စစ်သူရဲ-ဘုရင် အာမဂေဒုန်၌ အောင်တံခွန်စိုက်ခြင်း
အခန်း ၃၉
စစ်သူရဲ-ဘုရင် အာမဂေဒုန်၌ အောင်တံခွန်စိုက်ခြင်း
ရူပါရုံ ၁၃ ဗျာဒိတ် ၁၉:၁၁-၂၁
အကြောင်းအရာ– ကောင်းကင်တပ်များကို ယေရှုဦးဆောင်၍ စာတန်၏အစီအစဉ်စနစ်ကို ဖျက်ဆီးတော်မူခြင်း
ပြည့်စုံချိန်– မဟာဗာဗုလုန် ပျက်စီးသည့်နောက်
၁။ အာမဂေဒုန်ကား အဘယ်အရာဖြစ်၍ အဘယ်အရာက ၎င်းအဖြစ်သို့ ပို့ဆောင်သနည်း။
အမဂေဒုန်—လူအများ ကြောက်လန့်သော စကားလုံးပါတကား။ သို့သော် ဖြောင့်မတ်ခြင်း မြတ်နိုးသူများအဖို့ဆိုလျှင် ကြာမြင့်စွာ စောင့်ဆိုင်းလာခဲ့သည့်နေ့ရက် ဆိုက်ရောက်တော့မည့် လက္ခဏာဖြစ်၏။ ထိုနေ့၌ တိုင်းနိုင်ငံများကို ယေဟောဝါ အပြီးအပြတ်တရားစီရင်၍ ဒဏ်ခတ်တော်မူမည်။ ၎င်းသည် လူ့စစ်မဟုတ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးစစ်ပွဲ”—မြေကြီးအုပ်စိုးရှင်များအပေါ် လက်စားချေတော်မူရာနေ့—ဖြစ်၏။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆; ယေဇကျေလ ၂၅:၁၇) မဟာဗာဗုလုန် ပျက်သုဉ်းခြင်းနှင့်အတူ ဆင်းရဲဒုက္ခကြီး စတင်ပါလိမ့်မည်။ ထို့နောက် စာတန်ဆွပေးသည့်အတိုင်း နီမြန်းသောသားရဲနှင့် ၎င်း၏ချိုဆယ်ချောင်းတို့သည် ယေဟောဝါ၏လူမျိုးတော်ကို အာရုံစူးစိုက် တိုက်ခိုက်ကြလိမ့်မည်။ စာတန်သည် မိန်းမနှင့်တူသော ဘုရားသခင်၏ အဖွဲ့အစည်းအပေါ် ယခင်ကထက် အမျက်ထွက်သဖြင့် မိမိ၏လှည့်ဖြားမှု ခံရသူများကိုသုံးပြီး မိန်းမ၏အမျိုးအနွယ် ကျန်ကြွင်းသူများကို အပြတ်တိုက်ခိုက်ရန် စိတ်ဒုံးဒုံးချ၏။ (ဗျာဒိတ် ၁၂:၁၇) ဤကား စာတန်၏ နောက်ဆုံးအခွင့်ကောင်းတည်း။
၂။ မာဂေါဂပြည်သား ဂေါဂမင်းကား မည်သူဖြစ်၍ ယေဟောဝါသည် သူ့အား မိမိလူမျိုးတော်ကိုတိုက်ခိုက်စေရန် မည်သို့ပရိယာယ်ဆင်တော်မူသနည်း။
၂ မာရ်နတ်၏ ဆိုးညစ်ယုတ်မာသော တိုက်ခိုက်ခြင်းအကြောင်းကို ယေဇကျေလ အခန်းကြီး ၃၈ ၌ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ ရာထူးကျစာတန်ကို ထိုနေရာ၌ “မာဂေါဂပြည်သား ဂေါဂမင်း” ဟုခေါ်ထားသည်။ ယေဟောဝါသည် ဥပစာဖြစ်သောချိတ်များဖြင့် ဂေါဂ၏မေးရိုးကိုချိတ်ဆွဲပြီး သူနှင့်သူ၏စစ်သည်ဗိုလ်ပါ အလုံးအရင်းကို တိုက်ပွဲသို့ဆောင်သွားတော်မူသည်။ အဘယ်နည်းဖြင့် ခေါ်ဆောင်တော်မူသနည်း။ မိမိ၏သက်သေခံများကို အကာအကွယ်မဲ့သောလူမျိုး၊ “လူအမျိုးမျိုးထဲကစုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍ ပြည်အလယ်၌နေသော” လူမျိုးအဖြစ် ဂေါဂအား မြင်စေခြင်းဖြင့်ဖြစ်၏။ ဤလူမျိုးသည် သားရဲနှင့်သားရဲ၏ရုပ်တုကို မကိုးကွယ်ဘဲ ငြင်းဆန်သည့် တစ်ပါးတည်းသောလူမျိုးအဖြစ် ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ရောက်နေကြ၏။ ဂေါဂသည် သူတို့၏ဝိညာဉ်ခွန်အားနှင့် ကြီးပွားကောင်းစားမှုကြောင့် အမျက်ထွက်၏။ ထို့ကြောင့် ပင်လယ်ထဲကတက်လာသော သားရဲနှင့် ၎င်း၏ချိုဆယ်ချောင်း အပါအဝင် ဂေါဂနှင့်သူ၏စစ်သည်ဗိုလ်ပါ အလုံးအရင်းသည် သတ်ပွဲအတွက် ကြက်ပျံမကျ စုရုံးလာကြ၏။ သို့ရာတွင် ဘုရားသခင်၏စင်ကြယ်သော လူမျိုးတော်သည် မဟာဗာဗုလုန်နှင့်မတူ၊ ဘုရားသခင်၏ အကာအကွယ်ကိုရ၏။—ယေဇကျေလ ၃၈:၁၊ ၄၊ ၁၁၊ ၁၂၊ ၁၅; ဗျာဒိတ် ၁၃:၁။
၃။ ဂေါဂ၏စစ်တပ်များကို ယေဟောဝါ မည်သို့သုတ်သင်တော်မူသနည်း။
၃ ယေဟောဝါသည် ဂေါဂနှင့်သူ၏အသိုက်အဝန်းကို မည်သို့ရှင်းပစ်တော်မူသနည်း။ နားထောင်ပါ။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါ့တောင်များအရပ်ရပ်တို့တွင် သူ့တစ်ဖက်၌ ဓားကိုငါမှာလိုက်သဖြင့် လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားနှင့်ခုတ်ကြလိမ့်မည်။” သို့သော် နျူကလီးယားလက်နက်ဖြစ်စေ၊ သမားရိုးကျလက်နက်ဖြစ်စေ အသုံးဝင်မည်မဟုတ်။ အကြောင်းမှာ ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသောမီးမိုးကို ရွာစေမည်။ ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သောဂုဏ်လက္ခဏာကိုပြလျက် များစွာသောလူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ ငါသည် [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။”—ယေဇကျေလ ၃၈:၂၁-၂၃; ၃၉:၁၁။ ယောရှု ၁၀:၈-၁၄; တရားသူကြီး ၇:၁၉-၂၂; ၂ ရာဇဝင်ချုပ် ၂၀:၁၅၊ ၂၂-၂၄; ယောဘ ၃၈:၂၂၊ ၂၃ နှိုင်းယှဉ်။
