မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း

နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း

အခန်း ၃၃

နာမည်​ပျက် ပြည့်တန်ဆာ​ကို တရား​စီရင်ခြင်း

ရူပါရုံ ၁၁ ဗျာဒိတ် ၁၇:၁-၁၈

အကြောင်းအရာ– မဟာ​ဗာဗုလုန်​သည် နီး​မြန်း​သော သားရဲ​တစ်ကောင်​ကို စီး​၏။ အဆုံး​၌ ၎င်း​သားရဲ​၏ တိုက်ခိုက်​ချေမှုန်း​ခြင်း ခံရ​သည်

ပြည့်စုံချိန်– ၁၉၁၉ ခုနှစ်​မှ ဆင်းရဲ​ဒုက္ခ​ကြီး​အထိ

၁။ ကောင်းကင်တမန် ခု​နစ်​ပါး​ထဲ​မှတစ်ပါး​က ယောဟန်​အား ဘာကို​ဖော်ပြ​သနည်း။

လား​ခု​နစ်​လုံး​ပြည့်​သည့် ယေဟောဝါ​၏ ဖြောင့်မတ်​သော အမျက်တော်ကို အကုန်အစင် သွန်းလောင်း​ရမည်​ဖြစ်၏။ ဆဋ္ဌမ​ကောင်းကင်တမန်​က မိမိ၏​ဖလား​ကို ရှေး​ဗာဗုလုန်​မြို့​တည်ရာ​အရပ်၌ သွန်းလောင်း​သောအခါ ၎င်း​သည် မဟာ​ဗာဗုလုန်​အား ကပ်​တိုက်ခြင်း​ကို ပုံခိုင်း​သည်​မှာ လျောက်ပတ်​လှ​၏။ အခြင်းအရာ​များ နောက်ဆုံး​စစ်ပွဲ အာမဂေဒုန်​ဆီ​သို့​ဦးတည်​လျက် မြန်မြန်ဆန်ဆန် ဖြစ်ပွား​သည်​နှင့်​အမျှ ဖြစ်၏။ (ဗျာဒိတ် ၁၆:၁၊ ၁၂၊ ၁၆) ဖြောင့်မတ်​သော တရား​စီရင်ချက်​များ​ကို ယေဟောဝါ အဘယ်ကြောင့်​ဖော်ဆောင်​၍ မည်သို့​မည်​ပုံ ဖော်ဆောင်​တော်​မူ​မည်​ကို ရှင်းပြ​သူ​မှာ ထို​ကောင်းကင်တမန်​ပင် ဖြစ်​ဟန်​တူ​သည်။ ယောဟန်​သည် ရှေ့​ဆက်၍​မြင်ရ​ကြား​ရသော အရာများ​ကြောင့် အံ့အားသင့်​သွား​၏– “ထို့နောက် ဖလား​ခု​နစ်​လုံး​ကိုင်​သော ကောင်းကင်တမန် ခု​နစ်​ပါး​အနက်​မှ တစ်ပါး​သည်​လာ၍ ငါ​နှင့်​စကားပြော​လျက် ဤသို့​ဆို​၏– ‘လာ​လော့။ များစွာသော ရေ​ပေါ်မှာ​ထိုင်​သော ပြည့်တန်ဆာ​ကြီး ခံရ​သည့် အပြစ်ဒဏ်​ကို သင့်​အား ငါ​ပြ​မည်။ မြေကြီး​ဘုရင်​တို့သည် သူနှင့်​မတရားမေထုန် ကျူးလွန်​၍ မြေကြီးသား​တို့သည်​လည်း သူ၏​မတရားမေထုန် စပျစ်​ရည်​ဖြင့် မူးယစ်​ကြ​၏။’”​ဗျာဒိတ် ၁၇:၁၊ ၂

၂။ “ပြည့်တန်ဆာ​ကြီး” သည် (က) ရှေး​ရောမ​နိုင်ငံ မဟုတ်​ကြောင်း၊ (ခ) ဧရာမ​စီးပွားရေး မဟုတ်​ကြောင်း၊ (ဂ) ဘာသာရေး​အဖွဲ့​သာ​ဖြစ်​ကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

“ပြည့်တန်ဆာ​ကြီး။” အဘယ်ကြောင့် ထိတ်လန့်ဖွယ်​ကောင်းသော အမည်​ဖြစ်သနည်း။ သူ​ကား မည်သူ​နည်း။ အချို့​က ဤ​ပုံဆောင်​ပြည့်တန်ဆာ​မှာ ရှေး​ရောမ​နိုင်ငံ ဖြစ်သည်ဟု​ဆို​ကြ​၏။ သို့သော် ရောမ​နိုင်ငံ​သည် အင်အားကြီး​နိုင်ငံ​တစ်နိုင်ငံ​ဖြစ်၏။ ပြည့်တန်ဆာ​သည် မြေကြီး​ဘုရင်​များနှင့် မတရားမေထုန် ကျူးလွန်​သည်​ဖြစ်​ရာ ထို​ဘုရင်​များ​တွင် ရောမ​ဘုရင်​များလည်း ပါဝင်​ကြ​မည်​မှာ မုချ။ ထို့​ပြင် သူ​ဖျက်ဆီး​ခံရ​သည့်​နောက်​၌ “မြေကြီး​ဘုရင်​များ” က သူ​သေဆုံး​သည့်​အတွက် ငိုကြွေး​ကြသည်​ဟု​ဆို​သည်။ ထို့​ကြောင့် သူသည် နိုင်ငံ​တစ်နိုင်ငံ မဖြစ်​နိုင်။ (ဗျာဒိတ် ၁၈:၉၊ ၁၀) ထို​မျှ​မ​က လောကီ​ကုန်သည်​များလည်း သူ့​အတွက်​ငိုကြွေး​သည်​ဖြစ်၍ သူသည် ဧရာမ​စီးပွားရေး​လုပ်ငန်း​ကို ပုံဆောင်​ခြင်း​လည်း မဖြစ်​နိုင်။ (ဗျာဒိတ် ၁၈:၁၅၊ ၁၆) သို့​တ​စေ၊ ‘လူမျိုးအပေါင်း​တို့သည် သူ၏​နတ်​ဝိဇ္ဇာ​အတတ်​ကြောင့် လမ်းလွဲ​ကြ’ ကုန်​၏​ဟု​ဖတ်​ရသည်။ (ဗျာဒိတ် ၁၈:၂၃) ဤ​အချက်​က ပြည့်တန်ဆာ​ကြီး​သည် ကမ္ဘာလုံး​ဆိုင်ရာ ဘာသာရေး​အဖွဲ့​ဖြစ်​ရမည်ကို ထင်ရှားစေ​သည်။

၃။ (က) ပြည့်တန်ဆာ​ကြီး​သည် အဘယ်ကြောင့် ရို​မင်​ကက်သလစ်​ချာ့ခ်ျ သို့​မဟုတ် ခရစ်ယာန်ဘောင်​တစ်ခုလုံး​ကို​သာမက ပုံဆောင်​ခြင်း ဖြစ်​ရမည်​နည်း။ (ခ) အရှေ့တိုင်း ဘာသာ​တရား​အများစု​နှင့် ခရစ်ယာန်ဘောင် ဂိုဏ်းဂဏ​များ​၌ ဗာဗုလုန်​ဆိုင်ရာ အဘယ်​အယူဝါဒ​များ​ကို တွေ့ရှိ​ရသနည်း။ (ဂ) ခရစ်ယာန်ဘောင်​၏ အယူဝါဒ၊ အခမ်းအနား​နှင့် အကျင့်ဓလေ့​များစွာ​တို့၏ ရင်းမြစ်​နှင့်​ပတ်သက်​၍ ရို​မင်​ကက်သလစ်​ဂိုဏ်းချုပ် ဂျွန် ဟင်နရီ န​ယူး​မင်း​က မည်သို့​ဝန်ခံ​သနည်း။ (အောက်ခြေမှတ်ချက်​ရှု။)

အဘယ်​ဘာသာရေး​အဖွဲ့​နည်း။ အချို့​ပုဂ္ဂိုလ်​များ အခိုင်အမာ​ဆို​ကြ​သည့်​အတိုင်း ရို​မင်​ကက်သလစ်​ချာ့ခ်ျ​ဖြစ်သလော။ သို့​မဟုတ် ခရစ်ယာန်ဘောင်​တစ်ရပ်လုံး​လော။ မဟုတ်ပါ။ လူမျိုးအပေါင်း​တို့ကို လမ်းလွဲ​စေနိုင်​လျှင် ထို့​ထက်မက ကြီးမား​ရ​ပေမည်။ အမှန်​မှာ ၎င်း​သည် ကမ္ဘာ့​မိစ္ဆာ​ဘာသာရေး အင်ပါယာ​တစ်ခုလုံး​ပင်​တည်း။ ကမ္ဘာ​တစ်ဝန်း​ရှိ ဘာသာ​တရား​များ​၌ ဗာဗုလုန်​ဆိုင်ရာ​အယူဝါဒ​နှင့် အကျင့်ဓလေ့​အမြောက်အမြား တွေ့ရ​သည်ကို​ထောက်​ခြင်း​ဖြင့် ၎င်း​သည် ဗာဗုလုန်​၏ လျှို့ဝှက်​ဆန်း​ကျယ်​မှုများ​၌ မြစ်ဖျားခံ​ခဲ့​ကြောင်း သိသာ​၏။ ဥပမာ၊ လူ့​ဝိညာဉ်​၌ မွေးရာပါ မသေနိုင်​သည့်​အဖြစ် ရှိသည်​ဟူသော​အယူ၊ ညှဉ်းဆဲ​ရာ​ငရဲ​အယူ၊ သုံးပါး​ပေါင်း​တစ်ဆူ​အယူ စ​သည်​တို့ကို အရှေ့တိုင်း​ဘာသာ​တရား အများစု​၌​လည်းကောင်း၊ ခရစ်ယာန်ဘောင် ဂိုဏ်းဂဏ​များ​တွင်​လည်းကောင်း တွေ့ရှိ​နိုင်​သည်။ လွန်ခဲ့သော​အနှစ် ၄,၀၀၀ ကျော်​အချိန်​က ရှေး​ဗာဗုလုန်​မြို့တွင် ပေါက်ဖွား​ခဲ့​သော မိစ္ဆာ​ဘာသာ​တရားသည် ဧရာမ​အကောင်​ကြီး​အသွင်​သို့ ကြီးထွား​ခဲ့​ရာ ၎င်းကို မဟာ​ဗာဗုလုန်​ဟု သမုတ်သည်​မှာ လျောက်ပတ်​ပေ​၏။ * သို့သော် သူ့​အား အဘယ်ကြောင့် “ပြည့်တန်ဆာ​ကြီး” ဟူသော စက်ဆုပ်ဖွယ် အသုံးအနှုန်း​ဖြင့် ခေါ်တွင်​ရသနည်း။

၄။ (က) ရှေး​ဣသရေလ​နိုင်ငံ​သည် အဘယ်​နည်းများဖြင့် မတရားမေထုန် ကျူးလွန်​သနည်း။ (ခ) မဟာ​ဗာဗုလုန်​သည် အဘယ်​သိသာ​ထင်ရှားသော​နည်းဖြင့် မတရားမေထုန် ကျူးလွန်​ခဲ့ပြီ​နည်း။

ဗာဗုလုန် (သို့​မဟုတ် “ရှုပ်ထွေးခြင်း” ဟု​အဓိပ္ပာယ်​ရသော ဘေဘဲလ်) သည် နေဗုခဒ်နေဇာ​လက်ထက်​တွင် တန်ခိုး​အရှိန် အထွတ်အထိပ်​သို့ ရောက်​ခဲ့​သည်။ ၎င်း​သည် ဘာသာရေး​နှင့် နိုင်ငံရေး​ရောစပ်​သော နိုင်ငံ​ဖြစ်၍ ကျောင်း​ဗိမာန်​နှင့် ဝတ်ကျောင်း​ပေါင်း တစ်ထောင်​ကျော်​ရှိသည်။ ၎င်း​၏​ဘုန်းကြီး​များသည် တန်ခိုး​အာဏာ​ထက်မြက်​လှ​၏။ ဗာဗုလုန်​သည် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​အဖြစ်​မှ ရပ်စဲ​ခဲ့​သည်​မှာ ကြာမြင့်​လှ​ပြီ​ဖြစ်သော်လည်း ဘာသာရေးဆိုင်ရာ မဟာ​ဗာဗုလုန်​မှာ​မူ သက်​ဆိုး​ရှည်​၍ ရှေး​ပုံစံ​အတိုင်း နိုင်ငံရေး​ရာ​များ​အပေါ် ဩဇာ​လွှမ်း​ကာ ခြယ်လှယ်​ရန်​အားထုတ်​၏။ သို့ရာတွင် နိုင်ငံရေး​၌ ဘာသာရေး ဝင်စွက်​သည်ကို ဘုရားသခင် သဘောတူ​တော်​မူ​သလော။ ဟေဗြဲ​ကျမ်းစာ​၌ ဣသရေလ​နိုင်ငံ​သည် မိစ္ဆာ​ဘာသာ​နှင့် အ​ရော​တ​ဝင်လုပ်​သောအခါ ယေဟောဝါ​အား ကိုးစား​မည့်​အစား တစ်ပါး​အမျိုးသားများ​နှင့် မဟာမိတ်ဖွဲ့​သောအခါ မိမိကိုယ်ကို ပြည့်တန်ဆာ​ဖြစ်စေ​သည်​ဟု ဆို​ထား​သည်။ (ယေရမိ ၃:၆၊ ၈၊ ၉; ယေဇကျေလ ၁၆:၂၈-၃၀) မဟာ​ဗာဗုလုန်​လည်း ဝိညာဏ​မတရားမေထုန် ကျူးလွန်​၏။ သိသာ​ထင်ရှား​သည်​မှာ အုပ်ချုပ်​နေသော မြေကြီးဘုရင်​များ​အပေါ် ဩဇာ​တန်ခိုး လွှမ်းမိုး​နိုင်​ရေး​အတွက် သင့်တော်​သည်​ဟု မိမိ​ထင်​သမျှ​အရာ​ကို ပြု​ခဲ့ပြီ​ဖြစ်၏။​—၁ တိမောသေ ၄:၁

