မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် တရားစီရင်ရာနေ့ —၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်

ဘုရားသခင့် တရားစီရင်ရာနေ့ —၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်

အခန်း ၄၁

ဘုရားသခင့် တရား​စီရင်​ရာ​နေ့ ​—၎င်း​၏​ရွှင်လန်းဖွယ် အကျိုး​ရလဒ်

ရူပါရုံ ၁၅ ဗျာဒိတ် ၂၀:၁၁–၂၁:၈

အကြောင်းအရာ– အထွေထွေ​ထမြောက်ခြင်း၊ တရား​စီရင်​ရာ​နေ့​နှင့် ကောင်းကင်သစ် မြေကြီး​သစ်​ဆိုင်ရာ​ကောင်းချီး​များ

ပြည့်စုံချိန်– အနှစ်​တစ်ထောင်​အုပ်စိုးချိန်

၁။ (က) အာဒံ​နှင့်​ဧဝ အပြစ်ပြု​သောအခါ လူသားများ ဘာ​ဆုံးရှုံး​ခဲ့​ရသနည်း။ (ခ) ဘုရားသခင့်​အဘယ်​ရည်ရွယ်ချက် မပြောင်းလဲ​ခဲ့​သနည်း။ ကျွန်ုပ်​တို့​မည်သို့​သိနိုင်​သနည်း။

လူသားများ​အနေ​နှင့် ကျွန်ုပ်​တို့သည် ထာဝစဉ်​အသက်ရှင်​ရန် ဖန်ဆင်း​ခံရ​၏။ အာဒံ​နှင့်​ဧဝ​တို့​သာ ဘုရားသခင့် အမိန့်တော်​များ​ကို နာခံ​ခဲ့​ကြ​လျှင် သူတို့​ဘယ်တော့​မျှ သေ​မည်​မဟုတ်။ (ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၁၆၊ ၁၇; ဒေသနာ ၃:၁၀၊ ၁၁) သို့သော် သူတို့​အပြစ်ပြု​သောအခါ သူတို့​အဖို့​ရော သူတို့​သားမြေး​များ​အဖို့​ပါ စုံလင်မှု​နှင့်​အသက်ကို ဆုံးရှုံး​ခဲ့​ကြ​ပြီး သေခြင်း​သည် လူသားများ​အပေါ် အ​ညှာတာ​ကင်း​သော ရန်သူ​သဖွယ် စိုးမိုး​လာ​သည်။ (ရောမ ၅:၁၂၊ ၁၄; ၁ ကောရိန္သု ၁၅:၂၆) သို့​တ​စေ၊ စုံလင်သော​လူသားများ​အား ပရဒိသု​မြေကြီးပေါ်​တွင် ထာဝစဉ်​နေထိုင်​စေရန်​ဟူသော ဘုရားသခင့် ရည်ရွယ်ချက်မှာ​မူ မပြောင်းလဲ​ခဲ့။ ဘုရားသခင်​သည် လူသားများ​အပေါ် ကြီးမားသော မေတ္တာတော်​ရှိသဖြင့် မိမိ၏​တစ်ပါး​တည်း​သော သားတော်​ယေရှုကို မြေကြီးပေါ်​သို့ စေလွှတ်​တော်​မူ​၏။ ယေရှုသည် အာဒံ​၏​သားမြေး “လူအများ” အတွက် မိမိ၏​စုံလင်သော လူ့​အသက်ကို ရွေးနုတ်ဖိုး​အဖြစ် စွန့်​တော်​မူ​၏။ (မဿဲ ၂၀:၂၈သမ္မာ; ယောဟန် ၃:၁၆) ယခု ယေရှုသည် မိမိ​ပူဇော်ရာ​ယဇ်​၏ တရားဝင်​အကျိုးကို​သုံးစွဲ​၍ ယုံကြည်သူ​လူသားများ​အား ပရဒိသု​မြေကြီးပေါ်​တွင် စုံလင်သော​အသက် ပြန်​ရစေ​နိုင်ပြီ​ဖြစ်၏။ (၁ ပေတရု ၃:၁၈; ၁ ယောဟန် ၂:၂) လူသားများ “ဝမ်းမြောက်​ရွှင်လန်း” စ​ရာ​အကြောင်း​ထူး​ပါ​တကား။​—ဟေရှာယ ၂၅:၈၊ ၉

၂။ ဗျာဒိတ် ၂၀:၁၁ ၌ ယောဟန် ဘာကို​ဖော်ပြ​သနည်း၊ “ပလ္လင်​ဖြူ​ကြီး” ကား​အဘယ်နည်း။

စာတန်​သည် တွင်း​နက်​ကြီး​ထဲ​၌ ချုပ်နှောင်​ခံရ​ပြီ​ဖြစ်​ရာ ယေရှု၏​ဘုန်းတောက်​သော အနှစ်​တစ်ထောင်​အုပ်ချုပ်မှု စတင်​လေ​၏။ ယခု​ကား “ခန့်​ထား​တော်​မူ​သော​သူအား​ဖြင့် လောကီ​သားတို့​ကို ဖြောင့်မတ်ခြင်း​တရား​နှင့် ညီ​လျော်​စွာ စစ်ကြော​စီရင်​မည့်​နေ့ရက်” ပင်​တည်း။ (တမန်​တော် ၁၇:၃၁; ၂ ပေတရု ၃:၈) ယောဟန်​ဤသို့​ဆို​၏– “ထို့နောက် ပလ္လင်​ဖြူ​ကြီး​နှင့် ၎င်း​အပေါ်​တွင် စံ​နေ​တော်​မူ​သော​အရှင်ကို ငါ​မြင်ရ​၏။ မြေကြီး​နှင့် ကောင်းကင်​သည် ရှေ့တော်​မှ​ပြေး​လွင့်၍ ၎င်း​တို့​အဖို့ နေရာ​မရှိတော့။” (ဗျာဒိတ် ၂၀:၁၁) ဤ “ပလ္လင်​ဖြူ​ကြီး” ကား အဘယ်နည်း။ “လူ​ခပ်သိမ်း​တို့၏ တရားသူကြီး ဘုရားသခင်” ၏ တရား​ပလ္လင်တော်​မှ​အ​ပ အခြား​အရာ​မဖြစ်​နိုင်။ (ဟေဗြဲ ၁၂:၂၃က​ဘ) ယခု ကိုယ်တော်​သည် ယေရှု၏​ရွေးနုတ်ဖိုး ယဇ်​အကျိုးကျေးဇူး​ကို မည်သူ​ခံထိုက်​သည်​နှင့် စပ်လျဉ်း၍ လူသား​တို့ကို တရား​စီရင်​တော့​မည်။​—မာကု ၁၀:၄၅

