မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီ

ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီ

အခန်း ၂၇

ဘုရားသခင့်​နိုင်ငံတော် ဖွားမြင်ပြီ

ရူပါရုံ ၇ ဗျာဒိတ် ၁၂:၁-၁၇

အကြောင်းအရာ– ကောင်းကင်​ဆိုင်ရာ​မိန်းမ သားဖွား​၍ မိက္ခေလ​က စာတန်​ကို​တိုက်ခိုက်​ပြီး မြေကြီးပေါ်​သို့ ပစ်ချ​လိုက်ခြင်း

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ် ယေရှု​နန်းထိုင်​ချိန်​မှ​စ၍ ဆင်းရဲ​ဒုက္ခ​ကြီး​အထိ

၁။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ မှ ၁၄ တွင်​ဖော်ပြ​သော နိမိတ်​လက္ခဏာများ​အကြောင်း နားလည်​လျှင် အဘယ်​အထောက်အကူ ရမည်​နည်း။

ဘုရားသခင့်​မြင့်မြတ်​သော လျှို့ဝှက်ချက်​ကို ဖော်ထုတ်​လိုက်ပြီ။ (ဗျာဒိတ် ၁၀:၇) မေရှိယ​အုပ်ချုပ်​သော ယေဟောဝါ​၏ နိုင်ငံတော်​သည် စွမ်းအား​ပြင်းထန်သော​အရာ အစစ်အမှန်​ဖြစ်​လေ​ပြီ။ ၎င်း​သည် အုပ်ချုပ်​လေ​ပြီ။ ၎င်း​၏​ရောက်ရှိခြင်း​သည် စာတန်​နှင့် သူ၏​အမျိုးအနွယ်​အဖို့ ပျက်​သု​ဉ်း​ခြင်း၊ ဘုရားသခင့် ကောင်းကင်​အဖွဲ့အစည်း​၏ အမျိုးအနွယ်​အဖို့ ဘုန်းပွင့်​အောင်ပွဲခံ​ခြင်း​ဖြစ်၏။ သို့သော်၊ သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​၍ မပြီးသေး​ပါ။ တတိယ​အမင်္ဂလာ​နှင့်​ပတ်သက်​၍ ဖော်ထုတ်​ရန်​အကြောင်း များစွာ​ရှိသေး​၍​ဖြစ်၏။ (ဗျာဒိတ် ၁၁:၁၄) ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ မှ ၁၄ တွင်​ဖော်ပြ​သော နိမိတ်​လက္ခဏာများ​က ကျွန်ုပ်​တို့အား ထို​အမင်္ဂလာ​နှင့်​ဆိုင်သော အရာများ​အားလုံး​ကို နားလည်စေ​ပြီး ဘုရားသခင့်​မြင့်မြတ်​သော လျှို့ဝှက်ချက်​ကိုလည်း ပြီးစီး​စေ​လိမ့်​မည်။

၂။ (က) အဘယ်​မဟာ​နိမိတ်​လက္ခဏာကို ယောဟန်​မြင်ရ​သနည်း။ (ခ) ထို​နိမိတ်​ကြီး​၏ အဓိပ္ပာယ်​ကို အဘယ်အခါ ဖော်ထုတ်​ခဲ့​သနည်း။

နိမိတ်​လက္ခဏာ​ကြီး​တစ်ခု​ကို ယောဟန် ယခု​မြင်ရ​လေ​ပြီ​—ဘုရားသခင့်​လူမျိုးတော် အထူး​အရေးထား​ရာ​ဖြစ်၏။ ၎င်း​သည် ရင်​ဖို​မြူး​ကြွ​ဖွယ် ပရောဖက်ပြု ရူပါရုံ​တစ်ခု​ကို နိဒါန်း​ပျိုး​လိုက်​၏။ ယင်း​၏​အဓိပ္ပာယ်​ကို ၁၉၂၅ ခုနှစ်၊ မတ်​လ ၁ ရက်ထုတ် ကင်းမျှော်စင် မှ “လူမျိုးတော် ဖွားမြင်ခြင်း” ဟူသော ခေါင်းစဉ်​တပ်​ဆောင်းပါး​၌ ဦးစွာ​ရေးသား​ထုတ်ဝေ​ပြီး ၁၉၂၆ ခုနှစ်​၌ ကယ်လွှတ်​ခြင်း ဟူသော​စာအုပ်​၌ တစ်ဖန်​တင်ပြ​ခဲ့​သည်။ ကျမ်းစာ​နားလည်မှု​ဆိုင်ရာ ထို​ထိ​န်​ထိ​န်​ညီး​အလင်း ထွန်းတောက်​မှု​သည် ယေဟောဝါ​၏ လုပ်ငန်းတော် တိုးတက်မှု​ဘက်တွင် သမိုင်း​မှတ်တိုင် ဖြစ်လာ​သည်။ ထို့​ကြောင့် ယင်း​ဇာတ်လမ်း​စတင်​ပုံ​ကို ယောဟန်​ဖော်ပြ​ပါစေ။ “ထို့နောက် ကောင်းကင်​၌ နိမိတ်​လက္ခဏာ​ကြီး​တစ်ရပ်​ကို မြင်ရ​၏။ မိန်းမ​တစ်ယောက်​သည် နေကို​ဝတ်ဆင်​ကာ လ​ကို​ခြေ​ဖြင့်​နင်း​၍ ဦးခေါင်း​ပေါ်​တွင် ကြယ်​တစ်ဆယ့်​နှစ်လုံး​ပါ​သည့် သရဖူ​ကို ဆောင်း​ထား​၏။ သူသည် ကိုယ်ဝန်​ရှိ၍ သားဖွားခြင်း​ဝေဒနာ​ကြောင့် နာကျင်​လျက် အော်ဟစ်​လေ​၏။”​—ဗျာဒိတ် ၁၂:၁၊ ၂

၃။ ကောင်းကင်​၌ မြင်ရသော​မိန်းမ​ကား မည်သူ​မည်ဝါ ဖြစ်သနည်း။

ယောဟန်​သည် မိန်းမ​တစ်ယောက် ကောင်းကင်​၌​ရှိသည်​ကို ပထမ​အကြိမ် မြင်ရ​၏။ မှန်ပါသည်၊ ပကတိ​မိန်းမ မဟုတ်ပါ။ နိမိတ်​လက္ခဏာ၊ သို့​မဟုတ် အထိမ်းအမှတ်​တစ်ရပ်​သာ ဖြစ်သည်။ (ဗျာဒိတ် ၁:၁) ထို​မိန်းမ ဘာကို​အထိမ်းအမှတ်​ပြု​သနည်း။ မှုတ်သွင်းခံ ပရောဖက်ပြုချက်​များ​၌ မိန်းမ​များသည် ထင်ပေါ်​သော​ပုဂ္ဂိုလ်​များနှင့် “ထိမ်းမြား​ထားသော” အဖွဲ့အစည်း​များ​ကို တင်စား​လေ့​ရှိသည်။ ဟေဗြဲ​ကျမ်း​များ​၌ ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ဘုရားသခင်​၏ ဇနီး​အဖြစ် ခေါ်ဆို​၏။ (ယေရမိ ၃:၁၄ခ​မ) ဂရိ​ကျမ်း​များ​၌ ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်ကို ခရစ်တော်​၏ သတို့သမီး​အဖြစ် ခေါ်ဆို​၏။ (ဗျာဒိတ် ၂၁:၉-၁၄) ဤ​တွင် ယောဟန်​မြင်ရသော​မိန်းမလည်း တစ်စုံ​တစ်ဦး​နှင့် ထိမ်းမြား​ထားပြီး သားဖွား​ခါနီး​ပြီ။ သူ၏​ခင်ပွန်း​ကား မည်သူ​နည်း။ နောက်ပိုင်း၌ သူမ၏​သား​သည် “ဘုရားသခင်​နှင့် ပလ္လင်တော်​ရှေ့သို့ ချီဆောင်​ခံရ” သည် ဟူသော​အချက်​ကို စဉ်းစား​ကြည့်​ပါ။ (ဗျာဒိတ် ၁၂:၅) သို့ဖြင့်၊ ယေဟောဝါ​က ထို​ကလေး​ကို မိမိ​ပိုင်​ကြောင်း ပြတော်မူ​၏။ ထို့​ကြောင့်၊ ယောဟန်​မြင်​သော​မိန်းမသည် ယေဟောဝါ​၏ ပုံဆောင်​ဇနီး ဖြစ်​ရ​ပေမည်။

၄။ ဘုရားသခင့် ပုံဆောင်​ဇနီး​၏ သားများ​ကား မည်သူ​များ ဖြစ်သနည်း၊ ယောဟန်​မြင်ရသော​မိန်းမကို တမန်​တော်​ပေါလု​က မည်သို့​ခေါ်ဝေါ်​သနည်း။

ထို့​အရင် ရှစ်ရာစု​ခန့်​တွင်၊ ယေဟောဝါ​က ဤ​ပုံဆောင်​ဇနီး​အား “သင်၏​သားသမီး အပေါင်းတို့သည် ထာဝရ​ဘုရား ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်” ကြ​မည်​ဟု မိန့်ဆိုခဲ့​၏။ (ဟေရှာယ ၅၄:၅၊ ၁၃) ယေရှု​က ဤ​ပရောဖက်ပြုချက်​ကို ကိုးကား​၍ ဤ​သားများ​မှာ နောက်ပိုင်း၌ ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်​အဖြစ် ဖွဲ့စည်း​ကြ​မည့် မိမိ၏​သစ္စာရှိ နောက်တော်လိုက်​များ​ပင်​ဖြစ်​ကြောင်း တင်ပြ​တော်​မူ​၏။ (ယောဟန် ၆:၄၄၊ ၄၅) ထို့​ကြောင့်၊ ဘုရားသခင့်​သားများ​အဖြစ် ခေါ်ဆို​ခံရ​သော ဤ​အသင်းတော်​သားများ​သည် ဘုရားသခင့် ပုံဆောင်​ဇနီး​၏ ကလေး​များလည်း​ဖြစ်​ကြသည်။ (ရောမ ၈:၁၄) တမန်​တော်​ပေါလု​က “အပေါ်မှာ​ရှိသော ယေရုရှလင်​မြို့​မူ​ကား၊ ခပ်သိမ်း​သော​ငါ​တို့၏ အမိ​တည်း​ဟူသော ကျွန်မ မဟုတ်သော မိန်းမ​ဖြစ်​သတည်း” ဟု​ဆို​ကာ နောက်ဆုံး​အချက်အလက်​ကို ဖြည့်စွက်​လိုက်​သည်။ (ဂလာတိ ၄:၂၆) သို့​ဖြစ်၍၊ ယောဟန်​မြင်ရသော “မိန်းမ” သည် “အပေါ်မှာ​ရှိသော ယေရုရှလင်​မြို့” ဖြစ်၏။

၅။ ယေဟောဝါ​၏ ပုံဆောင်​ဇနီးသည် ကြယ်​ဆယ့်နှစ်​လုံး​ကို ဆောင်း​ထားသော​ကြောင့် “အပေါ်မှာ​ရှိသော​ယေရုရှလင်​မြို့” သည် စင်စစ်​အဘယ်အရာ​ဖြစ်သနည်း။

