မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိုကနဦးမေတ္တာကို ပြန်ရှင်သန်စေပါ

ထိုကနဦးမေတ္တာကို ပြန်ရှင်သန်စေပါ

အခန်း ၇

ထို​ကနဦး​မေတ္တာကို ပြန်ရှင်​သန်​စေပါ

ဧဖက်

၁။ ယေရှု၏ ပထမ​သတင်း​တော်​ကို အဘယ်​အသင်းတော်​ထံ ရေးပို့​လိုက်​သနည်း။ ဘာ​နှင့်​ပတ်သက်​၍ ကြီးကြပ်မှူး​များ​ကို သတိပေး​တော်​မူ​သနည်း။

 ယရှု၏ ပထမ​သတင်း​တော်​ကို ဧဖက်​မြို့ရှိ အသင်းတော်​သို့ ရေးပို့​လိုက်​သည်။ ဧဖက်​မြို့​သည် ထို​သမယ​၌ ပတ်မုကျွန်း​အနီးရှိ အာရှမိုင်းနား​၏ စည်ပင်​ဖွံ့ဖြိုး​သော ပင်လယ်​ကမ်းခြေ​မြို့ တစ်မြို့​ဖြစ်သည်။ ယောဟန်​အား ဤသို့ မိန့်မှာ​တော်​မူ​သည်– “ဧဖက်​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့– လက်ယာလက်​တွင် ကြယ်​ခု​နစ်​လုံး​ကို​ကိုင်​လျက် ရွှေ​မီး​ခုံ ခု​နစ်​ခုံ​အလယ်​၌ သွားလာ​သော​သူက ဤ​အရာများ​ကို မိန့်တော်မူ၏။” (ဗျာဒိတ် ၂:၁) ယေရှုသည် အခြား​သတင်း​တော် ခြောက်​ခု​မှာ​ကဲ့သို့ မိမိ၏ အာဏာ​ရှိသည့် ရာထူးဌာနန္တရ​ကို​ပြ​သော ကြန်အင်​လက္ခဏာ​တစ်ရပ်​ကို အလေးထား​၍ ဆို​နေသည်။ အကြီးအကဲ​အားလုံး​သည် မိမိ၏​ကာကွယ်​မှု ကွပ်ကဲမှု​အောက်​၌​ရှိ၍ အသင်းတော်​ရှိသမျှကို မိမိ​စစ်ဆေး​လျက်​ရှိကြောင်း ဧဖက်​မြို့ရှိ ကြီးကြပ်မှူး​များ​အား သတိ​ရစေသည်။ ကျွန်ုပ်​တို့​ခေတ်​အထိ ကိုယ်တော်​သည် ဆက်လက်​၍ မေတ္တာဖြင့်​ဦးစီး​ကာ အကြီးအကဲ​များ​ကို စောင့်ကြည့်​နေပြီး အသင်းတော်​နှင့် ပူးပေါင်း​သူအား​လုံး​ကို ကြင်နာ​စွာ ထိန်းကျောင်း​လျက် နေ​တော်​မူ​သည်။ အခါ​အား​လျော်​စွာ အသင်းတော်​ဆိုင်ရာ အစီအစဉ်များ​ကို ပြုပြင်ခြင်း​ဖြင့် အလင်း​ကို ပို​၍​ထွန်း​ပ​စေ​သည်။ မှန်​ပေ​သည်။ ယေရှုသည် ဘုရားသခင့်​သိုးတော်စု​၏ သိုးထိန်း​ချုပ်တည်း။​—မဿဲ ၁၁:၂၈-၃၀; ၁ ပေတရု ၅:၂-၄

၂။ (က) အဘယ်​ကောင်းမှု​များ​အတွက် ဧဖက်​အသင်းတော်ကို ယေရှု ချီးမွမ်း​သနည်း။ (ခ) တမန်​တော်​ပေါလု​၏ အဘယ်​သြဝါဒ​ကို ဧဖက်​အကြီးအကဲ​များ နာခံ​ခဲ့​ပုံ​ရသနည်း။

ထို့နောက် ယေရှုသည် သတင်း​တော် ခု​နစ်​ခု​အနက် နှစ်ခု​မှ​လွဲ​၍ ကျန်​အားလုံး​ကို လှိုက်လှဲသော ချီးမွမ်း​စကား​နှင့် နိဒါန်း​ပျိုး​ခြင်း​ဖြင့် စံနမူနာ ချမှတ်​ပေး​သည်။ ဧဖက်​လူ​တို့အတွက် ဤသို့​သတင်း ပို့လိုက်​သည်– “သင်​ပြုသော​အမှု​များ၊ သင်၏​ကြိုးပမ်း​အားထုတ်မှု​နှင့် ခံနိုင်ရည်​ရှိ​မှု​တို့ကို ငါ​သိ​၏။ လူဆိုးများ​ကို သည်းမခံ​နိုင်​ကြောင်း၊ တမန်​တော်​ဖြစ်သည်ဟု ဆို​သော်လည်း စင်စစ် မဟုတ်​သူတို့ကို စစ်ဆေး​၍ လူလိမ်​ဖြစ်သည်​ကို တွေ့ရ​ကြောင်းကို ငါ​သိ​၏။ သင်သည် ခံနိုင်ရည်​ကို​ပြ​လျက် ငါ့​နာမ​အတွက် ဆင်းရဲခံ​သော်လည်း စိတ်အား​မ​လျော့။” (ဗျာဒိတ် ၂:၂၊ ၃) လွန်ခဲ့သော​နှစ်များ​၌ တမန်​တော်​ပေါလု​က “ကြမ်းတမ်းသော ဝံပုလွေ​များ” ဖြစ်သည့် သိုးတော်စု​ကို​နှောင့်ယှက်​သော အယူဖောက်ပြန်သူ​များနှင့် ပတ်သက်​၍ ဧဖက်​မြို့ရှိ အကြီးအကဲ​များ​အား သတိပေး​ပြီး မိမိ၏​လုံ့လ​ရှိသော ပုံ​နမူနာကို​လိုက်​ကာ “နိုးကြား​လျက်​နေ” ရန် ဆော်သြ​ခဲ့​သည်။ (တမန်​တော် ၂၀:၂၉၊ ၃၁က​ဘ) ယခု ယေရှု​က သူတို့၏​ကြိုးပမ်းမှု၊ ခံနိုင်ရည်​ရှိ​မှု​နှင့် စိတ်အား​မ​လျော့​မှု​အတွက် ချီးမွမ်း​နေပြီ​ဖြစ်​ရာ ပေါလု​၏​သြဝါဒ​ကို သူတို့​လိုက်နာ​ခဲ့​၍ ဖြစ်​ရ​ပေမည်။

