မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း

ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း

အခန်း ၅

ဘုန်းပွင့်​သော​ယေရှုကို ယောဟန်​မြင်ရ​ခြင်း

ရူပါရုံ ၁ ဗျာဒိတ် ၁:၁၀–၃:၂၂

အကြောင်းအရာ– ကမ္ဘာ​ပေါ်​ရှိ ဝိညာဏ​ဣသရေလ​ကို ယေရှု​ကြွရောက်​စစ်ဆေး​၍ လှိုက်လှိုက်လှဲလှဲ အားပေးခြင်း

ပြည့်စုံချိန်– သခင့်​နေ့​တော်​၏ ဤ​ကဏ္ဍ​သည် ၁၉၁၄ ခု​မှ​အစ​ပြုပြီး နောက်ဆုံးသော​သစ္စာရှိ​ဘိသိက်ခံ သေ​၍ ထမြောက်​သည့်​အချိန်အထိ​ဖြစ်သည်

၁။ ပထမ​ရူပါရုံ​ကို မည်သို့​တင်ပြ​သနည်း။ ၎င်း​၏​သက်ဆိုင်ချိန်​ကို ယောဟန် မည်သို့​အရိပ်အမြွက်​ပြသ​နည်း။

ဒိတ်ကျမ်း​မှ ပထမ​ရူပါရုံ​သည် အခန်းကြီး ၁၊ အခန်းငယ် ၁၀ မှ​စ​သည်။ ၎င်း​သည် ဗျာဒိတ်ကျမ်း​ရှိ အခြား​ရူပါရုံ​များ​နည်းတူ ထူးခြားသော​အရာတစ်ခု​ကို ယောဟန်​ကြား​ရသည် သို့​မဟုတ် မြင်ရ​သည် ဟူသော​ကြေညာ​ချက်​ဖြင့် နိဒါန်း​ပျိုး​၏။ (ဗျာဒိတ် ၁:၁၀၊ ၁၂; ၄:၁; ၆:၁) ပထမ​ရူပါရုံ​ကို ပထမ​ရာစု​၏ ဘောင်​အတွင်း တင်ပြ​ထား​သည်။ ထို​ဘောင်​အတွင်း ယောဟန်​နှင့် ခေတ်ပြိုင်​ဖြစ်သော အသင်းတော်​ခု​နစ်​ပါး​ထံ သတင်း​များ​ကို ပေး​ပို့လိုက်​သည်။ သို့သော် ယောဟန်​က “မှုတ်သွင်း​တော်​မူ​ခြင်း​ဖြင့် ငါသည် သခင့်​နေ့​တော်​ထဲ​သို့ ရောက်သွား​၏” ဟု ဆို​စဉ် ၎င်း​ရူပါရုံ တကယ်​သက်ဆိုင်​သည့် အချိန်ကို​ပြ​သည်။ (ဗျာဒိတ် ၁:၁၀က) ထို “နေ့​တော်” ကား အဘယ်​အချိန်​နည်း။ ကသောင်းကနင်း​နိုင်သော ယခု​ခေတ်​အဖြစ်အပျက်​များသည် ၎င်းနှင့်​ဆက်စပ်မှု​ရှိသလော။ ရှိလျှင် ဤ​ပရောဖက်ပြုချက်​ကို ကျွန်ုပ်​တို့​အထူး​ဂရုပြု​သင့်​၏။ ကျွန်ုပ်​တို့၏​အသက်တာ​နှင့် ဆိုင်​ရုံ​မ​က—ကျွန်ုပ်​တို့၏ သေရေးရှင်ရေး​ပင်​ဖြစ်သည်။—၁ သက်သာလောနိတ် ၅:၂၀၊ ၂၁

သခင့်​နေ့​တော်​ထဲ

၂။ သခင့်​နေ့​တော် အဘယ်​အချိန်​စ​တင်၍ အဘယ်​အချိန်၌ ကုန်ဆုံး​သနည်း။

၎င်း​သည် ဗျာဒိတ်ကျမ်း ပြည့်စုံချက်​ကို အဘယ်​အချိန်​ဘောင်​အတွင်း​၌ ထည့်သွင်း​သနည်း။ စဉ်းစား​ကြည့်​လေ။ သခင့်​နေ့​တော်​ကား အဘယ်နည်း။ တမန်​တော်​ပေါလု​က ၎င်းကို တရား​စီရင်​ရာ၊ ကတိတော်​များ​ပြည့်စုံ​ရာ အချိန်​အဖြစ် ညွှန်းဆို​သည်။ (၁ ကောရိန္သု ၁:၈; ၂ ကောရိန္သု ၁:၁၄; ဖိလိပ္ပိ ၁:၆၊ ၁၀; ၂:၁၆) ထို “နေ့​တော်” ရောက်လာ​သည်​နှင့် ယေဟောဝါ​၏ မြင့်မြတ်​သော​ရည်ရွယ်ချက်များ​သည် အထွတ်အထိပ်​သို့ တစ်ဆင့်​ပြီး​တစ်ဆင့် အောင်မြင်စွာ​တက်လှမ်း​လေ​သည်။ ထို “နေ့​တော်” သည် ယေရှု ကောင်းကင်ဘုရင်​အဖြစ် သရဖူ​ဆောင်း​သည့်​အချိန်​မှ အစပြု​သည်။ စာတန့်​လောကကို ယေရှု စီရင်​သည့်​နောက်​မှာ​ပင် သခင့်​နေ့​တော် မကုန်ဆုံး​သေး။ ပရဒိသု​ပြန်လည်​ထူထောင်ခြင်း၊ လူသား​တို့ကို စုံလင်ခြင်း​သို့ ပို့​ခြင်း​နှင့်အတူ စခန်း​ဆက်​ဦး​မည်။ နောက်ဆုံး​၌ “မိမိ​နိုင်ငံ​ကို ဘုရားသခင်​တည်း​ဟူသော ခမည်းတော်​၌ [ယေရှု] အပ်ပြန်တော်မူ” သည့်​အချိန်အထိ​ဖြစ်သည်။—၁ ကောရိန္သု ၁၅:၂၄-၂၆; ဗျာဒိတ် ၆:၁၊ ၂

