မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း

ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း

အခန်း ၃၇

ဗာဗုလုန်​၏ ဇာတ်သိမ်း​အတွက် ငိုကြွေးခြင်း​နှင့် ဝမ်းမြောက်ခြင်း

၁။ “မြေကြီး​ဘုရင်​တို့” သည် မဟာ​ဗာဗုလုန် ရုတ်တရက်​ပျက်စီး​သည်ကို မည်သို့​တုံ့ပြန်​ကြ​မည်​နည်း။

ဗုလုန် ဇာတ်သိမ်း​ခြင်း​သည် ယေဟောဝါ​၏ လူမျိုးတော်​အဖို့ သတင်းကောင်း​ဖြစ်သော်လည်း လူမျိုးများ​အနေ​နှင့် မည်သို့​မြင်ကြ​သနည်း။ ယောဟန်​က ဤသို့​ဆို​၏– “သူနှင့် မတရားသော​မေထုန်ပြု​၍ အရှက်​မရှိ​ဇိမ်​ယစ်​သော မြေကြီး​ဘုရင်​တို့သည် သူ့ကို ကျွမ်းလောင်​သော​မီး​မှ မီးခိုး​ကို မြင်​သောအခါ သူ့​အတွက်​ကြောင့် ရင်ဘတ်​စ​ည်​တီး​၍ ဝမ်းနည်း​ပက်လက် ငိုကြွေး​ကြလိမ့်မည်။ သူတို့သည် သူ​ခံရ​သော ညှဉ်းဆဲခြင်း​ကို ကြောက်ရွံ့​သဖြင့် အဝေး​မှ​ရပ်​လျက် ‘အသင်​မြို့ကြီး၊ ခိုင်ခံ့​သော အသင်​ဗာဗုလုန်​မြို့၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အကြောင်း​မှာ သင်၏​တရား​စီရင်ခြင်း​သည် တစ်​နာရီ​အတွင်း ရောက်လာ​သည်​တကား’ ဟု​ဆို​ကြလိမ့်မည်။”​ဗျာဒိတ် ၁၈:၉၊ ၁၀

၂။ (က) နီ​မြန်း​သော​သားရဲ​၏ ပုံဆောင်​ဦးချို​ဆယ်ချောင်း​က မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​သည်​ဖြစ်​ရာ သူ​ဇာတ်သိမ်း​သည်ကို “မြေကြီး​ဘုရင်​တို့” အဘယ်ကြောင့်​ပူဆွေး​ကြ​သနည်း။ (ခ) ပူဆွေး​ဝမ်းနည်း​သော ဘုရင်​တို့သည် အဘယ်ကြောင့် မြို့​ပျက်​နှင့်​ခွာ​၍ အဝေး​တွင်​ရပ်​ကြ​သနည်း။

ဗာဗုလုန်​ကို နီ​မြန်း​သော​သားရဲ​၏ ပုံဆောင်​ချိုဆယ်ချောင်း​က ဖျက်ဆီး​သည်​ဖြစ်​ရ​ကား လူမျိုးများ​အနေ​ဖြင့် ထိုသို့​ခံစား​ကြ​ရသည်မှာ အံ့ဩစရာ​ပင်။ (ဗျာဒိတ် ၁၇:၁၆) သို့ရာတွင် ဗာဗုလုန်​မရှိတော့​သည့်​အခါ၊ လူထု​ကို​ငြိမ်​ဝပ်​စေပြီး အောက်ကျို့​နာခံ​စေ​ရာ​၌ အလွန်​အသုံးဝင်​ကြောင်း “မြေကြီး​ဘုရင်​တို့” သိရ​ကြလိမ့်မည်။ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် စစ်​ကို သန့်ရှင်း​မြင့်မြတ်​သော​အရာ​ဖြစ်သည်ဟု ကြွေးကြော်​ခဲ့​ကြပြီ၊ စစ်သား​များ​ကို စုဆောင်း​ပေး​ခဲ့​ကြပြီ၊ လူငယ်များ​အား တရား​ချ​၍ ရှေ့တန်း​သို့​ပို့​ခဲ့​ကြ​လေ​ပြီ။ ဘာသာ​တရားသည် သန့်ရှင်းခြင်း​တည်း​ဟူသော ပိတ်ကား​ကို​ထူ​ပြီး စာရိတ္တ​ဖောက်ပြန်သော အုပ်စိုးရှင်​တို့​က ၎င်း​ပိတ်ကား​နောက်ကွယ်​မှ​နေ၍ သာမန်​ပြည်သူ​တို့ကို ဖိနှိပ်​ခဲ့​ကြပြီ။ (ယေရမိ ၅:၃၀၊ ၃၁; မဿဲ ၂၃:၂၇၊ ၂၈ နှိုင်းယှဉ်။) သို့ရာတွင် ဝမ်းနည်း​ကြေကွဲ​သော ဤ​ဘုရင်​တို့သည် ယခု ၎င်း​မြို့​ပျက်​နှင့် ခပ်​လှမ်း​လှမ်း​ခွာ​၍ ရပ်နေ​ကြ​ကြောင်းကို သတိပြုပါ။ သူ၏​အနား​သို့​ကပ်​လာပြီး အကူအညီ​မပေး​ကြ​ပါ။ သူ သေ​ပျောက်​သွား​သည်ကို ဝမ်းနည်း​ကြသော်လည်း သူ့​အတွက် စွန့်စား​လောက်​အောင် ဝမ်း​မနည်း​ကြ​ပါ။

ကုန်သည်​များ ငိုကြွေး​မြည်တမ်း​ကြ

၃။ မဟာ​ဗာဗုလုန် ကွယ်ပျောက်​သည်ကို မည်သူ​လည်း ဝမ်းနည်း​သနည်း၊ အဘယ်ကြောင့်​ဟု ယောဟန်​ဆို​သနည်း။

မြေကြီး​ဘုရင်​များ​သာ မဟာ​ဗာဗုလုန် ကွယ်လွန်​သည်ကို ဝမ်းနည်း​တ​သ​ကြသည်​မဟုတ်။ “၎င်း​ပြင်၊ မြေကြီးပေါ်​မှ နယ်လှည့်​ကုန်သည်​များသည် သူတို့၏ ကုန်ပစ္စည်း​များ​ကို ဝယ်​မည့်​သူ မရှိတော့​၍ သူ့​အတွက်​ကြောင့် ဝမ်းနည်းပူဆွေး ငိုကြွေး​မြည်တမ်း​ကြ​၏။ ၎င်း​ကုန်ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရတနာ၊ ပုလဲ၊ လျှော်​ချော​ထ​ည်၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ နီ​မြန်း​သော​အထည်၊ သစ်​မွှေး​ပစ္စည်း​အမျိုးစုံ၊ ဆင်​စွယ်​ပစ္စည်း​အမျိုးစုံ၊ အဖိုးအတန်ဆုံး​သစ်၊ ကြေးနီ၊ သံ​နှင့် စ​ကျင်​ကျောက်​တို့​ဖြင့် ပြုလုပ်​သည့် ပစ္စည်း​အမျိုးစုံ၊ ၎င်း​ပြင်၊ သစ်​ကြံ​ပိုး၊ အိန္ဒိယ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်​ရည်၊ သံလွင်ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်​နှင့် လူ့​အသက်​များ ဖြစ်​ကြသည်။ မှန်​ပေ​သည်၊ သင်​တောင့်တ​သည့် အရည်​ရွှမ်း​သော အသီးများ​သည် သင် [မဟာ​ဗာဗုလုန်] နှင့် ဝေး​သွား​လေ​ပြီ။ ချိုမြိန်​သော​စားစရာ​နှင့် လှပ​တင့်တယ်​သော​အရာ ရှိသမျှ​တို့သည် သင့်​အထဲ​မှ ပျောက်ပျက်​ကုန်ပြီ။ လူတို့သည် ၎င်းတို့ကို ဘယ်တော့​မျှ တွေ့ရ​တော့​မည်​မဟုတ်။”​ဗျာဒိတ် ၁၈:၁၁-၁၄

