မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒုတိယ အမင်္ဂလာ—မြင်းတပ်များ

ဒုတိယ အမင်္ဂလာ—မြင်းတပ်များ

အခန်း ၂၃

ဒုတိယ အမင်္ဂလာ​—မြင်းတပ်​များ

၁။ ဓမ္မ​ဆရာများ​က ကျိုင်းကောင်​များ​ကို ချေမှုန်း​ရန် အားထုတ်​လျက်​ကယ် ဘာဖြစ်​ခဲ့​ပြီး နောက်ထပ် အမင်္ဂလာ​နှစ်ပါး​၏​လာ​ခြင်း​က ဘာကို​ပြသ​နည်း။

ပုံခိုင်း​ချက်​ဖြစ်သော ကျိုင်းကောင်​များသည် ၁၉၁၉ ခုနှစ်​မှ​စ၍ ခရစ်ယာန်ဘောင်​ကို ချင်းနင်းဝင်ရောက်​ခဲ့​ရာ ဓမ္မ​ဆရာများ များစွာ​နေ​မထိ​ထိုင်​မ​သာ ဖြစ်​ရလေ​သည်။ သူတို့က ကျိုင်းကောင်​များ​ကို​ချေမှုန်း​ရန် အားထုတ်​ကြသော်လည်း ကျိုင်းကောင်​များသည် ယခင်​ထက် အင်အားကြီး​မား​လာ​သည်။ (ဗျာဒိတ် ၉:၇) ဤမျှ​သာ​မဟုတ်။ ယောဟန်​က “အမင်္ဂလာ​တစ်ပါး လွန်သွား​လေ​ပြီ။ ကြည့်​လော့။ ဤ​အမှု​အရာများ​နောက်​၌ နောက်ထပ် အမင်္ဂလာ​နှစ်ပါး လာ​ဦး​မည်” ဟု​ရေးသား​၏။ (ဗျာဒိတ် ၉:၁၂) ခရစ်ယာန်ဘောင်​ကို ညှဉ်းဆဲ​သော​ကပ်ဘေး​များ နောက်ထပ်​ရှိသေး​သည်။

၂။ (က) ဆဋ္ဌမ​ကောင်းကင်တမန် တံပိုးခရာ မှုတ်​သောအခါ ဘာဖြစ်​သနည်း။ (ခ) “ရွှေ​ယဇ်​ပလ္လင်​၏ ဦးချို​မှ စကားသံ” သည် ဘာကို ကိုယ်စား​ပြု​သနည်း။ (ဂ) အဘယ်ကြောင့် ကောင်းကင်တမန်​လေးပါး အကြောင်းကို တင်ပြ​သနည်း။

ဒုတိယ​ကပ်ဘေး အဘယ်က​လာ​သနည်း။ ယောဟန် ဤသို့​ရေးသား​၏– “ထို့နောက် ဆဋ္ဌမ​ကောင်းကင်တမန် တံပိုးခရာ မှုတ်​လေ​၏။ ထို​အခါ ဘုရားသခင့်​ရှေ့တော်​က ရွှေ​ယဇ်​ပလ္လင်​၏ ဦးချို​များ​မှ စကားသံ​ကို ငါ​ကြား​ရ၏။ ထို​အသံ​က တံပိုးခရာ ကိုင်ဆောင်​သော ဆဋ္ဌမ ကောင်းကင်တမန်​အား ‘ဥဖရတ် မြစ်ကြီးနား​မှာ ချည်နှောင်​ခံရ​သော ကောင်းကင်တမန် လေးပါး​ကို ဖြေလွှတ်​လော့’ ဟု​ဆို​၏။” (ဗျာဒိတ် ၉:၁၃၊ ၁၄) ကောင်းကင်တမန်​များ လွတ်မြောက်​လာ​ခြင်း​မှာ ရွှေ​ယဇ်​ပလ္လင်​၏ ဦးချို​မှ​ထွက်​သော စကားသံ​ကြောင့်​ဖြစ်သည်။ ၎င်း​ယဇ်​ပလ္လင်​ကား နံ့သာပေါင်း​ရှို့​ရာ ရွှေ​ယဇ်​ပလ္လင်​ဖြစ်​ပြီး ဤ​ယဇ်​ပလ္လင်​မှ ရွှေ​ဖလား​များ​ထဲ​က နံ့သာပေါင်း​ကို သန့်ရှင်းသူ​တို့၏ ပတ္ထနာ​များနှင့်​ဆက်စပ်​၍ အထက်​က နှစ်ကြိမ်​တိုင် ဖော်ပြ​နှင့်​ခဲ့ပြီ။ (ဗျာဒိတ် ၅:၈; ၈:၃၊ ၄) ထို့​ကြောင့် ၎င်း​စကားသံ​သည် မြေကြီးပေါ်​က သန့်ရှင်းသူ​တို့၏ ညီညွတ်သော​ပတ္ထနာ​ကို ကိုယ်စား​ပြု​သည်။ သူတို့က ယေဟောဝါ​၏ “စေတမန်​များ” အနေ​နှင့် အမှုတော်ကို အားတက်သရော ရှေ့ဆက်​ထမ်းဆောင်​နိုင်​ရန် မိမိတို့​အား ကယ်လွှတ်​တော်​မူ​ပါ​ဟု အသနားခံ​ကြ​၏။ “စေတမန်” ဟူသော​စကားလုံး​မှာ “ကောင်းကင်တမန်” ဟူ၍ ဤ​နေရာ၌​ပြန်ဆို​သော ဂရိ​စကားလုံး​၏ အခြေခံ​အဓိပ္ပာယ်​တည်း။ အဘယ်ကြောင့် ကောင်းကင်တမန်​လေးပါး ရှိ​သနည်း။ ပုံခိုင်း​ချက်​ဖြစ်သော ဤ​ကိန်း​က တစ်ကမ္ဘာ​လုံး​အနှံ့ လွှမ်းခြုံ​သွား​နိုင်​လောက်​အောင် သူတို့ကို ဖွဲ့စည်းထား​ကြောင်း ရည်ညွှန်း​ပုံ​ရသည်။​—ဗျာဒိတ် ၇:၁; ၂၀:၈

၃။ ကောင်းကင်တမန်​လေးပါး အဘယ်​နည်းဖြင့် “ဥဖရတ် မြစ်ကြီးနား​မှာ ချည်နှောင်​ခံရ” သနည်း။

ထို​ကောင်းကင်တမန်​တို့သည် အဘယ်​သို့ “ဥဖရတ် မြစ်ကြီးနား​မှာ ချည်နှောင်​ခံရ” ကြ​သနည်း။ ရှေးခေတ် ဥဖရတ်​မြစ်​သည် အာဗြဟံ​အား ယေဟောဝါ ကတိပြု​တော်​မူ​သော​နယ်မြေ​၏ အရှေ့မြောက် နယ်စပ်​ဖြစ်၏။ (ကမ္ဘာဦး ၁၅:၁၈; တရားဟောရာ ၁၁:၂၄) ထို​ကောင်းကင်တမန်​တို့သည် မိမိတို့၏ ဘုရား​ပေး​နယ်မြေ သို့​မဟုတ် မြေကြီးဆိုင်ရာ လုပ်ငန်း​နယ်ပယ်​၏ နယ်စပ်​၌ ချုပ်ချယ်​ခံရ​သဖြင့် မိမိတို့​အဖို့ ယေဟောဝါ ပြင်ဆင်​တော်​မူ​သော အမှုတော်ကို အပြည့်အဝ မလုပ်ဆောင်​နိုင်​ဘဲ ရှိ​ပုံ​ရသည်။ ဥဖရတ်​မြစ်​သည် ဗာဗုလုန်​မြို့​နှင့်​လည်း သိသိသာသာ ဆက်စပ်​လျက်​ရှိခဲ့​ပြီး ဘီစီ ၆၀၇ ခုနှစ်​၌ ယေရုရှလင်​မြို့ ကျဆုံး​သည့်​နောက် ဇာတိ​ဣသရေလလူ​တို့သည် အနှစ် ၇၀ တိုင်တိုင် ထို​နေရာ၌ သုံ့ပန်း​ဖြစ်​ခဲ့​ပြီး “ဥဖရတ် မြစ်ကြီးနား​မှာ ချည်နှောင်​ခံရ” ကြ​၏။ (ဆာလံ ၁၃၇:၁) ဝိညာဏ​ဣသရေလလူ​တို့​လည်း ၁၉၁၉ ခုနှစ်​၌ အလားတူ​စွာ ချုပ်ချယ်​ခံရ​၍ ပူဆွေး​ကာ ယေဟောဝါ လမ်းပြ​ပါ​ရန် တောင်းလျှောက်​ခဲ့​သည်။

