မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း

မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း

အခန်း ၃၅

မဟာ​ဗာဗုလုန်​ကို အဆုံးစီရင်​ခြင်း

၁။ နီ​မြန်း​သော​သားရဲ​အကြောင်းကို ကောင်းကင်တမန်​က မည်သို့​ဖော်ပြ​၍ ဗျာဒိတ်ကျမ်း​၏ အထိမ်းအမှတ်​များ​အကြောင်းကို နားလည်​ရန် မည်သို့သော​ဉာဏ်ပညာ လိုအပ်​သနည်း။

ဒိတ် ၁၇:၃ ပါ နီ​မြန်း​သော​သားရဲ​အကြောင်း ဆက်လက်​ဖော်ပြ​ရာ​၌ ကောင်းကင်တမန်​က ယောဟန်​အား ဤသို့​ဆို​၏– “ဤ​နေရာ၌ ဉာဏ်ပညာ​ရှိသော အသိတရား​လို​၏။ ဦးခေါင်း​ခု​နစ်​လုံး​ကား ထို​မိန်းမ​ထိုင်​သော တောင်​ခု​နစ်​လုံး​ကို ဆိုလို​၏။ ဘုရင်​ခု​နစ်​ပါး​လည်း​ရှိ၏။ ငါးပါး​ကျ​ပြီ၊ တစ်ပါး​ရှိ၏။ အခြား​တစ်ပါး​မှာ ရောက်​မလာ​သေး။ ရောက်လာ​သော​အခါ တစ်ခဏ​သာ တည်​ရ​လိမ့်​မည်။” (ဗျာဒိတ် ၁၇:၉၊ ၁၀) ဤ​တွင် ကောင်းကင်တမန်​က အထက်​မှ​လာသော ဉာဏ်ပညာ​ကို အသိပေး​နေခြင်း​ဖြစ်၏။ ဗျာဒိတ်ကျမ်း​ပါ အထိမ်းအမှတ်​များ​ကို နားလည်စေ​သည့် တစ်မျိုးတည်း​သော ဉာဏ်ပညာ​ဖြစ်၏။ (ယာကုပ် ၃:၁၇) ယောဟန်​အတန်းအစား​နှင့် အပေါင်းပါ​တို့သည် ယင်း​ဉာဏ်​အလင်း​ကြောင့် ကျွန်ုပ်​တို့ အချိန်​သမယ​သည် မည်မျှ​အရေးကြီးကြောင်း သိမြင်ရ၏။ ထို​ဉာဏ်ပညာ​သည် သစ္စာ​ရှိသော​နှလုံးသား​များ​တွင် ယေဟောဝါ​၏ ဖော်ဆောင်​လု​ဆဲ တရား​စီရင်ချက်​များ​ကို နားလည်​နိုင်သော​အသိတရား ဆောက်​တည်​ပေး၍ ယေဟောဝါ​အား ရိုသေ​ခန့်ညား​သော​သဘော ပျိုးထောင်​ပေး​၏။ သုတ္တံ ၉:၁၀ (သ​မ) ဆို​သည့်​အတိုင်း– “ထာဝရ​ဘုရား​ကို ခန့်ညား​သော​သဘော​သည် ဉာဏ်ပညာ​၏ အစ​မူလ​ဖြစ်၏။ သန့်ရှင်း​တော်​မူ​သော​အရှင်ကို သိကျွမ်းခြင်း​သည် ဉာဏ်​ပ​ဋိ​ဘာ​န်​ဖြစ်၏။” ဘုရားသခင့်​ဉာဏ်တော်​က သားရဲ​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့အား ဘာကို​ဖော်ပြ​သနည်း။

၂။ နီ​မြန်း​သော​သားရဲ​၏ ဦးခေါင်း​ခု​နစ်​လုံး​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း၊ အဘယ်​သို့ “ငါးပါး​ကျ​ပြီ၊ တစ်ပါး​ရှိ၏” ဖြစ်သနည်း။

ကြမ်းကြုတ်​သော ထို​သားရဲ​၏ ဦးခေါင်း​ခု​နစ်​လုံး​သည် “တောင်​ခု​နစ်​လုံး” သို့​မဟုတ် “ဘုရင်” ခု​နစ်​ပါး​ကို တင်စား​၏။ ကျမ်းစာ​၌ ၎င်း​အသုံးအနှုန်း နှစ်ရပ်စလုံးကို အင်အားကြီး​နိုင်ငံ​များ​အား ရည်ညွှန်း​လျက် သုံးနှုန်း​၏။ (ယေရမိ ၅၁:၂၄၊ ၂၅; ဒံယေလ ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅) ကျမ်းစာ​ထဲ​တွင် အီဂျစ်၊ အဆီးရီးယား၊ ဘေဘီလုန်၊ မီဒို-ပါးရှား၊ ဂရိ​နှင့် ရောမတို့​ကို ဘုရားသခင့်​လူမျိုးတော်​၏ အမှု​အရေး​အပေါ် ဩဇာ​သက်ရောက်​သော အင်အားကြီး​ခြောက်​နိုင်ငံ​အဖြစ် တင်ပြ​ထား​သည်။ ၎င်း​တို့​အနက် ငါး​နိုင်ငံ​မှာ ယောဟန်​ဗျာဒိတ်​ရချိန်​၌ ပေါ်​ပြီး​၍​ပျောက်ကွယ်​ခဲ့​လေ​ပြီ။ ထို​အချိန်တွင် ရောမ​သည် တန်ခိုး​ကြီး​ဆဲ ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​ဖြစ်၏။ ယင်း​အချက်​က “ငါးပါး​ကျ​ပြီ၊ တစ်ပါး​ရှိ၏” ဟူသော​စကား​နှင့် ညီညွတ်​၏။ သို့သော် လာရန်​ရှိသော “အခြား​တစ်ပါး” မှာ မည်သို့​နည်း။

၃။ (က) ရောမ​အင်ပါယာ မည်သို့​ပြိုကွဲ​ခဲ့​သနည်း။ (ခ) အနောက်​အင်ပါယာ​၌ အဘယ်​အဖြစ်အပျက်​များ ဖြစ်ပျက်​သနည်း။ (ဂ) သာသနာစောင့်​ရောမ​အင်ပါယာ​ကို မည်သို့​ယူမှတ်​ရန်ဖြစ်​သနည်း။

ရောမ​အင်ပါယာ​သည် ယောဟန်​လက်ထက်​ကို ကျော်လွန်​၍ နောက်ထပ်​နှစ်​ရာစု​များစွာ တည်တံ့​ရုံ​မ​က တိုး​ပင်​တိုးချဲ့​ခဲ့​သည်။ အေဒီ ၃၃၀ ပြည့်နှစ်​၌ ဧကရာဇ် ကွန်​စတင်​တိုင်း​က မြို့တော်​ကို ရောမမြို့​မှ ဘိုင်​ဇန်း​တီ​ယမ်း​မြို့​သို့ ပြောင်းရွှေ့​လိုက်ပြီး ကွန်​စတင်​တီ​နိုး​ပယ်​လ်​ဟူသော အမည်သစ်​ကို ပေး​ခဲ့​သည်။ အေဒီ ၃၉၅ ခုနှစ်​၌ ရောမ​အင်ပါယာ​သည် အရှေ့ပိုင်း​နှင့် အနောက်ပိုင်း​ဟူ၍ ကွဲ​သွား​သည်။ အေဒီ ၄၁၀ ပြည့်နှစ်​တွင် ရောမမြို့​ကိုယ်နှိုက်​သည် အာရိယန်​အမျိုးအစား “ခရစ်ယာန်” အဖြစ်သို့ ဘာသာ​ပြောင်း​ခဲ့​သော ဂျာမန်​အနွယ် ဗစ်ဇဂေါ့သ်​လူမျိုး​တို့၏​ဘုရင် အဲ​လ​ရ​စ်​၏​လက်​သို့ ကျရောက်​သွား​သည်။ “ခရစ်ယာန်” ဖြစ်သော ဂျာမန်​အနွယ်​များသည် စပိန်​ကိုလည်း​ကောင်း၊ မြောက်​အာဖရိက​ရှိ ရောမ​နယ်မြေ အမြောက်အမြား​ကိုလည်း​ကောင်း သိမ်းပိုက်​ခဲ့​သည်။ ဥရောပ​၌ နှစ်​ရာစု​များစွာ​ကြာ​အောင် ပြောင်းလဲမှု​ကြီး​များ၊ ဆူပူ​ထကြွမှု​များနှင့် ချိန်ကိုက်​ပြုပြင်မှု​များ ဖြစ်ပွား​ခဲ့​သည်။ အနောက်​အင်ပါယာ​တွင် ကိုး​ရာစု​၌ တတိယ​မြောက် ပုပ်​ရဟန်း​မင်း လီ​ယို​နှင့် မဟာမိတ်ဖွဲ့​သော ရှားလမိန်း၊ ၁၃ ရာစု​၌​အုပ်စိုး​ခဲ့​သော ဒုတိယ​မြောက် ဖရက်ဒရစ်​စ​သော ထင်ရှား​သည့်​ဧကရာဇ်​များ ပေါ်ထွန်း​ခဲ့​သည်။ သူတို့၏​နယ်ပယ်​ကို သာသနာစောင့်​ရောမ​အင်ပါယာ​ဟု သမုတ်​သော်လည်း မူလ​ရောမ​အင်ပါယာ တန်ခိုး​အ​ထွန်းတောက်​ဆုံး​အချိန်​က​ထက် များစွာ​သေးငယ်​၏။ ၎င်း​သည် အင်ပါယာ​အသစ်​မဟုတ်ဘဲ ရှေး​အင်အားကြီး​နိုင်ငံ ပြန်လည်​ထူထောင်ခြင်း သို့​မဟုတ် ဆက်လက်​တည်တံ့​ခြင်း မျှ​သာ​ဖြစ်၏။