သို့​တ​စေ၊ အတိအကျ​ဆို​ရ​လျှင် “ယေရုရှလင်​မြို့​သစ်” ကား အဘယ်အရာ​နည်း။ ပေါလု​က ၎င်း​သည် “အပေါ်မှာ​ရှိ” သည်​ဟု​ဆိုပြီး ယောဟန်​က ၎င်း​အား ကောင်းကင်​၌​ရှိသည်​ကို မြင်ရသော​ကြောင့် ၎င်း​သည် မြေကြီးဆိုင်ရာ​မြို့ မဟုတ်​ကြောင်း ထင်ရှား​၏။ “ယေရုရှလင်​မြို့​သစ်” ဟူသော အဖွဲ့အစည်း​သည် ယေရှု၏ ဇနီး​ဖြစ်၍ ယေဟောဝါ​၏ ဇနီး​မဟုတ်သောကြောင့် “အပေါ်မှာ​ရှိသော ယေရုရှလင်​မြို့” သည် “ယေရုရှလင်​မြို့​သစ်” လည်း​မဟုတ်။ (ဗျာဒိတ် ၂၁:၂) ထို​မိန်းမသည် ကြယ် ၁၂ လုံး​ကို ဆောင်း​ထား​ကြောင်း သတိပြုပါ။ ၁၂ ဟူသော​ကိန်း​သည် အဖွဲ့အစည်း​ဆိုင်ရာ ဆက်​တင်​၌ ပြည့်ဝ​စုံလင်မှု​ရှိ​ခြင်း​နှင့် ဆက်စပ်​၏။ * သို့​ဖြစ်၍ ထို​ကြယ် ၁၂ လုံး​က ၎င်း​သည် ကောင်းကင်​ရှိ အဖွဲ့အစည်း​ဆိုင်ရာ အစီအစဉ်​တစ်ရပ်​ဖြစ်​ကြောင်း တင်ပြ​ဟန်​ရှိသည်။ မြေကြီးပေါ်​က ရှေး​ယေရုရှလင်​မြို့​သည် အဖွဲ့အစည်း​ဆိုင်ရာ အစီအစဉ်​တစ်ရပ် ဖြစ်​သကဲ့သို့ပင်။ အပေါ်​က ယေရုရှလင်​မြို့​သည် ဝိညာဉ်​သတ္တဝါများ​ဖြင့် ဖွဲ့စည်းထား​သော ယေဟောဝါ​၏ စကြဝဠာ အဖွဲ့အစည်း​ဖြစ်၍ ကိုယ်တော်​ကို ဝတ်ပြုခြင်း​နှင့် သားသမီး မွေးဖွားခြင်း​ကိစ္စ​၌ ကိုယ်တော်​၏ ဇနီး​ပ​မာ ဆောင်ရွက်​၏။

၆။ (က) ယောဟန်​မြင်ရသော​မိန်းမသည် နေကို​ဆင်မြန်း​ပြီး လ​ကို​ခြေ​ဖြင့်​နင်း​လျက် ကြယ်​သရဖူ​များ​ကို ဆောင်း​ထားခြင်း​က ဘာကို​ဆို​ချင်​သနည်း။ (ခ) ကိုယ်ဝန်ဆောင်​မိန်းမ​၏ သားဖွား​ဝေဒနာ​က ဘာကို​ပုံခိုင်း​သနည်း။

ဤ​မိန်းမသည် နေကို​ဝတ်ဆင်​၍ လ​ကို​ခြေ​ဖြင့် နင်း​ထား​သည်ကို ယောဟန်​မြင်​၏။ သူ၏​ကြယ်​သရဖူ​ကို​ပါ ထည့်တွက်​လိုက်​လျှင် သူသည် ကောင်းကင်​အလင်း​များ​ဖြင့် အပြည့်အဝ ခြံရံ​နေသည်​ကို​တွေ့ရ​၏။ ဘုရားသခင့် မျက်နှာသာတော်​သည် သူ့​အပေါ် နေ့​ည​မပြတ် ထွန်း​ပ​လျက်​ရှိသည်။ ယေဟောဝါ​၏ ကျက်သရေ​ဆောင် ကောင်းကင်​အဖွဲ့အစည်း​ကို ဤသို့​ပုံခိုင်း​သည်​မှာ သင့်တော်​လှ​သည်​တကား။ သူသည် ကိုယ်ဝန်​လည်း​ရှိပြီး သားဖွားခြင်း​ဝေဒနာ ခံ​နေရ​သည်။ ဘုရားသခင့်​မစမှု​ကို သူ​အော်ဟစ်​တောင်းခံ​သည်ကို​ထောက်၍ သားဖွား​ချိန်​နီး​ကြောင်း သိနိုင်​၏။ ကျမ်းစာ​၌ သားဖွားခြင်း​ဝေဒနာသည် အရေးပါသော အကျိုး​ရလဒ်​ရဖို့ စိုက်ထုတ်​ရသော​လုံ့လ​ကို ပုံခိုင်း​လေ့​ရှိသည်။ (ဆာလံ ၉၀:၂; သုတ္တံ ၂၅:၂၃; ဟေရှာယ ၆၆:၇၊ ၈ နှိုင်းယှဉ်။) ယေဟောဝါ​၏ ကောင်းကင်​အဖွဲ့အစည်း​သည် ထို​သမိုင်းဝင် သားဖွား​မှု​အတွက် ပြင်ဆင်​ရာ​၌ ထိုသို့​သော သားဖွားခြင်း​ဝေဒနာ ခံစားရ​သည်​မှာ သံသယ​မရှိ။

မီး​နီ​ရော​င် နဂါး​ကြီး

၇။ ကောင်းကင်​၌ အခြား​အဘယ်အရာကို ယောဟန်​မြင်ရ​သနည်း။

ယောဟန် နောက်ထပ် ဘာကို​မြင်ရ​သနည်း။ “ထို့နောက် ကောင်းကင်​၌ အခြား​နိမိတ်​လက္ခဏာ​တစ်ရပ်​ကို မြင်ရ​၏။ ကြည့်​လော့။ ဦးခေါင်း​ခု​နစ်​လုံး၊ ဦးချို​ဆယ်ချောင်း​ရှိသော မီး​နီ​ရော​င် နဂါး​ကြီး​တစ်ကောင်​သည် ဦးခေါင်း​များ​ပေါ်​တွင် သရဖူ​ခု​နစ်​လုံး​ကို ဆောင်း​ထား​၏။ ၎င်း​သည် ကောင်းကင်​ကြယ် သုံးပုံတစ်ပုံကို အမြီး​ဖြင့်​ဆွဲငင်​၍ မြေကြီးပေါ်​သို့ ချ​လေ​၏။ နဂါး​သည် သားဖွား​လု​သော မိန်းမ​ရှေ့တွင် ရပ်​လျက် ထို​မိန်းမ သားဖွား​ဖွား​ချင်း ကလေး​ကို ဝါးမျို​ရန်ဖြစ်​၏။”​ဗျာဒိတ် ၁၂:၃၊ ၄

၈။ (က) မီး​နီ​ရော​င် နဂါး​ကြီး​ကား မည်သူ​မည်ဝါ ဖြစ်သနည်း။ (ခ) နဂါး​၌ ဦးခေါင်း​ခု​နစ်​လုံး၊ ဦးချို​ဆယ်ချောင်း​ရှိပြီး ခေါင်း​တစ်လုံးစီ​ပေါ်​တွင် သရဖူ​တစ်လုံး ဆောင်း​ထားခြင်း​က ဘာကို​ပြသ​နည်း။

ဤ​နဂါး​ကား “မူလ​မြွေ၊” စာတန်​တည်း။ (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၁၅) သူသည် ရက်စက်​ကြမ်းကြုတ်​သော ဖျက်ဆီး​သူ​—ခေါင်း​ခု​နစ်​လုံး​ရှိသော​နဂါး သို့​မဟုတ် ဝါးမျို​သူ​ဖြစ်၍ သားကောင်​ကို တစ်ကောင်​လုံး မျိုချ​နိုင်စွမ်း​ရှိသည်။ သူ၏​သဏ္ဌာန်​သည် ဆန်းပြား​လှ​တကား။ သူ၏ ဦးခေါင်း​ခု​နစ်​လုံး​နှင့် ဦးချို​ဆယ်ချောင်း​တို့​က သူသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ တွင် ဖော်ပြ​တော့​မည့် နိုင်ငံရေး​သားရဲ​ကို စီမံ​ဖန်တီးသူ ဖြစ်​ကြောင်းကို​ပြ​၏။ ထို​သားရဲ​၌​လည်း ဦးခေါင်း​ခု​နစ်​လုံး၊ ဦးချို​ဆယ်ချောင်း​ရှိသည်။ စာတန်​၌ ဦးခေါင်း​တစ်လုံးစီ​အပေါ်မှာ သရဖူ​တစ်လုံး​—စုစုပေါင်း ခု​နစ်​လုံး​—ရှိ​ရ​ကား၊ ထို​သားရဲ​ဖြင့်​တင်စား​သော ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များသည် စာတန့်​အုပ်ချုပ်မှု​အောက်​၌​ရှိကြောင်း တပ်အပ်​သိနိုင်​သည်။ (ယောဟန် ၁၆:၁၁) ဦးချို​ဆယ်ချောင်း​သည် ဤ​ကမ္ဘာ​ပေါ်​တွင် စာတန်​ကျင့်သုံး​သော တန်ခိုး​အာဏာ အပြည့်အစုံ​၏ လျောက်ပတ်​သော အထိမ်းအမှတ်​ဖြစ်၏။

၉။ နဂါး​၏​အမြီး​က မြေကြီးပေါ်​သို့ “ကောင်းကင်​ကြယ် သုံးပုံတစ်ပုံကို” ဆွဲချ​ခြင်း​က ဘာကို​ပြသ​နည်း။

နဂါး​သည် ဝိညာဉ်​ရေး​နယ်ပယ်​ကို​ပါ ကြီးစိုး​နိုင်သော​အာဏာ​ရှိ၏။ သူ့​အမြီး​ဖြင့် “ကောင်းကင်​ကြယ် သုံးပုံတစ်ပုံကို ဆွဲငင်” ၏။ ကြယ်​များသည် ကောင်းကင်တမန်​များ​ကို တင်စား​နိုင်​သည်။ (ယောဘ ၃၈:၇) “သုံးပုံတစ်ပုံ” ဟူသော​စကား​က ကောင်းကင်တမန် အတော်များများကို စာတန်​လှည့်ဖြား​ခဲ့​ကြောင်း ထင်ရှားစေ​သည်။ ထို​သူတို့သည် စာတန့်​လက်ခုပ်​ထဲ​သို့ ရောက်ပြီ​ဆိုလျှင် မလွတ်​တော့။ ဘုရားသခင့်​သန့်ရှင်းသော အဖွဲ့အစည်း​ထဲ​သို့ မပြန်​နိုင်​တော့။ နတ်ဆိုး​များ​ဖြစ်လာ​ပြီး မိမိတို့၏​ဘုရင်၊ သို့​မဟုတ် အုပ်စိုးရှင်​စာတန်​၏ ကြိုး​ဆွဲ​ရာ​နောက်သို့ လိုက်ပါ​ရ​ကြ​၏။ (မဿဲ ၁၂:၂၄) စာတန်​သည် သူတို့ကို မြေကြီးပေါ်​သို့​လည်း ဆွဲချ​၏။ ရေလွှမ်းမိုးခြင်း​မတိုင်မီ နောဧ​လက်ထက်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်​မှာ သံသယ​မရှိ။ ထို​ခေတ်​၌ စာတန်​သည် ဘုရားသခင်​၏ ပုန်ကန်​သော​သားများ​အား ကမ္ဘာ​မြေကြီး​သို့​ဆင်းလာ​ပြီး လူ့​သမီး​များနှင့် ပေါင်းသင်း​နေထိုင်​စေရန် သွေးဆောင်​ခဲ့​သည်။ ဘုရားသခင်​သည် “ပြစ်မှား​သော [ထို] ကောင်းကင်တမန်​တို့” ကို​ဒဏ်ပေး​သည့်​အနေ​နှင့် တားတရပ်​စ်​ခေါ် ထောင်​နှင့်​တူ​သည့် အခြေအနေ​အတွင်း​သို့ ပစ်​သွင်း​တော်​မူ​၏။​—ကမ္ဘာဦး ၆:၄; ၂ ပေတရု ၂:၄; ယုဒ ၆

