မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မဟာဗာဗုလုန် ကျဆုံးပြီ”

“မဟာဗာဗုလုန် ကျဆုံးပြီ”

အခန်း ၃၀

“မဟာ​ဗာဗုလုန် ကျဆုံး​ပြီ”

၁။ ဒုတိယ​ကောင်းကင်တမန် ဘာကို​ကြေညာ​၍ မဟာ​ဗာဗုလုန်​ကား မည်သူ​နည်း။

ဤ​ကား ဘုရားသခင် တရား​စီရင်တော်မူ​ရာ အချိန်နာရီ​တည်း။ သို့​ဖြစ်၍ အောက်ပါ ဘုရားသခင့် သတင်း​တော်​ကို နားစွင့်​လော့– “ထို့နောက် အခြားသော ဒုတိယ ကောင်းကင်တမန်​တစ်ပါး​က နောက်မှလိုက်​၍ ‘သူ ကျဆုံး​ပြီ။ လူမျိုးအပေါင်း​တို့အား မိမိ၏ မတရားသော မေထုန်​နှင့်​ဆိုင်သော အမျက်​ဒေါသ စပျစ်​ရည်​ကို​တိုက်​သော မဟာ​ဗာဗုလုန်​သည် ကျဆုံး​လေ​ပြီ’ ဟု ဆို​၏။” (ဗျာဒိတ် ၁၄:၈) ဤ​တွင် ဗျာဒိတ်ကျမ်း​က မဟာ​ဗာဗုလုန်​အကြောင်းကို ပထမ​အကြိမ် အထူး​ဂရုပြု​၍​ဆို​၏။ သို့သော် နောက်ဆုံး​အကြိမ်​မဟုတ်။ နောက်ပိုင်း အခန်းကြီး ၁၇ ၌ သူ့ကို ကာ​မ​ဂုဏ်​လွန်ကြူး​သော ပြည့်တန်ဆာ​အဖြစ် တင်ပြ​ပါ​လိမ့်​မည်။ မဟာ​ဗာဗုလုန်​ကား မည်သူ​နည်း။ သူသည် ကမ္ဘာလုံး​ဆိုင်ရာ အင်ပါယာ​တစ်ခု​ဖြစ်​ကြောင်း၊ ဘာသာရေး​နှင့်​ဆိုင်​ကြောင်း၊ ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်​ကို တိုက်ခိုက်​ရာ​၌ စာတန်​အသုံးပြု​သော စနစ်​အတုအယောင်​တစ်ခု​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​တွေ့ရ​လိမ့်​မည်။ (ဗျာဒိတ် ၁၂:၁၇) မဟာ​ဗာဗုလုန်​ကား ကမ္ဘာ​တစ်ခုလုံး​ဆိုင်ရာ မိစ္ဆာ​ဘာသာ​အင်ပါယာ​တည်း။ ရှေး​ဗာဗုလုန်​၏ ဘာသာ​တရား​အယူဝါဒ​နှင့် အကျင့်ဓလေ့​များ​ကို​ထိန်းသိမ်း​၍ ၎င်း​၏​စိတ်ဓာတ်​မျိုး​ရှိသည့် ဘာသာ​တရား​အားလုံး သိမ်း​ကျုံး​ပါဝင်​သည်။

၂။ (က) ဗာဗုလုန်​ဆိုင်ရာ ဘာသာ​တရားသည် ကမ္ဘာ​အနှံ့အပြား​သို့ မည်သို့​ပြန့်ပွား​သွား​သနည်း။ (ခ) မဟာ​ဗာဗုလုန်​၏ အထင်ပေါ်ဆုံး​အပိုင်း​မှာ အဘယ်နည်း၊ အဘယ်အခါ​၌ အား​ကြီးသော​အဖွဲ့အစည်း​တစ်ရပ်​အဖြစ် ထွက်ပေါ်​လာ​သနည်း။

လွန်ခဲ့သော​နှစ်ပေါင်း ၄,၀၀၀ ကျော်​က ဗာဗုလုန်​ရဲတိုက် တည်ဆောက်​မည့်​သူများ​၏ ဘာသာ​စကား​ကို ယေဟောဝါ ရှုပ်ထွေး​စေတော်မူ​သည့်​နေရာ​ကား ထို​ဗာဗုလုန်​မြို့​ပင်​တည်း။ ဘာသာ​စကား​မတူ​သော အုပ်စု​များသည် မြေကြီးစွန်း​များ​ဆီ​သို့ ပျံ့နှံ့​သွား​ကြသည်​နှင့်​အမျှ မိမိတို့၏ ဖောက်ပြန်သော​အယူ​နှင့် အကျင့်ဓလေ့​များ​ကို​ပါ သယ်ဆောင်​သွား​ကြ​၏။ ၎င်းတို့သည် ယနေ့​တိုင် ဘာသာ​တရားအများထု​၏​အယူ​နှင့် အကျင့်ဓလေ့​များ​၏ အခြေခံ​ဖြစ်သည်။ (ကမ္ဘာဦး ၁၁:၁-၉) မဟာ​ဗာဗုလုန်​ကား စာတန့်​အဖွဲ့အစည်း​၏ ဘာသာရေး​အပိုင်း​ဖြစ်သည်။ (ယောဟန် ၈:၄၃-၄၇ နှိုင်းယှဉ်။) ၎င်း​၏​အထင်ပေါ်ဆုံး အစိတ်အပိုင်း​မှာ ခရစ်ယာန်ဘောင်​ဖြစ်၍ ၎င်း​သည် ခရစ်တော်​ခေတ်​နောက်ပိုင်း လေး​ရာစု​အချိန်တွင် အင်အားကြီး​မား​သော တရား​မဲ့​အဖွဲ့အစည်း​အဖြစ် ပေါ်ထွက်​လာ​သည်။ ၎င်း​၏​အယူဝါဒ ပြဋ္ဌာန်းချက်​များနှင့် လုပ်ထုံး​များသည် ကျမ်းစာ​ကို အခြေခံ​သည်မဟုတ်။ အများအားဖြင့် ဗာဗုလုန်​ဆိုင်ရာ ဘာသာ​တရား​မှ ပေါက်ဖွား​လာ​သည်။​—၂ သက်သာလောနိတ် ၂:၃-၁၂

၃။ မဟာ​ဗာဗုလုန်​ကျ​ပြီ​ဟု အဘယ်​သို့​ဆိုနိုင်​သနည်း။

‘ဘာသာ​တရားသည် ကမ္ဘာ​ပေါ်​တွင် ကြီးမားသော​သြဇာ လွှမ်းမိုး​နေဆဲ​ဖြစ်​ရ​ကား မဟာ​ဗာဗုလုန် ကျဆုံး​ပြီ​ဟု အဘယ်ကြောင့် ကောင်းကင်တမန်​က ကြေညာ​သနည်း’ ဟူ၍ မေး​ပေမည်။ စဉ်းစားသာ​ကြည့်။ ရှေး​ဗာဗုလုန်​မြို့​ကျရှုံး​ရာ ဘီစီ ၅၃၉ ခုနှစ်​နောက်​၌ ဘာဖြစ်​ခဲ့​သနည်း။ ဣသရေလလူ​တို့ လွတ်မြောက်ပြီး နေရင်းပြည်​သို့​ပြန်၍ စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်​ခဲ့​ကြ​၏။ ထို့​ကြောင့်၊ ၁၉၁၉ ခုနှစ်​၌ ဝိညာဏ​ဣသရေလ​လူမျိုး​သည် ရွှန်းလဲ့​တောက်ပ​သော ဝိညာဉ်​ရေး​ကြီးပွားခြင်း​အဖြစ်သို့ ပြန်လည်​ရောက်ရှိ​ပြီး ယနေ့​တိုင် ဆက်လက်​ကြီးပွား​နေသည့်​အဖြစ်​က ထို​နှစ်​၌ မဟာ​ဗာဗုလုန် ကျဆုံး​ခဲ့​ကြောင်း သက်သေထူ​လျက်​ရှိ၏။ ၎င်း​သည် ဘုရားသခင့်​လူမျိုးတော်ကို ချုပ်ချယ်​နိုင်စွမ်း​မရှိတော့။ ထို့​ပြင် ၎င်း​၏​အတွင်းရေး​လည်း အတိ​ဒုက္ခ​ဆိုက်​နေပြီ။ ၁၉၁၉ ခုနှစ်​မှ​စ၍ ၎င်း​၏​ဖောက်ပြန်​ပျက်ပြားမှု၊ မရိုးသားမှု၊ အကျင့်​သီလ​ပျက်ပြားမှု​တို့သည် လူသိရှင်ကြား ဖော်ထုတ်​ရှုတ်ချခြင်း ခံရ​လေ​ပြီ။ ဥရောပတိုက် ဒေသ​အများစု​၌ လူ​အနည်းငယ်​သာ ချာ့ခ်ျ​တက်​ကြ​ပြီး ဆိုရှယ်လစ်​နိုင်ငံ​အချို့​၌ ဘာသာရေး​ကို “လူ့​ဘိန်း” အဖြစ် ယူမှတ်​ကြ​၏။ မဟာ​ဗာဗုလုန်​သည် ဘုရားသခင့်​သမ္မာတရား နှုတ်ကပါဌ်တော်​မြတ်နိုးသူ အားလုံး​ရှေ့၌ အသရေပျက်​ပြီ​ဖြစ်၍ ယေဟောဝါ​၏ ဖြောင့်မတ်​သော စီရင်​ကွပ်မျက်​မှု​ကို​ခံ​ဖို့ မိမိ​အလှည့်​ကို စောင့်နေ​သည်​နှင့် မ​ခြား​တော့​ချေ။

ဗာဗုလုန်​၏ အရှက်တကွဲ ကျဆုံး​ခြင်း

၄-၆။ မဟာ​ဗာဗုလုန်​သည် “တိုင်းနိုင်ငံ​ရှိသမျှ​တို့အား မိမိ၏​မတရားမေထုန် အမျက်​စပျစ်​ရည်​ကို​တိုက်” သည်​မှာ မည်သို့​နည်း။

