မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ်ကျမ်းနှင့် အသင်

ဗျာဒိတ်ကျမ်းနှင့် အသင်

အခန်း ၄၄

ဗျာဒိတ်ကျမ်း​နှင့် အသင်

၁။ (က) ဗျာဒိတ်ကျမ်း​ပါ အံ့ဖွယ်​ကတိတော် အားလုံး​နှင့်​ပတ်သက်​၍ အဘယ်​အာမခံချက်ကို ယောဟန်​ပေး​သနည်း။ (ခ) “အမြန်​ကြွလာ​မည်” ဟု​ဆို​သော​သူ​မှာ မည်သူ​ဖြစ်၍ အဘယ်အခါ “ကြွလာ” မည်​နည်း။

 ယရုရှလင်​မြို့​သစ်​ဆိုင်ရာ ပီတိ​ဖြစ်ဖွယ် ရေးသား​ဖော်ပြချက်​ကို အသင်​ဖတ်​ရသောအခါ ‘ဤမျှ​ကောင်းမြတ်သော​အရာ တကယ်​ဖြစ်လာ​နိုင်​မည်​လော’ ဟု​မေး​မိ​ပေမည်။ ယောဟန်​သည် ကောင်းကင်တမန် ဆက်လက်​ပြောကြား​သော​စကား​ဖြင့် ထို​မေးခွန်း​ကို ဖြေကြား​လိုက်ပါ​သည်– “ထို့နောက် ကောင်းကင်တမန်​က ငါ့​အား ‘ဤ​စကား​တို့သည် သစ္စာ​ရှိ၍ ဟုတ်မှန်​၏။ မှန်​ပေ​သည်။ ပရောဖက်​တို့အား ဝိညာဉ်တော်ဖြင့် မှုတ်သွင်း၍ မြွက်ဆို​စေသော ဘုရားသခင် ယေဟောဝါ​သည် များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ​ကို မိမိ၏​ကျွန်​တို့အား ဖော်ပြ​ရန် မိမိ၏​ကောင်းကင်တမန်​ကို စေလွှတ်​တော်​မူ​၏။ ကြည့်​လော့။ ငါသည် အမြန်​ကြွလာ​မည်။ ဤ​စာလိပ်​တွင်​ပါရှိ​သည့် ပရောဖက်​စကား​များ​ကို လိုက်နာသူ​မှန်သမျှ​သည် ပျော်ရွှင်​၏’ ဟု​ဆို​၏။” (ဗျာဒိတ် ၂၂:၆၊ ၇) ဗျာဒိတ်ကျမ်း​ပါ အံ့ဖွယ်​ကတိတော်​ရှိသမျှ ဧကန်​ပြည့်စုံ​လာ​မည်။ ကောင်းကင်တမန်​က ယေရှု၏​အမည်​ဖြင့် ယေရှု​မကြာမီ “အမြန်​ကြွလာ​မည်” ဟု​ကြေညာ​၏။ ယေဟောဝါ​၏​ရန်သူများ​ကို ဖျက်ဆီး​ကာ ဗျာဒိတ်တော်​၏ ကြီးမြတ်​၍​ပျော်ရွှင်ဖွယ်​ဖြစ်သော အထွတ်အထိပ်​ကို ယူဆောင်​လာရန် “သူခိုး​ကဲ့သို့” ယေရှု​ကြွလာခြင်း ဖြစ်​ရ​ပေမည်။ (ဗျာဒိတ် ၁၆:၁၅၊ ၁၆) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ထို​အချိန်၌ ပျော်ရွှင်သူ​များ​အဖြစ် သတ်မှတ်​တော်​မူ​ခြင်း​ခံရ​လေ​အောင် “ဤ​စာလိပ်” ဖြစ်သော ဗျာဒိတ်ကျမ်း​ပါ စကား​များနှင့်​အညီ နေထိုင်​အပ်​ပေ​၏။

၂။ (က) ဗျာဒိတ်တော်​၏ ထူးကဲ​ကြွယ်ဝခြင်း​ကို ယောဟန် မည်သို့​တုံ့​ပြန်၍ ကောင်းကင်တမန်​က သူ့​အား ဘာ​ပြော​သနည်း။ (ခ) “သတိထား​လော့။” “ဘုရားသခင်​အား ကိုးကွယ်​လော့” ဟူသော ကောင်းကင်တမန်​၏​စကား​မှ ကျွန်ုပ်​တို့ ဘာ​သင်ခန်းစာ​ရသနည်း။

ယောဟန်​သည် ဤမျှ​ထူးကဲ​ကြွယ်ဝသော ဗျာဒိတ်တော်​ကို ခံယူ​ရသည့်​နောက်​၌ အလွန်​စိတ်​လှုပ်ရှား​သွား​သည်​မှာ နားလည်​ရ​မ​ခက်​ပါ– “ငါ​ယောဟန်​သည် ဤ​အမှုအရာ​များ​ကို ကြား​ရ​မြင်ရ​သူ​ဖြစ်၏။ ငါသည် ကြား​ရ​မြင်ရ​သည့်​အခါ ဤ​အမှုအရာ​များ​ကို ငါ့​အား​ဖော်ပြ​သော ကောင်းကင်တမန်​၏ ခြေရင်း​၌ ပျပ်ဝပ်​၍ ကိုးကွယ်​လေ​၏။ သို့သော် သူက ‘သတိထား​လော့။ ဤသို့​မပြု​နှင့်။ ငါသည် သင်​နှင့် သင့်​ညီအစ်ကို ပရောဖက်​များ​၏ ကျွန်ချင်း​ဖြစ်၏။ ဤ​စာလိပ်​၌​ပါ​သော စကား​များ​ကို လိုက်နာသူ​တို့၏ ကျွန်ချင်း​မျှ​သာ ဖြစ်၏။ ဘုရားသခင်​အား ကိုးကွယ်​လော့’ ဟု ငါ့​အား ဆို​၏။” (ဗျာဒိတ် ၂၂:၈၊ ၉; ဗျာဒိတ် ၁၉:၁၀ နှိုင်းယှဉ်။) ကောင်းကင်တမန်​များ​ကို မကိုးကွယ်​ရန် ထိုသို့​နှစ်ကြိမ်​တိုင် သတိပေး​သည်​မှာ ယောဟန်​လက်ထက်​အဖို့ အခါသင့်​၏။ အကြောင်း​မှာ သူ့​ခေတ်​က လူ​အချို့​သည် ထိုသို့​သော​ကိုးကွယ်​မှု​ကို လိုက်စား​ကြသည်​မှာ သိသာ​၏။ သို့​မဟုတ် ကောင်းကင်တမန်​များ​ထံ​မှ ဗျာဒိတ်​ထူး​များ ရသည်​ဟု​ဆို​ကြ​၏။ (၁ ကောရိန္သု ၁၃:၁; ဂလာတိ ၁:၈; ကောလောသဲ ၂:၁၈) ဤ​အချက်​က ယနေ့လည်း ဘုရားသခင်​အားသာ ကိုးကွယ်​ရမည်​ဟူသော​အချက်​ကို အလေးအနက်​ပေါ်လွင်​စေ​၏။ (မဿဲ ၄:၁၀) အခြားသူ​တစ်ဦး သို့​မဟုတ် အခြား​အရာဝတ္ထု​ကို ကိုးကွယ်​ခြင်း​ဖြင့် စင်ကြယ်သော​ဝတ်ပြုရေးကို မ​ညစ်ညူး​စေ​သင့်။​—ဟေရှာယ ၄၂:၅၊