၃။ (က) ဘုရားသခင်​၏​ပလ္လင်တော်​သည် “ကြီး” ၍ “ဖြူ” သည်​ဟူသော​အချက်​က ဘာကို​ပြသ​နည်း။ (ခ) တရား​စီရင်​ရာ​နေ့၌ မည်သူ​တရား​စီရင်၍ အဘယ်အရာကို​အခြေခံ​မည်​နည်း။

ဘုရားသခင်​၏ ပလ္လင်တော် “ကြီး” သည်​ဟူသော​အချက်​က ယေဟောဝါ​သည် အချုပ်အခြာအာဏာရှင်​အနေ​နှင့် ကြီး​မြင့်​တော်​မူ​ကြောင်းကို လေးနက်​စေ​၏။ ပလ္လင်တော်​သည် “ဖြူ” သည်​ဟူသော​အချက်​က ကိုယ်တော်​၏ အပြစ်ကင်း​သော ဖြောင့်မတ်ခြင်း​ကို သတိပြု​စေ​၏။ ကိုယ်တော်​သည် လူသား​တို့၏ အထွတ်အမြတ်​ဆုံး တရားသူကြီး ဖြစ်​တော်​မူ​၏။ (ဆာလံ ၁၉:၇-၁၁; ဟေရှာယ ၃၃:၂၂; ၅၁:၅၊) သို့ရာတွင် တရား​စီရင်ခြင်း​အခွင့်​ကို ယေရှု​ခရစ်​အား လွှဲအပ်​တော်​မူ​၏– “ခမည်းတော်​သည် အဘယ်သူကိုမျှ တရား​စီရင်​တော်​မ​မူ။ တရား​စီရင်ခြင်း​အခွင့်​ရှိသမျှကို သားတော်​အား ပေးအပ်​တော်​မူ​၏။” (ယောဟန် ၅:၂၃) ယေရှု​နှင့်အတူ အပေါင်းပါ ၁၄၄,၀၀၀ ရှိ၍ “တရား​စီရင်ခြင်း​အာဏာကို သူတို့အား [အနှစ်​တစ်ထောင်] အပ်နှင်း​တော်​မူ​၏။” (ဗျာဒိတ် ၂၀:၄) သို့ပင်ငြားလည်း တရား​စီရင်​ရာ​နေ့​အတွင်း လူတစ်ဦး​စီ ဘာဖြစ်​မည်​ကို အဆုံးအဖြတ်​ပေး​သည့်​အရာ​မှာ ယေဟောဝါ​၏ စံနှုန်း​များ​သာ​ဖြစ်၏။

၄။ ‘မြေကြီး​နှင့် ကောင်းကင် ပြေး​လွင့်’ သည်​မှာ ဘာကို​ဆိုလို​သနည်း။

“မြေကြီး​နှင့်​ကောင်းကင်​သည် ရှေ့တော်​မှ​ပြေး​လွင့်” သွား​သည်​မှာ အဘယ်​သို့​နည်း။ ၎င်း​ကောင်းကင်​ကား ဆဋ္ဌမ​တံဆိပ်​ဖွင့်​စဉ် စာလိပ်​ပ​မာ လွင့်​ထွက်သွား​သော​ကောင်းကင်၊ “တရား​ဆုံး​ဖြတ်၍ အဓမ္မ​လူ​တို့ကို ဖျက်ဆီး​သော​နေ့ရက်​တိုင်အောင် . . . သိုထား​လျက်​ရှိ” သော လူ့​အုပ်ချုပ်ရေး အာဏာစက်​များ​ပင်​ဖြစ်၏။ (ဗျာဒိတ် ၆:၁၄; ၂ ပေတရု ၃:၇) မြေကြီး​ကား ထို​အုပ်ချုပ်ရေး​အောက်​ရှိ ဖွဲ့စည်းထား​သော အစီအစဉ်​စနစ်​ဖြစ်၏။ (ဗျာဒိတ် ၈:၇) သားရဲ​၏ အမှတ်​တံဆိပ်​ကို​ခံ​သူများ၊ ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သော​သူများ​နှင့်​တကွ သားရဲ​နှင့် မြေကြီး​ဘုရင်​များ၊ ၎င်းတို့၏​တပ်​များ ဖျက်ဆီး​ခံရ​ခြင်း​က အဆိုပါ​ကောင်းကင်​နှင့် မြေကြီး ပြေး​လွင့်​သည့်​အချိန်ကို သတ်မှတ်​၏။ (ဗျာဒိတ် ၁၉:၁၉-၂၁) စာတန်​၏​မြေကြီး​နှင့် ကောင်းကင်​အပေါ် အပြစ်ဒဏ်​စီရင်​လိုက်ပြီ​ဖြစ်၍ မဟာ​တရားသူကြီး​သည် တရား​စီရင်​ရာ​နေ့ နောက်​တစ်နေ့​ကို ပြဋ္ဌာန်း​တော်​မူ​၏။

အနှစ်​တစ်ထောင် တရား​စီရင်​ရာ​နေ့

၅။ မြေကြီး​ဟောင်း​နှင့် ကောင်းကင်​ဟောင်း ပျောက်လွင့်​သည့်​နောက် မည်သူ​များ တရား​စီရင်ခံ​ရန် ကျန်ရစ်​မည်​နည်း။

မြေကြီး​ဟောင်း​နှင့် ကောင်းကင်​ဟောင်း ပြေး​လွင့်​သွား​သည့်​နောက် တရား​စီရင်ခံ​ရန် မည်သူ​များ​ကျန်ရစ်​ကြ​မည်​နည်း။ ၁၄၄,၀၀၀ ထဲ​မှ ဘိသိက်ခံ​အကြွင်းအကျန် မဖြစ်​နိုင်။ အကြောင်း​မှာ သူတို့သည် တရား​စီရင်၍ တံဆိပ်​ခတ်​ခြင်း​ခံရ​ပြီ​ဖြစ်၏။ အာမဂေဒုန်​ပြီး​နောက် မြေကြီးပေါ် ဘိသိက်ခံ​အချို့ ကျန်ရှိ​နေ​သေး​လျှင် သူတို့သည် များ​မကြာမီ သေလွန်​၍ ထမြောက်ခြင်း​ဖြင့် ကောင်းကင်​ဆု​ကို ဆွတ်ခူး​ကြ​ရမည်။ (၁ ပေတရု ၄:၁၇; ဗျာဒိတ် ၇:၂-၄) သို့ရာတွင် ဆင်းရဲ​ဒုက္ခ​ကြီး​ထဲ​မှ ယခု​ထွက်မြောက်​လာသော လူအုပ်ကြီးသည် “ပလ္လင်တော်​ရှေ့” ၌ ထီး​ထီး​ကြီး ရပ်​လျက်​ရှိ၏။ သူတို့သည် ယေရှု​သွန်း​တော်​မူ​သော​သွေးတော်​ကို ယုံကြည်​သောကြောင့် ဖြောင့်မတ်​၍ ကပ်ကျော်​ထိုက်​သူများ​အဖြစ် ရေတွက်​တော်​မူ​ခြင်း ခံရ​ကြပြီ​ဖြစ်သော်လည်း သူတို့အား “အသက်ရေ​စမ်း​ပေါက်​များ” ဆီ​သို့ ယေရှု လမ်းပြ​ခေါ်ဆောင် သွား​တော်​မူ​သည်​နှင့်​အမျှ အနှစ်​တစ်ထောင်​တစ်လျှောက် သူတို့ကို​ဆက်၍ တရား​စီရင်​သွား​ရမည်​ဖြစ်၏။ ထို့နောက် သူတို့သည် လူ့​စုံလင်ခြင်း​အဖြစ်သို့​ပြန်ရောက်​၍ စမ်းသပ်ခံ​ပြီး​သောအခါ အပြည့်အဝ ဖြောင့်မတ်​သူများ​အဖြစ် ကြေညာ​တော်​မူ​ခြင်း ကို​ခံရ​ကြ​မည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄၊ ၁၇) ဆင်းရဲ​ဒုက္ခ​ကြီး​ကို​ကပ်ကျော်​သော ကလေး​များနှင့် အနှစ်​တစ်ထောင်​အတွင်း လူအုပ်ကြီး​မှ မွေးဖွား​လာသော ကလေး​များလည်း အနှစ်​တစ်ထောင်​အတွင်း တရား​စီရင်ခြင်း ခံ​ဖို့​လို​သည်။​—ကမ္ဘာဦး ၁:၂၈; ၉:၇; ၁ ကောရိန္သု ၇:၁၄ နှိုင်းယှဉ်။

