မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း

ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း

အခန်း ၁၉

ဘုရားသခင်​၏ ဣသရေလ​လူမျိုး​ကို တံဆိပ်​ခတ်​ခြင်း

ရူပါရုံ ၄ ဗျာဒိတ် ၇:၁-၁၇

အကြောင်းအရာ– ၁၄၄,၀၀၀ ကို​တံဆိပ်​ခတ်​သည်။ ယေဟောဝါ​၏​ပလ္လင်တော်​နှင့် သိုးသငယ်​ရှေ့တွင် လူအုပ်ကြီး​တစ်အုပ် ရပ်နေ​သည်ကို တွေ့ရ​သည်။

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်၊ ခရစ်တော်​ယေရှု နန်းထိုင်​ချိန်​မှ အနှစ်​တစ်ထောင် အုပ်စိုးချိန်​အထိ

၁။ အမျက်တော်နေ့​ကြီး​၌ “မည်သူ ခံရပ်​နိုင်​မည်​နည်း။”

“မည်သူ​ခံရပ်​နိုင်​မည်​နည်း။” (ဗျာဒိတ် ၆:၁၇) တကယ်​ပါ၊ မည်သူ​ခံရပ်​နိုင်​မည်​နည်း။ ဘုရားသခင့် အမျက်တော်နေ့​ကြီး​က စာတန့်​စနစ်​ကို ချေမှုန်း​သောအခါ လောကီ​အုပ်စိုးသူ​များနှင့် လောကီ​သားတို့​သည် ထိုသို့​မေး​ကြ​ပေမည်။ သူတို့​အမြင်အရ ကျ​လု​ဆဲ​ကပ်​ဆိုး​ကြီး​သည် လူသား​မှန်သမျှကို သုတ်သင်ပစ်​လိမ့်​မည်။ သို့သော် ထိုသို့​ဖြစ်​မည်​လော။ ဝမ်းသာစရာ​မှာ ဘုရားသခင့် ပရောဖက်​က “ယေဟောဝါ​၏ နာမတော်​ကို ပတ္ထနာ​ပြုသူ​တိုင်း အသက်ချမ်းသာ​ရ​လိမ့်​မည်” ဟု အာမခံ​၏။ (ယောလ ၂:၃၂က​ဘ) တမန်​တော်​ပေတရု​နှင့် ပေါလု​တို့​က​လည်း ယင်း​အချက်​ကို ထောက်ခံ​၏။ (တမန်​တော် ၂:၁၉-၂၁; ရောမ ၁၀:၁၃) မှန်​ပေ​သည် ယေဟောဝါ​၏ နာမတော်​ကို ပတ္ထနာ​ပြုသူ​တို့သည် ကပ်ကျော်​ရ​လိမ့်​မည်။ ဤသူတို့​ကား မည်သူ​များ​နည်း။ နောက်​ရူပါရုံ​လှစ်ဟ​သည့်​အခါ ကျွန်ုပ်​တို့​သိရ​ကြ​မည်။

၂။ ယေဟောဝါ​၏ တရား​စီရင်​ရာ​နေ့ကို ကပ်ကျော်​မည့်​သူများ​ရှိ​မည် ဟူသော​အချက်​သည် အဘယ်ကြောင့်​ထူးခြား​သနည်း။

ယေဟောဝါ​၏ တရား​စီရင်​ရာ​နေ့ကို အရှင်လတ်လတ် ကပ်ကျော်​နိုင်​သည်​မှာ တကယ်​ပင်​ထူး​လှ​၏။ အကြောင်း​မှာ ဘုရားသခင်​၏ နောက်​ပရောဖက်​တစ်ပါး​က ထို​နေ့​တော်​အကြောင်းကို ဤသို့​ဖော်ပြ​လိုက်​သည်– “ထာဝရ​ဘုရား​၏ လေပွေ​တော်​သည် ပူ​သော​အရှိန်​နှင့်​ထွက်​၏။ ပြင်းစွာ​သော​လေပွေ​ဖြစ်၍ မတရားသော​သူတို့​ခေါင်း​ပေါ်မှာ ပြင်းစွာ​တိုက်​လိမ့်​မည်။ ထာဝရ​ဘုရား​သည် လက်​စ​သတ်​၍ အကြံအစည်​တော်​ကို ပြည့်စုံ​စေ​တော်​မ​မူ​မီ ပြင်းစွာ​သော​အမျက်တော် မငြိမ်း​ရ။” (ယေရမိ ၃၀:၂၃၊၂၄) ထို​မုန်တိုင်း​ကို ခံရပ်​နိုင်​ရန် ပြင်ဆင်​ဖို့ အရေးကြီး​လှ​ပြီ။​—သုတ္တံ ၂:၂၂; ဟေရှာယ ၅၅:၆၊ ၇; ဇေဖနိ ၂:၂၊ ၃

လေးမျက်နှာ​လေ​များ

၃။ (က) ကောင်းကင်တမန်​များ​ဆောင်ရွက်​သော အဘယ်​အမှုတော်​ထူး​ကို ယောဟန်​မြင်ရ​သနည်း။ (ခ) “လေးမျက်နှာ​လေ​များ” က ဘာကို​အထိမ်းအမှတ်​ပြု​သနည်း။

၎င်း​အမျက်တော်ကို ယေဟောဝါ လွှတ်တော်​မ​မူ​မီ ကောင်းကင်တမန်​များ အမှုတော်​ထူး​ကို ဆောင်ရွက်​ကြသည်။ ၎င်းကို ရူပါရုံ​၌ ယောဟန်​မြင်ရ​၏။ “ထို​နောက် ကောင်းကင်တမန်​လေးပါး​သည် မြေကြီးစွန်း လေးထောင့်​ပေါ်​တွင်​ရပ်​လျက် မြေကြီးပေါ်၊ ပင်လယ်​ပေါ်၊ မည်သည့်​သစ်ပင်​ပေါ်​မျှ လေ​မ​တိုက်​စေရန် မြေကြီး​၏ လေးမျက်နှာ​လေ​တို့ကို တင်းကျပ်​စွာ ဆုပ်ကိုင်​ထား​သည်ကို ငါ​မြင်ရ​၏။” (ဗျာဒိတ် ၇:၁) ၎င်း​သည် ယနေ့​ကျွန်ုပ်​တို့​အဖို့ ဘာ​အဓိပ္ပာယ်​ရှိ​သနည်း။ “လေးမျက်နှာ​လေ​များ” မှာ ဖျက်ဆီးခြင်း​စီရင်ချက်​၏ ပီပြင်​သော အထိမ်းအမှတ်​ဖြစ်သည်။ ၎င်းကို ဆိုးယုတ်​သော​မြေကြီးဆိုင်ရာ အဖွဲ့အစည်း ပေါ်​သို့​လည်းကောင်း၊ လှိုင်း​ထ​န်​သည့် “ပင်လယ်” တည်း​ဟူသော တရား​မဲ့​လူသားများ ပေါ်​သို့​လည်းကောင်း၊ မြေကြီးသား​၏ ထောက်ခံ​အားပေးမှုကို​ရသော သစ်ပင်​နှင့်​တူ​သည့် ဘဝင်မြင့်​သူ အုပ်စိုးရှင်​များ ပေါ်​သို့​လည်းကောင်း လွှတ်​လု​နီးပြီ။​—ဟေရှာယ ၅၇:၂၀; ဆာလံ ၃၇:၃၅၊ ၃၆