၁၀။ အဘယ် ဆန့်ကျင်ဘက် အဖွဲ့အစည်း​နှစ်ရပ် ပေါ်လာ​သနည်း၊ မိန်းမ​သားဖွား​သောအခါ ကလေး​ကို နဂါး​က အဘယ်ကြောင့် ဝါးမျို​လို​သနည်း။

၁၀ သို့ဖြင့်၊ ဆန့်ကျင်ဘက်​အဖွဲ့အစည်း​နှစ်ခု ထင်ရှား​စွာ​ပေါ်ပေါက်​လာ​သည်။​—မိန်းမ​ဖြင့်​ပုံဆောင်​သော ယေဟောဝါ​၏ ကောင်းကင်​အဖွဲ့အစည်း​နှင့် ဘုရားသခင့် အချုပ်အခြာအာဏာ​တော်​ကို အန်တု​သည့် စာတန်​၏ နတ်ဆိုး​အဖွဲ့အစည်း​ပင်​တည်း။ အချုပ်အခြာအာဏာ​ဆိုင်ရာ မဟာ​အရေးကိစ္စကို ဖြေရှင်း​ရမည်။ အဘယ်​နည်းဖြင့်​နည်း။ စာတန်​သည် ယနေ့​တိုင် နတ်ဆိုး​များ​ကို မိမိ​ဘက်​ပါ​အောင် ဆွဲ​ထား​လျက်​ရှိပြီး ကြမ်းကြုတ်​သော သားရဲတိရစ္ဆာန်​ပ​မာ အမဲကောင်​ကို ချောင်း​နေသည်။ သူသည် ထို​မိန်းမ သားဖွား​ရန် စောင့်နေ​သည်။ မွေးလာ​မည့်​ကလေး​ကို ဝါးမျို​လို​၏။ အကြောင်း​မှာ၊ မိမိ​နှင့် မိမိ​ကြီးစိုး​သော လောက​တည်တံ့ရေး​ကို ထို​ကလေး​က ခြိမ်းခြောက်​နေကြောင်း သူသိ​၏။ —ယောဟန် ၁၄:၃၀

သား​ယောက်ျား​တစ်ဦး

၁၁။ မိန်းမ​၏ ကလေး​မွေးဖွားခြင်း​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​ပြီး ထို​ကလေး​ကို “သား​ယောက်ျား” ဟု အဘယ်ကြောင့်​ခေါ်​သနည်း။

၁၁ ဘုရားသခင့် စွက်ဖက်​မှု​မပါဘဲ တိုင်းနိုင်ငံ​များ​အုပ်ချုပ်​ရသော သတ်မှတ်ချိန်​သည် ၁၉၁၄ ခုနှစ်​တွင် အဆုံးတိုင်​ခဲ့​သည်။ (လုကာ ၂၁:၂၄) ထို​အခါ မိန်းမသည် အချိန်စေ့​သည်​နှင့် သားဖွား​လေ​သည်။ “ထို့နောက် ထို​မိန်းမသည် လူမျိုးအပေါင်း​တို့ကို သံ​လှံတံ​ဖြင့် ထိန်းကျောင်း​မည့် သား​ယောက်ျား​ကို ဖွားမြင်​လေ​၏။ သူ၏​ကလေး​သည် ဘုရားသခင်​နှင့် ပလ္လင်တော်​ထံ​သို့ ချီယူ​ခံရ​လေ​၏။ ထို​မိန်းမသည် ရက်ပေါင်း တစ်ထောင့်​နှစ်​ရာ​ခြောက်​ဆယ်​တိုင်တိုင် ကျွေးမွေးခြင်း​ခံရန် တောကန္တာရ​တွင် ဘုရားသခင် ပြင်ဆင်​တော်​မူ​သော နေရာသို့ ထွက်ပြေး​လေ​၏။” (ဗျာဒိတ် ၁၂:၅၊ ၆) ကလေး​သည် “သား​ယောက်ျား” ဖြစ်၏။ ယောဟန်​အဘယ်ကြောင့် နှစ်ထပ်ကွမ်း​စကား​ကို သုံးနှုန်း​သနည်း။ ကလေးငယ်​သည် အစွမ်း​တန်ခိုး အလုံအလောက်​ဖြင့် လူမျိုးများ​ကို​အုပ်ချုပ်​ရန် သင့်တော် တတ်စွမ်း​နိုင်​ကြောင်း ပြ​လို​၍​ဖြစ်သည်။ ထို့​ပြင်၊ ဤ​ကလေး​၏ ဖွားမြင်ခြင်း​သည် မည်မျှ​အရေးပါ​၍ ရွှင်လန်းဖွယ်​သမယ ဖြစ်​ကြောင်းကိုလည်း အထူး​တင်ပြ​၏။ ၎င်း​သည် ဘုရားသခင်​၏ မြင့်မြတ်​သော လျှို့ဝှက်ချက်​ကို ပြီးစီး​စေခြင်း​အမှု၌ အဓိက​ကဏ္ဍ​မှ​ပါဝင်​သည်။ ထို​မျှ​မ​က၊ ဤ​သား​ယောက်ျား​သည် “လူမျိုးအပေါင်း​တို့ကို သံ​လှံတံ​ဖြင့်​ထိန်းကျောင်း” လိမ့်​မည်။

၁၂။ (က) ဆာလံကျမ်း​၌ ယေရှု​နှင့်​ပတ်သက်​၍ ဘာကို ယေဟောဝါ ပရောဖက်ပြု​လျက် ကတိပေး​တော်​မူ​သနည်း။ (ခ) မိန်းမ​က “လူမျိုးအပေါင်း​တို့ကို သံ​လှံတံ​ဖြင့် ထိန်းကျောင်း​မည့်” သားကို ဖွားမြင်ခြင်း​သည် ဘာကို​ပုံခိုင်း​သနည်း။

၁၂ အထက်ပါ​အသုံးအနှုန်း​ကို နား​ယ​ဉ်​သလို​လို မထင်​မိ​ပေ​လော။ မှန်​ပေ​သည်။ ယေရှု​နှင့်​ပတ်သက်ပြီး အောက်ပါ​အတိုင်း ယေဟောဝါ ပရောဖက်ပြု​၍ ကတိ​ထား​တော်​မူ​ခဲ့​၏– “သင်သည် သူတို့ကို​သံ​လှံတံ​နှင့်​အုပ်စိုး​၍ မြေအိုး​ကို​ခွဲ​ဖျက်​သကဲ့သို့ ခွဲ​ဖျက်​လိမ့်​မည်။” (ဆာလံ ၂:၉) ယေရှု​နှင့်​ပတ်သက်​၍ အောက်ပါ​အတိုင်း​လည်း ပရောဖက်ပြု​တော်​မူ​၏– “ထာဝရ​ဘုရား​သည် အရှင်​၏​အာဏာတော်​လှံတံ​ကို ဇိအုန်​မြို့မှ​လွှတ်တော်​မူ​မည်။ ကိုယ်တော်​သည် ရန်သူ​တို့၏​အလယ်​၌ အုပ်စိုး​တော်​မူ​လိမ့်​မည်။” (ဆာလံ ၁၁၀:၂) ထို့​ကြောင့်၊ ယောဟန်​မြင်ရသော သားဖွားခြင်း​သည် ယေရှု​ခရစ်​နှင့် နီး​နီးစပ်​စပ် ပတ်သက်​နေ​၏။ ကျွန်ုပ်​တို့ အများသုံး ခေတ်​သက္ကရာဇ် ပထမ​ရာစု​၌ အပျိုစင်​တစ်ဦး​မှ ယေရှု ဖွားမြင်​တော်​မူ​ခြင်း​ကို ဆို​နေခြင်း​မဟုတ်၊ အေဒီ ၃၃ ခုနှစ်​၌ ဝိညာဉ်​အသက်တာ​သို့ ယေရှု ပြန်ရှင်​လာ​ခြင်း​ကို ရည်ညွှန်းခြင်း​လည်း မဖြစ်​နိုင်​ပါ။ ထို့​ပြင်၊ ယေရှု သဏ္ဌာန်တော်​ပြောင်း​ခြင်း​လည်း မဟုတ်ပါ။ ၁၉၁၄ ခုနှစ်​၌ ဘုရားသခင့်​နိုင်ငံတော် အမှန်တကယ် တည်ရှိ​သော​အရာ​အဖြစ် ဖွားမြင်ခြင်း​ဖြစ်၏။ ယခု ကောင်းကင်​တွင် ရောက်ရှိ​နေသည်​မှာ ၂၀ ရာစု​နီးပါး​ကြာပြီ​ဖြစ်သော ယေရှုသည် ဘုရင်​အဖြစ် နန်းထိုင်​လေ​ပြီ။​—ဗျာဒိတ် ၁၂:၁၀

၁၃။ ထို​သား​ယောက်ျား​သည် “ဘုရားသခင်​နှင့် ပလ္လင်တော်​ထံ​သို့ ချီယူ​ခံရ” ခြင်း​က ဘာကို​ပြသ​နည်း။

၁၃ မိမိ၏​ဇနီး​နှင့် မိမိ၏ မွေးကင်းစ​သားလေး​ကို စာတန်​ဝါးမျို​ရန် ယေဟောဝါ ဘယ်တော့​မျှ ခွင့်ပြု​တော်​မူ​မည်​မဟုတ်။ ထို​သား​ယောက်ျားလေး ဖွားမြင်​သောအခါ “ဘုရားသခင်​နှင့် ပလ္လင်တော်​ထံ​သို့ ချီယူ​ခံရ​လေ​၏။” သို့​ဖြစ်၍ ယေဟောဝါ​၏ ကာကွယ်​မှု​အောက်​သို့ အကြွင်းမဲ့ ရောက်ရှိ​လာ​သည်။ ယေဟောဝါ​လည်း မိမိ၏​သန့်ရှင်းသော​နာမတော်​ကို အများ​တကာ ရိုသေ​လေးမြတ်​စေသော ကိရိယာ​ဖြစ်သည့် မွေးကင်းစ​နိုင်ငံတော်​ကို ဘေးမ​သီ ရန်​မ​ခ​အောင် အပြည့်အဝ​တာဝန်​ယူ စောင့်ရှောက်​တော်​မူ​အံ့။ တစ်ချိန်တည်း​တွင် မိန်းမသည်​လည်း တောကန္တာရ​အတွင်း ဘုရားသခင် ပြင်ဆင်​တော်​မူ​ရာ​အရပ်သို့ ထွက်ပြေး​၏။ ယင်း​အကြောင်းကို နောက်ပိုင်း​တွင် အသေးစိတ်​တင်ပြ​မည်။ စာတန်​အဖို့​ဆိုလျှင်၊ အရေးပါ​လှ​သော အခြင်းအရာ​ဖြစ်ပွား​စေရန် ဇာတ်ကွက်​ပြင်ဆင်​ထားပြီ​ဖြစ်၍ ၎င်း​ကြောင့် ကောင်းကင်ဘုံ​ရှိ နိုင်ငံတော်​ကို သူ​ဘယ်တော့​မျှ ထိပါး​နိုင်​တော့​မည်​မဟုတ်။ အဘယ်​အခြင်းအရာ​နည်း။

ကောင်းကင်​၌ စစ်​ဖြစ်​ခြင်း!