၄။ ကောင်းကင်တမန်​လေးပါး ဘာလုပ်​ရန် တာဝန်​ပေးခြင်း​ခံရ​ကြ​ပြီး ၎င်း​အလုပ်ကို မည်သို့ လုပ်ဆောင်လာ​ခဲ့​ကြ​သနည်း။

ဝမ်းသာစရာ​မှာ ယောဟန် ဤသို့​သတင်းပို့​နိုင်၏– “ထို​ကောင်းကင်တမန် လေးပါး​သည် ဖြေလွှတ်​ခံရ​လေ​၏။ သူတို့သည် ဤ​မည်​သော​နှစ်၊ လ၊ ရက်၊ အချိန်နာရီ​၌ လူ​သုံးပုံတစ်ပုံကို သတ်ဖြတ်​ရန် အသင့်ပြင်​ဆင်​ထား​ကြ​၏။” (ဗျာဒိတ် ၉:၁၅) ယေဟောဝါ​သည် အချိန် အတိအကျ​လိုက်​သူ ဖြစ်​တော်​မူ​၏။ ကိုယ်တော်၌ အချိန်ဇယား​ရှိ၍ ၎င်း​အတိုင်း လိုက်​တော်​မူ​၏။ ထို့​ကြောင့် ဤ​စေတမန်​များသည် လုပ်စရာ​အလုပ်ကို အပြီး​ဆောင်ရွက်​နိုင်​ရန် အချိန်မီ ဖြေလွှတ်​ခံရ​ကြသည်။ သူတို့သည် ၁၉၁၉ ခုနှစ်​တွင် အချုပ်အနှောင်​မှ​လွတ်​လာပြီး လုပ်ငန်း​အတွက် အသင့်​ဖြစ်​ခဲ့​ကြ​သဖြင့် မည်မျှ​ဝမ်းမြောက်​ခဲ့​ကြသည်​ကို စဉ်းစား​ကြည့်​လေ။ သူတို့သည် လူကို​ညှဉ်းဆဲ​ရန်​သာမက “လူ​သုံးပုံတစ်ပုံကို သတ်ပစ်​ရန်” တာဝန်​ပေးခြင်း​ခံရ​၏။ ၎င်း​သည် ပထမ​တံပိုးခရာ လေးလက်​မှုတ်​၍ ကြေညာ​သော​ကပ်​များနှင့် ဆက်စပ်​သည်။ ထို​ကပ်​များ​ကြောင့် မြေကြီး၊ ပင်လယ်၊ ပင်လယ်​ထဲ​မှ သတ္တဝါများ၊ စမ်းရေ​ပေါက်​များ၊ မြစ်များ​နှင့်၊ ကောင်းကင်​အလင်း​အိမ်များ သုံးပုံတစ်ပုံ ထိခိုက်​ခဲ့​သည်။ (ဗျာဒိတ် ၈:၇-၁၂) ကောင်းကင်တမန်​လေးပါး​က ထို့​ထက်မက​ပြု​ကြ​၏။ လူကို “သတ်” ကာ ခရစ်ယာန်ဘောင်​၏ ဝိညာဉ်​ရေး သေနေ​သော​အဖြစ်ကို တစ်စ​မကျန် ဖော်ထုတ်​ရှုတ်ချ​ကြ​၏။ ၁၉၂၂ ခုနှစ်​မှ ယခု​အထိ တံပိုးခရာ မှုတ်​၍​ကြေညာ​သော ကြေညာ​ချက်​များ​က အဆိုပါ​အလုပ်ကို ပြီးမြောက်​စေ​သည်။

၅။ ဆဋ္ဌမ တံပိုးခရာ​သံ​သည် ခရစ်ယာန်ဘောင်​နှင့် ပတ်သက်​၍ ၁၉၂၇ ခုနှစ်​၌ မည်သို့ ပဲ့တင်ထပ်​သွား​သနည်း။

ကောင်းကင်တမန် ခု​လေး​တင် ဆဋ္ဌမ တံပိုးခရာ​ကို မှုတ်​လိုက်​ကြောင်း သတိရပါ။ ၎င်းကို​တုံ့ပြန်​သည့်​အနေ​နှင့် ကျမ်းစာ​ကျောင်းသား​များ​က ကနေဒါ​နိုင်ငံ၊ အွန်တယ်ရီယို​ပြည်နယ်၊ တို​ရန်​တို​မြို့တွင် ဆဋ္ဌမ​မြောက် အပြည်ပြည်ဆိုင်ရာ နှစ်ပတ်လည်​စည်းဝေးကြီး​ကို ကျင်းပ​ခဲ့​သည်။ ၁၉၂၇၊ ဇူလိုင်​လ ၂၄ ရက်၊ တနင်္ဂနွေ​နေ့​အစီအစဉ်ကို ရေဒီယို​အသံလွှင့်​ဌာန ၅၃ ခု အပြန်အလှန် ဆက်သွယ်​လျက် ထုတ်လွှင့်​ခဲ့​ရာ ထို​ခေတ်​အထိ​ဆိုလျှင် အ​ပျံ့နှံ့​ဆုံး အသံလွှင့်​ကွန်ရက်​ဖြစ်သည်။ ထို​သတင်းစကားကို လူ​သန်းပေါင်း​များစွာ ကြား​ခဲ့​ပေမည်။ ရှေးဦး​စွာ၊ အားမာန်ပါ​သော သန္နိ​ဋ္ဌာန်​တစ်ချက်​က ခရစ်ယာန်ဘောင်​သည် ဝိညာဉ်​ရေး​ဘက် သေ​လျက်​ရှိကြောင်းကို ဖော်ထုတ်​ရှုတ်ချ​ပြီး​နောက် အောက်ပါ​ခေါ်ဖိတ်​ချက်​ကို သောတ​ရှင်​များ​အား ကမ်း​လှမ်း​လိုက်​သည်– “ရှုပ်ထွေး​သော ဤ​အချိန်နာရီ​ပိုင်း​၌ ယေဟောဝါ ဘုရားသခင်​က ‘ခရစ်ယာန်ဘောင်’ သို့​မဟုတ် ‘ဖွဲ့စည်းထား​သော ခရစ်ယာန်​ဘာသာ’ ကို​စွန့်ခွာ​၍ ထာဝစဉ် အဆက်ဖြတ်​ပစ်​ကာ ၎င်း​မှ​လုံးလုံးလျားလျား လှည့်ထွက်​လာရန် လူ​တို့ကို မိန့်မှာ​တော်​မူ​၏။ . . . လူမျိုး​တို့​အနေ​နှင့် ယေဟောဝါ​ဘုရားသခင်​အား​လည်းကောင်း၊ ကိုယ်တော်​၏​ဘုရင်​နှင့် နိုင်ငံတော်​အား​လည်းကောင်း မိမိတို့၏​နှလုံး​ထဲ​က ဆက်ကပ်​ကိုးကွယ်​မှု​နှင့် ကျေးဇူး​သစ္စာစောင့်သိမှုကို အကြွင်းမဲ့​အပ်နှင်း​ကြ​ပါစေ။” ၎င်းနောက်​၌ “လူ​တို့​အဖို့​လွတ်လပ်မှု” ဟူသော လူထု​ဟောပြောချက်ကို ဟော​ကြား​လေ​သည်။ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က ၎င်းကို ခါ​တိုင်း​လို ရဲ​ရဲ​တောက် လေသံ​မျိုး​ဖြင့် ဟောပြော​လိုက်​ရာ ရူပါရုံ​၌ ယောဟန် ရှေ့ဆက်​မြင်ရ​သည့် “မီး၊ မီးခိုး​နှင့် ကန့်​များ” နှင့်​လိုက်ဖက်​လှ​သည်။