၄။ အရှေ့​အင်ပါယာ​သည် အဘယ်​အောင်မြင်မှု​များ ရှိခဲ့​သော်လည်း မြောက်​အာဖရိက၊ စပိန်​နှင့်​ဆီးရီးယား​ရှိ ရှေး​ရောမ​၏ ယခင်​ပိုင်နက်​အများ​မှာ မည်သို့​ဖြစ်​ခဲ့​သနည်း။

ကွန်​စတင်​တီ​နိုး​ပယ်​လ်​မြို့ကို ဗဟို​ပြုသော ရောမ​၏ အရှေ့ပိုင်း​အင်ပါယာ​သည် အနောက်​အင်ပါယာ​ကို အောင့်အည်း​၍ အတန်ကြာ ဆက်ဆံ​လာ​ခဲ့​သည်။ ခြောက်​ရာစုနှစ်​တွင် အရှေ့ပိုင်း​ဧကရာဇ်မင်း ပထမ​မြောက် ဂျပ်​စ​တင်း​နီး​ယန်း​သည် မြောက်​အာဖရိက နယ်မြေ​များစွာကို ပြန်လည်​သိမ်းပိုက်​နိုင်​ပြီး စပိန်​နှင့် အီတလီ​တို့၏ အရေးကိစ္စ​တွင် စွက်ဖက်​ခဲ့​သည်။ ခု​နစ်​ရာစု​တွင် ဒုတိယ​မြောက် ဂျပ်​စ​တင်း​နီး​ယန်း​က စ​လ​ပ်ဗစ်​အနွယ်​များ သိမ်းယူ​ခဲ့​သော​နယ်မြေ​များ​ကို အင်ပါယာ​အတွက် ပြန်လည်​သိမ်းပိုက်​ခဲ့​သည်။ သို့ရာတွင် ရှစ်ရာစု​ရောက်​သော် မြောက်​အာဖရိက၊ စပိန်​နှင့် ဆီးရီးယား​ရှိ ရှေး​ရောမ​နယ်ပယ်​ဟောင်း အမြောက်အမြား​သည် အစ္စလာမ်​အင်ပါယာ​သစ်​လက်​သို့ ကျရောက်​ခဲ့​သဖြင့် ကွန်​စတင်​တီ​နိုး​ပယ်​လ်​နှင့် ရောမမြို့​တို့၏​လက်​မှ လွတ်သွား​သည်။

၅။ ရောမမြို့​သည် အေဒီ ၄၁၀ ပြည့်နှစ်​၌ ကျဆုံး​ခဲ့​သော်လည်း နောက်ထပ် ရာစုနှစ်များစွာ​ကြာ​မှ​သာ နိုင်ငံရေး​ရောမ​အင်ပါယာ​၏ ခြေရာလက်ရာ​အားလုံး ကမ္ဘာ့​ဇာတ်ခုံ​ပေါ်​မှ ပျောက်ကွယ်​သည်​မှာ အဘယ်​သို့​နည်း။

ကွန်​စတင်​တီ​နိုး​ပယ်​လ်​မြို့​ကိုယ်နှိုက်​မူ ပို​၍​ကြာရှည်​စွာ တည်တံ့​ခဲ့​သည်။ ၎င်း​သည် ပါးရှား၊ အာရပ်၊ ဘူး​လ်​ဂါး​နှင့် ရုရှား​တို့၏ အကြိမ်ကြိမ်​တိုက်ခိုက်​ခြင်း​ကို ၁၂၀၃ ခုနှစ်​အထိ ခံရပ်​သော်လည်း နောက်ဆုံး​၌ မွတ်​စ​လင်​များ​လက်​သို့​မဟုတ်ဘဲ အနောက်​အင်ပါယာ​မှ ခရူးဆိတ်စစ်​သူ​ရဲ​များ​လက်​သို့ ကျရောက်​သွား​သည်။ သို့​တ​စေ၊ ၁၄၅၃ ခုနှစ်​၌ မွတ်​စ​လင်​ဘာသာဝင် အော့​တို​မ​န်​လူမျိုး​အုပ်စိုးရှင် ဒုတိယ​မြောက် မဲ​မက်​၏ အာဏာ​အောက်​သို့ ကျရောက်​ပြီး မကြာမီ အော့​တို​မ​န် သို့​မဟုတ် တူရကီ​အင်ပါယာ​၏ မြို့တော်​ဖြစ်လာ​သည်။ သို့​ဖြစ်၍ ရောမမြို့​သည် အေဒီ ၄၁၀ ပြည့်နှစ်​၌ ကျဆုံးသွား​သော်လည်း နောက်ထပ်​ရာစုနှစ်များစွာ​ကြာ​မှ နိုင်ငံရေး​ရောမ​အင်ပါယာ​၏ လက်ရာ​ခြေရာ​အားလုံး ကမ္ဘာ့​မြင်ကွင်း​မှ ပျောက်ကွယ်​သွား​သည်။ သို့​နှင့်​ပင် ၎င်း​၏​သြဇာ​ကို ရောမမြို့​ရှိ ပုပ်​ရဟန်း​မင်း အုပ်ချုပ်ရေး​စနစ်​နှင့် အရှေ့​သြ​သ​ဒေါ​က်​ချာ့ခ်ျ​များ​၏ ဘာသာရေး​အင်ပါယာ​များ​တွင် တွေ့​နိုင်​သေး​သည်။

၆။ အဘယ်​အင်ပါယာ​သစ်​များ​ပေါ်လာ​သနည်း၊ အဘယ်​အင်ပါယာ​သည် အအောင်မြင်ဆုံး ဖြစ်လာ​သနည်း။

သို့ရာတွင် ၁၅ ရာစု​ရောက်​သော် အချို့​နိုင်ငံ​များ​က အင်ပါယာ​သစ်​များ​ကို တည်ထောင်​ကြ​၏။ ထို​အင်အားကြီး​နိုင်ငံ အင်ပါယာ​သစ်​အချို့​သည် ရောမကို​လို​နီ​ဟောင်း​၏ နယ်မြေ​များ​ပေါ်မှာ တည်ထောင်​သော်လည်း သူတို့၏​အင်ပါယာ​များ​မှာ ရောမ​အင်ပါယာ​၏ အဆက်​များ​သာ​မဟုတ်။ ပေါ်​တူ​ဂ​ယ်၊ စပိန်၊ ပြင်သစ်​နှင့် ဟော်​လ​န်​တို့သည် ဝေးလံ​သော​ပိုင်နက်​များ​ကို အုပ်ချုပ်​လာ​ကြသည်။ သို့သော် ဗြိတိန်​သည် အအောင်မြင်ဆုံး​ဖြစ်၍ ‘ဘယ်တော့​မျှ နေ​မဝင်​သော’ အင်ပါယာ​ကြီး​ကို အုပ်စိုး​ခဲ့​သည်။ ယင်း​အင်ပါယာ​သည် တစ်ချိန်​မဟုတ်​တစ်ချိန်​၌ မြောက်​အမေရိက၊ အာဖရိက၊ အိန္ဒိယ​နှင့် အရှေ့တောင်​အာရှ​အပြင် ကျယ်ပြန့်​သော တောင်​ပစိဖိတ်​အထိ တိုးချဲ့​ခဲ့​သည်။

၇။ ပူးတွဲ​ကမ္ဘာ့ အင်အားကြီး​နိုင်ငံ​တစ်မျိုး မည်သို့​ဖြစ်ပေါ်​လာပြီး သတ္တမ ‘ဦးခေါင်း’ သို့​မဟုတ် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​သည် မည်မျှ​ကြာရှည်​စွာ တည်ရှိ​မည်​ဟု ယောဟန်​ဆို​သနည်း။