၅။ (က) ဘုန်းကြီး​ဓမ္မ​ဆရာ​တို့သည် မည်သို့သော​ထင်ပေါ် ကျော်ကြား​မှု​ကို နှစ်သက်​ကြ​သနည်း။ (ခ) လောကီ​ရေး​ဘက် ထင်ပေါ်​လို​သော​ရမ္မက်​သည် အဘယ်ကြောင့် ယေရှု​ခရစ်​၏​စကားတော်​နှင့် လား​လား​ကြီး ဆန့်ကျင်​သနည်း။

ယနေ့ ဘာသာရေး​ခေါင်းဆောင်​များသည် အစိုးရ​ဌာန​ရာထူး ကြီးကြီးမားမား​ရယူရန် မကြာခဏ​ပင် မဲ​ဆွယ်​စည်းရုံး​မှု​ပြုပြီး အချို့​နိုင်ငံ​ဒေသ​များ​၌​ဆိုလျှင် အုပ်ချုပ်ရေး​တွင် ပါဝင်​ရုံ​မ​က ဝန်ကြီး​ရာထူးကို​ပင် ရယူ​ကြသည်။ ၁၉၈၈ ခုနှစ်​တွင် ကျော်ကြား​သော ပရိုတက်စတင့် ဓမ္မ​ဆရာ​နှစ်ဦး​သည် အမေရိကန်​သမ္မတ​ရာထူး​အတွက် ဝင်ရောက်​ယှဉ်ပြိုင်​ခဲ့​သည်။ မဟာ​ဗာဗုလုန်​ထဲ​မှ ခေါင်းဆောင်​တို့သည် ထင်ပေါ်​ကျော်ကြား​ချင်​၏။ သူတို့သည် ထင်ပေါ်​သော နိုင်ငံရေးသမား​များနှင့် ရောနှော​ပူးတွဲ​ကြသည်​နှင့်​အမျှ သူတို့၏​ဓာတ်​ပုံ​များ​ကို သတင်းစာ​များ​၌ မကြာခဏ​တွေ့​နိုင်​သည်။ ယေရှု​မူ​ကား၊ သူတို့နှင့်​လုံးဝ​မတူ၊ နိုင်ငံရေး​တွင် ပါဝင်​ပတ်သက်မှု​ကို​ရှောင်​ပြီး မိမိ၏​တပည့်​များနှင့်​စပ်လျဉ်း၍​လည်း ဤသို့​မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤ​လောက​နှင့် မသက်ဆိုင်​သကဲ့သို့ ထို​သူတို့​သည်လည်း မသက်ဆိုင်​ကြ​ပါ။”​—ယောဟန် ၆:၁၅; ၁၇:၁၆ခ​မ; မဿဲ ၄:၈-၁၀; ယာကုပ် ၄:၄ လည်း​ရှု။

ယခု​ခေတ် ‘ပြည့်တန်ဆာ​လုပ်ငန်း’

၆၊ ၇။ (က) ဟစ်တလာ​၏ နာဇီ​ပါတီ​သည် ဂျာမနီ​နိုင်ငံ​၌ မည်သို့​အာဏာ​တက်လာ​သနည်း။ (ခ) ဗက်တီကင်​က နာဇီ​ဂျာမနီ​နှင့်​ချုပ်ဆို​သော သဘော​တူညီချက်​သည် ဟစ်တလာ​၏ ကမ္ဘာ​စိုးမိုး​ရန်​အားထုတ်မှုကို မည်သို့​ပံ့ပိုး​ခဲ့​သနည်း။

ပြည့်တန်ဆာ​ကြီး​သည် နိုင်ငံရေး​တွင် ဝင်စွက်​သည့်​အတွက် လူသားများ​အပေါ် ပြော​မကုန်နိုင်​အောင် ဆင်းရဲ​ကျရောက်​စေ​ခဲ့​သည်။ ဥပမာ၊ ဂျာမနီ​နိုင်ငံ​၌ ဟစ်တလာ တန်ခိုး​အာဏာ​ကြီးထွား​လာပုံ​၏ နောက်ကွယ်​ဖြစ်ရပ်မှန်များ​ကို သုံးသပ်ကြည့်​ပါ။ အချို့​သူများ​က ထိတ်လန့်​ရွံရှာဖွယ်​ကောင်းသော ထို​ဖြစ်ရပ်မှန်များ​ကို သမိုင်း​စာအုပ်​ထဲ​မှ ဖျက်​ပစ်​လို​ကြသည်။ ၁၉၂၄ ခုနှစ်၊ မေလ​တွင် နာဇီ​ပါတီ​သည် ဂျာမန်​ရ​စ်ခ်​စ​တာ့ဂ် (ဥပဒေပြု​အဖွဲ့) ၌ ၃၂ နေရာ ရယူ​ထား​သည်။ ၁၉၂၈ ခုနှစ် မေလ​တွင် ၁၂ နေရာ​အဖြစ်သို့ ကျဆင်း​သွား​သည်။ သို့သော် ၁၉၃၀ ပြည့်နှစ်​တွင် တစ်ကမ္ဘာ​လုံး စီးပွားရေး​ကပ်​ကြီး​ဆိုက်​ခဲ့​ရာ နာဇီ​တို့သည် ယင်း​၏​ယက်​ကြောင်းကို​စီး​ကာ သိသိသာသာ နာလန်ထူ​လာပြီး ၁၉၃၂ ခုနှစ်၊ ဇူလိုင်​လ​တွင်​ပြုလုပ်​သော ရွေးကောက်​ပွဲ​၌ ၆၀၈ နေရာ​အနက် နေရာ​ပေါင်း ၂၃၀ ရယူခဲ့​သည်။ များ​မကြာမီ၊ ပုပ်​ရဟန်း​မင်း​ချီးမြှင့်​သော ဆာ​ဘွဲ့​ရ နိုင်ငံတော်​အဓိပတိ​ဟောင်း ဖရန့်စ်​ဗွန်​ပါ​ပင်​သည် နာဇီ​များ​အား ကူညီ​ပေး​၏။ သမိုင်း​ပညာရှင်​များ​အဆို​အရ ဗွန်​ပါ​ပင်​သည် သာသနာစောင့် ရောမ​အင်ပါယာ​သစ် တည်ထောင်​ရန် စိတ်ကူး​ခဲ့​သည်။ သူ၏​တိုတောင်း​သော နိုင်ငံတော်​အဓိပတိ ရာထူး​သက်တမ်း​သည် အရေးနိမ့်​ခဲ့​သဖြင့် ယခု နာဇီ​များ​မှ​တစ်ဆင့် အာဏာ​ပြန်​ရဖို့ မျှော်လင့်​၏။ ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီ​လ​ရောက်​သော် သူသည် ဟစ်တလာ​အတွက် စက်​မှု​လုပ်ငန်း​လောက​မှ ဩဇာ​ရှိ​သူများ​၏ ထောက်ခံမှု​ကို ရယူခဲ့​ပြီး ၁၉၃၃ ခုနှစ် ဇန်နဝါရီ​လ ၃၀ ရက်​တွင် ဟစ်တလာ​အား ဂျာမနီ​နိုင်ငံ​၏ အဓိပတိ​ဖြစ်စေ​ရန် ဉာဏ်​နီ​ဉာဏ်​နက်​ဖြင့် ခြေ​ပုန်း​ခုတ်​ခဲ့​သည်။ သူကိုယ်တိုင် ဒုတိယ​အဓိပတိ​ဖြစ်လာ​ပြီး ဟစ်တလာ​က သူ့​အားဖြင့် ဂျာမနီ​နိုင်ငံ​မှ ကက်သလစ်​အုပ်စု​များ​၏ ထောက်ခံမှု​ကို ရယူ​၏။ ဟစ်တလာ​သည် အာဏာ​ရသည့်​နောက် နှစ်လ​အတွင်း ပါလီမန်​ကို ဖျက်သိမ်း​၍ အတိုက်အခံ​ဘက်​မှ ခေါင်းဆောင်​များ​ကို ထောင်နှင့်ချီ​၍ ချွေး​တပ်​စခန်း​များ​သို့ ပို့လိုက်​ပြီး ဂျူး​နှိပ်ကွပ်​ရေး​ကင်ပိန်း​ကို ပြောင်ပြောင်တင်းတင်း အစပြု​လိုက်​သည်။

နောက်ပိုင်း၌ ပုပ်​ရဟန်း​မင်း တစ်ဆယ့်​နှစ်ယောက်​မြောက် ပိုင်းယပ်စ်​ဖြစ်လာ​သူ ဂိုဏ်းချုပ် ပေးစဲလီ​က ၁၉၃၃ ခုနှစ် ဇူလိုင်​လ ၂၀ ရက်​နေ့၌ ရောမမြို့​တွင် ဗက်တီကင်​နှင့် နာဇီ​ဂျာမနီ​နိုင်ငံ​စပ်ကြား သဘော​တူညီချက်​ကို လက်မှတ်​ရေးထိုး​သောအခါ နာဇီ​ဝါဒ တန်ခိုး​အာဏာ ကြီးထွား​လာ​သည်ကို ဗက်တီကင်​က မြင်​လို​ကြောင်း ထင်ရှား​ခဲ့​သည်။ ဗွန်​ပါ​ပင်​သည် ဟစ်တလာ​ကိုယ်စား စာချုပ်​ပေါ် လက်မှတ်​ရေးထိုး​၍ ပေးစဲလီ​က ထို​တွင် ဗွန်​ပါ​ပင်​အား ကြီး​မြင့်သော ကက်သလစ်​ချာ့ခ်ျ​ဆိုင်ရာ အဆောင်အယောင် ပိုင်းယပ်စ်​အဆင့်​၏ ကြီးမြတ်သော လက်ဝါးကပ်တိုင်​ကို ချီးမြှင့်​လိုက်​သည်။ * တစ်​ဘော် ကိုး​အစ်​ဗ်စ်​က ဦးထုပ်​ရှည်​ဆောင်း စာတန် ဟူသော​စာအုပ်​၌ ဤသို့​ရေးသား​ဖော်ပြ​သည်– “ထို​သဘော​တူညီချက်​စာချုပ်​သည် ဟစ်တလာ​အတွက် မဟာ​အောင်မြင်မှုတစ်ရပ်​ဖြစ်၏။ ၎င်း​သည် ပြင်ပ​လောက​မှ သူ​ရရှိ​သည့် အဦးဆုံး​သော စိတ်ဓာတ်​ရေးရာ အားပေး​ထောက်ခံမှု ဖြစ်သည့်​ပြင် အမြင့်ဆုံး​ဌာန​မှ သက်ရောက်​လာ​ရာ​လည်း ဖြစ်၏။” စာချုပ်​အရ၊ ဗက်တီကင်​သည် ဂျာမနီ​နိုင်ငံ ကက်သလစ်​ဗဟို​ပါတီ​ကို အားပေး​ထောက်ခံ​ရာ​မှ ရပ်စဲ​ရ​သဖြင့် ဟစ်တလာ​၏ တစ်​ပါတီ “အာဏာရှင်​အစိုးရ” ကို အတည်ပြု​လိုက်​သည်။ * ထို့​ပြင် စာချုပ်​ပါ​အပိုဒ် ၁၄ က​ဤသို့​ဆို​၏– “ရိုက်​ခ် (ဂျာမန်​အစိုးရ) တင်မြှောက်​သော အုပ်ချုပ်ရေးမှူး​က အထွေထွေ​နိုင်ငံရေး​ရာ သုံးသပ်ချက်​များနှင့်​ပတ်သက်​၍ ဘာ​သံသယ​မျှ​မရှိကြောင်း သေချာ​စွာ စစ်ဆေး​ပြီး​နောက်​မှ​သာ ဂိုဏ်းချုပ်​များ၊ ဂိုဏ်းအုပ်​များ စ​သည်​တို့ကို ခန့်အပ်​ခွင့်​ပေး​မည်​ဖြစ်သည်။” “သန့်ရှင်းသော​နှစ်” အဖြစ် ပုပ်​ရဟန်း​မင်း ပိုင်းယပ်စ်​ကြေညာ​သော ၁၉၃၃ ခုနှစ်​၏ နှစ်ကုန်ပိုင်း​သို့​ရောက်​သောအခါ ဗက်တီကင်​၏ ထောက်ခံ​အားပေးမှု​သည် ဟစ်တလာ​၏ ကမ္ဘာ့​စိုးမိုး​ရေး​လုံးပန်း​မှု​၏ အဓိက​အကြောင်းရင်း ဖြစ်လာ​သည်။

