိညာဏကောင်းကင်မှ ကျဆင်းခြင်းသည် မည်သည့်အခါ သိသာလာပြီး ပြဇာတ်ပမာ မည်သို့ထင်ရှားလာသနည်း။
၃၂ ဤသူတို့ ဝိညာဏကောင်းကင်မှ ကျခြင်းသည် ၁၉၁၉ ခုနှစ်၌ သိသာထင်ရှားလာသည်။ ထိုနှစ်၌ ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်လေးသည် ခရစ်ယာန်ဘောင် ဓမ္မဆရာအုပ်စုအစား နိုင်ငံတော်မှုရေးကိစ္စများ စောင့်ထိန်းဖို့ ခန့်အပ်တော်မူခြင်း ခံရသည်။ (မဿဲ ၂၄:၄၅-၄၇) ၁၉၂၂ ခုနှစ်မှစ၍ ဤခရစ်ယာန်အုပ်စုက ခရစ်ယာန်ဘောင် ဓမ္မဆရာအုပ်စု၏ ပျက်ကွက်မှုကို ဘွင်းဘွင်းရှင်းရှင်း ဖော်ထုတ်ရေးတည်းဟူသော ကင်ပိန်းကို ပြန်စလိုက်ရာ အဆိုပါကျဆင်းခြင်းသည် ပြဇာတ်ပမာ ပေါ်လွင်လာသည်။
၃၃။ ၁၉၂၄ ခုနှစ် အမေရိကန်ပြည်ထောင်စု အိုဟိုင်အိုပြည်နယ်၊ ကိုလမ်ဘတ်စ်မြို့ စည်းဝေးကြီး၌ ခရစ်ယာန်ဘောင် ဓမ္မဆရာအဖွဲ့၏ အတွင်းရေးကို မည်သို့အထုပ်ဖြေခဲ့သနည်း။
၃၃ ဤကိစ္စနှင့်စပ်လျဉ်း၍ အပေါ်လွင်ဆုံးအချက်မှာ “ခေတ်များဟေရှာယ ၆၁:၂။
အတွင်း ကျမ်းစာကျောင်းသားများ၏ အကြီးကျယ်ဆုံးသော စည်းဝေးကြီး” ဟူ၍ ရွှေခေတ် မဂ္ဂဇင်း ဖော်ပြသည့်စည်းဝေးကြီး၌ ထုတ်လွှင့်သော ကြွေးကြော်ချက်ပင်ဖြစ်သည်။ ထိုစည်းဝေးကြီးကို ၁၉၂၄၊ ဇူလိုင်လ ၂၀-၂၇ ရက်အတွင်း အိုဟိုင်အိုပြည်နယ်၊ ကိုလမ်ဘတ်စ်မြို့၌ ကျင်းပသည်။ ထိုစည်းဝေးကြီး၌ အားမာန်ပါသော သန္နိဋ္ဌာန်တစ်ရပ်ချခဲ့ပြီး နောက်ပိုင်း၌ ၎င်းကို ဝေစာအဖြစ် ရွက်ရေ သန်း ၅၀ ဖြန့်ဝေခဲ့သည်မှာ တတိယတံပိုးခရာကိုမှုတ်သော ကောင်းကင်တမန် ညွှန်ကြားမှု၌ ပြုခြင်းဖြစ်ကြောင်း သံသယမရှိ။ ၎င်းဝေစာကို ဓမ္မဆရာများအား စွဲချက်တင်ခြင်း ဟုခေါင်းစဉ်တပ်၍ ဖြန့်ချိခဲ့သည်။ ခေါင်းစဉ်ငယ်တစ်ခုက “ကတိတော်ဆိုင်ရာ အမျိုးအနွယ်နှင့် မြွေ၏အမျိုးအနွယ် တိုက်ခိုက်ခြင်း” ဟူသောအရေးကိစ္စကို တင်ပြ၏။ ထိုစွဲချက်က ခရစ်ယာန်ဘောင်ဓမ္မဆရာများ ဘာသာရေး ဘွဲ့ထူးကြီးများ ခံယူခြင်း၊ စီးပွားရေး ပဂေးကြီးများနှင့် ကြေးစားနိုင်ငံရေးသမားများကို မိမိတို့သိုးအုပ်ထဲတွင် အဓိပတိများအဖြစ် မြှောက်စားထားခြင်း၊ လူရှေ့သူရှေ့ ဂုဏ်ဖော်လိုခြင်း၊ မေရှိယနိုင်ငံတော်သတင်းကို လူတို့အား မဟောပြောဘဲငြင်းဆန်ခြင်း စသည့်ကိစ္စများတွင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ဖော်ဝေဖန်လိုက်သည်။ အပ်နှံထားသော ခရစ်ယာန်ယောက်တိုင်း “ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို” ကြွေးကြော်၍ “စိတ်မသာ ညည်းတွားသော သူတို့အား နှစ်သိမ့်” ရန် ခန့်အပ်တော်မူခြင်းခံရကြောင်း အလေးအနက် တင်ပြလိုက်သည်။—၃၄၊ ၃၅။ (က) တတိယကောင်းကင်တမန် တံပိုးမှုတ်ချိန်မှစ၍ ဓမ္မဆရာအဖွဲ့၏ ဩဇာအာဏာ မည်သို့ဖြစ်လာသနည်း။ (ခ) ခရစ်ယာန်ဘောင် ဓမ္မဆရာအဖွဲ့၏ နောင်ရေးမှာ မည်သို့နည်း။