မဟာ​ဗာဗုလုန်​၏ အရှက်တကွဲ ကျဆုံး​စဉ်​က အခြေအနေ​ကို အသေးစိတ် သုံးသပ်ကြည့်​ကြ​စို့။ ကောင်းကင်တမန်​က မဟာ​ဗာဗုလုန်​သည် “လူမျိုးအပေါင်း​တို့အား မိမိ၏ မတရားသော မေထုန်​နှင့်​ဆိုင်သော အမျက်​ဒေါသ စပျစ်​ရည်​ကို​တိုက်” သည်​ဟု​ဆို​၏။ ဘာကို​ပြော​လို​သနည်း။ ၎င်း​သည် အောင်နိုင်​ခြင်း​နှင့်​ဆိုင်​၏။ ဥပမာ၊ ယေဟောဝါ​က ယေရမိ​အား “အမျက်တော် စပျစ်​ရည်​ဖလား​ကို ငါ့​လက်​မှ​ခံယူ​လော့။ ငါသည် သင့်ကို​စေလွှတ်​သော လူမျိုးအပေါင်း​တို့ကို သောက်​စေ​လော့။ သူတို့​အလယ်​သို့ ငါ​စေလွှတ်​သော​ဓား​ကြောင့် သူတို့သည် သောက်​၍ ယစ်​မူး​တိမ်းယိမ်း​ခြင်း​သို့ ရောက်​ကြလိမ့်မည်” ဟု​မိန့်တော်မူ၏။ (ယေရမိ ၂၅:၁၅၊ ၁၆) ယေဟောဝါ​သည် ဘီစီ ဆဋ္ဌမ​နှင့် သတ္တမ​ရာစု​တွင် ရှေး​ဗာဗုလုန်​ကို​သုံး​၍ ပုံခိုင်း​ချက်​ဖြစ်သော ဆင်းရဲ​ဒုက္ခ ခွက်ဖလား​ကို​သွန်း​ကာ အယူဖောက်ပြန်​သော ယုဒ​နိုင်ငံ​အပါအဝင် တိုင်းနိုင်ငံ​များစွာ​တို့အား တိုက်​တော်​မူ​သဖြင့် မိမိလူ​မျိုး​တော်​ကိုယ်နှိုက် သုံ့ပန်း​အဖြစ် ဆောင်ကြဉ်း​ခံ​ခဲ့​ရသည်။ ထို့နောက် ဗာဗုလုန်​ဘုရင်​က မိမိကိုယ်ကို​ချီး​မြှောက်၍ “ကောင်းကင်ဘုံ​၏​အရှင်” ယေဟောဝါ​ကို အန်တု​သောကြောင့် ဗာဗုလုန်​ကိုယ်တိုင် လျှော​ကျ​ရသည့်​အလှည့် ရောက်လာ​သည်။​—ဒံယေလ ၅:၂၃

မဟာ​ဗာဗုလုန်​လည်း အောင်ပွဲ​များ​ခံ​ခဲ့​သည်။ သို့သော် များသောအားဖြင့် ပရိယာယ်​ဖြင့်​ဖြစ်၏။ သူသည် ပြည့်တန်ဆာ​၏ မာယာ​များ​ကို​သုံးပြီး ‘လူမျိုးအပေါင်း​တို့အား စပျစ်​ရည်​ကို​တိုက်’ ၍ သူတို့နှင့် ဘာသာရေး မတရားမေထုန်​ကို​ပြု​၏။ နိုင်ငံရေး​မင်း​စိုး​ရာဇာ​များ​အား မိမိ​နှင့်​ချစ်ကြည်ရေး​မိတ်ဖွဲ့​ရန် မြှူဆွယ်​ခဲ့​သည်။ မိမိ၏​ဘာသာရေး သွေးဆောင်မှုများ​ဖြင့် နိုင်ငံရေး၊ ကုန်သွယ်​ရေး​နှင့် စီးပွားရေး​ဘက် ကြီး​နိုင်​ငယ်​ညှဉ်း​ပြု​ရန် ဉာဏ်​ဆင်​ခဲ့​သည်။ နိုင်ငံရေး​နှင့် ကုန်သွယ်​ရေး​အကြောင်း သက်​သက်​ဖြင့် ဘာသာရေး​နှိပ်စက်​ညှဉ်းပန်းမှု​များ၊ ဘာသာရေး​စစ်ပွဲ​များနှင့် ခရူးဆိတ်စစ်​ပွဲ​များ​အပြင် နိုင်ငံ​ချင်း​စစ်ပွဲ​များ​ဖြစ်ပွား​စေရန် တို့​မီးရှို့​မီး​လုပ်ခဲ့သည်။ ၎င်း​စစ်ပွဲ​များ​မှာ ဘုရားသခင့် အလိုတော်​ဖြစ်သည်ဟု ဆို​ခြင်း​ဖြင့်​လည်း ၎င်းတို့ကို သန့်ရှင်းသော​စစ်ပွဲ​များ ဖြစ်စေ​ခဲ့​သည်။

ဘာသာရေး​သည် နှစ်​ဆယ်ရာစု​၏​စစ်​နှင့် နိုင်ငံရေး​တွင် ပါဝင်​စွက်ဖက်​သည်​မှာ လူသိရှင်ကြား​ပင်။ ဥပမာ၊ ရှင်​တို​ဘာသာဝင် ဂျပန်၊ ဟိန္ဒူ​ဘာသာဝင် အိန္ဒိယ၊ ဗုဒ္ဓ​ဘာသာဝင် ဗီယက်နမ်၊ “ခရစ်ယာန်” ဘာသာဝင် မြောက်​အိုင်ယာလန်​နှင့် လက်တင်အမေရိက​နိုင်ငံ​များ စ​သည်​တို့​၌​ဖြစ်သည်။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း စစ်​တ​လင်း​နှစ်ဖက်​တွင် စစ်ဘက်​ဆိုင်ရာ ဘုန်းကြီး​ဓမ္မ​ဆရာများ​က လူငယ်များ​အား အချင်းချင်း​သတ်ဖြတ်​ရန် သွေးထိုးခဲ့​သည်ကို​လည်း လျစ်လျူ​မ​ရှု​သင့်။ မဟာ​ဗာဗုလုန်​၏ စံတင်​လောက်​သော ကြာ​များ​ပုံ သာဓက​တစ်ရပ်​မှာ ၁၉၃၆-၁၉၃၉ ခုနှစ် စပိန်​ပြည်တွင်းစစ်​၌ ပါဝင်ခြင်း​ပင်​တည်း။ ထို​စစ်​တွင် လူပေါင်း ၆၀၀,၀၀၀ သတ်ဖြတ်​ခံ​လိုက်ရ​သည်။ ဤ​သွေး​ချောင်း​စီး​စစ်ပွဲ​ကား ကက်သလစ်​ဘုန်းကြီးအဖွဲ့​နှင့် ၎င်းတို့၏​မဟာမိတ်​များ​ကို ထောက်ခံ​သော​သူများ ဆွ​လိုက်​သော​စစ်​ဖြစ်​ပြီး အကြောင်း​တစ်ခု​မှာ ချာ့ခ်ျ​၏​ဥစ္စာ​ဓန​နှင့် ဌာန​န္တ​ရ​ကို စပိန်​နိုင်ငံ​၏​တရားဝင်​အစိုးရ​က ထိပါး​လာ​ခြင်း​ကြောင့်​ဖြစ်၏။

၇။ မဟာ​ဗာဗုလုန်​၏ အဓိက​ပစ်မှတ်​ကား မည်သူ​နည်း၊ ၎င်း​သည် အဘယ်နည်း​များ​ကို​သုံးပြီး ၎င်း​ပစ်မှတ်​ကို ပစ်ခတ်​သနည်း။

မဟာ​ဗာဗုလုန်​သည် စာတန့်​အမျိုးအနွယ်​၏ ဘာသာရေး အစိတ်အပိုင်း​ဖြစ်​သဖြင့် အစဉ်သဖြင့် ယေဟောဝါ​၏ “မိန်းမ၊” ‘အထက်​ယေရုရှလင်’ ကို အဓိက​ပစ်မှတ်​အဖြစ် ချိန်ရွယ်​ခဲ့​သည်။ ပထမ​ရာစု​၌ ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်သည် မိန်းမ​၏ အမျိုးအနွယ်​ဖြစ်​ကြောင်း သိသာ​ထင်ရှား​၏။ (ကမ္ဘာဦး ၃:၁၅; ဂလာတိ ၃:၂၉; ၄:၂၆) မဟာ​ဗာဗုလုန်​က စင်ကြယ်သော ထို​ခရစ်ယာန်​အသင်းတော်​အား ဘာသာရေး မတရားမေထုန်​ပြု​စေရန် သွေးဆောင်ခြင်း​ဖြင့် ၎င်းကို​အောင်နိုင်ဖို့ အစွမ်းကုန်​ကြိုးပမ်း​ခဲ့​သည်။ တမန်​တော်​ပေါလု​နှင့် ပေတရု​တို့​က လူ​အမြောက်အမြား အညံ့​ခံ​အရှုံးပေး​၍ အယူဖောက်ပြန်မှု​ကြီး ပေါ်လာ​မည်​ဟု သတိပေး​ခဲ့​သည်။ (တမန်​တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁-၃) အသင်းတော်​ခု​နစ်​ခု​ထံ ရေး​လိုက်​သော ယေရှု၏ သတင်း​စကား​များ​က​လည်း ယောဟန်​၏ အသက်တာ​ကုန်ဆုံး​ချိန်​၌ မဟာ​ဗာဗုလုန်​သည် လူကို​ဖောက်ပြန်​စေရန် အားထုတ်​ရာ​တွင် အတော်အတန် အောင်မြင်​လျက်​ရှိကြောင်း အရိပ်အမြွက်​ပြ​ခဲ့​သည်။ (ဗျာဒိတ် ၂:၆၊ ၁၄၊ ၁၅၊ ၂၀-၂၃) သို့​တ​စေ၊ ၎င်း​အား အဘယ်​အတိုင်းအတာ​အထိ ခွင့်ပြု​မည်​ကို ယေရှု​ပြသ​နှင့်​ပြီ။

ဂျုံပင်​နှင့် ပေါင်းပင်​များ

၈၊ ၉။ (က) ယေရှု၏​ဂျုံပင်​နှင့် ပေါင်းပင် ဥပမာ​က ဘာကို​ပြသ​နည်း။ (ခ) “လူ​တို့​အိပ်ပျော်​သောအခါ” ဘာဖြစ်​သနည်း။