၃၊ ၄။ ကောင်းကင်တမန်​က ယောဟန်​အား ဘာဆက်​ပြော​သနည်း၊ ဘိသိက်ခံ​အကြွင်းအကျန်​သည် သူ၏​စကား​ကို မည်သို့​နာခံ​ခဲ့ပြီ​နည်း။

ယောဟန် ဤသို့​ဆက်၍​ဆို​၏– “သူက ‘ချိန်းချက်သော​အချိန် နီးပြီ​ဖြစ်၍ ဤ​စာလိပ်​၌​ပါ​သော ပရောဖက်​စကား​များ​ကို ချိပ်​မ​ပိတ်​နှင့်။ မဖြောင့်မတ်မှုကို ပြုသောသူ​သည် မဖြောင့်မတ်မှုကို ဆက်၍​ပြု​ပါစေ။ ညစ်ညူး​သူသည် ဆက်၍​ညစ်ညူး​ပါစေ။ ဖြောင့်မတ်​သူ​မူ​ကား ဖြောင့်မတ်မှု​ကို ဆက်၍​ပြု​ပါစေ။ သန့်ရှင်းသူ​သည် ဆက်၍​သန့်ရှင်း​ပါစေ’ ဟု ငါ့​အား​ဆို​၏။”​ဗျာဒိတ် ၂၂:၁၀၊ ၁၁

ယနေ့​ဘိသိက်ခံ အကြွင်းအကျန်​တို့သည် ကောင်းကင်တမန်​၏​စကား​ကို နာခံ​ခဲ့​ကြပြီ။ ပရောဖက်​စကား​များ​ကို ချိပ်​မ​ပိတ်​ခဲ့​ပါ။ စဉ်းစား​ကြည့်​လေ၊ ဇိအုန်​ကင်းမျှော်စင်​နှင့် ခရစ်တော်​ရောက်ရှိခြင်း​ကို သံတော်ဆင့်​ခြင်း ၏​ပထမ​လထုတ် (၁၈၇၉ ခုနှစ်၊ ဇူလိုင်​လ) မှာ​ပင် ဗျာဒိတ်ကျမ်း​ထဲ​မှ ကျမ်းချက်​အမြောက်အမြား​ကို အဓိပ္ပာယ်​ဖွင့်ဆို​ခဲ့​၏။ ဤ​စာအုပ်​၏​ပထမ​အခန်း​၌ ကျွန်ုပ်​တို့ ဆို​ခဲ့​သည့်​အတိုင်း ယေဟောဝါသက်သေ​များသည် နှစ်များ​တစ်လျှောက် ဗျာဒိတ်ကျမ်း​ကို​နားလည်စေ​သည့် အခြား​စာအုပ်​များ​ကို ထုတ်ဝေ​လာ​ခဲ့​သည်။ ဗျာဒိတ်ကျမ်း​မှ တန်ခိုး​ပါ​သော ပရောဖက်ပြုချက်​များနှင့် ၎င်းတို့၏​ပြည့်စုံချက်​ကို​သတိပြု​ရန် သမ္မာတရား​မြတ်နိုးသူ​များ​အား ယခု​တစ်ဖန် ကျွန်ုပ်​တို့​နှိုးဆော်​ပါ​၏။

၅။ (က) ဗျာဒိတ်ကျမ်း​ပါ သတိပေး​ချက်​များနှင့်​သြဝါဒ​ကို လူ​တို့​ဥပေက္ခာပြု​လိုလျှင် မည်သို့​နည်း။ (ခ) နူးညံ့​သိမ်မွေ့​၍ ဖြောင့်မတ်​သော​သူတို့ မည်သို့​တုံ့ပြန်​သင့်​သနည်း။