၃၄ တတိယ ကောင်းကင်တမန် တံပိုးခရာမှုတ်သည့်အချိန်မှစ၍ လူ့ဘောင်အလယ်၌ ခြယ်လှယ်သော ဓမ္မဆရာများ၏ ကြီးစိုးခြင်းရာထူးသည် လျှောကျလျက်ရှိလာရာ ယခုခေတ် ယခုအချိန်တွင် လွန်ခဲ့သောရာစုနှစ်များတစ်လျှောက် သူတို့အပိုင်ယူခဲ့သော ဘုရားတမျှသော အာဏာကို သူတို့ထဲက အနည်းငယ်သာ စွဲကိုင်ထားကြတော့သည်။ ယေဟောဝါသက်သေများ၏ ဟောပြောခြင်းကြောင့် ဓမ္မဆရာအဖွဲ့ ပို့ချသော အယူဝါဒများစွာသည် ဝိညာဏအဆိပ်အတောက်—“ဒေါန” ဖြစ်ကြောင်း လူဒုနှင့်ဒေး သိမြင်လာကြပြီ။ ထိုမျှမက၊ ဥရောပမြောက်ပိုင်းမှ ဓမ္မဆရာအဖွဲ့၏ အာဏာသည် ကုန်လုခမန်းဖြစ်၍ အခြားနိုင်ငံများမှာမူ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အစိုးရများက တင်းကြပ်စွာ ချုပ်ချယ်ထားသည်။ ဥရောပနှင့် အမေရိကတိုက်များမှ ကက်သလစ်ကြီးစိုးသော ဒေသများတွင် ဓမ္မဆရာများသည် စီးပွားရေး၊ နိုင်ငံရေးနှင့် စာရိတ္တပိုင်းတွင် ဟိုးလေးတကျော် အကျင့်ပျက်ပြားမှုကြောင့် သိက္ခာကျခဲ့ကြပြီ။ သူတို့သည် အခြားသော မိစ္ဆာဘာသာရေးသမားများ အားလုံးကြုံရသောကြမ္မာနှင့် တွေ့ရတော့မည်ဖြစ်၍ ယခုအချိန်မှစ၍ သူတို့၏အခြေအနေသည် ဆိုးသည်ထက် ဆိုးရုံသာရှိ၏။—ဗျာဒိတ် ၁၈:၂၁; ၁၉:၂။
၃၅ ယေဟောဝါသည် ခရစ်ယာန်ဘောင်ကို ကပ်တိုက်၍မပြီးသေးပါ။ စတုတ္ထ တံပိုးခရာမှုတ်သည့်နောက် ဘာဖြစ်ပျက်သည်ကို ကြည့်ပါ။
မှောင်မည်းခြင်း
၃၆။ စတုတ္ထကောင်းကင်တမန် တံပိုးခရာမှုတ်သည့်နောက် ဘာဖြစ်သနည်း။
၃၆ “စတုတ္ထ ကောင်းကင်တမန် တံပိုးခရာမှုတ်လိုက်ရာ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံ၊ ကြယ်များ၏သုံးပုံတစ်ပုံသည် ဒဏ်ခတ်ခံရ၏။ သို့နှင့် နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် မှောင်မိုက်၍ နေ့၏သုံးပိုင်းတစ်ပိုင်းဗျာဒိတ် ၈:၁၂) အီဂျစ်ပြည်ပေါ် ကျရောက်သော နဝမကပ်ဘေးသည် ပကတိအမှောင်ဖြစ်၏။ (ထွက်မြောက်ရာ ၁၀:၂၁-၂၉) သို့သော် လူတို့ကိုကပ်တိုက်သည့် ပုံခိုင်းချက်ဖြစ်သော ဤအမှောင်ကား အဘယ်နည်း။
သည် အလင်းမရ၊ ညလည်း ထို့အတူဖြစ်လေ၏။” (၃၇။ တမန်တော်ပေတရုနှင့် ပေါလုတို့က ခရစ်ယာန်အသင်းတော်ပြင်ပရှိ လူတို့၏ ဝိညာဉ်ရေးအခြေအနေကို မည်သို့ဖော်ပြသနည်း။