ယေရှု​က ဂျုံပင်​နှင့် ပေါင်းပင်​ဥပမာ​တွင် လယ်​၌ မျိုး​ကောင်း​ကို​ကြဲ​သော သူ​တစ်ဦး​အကြောင်း မိန့်မြွက်​တော်​မူ​၏။ “လူ​တို့​အိပ်ပျော်​သောအခါ” ရန်သူ​တစ်ဦး​က လာ၍ ပေါင်းမျိုးစေ့​ကို ကြဲ​သွား​၏။ သို့​နှင့် ဂျုံပင်​သည် ပေါင်းပင်​၏​ဖုံးအုပ်ခြင်း​ကို ခံရ​လေ​သည်။ ယေရှု​က မိမိ​မိန့်မြွက်​သော ပုံ​ဥပမာ​၏​အနက်​ကို ဤသို့​ရှင်းပြ​တော်​မူ​၏– “ကောင်းသော​မျိုးစေ့ကို ကြဲ​သော​သူသည် လူသား​ဖြစ်၏။ လယ်​ကား ဤ​လောက​ဖြစ်၏။ ကောင်းသော​အစေ့​ကား နိုင်ငံတော်သား​ဖြစ်၏။ တော​မျိုးစေ့ [“ပေါင်းပင်​များ၊” က​ဘ] ကား နတ်ဆိုးသား​များ​ဖြစ်၏။ တော​မျိုးစေ့ကို​ကြဲ​သော​ရန်သူ​ကား မာရ်နတ်​ဖြစ်၏။” ထို့နောက် ကိုယ်တော်​က ဂျုံပင်​နှင့်​ပေါင်းပင် နှစ်ပါးစလုံး​ကို “ကမ္ဘာ​ကုန်​သော​ကာလ” [“စနစ်​ဆုံးခန်း၊” က​ဘ] အထိ ပေါက်​ခွင့်​ပေး​မည်၊ “စနစ်​ဆုံးခန်း” ရောက်​သောအခါ ကောင်းကင်တမန်​များ​က ပုံခိုင်း​ချက်​ဖြစ်သော ပေါင်းပင်​များ​ကို “ရွေးနုတ်” မည်​ဟု​မိန့်တော်မူ၏။​—မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃

ယေရှု၊ တမန်​တော်​ပေါလု​နှင့် ပေတရု​တို့ သတိပေး​သည့်​အတိုင်း​ဖြစ်​ခဲ့​၏။ တမန်​တော်​များ သေခြင်း​၌ အိပ်ပျော်​ကြ​သည့်​နောက်​၌​ဖြစ်စေ၊ ခရစ်ယာန်​ကြီးကြပ်မှူး​များ ဘုရားသခင့်​သိုးများ​ကို ကာကွယ်​စောင့်ရှောက်ခြင်း​အမှု၌ ငိုက်မျဉ်း​သောအခါ​ဖြစ်စေ၊ “လူ​တို့​အိပ်ပျော်​သောအခါ” ဗာဗုလုန်​ဆိုင်ရာ အယူဖောက်ပြန်မှု​သည် အသင်းတော်​အတွင်းမှာ​ပင် ပေါက်ပွား​လာတော့​သည်။ (တမန်​တော် ၂၀:၃၁) များ​မကြာမီ ပေါင်းပင်​သည် ဂျုံပင်​ထက်​များ​လာပြီး ၎င်းကို​လွှမ်း​အုပ်​လေ​သည်။ မိန်းမ​၏​အမျိုးအနွယ်​သည် မဟာ​ဗာဗုလုန်​၏ ကျယ်ဝန်း​ထူထပ်​သော အဝတ်​များ​ဖြင့် လုံးဝ​လွှမ်း​အုပ်​ခံရ​ဟန်​ရှိ၏။

၁၀။ ၁၈၇၀ ပြည့်လွန်​နှစ်များ​၌ ဘာဖြစ်​ခဲ့​၍ မဟာ​ဗာဗုလုန်​က မည်သို့​တုံ့ပြန်​သနည်း။

၁၀ ဘိသိက်ခံ ခရစ်ယာန်​များသည် ၁၈၇၀ ပြည့်လွန်​နှစ်များ​တိုင်​လေ​သော် မိမိတို့​ကိုယ်ကို မဟာ​ဗာဗုလုန်​၏ ပြည့်တန်ဆာ​လမ်းစဉ်​များနှင့် ပြတ်စဲ​ကင်းရှင်း​အောင် သန္နိ​ဋ္ဌာန်​ချ​၍ အားထုတ်​ကြ​လေ​သည်။ တိတ္ထိ​ဘာသာ​မှ ခရစ်ယာန်ဘောင် ယူဆောင်​လာသော မိစ္ဆာ​အယူ​များ​ကို စွန့်ပစ်​ကြ​ပြီး တစ်ပါး​အမျိုးသားများ​ကာလ ၁၉၁၄ ခုနှစ်​၌​ကုန်ဆုံး​မည်​ကို ကျမ်းစာ​သုံး​လျက် ရဲရဲဝံ့ဝံ့ ဟောပြောကြ​လေ​သည်။ ဝတ်ပြုရေး​အစစ်အမှန် ပြန်လည်​ထူထောင်​ရန် ဘိသိက်ခံ​ခရစ်ယာန်​များ ထိုသို့​လှုံ့ဆော်​သည်ကို မဟာ​ဗာဗုလုန်​၏ အဓိက​လက်ကိုင်တုတ် ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​က အတိုက်အခံပြု​ကြ​၏။ သူတို့သည် ပထမ​ကမ္ဘာ​စစ်​အတွင်း စစ်​ရူး​ထချိန်​ကို အခွင့်ကောင်း​ယူ​လျက် ထို​သစ္စာရှိ ခရစ်ယာန်​အုပ်စု​ကလေး​ကို ချေမှုန်း​ရန် အားထုတ်​လေ​၏။ ၁၉၁၈ ခုနှစ်​၌ ဤ​အုပ်စု​ကလေး​၏​လုပ်ငန်း လုံးဝ​နှိပ်ကွပ်​ခံရ​မတတ် ဖြစ်လာ​သောအခါ မဟာ​ဗာဗုလုန်​သည် အောင်မြင်​သွား​ပုံ​ရ၏။ သူတို့​အပေါ် အောင်ပွဲခံ​လိုက်​သလို​ဖြစ်​ခဲ့​သည်။

၁၁။ ရှေး​ဗာဗုလုန်​ကျဆုံး​ခြင်း​ကြောင့် ဘာဖြစ်​ခဲ့​သနည်း။

၁၁ အထက်​က ကျွန်ုပ်​တို့​ဆို​ခဲ့​သည့်​အတိုင်း၊ ဘဝင်မြင့်​သော ဗာဗုလုန်​မြို့​သည် ဘီစီ ၅၃၉ ခုနှစ်​၌ မ​ရှု​မလှ အာဏာ​လျှော​ဆင်း​ခဲ့​သည်။ ထို​အခါ “ဗာဗုလုန်​မြို့​ကျ​ပြီ၊ ကျ​ပြီ” ဟူသော ကြွေးကြော်​သံ​ကို ကြား​ရ၏။ ကမ္ဘာ့​အင်ပါယာ​၏​ရာထူး​သည် မဟာ​ကုရု​ဦးစီး​သော မီဒို-ပါးရှား​တပ်​များ​လက်​သို့ ကျရောက်​သွား​၏။ ၎င်းနောက်​၌ ဗာဗုလုန်​မြို့​သည် ဆက်လက်​တည်ရှိ​သော်လည်း ၎င်း​၏​အာဏာ​လျှော​ဆင်း​ခြင်း​မှာ တကယ်​ဖြစ်သော​ကြောင့် ဂျူး​သုံ့ပန်းများ လွတ်မြောက်သွား​ကြ​၏။ သူတို့သည် ယေရုရှလင်​မြို့​သို့​ပြန်သွား​ပြီး ဝတ်ပြုရေး​အစစ်အမှန်​ကို ပြန်လည်​ထူထောင်​ကြ​လေ​သည်။​—ဟေရှာယ ၂၁:၉; ၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃; ယေရမိ ၅၁:၇၊ ၈

၁၂။ (က) ကျွန်ုပ်​တို့​ခေတ်တွင် မဟာ​ဗာဗုလုန်​ကျ​ပြီ​ဟု မည်သို့​ဆိုနိုင်​သနည်း။ (ခ) ခရစ်ယာန်ဘောင်​ကို ယေဟောဝါ အပြီး​အပြတ်​ငြင်းပယ်​လိုက်ပြီ​ဖြစ်​ကြောင်း ဘာက​သက်သေထူ​သနည်း။

၁၂ ကျွန်ုပ်​တို့​ခေတ်တွင်​လည်း မဟာ​ဗာဗုလုန်​ကျဆုံး​ပြီ ဟူသော ကြွေးကြော်​သံ​ကို ကြား​ရ၏။ ဗာဗုလုန်​ဆန်​သော ခရစ်ယာန်ဘောင်​၏ ၁၉၁၈ ခုနှစ် တဒင်္ဂ​အောင်ပွဲ​သည် ၁၉၁၉ ခုနှစ်​၌ ဘိသိက်ခံ​အကြွင်းအကျန် ယောဟန်​အတန်းအစား ဝိညာဉ်​ရေး​အရ ထမြောက်​လာသော​အခါ ပြောင်းပြန်​ဖြစ်သွား​သည်။ မဟာ​ဗာဗုလုန်​သည် ဘုရားသခင့်​လူမျိုးတော်ကို သုံ့ပန်း​အဖြစ် ချုပ်နှောင်​ထားခြင်း​ကိစ္စ​တွင် ကျရှုံး​ခဲ့​၏။ ခရစ်တော်​၏ ဘိသိက်ခံ​ညီတော်​များသည် ကျိုင်း​အုပ်​ပ​မာ တွင်း​နက်​ကြီး​ထဲ​မှ ပျံ​ထွက်​လာပြီး လှုပ်ရှား​ဆောင်ရွက်ရန် အသင့်​ဖြစ်လာ​သည်။ (ဗျာဒိတ် ၉:၁-၃; ၁၁:၁၁၊ ၁၂) သူတို့​ကား ခေတ်​သစ် “သစ္စာ​နှင့် သတိ​ပညာရှိ​ကျွန်” ဖြစ်၍ မြေကြီးပေါ်​မှ မိမိ၏​ဥစ္စာ​ရှိသမျှကို အုပ်ထိန်း​ရန် အရှင်​၏​ခန့်​ထား​တော်​မူ​ခြင်း​ကို​ခံရ​၏။ (မဿဲ ၂၄:၄၅-၄၇က​ဘ) သူတို့အား ဤသို့​အသုံးပြု​တော်​မူ​သည်ကို​ထောက်​လျှင် ခရစ်ယာန်ဘောင်​က မြေကြီးပေါ်​၌ ယေဟောဝါ​အား မိမိ​ကိုယ်စား​ပြု​သည်​ဟု​ဆို​သော်လည်း ကိုယ်တော်​၏ ရှင်းရှင်း​ငြင်းပယ်​ခြင်း​ကို ခံရ​ပြီ​ဖြစ်​ကြောင်း သက်သေ​ထင်ရှား​၏။ ဝတ်ပြုရေး​အစစ်အမှန် ပြန်လည်​ထူထောင်​လာပြီး မဟာ​ဗာဗုလုန်​၏ ရန်သူ​ဟောင်း​ဖြစ်သော မိန်းမ​၏​အမျိုးအနွယ် ၁၄၄,၀၀၀ မှ​အကြွင်းအကျန်​ကို တံဆိပ်​အပြီး​ခတ်​နိုင်​ရန် လမ်းပွင့်​ခဲ့​လေ​သည်။ ဤ​အဖြစ်​အားလုံး​က စာတန်​နှင့်​ဆိုင်သော ထို​ဘာသာရေး​အဖွဲ့အစည်း မ​ရှု​မလှ​ရှုံးနိမ့်​ပြီ​ဖြစ်​ကြောင်း ထင်ရှားစေ​သည်။