၁၉ ရာစု​ရောက်​သော် မြောက်​အမေရိက ကိုလိုနီ​အချို့​က ဗြိတိန်​မှ​ခွဲ​ထွက်၍ လွတ်လပ်​သော အမေရိကန်​ပြည်ထောင်စု​အဖြစ် တည်ထောင်​လာ​သည်။ ထို​နိုင်ငံ​သစ်​နှင့် အမိ​နိုင်ငံ​ဟောင်း​စပ်ကြား နိုင်ငံရေး​ပဋိပက္ခ​များ ဆက်လက်​ဖြစ်ပွား​ခဲ့​၏။ သို့​တ​စေ၊ ပထမ​ကမ္ဘာ​စစ်​ကြောင့် ထို​နိုင်ငံ​နှစ်ခုစလုံးက မိမိတို့သည် တူညီသော​အကျိုး​စီးပွား​ရှိကြောင်း အသိအမှတ်ပြု​ခဲ့​ရသည်​နှင့်​အမျှ အထူး​ချစ်ကြည်ရေး​ဆက်ဆံမှု​၌ သွေး​စည်း​လာ​ကြသည်။ သို့​နှင့် ယခု​အချမ်းသာဆုံး​နိုင်ငံ​ဖြစ်သော အမေရိကန်​ပြည်ထောင်စု​နှင့် ကမ္ဘာ့​အကြီးမားဆုံး အင်ပါယာ​၏​နန်း​စိုက်​ရာ ဂ​ရိတ်​ဗြိတိန် နှစ်​နိုင်ငံ​ပူးပေါင်း​၍ ပူးတွဲ​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​တစ်နိုင်ငံ ဖြစ်ပေါ်​လာ​သည်။ သို့​ဖြစ်၍ ၎င်း​သည် သတ္တမ ‘ဦးခေါင်း’ သို့​မဟုတ် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​ပင်​ဖြစ်၍ ဆုံးခန်း​ကာလ​တိုင်အောင် တာ​ရှည်​ပြီး ၎င်း​၏​နယ်မြေ​ပေါ်​တွင် ယေဟောဝါ​၏ ခေတ်​သစ်​သက်သေခံ​များ စတင်​အခြေ​စိုက်​ခဲ့​သည်။ ဆဋ္ဌမ​ဦးခေါင်း စိုးစံ​သော ရှည်လျား​သည့် ကာလ​နှင့်​နှိုင်း​လျှင် သတ္တမ​ဦးခေါင်း​သည် နိုင်ငံရေး​အဖွဲ့​ရှိသမျှကို ဘုရားသခင့်​နိုင်ငံတော် ဖျက်ဆီး​သည့်​အချိန်အထိ “တစ်ခဏ​သာ” တည်​၏။

အဘယ်ကြောင့် အ​ဋ္ဌ​မ​ဘုရင်​ဟု​ခေါ်​သနည်း

၈၊ ၉။ ပုံခိုင်း​ချက်​ဖြစ်သည့် နီ​မြန်း​သော​သားရဲ​ကို ကောင်းကင်တမန်​က မည်သို့​ခေါ်​ပြီး ၎င်း​သည် အဘယ်​နည်းဖြင့် ခု​နစ်​ပါး​ထဲ​မှ ပေါ်ထွက်​လာ​သနည်း။

ကောင်းကင်တမန်​က ယောဟန်​အား ဆက်လက်​ရှင်းပြ​၏– “တစ်ချိန်က ရှိခဲ့​သော်လည်း ယခု​မရှိသော သားရဲ​ကိုယ်နှိုက်​သည် အ​ဋ္ဌ​မ​ဘုရင်​လည်း​ဖြစ်၏။ သို့သော် ခု​နစ်​ပါး​ထဲ​မှ ပေါ်ထွက်​လာပြီး​လျှင် ပျက်စီးခြင်း​သို့ ရောက်​ရ​လိမ့်​မည်။” (ဗျာဒိတ် ၁၇:၁၁) ပုံခိုင်း​သည့် နီ​မြန်း​သော​သားရဲ​သည် ဦးခေါင်း​ခု​နစ်​လုံး​မှ “ပေါ်ထွက်” လာ​၏။ ဆိုလိုသည်မှာ ၎င်း​သည် “ပင်လယ်​ထဲ​မှ​တက်လာ” သော မူလ​သားရဲ​၏ ဦးခေါင်း​များ​မှ ပေါက်ဖွား​လာ​သည်၊ သို့​မဟုတ် ၎င်း​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည်။ နီ​မြန်း​သော​သားရဲ​သည် မူလ​သားရဲ​၏ ရုပ်တု​ပင်​ဖြစ်၏။ ၎င်း​သည် အဘယ်​နည်းဖြင့် မူလ​သားရဲ​မှ ပေါက်ဖွား​လာ​သနည်း။ စဉ်းစား​ကြည့်​ပါ။ ၁၉၁၉ ခုနှစ်​တွင် အင်္ဂလိပ်-အမေရိကန် အင်အားကြီး​နိုင်ငံ​သည် တန်ခိုး​ကြီးထွား​နေသော ဦးခေါင်း​ဖြစ်၏။ ယခင် ဦးခေါင်း​ခြောက်လုံး​ကျ​ခဲ့​၍ ကြီးစိုး​သော ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​၏​ရာထူး​သည် ဤ​နှစ်လုံး​တွဲ​ဦးခေါင်း​၏ လက်​သို့​ရောက်ရှိ​ပြီး ၎င်းကို ဗဟို​ပြုလျက်​ရှိပြီ​ဖြစ်၏။ ဤ​သတ္တမ​ဦးခေါင်း​သည် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များ အစဉ်အဆက်​၏ မျက်မှောက်​ကိုယ်စားလှယ်​အနေ​နှင့် နိုင်ငံ​ပေါင်း​ချုပ်​တည်ထောင်​ရေး​၌ တွန်းအား​ဖြစ်​ခဲ့​သည့်​အပြင် ကုလသမဂ္ဂ​ကို ထောက်ခံ​အားပေး​၍ ငွေကြေး​ထောက်မမှု​တွင်​လည်း အဓိက​ပုဂ္ဂိုလ် ဖြစ်​လျက်​ရှိ​ဆဲ​ပင်။ ထို့​ကြောင့် အထိမ်းအမှတ်​အရ နီ​မြန်း​သော​သားရဲ​—အ​ဋ္ဌ​မ​ဘုရင်​—သည် မူလ​ဦးခေါင်း​ခု​နစ်​လုံး​မှ “ပေါ်ထွက်” လာ​သည်။ ဤ​ရှုထောင့်​မှ​ကြည့်​လျှင် ဦးခေါင်း​ခု​နစ်​လုံး​ထဲ​မှ အ​ဋ္ဌ​မ​ဘုရင်​ပေါ်ထွက်​လာ​သည် ဟူသော​စကား​သည် စောစော​ပိုင်း​က ရူပါရုံ​နှင့် ညီညွတ်​ပေ​သည်။ ယင်း​ရူပါရုံ​အရ သိုးသငယ်​၏ ဦးချို​နှင့်​တူသော ဦးချို​နှစ်ချောင်း​ရှိသည့်​သားရဲ (မူလ​သားရဲ​၏ သတ္တမ​ခေါင်း အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ) က ၎င်း​ရုပ်တုကို​ပြုလုပ်​ရန် တိုက်တွန်း​ပြီး ၎င်း​ရုပ်တုကို အသက်သွင်း​ပေး​၏။​—ဗျာဒိတ် ၁၃:၁၊ ၁၁၊ ၁၄၊ ၁၅

ထို​မျှ​မ​က နိုင်ငံ​ပေါင်း​ချုပ်​၏ မူလ​အဖွဲ့ဝင်​များ​တွင် ဂ​ရိတ်​ဗြိတိန်​နှင့်​တကွ ယခင်​ဦးခေါင်း​များ​၏ နန်း​စိုက်​ရာ​နေရာများ​၌ အုပ်စိုး​ခဲ့​သော အစိုးရ​များ​ဖြစ်သည့် ဂရိ၊ အီရန် (ပါးရှား)၊ အီတလီ (ရောမ) နိုင်ငံ​များ ပါဝင်​ကြသည်။ ယခင်​ကမ္ဘာ့​အင်အားကြီး​နိုင်ငံ ခြောက်​ခု​ချုပ်ထိန်း​ခဲ့​သည့် နယ်ပယ်​များ​ကို​အုပ်စိုး​သော အစိုးရ​များသည် အဆုံး​၌ သားရဲ​၏​ရုပ်တုကို အားပေး​ထောက်ခံသူ အဖွဲ့ဝင်​များ​ဖြစ်လာ​ကြသည်။ ဤ​အဓိပ္ပာယ်​အရ​လည်း နီ​မြန်း​သော​သားရဲ​သည် ကမ္ဘာ့​အင်အားကြီး​နိုင်ငံ ခု​နစ်​နိုင်ငံ​မှ ပေါ်ထွက်​လာ​သည်​ဟု ဆိုနိုင်၏။