၄။ မဟာ​ဗာဗုလုန်​ဇာတ်သိမ်း​သည်ကို “နယ်လှည့်​ကုန်သည်​များ” အဘယ်ကြောင့် ငိုကြွေး​မြည်တမ်း​ကြ​သနည်း။

မှန်​ပေ​သည်၊ မဟာ​ဗာဗုလုန်​သည် ချမ်းသာ​သော​ကုန်သည်​များ​၏ ရင်းနှီးသော​မိတ်ဆွေ၊ ဖောက်သည်​ကောင်း​တစ်ဦး​ဖြစ်၏။ ဥပမာ၊ ခရစ်ယာန်ဘောင်​မှ ဘုန်းကြီး​ကျောင်း၊ သီလရှင်​ကျောင်း​နှင့် ဘုရား​ရှိခိုး​ကျောင်း​များသည် ရာစုနှစ်များစွာ​တစ်လျှောက် ရွှေငွေ​ကျောက်​မျက်​ရတနာ၊ အဖိုးတန်​သစ်​နှင့် အခြားသော​ဓန​ဥစ္စာ​အမျိုးမျိုးကို တောင်ပုံရာပုံ စုဆောင်း​လာ​ခဲ့​သည်။ ထို့​ပြင် ဘာသာရေး​သည် ခရစ်တော်​၏ အသရေ​ကို​ရှုတ်ချ​သော ခရစ္စမတ်​နှင့် သန့်ရှင်း​သည်​ဆို​သော အခြား​အခါကြီးရက်ကြီး ပွဲသဘင်​များနှင့်​ဆက်စပ်​သည့် အလုအယက်​ဝယ်ခြမ်း​ခြင်း​နှင့် သောက်ကြူး​ပျော်မြူး​ခြင်း​တို့ကို ကောင်းချီး​ပေး​ခဲ့​ကြပြီ။ ခရစ်ယာန်ဘောင် သာသနာပြု​များသည် ဝေးလံ​သော​နိုင်ငံ​ဒေသ​များ​သို့ ထိုးဖောက်​၍ အရောက်သွား​ကာ ဤ​လောက​၏ “နယ်လှည့်​ကုန်သည်​များ” အတွက် ဈေးကွက်​များ ဖွင့်လှစ်​ပေး​ခဲ့ပြီ။ ၁၇ ရာစု​ခေတ်​က ဂျပန်​နိုင်ငံ​၌ ကုန်သည်​များနှင့်​အတူ ရောက်ရှိ​လာသော ကက်သလစ်​ဘာသာသည် ပ​ဒေသ​ရာ​ဇ်​စစ်ပွဲ​တွင်​ပင် ပါဝင်​တိုက်ခိုက်​ခဲ့​သည်။ အို​ဆာ​ကာ​ရဲတိုက်​အောက်​၌ တိုက်ခိုက်​ခဲ့​သော အဆုံးအဖြတ်​ပေး​သည့် စစ်ပွဲ​အကြောင်းကို ဗြိတိန် စွယ်စုံ​ကျမ်း​က ဤသို့​ဖော်ပြ​၏– “တို​ကူ​ဂါ​ဝါ​တပ်​များသည် စပိန်​နိုင်ငံ​၏ နာ​ယ​က​သူတော်စင် ကယ်တင်ရှင် စိန့်​ဂျိမ်းစ်​၏​ရုပ်ပုံ​နှင့် လက်ဝါးကပ်တိုင် ရေးထိုး​ထား​သည့် တံခွန်​များ​ကို ကိုင်ဆောင်​သော ရန်သူများ​အား တိုက်ခိုက်​ကြ​ရ၏။” အောင်ပွဲခံ​သူတို့သည် ကက်သလစ်​ဘာသာ​ကို နှိပ်စက်​ညှဉ်းပန်း​၍ ဂျပန်​နိုင်ငံ​မှ ပျောက်ကွယ်​လု​မတတ်​ဖြစ်အောင် ချေမှုန်း​ခဲ့​သည်။ ထို့​အတူ၊ ယနေ့ ချာ့ခ်ျ​သည် လောကီ​ရေးရာ​များ​၌ ပါဝင်ခြင်း​ဖြင့် မိမိ​အပေါ်​သို့ ကောင်းချီး​များ သက်ရောက်​စေမည်​မဟုတ်။

၅။ (က) ကောင်းကင်​မှ​စကားသံ​က “နယ်လှည့်​ကုန်သည်​များ” ၏​ငိုကြွေး​မြည်တမ်း​ခြင်း​အကြောင်းကို မည်သို့​ဆက်လက်​ဖော်ပြ​သနည်း။ (ခ) အဘယ်ကြောင့် ကုန်သည်​များလည်း “အဝေးက​ရပ်” ကြ​သနည်း။

ကောင်းကင်​မှ​စကားသံ​က ဤသို့​ဆက်၍​ဆို​၏– “၎င်း​ကုန်ပစ္စည်း​များ​ကို ရောင်းဝယ်​ဖောက်​ကား​၍ သူ့​ကြောင့် ချမ်းသာ​ကြွယ်ဝ​လာသော နယ်လှည့်​ကုန်သည်​တို့သည် သူ​ခံရ​သော ညှဉ်းဆဲခြင်း​ကို ကြောက်​ရွံ​သဖြင့် အဝေးက​ရပ်​ပြီး ဝမ်းနည်းပူဆွေး ငိုကြွေး​မြည်တမ်း​လျက် ‘လျှော်​ချော​ထ​ည်၊ ခရမ်းရောင်​အထည်​နှင့် နီ​မြန်း​သော​အထည်​များ​ကို ဝတ်ဆင်​လျက် ရွှေ​တန်ဆာ၊ ကျောက်​မျက်​ရတနာ​နှင့် ပုလဲ​တို့ကို ပြိုး​ပြိုး​ပြောင်​ပြောင် ဆင်ယင်​ဝတ်စား​ထားသော​မြို့ကြီး၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း။ အကြောင်း​မှာ ထို​မျှ​ကြွယ်ဝသော စည်းစိမ်ဥစ္စာ​သည် တစ်​နာရီ​အတွင်း ဆုံးရှုံး​ရသည်​တကား’ ဟု​ဆို​ကြလိမ့်မည်။” (ဗျာဒိတ် ၁၈:၁၅-၁၇ခ) မဟာ​ဗာဗုလုန် ဖျက်ဆီး​ခံရ​သဖြင့် “ကုန်သည်​တို့” သည် ထို​စီးပွား​ဖက် ဆုံးရှုံး​ရသည့်​အတွက် ငိုကြွေး​ကြ​၏။ သူတို့​အဖို့ တကယ်​ပင် “အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း။” သို့သော် သူတို့​ငိုကြွေး​ကြသည်​မှာ လုံးလုံးလျားလျား ကိုယ်ကျိုး​အတွက်​ဖြစ်​ပြီး သူတို့သည် ဘုရင်​များ​နည်းတူ “အဝေးက​ရပ်” နေကြ​ကြောင်း သတိပြုပါ။ မဟာ​ဗာဗုလုန်​၏ အနား​သို့​ချဉ်းကပ်​ပြီး အကူအညီ​မပေး​ကြ​ချေ။

