မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စာတန်၏နက်နဲရာများ” ကို ရွံရှာခြင်း

“စာတန်၏နက်နဲရာများ” ကို ရွံရှာခြင်း

အခန်း ၁၀

“စာတန်​၏​နက်နဲရာ​များ” ကို ရွံရှာခြင်း

သွာတိရ

၁။ သွာတိရ​သည် အခြား​အသင်းတော်များ​နှင့် မည်သို့​ဆက်စပ်​တည်ရှိ​သနည်း။ အဘယ်​ဘာသာရေး အသိုင်းအဝိုင်း​၌ တည်ရှိ​သနည်း။

​ဂ​မာ (ပေရဂံ​မြို့) ၏​အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာ​တွင် စည်ပင်​ဖွံ့ဖြိုး​သော အ​ခီ​စာ​အမည်​ရှိ တူရကီ​မြို့ တည်ရှိ​သည်။ ၎င်း​မြို့​သည် လွန်ခဲ့သော​အနှစ် ၁,၉၀၀ ခန့်​တွင် သွာတိရ​မြို့​၏ တည်နေရာ​ဖြစ်သည်။ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​အနေ​နှင့် ပေရဂံ​မြို့မှ ကုန်း​တွင်း​လမ်းဖြင့် သွာတိရ​မြို့​သို့ အလွယ်တကူ သွားရောက်​နိုင်​သည်။ ထို့​မှ​တစ်ဆင့် ဗျာဒိတ်​အခန်းကြီး ၃ ပါ ကျန်​အသင်းတော်​သုံးခု​—သာဒိ၊ ဖိလဒေလဖိ​နှင့် လောဒိကိ​—သို့ ခရီးဆက်​လှည့်ပတ်​နိုင်​သည်။ သွာတိရ​မြို့​သည် ပေရဂံ​မြို့​ကဲ့သို့ ဧကရာဇ်​ကိုးကွယ်​မှု​၏ အရေးပါသော​ဗဟိုချက် ဖြစ်​ဟန်​မတူ။ သို့ရာတွင် တိတ္ထိ​ဘုရား​များ​အတွက် ရည်စူး​သော ဗိမာန်များ၊ ကျောင်း​များ​ရှိသည်။ သွာတိရ​မြို့​သည် ကူး​သန်း​ရောင်းဝယ်​ရာ စီးပွားရေး​အချက်အချာ​အဖြစ် ထင်ရှား​သည်။

၂၊ ၃။ (က) ခရစ်ယာန်​ဖြစ်လာ​သော သွာတိရ​မြို့သူ​တစ်ဦး​နှင့်​ပတ်သက်​၍ စောစော​ပိုင်း​၌ ဘာကို​မှတ်တမ်းတင်​ခဲ့​သနည်း။ (ခ) ယေရှုသည် “ဘုရားသခင့် သားတော်” ဖြစ်၍ “မီးလျှံ​နှင့်​တူသော မျက်စိတော်​များ” ရှိသည်​ဟူသော အချက်​သည် သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​အဖို့ အဘယ်​အဓိပ္ပာယ်​ထူး ရှိ​သနည်း။

ပေါလု​သည် မာကေဒေါနိ​ပြည်​၌ ဟောပြော​စဉ် ခရမ်းရောင်​အထည်​ရော​င်း​သော လုဒိ​အမည်​ရှိ သွာတိရ​မြို့သူ​တစ်ဦး​နှင့် တွေ့ခဲ့​သည်။ လုဒိ​နှင့် အိမ်သား​အားလုံး ပေါလု ဟော​သော​သတင်းကို ဝမ်းမြောက်​ဝမ်းသာ လက်ခံသည့်​ပြင် အတိုင်း​ထက်​အလွန် ဧည့်ဝတ်ပြု​ခဲ့​ပေ​သည်။ (တမန်​တော် ၁၆:၁၄၊ ၁၅) လုဒိ​သည် ခရစ်ယာန်​ဘာသာ​ကို ပထမဦးဆုံး လက်ခံသော သွာတိရ​မြို့သူ​အဖြစ် မှတ်တမ်းဝင်​ခဲ့​သည်။ နောက်​သော် သွာတိရ​မြို့တွင် ခရစ်ယာန်​အသင်းတော်​တစ်ခု ရှိလာ​သည်။ ယေရှုသည် အရှည်​လျား​ဆုံးသော သတင်း​တော်​ကို ထို​မြို့​သို့​ပို့လိုက်​သည်– “သွာတိရ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့– ဤ​ကား မီးလျှံ​နှင့်​တူသော မျက်စိတော်​များ၊ ကြေးနီ​စစ်​နှင့်​တူသော ခြေတော်​များ​ရှိသော ဘုရားသခင့် သားတော်​၏ မိန့်ဆိုချက်​များ​တည်း။”​—ဗျာဒိတ် ၂:၁၈

အခြား​နေရာများ​၌ ယေဟောဝါ​ကို “ငါ့​ခမည်းတော်” ဟူ၍ ယေရှု ညွှန်းဆို​သော်လည်း ဤ​တစ်​နေရာ​တည်း​၌​သာ “ဘုရားသခင့် သားတော်” ဟူသော အသုံးအနှုန်း​ကို တွေ့ရ​သည်။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၃:၅၊ ၂၁) ဤ​ဘွဲ့​ကို သုံး​ထား​သည့်​အတွက် သွာတိရ​မြို့သား​တို့သည် ယေရှု​နှင့် ယေဟောဝါ​၏ ရင်းနှီးမှုကို သတိ​ရစေ​ပေမည်။ ဤ​သားတော်​၌ “မီးလျှံ​နှင့်​တူသော မျက်စိတော်​များ” ရှိ၏။ ဤ​အချက်​က အကြင်သူသည် အသင်းတော်ကို ညစ်ညူး​စေ​ကြောင်း ကိုယ်တော်​တွေ့ရှိ​၏၊ ထို​သူ​အပေါ် ကိုယ်တော့် တရား​စီရင်ချက်​မီးလျှံ ကျရောက်​လိမ့်​မည်​ဖြစ်​ကြောင်း သွာတိရ​မြို့ရှိ ခရစ်ယာန်​တို့အား သတိပေး​၏။ မိမိ၏ ဖိတ်ဖိတ်တောက် ကြေးနီ​စစ်​နှင့်​တူသော ခြေတော်​များ​အကြောင်း ဒုတိယ​အကြိမ် ညွှန်းဆို​ခြင်း​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​စဉ်​က မိမိ၏​ထွန်းတောက်​သော သစ္စာရှိ​ခြင်း ပုံသက်သေ​ကို အလေးအနက် ပြု​တော်​မူ​သည်။ သွာတိရ​မြို့ရှိ ခရစ်ယာန်​တို့သည် ကိုယ်တော့်​သြဝါဒ​ကို နာခံ​ခဲ့​မည်​မုချ။ ယနေ့​ကျွန်ုပ်​တို့​လည်း နာခံ​ရမည်။​—၁ ပေတရု ၂:၂၁

၄၊ ၅။ (က) သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​ကို ယေရှု​အဘယ်​အတွက် ချီးမွမ်း​နိုင်​သနည်း။ (ခ) သွာတိရ​အသင်းတော်သည် ယနေ့ ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​တို့၏ အသင်းတော်များ​နှင့် မည်သို့​ပုံစံ​တူ​သနည်း။

