မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် မြင့်မြတ်သော လျှို့ဝှက်ချက်—၎င်း၏ဘုန်းတောက်သော အထွတ်အထိပ်

ဘုရားသခင့် မြင့်မြတ်သော လျှို့ဝှက်ချက်—၎င်း၏ဘုန်းတောက်သော အထွတ်အထိပ်

အခန်း ၂၆

ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်​—၎င်း​၏​ဘုန်းတောက်​သော အထွတ်အထိပ်

၁။ (က) မြင့်မြတ်​သော​လျှို့ဝှက်ချက် ပြီးစီး​ခြင်း​သို့​ရောက်​ကြောင်း ကျွန်ုပ်​တို့အား ယောဟန် မည်သို့​အသိပေး​သနည်း။ (ခ) ကောင်းကင်တမန် ပရိသတ်​ကြီး​က အဘယ်ကြောင့် အသံ​ကျယ်​စွာ ပြောဆို​ကြ​သနည်း။

ဒိတ် ၁၀:၁၊ ၆၊ ၇ ၌​မှတ်တမ်းတင်​သည့် ခွန်အား​ကြီးသော ကောင်းကင်တမန်​၏ ကျိန်ဆို​ကြွေးကြော်​ချက်​ကို သတိရ​သလော။ သူက “နောက်ထပ် နှောင့်နှေး​မှု ရှိတော့မည်​မဟုတ်။ သတ္တမ ကောင်းကင်တမန် တံပိုးခရာ​မှုတ်​၍ အသံပြု​မည့် နေ့​များ​၌ မိမိ​ကျွန် ပရောဖက်​တို့အား ကြေညာ​တော်​မူ​သော သတင်းကောင်း​နှင့်​အညီ ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်​သည် ပြီးစီး​ခြင်း​သို့ အမှန်​ရောက်မည်” ဟု​ဆို​၏။ နောက်ဆုံးသော ထို​တံပိုးခရာ​မှုတ်​ရန် ယေဟောဝါ သတ်မှတ်​သည့်​အချိန် ရောက်ပြီ​တကား။ သို့​ဖြစ်​လျှင် ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်​သည် မည်သို့​ပြီးစီး​ခြင်း​သို့ ရောက်မည်​နည်း။ ကျွန်ုပ်​တို့အား အသိပေး​ရမည်ကို ယောဟန် တကယ်​ဝမ်းသာ​လှ​၏။ သူက “ထို့နောက် သတ္တမ ကောင်းကင်တမန် တံပိုးခရာ မှုတ်​လေ​၏။ ကောင်းကင်​၌ ကျယ်​သော​စကားသံ​များ ဖြစ်ပေါ်​လာပြီး ‘လောကီ​နိုင်ငံ​သည် ငါ​တို့​သခင်၏ နိုင်ငံတော်၊ ထို​သခင်၏ ခရစ်​တော့်​နိုင်ငံတော် ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည် ဘုရင်​အဖြစ် အစဉ်​ထာဝရ အုပ်စိုး​တော်​မူ​မည်’ ဟု​ပြောဆို​၏။” (ဗျာဒိတ် ၁၁:၁၅) ထို​ကောင်းကင်တမန် ပရိသတ်​အနေ​နှင့် ကျယ်​သော​အသံ​ဖြင့်​မ​က မိုးခြိမ်းသံ​ကဲ့သို့​သော အသံ​ထား​ဖြင့်​ပြောဆို​ရန် အကြောင်း​ရှိ​ပေ​သည်။ ဤ​သမိုင်းဝင် ကြေညာ​ချက်​သည် စကြဝဠာ​တစ်ခွင်လုံး​အဖို့ အရေးပါသော​ကြောင့်​ဖြစ်၏။ သက်ရှိ​သတ္တဝါ အားလုံး​တို့၏ အရေး​ဖြစ်သည်။

၂။ အဘယ်​အချိန်တွင် အဘယ်​အဖြစ်အပျက်​နှင့်အတူ မြင့်မြတ်​သော လျှို့ဝှက်ချက်​သည် အောင်ပွဲခံ​၍ ပြီးစီး​ခြင်း​သို့ ရောက်​သနည်း။

မြင့်မြတ်​သော လျှို့ဝှက်ချက်​သည် ပျော်ရွှင်ဖွယ် အထွတ်အထိပ်​သို့ ရောက်ပြီ​တကား။ ခရစ်တော်​ကို စိုး​ဖော်​စံ​ဖက်​ဘုရင်​အဖြစ် အရှင်​ယေဟောဝါ နန်းတင်​တော်​မူ​ရာ ၁၉၁၄ ခုနှစ်​တွင် ကျက်သရေ​မင်္ဂလာ​နှင့်​တကွ ဘုန်း​ရော​င်​ကွ​န့်​မြူး​လျက် အောင်​ခြင်း​အသရေ​ဖြင့် ပြီးမြောက်​ခဲ့​လေ​ပြီ။ ယေရှု​ခရစ်တော်​သည် ခမည်းတော်​ကိုယ်စား၊ ရန်သူ​ဖြစ်သော လူသား​လောက​အလယ်တွင် တက်တက်ကြွကြွ အုပ်စိုး​တော်​မူ​ပြီ။ မြွေ​နှင့် မြွေ​၏​သင်း​ပင်း​တစ်သိုက်​ကို ချေမှုန်း​၍ ဤ​မြေကြီးပေါ် ပရဒိသု​ငြိမ်းချမ်းရေး ပြန်လည်​ရရှိစေရန် ကတိထားရာ မျိုးနွယ်တော်​အနေ​နှင့် နိုင်ငံတော်​တန်ခိုး​ကို ခံယူ​တော်​မူ​ပြီ။ (ကမ္ဘာဦး ၃:၁၅; ဆာလံ ၇၂:၁၊) ဤနည်းဖြင့် ယေရှုသည် မေရှိယ​ဘုရင်​အနေ​နှင့် ယေဟောဝါ​၏ နှုတ်ကပါဌ်တော်​ကို ပြည့်စုံ​စေမည်။ ထို့​ပြင်၊ အချုပ်အခြာအာဏာပိုင်ရှင်​အဖြစ် “ကမ္ဘာ​အဆက်ဆက်” မလွဲဧကန် စိုးစံ​တော်​မူ​မည့် “ထာဝရ​ဘုရင်၊” မိမိ​ခမည်းတော်​အား သင်္ကာ​ရှင်း​စေတော်မူ​လိမ့်​မည်။​—၁ တိမောသေ ၁:၁၇ခ​မ။

၃။ ယေဟောဝါ ဘုရားသခင်​သည် ထာဝရ​ဘုရင်​ဖြစ်​လျက်​နှင့် မြေကြီးပေါ်​တွင် အခြား​အချုပ်အခြာအာဏာ​များ​ကို အဘယ်ကြောင့်​တည်ရှိ​ခွင့် ပြု​တော်​မူ​သနည်း။