၃။ (က) “တမန်​တော်​အတု​များ” သည် ကျွန်ုပ်​တို့​ခေတ်​၌ သစ္စာရှိ​သူတို့အား လှည့်ဖြား​ရန် မည်သို့​အားထုတ်​ခဲ့​သနည်း။ (ခ) အယူဖောက်ပြန်သူ​များနှင့် ပတ်သက်​၍ ပေတရု မည်သို့​သတိပေး​သနည်း။

သခင့်​နေ့​တော်​အတွင်း​၌​လည်း “တပည့်တော်​များ​ကို သွေးဆောင်ခြင်း​ငှာ၊ မှား​သော​စကား​ကို ပြောတတ်” သော “တမန်​တော်​အတု​များ” ပေါ်ပေါက်​ခဲ့​သည်။ (၂ ကောရိန္သု ၁၁:၁၃က​ဘ; တမန်​တော် ၂၀:၃၀; ဗျာဒိတ် ၁:၁၀) ကွဲပြား​နေသော ဘာသာ​ဂိုဏ်းဂဏ​များ အားလုံး​ကောင်း​သည်​ဟု သူတို့​မြင်ကြ​သည်။ ဘုရားသခင်​၌ အဖွဲ့အစည်း​မရှိ​ဟု ဆို​ကြသည်။ ၁၉၁၄ ခုနှစ်​၌ ယေရှု နိုင်ငံတော်​အာဏာ ရသည်​ဟူသော အချက်​ကိုလည်း ငြင်းပယ်​သည်။ သူတို့သည် ၂ ပေတရု ၃:၃၊ ၄ ပါ ဤ​ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​သည်– “နောက်ဆုံးသော​ကာလ​၌ ပြက်ရယ်ပြု​တတ်သော​သူတို့သည် မိမိတို့​တပ်မက်​ခြင်း​အတိုင်း ကျင့်​နေ၍ သခင်​ဘုရား ကြွလာ​မည်​ဟူသော ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း။ ဘိုးဘေး​များ အိပ်ပျော်​သည်​နောက် ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​စ​က​ဖြစ်​သကဲ့သို့၊ ဖြစ်မြဲ​ဖြစ်​ကြ​၏​ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်။”

၄။ (က) ကဲ့ရဲ့​သူတို့၏​မာန​နှင့် ပုန်ကန်​စိတ်​သည် မည်သို့​ထင်ရှား​သနည်း။ (ခ) ယနေ့​ခရစ်ယာန်​များသည် လိမ်ညာ​သူ အတိုက်အခံ​သမားများ​ကို မည်သို့​အရေးယူ​ခြင်း​ဖြင့် မိမိတို့သည် ဧဖက်​လူ​တို့​နှင့်​တူ​ကြောင်း ပြသ​နည်း။

ဤ​ကဲ့ရဲ့​သူတို့သည် မိမိတို့၏​ယုံကြည်ခြင်းကို လူအများရှေ့ ကြွေးကြော်​ရမည်ကို ရွံမုန်း​ကြသည်။ (ရောမ ၁၀:၁၀) ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​၏​ထောက်ခံမှု၊ သတင်း​ဂျာနယ်​များနှင့် တီဗွီ​လွှင့်​ရုံ​များ​၏ အကူအညီ​ဖြင့် မိမိတို့၏ အပေါင်းအသင်း​ဟောင်း​များ​အကြောင်းကို လိမ်ညာ​၍ သတင်းဖြန့်​ကြသည်။ ဤ​လှည့်စားသူ​တို့၏ အပြောအဆို အကျင့်အကြံ​သည် မမှန်ကန်​ကြောင်း သစ္စာရှိ​တို့​က တစ်ခဏချင်း သိသွား​ကြသည်။ ယနေ့ ခရစ်ယာန်​တို့သည် ဧဖက်​လူ​တို့​နည်းတူ “လူဆိုးများ​ကို သည်းမခံ​နိုင်” သဖြင့် အသင်းတော်များ​မှ နှင်ထုတ်​ကြ​လေ​သည်။ *

၅။ (က) ဧဖက်​လူ​တို့​၌ အဘယ်​အားနည်းချက်​ရှိသည်​ဟု ယေရှု​ဆို​သနည်း။ (ခ) အဘယ်​စကား​များ​ကို ဧဖက်​လူ​တို့ သတိရ​ခဲ့​ဖို့ ကောင်း​သနည်း။