သွာတိရ​မြို့မှ ထို​သူတို့ကို ယေရှု ချီးမွမ်း​နိုင်​သည်​မှာ ဝမ်းသာစရာ​ပင်– “သင်​ပြုသော​အမှု​များ၊ သင်၏​မေတ္တာ၊ ယုံကြည်ခြင်း၊ ဓမ္မ​အမှု​နှင့် ခံနိုင်ရည်​တို့ကို ငါ​သိ​၏။ နောက်ပိုင်း၌ သင်​ပြုသော​အမှု​များသည် ယခင်​က​ထက် များ​ကြောင်းကို​လည်း ငါ​သိ​၏။” (ဗျာဒိတ် ၂:၁၉) ထို​မြို့ရှိ ဘိသိက်ခံ ခရစ်ယာန်​တို့သည် ဧဖက်​မြို့သား​တို့​နှင့် တူ​သည်မဟုတ်၊ ယေဟောဝါ​ပေါ်​ထား​ရှိသော ကနဦး​မေတ္တာ မ​ပြယ်ပျောက်​ပါ။ သူတို့၏​ယုံကြည်ခြင်း​သည် ခိုင်ခံ့​၏။ ထို့​ပြင် သူတို့​ပြုသော​အမှု​များလည်း ယခင်​က​ထက်​များ​ရုံ​မ​က အထက်​က အသင်းတော်များ​ကဲ့သို့ ခံနိုင်ရည်​ရှိသည်။ ယနေ့ ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များ​၏ အသင်းတော် ၁၀၀,၀၀၀ နီးပါး​နှင့် ပုံစံ​တူ​ပေ​စွ။ ဓမ္မ​အမှု၌ ထက်သန်​သော​စိတ်​သည် အဖွဲ့အစည်း​တစ်ခုလုံး​တွင် ပျံ့နှံ့​နေသည်​နှင့်​အမျှ ယေဟောဝါ​ကို​ချစ်သော မေတ္တာ​လည်း ထွန်း​ပ​လျက်​ရှိသဖြင့် လူကြီးလူငယ်​အားလုံး​ကို လှုံ့ဆော်​နေသည်။ မိမိတို့​ကိုယ်ကို ရှေ့ဆောင်​အဖြစ် အသုံးတော်ခံ​ကာ ကျန်ကြွင်း​သော​အချိန်ကို ပညာရှိ​စွာ​သုံး​၍ ဆိုက်ရောက်​လျက်​ရှိသော ဘုရားသခင့် နိုင်ငံတော်​ဆိုင်ရာ ဘုန်း​ကွ​န့်​သော မျှော်လင့်ချက်ကို ကြွေးကြော်​သော​သူတို့သည် တိုးပွား​များပြား​လျက်​ရှိ၏။​—မဿဲ ၂၄:၁၄; မာကု ၁၃:၁၀

ဆယ်စုနှစ်​များ​အတွင်း ဘိသိက်ခံ​အကြွင်းအကျန်​နှင့် လူအုပ်ကြီး​ထဲ​က သစ္စာ​ရှိသူ အမြောက်အမြား​တို့သည် ဘုရားသခင့်​အမှုတော်​၌ အတုယူ​ဖွယ် ခံနိုင်ရည်​ကို တင်ပြ​လျက်​ရှိကြ​စဉ် ပတ်ဝန်းကျင်​လောကမှာ​မူ မျှော်လင့်​ရာ​မဲ့ အမှောင်ထု​ထဲ​သို့ နက်​သည်ထက်​နက်ရှိုင်း​စွာ ကျဆင်း​နေသည်။ သို့သော် အားယူ​ကြ​စို့။ ဗျာဒိတ်ကျမ်း​က ဘုရားသခင့် ရှေးပရောဖက်​များ​၏ ထွက်ဆိုချက်​ကို ထောက်ခံ​သည်။ “ထာဝရ​ဘုရား​၏ နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏။”​—ဇေဖနိ ၁:၁၄; ယောလ ၂:၁; ဟဗက္ကုတ် ၂:၃; ဗျာဒိတ် ၇:၉; ၂၂:၁၂၊ ၁၃

“ထို​မိန်းမ ယေဇဗေလ”

၆။ (က) သွာတိရ​အသင်းတော်သည် ချီးမွမ်းဖွယ်​အချက်များ​ရှိသော်လည်း ချက်ချင်း​အရေးယူ​ရမည့် အဘယ်​ပြဿနာ​တစ်ရပ်​ကို ယေရှု သတိပြုမိ​သနည်း။ (ခ) ယေဇဗေလ​ကား မည်သူ​နည်း။ သူသည် ပရောဖက်မ​အမည်​ကို တရားဝင်​ခံယူ​နိုင်​သလော။

ယေရှု၏ မီးလျှံ​ကဲ့သို့​သော မျက်စိတော်​သည် တစ်ဆင့်​တိုး၍ ထိုးဖောက်​ရှုမြင်​သဖြင့် ချက်ချင်း​အရေးယူ​ရမည့် ကိစ္စ​တစ်ရပ်​ကို တွေ့​တော်​မူ​သည်။ သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​အား ဤသို့​မိန့်ကြား​တော်​မူ​သည်– “သို့ရာတွင် မိမိကိုယ်ကို ပရောဖက်မ ဟု​ခေါ်​၍ ငါ့​ကျွန်​တို့အား မတရားမေထုန် ပြု​စေရန်​လည်းကောင်း၊ ရုပ်တု​တို့ကို ပူဇော်​သော​အရာများ​ကို စား​စေရန်​လည်းကောင်း သွန်သင်​ကာ လမ်းလွဲ​စေသော ထို​မိန်းမ ယေဇဗေလ​ကို သင်သည် သည်းခံသော​ကြောင့် သင့်ကို ငါ​အပြစ်တင်စရာ ရှိ၏။” (ဗျာဒိတ် ၂:၂၀) ဘီစီ ဆယ်ရာစု​၌ ဣသရေလ​မင်း အာဟပ်​၏​မိဖုရား ဗာလ​ဝတ်ပြုသူ ယေဇဗေလ​သည် လူသတ်မှု၊ ဖောက်ပြားမှု၊ ကြီးစိုးမှု​ဖြင့် နာမည်​ဆိုး​ဖြင့် ကျော်ကြား​ခဲ့​သည်။ ယေဟု​သည် ယေဟောဝါ​၏ ဘိသိက်ခံ​အနေ​နှင့် သူ့ကို အဆုံးစီရင်​လိုက်​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၆:၃၁; ၁၈:၄; ၂၁:၁-၁၆; ၄ ဓမ္မ​ရာဇဝင် ၉:၁-၇၊ ၂၂၊ ၃၀၊ ၃၃) ရုပ်တု​ကိုးကွယ်​သော ယေဇဗေလ​သည် ပရောဖက်မ​အမည် မခံယူ​ပိုင်။ သူသည် သစ္စာရှိ ပရောဖက်မ​များ​အနေ​နှင့် ဣသရေလလူ​တို့​တွင် အမှုတော်ထမ်း​သော မိရိအံ​နှင့် ဒေဗောရ ကဲ့သို့​မဟုတ်။ (ထွက်မြောက်ရာ ၁၅:၂၀၊ ၂၁; တရားသူကြီး ၄:၄; ၅:၁-၃၁) ယေဟောဝါ​၏ ဝိညာဉ်တော်သည် အဘွား​အို​အန္န​နှင့် ဧဝံဂေလိ​ကြေညာသူ ဖိလိပ္ပု​၏ သမီးလေး​ဦး​တို့အား လှုံ့ဆော်​၍ ပရောဖက်ပြု​စေ​သကဲ့သို့ ယေဇဗေလ​အား လှုံ့ဆော်​တော်​မ​မူ။​—လုကာ ၂:၃၆-၃၈; တမန်​တော် ၂၁:၉

၇။ (က) “ထို​မိန်းမ ယေဇဗေလ” ဟု ယေရှု​ဆို​ရာ​၌ အဘယ်​သြဇာ​ကို ရည်ညွှန်း​နေကြောင်း ထင်ရှား​သနည်း။ (ခ) အသင်းတော်​နှင့် ပူးပေါင်း​နေသော​အမျိုးသမီး​အချို့​သည် မိမိတို့၏ ထင်ရာစိုင်း​လမ်းစဉ်​ကို မည်သို့​ကာကွယ်​ပြောဆို​ချင် ပြောဆို​ခဲ့​မည်​နည်း။