၆။ ကောင်းကင်​မှ​စကားသံ​က သင်္ဘော​မာ​လိ​န်မှူး​နှင့် သင်္ဘောသား​များ​၏ ငိုကြွေးခြင်း​အကြောင်းကို မည်သို့​ဖော်ပြ​သနည်း၊ သူတို့​အဘယ်ကြောင့် ငိုကြွေး​ကြ​သနည်း။

မှတ်တမ်းက ဤသို့​ဆက်၍​ဆို​၏– “သင်္ဘော​မာ​လိ​န်မှူး ရှိရှိသမျှ၊ အရပ်ရပ်​သို့ ရေကြောင်း​ခရီး သွားလာ​သူ ရှိရှိသမျှ၊ သင်္ဘောသား​များနှင့် ပင်လယ်​ကို​အမှီပြု၍ အသက်မွေး​သော​သူ အပေါင်းတို့သည် အဝေးက​ရပ်​လျက် သူ့ကို​ကျွမ်းလောင်​သော​မီး​မှ မီးခိုး​ကို မြင်​သောအခါ ‘အဘယ်​မြို့​သည် ဤ​မြို့ကြီး​နှင့် တူ​သနည်း’ ဟု​အော်ဟစ်​၍ ဆို​ကြ​၏။ သူတို့သည် မိမိတို့​ခေါင်း​ပေါ်​သို့ မြေမှုန့်​ကို​ကြဲ​ဖြန့်​လျက် ‘မိမိ၏​ကြီးမားသော အသုံးစရိတ်​ဖြင့် ပင်လယ်​ကူး​သင်္ဘော ပိုင်ရှင်​အပေါင်း​တို့အား ချမ်းသာ​ကြွယ်ဝ​စေသော​မြို့ကြီး၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း။ အကြောင်း​မှာ၊ သူသည် တစ်​နာရီ​အတွင်း ပျက်စီး​ဆုံးရှုံး​လေ​ပြီ​တကား’ ဟု​အော်ဟစ်​လျက်၊ ဝမ်းနည်းပူဆွေး ငိုကြွေး​မြည်တမ်း​လျက် ဆို​ကြ​၏။” (ဗျာဒိတ် ၁၈:၁၇ခ-၁၉) ရှေး​ဗာဗုလုန်​သည် စီးပွားရေး​မြို့​တစ်မြို့​ဖြစ်၍ သင်္ဘော​စု​ကြီး​ရှိ၏။ ထို့​နည်းတူ မဟာ​ဗာဗုလုန်​လည်း မိမိ၏​လူ​တည်း​ဟူသော “ရေ​များ” ဖြင့် စီးပွားရေး​များစွာ​ပြု​၏။ ဤနည်းဖြင့် မိမိ၏​ဘာသာရေး လက်အောက်ခံ​များစွာ​တို့အား အလုပ်အကိုင်​ရစေ၏။ မဟာ​ဗာဗုလုန်​၏ ပျက်စီးခြင်း​သည် ထို​သူတို့​အဖို့ မည်မျှ​ကြီးမား​သည့် စီးပွားရေး​နစ်နာမှု​တစ်ရပ် ဖြစ်​မည်​တကား! သူ​လောက် အသက်မွေးဝမ်းကျောင်း​အလုပ်အကိုင် ပေး​နိုင်သော​အရာ ဘယ်တော့​မျှ​ရှိ​မည်​မဟုတ်။

သူ၏​ပျက်​သု​ဉ်း​ခြင်း​ကြောင့် ဝမ်းမြောက်ခြင်း

၇၊ ၈။ ကောင်းကင်​မှ​အသံ​က မဟာ​ဗာဗုလုန်​နှင့်​ပတ်သက်သော သတင်းစကားကို မည်သို့​အထွတ်အထိပ်​ရောက်​စေပြီး ထိုစကား​ကို မည်သူ​တို့​က တုံ့ပြန်​ကြ​မည်​နည်း။

ရှေး​ဗာဗုလုန်​သည် မေဒိ​နှင့် ပေရသိ​လူတို့၏ မှောက်လှန်​ခြင်း​ကို ခံရ​သော​အခါ “မိုး​မြေ​မှ​စ၍ အရပ်ရပ်​၌​ရှိသမျှ​တို့သည် ရွှင်လန်းသော​အသံကို ပြု​ကြလိမ့်မည်” ဟု ယေရမိ​က ပရောဖက်ပြု​၍​ဆို​၏။ (ယေရမိ ၅၁:၄၈) မဟာ​ဗာဗုလုန် ဖျက်ဆီး​ခံရ​သော​အခါ ကောင်းကင်​မှ​လာသော စကားသံ​သည် သူနှင့်​ပတ်သက်​၍ အောက်ပါ​အတိုင်း​ဆို​လျက် ၎င်း​သတင်းကို အထွတ်အထိပ်​သို့ ရောက်​စေ​လိမ့်​မည်– “အို​ကောင်းကင်​မှ​စ၍ အသင်​သန့်ရှင်းသူ​တို့၊ အသင်​တမန်​တော်​နှင့် အသင်​ပရောဖက်​တို့၊ သူ့​အတွက်​ကြောင့် ဝမ်းမြောက်​ကြလော့။ အကြောင်း​မှာ ဘုရားသခင်​သည် သင်တို့​အဖို့ သူ့ကို အပြစ်ဒဏ်​စီရင်တော်မူ​ပြီ။” (ဗျာဒိတ် ၁၈:၂၀) ဘုရားသခင်​၏​ရှေး​ရန်သူ ဖျက်ဆီး​ခံရ​သည်ကို ယေဟောဝါ​နှင့် ကောင်းကင်တမန်​များ​အပြင်၊ ယခု​ထမြောက်​၍ အကြီးအကဲ ၂၄ ပါး​အစီအစဉ်​၌ နေရာယူ​ပြီ​ဖြစ်သော တမန်​တော်​များနှင့် ရှေးခရစ်ယာန်​ပရောဖက်​များ ရွှင်လန်း​ကြ​ပါ​လိမ့်​မည်။​—ဆာလံ ၉၇:၈-၁၂ နှိုင်းယှဉ်။