၆။ မိမိ​ရှေ့ဆက်​မြင်ရသော မြင်းတပ်​များ​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။

“မြင်းတပ်​များ​၏ အရေအတွက်​မှာ ကုဋေ​နှစ်​ဆယ် ဖြစ်၏။ သူတို့၏ အရေအတွက်​ကို ငါ​ကြားသိ​ရ၏။ ရူပါရုံ​ထဲ​က ထို​မြင်းများ​နှင့် မြင်းစီးသူရဲ​တို့ကို ငါ​ဤသို့​မြင်ရ​၏။ သူတို့သည် မီး-နီ​ရော​င်၊ ဟို​င်​ယာ​ဆ​င့်-ပြာ​ရော​င်၊ ကန့်-ဝါ​ရော​င်​ရှိသော ရင်အုပ်တန်ဆာ​များ​ကို ဝတ်ဆင်​ထား​သည်။ မြင်း​တို့၏ ဦးခေါင်း​များသည် ခြင်္သေ့​ဦးခေါင်း​များနှင့် တူ​၏။ သူတို့၏​ခံတွင်း​မှ မီးလျှံ၊ မီးခိုး၊ ကန့်​များ ထွက်​လာ​၏။”​ဗျာဒိတ် ၉:၁၆-၁၈

၇၊ ၈။ (က) မည်သူ​တို့၏ ဦးစီးမှု​အောက်တွင် မြင်းတပ်​ကြီး မြည်ဟည်း​၍ ချီတက်​လာ​သနည်း။ (ခ) မြင်းတပ်​ကြီး​သည် သူ့​အထက်​က ကျိုင်းကောင်​များနှင့် မည်သို့​ဆင်တူ​သနည်း။

ဤ​မြင်းတပ်​သည် ကောင်းကင်တမန်​လေးပါး ဦးစီးမှု​အောက်တွင် မြည်ဟည်း​၍ ချီတက်​လာ​ခြင်း ဖြစ်​ပေမည်။ ကြောက်​ဖွယ်​လိ​လိ မြင်ကွင်း​ပါ​တကား။ အကယ်၍ သင်သည် ဤ​မြင်းတပ်​၏ ပစ်မှတ်​ဖြစ်​လျှင် မည်သို့​ခံစားရ​မည်​ကို စဉ်းစား​ကြည့်​ပါ​တော့။ ၎င်းကို​မြင်​ရုံ​နှင့် အကြောက်​လွန်​ကာ နှလုံး​အရည် ပျော်​သွားပါ​လိမ့်​မည်။ သို့ရာတွင် ၎င်း​ရှေ့​မှ​သွားသော ကျိုင်းကောင်​များနှင့် မည်မျှ​တူ​ကြောင်း သတိပြုမိ​သလော။ ကျိုင်းကောင်​များသည် မြင်းများ​နှင့် တူ​၏; မြင်းတပ်​တွင်​လည်း မြင်းများ ရှိကြ​၏။ သို့​ဖြစ်၍ နှစ်ပါးစလုံး​သည် သီအိုကရက်တစ် စစ်ရေး​တွင် ပါဝင်​ကြသည်။ (သုတ္တံ ၂၁:၃၁) ကျိုင်းကောင်​များ​၌ ခြင်္သေ့​သွား​နှင့်​တူသော သွားများ​ရှိ၍ မြင်းတပ်​ထဲ​က​မြင်းများ​လည်း ခြင်္သေ့​ဦးခေါင်း​နှင့်​တူသော ဦးခေါင်း​များ​ရှိကြသည်။ သို့​ဖြစ်၍ နှစ်ပါးစလုံး​သည် သူတို့၏​ခေါင်းဆောင်၊ စစ်သူကြီး​နှင့် စံနမူနာရှင် ယေရှု​ခရစ်​တည်း​ဟူသော ယုဒ​အနွယ် သတ္တိ​ရှင်​ခြင်္သေ့​နှင့် ဆက်စပ်​လျက်​နေ​၏။​—ဗျာဒိတ် ၅:၅; သုတ္တံ ၂၈:၁

ကျိုင်းကောင်​နှင့်​မြင်းတပ် နှစ်ပါးစလုံး ယေဟောဝါ​၏ စီရင်ချက်​ဆိုင်ရာ​လုပ်ငန်း​တွင် ပါဝင်​လုပ်ဆောင်ကြ​သည်။ ကျိုင်းကောင်​များသည် ခရစ်ယာန်ဘောင်​အပေါ် ကျရောက်​မည့်​ကပ်​နှင့် ဖျက်ဆီးခြင်း​မီး​၏ ရှေ့ပြေး​နိမိတ်​ဖြစ်သည့် မီးခိုး​ထဲ​မှ ထွက်​လာ​ကြသည်။ မြင်းများ​၏​ခံတွင်း​ထဲ​မှ မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ ထွက်​လာ​သည်။ ကျိုင်းကောင်​များ​၌ သံ​ရင်အုပ်တန်ဆာ​ရှိကြ​ပြီး ၎င်း​သည် မ​ဖြိုဖျက်​နိုင်သော ဖြောင့်မတ်ခြင်း​တရား ဆည်းကပ်မှု​က သူတို့၏​နှလုံးကို ကာကွယ်​ထား​ကြောင်း ပြ​၏။ မြင်းတပ်​သားများ​သည် အ​နီ၊ အ​ပြာ၊ အဝါရောင်​ရှိသော ရင်အုပ်တန်ဆာ​များ ဝတ်ဆင်​ထား​ကြ​ပြီး ၎င်း​တို့​က မြင်းများ​၏​ခံတွင်း​မှ ဒလဟော​ပန်း​ထွက်​လာသော မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်း​ဟူသော သေစေနိုင်​သည့် စီရင်ချက်​သတင်း​များ​ကို တင်စား​သည်။ (ကမ္ဘာဦး ၁၉:၂၄၊ ၂၈; လုကာ ၁၇:၂၉၊ ၃၀ နှိုင်းယှဉ်။) ကျိုင်းကောင်​များ​၌ လူကို​ညှဉ်းဆဲ​ရန် ကင်းမြီးကောက်​နှင့်​တူသော အမြီး​များ​ရှိကြသည်။ မြင်းများ​၌​လည်း လူကို​သတ်ဖြတ်​ရန် မြွေ​နှင့်​တူသော​အမြီး​များ ရှိကြသည်။ ကျိုင်းကောင်​များ စတင်​လိုက်​သော​အလုပ်ကို မြင်းတပ်​က ထို့​ထက်မက အင်တိုက်အားတိုက် အပြီး​ဆောင်ရွက်​သွား​မည့်​ပုံ​ရသည်။