သန့်ရှင်းသူ​များ ခံနိုင်ရည်​ရှိဖို့လို​ခြင်း

၁၃။ (က) တတိယ​ကောင်းကင်တမန်​က ဘာကို​ကြေညာ​သနည်း။ (ခ) သားရဲ​၏​အမှတ်​တံဆိပ်​ခံယူ​သူတို့ကို ယေဟောဝါ မည်သို့​စီရင်တော်မူ​သနည်း။

၁၃ ယခု တတိယ​ကောင်းကင်တမန် စကားပြော​ပြီ။ နားထောင်ပါ။ “အခြားသော တတိယ​ကောင်းကင်တမန်​က သူတို့​နောက်မှလိုက်​၍ ကြီးစွာ​သော​စကားသံ​ဖြင့် ဤသို့​မြွက်ဆို​၏– ‘တစ်စုံ​တစ်ဦး​သည် သားရဲ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​ပြီး မိမိ၏ နဖူး​၌​ဖြစ်စေ၊ လက်၌​ဖြစ်စေ အမှတ်​တံဆိပ်​ကို လက်ခံ​လျှင် ထို​သူသည် ဘုရားသခင်​၏ အမျက်တော်​ဖလား​ထဲ​သို့ မ​ရောစပ်​ဘဲ သွန်းလောင်း​သော ဘုရားသခင်​၏ အမျက်တော် စပျစ်​ရည်​ကို သောက်​ရ​လိမ့်​မည်။’ ” (ဗျာဒိတ် ၁၄:၉၊ ၁၀က) သခင့်​နေ့​တော်​အတွင်း သားရဲ​၏​ရုပ်တုကို မကိုးကွယ်​သော​သူတို့သည် ဆင်းရဲခံ​ရ​ရုံ​မ​က အသေ​သတ်​ခြင်း​ပင် ခံရ​မည်​ဟု ဗျာဒိတ် ၁၃:၁၆၊ ၁၇ ၌ ဆို​ခဲ့ပြီ။ ယခု​သော် ယေဟောဝါ​သည် “သားရဲ​၏​အမည် သို့​မဟုတ် ၎င်း​အမည်​၏ ကိန်း​ဂဏန်း​တည်း​ဟူသော ထို​အမှတ်​တံဆိပ် ရိုက်​ထား​သူ” တို့ကို တရား​စီရင်​ရန် စိတ်ပိုင်းဖြတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း ယခု ကျွန်ုပ်​တို့​သိရ​၏။ ယေဟောဝါ​သည် သူတို့အား မိမိ၏ ‘အမျက်တော်​ဖလား’ ကို အတင်း​တိုက်​တော်​မူ​မည်။ ယင်းကြောင့် သူတို့ ဘာဖြစ်​ကြ​မည်​နည်း။ ဘီစီ ၆၀၇ ခုနှစ်​၌ မိမိ၏ “အမျက်တော်​ဖလား” ကို ယေရုရှလင်​အား ယေဟောဝါ အတင်း​တိုက်​တော်​မူ​သောအခါ ၎င်း​မြို့​သည် ဗာဗုလုန်​လူ​တို့​လက်၌ “အစာ​ခေါင်းပါး​၍ လူဆိတ်ညံ​ခြင်း​ဘေး၊ ဓား​ဖြင့်​ဖျက်ဆီးခြင်း​ဘေး” ကို​ခံရ​၏။ (ဟေရှာယ ၅၁:၁၇၊ ၁၉) ထို့​နည်းတူ၊ မြေကြီးပေါ်​မှ အင်အားကြီး​နိုင်ငံ​များနှင့် ၎င်းတို့၏​ရုပ်တု​ဖြစ်သော ကုလသမဂ္ဂ​ကို ကိုးကွယ်​သူတို့သည် ယေဟောဝါ​၏ အမျက်တော်​ဖလား​ကို သောက်​ရသောအခါ ဘေး​တွေ့​ကြလိမ့်မည်။ (ယေရမိ ၂၅:၁၇၊ ၃၂၊ ၃၃) သူတို့သည် လုံးဝ​ချေမှုန်း​ခံရ​ကြ​မည်။

၁၄။ သားရဲ​နှင့် သူ၏​ရုပ်တုကို ကိုးကွယ်​သူများ​အား မဖျက်ဆီး​ခင်​တွင်​ပင် သူတို့ ဘာကို​တွေ့ကြုံ​ခံစားရ​မည်​နည်း၊ ၎င်းကို ယောဟန်​က မည်သို့​ဖော်ပြ​သနည်း။

၁၄ သို့​တ​စေ၊ ၎င်း​မတိုင်မီ​မှာ​ပင် သားရဲ​၏​အမှတ်​တံဆိပ်​ကို ခံ​သော​သူတို့သည် ယေဟောဝါ​၏ မျက်​မာန်​တော်​ကြောင့် ညှဉ်းဆဲခြင်း​ခံရ​ကြ​မည်။ သားရဲ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သူ​အကြောင်း ယောဟန်​အား ကောင်းကင်တမန်​က ဤသို့​အသိပေး​၏– “ထို​သူသည် သန့်ရှင်းသော ကောင်းကင်တမန်​များ​၏ ရှေ့တွင်​လည်းကောင်း၊ သိုးသငယ်​၏ ရှေ့တွင်​လည်းကောင်း မီး​နှင့်​ကန့်​တို့​ဖြင့် ညှဉ်းဆဲခြင်း ခံရ​လိမ့်​မည်။ သူတို့၏ ညှဉ်းဆဲခြင်း​မီးခိုး​သည် နိစ္စ​ထာဝစဉ် အထက်​သို့​တက်​၏။ သားရဲ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သူတို့နှင့် ၎င်း​၏​အမည်​တံဆိပ်​ကို လက်ခံသူ မည်သူ​မဆို​သည် နေ့​ည​မပြတ် သက်သာရာ​မရ။”​ဗျာဒိတ် ၁၄:၁၀ခ၊ ၁၁

၁၅၊ ၁၆။ ဗျာဒိတ် ၁၄:၁၀ ပါ “မီး​နှင့်​ကန့်” ဟူသော​စကား​၏ ဆိုလိုရင်း​မှာ အဘယ်နည်း။

၁၅ ဤ​နေရာ၌ “မီး​နှင့်​ကန့်” အကြောင်း​ဆို​သည့်​အတွက် အချို့​က မီးငရဲ​တည်ရှိ​ကြောင်းကို သက်သေထူ​သည်​ဟု​ဆို​၏။ သို့သော်၊ အလားတူ​ပရောဖက်ပြုချက်​ကို အကျဉ်းချုပ်​သုံးသပ်​သောအခါ အထက်ပါ​စကား​၏​ဆိုလိုရင်း​ကို သိရှိ​နိုင်၏။ ဟေရှာယ​လက်ထက်​၌ ယေဟောဝါ​က ဧဒုံ​နိုင်ငံ​သည် ဣသရေလလူ​တို့​အပေါ် ရန်ငြိုး​ထားသော​ကြောင့် ဒဏ်​သင့်​မည်​ဟု သတိပေး​တော်​မူ​၏။ “ထို​ပြည်​၏​မြစ်ရေ​သည် ထင်းရှူး​စေး၊ မြေမှုန့်​လည်း ကန့်၊ တစ်ပြည်လုံး​လည်း မီးလောင်​သော​အစေး​ဖြစ်​လိမ့်​မည်။ နေ့​ည​ဉ့်​မပြတ် မီး​မငြိမ်း​ရ။ မီးခိုး​လည်း အစဉ်​တက်​လိမ့်​မည်။ ထို​ပြည်​သည် လူမျိုး​အစဉ်အဆက် ဆိတ်ညံ​၍ ကာလ​အစဉ်အမြဲ အဘယ်သူမျှ မလျှောက်​မသွား​ရ” ဟူ၍ မိန့်တော်မူ၏။​—ဟေရှာယ ၃၄:၉၊ ၁၀

၁၆ ဧဒုံ​သည် ဒဏ္ဍာရီ​ဆန်​သော​မီးငရဲ​ထဲ​သို့ ပစ်ချ​ခံရ​ပြီး အစဉ်​လောင်ကျွမ်း​ခံရ​သလော။ မခံရ​ပါ။ မီး​နှင့်​ကန့်​တို့​ဖြင့် တစ်စ​မကျန် လောင်ကျွမ်း​ခံရ​သည့်​အလား ကမ္ဘာ့​ဇာတ်ခုံ​ပေါ်​မှ လုံးဝ​ပျောက်ကွယ်​သွားခြင်း​သာ​ဖြစ်သည်။ သူ​ခံရ​သော​ပြစ်ဒဏ်​၏​ရလဒ်​ကား ထာဝရ​ညှဉ်းဆဲခြင်း​မဟုတ်၊ “လွတ်လပ် . . . လ​ဟာ . . . မရှိ” ခြင်း​သာ​ဖြစ်သည်။ (ဟေရှာယ ၃၄:၁၁၊ ၁၂) ‘အစဉ်​တက်​သော’ မီးခိုး​က ဤ​အချက်​ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်​၏။ အိမ်တစ်ဆောင် မီးလောင်​ပြာကျ​သောအခါ မီးငြိမ်း​သည့်​နောက်​၌ အချိန်​အတန်ကြာ ပြာ​ထဲ​က​မီးခိုး​တလူလူ​တက်​၍ နေတတ်​သဖြင့် အဖျက်​မီးလောင်မှု​ကြီး​ဖြစ်ပွား​ခဲ့​ကြောင်း ရှုမြင်​သူတို့ရှေ့ သက်သေထူ​လျက်​နေသည်။ ယနေ့​တိုင် ဘုရားသခင့်​လူမျိုးတော်သည် ဧဒုံ​၏​ပျက်စီးခြင်း​အဖြစ်​မှ​ရသော သင်ခန်းစာ​ကို မမေ့​ပါ။ ဤ​နည်း​အားဖြင့် ဧဒုံ​၏​မီးခိုး​သည် ပုံခိုင်း​ချက်​ဖြင့် တလူလူ​တက်​နေဆဲ​ပင်။

၁၇၊ ၁၈။ (က) သားရဲ​၏​အမှတ်​တံဆိပ်​ကို ခံယူ​သူများ​သည် နောက်ဆုံး​ဘာဖြစ်​ကြ​မည်​နည်း။ (ခ) သားရဲ​ကို ဝတ်ပြုသူ​များသည် အဘယ်​နည်းဖြင့် ညှဉ်းဆဲ​ခံရ​ကြ​သနည်း။ (ဂ) “သူတို့၏​ညှဉ်းဆဲခြင်း​မီးခိုး​သည် နိစ္စ​ထာဝစဉ် အထက်​သို့​တက်” သည်​မှာ မည်သို့​နည်း။

