တရားစီရင်တော်မူခြင်းအတွက် ဂျားအား ချီးမွမ်းကြလော့
အခန်း ၃၈
တရားစီရင်တော်မူခြင်းအတွက် ဂျားအား ချီးမွမ်းကြလော့
၁။ “ကောင်းကင်ဘုံမှ မဟာပရိသတ်၏အသံကြီးနှင့်တူသော” အဘယ်စကားသံကို ယောဟန်ကြားရသနည်း။
မဟာဗာဗုလုန် မရှိတော့ပါ! တကယ်ဝမ်းသာစရာသတင်းဖြစ်၏။ ယင်းကြောင့် ကောင်းကင်ဘုံ၌ ချီးမွမ်းသြဘာသံကို ယောဟန်ကြားရ၏– “ဤအမှုအရာများနောက်၌ ကောင်းကင်ဘုံမှ ပရိသတ်ကြီး၏ ကြီးစွာသော စကားသံနှင့်တူသောအသံကို ငါကြားရ၏။ သူတို့က ‘ဟာလေလုယ။ * ငါတို့၏ ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်နှင့် တန်ခိုးတော်တို့ကို ပိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ တရားစီရင်ချက်များသည် ဟုတ်မှန်ဖြောင့်မတ်ပေ၏။ အကြောင်းမှာ မိမိ၏ မတရားသောမေထုန်ဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို အပြစ်ဒဏ်စီရင်၍ သူ့လက်ထဲ၌ရှိသည့် မိမိကျွန်တို့၏ သွေးအတွက် လက်စားချေတော်မူပြီ’ ဟုပြောဆိုကြ၏။ ၎င်းနောက်၊ သူတို့က ‘ဟာလေလုယ * ဟုဒုတိယအကြိမ် ချက်ချင်းဆိုကြပြန်၏။ သူ့ထံမှထွက်သော မီးခိုးသည် အစဉ်ထာဝရ အထက်သို့ တက်လျက်ရှိ၏။”—ဗျာဒိတ် ၁၉:၁-၃။
၂။ (က) “ဟာလေလုယ” ဟူသောစကားလုံးသည် ဘာကိုဆိုလို၍ ဤနေရာ၌ ၎င်းကိုယောဟန်နှစ်ကြိမ်ကြားရခြင်းက ဘာကိုထင်ရှားစေသနည်း။ (ခ) မဟာဗာဗုလုန်ကို ဖျက်ဆီးခြင်းအတွက် ဘုန်းတန်ခိုးကို မည်သူခံယူသနည်း။ ရှင်းပြပါ။
၂ တကယ်ပင် ဟာလေလုယ။ ဤစကားလုံးသည် “အသင်လူအပေါင်းတို့၊ ဂျားအား ချီးမွမ်းကြလော့” ဟူ၍အဓိပ္ပာယ်ရှိပြီး “ဂျား” ဆိုသည်မှာ ဘုရားသခင့်နာမတော် ယေဟောဝါ၏ အတိုကောက်ဖြစ်၏။ ၎င်းသည် “အသက်ရှူသော သတ္တဝါရှိသမျှသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုချီးမွမ်းကြစေ။ ဟာလေလုယ” ဟူသော ဆာလံဆရာ၏ တိုက်တွန်းချက်ကို ကျွန်ုပ်တို့အား သတိရစေ၏။ (ဆာလံ ၁၅၀:၆၊ သမ္မာ) အားရရွှင်လန်းသည့် ကောင်းကင်သံပြိုင်တေးအဖွဲ့က “ဟာလေလုယ” ဟူ၍သီဆိုသည်ကို ဗျာဒိတ်ကျမ်း၏ဤအပိုင်း၌ ယောဟန်နှစ်ကြိမ်ကြားရခြင်းက သမ္မာတရားကို ဘုရားသခင်အဆက်မပြတ် ဖွင့်ပြတော်မူကြောင်း ထင်ရှားစေ၏။ ခရစ်ယာန်ဂရိကျမ်းစာ၏ ဘုရားသခင်သည် စောစောပိုင်းက ဟေဗြဲကျမ်းစာ၏ ဘုရားသခင်ပင်ဖြစ်၍ နာမတော်သည် ယေဟောဝါဖြစ်၏။ ရှေးဗာဗုလုန်ကို ကျဆုံးစေသော ဘုရားသခင်သည် မဟာဗာဗုလုန်ကို ယခုတရားစီရင်၍ ဖျက်ဆီးတော်မူပြီ။ ယင်းစွမ်းဆောင်ချက်အတွက် ကိုယ်တော်အား ဘုန်းရှိသမျှကို ဆက်သကြပါလေ။ သူ့ကိုကျဆုံးစေသောတန်ခိုးမှာ ကိုယ်တော်ပိုင်တော်မူသော တန်ခိုးဖြစ်၏။ သူ့ကိုဖျက်ဆီးရာ၌ ကိရိယာများအဖြစ် အသုံးပြုခြင်းခံရသော လူမျိုးများ၏ တန်ခိုးမဟုတ်။ ယေဟောဝါတစ်ပါးတည်းသာ ကယ်တင်ခြင်းကျေးဇူး ရှိတော်မူ၏ဟု ကျွန်ုပ်တို့ဆိုရမည်ဖြစ်၏။—ဟေရှာယ ၁၂:၂; ဗျာဒိတ် ၄:၁၁; ၇:၁၀၊ ၁၂။
၃။ ပြည့်တန်ဆာကြီးသည် အဘယ်ကြောင့် တရားစီရင်ခြင်းကို အလွန်ခံထိုက်သနည်း။
၃ ပြည့်တန်ဆာကြီးသည် အဘယ်ကြောင့် ဤတရားစီရင်ချက်ကို အလွန်ခံထိုက်သနည်း။ နောဧအားလည်းကောင်း၊ နောဧမှတစ်ဆင့် လူသားခပ်သိမ်းအားလည်းကောင်း ယေဟောဝါ ပေးတော်မူသော ပညတ်တော်အရ အကြောင်းမဲ့ သွေးသွန်းသူသည် သေဒဏ်ခံရ၏။ ၎င်းပညတ်ကို ဣသရေလလူတို့အား ပေးတော်မူသောပညတ်တော်၌ ထပ်ဆင့်ဖော်ပြထားသည်။ (ကမ္ဘာဦး ၉:၆; တောလည်ရာ ၃၅:၂၀၊ ၂၁) ထို့ပြင် ထိုမောရှေပညတ်အောက်၌ ပကတိဖောက်ပြားမှုနှင့် ဝိညာဉ်ရေးဖောက်ပြားမှု ကျူးလွန်ခြင်းသည် သေပြစ်ဖြစ်၏။ (ဝတ်ပြုရာ ၂၀:၁၀; တရားဟောရာ ၁၃:၁-၅) မဟာဗာဗုလုန်သည် အနှစ်ထောင်ပေါင်းများစွာ သွေးသွန်းခြင်းအပြစ် ကျူးလွန်ခဲ့သည့်ပြင် အလွန်လော်လည်သော မိန်းမရွှင်လည်းဖြစ်၏။ ဥပမာ၊ ဘုန်းကြီးများ အိမ်ထောင်မပြုရဟူသော ရိုမင်ကက်သလစ်ချာ့ခ်ျ၏ပေါ်လစီကြောင့် ဘုန်းကြီးအတော်များများ အလွန်စာရိတ္တပျက်ပြားကြပြီး အေ့ဒ်စ်ရောဂါ ရကြသည်မှာ မနည်းပေ။ (၁ ကောရိန္သု ၆:၉၊ ၁၀; ၁ တိမောသေ ၄:၁-၃) သို့ရာတွင် “ကောင်းကင်ဘုံ မီသည်တိုင်အောင်စုပုံ” သော ၎င်း၏အဓိကအပြစ်များမှာ မိစ္ဆာအယူသွန်သင်ခြင်းနှင့် စာရိတ္တဖောက်ပြန်သော နိုင်ငံရေးသမားများနှင့် မိတ်ဖွဲ့ခြင်းတည်းဟူသော ၎င်း၏ထိတ်လန့်ဖွယ်ရာ ဝိညာဉ်ရေးမတရားမေထုန်အမှုများပင်တည်း။ (ဗျာဒိတ် ၁၈:၅) ၎င်းသည် နောက်ဆုံး၌ ဒဏ်စီရင်ခြင်းခံရပြီဖြစ်၍ ကောင်းကင်ပရိသတ်ကြီးက ဒုတိယအကြိမ် ဟာလေလုယဟု သီဆိုကြ၏။
၄။ မဟာဗာဗုလုန်မှ ထွက်သောမီးခိုးသည် “အစဉ်ထာဝရ အထက်သို့ တက်၏” ဟူသောအချက်က ဘာကိုပုံခိုင်းသနည်း။
၄ မဟာဗာဗုလုန်သည် ကျရှုံးသောမြို့တစ်မြို့ကဲ့သို့ မီးရှို့ခံရပြီး ဟေရှာယ ၃၄:၅၊ ၉၊ ၁၀ နှိုင်းယှဉ်။