“သစ္စာရှိ၍ စစ်မှန်သောအရှင်” အဖြစ်သမုတ်ခံရသူ
၄။ စစ်ဝတ်တန်ဆာဆင်မြန်းထားသော ယေရှုအကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း။
၄ ယေဟောဝါသည် ဓားကိုမှာတော်မူ၏။ မည်သူသည် ဤဓားကို ကိုင်ဆောင်သနည်း။ ဗျာဒိတ်ကျမ်းကိုပြန်ကြည့်လျှင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ရူပါရုံနောက်တစ်ခု၌ အဖြေကိုတွေ့ရ၏။ ယောဟန်၏မျက်စိရှေ့၌ ကောင်းကင်ဘုံဖွင့်လှစ်၍ အံ့သြထိတ်လန့်ဖွယ် ကောင်းသောအရာ ပေါ်လာ၏။—စစ်ဝတ်တန်ဆာ ဆင်မြန်းထားသော ယေရှုခရစ် ကိုယ်တော်တိုင်ပင်တည်း။ ယောဟန်ဤသို့ဆို၏– “ထို့နောက် ကောင်းကင်ဘုံ ဖွင့်လှစ်သည်ကို ငါမြင်ရ၏။ ကြည့်လော့! မြင်းဖြူတစ်စီး။ မြင်းစီးသူသည် သစ္စာရှိ၍ စစ်မှန်သောအရှင် ဟူ၍သမုတ်ခံရ၏။ ကိုယ်တော်သည် ဖြောင့်မတ်စွာ တရားစီရင်၍ စစ်တိုက်တော်မူ၏။ မျက်စိတော်သည် မီးလျှံဖြစ်၍ ဦးခေါင်းတော်၌ သရဖူများစွာ ဆောင်းထားတော်မူ၏။”—ဗျာဒိတ် ၁၉:၁၁၊ ၁၂က။
၅၊ ၆။ (က) “မြင်းဖြူ၊” (ခ) “သစ္စာရှိ၍ စစ်မှန်သောအရှင်” ဟူသောအမည်၊ (ဂ) “မီးလျှံ” နှင့်တူသောမျက်စိ၊ (ဃ) များစွာသော “သရဖူ” တို့သည် ဘာကိုအဓိပ္ပာယ်ဆောင်သနည်း။
၅ ဤ “မြင်းဖြူ” သည် မြင်းစီးသူရဲလေးပါးဆိုင်ရာ စောစောပိုင်းမှ ရူပါရုံမှာကဲ့သို့ပင် ဖြောင့်မတ်သောစစ်၏ လျောက်ပတ်သော အထိမ်းအမှတ်ဖြစ်၏။ (ဗျာဒိတ် ၆:၂) ဘုရားသခင့်သားများအနက် မည်သူသည် ခွန်အားကြီးသော ဤစစ်သူရဲထက် ဖြောင့်မတ်နိုင်သနည်း။ ကိုယ်တော်သည် “သစ္စာရှိ၍ စစ်မှန်သောအရှင်” ဟုသမုတ်ခံရသည်ဖြစ်၍ “သစ္စာရှိ၍ စစ်မှန်သောသက်သေ” ယေရှုခရစ်ပင် ဖြစ်ရလိမ့်မည်။ (ဗျာဒိတ် ၃:၁၄) ကိုယ်တော်သည် ယေဟောဝါ၏ ဖြောင့်မတ်သော တရားစီရင်ချက်ကို ဖော်ဆောင်ရန် စစ်တိုက်တော်မူ၏။ သို့ဖြစ်၍ ယေဟောဝါခန့်အပ်တော်မူသော တရားသူကြီး၊ “တန်ခိုးကြီးသောဘုရား” အနေနှင့် လုပ်ဆောင်တော်မူ၏။ (ဟေရှာယ ၉:၆) မျက်စိတော်သည် “မီးလျှံ” ကဲ့သို့ဖြစ်၍ ကြောက်မက်ဖွယ်ကောင်းပြီး ရန်သူများအား မီးဖြင့်ဖျက်ဆီးသကဲ့သို့ ဖျက်ဆီးမည့်အချိန်ကို ရှုမျှော်လျက်နေတော်မူ၏။
၆ စစ်သူရဲ-ဘုရင်၏ ခေါင်းတော်ပေါ်၌ သရဖူများဆောင်းလျက်ရှိ၏။ ပင်လယ်ထဲမှတက်လာသောသားရဲ၌ သရဖူဆယ်ဆူရှိပြီး ၎င်းတို့သည် ကမ္ဘာ့ဇာတ်ခုံပေါ် ခေတ္တစိုးမိုးခြင်းကို ပုံနှိုင်း၏။ (ဗျာဒိတ် ၁၃:၁) သို့သော် ယေရှု၌ သရဖူ “များစွာ” ရှိတော်မူ၏။ ကိုယ်တော်သည် “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” ဖြစ်သောကြောင့် ကိုယ်တော်၏ဘုန်းတောက်သော အုပ်စိုးမှုသည် ပြိုင်စံမရှိ။—၁ တိမောသေ ၆:၁၅၊ ၁၆။
၇။ ယေရှု၏ ရေးထိုးထားသောနာမကား အဘယ်နည်း။
၇ ယောဟန်က “ကိုယ်တော်ပေါ်၌ မိမိမှတစ်ပါး အခြားမည်သူမျှမသိသော နာမတစ်ခု ရေးမှတ်ထား၏” ဟု ဆက်၍ဖော်ပြ၏။ (ဗျာဒိတ် ၁၉:၁၂ခ) ကျမ်းစာက ဘုရားသခင့်သားတော်အကြောင်းကို ယေရှု၊ ဧမာနွေလ၊ မိက္ခေလ စသောနာမများဖြင့် တင်ပြခဲ့ပြီ။ သို့သော် ဖော်ပြမထားသော ၎င်းနာမသည် “သခင့်နေ့တော်” အတွင်း ယေရှုခံစားရသောရာထူးနှင့် အခွင့်အရေးများကို ဆိုလိုဟန်ရှိသည်။ (ဗျာဒိတ် ၂:၁၇ နှိုင်းယှဉ်။) ၁၉၁၄ ခုနှစ်နောက်ပိုင်းမှ ယေရှုအကြောင်းကို ဟေရှာယက ဤသို့ဖော်ပြထားသည်– “နာမတော်ကား အံ့ဖွယ်သောတိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရား၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းမင်းဟု ခေါ်ဝေါ်သမုတ်ခြင်း ရှိလိမ့်မည်။” (ဟေရှာယ ၉:၆၊ သမ္မာ) တမန်တော်ပေါလုက “ဘုရားသခင်သည် ကိုယ်တော် [ယေရှု] ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ . . . သတ္တဝါတိုင်းသည် ယေရှု၏နာမတော်အားဖြင့် ဒူးထောက် [ရမည်]” ဟူ၍ ရေးသားသောအခါ ယေရှု၏နာမကို ကိုယ်တော်၏ အလွန်မြင့်မြတ်သော အမှုဆောင်အခွင့်အရေးများနှင့် ဆက်စပ်ဖော်ပြခဲ့သည်။—ဖိလိပ္ပိ ၂:၉၊ ၁၀၊ သမ္မာ။
၈။ ရေးထိုးထားသော ၎င်းနာမကို အဘယ်ကြောင့် ယေရှုတစ်ပါးတည်းသာ သိတော်မူသနည်း၊ မြင့်မြတ်သောမိမိ၏အခွင့်အရေးအချို့ကို မည်သူတို့နှင့် ကိုယ်တော် ခွဲဝေခံစားတော်မူသနည်း။