၆။ (က) အဘယ်​လူ​သိုက်​ကို ယောဟန်​မြင်ရ​သနည်း၊ လူ “အကြီး​အငယ်” ဟူသော​စကား​က ဘာကို​ပြသ​နည်း။ (ခ) ဘုရားသခင်​၏​မှတ်ဉာဏ်​ထဲ​မှ သန်းပေါင်း​များစွာသော​လူများ မည်သို့​ပေါ်ထွက်​လာ​မည်​နည်း။

သို့ရာတွင် ကပ်ကျော်​သူ​လူအုပ်ကြီး​ထက် များပြား​သော​လူ​သိုက်​ကို ယောဟန်​မြင်ရ​၏။ ၎င်း​၏​အရေအတွက်​သည် သန်းပေါင်း​ထောင်နှင့်ချီ​၍ ရှိ​လိမ့်​မည်​တည်း။ “ထို့နောက် သေလွန်သူ အကြီး​အငယ်​တို့သည် ပလ္လင်တော်​ရှေ့၌ ရပ်နေ​သည်ကို​လည်းကောင်း၊ စာလိပ်​များ ဖွင့်​ထား​သည်ကို​လည်းကောင်း ငါ​မြင်ရ​၏။” (ဗျာဒိတ် ၂၀:၁၂က) ထို​သူ “အကြီး​အငယ်​တို့” တွင်၊ လွန်ခဲ့သော​အနှစ် ၆,၀၀၀ အတွင်း မြေကြီးပေါ်​အသက်ရှင်ပြီး သေလွန်​ခဲ့​သည့် ထင်ပေါ်သူ၊ မထင်ပေါ်​သူ လူသားများ​ပါဝင်​၏။ ဗျာဒိတ်ကျမ်း​ကို တမန်​တော်​ယောဟန် ရေး​ပြီး​၍​မကြာမီ ပြုစု​သော ခရစ်ဝင်​ကျမ်း​၌ ခမည်းတော်​အကြောင်းကို ယေရှု​ဤသို့​ဆို​၏– “သားတော် [ယေရှု] သည် လူသား​ဖြစ်သော​ကြောင့် [ဘုရားသခင်​သည်] တရား​စီရင်ခြင်း​အခွင့်​ကိုလည်း အပ်ပေး​တော်​မူ​၏။ ဤ​အမှုအရာ​ကို အံ့သြခြင်း​မရှိကြ​နှင့်။ [“အောက်မေ့​ရာ၊” က​ဘ] သင်္ချိုင်း​များ​မှာ​ရှိသောသူအပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ ရောက်​လတ္တံ့။” (ယောဟန် ၅:၂၇-၂၉) သမိုင်း​တစ်လျှောက်​လုံး​မှ သေဆုံး​ခြင်း​နှင့် သင်္ဂြိုဟ်ခြင်း​တို့ကို ချေဖျက်​ခြင်း​တည်း​ဟူသော ဤ​စီမံကိန်း​ကား အံ့မခန်းဖွယ် ကြီးကျယ်​လှ​သည်​တကား။ ဘုရားသခင့်​မှတ်ဉာဏ်​ထဲ​မှ မရေတွက်​နိုင်​လောက်​အောင် များပြား​လှ​သည့် သန်းပေါင်း​များစွာသော ဤ​သူများ​သည် တစ်​သုတ်​ပြီး​တစ်​သုတ် ထမြောက်​လာ​ကြ​မည်။ သို့​မှ​သာ နှိုင်းယှဉ်​ချက်​အရ အရေအတွက်​နည်း​လှ​သော လူအုပ်ကြီး​အနေ​နှင့် ပေါ်လာ​ကောင်း​ပေါ်လာ​မည့် ပြဿနာ​များ​ကို ကိုင်တွယ်​နိုင်​မည်​ဖြစ်၏။ အကြောင်း​မှာ ထမြောက်​လာ​သူများ​သည် သွေးသား​အားနည်းချက်​နှင့် ဇာတိ​စိတ်​များ ရှိကြ​မည်​ဖြစ်​ရာ အစပိုင်း​၌ ဘဝဟောင်း​လမ်းစဉ်​အတိုင်း ပြုမူ​လို​သော​ဆန္ဒ ရှိ​ချင်​ရှိ​မည်။

မည်သူ​များ​ထမြောက်​၍ တရား​စီရင်ခြင်း ခံရ​ကြ​မည်​နည်း

၇၊ ၈။ (က) အဘယ်​စာလိပ်​ကို​ဖွင့်​ထား​၍ ၎င်းနောက် ဘာဖြစ်​ပျက်​သနည်း။ (ခ) မည်သူ​များ​အဖို့ ထမြောက်ခြင်း​ရှိ​မည်​မဟုတ်​သနည်း။