လူတို့သည် ဗျာဒိတ်ကျမ်း​ပါ သတိပေး​ချက်​များနှင့် ဩ​ဝါဒ​ကို ဥပေက္ခာပြု​လိုလျှင် ပြု​ကြ​ပါစေ။ “မဖြောင့်မတ်မှုကို ပြုသောသူ​သည် မဖြောင့်မတ်မှုကို ဆက်၍​ပြု​ပါစေ။” ပေါက်လွှတ်ပဲစား​နိုင်သော ဤ​ခေတ်​၏​အညစ်အကြေး​ထဲ​၌ လူးလွန့်​နေသူတို့​သည် ထို​အညစ်အကြေး​ထဲ​၌ သေ​လိုလျှင် သေ​နိုင်​ပါ​သည်။ များ​မကြာမီ ယေဟောဝါ​သည် မဟာ​ဗာဗုလုန်​ကို ရှေးဦး​စွာ​ဖျက်ဆီးခြင်း​နှင့်အတူ မိမိ၏​တရား​စီရင်ချက်​ကို အကြွင်းမဲ့​ဖော်ဆောင်​တော်​မူ​လတ္တံ့။ သိမ်မွေ့​နူးညံ့​သူများ​အနေ​နှင့် “[ယေဟောဝါ၊ က​ဘ] ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း ရှာ​ကြလော့။ [ယေဟောဝါ] အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်” ဟူသော​ပရောဖက်​စကား​ကို လုံ့လ​စိုက်​၍ နာခံကြ​ပါစေ။ (ဇေဖနိ ၂:၃) ယေဟောဝါ​ထံ မိမိတို့​ကိုယ်ကို အပ်နှံ​ပြီး​သော​ပုဂ္ဂိုလ် “ဖြောင့်မတ်​သူ​မူ​ကား ဖြောင့်မတ်မှု​ကို ဆက်၍​ပြု​ပါစေ။ သန့်ရှင်းသူ​သည် ဆက်၍​သန့်ရှင်း​ပါစေ။” အပြစ်ပြု​၍​ခံစား​ရသော အဘယ်​တဒင်္ဂ​အကျိုး​မျှ ဖြောင့်မတ်ခြင်း​နှင့် သန့်ရှင်းခြင်း​ပါရမီ​ကို ဖြည့်ဆည်း​သူတို့​ခံစား​ရသော ထာဝရ​ကောင်းချီး​များနှင့် မယှဉ်နိုင်​ကြောင်း ပညာရှိ​တို့ နားလည်​ကြ​၏။ သမ္မာကျမ်းစာ​က “သင်တို့သည် ယုံကြည်ခြင်း၌ တည်​သလော၊ မတည်​လော​ဟု ကိုယ့်​ကိုယ်ကို​စစ်ကြော​ကြလော့။ ကိုယ့်​ကိုယ်ကို​စုံစမ်း​ကြလော့” ဟု​ဆို​၏။ (၂ ကောရိန္သု ၁၃:၅) သင်​ရွေးချယ်​၍ အဆုံးတိုင်​လိုက်လျှောက်​သော လမ်းစဉ်​ပေါ်​မူတည်ပြီး အကျိုးအပြစ်​ကို အသင်​ခံစားရ​လိမ့်​မည်။​—ဆာလံ ၁၉:၉-၁၁; ၅၈:၁၀၊ ၁၁

၆။ ဗျာဒိတ်ကျမ်း​၏ စာရှုသူ​များ​အား ပရောဖက်ပြုချက်​၌ နောက်ဆုံး​တစ်ကြိမ် ယေဟောဝါ မည်သို့​မိန့်ကြား​တော်​မူ​သနည်း။

ယခု နိစ္စ​ထာဝရ​ဘုရင် ယေဟောဝါ​က ဗျာဒိတ်ကျမ်း​ဖတ်​သူတို့အား ရူပါရုံ​၌ နောက်ဆုံး​တစ်ကြိမ် မိန့်ကြား​တော်​မူ​ပြီ– “ကြည့်​လော့။ ငါသည် အမြန်​ကြွလာ​မည်။ လူ​အသီးသီး​တို့အား မိမိတို့၏​အကျင့်​အလျောက် ဆပ်ပေး​ရန် အကျိုးအပြစ်​ကို ငါ​ယူဆောင်​လာ​မည်။ ငါသည် အာလဖ​နှင့် ဩ​မေ​ဃ၊ အဦးဆုံး​သော​သူနှင့် နောက်ဆုံးသော​သူ၊ အစ​နှင့်​အဆုံး ဖြစ်​တော်​မူ​၏။ အသက်​ပင်​များ​ဆီ​သို့ သွား​နိုင်​ခွင့်​နှင့် မြို့တံခါး​များ​ဖြင့် မြို့တော်​တွင်း​သို့ ဝင်နိုင်​ခွင့်​တို့ကို​ရ​ရန် မိမိတို့​ဝတ်လုံကို လျှော်ဖွပ်​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ မြို့ပြင်​တွင် ခွေး​များ၊ နတ်​ဝိဇ္ဇာ​အတတ် လိုက်စားသူ​များ၊ မတရားမေထုန် ပြုသူ​များ၊ လူသတ်​သူများ၊ ရုပ်တု​ကိုးကွယ်​သူများ​နှင့် မုသား​ကို​နှစ်သက်၍ ကျင့်ကြံ​သူ မှန်သမျှ​တို့သည် နေကြ၏။”​ဗျာဒိတ် ၂၂:၁၂-၁၅

၇။ (က) အဘယ်​အတွက် ယေဟောဝါ​သည် “အမြန်​ကြွလာ” တော်​မူ​သနည်း။ (ခ) ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် ယေရုရှလင်​မြို့​သစ်​၌ အဘယ်ကြောင့် ဝေစု​ရမည်​မဟုတ်​သနည်း။

ယေဟောဝါ ဘုရားသခင်​သည် မိမိ၏​ထာဝရ အချုပ်အခြာအာဏာ​တော်​ကိုလည်း​ကောင်း၊ အစ​၌ မိမိ​ရည်ရွယ်​သည့်​အတိုင်း နောက်ဆုံး​တွင် ဖော်ဆောင်​တော်​မူ​မည် ဟူသော​အချက်​ကိုလည်း​ကောင်း ထပ်မံ​အလေးအနက် ပြု​တော်​မူ​၏။ ကိုယ်တော်​သည် တရား​စီရင်၍​ဒဏ်ခတ်​ရန်၊ မိမိ​အား စိတ်ရင်းမှန်​ဖြင့် ရှာ​သော​သူတို့အား ဆုချ​ရန် “အမြန်​ကြွလာ” တော်​မူ​မည်။ (ဟေဗြဲ ၁၁:၆) မည်သူ​ဆု​ရ​၍ မည်သူ​ငြင်းပယ်​ခံရ​မည်​ကို ကိုယ်တော်​၏​စံနှုန်း​များ​က အဆုံးအဖြတ်​ပေး​၏။ ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် “အ၍ မ​ဟော​င်​တတ်သော​ခွေး​များ” ကဲ့သို့​ပြုမူ​ပြီး ဤ​တွင် ယေဟောဝါ​ဖော်ပြ​သော အကျင့်ဆိုး​များ လူ​တို့​ပြုကျင့်​သည်ကို မမြင်​ချင်​ယောင်ဆောင်​၍ နေ​လာ​ခဲ့​ကြ​၏။ (ဟေရှာယ ၅၆:၁၀-၁၂သ​မ; တရားဟောရာ ၂၃:၁၈ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်ကို​ရှု။) သူတို့သည် မုသား​အယူဝါဒ​နှင့် တရားသေ​အယူဝါဒ​များ​ကို “နှစ်သက်၍​ကျင့်သုံး” ပြီး အသင်းတော်​ခု​နစ်​ပါး​ထံ ရေး​လိုက်​သော ယေရှု၏​သြဝါဒ​ကို လုံးလုံးလျားလျား ဥပေက္ခာပြု​ခဲ့​ကြပြီ။ ထို့​ကြောင့် သူတို့သည် ယေရုရှလင်​မြို့​သစ်​၌ ဝေစု​မရှိ။