တကယ်​ပင်၊ ကောင်းကင်ဘုံ​သို့ ထမြောက်​ပြီ​ဖြစ်စေ၊ မြေကြီးပေါ်​တွင်​ရှိ​ဆဲ​ပင်​ဖြစ်စေ၊ “သန့်ရှင်းသူ​များ” အားလုံး​နှင့်​တကွ အပေါင်းပါ​အခြားသိုး​ဝင် လူအုပ်ကြီးသည် ဝမ်းမြောက်​ဝမ်းသာ ကြွေးကြော်​ကြလိမ့်မည်။ အချိန်တန်သော်၊ ရှေး​သစ္စာရှိ​ပုဂ္ဂိုလ်​အားလုံး စနစ်သစ်​တွင် ထမြောက်​လာပြီး အတူ​ဝမ်းမြောက်​ကြ​ပါ​လိမ့်​မည်။ ဘုရားသခင့်​လူမျိုးတော်သည် မိမိတို့ကို​ညှဉ်းပန်း​နှိပ်စက်​သော မိစ္ဆာ​ဘာသာရေး​သမားများ​အား ကိုယ်တိုင်​လက်စားချေ​ဖို့ မကြိုးစား​ခဲ့​ပါ။ “လက်စားချေခြင်း​အမှုသည် ငါ​နှင့်​ဆိုင်​၏။ အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေး​မည်” ဟူသော ယေဟောဝါ​၏​စကားတော်​ကို သူတို့​နှလုံး​သွင်း​ခဲ့​ကြပြီ။ (ရောမ ၁၂:၁၉သမ္မာ; တရားဟောရာ ၃၂:၃၅၊ ၄၁-၄၃) ယခု ယေဟောဝါ ဆပ်ပေး​တော်​မူ​ပြီ။ မဟာ​ဗာဗုလုန် သွန်း​ခဲ့​သမျှ​သွေး​အတွက် လက်စားချေ​ပြီး​ဖြစ်​လိမ့်​မည်။

ကြိတ်ဆုံ​ကျောက်​ကြီး​ကို ပစ်ချ​ခြင်း

၉၊ ၁၀။ (က) အား​ကြီးသော​ကောင်းကင်တမန်​တစ်ပါး​က ယခု​ဘာ​ပြု​၍ ဘာ​ပြော​သနည်း။ (ခ) ဗျာဒိတ် ၁၈:၂၁ ပါ အား​ကြီးသော​ကောင်းကင်တမန်​၏ လုပ်ဆောင်ချက်​နှင့်​တူ​သည့် အဘယ်​အမှုကို ယေရမိ​လက်ထက်​၌​ပြု​ခဲ့​၍ ၎င်း​က ဘာကို​အာမခံ​သနည်း။ (ဂ) ယောဟန်​မြင်ရ​သည့် အား​ကြီးသော​ကောင်းကင်တမန်​၏ လုပ်ဆောင်ချက်​က ဘာကို​အာမခံ​သနည်း။

ယောဟန် ဆက်၍​မြင်ရသော​အရာ​က မဟာ​ဗာဗုလုန်​ကို ယေဟောဝါ အပြီး​အပြတ် တရား​စီရင်တော်မူ​ကြောင်း ထောက်ခံ​၏– “တစ်ဖန် အား​ကြီးသော ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံ​ကျောက်​ကြီး​နှင့်​တူသော ကျောက်​တစ်လုံး​ကို ချီမ​၍ ပင်လယ်​ထဲ​သို့​ပစ်ချ​လျက် ‘ဗာဗုလုန်​မြို့ကြီး​သည် ဤသို့​ပင် တအား​ပစ်ချ​ခံရ​သဖြင့် ဘယ်​သောအခါ​မျှ ပြန်တွေ့​ရတော့မည်​မဟုတ်’ ဟု​ဆို​၏။” (ဗျာဒိတ် ၁၈:၂၁) ယေရမိ​လက်ထက်​၌​လည်း လေးနက်​သော ပရောဖက်ပြုချက် အဓိပ္ပာယ်​ပါ​သည့် အလားတူ​လုပ်ရပ်​တစ်ခု​ကို လုပ်ဆောင်ခဲ့​သည်။ ယေရမိ​သည် “ဗာဗုလုန်​မြို့​အပေါ်မှာ ရောက်​လတ္တံ့​သော ဘေးဥပဒ်​အပေါင်း” ကို စာစောင်​တစ်ခု​၌​ရေးမှတ်​ရန် မှုတ်သွင်း​တော်​မူ​ခြင်း​ခံရ​၏။ သူသည် ထို​စာစောင်​ကို စ​ရာ​ယ​အားပေး​၍ သူ့​အား ဗာဗုလုန်​သို့​သွား​ခိုင်း​၏။ စ​ရာ​ယ​သည် ယေရမိ​ညွှန်ကြား​သည့်​အတိုင်း ထို​မြို့​သို့​ရောက်​သောအခါ “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ဤ​အရပ်၌​လူ​မရှိ၊ တိရစ္ဆာန်​မရှိ၊ အစဉ်မပြတ် ဆိတ်ညံ​ရာ​အရပ်​ဖြစ်စေ​၍ သုတ်သင်​ပယ်ရှင်း​မည်​အကြောင်းကို ခြိမ်း​တော်​မူ​ပြီ” ဟူသော ကြေညာ​ချက်​တစ်ရပ်​ကို ဖတ်​ကြား​လေ​သည်။ ထို့နောက် စ​ရာ​ယ​သည် ထို​စာစောင်​ကို ကျောက်​တစ်လုံး​နှင့်​တွဲ​ချည်​၍ ဥဖရတ်​မြစ်​ထဲ​သို့​ပစ်ချ​ကာ “ဗာဗုလုန်​မြို့​သည် ဤသို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေသော ဘေးဥပဒ်​ထဲ​က နောက်​တစ်ဖန် မထမြောက်​ရ” ဟု​ဆို​၏။​—ယေရမိ ၅၁:၅၉-၆၄

၁၀ စာစောင်​ကို ကျောက်လုံး​နှင့်​တွဲ​ချည်​ပြီး မြစ်​ထဲ​သို့​ပစ်ချ​ခြင်း​က ဗာဗုလုန်​မြို့ ဧကန်​တိမ်ကော​ပြီး ဘယ်တော့​မျှ ပြန်​ပေါ်လာ​မည်​မဟုတ်​ကြောင်း အာမခံ​၏။ အား​ကြီးသော​ကောင်းကင်တမန် အလားတူ​စွာ​ပြု​သည်ကို တမန်​တော်​ယောဟန် မြင်ရ​ခြင်း​သည်လည်း မဟာ​ဗာဗုလုန်​နှင့်​ဆိုင်သော ယေဟောဝါ​၏ ရည်ရွယ်ချက် ဧကန်​ဖြစ်မြောက်​မည်​ကို ခိုင်လုံ​စွာ​အာမခံ​၏။ ယနေ့ ရှေး​ဗာဗုလုန်​၏ လုံးဝ​ပြိုပျက်​နေသည့် အခြေအနေ​က မဝေးတော့​သည့် အနာဂတ်​တွင် မိစ္ဆာ​ဘာသာ​တရား မည်သို့​တွေ့ကြုံ​ရမည်ကို အလေးအနက် သက်သေပြ​၏။