၃။ (က) “ခု​နစ်​ကာလ” ဆိုင်ရာ ဒံယေလ​ပရောဖက်ပြုချက်​က သခင့်​နေ့​တော် စတင်ချိန်​ကို​သိ​နိုင်အောင် မည်သို့​ထောက်ကူ​သနည်း။ (ခ) သခင့်​နေ့​တော် ၁၉၁၄ ခု​တွင်​စတင်​ကြောင်း အဘယ်​ကမ္ဘာ့​အခြင်းအရာ​များ​က ထောက်ခံ​သနည်း။

အခြား​ကျမ်းစာ​ပရောဖက်ပြုချက်​များ​၏ ပြည့်စုံမှု​က သခင့်​နေ့​တော် အစပြုချိန်​ကို သိမြင်​နိုင်​ရန် ထောက်ကူ​၏။ ဥပမာ၊ ဒံယေလ​က ဒါဝိဒ်​မင်းဆက်​အုပ်ချုပ်မှု ဖြတ်တောက်​ခံရ​ခြင်း​ကို ဖော်ပြ​သည်။ “ခု​နစ်​ကာလ” လွန်​သည့်​နောက် “အမြင့်ဆုံး​အရှင်​သည် လူသား​တို့​နိုင်ငံ​၌ အုပ်စိုးရှင်​ဖြစ်​ကြောင်း၊ နိုင်ငံတော်​ကို ပေး​လို​သူအား ပေး​တော်​မူ​ကြောင်း” လူ​တို့​သိရ​ကြလိမ့်မည်။ (ဒံယေလ ၄:၂၃၊ ၂၄၊ ၃၁၊ ၃၂က​ဘ) ထို​ပရောဖက်ပြုချက်​၏ အကြီးစား​ပြည့်စုံချက်​သည် ယုဒ​နိုင်ငံ​ပျက်စီး​သည့်​အချိန်​မှ​အစပြု​သည်။ ကျမ်းစာ​အထောက်အထား​က ဘီစီ ၆၀၇ ခု၊ အောက်တိုဘာ​လ​တွင် ယုဒ​နိုင်ငံ အပြီး​ဖျက်ဆီး ခံရ​သည်ကို​ပြ​၏။ ဗျာဒိတ် ၁၂:၆၊ ၁၄ က ၃ ၁/၂ ကာလ​သည် ရက်ပေါင်း ၁,၂၆၀ နှင့်​ညီ​သည်​ဟု​ဆို​၏။ ထို့​ကြောင့် ၎င်း​၏​နှစ်ဆ​ဖြစ်သော ခု​နစ်​ကာလ​သည် ရက်ပေါင်း ၂,၅၂၀ ဖြစ်​ရ​လိမ့်​မည်။ ‘တစ်ရက်​ကိုတစ်​နှစ်’အဖြစ်​တွက်​လျှင် “ခု​နစ်​ကာလ” သည် အနှစ် ၂,၅၂၀ တာ​ရှည်​၏။ (ယေဇကျေလ ၄:၆) ထို့​ကြောင့် ခရစ်တော်​ယေရှုသည် ၁၉၁၄ ခုနှစ် နှောင်း​ကာလ​တွင် ကောင်းကင်​မှ စတင်​အုပ်စိုး​တော်​မူ​သည်။ ထို​နှစ်​၌ ပထမ​ကမ္ဘာ​စစ်​ဖြစ်ပွား​ခြင်း​သည် ယနေ့​တိုင် လူသား​တို့ကို အဆက်မပြတ်​နှိပ်စက်​သည့် “ဒုက္ခ​ဆင်းရဲခြင်း​၏ အစအဦး” ကို​သတ်မှတ်​လိုက်​သည်။ ၁၉၁၄ ခု​မှ​စ၍ သွေးစွန်း​သော​ကမ္ဘာ​ပေါ်​မှ အဖြစ်သနစ်​များ​က ထို​နှစ်​ပင် ယေရှု​ရောက်ရှိ​ရာ “နေ့​တော်” ၏​အစ​ဖြစ်​ကြောင်း သိသာ​ထူးခြား​စွာ ထောက်ခံ​နေသည်​တကား။—မဿဲ ၂၄:၃-၁၄ *

၄။ (က) ပထမ​ရူပါရုံ ပြည့်စုံချိန်​နှင့်​ပတ်သက်​၍ ဗျာဒိတ်ကျမ်း​စကား​များ​ကိုယ်နှိုက်​က မည်သို့​အရိပ်အမြွက်​ပြသ​နည်း။ (ခ) ပထမ​ရူပါရုံ​ပြည့်စုံခြင်း​သည် အဘယ်​အချိန်၌ အဆုံးတိုင်​သနည်း။

