မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏အမျက်တော် ပြီးငြိမ်းခြင်းသို့ရောက်၏

ဘုရားသခင်၏အမျက်တော် ပြီးငြိမ်းခြင်းသို့ရောက်၏

အခန်း ၃၂

ဘုရားသခင်​၏​အမျက်တော် ပြီး​ငြိမ်း​ခြင်း​သို့​ရောက်​၏

၁။ ဖလား​ခု​နစ်​လုံး​ကို အပြီး​သွန်းလောင်း​လိုက်​သောအခါ အဘယ်အရာ​ဖြစ်ပျက်​မည်​ဖြစ်​ပြီး ထို​ဖလား​များနှင့်​ပတ်သက်​၍ ယခု အဘယ်​မေးခွန်းများ ပေါ်လာ​သနည်း။

လား​ခု​နစ်​လုံး  သွန်းလောင်း​ရန်  တာဝန်​ပေး​ခံရ​သော ကောင်းကင်တမန်​များ​အကြောင်းကို ယောဟန် တင်ပြ​ခဲ့​ပြီး​ဖြစ်၏။ သူက “၎င်း [ဖလား] တို့သည် နောက်ဆုံး​ကပ်ဘေး​များ ဖြစ်​ကြသည်။ အကြောင်း​မှာ ၎င်း​ကပ်ဘေး​တို့အား​ဖြင့် ဘုရားသခင်​၏ အမျက်တော်​သည် ပြီး​ငြိမ်း​ခြင်း​သို့ ရောက်​၏” ဟု​ဆို​၏။ (ဗျာဒိတ် ၁၅:၁; ၁၆:၁) မြေကြီးပေါ်​ရှိ ဆိုးသွမ်းမှု​များ​ကို ယေဟောဝါ အရေးယူ​မည်​ဖြစ်​ကြောင်း ဖော်ပြ​သော ထို​ကပ်ဘေး​များ​ကို အကုန်အစင်​သွန်းလောင်း​ရမည်။ ၎င်း​တို့​ပြီးဆုံး​သောအခါ ဘုရားသခင်​၏ တရား​စီရင်ချက်​များလည်း ဖော်ဆောင်​ပြီး ဖြစ်ပါ​လိမ့်​မည်။ စာတန်​၏​လောက​လည်း ရှိတော့မည်​မဟုတ်။ ယင်း​ကပ်ဘေး​များ​က လူသားများ​နှင့် လက်ရှိ​စနစ်ဆိုး​၏ အုပ်စိုးရှင်​များ​အဖို့ အဘယ်​အတိတ်​နိမိတ်​ဖြစ်သနည်း။ ဧကန်​ပျက်​သု​ဉ်း​မည့် ဤ​လောက​နှင့်အတူ ကပ်​မသင့်​ရန် ခရစ်ယာန်​များ မည်သို့​ရှောင်ရှား​နိုင်​သနည်း။ ဤ​မေးခွန်း​များသည် အလွန်​အရေးကြီး​ပြီး ယခု​ဖြေဆို​ရမည်​ဖြစ်၏။ ဖြောင့်မတ်ခြင်း​တရား အောင်လံထူ​သည်ကို တောင့်တသူ​မှန်သမျှ​သည် ယောဟန် ရှေ့ဆက်​မြင်ရသော​အရာ​ကို အထူး​စိတ်ဝင်စား​ပါ​လိမ့်​မည်။

“မြေကြီး” အပေါ် ယေဟောဝါ​၏ အမျက်တော် သင့်ရောက်​ခြင်း

၂။ ပထမ​ကောင်းကင်တမန်​က မိမိ၏​ဖလား​ကို မြေကြီးပေါ်​သို့ သွန်းလောင်း​လိုက်​သောအခါ အဘယ်အရာ​ဖြစ်ပျက်​ပြီး “မြေကြီး” သည် အဘယ်အရာကို​ပုံဆောင်​သနည်း။

ပထမ​ကောင်းကင်တမန် စတင်​လှုပ်ရှား​လေ​ပြီ။ “ပထမ ကောင်းကင်တမန်​သည် သွား​၍ မိမိ၏​ဖလား​ကို မြေကြီးပေါ်​သို့ သွန်းလောင်း​လိုက်​၏။ ထို​အခါ သားရဲ​၏ အမှတ်​တံဆိပ် ပါရှိ​သူများ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သော လူ​တို့​တွင် နာကျင်​၍ အလွန်​ဆိုးဝါး​သော အနာစိမ်း​များ ပေါက်​လေ​၏။” (ဗျာဒိတ် ၁၆:၂) ပထမ​တံပိုးခရာ မှုတ်​သံ​မှာ​ကဲ့သို့၊ “မြေကြီး” သည် လွန်ခဲ့သော​အနှစ် ၄,၀၀၀ ကျော်၊ နိမ်ရောဒ​လက်ထက်​မှ​စ၍ မြေကြီးပေါ်​တွင် စာတန်​တည်ဆောက်​ခဲ့​သော တည်မြဲ​ဟန်​ရှိသည့် နိုင်ငံရေး​စနစ်​ကို ပုံခိုင်း​၏။​—ဗျာဒိတ် ၈:၇

၃။ (က) အစိုးရ​များစွာတို့သည် မိမိတို့​လက်အောက်ခံ​များ​ထံ​မှ ဝတ်ပြုမှု​နှင့်​မ​ခြား​သော အဘယ်အရာကို တောင်းဆို​ကြ​သနည်း။ (ခ) တိုင်းနိုင်ငံ​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ကို အစားထိုး​ရန် အဘယ်အရာကို ဖန်တီး​ခဲ့​သနည်း။ ယင်းကို ကိုးကွယ်​သော​သူများ​အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိ​သနည်း။

ဤ​နောက်ဆုံး​နေ့ရက်​များ​၌ အစိုးရ​များစွာ​တို့​က ဘုရားသခင် သို့​မဟုတ် အခြား​အရာများ​ထက် အမိ​နိုင်ငံ​ကို ဦးထိပ်​ထား​၍ သစ္စာစောင့်သိ​ရမည်ဟု အခိုင်အမာ​ပြော​ပြီး ဝတ်ပြုမှု​နှင့်​မ​ခြား​သော​အရာ​ကို ပေးဆက်​ရန် တိုင်းသူပြည်သား​များ​ထံ​မှ အတင်းအကျပ် တောင်းဆို​ကြသည်။ (၂ တိမောသေ ၃:၁; လုကာ ၂၀:၂၅၊ ယောဟန် ၁၉:၁၅ နှိုင်းယှဉ်။) ၁၉၁၄ ခုနှစ်​မှ​စ၍ တိုင်းနိုင်ငံ​များသည် ခေတ်​သစ်​သမိုင်း စာမျက်နှာ​များ​ကို သွေးစွန်း​ထင်း​စေသော မီးကုန်ယမ်းကုန်​စစ်ပွဲ​များ​တွင် တိုက်ခိုက်​ကြ​ရန်၊ အသင့်​ရှိနေကြ​ရန် မိမိတို့၏ လူငယ်​လူရွယ်​များ​ကို ဥပဒေ​အရ စစ်မှုထမ်း​စေ​လေ့​ရှိသည်။ ထို့​ပြင်၊ လူမျိုးများ​သည် သခင့်​နေ့​တော်​အတွင်း သားရဲ​၏​ရုပ်တု​တည်း​ဟူသော နိုင်ငံ​ပေါင်း​ချုပ်​အသင်း​နှင့် ၎င်း​၏​နောက်​ဆက်ခံ ကုလသမဂ္ဂ​ကို ဖွဲ့စည်း​တည်ထောင်​ပြီး ဘုရားသခင့်​နိုင်ငံတော်​ကို အစားထိုး​ခဲ့​ကြပြီ။ လူ့​အတတ်​ဖြင့်​ဖန်တီး​သော ဤ​အဖွဲ့အစည်း​သည် လူမျိုးများ​၏ တစ်ခု​တည်း​သော ငြိမ်းချမ်းရေး​မျှော်လင့်ချက်​ဖြစ်သည်ဟု မကြာသေးမီ​က ပုပ်​ရဟန်း​မင်း​များ ကြွေးကြော်​ခဲ့​ကြ​သကဲ့သို့ ကြွေးကြော်​ကြသည်​မှာ ဘုရားသခင်​အား စော်ကားခြင်း​ပါ​တကား။ ၎င်း​အဖွဲ့အစည်း​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို စွဲမြဲ​ခိုင်မာ​စွာ အတိုက်အခံပြု​၏။ ၎င်းကို​ကိုးကွယ်​သူတို့သည် မောရှေ​လက်ထက်​က ယေဟောဝါ​အား အတိုက်အခံပြု​သော အီဂျစ်​လူမျိုး ပကတိ​အနာ​များ၊ အနာစိမ်း​များ ပေါက်​သကဲ့သို့ ဝိညာဉ်​ရေး​၌ ညစ်ညူး​ပြီး အနာစိမ်း​ပေါက်​ကြ​၏။​—ထွက်မြောက်ရာ ၉:၁၀-၁၁

၄။ (က) ဘုရားသခင့် ပထမ​အမျက်တော်​ဖလား​ထဲ​မှ အကြောင်းအရာများ​က အဘယ်အရာကို အထူး​အလေးအနက်​ပြု​သနည်း။ (ခ) သားရဲ​၏ အမှတ်​တံဆိပ်​ခံ​သော​သူတို့ကို ယေဟောဝါ မည်သို့ ယူမှတ်​တော်​မူ​သနည်း။

ဤ​ဖလား​ထဲ​မှ အကြောင်းအရာများ​က လူသားများ​ရွေး​ရမည့်​လမ်းကို အလေးအနက်​ဖော်ပြ​၏။ လောက​၏ မလိုမုန်းထား​ခြင်း​ကို ခံ​လျှင်​ခံ၊ မခံ​လျှင် ယေဟောဝါ​၏ အမျက်တော် စူးရှခြင်း​ကို ခံရ​မည်​ဖြစ်၏။ လူသား​တို့သည် သားရဲ​၏ အမှတ်​တံဆိပ်​ကို​ခံရန် နိုင်​လို​မင်း​ထက်​ပြုခြင်း ခံရ​ကြ​၏။ ရည်ရွယ်ချက်မှာ “သားရဲ​၏​အမည် သို့​မဟုတ် ၎င်း​အမည်​၏ ကိန်း​ဂဏန်း​တည်း​ဟူသော ထို​အမှတ်​တံဆိပ် ရိုက်နှိပ်​ထား​သူ​မှတစ်ပါး မည်သူမျှ ရောင်းဝယ်​ခွင့်​မရ” စေရန် ဖြစ်သည်။ (ဗျာဒိတ် ၁၃:၁၆၊ ၁၇) ရောင်းဝယ်​ခွင့်​ရလိုလျှင် တစ်စုံတစ်ရာ အနစ်နာခံ​ရ၏။ ထို​အမှတ်​တံဆိပ် ခံ​သော​သူတို့ကို “နာကျင်​၍ အလွန်​ဆိုးဝါး​သော အနာစိမ်း​ပေါက်” သူများ​အဖြစ် ယေဟောဝါ ယူမှတ်​တော်​မူ​၏။ သူတို့သည် ၁၉၂၂ ခုနှစ်​မှ​စ၍ အသက်ရှင်​တော်​မူ​သော ဘုရားသခင်​အား ငြင်းပယ်​သူများ​အဖြစ် လူရှေ့​သူ​ရှေ့ မှတ်သား​ခံရ​ကြပြီ။ သူတို့၏​နိုင်ငံရေး​စီမံကိန်း​များ မအောင်မြင်​သဖြင့် ပူပန်​သောကရောက်​ကြ​၏။ ဝိညာဉ်​ရေး​အရ ညစ်ညူး​ကြ​၏။ နောင်တ​မရ​လျှင် “နာကျင်” သော ၎င်း​အနာ​သည် ကု​မရနိုင်​သော​အဆင့်​သို့ ရောက်​လိမ့်​မည်။ အကြောင်း​မှာ ယခု​ကား ယေဟောဝါ တရား​စီရင်​ရာ​နေ့​တည်း။ လောကီ​အစီအစဉ်​စနစ်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်​လျှင်​ဖြစ်၊ မဖြစ်​လျှင် ခရစ်တော်​ဘက်​မှ​ရပ်တည်​ပြီး ယေဟောဝါ​အား ဝတ်ပြု​ရမည်။ ကြား​နယ်​ဟူ၍​မရှိ။​—လုကာ ၁၁:၂၃; ယာကုပ် ၄:၄ နှိုင်းယှဉ်။

ပင်လယ်​သည် သွေး​ဖြစ်လာ​၏

၅။ (က) ဒုတိယ​ဖလား​ကို သွန်းလောင်း​သောအခါ အဘယ်အရာ​ဖြစ်ပျက်​သနည်း။ (ခ) ပုံဆောင်​ရာ​ပင်လယ်​ထဲ​တွင် နေထိုင်​သော​သူများကို ယေဟောဝါ မည်သို့ ယူမှတ်​တော်​မူ​သနည်း။

ဘုရားသခင့် ဒုတိယ အမျက်တော်​ဖလား​ကို ယခု​သွန်းလောင်း​ရတော့မည်။ လူသားများ​အဖို့ အဘယ်​အဓိပ္ပာယ်​ရှိ​မည်​နည်း။ ယောဟန် ဤသို့​တင်ပြ​၏– “ဒုတိယ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို ပင်လယ်​ထဲ​သို့ သွန်းလောင်း​လိုက်​၏။ ထို​အခါ ပင်လယ်​သည် လူသေ​၏​သွေး​ကဲ့သို့ ဖြစ်​လေ​၏။ ပင်လယ်​ထဲ​ရှိ သက်ရှိ​သတ္တဝါ​မှန်သမျှ သေကြ​ကုန်​၏။” (ဗျာဒိတ် ၁၆:၃) ဤ​ဖလား​ကို သွန်းလောင်းခြင်းသည် ဒုတိယ​တံပိုးခရာ မှုတ်​သည့်​အခါ​ကဲ့သို့​ပင် ယေဟောဝါ​နှင့်​စိမ်းကား​၍ “ပင်လယ်” ကဲ့သို့​သော မငြိမ်မသက် ပုန်ကန်​ထကြွ​သည့် လူသားထု​ကို ချိန်ရွယ်​၏။ (ဟေရှာယ ၅၇:၂၀၊ ၂၁; ဗျာဒိတ် ၈:၈၊ ၉) ဤ “ပင်လယ်” သည် ယေဟောဝါ​၏​အမြင်​တွင် သွေး​နှင့်​တူ​ပြီး သတ္တဝါ​များနေ​ရန် မသင့်​တော်​သော​နေရာ​ဖြစ်၏။ ထို့​ကြောင့် ခရစ်ယာန်​များ​အနေ​နှင့် ဤ​လောက​၏​အစိတ်အပိုင်း မဖြစ်​သင့်။ (ယောဟန် ၁၇:၁၄) ဘုရားသခင့် ဒုတိယ​အမျက်တော်​ဖလား သွန်းလောင်းခြင်းက ဤ​ပင်လယ်​ထဲ​တွင်​နေထိုင်ကြ​သော လူသားများ​အားလုံး​သည် ယေဟောဝါ​အမြင်​တွင် သေ​လျက်​ရှိကြောင်း ထင်ရှားစေ​သည်။ ဘုံ​လူစု​တာဝန်​ကြောင့် လူသား​တို့သည် သွေးပြစ်​မကင်း​ချေ။ ယေဟောဝါ​၏ အမျက်တော်နေ့ ရောက်လာ​သော​အခါ ကိုယ်တော်​၏ လက်မရွံ့​သားများ​လက်၌ ပကတိ သေရ​ကြ​မည်။​—ဗျာဒိတ် ၁၉:၁၇၊ ၁၈; ဧဖက် ၂:၁၊ ကောလောသဲ ၂:၁၃ နှိုင်းယှဉ်။

သူတို့အား သွေး​ကို​သောက်​စေခြင်း

၆။ တတိယ​ဖလား​ကို သွန်းလောင်း​သောအခါ အဘယ်အရာ​ဖြစ်ပျက်​၍ ကောင်းကင်တမန်​တစ်ပါး​နှင့် ယဇ်​ပလ္လင်​ထံ​မှ အဘယ်​စကား​များ​ကြား​ရသနည်း။