၉။ မြင်းတပ်​ကြီး ဘာကို​ပုံခိုင်း​သနည်း။

သို့​ဖြစ်၍ မြင်းတပ်​က ဘာကို​ပုံခိုင်း​သနည်း။ ဘိသိက်ခံ​ယောဟန် အတန်းအစား​သည် ‘လူကို​တု​ပ်၍​နာ​စေ’ သော အာဏာ​နှင့်​တကွ ခရစ်ယာန်ဘောင်​ကို ယေဟောဝါ လက်စားချေ​စီရင်တော်မူ​မည် ဟူသော​သတင်းကို တံပိုးခရာ​မှုတ်​သကဲ့သို့ စတင်​ကြေညာ​ခဲ့​သည်​နည်းတူ အသက်ရှင်​ဆဲ ယင်း​အုပ်စု​က​ပင် ‘သတ်ဖြတ်’ ခြင်း​၌ အသုံးတော်ခံ​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ မျှော်လင့်​နိုင်​သည်။ ‘သတ်ဖြတ်​ခြင်း’ ဆို​သည်​မှာ ခရစ်ယာန်ဘောင်​နှင့် ၎င်း​၏​ဘုန်းကြီးဓမ္မ​ဆရာ​အုပ်စု​သည် ဝိညာဉ်​ရေး​၌ လုံးလုံးလျားလျား သေ​လျက်​ရှိသဖြင့် ယေဟောဝါ​၏ ပစ်ပယ်​တော်​မူ​ခြင်း​ကို​ခံရ​၍ ထာဝရ​ဖျက်ဆီးခြင်း “မီးဖို” အတွက် အသင့်ရှိ​ပြီ​ဖြစ်​ကြောင်း လူတကာ​အား သိ​ကြားစေ​ခြင်း​ဖြစ်သည်။ မဟာ​ဗာဗုလုန်​နှင့် ဆိုင်​သမျှ​တို့သည် ပျက်စီး​ရမည်​ဧကန်။ (ဗျာဒိတ် ၉:၅၊ ၁၀; ၁၈:၂၊ ၈; မဿဲ ၁၃:၄၁-၄၃) သို့သော် ၎င်း​ဖျက်ဆီး​မခံရမီ ယောဟန်​အတန်းအစား​က “ဘုရားသခင်​၏ နှုတ်ကပါဌ်တော်​တည်း​ဟူသော ဝိညာဉ်​တော်​၏​ဓား” ကို​သုံး​ကာ ခရစ်ယာန်ဘောင်​၏ သေနေ​သည့်​အဖြစ်​နှင့်​မ​ခြား​သော အခြေအနေ​ကို ဖော်ထုတ်​ရှုတ်ချ​ပါ​သည်။ ကောင်းကင်တမန်​လေးပါး​နှင့် မြင်းစီးသူရဲ​များ​က ခိုင်းနှိုင်း​ချက်​ဖြစ်သော “လူ​သုံးပုံတစ်ပုံ” သတ်​ခြင်း​အလုပ်ကို ညွှန်ကြား​ကြသည်။ (ဧဖက် ၆:၁၇; ဗျာဒိတ် ၉:၁၅၊ ၁၈) ဤ​အချက်​က နိုင်ငံတော် ကြွေးကြော်​သူများ​၏ တပ်မဟာကြီး စစ်ချီ​ရာ​၌ သခင်​ယေရှု​ခရစ် ကြီးကြပ်မှု​အောက်​၌ ကောင်းစွာ​ဖွဲ့စည်းထား​ပြီး သီအိုကရက်တစ် ညွှန်ကြားမှု​ရှိကြောင်းကို ပြ​ပေ​သည်။

ကုဋေ​နှစ်​ဆယ်

၁၀။ မည်သည့်​အဓိပ္ပာယ်​အရ၊ မြင်းတပ်​သား ကုဋေ​နှစ်​ဆယ် ရှိ​သနည်း။

၁၀ ဤ​မြင်းတပ်​၌ တပ်သား ကုဋေ​နှစ်​ဆယ် မည်သို့​ရှိ​နိုင်​သနည်း။ * နိုင်ငံတော်​ကြွေးကြော်​သူ သန်း​ချီ​ရှိပြီ​ဖြစ်၍ ဝမ်းသာ​ရ​သော်လည်း သူတို့၏​အရေအတွက်​သည် သန်းပေါင်း​ရာ​နှင့်​ချီ​ဖြစ်​ဖို့ များစွာ​လို​သေး​၏။ သို့ရာတွင် “အို၊ ထာဝရ​ဘုရား၊ ဣသရေလ​အမျိုးသား အထောင်အသောင်း​ရှိရာသို့ ပြန်လာ​တော်​မူ​ပါ” ဟူသော​မောရှေ၏ တောလည်ရာ ၁၀:၃၆ ပါ​စကား​များ​ကို သတိရပါ။ (ကမ္ဘာဦး ၂၄:၆၀ နှိုင်းယှဉ်။) စာသား​အရ၊ အထက်ပါ​စကား​သည် ‘ကုဋေ​ပေါင်း​များစွာသော ဣသရေလလူ​တို့​ထံ​သို့ ပြန်​ကြွတော်မူ​ပါ’ ဟူသော​အဓိပ္ပာယ် ရှိ​လိမ့်​မည်။ သို့​တ​စေ၊ မောရှေ​လက်ထက်​၌ ဣသရေလလူ​တို့သည် အရေအတွက် နှစ်​သန်း​မှ သုံး​သန်း​အထိ​သာ ရှိသည်။ သို့​ဖြစ်၍ မောရှေ​က ဘာကို​ပြော​နေသနည်း။ ဣသရေလလူ​တို့သည် ရေတွက်​၍​မရနိုင်၊ “ကောင်းကင်​ကြယ်​ကဲ့သို့​လည်းကောင်း၊ သမုဒ္ဒရာ​သဲလုံး​ကဲ့သို့​လည်းကောင်း” များပြား​သင့်​သည်ကို ပြောနေခြင်း​ဖြစ်​မည် သေချာ​သည်။ (ကမ္ဘာဦး ၂၂:၁၇; ၁ ရာဇဝင်ချုပ် ၂၇:၂၃) ထို့​ကြောင့် အကန့်အသတ်မဲ့ များပြား​သော အရေအတွက်​ကို ရည်ညွှန်း​၍ “အထောင်အသောင်း” ဟူသော​ဂဏန်း​ကို သုံး​ခြင်း​ဖြစ်သည်။ ထို့​ကြောင့် The New English Bible က “ထောင်ပေါင်း​များစွာ မရေမတွက်​နိုင်သော ဣသရေလလူ​တို့၏​သခင်၊ အနားယူ​တော်​မူ​ပါ” ဟူ၍ ထို​အခန်းငယ်​ကို ပြန်ဆို​၏။ ဤ​အချက်​က ဂရိ​နှင့်​ဟေဗြဲ အဘိဓာန်​များ​မှ “မရေတွက်​နိုင်သော လူ​ပရိသတ်​ကြီး၊” “လူ​ပရိသတ်​ကြီး” ဟူသော ဒုတိယ အနက်ဖွင့်ဆို​ချက်​နှင့်​ညီ​၏။​—သေ​ယာ​၏ ဓမ္မသစ်​ကျမ်း ဂရိ-အင်္ဂလိပ် အဘိဓာန်​သစ်; အက်​ဒဝဒ် ရော်ဘင်​ဆင် ပြန်ဆို​သော ဂျက်​စီး​နီး​ယပ်စ်​၏ ဓမ္မဟောင်း​ကျမ်း ဟေဗြဲ​နှင့်​အင်္ဂလိပ် အဘိဓာန်။

၁၁။ ယောဟန်​အတန်းအစား​အနေ​နှင့် ပုံဆောင်​သဘောဖြင့် ကုဋေ​ချီ​များ​ဖို့ ဘာ​လို​သေး​သနည်း။