၃၇ တမန်တော်ပေတရုက မိမိ၏ယုံကြည်သူချင်းများသည် ခရစ်ယာန်ဖြစ်မလာမီက ဝိညာဉ်ရေးအရ အမှောင်ထဲတွင် ရှိခဲ့ကြသည်ဟုဆို၏။ (၁ ပေတရု ၂:၉) ပေါလုလည်း ခရစ်ယာန်အသင်းတော် ပြင်ပမှလူတို့၏ ဝိညာဉ်ရေးအခြေအနေကို ဖော်ပြရာ၌ “မှောင်မိုက်” ဟူသောစကားကို သုံးစွဲ၏။ (ဧဖက် ၅:၈; ၆:၁၂; ကောလောသဲ ၁:၁၃; ၁ သက်သာလောနိတ် ၅:၄၊ ၅) သို့သော် ဘုရားသခင်ကို ယုံကြည်သည်၊ ယေရှုကိုကယ်တင်ရှင်အဖြစ် လက်ခံသည်ဟုဆိုကြသော ခရစ်ယာန်ဘောင်ထဲမှလူများကို မည်သို့ဆိုမည်နည်း။
၃၈။ စတုတ္ထ ကောင်းကင်တမန်က ခရစ်ယာန်ဘောင်၏ “အလင်း” နှင့်ပတ်သက်၍ အဘယ်အဖြစ်မှန်ကို တံပိုးမှုတ်၍ ကြေညာသနည်း။
၃၈ ယေရှုက ခရစ်ယာန်စစ်များကို သူတို့၏အသီးအပွင့်အားဖြင့် ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိနောက်လိုက် အမည်ခံသူများစွာတို့မှာ “အဓမ္မအမှုကို ပြုသောသူ” များဖြစ်မည်ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၇:၁၅-၂၃) ခရစ်ယာန်ဘောင် နေရာယူထားသော ကမ္ဘာ့သုံးပုံတစ်ပုံ၏ အသီးအပွင့်ကိုကြည့်မြင်ပြီး ၎င်းသည် ထူထပ်သောဝိညာဏအမှောင်ထုကြီးထဲ၌ စမ်းတဝါးဝါး သွားလာနေကြောင်း မည်သူမျှ မငြင်းဆိုနိုင်။ (၂ ကောရိန္သု ၄:၄) ၎င်းသည် ခရစ်ယာန်အမည်ခံသောကြောင့် အပြစ်တင် အခံထိုက်ဆုံးဖြစ်၏။ ထို့ကြောင့် စတုတ္ထကောင်းကင်တမန်က ခရစ်ယာန်ဘောင်၏ “အလင်း” သည် အမှန်အားဖြင့် အမှောင်သာဖြစ်၍ ၎င်း၏ “အလင်း” ပေးရာဌာနများသည်လည်း ခရစ်ယာန်ဘာသာမဟုတ်ဘဲ ဗာဗုလုန်ပင်ရင်းဖြစ်ကြောင်း တံပိုးခရာမှုတ်၍ ကြေညာသည်မှာ သင့်လျော်လှ၏။—မာကု ၁၃:၂၂၊ ၂၃; ၂ တိမောသေ ၄:၃၊ ၄။
၃၉။ (က) ၁၉၂၅ ခုနှစ် စည်းဝေးကြီး၌ ချခဲ့သောသန္နိဋ္ဌာန်က ခရစ်ယာန်ဘောင်၏မိစ္ဆာ “အလင်း” ကို မည်သို့ဖော်ပြသနည်း။ (ခ) ၁၉၅၅ ခုနှစ်၌ နောက်ထပ်မည်သို့ အထုပ်ဖြေပြန်သနည်း။
၃၉ ဘုရားသခင့်လူမျိုးတော်သည် ထိုကောင်းကင်မှလာသော ကြွေးကြော်ချက်နှင့်အညီ ၁၉၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု အင်ဒီယန်းနားပြည်နယ်၊ အင်ဒီယန်နက်ပလစ်စ်မြို့ စည်းဝေးပွဲကြီးတစ်ခုတွင် ခန်းလုံးပြည့်စည်းဝေးပြီး “မျှော်လင့်ခြင်းသတင်း” ခေါင်းစဉ်တပ် တိကျပြတ်သားသော သန္နိဋ္ဌာန်တစ်ရပ်ကို ဖြန့်ချိရန် အတည်ပြုလိုက်သည်။ ဤတစ်ကြိမ်လည်း ဘာသာစကားပေါင်း များစွာဖြင့် ရွက်ရေ သန်း ၅၀ ဖြန့်ဝေခဲ့ပြန်သည်။ ၎င်းက စီးပွားရေးခေါင်းပုံဖြတ် အမြတ်ကြီးစားများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဘာသာရေးဓမ္မဆရာအဖွဲ့ ပေါင်းစပ်၍ကမ်းလှမ်းသော