ဘုရားသခင့် တတိယ အမျက်တော်​ဖလား​သည် တတိယ​တံပိုးခရာ မှုတ်​သံ​နည်းတူ ရေချို​ပင်ရင်း​တို့ကို ထိခိုက်​၏။ “တတိယ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို မြစ်များ​နှင့် စမ်းရေ​တွင်း​များ​ထဲ​သို့ သွန်းလောင်း​လိုက်​၏။ ထို​အခါ ရေ​တို့သည် သွေး​ဖြစ်​လေ​၏။ ထို​အခါ ရေ​ကို​စောင့်​သော ကောင်းကင်တမန်​က ‘ပစ္စုပ္ပန်​နှင့် အတိတ်​ကာလ​၌ အစဉ်​ရှိ၍ သစ္စာစောင့်​တော်​မူ​သော​အရှင်၊ ကိုယ်တော်​သည် ဤသို့​စီရင်​ဆုံးဖြတ်​ပြီ​ဖြစ်၍ ဖြောင့်မတ်​တော်​မူ​၏။ အကြောင်း​မှာ သူတို့သည် သန့်ရှင်းသူ​တို့​နှင့် ပရောဖက်​တို့၏​သွေး​ကို သွန်း​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​သည် သူတို့​သောက်​ရန် သွေး​ကို​ပေး​တော်​မူ​ပြီ။ သူတို့သည် ဤ​အပြစ်ဒဏ်​ကို ခံထိုက်​ပါ​၏’ ဟု​ဆို​သည်ကို ငါ​ကြား​ရ၏။ ယဇ်​ပလ္လင်​က​လည်း ‘မှန်လှပါ၊ အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်​၏ စီရင်​ဆုံးဖြတ်ချက်​တို့သည် မှန်ကန်​ဖြောင့်မတ်​ပါ​၏’ ဟု​ဆို​သည်ကို ငါ​ကြား​ရ၏။”​ဗျာဒိတ် ၁၆:၄-၇

၇။ “မြစ်များ​နှင့် စမ်းရေ​တွင်း​များ” က အဘယ်အရာကို ပုံဆောင်​သနည်း။

၎င်း “မြစ်များ​နှင့်​စမ်းရေ​တွင်း​များ” သည် လူတို့၏​အပြု​အမူ​နှင့် ဆုံးဖြတ်ချက်​များ​ကို ထိန်းကွပ်​သော နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံ​ရေး၊ ပညာရေး၊ လူမှုရေး​နှင့် ဘာသာရေး အတွေးအခေါ်​များ​အစ​ရှိသော ဤ​လောက​လက်ခံသည့် လမ်းညွှန်​နှင့် ဉာဏ်ပညာ​တို့၏ အမည်ခံ ရေချို​စမ်း​ပင်ရင်း​များ​ကို ပုံဆောင်​သည်။ လူတို့သည် အသက်ပေး​သော သမ္မာတရား​ကို​ရရှိရန် အသက်​စမ်းရေ​တွင်း​တည်း​ဟူသော ယေဟောဝါ​ကို မျှော်ကိုး​မည့်​အစား ‘မိမိတို့​အဖို့ ပျက်ယွင်း​သော​ရေကျင်း​များ​ကို တူးကြ​ပြီး’ “ဘုရားသခင့်​ရှေ့တော်၌ မိုက်မဲခြင်း​ဖြစ်သော” “လောကီ​ပညာ” ကို အဝ သောက်​ခဲ့​ကြပြီ။​—ယေရမိ ၂:၁၃က​ဘ; ၁ ကောရိန္သု ၁:၁၉; ၂:၆; ၃:၁၉; ဆာလံ ၃၆:၉

၈။ လူသား​တို့သည် အဘယ်​နည်းများဖြင့် သွေးပြစ် ကျူးလွန်​ခဲ့​ကြပြီ​နည်း။

ညစ်ညမ်း​သော ထို “ရေ” များသည် လူ​တို့အား သွေးပြစ်​ကျူးလွန်​စေ​၏။ ဥပမာ ၎င်း​သည် လွန်ခဲ့သော​ရာစုနှစ်​တွင် လူ့​အသက်​ပေါင်း သန်း​တစ်​ရာ​မ​က စတေး​ခဲ့​သော စစ်ပွဲ​များ​၌ အကြီးအကျယ် ပါဝင်​တိုက်ခိုက်​ရန် အားပေး​လှုံ့ဆော်​ခဲ့​သည်။ အထူးသဖြင့် ကမ္ဘာ​စစ်​နှစ်ခု စတင်​ဖြစ်ပွား​ရာ ခရစ်ယာန်ဘောင်​၌ လူတို့သည် ဘုရားသခင်​၏ သက်သေခံ​များ​အပါအဝင် “အပြစ်​မရှိသော​သူ၏​အသက်ကို သတ်​ခြင်း​ငှာ လျင်မြန်​၏။” (ဟေရှာယ ၅၉:၇; ယေရမိ ၂:၃၄) ထို​မျှ​မ​က လူသား​တို့သည် ယေဟောဝါ​၏​ဖြောင့်မတ်​သော ပညတ်​များ​ကို​ချိုးဖောက်​ကာ သွေးသွင်း​ခြင်း​အတွက် သွေး​ကို ဗုံး​ပေါ​လ​အော အသုံးပြုခြင်း​ဖြင့်​လည်း သွေးပြစ် ကျူးလွန်​ကြ​၏။ (ကမ္ဘာဦး ၉:၃-၅; ဝတ်ပြုရာ ၁၇:၁၄; တမန်​တော် ၁၅:၂၈၊ ၂၉) ယင်း​အတွက်၊ သူတို့သည် သွေးသွင်း​ခြင်း​မှ​တစ်ဆင့် အေ့ဒ်စ်၊ အသည်းရောင်​ရောဂါ​နှင့် အခြားသော​ရောဂါ​များ လျင်မြန်​စွာ ကူးစက်​ခံစားရ​သဖြင့် ဝမ်းနည်းပူဆွေး​ခြင်း​ကို ရိတ်သိမ်း​ကြ​လေ​ပြီ။ ပညတ်တော်​ကို​ချိုးဖောက်​သူတို့သည် များ​မကြာမီ “ဘုရားသခင့် အမျက်တော် ဧရာမ​စပျစ်​ကျင်း​ထဲ” ၌ နင်းနယ်​ခံရ​၍ အပြင်းထန်ဆုံး​သော​အပြစ်ဒဏ်​ကို ခံရ​ကြသောအခါ ခပ်သိမ်း​သော သွေး​သွန်း​ခြင်း​အပြစ်​အတွက် လက်စားချေ​တော်​မူ​ခြင်း​ကို ခံရ​ကြလိမ့်မည်။​—ဗျာဒိတ် ၁၄:၁၉၊ ၂၀

၉။ တတိယ​ဖလား သွန်းလောင်းခြင်း​၌ အဘယ်အရာ အကျုံးဝင်​သနည်း။

မောရှေ​လက်ထက်​၌ နိုင်းလ်မြစ် အသွေး​ဖြစ်သွား​သောအခါ အီဂျစ်လူ​တို့သည် အခြား​နေရာများ​မှ​ရေ​ကို သောက်သုံးခြင်း​ဖြင့် ဆက်လက်​အသက်ရှင်​နိုင်​ကြ​၏။ (ထွက်မြောက်ရာ ၇:၂၄) သို့သော် ဝိညာဏ​ကပ်​ဆိုက်​သော ယခု​ခေတ်တွင် စာတန်​၏​လောက​အတွင်း အဘယ်​နေရာ၌​မျှ အသက်ပေး​နိုင်သော​ရေ​ကို ရှာ၍​မရနိုင်​ချေ။ တတိယ​ဖလား သွန်းလောင်းခြင်း​တွင် လောက​၏ “မြစ်များ​နှင့် စမ်းရေ​တွင်း​များ” မှာ သွေး​ကဲ့သို့​ဖြစ်၍ သောက်သုံး​သူအား သေစေနိုင်​သည်​ဟူသော ကြွေးကြော်​ခြင်း အကျုံးဝင်​၏။ လူတို့သည် ယေဟောဝါ​ထံ​တော်​သို့ လှည့်​မလာ​ပါ​က ကိုယ်တော်​၏ အပြစ်ပေး​စီရင်ချက်​ကို ခံရ​ကြလိမ့်မည်။​—ယေဇကျေလ ၃၃:၁၁ နှိုင်းယှဉ်။

၁၀။ “ရေ​ကို​စောင့်​သော ကောင်းကင်တမန်” က အဘယ်အရာကို​သိ​ကြားစေ​ပြီး “ယဇ်​ပလ္လင်” က မည်သို့​ထပ်ဆင့်၍ သက်သေ​ထွက်ဆို​သနည်း။

၁၀ ရေ​များ​ပေါ်​သို့ ဖလား​ကို​သွန်းလောင်း​သော “ရေ​ကို​စောင့်​သော ကောင်းကင်တမန်” က ဖြောင့်မတ်​သော စီရင်​ဆုံးဖြတ်ချက်​ချ​ရာ​၌ အမှား​လုံးဝ​မရှိသော ယေဟောဝါ​အား စကြဝဠာ​တရားသူကြီး​အဖြစ် ချီးမွမ်း​၏။ ထို့​ကြောင့် သူက ကိုယ်တော်​၏ တရား​စီရင်ချက်​နှင့်​ပတ်သက်​၍ “သူတို့သည် ဤ​အပြစ်ဒဏ်​ကို ခံထိုက်​ပါ​၏” ဟု​ဆို​၏။ ဤ​လောက​၏ မှောက်မှားသော​သွန်သင်ချက်​နှင့် အတွေးအခေါ်​များ​၏ လှုံ့ဆော်မှု​ကြောင့် အနှစ်​ထောင်ပေါင်း​များစွာ​တစ်လျှောက် သွေး​ချောင်း​စီး​မှု​နှင့် ရက်စက်မှု အကြီးအကျယ်​ဖြစ်​ခဲ့​သည်ကို ထို​ကောင်းကင်တမန်​ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့​မည်​မုချ။ ထို့​ကြောင့် ယေဟောဝါ​၏ တရား​စီရင်​ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သူသိ​၏။ ဘုရားသခင်​၏ “ယဇ်​ပလ္လင်” ပင် နှုတ်ဆိတ်​၍​မနေ​ချေ။ အသတ်ခံရ​သော သူများ​သည် ထို​ယဇ်​ပလ္လင်​ခြေရင်း​တွင်​ရှိသည်​ဟု ဗျာဒိတ် ၆:၉၊ ၁၀ ၌​ဆို​၏။ ထို့​ကြောင့် ယေဟောဝါ​၏ စီရင်​ဆုံးဖြတ်ချက်​များသည် တရား​မျှတ​၍ ဖြောင့်မတ်​ကြောင်း “ယဇ်​ပလ္လင်” က ထပ်ဆင့်​သက်သေခံ​၏။ * သို့​ဖြစ်၍ ဤမျှ​တိုင်​သွေး​သွန်း​ခြင်း၊ သွေး​အလွဲသုံးခြင်း​ပြုသူ​တို့ကို သွေး​သောက်​စေ​သင့်​သည်။ ယင်းက သူတို့ကို ယေဟောဝါ သေဒဏ်​စီရင်​သည့် အထိမ်းအမှတ်​ဖြစ်သည်။

လူ​တို့အား မီး​ဖြင့် လောင်ကျွမ်း​စေခြင်း

၁၁။ စတုတ္ထ​ဘုရားသခင့်​အမျက်တော်​ဖလား​ကို အဘယ်အရာ​အပေါ်​သို့ ချိန်ရွယ်​၍​သွန်းလောင်း​သနည်း၊ ၎င်းကို​သွန်းလောင်း​သောအခါ အဘယ်အရာ​ဖြစ်ပျက်​သနည်း။

၁၁ ဘုရားသခင့် စတုတ္ထ အမျက်တော်​ဖလား​ကို နေ​ပေါ်​သို့ ချိန်ရွယ်​၍ လောင်း​လိုက်​သည်။ ယောဟန်​ဤသို့​ဆို​၏– “စတုတ္ထ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို နေ​ပေါ်​သို့ သွန်းလောင်း​လိုက်​၏။ ထို​အခါ နေသည် လူ​တို့အား မီး​ဖြင့်​လောင်ကျွမ်း​စေနိုင်​သော အခွင့်​ကို​ရ၏။ လူတို့သည် ပြင်းထန်သော​အပူရှိန်​ဖြင့် လောင်ကျွမ်း​ခံရ​သော်လည်း ထို​ကပ်ဘေး​များ​အပေါ် အခွင့်အာဏာ​ရှိသော ဘုရားသခင်​၏ နာမတော်​ကို စော်ကား​ကြ​၏။ ကိုယ်တော်​၏ ဘုန်းတော်​ကို ချီးမွမ်း​ခြင်း​ငှာ နောင်တ​မရ​ကြ​ချေ။”​—ဗျာဒိတ် ၁၆:၈၊ ၉

၁၂။ ဤ​လောက​၏ “နေ” ကား အဘယ်အရာ​ဖြစ်၍ ပုံဆောင်ချက်​ဖြစ်သော ၎င်း “နေ” အား အဘယ်​အခွင့်​ကို​ပေး​သနည်း။

၁၂ ယနေ့၊ အစီအစဉ်​စနစ်​၏ ဆုံးခန်း​ချိန်​၌ ယေရှု၏ ဝိညာဏ​ညီတော်​များသည် “နေ​ထွန်းလင်း​သကဲ့သို့ မိမိတို့​အဘ​၏​နိုင်ငံတော်​၌ ထွန်းလင်း​ကြ” ၏။ (မဿဲ ၁၃:၄၀၊ ၄၃) ယေရှု​ကိုယ်တော်တိုင် “တရားတော်​နေ​မင်း” ဖြစ်​တော်​မူ​၏။ (မာလခိ ၄:၂) သို့သော် လူသားများ​၌ ကိုယ်ပိုင် “နေ” ဖြစ်သော မိမိတို့၏​အုပ်စိုးရှင်​များ​ရှိကြ​ပြီး ထို​မင်းတို့​သည် ဘုရားသခင့်​နိုင်ငံတော်​နှင့် ဆန့်ကျင်​လျက် ထွန်းလင်း​ရန်​အားထုတ်​ကြ​၏။ စတုတ္ထ​တံပိုးခရာ​မှုတ်​သံ​က ခရစ်ယာန်ဘောင်​၏ ကောင်းကင်​ယံ​မှ ‘နေ၊ လ၊ ကြယ်​တို့’ သည် အလင်း​အိမ်များ​မဟုတ်၊ အမှန်​အားဖြင့် အမှောင်​အိမ်များ​သာ​ဖြစ်​ကြောင်း ကြွေးကြော်​ခဲ့​သည်။ (ဗျာဒိတ် ၈:၁၂) ယခု ဘုရားသခင့် စတုတ္ထ​အမျက်တော်​ဖလား​က လောက​၏ “နေ” သည် မခံမရပ်​နိုင်အောင် ပူပြင်း​လာ​မည်​ဖြစ်​ကြောင်းကို​ပြ​၏။ နေ​မင်း​အလား လူ​တို့​မျှော်ကိုး​သော ထို​ပုဂ္ဂိုလ်​များသည် လူသားများ​အား “လောင်ကျွမ်း​စေ” လိမ့်​မည်။ ပုံခိုင်း​ချက်​ဖြစ်သော နေ​အား ထို​အခွင့်​ကို ပေးအပ်​လိမ့်​မည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် လူသားများ​အပေါ် ကျရောက်​စေသည့် မီး​ကဲ့သို့​သော မိမိ၏​တရား​စီရင်ချက် တစ်စိတ်​တစ်ပိုင်း​အနေ​နှင့် ထိုသို့​ဖြစ်စေ​ရန် ယေဟောဝါ ခွင့်ပြု​တော်​မူ​၏။ အဘယ်​နည်းဖြင့် ထို​လောင်ကျွမ်း​ခြင်း ဖြစ်ပွား​ခဲ့ပြီ​နည်း။

၁၃။ နေကဲ့သို့​သော ဤ​လောက​၏​အုပ်စိုးရှင်​များသည် အဘယ်​နည်းဖြင့် လူသားတို့အား “လောင်ကျွမ်း​စေ” ခဲ့ပြီ​နည်း။