ယောဟန်​က ဤသို့​ထပ်၍​ဆို​၏– “အခြား​စာလိပ်​တစ်လိပ်​ကိုလည်း ဖွင့်​ထား​၏။ ၎င်းမှာ အသက်​စာလိပ်​ဖြစ်၏။ သေလွန်သူ​တို့သည် မိမိတို့​ပြုသော အမှု​များ​အလျောက် စာလိပ်​များ​တွင် ရေးသား​ထား​ချက်​များနှင့်​အညီ တရား​စီရင်ခြင်း​ကို ခံရ​ကြ​၏။ ပင်လယ်​သည် မိမိ​၌​ရှိသော သေလွန်သူ​များ​ကို ပေးအပ်​၏။ သေခြင်းနှင့် ဟေးဒီးစ်​တို့​လည်း မိမိတို့​၌​ရှိသော သေလွန်သူ​များ​ကို ပေးအပ်​ကြ​၏။ ထို​သူတို့သည် မိမိတို့​ပြုသော အမှု​များ​အလျောက် တစ်ဦးချင်း တရား​စီရင်ခြင်း​ကို ခံရ​ကြ​၏။” (ဗျာဒိတ် ၂၀:၁၂ခ၊ ၁၃) အသက်ရှူ​မှား​ဖွယ် မြင်ကွင်း​ပါ​တကား။ ‘ပင်လယ်၊ သေခြင်းနှင့် ဟေးဒီးစ်’ တို့သည် ကိုယ်စီ​ကိုယ်​င ပါဝင်​ဆောင်ရွက်​ကြ​၏။ သို့သော် ၎င်း​အသုံးအနှုန်း​တို့သည် ဆန့်ကျင်​ကွဲပြားခြင်း​မရှိကြောင်း သတိပြုပါ။ * ယောန​သည် ငါး​တစ်ကောင်​၏ ဝမ်း​ထဲ​၌​ရှိသဖြင့် ပင်လယ်​အလယ်​၌ ရှိသည်​နှင့်​မ​ခြား​သော​အချိန်၌ မိမိသည် ရှီး​အိုး​လ် သို့​မဟုတ် ဟေးဒီးစ်​ထဲ​သို့ ရောက်နေ​သည်​ဟု ဆို​ခဲ့​သည်။ (ယောန ၂:၂) လူတစ်ဦး​သည် အာဒံ​ဆိုင်ရာ​သေခြင်း​၏ လက်ခုပ်​၌​ရှိလျှင် ဟေးဒီးစ်​ထဲ​၌​လည်း​ရှိ​နိုင်​သည်။ အထက်ပါ ပရောဖက်ပြုချက်​စကား​များ​က မည်သူမျှ မေ့လျော့​တော်​မူ​ခြင်း ခံရ​မည်​မဟုတ်​ကြောင်း ခိုင်လုံ​စွာ​အာမခံ​၏။

ထမြောက်​မည် မဟုတ်သော​သူများ အရေအတွက်​မသိ​ရှိ​မည် မှန်​၏။ ထို​သူတို့တွင် ယေရှု​နှင့် တမန်​တော်​များ​ကို ငြင်းပယ်​သော နောင်တ​မရ​သည့် ကျမ်းတတ်​ဆရာ​နှင့် ဖာရိရှဲ​များ၊ ဘာသာရေးဆိုင်ရာ “ဒုစရိုက်​လူ” နှင့် “ရွေ့​လျော့​ဖောက်ပြန်သော” ဘိသိက်ခံ​ခရစ်ယာန်​များ ပါဝင်​ကြ​မည်​ဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၃; ဟေဗြဲ ၆:၄-၆; မဿဲ ၂၃:၂၉-၃၃) ကမ္ဘာ့​ဆုံးခန်း​၌ ‘ထာဝရ​ဖြတ်တောက်ခြင်း’ တည်း​ဟူသော “မာရ်နတ်နှင့် သူ၏​တမန်​တို့​အဖို့ ပြင်ဆင်​သော ထာဝရ​မီး” ထဲ​သို့​သွား​ရသည့် ဆိတ်​နှင့်​တူသော လူများ​အကြောင်းကိုလည်း ယေရှု​မိန့်မြွက်​သေး​၏။ (မဿဲ ၂၅:၄၁၊ ၄၆) ဤ​သူများ​အဖို့ ထမြောက်ခြင်း​မရှိ။

၉။ ထမြောက်ချိန်​၌ အချို့​ပုဂ္ဂိုလ်​များ အထူး​မျက်နှာသာတော်​ရ​ကြ​မည်​ဖြစ်​ကြောင်း တမန်​တော်​ပေါလု မည်သို့​တင်ပြ​သနည်း၊ ထို​သူတို့တွင် မည်သူ​များ​ပါဝင်​ကြ​သနည်း။

တစ်ဖက်​တွင်​မူ အချို့​ပုဂ္ဂိုလ်​များသည် ထမြောက်ခြင်း​၌ အထူး​မျက်နှာသာ​ရ​ကြ​မည်။ အောက်ပါ​အတိုင်း တမန်​တော်​ပေါလု ဆို​သောအခါ ထို​အချက်​ကို​တင်ပြ​၏– “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်​ဟူ၍ . . . အကျွန်ုပ်​လည်း ဘုရားသခင်​ကို အမှီပြု၍ မျှော်လင့်​ပါ​၏။” (တမန်​တော် ၂၄:၁၅) မြေကြီးဆိုင်ရာ ထမြောက်ခြင်း​နှင့် ပတ်သက်​၍​ဆိုလျှင် “ဖြောင့်မတ်​သော​သူ” များ​တွင် အာဗြဟံ၊ ရာခပ်​နှင့် အခြား​လူများစွာ​ဖြစ်သော ရှေး​သစ္စာရှိ ယောက်ျား​မိန်းမ​များ ပါဝင်​ကြ​မည်​ဖြစ်၏။ သူတို့သည် ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​၍ ဖြောင့်မတ်​သူများ​အဖြစ် ကြေညာ​တော်​မူ​ခြင်း​ကို​ခံရ​၏။ (ယာကုပ် ၂:၂၁၊ ၂၃၊ ၂၅) ယခု​ခေတ်​အတွင်း သေ​သည်​တိုင် ယေဟောဝါ​ပေါ်​သစ္စာ​ရှိသော ဖြောင့်မတ်​သည့် အခြားသိုး​များလည်း ဤ​အုပ်စု​၌ ပါဝင်​ကြ​မည်။ ထိုသို့​သော​သမာဓိ​စောင့်သိ​သူတို့သည် ယေရှု၏​အနှစ်​တစ်ထောင် အုပ်စိုးချိန်​အစပိုင်း​၌ ထမြောက်​လာ​ကြဖို့​အကြောင်း​များ​၏။ (ယောဘ ၁၄:၁၃-၁၅; ၂၇:၅; ဒံယေလ ၁၂:၁၃; ဟေဗြဲ ၁၁:၃၅၊ ၃၉၊ ၄၀) ထမြောက်​လာ​ကြသော ထို​ဖြောင့်မတ်​သူများစွာ​တို့သည် ပရဒိသု​ပြန်လည်​ထူထောင်ခြင်း​တည်း​ဟူသော ကြီးကျယ်​သည့်​လုပ်ငန်း​ကို ကွပ်ကဲ​သည့်​ကိစ္စ​၌ အခွင့်ထူး​များ​ပေးအပ်​ခံရ​မည်​မှာ သေချာ​သည်။​—ဆာလံ ၄၅:၁၆; ဟေရှာယ ၃၂:၁၊ ၁၆-၁၈; ၆၁:၅; ၆၅:၂၁-၂၃ နှိုင်းယှဉ်။