ထို့​ကြောင့် ပထမ​ရူပါရုံ​နှင့် ၎င်း​ပါ​သြဝါဒ​သည် ၁၉၁၄ ခု​မှ အစပြု​သော သခင့်​နေ့​တော်​အတွက်​ဖြစ်သည်။ ဗျာဒိတ်ကျမ်း​၏ နောက်ပိုင်း​မှတ်တမ်း​၌ ဘုရားသခင့် စစ်မှန်​ဖြောင့်မတ်​သော စီရင်ချက်​များ​အတိုင်း ထင်ရှားသော​ကဏ္ဍ​မှ သခင်​ယေရှု ပါဝင်​စီရင်​ဆောင်ရွက်ခြင်း​အကြောင်း ဖော်ပြ​သည်​ဟူ​သည့်​အချက်​က ၎င်း​အချိန်​သတ်မှတ်ချက် မှန်ကန်ကြောင်း ထောက်ခံ​သည်။ (ဗျာဒိတ် ၁၁:၁၈; ၁၆:၁၅; ၁၇:၁; ၁၉:၂၊ ၁၁) ပထမ​ရူပါရုံ​သည် ၁၉၁၄ ခု​မှ​စ၍ ပြည့်စုံ​လာ​သည်​မှန်​လျှင် အဘယ်​အချိန်၌ ကုန်ဆုံး​သနည်း။ သတင်း​စကားတော်​များ​ကိုယ်နှိုက် တင်ပြ​သည့်​အတိုင်း ကမ္ဘာ​ပေါ်​ရှိ ဘိသိက်ခံ​များ​ဖြင့်​ဖွဲ့စည်း​သော ဘုရားသခင့်​အသင်းတော်​ထံ စာရေး​နေခြင်း​ဖြစ်သည်။ ထို့​ကြောင့် ပထမ​ရူပါရုံ ပြည့်စုံမှု​သည် ထို​ဘိသိက်ခံ​အသင်းတော်​၏ နောက်ဆုံး​သစ္စာရှိ​အသင်းသား​သေ​၍ ကောင်းကင်​အသက်တာ​သို့ ထမြောက်​သည့်​အခါ အဆုံးတိုင်​၏။ သို့ရာတွင် သခင့်​နေ့​တော်​သည် မြေကြီးဆိုင်ရာ အခြားသိုး​များ​ကို ကောင်းချီး​ပေးခြင်း​နှင့်အတူ ယေရှု​ခရစ်​၏ အနှစ်​တစ်ထောင်​အုပ်စိုးမှု ကုန်ဆုံး​ချိန်​အထိ စခန်း​ဆက်​၏။—ယောဟန် ၁၀:၁၆; ဗျာဒိတ် ၂၀:၄၊ ၅

၅။ (က) အသံ​တစ်ခု​က ယောဟန်​အား​ဘာလုပ်​ရန် ဆော်သြ​သနည်း။ (ခ) “အသင်းတော်​ခု​နစ်​ပါး” ၏ တည်နေရာ​သည် အဘယ်ကြောင့် စာလိပ်​ကို ရလွယ်​သည့်​နေရာများ​ဖြစ်သနည်း။

ပထမ​ရူပါရုံ​၌ ယောဟန်​သည် ဘာကို​မျှ​မမြင်​ရ​မီ အောက်ပါ​စကား​ကို​ကြား​ရသည်– “ငါ့​နောက်​၌ တံပိုး​သံ​ကဲ့သို့​သော အသံ​ကြီး​ကို ကြား​ရ၏။ ထို​အသံ​က သင်​မြင်​သော​အရာ​ကို စာလိပ်​တွင်​ရေးသား​၍ ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောဒိကိ​မြို့များ​ရှိ အသင်းတော်​ခု​နစ်​ပါး​ထံ ပေး​ပို့​လော့ဟု​ဆို​၏။” (ဗျာဒိတ် ၁:၁၀ခ၊ ၁၁) အသံ​တစ်ခု​က တံပိုး​ဆင့်ဆို​သံ​ကဲ့သို့ အမိန့်အာဏာ​ပါ​ပါ​ဖြင့် ယောဟန်​အား “အသင်းတော်​ခု​နစ်​ပါး” ထံ စာရေး​ရန် ဆင့်ခေါ်​သည်။ ယောဟန်​သည် သတင်း​တော်​တသီတသန်း​ရရှိ​မည်​ဖြစ်၍ မြင်ရ​ကြား​ရမည့်​အရာများ​ကို ဖြန့်ချိ​ရန်ဖြစ်​သည်။ ဤ​တွင်​ဖော်ပြ​သော အသင်းတော်များ​သည် ယောဟန်​လက်ထက်​၌ အမှန်တကယ်​တည်ရှိ​ကြောင်း သတိပြုပါ။ ၎င်း​တို့အားလုံး ပတ်မုကျွန်း​၏ ပင်လယ်​တစ်ဖက်​ကမ်း၊ အာရှမိုင်းနား​၌ တည်ရှိ​ကြသည်။ ရောမ​လူ​တို့ ထို​ဒေသ​၌ ဖောက်​လုပ်ထား​သည့် အထူး​ကောင်းမွန်သော​လမ်းများ​ဖြင့် ထို​မြို့များ​ဆီ​သို့ လွယ်​လင့်​တကူ သွားလာ​နိုင်၏။ သတင်းပို့​သူသည် စာလိပ်​ကို​ဆောင်​၍ အသင်းတော်​တစ်ခု​မှ နောက်တစ်ခု​သို့ သွား​ရန်​အခက်အခဲ ရှိ​မည်​မဟုတ်ပါ။ ထို​အသင်းတော်​ခု​နစ်​ပါး​သည် ယခု​ခေတ် ယေဟောဝါသက်သေ​များ​၏ တိုက်နယ်​တစ်ခု​၏ အပိုင်း​တစ်ပိုင်း​ပ​မာ​ဖြစ်၏။