သို့​ဖြစ်၍ သွာတိရ​မြို့မှ ပရောဖက်​အမည်ခံ၊ “ထို​မိန်းမ ယေဇဗေလ” သည် အတုအယောင်​ဖြစ်​ကြောင်း သိသာ​၏။ သူ၌ ဘုရားသခင့်​ဝိညာဉ်​တော် ကျော​ထောက်​နောက်ခံ​မရှိ။ သူသည် မည်သူ​ဖြစ်သနည်း။ အသင်းတော်​အတွင်း အရှက်​မရှိ အခြား​သူများကို ပျက်စီး​စေသော ဩဇာ​အဖြစ် ပြုမူ​နေသည့် မိန်းမ​တစ်ဦး သို့​မဟုတ် မိန်းမ​တစ်စု ဖြစ်​နိုင်​သည်။ အသင်းတော်​နှင့် ပူးပေါင်း​နေသော မိန်းမ​အချို့​သည် ကျမ်းချက်​များ​ကို အလွဲသုံး​ကာ မိမိတို့၏ ထင်ရာစိုင်း​လမ်းစဉ်​ကို အတင့်ရဲ​စွာ ကာကွယ်​ပြောဆို​လျက် အသင်းဝင်​တို့အား သီလ​ပျက်မှု​တွင် ပါဝင်​စေခြင်း ဖြစ်ချင်​ဖြစ်​မည်။ တကယ့်​မှောက်မှားသော ပရောဖက်ပြု​ခြင်း ပါ​တကား။ “မတရားသော​မေထုန်​၌ မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူပန်ခြင်း၊ ဆိုးညစ်သော​တပ်မက်​ခြင်း၊ ရုပ်တုကို​ကိုးကွယ်​ခြင်း​ဖြစ်သော လောဘ​လွန်ကြူး​ခြင်း” တည်း​ဟူသော မိမိတို့၏​လမ်းစဉ်​ထဲ​သို့ ကျရောက်​စေရန် အခြားသူ​တို့​ပေါ် ဩဇာ​လွှမ်း​ကြ​မည်။ (ကောလောသဲ ၃:၅) သူတို့သည် အခြား​အသင်းတော်​သားများ​အား မိမိတို့၏​သီလ​ပျက် ကိုယ်ကျိုးရှာ နေထိုင်ပုံ​အတိုင်း နေထိုင်​စေ​လို​၏။ ထိုသို့​သော​နေထိုင်ပုံ​ကို ခရစ်ယာန်ဘောင် ဘာသာ​တရား​အများစု​တွင် လက်ပိုက်​ကြည့်​၍ သည်းခံ​ခွင့်ပြု​ထား​ကြသည်။

၈။ (က) သွာတိရ​မြို့ရှိ “ယေဇဗေလ” နှင့်​ပတ်သက်သော ယေရှု၏​စီရင်ချက်​မှာ မည်သို့​နည်း။ (ခ) ယခု​ခေတ်​၌ မ​လျောက်ပတ်​သော အမျိုးသမီး​သြဇာ​လွှမ်းမိုးမှုကို မည်သို့​တွေ့ရ​သနည်း။

သွာတိရ​မြို့ရှိ အကြီးအကဲ​များ​အား ယေရှု​ဤသို့​ဆက်၍ မိန့်ကြား​တော်​မူ​သည်– “နောင်တ​ရ​ရန် သူ့​အား ငါ အချိန်ပေး​သော်လည်း သူ၏ မတရားမေထုန်​အတွက် နောင်တ​ရ​လို​စိတ် မရှိ။ ကြည့်​ပါ။ သူ့ကို လူနာ​အိပ်ရာပေါ်​သို့ ငါ​လှဲချ​တော့​မည်။ သူနှင့်​ဖောက်ပြား​သော သူတို့ကိုလည်း သူ​ပြုသော အမှု​များ​အတွက် နောင်တ​မရ​ကြ​လျှင် ကြီးစွာသောဒုက္ခ​ထဲ​သို့ ငါ​ပစ်ချ​တော့​မည်။” (ဗျာဒိတ် ၂:၂၁၊ ၂၂) မူလ​ယေဇဗေလ​သည် အာဟပ်​အပေါ်​ကြီးစိုး​၍ ဘုရားသခင့်​အာဏာသား ယေဟု​ကို အန်တု​သကဲ့သို့ ဤ​မိန်းမ​သြဇာ​သည်လည်း လင်ယောက်ျား​များနှင့် အကြီးအကဲ​များ​ကို ခြယ်လှယ်​ချင်​ခြယ်လှယ်​မည်။ သွာတိရ​မြို့ရှိ အကြီးအကဲ​တို့သည် ရဲတင်း​သော ထို​မိန်းမ​သြဇာ​ကို သည်းခံနေ​ဟန်​ရှိသည်။ ဤ​တွင် ယေရှု​က သူတို့ကိုလည်း​ကောင်း၊ ယနေ့ ယေဟောဝါ​လူမျိုးတော်​၏ ကမ္ဘာလုံး​ဆိုင်ရာ အသင်းတော်ကို​လည်းကောင်း ပြင်းထန်သော သတိပေး​ချက် ထုတ်ပြန်​တော်​မူ​သည်။ ယခု​ခေတ်​၌ ထင်ရာစိုင်း​သော ထို​မိန်းမ​အချို့​သည် ခင်ပွန်း​ဖြစ်သူ​တို့အား မိမိတို့​နှင့်အတူ အယူဖောက်ပြန်သူ​များ​ဖြစ်စေ​ရန် သွေးဆောင်​ခဲ့​သည့်​ပြင် ယေဟောဝါ​၏ သစ္စာရှိ​အစေခံများ​ကို ရုံးတင်​တရားစွဲ​ရန်​ပင် သွေးထိုးခဲ့​ကြသည်။​—ယုဒ ၅-၈ နှိုင်းယှဉ်။

၉။ (က) ယေဇဗေလ​နှင့်​ပတ်သက်သော ယေရှု၏​မိန့်ဆိုချက်​များ​က ခရစ်ယာန်​အသင်းတော်​ထဲ​ရှိ အမျိုးသမီး​အားလုံး​၏ ဂုဏ်​သတင်းကို အဘယ်ကြောင့် မထိခိုက်​သနည်း။ (ခ) အဘယ်အခါ​၌​သာ ယေဇဗေလ​သြဇာ ဖြစ်ပေါ်​လာ​သနည်း။