မိစ္ဆာအလင်းကိုလည်းကောင်း၊ ယင်းကြောင့် “လူတို့သည် အမှောင်ထဲသို့ကျဆင်းရ” ကြောင်းကိုလည်းကောင်း ထုတ်ဖော်ရေးသားလိုက်သည်။ ၎င်းဝေစာက ဘုရားသခင့်နိုင်ငံတော်သာလျှင် “ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာမှု၊ အသက်ရှင်မှု၊ လွတ်လပ်မှုနှင့် ထာဝရပျော်ရွှင်မှု ကောင်းချီးများ” ရယူခံစားစေနိုင်မည့် မျှော်လင့်ချက်အစစ်ဖြစ်ကြောင်း ပြညွှန်ထားသည်။ ဘိသိက်ခံခရစ်ယာန် အုပ်စုကလေးအနေနှင့် ဧရာမခရစ်ယာန်ဘောင် အဖွဲ့အစည်းကြီးကို ဆန့်ကျင်၍ ဤသို့သောသတင်းကို ကြွေးကြော်ရသည်မှာ သတ္တိရှိဖို့လို
၏။ သို့တစေ၊ သူတို့သည် ၁၉၂၀ ပြည့်လွန်နှစ်များ၏ အဦးပိုင်းမှ ယနေ့တိုင်အောင် ထိုသို့ မသွေမဖည်ပြုလာခဲ့သည်။ များမကြာမီ၊ ၁၉၅၅ ခုနှစ်၌ “လောကအလင်း” ကား အဘယ်အရာနည်း—ခရစ်ယာန်ဘောင်လော၊ ခရစ်ယာန်ဘာသာလော အမည်တပ် စာအုပ်ငယ်ကို ကမ္ဘာတစ်ဝန်း ဘာသာစကားပေါင်းများစွာ ဝေငှခြင်းဖြင့် ဓမ္မဆရာအတန်းအစား၏ အတွင်းရေးကို အထုပ်ဖြေလိုက်ပြန်သည်။ ယနေ့၊ ခရစ်ယာန်ဘောင်၏ အရေခြုံမှုသည် အထင်းသားဖြစ်၍ ကမ္ဘာပေါ်ရှိ လူအမြောက်အမြား ကိုယ်တိုင်ကိုယ်ကျ တွေ့နိုင်ကြသည်။ သို့တစေ၊ ယေဟောဝါ၏ လူမျိုးတော်က ခရစ်ယာန်ဘောင်သည် မှောင်မိုက်သောနိုင်ငံဖြစ်ကြောင်း မရပ်မနား ဖော်ထုတ်လျက်ရှိခဲ့သည်။ပျံဝဲလျက်နေသော လင်းယုန်
၄၀။ တံပိုးခရာ လေးလက်မှုတ်ခြင်းက ခရစ်ယာန်ဘောင် ဘာဖြစ်ကြောင်းပြသနည်း။
၄၀ ပထမ တံပိုးခရာလေးလက် မှုတ်ခြင်းကြောင့် ခရစ်ယာန်ဘောင်၏ လူခြေတိတ်၍ သေစေတတ်သော အခြေအနေသည် တကယ်ပင် ဘူးပေါ်သလို ပေါ်လာသည်။ ၎င်းနှင့်ဆိုင်သော “မြေကြီး” အပိုင်းသည် ယေဟောဝါ၏ပြစ်မိန့် ပေးခံထိုက်ကြောင်း ပေါ်လွင်ခဲ့သည်။ ခရစ်ယာန်ဘောင်၏ နိုင်ငံဒေသများနှင့် အခြားဒေသများ၌ ပေါ်လာသော တော်လှန်ရေးအစိုးရတို့သည် ဝိညာဏအသက်ကို အန္တရာယ်ပြုနိုင်ကြောင်း ထင်ရှားလာသည်။ ၎င်း၏ဓမ္မဆရာအဖွဲ့ လျှောကျသည့်အဖြစ်သည် အထင်းသားရှိပြီး ၎င်း၏မှောင်မိုက်သော ဝိညာဉ်ရေးအခြေအနေလည်း လူတကာမြင်နိုင်အောင် အထုပ်ဖြေခံရလေပြီ။ ခရစ်ယာန်ဘောင်သည် စာတန့်စနစ်၏ အပြစ်အကြီးဆုံးအပိုင်း အမှန်ဖြစ်၏။
၄၁။ တံပိုးခရာ တစ်လက်ပြီးတစ်လက် ဆက်တိုက်မှုတ်ခြင်း ခေတ္တရပ်နားစဉ် ယောဟန် ဘာကိုမြင်ရကြားရသနည်း။