၁၇ သားရဲ​၏​အမှတ်​တံဆိပ်​ပါ​သော သူတို့လည်း မီး​ဖြင့်​ဖျက်ဆီး​ခံရ​သည့်​အလား ရှင်းရှင်း​ပျက်စီး​ကြလိမ့်မည်။ ပရောဖက်ပြုချက် ရှေ့ဆက်​ဖော်ပြ​သည့်​အတိုင်း၊ သူတို့၏​အလောင်း​များသည် သင်္ဂြိုဟ်ခြင်း​မခံရ​ဘဲ တိရစ္ဆာန်​နှင့် ငှက်​များ​၏​အစာ ဖြစ်​ကြလိမ့်မည်။ (ဗျာဒိတ် ၁၉:၁၇၊ ၁၈) ထို့​ကြောင့်၊ သူတို့ ပကတိ​ညှဉ်းဆဲ​ခံရ​ခြင်း​မဟုတ်​ကြောင်း ထင်ရှား​၏။ သူတို့သည် “မီး​နှင့်​ကန့်​တို့​ဖြင့်​လည်း ညှဉ်းဆဲ​ခံရ” သည်​မှာ အဘယ်​သို့​နည်း။ သမ္မာတရား​ကြေညာ​ခြင်း​အလုပ်​က သူတို့၏​အပြစ်ကို​ဖော်ထုတ်​၍ သူတို့အား ဘုရားသခင့်​တရား​စီရင်မှု​အကြောင်း သတိပေး​ခြင်း​အားဖြင့် ညှဉ်းဆဲခြင်း​ဖြစ်၏။ ထို့​ကြောင့်၊ သူတို့သည် ဘုရားသခင့်​လူမျိုးတော်ကို အပုပ်ချ​ကြ​ပြီး ဖြစ်​နိုင်​လျှင် ယေဟောဝါ​၏​သက်သေ​များ​ကို နှိပ်စက်​ညှဉ်းပန်း​ရုံ​မ​က သတ်ဖြတ်​ရန်​ပင် နိုင်ငံရေး​သားရဲ​အား က​လိမ်​က​ကျစ် သွေးဆောင်​ကြ​၏။ အနှီ​ဆန့်ကျင်သူ​တို့သည် နောက်ဆုံး​အနေ​နှင့် မီး​နှင့်​ကန့်​ဖြင့် ဖျက်ဆီး​ခံရ​သည့်​ပ​မာ ဖျက်ဆီး​ခံရ​ကြလိမ့်မည်။ ထို​အခါ၊ “သူတို့၏​ညှဉ်းဆဲခြင်း မီးခိုး​သည် နိစ္စ​ထာဝစဉ် အထက်​သို့​တက်” လိမ့်​မည်။ အဓိပ္ပာယ်​မှာ၊ သူတို့​အပေါ် ဘုရားသခင်​ထိုသို့​စီရင်ခြင်း​သည် နောက်နောင်​တွင် ယေဟောဝါ​ပိုင်ထိုက်​သော အချုပ်အခြာအာဏာ​တော်​ကို တစ်ဦး​တစ်ယောက်​က တစ်ဖန်​အန်တု​ပြန်​လျှင် ထို​သူ​အဖို့ မှတ်​ကျောက်ဖြစ်​လိမ့်​မည်​ဖြစ်၏။ ၎င်း​ပြဿနာ​သည် ထာဝစဉ်​အပြီး​အ​ငြိမ်း ဖြေရှင်း​ပြီး​ဖြစ်​လိမ့်​မည်။

၁၈ ယနေ့ မည်သူ​များ ထို​ညှဉ်းဆဲခြင်း​သတင်းကို ကြေညာ​ကြ​သနည်း။ ပုံခိုင်း​ချက်​ဖြစ်သော ကျိုင်းကောင်​များသည် နဖူး​ပေါ်​၌ ဘုရားသခင့်​တံဆိပ်​မပါ​သော​လူ​တို့ကို ညှဉ်းဆဲ​နိုင်​ခွင့်​ရှိကြောင်း သတိရပါ​လေ။ (ဗျာဒိတ် ၉:၅) ကောင်းကင်တမန် ညွှန်ကြားမှု​အောက်​ရှိ ဤ​သူများ​ပင် ညှဉ်းဆဲ​သူများ​ဖြစ်​ကြသည်​မှာ ထင်ရှား​၏။ ပုံခိုင်း​ချက်​ဖြစ်သော ကျိုင်းကောင်​များသည် ဇွဲကောင်း​လှ​ရ​ကား၊ “သားရဲ​နှင့် ၎င်း​၏​ရုပ်တုကို ကိုးကွယ်​သူတို့နှင့် ၎င်း​၏​အမည်​အမှတ်​တံဆိပ်​ကို ခံ​သူ​မည်သူ​မဆို နေ့​ည​မပြတ် သက်သာရာ​မရ။” ဤ​သူများ​ဖျက်ဆီး​ခံရ​သည့်​နောက်၊ အဆုံး​တွင် ယေဟောဝါ​၏​အချုပ်အခြာအာဏာ​တော် သင်္ကာ​ယန​ကင်းရှင်း​ခြင်း​၏ မဟာ​သာဓကရပ်​တည်း​ဟူသော “သူတို့၏​ညှဉ်းဆဲခြင်း​မီးခိုး​သည်” နိစ္စ​ထာဝစဉ် အထက်​သို့​တလူလူ​တက်​လိမ့်​မည်။ ထို​သင်္ကာ​ယန​ကင်းရှင်း​မှု မပြီး​ပြည့်​မချင်း ယောဟန်​အတန်းအစား ကြံ့ကြံ့ခံ​နိုင်​ကြ​ပါစေ။ ကောင်းကင်တမန်​နိဂုံး​ချုပ်​သည့်​အတိုင်း “ဤ​တွင် ဘုရားသခင်​၏ ပညတ်တော်​များနှင့် ယေရှု​ခရစ်​အပေါ် ယုံကြည်ခြင်းကို စောင့်ထိန်း​သော သန့်ရှင်းသူ​တို့သည် ခံနိုင်ရည်​ရှိ​ရမည်ဟု ဆိုလို​၏။”​ဗျာဒိတ် ၁၄:၁၂

၁၉။ သန့်ရှင်းသူ​များ အဘယ်ကြောင့် ကြံ့ကြံ့ခံ​ရန်လို​အပ်​သနည်း၊ သူတို့ကို ဘာက​ခွန်​အားပေး​သည်​ဟု ယောဟန်​တင်ပြ​သနည်း။

၁၉ မှန်​ပေ​သည်၊ “သန့်ရှင်းသူ​တို့ ခံနိုင်ရည်​ရှိ” ခြင်း​ဆို​ရာ​၌ ယေရှု​ခရစ်​ကို​အမှီပြု၍ ယေဟောဝါ​အားသာ သီးသန့်​ဆည်းကပ်​ဝတ်ပြုခြင်း​ကို ဆိုလို​၏။ သူတို့​ကြေညာ​သော​သတင်းမှာ လူအများ​ကြိုက်​မဟုတ်။ ယင်းကြောင့် ဆန့်ကျင်မှု၊ နှိပ်စက်​ညှဉ်းပန်းမှု​မ​က သွေး​မြေ​ကျ​မှု​ပင် ဖြစ်​ရ​ချေ​သည်။ သို့​တ​စေ၊ သူတို့သည် ယောဟန်​ရှေ့ဆက်​တင်ပြသော အောက်ပါ​သတင်း​ကြောင့် အားတက်​ကြ​၏– “ထို့နောက် ကောင်းကင်ဘုံ​မှ အသံတစ်သံ​က ‘ရေးမှတ်​လော့။ ဤ​အချိန်​မှ​စ၍ သခင်၌ သေလွန်​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ ဝိညာဉ်​တော်​က မှန်​ပေ​သည်၊ သူတို့​ပြု​ခဲ့​သော အမှု​များသည် သူတို့နှင့်​တစ်​ပါ​တည်း လိုက်ပါ​သည်​ဖြစ်၍ သူတို့၏​ပင်ပန်း​သော အလုပ်များ​မှ အနားယူ​ကြ​ပါစေ​ဟု မိန့်ဆို​သည်’ ဟူ၍​ပြော​သည်ကို ငါ​ကြား​ရ၏။”​—ဗျာဒိတ် ၁၄:၁၃

၂၀။ (က) ယောဟန်​တင်ပြသော ကတိတော်​သည် ယေရှု၏​ရောက်ရှိခြင်း​ဆိုင်ရာ ပေါလု​၏​ပရောဖက်ပြုချက်​နှင့် မည်သို့​ညီညွတ်​သနည်း။ (ခ) ကောင်းကင်​မှ စာတန်​တိုက်ထုတ်​ခံရ​သည့်​နောက်​၌ သေလွန်​သော​ဘိသိက်ခံ​တို့အား အဘယ်​အခွင့်ထူး​ရမည်ဟု ကတိတော်​ရှိ​သနည်း။

၂၀ ၎င်း​ကတိ​သည် ယေရှု၏​ရောက်ရှိခြင်း​ဆိုင်ရာ ပေါလု​၏​အောက်ပါ ပရောဖက်ပြုချက်​နှင့် ညီညွတ်​၏– “ခရစ်တော်​၌ သေလွန်​သော​သူတို့သည် အ​ဦး​ထမြောက်​ကြလိမ့်မည်။ ထို​အခါ [သခင့်​နေ့​တော်​တိုင်] အသက်ရှင်​၍ ကျန်ကြွင်း​သော​ငါ​တို့ [ဘိသိက်ခံ​များ] သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရားထံ​တော်​သို့​ရောက်​စေခြင်း​ငှာ ထို​သူတို့နှင့်​တကွ မိုးတိမ်​ပေါ်​သို့ ချီဆောင်ခြင်း​ကို​ခံရ [မည်။]” (၁ သက်သာလောနိတ် ၄:၁၅-၁၇) ကောင်းကင်ဘုံ​မှ စာတန်​တိုက်ထုတ်​ခံရ​သည့်​နောက် ခရစ်တော်​၌​သေလွန်သူ​တို့သည် အရင်​ထမြောက်​ကြ​၏။ (ဗျာဒိတ် ၆:၉-၁၁ နှိုင်းယှဉ်။) ထို့နောက်၊ သခင့်​နေ့​တော်​အတွင်း သေလွန်​သော ဘိသိက်ခံ​တို့သည် အခွင့်ထူး​ရဖို့ ကတိတော်​ကို​ခံရ​ကြ​၏။ ကောင်းကင်​ဝိညာဉ်​အသက်တာ​သို့ သူတို့​ထမြောက်ခြင်း​မှာ “မျက်စိ​တစ်မှိတ်၊” လျှပ်​တစ်​ပြ​က်​အတွင်း​ဖြစ်၏။ (၁ ကောရိန္သု ၁၅:၅၂) ထူးကဲ​အံ့ချီးဖွယ်​ပါ​တကား။ သူတို့၏​ဖြောင့်မတ်​သော​အမှု​များသည် ကောင်းကင်ဘုံ​အထိ လိုက်ပါ​၏။