သူ့ထံမှထွက်သော မီးခိုးသည် “အစဉ်ထာဝရ အထက်သို့ တက်လျက်နေ၏။” ပကတိမြို့တစ်မြို့သည် အောင်ပွဲခံတပ်ဖွဲ့၏ မီးရှို့ခြင်းကိုခံရသောအခါ ပြာမအေးမချင်း မီးခိုးတလူလူထွက်နေမည်ဖြစ်သည်။ မီးခိုးမငြိမ်းမီ မြို့ကိုပြန်လည်တည်ဆောက်ရန် အားထုတ်သူမည်သူမဆို တငွေ့ငွေ့လောင်နေသော အပြိုအပျက်များ၏ အပူလောင်ခြင်းကိုခံရမည်သာ။ မဟာဗာဗုလုန်မှ ထွက်သောမီးခိုးသည် အပြီးအပြတ် တရားစီရင်ခြင်းခံရသည့် အထိမ်းအမှတ်အနေနှင့် အထက်သို့ “အစဉ်ထာဝရ” တက်နေမည်ဖြစ်၍ မည်သူမျှ ဆိုးယုတ်သော၎င်းမြို့ကို ပြန်လည်ထူထောင်နိုင်မည်မဟုတ်။ မိစ္ဆာဘာသာ ထာဝစဉ်ကွယ်ပျောက်လေပြီ။ တကယ်ပင်၊ ဟာလေလုယ။—၅။ (က) အကြီးအကဲ ၂၄ ပါးနှင့် သတ္တဝါလေးပါးတို့သည် ဘာကိုပြု၍ ဘာကိုပြောဆိုကြသနည်း။ (ခ) ဟာလေလုယထပ်ကျော့ပိုဒ်သည် အဘယ်ကြောင့် ခရစ်ယာန်ဘောင် ဘုရားရှိခိုးကျောင်းများ၌သီဆိုသည့် ဟာလေလုယသံပြိုင်တေးများထက် အဆပေါင်းများစွာ သာယာငြိမ့်ညောင်းသနည်း။
၅ စောစောပိုင်းရူပါရုံတစ်ခု၌ ပလ္လင်တော်ပတ်လည်တွင် ဘုန်းရှိသော ကောင်းကင်ရာထူး ရရှိထားသည့် နိုင်ငံတော်အမွေခံများကို ပုံဆောင်သော အကြီးအကဲ ၂၄ ပါးနှင့်တကွ သက်ရှိသတ္တဝါလေးပါးကို ယောဟန်မြင်ခဲ့သည်။ (ဗျာဒိတ် ၄:၈-၁၁) မဟာဗာဗုလုန် ပျက်စီးခြင်းအတွက် တတိယအကြိမ် ဟာလေလုယဟု သူတို့ဆိုကြသည်ကို ယခု ယောဟန်မြင်ရပြန်၏– “ထိုအခါ အကြီးအကဲ နှစ်ဆယ့်လေးပါးနှင့် သက်ရှိသတ္တဝါ လေးပါးတို့က ပလ္လင်တော်ပေါ်တွင် စံနေ တော်မူသော ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်လျက် ‘အာမင်၊ ဟာလေလုယ’ ဟု ဆိုကြ၏။” (ဗျာဒိတ် ၁၉:၄) သို့ဖြစ်၍ မြိုင်ဆိုင်လှသည့် ဤဟာလေလုယ သံပြိုင်တေးမှာ သိုးသငယ်အား ချီးမွမ်း၍သီဆိုသော “သီချင်းသစ်” ၏ နောက်ဆက်တွဲဖြစ်၏။ (ဗျာဒိတ် ၅:၈၊ ၉) ကျက်သရေရှိလှသော ဤအောင်ခြင်းထပ်ကျော့ပိုဒ်ကို ယခုသူတို့သီဆိုလျက် အချုပ်အခြာအာဏာပိုင် ယေဟောဝါက ပြည့်တန်ဆာကြီး မဟာဗာဗုလုန်အပေါ် အပြတ်အသတ် အောင်ပန်းဆွတ်ခူးတော်မူသောကြောင့် ကိုယ်တော်သည် ဘုန်းအသရေရှိသမျှကို ခံထိုက်တော်မူသည်ဟုဆိုကြ၏။ ဤဟာလေလုယများသည် ယေဟောဝါ သို့မဟုတ် ဂျားကို အသရေရှုတ်ချ၍ မခန့်မညားပြုသော ခရစ်ယာန်ဘောင် ဘုရားရှိခိုးကျောင်းများ၌ သီဆိုကြသည့် ဟာလေလုယ သံပြိုင်တေးများထက် အဆပေါင်းများစွာ သာယာငြိမ့်ညောင်းလှ၏။ ယေဟောဝါ၏ နာမတော်အား ကဲ့ရဲ့ဖွယ်ဖြစ်စေသည့် ထိုသို့သော သူတော်ကောင်းဟန်ဆောင် သီဆိုခြင်းသည် ထာဝစဉ် တိတ်ဆိတ်သွားလေပြီ။
၆။ မည်သူ့ “အသံ” ကိုကြားရ၍ ၎င်းက ဘာကိုတိုက်တွန်းပြီး မည်သူများက တုံ့ပြန်ကြသနည်း။
၆ ယေဟောဝါသည် “နာမတော်ကို ကြောက်ရွံ့ခန့်ညားသော လူအကြီးအငယ်တို့” အား ဆုချတော်မူသည်မှာ ၁၉၁၈ ခုနှစ်၌ဖြစ်၏။ အဦးဆုံး ဆုချခံရသူတို့မှာ သစ္စာရှိစွာသေဆုံးခဲ့သော ဘိသိက်ခံခရစ်ယာန်များ ဖြစ်ကြပြီး သူတို့အား ထမြောက်စေ၍ ကောင်းကင်ဆိုင်ရာ အကြီးအကဲ ၂၄ ပါး ရာထူး၌ ခန့်ထားတော်မူ၏။ (ဗျာဒိတ် ၁၁:၁၈) အခြားသူများလည်း ဟာလေလုယများ သီဆိုခြင်း၌ ပါဝင်သီဆိုကြ၏။ အကြောင်းမှာ ယောဟန် ဤသို့မှတ်တမ်းတင်သည်– “ထို့ပြင် ပလ္လင်တော်မှထွက်လာသော စကားသံတစ်သံက ‘ဘုရားသခင်အား ကြောက်ရွံ့ခန့်ညားသော အသင်ကျွန်တော်အပေါင်း အကြီးအငယ်တို့၊ ငါတို့၏ ဘုရားသခင်အား ချီးမွမ်းလျက်နေကြလော့’ ဟုဆို၏။” (ဗျာဒိတ် ၁၉:၅) ဤအသံရှင်ကား “ပလ္လင်တော်အလယ်” ၌ ရပ်နေသော ယေဟောဝါကိုယ်စားပြောဆိုသူ သားတော်ယေရှုခရစ်ပင်ဖြစ်၏။ (ဗျာဒိတ် ၅:၆) ကောင်းကင်ဘုံ၌သာမက ဤမြေကြီးပေါ်၌လည်း “အသင်ကျွန်တော်အပေါင်း” တို့သည် မြေကြီးပေါ်ရှိ ဘိသိက်ခံယောဟန် အတန်းအစား၏ ဦးဆောင်မှုအောက်၌ ပါဝင်သီဆိုကြ၏။ သူတို့သည် “ငါတို့၏ဘုရားသခင်အား ချီးမွမ်းလျက်နေကြလော့” ဟူသောအမိန့်တော်ကို အားရဝမ်းမြောက်စွာ အတူတကွ နာခံကြသည်တကား။
၇။ မဟာဗာဗုလုန်ပျက်စီးသည့်နောက်၌ မည်သူများသည် ယေဟောဝါအား ချီးမွမ်းကြမည်နည်း။
၇ မှန်ပေသည်၊ လူအုပ်ကြီးအဝင်တို့လည်း ထိုကျွန်များတွင်ပါဝင်၏။ ဤသူတို့သည် ၁၉၃၅ ခုနှစ်မှစ၍ မဟာဗာဗုလုန်မှ ထွက်လာကြပြီး “[ယေဟောဝါ] ကိုကြောက်ရွံ့သောသူ အကြီးအငယ်တို့ကို ကောင်းချီးပေးတော်မူမည်” ဟူသော ဘုရားသခင့်ကတိတော် ပြည့်စုံခြင်းကို တွေ့ကြုံခံစားရကြ၏။ (ဆာလံ ၁၁၅:၁၃) ပြည့်တန်ဆာနှင့်တူသော မဟာဗာဗုလုန်ပျက်စီးသောအခါ ထိုသူသန်းပေါင်းများစွာသည် ယောဟန်အတန်းအစားအပြင်၊ ကောင်းကင်မှပရိသတ်ကြီးနှင့်အတူ “ငါတို့၏ဘုရားသခင်အား ချီးမွမ်း” ကြလိမ့်မည်။ ၎င်းနောက် ယခင်တစ်ချိန်က ထင်ပေါ်သောသူဖြစ်စေ၊ မထင်ပေါ်သူပင်ဖြစ်စေ မြေကြီးပေါ်သို့ ထမြောက်လာသူတို့သည် မဟာဗာဗုလုန် ထာဝစဉ် ကွယ်ပျောက်ပြီဖြစ်ကြောင်း သိရှိသောအခါ နောက်ထပ် ဟာလေလုယများကို သီဆိုကြမည်မုချ။ (ဗျာဒိတ် ၂၀:၁၂၊ ၁၅) ပြည့်တန်ဆာအိုကြီးအပေါ် အပြတ်အသတ်အောင်ပွဲ ခံတော်မူခြင်းအတွက် ယေဟောဝါသည် ခပ်သိမ်းသောချီးမွမ်းခြင်းကို ခံထိုက်တော်မူသတည်း!