၁၀။ ထမြောက်​လာ​သူများ​အနက် “မဖြောင့်မတ်​သူ” တို့​မှာ မည်သူ​များ​နည်း။

၁၀ သို့သော်၊ တမန်​တော် ၂၄:၁၅ ပါ “မဖြောင့်မတ်​သော​သူ” များ​ကား မည်သူ​များ​နည်း။ ၎င်း​တို့​တွင် သမိုင်း​တစ်လျှောက် သေဆုံး​ခဲ့​သော မဟာ​လူထု​ပရိသတ်​ကြီး ပါဝင်​ပေ​လိမ့်​မည်။ အထူးသဖြင့် “မသိ​မ​လင်း​သော အချိန်ကာလ​များ” အတွင်း အသက်ရှင်ခဲ့​သူများ​ဖြစ်၏။ (တမန်​တော် ၁၇:၃၀သမ္မာ) ဤ​သူများ​သည် မိမိတို့​မွေး​ရာ​ဒေသနှင့် နေထိုင်ရာ​ကာလ​ကြောင့် ယေဟောဝါ​၏ အလိုတော်ကို​လိုက်နာ​ရန် သင်အံ​ခွင့်​မရခဲ့​ကြ​ချေ။ ထို​သူတို့​အပြင် ကယ်တင်ခြင်း​သတင်းကို ကြား​သော်လည်း ထို​အချိန်၌ အပြည့်အဝ မတုံ့ပြန်​ခဲ့​သူများ၊ သို့​မဟုတ် အပ်နှံခြင်း​နှင့် နှစ်ခြင်း​ခံ​ခြင်း​အဆင့်​သို့​မရောက်မီ သေဆုံး​ခဲ့​သူများ​လည်း​ရှိသေး၏။ ဤ​သူများ​သည် ထမြောက်​ရာ​ကာလ​၌ ထာဝရ​အသက်​ရနိုင်​သော ၎င်း​အခွင့်အခါ​ကောင်း​မှ အကျိုးကျေးဇူး တကယ်​ခံစား​လိုလျှင် မိမိတို့၏​စဉ်းစား​ပုံ​နှင့် နေထိုင်ပုံ​ကို ဆက်လက်​ပြုပြင်​ပြောင်းလဲ​ရမည်​ဖြစ်သည်။

အသက်​စာလိပ်

၁၁။ (က) “အသက်​စာလိပ်” သည် အဘယ်အရာ​ဖြစ်သနည်း၊ ၎င်း​စာလိပ်​၌ မည်သူ​များ​၏​အမည် မှတ်တမ်း​တင်ထား​သနည်း။ (ခ) အနှစ်​တစ်ထောင်​အုပ်ချုပ်​ရာ​ကာလ​အတွင်း အဘယ်ကြောင့် အသက်​စာလိပ်​ကို ဖွင့်​ထား​သနည်း။

၁၁ “အသက်​စာလိပ်” အကြောင်းကို ယောဟန်​ဆို​၏။ ယေဟောဝါ​လက်တော်​မှ ထာဝရ​အသက် ရနိုင်​မည့်​သူများ​၏ မှတ်တမ်း​ဖြစ်၏။ ယေရှု၏​ဘိသိက်ခံ ညီတော်​များ​၏​အမည်၊ လူအုပ်ကြီး​၏​အမည်၊ မောရှေ​စ​သော ရှေး​သစ္စာရှိ​တို့၏​အမည်များ​ကို ၎င်း​စာလိပ်​၌ ရေးသား​ထားပြီ။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃; ဒံယေလ ၁၂:၁; ဗျာဒိတ် ၃:၅) ထမြောက်​လာသော “မဖြောင့်မတ်​သူ” တို့၏​အမည်​တစ်ခု​မျှ အသက်​စာလိပ်​၌ စာရင်း​မဝင်​သေး​ချေ။ ထို့​ကြောင့် အရည်အချင်း​ရှိလာ​သော အခြား​သူတို့၏​အမည်များ​ကို ရေးမှတ်​နိုင်​ရန် အနှစ်​တစ်ထောင်​အတွင်း အသက်​စာလိပ်​ကို​ဖွင့်​ထား​မည်။ အသက်​စာလိပ် သို့​မဟုတ် စာစောင်​၌ အမည်​စာရင်း​မဝင်​သူတို့သည် “မီး​အိုင်​ထဲ​သို့​ပစ်ချ” ခံရ​ကြ​၏။​—ဗျာဒိတ် ၂၀:၁၅; ဟေဗြဲ ၃:၁၉ နှိုင်းယှဉ်။

၁၂။ ဖွင့်​ထားသော​အသက်​စာလိပ်​၌ မိမိ​နာမည်​စာရင်း​ဝင်​မဝင်​ကို အဘယ်အရာက အဆုံးအဖြတ်​ပေး​မည်​နည်း၊ ယေဟောဝါ​ခန့်အပ်​ခံ​တရားသူကြီး​က မည်သို့​စံနမူနာ​ထားခဲ့​သနည်း။

၁၂ လူတစ်ဦး​သည် ထို​အချိန်၌ အမည်​စာရင်း ဝင်​မည်​မဝင်​မည်​ကို မည်သည့်​အရာ​က ဆုံးဖြတ်​မည်​နည်း။ အာဒံ​နှင့်​ဧဝ​လက်ထက်မှာ​ကဲ့သို့​ပင် ယေဟောဝါ​အား နာခံခြင်း နာမခံ​ခြင်း ဟူသော​အချက်​ပင်​တည်း။ တမန်​တော်​ယောဟန်​က ချစ်​မြတ်နိုးသော​ခရစ်ယာန်​ချင်း​တို့အား ရေး​သကဲ့သို့​ဖြစ်၏– “လောက​နှင့် လောကီ​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏ အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား နိစ္စ​ထာဝရ​တည်​၏။” (၁ ယောဟန် ၂:၄-၇၊ ၁၇) ယေဟောဝါ ခန့်အပ်​တော်​မူ​သော တရားသူကြီး​သည် နာခံမှု​တွင် စံနမူနာရှင်​ဖြစ်၏။ ယေရှုသည် “ဘုရားသခင်​၏ သားတော်​မှန်​သော်လည်း ဆင်းရဲ​ဒုက္ခ​ကို​ခံ​သော​အားဖြင့် နားထောင်ခြင်း​အကျိုးအကြောင်းကို သင်​တော်​မူ​၏။ ထိုသို့​စုံလင်ခြင်း​သို့​ရောက်​ပြီး​မှ ယုံကြည်​နားထောင်​သော​သူ အပေါင်း​တို့အား ထာဝရ​ကယ်တင်ခြင်း​ကျေးဇူး​ကို ပြုသောသူ​ဖြစ်​တော်​မူ” ၏။​—ဟေဗြဲ ၅:၈၊ ၉

