မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပထမ အမင်္ဂလာ—ကျိုင်းကောင်များ

ပထမ အမင်္ဂလာ—ကျိုင်းကောင်များ

အခန်း ၂၂

ပထမ အမင်္ဂလာ​—ကျိုင်းကောင်​များ

၁။ ကောင်းကင်တမန်​များ တံပိုးခရာ မှုတ်​သောအခါ မည်သူ​များ​က အလုပ်ကို အပြီး​ဆောင်ရွက်​ကြ​၍ ပ​ဉ္စ​မ တံပိုးခရာ​မှုတ်ခြင်း​က ဘာကို​ကြေညာ​သနည်း။

ပ​ဉ္စ​မကောင်း​ကင်​တမန် တံပိုးခရာ​မှုတ်​ရန် အသင့်ပြင်​၏။ ကောင်းကင်​ဆိုင်ရာ တံပိုးခရာ​လေးလက် မှုတ်​ပြီး​ခဲ့​၍ အပြစ်​အကြီးဆုံး​ဟု ယေဟောဝါ မှတ်ယူ​တော်​မူ​သော မြေကြီး​သုံးပုံတစ်ပုံ​ဖြစ်သည့် ခရစ်ယာန်ဘောင် အပေါ်​သို့​လည်း ကပ်ဘေး​လေးပါး ကျစေ​တော်​မူ​ခဲ့ပြီ။ သေ​ကောင်​ပေါင်း​လဲ ဖျားနေ​သည့်​၎င်း​၏​အဖြစ် ဖော်ထုတ်​ခံရ​လေ​ပြီ။ ကောင်းကင်တမန်​များ တံပိုးခရာ မှုတ်​သည်​နှင့်​အမျှ မြေကြီးပေါ်​၌ လူ့​တမန်​များ​က အလုပ်ကို အပြီး​ဆောင်ရွက်​ကြသည်။ ယခု ပ​ဉ္စ​မကောင်း​ကင်​တမန် တံပိုးခရာ​မှုတ်​၍ ပထမ​အမင်္ဂလာ​ကို ကြေညာ​တော့​မည်။ ယခင်​က​ထက် ကြောက်မက်​ဖွယ်​ကောင်းသော အမင်္ဂလာ​ဖြစ်၏။ ထိတ်လန့်ဖွယ်​ရာ ကျိုင်းကောင်​ကပ်​တည်း။ သို့​တ​စေ၊ ဤ​ကပ်ဘေး​အကြောင်းကို ပို​၍​နားလည်​နိုင်​ရန် အခြား​ကျမ်းချက်​များ​ကို ဦးဆုံး ဆန်းစစ်​ကြပါစို့။

၂။ အဘယ်​ကျမ်းစောင်​က ယောဟန်​မြင်ရသော ကပ်ဘေး​နှင့်​တူသော ကျိုင်းကောင်​ကပ်​အကြောင်းကို ဖော်ပြ​သနည်း၊ ၎င်း​ကပ်ဘေး​သည် ရှေး​ဣသရေလလူ​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​စေ​သနည်း။

ဘီစီ ကိုး​ရာစု​အတွင်းရေး​သော ယောလကျမ်း​က ကျိုင်းကောင်​ပါဝင်သော ပိုးကောင်​ကပ်ဘေး တစ်ခု​အကြောင်းကို ဖော်ပြ​၏။ ယောဟန်​မြင်ရသော ကျိုင်းကောင်​ကပ်​နှင့်​တူ​၏။ (ယောလ ၂:၁-၁၁၊ ၂၅) * ၎င်း​သည် အယူဖောက်ပြန်​သော ဣသရေလ​နိုင်ငံ​အပေါ် များစွာ​ကသိကအောက် ဖြစ်စေ​သော်လည်း ဂျူး​တစ်ဦးချင်း​အား နောင်တ​ယူ​ကာ ယေဟောဝါ​၏ မျက်နှာသာတော် ပြန်​ရစေ​မည်​ဖြစ်သည်။ (ယောလ ၂:၆၊ ၁၂-၁၄) ထို​အချိန် ဆိုက်ရောက်​လာသော​အခါ “လူမျိုးတကာ” အပေါ် မိမိ​ဝိညာဉ်​တော်​ကို ယေဟောဝါ သွန်းလောင်း​တော်​မူ​မည်။ တစ်ချိန်တည်း​၌ “ထာဝရ​ဘုရား​၏ ကြောက်မက်​ဖွယ်​သော​နေ့ကြီး” မတိုင်မီ ထိတ်လန့်​တုန်လှုပ်​ဖွယ်​ရာ လက္ခဏာများ​နှင့် နိမိတ်​များ ဖြစ်​လိမ့်​မည်။​—ယောလ ၂:၁၁၊ ၂၈-၃၂

ပထမ​ရာစု ကပ်ဘေး

၃၊ ၄။ (က) ယောလ​အခန်း​အကြီး ၂ သည် မည်သည့်​အခါ မည်သို့​မည်​ပုံ တစ်ကြိမ်​ပြည့်စုံ​ခဲ့​သနည်း။ (ခ) ပထမ​ရာစု​၌ ကျိုင်းကောင်​ကပ်​နှင့်​တူသော ကပ်ဘေး​တစ်ခု မည်သို့​ဖြစ်ပျက်​ခဲ့​ပြီး မည်မျှ​တာ​ရှည်​သနည်း။

ပထမ​ရာစု​၌ ယောလ​အခန်းကြီး ၂ တစ်ကြိမ်​ပြည့်စုံ​ခဲ့​သည်။ ထို​စဉ် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့​၌ သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​၍ အဦးဆုံး​သော ခရစ်ယာန်​များ​ကို ဘိသိက်ပေး​လျက် သူတို့အား “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့​ကို” ဘာသာ​စကား​များစွာ​ဖြင့် ပြောဆို​စေတော်မူ​သည်။ ယင်းကြောင့် လူအုပ်ကြီး​တစ်အုပ် စုဝေး​လာ​သည်။ တမန်​တော်​ပေတရု​က ယောလ ၂:၂၈၊ ၂၉ ကိုကိုး​ကား​၍ ၎င်း​၏​ပြည့်စုံချက်​ကို မျက်မြင်​သက်သေ​အဖြစ် သင်တို့​မြင်​နေရ​ကြပြီ​ဟု အံ့အားသင့်​၍ ကြည့်​နေကြ​သော ထို​ပရိသတ်​အား ရှင်းလင်း​ဟောပြော​လေ​သည်။ (တမန်​တော် ၂:၁-၂၁) သို့သော် ထို​အချိန်၌ ပကတိ ပိုးကောင်​ကပ်​ဆိုက်​ခဲ့​၍ လူ​အချို့​တို့အား နေ​မထိ​ထိုင်​မ​သာ​ဖြစ်စေ​ပြီး အချို့​အား နောင်တ​ရစေ​ခဲ့​ကြောင်း မှတ်တမ်းတင်​ချက် မရှိပါ။