၈။ ကျွန်ုပ်တို့သည် ယောဟန်ကြားရသော ကောင်းကင်သံပြိုင်တေးများ၏ လှုံ့ဆော်မှုကြောင့် မဟာဗာဗုလုန်မပျက်စီးမီ ဘာပြုသင့်သနည်း။
၈ ဤအချက်ကြောင့် ကျွန်ုပ်တို့သည် ယနေ့ ဘုရားသခင့်လုပ်ငန်းတော်၌ အပြည့်အဝ ပါဝင်ဆောင်ရွက်လိုသောဆန္ဒ တဖွားဖွား ပေါ်ပေါက်လာသည်တကား။ ဂျား၏အမှုတော်ထမ်းများ အားလုံးအနေဖြင့် မဟာဗာဗုလုန် ပြုတ်ကျ၍ ဖျက်ဆီးမခံရမီ ယခုပင် ဘုရားသခင်၏ တရားစီရင်ချက်နှင့် ကြီးမြတ်သောနိုင်ငံတော် မျှော်လင့်ချက်အကြောင်း ကြွေးကြော်ခြင်း၌ မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ အပ်နှံကြပါစေ။—ဟေရှာယ ၆၁:၁-၃; ၁ ကောရိန္သု ၁၅:၅၈။
ဟာလေလုယ—ယေဟောဝါသည် ဘုရင်ဖြစ်တော်မူပြီ
၉။ နောက်ဆုံးဟာလေလုယသည် အဘယ်ကြောင့် ပြည့်စုံကြွယ်ဝလှသနည်း။
၉ ယောဟန် ဆက်လက်တင်ပြသည့်အတိုင်း နောက်ထပ် အားရဝမ်းသာစရာ အကြောင်းများရှိသေး၏– “ထို့နောက် ပရိသတ်ကြီး၏ စကားသံနှင့်တူသောအသံ၊ ရေများစွာတို့၏ အသံနှင့်တူသောအသံ၊ ပြင်းထန်သော မိုးခြိမ်းသံနှင့်တူသော အသံတို့ကို ငါကြားရ၏။ ထိုအသံတို့က ‘ငါတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင် ယေဟောဝါသည် ဘုရင်အဖြစ် စတင်စိုးစံတော်မူပြီဖြစ်၍ ဟာလေလုယ’ ဟု ဆိုကြ၏။ * ” (ဗျာဒိတ် ၁၉:၆) နောက်ဆုံးသော ဤဟာလေလုယသည် ကြွေးကြော်ချက်ကို ခိုင်ခံ့စေ၏၊ သို့မဟုတ် ခန့်ညားတင့်တယ်စေ၏။ ၎င်းသည် မည်သည့်လူ့တေးသံစုံအဖွဲ့ထက်မဆို သားနားပြီး မြေကြီးပေါ်မှ မည်သည့်ရေတံခွန်ထက်မဆို တင့်တယ်လျက် မြေကြီးနှင့်ဆိုင်သော မည်သည့်မိုးခြိမ်းသံထက်မဆို ကြောက်ဖွယ်ကောင်း၍ အားကောင်းသည့် ဝေဟင်အသံဖြစ်၏။ အထောင်အသောင်းသော ကောင်းကင်အသံများက “ငါတို့၏အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် ဘုရင်အဖြစ် စတင်စိုးစံတော်မူပြီ” ဟူသော အကြောင်းကြောင့် ပွဲခံကြ၏။
၁၀။ မဟာဗာဗုလုန်ပျက်သုဉ်းသည့်နောက် ဘုရင်အဖြစ် ယေဟောဝါ စတင် အုပ်စိုးတော်မူပြီဟု အဘယ်အဓိပ္ပာယ်ဖြင့် ဆိုနိုင်သနည်း။
၁၀ သို့သော် ယေဟောဝါ မည်သို့ စတင် အုပ်စိုးတော်မူသနည်း။ “ဘုရားသခင်သည် ရှေးကာလမှစ၍ ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၏” ဟူ၍ ဆာလံဆရာ ကြွေးကြော်သည့်အချိန်မှစ၍ နှစ်ပေါင်း ထောင်နှင့်ဆာလံ ၇၄:၁၂) ယေဟောဝါ၏ ဘုရင်အဖြစ်သည် ထိုအချိန်ထက်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ စကြဝဠာသံပြိုင်တေးအဖွဲ့က “ယေဟောဝါ . . . သည် ဘုရင်အဖြစ် စတင် စိုးစံတော်မူပြီ” ဟု အဘယ်ကြောင့် သီဆိုနိုင်သနည်း။ မဟာဗာဗုလုန် ဖျက်ဆီးခံရသည့်နောက် ယေဟောဝါအား စကြဝဠာအချုပ်အခြာအာဏာပိုင်အဖြစ် နာခံရခြင်းမှ အသရေပျက်စေရန် ရှုတ်ချပြောဆိုမည့် အနှီဇက်ရဲလက်ရဲ ပြိုင်ဘက်မရှိတော့ ဟူသည့်သဘောအရ ဆိုနိုင်၏။ မိစ္ဆာဘာသာသည် မြေကြီးပေါ်က အုပ်စိုးရှင်များအား ကိုယ်တော်ကိုဆန့်ကျင်စေရန် လှုံ့ဆော်တော့မည်မဟုတ်။ ရှေးဗာဗုလုန်သည် ကမ္ဘာကိုကြီးစိုးသည့်အဖြစ်မှ ကျရှုံးသောအခါ ဇိအုန်သည် “သင်၏ဘုရားသခင် မင်းပြုတော်မူပြီ” ဟူသော အောင်ပွဲခံကြွေးကြော်သံကို ကြားရ၏။ (ဟေရှာယ ၅၂:၇၊ သမ) ၁၉၁၄ ခုနှစ် နိုင်ငံတော်ဖွားမြင်သည့်နောက် အကြီးအကဲ ၂၄ ပါးက “ယေဟောဝါဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကို အသုံးပြုလျက် ဘုရင်အဖြစ် စတင် အုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကို ကျွန်တော်မျိုးတို့ ချီးမွမ်းကြပါ၏” ဟု ကြွေးကြော်ကြ၏။ (ဗျာဒိတ် ၁၁:၁၇) မဟာဗာဗုလုန် ဆိတ်သုဉ်းသည့်နောက် “ယေဟောဝါ . . . သည် ဘုရင်အဖြစ် စတင် အုပ်စိုးတော်မူပြီ” ဟူသော ဟစ်ကြွေးသံ ယခု ပေါ်လာပြန်ပြီ။ စစ်မှန်သောဘုရားသခင် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်နှင့် ဆိုင်ပြိုင်ရန် အဘယ်လူ့လက်လုပ်ဘုရားမျှ ကျန်ရှိတော့မည်မဟုတ်။
ချီ၍ ကုန်လွန်ခဲ့လေပြီ။ (သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲ နီးပြီ
၁၁၊ ၁၂။ (က) ရှေးယေရုရှလင်က ရှေးဗာဗုလုန်အား မည်သို့ခေါ်ဝေါ်ခြင်းဖြင့် ယေရုရှလင်သစ်နှင့် မဟာဗာဗုလုန်တို့နှင့်စပ်လျဉ်း၍ အဘယ်ပုံစံကို ချခဲ့သနည်း။ (ခ) မဟာဗာဗုလုန်အပေါ် အောင်ပွဲခံပြီဖြစ်ရာ ကောင်းကင်ဗိုလ်ပါများက ဘာကိုသီဆို၍ ကြေညာကြသနည်း။