၈။ (က) မည်သူ​များ​သာ “အသက်​ပင်​များ​ဆီ​သို့​သွား” ကြ​သနည်း၊ ၎င်း​က ဘာကို​ဆိုလို​သနည်း။ (ခ) လူအုပ်ကြီးသည် “မိမိတို့​ဝတ်လုံကို” မည်သို့ “လျှော်ဖွပ်” ခဲ့​ကြ​ပြီး စင်ကြယ်သော​ရပ်တည်မှု​ကို မည်သို့​ထိန်းသိမ်း​ကြ​သနည်း။

ယေဟောဝါ​၏ မျက်မှောက်​၌ စင်ကြယ်​ရန် တကယ်​ပင် “မိမိတို့​ဝတ်လုံကို လျှော်ဖွပ်” သော ဘိသိက်ခံ​ခရစ်ယာန်​များ​သာ​လျှင် “အသက်​ပင်​များ​ဆီ​သို့ သွား​နိုင်” သော​အခွင့်ထူး​ကို​ရ​ကြ​၏။ ဆိုလိုသည်မှာ မိမိတို့၏​ကောင်းကင်​ဆိုင်ရာ​ဌာန​၌ မသေ​နိုင်သော​အသက်ကို ရ​ပိုင်​သော​အခွင့်​နှင့် ဂုဏ်​ထူး​ကို သူတို့​ရရှိကြ​၏။ (ကမ္ဘာဦး ၃:၂၂-၂၄; ဗျာဒိတ် ၂:၇; ၃:၄၊ ၅ နှိုင်းယှဉ်။) သူတို့သည် လူသားများ​အဖြစ် သေဆုံး​သည့်​နောက် ထမြောက်ခြင်း​ဖြင့် ယေရုရှလင်​မြို့​သစ်​အတွင်း​သို့ ဝင်ခွင့်​ရ​ကြလိမ့်မည်။ ကောင်းကင်တမန် ၁၂ ပါး​သည် ဤသူတို့​အား ဝင်ခွင့်​ပြု​သော်လည်း မိမိတို့​၌ ကောင်းကင်​မျှော်လင့်ချက် ရှိသည်​ဟု​ဆို​လျက်​ကယ် မုသား​နှင့် မစင်ကြယ်​သော​အရာ​ကို ပြုကျင့်​သော​သူတို့ကို​မူ ဟန့်တား​ကြ​၏။ မြေကြီးပေါ်​မှ လူအုပ်ကြီး​လည်း “သိုးသငယ်​၏​သွေး​၌ မိမိတို့၏​ဝတ်လုံကို ဖြူ​အောင်​လျှော်ဖွပ်” ခဲ့​ကြပြီ​ဖြစ်၍ မိမိတို့၏​စင်ကြယ်သော ရပ်တည်မှု​ကို ထိန်းသိမ်း​ရန်လို​၏။ ဤ​နေရာ၌ ယေဟောဝါ သတိပေး​တော်​မူ​သော အကျင့်ဆိုး​များ​ကို ရှောင်ခြင်း​ဖြင့်​လည်းကောင်း၊ အသင်းတော်များ​ထံ ယေရှု​ပါး​လိုက်​သော သတင်း​တော်​ခု​နစ်​ခု​ပါ ဆုံးမချက်​များ​ကို နှလုံး​သွင်း​ခြင်း​ဖြင့်​လည်းကောင်း ထိန်းသိမ်း​နိုင်၏။​—ဗျာဒိတ် ၇:၁၄; အခန်းကြီး ၂ နှင့်

၉။ ယေရှု အဘယ်​စကား​များ​မိန့်ဆို၍ ကိုယ်တော်​၏​သတင်း​တော်​နှင့် ဗျာဒိတ်ကျမ်း​တစ်ကျမ်း​လုံး​ကို အဓိက​အားဖြင့် မည်​သူ့​ထံ ပါး​လိုက်ခြင်း​ဖြစ်သနည်း။

ယေဟောဝါ မိန့်ဆို​သည့်​နောက် ယေရှု မိန့်ကြား​တော်​မူ​၏။ ဗျာဒိတ်ကျမ်း​ကို​ဖတ်​သော စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့အား အားပေး​စကား ပြောကြား​တော်​မူ​၏– “ငါ​ယေရှုသည် အသင်းတော်များ​အတွက်​ဖြစ်သော ဤ​အမှုအရာ​များ​ကို သင်တို့အား သက်သေခံစေရန် ငါ​၏​ကောင်းကင်တမန်​ကို စေလွှတ်​လိုက်​၏။ ငါသည် ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏ အမျိုးအနွယ်​ဖြစ်၏။ ထွန်း​ပ​သော မိုး​သောက်​ကြယ်​လည်း ဖြစ်၏။” (ဗျာဒိတ် ၂၂:၁၆) မှန်​ပေ​သည် ထိုစကား​များ​မှာ အဓိက​အားဖြင့် “အသင်းတော်များ​အဖို့​ဖြစ်” ၏။ ရှေးဦး​စွာ မြေကြီးပေါ်​ရှိ ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်​အတွက် သတင်း​စကား​ဖြစ်၏။ ဗျာဒိတ်ကျမ်း​တစ်ကျမ်း​လုံး​ကို အဓိက​အားဖြင့် ယေရုရှလင်​မြို့​သစ်​၌ နေထိုင်ကြ​မည့် ဘိသိက်ခံ​ခရစ်ယာန်​များ​ထံ ရေး​လိုက်ခြင်း​ဖြစ်သည်။ ထို​အသင်းတော်​မှ​တစ်ဆင့် လူအုပ်ကြီး​လည်း ဤ​အဖိုးတန်​ပရောဖက်ပြုချက် သမ္မာတရား​များ​ကို နားလည်​နိုင်​ခွင့်​ရ​ကြ​၏။​—ယောဟန် ၁၇:၁၈-၂၁