သို့သော်၊ “လောကီ​နိုင်ငံ​သည် ငါ​တို့​သခင် [ယေဟောဝါ] ၏​နိုင်ငံတော်” မည်သို့​ဖြစ်လာ​သနည်း။ ယေဟောဝါ ဘုရားသခင်​သည် အစဉ်သဖြင့် ဘုရင်​ဖြစ်​တော်​မူ​သည် မဟုတ်လော။ မှန်ပါသည်။ အကြောင်း​မှာ၊ လေဝိ​အမျိုးသား အာသပ်​က ဤသို့​သီဆို​၏– “ဘုရားသခင်​သည် ရှေး​ကာလ​မှ​စ၍ . . . ငါ​တို့၏​ရှင်ဘုရင် ဖြစ်​တော်​မူ​၏။” အခြား​ဆာလံဆရာ​က ဤသို့​ကြွေးကြော်​၏– “ထာဝရ​ဘုရား​သည် စိုးစံ​၍ . . . ကိုယ်တော်​၏​ပလ္လင်​သည် ရှေ့​ဦးစွာ​မှ​စ၍ တည်​ပါ​၏။ ကိုယ်တော်​သည် ရှေး​ကာလ​မှ​စ၍ အစဉ်အမြဲ ဖြစ်​တော်​မူ​၏။” (ဆာလံ ၇၄:၁၂; ၉၃:၁၊ ၂) သို့​တ​စေ၊ ယေဟောဝါ​သည် ဉာဏ်​ပညာရှိရှိ၊ မြေကြီးပေါ်​တွင် အခြား​အချုပ်အခြာအာဏာ​များ​ကို တည်ရှိ​ခွင့် ပေး​တော်​မူ​၏။ ဤသို့ဖြင့်၊ လူသည် ဘုရားသခင့် မစမှု​ကို​မယူ​ဘဲ မိမိကိုယ်ကို​မိမိ အုပ်ချုပ်​၍​ရ​မရ ဟူသော ဧဒင်​၌​ပေါ်ပေါက်​ခဲ့​သည့် အရေးကိစ္စ​သည် အပြည့်အဝ ဆန်းစစ်ခြင်း ခံ​ခဲ့​ရလေ​ပြီ။ လူ့​အုပ်ချုပ်ရေး မ​ရှု​မလှ အရေးနိမ့်​ခဲ့​လေ​ပြီ။ “အို ထာဝရ​ဘုရား၊ လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏” ဟူ၍ ဘုရားသခင့်​ပရောဖက် ဆို​သော​စကား မှန်​လှပေစွ။ (ယေရမိ ၁၀:၂၃) ကျွန်ုပ်​တို့၏ ပထမ​မိဘ​နှစ်ပါး ဖောက်ပြန်​သည့်​အချိန်​မှ​စ၍ လူနေထိုင်ရာ​မြေတစ်ပြင်လုံး​သည် “မူလ​မြွေ၊” စာတန်​၏ ကြီးစိုးမှု​အောက်တွင် ရှိလာ​ခဲ့​သည်။ (ဗျာဒိတ် ၁၂:၉; လုကာ ၄:၆) ယခု​သော်၊ သိသာ​ထင်ရှားသော ပြောင်းလဲမှု​ကြီး​တစ်ရပ်​ဖြစ်​ရန် အချိန်တန်ပြီ။ ယေဟောဝါ​သည် မိမိ၏​ပိုင်ထိုက်​သော ရာထူးဌာနန္တရ​ကို သင်္ကာ​ယန​ကင်းရှင်း​စေရန် မိမိ​ခန့်အပ်​သော မေရှိယနိုင်ငံတော်​မှ​တစ်ဆင့် နည်းသစ်​လမ်းသစ်​ဖြင့် မြေကြီး​အပေါ် မိမိ၏ အချုပ်အခြာအာဏာ​တော်​ကို စတင်​ဖြန့်မိုး​တော်​မူ​ပြီ။

၄။ ၁၉၂၂ ခုနှစ်​မှ​စ၍ တံပိုးခရာ​များ မှုတ်​သောအခါ အဘယ်အရာ ရှေ့တန်း​ရောက်​ခဲ့​သနည်း။ ရှင်းပြပါ။

၁၉၂၂ ခုနှစ်​၌ တံပိုးခရာ​ခု​နစ်​လက် စ၍​မှုတ်​သောအခါ ကျမ်းစာ​ကျောင်းသား​များ​၏ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့ စည်းဝေးကြီး​၌ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က “ကောင်းကင်​နိုင်ငံတော် တည်​လု​နီးပြီ” ဟူသော​ကျမ်းချက်​ကို အခြေပြု​၍ ဟောပြောချက်​တစ်ရပ်​ကို ပေး​၏။ (မဿဲ ၄:၁၇) အောက်ပါ​စကား​များ​ဖြင့် သူ နိဂုံး​ချုပ်​လိုက်​သည်– “သို့​ဖြစ်၍ အို အမြင့်ဆုံး​သော ဘုရားသခင့်​သားတို့ လယ်ကွင်း​သို့ ပြန်​ဆင်း​ကြ။ သင်တို့၏ ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ကြ။ လေးနက်​တည်ငြိမ်မှု ရှိကြ။ နိုးနိုးကြားကြား ရှိကြ။ တက်တက်ကြွကြွ ရှိကြ။ ရဲစွမ်းသတ္တိ ရှိကြ။ အရှင်သခင်​၏ စစ်မှန်သော​သစ္စာရှိ သက်သေခံ​များ ဖြစ်​ကြ။ ဗာဗုလုန် အစ​အ​န​မကျန် ပျက်​သု​ဉ်း​သွား​သည့်​တိုင် ချီတက်​တိုက်ခိုက်​ကြ။ သတင်း​တော်​ကို နေရာအနှံ့ ကြေညာ​ကြ။ ယေဟောဝါ​သည် ဘုရားသခင်​ဖြစ်​တော်​မူ​ကြောင်း၊ ယေရှု​ခရစ်​သည် ဘုရင်​တ​ကာ့​ဘုရင်၊ သခင်​တ​ကာ့​သခင် ဖြစ်​တော်​မူ​ကြောင်း လောကသား​တို့ သိရ​မည်။ ယနေ့​ကား နေ့​တ​ကာ့​နေ့ကြီး​ဖြစ်၏။ ကြည့်​ပါ။ ဘုရင်​မင်းမြတ် စိုးစံ​တော်​မူ​ပြီ။ သင်တို့သည် သံတော်ဆင့်​များ ဖြစ်​ကြ​၏။ ထို့​ကြောင့်၊ ဘုရင်​နှင့် ဘုရင့်​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ။” ခရစ်တော်​ယေရှု အုပ်ချုပ်​သော ဘုရားသခင့် နိုင်ငံတော်​ကို ရှေ့တန်း​တင်​လိုက်​သဖြင့်၊ ကောင်းကင်တမန်​များ တံပိုးခရာ ခု​နစ်​လက်​စ​လုံး​ကို မှုတ်​၍​ကြေညာ​သော စီရင်ချက်​များ​ပါဝင်​သည့် နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​သည် တစ်ဟုန်ထိုး အရှိန်​မြင့်တက်​လာ​သည်။

၅။ ၁၉၂၈ ခုနှစ်​၌ ကျမ်းစာ​ကျောင်းသား​များ​၏ စည်းဝေးကြီး​၌ ဘာဖြစ်​ခဲ့​၍ သတ္တမ တံပိုးခရာ​မှုတ်ခြင်း ပေါ်လွင်​လာ​သနည်း။

သတ္တမ ကောင်းကင်တမန် တံပိုးခရာ​မှုတ်ခြင်း​သည် ၁၉၂၈၊ ဇူလိုင်​လ ၃၀ မှ ဩဂုတ်​လ ၆ ရက်​နေ့​အတွင်း ကျမ်းစာ​ကျောင်းသား​များ​ကျင်းပ​သော မီ​ရှီ​ဂ​န်​ပြည်နယ်၊ ဒီ​ထ​ရွိုက်​မြို့ စည်းဝေးကြီး​၏ အဓိက​ကဏ္ဍရပ်​များ​၌ သိသာ​ထင်ရှား​၏။ ထို​အချိန်၌၊ အသံလွှင့်ရုံ​ပေါင်း ၁၀၇ ရုံ​ကို ‘သမိုင်း​တွင် အကျယ်ပြန့်ဆုံး၊ စရိတ်​အများဆုံး​သော အ​ချိတ်​အဆက်’ ဟု နယူးယောက် တိုင်းမ်​စ် ခေါ်ဆို​သော​ကွန်ရက်​နှင့် ဆက်သွယ်​ခဲ့​သည်။ စည်းဝေးကြီး​ပရိသတ်​သည် “စာတန်​ကို​ဆန့်ကျင်​၍ ယေဟောဝါ​ဘက်​မှ ရပ်တည်ခြင်း ကြွေးကြော်​ချက်” ကို သောင်းသောင်းဖြဖြ လက်ခံ​လိုက်​သည်။ ၎င်း​ကြွေးကြော်​ချက်​က အာမဂေဒုန်​၌ စာတန်​နှင့် စာတန်​၏​ဆိုးယုတ်​သော အဖွဲ့အစည်း မှောက်လှန်​ခံရ​ခြင်း​နှင့် ဖြောင့်မတ်ခြင်း​တရား မြတ်နိုးသူ​အားလုံး လွတ်မြောက်ခြင်း​အကြောင်းကို တင်ပြ​ထား​သည်။ ဘုရားသခင့် သစ္စာရှိ​နိုင်ငံတော်သား​များသည် ၃၆၈-မျက်နှာ​ပါ အစိုးရ အမည်​ရှိသော​စာအုပ်​ကို လက်ခံရ​ရှိကြ​သဖြင့် ဝမ်း​ပန်း​တ​သာ​ဖြစ်​ခဲ့​ကြ​၏။ ယင်း​စာအုပ်​က “မိမိ​ဘိသိက်ခံ​ဘုရင်​ကို ၁၉၁၄ ခုနှစ်​၌ ဘုရားသခင် နန်းတင်​တော်​မူ​ကြောင်း” အရှင်း​ဆုံး​သာဓက​များ​ဖြင့် တင်ပြ​ထား​သည်။