၁၀။ (က) နီ​မြန်း​သော​သားရဲ “ကိုယ်နှိုက်​သည် အ​ဋ္ဌ​မ​ဘုရင်​လည်း​ဖြစ်၏” ဟု အဘယ်​သို့​ဆိုနိုင်​သနည်း။ (ခ) ယခင်​ဆိုဗီယက်​ပြည်ထောင်စု​၏ ခေါင်းဆောင်​တစ်ဦး​က ကုလသမဂ္ဂ​ကို ထောက်ခံ​သည့်​အနေ​နှင့် မည်သို့​ဆို​သနည်း။

၁၀ နီ​မြန်း​သော​သားရဲ “ကိုယ်နှိုက်​သည် အ​ဋ္ဌ​မ​ဘုရင်​လည်း​ဖြစ်” ကြောင်း သတိပြုပါ။ ထို့​ကြောင့် ယနေ့​ကုလသမဂ္ဂ​ကို ကမ္ဘာ့​အစိုးရ​တစ်ခု​သဖွယ် ပုံဖော်​ထား​သည်။ တစ်ခါတစ်ရံ ၎င်း​သည် အစိုးရ​တစ်ဖွဲ့​ပ​မာ လှုပ်ရှား​ဆောင်ရွက်​ပြီး အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများ​ကို​ဖြေရှင်းရန် ကိုရီးယား၊ ဆိုင်းနိုင်း​ကျွန်းဆွယ်၊ အာဖရိကန်​နိုင်ငံ​အချို့​နှင့် လက်​ဗ​နွန်​နိုင်ငံ​များ​သို့ စစ်တပ်​များ​ပင် စေလွှတ်ခဲ့​သည်။ သို့ပင်ငြားလည်း ၎င်း​သည် ဘုရင်​တစ်ပါး​၏ ရုပ်တု မျှ​သာ​ဖြစ်၏။ ဘာသာရေး​ရုပ်တု တစ်ဆူ​ကဲ့သို့​ဖြစ်​ပြီး ထုလုပ်​ကိုးကွယ်​သော ပုဂ္ဂိုလ်​များ သွင်း​ပေး​သလော​က်​သာ ဩဇာ​တန်ခိုး​ရှိ၏။ ရံဖန်ရံခါ ဤ​ပုံဆောင်​သားရဲ​သည် ချည့်နဲ့​ပုံ​ရ၏။ သို့ရာတွင် ၎င်း​သည် တွင်း​နက်​ကြီး​ထဲ​သို့ လှိမ့်​ဆင်း​ခဲ့​သည်​တိုင်အောင် အာဏာရှင်​ဆန်​သော အဖွဲ့ဝင်​နိုင်ငံ​များ​၏ စွန့်ပစ်ခြင်း​ကို​ခံ​ခဲ့​ရသည့် နိုင်ငံ​ပေါင်း​ချုပ်​နည်းတူ လုံးလုံးလျားလျား စွန့်ပစ်ခြင်း​ကို တစ်ခါမျှ​မခံရ​ပါ။ (ဗျာဒိတ် ၁၇:၈) ယခင် ဆိုဗီယက်​ပြည်ထောင်စု​၏ ခေါင်းဆောင်​ကြီး​တစ်ဦး​သည် အခြား​ကဏ္ဍ​များ​၌ ရောမမြို့​ရှိ ပုပ်​ရဟန်း​မင်း​များနှင့် အခြေခံ​သဘောချင်း ကွဲပြား​ခြားနား​သော်လည်း ၁၉၈၇ ခုနှစ်​၌ ၎င်း​ပုပ်​ရဟန်း​မင်း​များ​နည်းတူ ကုလသမဂ္ဂ​ကို ထောက်ခံ​ပြောဆို​ခဲ့​သည်။ ကုလသမဂ္ဂ​ကို​အခြေခံ​သည့် “ပြည့်ဝ​စုံလင်သော အပြည်ပြည်ဆိုင်ရာ လုံခြုံမှု​စနစ်” တည်ထောင်​ဖို့​ပင် အဆို​သွင်း​ခဲ့​သည်။ ယောဟန် မကြာမီ​သိရ​သည့်​အတိုင်း အာဏာ​ခပ်​စူးစူး​ဖြင့် ကုလသမဂ္ဂ လှုပ်ရှား​ဆောင်ရွက်​မည့်​အချိန် ရောက်လာ​မည်။ ထို့နောက် ၎င်း​၏​အလှည့်​ရောက်​သောအခါ “ပျက်စီးခြင်း​သို့ ရောက်​ရမည်။”

ဘုရင်​ဆယ်ပါး တစ်​နာရီ​မျှ

၁၁။ ပုံခိုင်း​ချက်​ဖြစ်သည့် နီ​မြန်း​သော​သားရဲ​၏ ဦးခေါင်း​ပေါ်​မှ ဦးချို​ဆယ်ချောင်း​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏ ကောင်းကင်တမန်​က ဘာ​ပြော​သနည်း။

၁၁ ဗျာဒိတ်ကျမ်း​၏ ယခင်​အခန်းကြီး​၌ ဆဋ္ဌမ​နှင့် သတ္တမ​ကောင်းကင်တမန်​များ​က ဘုရားသခင့်​အမျက်တော် ဖလား​များ​ကို သွန်းလောင်းခဲ့​ကြောင်း ဖော်ပြ​၏။ သို့ဖြင့် မြေကြီး​ဘုရင်​များသည် ဘုရားသခင့်​စစ်ပွဲ အာမဂေဒုန်​သို့ စုရုံးခြင်း​ခံ​နေရ​ကြောင်း၊ ‘မဟာ​ဗာဗုလုန်​အား ဘုရားသခင် သတိရ​တော်​မူ​မည်’ ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရပြီ။ (ဗျာဒိတ် ၁၆:၁၊ ၁၄၊ ၁၉) ယခု​သော် သူတို့​အပေါ်​ချ​ခဲ့​သော စီရင်ချက်​များ​ကို မည်သို့​ဖော်ဆောင်​တော်​မူ​မည်​ဖြစ်​ကြောင်း အသေးစိတ် သိရ​တော့​မည်။ ယောဟန်​အား ကောင်းကင်တမန် မြွက်ဆို​သည်ကို နားထောင်ပါ– “သင်​မြင်ရသော ဦးချို​ဆယ်ချောင်း​ကား နိုင်ငံ​ကို​မရသေး​သည့် ဘုရင်​ဆယ်ပါး​ကို ဆိုလို​၏။ သို့သော် သားရဲ​နှင့်အတူ တစ်​နာရီ​မျှ ဘုရင့်​အာဏာကို ရ​ကြ​၏။ သူတို့သည် အကြံ​တစ်ခု​တည်း ရှိသဖြင့် မိမိတို့၏​တန်ခိုး​နှင့် အာဏာကို သားရဲ​အား ပေးအပ်​ကြ​၏။ ဤ​သူတို့သည် သိုးသငယ်​နှင့် စစ်တိုက်​ကြလိမ့်မည်။ သို့သော် သိုးသငယ်​သည် သခင်​တ​ကာ့​သခင်၊ ဘုရင်​တ​ကာ့​ဘုရင် ဖြစ်သော​ကြောင့် သူတို့ကို အောင်နိုင်​လိမ့်​မည်။ ကိုယ်တော်​နှင့်အတူ ခေါ်ယူ​ရွေးကောက်​တော်​မူ​ခြင်း ခံရ​သော သစ္စာရှိ​သူတို့လည်း အောင်နိုင်ကြ​လိမ့်​မည်။”​ဗျာဒိတ် ၁၇:၁၂-၁၄

၁၂။ (က) ဦးချို​ဆယ်ချောင်း​သည် ဘာကို​သရုပ်ဖော်​သနည်း။ (ခ) ပုံခိုင်း​သော​ဦးချို​ဆယ်ချောင်း​သည် အဘယ်​သို့ ‘နိုင်ငံ​ကို​မရသေး’ သနည်း။ (ဂ) ယခု ပုံခိုင်း​သော​ဦးချို​ဆယ်ချောင်း​သည် မည်သို့ ‘နိုင်ငံ’ ရ​၍ မည်မျှ​တာ​ရှည်​မည်​နည်း။