၁၃ ပထမ​ကမ္ဘာ​စစ် ပြီး​နောက်​၌ လောက​အုပ်စိုးရှင်​တို့သည် ကမ္ဘာ့​လုံခြုံရေး​ဆိုင်ရာ ပြဿနာ​ကို​ဖြေရှင်းရန် နိုင်ငံ​ပေါင်း​ချုပ်​အဖွဲ့ကို ဖွဲ့စည်း​တည်ထောင်​သော်လည်း မပြေလည်​ခဲ့​ပါ။ ထို့​ကြောင့် ဖက်ဆစ်​စနစ်​နှင့် နာဇီ​စနစ်​စ​သော အခြား​အုပ်ချုပ်နည်း​များ​ကို စမ်းသပ်​ကြသည်။ ကွန်မြူနစ်​ဝါဒ ဆက်လက်​ပြန့်ပွား​လာ​သည်။ ထို​စနစ်​များ​မှ နေ​နှင့်​တူသော အုပ်စိုးရှင်​တို့သည် လူသားများ​၏​ဘဝကို တိုးတက်​ကောင်းမွန်​လာ​စေ​မည့်​အစား၊ ‘လူသားများ​အား ပြင်းထန်သော​အပူရှိန်​ဖြင့် လောင်ကျွမ်း​စေ’ ကြ​၏။ စပိန်၊ အီသီယိုးပီးယား​နှင့် မ​န်​ချူး​ရီး​ယား​နိုင်ငံ​များ​၏ ပြည်တွင်းစစ်​များ​မှ​တစ်ဆင့် ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်လာ​သည်။ ခေတ်​သစ်​သမိုင်း​မှတ်တမ်းများ​အရ၊ အာဏာရှင် မူ​ဆို​လီ​နီ၊ ဟစ်တလာ​နှင့် စ​တာ​လင်​တို့သည် မိမိတို့၏​နိုင်ငံသား​များ​အပါအဝင် လူ​ကုဋေ​ပေါင်း​များစွာ သေဆုံးရခြင်း​တွင် တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​၍​ဖြစ်စေ တာဝန်​မကင်း ဖြစ်​ခဲ့​ကြသည်။ မကြာသေးမီ​က​လည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အီရန်၊ လက်​ဗ​နွန်​နှင့် အိုင်ယာလန်​အပြင် လက်တင်အမေရိက​နှင့် အာဖရိက​တိုက်​ရှိ နိုင်ငံ​များ​မှာ​ကဲ့သို့ လူတို့သည် အပြည်ပြည်ဆိုင်ရာ​နှင့် ပြည်တွင်းစစ်​ပွဲ​များ​ကြောင့် “လောင်ကျွမ်း” ခံ​ခဲ့​ရ​ကြပြီ။ ထို​မျှ​မ​က အင်အားကြီး​နိုင်ငံ​များ​အချင်းချင်း အဆက်မပြတ် အားပြိုင်​မှု​က​လည်း ရှိသေး၏။ သူတို့၏​ကြောက်​ခ​မ​န်း​လိ​လိ​ဖြစ်သော နျူကလီးယား​လက်နက်များ​သည် လူသား​တစ်ရပ်လုံး​ကို ပြာကျ​စေနိုင်​သည်။ ဤ​နောက်ဆုံး​နေ့ရက်​များ​၌ လူသားထု​သည် ချစ်ချစ်တောက်​ပူ​သည့် “နေ” တည်း​ဟူသော မိမိတို့၏​မဖြောင့်မတ်​သော အုပ်စိုးရှင်​များ​၏ လောင်ကျွမ်း​ခြင်း​ကို တကယ်​ပင်​ခံရ​ကြသည်။ ဘုရားသခင့် စတုတ္ထ​အမျက်တော်​ဖလား သွန်းလောင်းခြင်းက ဤ​သမိုင်း​ဖြစ်ရပ်​များ​ကို အတိအကျ ပြညွှန်​လိုက်ပြီး ဘုရားသခင့်​လူမျိုးတော်​က ဤ​အကြောင်းကို မြေကြီး​တစ်ပြင်လုံး​နှံ့ပြား​အောင် ကြွေးကြော်​ခဲ့ပြီ။

၁၄။ အဘယ်အရာ​သည် လူသား​တို့​ပြဿနာ​၏ တစ်ခု​တည်း​သော ဖြေရှင်း​နည်း​ဖြစ်​ကြောင်း ယေဟောဝါသက်သေ​များ တစ်သမတ်တည်း သင်ကြား​လာ​ခဲ့​ကြ​ပြီး လူသား​အများထု​က မည်သို့​တုံ့ပြန်​ကြ​သနည်း။

၁၄ အကြံအိုက်​လောက်​သော လူ့​ပြဿနာ​၏ တစ်ခု​တည်း​သော​ဖြေရှင်း​နည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​ပင်​ဖြစ်​ကြောင်း ယေဟောဝါသက်သေ​များ တစ်သမတ်တည်း သင်ကြား​လာ​ပါ​သည်။ ယေဟောဝါ​သည် ထို​နိုင်ငံတော်​အားဖြင့် မိမိ၏​နာမတော်​ကို သန့်ရှင်း​စေရန် ရည်ရွယ်​တော်​မူ​၏။ (ဆာလံ ၈၃:၄၊ ၁၇၊ ၁၈; မဿဲ ၆:၉၊ ၁၀) သို့ရာတွင် လူသား​အများထု​သည် ဤ​ဖြေရှင်း​နည်းကို နားမထောင်​ဘဲ​နေကြ၏။ ဖာရော​သည် ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို အသိအမှတ်​မပြု​ဘဲ နေခဲ့​စဉ်​က​ကဲ့သို့၊ နိုင်ငံတော်​ကို ငြင်းပယ်​သူများစွာ​တို့သည် ဘုရားသခင်​၏​နာမတော်​ကို စော်ကား​ကြ​သေး​၏။ (ထွက်မြောက်ရာ ၁:၈-၁၀; ၅:၂) အတိုက်အခံပြု​သော ဤ​သူတို့သည် မေရှိယနိုင်ငံတော်​အပေါ် စိတ်မဝင်စား​ကြ​သဖြင့် နိုင်​လို​မင်း​ထက်​အုပ်ချုပ်​သော ၎င်းတို့၏ ချစ်ချစ်တောက်​ပူပြင်း​သည့် “နေ” အောက်တွင် အဆင်း​ရဲ​ခံ​ခြင်း​ကို ရွေးချယ်​ကြ​၏။

သားရဲ​၏​ပလ္လင်

၁၅။ (က) ပ​ဉ္စ​မ​ဖလား​ကို အဘယ်အရာ​ပေါ် သွန်းလောင်း​သနည်း။ (ခ) “သားရဲ​၏​ပလ္လင်” ကား​အဘယ်အရာ​ဖြစ်​ပြီး ၎င်း​အပေါ် ဖလား​သွန်းလောင်းခြင်း​တွင် အဘယ်အရာ အကျုံးဝင်​သနည်း။

၁၅ နောက်​ကောင်းကင်တမန်​က မိမိ၏​ဖလား​ကို အဘယ်အရာ​ပေါ် သွန်းလောင်း​သနည်း။ “ပ​ဉ္စ​မ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို သားရဲ​၏​ပလ္လင်​ပေါ်​သို့ သွန်းလောင်း​လိုက်​၏။” (ဗျာဒိတ် ၁၆:၁၀က) “သားရဲ” ကား စာတန်​၏​အစိုးရ​စနစ်​ဖြစ်၏။ ၎င်း​သည် ပကတိ​သားရဲ​မဟုတ်​သည်​နည်းတူ ၎င်း​၌​လည်း ပကတိ​ပလ္လင်​မရှိ။ သို့ရာတွင် ပလ္လင်​ဟု​ဆို​ခြင်း​က သားရဲ​သည် လူသားများ​အပေါ် မင်း​အာဏာ​လွှမ်းမိုး​ကြောင်းကို ပြ​၏။ ဤ​အချက်​က သားရဲ​၏​ဦးခေါင်း တစ်လုံးစီ​အပေါ်​တွင် သရဖူ​များ​ရှိသည်​ဟူသော​အချက်​နှင့် ကိုက်ညီ​၏။ အမှန်​သော်၊ “သားရဲ​၏​ပလ္လင်” သည် ထို​အာဏာ​၏​ရင်းမြစ်​ဖြစ်သည်။ * သမ္မာကျမ်းစာ​က “နဂါး​သည် မိမိ၏​တန်ခိုး၊ မိမိ၏​ပလ္လင်​နှင့် ကြီးမားသော​အာဏာ​တို့ကို သားရဲ​အား ပေးအပ်​၏” ဟု​ဆို​သောအခါ သားရဲ​၏​မင်း​အာဏာ​အခြေအနေ​ကို အမှန်အတိုင်း ဖော်ထုတ်​လိုက်​သည်။ (ဗျာဒိတ် ၁၃:၁၊ ၂; ၁ ယောဟန် ၅:၁၉) သို့​ဖြစ်၍ သားရဲ​၏​ပလ္လင်​ပေါ်​သို့ ဖလား​ကို​သွန်းလောင်းခြင်းသည် သားရဲ​ကို အားပေး​အား​မြှောက် ထောက်ခံ​ခြင်း​အမှု၌ စာတန်​ပါဝင်​ဆောင်ရွက်​ခဲ့၊ ဆောင်ရွက်​ဆဲ​ကဏ္ဍ​ကို ဟုတ်​တိုင်း​မှန်ရာ ကြွေးကြော်​ခြင်း​အမှု ပါဝင်​ပတ်သက်​၏။

၁၆။ (က) လူမျိုးများ​သည် သိ​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ မည်​သူ့ကို ဝတ်ပြု​ကြ​သနည်း။ ရှင်းပြပါ။ (ခ) လောကသည် စာတန်​၏​ပင်ကိုစရိုက်​ကို မည်သို့​ရောင်ပြန်ဟပ်​သနည်း။ (ဂ) သားရဲ​၏​ပလ္လင်​သည် အဘယ်အခါ မှောက်လှန်​ခံရ​မည်​နည်း။

၁၆ စာတန်​နှင့် လူမျိုးများ​၏​ဆက်ဆံ​ရေး​သည် အဘယ်အရာအပေါ် အခြေခံ​ထား​သနည်း။ စာတန်​သည် ယေရှုကို​သွေးဆောင်​သောအခါ ယေရှု​အား ရူပါရုံ​တစ်ခု​၌ လောကီ​နိုင်ငံ​ရှိသမျှကို​ပြပြီး “ဤ​တန်ခိုး​အာဏာ ဘုန်း​စည်းစိမ်​ရှိသမျှ” ကို ကမ်း​လှမ်း​ခဲ့​သည်။ သို့သော် စည်းကမ်း​သတ်မှတ်ချက်​တစ်ရပ် လိုက်ပါ​လာ​၏​—ယေရှု​အနေ​နှင့် စာတန့်​ရှေ့တွင် ကိုးကွယ်​သည့် အပြု​အမူ​တစ်ခု​ကို ဦးစွာ​ပြု​ရန်ဖြစ်​သည်။ (လုကာ ၄:၅-၇ခ​မ) လောကီ​အစိုးရ​တို့သည် ထို့​ထက်နည်း​သော အဖိုးအခ​ကို​ပေး​ပြီး အာဏာ​ရရှိ​ကြသည်​ဟု ကျွန်ုပ်​တို့​ယူဆ​နိုင်​သလော။ လုံးဝ​မဖြစ်​နိုင်။ သမ္မာကျမ်းစာ​အရ၊ စာတန်​သည် ဤ​အစီအစဉ်​စနစ်​၏ ဘုရား​ဖြစ်​သဖြင့် တိုင်းနိုင်ငံ​တို့သည် သိ​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ၊ သူ့ကို​ဝတ်ပြု​ကြ​၏။ (၂ ကောရိန္သု ၄:၃၊ ၄) * အမြင်​ကျဉ်း​သော မျိုးချစ်စိတ်၊ မုန်းတီးစိတ်​နှင့် ကိုယ်ကျိုး​စီးပွား​အပေါ် တည်ဆောက်​ထားသော လက်ရှိ​လောကီ​စနစ်​၏ ဖွဲ့စည်းပုံ​ကို​ကြည့်​လျှင် ယင်း​အခြေအနေ​ကို အထင်းသား​တွေ့ရှိ​နိုင်​သည်။ ၎င်း​သည် စာတန်​၏​ဆန္ဒ​အတိုင်း လူသားများ​ကို ချုပ်ကိုင်​နိုင်အောင် ဖွဲ့စည်းထား​၏။ အစိုးရ​ဝန်ထမ်း​များ အကျင့်ပျက်​ပြား​မှု၊ အာဏာမက်​မော​မှု၊ လိမ်လည်​သော သံ​ခင်း​တမန်​ခင်း၊ လက်နက်​အပြိုင်အဆိုင်​တပ်ဆင်​မှု​—ဤ​အရာများ​က စာတန်​၏​ယု​တ်​နိမ့်​သော ပင်ကိုစရိုက်​ကို ထင်ဟပ်​စေ​၏။ လောကသည် စာတန်​၏ မဖြောင့်မတ်​သော​စံနှုန်း​များ​ကို လက်သင့်ခံ​သောကြောင့် စာတန်​ကို မိမိ၏​ဘုရား​ဖြစ်စေ​သည်။ သားရဲ​အမျိုး​ပြုတ်​၍ အဆုံး​၌ ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်​က စာတန်​ကိုယ်နှိုက်​ကို တွင်း​နက်​ကြီး​ထဲ​သို့ ချ​လိုက်​သောအခါ သားရဲ​၏​ပလ္လင်​သည် မှောက်လှန်​ခံရ​လိမ့်​မည်။​—ကမ္ဘာဦး ၃:၁၅; ဗျာဒိတ် ၁၉:၂၀၊ ၂၁; ၂၀:၁-၃

မှောင်မိုက်​နှင့် နာကျင်​ကိုက်ခဲ​သော​ဝေဒနာ

၁၇။ (က) ပ​ဉ္စ​မ​ဖလား​သွန်းလောင်းခြင်းသည် သားရဲ​၏​နိုင်ငံ​ကို အစဉ်​လွှမ်းခြုံ​သော ဝိညာဏ​အမှောင်​နှင့် မည်သို့​ဆက်စပ်​သနည်း။ (ခ) ပ​ဉ္စ​မ​ဘုရားသခင့်​အမျက်တော်​ဖလား သွန်းလောင်းခြင်း​ကို လူ​တို့​မည်သို့​တုံ့ပြန်​ကြ​သနည်း။

၁၇ ဤ​သားရဲ​၏​နိုင်ငံ​သည် အစ​ကတည်းက ဝိညာဏ​အမှောင်​၌​ရှိ၏။ (မဿဲ ၈:၁၂၊ ဧဖက် ၆:၁၁၊ ၁၂ နှိုင်းယှဉ်။) ပ​ဉ္စ​မ​ဖလား​က ယင်း​မှောင်မိုက်​သော​အဖြစ်ကို လူသိရှင်ကြား​ကြေညာ​ရန် အရှိန်မြှင့်​တင်​ပေး​သည်။ ထို​မျှ​မ​က ဤ​ဘုရားသခင့်​အမျက်တော်​ဖလား​ကို ပုံခိုင်း​ချက်​ဖြစ်သော သားရဲ​၏​ပလ္လင်​ပေါ်​သို့ သွန်းလောင်းခြင်း​ဖြင့် ယင်း​အချက်​ကို ပြဇာတ်ဆန်ဆန် တင်ပြ​လိုက်​သည်။ “ထို​အခါ သားရဲ​၏​နိုင်ငံ​သည် မှောင်မိုက်​သွား​သဖြင့် သူတို့သည် ဝေဒနာ​ကြောင့် မိမိတို့​လျှာ​ကို ကိုက်ခဲ​ကြ​၏။ သို့သော် မိမိတို့​ခံရ​သော ဝေဒနာ​နှင့် အနာစိမ်း​များ​အတွက် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​ကို စော်ကား​ကြ​၏။ မိမိတို့၏ အကျင့်​များ​အတွက် နောင်တ​မရ​ကြ။”​ဗျာဒိတ် ၁၆:၁၀ခ၊ ၁၁

၁၈။ ပ​ဉ္စ​မ​တံပိုးခရာ​မှုတ်​သံ​နှင့် ပ​ဉ္စ​မ​ဘုရားသခင့်​အမျက်တော်​ဖလား မည်သို့​ဆင်တူ​သနည်း။