၆။ (က) “ယခု​ဖြစ်နေ​သည့် အမှုအရာ​များ” သည် ဘာကို​ဆိုလို​သနည်း။ (ခ) ယနေ့ ဘိသိက်ခံ​ခရစ်ယာန်​အသင်းတော်​ရှိ အခြေအနေ​များသည် ယောဟန်​လက်ထက်​ရှိ အသင်းတော်များ​အခြေအနေ​နှင့် တူ​လိမ့်​မည်​ဟု ကျွန်ုပ်​တို့ အဘယ်ကြောင့် သေချာပေါက်​ပြော​နိုင်​သနည်း။

ဗျာဒိတ်ကျမ်း​ပါ ပရောဖက်ပြုချက်​အများစုမှာ ယောဟန်​လက်ထက်​ကို ကျော်လွန်​ပြီး​မှ ပြည့်စုံ​လာရန်​ဖြစ်သည်။ ၎င်းတို့သည် “ဤ​အမှု​အရာများ​နောက်​၌ ဖြစ်ပျက်​မည့် အမှုအရာ​များ” ကို ရည်ညွှန်း​သည်။ သို့သော် အသင်းတော်​ခု​နစ်​ပါး​ထံ ပေး​ပို့​သော​သြဝါဒ​မှာ “ယခု​ဖြစ်နေ​သည့်​အမှုအရာ​များ” ထို​အချိန်၌ အသင်းတော်​ခု​နစ်​ပါး​အတွင်း တကယ်​ရှိသည့် အခြေအနေ​များနှင့် သက်ဆိုင်​သည်။ သတင်း​တော်​သည် ထို​အသင်းတော်​ခု​နစ်​ပါး​မှ သစ္စာရှိ ခန့်အပ်​ခံ​အကြီးအကဲ​များ​အဖို့​မ​က ထို​အချိန်​ရှိ ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အခြားသော​အသင်းတော်များ​အားလုံး​ထဲ​က အကြီးအကဲ​များ​အဖို့​လည်း အဖိုးတန်​အထောက်အကူ ဖြစ်​ပေ​သည်။ * ဤ​ရူပါရုံ​သည် အဓိက​အားဖြင့် သခင့်​နေ့​တော်​နှင့် သက်ဆိုင်​ရ​ကား ယေရှု​မိန့်မြွက်ချက်​များ​က ကျွန်ုပ်​တို့​ခေတ်​ရှိ ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အသင်းတော်၌​လည်း အလားတူ​အခြေအနေ​များ​ကို တွေ့ရ​လိမ့်​မည်​ဖြစ်​ကြောင်း အသိပေး​၏။—ဗျာဒိတ် ၁:၁၀၊ ၁၉

၇။ ပထမ​ရူပါရုံ​၌ ယောဟန် မည်​သူ့ကို မြင်ရ​သနည်း။ ၎င်း​သည် ယနေ့ ကျွန်ုပ်​တို့​အဖို့ အဘယ်ကြောင့် အလွန်​အရေးကြီး​ပြီး ရင်​ဖို​စ​ရာ​ဖြစ်သနည်း။

ပထမ​ရူပါရုံ​၌ ကောင်းကင်​ဘုန်း​ရော​င် ကွ​န့်​မြူး​လျက်​ရှိသော သခင်​ယေရှု​ခရစ်​ကို ယောဟန်​မြင်ရ​သည်။ ကောင်းကင်​မှ​စေလွှတ်​ခံရ​သူ ဤ​သခင်မြတ်​၏​နေ့​တော်​ကြီး​နှင့်​ဆိုင်​သည့် ပရောဖက်ပြု​ကျမ်းစောင်​အဖို့ ထို့​ထက်​သင့်မြတ်​သော​အရာ ရှိ​ဦး​မည်​လော။ ထို​ကာလပိုင်း​၌ အသက်ရှင်​၍ ကိုယ်တော့်​အမိန့်တော်ကို မြေ​ဝယ်​မကျ နာခံ​သူ ကျွန်ုပ်​တို့​အဖို့ ထို့​ထက်​အရေးကြီးသော​အရာ ရှိ​ဦး​မည်​လော။ ထို့​ပြင် မေရှိယ​မျိုးနွယ်တော်​သည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​က စာတန်​ပေး​သော စုံစမ်း​ညှဉ်းပန်းမှု​များ​ကို ကြံ့ကြံ့ခံ​ပြီး “ဖနောင့်” ၌ “ကြိတ်” ခံရ​၍ ဝေဒနာ​ပြင်းစွာ​ဖြင့် အသေခံပြီး​ဖြစ်​သဖြင့် ယခု ကောင်းကင်ဘုံ​၌ အသက်ရှင်​လျက် ဘုရားသခင့်​မဟာ​ရည်ရွယ်ချက်ကို အောင်မြင်စွာ အပြီး​ဆောင်ရွက်ရန် အာဏာတော် လွှဲအပ်​ခြင်း​ခံရ​ပြီ ဟူသော​အချက်​ကို အ​ခိုင်​အလုံ​သိရ​သည်​မှာ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို ထောက်ခံသူ​များ​အဖို့ မည်မျှ​ပီတိဖြာ​စ​ရာ​ပါ​တကား။—ကမ္ဘာဦး ၃:၁၅