၁၄။ (က) ယောဟန်​ဆို​သည့်​အတိုင်း၊ အဘယ်​အခြင်းအရာ​ကြောင့် နိုင်ငံတော်​ကို စာတန်​ဘယ်တော့​မျှ နောက်​တစ်ဖန် မ​ခြိမ်းခြောက်​နိုင်​တော့​သနည်း။ (ခ) စာတန်​နှင့် သူ့​နတ်ဆိုး​များ အဘယ်​အရပ်၌ ခြေချုပ်မိ​ကြပြီ​နည်း။

၁၄ ယောဟန်​ဤသို့​ဆို​၏– “ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​သည်။ မိက္ခေလ​နှင့် သူ၏​ကောင်းကင်တမန်​တို့သည် နဂါးနှင့်​တိုက်ခိုက်​ကြ​၏။ နဂါးနှင့် သူ၏​ကောင်းကင်တမန်​များလည်း ပြန်​လှန်​တိုက်ခိုက်​ကြ​၏။ သို့သော် ၎င်း​သည် မအောင်​နိုင်​ပါ။ ကောင်းကင်​တွင် သူတို့​နေစရာ​နေရာ မရှိတော့​ချေ။ သို့​ဖြစ်၍ လူနေထိုင်ရာ မြေတစ်ပြင်လုံး​ကို လှည့်​စား၍ မာရ်နတ်​ဟူ၍လည်း​ကောင်း၊ စာတန်​ဟူ၍လည်း​ကောင်း ခေါ်ဝေါ်​ခြင်း​ခံရ​သူ၊ မူလ​မြွေ နဂါး​ကြီး​သည် အောက်​သို့ ပစ်ချ​ခံရ​လေ​သည်။ သူ့ကို​မြေကြီးပေါ်​သို့ ပစ်ချ​လိုက်​သည်။ သူ၏​ကောင်းကင်တမန်​များလည်း သူနှင့်​အတူ ပစ်ချ​ခံရ​ကြ​၏။” (ဗျာဒိတ် ၁၂:၇-၉) သို့​ဖြစ်၍၊ ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်​ကို ပြီးစီး​စေသော ဇာတ်​ဆန်​သည့် အဖြစ်အပျက်​တစ်ရပ်​အနေ​နှင့် စာတန်​သည် ကောင်းကင်​မှ တိုက်ထုတ်​ပစ်ချ​ခံရ​ပြီး သူ၏​နတ်ဆိုး​များလည်း သူနှင့်​အတူ မြေကြီး​သို့ ပစ်ချ​ခံရ​လေ​သည်။ လူနေထိုင်ရာ မြေကြီး​တစ်ပြင်လုံး​၏ ဘုရား​တစ်ဆူ​ဖြစ်လာ​သည်​အထိ လူ​တို့​အပေါ် လှည့်​ကွက်​ကောင်း​ခဲ့​သော အနှီ​ပုဂ္ဂိုလ်​သည် အဆုံး​၌၊ မိမိ​စတင်​ထကြွ​ပုန်ကန်​ရာ ဤ​ဂြိုဟ်​တစ်ဝိုက်​အတွင်း ခြေချုပ်မိ​လေ​ပြီ။​—၂ ကောရိန္သု ၄:၃၊ ၄

၁၅၊ ၁၆။ (က) မိက္ခေလ​ကား မည်သူ​ဖြစ်သနည်း၊ ကျွန်ုပ်​တို့​မည်သို့ သိနိုင်​သနည်း။ (ခ) မိက္ခေလ​သည် စာတန်​ကို​ကောင်းကင်​မှ ပစ်ချ​သူ​ဖြစ်သည်​မှာ အဘယ်ကြောင့် လျောက်ပတ်​သနည်း။

၁၅ မည်သူသည် ယေဟောဝါ​၏ နာမတော်​ဖြင့် ဤ​မဟာ​အောင်ပွဲကို ဆင်နွှဲ​ခဲ့​သနည်း။ ကျမ်းစာ​က မိက္ခေလ​နှင့် သူ၏​ကောင်းကင်တမန်​များ ဟူ၍​ဆို​၏။ မိက္ခေလ​ကား မည်သူ​နည်း။ “မိက္ခေလ” ဟူသော​အမည်​သည် “မည်သူ ဘုရားသခင်​နှင့်​တူ​သနည်း” ဟူသော​အဓိပ္ပာယ်​ရှိ၏။ ထို့​ကြောင့်၊ မိက္ခေလ​သည် မည်သူမျှ ယေဟောဝါ​နှင့် မယှဉ်နိုင်​ကြောင်း သက်သေပြ​ခြင်း​ဖြင့် ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို သင်္ကာ​ယန​ရှင်း​စေခြင်း​ကိစ္စ​ကို အထူး​အရေးထား​မည်​မုချ။ ယုဒ ၉ ၌ သူ့ကို “ကောင်းကင်တမန်မင်း မိက္ခေလ” ဟု​ခေါ်ဆို​သည်။ စိတ်ဝင်စားဖွယ်​ကား၊ “မိက္ခေလ” ဟူသော​ဘွဲ့​ကို အခြား​ကျမ်းပိုဒ်​များ​တွင် တစ်ဦးတည်း​သော​ပုဂ္ဂိုလ် ယေရှု​ခရစ်​နှင့်​စပ်လျဉ်း၍​သာ အသုံးပြု​၏။ * ကိုယ်တော်​နှင့်​ပတ်သက်​၍ ပေါလု​ဤသို့​ဆို​၏– “သခင်​ဘုရား​သည် ကြွေးကြော်​ခြင်း၊ ကောင်းကင်တမန်မင်း အသံ​ပေးခြင်း၊ ဘုရားသခင်​၏ တံပိုးတော်​ကို​မှုတ်ခြင်း​နှင့်​တကွ ကောင်းကင်ဘုံ​မှ ကိုယ်တိုင်​ဆင်းသက်​တော်​မူ [မည်။]” (၁ သက်သာလောနိတ် ၄:၁၆) “ကောင်းကင်တမန်မင်း” ဟူသော​ဘွဲ့​သည် “ကောင်းကင်တမန်​တို့၏ အကြီးအမှူး” ကို​ဆိုလို​၏။ ထို့​ကြောင့်၊ ဗျာဒိတ်ကျမ်း​က “မိက္ခေလ​နှင့် သူ၏​ကောင်းကင်တမန်​တို့” ဟူ၍​ဆို​ခြင်း​မှာ မ​ဆန်း​ပါ။ ကောင်းကင်တမန်​များ ဘုရားသခင်​၏ ဖြောင့်မတ်​သော ကျေးကျွန်​တစ်ပါး​၏ အ​အုပ်​အချုပ်​ကို​နာခံ​ကြောင်း ရေးသား​ဖော်ပြ​သော အခြား​ကျမ်းပိုဒ်​များလည်း ယေရှုကို​ရည်ညွှန်း၏။ ဥပမာ၊ ပေါလု​က “သခင်​ယေရှုသည် တန်ခိုး​ရှိသော ကောင်းကင်တမန်​တို့​နှင့်အတူ၊ ကောင်းကင်ဘုံ​က ပေါ်ထွန်း​တော်​မူ” သည်​ဟု​ဆို​၏။​—၂ သက်သာလောနိတ် ၁:၇; မဿဲ ၂၄:၃၀၊ ၃၁; ၂၅:၃၁ လည်း​ရှု။

၁၆ အထက်ပါ​ကျမ်းချက်​နှင့် အခြား​ကျမ်းချက်​များ​ကို​ထောက်​လျှင် မိက္ခေလ​သည် ကောင်းကင်​ရာထူးဌာနန္တရ​ကို ရယူ​သော သခင်​ယေရှု​ခရစ်​မှ​အ​ပ မည်သူမျှ​မဖြစ်​နိုင် ဟူ၍​ကောက်ချက်​ချ​ရ​လိမ့်​မည်။ ယခု သခင့်​နေ့​တော်​အတွင်း​၌ ကိုယ်တော်​သည် စာတန်​အား “ထာဝရ​ဘုရား​သည် သင့်ကို ဆုံးမ​တော်​မူ​စေ​သတည်း” ဟူ၍​သာ ပြော​မနေ​တော့။ တရား​စီရင်​ရာ​ကာလ​ဖြစ်​သဖြင့် မိက္ခေလ​အနေ​နှင့် ယေရှုသည် ဆိုးယုတ်​သော​စာတန်​နှင့် သူ၏​နတ်ဆိုး​ကောင်းကင်တမန်​များ​ကို ကောင်းကင်​မှ​ပစ်ချ​တော်​မူ​၏။ (ယုဒ ၉; ဗျာဒိတ် ၁:၁၀) ကိုယ်တော်သည် နန်းတက်စ​ဘုရင်​ဖြစ်​သဖြင့် စာတန်​ကို​ပစ်ချ​ရာ​တွင် အသင့်တော်ဆုံး​ပုဂ္ဂိုလ်​ဖြစ်၏။ ယေရှုသည် အဆုံး​၌ မြွေ​၏​ဦးခေါင်း​ကို​နင်းချေ​ပြီး ထာဝစဉ် အပြီး​သုတ်သင်​မည့်​သူ၊ ဧဒင်​၌ ဘုရားသခင် ကတိပြု​တော်​မူ​သော အမျိုးအနွယ်​တော်​လည်း​ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) ယေရှုသည် စာတန်​ကို​ကောင်းကင်​မှ တိုက်ထုတ်​ခြင်း​ဖြင့် နောက်ဆုံး သူ့ကို​ချေမှုန်း​ရန် ခြေလှမ်း​ပြင်​လိုက်​လေ​ပြီ။

‘အချင်း​ကောင်းကင်​တို့၊ ရွှင်လန်း​ကြလော့’

၁၇၊ ၁၈။ (က) စာတန် ကောင်းကင်​မှ​ကျ​သည့်​အတွက် ကောင်းကင်​၌ အဘယ်​တုံ့ပြန်မှု​ဖြစ်​ခဲ့​ကြောင်း ယောဟန် သတင်းပေး​သနည်း။ (ခ) ယောဟန်​ကြား​ရသည့် ကျယ်​သော​အသံ အဘယ်က​လာပုံ​ရသနည်း။