အခြား​စာလိပ်​များ​ကို​ဖွင့်​ခြင်း

၁၃။ ထမြောက်​လာ​သူတို့သည် မိမိတို့၏​နာခံမှု​ကို မည်သို့​ပြ​ရမည်​နည်း၊ အဘယ်​မူများ​ကို လိုက်နာ​ရမည်​နည်း။

၁၃ ထမြောက်​လာသော ဤ​သူတို့သည် မိမိတို့၏​နာခံမှု​ကို မည်သို့​ထင်ရှားစေ​ရမည်​နည်း။ ယေရှု​ကိုယ်တော်တိုင် အကြီးမြတ်ဆုံး​သော ပညတ်​နှစ်ချက်​ကို​ညွှန်း​ကာ ဤသို့​မိန့်တော်မူ၏– “အမြတ်​ဆုံးသော​ပညတ်​ဟူ​မူ​ကား၊ အို​ဣသရေလ​အမျိုး၊ နားထောင်​လော့။ ငါ​တို့၏​ဘုရားသခင် ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော ထာဝရ​ဘုရား​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား​သည် တစ်ပါး​တည်း​ဖြစ်​တော်​မူ​၏။ သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့။ ဤ​ပညတ်​သည် ပထမ​ပညတ်​ဖြစ်၏။ ထို​မှတစ်ပါး ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။” (မာကု ၁၂:၂၉-၃၁) ခိုးဝှက်မှု၊ လိမ်လည်မှု၊ လူသတ်မှု​နှင့် စာရိတ္တ​ပျက်ပြားမှု​တို့ကို ရှောင်ကြဉ်​ခြင်း​စ​သော အခိုင်အမာ​ချမှတ်​ထား​သည့် ယေဟောဝါ​၏​မူများ​ကိုလည်း သူတို့​လိုက်နာ​ကျင့်သုံး​ကြ​ရမည်။​—၁ တိမောသေ ၁:၈-၁၁; ဗျာဒိတ် ၂၁:၈

၁၄။ အခြား​အဘယ်​စာလိပ်​များ​ကိုလည်း ဖွင့်​ထား​သနည်း၊ ၎င်း​တို့​တွင် ဘာ​ရေးသား​ထား​သနည်း။

၁၄ သို့​တ​စေ၊ အနှစ်​တစ်ထောင် အုပ်စိုးချိန်​အတွင်း​ဖွင့်​ထား​မည့် အခြား​စာလိပ်​များ​အကြောင်းကို ခု​လေး​တင် ယောဟန်​တင်ပြ​၏။ (ဗျာဒိတ် ၂၀:၁၂) ၎င်းတို့သည် အဘယ်အရာ​ဖြစ်​မည်​နည်း။ တစ်ခါတစ်ရံ ယေဟောဝါ​သည် တစ်စုံတစ်ခု​သော အခြေအနေ​အတွက် တိကျသော​ညွန်​ကြား​ချက်​များ​ကို ချမှတ်​တော်​မူ​၏။ ဥပမာ၊ မောရှေ​လက်ထက်​၌ အသေးစိတ်​ကျ​သော​ပညတ်​အစီ​အ​ရီ​ကို ပေး​တော်​မူ​ခဲ့​၏။ ၎င်းတို့ကို ဣသရေလလူ​တို့​လိုက်နာ​လျှင် အသက်ရှင်​နိုင်​ကြ​၏။ (တရားဟောရာ ၄:၄၀; ၃၂:၄၅-၄၇) ပထမ​ရာစု​၌ ခရစ်ယာန်​အစီအစဉ်​အောက်​ရှိ ယေဟောဝါ​၏ မူများ​ကို​လိုက်နာ​နိုင်​ရန် သစ္စာရှိ​တို့အား ထောက်ကူ​သည့်​အနေ​နှင့် အသစ်​သော​ညွှန်ကြားချက်​များ​ကို ပြဋ္ဌာန်း​တော်​မူ​၏။ (မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၃:၃၄; ၁၅:၉၊ ၁၀) ယခု ယောဟန်​က သေလွန်​သော​သူတို့သည် “မိမိတို့​ပြုသော အမှု​များ​အတိုင်း စာလိပ်​များ​တွင် ရေးသား​ထား​ချက်​များနှင့်​အညီ တရား​စီရင်ခြင်း​ကို ခံရ​ကြ​၏” ဟု​ဖော်ပြ​၏။ သို့​ဖြစ်၍ ထို​စာလိပ်​များ​ကို​ဖွင့်​သောအခါ အနှစ်​တစ်ထောင်​အတွင်း လူသားများ​လိုက်နာ​ရမည့် ယေဟောဝါ​၏ အသေးစိတ်​တောင်းဆိုချက်​များ​ကို ထုတ်ပြန်​မည်​ဖြစ်၏။ နာခံ​သော​လူသားများ​သည် ဘဝတွင် ထို​စည်းမျဉ်း​နှင့်​ပညတ်​များ​ကို ကျင့်သုံး​စောင့်ရှောက်ခြင်း​ဖြင့် မိမိတို့၏​အသက်တာကို ရှည်​စေပြီး နောက်ဆုံး​၌ ထာဝရ​အသက်ကို ရနိုင်​ကြလိမ့်မည်။

၁၅။ ထမြောက်​ရာ​ကာလ​၌ မည်သို့သော​ပညာရေး​ကင်ပိန်း လိုအပ်​မည်​နည်း၊ အဘယ်​အစီအစဉ်​အတိုင်း ထမြောက်​လာ​ကြ​မည်​နည်း။