၈။ ဘာကို​လုပ်ဆောင်ရန် ယခု ယေရှု​တာစူ​နေသနည်း။

ယေရှုသည် နန်း​ရ​ဘုရင်​အနေ​နှင့် အရေးယူ​ဆောင်ရွက်ရန် တာစူ​နေပြီ​ဖြစ်​ကြောင်း သာဓက​ထင်ရှား​၏။ ယေဟောဝါ​၏ နောက်ဆုံး​စီရင်ချက်​အတိုင်း ဟောင်းနွမ်း​သော ဤ​အစီအစဉ်​စနစ်ဆိုး​နှင့်​တကွ ၎င်း​၏​နတ်ဆိုး​ဘုရား စာတန်​ကို အရေးယူ​ရန် ယေဟောဝါ​၏ လက်မရွံ့​အာဏာသား​အဖြစ် ခန့်အပ်​တော်​မူ​ခြင်း ခံရ​လေ​ပြီ။ ကိုယ်တော်​သည် ဘိသိက်ခံ​များနှင့် သူတို့၏​အပေါင်းပါ လူအုပ်ကြီး​ဖြင့်​ဖွဲ့စည်း​သော မိမိ၏​အသင်းတော်ကို​လည်းကောင်း၊ လောကကို​လည်းကောင်း တရား​စီရင်​ရန် အဆင်သင့်​ရှိနေပြီ။—ဗျာဒိတ် ၇:၄၊ ၉; တမန်​တော် ၁၇:၃၁

၉။ (က) ရွှေ​မီးခွက်​များ​အလယ်​မှ ဘုန်းပွင့်​ယေရှုကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) ဗိမာန်တော်​နှင့်​တူသော နောက်ခံ​ဝန်းကျင်​နှင့်​ယေရှု​ဝတ်​သော ဝတ်လုံ​တော်​တို့​က ဘာကို​ပြသ​နည်း။ (ဂ) ကိုယ်တော်​၏​ရွှေ​ရင်​စည်း​က အဘယ်​အဓိပ္ပာယ်ဆောင်​သနည်း။

ယောဟန်​သည် အသံ​ကြီး​ကြား​ရာ​ဘက်​သို့ လှည့်ကြည့်​စဉ် အောက်ပါ​အရာ​ကို​မြင်ရ​သည်– “ငါ့​အား​စကားပြော​သော ထို​အသံရှင်​ကို​မြင်​ရန် ငါ​လှည့်ကြည့်​လိုက်​သော် ရွှေ​မီးခွက်​ခုံ ခု​နစ်​ခုံ​ကို . . . တွေ့ရ​၏။” (ဗျာဒိတ် ၁:၁၂) နောက်ပိုင်း၌ ထို​မီး​ခုံ​ခု​နစ်​ခုံ ဘာကို​ပုံဆောင်​ကြောင်း ယောဟန် သိရ​သည်။ သို့သော် သူ​အာရုံပြု​မိ​သော​အရာ​မှာ မီး​ခုံ​များ​အလယ်​မှ ပုဂ္ဂိုလ်​ဖြစ်သည်။ “ထို​မီး​ခုံ​များ​အလယ်​၌ လူသား​နှင့်​တူသော​သူ​တစ်ဦး​သည် ခြေဖျား​အထိ​ရောက်​သော အဝတ်ကို​ဝတ်​လျက် ရင်​၌ ရွှေ​ရင်​စည်း​ကို စည်းထား​သည်။” (ဗျာဒိတ် ၁:၁၃) ဤ​တွင် “လူသား” ယေရှုသည် မှင်တက်​မိ​သော မျက်မြင်​သက်သေ ယောဟန်​ရှေ့ ခံ့ညား​ထည်ဝါ​၍ ရော​င်​လျှံ​တောက်​လျက် ပေါ်ထွန်း​တော်​မူ​၏။ မီးတောက်​နေသော ရွှေ​မီး​ခုံ​များ​အလယ်​၌ ဘုန်း​ရော​င်ဖြာ​လျက် ရှိ​တော်​မူ​သည်။ ဗိမာန်တော်​နှင့်​တူသော ဤ​နောက်ခံ​ဝန်းကျင်​က ယေရှုသည် တရား​စီရင်ခြင်း​အာဏာ​နှင့်​တကွ ယေဟောဝါ​၏ မဟာ​ယဇ်ပုရောဟိတ်မင်း​အနေ​နှင့် ရောက်ရှိ​ကြောင်း ယောဟန်​၏​စိတ်ထဲ​၌ စွဲထင်​စေ​သည်။ (ဟေဗြဲ ၄:၁၄; ၇:၂၁-၂၅) ကိုယ်တော့်​ဝတ်လုံ​ရှည်​က ကိုယ်တော့်​ယဇ်ပုရောဟိတ်​ရာထူး​နှင့် လိုက်ဖက်​ပေ​သည်။ ရှေးခေတ်​က ဂျူး​ယဇ်ပုရောဟိတ်မင်း​ကဲ့သို့ ကိုယ်တော်​သည် ရင်​၌ နှလုံးကို​ဖုံး​သော ရင်​စည်း—ရွှေ​ရင်​စည်း​ကို စည်း​တော်​မူ​၏။ ယေဟောဝါ​ဘုရားသခင်​၏ အမိန့်တော်​အတိုင်း နှလုံး​အကြွင်းမဲ့ ဆောင်ရွက်​မည်​ဟူ​သည့်​အဓိပ္ပာယ်​ကို ဆောင်​ပေ​သည်။—ထွက်မြောက်ရာ ၂၈:၈၊ ၃၀; ဟေဗြဲ ၈:၁၊ ၂