၁၇ စာတန်​၏ မ​ရှု​မလှ​ကျ​ခြင်း​ကြောင့် ကောင်းကင်​၌​ရွှင်လန်း​ခဲ့​ကြောင်း ယောဟန်​တင်ပြ​၏။ “ထို့နောက် ကောင်းကင်​၌ ကျယ်​သော​အသံ​က ဤသို့​ဆို​သည်ကို ငါ​ကြား​ရ၏– ‘ယခု​အခါ ငါ​တို့​ဘုရားသခင်​၏ ကယ်တင်ခြင်း၊ အစွမ်း​တန်ခိုး၊ နိုင်ငံတော်​နှင့် ကိုယ်တော့်​ခရစ်တော်​၏ အာဏာတော် သက်ရောက်​လေ​ပြီ။ အကြောင်း​မှာ ငါ​တို့၏ ညီအစ်ကို​များ​ကို ငါ​တို့၏ ဘုရားသခင်​ရှေ့တော်တွင် နေ့​ည​မပြတ် စွပ်စွဲ​သော​သူသည် ပစ်ချ​ခံရ​လေ​ပြီ။ သူတို့သည် သိုးသငယ်​၏ အသွေးတော်​ကြောင့်​လည်းကောင်း၊ မိမိတို့ သက်သေခံ​သော တရား​စကား​ကြောင့်​လည်းကောင်း သူ့ကို​အောင်နိုင်​ခဲ့ပြီ။ သူတို့သည် သေခြင်းနှင့် ရင်ဆိုင်​ရသည်​တိုင်အောင် မိမိတို့​အသက်ကို မ​နှမြော​ကြ​ချေ။ ယင်း​အကြောင်းကြောင့် အချင်း​ကောင်းကင်​နှင့် ကောင်းကင်သား​တို့၊ ရွှင်လန်း​ကြလော့။’ ”​ဗျာဒိတ် ၁၂:၁၀-၁၂က

၁၈ ယောဟန်​ကြား​ရသည့် ကျယ်​သော​အသံ​မှာ မည်​သူ့​အသံ​နည်း။ ကျမ်းစာ​၌ ဆို​မထား​ပါ။ သို့ရာတွင်၊ ဗျာဒိတ် ၁၁:၁၇ တင်ပြသော အလားတူ​အသံ​မှာ မိမိတို့၏ ကောင်းကင်​ရာထူးဌာနန္တရ​ကို​ယူ၍ သန့်ရှင်းသူ ၁၄၄,၀၀၀ ကို ကိုယ်စား​ပြု​နိုင်ပြီ​ဖြစ်သော ထမြောက်​သူ အကြီးအကဲ ၂၄ ပါး​ထံ​မှ​လာ​၏။ (ဗျာဒိတ် ၁၁:၁၈) မြေကြီး​ပေါ်မှာ​ရှိ​ဆဲ​ဖြစ်၍ နှိပ်စက်​ညှဉ်းပန်း​ခံရ​သော ဘုရားသခင်​၏ ဘိသိက်ခံ​ကျေးကျွန်​များ​ကို ဤ​နေရာ၌ “ငါ​တို့၏​ညီအစ်ကို​များ” ဟု​ခေါ်ထား​သောကြောင့် ထိုစကား​သည် အလားတူ​စွာ အကြီးအကဲ ၂၄ ပါး​ထံ​မှ လာနိုင်​သည်။ စာတန်​နှင့် သူ၏​နတ်ဆိုး​သင်း​ပင်း​တစ်သိုက် ကောင်းကင်​မှ ပစ်ချ​ခံရ​သည့်​နောက် မကြာမီ ထို​သစ္စာရှိ​များ ထမြောက်​ကြ​မည်​ဖြစ်၍ သူတို့လည်း ပါဝင်​ကြွေးကြော်​နိုင်​ကြသည်​မှာ သံသယ​မရှိ။

၁၉။ (က) ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက် ပြီးစီး​ခြင်း​က ယေရှု​ဘာ​ပြု​ရန် လမ်း​ဖွင့်ပေး​သနည်း။ (ခ) စာတန်​အား “ငါ​တို့၏ ညီအစ်ကို​များ​ကို စွပ်စွဲသူ” ဟု​ခေါ်​ခြင်း​က ဘာကို​ပြသ​နည်း။

၁၉ ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက် ပြီးစီး​ခြင်း​ကြောင့် ယေဟောဝါ​၏ နိုင်ငံတော်​၌ ယေရှု အာဏာ​သိမ်း​မြန်း​ရမည်​ဖြစ်၏။ သို့ဖြင့်၊ လူသားများ​ကို ကယ်နုတ်ခြင်း​တည်း​ဟူသော မိမိ၏ မဟာ​ရည်ရွယ်ချက်​အတိုင်း လုပ်ဆောင်ရန် ဘုရားသခင်​အဖို့ လမ်းပွင့်​လေ​ပြီ။ ယေရှုသည် ယခု ကမ္ဘာ​ပေါ်​ရှိ ဘုရားသခင်​ကို​ခန့်ညား​သော တပည့်တော်​များ​ကို​သာမက ဘုရားသခင့်​မှတ်ဉာဏ်​ထဲ​မှ သန်းပေါင်း​များစွာသော သေလွန်သူ​တို့ကို​ပါ ကယ်တင်​တော်​မူ​၏။ (လုကာ ၂၁:၂၇၊ ၂၈) စာတန်​အား “ငါ​တို့၏ ညီအစ်ကို​များ​ကို စွပ်စွဲ​သော​သူ” ဟု​ခေါ်ထား​ခြင်း​က ယောဘ​ကို သူ မတရား​စွပ်စွဲ​ကြောင်း ထင်ရှား​ခဲ့​လျက်​နှင့် အလျှော့မပေး​ဘဲ ဘုရားသခင့်​မြေကြီးသား ကျေးကျွန်​များ​၏ သမာဓိကို ဆက်၍​စိန်ခေါ်​လာ​ကြောင်း သိသာ​စေ​၏။ လူသည် မိမိ​အသက်​အတွက် ရှိသမျှကို​စွန့်​မည်​ဟု စာတန်​ထပ်ခါတလဲ စွပ်စွဲ​လာ​ခဲ့​သည်​မှာ ထင်ရှား​လှ​၏။ စာတန်​သည် စိတ်ပျက်​ဝမ်းနည်းဖွယ် အရေးနိမ့်​ခဲ့ပြီ​တကား။​—ယောဘ ၁:၉-၁၁; ၂:၄၊ ၅

၂၀။ သစ္စာရှိ​ခရစ်ယာန်​များ စာတန်​ကို မည်သို့​အောင်နိုင်ကြ​ပြီ​နည်း။

၂၀ “သိုးသငယ်​၏ အသွေးတော်​ကြောင့်” ဖြောင့်မတ်​သူ​အဖြစ် ရေတွက်​ခံရ​သော ဘိသိက်ခံ​ခရစ်ယာန်​များသည် နှိပ်စက်​ညှဉ်းပန်း​ခံရ​လျက်​ကယ် ဘုရားသခင်​နှင့် ယေရှု​ခရစ်​အကြောင်း အဆက်မပြတ် သက်သေခံ​ကြ​၏။ ဤ​ယောဟန်​အတန်းအစား​က တစ်ပါး​အမျိုးသားများ​ကာလ ၁၉၁၄ ခုနှစ်​၌ ကုန်ဆုံး​ခြင်း​နှင့်​ပတ်သက်သော အရေးကြီး​လှ​သည့် အရေးကိစ္စ​အကြောင်းကို အနှစ် ၁၂၀ မ​က ဖော်ပြ​ခဲ့ပြီ။ (လုကာ ၂၁:၂၄) ယခု​ဆိုလျှင် လူအုပ်ကြီးသည် သူတို့နှင့် ရင်ပေါင်တန်း​လျက် သစ္စာရှိ​စွာ အမှုထမ်း​ရွက်​နေကြပြီ။ သူတို့​တစ်ဦး​က​မျှ “ကိုယ်ခန္ဓာ​ကို​သာ​သတ်​၍ စိတ်​ဝိညာဉ် ကို​မ​သတ်​နိုင်သော​သူတို့ကို မကြောက်။” ကျွန်ုပ်​တို့​ခေတ်​အတွင်း ယေဟောဝါသက်သေ​များ​၏ ကိုယ်တွေ့​က အဖ​န်​တ​လဲ​လဲ သက်သေထူ​ခဲ့​သည့်​အတိုင်း​ဖြစ်သည်။ သူတို့သည် နှုတ်ဖြင့်​လည်းကောင်း၊ လျောက်ပတ်​သော ခရစ်ယာန် အကျင့်အကြံ​အားဖြင့်လည်း​ကောင်း၊ စာတန်​ကို​အောင်နိုင်​၍ သူသည် မုသာကောင်​ဖြစ်​ကြောင်းကို တစ်သမတ်တည်း သက်သေထူ​ခဲ့​ကြပြီ။ (မဿဲ ၁၀:၂၈; သုတ္တံ ၂၇:၁၁; ဗျာဒိတ် ၇:၉) ဘိသိက်ခံ​ခရစ်ယာန်​များသည် ကောင်းကင်​သို့ ထမြောက်​ကြသောအခါ မိမိတို့​ညီအစ်ကို​များ​ကို စွပ်စွဲ​သော​သူ ကောင်းကင်​၌​မရှိတော့​၍ မည်မျှ​ဝမ်းသာ​လိုက်​ကြ​မည်​ဖြစ်​ခြင်း။ “အချင်း​ကောင်းကင်​နှင့် ကောင်းကင်သား​တို့၊ ရွှင်လန်း​ကြလော့” ဟူသော ခေါ်ဖိတ်​ချက်​အတိုင်း ယခု​ပင် ကောင်းကင်တမန် ပရိသတ်​တစ်ရပ်လုံး ရွှင်လန်း​ရန်​အချိန်​တည်း။

ပြိုင်ဘက်​အမင်္ဂလာ

၂၁။ စာတန်​သည် မြေကြီး​နှင့်​ပင်လယ်​အပေါ် မည်သို့​အမင်္ဂလာ သက်ရောက်​စေပြီ​နည်း။

၂၁ စာတန်​သည် တတိယ​အမင်္ဂလာ​ကြောင့် မာန်​ဖီ​လျက် သူ့​နည်း​သူ့​ဟန်​ဖြင့် အမင်္ဂလာ​ဖန်တီး​၍ လူသားများ​ကို ဒုက္ခ​ပေး​တော့​မည် တ​ကဲ​ကဲ​ဖြစ်လာ​ပြီ။ “မြေကြီး​နှင့် ပင်လယ်​အတွက်​မူ အမင်္ဂလာ​ဖြစ်၏။ အကြောင်း​မူ​ကား၊ မာရ်နတ်သည် မိမိ၏​အချိန် တိုတောင်း​သည်ကို​သိ၍ ဒေါသကြီး​စွာ​ဖြင့် သင်တို့​ထံ​သို့ ဆင်း​လေ​ပြီ။” (ဗျာဒိတ် ၁၂:၁၂ခ) စာတန်​ကောင်းကင်​မှ ပ​ထုတ်​ခံရ​ခြင်း​သည် ပကတိ​မြေကြီး​အဖို့ တကယ်​ပင် အမင်္ဂလာ​ဖြစ်၏။ မြေကြီး​သည် စာတန်​ကြိုးကိုင်​သော အတ္တဆန်​သည့် လူသားများ​ကြောင့် ပျက်စီး​လျက်​ရှိပြီ။ (တရားဟောရာ ၃၂:၅) ထို​မျှ​မ​က၊ စာတန်​၏ ‘မ​အုပ်​ရ​လျှင်​ဖျက်’ ဟူသော ပေါ်လစီ​ကြောင့်၊ ပုံဆောင်​ရာ​မြေကြီး​တည်း​ဟူသော လူ့​ဘောင်​အဖွဲ့အစည်း​နှင့် ပုံဆောင်​ရာ​ပင်လယ်​ဖြစ်သည့် ဆူပူ​ထကြွ​သော လူသားထု​ကိုယ်နှိုက် အမင်္ဂလာ​ထိ​ကြ​၏။ ကမ္ဘာ​စစ်​ကြီး​နှစ်ခု​အတွင်း​၌ စာတန့်​လက်အောက်ခံ တိုင်းနိုင်ငံ​များ​၏​ဒေါသကို ကြည့်​ခြင်း​ဖြင့် စာတန့်​ဒေါသကို မြင်နိုင်​၏။ အလားတူ နတ်ဆိုး​ဒေါသ​ပေါက်ကွဲ​မှုများ ယနေ့​တိုင် ဆက်လက်​ဖြစ်ပွား​နေသည်။​—သို့သော်၊ သိပ်​ကြာ​မည်​မဟုတ်။ (မာကု ၁၃:၇၊ ၈) မာရ်နတ်​၏​အဖျက်​လက်နက် မည်မျှ​ပင်​ဆိုး​စေ​ကာ​မူ၊ တတိယ​အမင်္ဂလာ​တည်း​ဟူသော ဘုရားသခင့်​နိုင်ငံတော် အရေးယူ​မှု​က စာတန့်​ရူပ​အဖွဲ့အစည်း​အပေါ် သက်ရောက်​စေ​မည့် အမင်္ဂလာ​လောက် ဆိုး​မည်​မဟုတ်။