မြေကြီးပေါ်​မှ သီးနှံများ​ကို ရိတ်သိမ်းခြင်း

၂၁။ “မြေကြီးပေါ်​မှ သီးနှံများ​ရိတ်သိမ်း” ခြင်း​နှင့်​ပတ်သက်​၍ ယောဟန် ဘာ​ပြော​သနည်း။

၂၁ ယောဟန်​ဆက်၍​ဆို​သည့်​အတိုင်း အခြားသူများ​လည်း ဤ​တရား​စီရင်​ရာ​နေ့​အတွင်း အကျိုး​ခံစားရ​ကြ​မည်– “ထို့နောက် ငါ​ကြည့်​လိုက်​သော် တိမ်​ဖြူ​တစ်ပွင့်​ကို ငါ​မြင်ရ​၏။ တိမ်​ပေါ်​၌ လူသား​နှင့်​တူသော ပုဂ္ဂိုလ်​တစ်ပါး ထိုင်​နေ​၏။ သူ၏​ဦးခေါင်း​ပေါ်​တွင် ရွှေသရဖူ​ကို​ဆောင်း​လျက် လက်ထဲ​၌ ထက်​သော​တံစဉ်​ကို ကိုင်ထား​၏။ အခြား​ကောင်းကင်တမန်​တစ်ပါး [စတုတ္ထ​မြောက်] က ကျိန်းဝပ်​ရာ​ဌာန ဗိမာန်တော်​မှ ထွက်ပေါ်​လာပြီး တိမ်​ပေါ်​တွင်​ထိုင်​သော​သူအား ‘မြေကြီးပေါ်​မှ သီးနှံများ​ဝင်းမှည့်​ပြီး ရိတ်သိမ်းချိန် တန်​ပြီ​ဖြစ်​သဖြင့် တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်​မူ​ပါ’ ဟု ကြီးစွာ​သော​အသံ​ဖြင့် ဟစ်ကြော်​၏။ တိမ်​ပေါ်​တွင်​ထိုင်​သော​သူကလည်း မိမိ၏​တံစဉ်​ကို မြေကြီး​သို့ ဝှေ့ယမ်း​သဖြင့် မြေကြီးပေါ်​မှ သီးနှံများ​ကို ရိတ်သိမ်း​လေ​၏။”​—ဗျာဒိတ် ၁၄:၁၄-၁၆

၂၂။ (က) ရွှေသရဖူ​ဆောင်း​၍ တိမ်​ဖြူ​ပေါ်​တွင် ထိုင်​သော​သူ​မှာ မည်သူ​နည်း။ (ခ) အဘယ်​အချိန်တွင် ရိတ်သိမ်းခြင်း​အထွတ်​သို့​ရောက်​၍ မည်သည့်​နည်းဖြင့်​နည်း။

၂၂ တိမ်​ဖြူ​ပေါ်​တွင် ထိုင်​သော​သူသည် မည်သူ​မည်ဝါ​ဖြစ်သည်​မှာ သံသယ​မရှိ။ တိမ်​ဖြူ​ပေါ်​တွင်​ထိုင်၍ ရွှေသရဖူ​ကို​ဆောင်း​သည့် လူသား​နှင့်​တူသော ဤ​ပုဂ္ဂိုလ်​သည် ရူပါရုံ​၌ ဒံယေလ​မြင်ရသော မေရှိယ​ဘုရင် ယေရှု​ဖြစ်သည်​မှာ အထင်​သား။ (ဒံယေလ ၇:၁၃၊ ၁၄; မာကု ၁၄:၆၁၊ ၆၂) သို့သော် ရိတ်သိမ်းခြင်း​က ဘာကို​ပရောဖက်ပြု​သနည်း။ ယေရှု​မြေကြီးပေါ်​တွင်​ရှိ​စဉ် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို လူသားထု​တည်း​ဟူသော ကမ္ဘာ့​လယ်ကွင်း​၌ ရိတ်သိမ်းခြင်း​နှင့် ခိုင်းနှိုင်း​တော်​မူ​၏။ (မဿဲ ၉:၃၇၊ ၃၈; ယောဟန် ၄:၃၅၊ ၃၆) သခင့်​နေ့​တော်​၌ ယင်း​ရိတ်သိမ်းခြင်း​သည် အထွတ်အထိပ်​သို့​ရောက်​လေ​၏။ ထို​အခါ၊ ယေရှုသည် ဘုရင့်​သရဖူ​ကို​ရ​၍ ခမည်းတော်​ကိုယ်စား တရား​စီရင်ချက်​ကို အကောင်အထည်ဖော်​တော်​မူ​၏။ သို့​ဖြစ်၍ ၁၉၁၄ ခုနှစ်​မှ​အစပြု​သော ကိုယ်တော့်​အုပ်စိုးချိန်​သည် ရွှင်လန်းဖွယ် ကောက်သိမ်း​ချိန်​လည်း ဖြစ်၏။​—တရားဟောရာ ၁၆:၁၃-၁၅

၂၃။ (က) စတင်​ရိတ်သိမ်း​ရန်​အမိန့်​သည် မည်​သူ့​ထံ​မှ​လာ​သနည်း။ (ခ) ၁၉၁၉ ခုနှစ်​မှ ယခု​တိုင် ဘာကို​ရိတ်သိမ်း​လျက်​ရှိ​သနည်း။

၂၃ ယေရှုသည် ဘုရင်​လည်း​ဖြစ်၊ တရားသူကြီး​လည်း​ဖြစ်သော်လည်း ရိတ်သိမ်းခြင်း​မပြု​မီ မိမိ၏​ဘုရားသခင် ယေဟောဝါ​၏​အမိန့်တော်ကို စောင့်ဆိုင်း​၏။ ၎င်း​အမိန့်တော်​သည် ကောင်းကင်တမန်​တစ်ပါး​အားဖြင့် “ကျိန်းဝပ်​ရာ​ဌာန ဗိမာန်တော်” မှ​လာ​၏။ ယေရှု​ချက်ချင်း​နာခံ​တော်​မူ​၏။ အဦးဆုံး၊ ၁၉၁၉ ခုနှစ်​မှ​စ၍ ကိုယ်တော်​နှင့် ကိုယ်တော့်​ကောင်းကင်တမန်​တို့သည် ၁၄၄,၀၀၀ ကို အပြီး​ရိတ်သိမ်း​ကြ​၏။ (မဿဲ ၁၃:၃၉၊ ၄၃; ယောဟန် ၁၅:၁၊ ၅၊ ၁၆) ထို့နောက်၊ အခြားသိုး​မှ လူအုပ်ကြီး​ကို စုသိမ်း​တော်​မူ​၏။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) ၁၉၃၁ ခုနှစ်​နှင့် ၁၉၃၅ ခုနှစ်​အတွင်း အခြားသိုး တော်​တော်​များများ စတင်​ပေါ်ပေါက်​လာ​ကြောင်း သမိုင်းက​ပြ​၏။ ၁၉၃၅ ခုနှစ်​တွင် ဗျာဒိတ် ၇:၉-၁၇ ပါ လူအုပ်ကြီးသည် စင်စစ်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း နားလည်စေ​ရန် ယောဟန်​အတန်းအစား​အား ယေဟောဝါ​က အသိဉာဏ်​ပွင့်​စေတော်မူ​၏။ ထို​အချိန်​မှ​စ၍ ထို​လူအုပ် စုသိမ်းခြင်း​ကို အလေးအနက်​ပြု​လာ​သည်။ ၂၀၀၅ ခုနှစ်​ရောက်​သော်၊ ၎င်း​၏​အရေအတွက်​သည် ခြောက်​သန်း​အမှတ်​ကို​ဖြတ်ကျော်​ခဲ့​ပြီး ယခု​တိုင် တိုးများ​လျက်​ရှိသည်။ လူသား​နှင့်​တူသော​သူသည် ဤ​ဆုံးခန်း​ကာလ​၌ တကယ်​ပင် အားရ​ရွှင်လန်းစွာ တောင်ပုံရာပုံ ကောက်သိမ်း​ခဲ့​ပေ​ပြီ။​—ထွက်မြောက်ရာ ၂၃:၁၆; ၃၄:၂၂ နှိုင်းယှဉ်။

မြေကြီး​စပျစ်​နွယ်ပင်​ကို နင်းနယ်​ခြင်း

၂၄။ ပ​ဉ္စ​မကောင်း​ကင်​တမန်​လက်၌ အဘယ်အရာ​ရှိ​သနည်း၊ ဆဋ္ဌမ​ကောင်းကင်တမန်​က ဘာ​ဟစ်​ပြော​သနည်း။

၂၄ ကယ်တင်ခြင်း​ရိတ်သိမ်း​မှု ပြီးစီး​သည်​နှင့် အခြား​ရိတ်သိမ်းခြင်း​တစ်မျိုး လုပ်ဆောင်ရန် အချိန်တန်​လေ​ပြီ။ ယောဟန်​ဤသို့​သတင်းပို့​၏– “အခြား​ကောင်းကင်တမန်​တစ်ပါး [ပ​ဉ္စ​မ​မြောက်] သည် ကောင်းကင်ဘုံ​ရှိ ကျိန်းဝပ်​ရာ​ဌာန ဗိမာန်တော်​မှ ထွက်ပေါ်​လာ​၏။ သူ၌​လည်း ထက်​သော​တံစဉ်​ရှိ၏။ နောက်​ကောင်းကင်တမန်​တစ်ပါး [ဆဋ္ဌမ​မြောက်] သည် ယဇ်​ပလ္လင်​မှ​ထွက်ပေါ်​လာ​၏။ သူ၌ မီးကို​အစိုးရ​သော အာဏာ​ရှိ၏။ သူက ထက်​သော​တံစဉ်​ပါရှိ​သူအား ကြီးစွာ​သော​အသံ​ဖြင့် ဟစ်ခေါ်​ကာ ‘မြေကြီးပေါ်​မှ စပျစ်​သီး​များ ဝင်းမှည့်​ပြီ​ဖြစ်၍ သင်၏​ထက်​သော​တံစဉ်​ကို​လွှတ်​ပြီး စပျစ်​နွယ်ပင်​၏ စပျစ်​သီး​ပြွတ်​များ​ကို ရိတ်သိမ်း​လော့’ ဟု​ဆို​၏။” (ဗျာဒိတ် ၁၄:၁၇၊ ၁၈) ကောင်းကင်တမန်​ဗိုလ်ခြေများ​သည် သခင့်​နေ့​တော်​အတွင်း ကောင်း​သူကို မကောင်း​သူတို့​ထဲ​မှ​ခွဲထုတ်​လျက် ရိတ်သိမ်း​သော​အလုပ် အများအပြားကို လုပ်ကိုင်​ရန် တာဝန်​အပ်နှင်းခြင်း ခံရ​ကြ​၏။