၁၀။ (က) ယေရှု၏ နှင်း​ခဲ​ပ​မာ​ဖြူဖွေး​သော ဆံ​တော်​နှင့် မီးလျှံ​တောက်​သည့် မျက်လုံး​တော်​များ​က ဘာကို​ပြသ​နည်း။ (ခ) ယေရှု၏​ခြေတော်​သည် ဖိတ်ဖိတ်တောက်​သော ကြေးနီ​စစ်​နှင့်​တူ​သည် ဟူသော​အချက်​က အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၀ ယောဟန် ဆက်လက်​ရေးသား​ဖော်ပြ​၏– “ထို့​ပြင် ဦးခေါင်း​တော်​နှင့် ဆံ​တော်​သည် ဖြူ​သော​သိုးမွေး​ပ​မာ၊ နှင်း​ခဲ​ပ​မာ​ဖြစ်၍ မျက်လုံး​တော်​များသည် မီးလျှံ​အလား ဖြစ်သည်။” (ဗျာဒိတ် ၁:၁၄) နှင်း​ခဲ​နှယ် ဖြူဖွေး​သော​ဆံ​တော်​က ကိုယ်တော်​သည် အသက်​တော်​ရှည်​သဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​သည်ကို​ပြ​သည်။ (သုတ္တံ ၁၆:၃၁ နှိုင်းယှဉ်။) မီးလျှံ​တောက်​သော မျက်လုံး​တော်​များ​က စူးစမ်းခြင်း၊ စမ်းသပ်ခြင်း၊ အမျက်တော်​ထွက်​ခြင်း​၌ စူးရှ​၍ နိုးနိုးကြားကြား ရှိသည်​ကို​ပြ​သည်။ ယေရှု၏​ခြေတော်​ကို​ပင် ယောဟန် အထူး​သတိပြုမိ​သည်။ “ခြေတော်​သည် မီး​ပြင်း​ဖို​ထဲ​၌ ဖိတ်ဖိတ်တောက်​သော ကြေးနီ​စစ်​နှင့်​တူ​၏။ အသံတော်​သည် များပြား​သော​ရေထု​၏ အသံ​နှင့်​တူ​၏။” (ဗျာဒိတ် ၁:၁၅) ရူပါရုံ​၌ ယေရှု၏​ခြေတော်​သည် ပြောင်လက်​တောက်ပ​သော ကြေးနီ​နှင့်​တူ​သည်—စိတ်​ထက်သန်​စွာ​သွား​လာ၍ ယေဟောဝါ​ဘုရားသခင့်​ရှေ့ မျက်နှာသာ​ရသော​ရပ်တည်မှု ရှိသူ​တစ်ဦး​အဖို့ လျောက်ပတ်​ပေ​သည်။ ထို​မျှ​မ​က ကျမ်းစာ​၌ ဘုရားရေးရာ​များ​ကို​ရွှေ​ဖြင့်​ပုံခိုင်း​သော်လည်း လူ့​ရေးရာ​များ​ကို တစ်ခါတစ်ရံ ကြေးနီ​ဖြင့် ကိုယ်စား​ပြု​၏။ * ထို့​ကြောင့် ယေရှု၏​ကြေးနီ​စစ်​ကဲ့သို့​သော ခြေတော်​က ကိုယ်တော် ကမ္ဘာ​ပေါ်မှာ​သွား​လာ၍ သတင်းကောင်း​ဟောပြော​စဉ် ခြေတော် မည်မျှ​တင့်တယ်​ကြောင်း ကျွန်ုပ်​တို့အား​သတိ​ရစေသည်။—ဟေရှာယ ၅၂:၇; ရောမ ၁၀:၁၅

၁၁။ (က) ယေရှု၏​ဘုန်း​ရော​င်ဖြာ​သော ခြေတော်​က ဘာကို​သတိ​ရစေ​သနည်း။ (ခ) ယေရှု၏​အသံသည် “များပြား​သော​ရေထု​၏​အသံ​နှင့် တူ​သည်” ဟူ​သည့်​အချက်​က ဘာကို​ပြသ​နည်း။