ယေဟောဝါ တန်ခိုးတော်​ကို အသုံးပြု​တော်​မူ​ခြင်း

၆။ ဘုရားသခင့် နိုင်ငံတော်​တွင် ခရစ်တော်​နန်းထိုင်​ပြီ ဟူသော​ကြေညာ​ချက်​ကို ယောဟန်​မည်သို့ သတင်းပို့​သနည်း။

ဘုရားသခင့် နိုင်ငံတော်​၌ ခရစ်တော် နန်းတက်​ပြီ​—ဤ​ကြေညာ​ချက်​သည် ဝမ်းမြောက်​ဖွယ်​ပါ​တကား။ ယောဟန် ဤသို့​သတင်းပေး​၏– “ဘုရားသခင်​၏ ရှေ့တော်​ရှိ မိမိတို့၏ ပလ္လင်​များ​ပေါ်​၌ ထိုင်​လျက်​ရှိသော အကြီးအကဲ နှစ်ဆ​ယ့်​လေးပါး​သည် ပျပ်ဝပ်​၍ ဘုရားသခင်​ကို ကိုးကွယ်​လျက် ‘ပစ္စုပ္ပန်​နှင့် အတိတ်​ကာလ​၌ အစဉ်​ရှိတော်မူသော အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်​သည် မဟာ​တန်ခိုးတော်​ကို အသုံးပြုလျက် ဘုရင်​အဖြစ် စတင် အုပ်စိုး​တော်​မူ​ပြီ​ဖြစ်၍ ကိုယ်တော်​၏ ကျေးဇူးတော်​ကို ကျွန်တော်​မျိုး​တို့ ချီးမွမ်း​ပါ​၏။’ ”​ဗျာဒိတ် ၁၁:၁၆၊ ၁၇

၇။ (က) ပုံခိုင်း​ချက်​ဖြစ်သော အကြီးအကဲ ၂၄ ပါး​ထဲ​မှ မြေကြီးပေါ်​ကျန်ကြွင်း​သူများ၊ (ခ) ကောင်းကင်​ရှိ မိမိတို့​နေရာသို့ ထမြောက်​ခဲ့​သည့် ပုံဆောင်​အကြီးအကဲ ၂၄ ပါး​တို့​က ယေဟောဝါ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မည်သို့​ချီးမွမ်း​ကြ​သနည်း။

ယေဟောဝါ​၏ ကျေးဇူးတော်​ကို ချီးမွမ်းသူ​များ​မှာ မိမိတို့၏ ကောင်းကင်​ဆိုင်ရာ ရာထူးဌာနန္တရ​တွင်​ရှိကြ​သော ခရစ်တော်​၏ ဘိသိက်ခံ​ညီတော်​များ​ကို ပုံခိုင်း​သည့် အကြီးအကဲ ၂၄ ပါး​ပင်​ဖြစ်သည်။ ၁၉၂၂ ခုနှစ်​မှ​စ၍ ထို​ဘိသိက်ခံ ၁၄၄,၀၀၀ ထဲ​မှ မြေကြီးပေါ် ကျန်ကြွင်း​သူတို့သည် တံပိုးခရာ​မှုတ်ခြင်း​ဖြင့် စတင်​လိုက်​သော​လုပ်ငန်း​ကို မ​အား​မလ​ပ် လုပ်ဆောင်လာ​ကြသည်။ သူတို့သည် မဿဲ ၂၄:၃–၂၅:၄၆ ပါ ပုဗ္ဗနိမိတ်​၏ ဆိုလိုရင်း​ကို အပြည့်အဝ နားလည်​လာ​ကြသည်။ သို့​တ​စေ၊ ‘သေ​သည်​တိုင်အောင် သစ္စာ​ရှိကြောင်း သက်သေထူ​ခဲ့’ ကြသော သူတို့၏​သက်သေခံချင်း​တို့သည် သခင့်​နေ့​တော် အစပိုင်း​မှာ​ပင် ကောင်းကင်​၌ မိမိတို့၏ ရာထူးဌာနန္တရ​ကို ခံယူ​ကြပြီ​ဖြစ်​ရာ ၁၄၄,၀၀၀ အုပ်စု​တစ်ခုလုံး​ကို ကိုယ်စား​ပြုလျက် ပျပ်ဝပ်​၍ ယေဟောဝါ​ကို ကိုးကွယ်​နိုင်​ကြ​လေ​ပြီ။ (ဗျာဒိတ် ၁:၁၀; ၂:၁၀) သူတို့၏ အချုပ်အခြာအာဏာပိုင်ရှင်​သည် မိမိ၏ မြင့်မြတ်​သော လျှို့ဝှက်ချက်​ကို အထွတ်အထိပ် ပြီးစီး​ခြင်း​သို့ ပို့ဆောင်​ရန် မ​နှောင့်နှေး​သည့်​အတွက် သူတို့​အားလုံး ကိုယ်တော်​ကို မည်မျှ​ကျေးဇူး​တင်​ကြသည်​တကား။

၈။ (က) သတ္တမ တံပိုးခရာ​မှုတ်ခြင်း​ကြောင့် လူမျိုးများ ဘာဖြစ်​ကြ​သနည်း။ (ခ) လူမျိုးများ​က မည်သူ​များ​ကို ဒေါသ​ထွက်ကြ​သနည်း။

တစ်ဖက်​တွင်​မူ သတ္တမ တံပိုးခရာ​မှုတ်ခြင်း​သည် လူမျိုးများ​အား ဝမ်း​မ​မြောက်​စေပါ။ ယေဟောဝါ​၏ အမျက်တော်ကို သူတို့​ခံရန် အချိန်တန်ပြီ။ ယောဟန်​ဆို​သည့်​အတိုင်း​ဖြစ်၏။ “သို့သော်၊ လူမျိုး​တို့သည် အမျက်ထွက်​ကြ​၏။ ကိုယ်တော်​၏ အမျက်တော်​လည်း သက်ရောက်​ပါ​ပြီ။ သေလွန်သူ​တို့ကို တရား​စီရင်၍ ကိုယ်တော်​၏​ကျွန် ပရောဖက်​များနှင့် သန့်ရှင်းသူ​တို့အား​လည်းကောင်း၊ ကိုယ်တော်​၏ နာမတော်​ကို ကြောက်ရွံ့​ခန့်ညား​သော​သူ အကြီး​အငယ်​တို့အား​လည်းကောင်း ဆုချ​ရမည့်​အချိန်​နှင့် မြေကြီးကို ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ​မည့် သတ်မှတ်ချိန်​လည်း ရောက်​ပါ​ပြီ။” (ဗျာဒိတ် ၁၁:၁၈) ၁၉၁၄ ခုနှစ်​မှ​စ၍ ကမ္ဘာ​ပေါ်​ရှိ လူမျိုးများ​သည် အချင်းချင်း​မ​က၊ ဘုရားသခင့်​နိုင်ငံတော်၊ အထူးသဖြင့် ယေဟောဝါ​၏ သက်သေခံ​နှစ်ပါး​ကို အမျက်ထွက်​ကြ​၏။​—ဗျာဒိတ် ၁၁:၃