၄။ (က) ကောင်းကင်တမန်​လေးပါး​သည် ဘာကို​ကိုယ်စား​ပြု​သနည်း။ (ခ) လေးမျက်နှာ​လေ​များ​ကို​လွှတ်​သောအခါ စာတန်​၏​မြေကြီး​အဖွဲ့အစည်း​အပေါ် အဘယ်​သက်ရောက်မှု ရှိ​မည်​နည်း။

ထို​ကောင်းကင်တမန်​လေးပါး​က ကောင်းကင်တမန်​လေး​စု​ကို ကိုယ်စား​ပြု​သည်​မှာ သံသယ​မရှိ။ ခန့်အပ်​ချိန်​မတိုင်မီ တရား​စီရင်ခြင်း​မပြု​ဘဲ ထိန်းချုပ်​ထား​ရန် သူတို့ကို ယေဟောဝါ အသုံးပြု​တော်​မူ​၏။ ကောင်းကင်တမန်​များ ထို​အမျက်တော်​လေ​များ​ကို​လွှတ်​၍ အရှေ့​အနောက်​တောင်​မြောက်​မှ တစ်ချိန်တည်း တိုက်ခတ်​စေသော​အခါ ကြီးစွာ​သော​ပျက်စီးခြင်း ဖြစ်​လိမ့်​မည်။ လေးမျက်နှာ​လေ​များ​ကို​သုံး​၍ ဧလံ​လူ​တို့ကို ယေဟောဝါ ကစဉ့်ကလျား​ဖြစ်စေ​လျက် သုတ်သင်​တော်​မူ​သည့်​နည်းတူ ဖြစ်​လိမ့်​မည်။ သို့သော် ထို့​ထက်မက ကြီးကျယ်​လိမ့်​မည်။ (ယေရမိ ၄၉:၃၆-၃၈) အမ္မုန်​နိုင်ငံ​ကို ယေဟောဝါ ချေမှုန်း​စဉ်​က သုံး​တော်​မူ​သော “မုန်တိုင်း” ထက် အဖျက်​အဆီး​ပြင်းထန်သော မိုးသက်မုန်တိုင်း​ကြီး ဖြစ်​လိမ့်​မည်။ (အာမုတ် ၁:၁၃-၁၅) မိမိ၏ အချုပ်အခြာအာဏာ​တော်​ကို အပြီး​အ​ငြိမ်း သင်္ကာ​ယန​ကင်းရှင်း​အောင် ယေဟောဝါ ပြု​တော်​မူ​သော အမျက်တော်နေ့​၌ ကမ္ဘာ​ပေါ်​ရှိ စာတန့်​အဖွဲ့အစည်း​၏ အဘယ်​အပိုင်း​က​မျှ ခံရပ်​နိုင်​မည်​မဟုတ်။​—ဆာလံ ၈၃:၁၅၊ ၁၈; ဟေရှာယ ၂၉:၅၊ ၆

၅။ ဘုရားသခင့် တရား​စီရင်ချက်​များသည် တစ်ကမ္ဘာ​လုံး​ကို​ခြုံ​၍ ထိခိုက်​စေမည်​ဖြစ်​ကြောင်း နားလည်​နိုင်​ရန် ယေရမိ​ပရောဖက်ပြုချက်​က မည်သို့​ကူညီ​သနည်း။

ဘုရားသခင့် တရား​စီရင်ချက်​များ​ကြောင့် တစ်ကမ္ဘာ​လုံး မွှေနှောက်​ခံရ​မည်​လော။ ကိုယ်တော့်​ပရောဖက် ယေရမိကို​နားထောင်ပါ။ “ဘေးသည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူးသွား​လိမ့်​မည်။ မြေကြီး​အစွန်း​အနား​တို့​မှ ပြင်းစွာ​သော​လေပွေ​သည် ထ​လိမ့်​မည်။ ထို​အခါ ထာဝရ​ဘုရား ကွပ်မျက်​တော်​မူ​ခြင်း​ကို ခံရ​သော​သူတို့သည် မြေကြီး​တစ်ဖက်​မှ တစ်ဖက်​တိုင်အောင် နှံ့ပြား​ကြလိမ့်မည်။ သူတို့ကို​မမြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေပေါ်မှာ မ​စင်​ကဲ့သို့ ဖြစ်​ကြလိမ့်မည်။” (ယေရမိ ၂၅:၃၂၊ ၃၃) ဤ​လေပြင်း​မုန်တိုင်း တိုက်ခတ်​စဉ် ဤ​လောက​တစ်ခုလုံး​ကို အမှောင်ထု​ဖုံးလွှမ်း​လိမ့်​မည်။ လောက​၏​အုပ်စိုးရေး​အဖွဲ့​များ ကိုင်​လှုပ်​ခံရ​၍ ပျောက်ကွယ်​ရ​လိမ့်​မည်။ (ဗျာဒိတ် ၆:၁၂-၁၄) သို့သော် လူတိုင်း​အတွက် အနာဂတ်​သည် မှောင်​မည်း​မည်​မဟုတ်။ သို့​ဖြစ်​လျှင် မည်သူ​များ​အတွက် ထို​လေးမျက်နှာ​လေ​များ​ကို ကိုင်ထား​ခြင်း​ဖြစ်သနည်း။

ဘုရားသခင့်​ကျွန်​များ​ကို တံဆိပ်​ခတ်​ခြင်း

၆။ လေးမျက်နှာ​လေ​များ​ကို ဆုပ်ကိုင်​ထား​ရန် ကောင်းကင်တမန်​များ​အား မည်သူ​မိန့်မှာ​သနည်း။ ၎င်း​က ဘာ​အတွက် အချိန်ပေး​သနည်း။