၈ ယေရှု၏အခွင့်အရေးများမှာ ထူးမြတ်လှ၏။ ယေဟောဝါမှလွဲလျှင် မဿဲ ၁၁:၂၇ နှိုင်းယှဉ်။) ထို့ကြောင့် ဘုရားသခင့်ဖန်ဆင်းရာ သတ္တဝါအားလုံးတွင် ယေရှုတစ်ပါးတည်းသာ ထိုနာမကိုအပြည့်အဝ နားလည်နိုင်၏။ သို့တစေ၊ မိမိ၏သတို့သမီးအား ထိုအခွင့်အရေးအချို့ကို ဝေမျှခံစားခွင့်ပေးတော်မူ၏။ ထို့ကြောင့် ‘အောင်နိုင်သူအား သူ၏အပေါ်မှာ ငါ၏နာမသစ်ကို ရေးသားမည်’ ဟူ၍ ကတိပြုတော်မူ၏။—ဗျာဒိတ် ၃:၁၂။
ယေရှုတစ်ပါးတည်းသာ ထိုမြင့်မြတ်လှသော ရာထူးဌာနန္တရ ရယူခြင်း၏အဓိပ္ပာယ်ကို နားလည်နိုင်သည်။ (၉။ (က) ယေရှုသည် “သွေးစဉ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထား” တော်မူခြင်း၊ (ခ) “ဘုရားသခင်၏ နှုတ်ကပါဌ်တော်” ဟူ၍ သမုတ်ခံရတော်မူခြင်းက ဘာကိုပြသနည်း။
၉ ယောဟန် ဤသို့ဆိုပြန်၏– “ကိုယ်တော်သည် သွေးစဉ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားတော်မူ၏။ သမုတ်ခြင်းခံရသော နာမတော်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော် ဟူ၍ဖြစ်၏။” (ဗျာဒိတ် ၁၉:၁၃) မည်သူ၏သွေးဖြစ်သနည်း။ လူသားများအတွက် သွန်းတော်မူသော ယေရှု၏အသက်သွေးဖြစ်နိုင်သည်။ (ဗျာဒိတ် ၁:၅) သို့သော်၊ ဤနေရာ၌ ရန်သူများအား ယေဟောဝါ၏ တရားစီရင်ချက်အတိုင်း သုတ်သင်တော်မူရာ၌ ရန်သူများကိုယ်မှ စဉ်ထွက်သောသွေးများကို ပို၍ရည်ညွှန်းဟန်ရှိသည်။ စောစောပိုင်းကရူပါရုံကို ကျွန်ုပ်တို့ပြန်၍သတိရ၏။ ထိုရူပါရုံ၌ မြေကြီးပေါ်မှ စပျစ်နွယ်ပင်၏ အသီးများကိုရိတ်သိမ်း၍ သွေးများ “မြင်းဇက်ကြိုးလောက်မြင့်” တက်လာသည်အထိ ဘုရားသခင့်အမျက်တော် ဧရာမစပျစ်ကျင်းထဲ၌ နင်းချေကြောင်း ဆိုခဲ့သည်။ အဓိပ္ပာယ်ကား ဘုရားသခင်၏ရန်သူများအပေါ် မဟာအောင်ပွဲခံခြင်းဖြစ်၏။ (ဗျာဒိတ် ၁၄:၁၈-၂၀) ထို့အတူ၊ ယေရှု၏ဝတ်ရုံတော်ပေါ် စဉ်သောသွေးက ကိုယ်တော်သည် အမှန်ပင် အပြီးအပြတ် အပြည့်အဝ အောင်ပွဲခံတော်မူကြောင်း ထောက်ခံ၏။ (ဟေရှာယ ၆၃:၁-၆ နှိုင်းယှဉ်။) ယေရှုသည် နာမတစ်ခုဖြင့် သမုတ်တော်မူခြင်းခံရကြောင်း ယောဟန်ဆိုပြန်ပြီ။ ဤတစ်ကြိမ်တွင် ၎င်းသည် အများသိနာမတည်းဟူသော “ဘုရားသခင်၏နှုတ်ကပါဌ်တော်” ဖြစ်၍ ဤစစ်သူရဲ-ဘုရင်သည် ယေဟောဝါ၏ အဓိကပြောရေးဆိုခွင့်ရှိသူ၊ သမ္မာတရား၏ ရှေ့နေရှေ့ရပ် ဖြစ်ကြောင်းကိုပြ၏။—ယောဟန် ၁:၁; ဗျာဒိတ် ၁:၁။
ယေရှု၏ နောက်တော်လိုက် စစ်သူရဲများ
၁၀၊ ၁၁။ (က) ယေရှုတစ်ပါးတည်းသာ စစ်တိုက်ခြင်းမဟုတ်ကြောင်း ယောဟန်မည်သို့ဖော်ပြသနည်း။ (ခ) မြင်းများသည် အဖြူရောင်ဖြစ်ခြင်း၊ မြင်းစီးသူရဲတို့သည် “ဖြူစင်သောလျှော်ထည်ချော” ကိုဝတ်ဆင်ထားခြင်းတို့က ဘာကိုဖော်ပြသနည်း။ (ဂ) ကောင်းကင် “တပ်များ” သည် မည်သူများဖြင့် ဖွဲ့စည်းထားသနည်း။
၁၀ ဤတိုက်ပွဲ၌ ယေရှုတစ်ပါးတည်းသာ တိုက်ခိုက်သည်မဟုတ်။ ယောဟန်ဤသို့ဆို၏– “ထို့ပြင် ကောင်းကင်ဗိုလ်ခြေတို့လည်း မြင်းဖြူများကိုစီးလျက် နောက်တော်သို့ လိုက်ကြ၏။ သူတို့သည် ဖြူစင်သော လျှော်ချောထည်ကို ဝတ်ဆင်ထားကြ၏။” (ဗျာဒိတ် ၁၉:၁၄) မြင်းများ အဖြူရောင်ဖြစ်သည်ဟူသောအချက်က ဖြောင့်မတ်သော စစ်ဖြစ်ကြောင်းကိုပြ၏။ “လျှော်ချောထည်” သည် ဘုရင့်မြင်းစီးသူရဲများနှင့် ထိုက်သင့်၍ တောက်ပြောင်စင်ကြယ်သော အဖြူရောင်က ယေဟောဝါရှေ့တော်၌ စင်ကြယ်ဖြောင့်မတ်သော ရပ်တည်မှုရှိကြောင်းပြ၏။ ဤ “တပ်များ” သည် မည်သူများဖြင့် ဖွဲ့စည်းထားသနည်း။ သန့်ရှင်းသောကောင်းကင်တမန်များ ပါဝင်ကြမည်မုချ။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်များ စာတန်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်မှပစ်ချသည်မှာ သခင့်နေ့တော် အစပိုင်းတွင်ဖြစ်၏။ (ဗျာဒိတ် ၁၂:၇-၉) ထို့ပြင် ယေရှုသည် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာစံလျက် မြေကြီးပေါ်မှ တိုင်းနိုင်ငံနှင့် လူမျိုးများကို တရားစီရင်တော်မူချိန်တွင် ‘ကောင်းကင်တမန်အပေါင်းတို့’ သည် ကိုယ်တော့်ရှေ့ ခစားကြလိမ့်မည်။ (မဿဲ ၂၅:၃၁၊ ၃၂) အနိုင်အရှုံး အဆုံးအဖြတ်ပေးသော ထိုစစ်ပွဲ၌ ဘုရားသခင်၏တရားစီရင်ချက်ကို အပြီးအပြတ်ဖော်ဆောင်တော်မူသောအခါ ကောင်းကင်တမန်များသည် ယေရှုအား တစ်ဖန်ခြံရံကြမည်ဧကန်။