၉။ လူမျိုးများ​သည် မြေကြီးကို မည်သို့​ဖျက်ဆီး​လျက် နေကြ​ပြီး ၎င်းနှင့်​ပတ်သက်​၍ ဘုရားသခင် ဘာ​ပြု​ရန် စိတ်ပိုင်းဖြတ်​ထား​တော်​မူ​သနည်း။

လူမျိုးများ​သည် မရပ်မနား စစ်​တိုက်၍​လည်းကောင်း၊ စီမံကွပ်ကဲ​မှု ညံ့ဖျင်း​၍​လည်းကောင်း သမိုင်း​တစ်လျှောက် မြေကြီးကို ဖျက်ဆီး​လာ​ခဲ့​ကြသည်။ သို့သော် ၁၉၁၄ ခုနှစ်​မှ​စ၍ ယင်း​ဖျက်ဆီးမှု​သည် ထိတ်လန့်​စ​ဖွယ် အတိုင်းအတာ​အထိ တိုး​မြင့်​လာ​သည်။ ဝိသ​မ​လောဘ​နှင့် လာဘ်​ပေး​လာဘ်​ယူ​မှု​ကြောင့် သဲကန္တာရ ကျယ်​သည်ထက်​ကျယ်​လာပြီး လယ်ယာမြေ အကြီးအကျယ် ဆုံးရှုံး​ရလေ​ပြီ။ အက်​ဆစ်​မိုး​နှင့် ရေဒီယို​သတ္တိ​ကြွ တိမ်​တိုက်​များ​ကြောင့် ကျယ်ပြော​လှ​သော မြေ​ဧရိယာ​များ ပျက်စီး​ရလေ​ပြီ။ စား​နပ်​ရိက္ခာ အရင်းအမြစ်​များ ညစ်ညမ်း​ခဲ့​ရလေ​ပြီ။ ကျွန်ုပ်​တို့ ရှူရှိုက်​သော​လေ၊ သောက်သုံး​သော​ရေလည်း ညစ်ညမ်း​ခဲ့​ရလေ​ပြီ။ စက်​မှု​လုပ်ငန်း စွန့်ပစ်​ပစ္စည်း​များ​ကြောင့် ကုန်း​သတ္တဝါ ရေ​သတ္တဝါများ အသက်ဘေး​နှင့် ရင်ဆိုင်​နေရ​ကြပြီ။ အင်အားကြီး​နိုင်ငံ​များ​က​လည်း လူသား​အားလုံး​ကို နျူကလီးယား​လက်နက်​ဖြင့် အပြီး​ချေမှုန်း​ပစ်​မည်​ဟု တစ်ချိန်က ခြိမ်းခြောက်​ခဲ့​၏။ ဝမ်းသာစရာ​ကား၊ ယေဟောဝါ​သည် “မြေကြီးကို ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ” မည်။ မြေကြီး​၏ အခြေအနေ​ဆိုး​အတွက် တာဝန်​မကင်း​သော ဘဝင်မြင့်​သည့် ဘုရားတရား​မဲ့ လူသားများ​ကို စီရင်​သုတ်သင်​တော်​မူ​မည်။ (တရားဟောရာ ၃၂:၅၊ ၆; ဆာလံ ၁၄:၁-၃) ထို့​ကြောင့်၊ ယေဟောဝါ​သည် အဆိုပါ ဒုစရိုက်​သားများ​ကို အရေးယူ​ရန် တတိယ အမင်္ဂလာ​ကို စီစဉ်​တော်​မူ​၏။​—ဗျာဒိတ် ၁၁:၁၄

အဖျက်သမား​များ​အဖို့ အမင်္ဂလာ

၁၀။ (က) တတိယ အမင်္ဂလာ​ကား အဘယ်နည်း။ (ခ) တတိယ အမင်္ဂလာ​သည် အဘယ်​သို့ လူကို​ညှဉ်းဆဲ​ရုံ​မ​က ပြု​မည်​နည်း။

၁၀ သို့​ဖြစ်၍ တတိယ အမင်္ဂလာ,လာပြီ။ မြန်ဆန်​လှ​၏။ ယေဟောဝါ​၏ “ခြေတင်ရာ​ခုံ၊” ကျွန်ုပ်​တို့​နေထိုင်ရာ ချစ်​စ​ဖွယ် ဤ​ကမ္ဘာ​မြေကြီးကို မလေးမခန့်​ပြုသော ထို​သူတို့ကို ဖျက်ဆီး​ရာ​၌ ၎င်း​အမင်္ဂလာ​ကို အသုံးပြု​တော်​မူ​မည်။ (ဟေရှာယ ၆၆:၁) ၎င်းကို မေရှိယနိုင်ငံတော်​တည်း​ဟူသော ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်​က အစပြု​လိုက်​၏။ ဘုရားသခင့် ရန်သူများ၊ အထူးသဖြင့် ခရစ်ယာန်ဘောင် ခေါင်းဆောင်​များသည် ပထမ အမင်္ဂလာ​နှစ်ပါး​၏ ညှဉ်းဆဲခြင်း​ကို ခံရ​ကြပြီ။ အဓိက​အားဖြင့် ကျိုင်းကောင်​ကပ်​နှင့် မြင်းတပ်​များ​ကြောင့်​ဖြစ်သည်။ သို့သော်၊ ယေဟောဝါ​၏ နိုင်ငံတော်​ကိုယ်နှိုက်​ကြောင့် ကျရောက်​မည့် တတိယ​ကပ်ဘေး​သည် လူကို​ညှဉ်းဆဲ​ရုံ ညှဉ်းဆဲ​မည်​မဟုတ်။ (ဗျာဒိတ် ၉:၃-၁၉) အဖျက်သမား လူ့​ဘောင်​အဖွဲ့အစည်း​နှင့် သူတို့၏​မင်း​များ​ကို အသေ​ထိုး​သတ်​ကာ ဖယ်​ရှင်းပစ်​လိမ့်​မည်။ ၎င်း​သည် အာမဂေဒုန်​၌ ယေဟောဝါ​စီရင်ချက်​၏ အထွတ်အထိပ်​အဖြစ် ကျရောက်​လာ​မည်။ ဒံယေလ ပရောဖက်ပြု​သည့်​အတိုင်း​ဖြစ်၏– “ပျက်စီးခြင်း​သို့ မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ [မြေကြီးကို​ဖျက်ဆီး​သော အုပ်စိုးရှင်​များ] လက်ထက်​၌ ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့ မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” ဘုရားသခင့် နိုင်ငံတော်​သည် ဧရာမ​တောင်ကြီး​ပ​မာ​ဖြစ်၍၊ ဘုန်း​ရော​င်​တောက်ပ​ပြီ​ဖြစ်သော မြေကြီးကို​အုပ်စိုး​၍ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို သင်္ကာ​ယန​ရှင်း​စေပြီး လူသားတို့အား ထာဝစဉ်​ပျော်ရွှင်​စေ​အံ့။​—ဒံယေလ ၂:၃၅၊ ၄၄၊ ၄၅; ဟေရှာယ ၁၁:၉; ၆၀:၁၃

၁၁။ (က) ပရောဖက်ပြုချက်​က အဆက်မပြတ်​ဖြစ်ပျက်​မည့် အဘယ်​ဝမ်းမြောက်​ဖွယ် ဖြစ်ရပ်​များ​ကို​ဖော်ပြ​သနည်း။ (ခ) အဘယ်​မခံစားထိုက်သော ကရုဏာတော်​သည် မည်သူ​အားဖြင့် မည်သို့​ပြည့်စုံ​လာ​မည်​နည်း။