၈၊ ၉။ (က) ဗက်တီကင်​နှင့် ကက်သလစ်​ချာ့ခ်ျ​အပြင် ၎င်း​၏​ဘုန်းကြီး​အုပ်စု​သည် နာဇီ​တို့၏​ဓား​မိုး အုပ်စိုးမှု​ကို မည်သို့​တုံ့ပြန်​သနည်း။ (ခ) ဒုတိယ​ကမ္ဘာ​စစ်​စတင်ချိန်​၌ ဂျာမန်​ကက်သလစ် ဂိုဏ်းအုပ်​များ​က အဘယ်​ကြေညာ​ချက်​ကို ထုတ်ပြန်ခဲ့​သနည်း။ (ဂ) ဘာသာရေး​နှင့် နိုင်ငံရေး​ဆက်ဆံမှု​များ​ကြောင့် ဘာဖြစ်​ပျက်​ခဲ့​သနည်း။

လက်တစ်ဆုပ်​စာ​မျှ​သော ဘုန်းကြီး​များနှင့် သီလရှင်​များ​သာ ဟစ်တလာ​၏ ရက်စက်​ယုတ်မာ​မှု​ကို ဆန့်ကျင်​သဖြင့် ဒုက္ခ​ခံရ​ကြသော်လည်း ဗက်တီကင်​သာမက ကက်သလစ်​ချာ့ခ်ျ​နှင့် ၎င်း​၏​ဘုန်းကြီး​အများထု​က ကမ္ဘာ့​ကွန်မြူနစ်​ဝါဒ​၏ တိုးပွား​ချဲ့ထွင်​မှု​ကို​ဟန့်တား​သည့် မြေ​က​တုတ်​ကြီး​ဟု မိမိတို့​ထင်မှတ်​သော နာဇီ​၏​ဓား​မိုး​အုပ်စိုးမှု​ကို တက်တက်ကြွကြွ​ဖြစ်စေ၊ တိတ်တဆိတ်​ဖြစ်စေ အားပေး​ထောက်ခံကြ​၏။ ပုပ်​ရဟန်း​မင်း တစ်ဆယ့်​နှစ်ယောက်​မြောက် ပိုင်းယပ်စ်​သည် ဗက်တီကင်​နန်းတော်​၌ ဇိမ်​နှင့်​စံမြန်း​ကာ ဟစ်တလာ​က ဂျူး​များ​အား မီးလောင်​တိုက်​သွင်း​သည်ကို​လည်းကောင်း၊ ယေဟောဝါသက်သေ​များနှင့် အခြား​လူ​တို့ကို ရက်ရက်စက်စက် နှိပ်စက်​ညှဉ်းပန်း​သည်ကို​လည်းကောင်း လက်ပိုက်​၍​ကြည့်​နေခဲ့​သည်။ ပုပ်​ရဟန်း​မင်း ဒုတိယ​မြောက် ဂျွန်ပေါလ်​က ၁၉၈၇ ခုနှစ် မေလ​၌ ဂျာမနီ​နိုင်ငံ​သို့ သွားရောက်​လည်ပတ်​စဉ် စိတ်ရင်းမှန်​သော​ဘုန်းကြီး​တစ်ပါး​က နာဇီ​ကို​ဆန့်ကျင်​ပြီး မား​မား​ရပ်​ခဲ့​သည်ကို ဂုဏ်ပြု​သည်​မှာ ရ​ယ်​စ​ရာ​ကောင်း​လှ​ပါ​သည်။ ဟစ်တလာ​၏ ထိတ်လန့်ဖွယ် အုပ်စိုး​ရာ​ကာလ​အတွင်း အခြား ဂျာမန်​ဘုန်းကြီး​အထောင်အသောင်း ဘာလုပ်​နေကြ​သနည်း။ ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်ပွား​သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာ​လ​၌ ဂျာမန်​ကက်သလစ် ဂိုဏ်းအုပ်​များ​ထုတ်ပြန်​သော ဂိုဏ်းအုပ်​အမှာစာ​က အထက်ပါ​အချက်​ကို ရှင်းလင်း​စေ​သည်။ ၎င်း​စာ​၌ အောက်ပါ​အပိုဒ်​ပါရှိ​သည်– “အရေးကြီးသော ဤ​အချိန်ပိုင်း​၌ ကက်သလစ်​တပ်သား​များ​အနေ​နှင့် ခေါင်းဆောင်​ကြီး ဟစ်တလာ​အမိန့်​ကို နာခံ​လျက် မိမိတို့​တာဝန်​ကို ထမ်းရွက်​ကာ မိမိတို့​တစ်ကိုယ်လုံး​ကို​စွန့်​ဖို့ အသင့်ရှိ​ရန် ကျွန်ုပ်​တို့​တိုက်တွန်း​ပါ​သည်။ အသင်းတော်​သားများ​အနေ​နှင့် ဤ​စစ်ပွဲ​အောင်မြင်​ရန် ဘုရားသခင် မစ​တော်​မူ​မည်​အကြောင်း စိတ်​ထက်သန်​စွာ ဆုတောင်း​ကြ​ပါ​ရန် ကျွန်ုပ်​တို့ မေတ္တာ​ရပ်ခံပါ​သည်။”

ကက်သလစ်​အသင်း​၏ ဤသို့​သော​သံ​ခင်း​တမန်​ခင်း​က လွန်ခဲ့သော​အနှစ် ၄,၀၀၀ ကျော်​ကာလ​အတွင်း ဘာသာရေး​က အာဏာ​နှင့် အခွင့်ထူး​ရ​ရန် နိုင်ငံရေး​အစိုးရ​အား မျက်နှာ​လို​မျက်နှာ​ရ​လုပ်ခြင်း​၌ မည်သို့သော ပြည့်တန်ဆာ​အမှု​မျိုးကို ပြု​လာ​ခဲ့​သည်ကို သာဓက​ပြ​၏။ ဤသို့​သော ဘာသာရေး​နှင့် နိုင်ငံရေး​ဆက်ဆံမှု​ကြောင့် စစ်မက်၊ နှိပ်စက်​ညှဉ်းပန်းမှု​နှင့် ဆင်းရဲ​ဝေဒနာ​များ အကြီးအကျယ်​ဖြစ်​ခဲ့​လေ​ပြီ။ ပြည့်တန်ဆာ​ကြီး​ကို ယေဟောဝါ တရား​စီရင်​တော့​မည်​ဖြစ်၍ လူသားများ မည်မျှ​ဝမ်းမြောက်​နိုင်​မည်​တကား။ စီရင်ချက်​အတိုင်း မကြာမီ​ဆောင်ရွက်​တော်​မူ​ပါစေ။

များစွာသော​ရေ​ပေါ်မှာ ထိုင်​လျက်

၁၀။ ကာကွယ်​ရေး​အတွက် မဟာ​ဗာဗုလုန်​အားထား​သော “များစွာသော​ရေ” ကား အဘယ်အရာ​ဖြစ်၍ ၎င်း​သည် ဘာဖြစ်​နေပြီ​နည်း။

၁၀ ရှေး​ဗာဗုလုန်​မြို့​သည် များစွာသော​ရေ​ဖြစ်သော ဥဖရတ်​မြစ်နှင့် တူးမြောင်း​အများအပြား​ပေါ်မှာ တည်ဆောက်​ထား​သည်။ ၎င်းတို့သည် တစ်ည​ချင်း​တွင်း ခန်းခြောက်​သွား​၏။ ထို​အချိန်​မတိုင်မချင်း ၎င်းတို့သည် ဗာဗုလုန်​မြို့​အဖို့ အကာအကွယ်​ဖြစ်​ရုံ​မ​က ဥစ္စာ​ပါ​တိုးပွား​စေခဲ့​သည်။ (ယေရမိ ၅၀:၃၈; ၅၁:၉၊ ၁၂၊ ၁၃) မဟာ​ဗာဗုလုန်​လည်း အကာအကွယ်​နှင့် ချမ်းသာ​ကြီးပွား​ရေး​အတွက် “များစွာသော​ရေ” ကို​အားထား​၏။ ၎င်း​ပုံဆောင်​ရေ​များ​ကား “လူ​ပုဂ္ဂိုလ်​များ၊ လူအုပ်​များ၊ လူမျိုးများ​နှင့် ဘာသာ​စကား​များ” ပင်​ဖြစ်၏။ မဟာ​ဗာဗုလုန်​၏​ကြီးစိုးမှု​ကို​ခံ​၍ ၎င်း​အား ပစ္စည်းဥစ္စာ​ထောက်ပံ့​သည့် ကုဋေ​ပေါင်း​များစွာသော လူသားများ​ပင်​တည်း။ သို့သော် ၎င်း​ရေ​များသည်​လည်း ခန်းခြောက်​နေပြီ။ အထောက်အပံ့​များ​ကို နုတ်​သိမ်း​နေပြီ။​—ဗျာဒိတ် ၁၇:၁၅; ဆာလံ ၁၈:၄၊ ဟေရှာယ ၈:၇ နှိုင်းယှဉ်။

၁၁။ (က) ရှေး​ဗာဗုလုန်​သည် ‘မြေကြီးသား​တို့အားလုံး​ကို’ မည်သို့ ‘မူးယစ်​စေ’ သနည်း။ (ခ) မဟာ​ဗာဗုလုန်​သည် ‘မြေကြီးသား​တို့အားလုံး​ကို’ မည်သို့ ‘မူးယစ်​စေ’ သနည်း။

၁၁ ထို့​ပြင် ရှေး​ဗာဗုလုန်​ကို “ထာဝရ​ဘုရား ကိုင်​တော်​မူ​၍ မြေကြီး​တစ်ပြင်လုံး​ကို မူးယစ်​စေသော ရွှေ​ဖလား” ဟူ၍လည်း​ခေါ်​၏။ (ယေရမိ ၅၁:၇) ရှေး​ဗာဗုလုန်​သည် အိမ်နီးချင်း​နိုင်ငံ​များ​အပေါ် စစ်ရေး​အရ အနိုင်ယူ​သောအခါ ၎င်း​တို့အား ယေဟောဝါ​၏ အမျက်တော်ကို အတင်း​တိုက်၍ အရက်မူး​သူများ​ကဲ့သို့ ချည့်နဲ့​စေခဲ့​သည်။ ထို​ကိစ္စ​၌ ဗာဗုလုန်​သည် ယေဟောဝါ​၏ လက်​သုံး​ကိရိယာ​ဖြစ်​ခဲ့​၏။ မဟာ​ဗာဗုလုန်​လည်း ကမ္ဘာ့​အင်ပါယာ ဖြစ်လာ​သည်​အထိ အောင်ပွဲ​များ​ခံ​ခဲ့ပြီ။ သို့​တ​စေ ဘုရားသခင့် လက်​သုံး​ကိရိယာ​ကား လုံးဝ​မဟုတ်။ ယင်းအစား၊ ၎င်း​သည် မိမိ​နှင့် ဘာသာရေး​မတရားမေထုန်​ပြုသော “မြေကြီး​ဘုရင်​တို့” ၏​အစေ​ကို​ခံ​၏။ မုသာ​အယူဝါဒ​များနှင့် ကျွန်​ဇာတ်​သွင်း​သော အကျင့်ဓလေ့​များ​ဖြင့် ဒုနှင့်ဒေး​ချီ​၍​များပြား​လှ​သော “မြေကြီးသား​တို့” အား မူးယစ် အားပျော့​စေပြီး အုပ်စိုးရှင်​များ​ရှေ့ ခယ​ဝပ်​တွား​စေခြင်း​ဖြင့် ထို​ဘုရင်​များ​၏​လို​ဘ​ကို ဖြည့်ဆည်း​ခဲ့ပြီ။

၁၂။ (က) ဂျပန်​နိုင်ငံ​မှ မဟာ​ဗာဗုလုန်​၏ အစိတ်အပိုင်း​တစ်ခု​သည် ဒုတိယ​ကမ္ဘာ​စစ်​အတွင်း သွေး​ချောင်း​စီး​မှု​အတွက် မည်သို့​တာဝန်​မကင်း ဖြစ်​ခဲ့​သနည်း။ (ခ) ဂျပန်​နိုင်ငံ​မှ မဟာ​ဗာဗုလုန်​ကို​ထောက်မ​သော “ရေ” သည် မည်သို့​ခန်းခြောက်​လာပြီး အဘယ်​ရလဒ် ဖြစ်ပေါ်​လာ​သနည်း။