အချို့​သူများ ကပ်ကျော်​ရန် မည်သို့​မှတ်သား​ခံရ​ကြောင်းကို ယောဟန် ဤသို့​ဆက်လက်​ဖော်ပြ​သည်– “ထို့နောက် အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏ တံဆိပ်​တော်​ကို ကိုင်ဆောင်​သော အခြား​ကောင်းကင်တမန်​တစ်ပါး​သည် နေ​ထွက်​ရာ​အရပ်မှ တက်လာ​သည်ကို ငါ​မြင်ရ​၏။ သူသည် မြေကြီး​နှင့် ပင်လယ်​တို့ကို ဘေးပြု​ခွင့်​ရထား​သော ကောင်းကင်တမန် လေးပါး​တို့အား ကျယ်​သော​အသံ​ဖြင့် ဟစ်​လျက် ‘ငါ​တို့​ဘုရားသခင်​၏ ကျွန်​များ​ကို နဖူး​ပေါ်​တွင် ငါ​တို့ တံဆိပ်​မ​ခတ်​မချင်း မြေကြီး၊ ပင်လယ်၊ သစ်ပင်​တို့ကို ဘေးမ​ပြု​ကြ​ပါ​နှင့်’ ဟု​ဆို​၏။”​—ဗျာဒိတ် ၇:၂၊ ၃

၇။ ပ​ဉ္စ​မကောင်း​ကင်​တမန်​မှာ စင်စစ် မည်သူ​နည်း၊ အဘယ်​အထောက်အထား ရှိ​သနည်း။

ဤ​ပ​ဉ္စ​မ​မြောက် ကောင်းကင်တမန်​၏​နာမကို မဖော်ပြသော်လည်း သာဓကရပ်​အားလုံး​က ဘုန်းပွင့်​သခင်​ယေရှု ဖြစ်​ရမည်ကို​ပြ​၏။ ယေရှုသည် ကောင်းကင်တမန်မင်း​ဖြစ်သည်​နှင့်​အညီ ကိုယ်တော်​သည် အခြား​ကောင်းကင်တမန်​များ​အပေါ် အာဏာ​ရှိကြောင်း ဤ​တွင်​ဖော်ပြ​၏။ (၁ သက်သာလောနိတ် ၄:၁၆; ယုဒ ၉) ကိုယ်တော်​သည် အရှေ့​အရပ်မှ တက်ကြွ​လာ​၏။ ဒါရိ​နှင့် ကုရုမင်း​တို့​ချီတက်​ကာ ရှေး​ဗာဗုလုန်​ကို နှိမ်နင်း​ခဲ့​သကဲ့သို့ “နေ​ထွက်​ရာ​အရပ်မှ ဘုရင်​များ” တည်း​ဟူသော ယေဟောဝါ​နှင့် ခရစ်တော် ချီကြွ​လာ​သည့်​နည်းတူ​ဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၂; ဟေရှာယ ၄၅:၁; ယေရမိ ၅၁:၁၁; ဒံယေလ ၅:၃၁) ဤ​ကောင်းကင်တမန်​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​ကို တံဆိပ်​ခတ်​ခြင်း​တာဝန် အပ်နှင်း​ခံရ​ခြင်း​က​လည်း ယေရှု​နှင့်​တူ​သည်။ (ဧဖက် ၁:၁၃၊ ၁၄) ထို့​ပြင် လေ​များ​ကို​လွှတ်​သောအခါ လူမျိုးများ​ကို စီရင်​သုတ်သင်ခြင်း​၌ ကောင်းကင်​တပ်​မများ​ကို ဦးစီးသူ​မှာ ယေရှု​ပင်​ဖြစ်၏။ (ဗျာဒိတ် ၁၉:၁၁-၁၆) သို့​ဖြစ်၍ ဘုရားသခင့်​ကျွန်​များ​ကို တံဆိပ်​မ​ခတ်​မချင်း စာတန့်​မြေကြီး​အဖွဲ့အစည်း​ကို မဖျက်ဆီး​သေး​ဘဲ​နေ​ရန် အမိန့်ထုတ်​သူ​မှာ ယေရှု​ပင်​ဖြစ်​ရ​ပေမည်။

၈။ တံဆိပ်​ခတ်​ခြင်း​မှာ ဘာကို​ဆိုလို​သနည်း၊ အဘယ်​အချိန်​မှ အစပြု​သနည်း။

ဤ​တံဆိပ်​ခတ်​ခြင်း​မှာ ဘာကို​ဆိုလို​၍ ဘုရားသခင်​၏ ဤ​ကျွန်​များ​မှာ မည်သူ​များ​နည်း။ တံဆိပ်​ခတ်​ခြင်း​သည် အဦးဆုံး​သော ဂျူး​ခရစ်ယာန်​များ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ခံ​ရာ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့​မှ အစပြု​သည်။ ၎င်းနောက် “တစ်ပါး​အမျိုးသား​တို့” ထဲ​မှ​လူ​တို့ကို ဘုရားသခင်​ခေါ်တော်မူ​၍ ဘိသိက်ပေး​တော်​မူ​၏။ (ရောမ ၃:၂၉; တမန်​တော် ၂:၁-၄၊ ၁၄၊ ၃၂၊ ၃၃; ၁၅:၁၄) တမန်​တော်​ပေါလု​က ဘိသိက်ခံ​ခရစ်ယာန်​များသည် “ခရစ်တော်​၌​တည်” သည်ကို​ပြ​သော အာမခံချက်​ရှိကြောင်း ရေးသား​ပြီး​နောက် ဘုရားသခင်​သည် “ငါ​တို့ကို​တံဆိပ်​ခတ်​၍ ငါ​တို့​စိတ်နှလုံး​ထဲ​၌ ဝိညာဉ်​တော်​တည်း​ဟူသော​စ​ရန် [“တို​ကင်၊” က​ဘ] ကို သွင်း​ပေး​တော်​မူ​၏” ဟု​ထပ်ဆင့်​တင်ပြ​၏။ (၂ ကောရိန္သု ၁:၂၁၊ ၂၂; ဗျာဒိတ် ၁၄:၁ နှိုင်းယှဉ်။) သို့ဖြင့် ဤ​ကျွန်​များသည် ဘုရားသခင့်​ဝိညာဏ​သားများ​အဖြစ် မွေးစား​ခံရ​သော​အခါ မိမိတို့​ကောင်းကင်​အမွေ​၏ တို​ကင်​တည်း​ဟူသော​တံဆိပ် သို့​မဟုတ် အာမခံ​ပစ္စည်း​ကို စ​ရန်​အဖြစ်​ရ​ကြ​၏။ (၂ ကောရိန္သု ၅:၁၊ ၅; ဧဖက် ၁:၁၀၊ ၁၁) သို့ဖြင့် သူတို့က “ငါ​တို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြသည်​ဟု ဝိညာဉ်တော်သည် ငါ​တို့၏​ဝိညာဉ်​နှင့်အတူ သက်သေခံ​တော်​မူ​၏။ သား​မှန်​လျှင်​အမွေခံ၊ ဘုရားသခင်​၏​အမွေခံ​ဖြစ်​ကြ​၏။ ခရစ်တော်​နှင့်အတူ ဘုန်းဝင်စား​မည်​အကြောင်း၊ ထို​သခင်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ကို​ခံရ​လျှင် ထို​သခင်​နှင့်​ဆက်ဆံ​သော အမွေခံ​လည်း​ဖြစ်​ကြ​၏” ဟု​ဆိုနိုင်​ကြ​၏။​—ရောမ ၈:၁၅-၁၇