၁၈ ပ​ဉ္စ​မ​တံပိုးခရာ​မှုတ်​သံ​သည် ကျိုင်းကောင်​ကပ်​တစ်ပါး လာတော့​မည့်​အကြောင်းကို ကြေညာ​သည်​ဖြစ်၍ ဘုရားသခင့် ပ​ဉ္စ​မ​အမျက်တော်​ဖလား​နှင့် ချွတ်စွပ်​တူ​သည်မဟုတ်။ သို့ရာတွင် ကျိုင်းကောင်​ကပ်​ကို​လွှတ်​သောအခါ နေ​နှင့်​လေ မှောင်​ကျ​သွား​သည်ကို သတိပြုပါ။ (ဗျာဒိတ် ၉:၂-၅) ထွက်မြောက်ရာ ၁၀:၁၄၊ ၁၅ တွင် အီဂျစ်​ပြည်​ကို ယေဟောဝါ ဒဏ်ခတ်​ရာ​၌ အသုံးပြု​တော်​မူ​သော ကျိုင်းကောင်​များနှင့်​ပတ်သက်​၍ ဤသို့​ဖတ်​ရ​ပါ​သည်– “ထို​ကျိုင်းကောင်​တို့သည် . . . အလွန်​များပြား​ကြ​၏။ ထိုသို့​သော​ကျိုင်း​တို့သည် ရှေး​က​မဖြစ်​စ​ဖူး၊ နောက်​၌​လည်း မဖြစ်ရ​လတ္တံ့။ မြေ​မည်း​သည်​တိုင်အောင် မြေတစ်ပြင်လုံး​ကို​ဖုံးအုပ် [၏။]” မှန်​ပေ​သည်၊ မှောင်​ကြီး​မည်း​ကြီး။ ယနေ့၊ ပ​ဉ္စ​မ​တံပိုးခရာ​မှုတ်ခြင်း​နှင့် ဘုရားသခင့် ပ​ဉ္စ​မ​အမျက်တော်​ဖလား သွန်းလောင်းခြင်း​တို့​ကြောင့် လောက​၏​ဝိညာဏ​အမှောင်​သည် သိသာ​ထင်ရှား​စွာ ပေါ်လွင်​လာ​သည်။ ခေတ်​သစ်​ကျိုင်းကောင်​အုပ် ကြွေးကြော်​သော နာကျင်​စူးရှ​စေသည့် သတင်း​စကား​သည် “အလင်း​ထက် မှောင်မိုက်​ကို သာ၍​နှစ်သက်​ကြ” သော​လူဆိုးများ​အား ညှဉ်းဆဲ​၍ နာကျင်စေ​၏။​—ယောဟန် ၃:၁၉

၁၉။ ဗျာဒိတ် ၁၆:၁၀၊ ၁၁ နှင့်​အညီ၊ စာတန်​ကို ဤ​အစီအစဉ်​စနစ်​၏​ဘုရား​အဖြစ် ဖော်ထုတ်ခြင်း​က အဘယ်အရာ​ဖြစ်စေ​သနည်း။

၁၉ စာတန်​သည် လောက​၏​မင်း​အနေ​နှင့် များစွာသော​ဝမ်းနည်းမှု​နှင့် ဆင်းရဲမှု​ကို ဖြစ်စေ​ခဲ့ပြီ။ အစာ​ရှားပါးမှု၊ စစ်မက်၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ မူးယစ်​ဆေးဝါး​အလွဲသုံး​မှု၊ စာရိတ္တ​ပျက်ပြားမှု၊ လိင်ဆိုင်ရာ​ကူးစက်​သော​ရောဂါ​များ၊ မရိုးသားမှု၊ ဘာသာရေး​အရေခြုံမှု​မ​က အခြား​အခြားသော​အရာများ​သည် စာတန့်​အစီအစဉ်​စနစ်​၏ အမှတ်​တံဆိပ်​ပင်​တည်း။ (ဂလာတိ ၅:၁၉-၂၁ နှိုင်းယှဉ်။) သို့ပင်ငြားလည်း စာတန်​ကို ဤ​အစီအစဉ်​စနစ်​၏ ဘုရား​အဖြစ် လူသိရှင်ကြား ဖော်ထုတ်ခြင်း​ကြောင့် သူ၏​စံနှုန်း​အတိုင်း နေထိုင်​သော​သူများ​အား နာကျင်စေ​၏၊ အရှက်ရ​စေ​၏။ “သူတို့သည် ဝေဒနာ​ကြောင့် . . . မိမိတို့​လျှာ​ကို ကိုက်ခဲ​ကြ​၏။” အထူးသဖြင့် ခရစ်ယာန်ဘောင်​အတွင်း​၌​ဖြစ်၏။ မိမိတို့​နေထိုင်ပုံ မတော်လျော်​ကြောင်း သမ္မာတရား​က ဖော်ထုတ်​လိုက်​သည်ကို လူများစွာ​တို့​က မခံမရပ်​နိုင်​ဖြစ်​ကြ​၏။ အချို့​က မိမိတို့ကို​ခြိမ်းခြောက်​သည်​ဟု ယူမှတ်​ပြီး သမ္မာတရား ကြေညာသူ​တို့ကို နှိပ်စက်​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​ကို ငြင်းပယ်​ပြီး ယေဟောဝါ​၏ သန့်ရှင်းသော​နာမတော်​ကို ကျိန်ဆဲ​ကြ​၏။ သူတို့၏​ဘာသာရေး​အခြေအနေ​သည် ရောဂါ​သင့်​ပြီး အနာစိမ်း​ပေါက်​နေကြောင်း ဘူး​ပေါ်​သလို​ပေါ်လာ​သည့်​အတွက် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​ကို စော်ကား​ကြ​၏။ “မိမိတို့၏ အကျင့်​များ​အတွက် [လုံးဝ] နောင်တ​မရ​ကြ။” ထို့​ကြောင့် အစီအစဉ်​စနစ် မကုန်ဆုံး​မီ လူတို့သည် အလုံးအရင်း​လိုက် ဘာသာ​ပြောင်း​ဝင်လာ​ကြ​မည်​ဟု ကျွန်ုပ်​တို့ မမျှော်လင့်​နိုင်။​—ဟေရှာယ ၃၂:၆

ဥဖရတ်​မြစ် ခန်းခြောက်​ခြင်း

၂၀။ ဆဋ္ဌမ​တံပိုးခရာ​မှုတ်​ချက်​နှင့် ဆဋ္ဌမ​ဖလား​သွန်းလောင်းခြင်း​နှစ်ရပ်​စ​လုံး​၌ ဥဖရတ်​မြစ် မည်သို့​ပါဝင်​ပတ်သက်​သနည်း။

၂၀ ဆဋ္ဌမ​တံပိုးခရာ​မှုတ်​ချက်​က “ဥဖရတ်​မြစ်ကြီးနား​မှာ ချည်နှောင်​ခံရ​သော ကောင်းကင်တမန်​လေးပါး” ဖြေလွှတ်ခြင်း​ကို​ကြေညာ​၏။ (ဗျာဒိတ် ၉:၁၄) သမိုင်း​အရ၊ ဗာဗုလုန်​မြို့​သည် ဥဖရတ်​မြစ်ကို​ခွ၍​တည်​သော မြို့ကြီး​တစ်မြို့​ဖြစ်၏။ ၁၉၁၉ ခုနှစ်​၌ ပုံဆောင်​ကောင်းကင်တမန်​လေးပါး​ကို ဖြေလွှတ်ခြင်း​နှင့်အတူ မဟာ​ဗာဗုလုန် ထူးထူးခြားခြား ကျဆုံး​လေ​သည်။ (ဗျာဒိတ် ၁၄:၈) သို့​ဖြစ်၍ ဘုရားသခင့် ဆဋ္ဌမ​အမျက်တော်​ဖလား​လည်း ဥဖရတ်​မြစ်နှင့်​ပတ်သက်​သည်​မှာ မှတ်သားဖွယ်​ဖြစ်၏– “ဆဋ္ဌမ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို ဥဖရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်းလောင်း​လိုက်​ရာ နေ​ထွက်​ရာ​အရပ်မှ​လာသော ဘုရင်​တို့အတွက် လမ်း​ပြင်​ရန် မြစ်ရေ​ခန်းခြောက်​လေ​၏။” (ဗျာဒိတ် ၁၆:၁၂) ဤ​အချက်​သည်လည်း မဟာ​ဗာဗုလုန်​အတွက် သတင်းဆိုး​ဖြစ်၏။

၂၁၊ ၂၂။ (က) ဘီစီ ၅၃၉ ခုနှစ်​၌ ဗာဗုလုန်​မြို့ကို​အကာအကွယ်​ပေး​သော ဥဖရတ်​မြစ်ရေ​သည် မည်သို့​ခန်းခြောက်​သွား​သနည်း။ (ခ) မဟာ​ဗာဗုလုန်​ထိုင်​သော “ရေ​များ” သည် အဘယ်အရာ​ဖြစ်​ပြီး ယခု​အခါမှာ​ပင် ၎င်း​ပုံဆောင်​ရေ​များ မည်သို့​ခန်းခြောက်​လျက်​ရှိ​သနည်း။

၂၁ ရှေး​ဗာဗုလုန်​နိုင်ငံ ဘုန်း​ရှိန်​အမြင့်ဆုံး​ကာလ​၌ ဥဖရတ်​မြစ်ရေ​သည် ၎င်း​နိုင်ငံ​အဖို့ ကာကွယ်​ရေး​စနစ်​၏ အဓိက​ကဏ္ဍ​တစ်ရပ် ဖြစ်​ခဲ့​သည်။ ဘီစီ ၅၃၉ ခုနှစ်​တွင် ပေရသိ​လူမျိုး၏​ခေါင်းဆောင် ကုရုမင်း​က ၎င်း​မြစ်ကို လမ်းကြောင်း​လွှဲ​လိုက်​သောအခါ မြစ်ရေ​ခန်းခြောက်​သွား​၏။ သို့ဖြင့်၊ “နေ​ထွက်​ရာ​အရပ်” (အရှေ့​အရပ်) မှ​ဘုရင်​တို့​ဖြစ်သော ပေရသိ​လူမျိုး ကုရု​နှင့် မေဒိ​လူမျိုး ဒါရိ​တို့အတွက် ဗာဗုလုန်​မြို့ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​ရန် လမ်းပွင့်​သွား​သည်။ တကယ်​အရေးကြုံ​သော​အချိန်၌ ဥဖရတ်​မြစ်​သည် ထို​မြို့ကြီးကို အကာအကွယ်​မပေးခဲ့​ချေ။ (ဟေရှာယ ၄၄:၂၇–၄၅:၇; ယေရမိ ၅၁:၃၆) ခေတ်​သစ်​ဗာဗုလုန်၊ ကမ္ဘာ့​မိစ္ဆာ​ဘာသာရေး​စနစ်​လည်း အလားတူ​အဖြစ်မျိုး​နှင့် တွေ့ကြုံ​ရတော့မည်။

၂၂ မဟာ​ဗာဗုလုန်​သည် “များစွာသော​ရေ​ပေါ်မှာ​ထိုင်” ၏။ ဗျာဒိတ် ၁၇:၁၊ ၁၅ အရ၊ ၎င်း​ရေ​များ​မှာ အကာအကွယ်​အဖြစ် မဟာ​ဗာဗုလုန်​ယူမှတ်​သော “လူ​ပုဂ္ဂိုလ်​များ၊ လူအုပ်​များ၊ လူမျိုးများ​နှင့် ဘာသာ​စကား​များ” မှ ၎င်း​၏​နောက်လိုက်​များ​ကို ပုံဆောင်​၏။ သို့သော် ၎င်း ‘ရေ​များ’ ခန်းခြောက်​လျက်​ရှိ၏။ ယခင်​က ၎င်း​သြဇာ​ကြီး​ခဲ့​ရာ အနောက်​ဥရောပ​၌ သန်းပေါင်း​ရာ​နှင့်​ချီ​သော လူများ​က ဘာသာ​တရားကို အတိအလင်း လျစ်လျူရှု​လာ​ကြ​၏။ အချို့​နိုင်ငံ​များ​၌ ဘာသာရေး​သြဇာ​ကို ဖျက်ဆီး​ရန်​ပေါ်လစီ ထုတ်ပြန်​ကြေညာ​ထား​သည်​မှာ နှစ်ပေါင်း​များစွာ​ရှိပြီ။ ထို​နိုင်ငံ​ဒေသ​များ​မှ လူထု​သည် ၎င်း​ဘက်​မှ မ​ရပ်တည်​ကြ​ချေ။ ထို့​နည်းတူ မဟာ​ဗာဗုလုန် ဖျက်ဆီး​ခံရ​မည့်​အချိန် ရောက်လာ​သော​အခါ အရေအတွက် လျော့နည်း​လျက်​ရှိသော ၎င်း​၏​နောက်လိုက်​များသည် လုံးဝ​အကာအကွယ် ပေး​မည်​မဟုတ်။ (ဗျာဒိတ် ၁၇:၁၆) မဟာ​ဗာဗုလုန်​က မိမိ​၌ အသင်းသား သန်းပေါင်း​ထောင်ချီ ရှိသည်​ဟု​ဆို​သော်လည်း “နေ​ထွက်​ရာ​အရပ်မှ ဘုရင်​တို့” ၏​တိုက်ခိုက်မှု​မှ မိမိ​အကာအကွယ်​မရ​ကြောင်း တွေ့ရ​လိမ့်​မည်။

၂၃။ (က) ဘီစီ ၅၃၉ ခုနှစ်​၌ “နေ​ထွက်​ရာ​အရပ်” မှ​ဘုရင်​များ မှာ မည်သူ​များ​နည်း။ (ခ) သခင့်​နေ့​တော်​အတွင်း​၌ “နေ​ထွက်​ရာ​အရပ်မှ​ဘုရင်​များ” မှာ မည်သူ​များ​ဖြစ်၍ သူတို့သည် မဟာ​ဗာဗုလုန်​ကို မည်သို့​ဖျက်ဆီး​ကြ​မည်​နည်း။

၂၃ ထို​ဘုရင်​တို့​ကား မည်သူ​တို့​နည်း။ ဘီစီ ၅၃၉ ခုနှစ်​၌ ရှေး​ဗာဗုလုန်​မြို့ကို​သိမ်းပိုက်​ရန် ယေဟောဝါ အသုံးပြု​တော်​မူ​သော​သူများ​မှာ မေဒိ​လူမျိုး ဒါရိ​နှင့် ပေရသိ​လူမျိုး ကုရု​တို့ ဖြစ်​ကြသည်။ ယနေ့ သခင့်​နေ့​တော်​တွင် မိစ္ဆာ​ဘာသာရေး​စနစ် မဟာ​ဗာဗုလုန်​လည်း လူ့​အုပ်စိုးရှင်​များ​၏ ဖျက်ဆီးခြင်း​ကို​ခံရ​မည်။ သို့သော် ဤ​တစ်ကြိမ်​လည်း ဘုရားသခင့် တရား​စီရင်ချက် ဖြစ်​လိမ့်​မည်။ “နေ​ထွက်​ရာ​အရပ်မှ ဘုရင်​တို့” ဖြစ်​ကြသော ယေဟောဝါ​နှင့် ယေရှု​ခရစ်​တို့သည် မဟာ​ဗာဗုလုန်​ကို တိုက်ခိုက်​ချေမှုန်း​ရန် လူ့​အုပ်စိုးရှင်​များ​၏​နှလုံး​ထဲ​သို့ “အကြံ” သွင်း​တော်​မူ​မည်​ဖြစ်သည်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) ဆဋ္ဌမ​ဖလား​သွန်းလောင်းခြင်းက ထို​စီရင်ချက်​အတိုင်း ဆောင်ရွက်​တော့​မည်​ဖြစ်​ကြောင်း လူအများ​အား ကြားသိ​စေ​၏။

၂၄။ (က) ယေဟောဝါ​၏​အမျက်တော်​ဖလား ပထမ​ခြောက်လုံး​ပါ အကြောင်းအရာများ​ကို မည်သို့​ထုတ်ဖော်​ကြေညာ​ပြီး အဘယ်​ရလဒ်​ရရှိ​သနည်း။ (ခ) ကျန်ကြွင်း​သော ဘုရားသခင့် အမျက်တော်​ဖလား​အကြောင်းကို​မတင်ပြ​မီ ဗျာဒိတ်ကျမ်း​က အဘယ်အရာကို​ဖော်ပြ​သနည်း။

၂၄ ယေဟောဝါ​၏ အမျက်တော်​ဖလား ပထမ​ခြောက်လုံး​တွင် အလေးအနက်​စဉ်းစားစရာ သတင်း​စကား​ပါရှိ​၏။ မြေကြီးပေါ်​ရှိ ဘုရားသခင့်​အမှုတော်ထမ်း​များသည် ကောင်းကင်တမန်​များ​၏ အထောက်အမ​ဖြင့် ကမ္ဘာ​တစ်ခွင်လုံး​နှံ့ပြား​အောင် ထို​အကြောင်းအရာများ​ကို မရပ်မနား ကြေညာ​လျက်​ရှိ၏။ ဤ​နည်း​အားဖြင့် စာတန်​၏​ကမ္ဘာ့​စနစ် ရှိရှိသမျှ​အစိတ်အပိုင်း​များ သတိပေး​ခြင်း​ခံရ​ပြီး ယေဟောဝါ​လည်း လူတစ်ဦး​စီ​အား ဖြောင့်မတ်ခြင်း​တရား​ဘက်​သို့​လှည့်​လာ၍ ဆက်လက်​အသက်ရှင်​နိုင်သော အခွင့်အလမ်း​ကို ပေး​တော်​မူ​ပြီ။ (ယေဇကျေလ ၃၃:၁၄-၁၆) ဘုရားသခင့် အမျက်တော်​ဖလား နောက်​တစ်လုံး ကျန်​သေး​၏။ သို့သော် ဗျာဒိတ်ကျမ်း​က ၎င်း​အကြောင်းကို​မတင်ပြ​မီ စာတန်​နှင့် မြေကြီးပေါ်​ရှိ သူ၏​ကိုယ်စားလှယ်​များ​က ယေဟောဝါ​၏ တရား​စီရင်ချက် ကြေညာ​ခြင်း​အမှုကို မည်သို့​တန်ပြန်​ခုခံ​နေကြ​ကြောင်း ဖော်ပြ​၏။