၁၂ ရှင်​တို​ဘာသာ​ကိုးကွယ်​သော ဂျပန်​နိုင်ငံ​သည် ထင်ရှားသော သာဓက​ဖြစ်၏။ ၎င်း​ဝါဒ​သွတ်သွင်း​ခံရ​သော ဂျပန်​စစ်သည်​က ဧကရာဇ်မင်း​တည်း​ဟူသော အကြီး​မြင့်​ဆုံးသော ရှင်​တို​ဘုရား​အတွက် အသက်စွန့်ခြင်း​သည် အမြတ်​ဆုံး​ဂုဏ်ဒြပ်​ဖြစ်သည်ဟု ယူမှတ်​၏။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဂျပန်​တပ်သား​ပေါင်း ၁,၅၀၀,၀၀၀ စစ်ပွဲ​၌​ကျဆုံး​ခဲ့​သည်။ လက်နက်​ချ​ခြင်း​ကို သိက္ခာ​ကျ​သည်​ဟု တစ်ယောက်​မကျန်​ဆို​ရ​မလောက် ယူမှတ်​ယူ​ခဲ့​ကြ​၏။ သို့ရာတွင် ဂျပန်​စစ်ရှုံး​သည့်​အတွက် ဧကရာဇ်မင်း ဟီ​ရို​ဟီ​တို​သည် ဘုရား​အဖြစ် အမည်ခံ​ခြင်း​ကို မစွန့်​ချင်​ဘဲ စွန့်လွှတ်​ခဲ့​ရသည်။ ယင်းကြောင့် မဟာ​ဗာဗုလုန်​၏ ရှင်​တို​ဘာသာ​ဆိုင်ရာ​အပိုင်း​ကို ထောက်ခံ​သော ‘ရေ​များ’ သိသိသာသာ လျော့နည်းလာ​သည်။ သို့သော် ရှင်​တို​ဘာသာ​၏ သဘော​တူညီချက်​ဖြင့် ပစိဖိတ်​စစ်​တ​လင်း​တွင် သွေး​ချောင်း​စီး​ပြီး​သည့်​နောက်​မှ ရေ​များ​လျော့နည်းလာ​ခြင်း​ဖြစ်၍ ရင်​နာ​ဖွယ်​ပါ​တကား။ ရှင်​တို​ဘာသာ ဤသို့​အားနည်း​လာ​သည့်​အတွက် တစ်ချိန်က အများအားဖြင့် ရှင်​တို​နှင့် ဗုဒ္ဓ​ဘာသာဝင်​များ​ဖြစ်​ခဲ့​သော ဂျပန်​လူဦးရေ ၂၀၀,၀၀၀ နီးပါး​သည် လွန်ခဲ့သော​နှစ်​အနည်းငယ်​အတွင်း အချုပ်အခြာအာဏာ​ပိုင် အရှင်သခင် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​၍ နှစ်ခြင်း​ခံ​သော အမှုဆောင်​များ​ဖြစ်လာ​ရန် လမ်းပွင့်​ခဲ့​၏။

ပြည့်တန်ဆာ​သည် သားရဲ​တစ်ကောင်​ကို​စီး​၏

၁၃။ ယောဟန်​ကို ကောင်းကင်တမန်​က ဝိညာဉ်​တော်​တန်ခိုး​ဖြင့် တောကန္တာရ​သို့ ဆောင်​သွားသော​အခါ အဘယ်​အံ့ဖွယ်ရာ​ကို သူ​တွေ့ရ​သနည်း။

၁၃ ပြည့်တန်ဆာ​ကြီး​နှင့် သူ၏​ကြမ္မာ​အကြောင်းကို ပရောဖက်ပြုချက်​က မည်သို့​ထပ်လောင်း​ဖော်ပြ​သနည်း။ ယခု​ယောဟန်​ဆို​သည့်​အတိုင်း နောက်​မြင်ကွင်း​တစ်ခု ကွက်ကွက်ကွင်းကွင်း ပေါ်လာ​၏– “ထို့နောက် သူ [ကောင်းကင်တမန်] သည် ဝိညာဉ်​တော်​တန်ခိုး​ဖြင့် ငါ့​အား တောကန္တာရ​ထဲ​သို့ ဆောင်​သွား​၏။ ငါသည် နီ​မြန်း​သော သားရဲ​တစ်ကောင်​ပေါ် ထိုင်​နေသည့် မိန်းမ​တစ်ယောက်ကို မြင်ရ​၏။ ထို​သားရဲ​သည် ဘုရားသခင်​ကို စော်ကား​သော အမည်များ​ဖြင့် တစ်ကိုယ်လုံး​ပြည့်​၍ ဦးခေါင်း​ခု​နစ်​လုံး​နှင့် ဦးချို​ဆယ်ချောင်း​ရှိ၏။”​ဗျာဒိတ် ၁၇:၃

၁၄။ ယောဟန်​အား တောကန္တာရ​ထဲ​သို့ ခေါ်ဆောင်​သွား​သည်​မှာ အဘယ်ကြောင့်​ဆီလျော်​သနည်း။

၁၄ ယောဟန်​ကို အဘယ်ကြောင့် တောကန္တာရ​ထဲ​သို့ ဆောင်​သွား​ရသနည်း။ ရှေး​ဗာဗုလုန်​မြို့ ပျက်​သု​ဉ်း​ရမည်​ဟူသော စောစော​ပိုင်း​က​ကြွေးကြော်​ချက်​ကို “ရေလွှမ်းမိုး​သောတော​နှင့်​ဆိုင်သော ဗျာဒိတ်တော်” အဖြစ်​ဖော်ပြ​၏။ (ဟေရှာယ ၂၁:၁၊) ၎င်း​ကြွေးကြော်​ချက်​က ရှေး​ဗာဗုလုန်​မြို့​သည် ရေ​များ​ဖြင့် ဝိုင်းရံ​ကာကွယ်​ထား​သော်လည်း အသက်​ကင်းမဲ့​သော ဆိတ်ညံ​ရာ​အရပ် ဖြစ်​လိမ့်​မည်​ကို သတိပေး​၏။ သို့​ဖြစ်၍ ယောဟန်​အား ရူပါရုံ​၌ တောကန္တာရ​သို့​ဆောင်​သွား​၍ မဟာ​ဗာဗုလုန် ကြုံတွေ့​ရမည့်​ကြမ္မာ​ကို ပြသ​သည်​မှာ လျောက်ပတ်​ပေ​သည်။ မဟာ​ဗာဗုလုန်​လည်း လူဆိတ်ညံ​၍ ပြုန်းတီး​သော​အရပ် ဖြစ်​ရ​လိမ့်​မည်။ (ဗျာဒိတ် ၁၈:၁၉၊ ၂၂၊ ၂၃) သို့​တ​စေ၊ ယောဟန်​သည် မြင်ရသော​အရာ​ကြောင့် အံ့သြမိ​၏။ ပြည့်တန်ဆာ​ကြီး​တစ်ဦးတည်း​သာ ရှိသည်​မဟုတ်။ သူသည် ဧရာမ​သားရဲ​တစ်ကောင်​ကို စီး​လျက်​နေသည်​တကား။

၁၅။ ဗျာဒိတ် ၁၃:၁ မှ​သားရဲ​နှင့် ဗျာဒိတ် ၁၇:၃ မှ​သားရဲ​တို့ မည်သို့​ခြားနား​ကြ​သနည်း။

၁၅ ၎င်း​သားရဲ​၌ ဦးခေါင်း​ခု​နစ်​လုံး​နှင့် ဦးချို​ဆယ်ချောင်း​ရှိ၏။ သို့​ဖြစ်​လျှင် ၎င်း​သည် စောစော​က ယောဟန်​မြင်ရသော အလားတူ ဦးခေါင်း​ခု​နစ်​လုံး ဦးချို​ဆယ်ချောင်း​ရှိသည့်​သားရဲ​နှင့် အတူတူ​ပင်​ဖြစ်သလော။ (ဗျာဒိတ် ၁၃:၁) မဟုတ်ပါ။ ခြားနား​ချက်​များ​ရှိသည်။ ယခု​သားရဲ​သည် နီ​မြန်း​သော​အရောင်​ရှိပြီး ယခင်​သားရဲ​ကဲ့သို့ သရဖူ​များ ဆောင်း​မထား​ပါ။ ၎င်း​၏​ဦးခေါင်း​ခု​နစ်​လုံး​ပေါ်​၌​သာ ဘုရားသခင်​ကို စော်ကား​သော​အမည်များ ပါရှိ​သည်မဟုတ်။ “ဘုရားသခင်​ကို​စော်ကား​သော အမည်များ​ဖြင့် တစ်ကိုယ်လုံး​ပြည့်” ၏။ သို့​တ​စေ အသစ်​သော​ဤ​သားရဲ​နှင့် စောစော​က​သားရဲ အဆက်အစပ်​ရှိ​ရ​ပေမည်။ ၎င်းတို့၏​တူညီချက်​သည် သိသာ​လှ​သဖြင့် တိုက်ဆိုင်မှု​မဖြစ်​နိုင်။

၁၆။ နီ​မြန်း​သော​သားရဲ​ကား အဘယ်အရာ​ဖြစ်၍ ၎င်း​၏​ဦးတည်ချက်​နှင့်​ပတ်သက်​၍ မည်သို့​ဆို​ကြ​သနည်း။

၁၆ သို့​ဖြစ်​လျှင် နီ​မြန်း​သော​ဤ​သားရဲ​သစ်​ကား အဘယ်နည်း။ သိုးသငယ်​၏ ဦးချို​နှင့်​တူသော ဦးချို​နှစ်ချောင်း​ရှိသည့် အင်္ဂလိပ်-အမေရိကန်​သားရဲ​၏ တိုက်တွန်းချက်​ဖြင့် ထုလုပ်​သော သားရဲ​၏​ရုပ်တု ဖြစ်​ရ​ပေမည်။ ၎င်း​ရုပ်တုကို ထုလုပ်​ပြီး​နောက်​၌ ဦးချို​နှစ်ချောင်း​နှင့်​သားရဲ​သည် ၎င်း​သားရဲ​၏​ရုပ်တုကို အသက်သွင်း​ခွင့်​ရ၏။ (ဗျာဒိတ် ၁၃:၁၄၊ ၁၅) ရှင်သန်​၍ အသက်ရှူ​သော​ရုပ်တုကို ယခု ယောဟန်​မြင်ရ​လေ​ပြီ။ ၎င်း​သည် ၁၉၂၀ ပြည့်နှစ်​တွင် ဦးချို​နှစ်ချောင်း​နှင့်​သားရဲ အသက်သွင်း​လိုက်​သော နိုင်ငံ​ပေါင်း​ချုပ်​အဖွဲ့အစည်း​ကို ပုံဆောင်​၏။ အမေရိကန်​သမ္မတ ဝီလ်စင်​က နိုင်ငံ​ပေါင်း​ချုပ်​သည် “လူသား​အားလုံး​အပေါ် တရား​သဖြင့်​စီရင်၍ စစ်​၏​ခြိမ်းခြောက်​မှု​ကို ထာဝစဉ်​ဖယ်ရှား​မည့် ခုံရုံး​ဖြစ်​မည်” ဟု စိတ်ကူး​ခဲ့​သည်။ ၎င်း​သည် ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ကုလသမဂ္ဂ​အဖြစ် ပြန်ရှင်​လာသော​အခါ ၎င်း​၏​ပဋိညာဉ်​စာတမ်း​တင် ဦးတည်ချက်​မှာ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​ကို ထိန်းသိမ်း​ရန်” ပင်​ဖြစ်သည်။

၁၇။ (က) ပုံဆောင်​ရာ​နီ​မြန်း​သော​သားရဲ​သည် အဘယ်​နည်းဖြင့် တစ်ကိုယ်လုံး ဘုရားသခင်​ကို စော်ကား​သော​အမည်များ​ဖြင့် ပြည့်နေ​သနည်း။ (ခ) နီ​မြန်း​သော​သားရဲ​ကို မည်သူ​စီး​နေသနည်း။ (ဂ) ဗာဗုလုန်​ဘာသာသည် အစ​ကတည်းက နိုင်ငံ​ပေါင်း​ချုပ်​နှင့်​လည်းကောင်း၊ ၎င်း​၏​နောက်​ဆက်ခံ​နှင့်​လည်းကောင်း မည်သို့​အ​ချိတ်​အဆက် လုပ်ခဲ့​သနည်း။