၁၁ သို့သော် မြေကြီးပေါ်​ကျန်ရစ်​သော ယောဟန်​အတန်းအစား​ဝင် အရေအတွက်​သည် ၁၀,၀၀၀ ထက်နည်း​နေ​၏။ ပကတိ တစ်​သောင်း​ပင်မ​ပြည့်။ မရေတွက်​နိုင်သော မြင်းတပ်​သားများ​နှင့် မည်သို့​တူ​နိုင်​မည်​နည်း။ ပုံဆောင်​သဘော​အရ​ပင် သောင်း​ဂဏန်း​ဖြစ်လာ​ရန် အင်အား​တပ်​ဖြည့်​ဖို့ မလို​ပေ​လော။ ယေဟောဝါ​၏ မခံစားထိုက်သော ကရုဏာတော်​ကြောင့် သူတို့​လို​ရာ ရခဲ့​ကြ​ပေ​သည်။ အဘယ်က​ရသနည်း။

၁၂၊ ၁၃။ ၁၉၁၈ မှ ၁၉၃၅ ခုနှစ်​အတွင်း အဘယ်​သမိုင်းဝင် ဖြစ်ရပ်​များ​က တပ်​ကူ​အားဖြည့်ပေး​ရ​ကြောင်း ပြသ​နည်း။

၁၂ ၁၉၁၈ မှ ၁၉၂၂ ခုနှစ်​အထိ၊ ယောဟန်​အတန်းအစား​က ဒုက္ခ​ပင်လယ်​ဝေ​နေသော လူသားများ​အား “ယနေ့ အသက်ရှင်​သူ လူ​သန်းပေါင်း​များစွာ ဘယ်တော့​မျှ မသေ​တော့” ဟူသော​ဝမ်းမြောက်​ဖွယ် မျှော်လင့်ချက်ကို စတင်​ကမ်း​လှမ်း​လာ​သည်။ ၁၉၂၃ ခုနှစ်​၌ မဿဲ ၂၅:၃၁-၃၄ ပါ​သိုးများ ဘုရားသခင့် နိုင်ငံတော်​အောက် မြေကြီးပေါ်​တွင် အသက်ကို အမွေခံ​ကြလိမ့်မည်​ဟူ၍လည်း လူတကာ​အား ကြားသိ​စေ​ခဲ့​သည်။ ၁၉၂၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​၌ ထုတ်ဝေ​သော လူ​တို့​အဖို့ လွတ်လပ်မှု ဟူသော​စာအုပ်​ငယ်​တွင်​လည်း အလားတူ​မျှော်လင့်ချက်ကို ကမ်း​လှမ်း​လိုက်​သည်။ ခရစ်ယာန်ဘောင်​၏ ဝိညာဉ်​ရေး​အခြေ​ဆိုး​ကြောင့် ‘ညည်းတွား​ငိုကြွေး​သော​သူတို့’ နှင့် ဖြောင့်မတ်​သော ယောနဒပ်​အတန်းအစား​သည် မြေကြီး​အသက်တာ မျှော်လင့်ချက်​ရှိသော ပုံဆောင်​သိုးများ​နှင့် အတူတူ​ဖြစ်​ကြောင်း ၁၉၃၀ ပြည့်လွန်​နှစ် အစောပိုင်း​တွင် တင်ပြ​ခဲ့​သည်။ (ယေဇကျေလ ၉:၄; ၄ ဓမ္မ​ရာဇဝင် ၁၀:၁၅၊ ၁၆) ၁၉၃၄၊ ဩဂုတ်​လ ၁၅ ရက်ထုတ် ကင်းမျှော်စင် က အဆိုပါ​လူ​တို့ကို “ခိုလှုံရာ​မြို့” များ​သို့ ပို့ဆောင်​သည့်​အနေ​နှင့် ဤသို့​ရေးသား​လိုက်​သည်– “ယောနဒပ် အတန်းအစား​ဝင်​တို့သည် ဘုရားသခင့်​တံပိုးခရာ မှုတ်​သံ​ကို​ကြား​၍ သတိပေး​ချက်​ကို နားထောင်​လျက် ဘုရားသခင့် အဖွဲ့အစည်း​ထဲ​သို့ ပြေးဝင်​ကာ ဘုရားသခင့်​လူမျိုးတော်​နှင့် ပူးပေါင်း​ခဲ့​ကြပြီ။ ထို​နေရာ၌ သူတို့​နေသွား​ရ​လိမ့်​မည်။”​—တောလည်ရာ ၃၅:၆

၁၃ ၁၉၃၅ ခုနှစ်​၌ ယောနဒပ် အတန်းအစား​ဝင်​တို့သည် အမေရိကန်​ပြည်ထောင်စု၊ ဝါ​ရှင်​တန်​ဒီ​စီ​၌ ကျင်းပ​သော ယေဟောဝါသက်သေ​များ​၏ စည်းဝေးကြီး​သို့ အထူး​ဖိတ်ကြား​ခံရ​သည်။ မေလ ၃၁ ရက်၊ သောကြာ​နေ့၊ ထို​စည်းဝေးကြီး​၌ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က “လူ​ပရိသတ်​ကြီး” ဟူသော​နာမည်​ကျော် ဟောပြောချက်ကို​ပေး​ပြီး ထို​ဟောပြောချက်​၌ ဗျာဒိတ် ၇:၉ (King James Version) ပါ​ထို​အုပ်စု​သည် မဿဲ ၂၅:၃၃ ပါ​သိုးများ​—မြေကြီး​မျှော်လင့်ချက်​ရှိသော အပ်နှံထားသူ​အုပ်စု​ပင်​ဖြစ်​ကြောင်း ရှင်းလင်း​တင်ပြ​လိုက်​သည်။ ထို​စည်းဝေးကြီး​၌ ရှေ့ပြေး​အနေ​နှင့် သက်သေခံ​လူသစ်​ပေါင်း ၈၄၀ နှစ်ခြင်း​ခံ​ကြ​ရာ အများထု​မှာ လူအုပ်ကြီး​အဝင် ဖြစ်​ကြသည်။ *

၁၄။ လူအုပ်ကြီးသည် ပုံခိုင်း​ချက်​ဖြစ်သော မြင်းတပ်​စစ်ဆင်ရေး​၌ ပါဝင်​မည်​လော။ ၁၉၆၃ ခုနှစ်​၌ ဘာ​သန္နိ​ဋ္ဌာန် ချ​ခဲ့​ကြ​သနည်း။