၁၁၊ ၁၂။ (က) အား​ကြီးသော​ကောင်းကင်တမန်​က ယခု မဟာ​ဗာဗုလုန်​အား မည်သို့​ဆို​သနည်း။ (ခ) အယူဝါဒ​ဖောက်ပြန်သော ယေရုရှလင်​နှင့်​ပတ်သက်​၍ ယေရမိ မည်သို့​ပရောဖက်ပြု​၍ ၎င်း​သည် ယနေ့​ကျွန်ုပ်​တို့​ခေတ်​အတွက် ဘာ​အဓိပ္ပာယ်ဆောင်​သနည်း။

၁၁ ယခု၊ အား​ကြီးသော​ကောင်းကင်တမန်​က မဟာ​ဗာဗုလုန်​အား ဤသို့​ဆို​၏– “သင့်​အထဲ​၌ တေးသံရှင် စောင်း​သမားများ၊ ဂီတ​ပညာရှင်​များ၊ ပလွေ​မှုတ်​သူများ၊ တံပိုးမှုတ်​သူများ​၏ အသံကို နောက်​တစ်ဖန် ကြား​ရတော့မည်​မဟုတ်။ သင့်​အထဲ​၌ မည်သည့်​လုပ်ငန်း​နှင့်​ဆိုင်သော လက်မှုပညာ​ရှင်​ကို​မျှ နောက်​တစ်ဖန် တွေ့ရ​တော့​မည်​မဟုတ်။ သင့်​အထဲ​၌ ကြိတ်ဆုံ​သံ​ကို နောက်​တစ်ဖန် ကြား​ရတော့မည်​မဟုတ်။ သင့်​အထဲ​၌ မီးခွက်​အလင်း နောက်​တစ်ဖန် ထွန်းလင်း​တော့​မည်​မဟုတ်။ သင့်​အထဲ​၌ သတို့သား၊ သတို့သမီး​၏​အသံကို​လည်း နောက်​တစ်ဖန် ကြား​ရတော့မည်​မဟုတ်။ အဘယ်ကြောင့်​ဆို​သော် သင်၏​နယ်လှည့်​ကုန်သည်​တို့သည် မြေကြီးပေါ်​မှ ရာထူး​အဆင့် မြင့်​သူများ​ဖြစ်​ကြ​၏။ အကြောင်း​မှာ၊ လူမျိုးအပေါင်း​တို့သည် သင်၏​နတ်​ဝိဇ္ဇာ​အတတ်​ကြောင့် လမ်းလွဲ​ကြ​ကုန်​၏။”​ဗျာဒိတ် ၁၈:၂၂၊ ၂၃

၁၂ ယေရမိကလည်း အယူဝါဒ​ဖောက်ပြန်သော ယေရုရှလင်​နှင့်​ပတ်သက်​၍ အလားတူ​အသုံးအနှုန်း​မျိုး​ဖြင့် ဤသို့​ပရောဖက်ပြု​၏– “ဤသူတို့​တွင် ဝမ်းမြောက်​သော​အသံ၊ ရွှင်လန်းသော​အသံ၊ မင်္ဂလာဆောင်​သတို့သား​၏​အသံ၊ သတို့သမီး​၏​အသံ၊ ကြိတ်ဆုံ​သံ​နှင့် မီးခွက်​အလင်း​ကို ငါ​ကွယ်ပျောက်​စေမည်။ ဤ​ပြည်​တစ်လျှောက်​လုံး​သည် လူဆိတ်ညံ​ရာ၊ အံ့သြဖွယ်ရာ​ဖြစ်​လိမ့်​မည်။” (ယေရမိ ၂၅:၁၀၊ ၁၁) ဘီစီ ၆၀၇ ခုနှစ်​နောက်ပိုင်း​တွင် ယေရုရှလင်​မြို့​၏ ဆိတ်ညံ​ခြင်း​အဖြစ်​က ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်​သည့်​အတိုင်း မဟာ​ဗာဗုလုန်​၏ အဓိက​အပိုင်း​ဖြစ်သော ခရစ်ယာန်ဘောင်​သည် အသက်​ကင်းမဲ့​သော အ​ပြို​အပျက်​ဖြစ်​ရ​လိမ့်​မည်။ တစ်ချိန်က ပျော်​ရွှင်မြူး​ထူး​၍ နေ့စဉ်​အသံဗလံ​များ​ဖြင့် စည်ကား​လှ​သော ခရစ်ယာန်ဘောင်​သည် ရှုံးနိမ့်​ပြီး စွန့်ပစ်ခြင်း​ခံရ​လိမ့်​မည်။

၁၃။ မဟာ​ဗာဗုလုန်​သည် အဘယ်​ပြောင်းလဲမှု​နှင့် ရုတ်တရက်​တွေ့ကြုံ​ရပြီး ၎င်း​သည် “နယ်လှည့်​ကုန်သည်​များ” အပေါ် အဘယ်​အကျိုးအပြစ် သက်ရောက်​စေ​သနည်း။

၁၃ ယောဟန်​အား ကောင်းကင်တမန်​ဆို​သည့်​အတိုင်း မဟာ​ဗာဗုလုန်​တစ်ခုလုံး သည် တန်ခိုး​ကြီးသော အပြည်ပြည်ဆိုင်ရာ အင်ပါယာ​အဖြစ်​မှ သဲကန္တာရ​သဖွယ် ခြောက်သွေ့​သော လွင်တီးခေါင်​အဖြစ်သို့ ပြောင်းလဲ​သွား​မည်။ ရာထူး​အဆင့်မြင့်​သော သန်း​ကြွယ်​သူဌေး​များ​အပါအဝင် သူ၏ “နယ်လှည့်​ကုန်သည်​တို့” သည် ဘာသာရေး​ကို ကိုယ်ကျိုး​အတွက်​ဖြစ်စေ၊ မျက်နှာ​ပန်း​အတွက်​ဖြစ်စေ သုံးစွဲ​လာကြပြီး ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​က​လည်း သူတို့နှင့်​အတူ ထင်ပေါ်​ကျော်ကြား​မှု​ကို ခွဲဝေ​ခံစား​ရာ​၌ အကျိုးရှိ​သည်ကို​တွေ့ရ​ကြ​၏။ သို့သော် ထို​ကုန်သည်​တို့သည် မိမိတို့၏​ကြံရာပါ မဟာ​ဗာဗုလုန်​ကို လက်လွှတ်​ရတော့မည်။ သူသည် မိမိ၏ လျှို့ဝှက်​ဆန်းကြယ်သော ဘာသာရေး​ကျင့်​စဉ်​များ​ဖြင့် မြေကြီးပေါ်​ရှိ လူမျိုးများ​ကို လှည့်စား​နိုင်​တော့​မည်​မဟုတ်။