၁၇ ပုံဆောင်​သော​ဤ​သားရဲ​သည် မည်သို့သော​အားဖြင့် တစ်ကိုယ်လုံး ဘုရားသခင်​ကို​စော်ကား​သော အမည်များ​ဖြင့် ပြည့်နေ​သနည်း။ မိမိ၏​နိုင်ငံတော်​အားဖြင့်​သာ ဖြစ်မြောက်​စေနိုင်​မည်​ဟု ဘုရားသခင်​မိန့်ဆို​သော​အမှုကို လူတို့က မိမိတို့​ကိုယ်တိုင် ဖြစ်မြောက်​စေမည်​ဟု​ဆို​ကာ ဘုရားသခင့်​နိုင်ငံတော်​အစား အဆိုပါ​အပြည်ပြည်ဆိုင်ရာ​ရုပ်တုကို ထူထောင်​ကြ​ခြင်း​အားဖြင့်​ပင်​တည်း။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၁၂:၁၈၊ ၂၁) သို့သော် ယောဟန်​ရူပါရုံ​၏ ထူးခြားချက်​မှာ နီ​မြန်း​သော​သားရဲ​ကို မဟာ​ဗာဗုလုန်​က စီး​နေခြင်း​ပင်​ဖြစ်၏။ ဤ​ပရောဖက်ပြုချက် ဆို​သည့်​အတိုင်း​ပင် ဗာဗုလုန်​ဆိုင်ရာ ဘာသာ​တရား၊ အထူးသဖြင့် ခရစ်ယာန်ဘောင်​ထဲ​မှ ဘာသာ​တရားသည် နိုင်ငံ​ပေါင်း​ချုပ်​နှင့်​လည်းကောင်း၊ ယင်း​၏​နောက်​ဆက်ခံ​နှင့်​လည်းကောင်း အ​ချိတ်အဆက်​ရှိ၏။ ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာ​လ ၁၈ ရက်​ကတည်းက အမေရိကန်​နိုင်ငံ​ရှိ ပြည်လုံးကျွတ် ခရစ်တော်​၏ အသင်းတော်များ​ကောင်စီ​ဟူ၍ ယခု​အများ​သိ​ကြသော အသင်း​အဖွဲ့က အောက်ပါ​အချက်​အပါအဝင် ကြေညာ​ချက်​တစ်ရပ်​ကို အတည်ပြု​လက်ခံခဲ့သည်– “ဤသို့​သော​အသင်း​ကြီး​သည် နိုင်ငံရေး​အရ လက်တွေ့​အကျိုး​ဖြစ်စေ​သော နည်းလမ်း​တစ်ရပ်​မျှ​သာ မဟုတ်၊ ဘုရားသခင့်​နိုင်ငံတော် ကမ္ဘာ​ပေါ်​တွင် နိုင်ငံရေး​အရ ပေါ်ထွန်းခြင်း​ဖြစ်၏။ . . . အသင်းတော်​အနေ​ဖြင့် ၎င်း​အား စေတနာ​စိတ်ဖြင့် ဖြည့်ဆည်း​ပေး​နိုင်၏။ ၎င်း​စေတနာ​စိတ်​မ​ရှိလျှင် အဘယ်​နိုင်ငံ​ပေါင်း​ချုပ်​က​မျှ မတည်မြဲ​နိုင်။ . . . နိုင်ငံ​ပေါင်း​ချုပ်​သည် ခရစ်ဝင်​ကျမ်း​၌ အမြစ်စွဲ​၏။ ၎င်း​၏​ရည်မှန်းချက်​မှာ ခရစ်ဝင်​ကျမ်း​ကဲ့သို့​ပင် ‘ကမ္ဘာ​ပေါ်မှာ​ငြိမ်သက်ခြင်း၊ လူသားများ​အပေါ် စေတနာ​တော် သက်ရောက်​စေခြင်း​ပင်’ ဖြစ်သည်။”

၁၈။ ခရစ်ယာန်ဘောင်​၏ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် နိုင်ငံ​ပေါင်း​ချုပ်​ကို ထောက်ခံကြောင်း မည်သို့​ပြသ​နည်း။

၁၈ ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်ထုတ် ဆန်​ဖရန်စစ်​စ​ကို ဖြစ်​စဉ်​မှတ်တမ်း သတင်းစာ​၏ ပထမ​စာမျက်နှာ​တွင် “ပုပ်​ရဟန်း​မင်း​က ဝီလ်စင်​အဆို​သွင်း​သော နိုင်ငံ​ပေါင်း​ချုပ်​ကို အတည်ပြု​လက်ခံ​ကြ​ရန် မေတ္တာ​ရပ်ခံ” ဟူသော ခေါင်းစီး​ပါ​လာ​သည်။ ၁၉၁၉ ခုနှစ်၊ အောက်တိုဘာ​လ ၁၆ ရက်​နေ့၌ အဓိကကျ​သော ဂိုဏ်းဂဏ​များ​မှ ဘုန်းကြီး​ဓမ္မ​ဆရာ​ပေါင်း ၁၄,၄၅၀ က အမေရိကန်​လွှတ်တော်​ထံ ပန်ကြား​လွှာ​တစ်စောင်​ကို လက်မှတ်ထိုး​တင်သွင်း​ပြီး “နိုင်ငံ​ပေါင်း​ချုပ် ပဋိညာဉ်​ပါဝင်သော ပဲရစ်​စာချုပ်​ကို အတည်ပြု​ပါ​ရန်” တိုက်တွန်း​လိုက်​သည်။ လွှတ်တော်​က ၎င်း​စာချုပ်​ကို​အတည်ပြု​ရန် ပျက်ကွက်​ခဲ့​သော်လည်း ခရစ်ယာန်ဘောင်​၏ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​က နိုင်ငံ​ပေါင်း​ချုပ်​အတွက် ဆက်လက်​ကြိုးပမ်း​ဆောင်ရွက်​ကြ​၏။ နိုင်ငံ​ပေါင်း​ချုပ်​ဖွင့်ပွဲ​ကို မည်သို့​ပြုလုပ်​ခဲ့​ကြ​သနည်း။ ၁၉၂၀ ပြည့်နှစ်၊ နိုဝင်ဘာ​လ ၁၅ ရက်​နေ့စွဲ​တပ်​သော ဆွစ်ဇလန်​မှ​လာ​သည့် သတင်း​တစ်ရပ်​က ဤသို့​ဆို​၏– “ယနေ့​နံနက် ဆယ့်တစ်​နာရီ​အချိန်တွင် ဂျီ​နီ​ဗာ​မြို့ရှိ ဘုရား​ရှိခိုး​ကျောင်း​များ​မှ ခေါင်းလောင်း​ရှိသမျှကို ထိုး​ခြင်း​ဖြင့် နိုင်ငံ​ပေါင်း​ချုပ်​၏ ပထမ​အကြိမ် စည်းဝေးပွဲ​ကို ဖွင့်လှစ်​ကြောင်း ကြေညာ​လိုက်​သည်။”

၁၉။ နီ​မြန်း​သော​သားရဲ​ပေါ်လာ​သောအခါ ယောဟန်​အတန်းအစား​က အဘယ်​လမ်းစဉ်​ကို လိုက်​သနည်း။

၁၉ လာ​လတ္တံ့​သော မေရှိယနိုင်ငံတော်​ကို အားတက်သရော​လက်ခံသည့် ကမ္ဘာ​ပေါ်​မှ အုပ်စု​တစ်စု​ဖြစ်သော ယောဟန်​အတန်းအစား​သည် ခရစ်ယာန်ဘောင်​နှင့်အတူ နီ​မြန်း​သော​သားရဲ​ကို ဦးချ​ခဲ့​သလော။ ဝေ​လာ​ဝေး။ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာ​လ ၇ ရက်၊ တနင်္ဂနွေ​နေ့၌ အိုဟိုင်အို​ပြည်နယ် စီ​ဒါ​ပွိုင့်​မြို့တွင်​ကျင်းပ​သော ယေဟောဝါ​၏​လူမျိုးတော် စည်းဝေးကြီး​၌ “ဒုက္ခ​ပင်လယ်​ဝေ​နေ​ရှာ​သော လူသားထု​အတွက် မျှော်လင့်ချက်” ဟူသော လူထု​ဟောပြောချက်ကို ပြောကြား​ခဲ့​သည်။ နောက်​တစ်နေ့​တွင် စ​န်ဒပ်​စ​ကီး​မြို့​ထုတ် စ​တား-ဂျာနယ် က ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​သည် လူပေါင်း ၇,၀၀၀ နီးပါး​ရှေ့ ဟောပြော​ရာ​၌ “ဘုရားသခင့် ကိုယ်စားလှယ်​များ အမည်ခံ ကက်သလစ်​နှင့် ပရိုတက်စတင့် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် ဘုရားသခင့် စီမံချက်​ကို​စွန့်​၍ နိုင်ငံ​ပေါင်း​ချုပ်​ကို ထောက်ခံ​လျက် ၎င်းကို မြေကြီး​ပေါ်မှာ ခရစ်တော်​နိုင်ငံတော် နိုင်ငံရေး​အရ ပေါ်ထွန်းခြင်း​အဖြစ် ကြိုဆို​သည့်​အတွက် နိုင်ငံ​ပေါင်း​ချုပ်​သည် သခင့်​မျက်​မာန်​တော် မုချ​စူးရှ​ခံရ​မည်​ဟူ၍ အခိုင်အမာ​ပြောကြား” ခဲ့​ကြောင်း ရေးသား​ဖော်ပြ​လိုက်​သည်။

၂၀။ နိုင်ငံ​ပေါင်း​ချုပ်​ကို “ဘုရားသခင့်​နိုင်ငံတော် ကမ္ဘာ​ပေါ်​တွင် နိုင်ငံရေး​အရ ပေါ်ထွန်းခြင်း” ဖြစ်သည်​ဟူ၍ ဘုန်းကြီး​ဓမ္မ​ဆရာများ ကြိုဆို​ခြင်း​သည် အဘယ်ကြောင့် ဘုရားသခင်​ကို စော်ကား​ရာ​ရောက်​သနည်း။

၂၀ နိုင်ငံ​ပေါင်း​ချုပ် မ​ရှု​မလှ အရေးနိမ့်​ခဲ့​သည်ကို​ထောက်၍ လူ​တီထွင်​သည့် ထိုသို့​သော​အသင်းအဖွဲ့​များသည် မြေကြီးပေါ်​မှ ဘုရားသခင့်​နိုင်ငံတော်​၏ အစိတ်အပိုင်း​မဟုတ်​ကြောင်း ဓမ္မ​ဆရာများ​အနေ​နှင့် နားလည်​ဖို့​ကောင်း​ပေ​သည်။ ထိုသို့​သော​အသင်းအဖွဲ့​များသည် ဘုရားသခင့်​နိုင်ငံတော်​၏ အစိတ်အပိုင်း​ဖြစ်သည်ဟု​ဆို​ခြင်း​မှာ ဘုရားတရား စော်ကားခြင်း​ပါ​တကား။ နောက်ပိုင်း၌ အ​မဲ​ကွက်​ကြီး​ဖြစ်လာ​သော နိုင်ငံ​ပေါင်း​ချုပ်​နှင့် ဘုရားသခင်​သည် တစ်ကျိတ်တည်း တစ်​ဉာဏ်​တည်း​ရှိသည်​ဟု လူ​တို့အား​ထင်ယောင်ထင်မှား ဖြစ်စေ​၏။ အမှန်​မှာ ဘုရားသခင်​၏ “အမှုတော်​သည် စုံလင်​ပေ​၏။” ယေဟောဝါ​သည် ငြိမ်းချမ်းရေး​ကို အကောင်အထည်ဖော်​ပြီး ကောင်းကင်ဘုံ​၌ အလိုတော် ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​၌​လည်း ပြည့်စုံ​စေ​ရာ​၌ ခရစ်တော်​အုပ်ချုပ်​သော နိုင်ငံတော်​ကို အသုံးပြု​တော်​မူ​မည်။ ကတောက်ကဆတ်​ဖြစ်​ကြ​သည့် နိုင်ငံရေးသမား​များ အစုအဝေး​ကို သုံး​တော်​မူ​မည်​မဟုတ်။ ထို​သူ​အများစုမှာ ဘုရားသခင်​ကို ယုံကြည်​ကြသည်​မဟုတ်။​—တရားဟောရာ ၃၂:၄; မဿဲ ၆:၁၀

၂၁။ နိုင်ငံ​ပေါင်း​ချုပ်​၏ နောက်​ဆက်ခံ ကုလသမဂ္ဂ​ကို ပြည့်တန်ဆာ​ကြီး​က ထောက်ခံ​အားကျ​ကြောင်း ဘာက​ပြသ​နည်း။

၂၁ နိုင်ငံ​ပေါင်း​ချုပ်​၏ နောက်​ဆက်ခံ ကုလသမဂ္ဂ​ကို မည်သို့​ဆို​မည်​နည်း။ ဤ​အဖွဲ့​သည်လည်း အစ​ကတည်းက ပြည့်တန်ဆာ​ကြီး​၏ စီးနင်း​ခြင်း​ခံရ​သည်။ ပြည့်တန်ဆာ​ကြီး​သည် ၎င်းနှင့်​ပြောင်ပြောင်တင်းတင်း ဆက်ဆံ​လျက် ၎င်းကို​ကြိုးကိုင်​ရန် အားထုတ်​ခဲ့​သည်။ ဥပမာ၊ ၎င်း​၏​အနှစ် ၂၀ မြောက် နှစ်ပတ်လည်​ဖြစ်သော ၁၉၆၅ ခုနှစ်၊ ဇွန်လ​၌ ကမ္ဘာ့​လူဦးရေ သန်း​နှစ်ထောင်​ကို ကိုယ်စား​ပြု​သည်​ဆို​သော ပရိုတက်စတင့်၊ ဂျူး၊ ဟိန္ဒူ၊ ဗုဒ္ဓ​နှင့် မွတ်​စ​လင်​ဘာသာဝင်​များနှင့်​တကွ ရို​မင်​ကက်သလစ်​နှင့် အရှေ့​သြ​သ​ဒေါ​က်​ချာ့ခ်ျ​တို့၏ ကိုယ်စားလှယ်​များသည် ဆန်​ဖရန်စစ်​စ​ကို​မြို့၌ စည်းဝေး​ပြီး ကုလသမဂ္ဂ​ကို ထောက်ခံကြောင်း၊ အထင်ကြီး​အားကျ​ကြောင်း အထိမ်းအမှတ်ပွဲ ကျင်းပ​ကြသည်။ ပုပ်​ရဟန်း​မင်း ဆဋ္ဌမ​မြောက် ပေါလ်​သည် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာ​လ​၌ ကုလသမဂ္ဂ​သို့ သွားရောက်​လည်ပတ်​စဉ် ၎င်းကို “အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း​များ​တ​ကာ့ အကြီးမြတ်ဆုံး အဖွဲ့အစည်း” အဖြစ်​ဖော်ပြ​ကာ ဤသို့​ဆို​၏– “ကမ္ဘာ​သားတို့​သည် ကုလသမဂ္ဂ​ကို ညီညွတ်မှု​နှင့် ငြိမ်းချမ်းရေး​အတွက် နောက်ဆုံး​မျှော်လင့်ချက်​အဖြစ် အားထားကြ​၏။” ကုလသမဂ္ဂ​သို့ သွားရောက်​လည်ပတ်​သော အခြား​ပုပ်​ရဟန်း​မင်း​ဖြစ်သည့် ဒုတိယ​မြောက် ဂျွန်ပေါလ်​က ၁၉၇၉ ခုနှစ် အောက်တိုဘာ​လ​တွင် ယင်း​အဖွဲ့​အား မိန့်ခွန်း​ပြောကြား​ရာ​၌ “ကုလသမဂ္ဂ​သည် ငြိမ်းချမ်းရေး​နှင့် တရား​မျှတမှု​အတွက် အကြီး​မြင့်​ဆုံး ဟစ်​တိုင်​အဖြစ် ဆက်လက်​တည်ရှိ​သွား​မည်​ကို ကျွန်ုပ်​မျှော်လင့်​သည်” ဟု​ဆို​၏။ ထူးခြား​သည်​မှာ ၎င်း​ပုပ်​ရဟန်း​မင်း​သည် ယေရှု​ခရစ် အကြောင်းကိုလည်း​ကောင်း၊ ဘုရားသခင့်​နိုင်ငံတော် အကြောင်းကိုလည်း​ကောင်း အလေးပေး​မပြောခြင်း​ဖြစ်၏။ နယူးယောက်​တိုင်းမ်​စ် သတင်းစာ​၌​ရေး​သည့်​အတိုင်း “ဂျွန်ပေါလ်​သည်” ၁၉၈၇ ခုနှစ် စက်တင်ဘာ​လ​အတွင်း အမေရိကန်​ပြည်​သို့ သွားရောက်​လည်ပတ်​စဉ် “‘အသစ်​သော ကမ္ဘာ့​သွေး​စည်း​ညီညွတ်မှု’ ဖြစ်ထွန်း​ရေး​တွင် ကုလသမဂ္ဂ​၏ အပြုသဘောဆောင်​သည့် ကဏ္ဍရပ်​နှင့်​ပတ်သက်​၍ ရှည်လျား​ထွေပြား​စွာ မိန့်ခွန်း​ပြောကြား​သွား​သည်။”