၁၅ အလွန်​ကျယ်ပြန့်​သော သီအိုကရက်တစ်​ပညာရေး​ကင်ပိန်း လိုအပ်​မည်​တကား။ ၂၀၀၅ ခုနှစ်​၌ ယေဟောဝါသက်သေ​များသည် ကမ္ဘာ​တစ်ဝန်းလုံး ဒေသ​အရပ်ရပ်​၌ ကျမ်းစာ​သင်အံမှု​ပေါင်း ပျမ်းမျှ ၆,၀၆၁,၅၃၄ ခု​ပြုလုပ်​ခဲ့​သည်။ သို့သော် ထမြောက်​ရာ​ကာလ​၌ ကျမ်းစာ​နှင့် စာလိပ်​သစ်​များ​ကို​အခြေခံ​သည့် သန်းပေါင်း​များစွာသော ကျမ်းစာ​သင်အံမှုများ ပြုလုပ်​ရမည်​မှာ သေချာ​သည်။ ဘုရားသခင်​၏ လူမျိုးတော်​အားလုံး သွန်သင်​သူများ​ဖြစ်​ဖို့၊ အားထုတ်​ဖို့​လို​ပေမည်။ ထမြောက်​လာ​သူများ​သည် တိုးတက်လာ​သည်​နှင့်​အမျှ ကျယ်ပြန့်​သော ဤ​သွန်သင်ခြင်း​အစီအစဉ်​၌ ပါဝင်​ဆောင်ရွက်​ကြ​မည်​မှာ ယုံမှားဖွယ်​မရှိ။ အသက်ရှင်နေ​သော​သူတို့သည် မိမိတို့၏​ထမြောက်​လာသော ဆွေမျိုး၊ အသိအကျွမ်း​တို့ကို​ကြိုဆို​၍ သင်ကြား​ပို့ချ​ပြီး ထို​သူတို့က​တစ်ဖန် အခြား​သူများကို ကြိုဆို​၍ သင်ကြား​ပို့ချ​ပေး​နိုင်သော ရွှင်လန်းဖွယ်​အခွင့်အလမ်း​များ​ရှိစေရန် ထမြောက်ခြင်း​အစီအစဉ်​က ဖန်တီး​ပေး​မည့်​ပုံ​ရ၏။ (၁ ကောရိန္သု ၁၅:၁၉-၂၈၊ ၅၈ နှိုင်းယှဉ်။) ယနေ့ သမ္မာတရား​ကို အားတက်သရော ဖြန့်ဝေ​လျက်​ရှိသည့် ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​တို့သည် ထမြောက်​ရာ​ကာလ​အတွင်း မိမိတို့​ရယူ​ခံစား​ဖို့​မျှော်လင့်​သော အခွင့်အရေး​အတွက် ကောင်းသော​အုတ်မြစ်ကို ချ​လျက်​ရှိကြ​ပေ​သည်။​—ဟေရှာယ ၅၀:၄; ၅၄:၁၃

၁၆။ (က) အသက်​စာလိပ် သို့​မဟုတ် အသက်စာစောင်​၌ မည်သူ​တို့၏​အမည်​ကို ရေးမှတ်​ထား​မည်​မဟုတ်​သနည်း။ (ခ) “အသက်ရှင်​ရာ” ထမြောက်ခြင်း​ကို မည်သူ​တို့​ရမည်​နည်း။

၁၆ မြေကြီးဆိုင်ရာ ထမြောက်ခြင်း​နှင့်​ပတ်သက်​၍ ယေရှု​က “ကောင်းသော​အကျင့်ကို ကျင့်​သော​သူတို့သည် အသက်ရှင်​ရာ ထမြောက်ခြင်း​သို့​လည်းကောင်း၊ ဆိုးယုတ်​သော​အကျင့်ကို ကျင့်​သော​သူတို့သည် အပြစ်စီရင်​ရာ ထမြောက်ခြင်း​သို့​လည်းကောင်း ထွက်​ရ​ကြ​လတ္တံ့” ဟူ၍​မိန့်ဆို​၏။ ဤ​နေရာ၌​သုံးနှုန်း​သော “အသက်ရှင်​ရာ” နှင့် “အပြစ်စီရင်​ရာ” ဟူသော​စကား​များသည် ဆန့်ကျင်ဘက်​ဖြစ်သည်၊ ထမြောက်​လာ​သူတို့သည် မှုတ်သွင်းခံကျမ်း​စာ​နှင့် စာလိပ်​များ​အတိုင်း သွန်သင်​ပို့ချ​ခံသည့်​နောက်​၌ “ဆိုးယုတ်​သော​အကျင့်” ကို​ကျင့်​လျှင် အသက်​မရ​ထိုက်​သူ​အဖြစ် စီရင်ခံ​ရမည်ကို​ပြ​၏။ သူတို့၏​အမည်​ကို အသက်​စာလိပ် သို့​မဟုတ် အသက်စာစောင်​ထဲ​၌ ရေးမှတ်​တော်​မူ​မည်​မဟုတ်။ (ယောဟန် ၅:၂၉) ယခင်​က သစ္စာရှိ​လမ်းစဉ်​ကို လိုက်ခဲ့​သော်လည်း အနှစ်​တစ်ထောင်​အတွင်း အကြောင်း​တစ်ခုခု​ကြောင့် သွေဖည်​သွား​သူများ​လည်း ထိုသို့​စီရင်ခံ​ရမည်​ဖြစ်၏။ အမည်များ​ကို ပယ်ဖျက်​နိုင်၏။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃) တစ်ဖက်​တွင်​မူ စာလိပ်​များ​ပါ ရေးသားချက်​များ​အတိုင်း နာခံ​ကျင့်သုံး​သူတို့၏​အမည်များသည် ထို​မှတ်တမ်း​၌​ကျန်ရှိ​ပြီး သူတို့သည် ဆက်လက်​အသက်ရှင်​ကြလိမ့်မည်။ သူတို့​အဖို့ “အသက်ရှင်​ရာ” ထမြောက်ခြင်း​ဖြစ်​လိမ့်​မည်။

သေခြင်းနှင့်​ဟေးဒီးစ် အဆုံးတိုင်​ခြင်း

၁၇။ (က) အဘယ်​အံ့သြဖွယ်​လုပ်ဆောင်မှု​အကြောင်းကို ယောဟန်​ဖော်ပြ​သနည်း။ (ခ) ဟေးဒီးစ်​သည် မည်သည့်​အခါ ဗလာကျင်း​ခံရ​သနည်း။ (ဂ) အာဒံ​နှင့်​ဆိုင်သော သေခြင်း​သည် မည်သည့်​အခါ “မီး​အိုင်​ထဲ​သို့​ပစ်ချ” ခံရ​မည်​နည်း။