ထို​နေ့​များ​အတွင်း တင်စားချက်​ဖြစ်သော ကပ်ဘေး​တစ်ခု ဖြစ်ပွား​ခဲ့​သလော။ ဧကန်​မုချ ဖြစ်​ခဲ့​ပါ​သည်။ ဘိသိက်ခံ​စ ခရစ်ယာန်​များ​၏ မ​နား​မနေ ဟောပြော​မှု​ကြောင့်​ဖြစ်၏။ * နောင်တ​ရ​၍ မိမိ​ပေး​မည့် ကောင်းချီး​များ​ကို ခံစား​ကြ​ပါ​ဟု သူတို့​မှ​တစ်ဆင့် နာခံ​လို​သူ​ဂျူး​များ​အား ယေဟောဝါ ဖိတ်ကြား​တော်​မူ​သည်။ (တမန်​တော် ၂:၃၈-၄၀; ၃:၁၉) လက်ခံသူ​ပုဂ္ဂိုလ်​များသည် မျက်နှာသာတော်​ကို ထူးထူးခြားခြား ခံစား​ခဲ့​ကြ​ပေ​သည်။ ထို​ခေါ်ဖိတ်​ချက်​ကို ငြင်းပယ်​သော​သူတို့​အဖို့​မူ ပထမ​ရာစု​ခရစ်ယာန်​များသည် ရ​စ​ရာ​မရှိ​အောင် မွှေနှောက်​သော ကျိုင်းကောင်​အုပ်​ပ​မာ ဖြစ်​ခဲ့​သည်။ သူတို့သည် ယေရုရှလင်​မြို့မှ​စ၍ ယုဒပြည်​နှင့် ရှမာရိ​ပြည်​အနှံ့ ပြန့်ပွား​သွား​သည်။ မကြာ​ပါ၊ နေရာ​မလ​ပ် ရောက်သွား​ပြီး ယေရှု၏ ထမြောက်ခြင်း​နှင့် ၎င်း​၏​အဓိပ္ပာယ် သက်ရောက်​ချက်​ရှိသမျှကို လူ​သူအပေါင်း​ရှေ့ ဟောပြောခြင်း​ဖြင့် မယုံကြည်​သော​ဂျူး​များ​ကို ညှဉ်းဆဲ​လေ​သည်။ (တမန်​တော် ၁:၈; ၄:၁၈-၂၀; ၅:၁၇-၂၁၊ ၂၈၊ ၂၉၊ ၄၀-၄၂; ၁၇:၅၊ ၆; ၂၁:၂၇-၃၀) ထို​ကပ်ဘေး​သည် ယေရုရှလင်​မြို့ကို​ချေမှုန်း​ရန် ရောမ​တပ်​များ​အား ယေဟောဝါ ချီတက်​စေတော်မူ​ရာ အေဒီ ၇၀ ပြည့်နှစ် “ကြောက်မက်​ဖွယ်​သော နေ့ကြီး” တိုင်အောင် ဖြစ်ပွား​၏။ ယုံကြည်​စိတ်ဖြင့် ယေဟောဝါ​၏ နာမတော်​ကို ပတ္ထနာ​ပြုသော ထို​ခရစ်ယာန်​များ​သာ အသက်ချမ်းသာ ရခဲ့​ကြသည်။​—ယောလ ၂:၃၂; တမန်​တော် ၂:၂၀၊ ၂၁; သုတ္တံ ၁၈:၁၀

ယခု​ခေတ် ကျိုင်းကောင်​ကပ်

၅။ ၁၉၁၉ ခုနှစ်​မှ​စ၍ ယောလ​ပရောဖက်ပြုချက် ပြည့်စုံမှု​တစ်ရပ် မည်သို့​ဖြစ်​ခဲ့​သနည်း။

ဆုံးခန်း​ချိန်​တွင် ယောလ​ပရောဖက်ပြုချက် နောက်ဆုံး​တစ်ကြိမ် ပြည့်စုံ​မည်​ကို ကျွန်ုပ်​တို့ မျှော်လင့်သင့်​ပေ​သည်။ တကယ်လည်း ဖြစ်​ခဲ့​သည်​တကား။ ကျမ်းစာ​ကျောင်းသား​များ​၏ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာ​လ ၁-၈ ရက်၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့ စည်းဝေးကြီး​၌ ဝိညာဉ်​တော်​ကို ယေဟောဝါ ထူးခြား​စွာ​သွန်းလောင်း​ပြီး မိမိလူ​မျိုး​တော်​အား ကမ္ဘာချီ ဟောပြောခြင်း​ကင်ပိန်း ဖွဲ့စည်း​စေရန် လှုံ့ဆော်​တော်​မူ​သည်။ ခရစ်ယာန်​အမည်ခံ​များ အားလုံး​အနက် သူတို့သာလျှင် ကောင်းကင်ဘုရင်​အဖြစ် ယေရှု နန်းတက်​ပြီ​ဖြစ်​ကြောင်းကို သိ​မှတ်၍ ထို​သတင်းကောင်းကို အားသွန်ခွန်စိုက် အနှံ့အပြား ကြေညာ​ကြသည်။ ပရောဖက်ပြုချက် ပြည့်စုံချက်​နှင့်​အညီ သူတို့၏​မ​နား​မနေ သက်သေခံခြင်း​သည် အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​အဖို့ ညှဉ်းဆဲခြင်း​ကပ်ဘေး​ပ​မာ ဖြစ်လာ​သည်။​—မဿဲ ၂၄:၃-၈၊ ၁၄; တမန်​တော် ၁:၈

၆။ (က) ပ​ဉ္စ​မကောင်း​ကင်​တမန် တံပိုးခရာ​မှုတ်​စဉ် ယောဟန် ဘာ​မြင်ရ​သနည်း။ (ခ) ၎င်း “ကြယ်” သည် မည်​သူ့ကို အထိမ်းအမှတ်​ပြု​သနည်း၊ အဘယ်ကြောင့်​နည်း။

ယေရုရှလင်​မြို့ ပျက်စီး​၍ ၂၆ နှစ်​ခန့်အကြာ​တွင်​ရေး​သော ဗျာဒိတ်ကျမ်း​က​လည်း ထို​ကပ်ဘေး​အကြောင်းကို ရေး​၏။ ဗျာဒိတ်ကျမ်း​သည် ယောလ​၏​ဖော်ပြချက်​ကို မည်သို့​ဖြည့်စွက်​သနည်း။ ယောဟန်​၏ မှတ်တမ်းတင်​ချက်​ကို ကြည့်​ကြ​စို့။ “ပ​ဉ္စ​မ ကောင်းကင်တမန် တံပိုးခရာ​မှုတ်​လိုက်​ရာ ကောင်းကင်​မှ မြေကြီးပေါ်​သို့ ကျ​လာသော ကြယ်​တစ်လုံး​ကို ငါ​မြင်​၏။ ထို​သူအား တွင်း​နက်​ကြီး​၏​သော့​ကို အပ်ပေး​၏။” (ဗျာဒိတ် ၉:၁) ဤ​ကြယ်​၏ ကျ​ခြင်း​သည် ဗျာဒိတ် ၈:၁၀ ၌ ယောဟန် မြင်​သော​ကြယ်​၏ ကျ​ခြင်း​နှင့် မတူ​ပါ။ “ကောင်းကင်​မှ​ကျ​လာ” ၍ ယခု ဤ​မြေကြီး​နှင့်​ဆိုင်သော တာဝန်​ခန့်အပ်​ချက်​တစ်ရပ် ရရှိသော “ကြယ်” ကို ယောဟန်​မြင်ရ​၏။ ၎င်း​သည် နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​လော၊ အသွေးအသား​နှင့် ပုဂ္ဂိုလ်​လော။ ဤ “တွင်း​နက်​ကြီး​၏​သော့” ကို​ကိုင်ဆောင်​သူသည် နောက်ပိုင်း၌ စာတန်​အား “တွင်း​နက်​ကြီး” ထဲ​သို့​ပစ်ချ​သည်​ဟု ဆိုပါ​သည်။ (ဗျာဒိတ် ၂၀:၁-၃) သို့​ဖြစ်၍ သူသည် တန်ခိုး​ကြီးသော နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး ဖြစ်​ရ​ပေမည်။ ဗျာဒိတ် ၉:၁၁ ၌ ယောဟန်​က ကျိုင်းကောင်​များ​၌ “တွင်း​နက်​ကြီး​၏ ကောင်းကင်တမန်​တည်း​ဟူသော ဘုရင်​တစ်ပါး” ရှိသည်​ဟု​ဆို​၏။ တွင်း​နက်​ကြီး​၏​သော့​ကို​ကိုင်​သော ကောင်းကင်တမန်​သည် တွင်း​နက်​ကြီး​၏ ကောင်းကင်တမန်​ဖြစ်သော​ကြောင့် ထို​ကျမ်းချက်​နှစ်ချက်​စ​လုံး ပုဂ္ဂိုလ်​တစ်ဦးတည်း​ကို ရည်ညွှန်းခြင်း​ဖြစ်​ရမည်။ ဘိသိက်ခံ ခရစ်ယာန်​များ​အနေ​နှင့် တစ်ပါး​တည်း​သော ကောင်းကင်တမန်​ဘုရင် ယေရှု​ခရစ်​ကို​သာ သိမှတ်​သောကြောင့် ထို​ကြယ်​သည် ယေဟောဝါ တင်မြှောက်​တော်​မူ​သော ဘုရင်​ကို ပုံခိုင်း​ခြင်း​ဖြစ်​ရမည်။​—ကောလောသဲ ၁:၁၃; ၁ ကောရိန္သု ၁၅:၂၅