အာမဂေဒုန်​သို့​စုရုံးခြင်း

၂၅။ (က) ညစ်ညူး​၍ ဖား​နှင့်​တူ​သည့် “စေ့ဆော်​သော မြွက်ဆို​ချက်” များ​အကြောင်း ယောဟန်​မည်သို့​တင်ပြ​သနည်း။ (ခ) သခင့်​နေ့​တော်​အတွင်း “ညစ်ညူး​သည့်​ဝိညာဉ် စေ့ဆော်​သော မြွက်ဆို​ချက်” များ​ဖြစ်သော ဖား​ကပ်​နှင့်​တူ​သည့် ရွံရှာဖွယ်​ကပ်ဘေး မည်သို့​ကျရောက်​ခဲ့​ပြီး အဘယ်​ရလဒ်​ဖြစ်​ခဲ့​သနည်း။

၂၅ ယောဟန်​က ဤသို့​ဆို​၏– “ထို​အခါ နဂါး​၏​ခံတွင်း၊ သားရဲ​၏​ခံတွင်း၊ မိစ္ဆာ​ပရောဖက်​၏ ခံတွင်း​မှ ဖား​နှင့်​တူသော ညစ်ညူး​သည့်​ဝိညာဉ် စေ့ဆော်​သော မြွက်ဆို​ချက်​သုံးချက် ထွက်​လာ​သည်ကို ငါ​မြင်ရ​၏။ အမှန်​မှာ ၎င်းတို့သည် နတ်ဆိုး​များ စေ့ဆော်​သော မြွက်ဆို​ချက်​များ​ဖြစ်၍ နိမိတ်​လက္ခဏာများ​ကို ပြ​နိုင်၏။ ၎င်းတို့သည် လူနေထိုင်ရာ မြေကြီး​တစ်ပြင်လုံး​ရှိ ဘုရင်​များ​ထံ​သို့ ထွက်သွား​၍ သူတို့အား အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏ နေ့ကြီး​စစ်ပွဲ​သို့ စုရုံး​စေ​၏။” (ဗျာဒိတ် ၁၆:၁၃၊ ၁၄) မောရှေ​လက်ထက်​၌ ယေဟောဝါ​သည် ဖာရော​မင်း​၏ အီဂျစ်​ပြည်​ပေါ်​သို့ ရွံ​ဖွယ်​ကောင်းသော​ဖား​ကပ် ဆိုက်ရောက်​စေတော်မူ​သဖြင့် “တစ်ပြည်လုံး​နံ​လေ​၏။” (ထွက်မြောက်ရာ ၈:၅-၁၅) သခင့်​နေ့​တော်​အတွင်း​၌​လည်း အခြား​တစ်​နေရာ​မှ​လာသော ဖား​ကပ်​နှင့်​တူ​သည့်​ကပ် ဆိုက်​ခဲ့​သည်။ ၎င်း​၌ “ညစ်ညူး​သည့်​ဝိညာဉ် စေ့ဆော်​သော မြွက်ဆို​ချက်” များ​ပါရှိ​ပြီး ယင်း​တို့သည် လူ့​အုပ်စိုးရှင် “ဘုရင်​များ” အား ယေဟောဝါ ဘုရားသခင်​နှင့် အတိုက်အခံ​ဖြစ်စေ​သော ဝါဒဖြန့်မှု​ကို ပုံဆောင်​သည်​မှာ ရှင်း​နေသည်။ ဤ​နည်း​အားဖြင့် စာတန်​သည် ဘုရားသခင့် အမျက်တော်​ဖလား သွန်းလောင်းခြင်း​ကြောင့် ထို​ဘုရင်​များ ယိမ်းယိုင်​မသွား​စေရန်၊ “အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏ နေ့ကြီး​စစ်ပွဲ” စတင်​သောအခါ မိမိ​ဘက်၌ မားမားမတ်မတ် ရပ်တည်​ကြ​စေရန် အပိုင်​ကြံ​၏။

၂၆။ (က) စာတန်​၏​ဝါဒဖြန့်မှု​သည် အဘယ်​ပင်ရင်း​သုံး​ဌာန​မှ လာ​သနည်း။ (ခ) “မိစ္ဆာ​ပရောဖက်” ကား အဘယ်အရာ​ဖြစ်​ပြီး ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။

၂၆ ထို​ဝါဒဖြန့်မှု​သည် ဗျာဒိတ်ကျမ်း​၌ ကျွန်ုပ်​တို့​တွေ့ခဲ့​ပြီ​ဖြစ်သော သတ္တဝါများ​ဖြစ်သည့် “နဂါး” (စာတန်) နှင့် “သားရဲ” (စာတန်​၏​မြေကြီးဆိုင်ရာ နိုင်ငံရေး​အဖွဲ့) ထံ​မှ​သက်ရောက်​သည်။ သို့သော် “မိစ္ဆာ​ပရောဖက်” ကား အဘယ်နည်း။ ၎င်း​သည် လူသစ်​အမည်ခံ​သာ​ဖြစ်၏။ စောစော​ပိုင်း​တွင် ဦးခေါင်း​ခု​နစ်​လုံး​ရှိသော သားရဲ​ရှေ့၌ နိမိတ်​လက္ခဏာ​ကြီး​များ​ကို​ပြ​သော ဦးချို​နှစ်ချောင်း​ရှိသည့် သိုးသငယ်​နှင့်​တူသော သားရဲ​ကို ကျွန်ုပ်​တို့​မြင်ခဲ့​ပါ​ပြီ။ လှည့်စား​တတ်သော ဤ​သတ္တဝါ​သည် အထက်​က​သားရဲ​အတွက် ပရောဖက်​အဖြစ် ဆောင်ရွက်​၏။ သားရဲ​ကိုးကွယ်​ခြင်း​ကို အားပေး​ရုံ​မ​က ၎င်း​သားရဲ​အတွက် ရုပ်တု​တစ်ခု​ကို​ပင် ထုလုပ်​စေ​၏။ (ဗျာဒိတ် ၁၃:၁၁-၁၄) သိုးသငယ်​ကဲ့သို့​သော ဦးချို​နှစ်ချောင်း​ရှိသည့် ဤ​သားရဲ​သည် ဤ​နေရာ၌​ဖော်ပြ​သော “မိစ္ဆာ​ပရောဖက်” ပင်​ဖြစ်​ရပေမည်။ ဤ​အချက်​ကို ထောက်ခံ​သည့်​အနေ​နှင့် နောက်ပိုင်း၌ မိစ္ဆာ​ပရောဖက်​သည် ဦးချို​နှစ်ချောင်း​ပါ​သော ပုံဆောင်​သားရဲ​နည်းတူ “သားရဲ​၏​အမှတ်​တံဆိပ်​ကို ခံ​သော​သူများ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သော​သူများ​အား လှည့်ဖြား​ရန် [ခေါင်း​ခု​နစ်​လုံး​ရှိသော] သားရဲ​၏​ရှေ့၌ နိမိတ်​လက္ခဏာ​ပြ” ကြောင်း ကျွန်ုပ်​တို့​ဖတ်ရှု​ရ​ပါ​သည်။​—ဗျာဒိတ် ၁၉:၂၀

၂၇။ (က) အဘယ်​အချိန်တန် သတိပေး​ချက်​ကို ယေရှု​ခရစ်​ကိုယ်တော်တိုင် ပေး​တော်​မူ​သနည်း။ (ခ) ယေရှု မြေကြီးပေါ် သက်​တော်​ထင်ရှား​ရှိ​စဉ်​ကာလ​၌ အဘယ်​သတိပေး​ချက် ပေး​တော်​မူ​ခဲ့​သနည်း။ (ဂ) တမန်​တော်​ပေါလု​က ယေရှု၏​သတိပေး​ချက်​ကို မည်သို့​သံယောင်လိုက်​သနည်း။

၂၇ ကျွန်ုပ်​တို့​ပတ်လည်​တွင် စာတန်​၏​ဝါဒဖြန့်​ချက် ဤမျှ​များပြား​လှ​သဖြင့် ယောဟန် ရှေ့ဆက်​မှတ်တမ်းတင်​သည့် စကား​များသည် တကယ်​ပင် အချိန်​အခါသင့်​ပေ​၏– “ကြည့်​လော့။ ငါသည် သူခိုး​ကဲ့သို့​လာ​မည်။ အဝတ်အချည်းစည်း​နှင့် သွားလာ​ရ​သဖြင့် မိမိ၏ ရှက်ဖွယ်​ရာ​အဖြစ်ကို လူ​တို့​တွေ့မြင်​ရသည့် အခြေ​မျိုး မ​ရောက်​စေရန် နိုးနိုးကြားကြား​နေ​လျက် မိမိ၏ အပေါ်ဝတ်ရုံ​များ​ကို စောင့်ကြပ်​သော​သူသည် ပျော်ရွှင်​၏။” (ဗျာဒိတ် ၁၆:၁၅) မည်သူသည် “သူခိုး​ကဲ့သို့” လာ​မည်​နည်း။ ယေရှု​ခရစ်​ပင်​ဖြစ်၏။ ယေဟောဝါ​၏ လက်မရွံ့​အာဏာသား​အဖြစ် မောင်းမ​ခတ်​ဘဲ ကြွလာ​တော်​မူ​မည်။ (ဗျာဒိတ် ၃:၃; ၂ ပေတရု ၃:၁၀) ယေရှု​မြေကြီးပေါ် သက်​တော်​ထင်ရှား​ရှိ​စဉ်​က​လည်း မိမိ၏​ကြွလာခြင်း​ကို သူခိုး​၏​လာ​ခြင်း​နှင့် ခိုင်းနှိုင်း​လျက် ဤသို့​မိန့်တော်မူ၏– “သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။ ထို​ကြောင့် သင်တို့သည် ပြင်ဆင်​လျက်​နေကြ​လော့။ အကြောင်း​မူ​ကား၊ သင်တို့​မထင်မမှတ်​သော အချိန်နာရီ​၌ လူသား​သည် ကြွလာ​လိမ့်​မည်။” (မဿဲ ၂၄:၄၂၊ ၄၄; လုကာ ၁၂:၃၇၊ ၄၀) တမန်​တော်​ပေါလု​က ထို​သတိပေး​ချက်​ကို သံယောင်လိုက်​၍ ဤသို့​ဆို​၏– “သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့ [ယေဟောဝါ] ၏​နေ့ရက်​သည် လာ​လိမ့်​မည်​ကို သင်တို့သည် သေချာ​စွာ​သိ​ကြ​၏။ ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့် ကင်းလွတ်​၏​ဟု​ဆို​စဉ်​တွင် . . . သူတို့​အပေါ်​၌ လျင်မြန်​စွာ​သော ပျက်စီးခြင်း​ရောက် [လိမ့်​မည်။]” စာတန်​သည် “ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့် ကင်းလွတ်​၏” ဟု​တလွဲ​ကြွေးကြော်​စေ​လျက်​ရှိသည်။​—၁ သက်သာလောနိတ် ၅:၂၊ ၃

၂၈။ လောကီ​ဖိအားများ​ကို တွန်းလှန်​ခြင်း​နှင့်​ပတ်သက်​၍ ယေရှု အဘယ်​သို့​သတိပေး​တော်​မူ​ပြီး ခရစ်ယာန်​များ မိမိတို့​အပေါ်​သို့ မကျရောက်​စေ​လို​သည့် “ကျော့ကွင်း​ကဲ့သို့” သော “ထို​နေ့ရက်” ကား အဘယ်နည်း။

၂၈ ဝါဒဖြန့်မှု​နှင့် ပြည့်နှက်​နေသော ဤ​လောကသည် ခရစ်ယာန်​များ​အား မည်သို့သော​ဖိအား​မျိုး​ဖြင့် ဖိစီး​လာနိုင်​ကြောင်းကို​လည်း ယေရှု​သတိပေး​တော်​မူ​၏။ ကိုယ်တော် ဤသို့​မိန့်ဆို​၏– “သင်တို့သည် ကိုယ်ကို​သတိပြု​ကြလော့။ သို့​မဟုတ် အစားအသောက်​လွန်ကြူး​ခြင်း၊ လောကီ​စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်​နေစဉ်​တွင် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်တို့​နှင့် ရုတ်​ခ​နဲ​တွေ့ကြုံ​လိမ့်​မည်။ . . . သင်တို့သည် ဖြစ်လတ္တံ့​သော ထို​အမှုအရာ​အလုံးစုံ​နှင့် ကင်းလွတ်​၍ လူသား​၏​ရှေ့တော်၌ ရပ်နေ​နိုင်​ခွင့် ရ​ကြ​မည်​အကြောင်း အစဉ်​ဆုတောင်း​လျက် စောင့်နေ​ကြလော့။” (လုကာ ၂၁:၃၄-၃၆သမ္မာ) “ထို​နေ့ရက်” ကား “အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏​နေ့ကြီး” ပင်​ဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၄) ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော် သင်္ကာ​ယန​ကင်း​ရာ “ထို​နေ့ရက်” ချဉ်းကပ်​လာ​သည်​နှင့်​အမျှ ဘဝ​စိုးရိမ်မှု​များ​ကို​ဖြေရှင်းရန် ပို​၍​ခက်ခဲ​လာ​သည်။ ခရစ်ယာန်​များ​အနေ​နှင့် ထို​နေ့ရက်​ရောက်လာ​သည်​တိုင်အောင် သတိ​ဝီရိယ​ရှိ​စွာ စောင့်ကြည့်​လျက် နိုးကြား​လျက်​နေ​ရန်လို​သည်။

၂၉၊ ၃၀။ (က) အိပ်​လျက်​နေစဉ် အမိ​ခံရ​သူများ​သည် မိမိတို့၏ “ဝတ်ရုံ​များ” အသိမ်း​ခံရ​၍ အရှက်ကွဲ​မည်​ဟူသော ယေရှု၏​သတိပေး​ချက်​က အဘယ်အရာကို​ဆိုလို​သနည်း။ (ခ) ဝတ်ရုံ​များ​က ဝတ်​ခြုံ​သူများ မည်သူ​ဖြစ်​ကြောင်း​ပြသ​နည်း။ (ဂ) လူတစ်ဦး မိမိ၏​ပုံဆောင်​ဝတ်ရုံ​ကို မည်သို့​ဆုံးရှုံး​နိုင်​ဖို့​အကြောင်း​ရှိပြီး မည်သို့​ဖြစ်​မည်​နည်း။

၂၉ သို့သော် အိပ်ပျော်​သူများ​သည် မိမိတို့၏ “ဝတ်ရုံ​များ” ဆုံးရှုံး​သဖြင့် အရှက်ရ​ကြ​မည်​ဟူသော သတိပေး​ချက်​က အဘယ်အရာကို​ဆိုလို​သနည်း။ ရှေး​ဣသရေလ​ခေတ်​၌ ဗိမာန်တော်တွင် အစောင့်​တာဝန်ကျ​သော ယဇ်ပုရောဟိတ် သို့​မဟုတ် လေဝိ​သား​သည် ကြီး​လေး​သော​တာဝန်​ကို ထမ်းရွက်​ရသည်။ ထိုသို့​တာဝန်ကျ​သူ​တစ်ဦး အိပ်ပျော်​နေသည်​ကို​တွေ့လျှင် လူရှေ့​သူ​ရှေ့ အရှက်ခွဲ​သည့်​အနေ​နှင့် သူ့​အဝတ်ကို​ချွတ်၍ မီးရှို့​လိုက်​သည်​ဟု ဂျူး​ဋီကာ​ဆရာများ​က​ဆို​၏။