၄၁ နောက်ထပ် ဘာဖော်ပြစရာ ရှိသနည်း။ ဤမေးခွန်း၏အဖြေကို ကျွန်ုပ်တို့မရရှိမီ တံပိုးခရာ တစ်လက်ပြီးတစ်လက် ဆက်တိုက်မှုတ်ခြင်း ခေတ္တရပ်နားသွားသည်။ ရှေ့ဆက်မြင်ရသော အမှုအရာကို ယောဟန် ဤသို့ဖော်ပြလိုက်သည်– “ထိုအခါ လင်းယုန်တစ်ကောင်သည် ကောင်းကင်အလယ်၌ ပျံဝဲလျက်နေသည်ကို ငါမြင်ရ၏။ ထိုငှက်က ‘ကောင်းကင်တမန်သုံးပါး မှုတ်တော့မည့် ကြွင်းသောတံပိုးခရာ မှုတ်သံများကြောင့် မြေကြီးပေါ် နေထိုင်သူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ရှိ၏’ ဟု ကျယ်သောအသံဖြင့် ပြောဆိုသည်ကို ငါကြားရ၏။”—ဗျာဒိတ် ၈:၁၃။
၄၂။ ပျံနေသည့်လင်းယုန်သည် ဘာကိုအဓိပ္ပာယ် ဆောင်ဖွယ်ရှိသနည်း။
၄၂ လင်းယုန်သည် မြင့်မားသော ကောင်းကင်ယံတွင် ပျံဝဲသောကြောင့် ၎င်းကို ကျယ်ဝန်းသော ဧရိယာအတွင်း နေရာအနှံ့မှလူတို့ မြင်နိုင်ကြ၏။ ၎င်းသည် စက္ခုအာရုံ စူးရှသဖြင့် ရှေ့တူရူ ဝေးလံသောနေရာကို မြင်နိုင်၏။ (ယောဘ ၃၉:၂၉) ဘုရားသခင့် ပလ္လင်တော်ဝန်းကျင်မှ သက်ရှိသတ္တဝါ လေးပါးထဲက တစ်ပါးကို ပျံနေသည့်လင်းယုန်ဖြင့် ပုံဖော်ထား၏။ (ဗျာဒိတ် ၄:၆၊ ၇) ဤခေရုဗိမ်ဖြစ်စေ၊ ဘုရားသခင်၏ အမြော်အမြင်ရှိ အခြားအစေခံတစ်ဦးဖြစ်စေ “အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ရှိ၏” ဟူသော အားပါသည့်သတင်းကို ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ ထိုအမင်္ဂလာတစ်ခုချင်းနှင့် ဆက်စပ်နေသော ကျန်တံပိုးခရာ သုံးလက်မှုတ်သံကို ကြားရသည်နှင့်အမျှ မြေကြီးပေါ် နေထိုင်သူများအနေနှင့် သတိပြုကြပါစေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 လူအုပ်ကြီးသည် သူတို့နှင့်မတူ၊ ယေဟောဝါ၏ မျက်မာန်တော်အပူရှိန် စူးရှခြင်းကိုမခံရဟု ဗျာဒိတ် ၇:၁၆ က တင်ပြသည်။
^ အပိုဒ်၊ 29 ယေရှု၏ လက်ယာလက်ထဲမှ ကြယ်ခုနစ်လုံးသည် ခရစ်ယာန်အသင်းတော်ထဲမှ ဘိသိက်ခံကြီးကြပ်မှူးများကို ပုံဆောင်သော်လည်း ယနေ့ကမ္ဘာပေါ်ရှိ ၁၀၀,၀၀၀ ခန့်ရှိသော အသင်းတော်အများစုထဲမှ အကြီးအကဲများမှာ လူအုပ်ကြီးဝင် ဖြစ်ကြသည်။ (ဗျာဒိတ် ၁:၁၆; ၇:၉) သူတို့၏အခွင့်အရာကား မည်သို့နည်း။ သူတို့သည် ဘိသိက်ခံ သစ္စာနှင့်သတိပညာရှိကျွန်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံရသဖြင့် ယေရှုအုပ်ထိန်းခြင်း လက်ယာလက်အောက်၌ ရှိသည်ဟုဆိုနိုင်သည်။ အကြောင်းမှာ သူတို့လည်း ယေရှု၏ လက်ထောက်သိုးထိန်းများ ဖြစ်ကြသည်။ (ဟေရှာယ ၆၁:၅၊ ၆; တမန်တော် ၂၀:၂၈) သူတို့သည် အရည်အချင်းရှိ ဘိသိက်ခံညီအစ်ကိုများ မရှိသောနေရာများ၌ အမှုထမ်းခြင်းဖြင့် “ကြယ်ခုနစ်လုံး” ကို အားပေးထောက်ခံပေသည်။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃၉ ပါ ဇယား]