လျှို့ဝှက်​ဆန်းကြယ်​သည့် အမည်​တစ်ခု

၂၂။ (က) ပြည့်တန်ဆာ​ကြီး​သည် မည်သို့သော​သားရဲ​ကို ရွေး​စီး​မိ​သနည်း။ (ခ) ပုံဆောင်​ပြည့်တန်ဆာ မဟာ​ဗာဗုလုန်​ကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။

၂၂ ပြည့်တန်ဆာ​ကြီး​သည် အန္တရာယ်​ပြု​တတ်သော သားရဲ​တစ်ကောင်​ကို ရွေး​စီး​မိ​ကြောင်း တမန်​တော်​ယောဟန် မကြာမီ သိရ​တော့​မည်။ သို့သော် သူသည် မဟာ​ဗာဗုလုန်​ထံ ဦးဆုံး အာရုံရောက်​သွား​သည်။ ပြည့်တန်ဆာ​ကြီး​သည် ဆန်း​ဆန်းပြား​ပြား ဝတ်စား​ဆင်ယင်​ထား​သော်လည်း ရွံ​စ​ရာ​ကောင်း​လိုက်​လေ​ခြင်း။ “ထို​မိန်းမသည် ခရမ်းရောင်​အထည်​နှင့် နီ​မြန်း​သော​အထည်​များ​ကို ဝတ်ဆင်​လျက်၊ ရွှေ၊ ကျောက်​မျက်​နှင့် ပုလဲ​တန်ဆာ​များ​ကို ဆင်ယင်​ထား​၏။ ရွံရှာဖွယ်​အရာများ​နှင့် မိမိ​မတရားမေထုန်​၏ ညစ်ညမ်း​သည့် အရာများ​နှင့်​ပြည့်​သော ရွှေ​ဖလား​ကို လက်ထဲ​၌​ကိုင်ထား​၏။ သူ၏​နဖူး​ပေါ်​တွင် ‘ပြည့်တန်ဆာ​များနှင့် မြေကြီးပေါ်​ရှိ ရွံရှာဖွယ်ရာ​များ​၏ အမိ၊ မဟာ​ဗာဗုလုန်’ ဟူ၍ လျှို့ဝှက်​ဆန်းကြယ်​သည့် အမည်​ကို ရေးထိုး​ထား​၏။ ထို​မိန်းမသည် သန့်ရှင်းသူ​တို့၏​သွေး၊ ယေရှု၏ သက်သေခံ​တို့၏​သွေး​ဖြင့် မူးယစ်​နေသည်​ကို ငါ​မြင်ရ​၏။”​ဗျာဒိတ် ၁၇:၄-၆က

၂၃။ မဟာ​ဗာဗုလုန်​၏ အမည်​အပြည့်အစုံ​မှာ မည်သို့​ဖြစ်၍ အဘယ်​အဓိပ္ပာယ်​ထူး ရှိ​သနည်း။

၂၃ ရှေး​ရောမ​လူ​တို့​ထုံးစံ​အတိုင်း၊ ဤ​ပြည့်တန်ဆာ​သည် မည်သူမည်ဝါ​ဖြစ်​ကြောင်း သူ၏​နဖူး​ပေါ်​မှ​အမည်​က ပြ​နေသည်။ * “ပြည့်တန်ဆာ​များနှင့် မြေကြီးပေါ်​ရှိ ရွံရှာဖွယ်ရာ​များ​၏ အမိ၊ မဟာ​ဗာဗုလုန်” ဟူသော ရှည်လျား​ထွေပြား​သည့် အမည်​ပင်​တည်း။ ယင်း​နာမည်​သည် လျှို့ဝှက်​အဓိပ္ပာယ်​ရှိသည့် ‘လျှို့ဝှက်​ဆန်းကြယ်​မှု’ တစ်ခု​ဖြစ်၏။ သို့သော် ဘုရားသခင့် အချိန်တန်​သောအခါ ၎င်း​လျှို့ဝှက်​ဆန်းကြယ်​မှု​၏​အဓိပ္ပာယ် ပေါ်လွင်​လာပေမည်။ အမှန်ဆိုလျှင် ကောင်းကင်တမန်​သည် ယောဟန်​အား လုံလောက်​သော အချက်အလက်​များ​ကို​ပေး​ခဲ့​သဖြင့် ယနေ့​ယေဟောဝါ​၏ အမှုတော်ထမ်း​များ ထို​အမည်​၏​အဓိပ္ပာယ်​ကို အပြည့်အဝ ဝေဖန်​ပိုင်းခြား သိရှိ​နိုင်​ကြ​၏။ မဟာ​ဗာဗုလုန်​ကား မိစ္ဆာ​ဘာသာ​အားလုံး​ပင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ရှင်းလင်းစွာ​သိမြင်​၏။ သူသည် ‘ပြည့်တန်ဆာ​များ​၏ အမိ’ ဖြစ်၏။ ခရစ်ယာန်ဘောင်​ထဲ​မှ မြောက်မြား​လှ​သော ဂိုဏ်းဂဏ​များ​အပါအဝင် ကမ္ဘာ​ပေါ်​ရှိ မိစ္ဆာ​ဘာသာ ရှိရှိသမျှ​တို့သည် သူ၏​သမီး​များနှင့်​တူ​ပြီး သူ့ကို​တု​၍ ဝိညာဉ်​ရေး​ပြည့်တန်ဆာ​အမှုကို ပြု​ကြသော​ကြောင့်​ဖြစ်သည်။ မဟာ​ဗာဗုလုန်​သည် “မြေကြီးပေါ်​ရှိ ရွံရှာဖွယ်ရာ​များ​၏ အမိ” လည်း​ဖြစ်၏။ အကြောင်း​မှာ သူသည် ရုပ်တု​ကိုးကွယ်​ခြင်း၊ နတ်​ဝိဇ္ဇာ​အတတ်၊ ဗေဒင်​အတတ်၊ နက္ခတ်​ဗေဒင်​အတတ်၊ လက္ခဏာ​ဗေဒင်​အတတ်၊ လူ​ယဇ်​ပူဇော်​ခြင်း၊ ဘုရားကျောင်း​ပြည့်တန်ဆာ​အမှု၊ မိစ္ဆာ​ဘုရား​များ​ကို​ဂုဏ်ပြု​ရန် အရက်မူး​ခြင်း​မှ​စ၍ အခြားသော ညစ်ညမ်း​၍ အော့​ကြော​လ​န်ဖွယ် အကျင့်ဓလေ့​များ​ကို မွေး​ထုတ်​၍​ဖြစ်၏။

၂၄။ မဟာ​ဗာဗုလုန်​သည် “ခရမ်းရောင်​အထည်​နှင့် နီ​မြန်း​သော​အထည်​များ” ကို​ဝတ်ဆင်​လျက် “ရွှေ၊ ကျောက်​မျက်​နှင့် ပုလဲ​တန်ဆာ​များ​ကို ဆင်ယင်​လျက်” ရှိသည်​ကို​တွေ့ရ​သည်​မှာ အဘယ်ကြောင့်​ဆီလျော်​သနည်း။

၂၄ မဟာ​ဗာဗုလုန်​သည် တော်ဝင်​အရောင်​ဖြစ်သော “ခရမ်းရောင်​အထည်​နှင့် နီ​မြန်း​သော​အထည်​များ​ကို” ဝတ်ဆင်​ပြီး “ရွှေ၊ ကျောက်​မျက်​နှင့် ပုလဲ​တန်ဆာ​များ​ကို ဆင်ယင်​လျက်” ရှိ၏။ ဆီလျော်​လိုက်​လေ​ခြင်း။ ကမ္ဘာ့​ဘာသာ​တရား​များ တောင်ပုံရာပုံ စုဆောင်း​ရယူခဲ့​သော ခမ်းနား​သည့်​အဆောက်အအုံ​များ၊ ရှားပါး​သော​ရုပ်တု​နှင့် ပန်းချီကား​များ၊ တန်ဖိုး​မ​ဖြတ်​နိုင်သော သူတော်စင် ရုပ်တု​ရုပ်ပုံများ​နှင့် အခြားသော​ဘာသာရေးဆိုင်ရာ အဆင်အယင်​များ​အပြင်၊ မိုး​ထိ​ဘ​နန်း များပြား​လှ​သည့် အိမ်ရာ​ခြံမြေ​ပစ္စည်းဥစ္စာ​နှင့် ငွေသား​များ​ကို​သာ ခြုံ​၍​ကြည့်​လိုက်ပါ။ မဟာ​ဗာဗုလုန်​သည် ဗက်တီကင်​တွင်​ဖြစ်စေ၊ အမေရိကန်​ပြည်​ကို​ဗဟို​ပြုသော တီဗွီ​ဧဝံဂေလိ​အင်ပါယာ​တွင်​ဖြစ်စေ၊ အရှေ့တိုင်း​မှ​ဆန်းကြယ်သော ဘုန်းကြီး​ကျောင်း​များနှင့် ကျောင်း​ဗိမာန်များ​တွင်​ဖြစ်စေ၊ စည်းစိမ်ဥစ္စာ​ကို ဧရာမ​ရတနာ​သိုက်​ပ​မာ စုပုံ​ခဲ့​သလို တစ်ခါတစ်ရံ ဆုံးရှုံး​သည့်​ပစ္စည်းဥစ္စာ​လည်း မယုံနိုင်​အောင် များပြား​လှ​၏။

၂၅။ (က) “ညစ်ညမ်း​သည့် အရာများ​နှင့်​ပြည့်​သော ရွှေ​ဖလား” ထဲ​မှ​အရာများ​က ဘာကို​ပုံခိုင်း​သနည်း။ (ခ) ပြည့်တန်ဆာ​သည် အဘယ်​အဓိပ္ပာယ်​အရ မူးယစ်​သနည်း။

၂၅ သူ့​လက်ထဲ​၌ ဘာ​ရှိသည်​ကို​ကြည့်​ပါ။ ၎င်းကို​ယောဟန် မြင်​လိုက်​သောအခါ ပင့်​သက်​ရှိုက်​မိ​မည် သေချာ​သည်။ “ရွံရှာဖွယ်​အရာများ​နှင့် မိမိ​မတရားမေထုန်​၏ ညစ်ညမ်း​သည့် အရာများ​နှင့်​ပြည့်​သော ရွှေ​ဖလား” ပင်​တည်း။ လူမျိုးအပေါင်း​တို့ကို မူးယစ်​စေသော “မိမိ၏​မတရားမေထုန် အမျက်​စပျစ်​ရည်” ပါရှိ​သည့် ဖလား​ပင်​တည်း။ (ဗျာဒိတ် ၁၄:၈; ၁၇:၄) ဖလား​၏​အပြင်ပန်း​သည် အဖိုးထိုက်တန်​ပုံ​ရ​သော်လည်း ဖလား​ထဲ​မှ​အရာများ​မှာ ညစ်ညမ်း​၍ ရွံရှာဖွယ်​ဖြစ်၏။ (မဿဲ ၂၃:၂၅၊ ၂၆ နှိုင်းယှဉ်။) လူမျိုးများ​ကို ဖြားယောင်း​၍ မိမိ​ဩဇာ​အောက်​သို့​ရောက်​စေရန် ပြည့်တန်ဆာ​ကြီး​အသုံးပြု​သော ညစ်ညမ်း​သည့်​အကျင့်ဓလေ့​နှင့် မုသာ​စကား အလုံးစုံ​ပါရှိ​သည်။ ပြည့်တန်ဆာ​ကိုယ်တိုင် ဘုရားသခင့် အမှုတော်ထမ်း​များ​၏​သွေး​နှင့် မူးယစ်​နေသည်​ကို ယောဟန်​တွေ့ရ​သဖြင့် ထို့​ထက်​ပို​၍ အော့​ကြော​လ​န်​စ​ရာ​ကောင်း​သည်​တကား။ အမှန်ဆိုလျှင် “သူ့​အထဲ​၌ ပရောဖက်​တို့​မှ​စ၍ သန့်ရှင်းသူ​တို့​နှင့် မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ​ရှိသမျှ​တို့၏​သွေး​ကို တွေ့ရ​၏” ဟူ၍ နောက်ပိုင်း၌ ကျွန်ုပ်​တို့​ဖတ်​ရသည်။ (ဗျာဒိတ် ၁၈:၂၄) ကြီး​လေး​လှ​သော သွေးပြစ်​ပါ​တကား။