၁၁ အခြားသူများလည်း ပါဝင်ကြလိမ့်မည်။ သွာတိရအသင်းတော်ထံ သတင်းတော်ပေးပို့စဉ် ယေရှုဤသို့ကတိပြုတော်မူ၏– “အောင်နိုင်၍ အဆုံးတိုင်အောင် ငါ့အမှုများကို စောင့်ထိန်းသောသူအား ငါ့ခမည်းတော်ထံမှ အာဏာကို ငါလက်ခံရရှိသည်နည်းတူ လူမျိုးများအပေါ် စိုးမိုးသောအာဏာကို ငါပေးမည်။ သူသည်လည်း လူတို့ကို သံလှံတံဖြင့် ထိန်းကျောင်းမည်ဖြစ်သောကြောင့် လူတို့သည် မြေအိုးများ အစိတ်စိတ် ကွဲသကဲ့သို့ ကွဲကြလိမ့်မည်။” (ဗျာဒိတ် ၂:၂၆၊ ၂၇) ကောင်းကင်ဘုံသို့ ရောက်နှင့်ကြသော ခရစ်တော်၏ညီတော်များသည် အချိန်တန်လျှင် လူမျိုးများနှင့် တိုင်းနိုင်ငံများကို သံလှံတံဖြင့် ထိန်းကျောင်းခြင်းအမှုတွင် ပါဝင်ကြမည်မုချ။
၁၂။ (က) အာမဂေဒုန်တိုက်ပွဲ၌ မြေကြီးပေါ်ရှိ ဘုရားသခင့်အမှုတော်ထမ်းများ ပါဝင်တိုက်ခိုက်ကြမည်လော။ (ခ) မြေကြီးပေါ်ရှိ ယေဟောဝါ၏လူမျိုးတော်သည် အာမဂေဒုန်နှင့် မည်သို့ပတ်သက်သနည်း။
၁၂ မြေကြီးပေါ်ရှိ ဘုရားသခင့် အမှုတော်ထမ်းများကော။ ယောဟန်အတန်းအစားသည် အာမဂေဒုန်၌ ပါ၀င်တိုက်ခိုက်ကြမည်မဟုတ်။ လူမျိုးတကာမှထွက်လာ၍ ယေဟောဝါ၏ဝတ်ပြုရာ ဝိညာဏအိမ်တော်သို့ တသီတတန်းကြီးသွားနေကြသူ၊ ယောဟန်အတန်းအစား၏ သစ္စာရှိအဖော်အဖက်များလည်း ပါဝင်တိုက်ခိုက်ကြမည်မဟုတ်။ ငြိမ်းချမ်းသော ဤလူသားတို့သည် ဓားများကို ထွန်သွားဖြစ်အောင် ထုလုပ်ခဲ့ကြပြီဖြစ်၏။ (ဟေရှာယ ၂:၂-၄) သို့တစေ၊ သူတို့နှင့် အလွန်ပင်သက်ဆိုင်၏။ ကျွန်ုပ်တို့ သတိပြုမိခဲ့သည့်အတိုင်း၊ ဂေါဂနှင့် သူ၏အသိုက်အဝန်းတို့၏ ယုတ်မာပက်စက်စွာ တိုက်ခိုက်ခံရသူတို့မှာ အကာအကွယ်မဲ့ဟန်ရှိသော ယေဟောဝါ၏ လူမျိုးတော်ဖြစ်၏။ ထိုတိုက်ခိုက်ခြင်းသည် အချက်ပြခရာသံဖြစ်၍ ယေဟောဝါ၏ စစ်သူရဲ-ဘုရင်သည် ကောင်းကင်ဗိုလ်ခြေများ အထောက်အကူ ဖြင့် ထိုတိုင်းနိုင်ငံများကိုချေမှုန်းရန် စတင်စစ်ဆင်တော်မူမည်။ (ယေဇကျေလ ၃၉:၆၊ ၇၊ ၁၁; ဒံယေလ ၁၁:၄၄–၁၂:၁ နှိုင်းယှဉ်။) မြေကြီးပေါ်ရှိ ဘုရားသခင့်လူမျိုးတော်သည် ၎င်းကို အလွန်ပင်စိတ်ဝင်စားစွာ ရှုစားကြလိမ့်မည်။ အာမဂေဒုန်သည် သူတို့အဖို့ ကယ်တင်ခြင်းဖြစ်၍ ယေဟောဝါ၏ သင်္ကာယနကင်းရေးစစ်ပွဲကြီးကို ကိုယ်တွေ့မြင်ရသော မျက်မြင်သက်သေများအဖြစ် ထာဝစဉ်အသက်ရှင်ကြလိမ့်မည်။
၁၃။ ယေဟောဝါသက်သေများသည် အစိုးရမှန်သမျှကို မဆန့်ကျင်ကြောင်း မည်သို့သိရသနည်း။
၁၃ ယင်းကြောင့် ယေဟောဝါသက်သေများသည် အစိုးရမှန်သမျှကိုဆန့်ကျင်သည်ဟု ဆိုလိုသလော။ ဝေးလေစွ။ “လူတိုင်းပင် အစိုးရမင်းတို့၏အမိန့်အာဏာကို လိုက်နာကြရမည်” ဟူသော တမန်တော်ပေါလု၏သြဝါဒကို သူတို့နာခံကြ၏။ လက်ရှိအစီအစဉ်စနစ် တာရှည်သမျှကာလပတ်လုံး လူ့ဘောင်တွင် ငြိမ်ဝပ်ပိပြားရေး အတော်အတန်ထိန်းသိမ်းနိုင်ရန် ဘုရားသခင့်ခွင့်ပြုချက်အရ ထို “အစိုးရမင်းတို့” တည်ရှိကြကြောင်း သူတို့နားလည်ပါသည်။ ယင်းကြောင့် ယေဟောဝါသက်သေတို့သည် အခွန်ဆောင်ခြင်း၊ ဥပဒေနာခံခြင်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ မှတ်ပုံတင်ခြင်းကိစ္စကို လိုက်နာဆောင်ရွက်ခြင်း စသည်တို့ကိုပြုကြပါသည်။ (ရောမ ၁၃:၁၊ ၆၊ ၇၊ ခမ) ထို့ပြင် ကျမ်းစာမူများအတိုင်း အမှန်ကိုပြော၍ ရိုးသားကြ၏။ လူလူချင်းကို ချစ်ခင်ကြ၏။ တည်တံ့ခိုင်မြဲ၍ စာရိတ္တကောင်းမွန်သော အိမ်ထောင်များကိုတည်ထောင်၏။ သားသမီးများကို စံပြပြည်သားကောင်းများဖြစ်စေရန် လေ့ကျင့်သွန်သင်ပေးကြ၏။ သို့ပြုခြင်းဖြင့် “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြ” ရုံမက “ဘုရားသခင်၏ဥစ္စာကို . . . ဘုရားသခင်အား ဆက်ပေးကြ” ၏။ (လုကာ ၂၀:၂၅; ၁ ပေတရု ၂:၁၃-၁၇) ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤလောက၏အစိုးရများသည် ယာယီအစိုးရများဖြစ်သည်ဟုဆိုသောကြောင့် ယေဟောဝါသက်သေတို့သည် မကြာမီ ခရစ်တော်၏ နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ခံစားရမည့် ပို၍အဓိပ္ပာယ်ပြည့်ဝသော ဘဝစစ်ဘဝမှန်အတွက် ယခု ပြင်ဆင်လျက်ရှိကြ၏။ (၁ တိမောသေ ၆:၁၇-၁၉) သက်သေခံများသည် ဤလောက၏ အင်အားကြီးနိုင်ငံများကို မှောက်လှန်ခြင်းတွင် ပါဝင်မည်မဟုတ်သော်လည်း အာမဂေဒုန်၌ ယေဟောဝါ ဖော်ဆောင်တော့မည်ဖြစ်သည့် တရားစီရင်ချက်နှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော် သန့်ရှင်းသောသမ္မာကျမ်းစာဖော်ပြသော အချက်အလက်များကြောင့် ဘုရားသခင်အား ခန့်ညားကြောက်ရွံ့ကြ၏။—ဟေရှာယ ၂၆:၂၀၊ ၂၁; ဟေဗြဲ ၁၂:၂၈၊ ၂၉။
နောက်ဆုံးတိုက်ပွဲသို့