ဤ​အချက်​က ခရစ်ယာန်​အသင်းတော်​ထဲ​မှ သစ္စာရှိ​မိန်းမ​များ​၏ ဂုဏ်​သတင်းကို မထိခိုက်​စေပါ။ ယခု​အခါ​တွင် သစ္စာရှိ​ညီအစ်မ​များသည် သက်သေခံ​လုပ်ငန်း​၏ ကြီးမားသော​အပိုင်း​ကို ပြီးစီး​စေ​လျက်​ရှိသည်။ သူတို့သည် အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​အားဖြင့် လူသစ်များ​ကို အစုလိုက်​အပြုံလိုက် အသင်းတော်​ထဲ​သို့ ခေါ်ဆောင်​လာ​ကြသည်။ ဆာလံ ၆၈:၁၁ (သမ္မာ) က “ဘုရားရှင်​သည် အမိန့်တော်​ရှိ၍ သတင်းကောင်းကို ကြား​ပြော​သော​မိန်းမ​တို့သည် အလွန်​များ​ကြ​ပါ​၏” ဟု​ဆို​သည့်​အတိုင်း ဤ​အစီအစဉ်ကို ဘုရားသခင်​ကိုယ်တော်တိုင် ကောင်းချီး​ပေး​တော်​မူ​၏။ လင်သား​တို့သည် “ဘုရားသခင့်​ရှေ့မှာ အဖိုး​များစွာ​ထိုက်” သော မိမိတို့​ဇနီး​များ​၏ နူးညံ့​သိမ်မွေ့​လေးစား​သော အကျင့်​ကြောင့် အကောင်း​ဘက်​သို့ ဩဇာ​လွှမ်းမိုး ခံရ​ချင်​ခံရ​မည်။ (၁ ပေတရု ၃:၁-၄) အစွမ်းအစ​နှင့် ဝီရိယ​ရှိသော​မိန်းမကို လေ​မွေ​လ​ဘုရင်​က ချီးမွမ်း​၏။ (သုတ္တံ ၃၁:၁၀-၃၁) မိန်းမ​တို့သည် ယောက်ျား​များ​ကို သွေးဆောင်​၍​ဖြစ်စေ၊ ဦးစီးမှု​ကို​အန်တု​ပြီး အရေး​မ​လုပ်​ပဲ နေခြင်း​ဖြင့်​ဖြစ်စေ စည်း​ကျော်​သောအခါ​မှ​သာ ယေဇဗေလ​သြဇာ ဖြစ်ပေါ်​လာ​သည်။​—ဧဖက် ၅:၂၂၊ ၂၃; ၁ ကောရိန္သု ၁၁:၃

၁၀။ (က) ယေဇဗေလ​နှင့် သူ၏​သားသမီး​များ အဘယ်ကြောင့် စီရင်ချက် ချ​ခံရ​သနည်း။ (ခ) ယေဇဗေလ​၏ သားသမီး​များ ဖြစ်လာ​သူတို့သည် အန္တရာယ်​ထူ​သော အဘယ်​အခြေအနေ​အောက်​၌ ရှိကြ​သနည်း။

၁၀ “ထို​မိန်းမ ယေဇဗေလ” ကို​ရည်ညွှန်း​လျက် ယေရှု ဤသို့​ဆက်လက် မိန့်ကြား​၏– “သူ၏ သားသမီး​များ​ကိုလည်း သေစေနိုင်​သော ကပ်​ဆိုး​ဖြင့် ငါ​သတ်​မည်။ ဤသို့ဖြင့် ငါသည် ကျောက်ကပ်​များနှင့် နှလုံးများ​ကို စိစစ်​စူးစမ်း​သော အရှင်ဖြစ်​ကြောင်း အသင်းတော်​အပေါင်း​တို့ သိရှိ​ကြလိမ့်မည်။ သင်တို့​ပြုသော အမှု​များ​အတိုင်း သင်တို့​တစ်ဦးစီ​အား ငါ​ပေး​ဆပ်​မည်။” (ဗျာဒိတ် ၂:၂၃) ယေရှုသည် ယေဇဗေလ​နှင့် သူ့​သားသမီး​များ​အား နောင်တ​ရ​ရန် အချိန်ပေး​ခဲ့ပြီ။ သို့သော် သူတို့သည် မိမိတို့၏ သီလ​ပျက်​လမ်းစဉ်​များ​ကို တစ်​ဇွတ်ထိုး​လိုက်​ကြ​သဖြင့် တရား​စီရင်ခံ​ရမည်။ ဤ​တွင် ယနေ့​ခရစ်ယာန်​များ​အဖို့ အားပါ​သော​သတင်း​တစ်ရပ် ပါရှိ​၏။ ဦးစီးမှု​နှင့် သီလ​ဆိုင်ရာ ကျမ်းစာ​မူများ​ကို ချိုးဖောက်​ခြင်း​ဖြင့် သူ၏​သားသမီး​များ ဖြစ်လာ​သူတို့​ဖြစ်စေ၊ သီအိုကရက်တစ်​အစီအစဉ်ကို အရေး​မလုပ်ဘဲ ခေါင်းမာ​၍​နေခြင်း​ဖြင့်​ဖြစ်စေ ယေဇဗေလ​ကို​တုပသူ ကျားမ မရွေး​သည် ဝိညာဉ်​ရေး​ဘက် အန္တရာယ်​မကင်း အပြင်း​ဖျားနေ​သော အခြေအနေ​တွင် ရှိကြသည်။ ထိုသို့​သော​သူသည် အသင်းတော်​အကြီးအကဲ​များ​ကို ဖိတ်ခေါ်​၍ မိမိ​အတွက် ဆုတောင်း​စေ​လျှင် ‘ယုံကြည်ခြင်း​၏​ပတ္ထနာ​သည် လူနာ​ကို​ကယ်ဆယ်​၍ ဘုရားသခင်​သည် သူ့ကို​ထမြောက်​စေတော်မူ​မည်’ မှန်​၏။​—သို့သော် သူသည် ၎င်း​ပတ္ထနာ​နှင့်​အညီ နှိမ့်ချစွာ ကျင့်ကြံ​ရမည်။ သီလ​ပျက်​အကျင့်အကြံ​ကို ဖုံးဖိ​ရန်​ကြိုး​စား၍​ဖြစ်စေ၊ အမှုတော်​၌ စိတ်​ထက်သန်​သ​ယောင် ဟန်ပြ​၍​ဖြစ်စေ ဘုရားသခင် သို့​မဟုတ် ခရစ်တော်​ကို လှည့်စား​နိုင်​မည်​ဟု မည်သူမျှ မထင်​စေ​နှင့်။​—ယာကုပ် ၅:၁၄၊ ၁၅

၁၁။ ယနေ့ ခရစ်ယာန်​အသင်းတော်များ​သည် တရား​နည်းလမ်း​မကျ​သော အမျိုးသမီး​သြဇာလွှမ်း​မှု ထိုးဖောက်​ဝင်ရောက်​လာ​ခြင်း​ကို သတိပြု​နိုင်​ရန် မည်သို့​ကူညီ​ခံရ​သနည်း။

၁၁ ဝမ်းသာစရာ​မှာ ယနေ့ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အများ​က ထို​အန္တရာယ်ကို သတိပြုမိ​ကြ​ပေ​သည်။ အကြီးအကဲ​တို့သည် အသင်းသားများ သီအိုကရက်တစ် မ​ဆန်​သော​စိတ်ထား​နှင့် မှားယွင်းမှု​ဘက်​သို့ တိမ်းယိမ်း​ခြင်း​ရှိမရှိ ဂရုပြု​ကြသည်။ သူတို့သည် အန္တရာယ်​လမ်းပေါ်​ရှိ အမျိုးသား၊ အမျိုးသမီးများ​အား ဝိညာဉ်​ရေး ဆောက်​တည်​နိုင်​ရန်၊ အချိန်မနှောင်း​မီ ပြုပြင်​နိုင်​ရန် ကြိုးစား​ကူညီ​၏။ (ဂလာတိ ၅:၁၆; ၆:၁) အမျိုးသမီး​လွတ်မြောက်ရေး​နှင့် အလားတူ​သော လှုပ်ရှားမှုများ​ကို အုပ်စုဖွဲ့​စည်းရုံး​ရန် အမျိုးသမီးများ အားထုတ်​လာ​လျှင် ခရစ်ယာန်​ကြီးကြပ်မှူး​က မေတ္တာပါပါ၊ ပြတ်ပြတ်သားသား တားဆီး​ကြ​ပါ​သည်။ ထို​မျှ​မ​က၊ ယေဟောဝါသက်သေ​တို့၏ စာပေ​များ​တွင်​လည်း အခါ​အား​လျော်​စွာ အချိန်တန်​သြဝါဒ​များ ပါရှိ​ပါ​သည်။ *