သို့သော် ယခု ယေရှုသည် အသင်းတော် ခု​နစ်​ခု​အနက် အခြား​ငါး​ခု​ကို ပြု​သကဲ့သို့ ကြီး​လေး​သော ပြဿနာ​တစ်ရပ်​ကို ထုတ်နုတ်​တင်ပြ​လိုက်​သည်။ ဧဖက်​လူ​တို့အား ဤသို့​မိန့်ဆို​သည်– “သို့ရာတွင် သင်သည် ကနဦး​မေတ္တာကို စွန့်ခဲ့​သည့်​အတွက် သင့်​အား အပြစ်တင်စရာ​ရှိ၏။” (ဗျာဒိတ် ၂:၄) ဤ​ကိစ္စ​၌ သူတို့​ပျက်ကွက်​ခဲ့​ဖို့ မသင့်​ပါ။ အကြောင်း​မှာ လွန်ခဲ့သော ၃၅ နှစ်​၌ တမန်​တော်​ပေါလု​သည် သူတို့​ထံ​စာရေး​ပြီး “ငါ​တို့ကို​ချစ်သော [ဘုရားသခင်​၏] မဟာ​မေတ္တာတော်”အကြောင်း ပြောပြ​ရုံ​မ​က “ဘုရားသခင်​၏ ချစ်​သား​ဖြစ်​ကြသည်​နှင့်​အညီ၊ ဘုရားသခင် ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့။ ခရစ်တော်​သည် ငါ​တို့ကို​ချစ်တော်မူ . . . သည်​နည်းတူ သင်တို့သည် မေတ္တာ​တရား၌ ကျင်လည်​ကြလော့” ဟူ၍ တိုက်တွန်း​နှင့်​ခဲ့ပြီ။ (ဧဖက် ၂:၄; ၅:၁၊ ၂) ထို​မျှ​မ​က “ငါ​တို့၏​ဘုရားသခင် ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော ထာဝရ​ဘုရား ဖြစ်​တော်​မူ​၏။ သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့် ချစ်​လော့” ဟူသော ယေရှု၏​စကား​ကို သူတို့​နှလုံး​ပေါ်မှာ စွဲစွဲမြဲမြဲ အက္ခရာ​တင်​ခဲ့​ဖို့ ကောင်း​ပေ​သည်။ (မာကု ၁၂:၂၉-၃၁) ဧဖက်​လူတို့သည် ထို​ကနဦး​မေတ္တာ ပျောက်ဆုံး​ခဲ့​သည်။

၆။ (က) ကျွန်ုပ်​တို့သည် အသင်းတော်၌ လူဟောင်း​ဖြစ်စေ၊ လူသစ်​ဖြစ်စေ အဘယ်​အန္တရာယ်​နှင့် တိမ်း​ညွတ်​စိတ်​များ​ကို သတိ​နှင့်​ရှောင်​ရမည်​နည်း။ (ခ) ဘုရားသခင်​ကို​ချစ်သော​စိတ်​က ဘာ​ပြု​ရန် ကျွန်ုပ်​တို့ကို စေ့ဆော်​သင့်​သနည်း။

ကျွန်ုပ်​တို့သည် အသင်းတော်၌ လူဟောင်း​ဖြစ်စေ၊ လူသစ်​ဖြစ်စေ ယေဟောဝါ​ကို​ချစ်သော​စိတ် မ​ပျောက်​မပျက်​ရန် ကာကွယ်​ထိန်းသိမ်း​ရမည်။ ဤ​မေတ္တာ မည်သို့ ပျောက်ပျက်​နိုင်​သနည်း။ လောကီ​အလုပ်အပေါ် သံယောဇဉ်​ကြီးခြင်း၊ ငွေ​များများ​ရ​လို​ခြင်း သို့​မဟုတ် အပျော်အပါး​လိုက်စားခြင်း​တို့သည် ဘဝတွင် ပဓာန​ဖြစ်လာ​နိုင်​သည်။ သို့​နှင့် ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​စိတ် ပျောက်​၍ ဇာတိ​စိတ် ဝင်လာ​နိုင်​သည်။ (ရောမ ၈:၅-၈; ၁ တိမောသေ ၄:၈; ၆:၉၊ ၁၀) ယေဟောဝါ​ကို ချစ်သော​စိတ်​ကြောင့် အဆိုပါ တိမ်း​ညွတ်​စိတ်​များ​ကို ပြုပြင်၍ ‘ဘုရားသခင့် နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို အစဉ်​ရှေးဦး​ထား’ ခြင်း​ဖြင့် ‘ကောင်းကင်ဘုံ​၌ ဘဏ္ဍာ​ကို ဆည်းပူး’ သင့်​ပေ​သည်။​—မဿဲ ၆:၁၉-၂၁၊ ၃၁-၃၃

၇။ (က) အဘယ်​စေ့ဆော်မှု​ကြောင့် ယေဟောဝါ​၏ အမှုတော်ကို ထမ်းရွက်​ခြင်း ဖြစ်​သင့်​သနည်း။ (ခ) မေတ္တာ​နှင့်​ပတ်သက်​၍ ယောဟန် ဘာ​ပြော​သနည်း။

ကျွန်ုပ်​တို့သည် အစဉ်သဖြင့် ယေဟောဝါ​ကို နက်နက်ရှိုင်းရှိုင်း ချစ်သော​ကြောင့် အမှုတော်ကို ထမ်းရွက်​နေခြင်း ဖြစ်ပါစေ။ ကျွန်ုပ်​တို့အတွက် ယေဟောဝါ​နှင့် ခရစ်တော် ပြု​လုပ်ပေးခဲ့​သမျှ​ကို ကျေးဇူး​တင်​လေးမြတ်မှု ရှိကြပါ​စေ။ နောက်ပိုင်း၌ ယောဟန်​ကိုယ်တိုင် ရေး​သည့်​အတိုင်း “ငါ​တို့သည် ဘုရားသခင်​ကို ချစ်​ကြသည်​ဟု​မဆို။ ဘုရားသခင်​သည် ငါ​တို့ကို​ချစ်၍ ငါ​တို့၏​အပြစ်ဖြေ​စ​ရာ အကြောင်း​ဖြစ်စေ​ခြင်း​ငှာ၊ သားတော်ကို စေလွှတ်​တော်​မူ​သော​အရာ​၌ ချစ်ခြင်း​မေတ္တာ​ရှိ၏။” ယောဟန် ဤသို့​ဆက်​ပြောပြ​သည်– “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ ဖြစ်​တော်​မူ​၏။ ချစ်ခြင်း​မေတ္တာ​၌ တည်​သော​သူသည် ဘုရားသခင်​၌​တည်​၏။ ဘုရားသခင်​သည်လည်း ထို​သူ၌ တည်​တော်​မူ​၏။” ယေဟောဝါ၊ သခင်​ယေရှု​ခရစ်​နှင့် ဘုရားသခင်​၏ ရှင်သန်​သော နှုတ်ကပါဌ်တော်​ကို ချစ်သော ကျွန်ုပ်​တို့၏​မေတ္တာသည် ဘယ်တော့​မျှ မ​ခန်းခြောက်​ဘဲ ရှိ​နိုင်​ပါစေ။ ဘုရားသခင့်​အမှုတော်ကို အားတက်သရော ထမ်းရွက်​ခြင်း​ဖြင့်​သာမက “ဘုရားသခင်​ကို ချစ်သော​သူသည် မိမိ​ညီအစ်ကို​ကို ချစ်​ရမည်​ဟူသော ပညတ်တော်​ကို ငါ​တို့သည် ခရစ်တော်​ထံ​၌ ခံရ​ကြ” သည်​အတိုင်း ၎င်းကို​နာခံခြင်း​ဖြင့်​လည်း ဤ​မေတ္တာကို ကျွန်ုပ်​တို့ ထင်ရှားစေ​နိုင်​သည်။​—၁ ယောဟန် ၄:၁၀၊ ၁၆၊ ၂၁; ဟေဗြဲ ၄:၁၂; ၁ ပေတရု ၄:၈; ကောလောသဲ ၃:၁၀-၁၄; ဧဖက် ၄:၁၅ ကိုလည်း​ရှု။