၁၁ ယေရှုသည် စုံလင်သော​လူသား​တစ်ဦး​အနေ​နှင့် ကောင်းကင်တမန်​နှင့် လူ​တို့​ရှေ့ ဘုန်း​ရော​င်​ကွ​န့်​မြူး​ခဲ့​သည်။ (ယောဟန် ၁:၁၄) ခြေတော်​က ယဇ်ပုရောဟိတ်မင်း​အဖြစ် အမှုထမ်း​ရာ ယေဟောဝါ​၏ အဖွဲ့အစည်း​အတွင်းရှိ သန့်ရှင်းသော​မြေပေါ်မှာ လျှောက်လှမ်း​နေ​တော်​မူ​သည်ကို​လည်း ကျွန်ုပ်​တို့အား သတိ​ရစေသည်။ (ထွက်မြောက်ရာ ၃:၅ နှိုင်းယှဉ်။) ထို့​ပြင် အသံတော်​သည် သွယ်​ဖြာ​ကျဆင်းလျက်​ရှိသော ရေတံခွန်ကြီး​အလား​မြည်ဟည်း​၏။ ကြား​ရသူ​စိတ်ထဲ စွဲထင်​လောက်​အောင် အံ့သြ​ထိတ်လန့်ဖွယ်​ဖြစ်​ရ​ကား ဘုရားသခင့်​နှုတ်ကပါဌ်တော်​ဟု တရားဝင်​သမုတ်​ခံရ​သူ၊ “လောကီ​သားတို့​ကို ဖြောင့်မတ်ခြင်း​တရား​နှင့်​ညီ​လျော်​စွာ စစ်ကြော​စီရင်” ရန်​ကြွလာ​သူ ယေရှု​နှင့်​လိုက်ဖက်​လှ​သည်။—တမန်​တော် ၁၇:၃၁; ယောဟန် ၁:၁

၁၂။ “ထက်​သော​သန်လျက်​ရှည်” မှာ ဘာ​အဓိပ္ပာယ်​ရှိ​သနည်း။

၁၂ “လက်ယာလက်​တော်​ဖြင့် ကြယ်​ခု​နစ်​လုံး​ကို ကိုင်​လျက်​ရှိပြီး ခံတွင်း​တော်​မှ​ထက်​သော​သန်လျက်​ရှည် ထွက်​နေ​၏။ မျက်နှာတော်​သည် အစွမ်းကုန်​တောက်ပ​သော နေ​နှင့်​တူ​၏။ ငါသည် ကိုယ်တော်​ကို တွေ့သော​အခါ ခြေတော်​ရင်း​၌​လူသေ​အလား လဲကျ​သွား​သည်။” (ဗျာဒိတ် ၁:၁၆၁၇က) မကြာမီ​ကလေး​တွင် ယေရှု​ကိုယ်တော်တိုင် ကြယ်​ခု​နစ်​လုံး​၏​အဓိပ္ပာယ်​ကို ရှင်းပြ​တော်​မူ​၏။ သို့သော် ခံတွင်း​ထဲ​က ဘာ​ထွက်​လာ​သည်ကို သတိပြုပါ။ “ထက်​သော​သန်လျက်​ရှည်” ဖြစ်သည်။ ဆီလျော်​လှ​သည်​တကား။ အကြောင်း​မှာ ယေရှု​ပင်​လျှင် ရန်သူများ​အပေါ်​ချမှတ်​သော ယေဟောဝါ​၏ နောက်ဆုံး​တရား​စီရင်ချက်​များ​ကို ထုတ်ပြန်​ရန် ခန့်အပ်​ခံရ​သူ​ဖြစ်သည်။ ကိုယ်တော့်​ခံတွင်း​တော်​မှ ထွက်​လာသော ယတိပြတ်​အမိန့်​ဖြင့် လူဆိုး​အားလုံး သုတ်သင်​ခံရ​၏။—ဗျာဒိတ် ၁၉:၁၃၊ ၁၅

၁၃။ (က) ယေရှု၏​တောက်ပ​သော​မျက်နှာ​က ဘာကို သတိ​ရစေ​သနည်း။ (ခ) ယေရှု​အကြောင်း ယောဟန်​၏​ဖော်ပြချက်​ကို ခြုံငုံ​ကြည့်​လျှင် အဘယ်အရာ စိတ်ထဲ​စွဲထင်​သွား​သနည်း။

၁၃ ယေရှု၏ တောက်ပ​သော မျက်နှာတော်​က ယေဟောဝါ​နှင့် တရင်းတနှီး​ပြောဆို​သည့်​နောက် မောရှေ၏​မျက်နှာ ရောင်ခြည်​ဖြာထွက်​သည့်​အဖြစ်ကို သတိ​ရစေသည်။ (ထွက်မြောက်ရာ ၃၄:၂၉၊ ၃၀) လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​က တမန်​တော်​သုံးပါး​ရှေ့ ယေရှု အဆင်းသဏ္ဌာန်​ပြောင်းလဲ​စဉ် “မျက်နှာတော်​သည် နေကဲ့သို့​ထွန်းတောက်​လျက် အဝတ်​တော်​သည် အလင်းကဲ့သို့​ဖြူ​လျက်​ရှိ” ကြောင်းကို​လည်း သတိရ​လေ။ (မဿဲ ၁၇:၂) ယခု​လည်း သခင့်နေ့​တော်​အတွင်း ရူပါရုံ​ထဲ​က ယေရှု၏​မျက်နှာတော်​သည် ယေဟောဝါ​ရှေ့တော် အခစားဝင်​ခဲ့​သူ​တစ်ဦး၏ မျက်နှာ​ကဲ့သို့ ဘုန်း​ရော​င်​ဖြင့် ကွ​န့်​မြူး​လျက်​ရှိသည်။ (၂ ကောရိန္သု ၃:၁၈) အမှန်​သော် ယောဟန်​၏ ရူပါရုံ​တစ်ခုလုံး​ကို ခြုံ​ကြည့်​လျှင် ဘုန်း​ရော​င်​ကွ​န့်​မြူး​သော ရူပါရုံ​ဖြစ်​ကြောင်း စိတ်ထဲ​စွဲမှတ်​သွား​မည်​ဖြစ်သည်။ နှင်းပွင့်​ပ​မာ ဖြူဖွေး​သော​ဆံ​တော်၊ မီးတောက်​သော မျက်လုံး​တော်​များနှင့် ထွန်း​ပ​သည့် မျက်နှာတော်​မှ​အစ ဖိတ်ဖိတ်တောက်​သော ခြေတော်​အဆုံး “အဘယ်သူမျှ မ​ချဉ်းကပ်​နိုင်သော အလင်း​ထဲ​၌” ကျိန်းဝပ်​တော်​မူ​သည့် အရှင်​နှင့်​ဆိုင်သော အမြတ်​ဆုံး​ရူပါရုံ​ပေ​တည်း။ (၁ တိမောသေ ၆:၁၆) ဤ​မြင်ကွင်း​သည် သဘာဝ​ကျ​လိုက်​လေ​ခြင်း။ အံ့သြ​ထိတ်လန့်​နေသော တမန်​တော်​ယောဟန်​က မည်သို့​တုံ့ပြန်​သနည်း။ သူက “ငါသည် ကိုယ်တော်​ကို​တွေ့သော​အခါ ခြေတော်​ရင်း​၌​လူသေ​အလား လဲကျ​သွား​သည်” ဟု​ဆို​၏။—ဗျာဒိတ် ၁:၁၇