၁၀။ ယေရှုသည် မိမိကိုယ်ကို အဘယ်ကြောင့် (က) “ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏​အနွယ်၊” (ခ) “ထွန်း​ပ​သော မိုး​သောက်​ကြယ်” ဟူ၍ သမုတ်​တော်​မူ​သနည်း။

၁၀ ယေရှု​ခရစ်​သည် ဗျာဒိတ်တော်​ကို ယောဟန်ထံ​ပေး​ပို့​ရန်၊ တစ်ဖန် ယောဟန်​မှ​တစ်ဆင့် အသင်းတော်​ထံ​ပေး​ပို့​ရန် တာဝန်​အပ်နှင်း​တော်​မူ​ခြင်း​ခံရ​၏။ ယေရှုသည် “ဒါဝိဒ်​၏​အမြစ်” လည်း​ဖြစ်၊ “ဒါဝိဒ်​၏ အမျိုးအနွယ်” လည်း​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​သည် ဇာတိ​အရ ဒါဝိဒ်​မှ​ဆင်းသက်လာ​သဖြင့် ယေဟောဝါ​၏​နိုင်ငံတော်​ဘုရင် ဖြစ်​နိုင်သော​အရည်အချင်း​ရှိ၏။ ကိုယ်တော်​သည် ဒါဝိဒ်​၏ “ထာဝရ​အဘ” ဖြစ်​ခြင်း​ဖြင့် ဒါဝိဒ်​၏ “အမြစ်” လည်း​ဖြစ်လာ​မည်။ (ဟေရှာယ ၉:၆; ၁၁:၁၊ ၁၀) ကိုယ်တော်​သည် ဒါဝိဒ်​မင်းဆက်​တွင် သေခြင်း​ကင်း​သော ထာဝရ​ဘုရင်​ဖြစ်၍ ဒါဝိဒ်​နှင့်​ဖွဲ့​သော ယေဟောဝါ​၏​ပဋိညာဉ်​တော်​ကို ပြည့်စုံ​စေပြီး မောရှေ​လက်ထက်​၌ တင်ကူး​၍​ဆို​သည့် “ထွန်း​ပ​သော​မိုး​သောက်​ကြယ်” ဖြစ်​တော်​မူ​၏။ (တောလည်ရာ ၂၄:၁၇; ဆာလံ ၈၉:၃၄-၃၇) ကိုယ်တော်​သည် ပေါ်ထွက်​လာသော “ကြယ်နီ” ဖြစ်၍ မိုး​ကို​လင်း​စေတော်မူ​၏။ (၂ ပေတရု ၁:၁၉) ရန်သူကြီး မဟာ​ဗာဗုလုန်​၏ ဉာဏ်​နီ​ဉာဏ်​နက်​ရှိသမျှ​ပင် ကိုယ်တော်​၏​ဘုန်းတောက်​သော ပေါ်ထွက်​ခြင်း​ကို မ​ဟန့်တား​နိုင်။

“လာ​လော့” ဟု ဆိုပါ​စေ

၁၁။ လူ​ခပ်သိမ်း​အတွက်​ဖြစ်သော အဘယ်​ဖိတ်ကြား​ချက်​ကို ယခု ယောဟန်​တင်ပြ​၍ မည်သူ​များ လက်ခံ​နိုင်​သနည်း။

၁၁ ယခု ယောဟန် စကားပြော​သည့်​အလှည့် ရောက်ပြီ။ မိမိ​ကြား​ခဲ့​မြင်ခဲ့​သမျှ​ကို အလွန်​လေးမြတ်​သော​နှလုံးဖြင့် သူ​ဤသို့​ကြွေးကြော်​၏– “ဝိညာဉ်​တော်​နှင့် သတို့သမီး​က ‘လာ​လော့’ ဟု​အဆက်မပြတ်​ဆို​၏။ ကြား​ရသူ​တိုင်း​လည်း ‘လာ​လော့’ ဟု​ဆိုပါ​စေ။ ရေငတ်​သူ​တိုင်း လာပါစေ။ ဆန္ဒရှိ​သူ​တိုင်း အသက်ရေ​ကို အခမဲ့​ယူပါ​စေ။” (ဗျာဒိတ် ၂၂:၁၇) ယေရှု၏​ရွေးနုတ်ဖိုး​ယဇ် အကျိုးကျေးဇူး​သည် ၁၄၄,၀၀၀ အတွက်သာ​မဟုတ်၊ လူ​ခပ်သိမ်း​အား ဖိတ်ကြား​တော်​မူ​၏။ ယေဟောဝါ​၏ အား​ကြီးသော​ဝိညာဉ်တော်သည် သတို့သမီး​အတန်းအစား​မှ​တစ်ဆင့် လုပ်ဆောင်​သဖြင့် “အသက်ရေ​ကို အခမဲ့​ယူပါ​စေ” ဟူသော​သတင်း​တော်​ကို လူတို့သည် အဆက်မပြတ် ကြည်လင်​ပြတ်သား​စွာ ကြား​ရ​ကြ​၏။ (ဟေရှာယ ၅၅:၁; ၅၉:၂၁၊ လည်း​ရှု။) ဖြောင့်မတ်ခြင်း​တရား ဆာမွတ်​သူ​တိုင်း ယေဟောဝါ​၏ ရက်ရော​သော​ကျေးဇူးတော်​ကို “လာ” ရောက်​ခံယူ​နိုင်၏။ (မဿဲ ၅:၃၊) ဘိသိက်ခံ​ယောဟန်​အတန်းအစား​၏ ဖိတ်ကြား​ချက်​ကို​လက်ခံသည့် မြေကြီး​အတန်းအစား ဖြစ်လာ​မည့်​သူ အားလုံး​တို့သည် ကောင်းမြတ်လှ​သော အခွင့်ထူး​ရှိကြသည်​တကား။