၁၁ “ငါ့ရန်သူ အချင်းမိန်းမ”။ ယေဟောဝါ၏ ဝတ်ပြုရေးဗိမာန်တော်တည်ရာ ယေရုရှလင်မြို့က ရုပ်တုကိုးကွယ်သော ဗာဗုလုန်အား ထိုသို့ပင်သမုတ်ခဲ့သည်။ (မိက္ခာ ၇:၈၊ ကဘ) ထို့နည်းတူ၊ ၁၄၄,၀၀၀ သောသတို့သမီးဖြင့် ဖွဲ့စည်းထားသည့် “သန့်ရှင်းသော မြို့တော် ယေရုရှလင်မြို့သစ်” လည်း မဟာဗာဗုလုန်ကို မိမိ၏ရန်သူဟုခေါ်ရန် အကြောင်းခိုင်လုံ၏။ (ဗျာဒိတ် ၂၁:၂) သို့သော် အဆုံး၌ ပြည့်တန်ဆာကြီးသည် ဒုက္ခကပ်ဘေးနှင့်ကြုံ၍ ပျက်စီးလေပြီ။ သူ၏နတ်ဝိဇ္ဇာအတတ်နှင့် နက္ခတ္တဗေဒင်ဆရာများ သူ့အား မကယ်တင်နိုင်ခဲ့။ (ဟေရှာယ ၄၇:၁၊ ၁၁-၁၃ နှိုင်းယှဉ်။) စစ်မှန်သောကိုးကွယ်မှုအဖို့ မဟာအောင်ပွဲတစ်ရပ်ပါတကား။
၁၂ စက်ဆုပ်ရွံရှာဖွယ်သောပြည့်တန်ဆာ မဟာဗာဗုလုန်သည် ထာဝစဉ်ပျောက်ကွယ်ပြီဖြစ်၍ သိုးသငယ်၏အပျိုစင် သတို့သမီးအပေါ် အာရုံစူးစိုက်နိုင်လေပြီ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ပါများက ယေဟောဝါအားချီးမွမ်းလျက် အားရဝမ်းသာ ဤသို့သီဆိုကြ၏– “ငါတို့သည် ဝမ်းမြောက်၍ အလွန်ရွှင်လန်းကြကုန်အံ့။ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမှာ သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲ ကျရောက်၍ ကိုယ်တော်၏ဇနီးသည် မိမိကိုယ်ကို အသင့်ပြင်ဆင်ထားလေပြီ။ မှန်ပေသည်၊ သူမသည် တောက်ပသန့်စင်သော လျှော်ချောထည်ကို ဆင်မြန်းခွင့်ရ၏။ အဘယ်ကြောင့်ဆိုသော် လျှော်ချောထည်သည် သန့်ရှင်းသူတို့၏ ဖြောင့်မတ်သော လုပ်ဆောင်မှုများကို ကိုယ်စားပြုသတည်း။”—ဗျာဒိတ် ၁၉:၇၊ ၈။
၁၃။ ရာစုနှစ်များတစ်လျှောက် သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲအတွက် ဘာကိုပြင်ဆင်လာခဲ့သနည်း။
၁၃ ယေရှုသည် ရာစုနှစ်များတစ်လျှောက် ဤကောင်းကင်ထိမ်းမြားမင်္ဂလာပွဲအတွက် မေတ္တာရှေ့ရှု၍ ပြင်ဆင်တော်မူခဲ့ပြီ။ (မဿဲ ၂၈:၂၀; ၂ ကောရိန္သု ၁၁:၂) “ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍ အစွန်းအကွက်ရှိခြင်း၊ အရေတွန့်ခြင်းစသည်တို့နှင့် လွတ်ကင်းသဖြင့် အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ” ဝိညာဏဣသရေလ ၁၄၄,၀၀၀ ကို သန့်စင်စေတော်မူ၏။ (ဧဖက် ၅:၂၅-၂၇၊ သမ္မာ) ဘိသိက်ခံခရစ်ယာန်တစ်ဦးစီအနေနှင့် “အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကို” ရရန် ပင်ကိုစရိုက်ဟောင်းကို ၎င်း၏အကျင့်အကြံများနှင့်တကွ ချွတ်ပယ်၍ ခရစ်ယာန်စရိုက်သစ်ကိုဝတ်ဆင်လျက် ဖြောင့်မတ်သော လုပ်ဆောင်မှုများကို ‘ယေဟောဝါအဖို့ ပြုသကဲ့သို့၊ စိုးလ်အကြွင်းမဲ့ဖြင့်’ လုပ်ဆောင်ရ၏။—ဖိလိပ္ပိ ၃:၈၊ ၁၃၊ ၁၄; ကောလောသဲ ၃:၉၊ ၁၀၊ ၂၃။
၁၄။ သိုးသငယ်၏ဇနီးအဝင်ဖြစ်ရန် အလားအလာရှိသူများ ညစ်ညူးစေရန် စာတန် မည်သို့အားထုတ်ခဲ့သနည်း။
၁၄ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့မှစ၍ စာတန်သည် သိုးသငယ်၏ဇနီး ဖြစ်လာမည့်အဖွဲ့ဝင်များကို ညစ်ညူးစေရန် မဟာဗာဗုလုန်ကို အသုံးပြုခဲ့သည်။ ပထမရာစုကုန်သောအခါ အသင်းတော်အတွင်း ဗာဗုလုန်ဘာသာရေးမျိုးစေ့များကို ကြဲခဲ့သည်။ (၁ ကောရိန္သု ၁၅:၁၂; ၂ တိမောသေ ၂:၁၈; ဗျာဒိတ် ၂:၆၊ ၁၄၊ ၂၀) ယုံကြည်ခြင်းကို မှောက်လှန်သူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလုဤသို့ဆို၏– “အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။” (၂ ကောရိန္သု ၁၁:၁၃၊ ၁၄) နောက်ပိုင်းရာစုနှစ်များ၌ အယူဝါဒဖောက်ပြန်သော ခရစ်ယာန်ဘောင်သည် မဟာဗာဗုလုန်၏ ကျန်အစိတ်အပိုင်းကဲ့သို့ စည်းစိမ်ဥစ္စာ၊ အခွင့်ထူးတည်းဟူသော “ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်၊ . . . ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများ” ကို ဝတ်စားလာ၏။ (ဗျာဒိတ် ၁၇:၄) ၎င်း၏ ဘုန်းကြီးဓမ္မဆရာအုပ်စုနှင့် ပုပ်ရဟန်းမင်းများသည် ကွန်စတင်တိုင်းနှင့် ရှာလမိန်းကဲ့သို့သော သွေးဆာသည့်ဧကရာဇ်များနှင့် ကြင်ဖော်ကြင်ဖက်လုပ်ခဲ့ကြသည်။ ၎င်းသည် “သန့်ရှင်းသူများ၏ ဖြောင့်မတ်သောလုပ်ဆောင်မှုများ” ကို တစ်ခါမျှ မဆင်မြန်းခဲ့ချေ။ ၎င်းသည် သတို့သမီးအတုအယောင်အနေနှင့် တကယ်ပင် စာတန်၏ပြောင်မြောက်သော လှည့်ကွက်ပင်ဖြစ်၏။ အဆုံး၌ ၎င်းသည် ထာဝစဉ်ပျောက်ကွယ်သွားလေပြီ။
သိုးသငယ်၏ဇနီး မိမိကိုယ်ကို အသင့်ပြင်ဆင်ထားလေပြီ
၁၅။ တံဆိပ်ခတ်ခြင်းအမှုသည် မည်သို့ဖြစ်ပျက်၍ ဘိသိက်ခံခရစ်ယာန်တစ်ဦးအနေနှင့် ဘာပြုရန်လိုသနည်း။
၁၅ ထို့ကြောင့်၊ အနှစ် ၂,၀၀၀ နီးပါး လွန်မြောက်ခဲ့ပြီဖြစ်သော ယခုအချိန်၌ သတို့သမီးအတန်းအစားဝင် ၁၄၄,၀၀၀ သည် အားလုံး အသင့်ရှိခဲ့ကြပြီ။ သို့သော် အဘယ်အချိန်၌ ‘သိုးသငယ်၏ဇနီးသည် မိမိကိုယ်ကိုအသင့်ပြင်ဆင်ထားလေပြီ’ ဟုဆိုနိုင်သနည်း။ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့မှစ၍ ယုံကြည်သူဘိသိက်ခံများသည် လာလတ္တံ့သော “ရွေးနုတ်ခြင်းနေ့ရက်” ကိုထောက်၍ “ကတိတော်နှင့်ယှဉ်သည့် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို” အဆင့်ဆင့် “ခံရကြ” ၏။ တမန်တော်ပေါလုဆိုသည့်အတိုင်း “ဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စရန်ကို သွင်းပေးတော်မူ၏။” (ဧဖက် ၁:၁၃; ၄:၃၀; ၂ ကောရိန္သု ၁:၂၂) ဘိသိက်ခံခရစ်ယာန်တစ်ဦးစီသည် ‘ခေါ်ယူရွေးကောက်တော်မူခြင်းခံရ’ ပြီး “သစ္စာရှိ” ကြောင်း သက်သေပြခဲ့ပြီဖြစ်၏။—ဗျာဒိတ် ၁၇:၁၄။