၁၁ တတိယ အမင်္ဂလာ​နှင့်အတူ အဆက်မပြတ်​သော ဝမ်းမြောက်​ဖွယ် အခြင်းအရာ​များ လိုက်ပါ​လာ​မည်။ ၎င်းတို့သည် သခင့်​နေ့​တော်​တစ်လျှောက်​လုံး တစ်ခု​ပြီး​တစ်ခု ဖြစ်ပွား​လိမ့်​မည်။ ‘သေလွန်သူ​တို့ကို တရား​စီရင်၍ ကိုယ်တော်​၏​ကျွန် ပရောဖက်​များ၊ သန့်ရှင်းသူ​တို့​နှင့် နာမတော်​ကို ကြောက်ရွံ့​သော သူတို့အား ဆုချ​ရမည့်’ အချိန်​တည်း။ သေခြင်း​မှ ရှင်ပြန်ထမြောက်ခြင်း​ကို ဆိုလို​သတည်း။ သေခြင်း​၌ အိပ်ပျော်​နေသော ဘိသိက်ခံ သန့်ရှင်းသူ​များ​ဆိုလျှင် သခင့်​နေ့​တော်​အ​ဦး​ပိုင်း​တွင် ထမြောက်​ကြ​၏။ (၁ သက်သာလောနိတ် ၄:၁၅-၁၇) အချိန်တန်လျှင်၊ ကျန်​သန့်ရှင်းသူ​များလည်း လျှပ်​တစ်​ပြ​က်​အတွင်း ထမြောက်ခြင်း​ဖြင့် ထို​သူတို့နှင့် ပူးပေါင်း​ကြလိမ့်မည်။ ဘုရားသခင့်​ကျွန် ရှေးပရောဖက်​များ​အပြင်၊ ဆင်းရဲ​ဒုက္ခ​ကြီး​ကို ကပ်ကျော်​သော လူအုပ်ကြီး​ဖြစ်စေ၊ ခရစ်တော်​၏ အနှစ်​တစ်ထောင်​အုပ်စိုးမှု​အတွင်း ထမြောက်​လာ​ကြ​မည့် ‘သေလွန်သူ အကြီး​အငယ်​တို့’ ဖြစ်စေ၊ ယေဟောဝါ​၏ နာမတော်​ကို ကြောက်ရွံ့​သော ကျန်​လူသား​အားလုံး​အပါအဝင် အခြားသူများ​လည်း ဆုချ​ခံရ​ကြ​မည်။ ဘုရားသခင့် မေရှိယ​ဘုရင်​လက်ထဲ​၌ သေခြင်းနှင့် ဟေးဒီးစ်​၏​သော့​များ ရှိ​ထား​ရ​ကား၊ ကိုယ်တော့်​အုပ်ချုပ်မှု​က ထာဝရ​အသက်ဆု​မွန်​ကို ဆွတ်ခူး​ရန်​ကြိုးစား​သော​သူ ရှိသမျှ​တို့အား အသက်ပေး​ရန် လမ်းပွင့်​စေ​၏။ (ဗျာဒိတ် ၁:၁၈; ၇:၉၊ ၁၄; ၂၀:၁၂၊ ၁၃; ရောမ ၆:၂၂; ယောဟန် ၅:၂၈၊ ၂၉) ယင်း​အသက်ဆု​သည် မသေ​နိုင်သော ကောင်းကင်​အသက်တာ​ဖြစ်စေ၊ မြေကြီးဆိုင်ရာ ထာဝရ​အသက်​ဖြစ်စေ၊ ယေဟောဝါ ထံ​တော်​မှ​လာသော မခံစားထိုက်​သည့် ကရုဏာတော်​ဖြစ်၍ ခံယူ​သူသည် ကျေးဇူးတော်​ကို ထာဝစဉ် အောက်မေ့​နိုင်​မည်​ဖြစ်၏။​—ဟေဗြဲ ၂:၉

ပဋိညာဉ်​သေတ္တာတော်​ကို ကြည့်​လော့

၁၂။ (က) ဗျာဒိတ် ၁၁:၁၉ အရ၊ ကောင်းကင်​၌ ယောဟန် ဘာ​မြင်ရ​သနည်း။ (ခ) ပဋိညာဉ်သေတ္တာ​သည် အဘယ်အရာ၏ အထိမ်းအမှတ်​ဖြစ်​ခဲ့​ပြီး ၎င်း​သည် ဣသရေလလူ​တို့ ဗာဗုလုန်​ပြည်​သို့ သုံ့ပန်း​အဖြစ် ရောက်သွား​ကြသောအခါ ဘာဖြစ်​ခဲ့​သနည်း။

၁၂ ယေဟောဝါ အုပ်ချုပ်​တော်​မူ​ပြီ။ မေရှိယနိုင်ငံတော်​မှ​တစ်ဆင့် လူသား​တို့​အပေါ် ထူးမြတ်​လှ​စွာ အချုပ်အခြာအာဏာ​တော်​ကို ဖြန့်မိုး​တော်​မူ​ပြီ။ ယောဟန် ရှေ့ဆက်​မြင်ရသော​အရာ​က ဤ​အချက်​ကို​ထောက်ခံ​၏။ “ထို​အခါ ကောင်းကင်ဘုံ​ရှိ ဘုရားသခင်​၏ ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန ပွင့်​၍​လာ​သဖြင့် ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​ထဲ​က ပဋိညာဉ်​သေတ္တာတော်​ကို ငါ​မြင်ရ​၏။ လျှပ်စီး​များ၊ စကားသံ​များ၊ မိုးခြိမ်းသံ​များ၊ မြေငလျင်​နှင့် မိုးသီး​မုန်တိုင်းကြီး​များလည်း ဖြစ်ပေါ်​လာ​သည်။” (ဗျာဒိတ် ၁၁:၁၉) ဗျာဒိတ်ကျမ်း​၌ ဤ​တစ်ကြိမ်​တည်း​သာ ဘုရားသခင့် ပဋိညာဉ်သေတ္တာ​အကြောင်း ညွှန်းဆို​၏။ ပဋိညာဉ်သေတ္တာ​က လူမျိုးတော်​ဖြစ်သော ဣသရေလလူ​တို့​နှင့်အတူ ယေဟောဝါ ကျိန်းဝပ်​တော်​မူ​ကြောင်း အထိမ်းအမှတ်​ပြု​သည်။ ၎င်းကို တဲ​တော်​၏ အထူး​သန့်ရှင်း​ရာ​ဌာန​ထဲ​၌ ထား​၏။ နောက်​သော်၊ ရှောလမုန် ဆောက်လုပ်​သော ဗိမာန်တော်​၏ အထူး​သန့်ရှင်း​ရာ​ဌာန​ထဲ​၌ ထား​ရှိသည်။ သို့သော်၊ ဣသရေလ​လူမျိုး ဘီစီ ၆၀၇ ခု​တွင်​တွင် ဗာဗုလုန်​သို့ သုံ့ပန်း​အဖြစ် ရောက်သွား​သောအခါ ယေရုရှလင်​မြို့ ပစ်ထား​ခံရ​ပြီး ပဋိညာဉ်သေတ္တာ​လည်း ပျောက်ကွယ်​သွား​သည်။ ထို​အခါ ဒါဝိဒ်​မင်းမျိုး​၏ ကိုယ်စားလှယ်​များ “ထာဝရ​ဘုရား​၏ ရာဇ​ပလ္လင်တော်​ပေါ်မှာ” မ​ထိုင်​တော့​ချေ။​—၁ ရာဇဝင်ချုပ် ၂၉:၂၃ *

၁၃။ ကောင်းကင်​ဆိုင်ရာ ဘုရားသခင့် ကျိန်းဝပ်​ရာ​ဌာန​တွင် ဘုရားသခင့် ပဋိညာဉ်သေတ္တာ​ကို တွေ့ရ​ခြင်း​က ဘာကို​ပြသ​နည်း။