၁၄။ ယေရှု၏ခံတွင်းတော်မှထွက်သည့် “ထက်သောဓားရှည်” က ဘာကိုပုံခိုင်းသနည်း။
၁၄ ယေရှုသည် အဘယ်အခွင့်အာဏာဖြင့် အပြီးသတ် အောင်ပွဲခံတော်မူသနည်း။ ယောဟန်ဤသို့ဆို၏– “လူမျိုးများကို တိုက်ခိုက်ရန်အတွက် ခံတွင်းတော်မှ ထက်သောဓားရှည် ထိုးထွက်လျက်ရှိပြီး ကိုယ်တော်သည် ထိုသူတို့ကို သံလှံတံဖြင့် ထိန်းကျောင်းတော်မူမည်။” (ဗျာဒိတ် ၁၉:၁၅က) “ထက်သောဓားရှည်” ကား ဘုရားသခင့်နိုင်ငံတော်ကို မထောက်ခံသောသူရှိသမျှကို စီရင်သုတ်သင်ရန် ဘုရားသခင်ပေးအပ်သည့် အမိန့်ထုတ်ပိုင်ခွင့်အာဏာကို တင်စားသည်။ (ဗျာဒိတ် ၁:၁၆; ၂:၁၆) ပီပြင်ပြတ်သားသော ဤပုံဆောင်ချက်သည် ဟေရှာယ၏အောက်ပါစကားနှင့် အလားတူ၏– “ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ဖြစ်စေ၍ လက်တော်အရိပ်၌ ငါ့ကိုဖုံးထားတော်မူ၏။ ငါ့ကိုလည်း ပြောင်လက်သောမြားဖြစ်စေ” ၏။ (ဟေရှာယ ၄၉:၂၊ သမ္မာ) ဤနေရာ၌ ဟေရှာယသည် ယေရှုကို တင်ကူးအရိပ်ပြ၏။ ယေရှုသည် ပစ်မှတ်မလွဲသောမြားဖြင့် ဖော်ဆောင်သကဲ့သို့ ဘုရားသခင့် တရားစီရင်ချက်များကို ကြေညာပြီး ၎င်းတို့ကို ဖော်ဆောင်တော်မူ၏။
၁၅။ ဤအချိန်ပိုင်းသို့ရောက်သောအခါ မည်သူသည် ဖော်ထုတ်၍ တရားစီရင်ခြင်း ခံရပြီးဖြစ်သဖြင့် အဘယ်အရာကို အစပျိုးလိုက်မည်ဖြစ်သနည်း။
၁၅ ထိုအချိန်ပိုင်းသို့ ရောက်သောအခါ ယေရှုသည် ပေါလု၏ အောက်ပါစကားအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်လိမ့်မည်– “[ထိုအခါ] ထိုဒုစရိုက်လူသည် ထင်ရှားလိမ့်မည်။ ထိုဒုစရိုက်လူကို အရှင်ယေရှုသည် နှုတ်ထွက်သက်အားဖြင့် ဖျက်ဆီး၍ ကြွလာတော်မူခြင်း၏ ထင်ရှားခြင်းအားဖြင့် ပယ်ရှင်းတော်မူလိမ့်မည်။” မှန်ပေသည်၊ ယေရှု၏ရောက်ရှိခြင်း (ဂရိ၊ ပါရိုစီးယား) သည် ဒုစရိုက်လူတည်းဟူသော ခရစ်ယာန်ဘောင်၏ ဘုန်းကြီးဓမ္မဆရာအုပ်စုကို ဖော်ထုတ်၍တရားစီရင်ခြင်းနှင့်အတူ ၁၉၁၄ ခုနှစ်မှစ၍ ထင်ရှားခဲ့ပြီဖြစ်သည်။ နီမြန်းသောသားရဲ၏ ဦးချိုဆယ်ချောင်းက ထိုတရားစီရင်ချက်ကို ဖော်ဆောင်၍ ခရစ်ယာန်ဘောင်ကို မဟာဗာဗုလုန်၏ ကျန်အစိတ်အပိုင်းနှင့်တကွ ချေမှုန်းသောအခါ ထိုရောက်ရှိခြင်းသည် ထူးထူးခြားခြား ပေါ်လွင်လာလိမ့်မည်။ (၂ သက်သာလောနိတ် ၂:၁-၃၊ ၈၊ သမ္မာ) ၎င်းသည် ဆင်းရဲဒုက္ခကြီး၏ နိဒါန်းဖြစ်လိမ့်မည်။ ထို့နောက် ယေရှုသည် အောက်ပါပရောဖက်ပြုချက်နှင့်အညီ စာတန့်အဖွဲ့အစည်း၏ လက်ကြွင်းလက်ကျန်များပေါ် အာရုံပြုတော်မူမည်– “မြေကြီးကို နှုတ်ကပါဌ်တော် လှံတံနှင့်ဒဏ်ခတ်၍ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။”—ဟေရှာယ ၁၁:၄။
၁၆။ ယေဟောဝါခန့်အပ်သော စစ်သူရဲ-ဘုရင်၏ အခန်းကဏ္ဍအကြောင်းကို ဆာလံကျမ်းနှင့် ယေရမိကျမ်းတို့က မည်သို့ဖော်ပြသနည်း။
၁၆ ယေဟောဝါ၏ ခန့်အပ်ခံအနေနှင့် ဤစစ်သူရဲ-ဘုရင်သည် အသက်ချမ်းသာရမည့်သူနှင့် သေရမည့်သူများကို ခွဲခြားတော်မူလိမ့်မည်။ ဤဘုရားသားတော်အား ယေဟောဝါက ပရောဖက်ပြု၍ ဤသို့မိန့်တော်မူ၏– “သင်သည် သူတို့ [မြေကြီးအုပ်စိုးရှင်များ] ကို သံလှံတံနှင့်ရိုက်ချိုး၍ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်ရလိမ့်ဆာလံ ၂:၉၊ ကဘ; ၁၂; ၈၃:၁၇၊ ၁၈; ၁၁၀:၁၊ ၂၊ ၅၊ ၆၊ ခမ; ယေရမိ ၂၅:၃၄။
မည်။” ယေရမိလည်း ထိုသို့သောစာရိတ္တဖောက်ပြန်သည့် အစိုးရခေါင်းဆောင်များနှင့် သူတို့၏လက်ပါးစေတို့အား ဤသို့ဆို၏– “အိုသိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလဲလျက်နေကြလော့။ သင်တို့ကို သတ်ရသောအချိန် ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဖိုးထိုက်သော [“နှစ်လို့ဖွယ်၊” ကဘ] တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။” ထိုအုပ်စိုးရှင်တို့သည် ဆိုးယုတ်သောလောကရှေ့၌ မည်မျှပင်နှစ်လို့ဖွယ်ဖြစ်စေကာမူ ဘုရင်မြတ်၏သံလှံတံ ရိုက်ချက်တစ်ချက်တည်းဖြင့် လှပသောအိုး ကွဲသည့်ပမာ ကြေမွသွားလိမ့်မည်။ သခင်ယေရှုနှင့်ပတ်သက်၍ ဒါဝိဒ်ပရောဖက်ပြုသည့်အတိုင်း ဖြစ်လိမ့်မည်– “ထာဝရဘုရားသည် အရှင်၏ရာဇအာဏာကို ဇိအုန်မြို့မှ နေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။ ကိုယ်တော်က အရှင့်အား ‘သင်၏ရန်သူတို့ကို အုပ်စိုးလော့’ ဟု မိန့်တော်မူ၏။ ဘုရားရှင်သည် အရှင်မင်းကြီး၏ လက်ယာဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ ကိုယ်တော်သည် ဘုရင်အပေါင်းတို့ကို နှိမ်နင်း [“အပိုင်းပိုင်းချိုးဖဲ့၊” ကဘ] တော်မူလိမ့်မည်။ လူမျိုးတကာတို့ကို တရားစီရင်တော်မူရာတွင် စစ်တလင်းကို လူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။”—၁၇။ (က) စစ်သူရဲ-ဘုရင်၏ စီရင်သုတ်သင်ခြင်း လုပ်ရပ်အကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း။ (ခ) ဘုရားသခင့် အမျက်တော်နေ့သည် တိုင်းနိုင်ငံများအဖို့ အလွန်ကြီးမားသော ဘေးဖြစ်မည်ကိုပြသော ပရောဖက်ပြုချက်အချို့ကို တင်ပြပါ။