၁၄ ဤ​လူအုပ်ကြီးသည် ထို​မြင်းတပ်​စစ်ဆင်ရေး​တွင် ပါဝင်​ခဲ့​သလော။ ၎င်း​စစ်ဆင်ရေး​ကို ၁၉၂၂ ခု​မှ စတင်​ဆင်နွှဲ​၍ ၁၉၂၇ ခု တို​ရန်​တို​စည်းဝေးကြီး​တွင် အထူး​အလေးအနက် တင်ပြ​ခဲ့​သည်။ ကောင်းကင်တမန်​လေးပါး​ဖြစ်သော ဘိသိက်ခံ ယောဟန်​အတန်းအစား​၏ ညွှန်ကြားမှု​အောက်​၌ လူအုပ်ကြီးသည် အမှန်​ပါဝင်​ခဲ့​ကြသည်။ ၁၉၆၃ ခုနှစ် “ထာဝရ​သတင်းကောင်း” ကမ္ဘာ​လှည့်​စည်းဝေးကြီး​၌ လူအုပ်ကြီးသည် ယောဟန်​အတန်းအစား​နှင့်အတူ စိတ်​တက်ကြွ​ဖွယ် သန္နိ​ဋ္ဌာန်​တစ်ချက် ချ​ခဲ့​ကြသည်။ ထို​သန္နိ​ဋ္ဌာန်​က ကမ္ဘာ​သည် “တစ်ခါမျှ​မကြုံဖူး​သော ကမ္ဘာ့​ဒုက္ခ​ပြဿနာ ငလျင်​ကြီး​နှင့် ရင်ဆိုင်​နေရ​ကြောင်း၊ ကမ္ဘာ့​နိုင်ငံရေး အဖွဲ့အစည်း​များနှင့် ခေတ်​သစ်​ဘာသာရေး ဗာဗုလုန်​သည် ကြေမွ​သွား​သည်​တိုင် ကိုင်​လှုပ်​ခံရ​မည်​ဖြစ်​ကြောင်း” ကြော်ငြာ​လိုက်​သည်။ “ကျွန်ုပ်​တို့သည် မျက်နှာမလိုက် လူမျိုး​အားလုံး​အား ဘုရားသခင့် မေရှိယနိုင်ငံတော်​နှင့် ဘုရားသခင့် စီရင်ချက်​များ​ဆိုင်ရာ ‘ထာဝရ​သတင်းကောင်း’ ကို အဆက်မပြတ် ကြော်ငြာ​သွား​မည်” ဟု ဆုံးဖြတ်​ခဲ့​ကြသည်။ “၎င်း​စီရင်ချက်​များသည် ရန်သူများ​အဖို့ ကပ်ဘေး​ပ​မာ​ဖြစ်သော်လည်း ဖန်ဆင်း​ရှင်​ဘုရားသခင်​သည် စိတ်​ဝိညာဉ်​နှင့် သမ္မာတရား​ဖြင့် မိမိ​လက်ခံ​နိုင်​သည့်​နည်း​အတိုင်း မိမိ​အား ကိုးကွယ်​လို​သော သူများ​အားလုံး​ကို ကယ်လွှတ်​ရန် ထို​စီရင်ချက်​များနှင့်​အညီ ဆောင်ရွက်​တော်​မူ​မည်။” ကမ္ဘာ​တစ်ဝန်း စည်းဝေးကြီး ၂၄ ခု​တွင် ဧည့်ပရိသတ်​ပေါင်း ၄၅၄,၉၇၇ ဦး ယင်း​သန္နိ​ဋ္ဌာန်​ကို အားတက်သရော လက်ခံခဲ့​ကြ​ရာ ၉၅ ရာခိုင်နှုန်း​မ​က​သော​သူတို့မှာ လူအုပ်ကြီး​အဝင် ဖြစ်​ကြသည်။

၁၅။ (က) ၂၀၀၅ ခုနှစ်​၌ လယ်ကွင်းတွင် ယေဟောဝါ အသုံးပြု​တော်​မူ​သော လူအုပ်ကြီး​၏​အင်အား​သည် ရာခိုင်နှုန်း​မည်မျှ​ရှိ​သနည်း။ (ခ) ယောဟန် ၁၇:၂၀၊ ၂၁ ပါ​ယေရှု၏​ပတ္ထနာ​က လူအုပ်ကြီး​နှင့် ယောဟန်​အတန်းအစား​တို့၏ စည်းလုံးခြင်း​ကို မည်သို့​ဆို​သနည်း။

၁၅ လူအုပ်ကြီးသည် ခရစ်ယာန်ဘောင်​ပေါ် ကပ်ဘေး​များ သွန်းလောင်းခြင်း​အလုပ်​၌ ယောဟန်​အတန်းအစား​နှင့် တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြောင်း ယနေ့​တိုင် ပြသ​ကြ​၏။ ၂၀၀၅ ခုနှစ်​၌ လယ်ကွင်းတွင် ယေဟောဝါ အသုံးပြု​တော်​မူ​သော လူအုပ်ကြီး​၏​လုပ်အား​သည် ၉၉.၈ ရာနှုန်း​မ​က​ရှိသည်။ ၎င်း​၏​အဖွဲ့ဝင်​တို့သည် ယောဟန်​အတန်းအစား​နှင့် တစ်စိတ်​တစ်​ဝမ်း​တည်း သွေး​စည်း​ညီညွတ်​ကြ​၏။ သူတို့နှင့်​ပတ်သက်​၍ ယောဟန် ၁၇:၂၀၊ ၂၁ ၌ ယေရှု ဤသို့​ဆုတောင်း​သည်– “ထို​သူတို့​အဖို့​ကို​သာ အကျွန်ုပ် ဆုတောင်း​သည် မဟုတ်ပါ။ သူတို့​ဟောပြောခြင်း​အားဖြင့် အကျွန်ုပ်​ကို ယုံကြည်​သော​သူတို့​အဖို့​ကိုလည်း ဆုတောင်း​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​ကို စေလွှတ်​တော်​မူ​သည်ကို လောကီ​သားတို့​သည် ယုံကြ​မည်​အကြောင်း၊ ထို​သူအပေါင်း​တို့သည် တစ်လုံးတစ်ဝတည်း​ဖြစ်​လျက်၊ အဘ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌ ရှိ​တော်​မူ​၍ အကျွန်ုပ်သည်​လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထို​သူအပေါင်း​တို့သည် ငါ​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်စေ​ခြင်း​ငှာ ဆုတောင်း​ပါ​၏။” ဘိသိက်ခံ​ယောဟန် အတန်းအစား​သည် ယေရှု​လက်အောက်​မှ​နေ၍ ဦးစီး​သည်​နှင့်​အမျှ စိတ်အား​ထက်သန်​သော လူအုပ်ကြီး​လည်း လူ့​သမိုင်း​တွင် အဖျက်​အင်အား အကြီးမားဆုံး​သော မြင်းတပ်​စစ်ဆင်မှု​တွင် ပါဝင်​ကြ​၏။ *

၁၆။ (က) ပုံခိုင်း​ချက်​ဖြစ်သော မြင်းများ​၏​ခံတွင်း​နှင့် အမြီး​များ​အကြောင်း ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) ယေဟောဝါ​လူမျိုးတော်​၏​နှုတ်​သည် အမှုတော်​အတွက် မည်သို့​ပြင်ဆင်​ထားခြင်း ခံရ​သနည်း။ (ဂ) ဘာက “သူတို့၏ အမြီး​များသည် မြွေ​ကဲ့သို့​ဖြစ်” ၏ ဟူသော​အချက်​နှင့် ကိုက်ညီ​သနည်း။