ခရစ်ယာန်ဘောင်၏ရေများ ဒေါနဖြစ်ကြောင်း ပေါ်လွင်လာ
ခရစ်ယာန်ဘောင်၏ ယုံကြည်ချက်နှင့် သဘောထားများ သမ္မာကျမ်းစာအဆို
ဘုရားသခင့် ကိုယ်ပိုင်နာမတော် အရေးမကြီး– “တစ်ဆူတည်းသော ဘုရားသခင့် ကိုယ်ပိုင်နာမတော်သုံးခြင်းမှာ ကမ္ဘာတစ်ခွင် ခရစ်ယာန်အသင်း ယုံကြည်ချက်နှင့် လုံးဝမအပ်စပ်ပါ။” (Revised Standard Version ၏အချီး) ယေရှုက ဘုရားသခင့် နာမတော်ကို လူတို့ ရိုသေလေးမြတ်ကြပါစေဟု ဆုတောင်း၏။ ပေတရုက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို အမှီပြု၍ ပတ္ထနာပြုသောသူ ရှိသမျှသည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့” ဟုဆိုသည်။ (တမန်တော် ၂:၂၁၊ သမ္မာ; ယောလ ၂:၃၂; မဿဲ ၆:၉; ထွက်မြောက်ရာ ၆:၃; ဗျာဒိတ် ၄:၁၁; ၁၅:၃; ၁၉:၆)
ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်– “ခမည်းတော်သည် ဘုရားသခင်ဖြစ်၏။ သားတော်သည် ဘုရားသခင်ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်လည်း ဘုရားသခင်ဖြစ်၏။ သို့သော် သူတို့သည် ဘုရားသုံးဆူမဟုတ်၊ တစ်ဆူတည်း ဖြစ်တော်မူ၏။” (ကက်သလစ် စွယ်စုံကျမ်း၊ ၁၉၁၂ ခုနှစ် ထုတ်ဝေခြင်း)[2] ကျမ်းစာက ယေဟောဝါသည် ယေရှုထက်ကြီးမြတ်၍ ခရစ်တော်၏ ဘုရားသခင်နှင့် ဦးခေါင်း ဖြစ်တော်မူသည်ဟု ဆိုသည်။ (ယောဟန် ၁၄:၂၈; ၂၀:၁၇; ၁ ကောရိန္သု ၁၁:၃) သန့်ရှင်းသောဝိညာဉ်တော်မှာ ဘုရားသခင့် တက်ကြွသောစွမ်းအားဖြစ်သည်။ (မဿဲ ၃:၁၁; လုကာ ၁:၄၁; တမန်တော် ၂:၄)
လူ့ဝိညာဉ်သည် မသေနိုင်– “လူသေသောအခါ သူ့ဝိညာဉ်နှင့်ခန္ဓာ ကွဲသွား၏။ သူ့ခန္ဓာသည် . . . ဆွေးမြေ့ [လေ၏။] လူ့ဝိညာဉ်မှာမူ သေမသွားပါ။” (သေသည့်နောက် ဘာဖြစ်၊ ရိုမင်ကက်သလစ် စာပေတစ်စောင်)[3] လူသည် ဝိညာဉ် ဖြစ်၏။ လူသေသောအခါ ဝိညာဉ်လည်း သေသွားသဖြင့် စဉ်းစားခြင်း၊ ခံစားခြင်း မရှိတော့ဘဲ လာရာမြေမှုန့်သို့ ပြန်သွားသည်။ (ကမ္ဘာဦး ၂:၇; ၃:၁၉; ဆာလံ ၁၄၆:၃၊ ၄; ဒေသနာ ၃:၁၉၊ ၂၀; ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄၊ ၂၀)
လူဆိုးများ သေလွန်သည့်နောက် ငရဲထဲ၌ အပြစ်ဒဏ်ခံရသည်– “မိရိုးဖလာ ခရစ်ယာန် ယုံကြည်ချက်အရ၊ ငရဲသည် မကုန်ဆုံးနိုင်သော ပူဆွေးနာကျင်သော နေရာဖြစ်သည်။” (ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း၊ ၁၉၈၇ ခုနှစ် ထုတ်ဝေခြင်း)[4] အပြစ်၏အခမှာ သေခြင်းဖြစ်သည်။ ညှဉ်းဆဲခံရသောဘဝ မဟုတ်။ (ရောမ ၆:၂၃) လူသေတို့သည် ငရဲ (ဟေးဒီးစ်၊ ရှီးအိုးလ်) ထဲ၌ အဘယ်အရာကိုမျှမသိဘဲ နားနေပြီး ထမြောက်ခြင်းကို စောင့်ဆိုင်းနေသည်။ (ဆာလံ ၈၉:၄၈; ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၄၊ ၂၅; ဗျာဒိတ် ၂၀:၁၃၊ ၁၄)