ထိတ်လန့်ဖွယ် သွေး​သွန်း​သည့်​အပြစ်

၁၄။ အဘယ်​အကြောင်းကြောင့် ယေဟောဝါ ထိုသို့​ပြင်းထန်​စွာ တရား​စီရင်တော်မူ​သည်ကို အား​ကြီးသော​ကောင်းကင်တမန်​က​ဖော်ပြ​၍ ယေရှုလည်း ကမ္ဘာ​ပေါ်မှာ​ရှိ​စဉ် အလားတူ​စွာ မည်သို့​မိန့်ဆိုခဲ့​သနည်း။

၁၄ အဆုံး​၌ အား​ကြီးသော​ကောင်းကင်တမန်​က မဟာ​ဗာဗုလုန်​ကို ယေဟောဝါ အဘယ်ကြောင့် ဤမျှ​ပြင်းထန်​စွာ စီရင်တော်မူ​ကြောင်းကို တင်ပြ​၏။ ကောင်းကင်တမန်​က “မှန်​ပေ​သည်၊ သူ့​အထဲ​၌ ပရောဖက်​တို့​မှ​စ၍ သန့်ရှင်းသူ​တို့​နှင့် မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ ရှိသမျှ​တို့၏​သွေး​ကို တွေ့ရ​၏။” (ဗျာဒိတ် ၁၈:၂၄) ယေရှု​ကမ္ဘာ​ပေါ်​ရှိ​စဉ် ယေရုရှလင်​မြို့ရှိ ဘာသာရေး​ခေါင်းဆောင်​များသည် “ဖြောင့်မတ်​သော အာဗေလ​၏ အသွေး​မှ​စ၍ မြေကြီး​အပေါ်​၌ သွန်း​ပြီး​သမျှ​သော သူတော်ကောင်း​တို့၏​အသွေး” အတွက် တာဝန်​မကင်း​ကြောင်း မိန့်တော်မူ​ခဲ့​၏။ သို့​နှင့်​အညီ ကောက်ကျစ်​သော ၎င်း​လူမျိုးဆက်​သည် အေဒီ ၇၀ ပြည့်နှစ်​၌ ဖျက်ဆီး​ခံရ​၏။ (မဿဲ ၂၃:၃၅-၃၈) ယနေ့​တွင် ဘာသာရေး​သမားများ​ဖြစ်သည့် မျိုးဆက်​နောက်​တစ်ဆက်​သည် ဘုရားသခင့်​အမှုထမ်းများ​ကို နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကြောင့် သွေးပြစ်​ကျူးလွန်​၏။

၁၅။ နာဇီ​ဂျာမနီ​နိုင်ငံ​မှ ကက်သလစ်​ချာ့ခ်ျ​သည် အဘယ်​အချက်​နှစ်ချက်​ကြောင့် သွေးပြစ်​ရှိ​သနည်း။

၁၅ ကက်သလစ်​ချာ့ခ်ျ​နှင့် နာဇီ​ဂျာမနီ ဟူသော​စာအုပ်​၌ ဂွင်​တာ​လူ​ဝီ​က ဤသို့​ရေး​၏– “[၁၉၃၃ ခုနှစ်] ဧပြီလ ၁၃ ရက်​နေ့၌ ဘ​ဗဲ​ရီး​ယား​နယ်တွင် ယေဟောဝါသက်သေ​များ ဖိနှိပ်​ချုပ်ချယ်​ခံရ​သော​အခါ ကက်သလစ်​ချာ့ခ်ျ​သည် ပိတ်ပင်​ခံရ​သော​၎င်း​ဘာသာ​ကို ကျင့်သုံး​ဆဲ​ဂိုဏ်း​သားကို​တွေ့လျှင် သတင်းပို့​ရန်​ဟူသော ပညာရေး​နှင့် သာသနာ​ရေး​ဝန်ကြီးဌာန​၏ တာဝန်​ပေးအပ်​ချက်​ကို​ပင် လက်ခံခဲ့သည်။” ဤနည်းဖြင့် ကက်သလစ်​ချာ့ခ်ျ​သည် ထောင်ပေါင်း​များစွာသော သက်သေခံ​များ ချွေး​တပ်​စခန်း အ​ပို့​ခံရ​သည့်​ကိစ္စ​၌ တာဝန်​မကင်း​ပါ။ ၎င်း​၏​လက်​သည် အသတ်ခံရ​သော​သက်သေခံ​တို့၏ သွေး​စိမ်း​ဖြင့် စွန်းထင်း​နေ​၏။ ဝီလ်ဟဲလ်မ် ကူ​စာ​ရို​စ​သော သက်​ငယ်​သက်သေခံ​တို့​က မိမိတို့သည် လက်မရွံ့​တပ်ဖွဲ့​၏​ပြောင်း​ဝ​တွင် သေ​ရဲ​ကြောင်း​ပြ​သောအခါ ဟစ်တလာ​က ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ခြင်း​ကို ငြင်းဆန်သူ​များသည် လက်မရွံ့​တပ်ဖွဲ့​၏ ကွပ်မျက်ခြင်း​နှင့်​မတန်​ဟု မှတ်ယူ​၏။ ထို့​ကြောင့် ဝီလ်ဟဲလ်မ်​၏​ညီ ဝို့ဖ်​ဂ​န်း​သည် အသက် ၂၀ အရွယ်​၌ ခေါင်းဖြတ်​စက်​ဖြင့် ကွပ်မျက်​ခံရ​သည်။ တစ်ချိန်တည်း​၌ ကက်သလစ်​ချာ့ခ်ျ​က အဖ​နိုင်ငံတော်​အတွက် တပ်​ထဲ​၌ မိမိတို့​အသက်ကို​စတေး​ကြ​ရန် ဂျာမန်​ကက်သလစ်​ဘာသာဝင် လူငယ်များ​ကို အားပေးခဲ့​သည်။ ချာ့ခ်ျ​ကျူးလွန်​သော သွေးပြစ်​ကြီး ထင်ရှား​လှ​သည်​တကား။

၁၆၊ ၁၇။ (က) မဟာ​ဗာဗုလုန်​အား အဘယ်​သွေးစွန်း​ခြင်း​အပြစ်​အတွက် စွဲ​ဆို​ရမည်​နည်း၊ ဗက်တီကင်​သည် ဂျူး​များ​ကို နာဇီ​တို့​သိမ်း​ရုံး​သတ်ဖြတ်​သည့်​ကိစ္စ​တွင် အဘယ်​သို့ သွေးပြစ်​မကင်း​သနည်း။ (ခ) မျက်မှောက်ခေတ်​၌ ဖြစ်ပွား​သည့် ရာ​ချီ​စစ်ပွဲ​များ​တွင် လူ​သန်းပေါင်း​များစွာ သတ်ဖြတ်​ခံရ​သည့်​ကိစ္စ​၌ မိစ္ဆာ​ဘာသာသည် အဘယ်နည်း​တစ်နည်း​အရ အပြစ်​မကင်း​သနည်း။