“ယခင်​က အကျင့်​များ​ကို ပြုကျင့်​လော့”

၈။ ဧဖက်​လူ​တို့ မည်သို့​ပြုသင့်​သည်​ဟု ယေရှု ဆို​သနည်း။

ဧဖက်​လူတို့သည် မဆုံးရှုံး​လိုလျှင် ယခင်​ရှိခဲ့​သော​မေတ္တာကို ပြန်ရှင်​သန်​စေ​ရမည်။ “ထို့​ကြောင့် အဘယ်​အခြေအနေ​မှ သင် ကျဆင်း​လာ​သည်ကို သတိရ​လျက် နောင်တ​ရ​၍ ယခင်​က အကျင့်​များ​ကို ပြုကျင့်​လော့။ သို့​မပြုလျှင် သင့်ထံ​သို့ ငါ​လာ​မည်။ နောင်တ​မရ​လျှင် သင်၏​မီး​ခုံ​ကို နေရာ​မှ ငါ​ဖယ်ရှား​မည်။” (ဗျာဒိတ် ၂:၅) အထက်ပါ မိန့်မြွက်ချက်​ကို ဧဖက်​မြို့​ခရစ်ယာန်​များ မည်သို့​လက်ခံ​ကြ​သနည်း။ ကျွန်ုပ်​တို့​မသိ​ပါ။ နောင်တ​ရပြီး ယေဟောဝါ​အား ချစ်သော​စိတ်​ကို ပြန်လည်​ရှင်သန်​စေ​ကြ​မည်​ဟု ကျွန်ုပ်​တို့ မျှော်လင့်​ပါ​သည်။ သို့​မပြုလျှင် သူတို့၏​ဆီ​မီး​သည် ငြိမ်းသတ်​ခံရ​ပြီး မီး​ခုံ​လည်း အ​ရွှေ့​ခံရ​မည်​ဖြစ်၏။ သမ္မာတရား​ထွန်းလင်း​ခွင့် ဆုံးရှုံး​ရ​ချေ​အံ့။

၉။ (က) ဧဖက်​လူ​တို့အတွက် အဘယ်​အားရှိစရာ​စကား ယေရှု​မိန့်ဆို​သနည်း။ (ခ) ယောဟန်​လက်ထက်​အလွန် အသင်းတော်များ​သည် ဧဖက်​လူ​တို့အား ယေရှု​ပေး​ခဲ့​သော​သြဝါဒ​ကို နာခံ​ရန် မည်သို့​ပျက်ကွက်​ခဲ့​သနည်း။

သို့သော် ယေရှုသည် ဧဖက်​လူ​တို့အတွက် အားတက်ဖွယ်​ဖြစ်သော အောက်ပါ​စကား​ကို မိန့်ကြား​တော်​မူ​သည်– “သို့သော်၊ ငါ​မုန်း​သော နိ​ကော​လ​ဂိုဏ်း​၏ အကျင့်​များ​ကို သင်လည်း​မုန်း​သောကြောင့် ချီးမွမ်းစရာ​ရှိ၏။” (ဗျာဒိတ် ၂:၆) ယု​တ်စွ​အဆုံး သူတို့သည် ဂိုဏ်း​ခွဲ​မှု​ကို သခင်​ယေရှု မုန်းတီး​သကဲ့သို့ မုန်းတီး​ကြ​ပေ​သည်။ သို့သော် နှစ်များ​ကုန်လွန်​သည်​နှင့်​အမျှ အသင်းတော်များ​စွာ​တို့သည် ယေရှု၏​ထိုစကား​များ​ကို နာခံ​ရန် ပျက်ကွက်​လာ​ကြသည်။ ယေဟောဝါ၊ သမ္မာတရား​နှင့် အချင်းချင်း​အပေါ် မေတ္တာ​ခေါင်းပါး​လာ​သဖြင့် ဝိညာဏ​အမှောင်ထု​ထဲ​သို့ သက်ဆင်း​ခဲ့​ကြ​လေ​သည်။ ဂိုဏ်းဂဏ ဒုနှင့်ဒေး​ကွဲပြား​ပြီး အချင်းချင်း ကတောက်ကဆတ်​ဖြစ်​ကြ​၏။ ယေဟောဝါ​အပေါ် မေတ္တာမဲ့​သော “ခရစ်ယာန်” ကျမ်း​ကူး​သူတို့သည် သမ္မာကျမ်းစာ​၏ ဂရိ​လက်ရေး​စာမူ​များ​မှ ဘုရားသခင့် နာမတော်​ကို နုတ်​ပယ်​ကြ​လေ​သည်။ မေတ္တာ​မ​ရှိ၍​လည်း ငရဲ​မီး၊ ငရဲကလေး၊ သုံးပါး​ပေါင်း​တစ်ဆူ​စ​သော ဗာဗုလုန်​နှင့် ဂရိ​အယူဝါဒ​များ​ကို ခရစ်ယာန်​အယူဝါဒ​အဖြစ် ပို့ချ​ကြ​လေ​သည်။ ခရစ်ယာန်​အမည်ခံ အများထု​သည် ဘုရားသခင်​နှင့် သမ္မာတရား​ကို ချစ်သော​စိတ်​မရှိ​သဖြင့် ဘုရားသခင့် နိုင်ငံတော်​သတင်းကောင်းကို မဟောပြော​တော့​ချေ။ ဤ​ကမ္ဘာ​ပေါ် မိမိတို့​ကိုယ်ပိုင် နိုင်ငံ​ထူထောင်သော အတ္တ​သ​မား ဓမ္မ​ဆရာများ​၏ စိုးမိုးမှု​အောက်​သို့ ကျို့​ဝင်​ကြ​လေ​သည်။​—၁ ကောရိန္သု ၄:၈ နှိုင်းယှဉ်။