၁၂။ ယနေ့ ယောဟန်​အတန်းအစား​သည် ယေဟု​ကဲ့သို့​သော စိတ်​ထက်သန်မှု​ကို မည်သည့်​နည်းဖြင့် တင်ပြ​ခဲ့ပြီ​နည်း။

၁၂ သို့ရာတွင် ကြီး​လေး​သော သီလ​ပျက်မှု​ဖြစ်ပေါ်​လျှင်၊ အထူးသဖြင့် ၎င်း​သည် အလေ့အထ​တစ်ခု ဖြစ်လာ​လျှင် နောင်တ​မရ​သော အပြစ်ပြု​သူများကို နှင်ထုတ်​ရမည်။ ယေဇဗေလ​သြဇာ​ကို ဣသရေလ​နိုင်ငံ​မှ အစ​အ​န​မကျန် သုတ်သင်​ရာ​၌ ယေဟု စိတ်အား​ပြင်းပြ​ခဲ့​သည်ကို ကျွန်ုပ်​တို့ ပြန်သတိရ​သည်။ ထို့​အတူ၊ ယနေ့ ယောဟန်​အတန်းအစား​လည်း ပြတ်သား​စွာ အရေးယူ​ခြင်း​ဖြင့် သူတို့၏ “ယောန​ဒတ်” အပေါင်းပါများ​အဖို့ ပုံသက်သေ​ထား​ကာ မိမိတို့သည် ပေါက်လွှတ်ပဲစား​ပြုသော ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​နှင့် အခြားကြီး​ခြားနား​ကြောင်း ထင်ရှားစေ​သည်။​—၄ ဓမ္မ​ရာဇဝင် ၉:၂၂၊ ၃၀-၃၇; ၁၀:၁၂-၁၇

၁၃။ မှားယွင်းသော အမျိုးသမီး​သြဇာ​ကို အောက်ကျို့​သူတို့သည် မည်သို့​ဖြစ်​မည်​နည်း။

၁၃ ယေဟောဝါ​၏ စေတမန်​နှင့် တရားသူကြီး​အနေ​နှင့် ဘုရားသခင့်​သားတော်​သည် ခေတ်​သစ်​ယေဇဗေလ​ကို ခွဲခြား​ဖော်ထုတ်​၍ လူနာ​အိပ်ရာပေါ်​သို့ လှဲချ​တော်​မူ​သည်​မှာ သင့်မြတ်​လှ​၏။ အကြောင်း​မှာ သူသည် ဝိညာဉ်ရေးတွင် နာတာရှည်​ရောဂါ စွဲကပ်​နေ၍​ဖြစ်သည်။ (မာလခိ ၃:၁၊ ၅) အနှီ​မှားယွင်းသော မိန်းမ​သြဇာ​ကို အောက်ကျို့​သော​သူတို့လည်း လူသေ​ပ​မာ ခရစ်ယာန်​အသင်းတော်​မှ ဖြတ်တောက်​နှင်ထုတ်ခြင်း တည်း​ဟူသော​—ကြီးစွာသောဒုက္ခ ခံရ​ကြ​မည်။ နောင်တ​ရ​၍ လှည့်လာ​ကာ အသင်းတော်​ထဲ​သို့ ပြန်​မဝင်​လျှင် ယု​တ်စွ​အဆုံး ကြီးစွာသောဒုက္ခ​၌ “သေစေနိုင်​သော ကပ်​ဆိုး” ဖြင့် ပကတိ အသေ​သတ်​ခံရ​မည့်​ကိန်း​နှင့်​လည်း ရင်ဆိုင်​နေရ​သည်။ စပ်ကြား​ကာလ​အတွင်း မိမိတို့၏​အမှား​များ​ကို လုံးဝ​နောင်တ​ရ​လျှင်​မူ နဂို​အခြေအနေ ပြန်ရောက်​ရှိ​နိုင်​ပါ​သည်။​—မဿဲ ၂၄:၂၁၊ ၂၂; ၂ ကောရိန္သု ၇:၁၀

၁၄။ (က) ယေရှုသည် အကြီးအကဲ​များ​ကို​သုံး​၍ ယေဇဗေလ​သြဇာ အစ​ရှိသည့် ပြဿနာ​အချို့​ကို မည်သို့​ကိုင်တွယ်​တော်​မူ​သနည်း။ (ခ) ထိုသို့​သော​ပြဿနာ​များ ကိုင်တွယ်​သည့်​အကြီးအကဲ​များ​ကို အသင်းတော်က မည်သို့​ထောက်ခံ​သင့်​သနည်း။

၁၄ ယေရှုသည် အနက်ရှိုင်းဆုံး​သော စိတ်​ခံစားမှု​တည်း​ဟူသော “ကျောက်ကပ်” ကိုလည်း​ကောင်း၊ စိတ်ရင်း​ခံ​အပါအဝင် အတွင်းလူ​တည်း​ဟူသော “နှလုံး” ကိုလည်း​ကောင်း စိစစ်​စူးစမ်း​ကြောင်း “အသင်းတော်​အပေါင်း​တို့” သိရ​လိမ့်​မည်။ ထို့​အတွက် ကိုယ်တော်​သည် အားထား​လောက်​သော​ကြယ်၊ သို့​မဟုတ် အကြီးအကဲ​များ​ကို​သုံး​၍ ပေါ်ပေါက်​လာ​သည့် ယေဇဗေလ​သြဇာ​ကဲ့သို့​သော ပြဿနာ​များ​ကို ကိုင်တွယ်​တော်​မူ​သည်။ (ဗျာဒိတ် ၁:၂၀) ထိုသို့​သော​ကိစ္စ​ကို ဤ​အကြီးအကဲ​များ​က စေ့စေ့စပ်စပ်​စိစစ်​၍ ဆုံးဖြတ်ပြီး​နောက်​၌ အခြား​ပုဂ္ဂိုလ်​များ​က ဘာကြောင့်၊ ဘာ​အတွက် ထိုသို့​အရေးယူ​သည်ကို စစ်ဆေး​စူးစမ်း​ရန်​မဟုတ်။ လူအားလုံး အကြီးအကဲ​များ​၏ စီရင်​ပိုင်းဖြတ်ချက်​ကို နှိမ့်ချစွာ​လက်ခံ​လျက် ဤ​အသင်းတော်​ကြယ်​များ​ကို ဆက်လက်​ထောက်ခံ​သင့်​သည်။ ယေဟောဝါ​နှင့် ကိုယ်တော့်​အဖွဲ့အစည်း အစီအစဉ်​ပေါ် သစ္စာစောင့်​လျှင် ဆုကျေးဇူး​တော်​ခံစားရ​မည်။ (ဆာလံ ၃၇:၂၇-၂၉; ဟေဗြဲ ၁၃:၇၊ ၁၇) ကိုယ်​ပြုသော​အမှု​အလျောက် တစ်ဦးစီ​အား ယေရှု ပေး​ဆပ်​သောအခါ သင့်​အနေ​နှင့် ကောင်းချီး​ဝေစု​ရ​ပါစေ။​—ဂလာတိ ၅:၁၉-၂၄; ၆:၇-၉

“ရှိရင်းစွဲ​ကို မြဲမြဲကိုင်​စွဲ​ထား​ပါ”

၁၅။ (က) ယေဇဗေလ​ကြောင့် ယိုယွင်းခြင်း​မရှိသူ​တို့အား ယေရှု ဘာ​ပြောစရာ​ရှိ​သနည်း။ (ခ) ၁၉၁၈ ခုနှစ်​၌ ဖောက်ပြန်သော ခရစ်ယာန်ဘောင်​ကြောင့် ခရစ်ယာန်​အမည်ခံ​အားလုံး ယိုယွင်းခြင်း​မရှိကြောင်း ဘာက​ပြသ​နည်း။