၉။ (က) ကျန်ကြွင်း​သော ဘုရားသခင့် ဝိညာဉ်​တော်​ဖွား သားများ​အနေ​နှင့် အဘယ်​ကြံ့ကြံ့ခံ​နိုင်​မှု ရှိဖို့လို​သနည်း။ (ခ) ဘိသိက်ခံ​များ​ကို စမ်းသပ်ခြင်း​သည် မည်မျှ​တာ​ရှည်​မည်​နည်း။

“ထို​သခင်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ကို​ခံရ​လျှင်” ဟူသော​အချက်​မှာ ဘာ​အဓိပ္ပာယ်​နည်း။ ဘိသိက်ခံ​ခရစ်ယာန်​များသည် အသက်​သရဖူ​ရဖို့ သေ​သည်​တိုင် သစ္စာရှိ​ရှိ​ကြံ့ကြံ့ခံ​ရမည်။ (ဗျာဒိတ် ၂:၁၀) ‘တစ်ခါ​ကယ်တင်ခြင်း​ရ​လျှင် အစဉ်​ကယ်တင်ခြင်း​ရ’ သည်မဟုတ်။ (မဿဲ ၁၀:၂၂; လုကာ ၁၃:၂၄) သို့​အစား၊ “သင်တို့​ခံရ​သော ခေါ်တော်မူ​ခြင်း​နှင့် ရွေးချယ်​တော်​မူ​ခြင်း​ကို တည်မြဲ​စေခြင်း​ငှာ သာ၍​ကြိုးစား​အားထုတ်​ကြလော့” ဟု​တိုက်တွန်း​ခံရ​ကြသည်။ အဆုံး​၌ “ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရသော​လမ်းကို အဆုံးတိုင်အောင်​ပြေး​ပြီ။။ ယုံကြည်ခြင်း​တရားကို စောင့်ရှောက်​ပြီ” ဟု​တမန်​တော်​ပေါလု​ကဲ့သို့ သူတို့​ဆိုနိုင်​ရမည်။ (၂ ပေတရု ၁:၁၀၊ ၁၁; ၂ တိမောသေ ၄:၇၊ ၈) ထို့​ကြောင့် ကျန်ကြွင်း​သော ဝိညာဉ်​တော်​ဖွား ဘုရားသခင့်​သားတို့​ကို ယေရှု​နှင့် အ​ခြွေ​အရံ​ကောင်းကင်တမန်​များ​က ‘နဖူး​ပေါ်​တွင်’ အခိုင်အမာ​တံဆိပ်​ခတ်​ခြင်း​ဖြင့် သူတို့ကို စမ်းသပ်ခံ​ပြီး​သော “ငါ​တို့​ဘုရားသခင်​၏” သစ္စာရှိ “ကျွန်​များ” အဖြစ် တစ်ချက်​လွှတ်​အမိန့်​ဖြင့် အပြီး​အပြတ် မသတ်မှတ်​မချင်း သူတို့သည် ဤ​ကမ္ဘာ​ပေါ်​တွင် ဆက်လက်​၍​စမ်းသပ်ခြင်း၊ ဆန်ခါ​ချ​ခြင်း​ခံရ​ကြလိမ့်မည်။ ထို​တံဆိပ်​သည် ထာဝရ​အမှတ်အသား ဖြစ်လာ​လိမ့်​မည်။ သို့​ဖြစ်၍ ဆင်းရဲ​ဒုက္ခ​တည်း​ဟူသော လေးမျက်နှာ​လေ​များ​ကို လွှတ်​သောအခါ ဝိညာဏ​ဣသရေလလူ​အချို့ အသွေးအသား​၌ ကျန်ကြွင်း​လျက်​ရှိ​မည်​ဖြစ်သော်လည်း သူတို့​အားလုံး အပြီး​အပြတ် တံဆိပ်​ခတ်​ခံရ​ပြီး​ဖြစ်​မည်​မှာ ထင်ရှား​၏။ (မဿဲ ၂၄:၁၃; ဗျာဒိတ် ၁၉:၇) အဖွဲ့ဝင်​ဦးရေ ပြည့်​သွား​လိမ့်​မည်။​—ရောမ ၁၁:၂၅၊ ၂၆

မည်မျှ​တံဆိပ်​ခတ်​ခံရ​သနည်း

၁၀။ (က) တံဆိပ်​ခတ်​ခံရ​သူ​အရေအတွက် အကန့်အသတ်​ရှိကြောင်း အဘယ်​ကျမ်းချက်​များ​က​ပြသ​နည်း။ (ခ) တံဆိပ်​ခတ်​ခံရ​သူ စုစုပေါင်း​မည်မျှ​ရှိ၍ သူတို့ကို​မည်သို့​စာရင်း​ပြသ​နည်း။