၁၀။ ၁၉၁၈ ခုနှစ်​၌ ခရစ်ယာန်ဘောင်​၏ ဘာသာရေး​အခြေအနေ​မှာ မည်သို့​နည်း။

၁၀ တရား​စီရင်ခြင်း​သည် ၁၉၁၈ ခုနှစ်​၌ ဘုရားသခင့်​အိမ်တော်​မှ အစပြု​သောအခါ ခရစ်ယာန်ဘောင်​၏ ဂိုဏ်းဂဏ​စွဲ ဓမ္မ​ဆရာများ​သည် နှစ်ဖက်စလုံး​မှ ဗရင်ဂျီ​နှင့် ပရိုတက်စတင့်​အသင်းသားများ​အား အချင်းချင်း​သတ်ဖြတ်​ရန် စေ့ဆော်​ကာ ပထမ​ကမ္ဘာ​စစ်​ကို ဗြောင်​ထောက်ခံ​လျက်​ရှိသည်။ (၁ ပေတရု ၄:၁၇) ခရစ်ယာန်ဘောင် ဘာသာ​များသည် နိ​ကော​လ​ဂိုဏ်း​၏ အကျင့်​များ​ကို​မုန်း​သော ဧဖက်​အသင်းတော်​ကဲ့သို့​မပြု၊ အချင်းချင်း​ကွဲလွဲ​၍ ဘုရားသခင်​ကို​ဆန့်ကျင်​သော အယူဝါဒ​များနှင့် ရ​စ​ရာ​မရှိ​အောင် ပြည့်နှက်​နေသည်။ ထို့​ပြင် ယေရှု​က မိမိ​တပည့်​များ ဤ​လောက​၏ အစိတ်အပိုင်း​မဖြစ်​သင့်​ဟု ဆို​ထား​လျက်​နှင့် သူတို့၏​ဓမ္မ​ဆရာများ​သည် လောက​နှင့် ဆိုး​တူ​ကောင်း​ဖက် လုပ်ကြ​သည်။ (ယောဟန် ၁၅:၁၇-၁၉) သူတို့၏​အသင်းများ​သည် ဘုရားသခင့် နိုင်ငံတော်​တည်း​ဟူသော ကျမ်းစာ​၏​အဓိက​အကြောင်းကို မသိ​သဖြင့် ကျမ်းစာ​သမ္မာတရား​အလင်း ထွန်း​ပြောင်​သော မီး​ခုံ​များ​မဖြစ်။ သူတို့၏ အသင်းသားများ​လည်း ယေဟောဝါ​၏ ဝိညာဏ​ဗိမာန်တော် အစိတ်အပိုင်း​မဟုတ်​ကြ​ချေ။ သူတို့၏​ခေါင်းဆောင် အမျိုးသား (နှင့်​အမျိုးသမီး) များသည် ကြယ်​များ​မဟုတ်ဘဲ “ဒုစရိုက်​လူ” ၏ အသင်းဝင်​ဖြစ်​ကြောင်း ထင်ရှား​၏။​—၂ သက်သာလောနိတ် ၂:၃; မာလခိ ၃:၁-၃

၁၁။ (က) ၁၉၁၈ ခုနှစ်​၌ ကမ္ဘာ့​ဇာတ်ခုံ​ပေါ်​မှ အဘယ်​ခရစ်ယာန်​အုပ်စု​သည် ဧဖက်​လူ​တို့အား ယေရှု​မိန့်ဆို​သည့် စကား​များ​ကို ကျင့်သုံး​ကြ​သနည်း။ (ခ) ယောဟန်​အတန်းအစား​သည် ၁၉၁၉ ခုနှစ်​မှ​စ၍ ဘာ​ပြု​သနည်း။