၁၇ ခွန်အားကြီးသော ဤစစ်သူရဲ-ဘုရင်သည် နောက်ရူပါရုံမြင်ကွင်း၌ ပေါ်လာပြန်သည်– “ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်ကျင်းကိုလည်း နင်းနယ်တော်မူ၏။” (ဗျာဒိတ် ၁၉:၁၅ခ) အထက်ကရူပါရုံ၌ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်ကျင်း” နင်းနယ်သည်ကို ယောဟန်မြင်ခဲ့ပြီဖြစ်၏။ (ဗျာဒိတ် ၁၄:၁၈-၂၀) ဟေရှာယလည်း စီရင်သုတ်သင်ရာ စပျစ်ကျင်းအကြောင်းကိုဆိုခဲ့ပြီး အခြားပရောဖက်များကလည်း ဘုရားသခင့် အမျက်တော်နေ့သည် လူမျိုးအပေါင်းတို့အတွက် အလွန်ကြီးမားသော ဘေးဖြစ်မည်ကိုဖော်ပြ၏။—ဟေရှာယ ၂၄:၁-၆; ၆၃:၁-၄; ယေရမိ ၂၅:၃၀-၃၃; ဒံယေလ ၂:၄၄၊ ၄၅; ဇေဖနိ ၃:၈; ဇာခရိ ၁၄:၃၊ ၁၂၊ ၁၃; ဗျာဒိတ် ၆:၁၅-၁၇။
၁၈။ လူမျိုးခပ်သိမ်းကို ယေဟောဝါ တရားစီရင်ခြင်းနှင့်ပတ်သက်၍ ပရောဖက်ယောလက ဘာကိုဖော်ပြသနည်း။
၁၈ ပရောဖက်ယောလက “ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ” ယေဟောဝါ ကြွလာခြင်းကို စပျစ်ကျင်းတစ်ခုနှင့်ဆက်စပ်၍ ဖော်ပြခဲ့သည်။ အောက်ပါယောလ ၃:၁၂-၁၇။
အမိန့်သည် မိမိ၏စီရင်ဖော်စီရင်ဖက် တရားသူကြီးယေရှုနှင့် သူ၏ကောင်းကင်ဗိုလ်ခြေများအား ယေဟောဝါ ထုတ်ဆင့်သောအမိန့်ဖြစ်သည်– “ရိတ်စရာစပါးမှည့်သောကြောင့် တံစဉ်ကိုလွှတ်ကြလော့။ စပျစ်သီးနယ်ရာတန်ဆာပြည့်၍ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသောဒုစရိုက်အပြစ်သည် ကြီးလှ၏။ ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲနေကြလိမ့်မည်။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်ကကြွေးကြော်၍ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့် မိုးကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင် ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်။ ငါသည်လည်း . . . သင်တို့၏ဘုရားသခင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။”—၁၉။ (က) ၁ ပေတရု ၄:၁၇ ၌မေးထားသောမေးခွန်းကို မည်သို့ဖြေဆိုမည်နည်း။ (ခ) ယေရှု၏ဝတ်ရုံတော်ပေါ်မှာ အဘယ်နာမကို ရေးထိုးထားသနည်း၊ ၎င်းသည် အဘယ်ကြောင့် ဆီလျော်မည်နည်း။
၁၉ ထိုနေ့သည် ဖီဆန်သောလူမျိုးများနှင့် လူသားများအဖို့ ပျက်စီးရာနေ့၊ ယေဟောဝါနှင့် စစ်သူရဲ-ဘုရင်အား ခိုလှုံသူတို့အဖို့မူ ချမ်းသာရာနေ့ဖြစ်လိမ့်မည်။ (၂ သက်သာလောနိတ် ၁:၆-၉) ထိုအခါ ၁၉၁၈ ခုနှစ်မှ အစပြုသော တရားစီရင်ခြင်းသည် အထွတ်အထိပ်ရောက်၍ “ဘုရားသခင့်သတင်းတော်မြတ်ကို မလိုက်နာသူတို့အကျိုးဆက်ကား မည်သို့နည်း” ဟူသော ၁ ပေတရု ၄:၁၇ (သမ) ၏မေးခွန်းကို ဖြေဆိုပြီးဖြစ်လိမ့်မည်။ ဘုန်းတောက်သောအောင်ပွဲခံအရှင်သည် စပျစ်ကျင်းကို အပြီးနင်းနယ်ခြင်းဖြင့် မိမိသည် အောက်ပါအတိုင်း ယောဟန်ဖော်ပြသော ချီးမြှောက်ခံရသည့်အရှင်ပင်ဖြစ်ကြောင်း ထင်ရှားလိမ့်မည်– “ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်တွင် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် ဟူသောနာမတော်ကို ရေးထားလျက်ရှိ၏။” (ဗျာဒိတ် ၁၉:၁၆) ကိုယ်တော်သည် အဘယ်မြေကြီးအုပ်စိုးရှင်၊ အဘယ်လူသားဘုရင် သို့မဟုတ် အဘယ်သခင်ထက်မဆို အပြတ်အသတ် ခွန်အားကြီးကြောင်း သက်သေထူတော်မူပြီ။ ကိုယ်တော်၏ဂုဏ်သိက္ခာနှင့် ဘုန်းရောင်သည် ထူးကဲလှပေသည်။ ကိုယ်တော်သည် “သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားများအတွက်” စီးကြွတော်မူ၍ အခါခပ်သိမ်း အောင်ပွဲခံတော်မူပြီ။ (ဆာလံ ၄၅:၄၊ သမ္မာ) သွေးစဉ်ထားသော ကိုယ်တော်၏ဝတ်ရုံပေါ်၌ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပေးတော်မူသောနာမကို ရေးထိုးထား၏။ ကိုယ်တော်သည် ယေဟောဝါအား သင်္ကာယနကင်းစေသော ပုဂ္ဂိုလ်ပင်တည်း။