၃၀ ယနေ့ အလားတူ​အဖြစ်မျိုး ဖြစ်ပျက်​နိုင်​ကြောင်း ယေရှု သတိပေး​နေခြင်း​ဖြစ်သည်။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​သားများ​သည် ယေရှု၏​ဘိသိက်ခံ​ညီတော်​များ​ကို တင်ကူး​အရိပ်​ပြ​သည်။ (၁ ပေတရု ၂:၉) ယေရှု၏​သတိပေး​ချက်​သည် လူအုပ်ကြီး​နှင့်​လည်း သက်ဆိုင်​၏။ ဤ​ဝတ်ရုံ​များ​က ဝတ်​ခြုံ​သူသည် ယေဟောဝါ​၏ ခရစ်ယာန်​သက်သေ​တစ်ဦး​ဖြစ်​ကြောင်း ထင်ရှားစေ​၏။ (ဗျာဒိတ် ၃:၁၈; ၇:၁၄ နှိုင်းယှဉ်။) မည်သူ​မဆို စာတန့်​လောက​ပေး​သော ဖိအားများ​ကြောင့် အလျှော့ပေး​ကာ အိပ်ပျော်​သွား​လျှင်​ဖြစ်စေ၊ မလှုပ်မရှား​တော့​ဘဲ​နေလျှင်​ဖြစ်စေ မိမိတို့၏​ဝတ်ရုံ ဆုံးရှုံး​သွား​ရန်​အကြောင်း​ရှိ၏။ တစ်နည်း​အားဖြင့် မိမိတို့၏​စင်ကြယ်သော ခရစ်ယာန်​အမှတ်အသား ဆုံးရှုံး​သွား​မည်။ သို့​ဖြစ်​လျှင် ရှက်ဖွယ်​ရာ​ဖြစ်၏။ ဆုလာဘ်​လုံးဝ လက်လွတ်​သွား​မည့် အန္တရာယ်​ရှိ၏။

၃၁။ (က) ဗျာဒိတ် ၁၆:၁၆ က ခရစ်ယာန်​များ နိုးနိုးကြားကြား​နေဖို့လို​ကြောင်း မည်သို့ အလေးအနက်​ပြု​သနည်း။ (ခ) ဘာသာရေး​ခေါင်းဆောင်​အချို့​က အာမဂေဒုန်​နှင့်​ပတ်သက်​၍ အဘယ်​ထင်ကြေး​ပေး​သနည်း။

၃၁ ဗျာဒိတ်ကျမ်း​၏ နောက်​အခန်းငယ်​ဆို​သည့်​အတိုင်း ဖြစ်ပျက်​ရန် အချိန်​နီးလာသည်နှင့်​အမျှ ခရစ်ယာန်​များ နိုးကြား​လျက်​နေ​ရန် ပို​၍​အရေးကြီး​လာ​သည်– “၎င်း​တို့ [နတ်ဆိုး​များ စေ့ဆော်​သော မြွက်ဆို​ချက်​များ] သည် သူတို့ [မြေကြီး​ဘုရင်​များ၊ သို့​မဟုတ် အုပ်စိုးရှင်​များ] အား ဟေဗြဲ​ဘာသာ​အားဖြင့် ဟာ-မဂေဒုန်​ဟု ခေါ်ဝေါ်​သော​အရပ်သို့ စုရုံး​စေ​ကြ​၏။” (ဗျာဒိတ် ၁၆:၁၆) အများအားဖြင့် အာမဂေဒုန်​ဟု​ပြန်ဆို​သော ၎င်း​အမည်​သည် ကျမ်းစာ​၌ တစ်ကြိမ်​တည်း​သာ ပေါ်ပေါက်​၏။ သို့သော် ၎င်း​သည် လူ​တို့အား စဉ်းစားစရာ ဖြစ်စေ​ခဲ့​၏။ ကမ္ဘာ့​ခေါင်းဆောင်​များ​က နျူကလီးယား အာမဂေဒုန်​ဖြစ်​နိုင်​ကြောင်း သတိပေး​ခဲ့​ကြ​၏။ အာမဂေဒုန်​ကို ကျမ်းစာ​ခေတ်​က အနိုင်​အရှုံး အဆုံးအဖြတ်​ပေး​သော စစ်​တ​လင်း၊ ရှေး​မေဂိဒ္ဒေါ​မြို့​နှင့်​လည်း ဆက်စပ်​ပြောဆို​ကြ​၏။ ဘာသာရေး​ခေါင်းဆောင်​အချို့​က ထို​အကန့်အသတ်​ရှိသော​နေရာ၌ ကမ္ဘာ့​နောက်ဆုံး​စစ်ပွဲ​ဖြစ်​မည်​ဟု ထင်ကြေး​ပေး​ကြ​၏။ ဤ​အချက်​၌ သူတို့သည် အမှန်တရား​နှင့် ဝေ​လာ​ဝေး။

၃၂၊ ၃၃။ (က) ဟာ-မဂေဒုန် သို့​မဟုတ် အာမဂေဒုန် ဟူသော​အမည်​သည် ပကတိ​နေရာတစ်ခု​မဟုတ်ဘဲ အဘယ်အရာကို​တင်စား​သနည်း။ (ခ) အခြား​အဘယ်​ကျမ်းစာ​အသုံးအနှုန်း​များသည် “အာမဂေဒုန်” နှင့်​အလားတူ​သနည်း၊ သို့​မဟုတ် ၎င်းနှင့်​ဆက်စပ်​သနည်း။ (ဂ) ဘုရားသခင့် နောက်ဆုံးသော​အမျက်တော်​ဖလား​ကို သတ္တမ​ကောင်းကင်တမန် သွန်းလောင်း​ရန်​အချိန်​သည် အဘယ်အခါ ဆိုက်ရောက်​လာ​မည်​နည်း။

၃၂ ဟာ-မဂေဒုန်​ဟူသော​အမည်​သည် “မေဂိဒ္ဒေါ​တောင်” ကို​ဆိုလို​သည်။ သို့သော် ၎င်း​သည် ပကတိ​နေရာတစ်ခု​မဟုတ်ဘဲ ယေဟောဝါ ဘုရားသခင်​အား အန်တု​သည့်​အနေ​နှင့် လူမျိုးအပေါင်း​တို့ စုရုံး​လာ​ကြ​မည့် ကမ္ဘာ့​အခြေအနေ​ကို တင်စား​၏။ ထို​အခြေအနေ​မျိုး​တွင် ၎င်းတို့ကို နောက်ဆုံး​၌ ဘုရားသခင် ဖျက်ဆီး​တော်​မူ​မည်။ ၎င်း​သည် ကမ္ဘာချီ​ကျယ်ပြန့်​၏။ (ယေရမိ ၂၅:၃၁-၃၃; ဒံယေလ ၂:၄၄၊ ၄၅) လူမျိုး​တို့ကို ယေဟောဝါ​ကွပ်မျက်​ရန် စုဝေး​စေသော “ဘုရားသခင့်​အမျက်တော် ဧရာမ​စပျစ်​ကျင်း၊” “တရား​ဆုံးဖြတ်​ရာ​ချိုင့်၊” “ယောရှဖတ်​ချိုင့်၊” တို့​နှင့်​အလားတူ​၏။ (ဗျာဒိတ် ၁၄:၁၉; ယောလ ၃:၁၂၊ ၁၄သမ္မာ) ထို့​ပြင် မာဂေါဂ​ပြည်သား ဂေါဂ​မင်း​၏ အလွန်​ဆိုးယုတ်​သော​တပ်​များ ဖျက်ဆီး​ခံရ​မည့် “ဣသရေလ​နယ်မြေ” (က​ဘ) နှင့်​လည်းကောင်း၊ မိက္ခေလ​မင်းကြီး​လက်ချက်​ဖြင့် မြောက်ဘုရင် “ဆုံးရှုံး​ရာ​ရောက်” သော “မဟာ​သမုဒ္ဒရာနှင့် သန့်ရှင်းသော ရတနာ​တောင်​စပ်ကြား” ဒေသနှင့်​လည်းကောင်း ဆက်နွှယ်​၏။​—ယေဇကျေလ ၃၈:၁၆-၁၈၊ ၂၂၊ ၂၃; ဒံယေလ ၁၁:၄၅–၁၂:၁သ​မ။

၃၃ စာတန်​နှင့် သူ၏​မြေကြီးဆိုင်ရာ ကိုယ်စားလှယ်​များ​ထံ​မှ​လာ​သည့် ဖား​အော်သံ​ကဲ့သို့​သော ဝါဒဖြန့်​စကား​များ​ကြောင့် လူမျိုးများ ဤ​အခြေအနေ​မျိုး​သို့ စုရုံး​လာ​ကြသောအခါ နောက်ဆုံးသော ဘုရားသခင့်​အမျက်တော်​ဖလား​ကို သတ္တမ​ကောင်းကင်တမန် သွန်းလောင်း​ရန်​အချိန် ဆိုက်ရောက်​လာ​ပါ​လိမ့်​မည်။

“အမှု​ပြီးပြီ”

၃၄။ သတ္တမ​ကောင်းကင်တမန်​သည် အဘယ်အရာ​ပေါ် မိမိ၏​ဖလား​ကို သွန်းလောင်း​လိုက်ပြီး “ကျိန်းဝပ်​ရာ​ဌာနတော်​ထဲ​က ပလ္လင်တော်​မှ” အဘယ်​ကြေညာ​ချက် ထွက်ပေါ်​လာ​သနည်း။

၃၄ “သတ္တမ ကောင်းကင်တမန်​သည် မိမိ၏​ဖလား​ကို လေ​ပေါ်​သို့ သွန်းလောင်း​လိုက်​၏။ ထို​အခါ ကျိန်းဝပ်​ရာ​ဌာနတော်​ထဲ​က ပလ္လင်တော်​မှ ကျယ်​စွာ​သော​စကားသံ ထွက်​လာပြီး ‘အမှု​ပြီးပြီ’ ဟု​ဆို​၏။”​—ဗျာဒိတ် ၁၆:၁၇

၃၅။ (က) ဗျာဒိတ် ၁၆:၁၇ ပါ “လေ” သည် အဘယ်အရာ​နည်း။ (ခ) သတ္တမ​ကောင်းကင်တမန်​က မိမိ၏​ဖလား​ကို လေ​ပေါ်​သို့​သွန်းလောင်း​ရာ​၌ အဘယ်အရာကို ဖော်ထုတ်​သနည်း။

၃၅ “လေ” သည် နောက်ဆုံး​ကပ်​သင့်​သော အသက်ဆက်​ပစ္စည်း​ဖြစ်သည်။ သို့သော် ပကတိ​လေ​မဟုတ်။ ပကတိ​မြေကြီး၊ ပင်လယ်၊ ရေချို​ပင်ရင်း​များ၊ သို့​မဟုတ် နေ​တို့သည် ယေဟောဝါ​လက်တော်​၌ တရား​စီရင်ခြင်း ခံထိုက်​ရာ​များ​မဟုတ်သကဲ့သို့ ပကတိ​လေ​သည်လည်း ယေဟောဝါ​၏ အပြစ်ဒဏ်​စီရင်ခြင်း​ခံထိုက်သော​အကြောင်း ဘာမျှ​မရှိ။ သို့​အစား၊ ၎င်း​ကား စာတန်​ကို “အာကာသ​ကောင်းကင် [“လေ၊” က​ဘ] ၏​တန်ခိုး​ကို​အစိုး​ရသော​မင်း” ဟု​ပေါလု​ခေါ်ဝေါ်​စဉ် ဆွေးနွေး​တင်ပြသော “လေ” ဖြစ်၏။ (ဧဖက် ၂:၂) ယနေ့​လောကရှူရှိုက်​သော စာတန်​ဆိုင်ရာ “လေ၊” စိတ်ဓာတ် သို့​မဟုတ် အစီအစဉ်​စနစ်ဆိုး​တစ်ရပ်လုံး​ကို ကွဲပြား​သိသာ​စေသော လူအများ​၏​စိတ်ဆန္ဒ၊ ယေဟောဝါ​၏​အဖွဲ့အစည်း အပြင်ဘက်​မှ​လူတို့၏ နေထိုင်ပုံ​တစ်ခုလုံး​သို့ စိမ့်ဝင်​နေသော စာတန်​၏ အတွေးအခေါ်​ပင်​ဖြစ်သည်။ ထို့​ကြောင့် သတ္တမ​ကောင်းကင်တမန်​က မိမိ၏​ဖလား​ကို လေ​ပေါ်​သို့ သွန်းလောင်း​သောအခါ စာတန်​နှင့် သူ၏​အဖွဲ့အစည်း​ကိုလည်း​ကောင်း၊ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို​အန်တု​ပြီး စာတန်​ကို​ထောက်ခံ​စေရန် လူသားတို့အား​လှုံ့ဆော်​သော ရှိရှိသမျှ​အရာ​ကိုလည်း​ကောင်း ဘုရားသခင် အမျက်ထွက်​တော်​မူ​ကြောင်း ဖော်ထုတ်​လိုက်​သည်။

၃၆။ (က) ကပ်ဘေး​ခု​နစ်​ပါး​တွင် အဘယ်အရာ​များ ပေါင်းစပ်​ပါဝင်​သနည်း။ (ခ) “အမှု​ပြီးပြီ” ဟူသော ယေဟောဝါ​၏​ကြေညာ​ချက်​က အဘယ်အရာကို​ပြသ​နည်း။

၃၆ ဤ​ကပ်ဘေး​နှင့် အထက်​က ကပ်ဘေး​ခြောက်ပါး​တို့​က စာတန်​နှင့် သူ၏​စနစ်​ပေါ်​ကျရောက်​သော ယေဟောဝါ​၏ တရား​စီရင်ချက်​များ​ကို စုပေါင်း​တင်ပြ​လိုက်​သည်။ စာတန်​နှင့် သူ၏​အမျိုးအနွယ် ဧကန်​ပျက်စီး​မည်​ကို ကြေညာ​ခြင်း​ဖြစ်၏။ နောက်ဆုံးသော​ဤ​ဖလား​ကို သွန်းလောင်း​လိုက်​သောအခါ ယေဟောဝါ​ကိုယ်တော်တိုင် “အမှု​ပြီးပြီ။” ဟု​ကြွေးကြော်​တော်​မူ​၏။ အခြား​ဘာမျှ ထပ်​ပြောစရာ​မရှိတော့။ ဘုရားသခင့် အမျက်တော်​ဖလား​ထဲ​က အကြောင်းအရာများ​ကို ယေဟောဝါ စိတ်တော်​ကျေနပ်​သည့်​အထိ ကြေညာ​ပြီး​သောအခါ ထို​သတင်း​တော်​များ​ထဲ​က တရား​စီရင်ချက်​များ​အတိုင်း မဆိုင်းမတွ ဖော်ဆောင်​တော်​မူ​မည်။

၃၇။ ဘုရားသခင့် သတ္တမ​အမျက်တော်​ဖလား သွန်းလောင်း​သည့်​နောက်​၌ ဖြစ်ပျက်​သော​အရာ​ကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။

၃၇ ယောဟန်​ဆက်လက်​၍ ဤသို့​ဆို​၏– “ထို​နောက် လျှပ်စီး​များ၊ စကားသံ​များနှင့် မိုးခြိမ်းသံ​များ ထွက်ပေါ်​လျက် မြေငလျင်​ကြီးစွာ လှုပ်​လေ​၏။ မြေကြီးပေါ်​တွင် လူသားများ ရောက်ရှိ​ခဲ့​သည့် အချိန်​မှ​စ၍ မဖြစ်​စ​ဖူး​သော အလွန်​ကြီးကျယ် ပြင်းထန်​လှ​သည့် မြေငလျင်​ကြီး ဖြစ်၏။ မြို့ကြီး​သည် သုံး​ပိုင်း​ကွဲ​ကာ လူမျိုးများ​၏ မြို့များ​သည်လည်း ပြိုပျက်​ကုန်​၏။ ဘုရားသခင်​သည် မဟာ​ဗာဗုလုန်​ကို သတိရ​လျက် မိမိ၏ ဒေါသ​အမျက်တော် စပျစ်​ရည်​ဖလား​ကို သူ့​အားပေး​၍ သောက်​စေတော်မူ​၏။ ထို့​ပြင် ကျွန်း​ရှိသမျှသည် ပျောက်လွင့်​၍ တောင်​များ​ကိုလည်း မ​တွေ့ရ​တော့။ တစ်လုံး​လျှင် လေး​ဆယ့်ငါး​ပေါင်​မျှ အလေးချိန်​ရှိသော မိုးသီး​ကြီး​များသည် ကောင်းကင်​မှ လူ​တို့​အပေါ်​သို့ ကျ​ကြ​ကုန်​၏။ မိုးသီး​ကပ်ဘေး​သည် အလွန့်အလွန် ကြီးမား​လှ​သဖြင့် ၎င်း​ကပ်ဘေး​ကြောင့် လူတို့သည် ဘုရားသခင်​အား စော်ကား​ကြ​၏။”​ဗျာဒိတ် ၁၆:၁၈-၂၁

၃၈။ (က) “ငလျင်​ကြီး၊” (ခ) မဟာ​ဗာဗုလုန် “မြို့ကြီး” “သုံး​စိတ်​ကွဲ” သွားခြင်း၊ (ဂ) “ကျွန်း​ရှိသမျှ​ကွယ်ပျောက်​၍ တောင်​များ​ကိုလည်း မ​တွေ့ရ” ခြင်း၊ (ဃ) “မိုးသီး​ကပ်” တို့သည် အဘယ်အရာကို အသီးသီး​ပုံခိုင်း​သနည်း။