၂၂၊ ၂၃။ (က) နဂါး​သည် မြေကြီးပေါ်​သို့ ပစ်ချ​ခံရ​သည့်​နောက် ဘာဖြစ်​သည်​ဟု ယောဟန်​ဆို​သနည်း။ (ခ) နဂါး​သည် “သား​ယောက်ျား​ကို ဖွားမြင်​သော​မိန်းမကို” မည်သို့​နှိပ်စက်​ညှဉ်းပန်း​နိုင်​သနည်း။

၂၂ စာတန် မ​ရှု​မလှ ထုတ်ပစ်​ခံရ​သည့် အချိန်​မှ​စ၍ မြေကြီးပေါ်​ရှိ ခရစ်တော်​၏ ညီတော်​များသည် သူ့​ဒေါသ​မီး​ရှိန်​ကို ခါးစည်း​၍​ခံရ​ကြသည်။ ယောဟန် ဤသို့​တင်ပြ​၏– “နဂါး​သည် မိမိ မြေကြီးပေါ်​သို့ ပစ်ချ​ခံရ​သည်ကို သိမြင်​သောအခါ သား​ယောက်ျား​ကို ဖွားမြင်​သော မိန်းမကို​နှိပ်စက် ညှဉ်းပန်း​လေ​သည်။ သို့သော်၊ မိန်းမသည် မြွေ​နှင့်​လွတ်ကင်း​၍ တစ်​ကာလ၊ နှစ်ကာလ၊ ကာလ​တစ်ဝက်​ပတ်လုံး ကျွေးမွေး​ခံ​ရာ မိမိ၏​နေရပ် တောကန္တာရ​ထဲ​သို့ ပျံသန်း​သွား​နိုင်​ရန် သူ့​အား လင်းယုန်​ကြီး​၏ အတောင်​နှစ်ဖက်​ကို ပေး​လေ​၏။”​ဗျာဒိတ် ၁၂:၁၃၊ ၁၄

၂၃ ဤ​တွင် ရူပါရုံ​က အခန်းငယ် ၆ နိဒါန်း​ပျိုး​လိုက်​သော​အကြောင်းကို ပြန်​ကောက်​၏။ မိန်းမသည် ကလေး​မွေး​ပြီး​နောက်​၌ နဂါးနှင့်​လွတ်​ရာ တောကန္တာရ​သို့ ထွက်ပြေး​သည့်​အချက်​ဖြစ်သည်။ မိန်းမသည် ကောင်းကင်​၌​ရှိပြီး နဂါး​သည် မြေကြီးပေါ်​သို့ ပစ်ချ​ခံရ​ပြီ​ဖြစ်​ရာ မိန်းမကို နဂါး​မည်သို့ နှိပ်စက်​နိုင်​မည်​နည်း​ဟု တွေးစရာ​ဖြစ်၏။ မြေကြီးပေါ်​၌ မိန်းမ​၏ အမျိုးအနွယ်​ဖြစ်သော သားသမီး​များ​ရှိကြောင်းကို သတိရပါ။ ဤ​ရူပါရုံ​၏​နောက်ပိုင်း၌ စာတန်​က မိန်းမ​၏​အမျိုးအနွယ်​ကို နှိပ်စက်ခြင်း​ဖြင့် မိန်းမကို​မာန်မဲ​ကြောင်း ဖော်ပြ​၏။ (ဗျာဒိတ် ၁၂:၁၇) မြေကြီးပေါ်​က မိန်းမ​၏​အမျိုးအနွယ် တွေ့ကြုံ​ခံစားရ​သမျှ မိန်းမ​ကိုယ်တိုင် တွေ့ကြုံ​ခံစားရ​သည်​နှင့် မ​ခြား​ပါ။ (မဿဲ ၂၅:၄၀ နှိုင်းယှဉ်။) အရေအတွက်​တိုးများ​နေသော မြေကြီးပေါ်​ရှိ မိန်းမ​အမျိုးအနွယ်​၏ အပေါင်းပါများ​လည်း နှိပ်စက်​ညှဉ်းပန်း​ခြင်း ခံရ​ကြ​မည်​ဖြစ်၏။

လူမျိုးအသစ်

၂၄။ ဣသရေလလူ​တို့ အိဂျစ်ပြည်​မှ ကယ်နုတ်​ခံရ​ခြင်း​နှင့်​ဆင်တူ​သော အဘယ်​တွေ့ကြုံမှု​ကို ကျမ်းစာ​ကျောင်းသား​များ ခံစား​ခဲ့​ကြ​သနည်း။

၂၄ ပထမ​ကမ္ဘာ​စစ်​ဖြစ်နေ​စဉ် ယေရှု၏ ညီတော်​များသည် သက်သေခံခြင်း​လုပ်ငန်း​ကို တတ်နိုင်​သ၍ သစ္စာရှိ​စွာ ဆက်လက်​လုပ်ကိုင်​သွား​ကြသည်။ စာတန်​နှင့် သူ၏​ယုတ်မာ​ရက်စက်​သော လက်​ပါး​စေ​များ ပြင်းထန်​သည်ထက် ပြင်းထန်​စွာ ဆန့်ကျင်​တိုက်ခိုက်​သည့်​ကြား​မှ သက်သေခံခြင်း​ဖြစ်၏။ အဆုံး​၌ ကျမ်းစာ​ကျောင်းသား​များ​၏ သက်သေခံခြင်း​လုပ်ငန်း​သည် လုံးဝ​ဆို​ရ​မလောက် ရပ်တန့်​သွားတော့​သည်။ (ဗျာဒိတ် ၁၁:၇-၁၀) ထို​အချိန်၌ သူတို့သည် အိဂျစ်ပြည်​တွင် ဣသရေလလူ​များ ကြီးစွာ​ဖိစီး​နှိပ်စက် ခံရ​သကဲ့သို့ တွေ့ကြုံ​ခံစားရ​သည်။ ထို​စဉ်​က ဣသရေလလူ​တို့ကို ယေဟောဝါ​သည် လင်းယုန်​အတောင်များ​ဖြင့် ပို့ဆောင်​သည့်​ပ​မာ လုံခြုံ​ရာ​အရပ် သိနာ​တောကန္တာရ​သို့ ဖျတ်လတ်​စွာ ပို့ဆောင်​တော်​မူ​သည်။ (ထွက်မြောက်ရာ ၁၉:၁-၄) ထို့​နည်းတူ၊ မိန်းမ​အားဖြင့် ကိုယ်စား​ပြုသော မိမိ၏​သက်သေခံ​များ ၁၉၁၈-၁၉ ခုနှစ်​၌ ခါးခါးသီးသီး နှိပ်စက်​ညှဉ်းပန်း ခံရ​သည့်​နောက်​၌ ယေဟောဝါ​သည် သူတို့ကို​ကယ်နုတ်​၍ လုံခြုံ​ရာ​ဝိညာဏ အခြေအနေ​အထဲ​သို့ ပို့ဆောင်​တော်​မူ​၏။ ဣသရေလလူ​တို့​အဖို့ သဲကန္တာရ​သည် လုံခြုံ​ရာ​ဖြစ်​သကဲ့သို့ပင်။ သူတို့​ဆုတောင်း​သည့်​အတိုင်း ဖြစ်​ခဲ့​၏။​— ဆာလံ ၅၅:၆-၉ နှိုင်းယှဉ်။

၂၅။ (က) တောကန္တာရ​၌ ဣသရေလလူ​တို့ကို လူမျိုးတစ်မျိုး​အဖြစ် ဖွားမြင်​စေ​သည်​နည်းတူ ၁၉၁၉ ခုနှစ်​၌ ဘာကို ယေဟောဝါ ဖွားမြင်​စေတော်မူ​သနည်း။ (ခ) ဤ​လူမျိုး​ကို မည်သူ​များ​ဖြင့် ဖွဲ့စည်းထား​ပြီး ၎င်း​သည် အဘယ်အရာ​ထဲ​သို့ ပို့ဆောင်​ခြင်း​ခံရ​သနည်း။

၂၅ ယေဟောဝါ​သည် တောကန္တာရ​အတွင်း​၌ ဣသရေလလူ​တို့ကို လူမျိုးတစ်မျိုး​အဖြစ် မွေးဖွား​စေပြီး ဝိညာဉ်​ရေး၊ ကာယရေး နှစ်တန်စလုံး​၌ ကျွေးမွေး​တော်​မူ​၏။ ထို့​နည်းတူ၊ ၁၉၁၉ ခုနှစ်​မှ​စ၍ မိန်းမ​၏​အမျိုးအနွယ်​ကို ဝိညာဏ​လူမျိုးတစ်မျိုး​အဖြစ် မွေးဖွား​စေတော်မူ​၏။ ၎င်းကို ၁၉၁၄ ခုနှစ်​မှ​စ၍ ကောင်းကင်​၌​အုပ်စိုး​သော မေရှိယနိုင်ငံ​နှင့် အထင်​မမှား​ပါ​နှင့်။ ယခု​ပြော​သော လူမျိုးသစ်​မှာ ၁၉၁၉ ခုနှစ်​၌ ဘုန်း​ရှိသော ဝိညာဏ​အဖြစ်သို့ ပို့ဆောင်​ခံရ​သော မြေကြီးပေါ်​ရှိ ဘိသိက်ခံ​သက်သေ​များ အကြွင်းအကျန်​ဖြင့် ဖွဲ့စည်းထား​သည်။ ယခု​သူတို့သည် “အချိန်တန်​အစားအသောက်” ကို​မှီဝဲ​ရ​ကြ​သဖြင့် ရှေ့​လာ​မည့်​လုပ်ငန်း​အတွက် ခွန်အား​ရရှိကြ​၏။​—လုကာ ၁၂:၄၂; ဟေရှာယ ၆၆:၈

၂၆။ (က) ဗျာဒိတ် ၁၂:၆၊ ၁၄ ၌​ဖော်ပြ​သော အချိန်ပိုင်း​သည် မည်မျှ​တာ​ရှည်​သနည်း။ (ခ) သုံး​ကာလ​ခွဲ​ဟူသော အချိန်ပိုင်း​၏ ရည်ရွယ်ချက်ကား ဘာ​ဖြစ်၍ အဘယ်အခါ စ​တင်၍ အဘယ်အခါ ကုန်ဆုံး​သနည်း။