၂၆။ မဟာ​ဗာဗုလုန်​သည် သွေးစွန်း​ခြင်း​အပြစ်​ရှိကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

၂၆ ကမ္ဘာ့​မိစ္ဆာ​ဘာသာရေး  အင်ပါယာ​သည်  ရာစုနှစ်များ​တစ်လျှောက် သွေး​ကို သမုဒ္ဒရာ​ရေ​တ​မျှ သွန်း​ခဲ့​လေ​ပြီ။ ဥပမာ၊ အလယ်ခေတ်​က ဂျပန်​နိုင်ငံ​တွင် ကျို​တို​မြို့ရှိ ကျောင်း​ဗိမာန်များ​ကို ခံတပ်​များ​အဖြစ်သို့ ပြုပြင်​ပြောင်းလဲ​ပြီး စစ်​ဘုန်းကြီး​များ​က “ဗုဒ္ဓ​၏ သန့်ရှင်းသော​နာမကို” ပတ္ထနာ​ပြု​ကာ လမ်းများ သွေး​ချင်း​ချင်း​နီ​သည့်​တိုင် အချင်းချင်း​စစ်​ထိုး​ကြ​၏။ ၂၀ ရာစု​တွင် ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် မိမိတို့​တိုင်းပြည်​၏ စစ်တပ်​များနှင့်​အတူ စစ်ချီ​ကြ​ပြီး တပ်သား​များ အချင်းချင်း​သတ်ဖြတ်​ကြ​ရာ အနည်းဆုံး အသက်​သန်းပေါင်း​တစ်​ရာ သေကျေပျက်စီး​ခဲ့​ရသည်။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာ​လ​၌ အမေရိကန်​သမ္မတဟောင်း နစ်​ဆင်​က “၂၀ ရာစုနှစ်​သည် သမိုင်း​တွင် သွေး​အစွန်း​ကွက်​ဆုံး ရာစုနှစ်​ဖြစ်သည်။ ဤ​ရာစုနှစ်​၏​စစ်​များ​၌ သတ်ဖြတ်​ခံရ​သော လူ​အရေအတွက်​သည် ဤ​ရာစုနှစ်​မတိုင်မီ​က တိုက်ခိုက်​သည့်​စစ်​များ​၌ သေဆုံး​ခဲ့​သူတို့ထက် များ​၏” ဟု​ပြောကြား​ခဲ့​သည်။ ကမ္ဘာ့​ဘာသာ​တရား​များသည် ဤ​သွေး​သွန်း​ပွဲ​များ​တွင် ပါဝင်သော​ကြောင့် ဘုရားသခင်​၏ အပြစ်ဒဏ်​ပေးခြင်း​ကို ခံရ​ကြပြီ။ “အပြစ်​မရှိသော​သူ၏ အသက်ကို​သတ်​သော​လက်” ကို ယေဟောဝါ ရွံရှာ​တော်​မူ​၏။ (သုတ္တံ ၆:၁၆၊ ၁၇) “သန့်ရှင်း၍ စစ်မှန်သော အချုပ်အခြာအာဏာ​ပိုင် အရှင်သခင်၊ ကျွန်ုပ်​မျိုး​တို့၏ သွေး​အတွက် မြေကြီးပေါ်​တွင် နေထိုင်​သော​သူတို့အား တရား​မစီရင်၊ လက်စားမချေ​ဘဲ အဘယ်​အချိန်အထိ ရှောင်​၍​နေ​တော်​မူ​မည်​နည်း” ဟူသော​အော်ဟစ်သံ ယဇ်​ပလ္လင်​မှ​ထွက်​လာ​သည်ကို စောစော​ပိုင်း​၌ ယောဟန်​ကြား​ခဲ့​ရပြီ။ (ဗျာဒိတ် ၆:၁၀) ၎င်း​မေးခွန်း​ကို ဖြေချိန်​တန်​သောအခါ ပြည့်တန်ဆာ​များနှင့် မြေကြီးပေါ်​က ရွံရှာဖွယ်ရာ​များ​၏ အမိ၊ မဟာ​ဗာဗုလုန်​သည် လုံးဝ ပြေး​၍​လွတ်​မည်​မဟုတ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​၏ အယူဝါဒ၊ အခမ်းအနား​နှင့် အကျင့်ဓလေ့​များစွာတို့သည် ခရစ်ယာန်​မဟုတ်​သူများ​ထံ​မှ မြစ်ဖျားခံ​ဆင်းသက်လာ​ကြောင်း ၁၉ ရာစု​ခေတ်​က ရို​မင်​ကက်သလစ်​ဂိုဏ်းချုပ် ဂျွန် ဟင်နရီ န​ယူး​မင်း​က ခရစ်ယာန်​အယူဝါဒ ဖြစ်ထွန်း​လာပုံ​စာတမ်း ၌ ရေးသား​ထား​သည်– “ကျောင်း​ဗိမာန်များ​ကို အသုံးပြုခြင်း၊ ၎င်းတို့ကို သန့်ရှင်းသူ​တစ်ပါးပါး​ထံ ရည်စူး၍​အပ်နှံခြင်း၊ အခါထူး​နေ့​ထူး​များ​၌ သစ်​ခက်​များ​ဖြင့် တန်ဆာဆင်​ခြင်း၊ နံ့သာပေါင်း၊ ဆီ​မီး၊ ဖယောင်းတိုင်​များ ထွန်းညှိ​ပူဇော်​ခြင်း၊ အဖျား​အနာ ပျောက်ကင်း​သောအခါ သစ္စာ​အဓိဋ္ဌာန်​ပြု​၍ ပူဇော်​ပ​သ​ခြင်း၊ ရေစင်၊ ရာဇဝတ်သား​များ​ခိုလှုံရာ၊ အခါကြီးရက်ကြီး​နှင့် ရာသီ​ပွဲ​များ၊ ပြက္ခဒိန်​အသုံးပြုခြင်း၊ စီ​တန်း​လှည့်လည်​ခြင်း၊ လယ်ယာများ​ကို ကောင်းချီး​ပေးခြင်း၊ ဘုန်းကြီး​၏​အခမ်းအနား​ဝတ်ရုံ​များ၊ ရဟန်း​ခံ​ဆံ​ချ​ခြင်း၊ မင်္ဂလာ​လက်စွပ်၊ အရှေ့​အရပ်သို့ မျက်နှာ​ပြုခြင်း၊ နောက်ပိုင်း၌ ရုပ်တုဆင်းတု​များ​အသုံးပြု​လာ​ခြင်း၊ ဘုန်းကြီး​တရားစာ​ရွတ်ဆို​ခြင်း၊ က​စ်​ရီး​အေး အေး​လေး​အီး​စွန် [“သခင်မြတ်၊ ကရုဏာ​သက်​တော်​မူ​ပါ” ဟူသော​ဓမ္မ​သီချင်း]၊ ဤ​အရာအားလုံး တိတ္ထိ​ပင်ရင်း​မှ​ဆင်းသက်​၍ ချာ့ခ်ျ​က ၎င်းတို့ကို​လက်ခံခြင်း​ဖြင့် သန့်ရှင်း​စေ​သည်။”

“အနန္တ​တန်ခိုး​နှင့်​ပြည့်စုံသော ထာဝရ​ဘုရား” က ထိုသို့​သော​ရုပ်တု​ကိုးကွယ်​မှု​ကို သန့်ရှင်း​စေ​မည့်​အစား “ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်” ဟု ခရစ်ယာန်​များ​အား ဆို​ဆုံးမ​တော်​မူ​၏။​—၂ ကောရိန္သု ၆:၁၄-၁၈

^ အပိုဒ်၊ 7 ဝီလျံ အယ်​လ်၊ ရှစ်​ရာ​ပြုစု​သော တတိယ​ရိုက်​ခ်​၏ အတက်အကျ ဟူသော​သမိုင်း​စာအုပ်​က ဗွန်​ပါ​ပင်​သည် “ဟစ်တလာ အာဏာ​ရလာ​ခြင်း​အတွက် ဂျာမနီ​တစ်နိုင်ငံ​လုံး​တွင် တာဝန်​အရှိဆုံး​ပုဂ္ဂိုလ်​ဖြစ်သည်” ဟု​ဆို​၏။ ၁၉၃၃ ခုနှစ် ဇန်နဝါရီ​လ​တွင် နိုင်ငံတော်​အဓိပတိ​ဟောင်း ဗွန်​ရှ​လိုင်း​ခါး​က ဗွန်​ပါ​ပင်​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏။ “သူသည် ထိပ်သီး​သစ္စာဖောက်​ဖြစ်၍ သူနှင့်​ယှဉ်​လိုက်​လျှင် ယုဒရှကာရုတ်​သည် သူတော်စင်​ဖြစ်လာ​လိမ့်​မည်။”

^ အပိုဒ်၊ 7 ပုပ်​ရဟန်း​မင်း တစ်ဆယ့်​တစ်ယောက်​မြောက် ပိုင်းယပ်စ်​က ၁၉၂၉ ခုနှစ် မေလ ၁၄ ရက်​နေ့၌ မွန်​ဒ​ရက်​ဂုံ​ကောလိပ်​တွင် မိန့်ခွန်း​ပြောကြား​စဉ် မိမိသည် ဝိညာဉ်​များ​၏​ကောင်းစား​ရေး​အတွက် လိုအပ်​လျှင် မာရ်နတ်နှင့်​ပင် စေ့စပ်​ညှိနှိုင်း​မည်​ဟု​ဆို​၏။

^ အပိုဒ်၊ 23 ဆွက်​တီ ကိုးကား​သော စာရိတ္တ​ပျက် ယဇ်ပုရောဟိတ်​မ​တစ်ယောက်​အား ရောမ​စာရေး​ဆရာ စင်​နီ​ကာ​ပြော​သည့် အောက်ပါ​စကား​နှင့် နှိုင်းယှဉ်​ကြည့်​ပါ– “အချင်း​မိန်းကလေး၊ . . . သင်ဟာ ဇိမ်​နန်း​မှာ​ရပ်​ပြီး . . . နဖူး​ပေါ်မှာ နာမည်​ကို​ဆွဲ​လို့​ထား၊ အသရေ​မဲ့တဲ့​အလုပ်​အတွက် အသပြာ​ကို​လက်ခံတယ်။”​—Controv. i, 2.