၁၀ တံဆိပ်​ခတ်​ခံရန် အလားအလာ​ရှိ​သူများ​အား ယေရှု​က “သိုးစုငယ် သင်တို့သည် မကြောက်​ကြ​နှင့်။ သင်တို့​အဘသည် သင်တို့အား နိုင်ငံ​ကို​ပေးခြင်း​ငှာ အလိုရှိ​တော်​မူ​၏” ဟု​မိန့်တော်မူ၏။ (လုကာ ၁၂:၃၂) ဗျာဒိတ် ၆:၁၁ နှင့် ရောမ ၁၁:၂၅ စ​သော​ကျမ်းချက်​များ​က ဤ​သိုးစုငယ်​အရေအတွက်​သည် အမှန်ပင်​အကန့်အသတ်​ရှိပြီး တင်ကူး​၍​ပင် သတ်မှတ်​ထား​ကြောင်းကို ပြ​သည်။ ယင်းကို ယောဟန်​၏​ဤ​စကား​များ​က ထောက်ခံ​သည်– “တံဆိပ်​ခတ်​ခံရ​သူတို့၏ အရေအတွက်​ကို ငါ​ကြား​ရ၏။ ဣသရေလ​အမျိုး အနွယ်​အသီးသီး​မှ တံဆိပ်​ခတ်​ခံရ​သူ တစ်သိန်း​လေးသောင်း​လေး​ထောင် ဖြစ်၏။ ယုဒ​အနွယ်​မှ တစ်​သောင်း​နှစ်ထောင် တံဆိပ်​ခတ်​ခံရ​၏၊ ရုဗင်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ဂဒ်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ အာရှာအနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ နဿလိ​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ မနာရှေ​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ရှိမောင်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ဣသခါအနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ဇာဗုလုန်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ယောသပ်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင်၊ ဗင်ယာမိန်​အနွယ်​မှ တစ်​သောင်း​နှစ်ထောင် တံဆိပ်​ခတ်​ခံရ​ကြ​၏။”​ဗျာဒိတ် ၇:၄-၈

၁၁။ (က) ၁၂ နွယ်​မှာ ဇာတိ​ပကတိ ဣသရေလ​လူမျိုး​ကို ရည်ညွှန်းခြင်း အဘယ်ကြောင့် မဖြစ်​နိုင်​သနည်း။ (ခ) ဗျာဒိတ်ကျမ်း​က အဘယ်ကြောင့် ၁၂ နွယ်​ကို စာရင်း​ပြသ​နည်း။ (ဂ) ဘုရားသခင့် ဣသရေလ​လူမျိုး​တွင် သီးသန့်​မင်းမျိုး​မင်း​နွယ် သို့​မဟုတ် သီးသန့်​ယဇ်ပုရောဟိတ်​အနွယ်​ဟူ၍ အဘယ်ကြောင့်​မရှိ​သနည်း။

၁၁ ၎င်း​သည် ဇာတိ​ပကတိ ဣသရေလ​အမျိုး​ကို ရည်ညွှန်းခြင်း မဖြစ်​နိုင်​သလော။ မဖြစ်​နိုင်။ အကြောင်း​မှာ ဗျာဒိတ် ၇:၄-၈ သည် ဖော်ပြ​နေကျ အနွယ်​စာရင်း​တင်ပြ​ပုံ​နှင့် ကွဲလွဲ​၏။ (တောလည်ရာ ၁:၁၇၊ ၄၇) ယခု​စာရင်း​မှာ ဇာတိ​ဂျူး​များ​ကို ခွဲခြား​သိမြင်​စေရန်​အတွက်​မဟုတ်၊ ဝိညာဏ​ဣသရေလ​အမျိုး​လည်း အလားတူ ဖွဲ့စည်း​ဆောက်​တည်ထား​ကြောင်း ပြ​လို​၍​ဖြစ်သည်​မှာ ထင်ရှား​သည်။ ညီညာ​မျှတသော ဆောက်​တည်​ပုံ​ဖြစ်၏။ ဤ​လူမျိုးသစ်​၏ အရေအတွက်​မှာ ၁၄၄,၀၀၀ အတိအကျ​ဖြစ်၍​—အနွယ် ၁၂ နွယ်​မှ တစ်နွယ်​လျှင် ၁၂,၀၀၀ စီ​ဖြစ်သည်။ ဤ​ဘုရားသခင့် ဣသရေလ​အမျိုး​တွင် သီးသန့်​မင်းမျိုး သို့​မဟုတ် ယဇ်ပုရောဟိတ်​မျိုး ဟူ၍​မရှိ။ လူမျိုးတစ်မျိုး​လုံး ဘုရင်​အဖြစ်​အုပ်စိုး​၍ လူမျိုးတစ်မျိုး​လုံး ယဇ်ပုရောဟိတ်​အဖြစ် အမှုထမ်း​ရန်ဖြစ်​သည်။​—ဂလာတိ ၆:၁၆; ဗျာဒိတ် ၂၀:၄၊

၁၂။ အကြီးအကဲ ၂၄ ပါး​သည် သိုးသငယ်​ရှေ့ ဗျာဒိတ် ၅:၉၊ ၁၀ ပါ တေး​သားများ​ကို​သီဆို​ကြသည်​မှာ အဘယ်ကြောင့်​လျောက်ပတ်​သနည်း။

၁၂ ဇာတိ​ဂျူး​များနှင့် ဂျူး​ဘာသာဝင်​များသည် ဝိညာဏ​ဣသရေလ​လူမျိုး​အဖြစ် ရွေးချယ်ခံ​ခွင့် အဦးဆုံး​ရ​ကြသော်လည်း လူနည်းစု​သာ လက်ခံခဲ့​ကြသည်။ ထို့​ကြောင့် ယေဟောဝါ​သည် တစ်ပါး​အမျိုးသားများ​အား ထို​ခေါ်ဖိတ်​ချက်​ကို ကမ်း​လှမ်း​တော်​မူ​၏။ (ယောဟန် ၁:၁၀-၁၃; တမန်​တော် ၂:၄၊ ၇-၁၁; ရောမ ၁၁:၇) ဂျူး​မဟုတ်​သူတို့သည် တစ်ချိန်က “ဣသရေလ အပေါင်းအသင်း​၌​မဝင်” သော​ဧဖက်​လူ​တို့​နည်းတူ၊ ယခု​ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် တံဆိပ်​ခတ်​ခံရ​ပြီး ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်​သားများ ဖြစ်ခွင့်​ရ​ကြ​လေ​ပြီ။ (ဧဖက် ၂:၁၁-၁၃; ၃:၅၊ ၆; တမန်​တော် ၁၅:၁၄) သို့​ဖြစ်၍ အကြီးအကဲ ၂၄ ပါး​က “ကိုယ်တော်​သည် အသတ်ခံ​၍ အသွေးတော်​ဖြင့် ဘုရားသခင်​အဖို့ လူမျိုးနွယ်၊ ဘာသာ​စကား၊ လူ​ပုဂ္ဂိုလ်၊ လူမျိုး​အသီးသီး​အထဲ​မှ လူ​တို့ကို ဝယ်ယူ​တော်​မူ​ပြီး သူတို့ကို ကျွန်တော်​တို့၏ ဘုရားသခင်​အဖို့ နိုင်ငံတော်​နှင့် ယဇ်ပုရောဟိတ်​များ ဖြစ်စေ​တော်​မူ​၍ သူတို့သည် ဘုရင်​များ​အဖြစ် မြေကြီးကို အုပ်စိုး​ရ​လိမ့်​မည်” ဟူ၍ သိုးသငယ်​ရှေ့၌ သီဆို​ကြသည်​မှာ လျောက်ပတ်​လှ​၏။​—ဗျာဒိတ် ၅:၉၊ ၁၀