၁၆။ (က) တမန်တော်ပေါလု၏တံဆိပ်ခတ်ခြင်းသည် အဘယ်အချိန်၌ပြီးစီးခဲ့သနည်း။ ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ (ခ) သိုးသငယ်၏ဇနီးသည် အဘယ်အခါ၌ “မိမိကိုယ်ကိုအသင့်ပြင်ဆင်” ပြီးဖြစ်မည်နည်း။
၁၆ ဆယ်စုနှစ်များစွာ စမ်းသပ်ခံရသည့်နောက် ပေါလုကိုယ်တိုင် ဤသို့ဆိုနိုင်၏– “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူ၂ တိမောသေ ၄:၇၊ ၈) တမန်တော်ပေါလုသည် အသွေးအသား၌ ရှိနေဆဲဖြစ်ပြီး အာဇာနည်အဖြစ် အသက်စွန့်ရန်ရှိသေးသော်လည်း သူ၏တံဆိပ်ခတ်ခြင်းကိစ္စမှာ ပြီးစီးသွားပုံရ၏။ ထို့နည်းတူ၊ ၁၄၄,၀၀၀ ထဲမှ မြေကြီးပေါ်ကျန်ကြွင်းသူအားလုံးလည်း ယေဟောဝါပိုင်ဆိုင်ရာအဖြစ် တစ်ဦးချင်း တံဆိပ်ခတ်တော်မူခြင်း ခံပြီးသောအချိန် ဆိုက်ရောက်လာမည်ဧကန်။ (၂ တိမောသေ ၂:၁၉) သိုးသငယ်၏ဇနီး မိမိကိုယ်ကို အသင့်ပြင်ဆင်ပြီးသောအခါတွင်ဖြစ်၏—၁၄၄,၀၀၀ ထဲမှအများစုသည် ကောင်းကင်ဆုကျေးဇူးကိုရရှိနှင့်ပြီး မြေကြီးပေါ်ကျန်ကြွင်းသူများလည်း သစ္စာရှိများအဖြစ် အပြီးအပြတ် လက်သင့်ခံ တံဆိပ်ခတ်တော်မူပြီးဖြစ်လိမ့်မည်။
ခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (၁၇။ သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲကို မည်သည့်အခါ ကျင်းပနိုင်မည်နည်း။
၁၇ ၁၄၄,၀၀၀ ကိုတံဆိပ်ခတ်၍ပြီးစီးသော ယေဟောဝါ၏အချိန်ဇယားထဲမှ ဤအချိန်ပိုင်းသို့ရောက်သောအခါ ကောင်းကင်တမန်များသည် ဆင်းရဲဒုက္ခကြီး၏ လေးမျက်နှာလေများကို လွှတ်ကြ၏။ (ဗျာဒိတ် ၇:၁-၃) ရှေးဦးစွာ ပြည့်တန်ဆာနှင့်တူသော မဟာဗာဗုလုန်ကို တရားစီရင်၍ ဒဏ်ခတ်တော်မူ၏။ ၎င်းနောက် အောင်ပွဲခံခရစ်တော်သည် အာမဂေဒုန်သို့အသော့စိုင်း၍ မြေကြီးပေါ်မှ စာတန်၏အဖွဲ့အစည်း အကျန်အကြွင်းကို ဖျက်ဆီးတော်မူပြီး နောက်ဆုံး၌ စာတန်နှင့် သူ၏နတ်ဆိုးများကို တွင်းနက်ကြီးထဲသို့ ချတော်မူ၏။ (ဗျာဒိတ် ၁၉:၁၁–၂၀:၃) မြေကြီးပေါ်တွင် ဘိသိက်ခံများကျန်ရှိနေသေးလျှင် သူတို့သည် ကောင်းကင်အမွေကို ခရစ်တော်အောင်ပွဲခံပြီးသည်နှင့် ရကြလိမ့်မည်။ ထိုအခါ သတို့သမီးအတန်းအစားမှ သူတို့၏အဖော်အဖက်များနှင့် အတူရှိလိမ့်မည်။ ၎င်းနောက် ဘုရားသခင်သတ်မှတ်ထားချိန်တွင် သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲကို ကျင်းပနိုင်ကြမည်။
၁၈။ သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲအစီအစဉ်သည် ထိုအတိုင်းပင်ဖြစ်ကြောင်း ဆာလံ ၄၅ က မည်သို့ထောက်ခံသနည်း။
၁၈ ဆာလံ ၄၅ ပါ ပရောဖက်ပြုချက်က ထိုအစီအစဉ်အတိုင်း ဖြစ်ပျက်လာမည်ကို ဖော်ပြသည်။ ရှေးဦးစွာ၊ နန်းတက်စဘုရင်က ရန်သူများအပေါ်အောင်ပွဲခံရန် စီးကြွတော်မူ၏။ (အခန်းငယ် ၁-၇) ထို့နောက်၊ ကောင်းကင်ဆိုင်ရာသတို့သမီးသည် မြေကြီးပေါ်၌ မိမိ၏အပျိုရံများဖြစ်သည့် လူအုပ်ကြီးအခြံအရံနှင့်တကွ ထိမ်းမြားမင်္ဂလာပွဲကိုကျင်းပ၏။ (အခန်းငယ် ၈-၁၅) ၎င်းနောက်၊ ထိမ်းမြားမင်္ဂလာသည် အကျိုးဖြစ်ထွန်းလာသဖြင့် ထမြောက်လာသော လူသားများသည် “မြေကြီးတစ်ပြင်လုံးရှိ မင်းသားများ” ကွပ်ကဲမှုအောက်၌ စုံလင်ခြင်းအဖြစ်သို့ ရောက်ကြ၏။ (အခန်းငယ် ၁၆၊ ၁၇၊ ကဘ) သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲနှင့်အတူ ဘုန်းအသရေနှင့်ပြည့်သော ကောင်းချီးများ လိုက်ပါလာသည်တကား။
ဖိတ်ကြားခံရသူများ ပျော်ရွှင်၏
၁၉။ ဗျာဒိတ်ကျမ်းပါ ပျော်ရွှင်ခြင်းခုနစ်ပါးအနက် စတုတ္ထပျော်ရွှင်ခြင်းကား အဘယ်အရာဖြစ်သနည်း။ ဤပျော်ရွှင်မှုကို မည်သူများ မျှဝေခံစားရသနည်း။
၁၉ ဗျာဒိတ်ကျမ်းပါ ပျော်ရွှင်ခြင်းခုနစ်ပါးအနက် စတုတ္ထပျော်ရွှင်ခြင်းအကြောင်းကို ယောဟန် ယခု မှတ်တမ်းတင်၏– “ထို့နောက် သူ [ထိုအရာများကို ယောဟန်အားဖော်ပြသော ကောင်းကင်တမန်] က ‘သိုးသငယ်၏ ထိမ်းမြားမင်္ဂလာ ညစာစားပွဲသို့ ဖိတ်ကြားခံရသူတို့သည် ပျော်ရွှင်ကြ၏ ဟူ၍ရေးလော့’ ဟုငါ့အားဆို၏။ ထို့ပြင်၊ ‘ဤကား ဘုရားသခင်၏ မိန့်ဆိုချက် အစစ်အမှန်ဖြစ်၏’ ဟူ၍လည်း ငါ့အားဆို၏။” (ဗျာဒိတ် ၁၉:၉) * “သိုးသငယ် ၏ ထိမ်းမြားမင်္ဂလာညစာစားပွဲသို့” ဖိတ်ကြားခံရသူများမှာ သတို့သမီးအတန်းအစားဝင်များဖြစ်ကြ၏။ (မဿဲ ၂၂:၁-၁၄ နှိုင်းယှဉ်။) ဘိသိက်ခံသတို့သမီးတစ်ဖွဲ့လုံး ဖိတ်ကြားခံရ၍ ပျော်ရွှင်ကြ၏။ ဖိတ်ကြားခံရသူအများထုသည် ထိမ်းမြားမင်္ဂလာ ညစာစားပွဲကျင်းပရာ ကောင်းကင်ဘုံသို့ ရောက်နှင့်ကြပြီ။ မြေကြီးပေါ်ကျန်သေးသူများလည်း ဖိတ်ကြားခံရသည့်အတွက် ပျော်ရွှင်ကြ၏။ သူတို့သည် ထိမ်းမြားမင်္ဂလာညစာစားပွဲ၌ မုချနေရာရကြမည်။ (ယောဟန် ၁၄:၁-၃; ၁ ပေတရု ၁:၃-၉) သူတို့ ကောင်းကင်ဘုံသို့ ထမြောက်ခြင်းခံရသောအခါ ပေါင်းစည်းလာသော သတို့သမီးတစ်ရပ်လုံးသည် သိုးသငယ်နှင့်အတူ အလွန်ပျော်ရွှင်ဖွယ်ရာ ထိုထိမ်းမြားမင်္ဂလာပွဲကို ကျင်းပကြလိမ့်မည်။