၂၅။ (က) ပ​ဉ္စ​မကောင်း​ကင်​တမန်​သည် ကျိန်းဝပ်​ရာ​ဌာန ဗိမာန်တော်​မှ​လာ​သည် ဟူ​သည့်​အချက်​က ဘာကို​ပြသ​နည်း။ (ခ) စတင်​ရိတ်သိမ်း​ရန်​အမိန့်​သည် “ယဇ်​ပလ္လင်​မှ​ထွက်ပေါ်​လာ” သော ကောင်းကင်တမန်​ထံ​မှ​လာ​သည်​မှာ အဘယ်ကြောင့် ဆီလျော်​သနည်း။

၂၅ ပ​ဉ္စ​မကောင်း​ကင်​တမန်​သည် ကျိန်းဝပ်​ရာ​ဌာန ဗိမာန်တော်​ရှိ ယေဟောဝါ ရှေ့တော်မှောက်​မှ လာ​သည်​ဖြစ်၍ နောက်ဆုံးသော ရိတ်သိမ်းခြင်း​သည်လည်း ယေဟောဝါ​၏ အလိုတော်အတိုင်း ဖြစ်ပျက်​၏။ ဤ​ကောင်းကင်တမန်​ကို “ယဇ်​ပလ္လင်​မှ ထွက်ပေါ်​လာ” သော အခြား​ကောင်းကင်တမန်​မှ​တစ်ဆင့် လုပ်ငန်း​စတင်​ရန် အမိန့်ပေး​၏။ ဤ​အချက်​သည် အလွန်​ထူးခြား​၏။ အကြောင်း​မှာ ယဇ်​ပလ္လင်​အောက်​မှ သစ္စာရှိ​အသက်​ဝိညာဉ်​များ​က “သန့်ရှင်း၍ စစ်မှန်သော အချုပ်အခြာအာဏာ​ပိုင် အရှင်သခင်၊ ကျွန်တော်​မျိုး​၏ သွေး​အတွက် မြေကြီးပေါ်​တွင် နေထိုင်​သော​သူတို့အား တရား​မစီရင်၊ လက်စားမချေ​ဘဲ အဘယ်​ကာလ​တိုင်အောင် ရှောင်​၍​နေ​တော်​မူ​မည်​နည်း” ဟု မေးလျှောက်​ခဲ့ပြီ​ဖြစ်၏။ (ဗျာဒိတ် ၆:၉၊ ၁၀) မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​ကို ရိတ်သိမ်း​သောအခါ လက်စားချေ​ရန် ဟစ်ကြွေး​လျှောက်ဆို​သူတို့လည်း ကျေနပ်​သွား​ကြ​ပါ​လိမ့်​မည်။

၂၆။ “မြေကြီးပေါ်​မှ​စပျစ်​နွယ်ပင်” ကား အဘယ်နည်း။

၂၆ သို့သော်၊ “မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်” ကား အဘယ်နည်း။ ဟေဗြဲ​ကျမ်းစာ​၌ ဂျူး​လူမျိုး​ကို ယေဟောဝါ​၏​စပျစ်​နွယ်ပင်​အဖြစ် တင်​စား၍​ဆို​၏။ (ဟေရှာယ ၅:၇; ယေရမိ ၂:၂၁) ထို့​နည်းတူ၊ ယေရှု​ခရစ်​ကိုလည်း​ကောင်း၊ ကိုယ်တော်​နှင့်အတူ ဘုရားသခင့်​နိုင်ငံတော်​၌ အမှုထမ်း​ကြ​မည့်​သူများကို​လည်းကောင်း စပျစ်​နွယ်ပင်​အဖြစ် တင်စား​၏။ (ယောဟန် ၁၅:၁-၈) ဤ​ဆက်​တင်​၌ စပျစ်​နွယ်ပင်​၏​ထူးခြားချက်​မှာ အသီးသီးခြင်း​ဖြစ်​ပြီး ခရစ်ယာန်​စပျစ်​နွယ်ပင်​စစ်​လည်း ယေဟောဝါ​ဂုဏ်တော်​ထင်ရှား​စေရန် အသီး​လှိုင်လှိုင်​သီး​၏။ (မဿဲ ၂၁:၄၃) ထို့​ကြောင့်၊ မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​သည် ဤ​စပျစ်​နွယ်ပင်​စစ်​မဟုတ်ဘဲ၊ စာတန်​၏​စပျစ်​နွယ်ပင်​တု၊ လူသားများ​ပေါ်​ကြီးစိုး​သော စာတန့်​ရူပ​အစိုးရ​စနစ်​ဖြစ်​ရ​ပေမည်။ ၎င်း​သည် ရာစုနှစ်များ​တစ်လျှောက် နတ်ဆိုး​ဆိုင်ရာ​အသီး​တည်း​ဟူသော အမျိုးမျိုးသော “စပျစ်​သီး​ပြွတ်​များ” သီး​လျက်​ရှိခဲ့​သည်။ အယူဖောက်ပြန်​သော ခရစ်ယာန်​ဘာသာ ထင်ပေါ်​စွာ​ပါဝင်သော မဟာ​ဗာဗုလုန်​သည် အဆိပ်​ရှိသည့် ဤ​စပျစ်​နွယ်ပင်​အပေါ် ကြီးမားသော​သြဇာ လွှမ်းမိုး​လာ​ခဲ့​သည်။​—တရားဟောရာ ၃၂:၃၂-၃၅ နှိုင်းယှဉ်။

၂၇။ (က) တံစဉ်​ကို​ကိုင်​သော ကောင်းကင်တမန်​က မြေကြီး​စပျစ်​နွယ်ပင်​ကို ရိတ်သိမ်း​သောအခါ ဘာဖြစ်​သနည်း။ (ခ) ဟေဗြဲ​ကျမ်းစာ​မှ အဘယ်​ပရောဖက်ပြုချက်​များ​က ရိတ်သိမ်းခြင်း​၏​ကြီးကျယ်​ပုံ​ကို တင်ပြ​သနည်း။

၂၇ တရား​စီရင်ချက်​ကို အကောင်အထည်ဖော်​ရမည်။ “ထို​ကောင်းကင်တမန်​က​လည်း မိမိ၏​တံစဉ်​ကို မြေကြီးပေါ်​သို့ ဝှေ့ယမ်း​ကာ မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​၏ အသီးများ​ကို ရိတ်သိမ်း​၍ ဘုရားသခင့် အမျက်တော်​တည်း​ဟူသော ဧရာမ စပျစ်​သီး​နယ်ရာကျင်း​ထဲ​သို့ သွန်​ချ​လေ​၏။ မြို့ပြင်​၌ စပျစ်​သီး​နယ်ရာကျင်း​ကို နင်းနယ်​သဖြင့် စပျစ်​ကျင်း​ထဲ​မှ ဖာလုံ တစ်ထောင့်​ခြောက်​ရာ ရှည်လျား၍ မြင်း​ဇ​က်​ကြိုး​အထိ​မြင့်သော သွေး​ချောင်း​သည် စီး​ထွက်၍​လာ​၏။” (ဗျာဒိတ် ၁၄:၁၉၊ ၂၀) ဤ​စပျစ်​နွယ်ပင်​အပေါ် ယေဟောဝါ​၏ အမျက်တော်​စူးရှ​ကြောင်း ရှေး​ကတည်းက ကြေညာ​ခဲ့ပြီ။ (ဇေဖနိ ၃:၈) စပျစ်​ကျင်း​ကို နင်းနယ်​သောအခါ တိုင်းနိုင်ငံ​များ​အလိုက် သိမ်း​ကျုံး​၍ ဖျက်ဆီး​ခံရ​မည်​ဖြစ်​ကြောင်း ဟေရှာယကျမ်း​မှ ပရောဖက်ပြုချက်​တစ်ခု​က သံသယ​မရှိ​အောင် တင်ပြ​၏။ (ဟေရှာယ ၆၃:၃-၆) ယောလလည်း “တရား​ဆုံးဖြတ်​ရာ​ချိုင့်၊” “စပျစ်​ကျင်း” ထဲ​၌ ကြီးမား​လှ​သော “လူ​အ​စု​အ​ရုံး” တို့သည် တိုင်းနိုင်ငံ​များနှင့်​ချီ​ပြီး နင်းနယ်​ခံရ​မည်​ဟု ပရောဖက်ပြု​ခဲ့​သည်။ (ယောလ ၃:၁၂-၁၄သမ္မာ) အံ့ဖွယ်​လိ​လိ ရိတ်သိမ်းခြင်း​ပါ​တကား။ အလားတူ​ရိတ်သိမ်းခြင်း​မျိုး နောက်​တစ်ဖန်​ရှိ​မည်​မဟုတ်။ ယောဟန်​၏​ရူပါရုံ​အရ၊ စပျစ်​သီး​များ​ကို​သာ ရိတ်သိမ်း​သည်မဟုတ်၊ ပုံဆောင်​စပျစ်​နွယ်ပင်​တစ်ပင်​လုံး အခု​တ်​ခံရ​ပြီး စပျစ်​ကျင်း​ထဲ​သို့ ပစ်ချ​၍ နင်းနယ်​ခံရ​၏။ ထို့​ကြောင့်၊ မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​သည် ချေ​နင်း​ခံရ​၍ ဘယ်တော့​မျှ တစ်ဖန်​ရှင်သန်​တော့​မည်​မဟုတ်။

၂၈။ မြေကြီး​စပျစ်​နွယ်ပင် နင်းနယ်​ခြင်း​ကို မည်သူ​များ​လုပ်ဆောင်​သနည်း၊ စပျစ်​ကျင်း​ကို “မြို့ပြင်​၌​နင်းနယ်” ခြင်း​က ဘာကို​ဆိုလို​သနည်း။