၇။ (က) “တွင်း​နက်​ကြီး” ကို​ဖွင့်လိုက်​သောအခါ ဘာဖြစ်​သနည်း။ (ခ) “တွင်း​နက်​ကြီး” ကား အဘယ်နည်း။ ၎င်း​ထဲ​သို့ မည်သူ​ခေတ္တ ရောက်ရှိ​ခဲ့​သနည်း။

မှတ်တမ်းက ဤသို့​ဆက်၍​ဆို​၏– “သူသည် တွင်း​နက်​ကြီး​ကို ဖွင့်လိုက်​ရာ မီးခိုး​သည် မီးဖို​ကြီး​ထဲ​က မီးခိုး​ပ​မာ တက်လာ​သဖြင့် တွင်း​ထဲ​က​မီးခိုး​ကြောင့် နေ​နှင့်​လေ​သည် မှောင်​မည်း​သွား​၏။ ကျိုင်းကောင်​များသည် မီးခိုး​ထဲ​မှ​ထွက်၍ မြေကြီးပေါ်​သို့ ရောက်လာ​၏။ သူတို့အား မြေကြီးပေါ်​က ကင်းမြီးကောက်​များ​ရသော အာဏာ​နှင့်​တူ​သည့် အာဏာကို အပ်ပေး​လေ​၏။” (ဗျာဒိတ် ၉:၂၊ ၃) ကျမ်းစာ​အရ၊ “တွင်း​နက်​ကြီး” သည် လှုပ်ရှားမှု​မဲ့​သော​နေရာ၊ သေနေ​သော​နေရာ​ပင်​ဖြစ်၏။ (ရောမ ၁၀:၇; ဗျာဒိတ် ၁၇:၈; ၂၀:၁၊ နှိုင်းယှဉ်။) ယေရှု၏​ညီတော်​များ အုပ်စု​ကလေး​သည် ပထမ​ကမ္ဘာ​စစ်​အဆုံး (၁၉၁၈-၁၉၁၉) တွင် ထိုသို့​သော “တွင်း​နက်​ကြီး” ထဲ​သို့ တဒင်္ဂ​ကျရောက်​သွား​ကာ လှုပ်ရှားမှု​အတော်​ကလေး ကင်းမဲ့​ခဲ့​သည်။ သို့သော် ၁၉၁၉ ခုနှစ်​၌ မိမိ၏​နောင်တ​ရ အစေခံများ​အပေါ် ယေဟောဝါ​ဝိညာဉ်​တော် သွန်းလောင်း​တော်​မူ​သောအခါ သူတို့သည် အုံ​တက်လာ​ပြီး ရှေ့​လာ​မည့်​လုပ်ငန်း​ကို ရင်ဆိုင်​လေ​သည်။

၈။ ကျိုင်းကောင်​များ​ကို လွှတ်လိုက်​သောအခါ “မီးခိုး” များစွာ လိုက်ပါ​လာ​သည်​မှာ အဘယ်​သို့​နည်း။

ယောဟန်​မြင်​သည့်​အတိုင်း ကျိုင်းကောင်​များ​လွတ်​ထွက်​လာစဉ် “မီးဖို​ကြီး​ထဲ​က မီးခိုး​ပ​မာ” မီးခိုး​များစွာ လိုက်ပါ​လာသည်။ * ၁၉၁၉ ခုနှစ်​၌ ထိုသို့​ပင်​ဖြစ်​ခဲ့​သည်။ ယေဘုယျ​အားဖြင့် ခရစ်ယာန်ဘောင်​နှင့် လောကသား​များ​အဖို့ အခြေအနေ​မှာ မှောင်​ကျ​ခဲ့​သည်။ (ယောလ ၂:၃၀၊ ၃၁ နှိုင်းယှဉ်။) အမှန်​အားဖြင့် ယောဟန်​အတန်းအစား​ဖြစ်သော ထို​ကျိုင်းကောင်​များ လွတ်​လာ​ခြင်း​က ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု ရှုံးနိမ့်​ခြင်း​ကို​ပြ​၏။ သူတို့သည် နိုင်ငံတော်​လုပ်ငန်း​ကို ငြိမ်းသတ်​ရန် ဉာဏ်​နီ​ဉာဏ်​နက်​ထုတ်​၍ အကောက်​ကြံ​ခဲ့​ရုံ​မ​က ဘုရားသခင့်​နိုင်ငံတော်​ကို​ပါ ငြင်းပယ်​ခဲ့​လေ​ပြီ။ ကျိုင်းကောင်​အုပ်​က ဘုရား​ပေး​အာဏာကို ရယူ​ကျင့်သုံး​ကာ ပြင်းထန်သော စီရင်ချက်​ဆိုင်ရာ သတင်း​များ​ကို ကြွေးကြော်​သည်​နှင့်​အမျှ အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​အပေါ် မီးခိုး​နှင့်​တူသော ပိတ်​မည်း​ကြီး အထင်းသား လွှမ်း​အုပ်​လာ​သည်။ ဤ​လောက​၏ “အာကာသ​ကောင်းကင် [“လေ၊” က​ဘ] ၏​တန်ခိုး​ကို အစိုး​ရသော​မင်း” ကား ခရစ်ယာန်ဘောင်​၏ ဘုရား​ပင်​ဖြစ်​ကြောင်း ထုတ်ဖော်​ခံရ​သည်​နှင့်​အမျှ ခရစ်ယာန်ဘောင်​၏ ဟန်ပြ​ဉာဏ်​အလင်း​တည်း​ဟူသော “နေ” သည် ကြ​တ်​သွားပြီး “လေ” သည်လည်း ဘုရားသခင့်​စီရင်ချက် ကြွေးကြော်​မှုများ​ဖြင့် ပြည့်နှက်​သွား​သည်။​—ဧဖက် ၂:၂; ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉

လူကို​ညှဉ်းဆဲ​သော ထို​ကျိုင်းကောင်​များ

၉။ ထို​ကျိုင်းကောင်​များသည် အဘယ်​စစ်ဆင်ရေး ညွှန်ကြားချက်​များ ရ​ကြ​သနည်း။

ထို​ကျိုင်းကောင်​များသည် အဘယ်​စစ်ဆင်ရေး ညွှန်ကြားချက်​များ ရ​ကြ​သနည်း။ ယောဟန် ဤသို့​ပြန်ကြား​၏– “မြေကြီးပေါ်​မှ အပင်များ​နှင့် မည်သည့်​စိမ်း​သော​အရာ၊ မည်သည့်​သစ်ပင်ကို​မျှ ဥပဒ်​မပေး​ရန်၊ နဖူး​ပေါ်​၌ ဘုရားသခင့် တံဆိပ်​တော်​မပါ​သော လူ​တို့ကို​သာ​လျှင် ဥပဒ်​ပေး​ရန် သူတို့အား မှာကြား​၏။ ကျိုင်းကောင်​များ​အား ထို​လူ​တို့ကို သတ်​ပိုင်ခွင့် မပေး။ သူတို့ကို ငါး​လ​တာ ညှဉ်းဆဲ​ခွင့်​သာ ပေး​၏။ ထို​လူ​တို့​ခံရ​သော ညှဉ်းဆဲခြင်း​သည် ကင်းမြီးကောက် ကိုက်​ခံရ​သည့်​အခါ ခံစား​ရသော ညှဉ်းဆဲခြင်း​အလား ဖြစ်၏။ ထို​နေ့ရက်​များ​၌ ထို​လူတို့သည် သေခြင်းကို ရှာ​ကြလိမ့်မည်။ သို့သော် လုံးဝ​ရှာ၍ မ​တွေ့ရ​ကြ။ သေချင်​သော်လည်း သေခြင်း​သည် သူတို့​ထံ​မှ ထွက်ပြေး​လျက်​နေ​၏။”​ဗျာဒိတ် ၉:၄-၆

၁၀။ (က) အဓိက မည်သူ​များ​ကို ကပ်​တိုက်​ပြီး သူတို့​မည်သို့ ဖြစ်​ကြ​သနည်း။ (ခ) မည်သို့သော ညှဉ်းဆဲခြင်း​မျိုး ပါဝင်​သနည်း။ (အောက်ခြေမှတ်ချက်ကို​လည်း​ရှု။)

၁၀ ဤ​ကပ်ဘေး​သည် လူထု သို့​မဟုတ် သူတို့​ထဲ​က အထင်ကရ​ပုဂ္ဂိုလ်​များ တည်း​ဟူသော ‘မြေကြီးပေါ်​က အပင်​နှင့်​သစ်ပင်​များ’ အပေါ် ဦးစွာ​မကျရောက်​ကြောင်း သတိပြုပါ။ (ဗျာဒိတ် ၈:၇ နှိုင်းယှဉ်။) ကျိုင်းကောင်​များသည် နဖူး​ပေါ်​၌ ဘုရားသခင့်​တံဆိပ်​တော် မပါ​ရှိသောသူ​တို့ကို​သာ ဥပဒ်​ပြု​ရန်ဖြစ်​သည်။ ဤသူတို့​က မိမိတို့သည် တံဆိပ်​ခတ်​ခံရ​ပါ​သည်​ဟု ဆို​သော်လည်း သူတို့၏ ကိုယ်ရေး​မှတ်တမ်းက ထို​အဆို မမှန်​ကြောင်းကို​ပြ​၏။ (ဧဖက် ၁:၁၃၊ ၁၄) သို့​ဖြစ်၍ ဤ​ခေတ်​သစ် ကျိုင်းကောင်​များ​၏ လူကို​ညှဉ်းဆဲ​သည့် ဖွင့်ဟ​ချက်​စကား​များ​မှာ ဦးစွာ ခရစ်ယာန်ဘောင် ဘာသာရေး​ခေါင်းဆောင်​များ​အတွက် ဖြစ်သည်။ ဘဝင်မြင့်​သော ဤ​လူတို့သည် မိမိတို့​သိုးအုပ်​များ​ကို ကောင်းကင်​သို့ ခေါ်ဆောင်​မသွား​နိုင်​ရုံ​မ​က သူတို့​ကိုယ်တိုင်​လည်း ကောင်းကင်​ရောက်မည်​မဟုတ်​ဟူသော လူသိရှင်ကြား ကြေညာ​ချက်​ကို ကြား​ရသောအခါ မည်မျှ စိတ်​ဆင်းရဲ​ကြ​မည်​တကား။ * သူတို့သည် တကယ်​ပင် ‘မျက်​ကန်း​က မျက်​ကန်း​ကို လမ်းပြ’ ဆို​သလို​ဖြစ်၏။​—မဿဲ ၁၅:၁၄

၁၁။ (က) ကျိုင်းကောင်​များသည် ဘုရားသခင့်​ရန်သူများ​ကို မည်မျှ​ကြာကြာ ညှဉ်းဆဲ​ခွင့်​ရ​ကြ​ပြီး အဘယ်ကြောင့် တိုတောင်း​သော​ကာလ မဟုတ်​သနည်း။ (ခ) ညှဉ်းဆဲခြင်း မည်မျှ​ပြင်းထန်​သနည်း။

၁၁ ညှဉ်းဆဲခြင်း​သည် ငါး​လ​မျှ​ကြာရှည်​၏။ တိုတောင်း​သလော။ ပကတိ​ကျိုင်းကောင်​၏ ရှုထောင့်​မှ​ကြည့်​လျှင် မ​တို​ပါ။ ငါး​လ​ဆို​သည့်​အချိန်ပိုင်း​မှာ ထို​ပိုးကောင်​များ​၏ သာမန်​သက်တမ်း​ဖြစ်သည်။ ထို့​ကြောင့် ခေတ်​သစ်​ကျိုင်းကောင်​များ အသက်ရှင်​သမျှ​ကာလပတ်လုံး ဘုရားသခင့်​ရန်သူများ​ကို မပြတ်​ညှဉ်းဆဲ​ကြ​၏။ ထို​မျှ​မ​က ထို​ညှဉ်းဆဲခြင်း ပြင်းထန်​လှ​ရ​ကား လူတို့သည် သေ​လို​ကြ​၏။ မည်သူ​မည်ဝါ ကျိုင်းကောင်​ကိုက်​ခံရ​သဖြင့် သေကြောင်းကြံ​သည်​ဟူသော မှတ်တမ်းတင်​ချက် မရှိ​သည်​မှာ မှန်ပါသည်။ သို့သော် ထိုစကား​ကို​ထောက်​လျှင် ညှဉ်းဆဲခြင်း​ဝေဒနာ မည်မျှ​ပြင်းပြ​သည်ကို ကျွန်ုပ်​တို့ နားလည်​နိုင်၏​—ကင်းမြီးကောက်​များ အဆက်မပြတ် ကိုက်​ခြင်း​နှင့် မ​ခြား​ပါ။ ယေရမိ​ကြိုမြင်​သည့်​အတိုင်း အောင်နိုင်သူ ဗာဗုလုန်​လူ​တို့​ကြောင့် ကစဉ့်ကလျား ကွဲပြား​သွား​ကြ​မည့် သစ္စာမဲ့ ဣသရေလလူ​တို့​ခံရ​မည့် ဝေဒနာ​နှင့်​တူ​၏။ ထို​ဣသရေလလူ​တို့​အဖို့ သေခြင်းက သာ၍​နှစ်​လို့​ဖွယ်​ဖြစ်၏။​—ယေရမိ ၈:၃; ဒေသနာ ၄:၂၊ ၃ လည်း​ရှု။

၁၂။ ကျိုင်းကောင်​များသည် ခရစ်ယာန်ဘောင် ဘာသာရေး​ခေါင်းဆောင်​များ​ကို ဝိညာဉ်​ရေး​အရ ညှဉ်းဆဲ​နိုင်​သော်လည်း အဘယ်ကြောင့် အသေ​သတ်​ပိုင်ခွင့်​မရ​သနည်း။