၁၁ သို့သော် ယောဟန်​အတန်းအစား​သည် ယေဟောဝါ​နှင့် သမ္မာတရား​ကို ချစ်​သည့်​မေတ္တာ​နှင့်အတူ ပထမ​ကမ္ဘာ​စစ်​ကြီး​၏ ဝရုန်းသုန်းကား​နိုင်​သည့် ထို​သမယ​မှ ထွက်​ပေါ်လာ​ကြ​ပြီး ထို​မေတ္တာ​၏ စေ့ဆော်မှု​ကြောင့် ယေဟောဝါ​ကို စိတ်အား​ထက်သန်​စွာ ဝတ်ပြု​ကြ​လေ​သည်။ ၁၉၁၆ ခုနှစ်​တွင် ကင်းမျှော်စင်​အသင်း​၏ ပထမ​ဥက္ကဋ္ဌ ချားလ်စ် တီ၊ ရပ်စဲ​လ် ကွယ်လွန်​သည့်​နောက် သူ့​အား ပုဂ္ဂိုလ်ရေး​ကိုးကွယ်​လု​ခ​မ​န်း​လုပ်​ကာ ဂိုဏ်း​ခွဲ​ရန် ကြံစည်​သူများ​ရှိကြ​ရာ ယောဟန်​အတန်းအစား​က ထို​သူတို့ကို ခုခံ​ခဲ့​ကြ​ပေ​သည်။ ဤ​ခရစ်ယာန်​အုပ်စု​သည် နှိပ်စက်​ညှဉ်းပန်းမှု​နှင့် ဆင်းရဲ​ဒုက္ခများ​ဖြင့် ဆုံးမခြင်း​ခံ​ခဲ့​ရပြီ​ဖြစ်၍ သခင်၏ “ကောင်း​လေ​စွ” ဟူသော စီရင်ချက်​ချ​ခြင်း၊ သခင်​နှင့်အတူ ဝမ်းမြောက်​ရန် ဖိတ်ကြား​ခြင်း ခံရ​သည်​မှာ သိသာ​လှ​သည်။ (မဿဲ ၂၅:၂၁၊ ၂၃) သူတို့သည် နိုင်ငံတော်​အာဏာ​နှင့်​တကွ အ​ရူပ​နည်းဖြင့် ယေရှု​ရောက်ရှိ​ကြောင်း မှတ်သား​ပြ​သည့် ကိုယ်တော်​ပေး​ခဲ့​သော​နိမိတ် ပြည့်စုံ​ကြောင်းကို ကမ္ဘာ့​ဖြစ်ရပ်​များနှင့် မိမိတို့၏ အတွေ့အကြုံ​များ​မှ သတိပြုမိ​ကြသည်။ ၁၉၁၉ ခုနှစ်​မှ​စ၍ ရှေ့သို့​ချီ​ကာ ယေရှု၏ မဟာ​ပရောဖက်ပြုချက်​မှ အောက်ပါ​နောက်ဆက်တွဲ ပြည့်စုံချက်​တွင် ပါဝင်​ကြ​လေ​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောကီ​နိုင်ငံ အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည် ဖြစ်လတ္တံ့။” (မဿဲ ၆:၉၊ ၁၀; ၂၄:၃-၁၄) ယေဟောဝါ​ကို ချစ်သော​စိတ်​သည် တစ်နည်း​နည်းဖြင့် ချွတ်ယွင်း​ခဲ့​သည်​တိုင် ထို​အချိန်​မှ​စ၍ မီးလျှံ​အလား ညီး​ညီး​တောက်​လာ​လေ​သည်။

၁၂။ (က) ၁၉၂၂ ခုနှစ်၊ သမိုင်းဝင်​စည်းဝေးကြီး​တွင် အဘယ်​ဆော်သြ​သံ ထွက်ပေါ်​ခဲ့​သနည်း။ (ခ) ၁၉၃၁ ခုနှစ်​၌ ခရစ်ယာန်စစ်​များ အဘယ်​အမည်​ကို လက်ခံခဲ့​ကြ​သနည်း။ အဘယ်အရာ​အတွက် နောင်တ​ရ​ကြ​သနည်း။

၁၂ ၁၉၂၂ ခုနှစ်၊ စက်တင်ဘာ​လ ၅-၁၃ အတွင်း၊ အမေရိကန်​ပြည်ထောင်စု၊ အိုဟိုင်အို​နယ်၊ စီ​ဒါ​ပွိုင့်​မြို့၌ ၁၈,၀၀၀ မျှ​သော ထို​ခရစ်ယာန်​များ​၏ သမိုင်းဝင်​စည်းဝေးကြီး​တွင် အောက်ပါ​ဆော်သြ​သံ ထွက်ပေါ်​ခဲ့​သည်– “အသင် အမြင့်ဆုံး​သော ဘုရားသခင်​၏​သားများ လယ်ကွင်း​သို့​ပြန်သွား​ကြ။ . . . ယေဟောဝါ​သည် ဘုရားသခင်​ဖြစ်​ကြောင်း၊ ယေရှု​ခရစ်​သည် ဘုရင်​တို့၏​ဘုရင်၊ သခင်​တို့၏​သခင်​ဖြစ်​ကြောင်း တစ်လောက​လုံး​သိရ​မည်။ . . . ထို့​ကြောင့် ဘုရင်​နှင့် ဘုရင့်​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ။” ယေဟောဝါ​၏ နာမ​မြတ်​ကို ပို​၍​ထင်ပေါ်​ကျော်ကြား​စေ​ခဲ့​ကြသည်။ ၁၉၃၁ ခုနှစ်​တွင် ထို​ခရစ်ယာန်​တို့သည် အမေရိကန်​ပြည်ထောင်စု၊ အိုဟိုင်အို​နယ်၊ ကိုလံဘတ်စ်​မြို့၌​ကျင်းပ​သော စည်းဝေးပွဲ​ကြီး​တွင် စုဝေး​ပြီး ဟေရှာယ ပရောဖက်ပြုချက်​၌ ဘုရားသခင်​ဖော်ပြ​ထားသော ယေဟောဝါသက်သေ​များ ဟူသော​အမည်​ကို ဝမ်းမြောက်​စွာ လက်ခံခဲ့​ကြသည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) အဖွဲ့အစည်း​၏ အဓိက​ဂျာနယ်​ကို ၁၉၃၉ ခုနှစ်၊ မတ်​လ ၁ ရက်​နေ့​ထုတ်​မှ​စ၍ ကင်းမျှော်စင် ယေဟောဝါ​၏ နိုင်ငံတော်​ကို ကြေညာ​ခြင်း ဟူ၍ အမည်​ပြောင်း​လိုက်​သည်။ သို့ဖြင့် ကျွန်ုပ်​တို့၏ ဖန်ဆင်း​ရှင်​နှင့် ကိုယ်တော့်​တော်ဝင်​အစိုးရ​ကို အဓိက​ဂုဏ်ပြု​၏။ ယေဟောဝါသက်သေ​များသည် ယေဟောဝါ​အား ချစ်သော​မေတ္တာကို ပြန်လည်​ဆန်းသစ်​စေ​ခဲ့ပြီ​ဖြစ်​ရာ ယခင်​က ယေဟောဝါ​၏ နာမ​မြတ်​နှင့် နိုင်ငံတော်​ကို ဂုဏ်ပြု​ရန် ပျက်ကွက်​ခဲ့​သမျှ​အတွက် နောင်တ​ရခဲ့​ကြ​လေ​ပြီ။​—ဆာလံ ၁၀၆:၆၊ ၄၇၊ ၄၈