၃၈ ယေဟောဝါ​သည် နောက်​တစ်ဖန် လူသားများ​အား ပြတ်ပြတ်သားသား အရေးယူ​တော်​မူ​၏။ ဤ​တစ်ကြိမ်​တွင် “လျှပ်စီး​များ၊ စကားသံ​များနှင့် မိုးခြိမ်းသံ​များ” အားဖြင့်​ဖြစ်၏။ (ဗျာဒိတ် ၄:၅; ၈:၅ နှိုင်းယှဉ်။) လူသားများ​သည် ပြုတ်​ပြုတ်​ပြု​န်း​စေသော မြေငလျင်​ကြီး ကိုင်​လှုပ်​ခံ​လိုက်​သည့်​အလား မကြုံစဖူး​သော​နည်းဖြင့် ကိုင်​လှုပ်​ခံရ​လိမ့်​မည်။ (ဟေရှာယ ၁၃:၁၃; ယောလ ၃:၁၆ နှိုင်းယှဉ်။) မဟာ​ဗာဗုလုန် “မြို့ကြီး” သည် အလွန်​ပြင်းထန်သော ဤ​တုန်ခါမှု​ကြောင့် ပြိုကွဲ​ကာ “သုံး​ပိုင်း” ဖြစ်သွား​၏​—အဖတ်​မ​ဆယ်​နိုင်အောင် ပျက်ပြုန်း​ခြင်း​ကို ပုံဆောင်​၏။ ထို့​ပြင် “လူမျိုးများ​၏​မြို့များ​လည်း” ပြိုလဲ​မည်။ လက်ရှိ​စနစ်​တွင် အလွန်​ခိုင်မြဲ​ဟန်​ရှိသော အဖွဲ့အစည်း​များ၊ ဌာန​များ​တည်း​ဟူသော “တောင်​များ” နှင့် “ကျွန်း​ရှိသမျှ” သည် ကွယ်ပျောက်​ကြလိမ့်မည်။ သတ္တမ​ကပ်ဘေး​အတွင်း အီဂျစ်​ပြည်​ပေါ်​ကျရောက်​သော မိုးသီး​ထက်​ပင်​ကြီးမား​ပြီး တစ်လုံး​လျှင် လေး​ဆယ့်ငါး​ပေါင်​မျှ​လေး​သော “မိုးသီး​ကြီး” များသည် လူသားများ​အပေါ် သဲကြီးမဲကြီး ရွာ​ချ​မည်။ (ထွက်မြောက်ရာ ၉:၂၂-၂၆) ဒဏ်ခတ်​သည့်​အနေ​နှင့် ရေခဲ​တုံး​များ ရွာ​ချ​ခြင်း​သည် လေးနက်​ပြင်းထန်သော ယေဟောဝါ​၏ တရား​စီရင်ချက်​ကို နှုတ်ဖြင့်​ထုတ်ပြန်ခြင်း​ကို ပုံဆောင်​သည်​နှင့်​တူ​ပြီး အစီအစဉ်​စနစ်​၏​အဆုံး ရောက်ပြီ​ဖြစ်​ကြောင်း အချက်ပြ​၏။ ယေဟောဝါ​သည် မိမိ၏​ဖျက်ဆီးခြင်း​အမှု၌ ပကတိ​မိုးသီး​များ​ကိုလည်း သုံးနိုင်​သည်​မှာ အထူး​ဆို​ဖွယ်​မရှိ။​—ယောဘ ၃၈:၂၂၊ ၂၃

၃၉။ လူသား​အများထု​သည် ကပ်ဘေး​ခု​နစ်​ပါး သွန်းလောင်း​ခံရ​လျက်​နှင့် မည်သို့​ပြု​ကြ​မည်​နည်း။

၃၉ ဤနည်းဖြင့် စာတန်​၏​လောကသည် ယေဟောဝါ​၏​ဖြောင့်မတ်​သော တရား​စီရင်ခြင်း​နှင့် ရင်ဆိုင်​ရ​လိမ့်​မည်။ လူသား​အများထု​သည် အဆုံးတိုင်အောင် ဘုရားသခင်​ကို ဆက်လက်​ပြီး အန်တု​၍ စော်ကား​ကြလိမ့်မည်။ ရှေး​က ဖာရော​မင်း​ကဲ့သို့​ပင် သူတို့၏​နှလုံး​သည် ဆ​င့်၍​ဆ​င့်၍​ကျရောက်​သော ကပ်ဘေး​များ​ကြောင့်​ဖြစ်စေ၊ ထို​ကပ်ဘေး​များ​၏ အထွတ်အထိပ်​ဖြစ်သော လူကို​သေစေနိုင်​သည့် ကပ်ဘေး​ကြောင့်​ဖြစ်စေ ပျော့ပျောင်း​လာ​မည်​မဟုတ်။ (ထွက်မြောက်ရာ ၁၁:၉၊ ၁၀) နောက်ဆုံး​မိနစ်​အတွင်း သူတို့သည် ဒုနှင့်ဒေး​ချီ​၍ စိတ်နှလုံး​ပြောင်းလဲခြင်း ရှိ​မည်​မဟုတ်။ “ငါသည် [“ယေဟောဝါ၊” က​ဘ] ဖြစ်​ကြောင်းကို သူတို့​သိရ​ကြလိမ့်မည်” ဟု​ကြွေးကြော်​တော်​မူ​သော ဘုရားသခင်​အား သူတို့သည် အသက်ငင်​နေစဉ်​ပင် ကျိန်ဆဲ​ကြ​ဦး​မည်။ (ယေဇကျေလ ၃၈:၂၃) သို့​တ​စေ အနန္တ​တန်ခိုးရှင် ယေဟောဝါ​ဘုရားသခင်​၏ အချုပ်အခြာအာဏာ​တော်​သည် သင်္ကာ​ယန​ကင်းရှင်း​သွား​မည် ဖြစ်​သတည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 သက်မဲ့​များ သက်သေ​အဖြစ်​ဆောင်ရွက်ခြင်း၊ သို့​မဟုတ် သက်သေ​ထွက်ဆို​ခြင်း​နှင့်​ဆိုင်သော ဥပမာ​များ​အတွက် ကမ္ဘာဦး ၄:၁၀; ၃၁:၄၄-၅၃; ဟေဗြဲ ၁၂:၂၄ တို့​နှင့်​နှိုင်းယှဉ်ပါ။

^ အပိုဒ်၊ 15 ယေရှု​အား ပရောဖက်ပြု​၍​ဆို​သော​စကား​၌ “ပလ္လင်” ဟူသော​စကား​ကို အလားတူ​စွာ အသုံးပြု​ထား​သည်– “ဘုရားသခင်​သည် အနန္တ​ကာလ​တိုင်အောင် ကိုယ်တော်​၏​ပလ္လင်တော် ထာဝစဉ် ဖြစ်​တော်​မူ​၏။” (ဆာလံ ၄၅:၆က​ဘ) ယေဟောဝါ​သည် ယေရှု၏ မင်း​အာဏာ​ရင်းမြစ် သို့​မဟုတ် အုတ်မြစ်​ဖြစ်​တော်​မူ​၏။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂၁ ပါ လေးထောင့်ကွက်]

“မြေကြီးပေါ်​သို့”

ယောဟန်​အတန်းအစား​က “မြေကြီး” အပေါ် ယေဟောဝါ အမျက်ထွက်​တော်​မူ​ကြောင်း အောက်ပါ​ရေးသားချက်​များ​ဖြင့် ကြေညာ​ခဲ့​သည်–

“နိုင်ငံရေး​ပါတီ​များသည် ရာစုနှစ်များစွာ လုံးပန်း​သော်လည်း ယခု​လက်ရှိ အခြေအနေ​များ​ကို မ​ရင်ဆိုင်​နိုင်​ကြောင်း၊ ဒုက္ခ​ပြဿနာ​များ​ကို မဖြေရှင်း​နိုင်​ကြောင်း သက်သေ​ထင်ရှား​ပြီ​ဖြစ်သည်။ ထို​ပုစ္ဆာ​ကို အပတ်တကုတ် လေ့လာ​သုံးသပ်ကြ​သော ဘောဂဗေဒ​ပညာရှင်​များနှင့် နိုင်​ငံ့​ခေါင်းဆောင်​များ​အနေ​နှင့် ဘာမျှ​မတတ်နိုင်​ကြောင်း တွေ့ရ​ကြသည်။”​—ယနေ့​အသက်ရှင်​ဆဲ သန်းပေါင်း​များစွာသော လူတို့သည် ဘယ်တော့​မျှ သေ​မည်​မဟုတ်၊ ၁၉၂၀ ပြည့်နှစ်၊ စာမျက်နှာ ၆၁။

“ယနေ့ ကမ္ဘာ​ပေါ်​တွင် အတော်အတန်​များသော ကမ္ဘာ​သားများ​ကို ကျေနပ်​စေသည့် အစိုးရ​တစ်ဖွဲ့​မျှ​မရှိ။ နိုင်ငံ​အမြောက်အမြား​ကို အာဏာရှင်​များ အုပ်စိုး​နေသည်။ တစ်ကမ္ဘာ​လုံး ချွတ်ခြုံ​ကျ​မတတ်​ဖြစ်နေ​သည်။”​—နှစ်လိုဖွယ် အစိုးရ၊ ၁၉၂၄ ခုနှစ်၊ စာမျက်နှာ ၅။

“ကမ္ဘာ​ပေါ်​မှ အနိ​ဋ္ဌာ​ရုံ​များ​ကို ပယ်ရှင်း​၍ ငြိမ်သက်ခြင်း​နှင့် ဖြောင့်မတ်ခြင်း​တရားကို ပွင့်လန်း​စေ​မည့် တစ်ခု​တည်း​သော​နည်းလမ်း​မှာ လက်ရှိ​အစီအစဉ်​စနစ်​ကို အဆုံးသတ်ခြင်း​ပင်​ဖြစ်၏။” ​—“နိုင်ငံတော်​နှင့်ယှဉ်သော ဤ​သတင်းကောင်း၊” ၁၉၅၄ ခုနှစ်၊ စာမျက်နှာ ၂၅။

“လက်ရှိ​ကမ္ဘာ့​အစီအစဉ်သည် တိုးပွား​နေသော​အပြစ်​နှင့် မဖြောင့်မတ်​မှု၊ ဘုရားသခင်​နှင့် ဘုရားသခင့်​အလိုတော်ကို ပုန်ကန်မှု​တို့​ကြောင့် သိသာ​ထူးခြား​လှ​၏။ . . . ပြုပြင်၍​မရတော့​ပါ။ ထို့​ကြောင့် လွင့်​ကွယ်​ပပျောက်​ရမည်။”​—ကင်းမျှော်စင်၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်၊ စာမျက်နှာ ၆။

[စာမျက်နှာ ၂၂၃ ပါ လေးထောင့်ကွက်​ပုံ]

“ပင်လယ်​ထဲ​သို့”

အောက်ပါ​ရေးသားချက်​များ​မှာ ယေဟောဝါ​နှင့် စိမ်းကား​သော မငြိမ်မသက် တော်လှန်​ပုန်ကန်​သည့် ဘုရားမဲ့​လူသားများ​တည်း​ဟူသော “ပင်လယ်” ကို ဘုရားသခင် အမျက်ထွက်​ကြောင်း ကြေညာ​သည့် ယောဟန်​အတန်းအစား ပုံနှိပ်​ဖြန့်ချိ​သော အချက်အလက် အချို့​မျှ​သာ​ဖြစ်သည်–

“လူမျိုးတိုင်း​၏​သမိုင်းက လူတန်းစား​စပ်ကြား ဆိုင်ပြိုင်​တိုက်ခိုက်မှု​များ အစဉ်​ဖြစ်ပွား​ကြောင်းကို​ပြ​၏။ လူနည်းစု​က လူများ​စု​နှင့် ဆိုင်ပြိုင်​တိုက်ခိုက်​ခြင်း​ဖြစ်သည် . . . ၎င်း​ကြောင့် တော်လှန်ရေး​အမြောက်အမြား၊ ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​နှင့် သွေး​ချောင်း​စီး​မှု​ဖြစ်ပွား​ရသည်။”​—အစိုးရ၊ ၁၉၂၈ ခုနှစ်၊ စာမျက်နှာ ၂၄၄။

ကမ္ဘာသစ်​တွင် “မာရ်နတ်​၏ လက်ကိုင်တုတ်​ဖြစ်သည့် ပုံဆောင်​သော​သားရဲ ထွက်ပေါ်​လာ​ရာ ပုံဆောင်​ရာ ‘ပင်လယ်’ တည်း​ဟူသော မငြိမ်မသက် ပုန်ကန်​ထကြွ​သည့် ဘုရားမဲ့​လူများ​သည် ရှိတော့မည်​မဟုတ်။”​—ကင်းမျှော်စင်၊ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ စာမျက်နှာ ၅၆၇။

“ယခု​လက်ရှိ လူ့​ဘောင်​အဖွဲ့အစည်း​သည် ဝိညာဉ်​ရေး​ဘက်​ဖျားနာ​၍ ရောဂါစွဲ​နေ​၏။ မည်သူမျှ​၎င်းကို မ​ကယ်​နိုင်။ အကြောင်း​မှာ၊ ဘုရားသခင့် နှုတ်ကပါဌ်တော်​က ၎င်း​သည် ဖျား​၍​သေ​မည်​ဟု​ဆို​၏။”​—စစ်မှန်သော ငြိမ်းချမ်းမှု​နှင့် လုံခြုံမှု​—အဘယ်က လာ​မည်​နည်း၊ ၁၉၇၃ ခုနှစ်၊ စာမျက်နှာ ၁၃၁။

[စာမျက်နှာ ၂၂၄ ပါ လေးထောင့်ကွက်]

“မြစ်များ​နှင့် စမ်းရေ​တွင်း​များ​ထဲ​သို့”

တတိယ​ကပ်ဘေး​က အောက်ပါ​ရေးသားချက်​များ​ဖြင့် “မြစ်များ​နှင့် စမ်းရေ​တွင်း​များ” ၏​ဇာတိရုပ်​လုံး​ကို ဖော်ထုတ်​ခဲ့​သည်–

“[ခရစ်တော်​၏] အယူဝါဒ​များ​ကို ပို့ချ​သင်ကြား​သူများ​ဟူသော အမည်​ကို​ခံယူ​သည့် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် စစ်မက်​ကို သိ​ဒ္ဓိ​တင်၍ သန့်ရှင်းသော​အရာ ဖြစ်စေ​သည်။ မိမိတို့၏ ရုပ်ပုံ ရုပ်တု​များ​ကို သွေး​ပေကျံ​သည့် စစ်သူရဲ​များ​၏ ရုပ်ပုံ​ရုပ်တု​များနှင့် ဘေးချင်းယှဉ်​၍​ထား​သည်ကို သဘောကျ​ကြ​၏။”​—ကင်းမျှော်စင်၊ ၁၉၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅၊ စာမျက်နှာ ၂၇၅။

“နတ်​ဝိဇ္ဇာ​အတတ်​သည် နောင်တ​မ​လွန်​ဘဝ​ရှိ၏၊ လူ့​ဝိညာဉ် မသေနိုင်​ဟူသော​မုသာ မဟာ​အမှား​ပေါ် တည်ဆောက်​ထား​သည်။”​—“နောင်တ​မ​လွန်​ဘဝ” နှင့်​ပတ်သက်​၍ ကျမ်းစာ​မည်သို့ ဆို​သနည်း။ ၁၉၅၅ ခုနှစ်၊ စာမျက်နှာ ၅၁။

“လူ့​အတွေးအခေါ်​များ၊ နိုင်ငံရေး သီအိုရီ​ပညာရှင်​များ၊ လူမှုရေး​ဖွဲ့စည်း​သူများ၊ ဘောဂဗေဒ​အကြံပေး​များနှင့် ဘာသာရေး​ရိုးရာ​ဓလေ့ အားပေး​ထောက်ခံသူ​များသည် တကယ့်​အသက်ပေး​နိုင်သော သက်သာ​လန်းဆန်းမှု​ကို မဖြစ်​ထွန်း​စေ​ခဲ့​ပါ။ . . . ထိုသို့​သော​ရေ​များသည် သောက်သုံး​သူများ​အား သွေး​၏​မြင့်မြတ်မှု​ဆိုင်ရာ ဖန်ဆင်း​ရှင်​၏​ပညတ်​ကို ချိုးဖောက်​စေ​သည်​သာမက ဘာသာရေး​နှိပ်စက်​ညှဉ်းပန်းမှု​၌​ပင် ပါဝင်​စေ​သည်။” ၁၉၆၃ ခုနှစ်၊ “ထာဝရ​သတင်းကောင်း” အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​တွင် လက်ခံခဲ့​သော သန္နိ​ဋ္ဌာန်​ပြုချက်။