၁၂ ဦးချို​ဆယ်ချောင်း​သည် လောလောဆယ် ကမ္ဘာ့​ဇာတ်ခုံ​ပေါ် ဩဇာ​လွှမ်းမိုး၍ သားရဲ​၏​ရုပ်တုကို ထောက်ခံ​သော အင်အားကြီး​နိုင်ငံ ရှိသမျှကို သရုပ်ဖော်​သည်။ ယောဟန်​လက်ထက်​က လူတို့သည် ယခု​တည်ရှိ​သော နိုင်ငံ​များ​အနက် မပြော​ပ​လောက်​သော နိုင်ငံ​အနည်းငယ်​ကို​သာ သိရှိ​ခဲ့​သည်။ အီဂျစ်​နှင့် ပါးရှား (အီရန်) စ​သော ထို​ခေတ်​က လူ​တို့​သိရှိ​ခဲ့​သည့် နိုင်ငံ​များ​ဆိုလျှင်​လည်း ယနေ့ နိုင်ငံရေး​ဆောက်​တည်​ပုံ လုံးဝ​မတူ​တော့​ချေ။ သို့​ဖြစ်၍ ပထမ​ရာစု​၌ ‘ဦးချို​ဆယ်ချောင်း​သည် နိုင်ငံ​မရ​ကြ​သေး​ချေ။’ သို့သော် သခင့်​နေ့​တော်​ဖြစ်သည့် ယခု​အချိန်၌ သူတို့သည် “နိုင်ငံ” သို့​မဟုတ် နိုင်ငံရေး​အာဏာ ရ​ကြ​လေ​ပြီ။ ကြီးမားသော ကိုလိုနီ​အင်ပါယာ​များ ပြိုကွဲ​သည်​နှင့်​အမျှ အထူးသဖြင့် ဒုတိယ​ကမ္ဘာ​စစ်​နောက်ပိုင်း​တွင် နိုင်ငံ​သစ်​များစွာ ပေါ်ထွန်း​လာ​သည်။ ကမ္ဘာ့​နိုင်ငံရေး အာဏာ​ရှိသမျှကို အာမဂေဒုန်​၌ ယေဟောဝါ အဆုံးသတ်​တော်​မ​မူ​မီ ထို​နိုင်ငံ​များနှင့်​တကွ သူတို့ထက် ကြာရှည်​စွာ​တည်ရှိ​ခဲ့​သော အင်အားကြီး​နိုင်ငံ​တို့သည် သားရဲ​နှင့်အတူ တစ်ခဏ​—“တစ်​နာရီ”​—မျှ​သာ အုပ်စိုး​ရ​ကြ​မည်။

၁၃။ ဦးချို​ဆယ်ချောင်း​သည် အဘယ်​နည်းဖြင့် “အကြံ​တစ်ခု​တည်း” ရှိကြ​ပြီး ယင်းကြောင့် သိုးသငယ်​အပေါ် မည်သို့​စိတ်ထား​ကြ​သနည်း။

၁၃ ယနေ့ မျိုးချစ်​စိတ်ဓာတ်​သည် ဦးချို​ဆယ်ချောင်း​ကို လှုံ့ဆော်​သော အထက်​မြက်​ဆုံး စွမ်းအား​ဖြစ်သည်။ သူတို့သည် “အကြံ​တစ်ခု​တည်း” ရှိကြ​၏။ ဆိုလိုသည်မှာ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ကို လက်ခံ​မည့်​အစား မိမိတို့၏​အမျိုးသားရေး အချုပ်အခြာအာဏာကို တည်မြဲ​စေ​လို​၏။ နိုင်ငံ​ပေါင်း​ချုပ်​နှင့် ကုလသမဂ္ဂ​ကို သူတို့​ထောက်ခံ​ရာ​၌ ဦးဦးဆုံး ဤ​ရည်ရွယ်ချက်​အတွက်​ပင်​ဖြစ်သည်—ကမ္ဘာ့​ငြိမ်းချမ်းရေး​ကို ထိန်းသိမ်း​ခြင်း​ဖြင့် မိမိတို့၏​တည်တံ့ရေး​ကို ကာကွယ်​စောင့်ထိန်း​ရန်​တည်း။ ဤ​သဘောထား​ကြောင့် ဦးချို​များသည် “သခင်​တ​ကာ့​သခင်၊ ဘုရင်​တ​ကာ့​ဘုရင်” သိုးသငယ်​နှင့် ဧကန်​အတိုက်အခံ​ဖြစ်​မည်။ အကြောင်း​မှာ ခရစ်တော်​လက်အောက်​ရှိ မိမိ၏​နိုင်ငံတော်​အားဖြင့် ထို​နိုင်ငံ​များ​အားလုံး​ကို အစားထိုး​ရန် ယေဟောဝါ ရည်ရွယ်​တော်​မူ​သောကြောင့်​ဖြစ်၏။​—ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၄:၃၀; ၂၅:၃၁-၃၃၊ ၄၆

၁၄။ လောကီ​အုပ်စိုးရှင်​တို့သည် သိုးသငယ်​ကို အဘယ်​သို့​တိုက်ခိုက်​နိုင်​သနည်း၊ အဘယ်​ရလဒ် ထွက်ပေါ်​လာ​မည်​နည်း။

၁၄ ဤ​လောက​၏ အုပ်စိုးရှင်​များသည် ယေရှု​အား မည်သို့​မျှ မထိ​ပါး​နိုင်​ပါ။ ကိုယ်တော်​သည် သူတို့​လက်လှမ်း​မ​မှီ​နိုင်သော ကောင်းကင်ဘုံ​၌​ရှိ​တော်​မူ​၏။ သို့ရာတွင် ယေရှု၏​ညီတော်​များ၊ မိန်းမ​၏​အမျိုးအနွယ် အကြွင်းအကျန်​များ​မူ မြေကြီး​ပေါ်မှာ​ရှိပြီး အကာအကွယ်​ကင်းမဲ့​ဟန်​ရှိ၏။ (ဗျာဒိတ် ၁၂:၁၇) ဦးချို​အတော်များများ​က သူတို့​အပေါ် ခါးခါးသီးသီး​ရန်လိုသော သဘော​ရှိကြောင်း ပြသ​ခဲ့​လေ​ပြီ။ ဤ​နည်း​အားဖြင့် သူတို့သည် သိုးသငယ်​ကို စစ်တိုက်​ကြ​၏။ (မဿဲ ၂၅:၄၀၊ ၄၅) သို့သော် များ​မကြာမီ “အထက်​ဆို​ခဲ့​ပြီး​သော နိုင်ငံ​ရှိသမျှ​တို့ကို” ဘုရားသခင့်​နိုင်ငံတော်​က “ချိုးဖဲ့​ဖျက်ဆီး” ရန်​အချိန် ဆိုက်ရောက်​လာ​မည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထို​အခါ ကျွန်ုပ်​တို့ တွေ့ရ​တော့​မည့်​အတိုင်း မြေကြီး​ဘုရင်​တို့သည် သိုးသငယ်​နှင့် နောက်ဆုံး​စစ် ဆင်နွှဲ​လိမ့်​မည်။ (ဗျာဒိတ် ၁၉:၁၁-၂၁) သို့ရာတွင် လူမျိုးများ​သည် အောင်ပွဲခံ​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့ ကျေနပ်​လောက်​အောင် သိရှိ​ရပြီ​ဖြစ်၏။ သူတို့နှင့် နီ​မြန်း​သော​သားရဲ ကုလသမဂ္ဂ​တို့သည် “အကြံ​တစ်ခု​တည်း” ရှိကြ​သော်လည်း “သခင်​တ​ကာ့​သခင်၊ ဘုရင်​တ​ကာ့​ဘုရင်” အပေါ် အောင်ပွဲခံ​နိုင်​မည်​မဟုတ်။ ကိုယ်တော်​၏ မြေကြီးပေါ်​ရှိ​ဆဲ ဘိသိက်ခံနောက်တော်လိုက်​များ​ပါဝင်သော “ကိုယ်တော်​နှင့်အတူ ခေါ်ယူ​ရွေးကောက်​တော်​မူ​ခြင်း​ခံရ​သော သစ္စာရှိ​သူတို့” အပေါ်လည်း စစ်နိုင်​လိမ့်​မည်​မဟုတ်။ ဤ​နောက်တော်လိုက်​တို့သည် စာတန်​၏​ယုတ်မာ​သော စွပ်စွဲချက်​များ​ကို ဖြေဆို​သည့်​အနေ​နှင့် သမာဓိ​စောင့်သိ​ခြင်း​ဖြင့် အောင်နိုင်ကြ​လိမ့်​မည်။​—ရောမ ၈:၃၇-၃၉; ဗျာဒိတ် ၁၂:၁၀၊ ၁၁

ပြည့်တန်ဆာ​ကို ပျက်ပြုန်း​စေခြင်း

၁၅။ ပြည့်တန်ဆာ​အကြောင်း၊ ဦးချို​ဆယ်ချောင်း​နှင့် သားရဲ​တို့​က သူ့​အပေါ်​မည်သို့​သဘောထား​ပြီး သူ့​အား​မည်သို့​ပြု​မည်​အကြောင်း ကောင်းကင်တမန်​က မည်သို့​ဆို​သနည်း။