၁၃။ ယေရှု၏ မိတူဖကွဲ​ညီတော် ယာကုပ်​က “အရပ်ရပ်​တို့​၌​ကွဲပြား​သော တစ်ဆယ့်​နှစ်ပါး​သော​အမျိုး​တို့” ဟူ၍​လိပ်မူ​ရေး​သည်​မှာ အဘယ်ကြောင့်​သင့်တော်​သနည်း။

၁၃ ခရစ်ယာန်​အသင်းတော်သည် ‘ရွေးချယ်​တော်​မူ​သော​အမျိုး၊ မင်း​စည်းစိမ်​ရှိသော ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး’ ဖြစ်၏။ (၁ ပေတရု ၂:၉) ၎င်း​သည် ဘုရားသခင့် လူမျိုးတော်​အဖြစ် ဇာတိ​ဣသရေလ​လူမျိုး​နေရာကို အစားဝင်​ယူ​လိုက်​သဖြင့် “ဣသရေလလူ​မှန်” ဖြစ်သော ဣသရေလလူ​မျိုးသစ် ဖြစ်လာ​သည်။ (ရောမ ၉:၆-၈; မဿဲ ၂၁:၄၃) * ယင်းကြောင့် ယေရှု၏​မိတူဖကွဲ​ညီ ယာကုပ်​က မိမိ၏​သြဝါဒစာ​ကို “အရပ်ရပ်​တို့​၌​ကွဲပြား​သော တစ်ဆယ့်​နှစ်ပါး​သော​အမျိုး​တို့” ထံ​လိပ်​တပ်​၍ ရေးပို့​လိုက်​သည်​မှာ သင့်လျော်​ပေ​သည်။ အချိန်တန်လျှင် အရေအတွက် ၁၄၄,၀၀၀ ဖြစ်လာ​မည့် ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ကမ္ဘာချီ​အသင်းတော်​ထံ ရေး​လိုက်ခြင်း​ဖြစ်သည်။​—ယာကုပ် ၁:၁

ယနေ့ ဘုရားသခင်​၏ ဣသရေလ​လူမျိုး

၁၄။ ၁၄၄,၀၀၀ သည် ဝိညာဏ​ဣသရေလ​ဝင် ပကတိ​အရေအတွက်​ဖြစ်သည်​ဟူ၍ ယေဟောဝါသက်သေ​များ တစ်သမတ်တည်း ယုံကြည်​လာ​ခဲ့​ကြောင်း ဘာက​ပြသ​နည်း။

၁၄ ၁၄၄,၀၀၀ မှာ ဝိညာဏ​ဣသရေလ​လူမျိုး၏ ပကတိ​အရေအတွက်​ဖြစ်​ကြောင်း ချားလ်စ် တီ၊ ရပ်စဲ​လ်​သတိပြုမိ​သည်​မှာ စိတ်ဝင်စားဖွယ်​ပင်။ ၁၉၀၄ ခုနှစ်​၌​ထုတ်ဝေ​သော ကျမ်းစာ​လေ့လာချက်​များ၊ အတွဲ ၆၊ သတ္တဝါ​သစ် ဟူသော​စာအုပ်​၌ သူ​ဤသို့​ရေး​၏– “လက်ရွေးစင် [အ​ရွေး​ခံ ဘိသိက်ခံ​များ] ၏​သတ်မှတ်​ထားသော အရေအတွက်​အတိအကျ​မှာ ဗျာဒိတ်ကျမ်း​၌ တစ်ကြိမ်​ထက်မက (၇:၄; ၁၄;၁) ဖော်ပြ​သည့် ‘လူ​တို့ အထဲ​မှ ရွေးချယ်သော’ ၁၄၄,၀၀၀ ပင်​ဖြစ်သည်။” ၁၉၃၀ ပြည့်နှစ်​၌ ကျမ်းစာ​ကျောင်းသား​များ ထုတ်ဝေ​သော အလင်း စာအုပ် အတွဲ​တစ်​တွင် အလားတူ​စွာ ဤသို့​တင်ပြ​ထား​သည်–“သို့ဖြင့် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အဝင် ၁၄၄,၀၀၀ တို့ကို အစည်းအဝေး​၌ ရွေးချယ်​ခံရ​သူများ၊ ဘိသိက်ပေး​ခံရ​သူများ၊ တံဆိပ်​ခတ်​ခံရ​သူများ​အဖြစ် တင်ပြ​ထား​သည်။” ဝိညာဏ​ဣသရေလ​လူမျိုး​ကို စာသား​အတိုင်း ဘိသိက်ခံ​ခရစ်ယာန် ၁၄၄,၀၀၀ ဖြင့်​ဖွဲ့စည်းထား​သည်​ဟု ယေဟောဝါသက်သေ​များ တစ်သမတ်တည်း ခံယူ​ခဲ့​ကြသည်။

၁၅။ သခင့်​နေ့​တော် မတိုင်မီ​ကလေး​တွင် စိတ်ရင်းမှန်​သော ကျမ်းစာ​ကျောင်းသား​များ​က တစ်ပါး​အမျိုးသား​ကာလ ကုန်ဆုံး​သည့်​နောက်​၌ ဇာတိ​ဂျူး​များ ဘာ​ခံစားရ​မည်​ဟု ထင်မှတ်​ခဲ့​ကြ​သနည်း။