၂၆ ဘုရားသခင့် မိန်းမ​၏​အမျိုးအနွယ် တစ်ခဏ အသက်ရှူ​ချော​င်​ခဲ့​သည်​မှာ မည်မျှ​တာ​ရှည်​သနည်း။ ဗျာဒိတ် ၁၂:၆ က ရက်ပေါင်း ၁,၂၆၀ ဟု​ဆို​၏။ ဗျာဒိတ် ၁၂:၁၄ က ထို​သမယ​ကို တစ်​ကာလ၊ နှစ်ကာလ၊ ကာလ​တစ်ဝက်​ဟု ခေါ်​သည်။ တစ်နည်း​အားဖြင့်၊ သုံး​ကာလ​ခွဲ​ဖြစ်သည်။ အမှန်​အားဖြင့်၊ ထို​အသုံးအနှုန်း​နှစ်ရပ်​စ​လုံး သုံးနှစ်ခွဲ​ကို​ဆိုလို​ပြီး ကမ္ဘာ့​မြောက်​ခြမ်း​၌ ၁၉၁၉ ခုနှစ် နွေဦး​ပေါက်​ရာသီ​မှ ၁၉၂၂ ခုနှစ် ဆောင်းဦး​ပေါက်​ရာသီ​အထိ တာ​ရှည်​သည်။ ထို​ကာလ​သည် ပြန်လည်​ထူထောင်​လာသော ယောဟန်​အတန်းအစား​အဖို့ လန်းဆန်းဖွယ် နာလန်ထူ​ချိန်​ဖြစ်၏။

၂၇။ (က) ယောဟန် သတင်းပေး​ချက်​အရ၊ ၁၉၂၂ ခုနှစ်​နောက်ပိုင်း၌ နဂါး​ဘာ​ပြု​သနည်း။ (ခ) သက်သေခံ​များ​အား နှိပ်စက်​ညှဉ်းပန်းမှု လွှမ်းမိုးခြင်း​ရေ​ကို စာတန်​မှုတ်ထုတ်​သည့် ရည်ရွယ်ချက်ကား အဘယ်နည်း။

၂၇ နဂါး​သည် လက်မလျှော့။ “ထို​အခါ မြွေသည် မိန်းမ​အား ရေနစ်​သေစေ​ရန် မိမိ၏ ခံတွင်း​မှ​ရေ​ကို မြစ်ရေ​သဖွယ် မိန်းမနောက်သို့ မှုတ်ထုတ်​လေ​၏။” (ဗျာဒိတ် ၁၂:၁၅) ‘မြစ်ရေ​သဖွယ်​သော​ရေ’ သည် ဘာကို​ဆိုလို​သနည်း။ ရှေး​ဘုရင်​ဒါဝိဒ်က မိမိ​အား​ဆန့်ကျင်​သော လူဆိုးများ​ကို ‘အသုံးမကျ​သော​လူတို့၏ ရုတ်ခြည်း​လွှမ်းမိုး​သော​ရေ’ အဖြစ်​သမုတ်​၏။ (ဆာလံ ၁၈:၄၊ ၅၊ ၁၆၊ ၁၇) စာတန်​အန်ထုတ်​သော​အရာ​လည်း ‘အသုံးမကျ​သော​လူ​တို့’ ၏​နှိပ်စက်​ညှဉ်းပန်း​ခြင်း ဖြစ်သည်။ စာတန်​သည် ၁၉၂၂ ခုနှစ် နောက်ပိုင်း၌ သက်သေခံ​များ​ကို​တိုက်ခိုက်​ရန် နှိပ်စက်​ညှဉ်းပန်းမှု လွှမ်းမိုးခြင်း​ရေ​ကို အန်ထုတ်​၏။ (မဿဲ ၂၄:၉-၁၃) အကြမ်းဖက်​ခြင်း၊ “မင်းမိန့်​ဖြင့် ဒုက္ခ​ရောက်​အောင် အမှု​ဆင်​ခြင်း၊” ထောင်ချခြင်း​သာမက ကြိုးပေး​၍​တစ်မျိုး၊ သေနတ်​ဖြင့် ပစ်သတ်​၍​တစ်​ဖုံ၊ ခေါင်း​ဖြတ်၍​တစ်နည်း အဆုံးစီရင်​ခြင်း​ပါဝင်​၏။ (ဆာလံ ၉၄:၂၀က​ဘ) စာတန်​သည် ဘုရားသခင့် ကောင်းကင်​ဆိုင်ရာ မိန်းမ​ရှိရာသို့ တိုက်ရိုက်​သွားခွင့် မရှိတော့​သဖြင့် မြေကြီးပေါ်​ရှိ မိန်းမ​အမျိုးအနွယ် အကြွင်းအကျန်​အား တိုက်ရိုက်​နည်းဖြင့်​ဖြစ်စေ၊ ဘုရားသခင်​ကို သစ္စာဖောက်​၍ မျက်နှာသာတော် ဆုံးရှုံး​စေခြင်း​ဖြင့်​ဖြစ်စေ သူတို့ကို​ဖျက်ဆီး​ရန် ဒေါသတကြီး တိုက်ခိုက်​လေ​တော့​သည်။ သို့သော်၊ သူတို့သည် ယောဘ​ကဲ့သို့ “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟူ၍​ခိုင်မာ​သော သန္နိ​ဋ္ဌာန်​ချထား​ကြသည်။​—ယောဘ ၂၇:၅က​ဘ။

၂၈။ နှိပ်စက်​ညှဉ်းပန်းမှု လွှမ်းမိုးခြင်း​ရေ​သည် ဒုတိယ​ကမ္ဘာ​စစ်​အတွင်း မည်သို့​အရှိန်​မြင့်မား​ခဲ့​သနည်း။

၂၈ ထို​ယုတ်မာ​ရက်စက်​သော နှိပ်စက်​ညှဉ်းပန်းမှု လွှမ်းမိုးခြင်း​ရေ​သည် ဒုတိယ​ကမ္ဘာ​စစ်​ကြီး​အတွင်း မြင့်မားသော​အဆင့်​သို့ ရောက်​ခဲ့​သည်။ ဥရောပတိုက်​တွင် သက်သေခံ ၁၂,၀၀၀ ခန့်​သည် နာဇီ​ချွေး​တပ်​စခန်း​၌ အကျဉ်း​ချ​ခံရ​ပြီး ၂,၀၀၀ ခန့်​သေ​ခဲ့​ကြသည်။ သစ္စာရှိ​သက်သေခံ​များသည် အီတလီ၊ ဂျပန်၊ ကိုးရီးယား​နှင့် တိုင်​ဝမ်​ကို​အုပ်စိုး​သော စစ်​နယ်​ရှင်​များ​လက်ခုပ်​ထဲ​၌ အလားတူ ရက်စက်မှု​မျိုး ခံ​ကြ​ရသည်။ အမည်ခံ ဒီမိုကရက်တစ် နိုင်ငံ​များ​မှာ​ပင် ကက်သလစ် လှုပ်ရှားမှု​အုပ်စု​များ​၏ တိုက်ခိုက်​ခြင်း၊ ကိုယ်​ပေါ်​တွင် ကတ္တရာစေး​လောင်း​၍ ကြက်​မွှေး​ငှက်​မွှေး​များ​ကပ်​ကာ မြို့ပြင်​သို့​မောင်းထုတ်​ခြင်း ခံရ​ကြသည်။ ခရစ်ယာန်​စည်းဝေးပွဲ​များ အဖျက်​ခံရ​ပြီး သက်သေခံ​ကလေး​များ ကျောင်း​ထုတ်​ခံရ​၏။

၂၉။ (က) မမျှော်လင့်​သော​ဌာန​မှ သက်သာရာ ရခြင်း​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) “မြေကြီး​သည်” မိန်းမကို မည်သို့ “ကယ်မ​လိုက်” သနည်း။ (ဂ) နဂါး ဘာကို​ဆက်၍ ပြု​သနည်း။

၂၉ သူတို့ မမျှော်လင့်​သော​ဌာန​မှ သက်သာရာ​ရခဲ့​ကြသည်။ “သို့သော် မြေကြီး​သည် မိမိ၏ ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်ထုတ်​လိုက်​သော မြစ်ရေကို မျိုချ​ကာ မိန်းမ​အား ကယ်မ​လိုက်​သည်။ ထို​အခါ နဂါး​သည် မိန်းမကို အမျက်ထွက်​သဖြင့်၊ မိန်းမ​၏ အမျိုးအနွယ်​ထဲ​မှ ကျန်ကြွင်း​သူများ တည်း​ဟူသော ဘုရားသခင်​၏ ပညတ်တော်​များ​ကို စောင့်ရှောက်​၍ ယေရှု​အကြောင်း သက်သေခံ​သော​သူများကို စစ်တိုက်​ရန် ထွက်ခွာ​သွား​၏။” (ဗျာဒိတ် ၁၂:၁၆၊ ၁၇) စာတန့်​စနစ်​ထဲ​က အစိတ်အပိုင်း​များ​ဖြစ်သော “မြေကြီး” သည် “မြစ်ရေ” ကို​မျိုချ​လေ​သည်။ သက်သေခံ​တို့သည် ၁၉၄၀ ပြည့်လွန်​နှစ်များ​အတွင်း အမေရိကန်​ပြည်ထောင်စု တရားရုံး​ချုပ်​၌ ဆက်တိုက် အမှု​နိုင်​ခဲ့​ကြသည်။ လွတ်လပ်​စွာ​ကိုးကွယ်​ခွင့်​ကို ကာကွယ်​ထိန်းသိမ်းသော နိုင်ငံ​အချို့​မှ မင်း​စိုး​ရာဇာ​များလည်း သက်သေခံ​များ​ကို အနိုင်​ပေး​ကြသည်။ နောက်ဆုံး​တွင် မဟာမိတ်​နိုင်ငံ​များ​က ဧရာမ​နာဇီ-ဖက်ဆစ်​အဖွဲ့​ကြီး​ကို ဝါးမျို​လိုက်​ရာ ရက်စက်​သော သက်ဦးဆံပိုင်​များ​လက်​တွင် အလူးအလဲ​ခံ​နေရ​သော သက်သေခံ​များ အသက်ရှူ​ပေါက် ရသွား​လေ​သည်။ နှိပ်စက်​ညှဉ်းပန်းမှု လုံးဝ​ရပ်​တံ့​သွား​သည်​ကား မဟုတ်။ နဂါး​သည် ယနေ့​အထိ ဒေါသ​ထွက်​ဆဲ၊ “ယေရှု​အကြောင်း သက်သေခံ” သူများကို​ဆက်၍ စစ်ဆင်​နေဆဲ​ပင်။ နိုင်ငံ​ဒေသ​များစွာ​တွင် သစ္စာရှိ​သက်သေခံ​များ ထောင်ကျ​နေဆဲ၊ အချို့​သည် သစ္စာစောင့်သိမှု​ကြောင့် သေကြ​ရ​ဆဲ​ဖြစ်သည်။ သို့သော် ထို​ဒေသ​အချို့​၌ အာဏာပိုင်​များသည် ရံဖန်ရံခါ​အလျှော့ပေး​သဖြင့် သက်သေခံ​များ ယခင်​ထက်​များစွာ လွတ်လပ်​ကြ​၏။ * သို့​ဖြစ်၍ မြေကြီး​သည် ပရောဖက်ပြုချက်​နှင့်​အညီ နှိပ်စက်​ညှဉ်းဆဲ​မှု လွှမ်းမိုးခြင်း​ရေ​ကို ဆက်လက်​မျိုချ​နေသည်။