၁၅ ဘုရားသခင့် လူမျိုးတော်​သာ​လျှင် ဦးချို​ဆယ်ချောင်း​၏ ရန်ငြိုး​ကို​ခံရ​သည်မဟုတ်။ ကောင်းကင်တမန်​က ယောဟန်​၏​အာရုံ​ကို ပြည့်တန်ဆာ​အပေါ် ပြန်၍​စူးစိုက်​စေ​သည်– “ကောင်းကင်တမန်​က ‘သင်​မြင်ရသော ပြည့်တန်ဆာ ထိုင်​နေသည့် ရေ​များသည် လူ​ပုဂ္ဂိုလ်​များ၊ လူအုပ်​များ၊ လူမျိုးများ​နှင့် ဘာသာ​စကား​များ​ကို ဆိုလို​၏။ သင်​မြင်ရသော ဦးချို​ဆယ်ချောင်း​နှင့် သားရဲ​တို့သည် ပြည့်တန်ဆာ​ကို မုန်း​သဖြင့် သူ့ကို ပျက်ပြုန်း​စေ​၍ အဝတ်အချည်းစည်း ရှိစေ​လျက် သူ၏​အသားကို စား​ပြီး​လျှင် သူ့ကို အပြီးအပိုင် မီးရှို့​ပစ်​လိမ့်​မည်’ ဟု​ငါ့​အား​ဆို​၏။”​ဗျာဒိတ် ၁၇:၁၅၊ ၁၆

၁၆။ မဟာ​ဗာဗုလုန်​သည် နိုင်ငံရေး​အစိုးရ​များ​၏ တိုက်ခိုက်မှု​ကို ခံရ​သော​အခါ အကာအကွယ်​အတွက် မိမိ၏​ရေ​များ​ကို အဘယ်ကြောင့် အားထား​နိုင်​မည် မဟုတ်​သနည်း။

၁၆ ရှေး​ဗာဗုလုန်​မြို့​သည် ကျုံးရေ​၏​အကာအကွယ်​ကို အားထား​သကဲ့သို့ ယနေ့ မဟာ​ဗာဗုလုန်​လည်း “လူ​ပုဂ္ဂိုလ်​များ၊ လူအုပ်​များ၊ လူမျိုးများ​နှင့် ဘာသာ​စကား​များ” ဖြစ်သော ကြီးမား​သည့် အသင်းသား​ထု​ကို အားထား​၏။ မဟာ​ဗာဗုလုန်​ကို မြေကြီးပေါ်​မှ နိုင်ငံရေး​အစိုးရ​များ​က တရ​ကြမ်းတိုက်​ခိုက်​မည်​ဟူသော တုန်လှုပ်​ဖွယ် အဖြစ်အပျက်​တစ်ရပ်​အကြောင်းကို မပြော​မီ ကျွန်ုပ်​တို့အား ဤ​လူများ​အကြောင်းကို ကောင်းကင်တမန်​က သတိပြု​စေ​သည်​မှာ ဆီလျော်​ပေ​၏။ ထိုသို့​တိုက်ခိုက်​သောအခါ “လူ​ပုဂ္ဂိုလ်​များ၊ လူအုပ်​များ၊ လူမျိုးများ​နှင့် ဘာသာ​စကား​များ” က ဘာ​ပြု​ကြ​မည်​နည်း။ ဘုရားသခင့်​လူမျိုးတော်​က ဥဖရတ်​မြစ်ရေ ခန်းခြောက်​မည်​ဟု မဟာ​ဗာဗုလုန်​အား သတိပေး​နေပြီ​ဖြစ်၏။ (ဗျာဒိတ် ၁၆:၁၂) အဆုံး​၌ ၎င်း​ရေ​များ လုံးဝ​ခြောက်သွေ့​သွား​လိမ့်​မည်။ ၎င်းတို့သည် အရေးကြီးဆုံး​အချိန်တွင် ရွံရှာဖွယ် ပြည့်တန်ဆာ​အို​ကြီး​အား ထိထိရောက်ရောက် အကာအကွယ် ပေး​နိုင်​မည်​မဟုတ်။​—ဟေရှာယ ၄၄:၂၇; ယေရမိ ၅၀:၃၈; ၅၁:၃၆၊ ၃၇

၁၇။ (က) မဟာ​ဗာဗုလုန်​၏ ရွှေငွေ​ဥစ္စာ​သည် အဘယ်ကြောင့် သူ့​အား ကယ်တင်​မည် မဟုတ်​သနည်း။ (ခ) မဟာ​ဗာဗုလုန်​၏ ဇာတ်သိမ်း​ခန်း​သည် အဘယ်​သို့ မ​ရှု​မလှ ဖြစ်​မည်​နည်း။ (ဂ) ဦးချို​ဆယ်ချောင်း သို့​မဟုတ် တိုင်းနိုင်ငံ​များ​အပြင် အဘယ်အရာ​လည်း မဟာ​ဗာဗုလုန်​ကို ဝရုန်းသုန်းကား ပါဝင်​ဖျက်ဆီး​မည်​နည်း။

၁၇ မဟာ​ဗာဗုလုန်​၏ ပေါများ​ကြွယ်ဝသော​စည်းစိမ်​သည် သူ့ကို မုချ​ကယ်တင်​နိုင်​မည်​မဟုတ်။ သူ့​အား မြန်မြန်ဆန်ဆန် ပျက်စီး​စေ​မည့်​အကြောင်း​ပင်​ရှိ၏။ အကြောင်း​မှာ ရူပါရုံ​က သားရဲ​နှင့် ဦးချို​ဆယ်ချောင်း​တို့သည် ပြည့်တန်ဆာ​ကို အငြိုး​တ​ကြီး တိုက်ခိုက်​သောအခါ သူ၏ ရွှန်း​တင့်​လှပသော​အဝတ်​နှင့် လက်​ဝတ်​ရတနာ​အားလုံး​ကို ချွတ်ယူ​မည်​ဖြစ်​ကြောင်း​ပြ​၏။ သူ၏​ရွှေငွေ​ဥစ္စာ​ကို လုယူ​ကြ​မည်။ သူ့ကို “အဝတ်အချည်းစည်း ရှိစေ​လျက်” သူ၏​ဇာတိရုပ်​လုံး​ကို ဖော်ထုတ်​၍ အရှက်ခွဲ​ကြ​မည်။ ကြီးစွာ​သော ပျက်စီး​ပြုန်းတီး​ခြင်း​ပါ​တကား။ ထို့​ပြင် သူ၏​ဇာတ်သိမ်း​ခန်း​လည်း အသရေ​မဲ့​လိုက်​လေ​ခြင်း။ သူတို့သည် သူ့ကို​ဖျက်ဆီး​ပြီး “သူ၏​အသားကို​စား” ၍ သက်မဲ့​အရိုး​စု​ဖြစ်စေ​မည်။ နောက်ဆုံး​၌ “သူ့ကို အပြီးအပိုင် မီးရှို့​ပစ်​လိမ့်​မည်။” သူသည် အသရေ​ရှိ​ရှိ သင်္ဂြိုဟ်​မခံရ​ဘဲ ကူးစက်​ရောဂါပိုး သယ်ဆောင်​ထား​သူ​ကဲ့သို့ မီးရှို့ခြင်း​ခံရ​သည်​တကား။ ဦးချို​ဆယ်ချောင်း ကိုယ်စား​ပြုသော လူမျိုးများ​က​သာ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​လိုက်​သည်မဟုတ်။ ကုလသမဂ္ဂ​တည်း​ဟူသော “သားရဲ” ကိုယ်တိုင်​လည်း ဤ​ဝရုန်းသုန်းကား ဖျက်ဆီးမှု​တွင် ပါဝင်​၏။ ၎င်း​သည် မိစ္ဆာ​ဘာသာ​တရားကို​ဖျက်ဆီး​ရန် ခွင့်ပြု​ချက်​ပေး​မည်။ ကုလသမဂ္ဂ​အဖွဲ့ဝင်​နိုင်ငံ ၁၉၀ ကျော်​အနက် အများ​က ဘာသာ​တရား၊ အထူးသဖြင့် ခရစ်ယာန်ဘောင်​ကို ရန်လို​ကြောင်း ၎င်းတို့၏​မဲပေး​ပုံ​ဖြင့် ပြသ​ခဲ့ပြီ​ဖြစ်သည်။

၁၈။ (က) ဗာဗုလုန်​ဆိုင်ရာ ဘာသာ​တရားကို လူမျိုးများ​တိုက်ခိုက်​မည့် အဘယ် အလားအလာ ကို တွေ့​နေရ​ပြီ​ဖြစ်သနည်း။ (ခ) ပြည့်တန်ဆာ​ကြီး​ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​သော အခြေခံ​အကြောင်းရင်း​မှာ အဘယ်အရာ ဖြစ်​မည်​နည်း။