၁၆ သို့သော် ပရောဖက်ပြုချက်​က မဟာ​ဗာဗုလုန်​သည် “မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ ရှိသမျှ တို့၏​သွေး” အတွက် ပေး​ဆပ်​ရမည်ဟု​ဆို​၏။ ဤ​အဆို​သည် ယခု​ခေတ်တွင် တကယ်​ပင်​မှန်​လှ​၏။ ဥပမာ၊ ကက်သလစ်​တို့၏​လှည့်​ကွက်​ကြောင့် ဂျာမနီ​နိုင်ငံ​၌ ဟစ်တလာ အာဏာ​ရလာ​သည်​ဖြစ်​ရာ ဂျူး​ခြောက်​သန်း​ကို နာဇီ​တို့ သိမ်း​ရုံး​သတ်ဖြတ်မှု​ကိစ္စ​၌ ဗက်တီကင်​သည် အလွန်​ကြီး​လေး​သော သွေးပြစ်​နှင့် မကင်း​ချေ။ ထို့​ပြင် ကျွန်ုပ်​တို့​ခေတ်တွင် ရာ​ပေါင်း​များစွာသော​စစ်ပွဲ​များ​၌ လူ​သန်းပေါင်း​များစွာ သေကျေပျက်စီး​ခဲ့ပြီ။ မိစ္ဆာ​ဘာသာ​ကို အပြစ်​ဆို​ရမည်​လော။ ဆို​ရ​ပေမည်။ နည်း​နှစ်နည်း​အားဖြင့် ဆိုနိုင်​သည်။

၁၇ တစ်နည်း​မှာ စစ်ပွဲ​များစွာတို့သည် ဘာသာရေး​ကွဲပြားမှု​နှင့် ဆက်စပ်​၏။ ဥပမာ၊ အိန္ဒိယ​နိုင်ငံ​တွင်​ဖြစ်ပွား​သော ၁၉၄၆-၄၈ ခုနှစ် မွတ်​စ​လင်​နှင့် ဟိန္ဒူ​အဓိကရုဏ်း​မှာ ဘာသာရေး​လှုံ့ဆော်မှု​ကြောင့်​ဖြစ်၏။ အသက်​ပေါင်း သိန်း​နှင့်​ချီ​၍ ဆုံးရှုံး​ခဲ့​သည်။ ၁၉၈၀ ပြည့်လွန်​နှစ်များ​၌​ဖြစ်ပွား​သော အီရတ်​နှင့် အီရန်​စစ်ပွဲ​သည် ဂိုဏ်းဂဏ​ကွဲပြားမှု​ကြောင့်​ဖြစ်​ပြီး လူ​သိန်း​နှင့်​ချီ​၍ သတ်ဖြတ်​ခံရ​သည်။ မြောက်​အိုင်ယာလန်​မှ ကက်သလစ်​နှင့် ပရိုတက်စတင့်​အဓိကရုဏ်း​သည် လူ့​အသက်​ထောင်ပေါင်း​များစွာကို ချွေယူ​ခဲ့ပြီ။ ဤ​အကြောင်း​နှင့်​စပ်လျဉ်း၍ ဆောင်းပါး​ရှင် စီ၊အယ်​လ်၊စာ​လ်​ဇ​ဘာ​ဂါ​က ၁၉၇၆ ခုနှစ်​၌ ဤသို့​ရေး​၏– “ကမ္ဘာ​တစ်​လွှား ယခု​တိုက်​နေသော စစ်ပွဲ​များ​၏​ထက်ဝက် သို့​မဟုတ် ထက်ဝက်​မ​က​မှာ ပွင့်လင်း​သော ဘာသာရေး​တိုက်ပွဲ မဟုတ်လျှင် ဘာသာရေး အငြင်းပွားမှုများ​နှင့် ဆက်နွှယ်​နေ​၏။ ဤ​အချက်​မှာ ဝမ်းနည်းဖွယ်​ကောင်းသော အမှန်တရား​ဖြစ်သည်။” မဟာ​ဗာဗုလုန်​၏ ဘောင်​ဘင်​ခတ်​သော သမိုင်း​တစ်လျှောက် အမှန်ပင် ဤသို့​ဖြစ်၏။

၁၈။ အဘယ်​ဒုတိယ​နည်းဖြင့်​လည်း ကမ္ဘာ့​ဘာသာ​တရား​များသည် သွေးပြစ်​မကင်း​သနည်း။

၁၈ ဒုတိယ​တစ်နည်း​မှာ အဘယ်နည်း။ ကမ္ဘာ့​ဘာသာ​တရား​များသည် ယေဟောဝါ​၏ အမှုတော်ထမ်း​များ​ထံ​မှ ကိုယ်တော်​ဘာ​တောင်းဆို​ကြောင်းကို မိမိတို့၏​နောက်လိုက်​များ​အား နားလည်​လက်ခံ​အောင် မသွန်သင်​ခဲ့​၍ ရှေ့တော်၌ သွေးစွန်း​ခြင်း​အပြစ်ကို ကျူးလွန်​၏။ သူတို့သည် ဘုရားသခင်​၏​စစ်မှန်သော ဝတ်ပြုသူ​များ​မှန်​လျှင် ယေရှု​ခရစ်​ကို​တုပ​၍ အခြား​သူတို့အား နိုင်ငံသား​မရွေး ချစ်​ရမည်​ဖြစ်​ကြောင်း လူ​တို့အား နားလည်​လက်ခံ​အောင် မသင်ကြား​ခဲ့​ချေ။ (မိက္ခာ ၄:၃၊ ၅; ယောဟန် ၁၃:၃၄၊ ၃၅; တမန်​တော် ၁၀:၃၄၊ ၃၅; ၁ ယောဟန် ၃:၁၀-၁၂) မဟာ​ဗာဗုလုန်​အဝင် ဘာသာ​တရား​တို့သည် ဘာသာဝင်​များ​အား ဤသို့​မသင်ကြား​ခဲ့​သောကြောင့် သူတို့သည် အပြည်ပြည်​စစ်​ဝဲ​ဂယက်​ထဲ​သို့ ကျရောက်​ရ​ကြ​၏။ ဤ​အချက်​သည် ၂၀ ရာစု​၏ ပထမ​နှစ်​ငါးဆယ်​အတွင်းမှ ကမ္ဘာ​စစ်ပွဲ​နှစ်ခု​၌ ထင်ရှား​သိသာ​လှ​သည်​ဖြစ်​ခြင်း။ ထို​စစ်​နှစ်ခုစလုံး ခရစ်ယာန်ဘောင်​၌​စတင်​ပြီး ဘာသာရေး​သ​မား​ချင်း သတ်ဖြတ်​သုတ်သင်​ကြ​၏။ ခရစ်ယာန်​အမည်ခံ​သူ​တိုင်း​သာ ကျမ်းစာ​မူများ​ကို လိုက်လျှောက်​ခဲ့​မည်​ဆိုလျှင် ထို​စစ်​များ ဖြစ်ပွား​ခဲ့​မည်​မဟုတ်။