၁၃ အနှစ် ၂,၆၀၀ လွန်​လေ​သော​နောက် ပဋိညာဉ်သေတ္တာ​ကို ယခု​တစ်ဖန် ပြန်တွေ့​ရလေ​ပြီ။ သို့ရာတွင်၊ ယောဟန်​၏​ရူပါရုံ​၌ ဤ​ပဋိညာဉ်သေတ္တာ​သည် မြေကြီးဆိုင်ရာ ဗိမာန်တော်​ထဲ​တွင် မရှိပါ။ ဘုရားသခင့် ကောင်းကင်​ဆိုင်ရာ ကျိန်းဝပ်​ရာ​ဌာန​ထဲ​တွင် ရှိသည်​ကို​တွေ့ရ​၏။ ဒါဝိဒ်​မင်းဆက်​ထဲ​က ဘုရင်​တစ်ပါး​အားဖြင့် ယေဟောဝါ တစ်ဖန်​အုပ်ချုပ်​တော်​မူ​ပြီ။ သို့ရာတွင် ဤ​တစ်ကြိမ်​တွင် ဘုရင်​ခရစ်တော်​ယေရှုသည် ကောင်းကင်​ယေရုရှလင်​မြို့၌ နန်းတင်​ခံရ​ပြီး အပေါ်​စီး​သော​ထို​နေရာ​မှ ယေဟောဝါ​၏ စီရင်ချက်​ကို အကောင်အထည်ဖော်​တော်​မူ​၏။ (ဟေဗြဲ ၁၂:၂၂) ၎င်း​တို့​အကြောင်းကို ဗျာဒိတ်ကျမ်း​၏ ရှေ့ဆက်​အခန်း​များ​က တင်ပြ​သွားပါ​လိမ့်​မည်။

၁၄၊ ၁၅။ (က) ရှေး​ယေရုရှလင်​မြို့၌ မည်သူ​သာ ပဋိညာဉ်သေတ္တာ​ကို မြင်ရ​သနည်း။ အဘယ်ကြောင့်​နည်း။ (ခ) ကောင်းကင်​ဆိုင်ရာ ဘုရားသခင့် ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​၌ ပဋိညာဉ်​သေတ္တာတော်​ကို မည်သူ​များ မြင်ရ​ကြ​သနည်း။

၁၄ မြေကြီးဆိုင်ရာ ရှေး​ယေရုရှလင်​မြို့၌ ပဋိညာဉ်သေတ္တာ​ကို ဣသရေလလူ​အများ မမြင်​ရ​ကြ။ ဗိမာန်တော်တွင် အမှုထမ်း​သော ယဇ်ပုရောဟိတ်​များ​ပင် မမြင်​ရ​ကြ။ အကြောင်း​မှာ၊ ၎င်း​သည် အထူး​သန့်ရှင်း​ရာ​ဌာန​အတွင်း​၌​ရှိပြီး သန့်ရှင်း​ရာ​ဌာန​မှ ကြည့်​၍​မမြင်နိုင်​အောင် ကန့်လန့်ကာ​ဖြင့် ကာ​ထား​သည်။ (တောလည်ရာ ၄:၂၀; ဟေဗြဲ ၉:၂၊ ၃) ယဇ်ပုရောဟိတ်​မင်းကြီး​သာ အပြစ်ဖြေရာ​နေ့၌ အထူး​သန့်ရှင်း​ရာ​ဌာန​ထဲ​သို့ တစ်နှစ်​တစ်ကြိမ် ဝင်​သောအခါ မြင်တွေ့ရ​သည်။ သို့​တ​စေ၊ ကောင်းကင်​ရှိ​ဗိမာန်တော် ပွင့်​သွားသော​အခါ အထိမ်းအမှတ်​ပြု ပဋိညာဉ်သေတ္တာ​ကို ယေဟောဝါ​၏ ယဇ်ပုရောဟိတ်​မင်းကြီး ယေရှု​ခရစ်​သာမက သူ၏​လက်ထောက်​ယဇ်ပုရောဟိတ် ၁၄၄,၀၀၀ တို့​ပါ မြင်ရ​ကြသည်။

၁၅ ကောင်းကင်​သို့ ဦးစွာ​ထမြောက်​ခဲ့​ကြ​သူတို့သည် ပုံခိုင်း​သော ဤ​ပဋိညာဉ်သေတ္တာ​ကို အနီးကပ်​မြင်ရ​ကြ​၏။ အကြောင်း​မှာ၊ သူတို့သည် ယေဟောဝါ​၏ ပလ္လင်တော်​ပတ်လည်​ရှိ အကြီးအကဲ ၂၄ ပါး​အဝင်​အဖြစ် နေရာယူ​ကြ​၍​ဖြစ်သည်။ မြေကြီးပေါ်​မှ ယောဟန်​အတန်းအစား​က​လည်း ယေဟောဝါ​၏ ဝိညာဉ်​တော်​၏​အလင်း​ကြောင့် ဝိညာဏ​ဗိမာန်တော်၌ ယေဟောဝါ ကျိန်းဝပ်​တော်​မူ​ပြီ​ဖြစ်​ကြောင်းကို သိမြင်​ရ​ကြသည်။ သာမန်​လူသားများ​အား ဤ​ထူးမြတ်​သော အခြင်းအရာ​ကို သတိပြု​စေသော ပုဗ္ဗနိမိတ်​များလည်း​ရှိ၏။ ယောဟန်​၏​ရူပါရုံ​က လျှပ်စီး​များ၊ စကားသံ​များ၊ မိုးခြိမ်းသံ​များ၊ မြေငလျင်​နှင့် မိုးသီး​မုန်တိုင်း​အကြောင်းကို ဖော်ပြ​၏။ (ဗျာဒိတ် ၈:၅ နှိုင်းယှဉ်။) ဤ​အရာများ​က ဘာကို​ပုံခိုင်း​သနည်း။

၁၆။ လျှပ်စီး​များ၊ စကားသံ​များ၊ မိုးခြိမ်းသံ​များ၊ မြေငလျင်​နှင့် မိုးသီး​မုန်တိုင်းကြီး မည်သို့​ဖြစ်ပေါ်​လျက် ရှိခဲ့​သနည်း။

၁၆ ၁၉၁၄ ခုနှစ်​မှ​စ၍ ဘာသာရေး​နယ်ပယ် သွက်သွက်ခါ​အောင် တုန်လှုပ်​၏။ သို့သော် ဝမ်းသာစရာ​မှာ၊ ဤ “မြေငလျင်” နှင့်အတူ၊ အပ်နှံထားသူ​တို့၏​အသံများ လိုက်ပါ​လာပြီး ၎င်း​တို့​က တည်ထောင်​ပြီ​ဖြစ်သော ဘုရားသခင့် နိုင်ငံတော်​သတင်းကို ရှင်းလင်းစွာ ကြေညာ​ကြ​၏။ သမ္မာကျမ်းစာ​ထဲ​က ‘မုန်တိုင်း​သတိပေး​ချက်​များ’ လည်း မြည်ဟည်း​သည်။ လျှပ်စီး​ပြ​က်​သကဲ့သို့၊ ပရောဖက်ပြုချက်​ဆိုင်ရာ ဘုရားသခင့် နှုတ်ကပါဌ်တော်​နှင့်​ပတ်သက်သော ထိုးထွင်း​သိမြင်​ချက်​များ​ကိုလည်း တွေ့မြင်​ရ​၍ ကြေညာ​ခဲ့​ကြပြီ။ ခရစ်ယာန်ဘောင်​နှင့် မိစ္ဆာ​ဘာသာ​အားလုံး​ဆိုင်ရာ ဘုရားသခင့် စီရင်ချက်​များ​ကိုလည်း ပြင်းထန်သော “မိုးသီး” ကဲ့သို့ ကျရောက်​စေ​ခဲ့ပြီ။ ဤ​အရာများ​အားလုံး​ကြောင့် လူ​တို့ အာရုံပြု​မိဖို့​ကောင်း​၏။ သို့သော်၊ ဝမ်းနည်းစရာမှာ၊ လူအများသည် ယေရှု​လက်ထက်​က ယေရုရှလင်​မြို့သား​များ​နည်းတူ ဗျာဒိတ်ကျမ်း​ပါ ဤ​နိမိတ်​လက္ခဏာများ ပြည့်စုံမှု​ကို မသိ​မမြင်​ကြ။​—လုကာ ၁၉:၄၁-၄၄