၁၅ ယေရှု၏ နောက်​စကား​များ​က နှစ်သိမ့်မှု​ပေး​၏– “သို့ရာတွင် သွာတိရ​မြို့မှ ကျန်​သော​သူများ​ဖြစ်သည့် အသင်​တို့၊ ဤ​အယူ​ကို မခံ​သော​သူအား​လုံး၊ အများ​အခေါ် ‘စာတန်​၏ နက်နဲရာ​များ’ ကို မသိသော​သူတို့အား ငါ​ဆိုသည်ကား– သင်တို့​အပေါ်​သို့ အခြား​ဝန်ထုပ်​ကို ငါ​တင်​မည်​မဟုတ်။ သို့သော် ငါ​လာ​သည်​တိုင်အောင် ရှိရင်းစွဲ​ကို မြဲမြဲကိုင်​စွဲ​ထား​ပါ။” (ဗျာဒိတ် ၂:၂၄၊ ၂၅) သွာတိရ​မြို့၌ ယေဇဗေလ​၏ ဩဇာ​လွှမ်းမိုးမှုကို​မခံ​သော သစ္စာရှိ​သူများ ရှိ​ပေ​သည်။ ထို့​နည်းတူ၊ ၁၉၁၈ ခုနှစ်​မတိုင်မီ အနှစ် ၄၀ အထက်​က​လည်းကောင်း၊ ၁၉၁၈ ခုနှစ်​နောက်​၌​လည်းကောင်း ခရစ်ယာန်​အမည်ခံ​အားလုံး​သည် ခရစ်ယာန်ဘောင်​အတွင်း နှံ့ပြား​လှ​သော သီလ​ပျက်​ဖောက်ပြန်​သည့် လမ်းစဉ်​များ​ကို သည်းခံ​ခွင့်ပြု​ကြသည် မဟုတ်။ ခရစ်ယာန်ဘောင်​၏ အယူဝါဒ​များစွာမှာ ခရစ်ယာန်မဆန်​သော​ဇာစ်​မြစ်​မှ ပေါက်ဖွား​လာ​ကြောင်း ချာ့ခ်ျ​အသင်းသားများ သဘောပေါက်​စေရန် ကူညီ​ပေး​ခဲ့​ကြ​သည့် ယခု ယေဟောဝါသက်သေ​များ​အဖြစ် လူသိ​များသော ကျမ်းစာ​ကျောင်းသား အုပ်စု​လေး​သည် အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​မှ​တစ်ဆင့် ခံယူ​ရရှိသော ဗာဗုလုန်​ယုံကြည်ချက်များ၊ အကျင့်ဓလေ့​များနှင့် ကင်းစင်​အောင် မိမိတို့​ကိုယ်ကို သုတ်သင်​ဆေးကြော​ခဲ့​ကြပြီ။ ၎င်း​၌ “ထို​မိန်းမ ယေဇဗေလ” ၏ ပေါက်လွှတ်ပဲစား​အယူ ပါဝင်​သည်။

၁၆။ ယေရှု​နှင့် ပထမ​ရာစု ခရစ်ယာန်​အုပ်ချုပ်ရေး​အဖွဲ့က ဝန်ထုပ် ထပ်​မတင်​သော်လည်း အဘယ်အရာ​များ​ကို​ကား ရှောင်​ရမည်​နည်း။

၁၆ ယနေ့ ယောဟန်​အတန်းအစား​လည်း မိမိတို့၏​အပေါင်းပါ လူအုပ်ကြီး​အား ယုတ်ညံ့​သော အပန်းဖြေ​လောက​မှ သီလ​ပျက်​သြဇာ​များ​ကို သတိပြု​ရန် တိုက်တွန်း​သည်။ သိ​လို​ဇော​ဖြင့်​ဖြစ်စေ၊ ရှောင်​ရမည့်​အရာ​ကို နားလည်​ရန်​အတွက်​ဖြစ်စေ ဖောက်ပြန်​ပုပ်ပျက်​သော​အရာ​ကို ကြည့်​ဖို့၊ ကိုယ်တွေ့​ခံစား​ကြည့်​ဖို့ မလိုပါ။ “စာတန်​၏ နက်နဲရာ​များ” ကို ဝေးဝေးရှောင်​ခြင်း​သည် ပညာ​လမ်းစဉ်​ပင်။ ယေရှု​ဆို​သည့်​အတိုင်း “သင့်​အပေါ်မှာ အခြား​ဝန်ထုပ်​ကို ငါ​တင်​မည်​မဟုတ်။” ဤ​အချက်​က ပထမ​ရာစု ခရစ်ယာန် အုပ်ချုပ်ရေး​အဖွဲ့​၏ ပြဋ္ဌာန်းချက်​ကို ပြန်သတိရ​စေ​သည်– “ရုပ်တုရှေ့မှာ ပူဇော်​သော ယဇ်ကောင်​ကိုလည်း​ကောင်း၊ အသွေးကို​လည်းကောင်း၊ လည်ပင်း​ကို​ညှစ်၍ သတ်​သော​အရာ​ကိုလည်း​ကောင်း၊ မတရားသော မေထုန်​ကိုလည်း​ကောင်း၊ ကြ​ဉ်​ရှောင်​ရမည် ဟူသော​ပညတ်​မှတစ်ပါး အခြားသော​ဝန် သင်တို့၏​အပေါ်​၌ တင်​ခြင်း​ငှာ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ငါ​တို့သည် အလို​မရှိ။” (တမန်​တော် ၁၅:၂၈၊ ၂၉) ဝိညာဉ်ရေးတွင် ချမ်းသာ​ကြွယ်ဝ​ရန် မိစ္ဆာ​ဘာသာ၊ (သွေးသွင်း​ခြင်း​ကဲ့သို့​သော) သွေး​အလွဲသုံး​မှု​နှင့် သီလ​ပျက်မှု​တို့ကို ရှောင်ပါ။ သင့်​ကာယ​ကျန်းမာ​မှု​ပါ အကာအကွယ်​ရနိုင်​သည်။

၁၇။ (က) စာတန်​သည် “နက်နဲ​သော​အရာများ” ကို​သုံး​လျက် ယနေ့​လူ​တို့အား မည်သို့​သွေးဆောင်​သနည်း။ (ခ) စာတန်​၏ ရှုပ်ထွေး​ဆန်းပြား​သော လောက​၏ “နက်နဲရာ​များ” ကို ကျွန်ုပ်​တို့ မည်သို့​သဘော ထား​သင့်​သနည်း။

၁၇ ယခု​ခေတ်​၌ ပညာရှင်​များ​အား ကိုယ့်​ကိုယ်ကို အ​ဟုတ်​ကြီး​ထင်​စေသော နက်နဲ​ရှုပ်ထွေး​သည့် မှန်းဆချက်များနှင့် အ​ဘိ​ဓမ္မာ​များ​စ​သော အခြား “စာတန်​၏ နက်နဲရာ​များ” ရှိသေး​သည်။ ၎င်း​တို့​တွင် ပေါက်လွှတ်ပဲစား သီလ​ပျက် အတွေးအခေါ်​များ​အပြင် နတ်​ဝိဇ္ဇာ​အတတ်​နှင့် ဆင့်ကဲဖြစ်စဉ်​ဝါဒ​လည်း ပါဝင်​သည်။ ဉာဏ်တော်​အလုံးစုံ​နှင့် ပြည့်စုံသော ဖန်ဆင်း​ရှင်​အနေ​နှင့် ဤ “နက်နဲရာ​များ” ကို မည်သို့ ရှုမှတ်​တော်​မူ​သနည်း။ ကိုယ်တော်​က “ပညာရှိ​တို့၏​ပညာ​ကို ငါ​ဖျက်ဆီး​မည်” ဟု မိန့်ဆို​ကြောင်း တမန်​တော်​ပေါလု​က ကိုးကား​ဖော်ပြ​လိုက်​သည်။ “ဘုရားသခင်​၏ နက်နဲ​သော​အရာ” များ​မှာ​မူ၊ ရိုးရိုးရှင်းရှင်း​ဖြစ်၍ စိတ်နှလုံး​ကို ကြည်နူး​စေ​သည်။ ပညာရှိ ခရစ်ယာန်​တို့သည် စာတန်​၏ ရှုပ်ထွေး​ဆန်းပြား​သော လောက​၏ “နက်နဲရာ​များ” ကို​ရှောင်​၏။ “လောက​နှင့် လောကီ​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏ အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ နိစ္စ​ထာဝရ​တည်” ကြောင်း စွဲမှတ်​ပါ။​—၁ ကောရိန္သု ၁:၁၉; ၂:၁၀; ၁ ယောဟန် ၂: ၁၇