၁၈ လူမျိုးများ​သည် မိမိတို့၏​တိတ်​တိတ်​ပုန်း ရည်းစား​ဟောင်း​ကို အဘယ်ကြောင့် ဤမျှ​ကြမ်းကြုတ်​ခက်ထန်​စွာ ဆက်ဆံ​မည်​နည်း။ မကြာသေးမီ​က သမိုင်း​ဖြစ်ရပ်​များ​ကို​ကြည့်​လျှင် ဗာဗုလုန်​ဆိုင်ရာ​ဘာသာ​တရားကို တိုက်ခိုက်​ကြ​မည့် အလားအလာ ရှိကြောင်း တွေ့ခဲ့​ရပြီ။ ယခင်​ဆိုဗီယက်​ပြည်ထောင်စု​နှင့် တရုတ်​စ​သော​နိုင်ငံ​များ​၌ အစိုးရ​၏​ဆန့်ကျင်မှု​ကြောင့် ဘာသာရေး​သြဇာ အကြီးအကျယ် လျော့နည်း​ခဲ့​သည်။ ဥရောပတိုက်​ရှိ ပရိုတက်စတင့်​နယ်ပယ် အပိုင်းအခြား​များ​တွင်​လည်း ဘာသာရေး​ကို စိတ်မဝင်စား​မှု​နှင့် သံသယစိတ် ပျံ့နှံ့မှု​ကြောင့် ဘုရား​ရှိခိုး​ကျောင်း​များ ဟာလာဟင်းလင်း​ဖြစ်​ခဲ့​ကြ​ရာ ဘာသာ​တရားသည် သေ​သည်​နှင့်​မ​ခြား ဖြစ်​လေ​ပြီ။ ကက်သလစ် အင်ပါယာ​ကြီး​လည်း အတွင်း​ပုန်ကန်မှု​နှင့် စိတ်သဘော​ကွဲလွဲ​မှု​ကြောင့် ဖရိုဖရဲ​ဖြစ်​ပြီး ၎င်း​၏​ခေါင်းဆောင်​များလည်း ငြိမ်သက်​အောင် မပြု​လုပ်နိုင်။ သို့​တ​စေ၊ မဟာ​ဗာဗုလုန်​ကို နောက်ဆုံး မီးကုန်ယမ်းကုန် တိုက်ခိုက်​ခြင်း​မှာ ပြည့်တန်ဆာ​ကြီး​နှင့်​ဆိုင်သော ဘုရားသခင်​၏ မပြောင်းလဲ​နိုင်​သည့် တရား​စီရင်ချက်​ပင်​ဖြစ်​ကြောင်း မမေ့​သင့်။

ဘုရားသခင့်​အကြံတော်​အတိုင်း လုပ်ဆောင်ခြင်း

၁၉။ (က) ဘီစီ ၆၀၇ ခုနှစ်​တွင် အယူဖောက်ပြန်​သော ယေရုရှလင်​အပေါ် ယေဟောဝါ တရား​စီရင်ခြင်း​က ပြည့်တန်ဆာ​ကြီး​အပေါ် တရား​စီရင်တော်မူ​ခြင်း​အကြောင်းကို မည်သို့​နားလည်စေ​နိုင်​သနည်း။ (ခ) ဘီစီ ၆၀၇ ခုနှစ်​နောက်ပိုင်း ယေရုရှလင်​မြို့​၏ လူ​မနေ​သော ဆိတ်ညံ​ခြင်း​အဖြစ်​က ယနေ့​အဖို့ ဘာကို​တင်ကူး ခိုင်းနှိုင်း​သနည်း။

၁၉ ဤ​တရား​စီရင်ချက်​ကို ယေဟောဝါ မည်သို့​အကောင်အထည် ဖော်​တော်​မူ​သနည်း။ ရှေး​က အယူဝါဒ​ဖောက်ပြန်သော လူမျိုးတော်​အား ယေဟောဝါ​အရေးယူ​ခဲ့​ပုံ​ကို​ကြည့်​လျှင် နားလည်​နိုင်​ပါ​လိမ့်​မည်။ သူတို့နှင့်​ပတ်သက်​၍ ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– “ယေရုရှလင်​မြို့သား ပရောဖက်​တို့​၌​လည်း စက်ဆုပ်​ရွံရှာဖွယ်​သော​သဘောကို ငါ​မြင်ပြီ။ သူတို့သည် မတရားသော​မေထုန်​၌​မှီဝဲ​လျက် မုသား​ကိုလည်း​သုံး​လျက် အဓမ္မ​ပြုသောသူ​တို့ကို အားပေး​တတ်​သဖြင့် အဘယ်သူမျှ မိမိ​ပြုသော အဓမ္မအမှု​ကို​မစွန့်။ ထို​သူ​ရှိသမျှ​တို့သည် ငါ​၌ သောဒုံ​မြို့သား​ကဲ့သို့​လည်းကောင်း၊ ယေရုရှလင်​မြို့သား​တို့သည် ဂေါမောရ​မြို့သား​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​၏။” (ယေရမိ ၂၃:၁၄) ဘီစီ ၆၀၇ ခုနှစ်​တွင် ယေဟောဝါ​သည် နေဗုခဒ်နေဇာ​ကို​သုံး​လျက် ဝိညာဉ်​ရေး​အရ မျောက်​မထား​သော​၎င်း​မြို့​၏ ‘အဝတ်ကို​ချွတ်၍ လှပသော​တန်ဆာ​တို့ကို သိမ်းယူ​ပြီး ၎င်း​အား အဝတ်အချည်းစည်း ရှိ​ရ​စ်​စေ’ တော်​မူ​၏။ (ယေဇကျေလ ၂၃:၄၊ ၂၆၊ ၂၉) ထို​ခေတ်​က ယေရုရှလင်​မြို့​သည် ယနေ့​ခရစ်ယာန်ဘောင်​၏ ပုံစံ​ဖြစ်​ပြီး စောစော​ပိုင်း​က ရူပါရုံ​၌ ယောဟန်​မြင်ရ​သည့်​အတိုင်း ခရစ်ယာန်ဘောင်​နှင့် ကျန်ကြွင်း​သော မိစ္ဆာ​ဘာသာ​တရား​များ​ကို အလားတူ​စွာ ယေဟောဝါ​အပြစ်ဒဏ် ခတ်​တော်​မူ​မည်။ ဘီစီ ၆၀၇ ခုနှစ်​နောက်ပိုင်း ယေရုရှလင်​မြို့​၏ ဆိတ်ညံ​၍ လူ​မနေ​သော​အဖြစ်​က ဘာသာရေး​ခရစ်ယာန်ဘောင်​သည် စည်းစိမ်ဥစ္စာ​အ​ချွတ်​ခံရ​ပြီး အရှက်ခွဲ​ခံရ​သည့်​အခါ အဘယ်​ပုံစံ​ထွက်​မည်​ကို​ပြ​၏။ မဟာ​ဗာဗုလုန်​၏ ကျန်​အပိုင်း​များလည်း သက်သာ​မည်​မဟုတ်။

၂၀။ (က) ယေဟောဝါ​သည် လူ့​အုပ်စိုးရှင်​များ​ကို တစ်ဖန်​သုံး​၍ မိမိ၏​တရား​စီရင်ချက်​ကို ဖော်ဆောင်​တော်​မူ​မည်​ဖြစ်​ကြောင်း ယောဟန် မည်သို့​တင်ပြ​သနည်း။ (ခ) ဘုရားသခင်​၏ “အကြံတော်” ကား အဘယ်နည်း။ (ဂ) လူမျိုးများ​သည် အဘယ်​နည်းဖြင့် မိမိတို့၏ “တစ်ခု​တည်း​သော​အကြံ” ကို ဖော်ဆောင်​ကြ​မည်​ဖြစ်သော်လည်း စင်စစ်​အားဖြင့် မည်​သူ့​အကြံ​ကို သူတို့​ဖော်ဆောင်​နေခြင်း ဖြစ်​မည်​နည်း။