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃၇ ပါ လေးထောင့်ကွက်]

ချာ​ချီ​လ်​က ‘ပြည့်တန်ဆာ​အလုပ်’ ကို ဖော်ထုတ်ခြင်း

“ဩစတြီးယား​နိုင်ငံ​၏ နိုင်ငံရေး​ရာ​များ​တွင် ထင်ပေါ်​သော​ပုဂ္ဂိုလ်​များ​ကို ချည့်နဲ့​စေ” ရန်၊ “သို့​မဟုတ်၊ ကိုယ့်​ဘက်​ပါ​အောင် ဆွဲဆောင်” ရန် ဖရန့်စ်​ဗွန်​ပါ​ပင်​အား ဟစ်တလာ​က ဗီယင်​နာ​မြို့​ဆိုင်ရာ ဂျာမန်​ဝန်ကြီး​အဖြစ် ခန့်အပ်​လိုက်​ကြောင်း ဆင်​လု​လု​မုန်တိုင်း စာအုပ်​၌ ဝင်​စ​တန် ချာ​ချီ​လ်​က ရေးသား​ဖော်ပြ​သည်။ ဗီယင်​နာ​မြို့ရှိ အမေရိကန်​နိုင်ငံ​ဝန်ကြီး​က ဗွန်​ပါ​ပင်​အကြောင်းကို အောက်ပါ​အတိုင်း ပြောဆို​သည်​ဟု ချာ​ချီ​လ်​က ကိုးကား​လိုက်​သည်– “ပါ​ပင်​က သူဟာ သူ့ရဲ့​ကက်သလစ် နာမည်​ကောင်း​ကို​သုံးပြီး ဂိုဏ်းချုပ်​အင်​နစ်​ဇာ​တို့​လို ဩစတြီးယား​နိုင်ငံသား​များ​အပေါ် ဩဇာ​လွှမ်း​ဖို့ ကြံရွယ်​တယ်​ဆိုပြီး အရှက်​လုံးဝ​မရှိ ပြောင်ပြောင်တင်းတင်း ကျွန်တော့်​ကို ပြော​တော့​တာ​ပဲ။”

ဩစတြီးယား​က လက်နက်​ချ​ပြီး ဟစ်တလာ​၏ မုန်တိုင်း​တပ်ဖွဲ့​များ ဗီယင်​နာ​မြို့ထဲ​သို့ ချီတက်​ဝင်ရောက်​ပြီး​နောက် ကက်သလစ်​ဂိုဏ်းချုပ် အင်​နစ်​ဇာ​က ဩစတြီးယား​နိုင်ငံ​ရှိ ဘုရား​ရှိခိုး​ကျောင်း​မှန်သမျှ​တွင် စ​ကြာ​တံဆိပ်​အလံ​ကို​လွှင့်​ထူ​ပြီး ခေါင်းလောင်း​ထိုး​၍ အ​ဒေါ့လ်ဖ်​ဟစ်တလာ​၏​မွေးနေ့ကို ဂုဏ်ပြု​သည့်​အနေ​နှင့် သူ့​အတွက် ဆုမွန်​ကောင်း​တောင်း​ကြ​ရန် အမိန့်ပေး​ခဲ့​သည်။

[စာမျက်နှာ ၂၃၈ ပါ ရုပ်ပုံ]

ရိုက်​ခ်​အတွက် ‘စစ်​ပတ္ထနာ’

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ​လ ၇ ရက်​နေ့ ပထမ​အ​သုတ်​ထုတ် နယူးယောက်​တိုင်းမ် ၌ အထက်ပါ​ခေါင်းစီး​ဖြင့် အောက်ပါ​ဆောင်းပါး​ကို တွေ့ရ​သည်–

“ဖူလ်ဒါ​မြို့ရှိ ကက်သလစ်​ဂိုဏ်းအုပ်​များ ကောင်းချီး​နှင့်​အောင်ပွဲ​အတွက် ဆုတောင်း​ကြ​ခြင်း . . . ဖူလ်ဒါ​မြို့တွင် ကျင်းပ​သော ဂျာမန်​ကက်သလစ်​ဂိုဏ်းအုပ်​များ ကွန်​ဖ​ရ​င့်​က ဘုရားဝတ်​ပြု​မှု အခမ်းအနား​မှန်သမျှ​၏ အစ​နှင့်​အဆုံး​၌ အထူး ‘စစ်​ပတ္ထနာ’ တစ်ရပ်​ကို ဖတ်​ကြား​ရန် အကြံပေး​၏။ ၎င်း​ပတ္ထနာ​က ဂျာမန်​တပ်​များ​အား အောင်ပွဲ​ကောင်းချီး​ပေး​ရန်၊ တပ်သား​များ​၏​အသက်​နှင့် ကျန်းမာ​ရေး​ကို ကာကွယ်​စောင့်ရှောက်​ရန် ဘုရားသခင်​အား အသနားခံ​ထား​၏။ ဂိုဏ်းအုပ်​များ​က တစ်လ​လျှင် အနည်းဆုံး​တစ်ကြိမ် အထူး​တနင်္ဂနွေ တရားဟော​ပြော​ချက်​တစ်ခု​၌ ဂျာမနီ​၏ ‘ကြည်း​ရေ​လေ’ တပ်သား​များ​ကို သတိရအောက်မေ့​ရန် ကက်သလစ်​ဘုန်းကြီး​များ​အား ထပ်လောင်း​ညွှန်ကြား​လိုက်​သည်။” နောက်ပိုင်း​ထုတ်​သတင်းစာ​များ​၌ ၎င်း​ဆောင်းပါး​ကို ရုပ်သိမ်း​လိုက်​သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ​လ ၇ ရက်​နေ့​ကား နာဇီ​ဂျာမနီ​၏ မဟာမိတ်​နိုင်ငံ​ဖြစ်သော ဂျပန်​က ပုလဲ​ဆိပ်ကမ်း​ရှိ အမေရိကန်​သင်္ဘော​တပ်​စု​ကို တိုက်ခိုက်​သော​နေ့​ဖြစ်သည်။

[စာမျက်နှာ ၂၄၄ ပါ လေးထောင့်ကွက်]

“ဘုရားသခင်​ကို စော်ကား​သော​အမည်များ”

ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ဦးချို​နှစ်ချောင်း​နှင့်​သားရဲ​က နိုင်ငံ​ပေါင်း​ချုပ်​ကို တည်ထောင်​ရန် အဆို​သွင်း​သောအခါ ၎င်း​၏​ဘာသာရေး တိတ်​တိတ်​ပုန်း ရည်းစား​များစွာ​တို့​က ဘာသာရေး​သဘောတူ ထောက်ခံချက်​ကို​ပေး​ရန် ချက်ချင်း​ကြံစည်​အားထုတ်​ကြ​၏။ သို့​နှင့် ၎င်း​ငြိမ်းချမ်းရေး​အဖွဲ့သစ်​သည် “ဘုရားသခင်​ကို စော်ကား​သော​အမည်များ​ဖြင့်​ပြည့်” လာ​သည်။

“ခရစ်ယာန်​သာသနာတော်​သည် စေတနာ​စိတ်​တည်း​ဟူသော ပြင်းထန်​သည့်​စွမ်းအား​ကို နိုင်ငံ​ပေါင်း​ချုပ်​၏​နောက်ခံ​အဖြစ် ဖြည့်ဆည်း​ပေး​နိုင်​သဖြင့် ၎င်း​စာချုပ်​ကို စာရွက်​အသွင်​မှ ဘုရားသခင့်​နိုင်ငံတော် လက်​သုံး​တော်​အသွင်​သို့ ကူး​ပြောင်း​စေ​သည်။”​—ခရစ်ယာန်​ရာစု၊ အမေရိကန်​ပြည်ထောင်စု၊ ၁၉၁၉ ခုနှစ် ဇွန်လ ၁၉ ရက်၊ စာမျက်နှာ ၁၅။

“နိုင်ငံ​ပေါင်း​ချုပ်​ဟူသော အတွေးအခေါ်​သည် စေတနာ​ပြည့်ဝသော လောကီ​စနစ်​တစ်ရပ်​အဖြစ် ဘုရားသခင့်​နိုင်ငံတော် အတွေးအခေါ်​၏ အပြည်ပြည်ဆိုင်ရာ ဆက်ဆံ​ရေး​တိုးချဲ့မှု​ဖြစ်သည်။ . . . ‘နိုင်ငံတော် တည်ထောင်​ပါစေ​သော’ ဟူ၍ ရှိရှိသမျှ​သော ခရစ်ယာန်​များ ဆုတောင်း​ကြ​စဉ် တောင်းလျှောက်​သော​အရာ​ပင်​တည်း။” ​—ခရစ်ယာန်​ရာစု၊ အမေရိကန်​ပြည်ထောင်စု၊ ၁၉၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်၊ စာမျက်နှာ ၇။

“နိုင်ငံ​ပေါင်း​ချုပ်​ကို ခိုင်ခံ့​စေသော​အရာ​မှာ ခရစ်တော်​၏ အသွေးတော် ပင်​တည်း။”​—အမေရိကန်​ပြည်ထောင်စု၊ ပရိုတက်စတင့်​တရားဟော​ဆရာ ဒေါက်တာ ဖရန့်​ခ​ရိမ်း။

“[ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​ချာ့ခ်ျ​များ​၏] [အမျိုးသား] ကောင်စီ​က [နိုင်ငံ​ပေါင်း​ချုပ်] ပဋိညာဉ်​ကို တစ်လက်​တည်း​သော နိုင်ငံရေး​လက်​သုံး​ကိရိယာ​အဖြစ် ထောက်ခံ​သည်။ ၎င်း​ကိရိယာ​ကို ယေရှု​ခရစ်​၏​ဝိညာဉ်​တော်​က တိုင်းနိုင်ငံ​ရေးရာ​များ​တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု တော်​မူ​နိုင်​ဖွယ်​ရှိသည်။”​—အမေရိကန်​ပြည်ထောင်စု၊ ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​လ​စ်စ်​နှင့် အက်​ဗန်းစ်၊ ၁၉၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ စာမျက်နှာ ၆၄၂။

“ကွန်​ဖ​ရ​င့်​က မက်သဒစ်​စ် အသင်းသား​အပေါင်း​တို့အား [နိုင်ငံ​ပေါင်း​ချုပ်​၏] အ​မွန်မြတ်​ဆုံး​စံနှုန်း​များ​ကို ခမည်းတော်​ဘုရားသခင်​နှင့် ကမ္ဘာ​ပေါ်​ရှိ ဘုရားသခင့်​သားသမီး​များ​၏ အတွေးအခေါ်​အဖြစ် တစ်​ခဲနက် ထောက်ခံ​အားပေး​ကြ​ရန် မေတ္တာ​ရပ်ခံ​လိုက်ပါ​သည်။” ​—ဗြိတိန်​နိုင်ငံ၊ ဝက်​စ​လီယန် မက်သဒစ်​စ်​ချာ့ခ်ျ။

“၎င်း​သဘော​တူညီချက်​၏ ရည်မှန်းချက်​များ၊ ဖြစ်မြောက်​စေနိုင်​သော​အရာများ​နှင့် သန္နိ​ဋ္ဌာန်​များ​ကို ကျွန်ုပ်​တို့ သုံးသပ်​လိုက်​သောအခါ ၎င်း​၌ ဘုရားသခင့်​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တည်း​ဟူသော ယေရှု​ခရစ်​သွန်သင်ချက်​များ​၏ အနှစ်သာရ​ပါရှိ​သည်ကို တွေ့ရ​ပါ​သည်။ . . . ထို့​ထက် လုံးဝ​မ​ညံ့​ပါ။”​—၁၉၂၂ ခုနှစ် ဒီဇင်ဘာ​လ ၃ ရက်၊ ဂျီ​နီ​ဗာ​မြို့၊ နိုင်ငံ​ပေါင်း​ချုပ် ဖွင့်ပွဲ​အခမ်းအနား​တွင် ကင်​တာ​ဘယ်​ရီ​ဂိုဏ်းချုပ်​ရဟန်း ဟော​ကြား​သော ဟောပြောချက်။

“ကျွန်ုပ်​တို့​နိုင်ငံ​ရှိ နိုင်ငံ​ပေါင်း​ချုပ်​အသင်း​သည် လူသားများ​အကျိုးကို သယ်ပိုး​သော အခြား​သာသနာပြု အဖွဲ့​များ​နည်းတူ သန့်ရှင်းသော အခွင့်အရေး​ရှိသည်။ အကြောင်း​မှာ၊ ၎င်း​သည် မျက်မှောက်​အချိန်တွင် လူမျိုးတကာ​အလယ်​မှ ငြိမ်သက်ခြင်း​မင်း​ဖြစ်သော ခရစ်တော်​အုပ်ချုပ်မှု​၏ အထိရောက်ဆုံး ကိုယ်စားလှယ်​အဖွဲ့ ဖြစ်၍​တည်း။”​—ဗြိတိန်​နိုင်ငံ၊ ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​လ​စ်စ် တရားဟော​ဆရာ ဒေါက်တာ ဂါ​ရ်ဗီ။

[စာမျက်နှာ ၂၃၆ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ကမ္ဘာ​တစ်ဝန်း ယုံကြည်​လက်ခံ​ထားသော အယူမှား​များသည် ဗာဗုလုန်​မှ​မြစ်ဖျားခံ

ဗာဗုလုန်

သုံးပါး​ပေါင်း​တစ်ဆူ​ဘုရား​များ

မသေ​နိုင်သော ဝိညာဉ်​စိုးလ်

နတ်​ဝိဇ္ဇာ​အတတ်​—“လူသေများ” နှင့်​စကားပြော​ခြင်း

ဝတ်ပြုမှု​တွင် ရုပ်တု များ​ကို အသုံးပြုခြင်း

နတ်ဆိုး​များ ကျေအေးစေ​ရန် ဂါထာ​များ​ရွတ်​ခြင်း

တန်ခိုး​အာဏာ​ရှိသော ဘုန်းကြီး အုပ်ချုပ်မှု

[စာမျက်နှာ ၂၃၉ ပါ ရုပ်ပုံ]

ရှေး​ဗာဗုလုန်​မြို့ကို များစွာသော​ရေပေါ်​တွင် တည်ဆောက်​ထား

[စာမျက်နှာ ၂၃၉ ပါ ရုပ်ပုံ]

ယနေ့ ပြည့်တန်ဆာ​ကြီး​သည်လည်း “များစွာသော​ရေ” ပေါ်​တွင် ထိုင်​လျက်​နေ

[စာမျက်နှာ ၂၄၁ ပါ ရုပ်ပုံ]

မဟာ​ဗာဗုလုန်​သည် အန္တရာယ်ကြီး​မား​သော သားရဲ​ပေါ်​တွင် ထိုင်​လျက်​နေ

[စာမျက်နှာ ၂၄၂ ပါ ရုပ်ပုံ]

ဘာသာရေးဆိုင်ရာ ပြည့်တန်ဆာ​သည် မြေကြီး​ရှင်ဘုရင်များ​နှင့် မတရားမေထုန်​ပြု

[စာမျက်နှာ ၂၄၅ ပါ ရုပ်ပုံ]

ထို​မိန်းမသည် ‘သန့်ရှင်းသူ​တို့၏ သွေး​ဖြင့် မူးယစ်​နေ’