“မီဒီယက်ထရစ်ခ်စ် [အမျိုးသမီးကြားဖျန်] ဟူသောဘွဲ့ကို မယ်တော်အား ပေး၏။” (ကက်သလစ် စွယ်စုံကျမ်းသစ်၊ ၁၉၆၇ ခုနှစ် ထုတ်ဝေခြင်း)[5] ဘုရားသခင်နှင့် လူတို့စပ်ကြား တစ်ဦးတည်းသော ကြားဖျန်မှာ ယေရှုဖြစ်သည်။ (ယောဟန် ၁၄:၆; ၁ တိမောသေ ၂:၅; ဟေဗြဲ ၉:၁၅; ၁၂:၂၄)
နို့စို့သူငယ်များ နှစ်ခြင်းခံသင့်သည်– “ချာ့ခ်ျအသင်းတော်သည် စကတည်းက နို့စို့သူငယ်များအဖို့ နှစ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပေးပါသည်။ ဤကျင့်ထုံးသည် တရားဝင်သည်ဟု မှတ်ယူရုံမက ကယ်တင်ခြင်းအတွက် မရှိမဖြစ်ဟူ၍လည်း သင်ကြားခဲ့ပါသည်။” (ကက်သလစ် စွယ်စုံကျမ်းသစ်၊ ၁၉၆၇ ခုနှစ် ထုတ်ဝေခြင်း)[6] နှစ်ခြင်းမှာ တပည့်များ ဖြစ်နှင့်ပြီး ယေရှု၏ပညတ်များ စောင့်ရှောက်ရန် သင်ကြားခံရပြီးသူများအတွက် ဖြစ်သည်။ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို နားလည်၍ ယုံကြည်ခြင်း ကျင့်သုံးမှသာ နှစ်ခြင်းခံနိုင်သော အရည်အချင်းရှိသည်။ (မဿဲ ၂၈:၁၉၊ ၂၀; လုကာ ၃:၂၁-၂၃; တမန်တော် ၈:၃၅၊ ၃၆)
ချာ့ခ်ျအများစုသည် ဒါယကာနှင့် ဓမ္မဆရာအဖွဲ့ဟူ၍ အတန်းအစားခွဲထားပြီး ဓမ္မဆရာအဖွဲ့က ဒါယကာများအတွက် အကျိုးဆောင်ကြသည်။ များသောအားဖြင့် ဓမ္မဆရာအဖွဲ့သည် မိမိတို့၏ ဓမ္မအမှုအတွက် လစာရရှိပြီး “သိက္ခာတော်ရ၊” “Father” သို့မဟုတ် “အရှင်ကိုယ်တော်မြတ်” ဟူသောဘွဲ့များကိုယူကာ ဒါယကာများအပေါ် ချီးမြှောက်ထားခြင်း ခံရကြသည်။[7] ပထမရာစု ခရစ်ယာန်အားလုံး ဓမ္မအမှုဆောင်များ ဖြစ်ကြ၍ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသည်။ (တမန်တော် ၂:၁၇၊ ၁၈; ရောမ ၁၀:၁၀-၁၃; ၁၆:၁) ခရစ်ယာန်တစ်ဦးသည် “အဖိုးမခံဘဲ ပေးကမ်း” ရမည်။ လစာအတွက် မပြုသင့်။ (မဿဲ ၁၀:၇၊ ၈) ဘာသာရေးဘွဲ့များ သုံးခြင်းကို ယေရှု ကြပ်တည်းစွာ တားမြစ်တော်မူသည်။ (မဿဲ ၆:၂; ၂၃:၂-၁၂; ၁ ပေတရု ၅:၁-၃)
ဝတ်ပြုရေး၌ ရုပ်တု၊ ပုံတော်၊ လက်ဝါးကပ်တိုင်များကို အသုံးပြုကြသည်– “ခရစ်တော်၊ ဘုရားသခင့်မယ်တော် အပျိုစင်နှင့် အခြားသူတော်စင်များ၏ . . . ရုပ်တုများကို . . . ချာ့ခ်ျများ၌ထားရှိပြီး ၎င်းတို့အား ထိုက်လျောက်သော ကြည်ညိုကိုးကွယ်မှုကို ပြုရမည်။” ([၁၅၄၅-၆၃ ခုနှစ်] ထရင်းညီလာခံ ကြေညာချက်)[8] ခရစ်ယာန်များအနေနှင့် လူတို့အခေါ် တစ်ဆင့်ကိုးကွယ်ခြင်းအပါအဝင် ဆင်းတုကိုးကွယ်မှု