၁၈။ အဆုံးတိုင်အောင် သစ္စာစောင့်​သော ဘိသိက်ခံ​ခရစ်ယာန်​တို့အား အဘယ်​ကောင်းချီး​များ​ပေး​ရန် ယေရှု​ကတိပြု​သနည်း။ ထမြောက်​လာသော ဤ​ပုဂ္ဂိုလ်​များသည် အာမဂေဒုန်​၌ အဘယ်​အခွင့်အရေး ရ​ကြ​မည်​နည်း။

၁၈ သွာတိရ​မြို့ရှိ ထို​ခရစ်ယာန်​တို့အား ကြည်နူး​အားရဖွယ်​စကား​ကို ယေရှု​ဆက်၍ မိန့်ကြား​လေ​သည်။ ယနေ့ ဘိသိက်ခံ ခရစ်ယာန်​များ​အတွက်​လည်း အားရှိစရာ​ဖြစ်၏– “အောင်နိုင်​၍ အဆုံးတိုင်အောင် ငါ့​အမှု​များ​ကို စောင့်ထိန်း​သော​သူအား ငါ့​ခမည်းတော်​ထံ​မှ အာဏာကို ငါ​လက်ခံရ​ရှိသည်​နည်းတူ လူမျိုးများ​အပေါ် စိုးမိုး​သော​အာဏာကို ငါ​ပေး​မည်။ သူသည်​လည်း လူ​တို့ကို သံ​လှံတံ​ဖြင့် ထိန်းကျောင်း​မည်​ဖြစ်သော​ကြောင့် လူတို့သည် မြေအိုး​များ အစိတ်​စိတ် ကွဲ​သကဲ့သို့ ကွဲ​ကြလိမ့်မည်။” (ဗျာဒိတ် ၂:၂၆၊ ၂၇) တကယ့်​အခွင့်ထူး ပါ​တကား။ ဘိသိက်ခံ​အောင်နိုင်သူ​တို့ ထမြောက်​စဉ်​ရ​ကြသော ၎င်း​အာဏာ​မှာ ယေရှု​နှင့်အတူ အာမဂေဒုန်​၌ ပုန်ကန်​သော​လူမျိုးများ​အား သံ​လှံတံ​ဖြင့်​ဖျက်ဆီးခြင်း အာဏာ​ပင်​တည်း။ မြေအိုး​များ​ကို အစိတ်​စိတ်​ကွဲ​အောင် ရိုက်ခွဲ​သကဲ့သို့ ရန်သူ​တို့ကို ခရစ်တော် ချေမှုန်း​သောအခါ ထို​လူမျိုးများ​၏ အစွမ်းထက်​ဆုံး နျူကလီးယား​လက်နက်များ​ပင် ရေ​စို​သော​ဗြောက်အိုး​ပ​မာ တ​ဖျစ်ဖျစ်​သာ မြည်​လိမ့်​မည်။​—ဆာလံ ၂:၈၊ ၉; ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၁၃၊ ၁၅

၁၉။ (က) “မိုး​သောက်​ကြယ်” ကား မည်သူ​နည်း။ ကိုယ်တော်​သည် အောင်နိုင်သူ​တို့အား မိမိကိုယ်ကို မည်သို့​ပေးအပ်​တော်​မူ​မည်​နည်း။ (ခ) လူအုပ်ကြီး​အား အဘယ်​သို့ အားပေးထား​သနည်း။

၁၉ “မိုး​သောက်​ကြယ်​ကိုလည်း ထို​သူ့​အား ငါ​ပေး​မည်” ဟု ယေရှု​ထပ်ဆင့် မိန့်ဆို​၏။ (ဗျာဒိတ် ၂:၂၈) နောက်ပိုင်း၌ ယေရှု​ကိုယ်တော်တိုင် ၎င်း “မိုး​သောက်​ကြယ်” ဘာကို​ဆိုလို​ကြောင်း ဤသို့​မိန့်ဆို​သည်– “ငါသည် ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏​အနွယ် ဖြစ်၏၊ ထွန်း​ပ​သော မိုး​သောက်​ကြယ်​လည်း ဖြစ်၏။” (ဗျာဒိတ် ၂၂:၁၆) မှန်​ပေ​သည်။ မ​ဟ​ချင်​သော ဗာလမ်​၏​ပါးစပ်​ထဲ​မှ ယေဟောဝါ အတင်း​မိန့်ဆို​စေသော အောက်ပါ ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​သူ​မှာ ယေရှု​ပင်​တည်း– “ကြယ်​တစ်လုံး​သည် ယာကုပ်​အမျိုး​၌ ပေါ်ထွန်း​၍ ရာဇ​လှံတံ​သည် ဣသရေလ​အမျိုး​၌ ထင်ရှား​လိမ့်​မည်။” (တောလည်ရာ ၂၄:၁၇) အောင်နိုင်သူ​တို့အား “မိုး​သောက်​ကြယ်” ကို ယေရှု​မည်သို့ ပေး​တော်​မူ​မည်​နည်း။ မိမိကိုယ်ကို သူတို့အား ပေးအပ်​ခြင်း၊ မိမိ​နှင့်​အနီးကပ်​ဆုံး အရင်းနှီးဆုံး ဆက်ဆံ​ရေး​ဘောင်​အတွင်း​သို့ သူတို့ကို ဆောင်​သွင်း​ခြင်း​အားဖြင့် ဖြစ်သည်​မှာ ထင်ရှား​သည်။ (ယောဟန် ၁၄:၂၊ ၃) ကြံ့ကြံ့ခံ​လို​သော​ဆန္ဒ​ကို ဖြစ်ပေါ်​စေသော အားပါ​သည့်​စေ့ဆော်​ချက်​ပါ​တကား။ “မိုး​သောက်​ကြယ်” သည် မကြာမီ နိုင်ငံတော်​အာဏာ​ဖြင့် ဤ​ကမ္ဘာ​ပေါ် ပရဒိသု ပြန်လည်​ထူထောင်​တော်​မူ​မည် ဟူသော​အချက်​ကို သိရ​သည်​မှာ လူအုပ်ကြီး​အဖို့​လည်း အားတက်စရာ​ပင်။

သမာဓိ စောင့်ထိန်း​ပါ

၂၀။ ခရစ်ယာန်ဘောင်​၏ အဘယ်​အဖြစ်အပျက်​များ​က သွာတိရ​အသင်းတော်​၏ အားနည်းချက်​အချို့​ကို သတိ​ရစေ​သနည်း။