၁၆ ထို​မြင်းတပ်​သည် စစ်ဆင်ရေး​အတွက် လက်နက်​ကိရိယာ​များ​လို​၏။ ယေဟောဝါ​လည်း လို​လေ​သေး​မရှိ​အောင် တပ်ဆင်​ပေး​တော်​မူ​သည်။ ယောဟန် ဤသို့​ဖော်ပြ​လိုက်​သည်– “မြင်း​တို့၏ အာဏာ​သည် သူတို့၏​ခံတွင်း​နှင့် အမြီး​များ​တွင်​ရှိ၏။ သူတို့၏​အမြီး​များသည် မြွေ​ကဲ့သို့​ဖြစ်၍ ဦးခေါင်း​များ​ပေါက်​လျက် ၎င်း​တို့​ဖြင့် ဘေးပြု​ကြ​၏။” (ဗျာဒိတ် ၉: ၁၉) ယေဟောဝါ​သည် ဤ​လုပ်ငန်း​ကို​ဆောင်ရွက်ရန် မိမိ၏ ဆက်ကပ်​အပ်နှံ​နှစ်ခြင်း​ခံ ဓမ္မ​အမှုဆောင်​များ​အား ခန့်အပ်​တော်​မူ​ပြီ။ သီအိုကရက်တစ် ဓမ္မ​အမှု​ကျောင်း​အပြင်၊ အခြား​အသင်းတော် အစည်းအဝေး​နှင့် ကျောင်း​များ​မှ​တစ်ဆင့် နှုတ်ကပါဌ်တော်​ကို ဟောပြော​တတ်​ရန် သင်ကြား​တော်​မူ​သောကြောင့် သူတို့သည် “လူ​တတ်၏​နှုတ်​သတ္တိ” ဖြင့် အာဏာပိုင်​ပိုင် ပြောဆို​နိုင်​ကြ​၏။ သူတို့​နှုတ်၌ မိမိ၏​နှုတ်ကပါဌ်တော်​ကို​သွင်း​၍ “လူထုရှေ့​တွင်​လည်းကောင်း၊ တစ်အိမ်​မှ​တစ်အိမ်​သို့​လည်းကောင်း၊” မိမိ၏​စီရင်ချက်​များ​ကို ကြေညာ​ရန် စေလွှတ်​တော်​မူ​ပြီ။ (၂ တိမောသေ ၄:၂; ဟေရှာယ ၅၀:၄; ၆၁:၂; ယေရမိ ၁:၉၊ ၁၀; တမန်​တော် ၂၀:၂၀က​ဘ) ယောဟန်​အတန်းအစား​နှင့် လူအုပ်ကြီးသည် နှစ်များ​စွာ​အတွင်း ကျမ်းစာ၊ စာအုပ်၊ ဘရိုရှာ​နှင့် မဂ္ဂဇင်း​များ​ကို သန်း​ကုဋေ​နှင့်​ချီ​၍ ဖြန့်ဝေခြင်း​ဖြင့် မိမိတို့​နောက်​၌ “အမြီး” နှင့်​တူ​သည့် လူကို​နာကျင်စေ​သော သတင်းကို ထားရစ်​ခဲ့​ကြသည်။ မြင်းတပ်​သားများ​သည် ယေဟောဝါ​ထံ​တော်​မှ “ဘေး” ကျ​လာ​မည်​ဟု သတိပေး​ခံရ​သော ဆန့်ကျင်သူ​တို့​အဖို့ ကုဋေ​နှစ်​ဆယ်​ပ​မာ များပြား​လှ​၏။​—ယောလ ၂:၄-၆ နှိုင်းယှဉ်။

၁၇။ လုပ်ငန်းတော် ပိတ်ပင်​ခံရ​သဖြင့် စာအုပ်စာတမ်း​များ မ​ဖြန့်ဝေ​နိုင်သော နိုင်ငံ​ဒေသ​များ​မှ ယေဟောဝါသက်သေ​များသည် မြင်းတပ်​စစ်ဆင်မှု​တွင် ပါဝင်​ကြ​သလော။ ရှင်းပြပါ။

၁၇ ဤ​မြင်းတပ်​၏ စိတ်​အထက်​သန်​ဆုံး တပ်မကြီး​တစ်တပ်​မှာ ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း ပိတ်ပင်​ခံရ​သော နိုင်ငံ​ဒေသ​များ​မှ ညီအစ်ကို​များ​ဖြင့် ဖွဲ့စည်းထား​သည်။ သူတို့သည် ဝံပုလွေ​စုထဲ​မှ သိုးများ​ပ​မာ “မြွေ​ကဲ့သို့​လိမ္မာ​လျက် ချိုးငှက်​ကဲ့သို့ အဆိပ်​ကင်း​လျက်” ရှိ​ရန်လို​၏။ သူတို့သည် ယေဟောဝါ​ကို နာခံ​သဖြင့် မိမိတို့ မြင်ခဲ့​ကြား​ခဲ့​သော​အရာများ​ကို မပြော​ဘဲ​မနေနိုင်။ (မဿဲ ၁၀:၁၆; တမန်​တော် ၄:၁၉၊ ၂၀; ၅:၂၈၊ ၂၉၊ ၃၂) သူတို့​လက်ထဲ​တွင် လူထု​အား​ဝေငှ​ဖို့ ပုံနှိပ်​စာတမ်း​များ မရှိသလောက်​ဖြစ်​ရ​ကား၊ မြင်းတပ်​စစ်ဆင်ရေး​၌ သူတို့​မပါဝင်​ဟု ဆို​ရမည်​လော။ လုံးဝ​မဆို​နိုင်။ သူတို့၌ နှုတ်​ရှိသည့်​ပြင် ၎င်းကို​သုံး​၍ ကျမ်းစာ​သမ္မာတရား​မြွက်ဆို​ရန် ယေဟောဝါ​ထံ​မှ​လည်း အာဏာ​ရ​ကြ​၏။ သူတို့သည် အလွတ်သဘော၊ သွေးဆောင်မှု​အပြည့်​နှင့် ပြောဆို​ကာ ကျမ်းစာ​သင်အံမှုများ အစပြု​လျက် “လူအများ​တို့ကို ဖြောင့်မတ်ခြင်း​တရားလမ်း​ထဲ​သို့ သွင်း” ကြသည်။ (ဒံယေလ ၁၂:၃) သူတို့သည် ထိထိမိမိ​ရှိသော စာအုပ်စာတမ်း​များ ထားရစ်​ခြင်း​ဖြင့် မိမိတို့​အမြီး​များနှင့် လူ​တို့ကို တု​ပ်​ချင်​မှ​တု​ပ်​နိုင်​မည် မှန်​သော်လည်း ဆိုက်ကပ်​လာသော ယေဟောဝါ​၏ သင်္ကာ​ယန​ကင်းရှင်း​ရာ​နေ့​နှင့် ပတ်သက်ပြီး ပါးနပ်​၍​သတိ​ပညာရှိ​စွာ သက်သေခံ​ကြသည်​နှင့်​အမျှ သူတို့၏​ခံတွင်း​မှ ပုံခိုင်း​ချက်​ဖြစ်သော​မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ ပန်း​ထွက်​လာ​သည်။

၁၈။ မြင်းတပ်​သည် ကပ်​တိုက်​သတင်းကို ဘာသာ​စကား​မည်မျှ၊ စောင်ရေ​မည်မျှ​ဖြင့် ပုံနှိပ်​ဖြန့်ဝေ​ခဲ့ပြီ​နည်း။

၁၈ အခြား​ဒေသ​များ​၌ ဘုရားသခင့်​နိုင်ငံတော်​ဆိုင်ရာ စာအုပ်စာတမ်း​များ​က ခရစ်ယာန်ဘောင်​၏ ဗာဗုလုန်​အယူဝါဒ​နှင့် နည်းလမ်းများ​ကို အဆက်မပြတ် ဖော်ထုတ်​ရှုတ်ချ​လျက် ပုံဆောင်​သဘော​အရ၊ ၎င်း​ခံထိုက်သော​ဘေး​ကို ၎င်း​အပေါ် ကျရောက်​စေ​သည်။ များပြား​လှ​သော ဤ​မြင်းတပ်​သားတို့​သည် ၂၀၀၅ ခု​မတိုင်မီ​က ၆၈ နှစ်​အတွင်း ခေတ်မီ​ပုံနှိပ်​စနစ်​များ​သုံး​လျက် ဘာသာ​စကား​ပေါင်း ၄၅၀ ကျော်​ဖြင့် ကျမ်းစာ၊ စာအုပ်၊ မဂ္ဂဇင်း​နှင့် ဘရိုရှာ သန်းပေါင်း​များစွာ ဖြန့်ဝေ​နိုင်​ခဲ့ပြီ​ဖြစ်​ရာ ပကတိ ကုဋေ​နှစ်​ဆယ်​ထက် အဆပေါင်း​များစွာ​များ​၏။ ၎င်း​အမြီး​များသည် တု​ပ်​ချက်​ပြင်း​လှ​သည်​တကား။

၁၉၊ ၂၀။ (က) ကပ်​တိုက်​သတင်း​များ​၏ အထူး​ပစ်မှတ်​မှာ ခရစ်ယာန်ဘောင်​ဖြစ်သော်လည်း ၎င်းနှင့် အလှမ်းဝေး​သော နိုင်ငံ​ဒေသ​များ​မှ​လူ​အချို့ မည်သို့ တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) အများထု​၏ တုံ့ပြန်မှု​ကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။