မှန်သမျှမှ ထွက်ပြေးရှောင်တိမ်းရမည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; ၁ ကောရိန္သု ၁၀:၁၄; ၁ ယောဟန် ၅:၂၁) သူတို့သည် ဘုရားသခင်ကို ဝိညာဉ်နှင့်လည်းကောင်း သမ္မာတရားဖြင့်လည်းကောင်း ကိုးကွယ်ကြသည်။ အမြင်ဖြင့်မဟုတ်။ (ယောဟန် ၄:၂၃၊ ၂၄၊ ကဘ; ၂ ကောရိန္သု ၅:၇)
အသင်းသားများအ ဘုရားသခင့် ရည်ရွယ်ချက်များသည် နိုင်ငံရေးအားဖြင့် အထမြောက်မည်ဟု သင်ကြားပေးသည်။ ကွယ်လွန်သူ ဂိုဏ်းချုပ် စပဲလ်မင်းက ဤသို့ဆို၏– “ငြိမ်းချမ်းရေးလမ်း တစ်လမ်းတည်းရှိတယ် . . . အဲဒါဟာ ဒီမိုကရေစီ လမ်းမကြီးပဲ။” သတင်းများအရ၊ ဘာသာရေးက နိုင်ငံရေးတွင် (သာမက၊ ထကြွသောင်းကျန်းမှုများ၌ပင်) ပါဝင်ကြသည်။ ကုလသမဂ္ဂကို “သင့်မြတ်ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးမျှော်လင့်ချက်အဖြစ်” ထောက်ခံကြသည်။[10][10a] ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ကို လူသားတို့၏ မျှော်လင့်ချက်အဖြစ် ဟောပြောတော်မူသည်။ နိုင်ငံရေးစနစ် တစ်မျိုးမျိုးအကြောင်း ဟောတော်မမူ။ (မဿဲ ၄:၂၃; ၆:၉၊ ၁၀) ကိုယ်တော်သည် နိုင်ငံရေးတွင် မပါဝင်ဘဲ ငြင်းပယ်ခဲ့သည်။ (ယောဟန် ၆:၁၄၊ ၁၅) ကိုယ်တော့်နိုင်ငံတော်သည် ဤလောက၏ တစ်စိတ်တစ်ပိုင်း မဟုတ်။ သို့ဖြင့် နောက်တော်လိုက်များလည်း လောက၏အစိတ်အပိုင်း ဖြစ်ရန်မဟုတ်။ (ယောဟန် ၁၈:၃၆; ၁၇:၁၆) လောကနှင့်မိတ်သဟာယ မဖွဲ့ရန် ယာကုပ်က သတိပေးသည်။ (ယာကုပ် ၄:၄)
[စာမျက်နှာ ၁၃၂ ပါ ရုပ်ပုံ]
တံဆိပ်ခုနစ်ခုကို ဖွင့်လိုက်ခြင်းက တံပိုးခရာ ခုနစ်လက်ကို မှုတ်စေ
[စာမျက်နှာ ၁၄၀ ပါ ရုပ်ပုံ]
“ကမ္ဘာ့ခေါင်းဆောင်များကို စိန်ခေါ်ခြင်း” (၁၉၂၂ ခုနှစ်) ဤသန္နိဋ္ဌာန်က “မြေကြီး” အပေါ် ယေဟောဝါ၏ ကပ်ဘေး ကျရောက်တော့မည်ကို ကြေညာပေး
[စာမျက်နှာ ၁၄၀ ပါ ရုပ်ပုံ]
“ခရစ်ယာန်အားလုံးအတွက် သတိပေးချက်” (၁၉၂၃ ခုနှစ်) ဤသန္နိဋ္ဌာန်က “ပင်လယ်သုံးပုံတစ်ပုံ” အပေါ် ယေဟောဝါ စီရင်ချက်ချတော်မူကြောင်း အနှံ့အပြားကြွေးကြော်
[စာမျက်နှာ ၁၄၁ ပါ ရုပ်ပုံ]
“ဓမ္မဆရာများကို စွဲချက်တင်ခြင်း” (၁၉၂၄ ခုနှစ်) ဤဝေစာကို အနှံ့အပြားဝေငှခြင်းဖြင့် ခရစ်ယာန်ဘောင် ဓမ္မဆရာ၏ “ကြယ်” ကြွေကျပြီဖြစ်ကြောင်း လူတို့အားအသိပေး
[စာမျက်နှာ ၁၄၁ ပါ ရုပ်ပုံ]
“မျှော်လင့်ခြင်းသတင်း” (၁၉၂၅ ခုနှစ်) တိကျပြတ်သားသော ဤသန္နိဋ္ဌာန်က ခရစ်ယာန်ဘောင်၏ အလင်းသည် အမှန်အားဖြင့် အမှောင်သာဖြစ်ကြောင်း ဖော်ထုတ်