၁၄။ ဘုန်းပွင့်​ယေရှု​ဆိုင်ရာ ယောဟန်​ရူပါရုံ​ကို ဖတ်​သောအခါ ကျွန်ုပ်​တို့​အပေါ် မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။

၁၄ အရောင်အသွေး​စုံ​၍ အသေးစိတ်​ကျ​သော ယောဟန်​၏​ရူပါရုံ​ကြောင့် ယနေ့ ဘုရားသခင့်​လူမျိုးတော်သည် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​စိတ်ဖြင့် ပြည့်လျက်​ရှိ၏။ သခင့်​နေ့​တော်​၏​အနှစ် ၉၀ ကျော်​ကို​ပင် ကျွန်ုပ်​တို့​ဖြတ်သန်း​ခဲ့ပြီ။ ဤ​အတွင်း ရူပါရုံ​သည် ရင်​ဖို​စေ​လောက်​အောင် ဆက်လက်​ပြည့်စုံ​လျက်​ရှိသည်။ ယေရှု၏ နိုင်ငံတော်​အုပ်စိုးမှု​သည် ကျွန်ုပ်​တို့​အဖို့ အနာဂတ်​မျှော်လင့်ချက်​မဟုတ်၊ အသက်ဝင်​သော၊ ပစ္စုပ္ပန်​ဆိုင်ရာ စစ်မှန်သော​အရာ​ဖြစ်သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် နိုင်ငံတော်​သစ္စာခံ​များ​အနေ​နှင့် ယောဟန်​၏ ပထမ​ရူပါရုံ​၌ ဖော်ပြ​သော​အရာများ​ကို ဆက်လက်​၍ တ​အံ့​တ​ဩ ကြည့်ရှု​ပြီး ဘုန်းပွင့်​ယေရှု​ခရစ်​၏ စကားတော်​ကို နာခံ​စိတ်ဖြင့် နားထောင်​ကြပါစို့။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 အသေးစိတ်​ရှင်းလင်းချက်​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​မှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၈၈-၉၂၊ ၂၁၅-၁၈ ကို​ရှု။

^ အပိုဒ်၊ 6 ပထမ​ရာစု​၌ အသင်းတော်​တစ်ခု​က တမန်​တော်​တစ်ပါး​ထံ​မှ စာ​တစ်စောင်​ရသောအခါ အခြား​အသင်းတော်များ​လည်း ထို​သြဝါဒစာ​မှ အကျိုး​ရ​ကြ​စေရန် ၎င်း​တို့​ထံ ဖြန့်ဝေ​လေ့​ရှိသည်။—ကောလောသဲ ၄:၁၆ နှိုင်းယှဉ်။

^ အပိုဒ်၊ 10 ရှောလမုန်​ဗိမာန်​၏​အတွင်း ဆင်ယင်​မှု​နှင့် ပရိဘောဂ​အသုံးအဆောင်​များ​ကို ရွှေ​ဖြင့်​လုပ်​၏။ သို့​မဟုတ်၊ ရွှေ​ကွပ်​ထား​၏။ သို့သော် တံတိုင်း​တော်​ကို​မူ ကြေးနီ​ဖြင့်​ဆင်မြန်း​သည်။—၃ ဓမ္မ​ရာဇဝင် ၆:၁၉-၂၃၊ ၂၈-၃၅; ၇:၁၅၊ ၁၆၊ ၂၇၊ ၃၀၊ ၃၈-၅၀; ၈:၆၄

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အသင်းတော်​ခု​နစ်​ခု​တည်ရှိ​ခဲ့​ရာ မြို့များ​ရှိ ရှေးဟောင်း​အပျက်အယွင်း​များ​က ကျမ်းစာ​မှတ်တမ်း​မှန်ကန်ကြောင်း ထောက်ခံ​သည်။ ယနေ့ ကမ္ဘာချီ​အသင်းတော်ကို အားရှိစေ​သော ယေရှု၏​သတင်းတရားကို ဤ​နေရာတွင် ပထမ​ရာစု​ခရစ်ယာန်​များ ရရှိခဲ့​ကြသည်

ပေရဂံ

စမုရန

သွာတိရ

သာဒိ

ဧဖက်

ဖိလဒေလဖိ

လောဒိကိ