၂၀။ (က) “ဤကား ဘုရားသခင်၏မိန့်ဆိုချက် အစစ်အမှန်ဖြစ်၏” ဟူသော စကားများ၏ဆိုလိုရင်းကား အဘယ်နည်း။ (ခ) ကောင်းကင်တမန်၏စကားကြောင့် ယောဟန်ဘာပြု၍ ကောင်းကင်တမန်က မည်သို့တုံ့ပြန်သနည်း။
၂၀ ကောင်းကင်တမန်က “ဤကား ဘုရားသခင်၏မိန့်ဆိုချက် အစစ်အမှန်ဖြစ်၏” ဟု ဆိုပြန်၏။ “အစစ်အမှန်” ဟူသောစကားမှာ ဂရိစကားလုံး a·le·thi·nosʹ (အာလေသီနော့စ်) မှပြန်ဆိုထားရာ “စစ်မှန်သော” သို့မဟုတ် “အားကိုးလောက်သော” ဟူ၍အဓိပ္ပာယ်ရှိ၏။ ထိုမိန့်ဆိုချက်များသည် တကယ်ပင် ယေဟောဝါထံတော်မှ သက်ရောက်လာသည်ဖြစ်ရာ သစ္စာရှိ၍ အားထားနိုင်လောက်၏။ (၁ ယောဟန် ၄:၁-၃; ဗျာဒိတ် ၂၁:၅; ၂၂:၆ နှိုင်းယှဉ်။) ယောဟန်သည် ထိုထိမ်းမြားမင်္ဂလာပွဲသို့ ဖိတ်ကြားခံရသူတစ်ဦးအနေနှင့် ၎င်းကိုကြားရစဉ်၌လည်းကောင်း၊ သတို့သမီးအတန်းအစားရရှိမည့် ကောင်းချီးများကို တွေးတောရာ၌လည်းကောင်း ပီတိသောမနဿဖြစ်ခဲ့မည်မုချ။ အမှန်ဆိုလျှင် ယောဟန်ပြောသည့်အတိုင်း သူသည် အလွန်စိတ်လှုပ်ရှားသဖြင့် ကောင်းကင်တမန်ကပင် သူ့အား ဩဝါဒပေးခဲ့ရ၏– “ထိုအခါ၊ ငါသည် သူ၏ခြေရင်း၌ ပျပ်ဝပ်၍ သူ့အား ကိုးကွယ်လေ၏။ သို့သော် သူက ‘သတိထားလော့။ ဤသို့မပြုနှင့်။ ငါသည် သင်၏ကျွန်ချင်း၊ ယေရှုအကြောင်း သက်သေခံသော သင့်ညီအစ်ကိုများ၏ ကျွန်ချင်းသာဖြစ်သည်။ ဘုရားသခင်အား ကိုးကွယ်လော့’ ဟုဆို၏။”—ဗျာဒိတ် ၁၉:၁၀က။
၂၁။ (က) ကောင်းကင်တမန်များနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းက ဘာကိုဖော်ပြသနည်း။ (ခ) ခရစ်ယာန်များသည် ကောင်းကင်တမန်များအပေါ် မည်သို့သဘောထားသင့်သနည်း။
၂၁ ဗျာဒိတ်ကျမ်းတစ်ကျမ်းလုံး၌ ကောင်းကင်တမန်များ၏ သစ္စာရှိခြင်းနှင့် လုံ့လကိုသက်သေထူသော ထူးခြားသည့်သာဓကကို တွေ့ရပေသည်။ သူတို့သည် သမ္မာတရားဖွင့်ပြခြင်းလမ်းကြောင်းနှင့် ပတ်သက်၏။ (ဗျာဒိတ် ၁:၁) သတင်းကောင်းဟောပြော၍ ပုံဆောင်ချက်ဖြစ်သော ကပ်ဘေးများသွန်းလောင်းရာ၌ လူသားများနှင့်အတူ လုပ်ကိုင်ကြ၏။ (ဗျာဒိတ် ၁၄:၆၊ ၇; ၁၆:၁) ယေရှုခရစ်နှင့်အတူ သူတို့သည် စာတန်နှင့်သူ၏ကောင်းကင်တမန်များကို ကောင်းကင်ဘုံမှ နှင်ချခဲ့ကြသည်။ အာမဂေဒုန်၌လည်း ကိုယ်တော်နှင့်အတူ တိုက်ပွဲဝင်ကြဦးမည်။ (ဗျာဒိတ် ၁၂:၇; ၁၉:၁၁-၁၄) ယေဟောဝါရှေ့တော်မှောက်၌ပင် အခစားဝင်ခွင့်ရကြ၏။ (မဿဲ ၁၈:၁၀; ဗျာဒိတ် ၁၅:၆) သို့ပင်ငြားလည်း သူတို့သည် ဘုရားသခင်၏ နှိမ့်ချသောကျွန်များသာဖြစ်ကြသည်။ စစ်မှန်သောကိုးကွယ်မှု၌ ကောင်းကင်တမန်များကိုကိုးကွယ်ရန် အခွင့်မရှိ။ “သူတော်စင်” သို့မဟုတ် ကောင်းကင်တမန်မှတစ်ဆင့် ဘုရားသခင်အားကိုးကွယ်ခြင်းဖြစ်သော တစ်ဆင့်ကိုးကွယ်ခြင်းကိုပင် ခွင့်ပြုတော်မမူ။ (ကောလောသဲ ၂:၁၈) ခရစ်ယာန်များသည် ယေဟောဝါအားသာ ကိုးကွယ်ပြီး ယေရှု၏နာမတော်ကိုအမှီပြု၍ ယေဟောဝါထံ အသနားခံကြသည်။—ယောဟန် ၁၄:၁၂၊ ၁၃။
ပရောဖက်ပြုချက်တွင် ယေရှုပါဝင်သောကဏ္ဍ
၂၂။ ကောင်းကင်တမန်က ယောဟန်အား မည်သို့ဆိုသနည်း။ ထိုစကားသည် ဘာကိုဆိုလိုသနည်း။
၂၂ ထို့နောက် ကောင်းကင်တမန်က “အဘယ်ကြောင့်ဆိုသော် ယေရှုအကြောင်း သက်သေခံခြင်းအမှုသည် ပရောဖက်ပြုရန် လှုံ့ဆော်သောအရာဖြစ်သည်” ဟုဆို၏။ (ဗျာဒိတ် ၁၉:၁၀ခ) မည်သို့ဖြစ်ဖြစ်နိုင်သနည်း။ မှုတ်သွင်းခံပရောဖက်ပြုချက် မှန်သမျှသည် ယေရှုကြောင့်လည်းကောင်း၊ ယေဟောဝါ၏ ရည်ရွယ်ချက်တွင် ယေရှုပါဝင်သော ကဏ္ဍကြောင့်လည်းကောင်း ပေါ်လာရခြင်းဖြစ်သည်ကို ဆိုလို၏။ ကျမ်းစာထဲမှ ပထမဆုံးပရောဖက်ပြုချက်က အမျိုးအနွယ်တစ်ပါးကြွလာမည်ကို ကတိပြု၏။ (ကမ္ဘာဦး ၃:၁၅) ယေရှုသည် ထိုအမျိုးအနွယ်ဖြစ်လာ၏။ နောက်ပိုင်းမှ ဗျာဒိတ်တော်များသည် ထိုအခြေခံကတိတော်အပေါ်တွင် ပရောဖက်ပြုချက်ဆိုင်ရာ သမ္မာတရားအဆောက်အဦကြီးကို တည်ဆောက်၏။ တမန်တော်ပေတရုက ယုံကြည်သောတစ်ပါးအမျိုးသားကော်နေလိအား “ပရောဖက်အပေါင်းတို့သည် ထိုသခင် [ယေရှု] ၏သက်သေခံဖြစ်ကြသည်” ဟုဆို၏။ (တမန်တော် ၁၀:၄၃) အနှစ် ၂၀ ခန့်လွန်သော် တမန်တော်ပေါလုက “ဘုရားသခင်၏ကတိတော် မည်မျှများပြားစေကာမူ ၎င်းတို့သည် ထိုအရှင် [ယေရှု] အားဖြင့် အမှန်ဖြစ်လာ၏” ဟုဆို၏။ (၂ ကောရိန္သု ၁:၂၀၊ ကဘ) နောက်ထပ် ၄၃ နှစ်လွန်သော် “သမ္မာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်” ကြောင်း ယောဟန်ကိုယ်တိုင် ကျွန်ုပ်တို့အား ပြန်သတိရစေသည်။—ယောဟန် ၁:၁၇၊ သမ္မာ။