၁၂။ ဗျာဒိတ် ၂၂:၁၇ ပါ​ဖိတ်ကြား​ချက်​ကို လူအုပ်ကြီး​က မည်သို့​တုံ့ပြန်​ကြ​သနည်း။

၁၂ အရေအတွက် တိုးများ​လျက်​ရှိသော လူအုပ်ကြီးသည် ၁၉၃၀ ပြည့်လွန်​နှစ်များ​၏ စောစော​ပိုင်း​အချိန်​မှ​စ၍ ထို​ဖိတ်ကြား​ချက်​ကို “ကြား” ၍ ဂရုပြု​လာ​ခဲ့​ကြပြီ​ဖြစ်၏။ သူတို့သည် မိမိတို့၏​ဘိသိက်ခံ ကျွန်ချင်း​များ​နည်းတူ ယေဟောဝါ​ရှေ့တော်၌ စင်ကြယ်သော​ရပ်တည်မှု​ကို ရယူခဲ့​ကြ​လေ​ပြီ။ ယေရုရှလင်​မြို့​သစ် ကောင်းကင်​မှ​ဆင်းသက်​၍ လူသားများ​ထံ​သို့ ကောင်းချီး​များ​သယ်ဆောင်​လာ​မည့်​အချိန်ကို သူတို့​တောင့်တ​ကြ​၏။ လူအုပ်ကြီးသည် ဗျာဒိတ်ကျမ်း​၏ လှုံ့ဆော်​သတင်း​တော်​ကို ကြား​သောအခါ “လာ​လော့” ဟု​ဆို​ရုံ​မ​က အခြားသူများ​ကိုလည်း ယေဟောဝါ​အဖွဲ့အစည်း​ထဲ​သို့ တက်ကြွ​စွာ​စုသိမ်း​ကြ​ပြီး “ရေငတ်​သူ​တိုင်း လာပါစေ” ဟု​ကြွေးကြော်​ရန် ထို​သူတို့အား လေ့ကျင့်ပေး​ကြ​၏။ ထို့​ကြောင့် ကမ္ဘာ​တစ်ခွင် နိုင်ငံ​ဒေသ​ပေါင်း ၂၃၀ ကျော်​မှ ၆,၀၀၀,၀၀၀ မ​က​သော ဤ​သူတို့သည် ၉,၀၀၀ ထက်နည်း​သော ဘိသိက်ခံ​အတန်းအစား​နှင့်​ပူးပေါင်း​၍ “အသက်ရေ​ကို အခမဲ့​ယူပါ​စေ” ဟူသော​ဖိတ်ကြား​ချက်​ကို လူ​တို့အား ကမ်း​လှမ်း​ကြသည်​နှင့်​အမျှ လူအုပ်ကြီး​၏​အရေအတွက်​သည် ဆက်၍​တိုးပွား​များပြား​လာ​၏။

၁၃။ အဘယ်​သတိပေး​ချက်​ကို ယေရှု ထုတ်ပြန်​တော်​မူ​သနည်း။

၁၃ ၎င်းနောက် ယေရှု​မိန့်ကြား​ပြန်​၏– “ဤ​စာလိပ်​ပါ ပရောဖက်ပြုချက်​စကား​များ​ကို ကြား​ရသူ​တိုင်း​အား ငါသည် ဤသို့​သက်သေခံ​၏– မည်သူ​မဆို ဤ​အရာများ​ထဲ​သို့ တစ်စုံတစ်ရာ​ကို ထပ်​ထည့်​ပါ​က ဤ​စာလိပ်​၌ ရေးသား​ထားသော ကပ်ဘေး​များ​ကို သူ့​အပေါ်​သို့ ဘုရားသခင် သက်ရောက်​စေတော်မူ​လိမ့်​မည်။ မည်သူ​မဆို ဤ​ပရောဖက်​စာလိပ်​ပါ စကား​များ​ထဲ​မှ တစ်စုံတစ်ရာ​ကို နုတ်​ပယ်​ပါ​က ဤ​စာလိပ်​၌ ရေးသား​ထားသော အရာများ​တည်း​ဟူသော အသက်​ပင်​များနှင့် သန့်ရှင်းသော​မြို့တော်​မှ သူ့​ဝေစု​ကို ဘုရားသခင် နုတ်​ပယ်​တော်​မူ​လိမ့်​မည်။”​ဗျာဒိတ် ၂၂:၁၈၊ ၁၉

၁၄။ ဗျာဒိတ်ကျမ်း​၏ “ပရောဖက်ပြုချက်” ကို ယောဟန်​အတန်းအစား​က မည်သို့​သဘောထားကြ​သနည်း။

၁၄ ယောဟန်​အတန်းအစား​အနေ​နှင့် ဗျာဒိတ်ကျမ်း​၏ “ပရောဖက်ပြုချက်” ကို လူ​တို့အား သတိပြု​စေ​ရမည်။ မ​ကွယ်ဝှက်​ရ၊ ထပ်​လည်း​မ​သွင်း​ရ။ ၎င်း​၏​သတင်း​တော်​ကို “အိမ်မိုး​ထက်​မှ” လူသိရှင်ကြား ဟောပြော​ရမည်။ (မဿဲ ၁၀:၂၇ခ​မ) ဗျာဒိတ်ကျမ်း​သည် ဘုရားသခင် မှုတ်သွင်း​တော်​မူ​ရာ​ဖြစ်၏။ ဘုရားသခင်​ကိုယ်တော်တိုင်​မိန့်မြွက်​၍ ယခု​အုပ်စိုး​လျက်​ရှိသော​ဘုရင် ယေရှု​ခရစ်​မှ​တစ်ဆင့် ပေး​ပို့​တော်​မူ​သော သတင်း​တော်​ပါ စကားလုံး​တစ်လုံး​ကို မည်သူ​ပြုပြင်​ပြောင်းလဲ​ဝံ့​သနည်း။ ထိုသို့​သော​သူသည် အသက်​ရ​ရန်​ကြိုးပမ်း​ခြင်း​အမှု၌ ဆုံးရှုံး​၍ မဟာ​ဗာဗုလုန်​နှင့် တစ်လောက​လုံး​အပေါ် ဧကန်​ကျရောက်​မည့်​ကပ်​များ​ကို မုချ​ခံထိုက်​၏။