၁၇၊ ၁၈။ (က) ကောင်းကင်တမန် ခု​နစ်​ပါး တံပိုးခရာ​မှုတ်ခြင်း​က အပ်နှံ​ထားသော ခရစ်ယာန်​များ​အပေါ် အဘယ်​ဝတ္တရား ကျရောက်​စေ​သနည်း။ (ခ) ခရစ်ယာန်​များသည် မိမိတို့​ခန့်အပ်​ခံရ​သော​အလုပ်ကို မည်သို့​လုပ်ဆောင်​လျက် ရှိကြ​သနည်း။

၁၇ ကောင်းကင်တမန် ခု​နစ်​ပါး​သည် တံပိုးခရာ​ကို ဆက်၍​မှုတ်​ကာ ကမ္ဘာ​ပေါ်​တွင် သမိုင်းဝင်​အခြင်းအရာ​များ ဖြစ်ပျက်​လျက်​ရှိကြောင်းကို အချက်ပြ​ကြ​၏။ အပ်နှံ​ထားသော ခရစ်ယာန်​များ​၌ ထို​ကြေညာ​ချက်​များ​ကို ကမ္ဘာ​သိအောင် ကြွေးကြော်​ရမည့် ကြီး​လေး​သော တာဝန်​ရှိကြ​၏။ သူတို့သည် ဤ​စေ​ခန့်​ချက်​အတိုင်း ဝမ်းသာ​အားရ လုပ်ဆောင်နေ​ကြသည်​တကား။ ၁၉၈၆ ခုနှစ်​မှ ၂၀၀၅ ခုနှစ်၊ အနှစ်​နှစ်​ဆယ်​အတွင်း၊ ကမ္ဘာချီ​ဓမ္မ​အမှု၌ သူတို့​ပါဝင်​ခဲ့​သော အချိန်နာရီ​သည် နှစ်ဆ​မ​က​—၆၈၀,၈၃၇,၀၄၂ နာရီ​မှ ၁,၂၇၈,၂၃၅,၅၀၄ နာရီ​—တိုးများ​လာ​သည်ကို​ကြည့်​လျှင် သိသာ​၏။ “သတင်းကောင်း​အတိုင်း​ဖြစ်သည့် ဘုရားသခင့် မြင့်မြတ်​သော လျှို့ဝှက်ချက်” ကို “မြေကြီးစွန်း​တိုင်အောင်” ကြေညာ​လျက်​ရှိပြီ။​—ဗျာဒိတ် ၁၀:၇; ရောမ ၁၀:၁၈

၁၈ ဘုရားသခင့် ရည်ရွယ်ချက်များ အဆက်မပြတ် ပေါ်လွင်​လာ​သည်​နှင့်​အမျှ အခြား​ရူပါရုံ​များ​ကို ကျွန်ုပ်​တို့ သိရ​ကြ​ဦး​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဘီစီ ၆၃ ခုနှစ်​တွင် ယေရုရှလင်​မြို့ သိမ်းပိုက်​ခံရ​၍ ဗိမာန်တော် သန့်ရှင်း​ရာ​ဌာန​ထဲ​သို့ ကနေးယပ်စ် ပွန်​ပေးယပ်စ် ဝင်​သောအခါ ဘာကို​မျှ မ​တွေ့ရ​ကြောင်း ရောမ​လူမျိုး သမိုင်း​သုတေသီ တက်စီတပ်စ်​က ဖော်ပြ​၏။ အတွင်း​၌ ပဋိညာဉ်သေတ္တာ မရှိ​ချေ။​—တက်စီတပ်စ်​သမိုင်း၊ ၅.၉။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇၃ ပါ လေးထောင့်ကွက်]

တံပိုးခရာ​မှုတ်ခြင်း​နှင့်​တူသော ယေဟောဝါ​၏​စီရင်ချက် ကြွေးကြော်​ခြင်း​များ​ထဲ​က ထင်ရှားသော​ကြွေးကြော်​ချက်​များ

၁။ ၁၉၂၂ ခုနှစ်၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့– ခရစ်ယာန်ဘောင်​၏​ဘာသာရေး၊ နိုင်ငံရေး​နှင့် မဟာ​စီးပွားရေး​ခေါင်းဆောင်​များ အဘယ်ကြောင့် ငြိမ်းချမ်းရေး၊ ကြီးပွား​တိုးတက်ရေး​နှင့် ပျော်ရွှင်မှု မ​ဖန်တီး​နိုင်​သည်ကို ထုချေ​ရှင်းလင်း​ရန် စိန်ခေါ်​ခြင်း။ မေရှိယ​၏​နိုင်ငံတော်​သည် ဆေး​စွမ်း​ကောင်း​ဖြစ်သည်။

၂။ ၁၉၂၃ ခုနှစ်၊ ကယ်လီဖိုးနီးယား​ပြည်နယ်၊ လော့​စ်​အိ​န်း​ဂျ​လိ​စ် မြို့– “တိုင်းနိုင်ငံ​အားလုံး အာမဂေဒုန်​သို့ ချီတက်​နေ​သော်လည်း ယနေ့​အသက်ရှင်​သူ လူ​သန်းပေါင်း​များစွာ ဘယ်တော့​မျှ​မသေ​တော့” ဟူသော လူထု​ဟောပြောချက်​က ငြိမ်းချမ်းရေး​လိုလား​သော “သိုးများ” အား လူကို​သေစေနိုင်​သော လူ့​ပင်လယ်​ကို စွန့်ခွာ​ရန် နှိုးဆော်​လိုက်​သည်။

၃။ ၁၉၂၄ ခုနှစ်၊ အိုဟိုင်အို​ပြည်နယ်၊ ကိုလမ်ဘတ်စ်​မြို့– ဘုန်းကြီး​ဓမ္မ​ဆရာများ မိမိတို့​ကိုယ်ကို ချီးမြှောက်မှု၊ မေရှိယ​၏​နိုင်ငံတော်​ကို မဟောပြော​ဘဲ​နေ​မှု​ကြောင့် စွဲချက်​တင်​ခံရ​ခြင်း။ ခရစ်ယာန်စစ်​များ ဘုရားသခင့်​လက်စားချေခြင်း​အကြောင်းကို ဟောပြော​၍ ငိုကြွေး​နေသော​လူသားများ​ကို နှစ်သိမ့်​ရမည်။

၄။ ၁၉၂၅ ခုနှစ်၊ အင်​ဒီ​ယန်း​နာ​ပြည်နယ်၊ အင်​ဒီ​ယန်​နက်​ပ​လ​စ်စ်​မြို့– ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုး​တိုးတက်မှု၊ ကျန်းမာ​မှု၊ အသက်၊ လွတ်လပ်မှု​နှင့် ထာဝရ​ပျော်ရွှင်မှု ကောင်းချီး​များ​ဆိုင်ရာ တောက်ပ​သော နိုင်ငံတော်​ကတိ​ကို ခရစ်ယာန်ဘောင်​၏ ဝိညာဏ​မှောင်မိုက်​နှင့် နှိုင်းယှဉ်​ပြ​သော မျှော်လင့်ခြင်း​သတင်း​တစ်ရပ်။