၁၅ သို့​တ​စေ၊ ယနေ့​ဇာတိ​ဣသရေလ​လူမျိုး (အစ္စရေး​လ်) သည် အထူး​မျက်နှာသာ အချို့ မရ​ထိုက်​ပေ​လော။ စိတ်ရင်းမှန်​သော ကျမ်းစာ​ကျောင်းသား​များသည် သခင့်​နေ့​တော်​မတိုင်မီ​လေး​တွင် ဘုရားသခင့်​နှုတ်ကပါဌ်တော်​၏ အခြေခံ​သမ္မာတရား​များစွာကို ရှာဖွေ​တွေ့ရှိ​နေဆဲ​ဖြစ်​သဖြင့် ၎င်း​အချိန်၌ တစ်ပါး​အမျိုးသား​ကာလ​ကုန်သည်​နှင့် ဂျူး​များ ဘုရားသခင့်​ရှေ့တော်တွင် အခွင့်ထူး​ပြန်​ရ​ကြ​မည်​ဟု ထင်မှတ်​ခဲ့​ကြသည်။ ထို့​ကြောင့် ၁၈၈၉ ခုနှစ်​၌​ထုတ်ဝေ​သော စီ၊ တီ၊ ရပ်စဲ​လ်​၏ အချိန်တိုင်​ပြီ (ကျမ်းစာ​လေ့လာချက်​များ ၏​ဒုတိယ​တွဲ) ဟူသော​စာအုပ်​က ယေရမိ ၃၁:၂၉-၃၄ ကို ဇာတိ​ဂျူး​များနှင့်​ပတ်သက်​၍ ဤသို့​ဖွင့်ဆို​ခဲ့​သည်– “ဣသရေလ​လူမျိုး တစ်ပါး​အမျိုးသားများ စိုးမိုးမှု​အောက် ဒဏ်​ခံရ​သည့်​အဖြစ်​သည် ဘီစီ [၆၀၇] ခုနှစ်​မှ​အစပြု​၍ ယနေ့​တိုင်အောင် အဆက်မပြတ်​သေး​ကြောင်း၊ သူတို့၏ ‘ခု​နစ်​ကာလ’ တည်း​ဟူသော အနှစ် ၂၅၂၀ ၏​အဆုံး​ဖြစ်သော အေဒီ ၁၉၁၄ ခုနှစ်​ထက်​စော​ပြီး သူတို့၏​နိုင်ငံ ပြန်လည်​ဖွဲ့စည်း​တည်ထောင်​ရန် မျှော်လင့်​စ​ရာ​မရှိကြောင်း ကမ္ဘာ​က သက်သေ​ဖြစ်ပါ​သည်။” ၁၉၁၄ ခုနှစ်​ရောက်​သော် ဂျူး​များ နိုင်ငံ​ပြန်ထူ​မည်​ဟု ထင်မှတ်​ခဲ့​ကြသည်။ ၁၉၁၇ ခုနှစ်​တွင်၊ ဘဲလ်​ဖော​ကြေညာ​ချက်​၌ ဗြိတိန်​က ပါလက်စတိုင်း​ကို ဂျူး​နေပြည်တော်​ဖြစ်စေ​ရန် ထောက်ခံ​မည်​ဟု ကတိပေး​သော​ခါ ထို​အလားအလာ​မှာ ပို​၍​တောက်ပ​လာ​သည်။

၁၆။ ဇာတိ​ဂျူး​များ​အား ခရစ်ယာန်​သတင်းတရား​ဟော​ကြား​ရန် ယေဟောဝါသက်သေ​များ မည်သို့​ကြိုးပမ်း​ခဲ့​ကြ​သနည်း၊ အဘယ်​ရလဒ် ရခဲ့​သနည်း။

၁၆ ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ပါလက်စတိုင်း​သည် ဂ​ရိတ်​ဗြိတိန်​၏ ဩဇာ​ခံ​နယ်​ဖြစ်လာ​ပြီး ဂျူး​အမြောက်အမြား ထို​နယ်မြေ​သို့​ပြန်လာ​ရန် လမ်းပွင့်​ခဲ့​သည်။ ၁၉၄၈ ခုနှစ်​၌ အစ္စရေး​လ် (ဣသရေလ) နိုင်ငံ​ပေါက်ဖွား​လာ​သည်။ ဤ​အချက်​က ဂျူး​များ ဘုရားသခင့် ကောင်းချီး​များ​ရမည့် အလားအလာ​ရှိကြောင်း မပြ​ပေ​လော။ ယေဟောဝါသက်သေ​များ အနှစ်​များစွာ ဤသို့​ပင်​ယုံကြည်ခဲ့​ကြသည်။ သို့​နှင့် ၁၉၂၅ ခုနှစ်​၌ စာမျက်နှာ ၁၂၈ ပါ​သော ဂျူး​များ​အဖို့ နှစ်သိမ့်​စ​ရာ ဟူသော​စာအုပ်​ကို ထုတ်ဝေ​ခဲ့​သည်။ ၁၉၂၉ ခု​၌ စာမျက်နှာ ၃၆၀ ပါ​သည့် ဘဝ​ဟူသော ဖတ်ချင်​စ​ဖွယ်​စာအုပ်​ကို ထုတ်ဝေ​ခဲ့​သည်။ ဂျူး​များ​နှစ်​လို့​ဖွယ်​ဖြစ်အောင် ရေးထား​ပြီး ယောဘဝတ္ထု​ကိုလည်း ဆွေးနွေး​ထား​သည်။ မေရှိယ​ဆိုင်ရာ​ဤ​သတင်းကို ဂျူး​များ​ကြားသိ​နိုင်​ရန် အထူးသဖြင့် နယူးယောက်​မြို့၌ အားသွန်ခွန်စိုက် ကြိုးပမ်း​ခဲ့​သည်။ ပုဂ္ဂိုလ်​အချို့​က လက်ခံခဲ့​ကြ​သဖြင့် ဝမ်းသာစရာ​ဖြစ်သော်လည်း ဂျူး​အများထု​က မိမိတို့၏​ပထမ​ရာစု ဘိုးဘေး​များ​နည်းတူ မေရှိယ​ရောက်ရှိ​သည့်​သာဓက​ကို ငြင်းပယ်​ကြ​၏။

၁၇၊ ၁၈။ မြေကြီးပေါ်​ရှိ ဘုရားသခင့်​ကျွန်​များသည် ပဋိညာဉ်​သစ်​နှင့် ပြန်လည်​ထူထောင်ခြင်း​ဆိုင်ရာ ကျမ်းစာ​ပရောဖက်ပြုချက်​များနှင့်​စပ်လျဉ်း၍ မည်သို့​နားလည်​လာ​ကြ​သနည်း။