၁၅။ “ဤ​အရာများ​ကို [ငါ] သက်သေခံ” သည်၊ “ငါ​အမြန်​ကြွလာ​မည်” ဟူသော ယေရှု၏​စကား​များ​က ဘာကို​ဆိုလို​သနည်း။

၁၅ နောက်ဆုံး​အားပေး​စကား​တစ်ခွန်း​ကို ယခု​ယေရှု​မိန့်ဆို​၏– “ဤ​အရာများ​ကို သက်သေခံ​သော​သူက ‘မှန်​ပေ​သည်။ ငါသည် အမြန်​ကြွလာ​မည်’ ဟု​ဆို​၏။” (ဗျာဒိတ် ၂၂:၂၀က) ယေရှုသည် “သစ္စာ​ရှိ၍ စစ်မှန်သော​သက်သေ” ဖြစ်​တော်​မူ​၏။ (ဗျာဒိတ် ၃:၁၄) ဗျာဒိတ်ကျမ်း​၏ ရူပါရုံ​များ​ကို ကိုယ်တော်​သက်သေခံ​လျှင် ၎င်း​တို့​မှန်​၍​ဖြစ်​ရမည်။ ယေရှု​နှင့် ယေဟောဝါ​ဘုရားသခင် ကိုယ်တော်တိုင်​က မိမိတို့ “အမြန်” သို့​မဟုတ် မကြာမီ “ကြွလာ​မည်” ဟူသော​အချက်​ကို ထပ်ခါတလဲ အလေးအနက်​ပြု​၍ မိန့်ဆို​တော်​မူ​၏။ ယေရှု​ဆိုလျှင် ငါး​ကြိမ်​မြောက်​ဖြစ်၏။ (ဗျာဒိတ် ၂:၁၆; ၃:၁၁; ၂၂:၇၊ ၁၂၊ ၂၀) ‘ကြွလာ​တော်​မူ​ခြင်း’ မှာ ပြည့်တန်ဆာ​ကြီး​နှင့် နိုင်ငံရေး “ဘုရင်​များ” ကိုလည်း​ကောင်း၊ “ငါ​တို့​သခင် [ယေဟောဝါ] ၏​နိုင်ငံတော်၊ ထို​သခင်၏ ခရစ်​တော့်​နိုင်ငံတော်” ကို​ဆန့်ကျင်​သော အခြားသူ​ရှိသမျှ​တို့ကို တရား​စီရင်၍ ဒဏ်ခတ်​ရန်ဖြစ်​၏။​—ဗျာဒိတ် ၁၁:၁၅; ၁၆:၁၄၊ ၁၆; ၁၇:၁၊ ၁၂-၁၄

၁၆။ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ် အမြန်​ကြွလာ​တော်​မူ​မည်​ကို​သိ​သဖြင့် အသင် မည်သို့​ပြတ်သား​စွာ လုပ်ကိုင်​သင့်​သနည်း။

၁၆ သင်သည် ယေဟောဝါ​နှင့်​ယေရှု အလျင်အမြန်​ကြွလာ​တော်​မူ​မည်​ကို သိ​သောကြောင့် “ယေဟောဝါ​၏​နေ့​တော် ရောက်ရှိခြင်း​ကို စိတ်စွဲ” အပ်​ပေ​သည်။ (၂ ပေတရု ၃:၁၂က​ဘ) စာတန့်​အစီအစဉ်​စနစ်​မှ ဤ​မြေကြီး​သည် တည်မြဲ​ပုံ​ရသည်​တိုင်အောင် ဟန်​မျှ​သာ​ဖြစ်၏။ စာတန့်​လက်အောက်​ရှိ လောကီ​မင်း​စိုး​ရာဇာ​များ​ဖြစ်သည့် ကောင်းကင်​သည် အောင်မြင်မှု​ရ​ဟန်​ရှိသည့်​တိုင် တဒင်္ဂ​မျှ​သာ​ဖြစ်၏။ ဤ​အရာများ ကွယ်ပျောက်​သွား​လိမ့်​မည်။ (ဗျာဒိတ်​၂၁:၁) ယေဟောဝါ၊ ယေရှု​ခရစ်​လက်အောက်​ရှိ ယေဟောဝါ​၏​နိုင်ငံတော်​နှင့် ကိုယ်တော်​ကတိပြု​ရာ ကမ္ဘာသစ်​သာ​လျှင် တည်မြဲ​၏။ ဤ​အချက်​ကို ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။​—၁ ယောဟန် ၂:၁၅-၁၇

၁၇။ ယေဟောဝါ​၏ သန့်ရှင်းခြင်း​ကို လေးမြတ်​လျှင် သင်​မည်သို့​ပြုသင့်​သနည်း။

၁၇ ထို့​ကြောင့် ဗျာဒိတ်ကျမ်း​လေ့လာမှု​မှ အသင်​သိရှိ​ခဲ့​ရသည့် အချက်များ​သည် သင့်​ဘဝ​အပေါ် အကြီးအကျယ် ဩဇာ​လွှမ်းမိုး​ပါစေ။ ယေဟောဝါ​၏ ကောင်းကင်​ဆိုင်ရာ ရှေ့တော်မှောက်​မြင်ကွင်း​ကို ရိပ်​ခ​နဲ​မြင်​လိုက်ရ​သည့်​အတွက် ဖန်ဆင်း​ရှင်​၏ ထူးကဲ​လှ​သော​ဘုန်းတော်​နှင့် သန့်ရှင်းခြင်း​ကို အသင် စိတ်စွဲ​မသွား​ပေ​လော။ (ဗျာဒိတ် ၄:၁–၅:၁၄) ဤသို့​သော​ဘုရားသခင်​အား ဝတ်ပြု​ရသည်မှာ အခွင့်ထူး​ကြီး​ပါ​တကား။ သင်သည် ကိုယ်တော်​၏​သန့်ရှင်းခြင်း​ကို လေးမြတ်​သောကြောင့် အသင်းတော်​ခု​နစ်​ပါး​ထံ ပါး​လိုက်​သော ယေရှု၏​သြဝါဒ​ကို အလေးအနက်​ခံယူ​ပြီး ရုပ်​ဝါဒ​လိုက်စားမှု၊ ရုပ်တု​ကိုးကွယ်​မှု၊ စာရိတ္တ​ပျက်ပြားမှု၊ မ​ပူ​မအေး​ဖြစ်မှု၊ အယူဝါဒ​ဖောက်ပြန်သော ဂိုဏ်းဂဏ​ဝါဒ​မှ​စ၍ သင့်​ဝတ်ပြုမှု​ကို ယေဟောဝါ လက်မခံ​စေသော အခြား​အရာရှိသမျှ​ကို ရှောင်ပါ​လေ။ (ဗျာဒိတ် ၂:၁–၃:၂၂) ယောဟန်​အတန်းအစား​ထံ ပါး​လိုက်​သော တမန်​တော်​ပေတရု​၏ စကား​သည် မူ​အရ လူအုပ်ကြီး​နှင့်​လည်း သက်ဆိုင်​၏– “သင်တို့ကို ခေါ်တော်မူ​သော​သူသည် သန့်ရှင်း​တော်​မူ​သည်​နည်းတူ၊ ကျင့်ကြံ​ပြုမူ​သမျှ​တို့​၌ သန့်ရှင်းခြင်း​ရှိကြလော့။”​—၁ ပေတရု ၁:၁၅၊ ၁၆