၅။ ၁၉၂၆ ခုနှစ်၊ အင်္ဂလန်​နိုင်ငံ လန်ဒန်​မြို့– ကျိုင်းကောင်​ပ​မာ ခရစ်ယာန်ဘောင်​နှင့် ၎င်း​၏​ဘုန်းကြီး​ဓမ္မ​ဆရာများ​ကို ကပ်​တိုက်၍ ဘုရားသခင့်​နိုင်ငံတော်​ကို ၎င်း​တို့​ငြင်းပယ်​သည်ကို ဖော်ထုတ် ပြစ်တင်​လျက် ထို​ကောင်းကင်​အစိုးရ ဖွားမြင်​ကြောင်းကို ကြော်ငြာ​ခြင်း။

၆။ ၁၉၂၇ ခုနှစ်၊ ကနေဒါ​နိုင်ငံ တို​ရန်​တို​မြို့– ‘ဖွဲ့စည်းထား​သော ခရစ်ယာန်​ဘာသာ’ ကို​စွန့်​၍ ယေဟောဝါ​ဘုရားသခင်၊ ယေရှု​ခရစ်​နှင့် နိုင်ငံတော်​ကို နှလုံး​အကြွင်းမဲ့​သစ္စာ​ပြု​ကြ​ရန် မြင်းတပ်​အားဖြင့် နှိုးဆော်​ဖိတ်ကြား​ချက် ထုတ်ပြန်​လိုက်​သည်။

၇။ ၁၉၂၈ ခုနှစ်၊ မီ​ရှီ​ဂ​န်​ပြည်နယ်၊ ဒီ​ထ​ရွိုက်​မြို့– စာတန်​ကို​ဆန့်ကျင်​၍ ယေဟောဝါ​ဘက် ရပ်တည်ခြင်း​ဟူသော ကြွေးကြော်​ချက်​က ၁၉၁၄ ခု​တွင်​နန်းထိုင်​သော ဘုရားသခင့်​ဘိသိက်ခံ​ဘုရင်​သည် စာတန်​၏​ဆိုးယုတ်​သော အဖွဲ့အစည်း​ကို​ဖျက်ဆီး​၍ လူသား​တို့ကို​ကယ်လွှတ်​မည်​ဟု ရှင်းလင်းစွာ​တင်ပြ​လိုက်​သည်။

[စာမျက်နှာ ၁၇၅ ပါ လေးထောင့်ကွက်]

မြေကြီးကို ဖျက်ဆီးခြင်း

“သုံး​စက္ကန့်​တိုင်း ဘောလုံးကွင်း​လောက်​ကျယ်​သော နဂို​မိုးသစ်တော တစ်ပိုင်း ပျောက်ကွယ်​၏။ . . . အရေးပါသော​သစ်တော​များ ပြုန်းတီး​မှု​ကြောင့် အပင်​နှင့်​တိရစ္ဆာန်​မျိုး ထောင်နှင့်ချီ​၍ ပျောက်ပျက်​ရသည်။”​—ရုပ်ပုံ​ပါ​ကမ္ဘာ့​မြေပုံ​စာအုပ် (ရဲ​န်း မက်​ခ်​နဲ​လီ)။

“အခြေချ​နေထိုင်ရာ ရာစုနှစ်​နှစ်ခု​အတွင်း [မဟာ​အိုင်​ကြီး​များ] လည်း ကမ္ဘာ့​အကြီးမားဆုံး မိလ္လာ​ပိုက်​ဖြစ်​ခဲ့​ချေ​ပြီ။”​—သည်​ဂ​လုပ်​ဘ် အဲ​န်​မေးလ် သတင်းစာ (ကနေဒါ)။

၁၉၈၆ ခုနှစ် ဧပြီလ​၌ (ယခင်) ဆိုဗီယက်​ပြည်ထောင်စု၊ ချ​နို​ဘိုင်း​လ်​မြို့တွင်​ဖြစ်ပွား​သော နျူကလီးယား လျှပ်စစ်​ဓာတ်အား​စက်ရုံ ပေါက်ကွဲ​မီးလောင်မှု​သည် “ဟီ​ရို​ရှီး​မား​နှင့် နာ​ဂါ​စာ​ကီ​မြို့များ ဗုံး​ချ​ခံရ​သည့်​နောက်ပိုင်း၌ အလွန်​အရေးပါသော နျူကလီးယား ဖြစ်ရပ်​ဖြစ်” ၍ “ဖောက်ခွဲ​ခဲ့​သမျှ နျူကလီးယား​စမ်းသပ်မှု​နှင့် ဗုံး​များ​လောက် ကမ္ဘာ့​လေထု၊ အပေါ်ယံ​မြေလွှာ​နှင့် ရေ​များ​ထဲ​သို့ နှစ်​ရှည်​ဖြာထွက်​ရောင်ခြည် ထုတ်လွှတ်​ခဲ့​သည်။”​—ဂျ​မာ; နယူးယောက်​တိုင်း။

ဂျပန်​နိုင်ငံ၊ မီ​နာ​မာ​တာ​မြို့ရှိ ဓာတု​ဗေဒ​စက်ရုံ​တစ်ရုံ​မှ မီသိုင်း​ပြဒါး​များ ပင်လယ်အော်​အတွင်း​သို့ စီး​ထွက်​ခဲ့​သည်။ ၎င်း​ကြောင့် ညစ်ညမ်း​သွားသော ငါး​နှင့် အခွံ​ပါ​ရေ​သတ္တဝါများ​ကို စားသုံးခြင်း​ကြောင့် မီ​နာ​မာ​တာ​ရောဂါ (အမ်​ဒီ) ရ​ကြ​၏။ ၎င်း​ရောဂါ​မှာ “နာတာရှည် နဗ်ကြော​ရောဂါ​ဖြစ်သည်။ . . . ယနေ့ [၁၉၈၅ ခု] အထိ​ဆိုလျှင် ဂျပန်​နိုင်ငံ​၌ အမ်​ဒီ​ရောဂါစွဲ​ကပ်​သူ​ပေါင်း ၂,၅၇၈ ဦး​ရှိပြီ​ဖြစ်​ကြောင်း တရားဝင်​သိရှိ​ရ၏။”​—နိုင်ငံတကာ ကပ်ရောဂါ​ဗေဒ​ဂျာနယ်။

[စာမျက်နှာ ၁၇၆ ပါ ရုပ်ပုံ]

ဗျာဒိတ် ၁၁:၁၅-၁၉ ၏ အလွန်​အရေးပါသော ကြေညာ​ချက်​များ​ကား ရှေ့​လာ​မည့်​ရူပါရုံ​များ​၏ ပဏာမ​ဖြစ်သည်။ ဗျာဒိတ် အခန်းကြီး ၁၂ က ဗျာဒိတ် ၁၁:၁၅၊ ၁၇ ပါ မဟာ ကြေညာ​ချက်​ကို နောက်​ပြန်​မီး​မောင်း​ထိုး​လျက် အသေးစိတ်​အချက်အလက်​များ​ကို အကျယ်တဝင့်​ဖော်ပြ​၏။ အခန်းကြီး ၁၃ က မြေကြီးကို​ဖျက်ဆီး​သော စာတန့်​နိုင်ငံရေး​အဖွဲ့အစည်း​၏ အစ​မူလ​နှင့် ၎င်း​ပေါက်ဖွား​လာပုံ​ကို​ဖော်ပြ​ကာ ၁၁:၁၈ ၏​နောက်ခံ​ကို သိမြင်​စေ​သည်။ အခန်းကြီး ၁၄ နှင့် ၁၅ တို့​က သတ္တမ​တံပိုးခရာ​မှုတ်ခြင်း​နှင့်​လည်းကောင်း၊ တတိယ​အမင်္ဂလာ​နှင့်​လည်းကောင်း ဆက်စပ်​သော နိုင်ငံတော်​ဆိုင်ရာ​စီရင်ချက်​များ​ကို ဆက်လက်​ဖော်ပြ​သည်။

[စာမျက်နှာ ၁၇၄ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် “မြေကြီးကို ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ​မည်”