၁၉။ မဟာ​ဗာဗုလုန်​သည် အဘယ်​ထိတ်လန့်ဖွယ် သွေးစွန်း​ခြင်း​အပြစ်ကို ရွက်​ထား​သနည်း။

၁၉ ယေဟောဝါ​သည် ထို​သွေးပြစ်​ရှိသမျှကို မဟာ​ဗာဗုလုန်​၏​ခေါင်း​ပေါ်​သို့ ပုံချ​တော်​မူ​၏။ ဘာသာရေး​ခေါင်းဆောင်​များ၊ အထူးသဖြင့် ခရစ်ယာန်ဘောင်​မှ ခေါင်းဆောင်​များ​က​သာ မိမိတို့​လူများ​အား ကျမ်းစာ​သမ္မာတရား ပို့ချ​ခဲ့​မည်​ဆိုလျှင် ဤမျှ​ကြီးမားသော သွေး​ချောင်း​စီး​မှု ဖြစ်​ခဲ့​မည်​မဟုတ်။ သို့​ဖြစ်၍ မဟာ​ဗာဗုလုန်​—ပြည့်တန်ဆာ​ကြီး၊ ကမ္ဘာ့​မိစ္ဆာ​ဘာသာ​အင်ပါယာ​သည် တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​၍​ဖြစ်စေ၊ မိမိ​ညှဉ်းပန်း​သတ်ဖြတ်​ခဲ့​သော “ပရောဖက်​တို့​မှ​စ၍ သန့်ရှင်းသူ​တို့” ၏​သွေး​အတွက်သာ​မ​က “မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ ရှိသမျှ တို့၏​သွေး” အတွက်​ပါ ယေဟောဝါ​ရှေ့တော်၌ ထုချေ​ရှင်းလင်း​ရ​လိမ့်​မည်။ မဟာ​ဗာဗုလုန်​သည် တကယ်​ပင် ထိတ်လန့်ဖွယ်​သွေးစွန်း​ခြင်း​အပြစ်ကို ရွက်​ထား​၏။ သူ​အပြီးသတ်​ချေမှုန်း​ခံရ​သော​အခါ လူ​တို့​ရင်​အေး​ရ​ကြ​လတ္တံ့။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၇၀ ပါ လေးထောင့်ကွက်]

အလျှော့ပေး​ခြင်း​အတွက် ပေး​ဆပ်​ရသည့် တန်ဖိုး

ကက်သလစ်​ချာ့ခ်ျ​နှင့် နာဇီ​ဂျာမနီ ဟူသော​စာအုပ်​၌ ဂွင်​တာ​လူ​ဝီ​က ဤသို့​ရေး​၏– “ဂျာမန်​ကက်သလစ်​ဘာသာ​အနေ​ဖြင့် အစ​ကတည်းက နာဇီ​အစိုးရ​အား လုံးဝ​အလျှော့မပေး​ရေး ပေါ်လစီ​ကို​လိုက်ခဲ့ပါ​မူ ကမ္ဘာ့​သမိုင်း လမ်းကြောင်း​ပြောင်း​ခဲ့​ဖို့ အကြောင်း​များစွာ​ရှိ၏။ ဤသို့​သော ရုန်းကန်​လှုပ်ရှားခြင်း​သည် အဆုံး​၌ ဟစ်တလာ​ကို​မ​နိုင်၊ သူ​ကျူးလွန်​သော​ရာဇဝတ်မှု အမြောက်အမြား​ကို မ​ဟန့်တား​နိုင်​သည့်​တိုင်အောင်၊ ချာ့ခ်ျ​၏​စာရိတ္တ​ဆိုင်ရာ​သိက္ခာ​ကို အတိုင်းအဆ​မရှိ မြှင့်တင်​ခဲ့​မည်​ဖြစ်၏။ ဤ​တွန်းလှန်​မှု​ကြောင့် လူ့​အသက်​ပေါင်း​များစွာ မလွဲဧကန် စတေး​ခံရ​မည်​မှန်​သော်လည်း အ​မွန်မြတ်​ဆုံးသော​အရေးအတွက် အသက်စွန့်ခြင်း​ဖြစ်​ခဲ့​ပေမည်။ ဟစ်တလာ​အနေ​ဖြင့် မိမိ၏​နိုင်ငံသား​များ​ကို​ပင် အားမထား​နိုင်​လျှင် ထိုးစစ်​ဆင်​ရဲ​ချင်​မှ ဆင်​ရဲ​မည်​ဖြစ်၍ အသက်​သန်းပေါင်း​များစွာကို ကယ်တင်​ခဲ့​ပါ​လိမ့်​မည်။ . . . ဂျာမန်​အမျိုးသား နာဇီ​ဆန့်ကျင်ရေး​သ​မား ထောင်ပေါင်း​များစွာ ဟစ်တလာ​၏ ချွေး​တပ်​စခန်း​များ​၌ သေ​သည်​အထိ နှိပ်စက်​ညှဉ်းပန်း ခံရ​သော​အခါ၊ ပိုလန်​အမျိုးသား ပညာတတ်​များ သတ်ဖြတ်​ခံရ​သော​အခါ၊ ရုရှား​အမျိုးသားများ လူ​စဉ်​မမီ​သည့် စ​လား​ဗစ်​လူမျိုး​အဖြစ် ဆက်ဆံခံရ​၍ သိန်း​ချီ​ပြီး​သေဆုံး​သော​အခါ၊ လူပေါင်း ၆,၀၀၀,၀၀၀ ကို ‘အာရိယန်​မျိုးနွယ်​မဟုတ်’ ခြင်း​အတွက် သတ်ဖြတ်​သောအခါ၊ ဂျာမနီ​နိုင်ငံ​မှ ကက်သလစ်​ချာ့ခ်ျ​အရာရှိများ​က ထို​ရာဇဝတ်မှု​များ ကျူးလွန်​သော အနှီ​အစိုးရ​ကို မြှောက်ပင့်​ပေး​၏။ သာသနာ​ပိုင် ဦးစီး​နာ​ယ​က​ဖြစ်သူ၊ ရို​မင်​ကက်သလစ်​ချာ့ခ်ျ​၏ အကြီး​မြင့်​ဆုံးသော စာရိတ္တ​ဆိုင်ရာ​အာစရိယ၊ ရောမမြို့​ရှိ ပုပ်​ရဟန်း​မင်းကြီး​သည် ရေငုံ​၍​နေ​၏။” ​—စာမျက်နှာ၊ ၃၂၀၊ ၃၄၁။

[စာမျက်နှာ ၂၆၈ ပါ ရုပ်ပုံ]

“အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း” ဟု အုပ်စိုးရှင်​များ​ဆို​ကြ

[စာမျက်နှာ ၂၆၈ ပါ ရုပ်ပုံ]

“အဖြစ်ဆိုး​လိုက်​လေ​ခြင်း၊ အဖြစ်ဆိုး​လိုက်​လေ​ခြင်း” ဟု​ကုန်သည်​များ​ဆို​ကြ