“လူသား​ကိုယ်နှိုက်​ထံ​မှ ရဖို့​မျှော်လင့်​နိုင်သော​အရာ​မှာ သိပ္ပံ​နည်း​ကျ​သည့် ကယ်တင်ခြင်း​မဟုတ်၊ လူသား​မျိုးနွယ် ပျက်​သု​ဉ်း​ခြင်း​သာ​တည်း။ . . . တစ်ကမ္ဘာ​လုံး​ရှိ စိတ်​ပညာရှင်​များနှင့် စိတ်ရောဂါ​ကု ဆရာဝန်​များ​သော်​မှ လူသား​တို့၏​တွေးခေါ်ပုံ​ကို ပြုပြင်​နိုင်​မည်​ဟု ကျွန်ုပ်​တို့​မမျှော်လင့်​နိုင်။ . . . အပြည်ပြည်​ရဲတပ်ဖွဲ့ ဖွဲ့စည်း​၍ . . . ဤ​ကမ္ဘာ​ကို လုံခြုံ​သော​နေထိုင်ရာ ဖြစ်လာ​စေရန် အားထား​မျှော်လင့်​နိုင်​ခြင်း​မရှိ။”​—နိုင်ငံတော်​နည်းဖြင့် လူသား​မျိုးနွယ်​ကို ကယ်တင်ခြင်း၊ ၁၉၇၀ ပြည့်နှစ်၊ စာမျက်နှာ ၅။

[စာမျက်နှာ ၂၂၅ ပါ လေးထောင့်ကွက်]

“နေ​ပေါ်​သို့”

လူ့​အုပ်ချုပ်ရေး “နေ” သည် သခင့်​နေ့​တော်​အတွင်း လူသားများ​အား အပူ​လောင်​စေ​သည်​နှင့်​အမျှ ယောဟန်​အတန်းအစား​က အောက်ပါ​ကဲ့သို့​သော ရေးသားချက်​များ​ဖြင့် ဖြစ်ပျက်​ခြင်း​ရာ​များ​ကို လူ​တို့အား သတိပြု​စေ​၏–

“ယနေ့ နိုင်ထက်စီးနင်း​ပြုသော အာဏာရှင် ဟစ်တလာ​နှင့် မူ​ဆို​လီ​နီ​တို့သည် တစ်ကမ္ဘာ​လုံး​၏ ငြိမ်းချမ်းရေး​ကို ခြိမ်းခြောက်​နေပြီး သူတို့၏​လွတ်လပ်မှု အဖျက်​လုပ်ငန်း​ကို ရို​မင်​ကက်သလစ် သံ​ဃာ့​အဖွဲ့က အပြည့်အဝ​ထောက်ခံ​၏။”​—ဖက်ဆစ်​ဝါဒ သို့​မဟုတ် လွတ်လပ်မှု၊ ၁၉၃၉ ခုနှစ်၊ စာမျက်နှာ ၁၂။

“သမိုင်း​တစ်လျှောက် လူ့​အာဏာရှင်​များ​ကိုင်စွဲ​သော ပေါ်လစီ​မှာ မ​အုပ်​နိုင်​လျှင်​ဖျက် ဟူ၍​ဖြစ်သည်။ သို့သော် ဘုရားသခင် နန်းတင်​တော်​မူ​သော ဘုရင်​ယေရှု​ခရစ် ယခု​ကျင့်သုံး​သော စည်းမျဉ်း​မှာ အ​အုပ်​အချုပ်​မခံ​လိုလျှင် ပျက်စီးခြင်း​သို့​ရောက်မည် ဟူ၍​တည်း။”​—လူမျိုးအပေါင်း ဘုရားသခင့် နိုင်ငံတော်​အောက် စည်းလုံး​လာသော​အခါ၊ ၁၉၆၁ ခုနှစ်၊ စာမျက်နှာ ၂၃။

“၁၉၄၅ ခုနှစ်​မှ​စ၍ ကမ္ဘာ​တစ်ခွင်​တိုက်ခိုက်​သော စစ်ပွဲ​ပေါင်း ၁၅၀ ၌ လူ ၂၅ သန်း သေကျေ​ခဲ့ပြီ။”​—ကင်းမျှော်စင်၊ ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၅ ရက်၊ စာမျက်နှာ ၆။

“ကမ္ဘာ​တစ်ဝန်း​မှ တိုင်းနိုင်ငံ​များသည် . . . အပြည်ပြည်​တာဝန် သို့​မဟုတ် အကျင့်အကြံ​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​များ​ကို အရေးမစိုက်​ကြ​ချေ။ တိုင်းနိုင်ငံ​အချို့​သည် မိမိတို့​အကြံအစည် ထမြောက်​ရေး​အတွက် လူကို​အစုလိုက်​အပြုံလိုက်​သတ်​ခြင်း၊ လုပ်ကြံ​သတ်ဖြတ်​ခြင်း၊ လေယာဉ်​အပိုင်​စီး​ခြင်း၊ ဗုံးခွဲ​ခြင်း​မှ​စ၍ လိုအပ်​သည်​ဟု မိမိတို့​ထင်​သမျှ​နည်းကို အသုံးပြု​လျှင်​လည်း​မမှား ဟူ၍​ယူဆကြ​၏။ . . . လူမျိုးများ​သည် မိုက်​တွင်း​နက်​၍ တာဝန်​မဲ့သည့် ဤသို့​သော အကျင့်အကြံ​များ​ကို​ပြုလျက် တစ်ဦး​ကိုတစ်​ဦး မည်မျှ​ကြာကြာ သည်းခံ​ကြ​မည်​နည်း။”​—ကင်းမျှော်စင်၊ ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅၊ စာမျက်နှာ ၄။

[စာမျက်နှာ ၂၂၇ ပါ လေးထောင့်ကွက်]

“သားရဲ​၏ ပလ္လင်​ပေါ်​သို့”

ယေဟောဝါသက်သေ​များသည် အောက်ပါ​ကဲ့သို့​သော ရေးသားချက်​များ​ဖြင့် သားရဲ​ပလ္လင်​၏ ဇာတိရုပ်​လုံး​ကို ဖော်ထုတ်​ပြီး ၎င်းကို ယေဟောဝါ အပြစ်စီရင်​တော်​မူ​ကြောင်း ကြေညာ​ခဲ့​ကြပြီ–

“လူမျိုးများ​၏ အုပ်စိုးရှင်​များနှင့် နိုင်ငံရေး​လမ်းပြ​တို့သည် မလို​တ​မာ​စိတ်​ရှိသော လူ့​ထက်​စွမ်း​သည့် အင်အား​များ​၏ ဩဇာ​လွှမ်းမိုးခြင်း​ကို​ခံရ​ပြီး ထို​အင်အား​များသည် သူတို့အား သေကြောင်းကြံ​စေ​သည်​နှင့်​မ​ခြား၊ အပြတ်အသတ်​တိုက်ပွဲ အာမဂေဒုန်​ဆီ​သို့ ဦးတည်​ချီတက်​စေရန် တား​မ​နိုင် ဆီး​မရ မောင်းနှင်​လျက်​ရှိသည်။”​—အာမဂေဒုန်​ပြီး​နောက်​—ဘုရားသခင့် ကမ္ဘာသစ်၊ ၁၉၅၃ ခုနှစ်၊ စာမျက်နှာ ၈။

“သီအိုကရက်တစ် မဟုတ်သော လူ့​အစိုးရ​တည်း​ဟူသော ‘သားရဲ’ သည် နဂါး​လက်​မှ အစွမ်း​တန်ခိုး၊ အာဏာ​နှင့် ပလ္လင်​ကို​ရ၏။ ထို့​ကြောင့် ၎င်း​သည် ပါတီ​၏​မူဝါဒ၊ နဂါး​၏​မူဝါဒ သဘောထား​အတိုင်း လိုက်ရမည်​ဖြစ်၏။”​—အာမဂေဒုန် ပြီး​နောက်​—ဘုရားသခင့် ကမ္ဘာသစ်၊ ၁၉၅၃ ခုနှစ်၊ စာမျက်နှာ ၁၅။

“တစ်ပါး​အမျိုးသား​တို့သည် ဘုရားသခင့် အဓိက​ရန်သူ စာတန်​မာရ်နတ်​ဘက် ရပ်တည်​မည်​သာ​ဖြစ်၏။”​—၁၉၇၃ ခုနှစ် “မြင့်မြတ်​သော​အောင်ပွဲ” အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​တွင် လက်ခံခဲ့​သော သန္နိ​ဋ္ဌာန်​ပြုချက်။

[စာမျက်နှာ ၂၂၉ ပါ လေးထောင့်ကွက်]

၎င်း​၏ “မြစ်ရေ ခန်းခြောက်​လေ​၏”

ယခု​အချိန်​မှာ​ပင် နေရာများ​စွာ​တွင် ဗာဗုလုန်​ဘာသာရေး​၏ အထောက်အမ​သည် ခန်းခြောက်​လျက်​ရှိသဖြင့် “နေ​ထွက်​ရာ​အရပ်မှ ဘုရင်​တို့” တိုက်ခိုက်​လာသော​အခါ မည်သို့​ဖြစ်​မည်​ကို အရိပ်​ပြ​နေသည်။

“ပြည်လုံးကျွတ် စစ်ဆေးချက်​တစ်ချက်​အရ၊ [ထိုင်း​နိုင်ငံ] မြူ​နီ​စီ​ပယ် ဧရိယာ​အတွင်း နေထိုင်သူ ၇၅ ရာ​ခိုင်​နှိုင်း​သည် ဗုဒ္ဓ​ဘာသာ ကျောင်းကန်​များ​သို့​သွား​၍ တရား​နာ​ခြင်း လုံးဝ​မပြု​ကြ​ကြောင်း၊ တော​ရွာ​ပိုင်း​တွင် ကျောင်းကန်​များ​သို့​သွား​၍ ဝတ်​တက်​သော လူ​အရေအတွက်​လည်း ငါးဆယ်​ရာခိုင်နှုန်း​အထိ လျော့နည်း​လျက်​ရှိသည်။”​—ဘန်ကောက်​ပို့​စ်၊ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာ ၇၊ စာမျက်နှာ ၄။

“နှစ်ပေါင်း​နှစ်ထောင်​ခန့်​က တရုတ်​ပြည်​တွင် စတင်​တည်ထောင်​ခဲ့​သော တာ​အို​ဘာသာသည် ၎င်း​နိုင်ငံ​၌ ညှို့​ဓာတ်​မရှိတော့။ . . . ဘုန်းကြီး​များသည် နောက်လိုက်​များစွာ​ရ​ရန် မိမိတို့​နှင့် အထက်​က​ပုဂ္ဂိုလ်​များ အသုံးပြု​သော ပ​ဉ္စ​လက်​အတတ်​များ​ကို မ​သုံးနိုင်​တော့​သဖြင့် နောက်​ဆက်ခံ မရှိတော့​သည့်​အဖြစ်​နှင့် ကြုံနေ​ရပြီး တာ​အို​ဘာသာသည် ပြည်မ​၌ စနစ်တကျ​ဖွဲ့စည်းထား​သော ဘာသာ​အဖြစ်​မှ ပျောက်ကွယ်​ရမည့်​ကိန်း ဆိုက်​နေ​၏။”​—အတ္တလန်တာ ဂျာနယ်​နှင့် ဖွဲ့စည်းပုံ​ဥပဒေ၊ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာ ၁၂၊ စာမျက်နှာ ၃၆-အေ။

“ဂျပန်​နိုင်ငံ​သည် နိုင်ငံ​ခြား​သာသနာပြု အများဆုံး စု​ပြုံ​ရာ​နိုင်ငံ​ဖြစ်၍ ၅,၂၀၀ နီးပါး​ရှိသော်လည်း . . . ခရစ်ယာန်​လူဦးရေ​မှာ ၁% ပင် မပြည့်​ပါ။ ၁၉၅၀ ပြည့်လွန်​နှစ်များ​မှ​စ၍ ဂျပန်​နိုင်ငံ​တွင် လုပ်ဆောင်ခဲ့​သော ဖ​ရန်စ​စ္စ​ကန်​ဘုန်းကြီး​တစ်ပါး​က ‘ဂျပန်​ပြည်​တွင် နိုင်ငံ​ခြား​သာသနာပြု​လုပ်ငန်း​အတွက် အချိန်ကုန်​ဆုံးသွား​ပြီ’ ဟု​ယုံကြည်​၏။”​—ဝေါ​လ်​စ​ထ​ရ​စ်​ဂျာနယ်၊ ၁၉၈၆ ခုနှစ်၊ ဇူလိုင် ၉၊ စာမျက်နှာ ၁။

အင်္ဂလန်​နိုင်ငံ​၌ လွန်ခဲ့သော ဆယ်စုနှစ်​သုံးခု​အတွင်း အင်္ဂလီကန်​ဘုရားကျောင်း အဆောင်​ပေါင်း ၁၆,၀၀၀ အနက် ၂,၀၀၀ နီးပါး​ကို မ​သုံး​တော့​သည့်​အတွက် ပိတ်​လိုက်ရ​သည်။ ကျောင်းတက်​သူ​ဦးရေ​သည် အတိအလင်း ခရစ်ယာန်​အမည်ခံ​သော နိုင်ငံ​များ​အနက် အနည်းဆုံး​ဖြစ်လာ​သည်။ . . . ‘အင်္ဂလန်​သည် ခရစ်ယာန်​နိုင်ငံ​တစ်နိုင်ငံ မဟုတ်​တော့​ချေ’ ဟု [ဒါ​ရမ်​ခရိုင်​မှ​ဘိရှော့] ဆို​၏။” ​—နယူးယောက်​တိုင်း၊ ၁၉၈၇ ခုနှစ်၊ မေ ၁၁၊ စာမျက်နှာ အေ​၄။

“နာရီ​ပေါင်း​များစွာ အကြိတ်အနယ် ငြင်းခုံ​ဆွေးနွေး​ပြီး​နောက် ဆိုရှယ်လစ်​အစိုးရ​သည် ဂရိ​သြ​သ​ဒေါ​က်​ချာ့ခ်ျ​ပိုင်ဆိုင်​သော ခြံမြေ​အမြောက်အမြား​ကို သိမ်းပိုက်​ခွင့်​ရှိသည့် ဥပဒေ​ကို [ဂရိ] ပါလီမန်​က အတည်ပြု​လိုက်​သည်။ . . . ထို​မျှ​မ​က ၎င်း​ဥပဒေက ဟိုတယ်​များ၊ စ​ကျင်​ကျောက် ကျောက်တွင်း​များနှင့် ရုံး​အဆောက်အအုံ​များ​အပါအဝင် များစွာ​အဖိုးထိုက်​သော ချာ့ခ်ျ​၏​ရင်းနှီး​မြှုပ်နှံ​မှုများ​ကို စီမံခန့်ခွဲ​ရန် တာဝန်​ယူ​ထား​သည့် ချာ့ခ်ျ​ကောင်စီ​နှင့် ကော်​မီ​တီ​များ​ကို အုပ်ထိန်းခွင့်​ကိုလည်း ဘုန်းကြီး​မဟုတ်​သူများ​အား ပေး​လိုက်​သည်။”​—နယူးယောက်​တိုင်း၊ ၁၉၈၇ ခုနှစ်၊ ဧပြီ ၄၊ စာမျက်နှာ ၃။

[စာမျက်နှာ ၂၂၂ ပါ ရုပ်ပုံ]

ဘုရားသခင့်​အမျက်တော်​ဖလား ပထမ​လေးခု သွန်းလောင်း​လိုက်​ရာ တံပိုးခရာ​လေးခု မှုတ်​ချိန်​က​ကဲ့သို့ ထပ်တူ​ကပ်ဘေး​များ​ကျရောက်​ခဲ့

[စာမျက်နှာ ၂၂၆ ပါ ရုပ်ပုံ]

ပ​ဉ္စ​မ​ဖလား​ကို သားရဲ​၏​ပလ္လင်​ပေါ် သွန်းလောင်းခြင်းက သားရဲ​ကို စာတန် အာဏာ​ပေး​ထား​ကြောင်း ဖော်ထုတ်

[စာမျက်နှာ ၂၃၁ ပါ ရုပ်ပုံ]

နတ်ဆိုး​တို့၏ ဝါဒဖြန့်မှု​ကြောင့် လူ့​အုပ်စိုးရှင်​များသည် ယေဟောဝါ​၏ စီရင်ခြင်း​ကို​ခံရ​မည့် ဟာ​မဂေဒုန်​အရပ်သို့ စုရုံး​ခံ​ကြ​ရ

[စာမျက်နှာ ၂၃၃ ပါ ရုပ်ပုံ]

စာတန်​၏​ညစ်ညမ်း​သော “လေ” မိ​သူအား​လုံး ယေဟောဝါ​၏ တရား​စီရင်ခြင်း ခံ​ကြ​ရမည်