၁၇ ဂျူး​အသိုင်းအဝိုင်း​သည် လူ​တစ်မျိုး၊ နိုင်ငံ​တစ်နိုင်ငံ​အနေ​နှင့် ဗျာဒိတ် ၇:၄-၈ သို့​မဟုတ် သခင့်​နေ့​တော်​ဆိုင်ရာ အခြား​ကျမ်းစာ ပရောဖက်ပြုချက်​များ​ထဲ​မှ ဣသရေလ​မဟုတ်​ကြောင်း ထင်ရှား​ခဲ့​သည်။ ဂျူး​တို့သည် မိရိုးဖလာ​အလိုက် ဘုရားသခင့်​နာမတော်​ကို မ​သုံး​ဘဲ နေ​လာ​ကြသည်။ (မဿဲ ၁၅:၁-၃၊ ၇-၉) ၁၉၃၄ ခုနှစ်​တွင် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော ယေဟောဝါ ဟူ​သည့်​စာအုပ်​က ယေရမိ ၃၁:၃၁-၃၄ ကို​ဆွေးနွေး​စဉ် ဤသို့​ပြတ်သား​စွာ တင်ပြ​လိုက်​သည်– “ပဋိညာဉ်​သစ်​သည် ဣသရေလ​၏ ဇာတိသားစဉ်မြေးဆက်​များနှင့်​လည်းကောင်း၊ သာမန်​လူသားထု​နှင့်​လည်းကောင်း ဘာမျှ​မပတ်သက်။ . . . ဝိညာဏ​ဣသရေလ​လူမျိုး​နှင့်​သာ သီးသန့်​သက်ဆိုင်​သည်။” ပြန်လည်​ထူထောင်ခြင်း​ဆိုင်ရာ ကျမ်းစာ​ပရောဖက်ပြုချက်​များသည် ဇာတိ​ဂျူး​များနှင့်​ဖြစ်စေ၊ အစ္စရေး​လ်​နိုင်ငံ​နှင့်​ဖြစ်စေ မဆိုင်။ အစ္စရေး​လ်​နိုင်ငံ​သည် ကုလသမဂ္ဂ​အဖွဲ့ဝင်​ဖြစ်သည့်​ပြင် ယောဟန် ၁၄:၁၉၊ ၃၀ နှင့် ၁၈:၃၆ ၌ ယေရှု​ဖော်ပြ​သော လောက​၏​အစိတ်အပိုင်း​လည်း ဖြစ်သည်။

၁၈ ၁၉၃၁ ခုနှစ်​၌ ကမ္ဘာ​ပေါ်​ရှိ ဘုရားသခင့်​ကျွန်​များသည် ယေဟောဝါသက်သေ​များ ဟူသော​အမည်​ကို ဝမ်းသာ​အားရ ခံယူ​ခဲ့​လေ​ပြီ။ “အလင်း​သည် တရားသော​သူ​အဖို့၊ ဝမ်းမြောက်ခြင်း​သည် သဘောဖြောင့်​သော​သူတို့​အဖို့ ပျိုး​ကြဲ​လျက်​ရှိ၏။ (“ပြိုး​ပြ​က်​ဝင်းလက်​ခဲ့ပြီ။” က​ဘ)” ဟူသော​ဆာလံ ၉၇:၁၁ ပါ​စကား​များ​ကို သူတို့​စိတ်နှလုံး​အပြည့်အဝ သဘောတူ​နိုင်​ခဲ့​ကြ​၏။ ဝိညာဏ​ဣသရေလ​လူမျိုး​သာ​လျှင် ပဋိညာဉ်​သစ်​ထဲ​သို့ ဆောင်​သွင်း​ခံရ​ကြောင်း သူတို့​ရှင်းလင်းစွာ ဝေဖန်​ပိုင်းခြား​နိုင်​ခဲ့​သည်။ (ဟေဗြဲ ၉:၁၅; ၁၂:၂၂၊ ၂၄) တုံ့ပြန်မှု​မရှိသော ဇာတိ​ဣသရေလ​ဖြစ်စေ သာမန်​လူသားထု​ဖြစ်စေ ၎င်းနှင့် လုံးဝ​မပတ်သက်။ ဤ​နားလည်​ချက်​ကြောင့် ဘုရားသခင့်​အလင်းတော် ထိ​န်​ထိ​န်​ညီး​အောင် ပြိုး​ပြ​က်​ဝင်းလက်​ရန် လမ်းစ​ပွင့်​သွား​ကာ သီအိုကရက်တစ်​သမိုင်း​တွင် ထူးကဲ​သော​မော်ကွန်း​ဖြစ်​ခဲ့​သည်။ ဤ​အချက်​က အထံတော်​သို့​ချဉ်းကပ်​သော လူသားများ​အား မိမိ၏​ကရုဏာ၊ ချစ်ခင်​ကြင်နာ​မှု​နှင့် သမ္မာတရား​ကို ယေဟောဝါ မည်မျှ​ကြွယ်ဝ​စွာ ပေးသနား​တော်​မူ​ကြောင်း ပေါ်လွင်​စေမည်​ဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆; ယာကုပ် ၄:၈) မှန်​ပေ​သည်။ ဖျက်ဆီးခြင်း​၏ လေးမျက်နှာ​လေ​များ​ကို ကောင်းကင်တမန်​များ ကိုင်ထား​ခြင်း​ကြောင့် ဘုရားသခင့်​ဣသရေလ​လူမျိုး​အပြင် အခြားသူများ​ပါ ကောင်းကျိုး​ရ​ကြ​မည်​ဖြစ်သည်။ မည်သူ​များ​ဖြစ်​နိုင်​သနည်း။ သင်သည် သူတို့​ထဲ​က​တစ်ယောက် ဖြစ်​နိုင်​မည်​လော။ ကြည့်​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ဣသရေလ​ဟူသော​အမည်​သည် “ဘုရားသခင်​ဆိုင်ပြိုင်​သည်၊ ဘုရားသခင်​နှင့် ဆိုင်ပြိုင်​သူ (ဇွဲ​လုံ့လ​ကောင်း​သူ)” ဟူသော​အဓိပ္ပာယ်​ရှိသည်​မှာ လျောက်ပတ်​၏။​—ကမ္ဘာဦး ၃၂:၂၈ကမ္ဘာသစ် ဘာသာပြန် ရည်​ညွှန်​ကျမ်းစာ၊ အောက်ခြေမှတ်ချက်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]

[စာမျက်နှာ ၁၁၇ ပါ ရုပ်ပုံ]

ဘုရားသခင်​၏ စစ်မှန်သော ဣသရေလ​လူမျိုး​ကို အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့​မှ ၁၉၃၅ ခုနှစ်​အထိ ရွေးချယ်​ခဲ့​သည်။ ထို​နှစ်​တွင် ဝါ​ရှင်​တန် ဒီ၊စီ၊ ၌​ကျင်းပ​သော ယေဟောဝါသက်သေ​များ​၏ သမိုင်းဝင်​စည်းဝေးကြီး​တွင် မြေကြီး​အသက်တာ​ရ​ရန် မျှော်လင့်ချက် ရှိသူ လူအုပ်ကြီး​ကို စုသိမ်း​ဖို့ အာရုံစိုက်​လာ​ကြ (ဗျာဒိတ် ၇:၉)