၁၂ ဤ​သူများကို အသေ​သတ်​မည့်​အစား ဝိညာဉ်​ရေး​အရ ညှဉ်းဆဲ​ရန် အဘယ်ကြောင့် အခွင့်ပေး​သနည်း။ ၎င်း​သည် ခရစ်ယာန်ဘောင်​၏ မုသား​နှင့် ပျက်ကွက်မှု​များ​ကို ထုတ်ဖော်ခြင်း​၌ ပဏာမ​ကပ်ဘေး​သာ​ဖြစ်သည်။ နောက်ပိုင်း၌ သခင့်​နေ့​တော် ကြာမြင့်​လာ​သည်​နှင့်​အမျှ ခရစ်ယာန်ဘောင်​၏ သေနေ​သည့်​အဖြစ်​နှင့်​တူသော ဝိညာဉ်​ရေး​အခြေအနေ​ကို လူသိရှင်ကြား အကုန်အစင် ဖော်ထုတ်​ပါ​လိမ့်​မည်။ ဒုတိယ​ကပ်ဘေး​အတွင်း လူ​သုံးပုံတစ်ပုံ အသတ်ခံရ​လိမ့်​မည်။​—ဗျာဒိတ် ၁:၁၀; ၉:၁၂၊ ၁၈; ၁၁:၁၄

စစ်တိုက်​ရန် အသင့်ပြင်​ထားသော ကျိုင်းကောင်​များ

၁၃။ ကျိုင်းကောင်​များ ဘာ​အသွင်သဏ္ဌာန် ရှိ​သနည်း။

၁၃ ကျိုင်းကောင်​များ​၏ အဆင်းသဏ္ဌာန်​သည် ထူးခြား​လှ​သည်​တကား။ ယောဟန် ဤသို့​ဖော်ပြ​၏– “ထို​ကျိုင်းကောင်​တို့သည် စစ်တိုက်​ရန် အသင့်ပြင်​ထားသော မြင်းများ​အသွင်​ရှိကြ​၏။ သူတို့၏​ခေါင်း​ပေါ်​၌ ရွှေ​ကဲ့သို့​သော သရဖူ​များ ဆောင်း​ထား​သည်​နှင့်​တူ​၏။ သူတို့၏​မျက်နှာ​သည် လူ​မျက်နှာ​နှင့်​တူ​၏။ သို့သော် မိန်းမ​ဆံပင်​ကဲ့သို့​သော ဆံပင်​ရှိကြ​၏။ သူတို့၏​သွား​သည် ခြင်္သေ့​သွား​နှင့်​တူ​၏။ သံ​ရင်အုပ်တန်ဆာ​ကဲ့သို့​သော ရင်အုပ်တန်ဆာ​များ ရှိ၏။ သူတို့၏ အတောင်​ခတ်​သံ​သည် မြင်းများစွာ​က​၍ စစ်ပွဲ​သို့​စိုင်း​နှင်​သော စစ်ရထား​များ အသံ​နှင့်​တူ​၏။”​ဗျာဒိတ် ၉:၇-၉

၁၄။ ကျိုင်းကောင်​ဆိုင်ရာ ယောဟန်​၏​ဖော်ပြချက်​သည် ၁၉၁၉ ခုနှစ်​၌ အားသစ်​ရခဲ့​သော ခရစ်ယာန်​အုပ်စု​နှင့် အဘယ်ကြောင့် ကိုက်ညီ​သနည်း။

၁၄ ၎င်း​သည် ၁၉၁၉ ခုနှစ်​၌ အားသစ်​ရခဲ့​သော သစ္စာစောင့်​ခရစ်ယာန်​အုပ်စု​ကို မိမိ​ရ​ရ ပုံဖော်​သည်။ သူတို့သည် မြင်းများ​ပ​မာ စစ်တိုက်​ရန် အသင့်ရှိ​၏။ တမန်​တော်​ပေါလု ဖော်ပြ​သည့်​အတိုင်း သမ္မာတရား​အတွက် တိုက်ခိုက်​လို​သော​စိတ်ဇော ပြင်းပြ​လျက်​ရှိကြ​၏။ (ဧဖက် ၆:၁၁-၁၃; ၂ ကောရိန္သု ၁၀:၄) သူတို့၏​ခေါင်း​ပေါ်​တွင် ရွှေ​ကဲ့သို့​သော သရဖူ​များ ဆောင်း​ထား​သည်​နှင့် တူ​သည်ကို ယောဟန်​မြင်ရ​၏။ သူတို့သည် မြေကြီး​ပေါ်မှာ​ရှိ​စဉ် စတင်​အုပ်ချုပ်​ခြင်း မပြု​သေး​သောကြောင့် တကယ့်​သရဖူ ရှိဖို့​မသင့်​ပါ။ (၁ ကောရိန္သု ၄:၈; ဗျာဒိတ် ၂၀:၄) သို့သော် ၁၉၁၉ ခုနှစ်​၌​ပင် မင်း​ရော​င်​စိုး​ဝါ ရှိကြ​လေ​ပြီ။ သူတို့သည် ဘုရင့်​ညီတော်​များ ဖြစ်​ကြ​၏။ အဆုံးတိုင် တည်ကြည်​လျှင် သူတို့​အဖို့​သရဖူ​များ သိုထား​နှင့်​ပြီ။​—၂ တိမောသေ ၄:၈; ၁ ပေတရု ၅:၄

၁၅။ ကျိုင်းကောင်​များ​၏ (က) သံ​ရင်အုပ်တန်ဆာ၊ (ခ) လူ​မျက်နှာ​နှင့်​တူသော မျက်နှာ၊ (ဂ) မိန်းမ​ဆံပင်​နှင့်​တူသော ဆံပင်၊ (ဃ) ခြင်္သေ့​သွား​ကဲ့သို့​သော​သွား၊ (င) အသံများ​စွာ​ပြုခြင်း​တို့သည် ဘာကို​အသီးသီး ဆိုလို​သနည်း။

၁၅ ရူပါရုံ​၌ ကျိုင်းကောင်​များသည် သံ​ရင်အုပ်တန်ဆာ ရှိကြ​သဖြင့် ၎င်း​သည် မ​ဖြိုဖျက်​နိုင်သော ဖြောင့်မတ်ခြင်း​ကို အထိမ်းအမှတ်​ပြု​၏။ (ဧဖက် ၆:၁၄-၁၈) လူ​မျက်နှာ​လည်း​ရှိကြ​၏။ ၎င်း​သည် မေတ္တာ​ဟူသော အရည်အသွေးကို ပြညွှန်​၏။ လူကို မေတ္တာရှင်​ဘုရားသခင့် ပုံသဏ္ဌာန်​ဖြင့် ဖန်ဆင်း​ထားသော​ကြောင့်​တည်း။ (ကမ္ဘာဦး ၁:၂၆; ၁ ယောဟန် ၄:၁၆) သူတို့၏​ဆံပင်​သည် မိန်းမ​ဆံပင်​ကဲ့သို့​ရှည်​သဖြင့် သူတို့၏​ဘုရင် တွင်း​နက်​ကြီး​တမန်​ကို သူတို့​နာခံ​ကြောင်း ထိထိမိမိ​ပုံဆောင်​၏။ သူတို့၏​သွားများ​သည် ခြင်္သေ့​သွား​နှင့်​တူ​သည်။ ခြင်္သေ့​သည် အသားကို သွား​ဖြင့်​ကိုက်ဖြတ်​၏။ ၁၉၁၉ ခုနှစ်​မှ​စ၍ ယောဟန်​အတန်းအစား​သည် မာ​သော​ဝိညာဉ်​အစာကို တစ်ဖန်​ပြန်​စား​လာနိုင်​ကြသည်။ အထူးသဖြင့် “ယုဒ​အနွယ်​ဝင်​ခြင်္သေ့” ဖြစ်သော ယေရှု​ခရစ်​အုပ်ချုပ်​သည့် ဘုရားသခင့်​နိုင်ငံတော်​ဆိုင်ရာ သမ္မာတရား​များ​ကို စားသုံး​နိုင်​ကြပြီ။ ခြင်္သေ့​သည် သတ္တိ​ကို ပုံခိုင်း​သည့်​အတိုင်း ပြင်းထန်သော ဤ​သတင်းစကားကို အစာ​ခြေ​သလို ကြေညက်​စေ​၍ ပုံနှိပ်​ကာ တစ်ကမ္ဘာ​လုံး​နှံ့ပြား​အောင် ဖြန့်ဝေ​ရာ​၌ လိုအပ်သော​သတ္တိ​မှာ နည်းနည်း​နော​နော​မဟုတ်။ ခိုင်းနှိုင်း​ချက်​ဖြစ်သော ထို​ကျိုင်းကောင်​များသည် “မြင်းများ​စွာ​က​၍ စစ်ပွဲ​သို့​စိုင်း​နှင်​သော စစ်ရထား​များ​အသံ” အလား အသံများ​စွာ ပြု​ခဲ့​ကြသည်။ သူတို့သည် ပထမ​ရာစု ခရစ်ယာန်​များ​၏ နမူနာကို​လိုက်​သောကြောင့် တိတ်ဆိတ်​စွာ​နေ​ရန် မကြံရွယ်​ပါ။​—၁ ကောရိန္သု ၁၁:၇-၁၅; ဗျာဒိတ် ၅:၅