၂၀ အထက်ပါ သတင်း​တော်​ကြောင့် သွာတိရ​မြို့ရှိ ခရစ်ယာန်​များ များစွာ​အားတက်ခဲ့​ပေမည်။ စဉ်းစား​ကြည့်​လေ။ ကောင်းကင်ဘုံ​မှ ဘုရားသခင့် ဘုန်းပွင့်​သားတော်​ကိုယ်တိုင် သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​အား သူတို့၏ ပြဿနာ​အချို့​အကြောင်း မိန့်ဆိုခဲ့သည်။ မေတ္တာပါ​သော ထို​ထိန်းကျောင်း​မှု​ကို ယု​တ်စွ​အဆုံး အသင်းတော်​ရှိ​အချို့​သူများ လက်ခံ​တုံ့ပြန်​ခဲ့​မည်​မုချ။ သတင်း​တော်​ခု​နစ်​ခု​အနက် အရှည်​လျား​ဆုံးသော ဤ​သတင်း​တော်​သည် ယနေ့​ခရစ်ယာန် အသင်းတော်​အစစ်အမှန်​ကို ခွဲခြား​သိမြင်​နိုင်​စေရန်​လည်း အထောက်အကူ​ပြု​၏။ ၁၉၁၈ ခုနှစ်​၌ တရား​စီရင်​ရန် ယေဟောဝါ​၏ ဗိမာန်တော်သို့ ယေရှု​ကြွလာ​စဉ် ခရစ်ယာန်​အမည်ခံ အဖွဲ့အစည်း​အများထု​သည် ရုပ်တု​ကိုးကွယ်​မှု​နှင့် ဝိညာဉ်​ရေး​သီလ​ပျက်မှု​တို့​ဖြင့် ညစ်ပေ​လျက်​နေကြ​သည်။ (ယာကုပ် ၄:၄) အချို့​တို့သည် မိမိတို့၏ ယုံကြည်ချက်များ​ကို သတ္တမနေ့ ဥပုသ်​အသင်း​မှ အယ်လင် ဝှိုက်၊ ခရစ်ယာန် သိပ္ပံ​ပညာရှင်​များ​အသင်း​မှ မေရီ ဘေ​ကာ အယ်​ဒီ စ​သော ၁၉ ရာစု​မှ ထက်မြက်​သည့် အမျိုးသမီးများ​၏ သွန်သင်ချက်​များ​ပေါ် အခြေပြု​ကြသည်။ မကြာသေးမီ​က​လည်း စင်မြင့်​ပေါ်မှာ ဟောပြောသော​အမျိုးသမီး များသည်ထက်​များ​လာ​သည်။ (၁ တိမောသေ ၂:၁၁၊ ၁၂ နှိုင်းယှဉ်။) ကက်သလစ်​ဝါဒ အမျိုးမျိုးမှာ​လည်း မာရိ​ကို ဘုရားသခင်​နှင့် ခရစ်တော်​ထက် ဦးစား​ပေး၍ သိ​ဒ္ဓိ​တင်​ကိုးကွယ်​၏။ မာရိ​ကို ယေရှု​ထိုသို့ ဂုဏ်​မတင်​ခဲ့​ပါ။ (ယောဟန် ၂:၄; ၁၉:၂၆) ထိုသို့​သော တရား​နည်းလမ်း​မကျ​သည့် အမျိုးသမီး​သြဇာ​ကို​ခွင့်ပြု​သော အဖွဲ့အစည်း​များ​ကို ခရစ်ယာန်​အဖြစ် လက်ခံ​နိုင်​မည်​လော။

၂၁။ သွာတိရ​မြို့ကို​ပေး​သော ယေရှု၏​သတင်း​တော်​တွင် လူတစ်ဦး​စီ​အတွက် အဘယ်​သင်ခန်းစာများ ပါရှိ​သနည်း။

၂၁ ယောဟန်​အတန်းအစား​ဝင်​ဖြစ်စေ၊ အခြားသိုး​စုဝင်​ဖြစ်စေ ခရစ်ယာန်​တစ်ဦးစီ​အနေ​နှင့် ဤ​သတင်း​တော်​ကို ဆင်ခြင်​သင့်​သည်။ (ယောဟန် ၁၀:၁၆) အချို့​တို့​က သွာတိရ​မြို့မှ ယေဇဗေလ​၏ တပည့်​များ​နည်းတူ လမ်း​လွယ်​လိုက်​လို​သော​သဘော ရှိ​ချင်​ရှိ​မည်။ အညံ့​ခံ အလျှော့ပေး​ချင်စိတ်​လည်း ရှိသေး​သည်။ ယခု​ခေတ်တွင် သွေးပါ​သော စားသောက်​ကုန်​များ​စားခြင်း၊ သို့​မဟုတ် သွေးသွင်း​ခြင်း​စ​သော ပြဿနာ​များ​ကို ရင်ဆိုင်​ရသည်။ အချို့​က မိမိတို့သည် လယ်ကွင်း​အမှုတော်​နှင့် ဟောပြောချက်​ပေး​ရာ​၌ စိတ်​ထက်သန်​လျှင် ဇာတ်​ကြမ်း​နှင့် သီလ​ပျက်​ရုပ်ရှင်၊ ဗွီဒီယို​ခွေ​များ​ကြည့်​ခြင်း၊ သို့​မဟုတ် သောက်ကြူး​ခြင်း​တို့​၌ အထူး​စောင့်စည်း​ရန်​မလိုဟု ထင်​ချင်​ထင်​မည်။ သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​ပေး​သော သတိပေး​ချက်​က ကျွန်ုပ်​တို့အား စည်း​လွတ်​ဝါး​လွတ် မပြုမူ​ရန် စေ့ဆော်​၏။ ကျွန်ုပ်​တို့သည် သွာတိရ​မြို့ရှိ ခရစ်ယာန်​များစွာ​တို့​ကဲ့သို့ စိတ်​နှစ်ခွ​မရှိ၊ စိုးလ်​အကြွင်းမဲ့​ဖြစ်​ပြီး စင်ကြယ်​ရန် ယေဟောဝါ အလိုတော်​ရှိ၏။

၂၂။ ကြား​တတ်သော​နား​ရှိဖို့ အရေးကြီးကြောင်း ယေရှု​မည်သို့ အလေးအနက် ပြု​တော်​မူ​သနည်း။

၂၂ နောက်ဆုံး ယေရှု ဤသို့​ကြေညာ​၏– “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ။” (ဗျာဒိတ် ၂:၂၉) ယေရှုသည် အထက်ပါ​ထပ်​ကြော့ ဆော်သြ​ပုဒ်​ကို စတုတ္ထ​အကြိမ် မိန့်ဆို​သည်။ ကျန်​သည့် သတင်း​တော်​သုံး​ပုဒ်​ကိုလည်း ထိုသို့​နိဂုံး​ချုပ်​လိမ့်​မည်။ သင်၌ ထိုသို့​တုံ့ပြန်​တတ်သော နား​ရှိသလော။ ရှိလျှင်၊ မိမိ၏ ဝိညာဉ်​တော်​အားဖြင့် ဆက်သွယ်ရေး လမ်းကြောင်း​တော်​မှ​တစ်ဆင့် ဘုရားသခင် အဆက်မပြတ် ဩ​ဝါဒ​ပေး​တော်​မူ​သည်ကို စူးစိုက်​နားထောင်ပါ​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဥပမာ၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် ကင်းမျှော်စင် ပါ “တည်ကြည်သော ခရစ်ယာန်​အမျိုးသမီးများ​—ဘုရားသခင်​၏ အဖိုးထိုက် ဝတ်ပြုသူ​များ” ဟူသော ဆောင်းပါး​ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၅၁ ပါ ရုပ်ပုံ]

ယနေ့ သီအိုကရက်တစ် အခွင့်အာဏာကို ကျိုးနွံ​စွာ အားပေး​ထောက်ခံ​သော သစ္စာရှိ​ညီအစ်မ​များသည် သက်သေခံခြင်း​လုပ်ငန်း​တွင် အကြီးအကျယ်​ပါဝင်​နေ