“အောင်မြင်သူ​အား”

၁၃။ (က) ဧဖက်​လူတို့သည် ‘အောင်မြင်’ လျှင် အဘယ်​ကောင်းချီး ရ​ကြ​မည်​နည်း။ (ခ) ဧဖက်​ခရစ်ယာန်​များ မည်သို့ ‘အောင်မြင်’ နိုင်​မည်​နည်း။

၁၃ နောက်ဆုံး​တွင် ယေရှုသည် အခြား​သတင်း​တော်​များ​မှာ​ကဲ့သို့ မိမိ​မှ​တစ်ဆင့် သစ္စာ​တည်ကြည်မှု​၏ ဆုလာဘ်များ​အကြောင်း အသိပေး​သည့် ဘုရားသခင့် ဝိညာဉ်​တော်​ကို သတိပြု​ရန် ဆော်သြ​လိုက်​သည်။ ဧဖက်​လူ​တို့အား ဤသို့​မိန့်တော်မူသည်– “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ။ အောင်မြင်သူ​အား ဘုရားသခင့် ပရဒိသု​ရှိ အသက်​ပင်​၏ အသီးကို​စား​ခွင့် ငါ​ပေး​မည်။” (ဗျာဒိတ် ၂:၇) ကြား​တတ်သော​နား ရှိသူတို့​က အရေးကြီး​လှ​သော ထို​သတင်း​တော်​သည် ယေရှု​ထံ​မှ အစ​မပြု​ဘဲ၊ အချုပ်အခြာ အာဏာပိုင်​ရှင် ယေဟောဝါ​ထံ​တော်​မှ သန့်ရှင်းသော​ဝိညာဉ် သို့​မဟုတ် တက်ကြွ​သော စွမ်းအား​မှ​တစ်ဆင့် စီးဆင်းလာ​သည်ကို​သိ၍ ထက်သန်​သော​စိတ်ဖြင့် ဂရုတစိုက် နားထောင်​ကြလိမ့်မည်။ သူတို့သည် မည်သို့ ‘အောင်မြင်’ ကြ​မည်​နည်း။ ယေရှု၏​ခြေတော်ရာ​ကို ထက်​ကြပ်​မ​ကွာ လိုက်ခြင်း​ဖြင့်​ဖြစ်၏။ ယေရှုသည် သေ​သည့်​တိုင် သစ္စာစောင့်​သဖြင့် “အားယူ​ကြလော့။ ငါသည် ဤ​လောကကို အောင်ပြီ” ဟု ဆိုနိုင်​ခဲ့​သည်။​—ယောဟန် ၈:၂၈; ၁၆:၃၃သမ္မာ။ ၁ ယောဟန် ၅:၄ ကိုလည်း​ရှု။

၁၄။ ယေရှု​ပြော​သော “ဘုရားသခင့်​ပရဒိသု” သည် ဘာကို​ဆိုလိုခြင်း ဖြစ်​ရမည်​နည်း။

၁၄ ထို​ဧဖက်​လူ​တို့​ကဲ့သို့​သော ဘိသိက်ခံ​ခရစ်ယာန်​များသည် မြေကြီး​ပရဒိသု​ပေါ်​နေထိုင်ရန် မျှော်လင့်ချက်​မရှိ​ရ​ကား “ဘုရားသခင့် ပရဒိသု​ရှိ အသက်​ပင်​၏​အသီး” ကို အဘယ်ကြောင့် စား​ခွင့်​ရ​ကြ​သနည်း။ မြေကြီးပေါ် ပြန်လည်​ထူထောင်သော ပရဒိသု​ကို ပြောနေခြင်း မဖြစ်​နိုင်။ အကြောင်း​မှာ ဧဖက်​အသင်းတော်​သားများ​အပါအဝင် ဘိသိက်ခံ ၁၄၄,၀၀၀ သော​ခရစ်ယာန်​တို့သည် သိုးသငယ် ခရစ်တော်​ယေရှု​နှင့်အတူ ဝိညာဉ်​သားများ​အဖြစ် ကောင်းကင်​ဇိအုန်​တောင်ပေါ်​မှာ အုပ်ချုပ်​ရန် လူ့​ဘောင်​မှ ဝယ်ယူခြင်း ခံရ​၍​ဖြစ်သည်။ (ဧဖက် ၁:၅-၁၂; ဗျာဒိတ် ၁၄:၁၊) သို့​ဖြစ်၍ ဤ​အောင်မြင်သူ​များ အမွေ​ရသော ဥယျာဉ်​နှင့်​တူ​သည့် ကောင်းကင်ဘုံ​ကို ဆို​နေခြင်း​ဖြစ်​ရမည်။ မသေ​နိုင်သော​အဖြစ်ကို​ရသည့် ဤ​အောင်မြင်သူ​တို့သည် အဆိုပါ “ဘုရားသခင့် ပရဒိသု” ၌ ယေဟောဝါ​ရှေ့မှောက် ထာဝစဉ် အသက်ရှင်​ကြလိမ့်မည်။ အသက်​ပင်​၏​အသီးကို သူတို့​စား​ရခြင်း​က ဤ​အချက်​ကို ပုံဆောင်​သည်။

၁၅။ အောင်မြင်​ရန် ယေရှု တိုက်တွန်း​သော​စကား​သည် ယနေ့ လူအုပ်ကြီး​အတွက် အဘယ်ကြောင့် အလွန်​အရေးပါ​သနည်း။