၁၉ ကပ်ဘေး​အလား​ဖြစ်သော ဤ​သတင်း​ဖြင့် “လူ​သုံးပုံတစ်ပုံကို​သတ်” ရန် ယေဟောဝါ ရည်ရွယ်​တော်​မူ​သည်။ သို့​ဖြစ်၍ ၎င်း​၏​အထူး​ပစ်မှတ်​မှာ ခရစ်ယာန်ဘောင်​တည်း။ သို့ရာတွင် ၎င်း​သည် ခရစ်ယာန်ဘောင်​နယ်ပယ်​ကို​ကျော်​၍ ခရစ်ယာန်ဘောင်​၏ သီလကြောင်မှု​ကို သူ​သူ​ငါ​ငါ​သိရှိ​သော ဒေသ​များစွာ​အပါအဝင် ဝေးလံ​သော​နိုင်ငံ​ဒေသ​များ​ဆီ​သို့​ပါ ပျံ့နှံ့​ခဲ့​လေ​ပြီ။ ၎င်း​နိုင်ငံ​ဒေသ​သားများ​သည် ဤ​ဖောက်ပြန်သော ဘာသာရေး​အဖွဲ့အစည်း ကပ်​ဆိုက်​သည်ကို​မြင်​သောကြောင့် ယေဟောဝါ​ထံ တိုး၍​ချဉ်းကပ်​ကြပြီ​လော။ တော်​တော်​များများ ထိုသို့​ပြု​ခဲ့​ကြ​ပေ​ပြီ။ ခရစ်ယာန်ဘောင်​၏ ဩဇာ​နယ်ပယ်​အပြင်ဘက်​တွင် နေထိုင်ကြ​သော နူးညံ့​သိမ်မွေ့ ချစ်ခင်​စ​ဖွယ် ပုဂ္ဂိုလ်​များ မဆိုင်းမတွ ထိုသို့​တုံ့ပြန်​ခဲ့​ကြပြီ။ သို့​တ​စေ၊ အများ​တကာ​တို့၏​တုံ့ပြန်မှု​ကို ယောဟန် ဤသို့​ဖော်ပြ​လိုက်​သည်– “သို့သော် ဤ​ကပ်ဘေး​များ​ကြောင့် မသေ​ဘဲ ကျန်ရစ်​သော လူတို့သည် မိမိတို့​လက်​ဖြင့် လုပ်သော​အရာများ​အတွက် နောင်တ​မရ​ကြ​ချေ။ နတ်ဆိုး​များ​ကိုလည်း​ကောင်း၊ မမြင်နိုင်၊ မကြား​နိုင်၊ မသွား​မလာ​နိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်​နှင့် သစ်သား​တို့​ဖြင့်​လုပ်သော ရုပ်တု​များ​ကိုလည်း​ကောင်း ကိုးကွယ်​မြဲ ကိုးကွယ်​ကြ​၏။ မိမိတို့၏ လူသတ်မှု၊ နတ်​ဝိဇ္ဇာ အလေ့အကျင့်​များ၊ မတရားမေထုန်​နှင့် ခိုးဝှက်မှု​အတွက်​လည်း နောင်တ​မရ​ကြ​ချေ။” (ဗျာဒိတ် ၉:၂၀၊ ၂၁) နောင်တ​မရ​သော ဤ​သူများ ကမ္ဘာချီ ဘာသာ​ပြောင်း​ဝင်လာ​ကြ​မည် မဟုတ်။ မိမိတို့၏ ဆိုးယုတ်​သော​လမ်းစဉ်​ကို ခေါင်းမာ​မာ​နှင့် လိုက်​သော​သူ​ရှိသမျှ ယေဟောဝါ​၏ သင်္ကာ​ယန​ကင်းရှင်း​ရာ​နေ့ကြီး​၌ အပြစ်ပေး​စီရင်ခြင်း​ကို ခံရ​ကြလိမ့်မည်။ သို့သော် “ထာဝရ​ဘုရား​ကို ပတ္ထနာ​ပြုသောသူ ရှိသမျှ​တို့သည် ကယ်တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လတ္တံ့။”​—ယောလ ၂:၃၂; ဆာလံ ၁၄၅:၂၀; တမန်​တော် ၂:၂၀၊ ၂၁

၂၀ အထက်​၌ ကျွန်ုပ်​တို့ ဆွေးနွေး​တင်ပြ​ရာ​များ​မှာ ဒုတိယ​အမင်္ဂလာ​၏ တစ်ပိုင်း​တစ်စ​သာ​ဖြစ်သည်။ ၎င်း​အမင်္ဂလာ မပြီး​မီ လာ​စ​ရာ​များစွာ​ရှိသေး၏။ ရှေ့​လာ​မည့်​အခန်း​များ​၌ ကျွန်ုပ်​တို့ တွေ့​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဟင်နရီ ဘား​ကလေး စွိ ပြုစု​သော ဗျာဒိတ်ကျမ်း​ဋီကာ က “ကုဋေ​နှစ်​ဆယ်” ဟူသော​ကိန်း​နှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “ကြီးမား​လှ​သော ကိန်း​များ​ဖြစ်၍ ပကတိ​ပြည့်စုံချက်​ရှိဖို့ ကျွန်ုပ်​တို့ မမျှော်လင့်​နိုင်​ပါ။ ရှေ့ဆက်​ဖော်ပြ​သော အကြောင်း​က​လည်း ဤ​အချက်​ကို ထောက်ခံပါ​သည်။”

^ အပိုဒ်၊ 13 စာမျက်နှာ ၁၁၉-၂၆ ကို​ပြန်​ကြည့်​ပါ။ ၁၉၃၂ ခုနှစ်​တွင် ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော သင်္ကာ​ယန ရှင်း​စေခြင်း တတိယ​တွဲ၊ စာမျက်နှာ ၈၃-၄ ကိုလည်း​ရှု။

^ အပိုဒ်၊ 15 ယောဟန်​မြင်ရသော မြင်းတပ်​သားများ​သည် ကျိုင်းကောင်​များ​နည်းတူ “ရွှေ​ကဲ့သို့​သော သရဖူ​များ ဆောင်း​ထား​ဟန်” မရှိ။ (ဗျာဒိတ် ၉:၇) ဤ​အချက်​က မြင်းတပ်​ထဲ​တွင် အများစု​ဖြစ်သော လူအုပ်ကြီးသည် ဘုရားသခင့် ကောင်းကင်​နိုင်ငံတော်​တွင် အုပ်စိုး​ရန် မမျှော်လင့် ဟူ​သည့်​အချက်​နှင့် ညီညွတ်​ပေ​သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄၉ ပါ ရုပ်ပုံ]

ဆဋ္ဌမ​တံပိုးမှုတ်​လိုက်​ရာ ဒုတိယ အမင်္ဂလာ​စတင်

[စာမျက်နှာ ၁၅၀ ပါ ရုပ်ပုံ]

ကောင်းကင်တမန် လေးပါး​သည် ဤ​မြင်းတပ်​မဟာ​ကြီး​ကို ဦးစီး

[စာမျက်နှာ ၁၅၃ ပါ ရုပ်ပုံ]

မရေမတွက်​နိုင်သော မြင်းတပ်​သည် ကျမ်းစာ​အခြေပြု စာပေ​စာတမ်း သန်းပေါင်း​များစွာကို ဝေငှ​ခဲ့

[စာမျက်နှာ ၁၅၄ ပါ ရုပ်ပုံ]

ကျန်ရစ်​သော​လူတို့သည် နောင်တ မရ​ကြ