၂၃။ ယေရှု၏ကြီးမြင့်သော ရာထူးနှင့်အာဏာသည် ယေဟောဝါအား ကျွန်ုပ်တို့ပေးဆက်သောကိုးကွယ်မှုကို အဘယ်ကြောင့် လျော့နည်းသွားစေခြင်းမရှိသနည်း။
၂၃ ထိုအကြောင်းကြောင့် ယေဟောဝါအား ကျွန်ုပ်တို့ပေးဆက်သော ကိုးကွယ်မှုသည် တစ်နည်းနည်းဖြင့် လျော့နည်းသွားသလော။ မလျော့နည်းပါ။ “ဘုရားသခင်အား ကိုးကွယ်လော့” ဟူသော ကောင်းကင်တမန်၏ သတိပေးအကြံပြုချက်ကို သတိရပါ။ ယေရှုသည် ယေဟောဝါနှင့် ဘယ်တော့မျှ မပြိုင်ဆိုင်ပါ။ (ဖိလိပ္ပိ ၂:၆) ကောင်းကင်တမန်အားလုံး ယေရှုအား “ဦးညွှတ်” ရန် မိန့်မှာခြင်းခံရပြီး သတ္တဝါခပ်သိမ်းလည်း ယေရှု၏မြင့်မြတ်သောရာထူးကို အသိအမှတ်ပြု၍ “ယေရှု၏နာမတော်အားဖြင့် ဒူးထောက်” ရမည်။ သို့တစေ၊ သို့ပြုခြင်းမှာ “ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလိုငှာ” ဖြစ်ပြီး ကိုယ်တော့်အမိန့်တော်အရလည်းဖြစ်ကြောင်း သတိပြုလေ။ (ဟေဗြဲ ၁:၆၊ ကဘ; ဖိလိပ္ပိ ၂:၉-၁၁၊ သမ္မာ) ယေဟောဝါသည် ယေရှုအား ကြီးမြင့်သောအာဏာကို ပေးတော်မူ၏။ ၎င်းအာဏာတော်ကို ကျွန်ုပ်တို့အသိအမှတ်ပြုခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏။ ယေရှု၏အုပ်စိုးခြင်းကို ကျွန်ုပ်တို့လွန်ဆန်လျှင် ယေဟောဝါကိုယ်တော်တိုင်အား ငြင်းပယ်ရာရောက်၏။—ဆာလံ ၂:၁၁၊ ၁၂။
၂၄။ အဘယ်ထူးခြားသော အခြင်းအရာနှစ်ရပ်ကို ကျွန်ုပ်တို့သုံးသပ်ပြီး အဘယ်စကားများကို မြွက်ဆိုသင့်သနည်း။
၂၄ သို့ဖြစ်၍ “အသင်လူအပေါင်းတို့၊ ဂျားအား ချီးမွမ်းကြလော့” ဟူသော ဆာလံ ၁၄၆ မှ ၁၅၀ ပါ နိဒါန်းစကားများကို တညီတညွတ်တည်း မြွက်ဆိုကြစို့။ ဗာဗုလုန်ဆိုင်ရာ ကမ္ဘာ့မိစ္ဆာဘာသာအပေါ် ယေဟောဝါအောင်ပွဲခံတော်မူခြင်းကို မျှော်လင့်လျက် ဟာလေလုယသံပြိုင်တေးကို ခြိမ့်ခြိမ့်သဲသဲ သီဆိုကြပါစေ! သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲ နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ပျော်ရွှင်ခြင်းလည်း တိုးပွားများပြားနိုင်ပါစေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 1 ကမ္ဘာသစ် ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်။
^ အပိုဒ်၊ 1 ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်။
^ အပိုဒ်၊ 9 ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်။
^ အပိုဒ်၊ 19 ဗျာဒိတ် ၁:၃; ၁၄:၁၃; ၁၆:၁၅ လည်းရှု။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၇၃ ပါ လေးထောင့်ကွက်]
“သောဒုံနှင့် ဂေါမောရ ဩဝါဒစာ”
လန်ဒန်မြို့၏ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်ထုတ် ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက အထက်ပါခေါင်းစီးဖြင့် အင်္ဂလီကန်အသင်း၏ အထွေထွေသံဃာများ ညှိနှိုင်းရေးအဖွဲ့သို့ တင်သွင်းသော အဆိုသွင်းချက်တစ်ရပ်အကြောင်း ရေးသားဖော်ပြလိုက်သည်။ ထိုအဆိုသွင်းချက်က လိင်တူဆက်ဆံသော “ခရစ်ယာန်များ” ကို အသင်းတော်ထဲမှ နှင်ထုတ်ရန် တောင်းဆို၏။ ပင်တိုင်ဆောင်းပါးရှင် ဂေါ့ဒ်ဖရေးဘာကာက ဤသို့တင်ပြ၏– “ယမန်နေ့တွင် ကင်တာဘယ်ရီဂိုဏ်းချုပ်ရဟန်းက ‘အကယ်၍သာ ရှင်ပေါလုက အင်္ဂလီကန်အသင်းထံ ဩဝါဒစာရေးမည်ဆိုလျှင် ဘယ်လိုသြဝါဒစာမျိုး ဖြစ်မည်နည်းဟူ၍ ကျွန်တော်တို့ မေးစရာဖြစ်နေပါသည်’ ဟု စိတ်ညစ်ညစ်နှင့် မိမိထင်မြင်ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။” မစ္စတာဘာကာကိုယ်တိုင်က “သောဒုံနှင့် ဂေါမောရ ဩဝါဒစာဖြစ်ပါသည်” ဟုဆို၏။ ထို့နောက် “ရောမအခန်းကြီးတစ်ကဲ့သို့ ဖြစ်ပါလိမ့်မည်ဟူ၍ [ဂိုဏ်းချုပ်ရဟန်း] ဒေါက်တာရန်စီက ထင်ကြေးပေး” ကြောင်း ဆက်လက်ရေးသားလိုက်သည်။
စာရေးဆရာက ရောမ ၁:၂၆-၃၂ (ခမ) ပါ ပေါလု၏ အောက်ပါစကားကို ကိုးကား၏– “ထာဝရဘုရားသည် လူတို့အား ယုတ်ညံ့သည့်ကိလေသာစိတ် ဆွဲဆောင်ရာသို့ လိုက်ပါကြစေရန် စွန့်ပစ်၍ထားတော်မူ၏။ . . . ယောက်ျားတို့သည် အချင်းချင်းအား ရှက်ကြောက်ဖွယ်သောအမှုတို့ကို ပြုကြ [၏။] . . . ဤသို့သောအကျင့်ရှိသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ထာဝရဘုရား အမိန့်ချမှတ်တော်မူကြောင်းကို ထိုသူတို့အသိပင်ဖြစ်ပေသည်။ သို့ရာတွင် သူတို့ကိုယ်တိုင် ဤအမှုများကို ပြုကျင့်ကြသည်သာမက ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက် ပြုကြသည်တကား။” စာရေးဆရာက “ရှင်ပေါလုသည် ထိုင်ခုံတန်းထဲမှ လူတို့အတွက်သာ စိုးရိမ်ခဲ့သည်။ ဒေါက်တာရန်စီ၏ ပြဿနာမှာမူ တရားဟောစင်ပေါ်မှ လူတို့ပင်ဖြစ်သည်” ဟူ၍ နိဂုံးပိုင်းတွင် ရေးသားလိုက်သည်။