၁၅ သို့​ဖြစ်​လျှင် ဘိသိက်ခံ ၁၄၄,၀၀၀ တို့ကို သစ္စာရှိ​ရှိ​ထောက်ခံ​သော မြေကြီးပေါ်​ရှိ​သူများ​ကော မည်သို့​နည်း။ ဤ​အပေါင်းပါ လူအုပ်ကြီး​လည်း အောင်မြင်​လျက်​ရှိသည်။ သို့ရာတွင် သူတို့၏​မျှော်လင့်ချက်​မှာ မြေကြီး​ပရဒိသု​သို့ ဝင်ရောက်​ရန် ဖြစ်သည်။ ထို​တွင် သူတို့သည် “အသက်ရေ​မြစ်” မှ​မြစ်ရေကို​သောက်​ပြီး မြစ်​တစ်လျှောက် စိုက်​ထားသော “အပင်များ​၏​အရွက်​များ” ဖြင့် ကုသမှု​ရ​ကြလိမ့်မည်။ (ဗျာဒိတ် ၇:၄၊ ၉၊ ၁၇; ၂၂:၁၊ ၂) သင်သည် ဤ​အုပ်စုအဝင်​တစ်ဦး​ဖြစ်​လျှင် ယေဟောဝါ​ကို လှိုက်လှိုက်လှဲလှဲ​ချစ်၍ ယုံကြည်ခြင်း အောင်​ပန်း​ဆွတ်​နိုင်​ပါစေ။ သို့ဖြင့် ပရဒိသု​မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရသည့် ပျော်ရွှင်မှု​ကို ရယူ​နိုင်​မည်​တည်း။​—၁ ယောဟန် ၂:၁၃၊ ၁၄ နှိုင်းယှဉ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 တမန်​တော်​တု ပေါ်ပေါက်​ခြင်း​ဆိုင်ရာ သမိုင်း​အသေးစိတ်​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း စာအုပ် စာမျက်နှာ ၁၂၀-၁၂၇ တွင်​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၃၆ ပါ လေးထောင့်ကွက်]

ယေဟောဝါ​နှင့် သားတော်ကို မေတ္တာ​စိတ်ဖြင့် ချီးမွမ်း​ခြင်း

၁၉၀၅ ခုနှစ်​၌ ယေဟောဝါ​၏​လူမျိုးတော် ထုတ်ဝေ​သော သီချင်း​စာအုပ်​တွင် ယေရှုကို သီကျူး​သော သီချင်းသည် ယေဟောဝါ​ဘုရားသခင်​ကို သီကျူး​သော​သီချင်း​၏ အရေအတွက် နှစ်ဆ​ဖြစ်သည်။ ၁၉၂၈ ခုနှစ်​ထုတ် သီချင်း​စာအုပ်​တွင် ယေရှုကို ထောမနာပြု​သော သီချင်းသည် ယေဟောဝါ​ကို ထောမနာပြု​သော သီချင်း​နှင့် အရေအတွက်​ချင်း တူ​သည်။ သို့သော် ၁၉၈၄ ခုနှစ်​တွင် နောက်ဆုံး​ထုတ်ဝေ​သော သီချင်း​စာအုပ်​၌ ယေဟောဝါ​ကို ယေရှု​ထက် လေးဆ ဂုဏ်ပြု​ရေးစပ်​ထား​သည်။ “ငါ့​ခမည်းတော်​သည် ငါ့​ထက်​သာ၍ ကြီးမြတ်​တော်​မူ​၏” ဟူသော ယေရှု၏​စကား​နှင့်​အညီ ဖြစ်သည်။ (ယောဟန် ၁၄:၂၈) ယေဟောဝါ​အား ချစ်သော​မေတ္တာကို ရှေ့တန်း​တင်​ရမည်။ ယင်း​နှင့်အတူ ယေရှုကို လှိုက်လှဲ​စွာ​ချစ်၍ ကိုယ်တော်​၏ အဖိုး​အ​န​ဂ္ဃ​ထိုက်​သော ယဇ်ကို​သာမက ဘုရားသခင့် ယဇ်ပုရောဟိတ်​မင်းကြီး​နှင့် ဘုရင်​တည်း​ဟူသော ကိုယ်တော်​၏ ရာထူးဌာနန္တရ​ကို​ပါ လေးမြတ်ခြင်း​လည်း ရှိ​ရ​ပေမည်။

[စာမျက်နှာ ၃၄ ပါ ဇယား]

ဩ​ဝါဒ​ပေး​ပုံ​နှင့်​ဆိုင်သော ယေရှု၏ စံနမူနာ

(ဗျာဒိတ် ကျမ်း​၏ အခန်းကြီး၊ အခန်းငယ်​များ​ကို​ညွှန်း​လျက်)

သတင်းပို့​ရာ အသင်းတော် သြဝါဒ​ပေး​ခွင့် အာဏာ နိဒါန်း ချီးမွမ်း​စကား ရှင်းလင်းစွာ ထောက်ပြ​သော ပြဿနာ ပဲ့ပြင်​မှု နှင့်/သို့​မဟုတ် အားပေးမှု ရမည့် ကောင်းချီး​များ

ဧဖက် ၂:၁ ၂:၂၊ ၃ ၂:၄ ၂:၅၊ ၆ ၂:၇

စမုရန ၂:၈ ၂:၉ ​— ၂:၁၀ ၂:၁၁

ပေရဂံ ၂:၁၂ ၂:၁၃ ၂:၁၄၊ ၁၅ ၂:၁၆ ၂:၁၇

သွာတိရ ၂:၁၈ ၂:၁၉ ၂:၂၀၊ ၂၁ ၂:၂၄၊ ၂၅ ၂:၂၆-၂၈

သာဒိ ၃:၁ ​— ၃:၁၊ ၂ ၃:၃၊ ၄ ၃:၅

ဖိလဒေလဖိ ၃:၇ ၃:၈ ​— ၃:၈-၁၁ ၃:၁၂

လောဒိကိ ၃:၁၄ ​— ၃:၁၅-၁၇ ၃:၁၈-၂၀ ၃:၂၁