၁၆။ ကျိုင်းကောင်​များ​၌ “ကင်းမြီးကောက်​နှင့်​တူသော အမြီး​နှင့်​ဆူး​များ” ရှိ​ခြင်း​က အဘယ်​အဓိပ္ပာယ်​ထူး​ရှိ​သနည်း။

၁၆ ၎င်း​ဟောပြောခြင်းသည် စကား​ဖြင့်​သာ​မဟုတ်။ “ထို​မျှ​မ​က [သူတို့၌] ကင်းမြီးကောက်​နှင့်​တူသော အမြီး​နှင့်​ဆူး​များ​ရှိကြ​၏။ သူတို့၏​အမြီး​များ​၌ ထို​လူ​တို့ကို ငါး​လ​တိုင်တိုင် ဥပဒ်​ပြု​နိုင်သော အာဏာ​ရှိ၏။” (ဗျာဒိတ် ၉:၁၀) ဘာကို​ဆိုလို​နိုင်​သနည်း။ ယေဟောဝါသက်သေ​များသည် မိမိတို့၏ နိုင်ငံတော်​လုပ်ငန်း​ကို လုပ်ဆောင်​ရာ​၌ ဘုရားသခင့် နှုတ်ကပါဌ်တော်​ကို အခြေပြု​သော ခိုင်လုံ​သည့်​တင်ပြချက်​များ​ကို နှုတ်​အားဖြင့်လည်း​ကောင်း၊ ပုံနှိပ်​စာတမ်း​များ​အားဖြင့်လည်း​ကောင်း ကြေညာ​ကြသည်။ သူတို့၏ သတင်း​စကား​သည် ယေဟောဝါ​၏ လက်စားချေ​နေ့ ဆိုက်ကပ်​လာပြီ​ဟု သတိပေး​သောကြောင့် ကင်းမြီးကောက်​အလား အဆိပ်​ဆူး​ရှိသည်။ (ဟေရှာယ ၆၁:၂) ဝိညာဏ​ကျိုင်းကောင်​များ​၏ လက်ရှိ​မျိုးဆက် သက်တမ်း​မကုန်​မီ ယေဟောဝါ​၏​စီရင်ချက် ကြေညာ​ခြင်း​တည်း​ဟူသော သူတို့၏ ဘုရား​ပေး​လုပ်ငန်း ပြီးစီး​လိမ့်​မည်။ ခေါင်းမာ​သော ဘုရားတရား ပြစ်မှား​ပြောဆို​သူတို့ နာကျင်​ရ​လိမ့်​မည်။

၁၇။ (က) ၁၉၁၉ ခုနှစ်၊ ကျမ်းစာ​ကျောင်းသား​များ​၏ စည်းဝေးကြီး​၌ သူတို့၏ သက်သေခံခြင်း​ဆူး​ကို ပို​၍​ပြင်းထန်​စေသော အဘယ်အရာကို ထုတ်ဝေ​လိုက်​ကြောင်း ကြေညာ​ခဲ့​သနည်း။ (ခ) ဓမ္မ​ဆရာများ မည်သို့​ညှဉ်းဆဲ​ခံရ​ပြီး မည်သို့​တုံ့ပြန်​ကြ​သနည်း။

၁၇ ကျိုင်းကောင်​အုပ်စု​သည် မိမိတို့၏ ၁၉၁၉ ခုနှစ်​စည်းဝေးကြီး​၌ ရွှေခေတ် အမည်​ရှိ မဂ္ဂဇင်း​သစ်​ကို ထုတ်ဝေ​လိုက်​ကြောင်း ကြေညာ​သောအခါ ပျော်မြူး​ခဲ့​ကြ​၏။ ၎င်း​သည် နှစ်ပတ်​တစ်ကြိမ်​ထုတ်​ဖြစ်၍ သူတို့၏ သက်သေခံ​လုပ်ငန်း​၏​ဆူး​ကို ပို​၍​စူးရှ​စေရန်​ဖြစ်သည်။ * ၎င်း​၏ ၁၉၂၀၊ စက်တင်ဘာ​လ ၂၉ ရက်ထုတ်၊ အမှတ် ၂၇ က ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ ၁၉၁၈-၁၉ ခုနှစ်​အတွင်း အမေရိကန်​ပြည်​၌ ကျမ်းစာ​ကျောင်းသား​များ​အား နှိပ်စက်​ညှဉ်းပန်း​ရာ​၌ ကလိမ်ကျ​ခဲ့​ပုံ​ကို ဖော်ထုတ်​လိုက်​သည်။ ဓမ္မ​ဆရာ​အုပ်စု စဉ်းလဲ​စွာ​နိုင်ငံရေး​ကစား​ခဲ့​ပုံ၊ အထူးသဖြင့် ကက်သလစ် ဂိုဏ်းအုပ်​ဘုန်းကြီး​အဖွဲ့က ဖက်ဆစ်​နှင့်​နာဇီ အာဏာရှင်​များနှင့် ချစ်ကြည်ရေး​စာချုပ် ချုပ်​ခဲ့​ကြ​ပုံ​ကို ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ​တစ်လျှောက် အဆိပ်​ဆူး​ကဲ့သို့​သော ဆောင်းပါး​များ​ဖြင့်​တစ်မျိုး၊ ရုပ်​ပြောင်​များ​ဖြင့်​တစ်​ဖုံ ရွှေခေတ်​က ထပ်ဆင့်၍​အထုပ်​ဖြေ​ကာ သူတို့ကို ညှဉ်းဆဲ​ခဲ့​သည်။ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​က​လည်း ‘ဥပဒေ​ဖြင့်​အမှု​ဆင်​ပြီး ချောက်တွန်း’ ၍​တစ်​ဖုံ၊ လူအုပ်စု​အကြမ်းဖက်မှု​ဖြင့် ဘုရားသခင့်​လူမျိုး​ကို တိုက်ခိုက်​၍​တစ်​သွယ် တုံ့ပြန်​ခဲ့​ကြသည်။​—ဆာလံ ၉၄:၂၀King James Version.