ဂိုဏ်းချုပ်ရဟန်းသည် အဘယ်ကြောင့် ဤသို့သောပြဿနာနှင့် ကြုံရသနည်း။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် လန်ဒန် ဒေးလီးမေးလ် သတင်းစာက ခေါင်းစည်းကြီးများဖြင့် ဤသို့ရေးသားဖော်ပြလိုက်သည်– “‘ဘုန်းကြီးသုံးပါးလျှင် ယောက်ျားချင်းဆက်ဆံသူ တစ်ပါး။’ . . . လိင်တူဆက်ဆံသူများကို မောင်းထုတ်ရလျှင် ‘အင်္ဂလီကန်အသင်း၏တံခါးပေါက် ပိတ်သွားလိမ့်မည်။’” “ဤအဆိုသွင်းချက်ကို အတည်ပြုခဲ့ကြလျှင် အသင်းသည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားလိမ့်မည်။ ကင်တာဘယ်ရီဂိုဏ်းချုပ်ရဟန်းက ဤအချက်ကိုသိ၏။ အကြမ်းအားဖြင့် အင်္ဂလီကန်အသင်း ဘုန်းကြီး ၃၀ မှ ၄၀ ရာခိုင်နှုန်းမှာ ယောက်ျားချင်း ဆက်ဆံသူများ ဖြစ်ကြကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ သူတို့သည် အတက်ကြွဆုံးသော အသင်းအမှုဆောင်များ ဖြစ်ကြသည်” ဟူ၍ မိန်းမချင်းဆက်ဆံသူနှင့် ယောက်ျားချင်းဆက်ဆံသူ ခရစ်ယာန်လှုပ်ရှားမှုအဖွဲ့၏ “သိက္ခာတော်ရ” အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ကြောင်း ထိုသတင်းစာက ကိုးကားဖော်ပြလိုက်သည်။ ဘုရားရှိခိုးကျောင်း တက်သူဦးရေ လျော့နည်းလာသည့်အချက်က လိင်တူဆက်ဆံသော အမှုဆောင်များ တိုးပွားများပြားလာသည်ကို အသင်းသားများက ရွံမုန်းကြောင်း တစ်နည်းအားဖြင့် သိသာထင်ရှားစေသည်မှာ သံသယမရှိ။
ချာ့ခ်ျသံဃာများညှိနှိုင်းရေးအဖွဲ့က မည်သို့ဆုံးဖြတ်သနည်း။ အများထုဖြစ်သော အဖွဲ့ဝင် ၃၈၈ ဦး (၉၅ ရာခိုင်နှုန်းသော ဘုန်းကြီးများ) က ရေရောလိုက်သည့် အဆိုသွင်းချက်တစ်ရပ်ကို ထောက်ခံသည့်အနေနှင့် မဲပေးခဲ့သည်။ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ထုတ် အီကောနောမစ်မဂ္ဂဇင်းက ယင်းနှင့်ပတ်သက်၍ ဤသို့ရေးသားဖော်ပြလိုက်သည်– “အင်္ဂလီကန်အသင်းသည် လိင်တူဆက်ဆံခြင်းအကျင့်ကို ဆန့်ကျင်၏၊ သို့သော် သိပ်ကြီးမဆန့်ကျင်ပါ။ ဤရက်သတ္တပတ်၌ ချာ့ခ်ျပါလီမန်ဖြစ်သော အထွေထွေသံဃာညှိနှိုင်းရေးအဖွဲ့က လိင်တူဆက်ဆံခြင်းသည် မတရားမေထုန်နှင့် ဖောက်ပြားမှုတို့ကဲ့သို့ အပြစ်တစ်ခုမဟုတ်ကြောင်း၊ ‘မျှော်မှန်းချက်လောက် မမြင့်မြတ်’ ရုံသာရှိကြောင်း၊ မျှော်မှန်းချက်မှာ ‘လိင်ဆက်ဆံမှုသည် ခြွင်းချက်မရှိသော တာဝန်ခံချက်တစ်ရပ်ဖြစ်ပြီး တည်မြဲသောအိမ်ထောင်ရေး ဆက်ဆံမှုအတွင်း၌သာ ပြုသင့်သည့်အမှုဖြစ်၏’ ဟူ၍ဖြစ်ကြောင်း၊ လိင်တူဆက်ဆံသော ဘုန်းကြီးများကိုထောက်ထားလျက် ဆုံးဖြတ်လိုက်သည်။” အီကောနောမစ်မဂ္ဂဇင်းက ကင်တာဘယ်ရီဂိုဏ်းချုပ်ရဟန်း၏ ရပ်တည်ချက်နှင့် ရောမ ၁:၂၆၊ ၂၇ ပါ တမန်တော်ပေါလု၏ ပြတ်သားသောအဆိုတို့၏ ခြားနားချက်ကိုတင်ပြလျက် “ရှင်ပေါလုသည် မိမိယူမှတ်ပုံကို မိမိသိ၏” ဟူသော စာတန်းအထက်တွင် ပေါလု၏စကားများကို ကိုးကားတင်ပြလိုက်သည်။
ယေရှုခရစ်လည်း မိမိယူမှတ်ပုံကိုမိမိသိ၍ အတိအလင်းမိန့်ကြားခဲ့သည်။ မိမိ၏သတင်းတော်ကို ခြေဖြင့်ကန်၍ငြင်းပယ်သော ဘာသာရေးသမားများသည် “တရားဆုံးဖြတ်သောနေ့၌ . . . သောဒုံမြို့ထက်သာ၍ခံရလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၂၃၊ ၂၄) ဘုရားသခင့်သားတော်နှင့် သားတော်၏ သွန်သင်ချက်ကိုငြင်းပယ်သော ဘာသာရေးခေါင်းဆောင်တို့သည် သောဒုံမြို့သားများထက် အပြစ်ကြီးကြောင်း လေးနက်အောင် ပုံကြီးချဲ့၍ မိန့်ဆိုနေခြင်းဖြစ်၏။ ယုဒ ၇ (ခမ) က ထိုသောဒုံမြို့သားများသည် “ထာဝရမီး” တည်းဟူသော ထာဝရဖျက်ဆီးခြင်းဒဏ်ကို “ခံရ” သည်ဟုဆို၏။ (မဿဲ ၂၅:၄၁၊ ၄၆) သို့ဖြစ်၍ မိမိတို့၏မျက်ကန်းသိုးများအား ဘုရားသခင့်နိုင်ငံတော်၏ မြင့်မြတ်သော စာရိတ္တစံနှုန်းများနှင့် ဝေးကွာစေပြီး ဤလောက၏ပေါက်လွှတ်ပဲစား ကြိုက်ရာလုပ်နိုင်သောလမ်းစဉ်သို့ မျက်စုံမှိတ်၍ခေါ်ဆောင်သွားသည့် ခရစ်ယာန်အမည်ခံ ခေါင်းဆောင်များသည် အလွန်ကြီးလေးသော စီရင်ချက်ကို ခံရမည်တကား! (မဿဲ ၁၅:၁၄) မိစ္ဆာဘာသာ မဟာဗာဗုလုန်နှင့်ပတ်သက်၍ ကောင်းကင်မှစကားသံက အောက်ပါအတိုင်းဆော်သြ၏– “ငါ၏လူတို့၊ သင်တို့သည် သူ၏အပြစ်နှင့်မဆက်ဆံလို၊ သူခံရသော ကပ်များကိုမခံလိုလျှင် သူ၏အထဲမှ ထွက်လာကြလော့။”—ဗျာဒိတ် ၁၈:၂၊ ၄။
[စာမျက်နှာ ၂၇၅ ပါ ရုပ်ပုံ]
မဟာဗာဗုလုန်ကို အပြီးသတ်အောင်ပွဲခံခြင်းကြောင့် ယေဟောဝါအား ချီးမွမ်းသည့်အနေနှင့် ဟာလေလုယသံပြိုင်တေးကို လေးကြိမ်ထပ်ကျော့ခြင်းဖြင့် ကောင်းကင် မြည်ဟည်းနေ