ဘုရားသခင်၏ ညစာစားပွဲတော်ကြီး
၂၀။ “ဘုရားသခင်၏ ညစာစားပွဲတော်ကြီး” အကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း၊ စောစောပိုင်းက မည်သည့်အလားတူ ပရောဖက်ပြုချက်ကို သတိရစေသနည်း။
၂၀ ဂေါဂ၏အသိုက်အဝန်း ဖျက်ဆီးခံရသောအခါ ငှက်များနှင့် သားရိုင်းတိရစ္ဆာန်တို့သည် စားသောက်ပွဲသို့ တက်ရောက်ကြရန် ခေါ်ဖိတ်ခံရကြကြောင်း ယေဇကျေလ၏ရူပါရုံ၌ တွေ့ရသည်။ ၎င်းတို့သည် ယေဟောဝါ၏ရန်သူများ အလောင်းကောင်ကိုစားခြင်းဖြင့် အသေကောင်များကို မြေပြင်ပေါ်မှ ဖယ်ရှားကြ၏။ (ယေဇကျေလ ၃၉:၁၁၊ ၁၇-၂၀) ယောဟန်ရှေ့ဆက်၍ဆိုသော စကားများက အစောပိုင်းမှ ပရောဖက်ပြုချက်ကို ကွက်ကွက်ကွင်းကွင်း ပြန်လည်သတိရစေ၏– “ထိုနောက် နေထဲ၌ရပ်နေသော ကောင်းကင်တမန်တစ်ပါးကိုလည်း ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်တွင် ပျံသန်းနေသော ငှက်အပေါင်းတို့ အား ‘ဤနေရာသို့လာကြ။ ဘုရားသခင်၏ ညစာစားပွဲတော်ကြီးသို့ စုဝေးကြလော့။ သင်တို့သည် ရှင်ဘုရင်တို့၏အသား၊ တပ်မှူးတို့၏အသား၊ လူသန်တို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူများ၊ ကျွန်များမှစ၍ လူအကြီးအငယ် အားလုံးတို့၏အသားကို စားရကြမည်’ ဟု ကျယ်သောအသံဖြင့် ကြွေးကြော်လေ၏။”—ဗျာဒိတ် ၁၉:၁၇၊ ၁၈။
၂၁။ (က) ကောင်းကင်တမန် “နေထဲ၌ရပ်နေ” ခြင်း၊ (ခ) အလောင်းကောင်များကို မြေပြင်ပေါ် စွန့်ပစ်ထားခြင်း၊ (ဂ) အလောင်းကောင်များ မြေပြင်ပေါ် စွန့်ပစ်ထားခံရမည့်သူတို့၏စာရင်း၊ (ဃ) “ဘုရားသခင်၏ ညစာစားပွဲတော်ကြီး” ဟူသောအသုံးအနှုန်းတို့က ဘာကိုပြသနည်း။
၂၁ ထိုကောင်းကင်တမန်သည် ငှက်များမြင်သာလောက်သော နေရာကောင်းဖြစ်သည့် “နေထဲ၌ရပ်နေ” ၏။ သူက စစ်သူရဲ-ဘုရင်နှင့် ကောင်းကင်ဗိုလ်ခြေများ၏ သတ်ဖြတ်ခြင်း ခံရတော့မည့်သူများ၏အသားကို တနင့်တပိုးစားရန် အသင့်ပြင်ကြဖို့ ငှက်တို့အား ဖိတ်ခေါ်၏။ လူသေတို့၏အလောင်းများ မြေပြင်ပေါ်မှာ စွန့်ပစ်ခံရသည့်အဖြစ်က ၎င်းတို့သည် အရှက်တကွဲ သေဆုံးကြရမည်ကိုပြ၏။ ရှေးကယေဇဗေလကဲ့သို့ပင် ဂုဏ်အသရေရှိရှိ သင်္ဂြိုဟ်ခြင်းကို ခံရကြမည်မဟုတ်။ (၄ ဓမ္မရာဇဝင် ၉:၃၆၊ ၃၇) အလောင်းများ ပစ်ထားခံရမည့်သူတို့၏စာရင်းက ဖျက်ဆီးခြင်းကျယ်ဝန်းပုံကိုပြ၏။ ဘုရင်များ၊ တပ်မှူးများ၊ လူသန်များ၊ လူလွတ်များနှင့်ကျွန်များ ပါဝင်ကြသည်။ ခြွင်းချက်မရှိချေ။ ယေဟောဝါအားအန်တုသော ဤလောကသည် အစအနမကျန် ပယ်ဖျက်ခံရလိမ့်မည်။ ၎င်းနောက်၌ ရှုပ်ထွေးသောလူသားများတည်းဟူသော မငြိမ်သက်သည့်ပင်လယ် ရှိတော့မည်မဟုတ်။ (ဗျာဒိတ် ၂၁:၁) လာ၍သုံးဆောင်ကြရန် ငှက်များအား ဖိတ်ကြားသူမှာ ယေဟောဝါဖြစ်သောကြောင့် “ဘုရားသခင်၏ညစာစားပွဲတော်ကြီး” ဖြစ်၏။
၂၂။ နောက်ဆုံးစစ်ပွဲတိုက်ခိုက်ပုံကို ယောဟန်က မည်သို့အချုပ်တင်ပြသနည်း။
၂၂ နောက်ဆုံးစစ်ပွဲတိုက်ခိုက်ပုံကို ယောဟန် ဤသို့ဖော်ပြ၏– “ထို့နောက် သားရဲမှစ၍ မြေကြီးဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးသူနှင့် သူ၏တပ်များကို စစ်တိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။ သားရဲသည် အဖမ်းခံရ၏။ သားရဲ၏ အမှတ်တံဆိပ်ကို ခံသောသူများနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်သောသူများအား လှည့်ဖြားရန် သားရဲ၏ရှေ့၌ နိမိတ်လက္ခဏာကိုပြသော မိစ္ဆာပရောဖက်သည်လည်း သားရဲနှင့်အတူ အဖမ်းခံရ၏။ သူတို့နှစ်ဦးစလုံးသည် ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံရကြ၏။ ကျန်သောသူများမှာမူ မြင်းစီးသူ၏ ခံတွင်းမှထွက်သော ဓားရှည်ဖြင့် ကွပ်မျက်ခံရကြ၏။ ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝစွာစားကြ၏။”—ဗျာဒိတ် ၁၉:၁၉-၂၁။
၂၃။ (က) “အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးစစ်ပွဲ” ကို အဘယ်အဓိပ္ပာယ်ဖြင့် “အာမဂေဒုန်” ၌ တိုက်ခိုက်သနည်း။ (ခ) “မြေကြီးဘုရင်များ” သည် အဘယ်သတိပေးချက်ကို မနာခံသဖြင့် မည်သို့ဖြစ်ကြမည်နည်း။