ကမ္ဘာ့​မင်း​စိုး​ရာဇာ​များ​အား သတိပေး​ခြင်း

၁၈။ ကျိုင်းကောင်​များ အဘယ်​အလုပ်လုပ်​ရန်​ရှိပြီး ပ​ဉ္စ​မ တံပိုးခရာ​မှုတ်​သည်​နှင့် ဘာဖြစ်​ပျက်​သနည်း။

၁၈ ခေတ်​သစ်​ကျိုင်းကောင်​များ ဆောင်ရွက်ရန် လုပ်ငန်း​တစ်ရပ်​ရှိသည်။ နိုင်ငံတော်​သတင်းကောင်းကို ဟော​ရမည်။ အမှား​ကို ဖော်ထုတ်​ရမည်။ ပျောက်သော​သိုးများ​ကို ရှာ​ရမည်။ ဤ​အလုပ်များ​ကို ကျိုင်းကောင်​များ လုပ်ဆောင်​သည်​နှင့်​အမျှ လောကသား​များလည်း မ​မှု​ချင်​ဘဲ​မှု​လာ​ရ​ကြသည်။ ယောဟန်​အတန်းအစား​သည် ကောင်းကင်တမန်​များ​၏ တံပိုးခရာ​မှုတ်​ချက်​ကို နာခံ​လျက် ခရစ်ယာန်ဘောင်​အား ယေဟောဝါ​၏ စီရင်ချက်​ခံထိုက်​သူ​အဖြစ် အဆက်မပြတ် ဖော်ထုတ်​လာ​ခဲ့​သည်။ ပ​ဉ္စ​မ​တံပိုးခရာ​မှုတ်ခြင်း​ကို တုံ့ပြန်​သည့်​အနေ​နှင့် ၎င်း​စီရင်ချက်​များ​၏ တစ်ခန်း​တစ်​ကဏ္ဍ​ကို ၁၉၂၆၊ မေလ ၂၅-၃၁ ရက်၊ အင်္ဂလန်​နိုင်ငံ လန်ဒန်​မြို့ ကျမ်းစာ​ကျောင်းသား​များ​၏ စည်းဝေးကြီး​တွင် အလေးအနက် တင်ပြ​လိုက်​သည်။ ၎င်း​က “လောကီ​မင်း​များ​ရှေ့ သက်သေ​ထွက်ဆို​ခြင်း” ဟူသော​သန္နိ​ဋ္ဌာန်​တစ်ချက်​ကို တင်ပြ​ခဲ့​ကြ​ပြီး တော်ဝင် အဲလ်ဘတ် ခန်းမဆောင်​၌ “ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များ ယိမ်းထိုး​ရခြင်း​အကြောင်း​နှင့် ယင်း​အတွက် ကုစား​ချက်” ဟူသော လူထု​ဟောပြောချက်ကို​လည်း တင်ပြ​ခဲ့​သည်။ နောက်​တစ်ရက်​၌ ၎င်း​သန္နိ​ဋ္ဌာန်​နှင့် ဟောပြောချက်​တို့၏ စာသား​ကိုလည်း ထိပ်သီး လန်ဒန်​သတင်းစာ​တစ်စောင်​တွင် အပြည့်အစုံ ရေးသား​ဖော်ပြ​လိုက်​သည်။ ၎င်းနောက် ကျိုင်းကောင်​အုပ်စု​က ထို​သန္နိ​ဋ္ဌာန်​ကို ဝေစာ​အဖြစ် စောင်ရေ သန်း ၅၀ ကမ္ဘာ​တစ်ဝန်း ဖြန့်ဝေ​လိုက်​ရာ​—ဓမ္မ​ဆရာများ​အဖို့ တကယ့်​ညှဉ်းဆဲ​မှု​တစ်ရပ် ဖြစ်​ခဲ့​သည်။ နှစ်များ​စွာ​နောက်​၌​ပင် အင်္ဂလန်​နိုင်ငံသား​များသည် အဆိပ်​ဆူး​တ​မျှ​သော ထို​အပြစ်​ဖော်ထုတ်​ချက်​အကြောင်း ပြော​၍​မကုန်​သေး။

၁၉။ ပုံခိုင်း​ချက်​ဖြစ်သော ကျိုင်းကောင်​များသည် အဘယ်​စစ်ဆင်ရေး​ကိရိယာ ထပ်ဆင့်​ရရှိကြ​ပြီး ၎င်း​က လန်ဒန်​ကြေညာ​စာတမ်း​နှင့် ပတ်သက်​၍ ဘာ​ပြော​သနည်း။

၁၉ ၎င်း​စည်းဝေးကြီး​၌ ပုံခိုင်း​ချက်​ဖြစ်သော ကျိုင်းကောင်​များသည် စစ်ဆင်ရေး​ကိရိယာ နောက်ထပ်​ရရှိ​၏။ အထူးသဖြင့် ကယ်လွှတ်​ခြင်း အမည်​ရှိ​စာအုပ်​ဖြစ်၏။ ယင်း​စာအုပ်​က ၁၉၁၄ ခုနှစ်​၌ ‘သား​ယောက်ျား’ အစိုးရ​ဖြစ်သည့်၊ ခရစ်တော်​၏ ကောင်းကင်​နိုင်ငံတော် ဖွားမြင်​ကြောင်း သက်သေပြ​သော နိမိတ်​လက္ခဏာ​အကြောင်းကို ကျမ်းချက်​အထောက်အထား​ဖြင့် ဆွေးနွေး​တင်ပြ​၏။ (မဿဲ ၂၄:၃-၁၄; ဗျာဒိတ် ၁၂:၁-၁၀) ၎င်းနောက် ၁၉၁၇ ခုနှစ်​တွင်​ဖြန့်ချိ​သော ကြေညာ​စာတမ်း​ကို ကိုးကား​၏။ ၎င်း​စာတမ်း​ကို “ကမ္ဘာ့​အထင်ပေါ်ဆုံး တရားဟော​ဆရာများ​ထဲ​က” ဟု​ဖော်ပြ​ခံရ​သော ဓမ္မ​ဆရာ​ရှစ်ဦး လက်မှတ်​ရေးထိုး​ခဲ့​သည်။ သူတို့သည် ထိပ်သီး​ပရိုတက်စတင့် ဂိုဏ်းဂဏ​များ​ဖြစ်​ကြသော နှစ်ခြင်း၊ ကော​န်​ဂ​ရီ​ဂေး​ရှင်း​နဲ​လ်၊ ပ​ရက်​စ​ဘ​စ်​တဲ​ရီး​ယန်း၊ အီ​ပစ်​စ်​က​ပေး​လျံ​နှင့် မက်သဒစ်​စ်​အသင်းများ​ကို ကိုယ်စား​ပြု​ကြသည်။ ၎င်း​ကြေညာ​စာတမ်း​က “မျက်မှောက်​ပြဿနာ​သည် တစ်ပါး​အမျိုးသားများ​ကာလ ကုန်ဆုံး​တော့​မည်​ဖြစ်​ကြောင်း၊” “သခင့်​ပေါ်ထွန်းခြင်း​ကို အချိန်မရွေး မျှော်လင့်​နိုင်​ကြောင်း” ကြွေးကြော်​ထား​သည်။ မှန်​ပေ​သည်။ ထို​ဓမ္မ​ဆရာများ​သည် ယေရှု၏​ရောက်ရှိခြင်း နိမိတ်​လက္ခဏာကို သတိပြုမိ​ကြ​ပါ​သည်။ သို့သော် ၎င်းနှင့်​ပတ်သက်​၍ တစ်စုံတစ်ရာ လုပ်ကိုင်​လို​သလော။ ကယ်လွှတ်​ခြင်း စာအုပ်​က ဤသို့​ဆို​၏– “အထူး​ဆန်း​ဆုံး​အချက်​မှာ ထို​ကြေညာ​စာတမ်းကို လက်မှတ်​ရေးထိုး​သော ပုဂ္ဂိုလ်​များ​ကိုယ်တိုင် ၎င်းကို​ပယ်ချ​လိုက်ပြီး ကမ္ဘာ့​ဆုံးခန်း​နှင့် သခင့်​ဒုတိယ ရောက်ရှိ​ရာ​နေ့ရက်​များ​အတွင်း ကျွန်ုပ်​တို့​ရှိနေကြောင်း သက်သေပြ​သော အထောက်အထားကို ငြင်းပယ်​လိုက်​သည်။”