၂၀ လူ့​အုပ်စိုးရှင်​များ​ကို ယေဟောဝါ တစ်ဖန်​သုံး​လျက် မိမိ၏​တရား​စီရင်ချက်​ကို အကောင်အထည် ဖော်​တော်​မူ​၏။ “အကြောင်း​မှာ ဘုရားသခင်​သည် သူတို့အား မိမိ၏​အကြံတော်​ကို ဖော်ဆောင်​စေရန်​လည်းကောင်း၊ ဘုရားသခင်​၏ နှုတ်ကပါဌ်တော် ဖြစ်မြောက်​သည်​တိုင်အောင် သူတို့၏​နိုင်ငံ​ကို သားရဲ​အားပေးခြင်း​ဖြင့် သူတို့၏ တစ်ခု​တည်း​သော​အကြံ​ကို ဖော်ဆောင်​စေရန်​လည်းကောင်း သူတို့၏​နှလုံး​ထဲ​သို့ အကြံသွင်း​တော်​မူ​၏။” (ဗျာဒိတ် ၁၇:၁၇) ဘုရားသခင့် “အကြံတော်” ကား​အဘယ်နည်း။ မဟာ​ဗာဗုလုန်​ကို အဆုံးစီရင်​မည့်​သူများ​အား စည်းလုံးစေ​ပြီး သူ့​အား အပြီး​အ​ငြိမ်း ဖျက်ဆီး​စေရန်​တည်း။ အုပ်စိုးရှင်​များ​က သူ့ကို​တိုက်ခိုက်​ကြသည်​မှာ မိမိတို့၏ “တစ်ခု​တည်း​သော​အကြံ” ကို​ဖော်ဆောင်​ရန်ဖြစ်​မည်​မှာ ဆို​ဖွယ်​မရှိ။ မိမိတို့၏ အမျိုးသားရေး အကျိုး​စီးပွား​အတွက် ပြည့်တန်ဆာ​ကြီး​ကို တိုက်ခိုက်​ရမည်ဟု သူတို့​ယူဆကြ​၏။ မိမိတို့​နယ်မြေ​အတွင်း ဖွဲ့စည်းထား​သော ဘာသာတရား ဆက်လက်​တည်ရှိခြင်း​သည် မိမိတို့၏ အချုပ်အခြာအာဏာကို အန္တရာယ်​ဖြစ်စေ​သည်​ဟု သူတို့​ယူမှတ်​လာ​ကောင်း ယူမှတ်​လာ​ကြ​မည်။ သို့သော် စင်စစ်​အားဖြင့် ယေဟောဝါ​က အကွက်​ဆင်​လျက်​ရှိ​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏ မျောက်​မထား​သော ရန်သူ​ဟောင်း​ကို ဖျက်ဆီးခြင်း​ဖြင့် ကိုယ်တော်​၏ အကြံတော်​ကို ဖော်ဆောင်​ကြလိမ့်မည်။​—ယေရမိ ၇:၈-၁၁၊ ၃၄ နှိုင်းယှဉ်။

၂၁။ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​ရာ​၌ နီ​မြန်း​သော​သားရဲ​ကို သုံး​မည်​ဖြစ်​ရ​ကား ကုလသမဂ္ဂ​နှင့်​ပတ်သက်​၍ လူမျိုးများ​က မည်သို့​ပြု​မည်​ဖြစ်​ကြောင်း ထင်ရှား​သနည်း။

၂၁ မှန်​ပေ​သည်။ လူမျိုး​တို့သည် နီ​မြန်း​သော​သားရဲ ကုလသမဂ္ဂ​ကို​သုံး​၍ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​ကြလိမ့်မည်။ သူတို့​သဘောဖြင့်​သူတို့ လုပ်ဆောင်ကြ​သည်မဟုတ်။ အကြောင်း​မှာ “သူတို့၏​နိုင်ငံ​ကို သားရဲ​အားပေးခြင်း​ဖြင့် သူတို့၏ တစ်ခု​တည်း​သော​အကြံ​ကို ဖော်ဆောင်​စေရန်” သူတို့၏​နှလုံး​ထဲ​သို့ ယေဟောဝါ အကြံသွင်း​တော်​မူ​၏။ အချိန်တန်လျှင် လူမျိုး​တို့သည် ကုလသမဂ္ဂ​ကို အားဖြည့်​ကြလိမ့်မည်။ ကိုက်ဖြတ်​စ​ရာ​သွား​ကို ကုလသမဂ္ဂ​အား ပေး​သည့်​အလား မိမိတို့​၌​ရှိသမျှ​သော အာဏာတန်ခိုး​ကို​ပေး​သဖြင့် ကုလသမဂ္ဂ​သည် မိစ္ဆာ​ဘာသာ​ကို​တိုက်ခိုက်​၍ “ဘုရားသခင်​၏ နှုတ်ကပါဌ်တော် ဖြစ်မြောက်​သည်​တိုင်အောင်” သူ့​အပေါ် အောင်ပွဲ​ဆင်​လိမ့်​မည်။ ဤ​နည်း​အားဖြင့် ရှေး​ပြည့်တန်ဆာ​သည် ဇာတ်သိမ်း​ရ​လိမ့်​မည်။ သူ​မရှိ​မှ အေး​ရ​လိမ့်​မည်။

၂၂။ (က) ဗျာဒိတ် ၁၇:၁၈ ၌ ကောင်းကင်တမန်​က မိမိ၏​ထွက်ဆိုချက်​ကို နိဂုံး​ချုပ်​ပုံ​အားဖြင့် ဘာကို​ပြ​ဆို​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် ထို​လျှို့ဝှက်​နက်နဲရာ​အကြောင်း ဇာတ်​ရည်​လည်​လာ​သဖြင့် မည်သို့​ပြု​ကြ​သနည်း။

၂၂ ကောင်းကင်တမန်​က ကမ္ဘာ့​မိစ္ဆာ ဘာသာရေး​အင်ပါယာ​သည် ယေဟောဝါ​၏ တရား​စီရင်​ကွပ်မျက်ခြင်း ဧကန်​ခံရ​မည်​ကို အလေးအနက် ဖော်ပြ​လို​သည့်​အလား မိမိ၏​ထွက်ဆိုချက်​ကို ဤသို့​အဆုံးသတ်​လိုက်​သည်– “သင်​မြင်ရသော မိန်းမသည် မြေကြီးပေါ်​ရှိ ဘုရင်​များ​ကို အုပ်စိုး​သော​နိုင်ငံ​ရှိသည့် မြို့ကြီးကို ဆိုလို​သတည်း။” (ဗျာဒိတ် ၁၇:၁၈) မဟာ​ဗာဗုလုန်​သည် ဗေလရှာဇာ​လက်ထက်​က ဗာဗုလုန်​နိုင်ငံ​ကဲ့သို့ “ချိန်ခွင်​နှင့်​ချိန်​၍ လျော့​ကြောင်း” တွေ့ရ​ပြီ။ (ဒံယေလ ၅:၂၇) သူ့ကို​အဆုံးစီရင်​ခြင်း​သည် မြန်ဆန်​၍ အပြီး​အပြတ်​ဖြစ်​လိမ့်​မည်။ ယေဟောဝါသက်သေ​များ​အနေ​ဖြင့် ပြည့်တန်ဆာ​ကြီး​နှင့် နီ​မြန်း​သော​သားရဲ​ဆိုင်ရာ လျှို့ဝှက်​နက်နဲရာ​အကြောင်း ဇာတ်​ရည်​လည်​လာ​သည်​နှင့်​အမျှ မည်သို့​ပြု​ကြ​သနည်း။ ယေဟောဝါ​၏ တရား​စီရင်​ရာ​နေ့အကြောင်း​ကို စိတ်​ထက်သန်​စွာ ကြွေးကြော်​ကြ​ပြီး တစ်ချိန်တည်း​တွင် သမ္မာတရား​ကို အပတ်တကုတ် ရှာဖွေသူ​များ​အား “ယဉ်ကျေး​သော​စကား” ဖြင့် ဖြေကြား​ကြ​၏။ (ကောလောသဲ ၄:၅၊ ၆သ​မ; ဗျာဒိတ် ၁၇:၃၊) ရှေ့​လာ​မည့်​အခန်း တင်ပြ​မည်​ဖြစ်သည့်​အတိုင်း ပြည့်တန်ဆာ​ကြီး ကွပ်မျက်​ခံရ​သော​အခါ အသက်ချမ်းသာ​ရ​လို​သူအား​လုံး မြန်မြန်ဆန်ဆန် ပြုမူ​ဆောင်ရွက်​ရမည် ဖြစ်​သတည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅၂ ပါ ရုပ်ပုံ]

ကမ္ဘာ့​အင်အားကြီး​နိုင်ငံ ခု​နစ်​ဆက်

အီဂျစ်

အဆီးရီးယား

ဘေဘီလုန်

မီဒို-ပါးရှား

ဂရိ

ရောမ

အင်္ဂလိပ်-အမေရိကန်

[စာမျက်နှာ ၂၅၄ ပါ ရုပ်ပုံ]

“သားရဲ​ကိုယ်နှိုက်​သည် အ​ဋ္ဌ​မ​ဘုရင်​လည်း​ဖြစ်”

[စာမျက်နှာ ၂၅၅ ပါ ရုပ်ပုံ]

သူတို့သည် သိုးသငယ်​ကို ကျောခိုင်း​လျက် “မိမိတို့၏​တန်ခိုး​နှင့် အာဏာကို သားရဲ​အား ပေးအပ်​ကြ​၏”

[စာမျက်နှာ ၂၅၇ ပါ ရုပ်ပုံ]

မဟာ​ဗာဗုလုန်​၏ အဓိက အစိတ်အပိုင်း​ဖြစ်သော ခရစ်ယာန်ဘောင်​သည် ရှေး​ယေရုရှလင်​နည်းတူ လုံးဝ​ပျက်ပြုန်း​လိမ့်​မည်