၂၃ ယေဟောဝါ၏ ဆဋ္ဌမအမျက်တော်ဖလားကို သွန်းလောင်းသည့်နောက်၌ “လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့” သည် နတ်ဆိုးဆိုင်ရာဝါဒဖြန့်မှုကြောင့် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေး” ကြသည်ဟု ယောဟန်သတင်းပေးခဲ့ပါသည်။ ၎င်းစစ်ပွဲကို အာမဂေဒုန်အရပ်၌ တိုက်ခိုက်၏။ ၎င်းသည် ပကတိနေရာမဟုတ်၊ ယေဟောဝါ၏တရားစီရင်ချက်ကို ဖော်ဆောင်ရန်လိုအပ်သော ကမ္ဘာ့အခြေအနေဖြစ်၏။ (ဗျာဒိတ် ၁၆:၁၂၊ ၁၄၊ ၁၅၊) ရှေ့တန်းစစ်မျက်နှာကို ယခု ယောဟန်မြင်ရလေပြီ။ “မြေကြီးဘုရင်များ [အားလုံးနှင့်] သူတို့၏တပ်များသည်” ဘုရားသခင်ကိုအန်တုလျက် နေရာယူထားကြသည်။ သူတို့သည် ယေဟောဝါခန့်အပ်သောဘုရင်ကို မနာခံဘဲ ခေါင်းမာမာနှင့် ငြင်းဆန်လာခဲ့ကြပြီ။ “သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်” ဟူ၍ မှုတ်သွင်းခံသတင်းတော်ဖြင့် သူတို့အား လုံလောက်စွာသတိပေးတော်ခဲ့ပြီ။ သူတို့သည် ခရစ်တော်၏အအုပ်အချုပ်ကို မနာခံသဖြင့် သေရကြလိမ့်မည်။—ဆာလံ ၂:၁၂။
၂၄။ (က) သားရဲနှင့် မိစ္ဆာပရောဖက်တို့သည် အဘယ်စီရင်ချက်ကိုခံရပြီး အဘယ်အဓိပ္ပာယ်အရ သူတို့သည် “အရှင်လတ်လတ်” စီရင်ခြင်းခံရသနည်း။ (ခ) အဘယ်ကြောင့် “မီးအိုင်” သည် ဥပစာဖြစ်ရမည်နည်း။
၂၄ စာတန်၏နိုင်ငံရေးအဖွဲ့အစည်းကိုတင်စားသော ပင်လယ်ထဲမှတက်လာသည့် ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းပါသောသားရဲသည် တလိမ့်ခေါက်ကွေးကျပြီး တိမ်ကောသွား၏။ ၎င်းနှင့်အတူ သတ္တမမြောက် ကမ္ဘာ့အင်အားကြီးနိုင်ငံ မိစ္ဆာပရောဖက်လည်း ကွယ်ပျောက်သွား၏။ (ဗျာဒိတ် ၁၃:၁၊ ၁၁-၁၃; ၁၆:၁၃) ၎င်းတို့သည် “အရှင်လတ်လတ်၊” သို့မဟုတ် မြေကြီးပေါ်ရှိ ဘုရားသခင့်လူမျိုးတော်ကို တညီတညွတ်တည်း အတိုက်အခံလုပ်နေစဉ် “မီးအိုင်” ထဲသို့ ပစ်ချခဲ့ရကြ၏။ ၎င်းသည် ပကတိမီးအိုင်လော။ သားရဲနှင့် မိစ္ဆာပရောဖက်တို့သည် ပကတိသတ္တဝါများ မဟုတ်သကဲ့သို့ ၎င်းသည်လည်း ပကတိမီးအိုင်မဟုတ်။ ၎င်းသည် လုံးဝအပြီးအပိုင်ပျက်စီးခြင်း၊ ပြန်လမ်းမရှိသောနေရာကို ပုံခိုင်းသည်။ နောက်ပိုင်း၌ သေခြင်းနှင့် ဟေးဒီးစ်အပြင် မာရ်နတ်ကိုယ်တိုင် ပစ်ချခံရမည့်နေရာမှာ ဤနေရာပင်တည်း။ (ဗျာဒိတ် ၂၀:၁၀၊ ၁၄) လူဆိုးများကို ထာဝစဉ်ညှဉ်းဆဲသောငရဲပြည် လုံးဝမဟုတ်။ အကြောင်းမှာ ထိုသို့သောနေရာနှင့်ဆိုင်သော အတွေးကိုယ်နှိုက်က ယေဟောဝါအဖို့ စက်ဆုပ်ဖွယ်ရာဖြစ်သည်။—ယေရမိ ၁၉:၅; ၃၂:၃၅; ၁ ယောဟန် ၄:၈၊ ၁၆။
၂၅။ (က) “မြင်းစီးသူ၏ဓားရှည်ဖြင့် ကွပ်မျက်ခံရ” သူများမှာ မည်သူတို့နည်း။ (ခ) ထိုသို့ “ကွပ်မျက်” ခံရသူအချို့ ရှင်ပြန်ထမြောက်လာမည်ဟု မျှော်လင့်ရမည်လော။
၂၅ ကျန်လူများအားလုံးသည် အစိုးရ၏အစိတ်အပိုင်း တိုက်ရိုက်မဟုတ်သော်လည်း စာရိတ္တဖောက်ပြန်သော ဤလူသားလောက၏ ပြုပြင်၍မရတော့သည့် အစိတ်အပိုင်းဖြစ်ကြရာ ထို့အတူ “မြင်းစီးသူ . . . ၏ဓားရှည်ဖြင့် ကွပ်မျက်ခံရကြ၏။” သူတို့ကို သေထိုက်သူအဖြစ် ယေရှုစီရင်တော်မူမည်။ သူတို့၏အမှု၌ မီးအိုင်အကြောင်း မဆိုထားသည့်အတွက် သူတို့ထမြောက်လာကြမည်ဟု မျှော်လင့်ရမည်လော။ ထိုအချိန်၌ ယေဟောဝါခန့်အပ်သော တရားသူကြီး၏ စီရင်ခြင်းကိုခံရသူများသည် ထမြောက်လာမည်ဟု မည်သည့်နေရာ၌မျှ မဆိုထားပါ။ ယေရှုကိုယ်တော်တိုင် မိန့်ဆိုသည့်အတိုင်း “သိုး” မဟုတ်သူအားလုံး “မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီး၊” သို့မဟုတ်၊ “ထာဝရဖြတ်တောက်ခြင်းသို့ ခွဲထွက်သွား” (ကဘ) ရကြ၏။ (မဿဲ ၂၅:၃၃၊ ၄၁၊ ၄၆) ထိုအခါ “တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်” သည် အထွတ်အထိပ်သို့ ရောက်လိမ့်မည်။—၂ ပေတရု ၃:၇; နာဟုံ ၁:၂၊ ၇-၉; မာလခိ ၄:၁။
၂၆။ အာမဂေဒုန်၏အကျိုးရလဒ်ကို အချုပ်ဖော်ပြပါ။
၂၆ ဤနည်းအားဖြင့် စာတန်၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းတစ်ခုလုံး ဆုံးခန်းတိုင်လိမ့်မည်။ နိုင်ငံရေးအုပ်စိုးမှုဖြစ်သော “ယခင်ကောင်းကင်” ကွယ်ပျောက်လေပြီ။ ရာစုနှစ်များတစ်လျှောက် စာတန်တည်ဆောက်လာသော အဓွန့်ရှည်ဟန်ရှိသည့်စနစ်တည်းဟူသော “မြေကြီး” လည်း လုံးဝပျက်စီးသွားပြီ။ ယေဟောဝါအားအန်တုသော ဆိုးသွမ်းသည့်လူသားထုဖြစ်သည့် “ပင်လယ်” သည် မရှိတော့။ (ဗျာဒိတ် ၂၁:၁; ၂ ပေတရု ၃:၁၀) သို့သော် ယေဟောဝါသည် စာတန့်အဖို့ အဘယ်အရာသိုထားသနည်း။ ကျွန်ုပ်တို့အား ယောဟန် ဆက်လက်တင်ပြ၏။
[လေ့လာရန်မေးခွန်းများ]