၂၀။ (က) ဓမ္မ​ဆရာများ​သည် ကျိုင်းကောင်​အုပ်စု​နှင့် ၎င်းတို့၏​ဘုရင်​နှင့်​ပတ်သက်ပြီး ဘာကို​ရွေးချယ်​ခဲ့​သနည်း။ (ခ) ကျိုင်းကောင်​အုပ်စု အထက်​၌ မည်သူ​ရှိသည်​ဟု ယောဟန်​ဆို​သနည်း။ သူ့​အမည်​ကား အဘယ်နည်း။

၂၀ ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် လာ​လတ္တံ့​သော ဘုရားသခင့်​နိုင်ငံတော်​ကို ကြေညာ​မည့်​အစား စာတန့်​လောက​နှင့်အတူ နေရစ်​ရန် ရွေးချယ်​လိုက်ပြီ။ ကျိုင်းကောင်​အုပ်စု​နှင့် ၎င်းတို့၏​ဘုရင်​နှင့် လုံးဝ​မဆက်ဆံ​လို။ ထို​ဘုရင်​နှင့်​ပတ်သက်​၍ ယောဟန်​ဤသို့​ဆို​၏– “သူတို့​အထက်​၌ ဘုရင်​တစ်ပါး ရှိ၏။ ထို​ဘုရင်​ကား တွင်း​နက်​ကြီး​၏ ကောင်းကင်တမန် ဖြစ်၏။ သူ၏​အမည်​မှာ ဟေဗြဲ​ဘာသာ​အားဖြင့် အဗဒ္ဒုန် [“ဖျက်ဆီးခြင်း” အနက်​ရှိသည်]၊ ဂရိ​ဘာသာ​အားဖြင့် အပေါ​လျုန် [“ဖျက်ဆီး​သူ” အနက်​ရှိသည်] ဖြစ်​သတည်း။” (ဗျာဒိတ် ၉:၁၁) ယေရှုသည် “တွင်း​နက်​ကြီး​၏ ကောင်းကင်တမန်၊” “ဖျက်ဆီး​သူ” အနေ​နှင့် ခရစ်ယာန်ဘောင်​ကို တကယ်​ပင် အမင်္ဂလာ​ဖြင့် ကပ်​တိုက်​ခဲ့​သည်။ သို့သော် နောက်ထပ်​လာရန်​ရှိသေး၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ထို​ပိုးကောင်​များ​အား မြင်းရထား​ကဲ့သို့ အသံပြု​သည့် မြင်းများ၊ လူမျိုးများ​နှင့် လူများ​အဖြစ် ဖော်ပြ​သော ယောလ ၂:၄၊ ၅၊ ကို ဗျာဒိတ် ၉:၇-၉ နှင့်​နှိုင်းယှဉ်ပါ။ ထို့​ပြင် ပိုးကောင်​ကပ်​ကြောင့် ခံရ​သော​နာကျင်မှု​အကြောင်းကို ဖော်ပြ​သည့် ယောလ ၂:၆၊ ၁၀ ကို ဗျာဒိတ် ၉:၂၊ နှင့်​နှိုင်းယှဉ်ပါ။

^ အပိုဒ်၊ 4 ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] မှ “စီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်း​၌ လူမျိုးခြား​တို့ကို စည်းလုံးစွာ ဆန့်ကျင်​တိုက်ခိုက်​ခြင်း” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 8 တွင်း​နက်​ကြီး​သည် ငရဲ​မီး​တစ်မျိုး​ဖြစ်သည့်​အလား တွင်း​နက်​ကြီး​ထဲ​၌ မီး​ရှိသည်​ဟူသော​အဆိုကို သက်သေပြ​ရန် ဤ​ကျမ်းချက်​ကို မ​သုံးနိုင်​ကြောင်း သတိပြုပါ။ ယောဟန်​က မီးဖို​ကြီး​ထဲ​က မီးခိုး “ပ​မာ” သို့​မဟုတ် မီးခိုး​နှင့်​တူသော ထူ​ပိန်း​သည့်​မီးခိုး​ကို မိမိ​မြင်ရ​သည်​ဟု​ဆို​၏။ (ဗျာဒိတ် ၉:၂) တွင်း​နက်​ကြီး​ထဲ​၌ တကယ့်​မီးလျှံ​ကို မြင်ရ​သည်​ဟု မဆို​ပါ။

^ အပိုဒ်၊ 10 ဤ​နေရာ၌​သုံး​သော ဂရိ​စကားလုံး​သည် တစ်ခါတစ်ရံ ပကတိ​နှိပ်စက်ခြင်း​ကို ရည်ညွှန်း​၍ အသုံးပြုသည့် ba·​sa·​niʹ​zo (ဘ​စနစ်​ဇိုး) ဟူသော​ရင်းမြစ်​မှ ဆင်းသက်​သည်။ သို့ရာတွင် စိတ်​ဆင်းရဲခြင်း​ကိုလည်း ရည်ညွှန်း​၍​သုံးနိုင်​သည်။ ဥပမာ လောတ​သည် သောဒုံ​မြို့၌ ဆိုးသွမ်းမှု​ကို​မြင်​၍ ‘မိမိ​ဖြောင့်မတ်​သော စိတ်နှလုံး ပြင်းစွာ​ညှဉ်းဆဲ​ခံရ​သည်’ ဟု ၂ ပေတရု ၂:၈ ၌ ဖတ်​ရသည်။ တမန်​တော်​များ​ခေတ်​က ဘာသာရေး​ခေါင်းဆောင်​များလည်း စိတ်​ညှဉ်းဆဲခြင်း ခံရ​ကြသည်။ သို့သော် လောတ​ခံရ​သော ညှဉ်းဆဲခြင်း​အကြောင်းရင်း​နှင့် လုံးဝ​မတူ​ပါ။

^ အပိုဒ်၊ 17 ၎င်း​မဂ္ဂဇင်း​ကို ၁၉၃၇ ခုနှစ်​၌ နှစ်သိမ့်မှု ဟူ၍လည်း​ကောင်း၊ ၁၉၄၆ ခု​၌ နိုးလော့! ဟူ၍လည်း​ကောင်း အမည်​ပြောင်း​ခဲ့​သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄၃ ပါ ရုပ်ပုံ]

ပ​ဉ္စ​မ​တံပိုးခရာ​မှုတ်​လိုက်​ရာ အမင်္ဂလာ သုံးခု​အနက် ပထမ အမင်္ဂလာ​စတင်

[စာမျက်နှာ ၁၄၆ ပါ ရုပ်ပုံ]

ရှင်ဘုရင်​၏​မြား​တော်​တို့သည် ရန်သူ​တို့၏​နှလုံး​ထဲမှာ ထက်​လျက်​ရှိ၏။ (ဆာလံ ၄၅:၅) ဤ​ပုံစာ​ပါ​သော ကာတွန်း​မျိုး များစွာကို ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် ထုတ်ဝေ​ခဲ့​ရာ “ဘုရားသခင့် တံဆိပ်​တော် မပါ​သော​လူ​တို့” ကို စူးရှ​နာကြည်း​စေ​ခဲ့

[စာမျက်နှာ ၁၄၇ ပါ ရုပ်ပုံ]

တော်ဝင် အဲလ်ဘတ် ခန်းမဆောင်​တွင် ကယ်လွှတ်​ခြင်း အမည်​ရှိ​စာအုပ် ထုတ်ဝေ​ခဲ့​၍ “လောကီ​မင်း​များ​ရှေ့ သက်သေ​ထွက်ဆို​ခြင်း” ဟူသော သန္နိ​ဋ္ဌာန်​ကို ချ​ခဲ့​ကြ