၁၈။ သင်သည် အဘယ်​အမှု၌ တတ်နိုင်​သ၍ အပြည့်အဝ ပါဝင်​ဆောင်ရွက်​သင့်​သနည်း၊ ထို​လုပ်ငန်း​သည် ယနေ့ အဘယ်ကြောင့် အရေးကြီး​သနည်း။

၁၈ ထို့​ပြင် သင်သည် “ထာဝရ​ဘုရား​၏ မင်္ဂလာ​နှစ်​နှင့် ငါ​တို့​ဘုရားသခင် အပြစ်ပေး​တော်​မူ​ရာ နေ့ရက်​ကာလ” ကို​ကြွေးကြော်​ရာ​၌ သစ်​လန်း​သော စိတ်​ထက်သန်မှု ရှိ​နိုင်​ပါစေ။ (ဟေရှာယ ၃၅:၄; ၆၁:၂) သင်သည် သိုးစုငယ်​အဝင်​ဖြစ်စေ၊ လူအုပ်ကြီး​အဝင်​ဖြစ်စေ၊ ယေဟောဝါ​၏ အမျက်တော်​ဖလား​ခု​နစ်​လုံး သွန်းလောင်းခြင်း​ကို ကြေညာ​၍ စာတန်​၏​လောက​အပေါ် ချမှတ်​သော ဘုရားသခင်​၏ တရား​စီရင်ချက်​များ​ကို ပြောကြား​ရာ​၌ အပြည့်အဝ ပါဝင်​နိုင်​ပါစေ။ တစ်ချိန်တည်း​တွင် ယေဟောဝါ​နှင့် ကိုယ်တော်​၏ တည်ထောင်​ပြီ​ဖြစ်သော ခရစ်တော်​နိုင်ငံတော်​ဆိုင်ရာ ထာဝရ​သတင်းကောင်းကို ရွှင်လန်းစွာ​ကြွေးကြော်​ခြင်း​၌​လည်း သင့်​အသံကို​ကြား​ရ​ပါစေ။ (ဗျာဒိတ် ၁၁:၁၅; ၁၄:၆၊ ၇) ဤ​လုပ်ငန်းတော်​၌ အရေးတကြီး ပါဝင်​ဆောင်ရွက်​ပါ။ ယေဟောဝါ​ကို ဝတ်မပြု​သေး​သူများ​အနေ​နှင့်​လည်း သခင့်​နေ့​တော်​အတွင်း​သို့ ကျွန်ုပ်​တို့​ရောက်ရှိ​နေပြီ​ဟူသော အသိစိတ်ကြောင့် သတင်းကောင်း ကြွေးကြော်​ခြင်း​လုပ်ငန်း​တွင် လာရောက်​ပါဝင်​ကြ​ပါစေ။ နှစ်ခြင်း​ခံရန်​မျှော်လင့်​လျက် မိမိတို့​ဘဝကို ဘုရားသခင်​အား အပ်နှံ​သည်​အထိ တိုးတက်​နိုင်​ကြ​ပါစေ။ “ချိန်းချက်သော​အချိန်နီး​ပြီ” ဖြစ်​ကြောင်း သတိရပါ။​—ဗျာဒိတ် ၁:၃

၁၉။ သက်ကြီး​တမန်​တော် ယောဟန်​၏ နိဂုံး​စကား​မှာ မည်သို့​ဖြစ်၍ သင်​မည်သို့ တုံ့ပြန်​သနည်း။

၁၉ သို့​ဖြစ်၍ “အာမင်။ သခင်​ယေရှု၊ ကြွလာ​တော်​မူ​ပါ” ဟု ယောဟန်​နှင့်အတူ ကျွန်ုပ်​တို့ စိတ်​ပြင်းပြ​စွာ ဆုတောင်း​ပါ​၏။ သက်ကြီး​တမန်​တော် ယောဟန်​က “သခင်​ယေရှု​ခရစ်​၏ မခံစားထိုက်သော ကရုဏာတော်​သည် သန့်ရှင်းသူ​တို့​နှင့်အတူ ရှိပါစေ​သော” ဟု ထပ်၍​ဆို​၏။ (ဗျာဒိတ် ၂၂:၂၀ခ၊ ၂၁) အသင်​စာရှုသူ အားလုံး​တို့​နှင့်​လည်း အတူ​ရှိပါစေ။ သင်သည် ဗျာဒိတ်တော်​၏ မဟာ​အထွတ်အထိပ်​နီးပြီ​ဟူသော ယုံကြည်ချက်​ရှိသဖြင့် ကျွန်ုပ်​တို့​နှင့်အတူ လှိုက်လှိုက်လှဲလှဲ “အာမင်” ဟု ဆိုနိုင်​ပါစေ​သတည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၃၁၄ ပါ ရုပ်ပုံ]

“မြို့ပြင်​တွင် ခွေး​များ . . . ”

[စာမျက်နှာ ၃၁၅ ပါ ရုပ်ပုံ]

“မြို့တံခါး​များ​ဖြင့် မြို့တော်​တွင်း​သို့ ဝင်နိုင်​ခွင့်​ကို​ရ . . . သော​သူတို့သည် ပျော်ရွှင်​၏”