၁၇ တကယ်​အံ့သြဖွယ်​ကောင်းသော​အကြောင်းကို ယောဟန်​ရှေ့​ဆက်၍​ဖော်ပြ​၏။ “ထို့နောက် သေခြင်းနှင့် ဟေးဒီးစ်​တို့သည် မီး​အိုင်​ထဲ​သို့ ပစ်ချ​ခံရ​ကြ​၏။ ထို​မီး​အိုင်​သည် ဒုတိယ​သေခြင်းကို ဆိုလို​၏။ ထို့​ပြင် အသက်စာစောင်​၌ အမည်​စာရင်း မဝင်​သူ ရှိသမျှ​တို့သည်​လည်း မီး​အိုင်​ထဲ​သို့ ပစ်ချ​ခံရ​ကြ​၏။” (ဗျာဒိတ် ၂၀:၁၄၊ ၁၅) အနှစ်​တစ်ထောင် တရား​စီရင်​ရာ​နေ့ ပြီးဆုံး​သောအခါ “သေခြင်းနှင့် ဟေးဒီးစ်” တို့သည် လုံးဝ​ပယ်ရှား​ခံရ​ကြ​၏။ အဘယ်ကြောင့် အနှစ်​တစ်ထောင်​ပြီး​မှ ထိုသို့​ပြု​သနည်း။ ဘုရားသခင့်​မှတ်ဉာဏ်​ထဲ​မှ လူတစ်ယောက်​မကျန် ထမြောက်​လာသော​အခါ လူသား​အပေါင်း​တို့၏ သုသာန်​ဖြစ်သော ဟေးဒီးစ်​သည် ဗလာကျင်း​ခံရ​လိမ့်​မည်။ သို့​တ​စေ၊ မည်သူ​မဆို မွေးရာပါ​အပြစ်​ကြောင့် ညစ်စွန်း​နေ​သ၍​ကာလပတ်လုံး အာဒံ​ဆိုင်ရာ​သေခြင်းနှင့် မကင်း​သေး​ချေ။ ယေရှု၏ ရွေးနုတ်ဖိုး​အကျိုးကို​သုံး​၍ ဖျားနာခြင်း၊ အို​ခြင်း​နှင့် အခြား​မွေးရာပါ မသန်စွမ်းမှု​များ​ကို အစ​အ​န​မကျန် မ​ပယ်ရှား​မချင်း မြေကြီးပေါ် ထမြောက်​လာ​သူအား​လုံး​အပြင် အာမဂေဒုန်​ကပ်ကျော်​သူ လူအုပ်ကြီး​တို့သည် စာလိပ်​များ​တွင် ရေးသား​ထား​ချက်​များ​ကို လိုက်နာ​ရန်လို​လိမ့်​မည်။ ထို့နောက် အာဒံ​ဆိုင်ရာ​သေခြင်း​သည် ဟေးဒီးစ်​နှင့်​တကွ “မီး​အိုင်​ထဲ​သို့ ပစ်ချ​ခံရ​ကြ​၏။” ၎င်း​တို့​ထာဝစဉ်​ပပျောက်​သွား​လတ္တံ့။

၁၈။ (က) ဘုရင်​အဖြစ် ယေရှု​အုပ်စိုးတော်မူခြင်း​၏ အောင်မြင်မှု​အကြောင်းကို တမန်​တော်​ပေါလု​က မည်သို့​ဖော်ပြ​သနည်း။ (ခ) စုံလင်​လာသော လူသား​မိသားစု​နှင့်​ပတ်သက်​၍ ယေရှု​ဘာ​ပြု​တော်​မူ​သနည်း။ (ဂ) အနှစ်​တစ်ထောင်​အကုန်​တွင် အဘယ်​အခြင်းအရာ​များ ဖြစ်ပျက်​သနည်း။

၁၈ သို့ဖြင့် ကောရိန္သု​မြို့သား​များ​ထံ ရေး​သော​စာ​ထဲ​၌ တမန်​တော်​ပေါလု​ဖော်ပြ​သော အစီအစဉ်သည် ပြီးစီး​လိမ့်​မည်– “ခရစ်တော်​သည် ရန်သူ​အပေါင်း​တို့ကို ခြေဖဝါး​တော်​အောက်​၌ [ဘုရားသခင်] ချထား​တော်​မ​မူ​မီ​တိုင်အောင် အုပ်စိုး​တော်​မူ​ရမည်။ နောက်ဆုံးသော ရန်သူ​တည်း​ဟူသော [အာဒံ​ဆိုင်ရာ] သေ​မင်း​သည် ဆုံးရှုံး​ခြင်း​သို့ ရောက်​ရ​လတ္တံ့။” ရှေ့ဆက်​ဘာဖြစ်​သနည်း။ “ခပ်သိမ်း​သော​အရာ​တို့သည် လူသား​အောက်​၌ ချထား​လျက်​ရှိသော​အခါ ခပ်သိမ်း​သော​အရာ​တို့ကို သူ့​အောက်​၌ ချထား​တော်​မူ​သော​သူ၏ အုပ်စိုးတော်မူခြင်း​ကို သားတော်​သည် ကိုယ်တိုင်​ဝန်ခံ​လိမ့်​မည်။” နောက်တစ်နည်း​အားဖြင့်​ဆိုလျှင် ယေရှုသည် “မိမိ​နိုင်ငံ​ကို ဘုရားသခင်​တည်း​ဟူသော ခမည်းတော်​၌ အပ်ပြန်တော်မူ” မည်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) မှန်​ပေ​သည်၊ ယေရှုသည် မိမိ၏​ရွေးနုတ်ဖိုး​ယဇ်​အကျိုး​ဖြင့် အာဒံ​ဆိုင်ရာ​သေခြင်း​အပေါ် အောင်နိုင်ပြီ​ဖြစ်၍ စုံလင်​လာပြီ​ဖြစ်သော လူ့​မိသားစုကို ခမည်းတော် ယေဟောဝါ​လက်တော်​သို့ ပေးအပ်​တော်​မူ​မည်။ အနှစ်​တစ်ထောင်​အကုန်​ဖြစ်သော ထို​အချိန်၌ စာတန်​လွတ်​လာပြီး အသက်​စာလိပ်​တွင် မည်​သူ့​အမည် အစဉ်အမြဲ ကျန်ရှိ​မည်​ကို​ဆုံးဖြတ်​ရန် နောက်ဆုံးသော​စမ်းသပ်မှု စတင်​မည်​မှာ ထင်ရှား​၏။ ထို​စာလိပ်​၌ သင့်​နာမည်​စာရင်း​ဝင်​အောင် “ကြိုးစား​အားထုတ်” ပါ​လေ။​—လုကာ ၁၃:၂၄; ဗျာဒိတ် ၂၀:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ပင်လယ်​ထဲ​မှ ထမြောက်​လာ​သူများ​အနက် နောဧ​လက်ထက်​က ရေလွှမ်းမိုးခြင်း​ဘေး​၌ ပျက်စီး​ခဲ့​သည့် ဖောက်ပြန်​ပျက်စီး​သော ကမ္ဘာ​သားများ ပါဝင်​မည်​မဟုတ်။ ထို​ဖျက်ဆီးခြင်း​သည် အပြီး​အ​ငြိမ်း​ဖျက်ဆီးခြင်း​ဖြစ်၏။ ဆင်းရဲ​ဒုက္ခ​ကြီး​အတွင်း ယေဟောဝါ အပြစ်ဒဏ်​စီရင်ခြင်း​လည်း ထို​နည်းတူ​ဖြစ်၏။​—မဿဲ ၂၅:၄၁၊ ၄၆; ၂ ပေတရု ၃:၅-၇

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၉၈ ပါ ရုပ်ပုံ]

အနှစ်​တစ်ထောင်​အတွင်း ဖွင့်​မည့်​စာလိပ်​များ​ပါ အချက်များ​ကို​လိုက်နာ​သည့် ထမြောက်​လာ​မည့် “မဖြောင့်မတ်​သော​သူ” များသည် အသက်စာစောင်​၌ နာမည်​စာရင်း ဝင်​ကောင်း​ဝင်​ပေမည်