၃၀။ (က) မြေကြီး​သည် အဘယ်အရာ​ဖြစ်ပျက်​ဖို့ လုံလောက်​သော သက်သာမှု​ကို​ပေး​သနည်း။ (ခ) ဘုရားသခင့် လူမျိုးတော်​၏ သစ္စာစောင့်သိမှု​ကြောင့် အဘယ်​အကျိုး​ရလဒ် ဖြစ်ပေါ်​သနည်း။

၃၀ မြေကြီး​သည် ဤ​နည်း​အားဖြင့် လုံလောက်​သော သက်သာမှု​ကို​ပေး​သဖြင့် ဘုရားသခင့် လုပ်ငန်းတော်​သည် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​အထိ ကျယ်ပြန့်​သွား​ရာ သစ္စာရှိ​ရှိ သတင်းကောင်း​ဟောပြောသူ ခြောက်​သန်း​ကျော် ဖြစ်ထွန်း​ခဲ့​လေ​ပြီ။ ယုံကြည်သူ​လူသစ်များ​ဖြင့် ဖွဲ့စည်းထား​သည့် နိုင်ငံတကာ​မှ မဟာ​လူအုပ်ကြီးသည် မိန်းမ​အမျိုးအနွယ်​မှ ကျန်ကြွင်း​သူများ​နှင့်အတူ လောက​နှင့်​ခွဲ​၍​နေခြင်း၊ စင်ကြယ်သော​သီလ စောင့်စည်း​ခြင်း၊ ညီအစ်ကို​များ​ကို ချစ်ခြင်း​တို့​နှင့်​ဆိုင်သော ဘုရားသခင့် ပညတ်တော်​များ​ကို စောင့်ထိန်း​လျက် မေရှိယနိုင်ငံ​အကြောင်း သက်သေခံ​နေကြ၏။ သူတို့၏ သစ္စာစောင့်သိမှုက စာတန်​၏ အသရေ​ဖျက် စိမ်​ခေါ်​ချက်​ကို ချေပ​၏။ ထို့​ကြောင့် စာတန်​နှင့် သူ၏​စနစ်​အဖို့ အသုဘ​ခေါင်းလောင်း မြည်​လေ​ပြီ။​—သုတ္တံ ၂၇:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဇာတိ​ဣသရေလ ၁၂ နွယ်၊ တမန်​တော် ၁၂ ပါး၊ ဝိညာဏ​ဣသရေလ ၁၂ နွယ်​နှင့်၊ ယေရုရှလင်​မြို့​သစ်​၏ မြို့တံခါး ၁၂ ပေါက်၊ ကောင်းကင်တမန် ၁၂ ပါး​နှင့် အုတ်မြစ်​ကျောက် ၁၂ ချ​ပ်​တို့​နှင့် နှိုင်းယှဉ်ပါ။​—ဗျာဒိတ် ၂၁:၁၂-၁၄

^ အပိုဒ်၊ 15 သို့​တ​စေ၊ ဗျာဒိတ် ၁၂:၉ က “နဂါး​ကြီး​နှင့် သူ၏​ကောင်းကင်တမန်​များ” ဟု​ဆို​ထား​ကြောင်း သတိပြုပါ။ ထို့​ကြောင့်၊ ကျမ်းစာ​က ကောင်းကင်တမန်မင်း မိက္ခေလ ဟူသော​ဘွဲ့​ကို မာရ်နတ်​အား တစ်ကြိမ်​မျှ​မပေး​သော်လည်း သူသည် မိမိကိုယ်ကို ဘုရား​အဖြစ် တင်မြှောက်​ရုံ​သာမက ထို​ဘွဲ့​ကို​ယူ​ရန်​ပင် အားထုတ်​ခဲ့​သည်။

^ အပိုဒ်၊ 29 နိုင်ငံ​ဒေသ​များစွာ​မှ တရားရုံး​ချုပ်​များသည် ယေဟောဝါသက်သေ​များ​ကို သက်သာမှု​ပေး​ခဲ့​ကြပြီ။ ထို​အမှု​စီရင်ချက်​များ​အနက် အချို့​ကို စာမျက်နှာ ၉၂ မှ လေးထောင့်ကွက်​တွင် ဖော်ပြ​ထား​သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈၅ ပါ ရုပ်ပုံ]

“မြေကြီး​သည် မိမိ၏​ခံတွင်း​ကို​ဖွင့်”

စာတန်​သည် ဘိသိက်ခံ​ခရစ်ယာန်​များနှင့် သူတို့၏​အပေါင်းပါများ​ကို တိုက်ခိုက်​ရန် နှိပ်စက်​ညှဉ်းပန်းမှု​တည်း​ဟူသော ရုတ်ခြည်း​လွှမ်းမိုးခြင်း​ရေ​ကို ထုတ်လွှတ်​လျက်​ရှိခဲ့​သည်။ သို့သော်၊ မကြာခဏ စာတန့်​စနစ်​ထဲ​မှ အဖြစ်အပျက်​များ​ကိုယ်နှိုက်​ကြောင့် ထို​ရေ​သည် မျိုချ​ခံရ​သည်။

အမေရိကန်​ပြည်ထောင်စု​၌ လူအုပ်​ဖြင့်​တိုက်ခိုက်မှု​နှင့် ထောင်ချ​မှု​တည်း​ဟူသော လွှမ်းမိုးခြင်း​ရေ​သည် မျိုချ​ခံရ​သည်​မှာ အများအားဖြင့် ၁၉၄၀ ပြည့်လွန်​နှစ်များ​အတွင်း သက်သေခံ​များ​အား တရားရုံး​ချုပ်​က အနိုင်​ပေးခြင်း​ကြောင့်​ဖြစ်၏။

၁၉၄၅ ခုနှစ်– မဟာမိတ်​နိုင်ငံ​များ​က ဒုတိယ​ကမ္ဘာ​စစ်​၌ အကြိမ်ကြိမ် စစ်နိုင်​ခြင်း​ကြောင့် ဂျာမနီ​နှင့် ဂျပန် ကြီးစိုး​သော​နိုင်ငံ​များ​မှ ရက်စက်​ယုတ်မာ​သော နှိပ်စက်​ညှဉ်းပန်းမှု​များ ရပ်စဲ​သွား​သည်။

ဒို​မီ​နီ​ကင်​သမ္မတနိုင်ငံ​၌ ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​လိုက်​သောအခါ သက်သေခံ​များသည် ထောင်ချခြင်း၊ ကြာပွတ်​နှင့် သေနတ်​ဒင်​တို့​ဖြင့် ရိုက်နှက်ခြင်း​ခံရ​ကြသည်။ ၁၉၆၀ ပြည့်နှစ်​၌ အာဏာရှင် ရာ​ဖာယဲလ် ထ​ရူ​ဟီး​ယိုး​နှင့် ရို​မင်​ကက်သလစ်​ချာ့ခ်ျ မိတ်ပျက်​သွားသော​အခါ ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​ခြင်း​ရပ်စဲ​ခဲ့​သည်။

၁၉၇၀ ပြည့်နှစ်​၌ နိုင်ဂျီးရီးယား အစိုးရ​တပ်​များ​က ခွဲထွက်​သော​ပြည်နယ်​ကို သိမ်းပိုက်​လိုက်​သောအခါ ပြည်တွင်းစစ်​ဖြစ်ပွား​စဉ် ထို​ပြည်နယ်​အတွင်း သက်သေခံ​များ​အား သေနတ်​ဖြင့်​ပစ်သတ်​မှု၊ မီးရှို့​မှု၊ မုဒိမ်းကျင့်​မှု၊ ရိုက်နှက်မှု၊ ညှဉ်းဆဲ​မှု​နှင့် သတ်ဖြတ်မှု​များ ရပ်တန့်​သွား​သည်။

စပိန်​နိုင်ငံ​၌ ဘုရားသခင်​အကြောင်းကို​ပြော​ခြင်း​နှင့် ခရစ်ယာန်​စည်းဝေးများ​ကျင်းပ​ခြင်း “ပြစ်မှု” ကြောင့် ခရစ်ယာန်​တို့၏ နေအိမ်များ​ကို ကျူးကျော်​ဝင်ရောက်ခြင်း၊ သူတို့အား ဒဏ်ငွေ​တပ်​ခြင်း၊ ထောင်ချခြင်း​များ ပြု​ခဲ့​ကြသည်။ ၁၉၇၀ ပြည့်နှစ်​၌၊ ကက်သလစ်​ဘာသာ​မဟုတ်သော အခြား​ဘာသာ​များ​အပေါ် အစိုးရ​ပေါ်လစီ ပြောင်းလဲ​ခဲ့​၍ ယေဟောဝါသက်သေ​များသည် တရားဝင်​မှတ်ပုံတင်​နိုင်​ခွင့် ရသောအခါ ထို​နှိပ်စက်​ညှဉ်းပန်းမှု​လည်း ရပ်တန့်​သွားတော့​သည်။

ပေါ်​တူ​ဂ​ယ်​နိုင်ငံ​၌ ဝရမ်း​မပါဘဲ ရာ​ပေါင်း​များစွာသော​အိမ်များ​ကို မွှေနှောက်​ရှာဖွေခြင်း ပြု​ခဲ့​ကြသည်။ သက်သေခံ​များ အနာတရ​ဖြစ်​ပြီး ထောင်ချ​ခံရ​သည်။ သူတို့၏​ကျမ်းစာ​များ အသိမ်း​ခံရ​သည်။ ၁၉၇၄ ခုနှစ်​၌ စစ်တပ်​တော်လှန်မှု​ကြောင့် အစိုးရ​ပြောင်းလဲ​သွားပြီး လွတ်လပ်​စွာ​စည်းဝေး​ခွင့် အမိန့်​ဥပဒေ ထုတ်ပြန်​လိုက်​သောအခါ အထက်ပါ​အကြမ်းဖက်မှု “မျိုချ” ခံရ​လေ​သည်။

အာဂျင်တီးနား​နိုင်ငံ​၌ စစ်​အစိုးရ အုပ်ချုပ်မှု​အောက်တွင် ယေဟောဝါသက်သေ​ကလေး​များ ကျောင်း​ထုတ်​ခံရ​ပြီး နိုင်ငံ​တစ်ခွင်​မှ သက်သေခံ​များလည်း သတင်းကောင်း ဟောပြောခြင်း​ကြောင့် အဖမ်းခံရ​သည်။ ၁၉၈၄ ခုနှစ်​၌ အာဏာ​ရ​ဆဲ​အစိုးရ​က ယေဟောဝါသက်သေ​များ အသင်းအဖွဲ့​ကို တရားဝင်​အသိအမှတ် ပြု​လိုက်​သောအခါ ၎င်း​နှိပ်စက်​ညှဉ်းပန်းမှု ရပ်စဲ​သွားတော့​သည်။

[စာမျက်နှာ ၁၈၃ ပါ ဇယား]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

နိုင်ငံတော် ဖွားမြင်ခြင်း

၁၉၁၄ လူမျိုးသစ် ဖွားမြင်ခြင်း

၁၉၁၉-၁၉၂၂ နာလန်ထူ​ရာ​ကာလ

၁၉၂၂ နှိပ်စက်​ညှဉ်းပန်းမှု လွှမ်းမိုးခြင်း​ရေ

[စာမျက်နှာ ၁၈၂ ပါ ရုပ်ပုံ]

မြေကြီး​သည် အမင်္ဂလာ​ရှိ