၂၈ ရူပါရုံ​ဆိုင်ရာ ထို​နင်းနယ်​မှု​ကို မြင်းများ​ဖြင့်​လုပ်ဆောင်​၏။ အကြောင်း​မှာ၊ စပျစ်​နွယ်ပင်​မှ ထွက်​လာသော​သွေးသည် “မြင်း​ဇ​က်​ကြိုး​အထိ​မြင့်” ၏။ “မြင်း” ဟူသော​ဝေါဟာရ​သည် သာမန်​အားဖြင့် စစ်ဆင်မှု​ကို​ရည်ညွှန်း​သဖြင့် စစ်​ကာလ​ကို ပြောနေခြင်း​ဖြစ်​မည်။ စာတန့်​စနစ်​ကို နောက်ဆုံး​တစ်ကြိမ်​တိုက်ခိုက်​သော ယေရှု၏​နောက်တော်လိုက် ကောင်းကင်​တပ်မဟာ​များသည် “အနန္တ​တန်ခိုးရှင် ဘုရားသခင့်​အမျက်တော် စပျစ်​ကျင်း” ကို နင်းနယ်​သည်​ဟု​ဆို​၏။ (ဗျာဒိတ် ၁၉:၁၁-၁၆) မြေကြီးပေါ်​မှ​စပျစ်​နွယ်ပင်​ကို နင်းနယ်​သူများ​မှာ သူတို့​ပင်​ဖြစ်​ကြောင်း အထင်းသား​ပင်။ စပျစ်​ကျင်း​ကို “မြို့ပြင်” ဖြစ်သော ကောင်းကင်​ဇိအုန်​မြို့​၏ အပြင်ဘက်​တွင် “နင်းနယ်” ၏။ မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​ကို မြေကြီး​ပေါ်မှာ နင်းနယ်​သည်​မှာ တကယ်​ပင်​ဆီလျော်​၏။ “မြို့ပြင်​၌​နင်းနယ်” ခြင်း​သည် ကောင်းကင်​ဇိအုန်​ကို မြေကြီးပေါ်​၌ ကိုယ်စား​ပြုသော မိန်းမ​၏​အမျိုးအနွယ် အကြွင်းအကျန်​များ​အား ထိခိုက်​စေမည်​မဟုတ် ဟူသော​အဓိပ္ပာယ်လည်း​ရှိ၏။ သူတို့သည် လူအုပ်ကြီး​နှင့်အတူ ယေဟောဝါ​၏ မြေကြီးဆိုင်ရာ အဖွဲ့အစည်း​အစီအစဉ်​အတွင်း လုံခြုံစွာ ကွယ်ဝှက်​ခြင်း​ခံရ​ကြ​မည်။​—ဟေရှာယ ၂၆:၂၀၊ ၂၁

၂၉။ စပျစ်​ကျင်း​မှ​စီး​ထွက်​လာသော သွေး​ချောင်း​သည် မည်မျှ​နက်​၍ မည်မျှ​ရှည်လျား​သနည်း၊ ဤ​အချက်များ​က ဘာကို​ပြသ​နည်း။

၂၉ ပီပြင်​သော ဤ​ရူပါရုံ​သည် ဒံယေလ ၂:၃၄၊ ၄၄၊ ၄၅ ၌​ဖော်ပြ​သော နိုင်ငံတော်​ကျောက်​က မြေကြီးပေါ်​မှ နိုင်ငံ​များ​ကို​ချေမှုန်း​ခြင်း​နှင့် အလားတူ​သည်။ အပြီး​အပြတ် သုတ်သင်ခြင်း​ဖြစ်​လိမ့်​မည်။ စပျစ်​ကျင်း​ထဲ​မှ ထွက်​လာသော သွေး​ချောင်း​သည် မြင်း​ဇ​က်​ကြိုး​အထိ​နက်​ပြီး ဖာလုံ​ပေါင်း ၁,၆၀၀ ရှည်လျား​၏။ * လေး​၏​နှစ်ထပ်​ကိန်း​ကို တစ်ဆယ်​၏ နှစ်ထပ်​ကိန်း​ဖြင့်​မြှောက် (၄ x x ၁၀ x ၁၀) ၍​ရသော ဤ​ကိန်း​ကြီး​က ဖျက်ဆီးခြင်း​ဘေး​၏ သာဓက​သည် မြေကြီး​တစ်ပြင်လုံး​တွင် ထင်ရှား​မည်​ကို အလေးအနက်​တင်ပြ​၏။ (ဟေရှာယ ၆၆:၁၅၊ ၁၆) ဖျက်ဆီးခြင်း​သည် နှံ့စပ်​ပြီးပြတ်​၍ နောက်ကြောင်းပြန်​နိုင်​မည်​မဟုတ်။ မြေကြီးပေါ်​မှ စာတန့်​စပျစ်​နွယ်ပင်​သည် ဘယ်​သောအခါ​မျှ အမြစ်​ပြန်​တွယ်​နိုင်​မည်​မဟုတ်။​—ဆာလံ ၈၃:၁၇၊ ၁၈

၃၀။ စာတန့်​စပျစ်​နွယ်ပင်​သည် အဘယ်​အသီးများ​ကို​သီး​သနည်း၊ ကျွန်ုပ်​တို့ အဘယ်​သန္နိ​ဋ္ဌာန်​ချ​သင့်​သနည်း။

၃၀ ကျွန်ုပ်​တို့သည် ဆုံးခန်း​ကာလ​၏ အဆုံးပိုင်း​တွင် အသက်ရှင်​နေကြ​သည်​ဖြစ်၍ ၎င်း​ရိတ်သိမ်းခြင်း​နှစ်ရပ်​ဆိုင်ရာ ရူပါရုံ​သည် အလွန်​အဓိပ္ပာယ်​ရှိ၏။ ပတ်ဝန်းကျင်​ကို​ကြည့်​လိုက်​ရုံ​နှင့် စာတန့်​စပျစ်​နွယ်ပင်​၏​အသီးများ​ကို တွေ့​နိုင်၏။ ကိုယ်ဝန်​ဖျက်​ချမှု​နှင့် အခြားသော​လူသတ်မှု​များ၊ လိင်​တူ​ဆက်ဆံမှု၊ ဖောက်ပြားမှု​နှင့် အခြားသော​သီလ​ပျက်ပြားမှု၊ မရိုးသားမှု​နှင့် ပင်ကို​ကြင်နာ​ခြင်း​ကင်းမဲ့မှု​—ဤသို့​သော​အရာများ​အားလုံး​ကြောင့် ဤ​ကမ္ဘာ​သည် ယေဟောဝါ​ရှေ့တော်၌ ဆိုးညစ်​လှ​၏။ စာတန့်​စပျစ်​နွယ်ပင်​သည် “အဆိပ်​ပင်​နှင့် ဒေါ​န​ပင်​၏​အသီး” ကို​သီး​၏။ လူကို​ပျက်စီး​စေသော၊ ၎င်း​၏​ရုပ်တု​ကိုးကွယ်​ခြင်း​လမ်းစဉ်​က လူသား​တို့၏​ကြီးမြတ်သော​ဖန်ဆင်း​ရှင်​၏ အသရေတော်​ကို​ရှုတ်ချ​၏။ (တရားဟောရာ ၂၉:၁၈က​ဘ; ၃၂:၅; ဟေရှာယ ၄၂:၅၊) ယေဟောဝါ​၏​ဂုဏ်တော်​ကို ထင်ရှားစေ​သော ယေရှု​ဖြစ်ထွန်း​စေတော်မူ​သည့် အသီးအနှံ​များ​ကို ယောဟန်​အတန်းအစား​နှင့်အတူ တက်ကြွ​စွာ ပါဝင်​ရိတ်သိမ်း​ရသည်မှာ အခွင့်ထူးပါ​တကား။ (လုကာ ၁၀:၂) ကျွန်ုပ်​တို့အားလုံး ဤ​လောက​၏ စပျစ်​နွယ်ပင်​ကြောင့် မ​ညစ်ညူး​ရန်​လည်းကောင်း၊ ဤသို့​ပြုခြင်း​ဖြင့် ယေဟောဝါ​အပြစ်စီရင်​သောအခါ မြေကြီးပေါ်​မှ စပျစ်​နွယ်ပင်​နှင့်အတူ နင်းချေခြင်း​မခံရ​ရန်​လည်းကောင်း သန္နိ​ဋ္ဌာန်​ချ​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ဖာလုံ ၁,၆၀၀ သည် ကီလိုမီတာ ၃၀၀ သို့​မဟုတ် မိုင် ၁၈၀ ရှိသည်။​—ဗျာဒိတ် ၁၄:၂၀ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀၈ ပါ လေးထောင့်ကွက်]

‘၎င်း​၏ မတရားမေထုန်​စပျစ်​ရည်’

မဟာ​ဗာဗုလုန်​၏​ထင်ပေါ်​သော အပိုင်း​တစ်ပိုင်း​မှာ ရို​မင်​ကက်သလစ်​ချာ့ခ်ျ ဖြစ်သည်။ ၎င်း​ချာ့ခ်ျ​ကို ရောမမြို့​ရှိ ပုပ်​ရဟန်း​မင်း​က အုပ်စိုး​ပြီး ချာ့ခ်ျ​က ပုပ်​ရဟန်း​မင်း​ယောက်​တိုင်း တမန်​တော်​ပေတရု​၏ နောက်​ဆက်ခံ​ဖြစ်သည်ဟု​ဆို​၏။ အောက်ပါ​ကား ထို​အမည်ခံ​နောက်​ဆက်ခံ​များနှင့်​ဆိုင်သော ရေးသား​ဖြန့်ချိ​ခဲ့​သည့် အဖြစ်မှန်​များ​ဖြစ်သည်–

ဖော်​မို​စပ်​စ် (၈၉၁-၉၆)– “ဖော်​မို​စပ်​စ်​သေ​၍ ကိုး​လ​ကြာသော် သူ့​အလောင်း​သည် ပုပ်​ရဟန်း​မင်း​များ​သင်္ဂြိုဟ်​ရာ ဘုရားကျောင်း​မြေအောက်ခန်း​မှ ပြန်​ဖော်​ခံရ​ပြီး [ပုပ်​ရဟန်း​မင်း​သစ်] စ​တီ​ဖင် နာ​ယ​က​ပြုသော ‘အလောင်း​ဆိုင်ရာ’ ကောင်စီ​ရှေ့ စွဲချက်​တင်၍ စစ်ဆေးခံ​ရသည်။ သေလွန်​ခဲ့​သူ ထို​ပုပ်​ရဟန်း​မင်း​သည် ပုပ်​ရဟန်း​မင်း​ရာထူးကို တရားလွန်​မက်မော​သည်​ဟု စွပ်စွဲ​ကာ သူ​ပြု​ခဲ့​သမျှ​ကို တရား​မဝင်​ဟု ကြေညာ​ကြသည်။ . . . သူ့​အလောင်း​မှ ရဟန်း​မင်း​ဝတ်ရုံ​ကို​ချွတ်​ပြီး လက်ယာလက်​မှ လက်ချောင်း​များ​ကို ဖြတ်တောက်​လိုက်​သည်။”​—ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်။

ဆဋ္ဌမ​မြောက်​စ​တီ​ဖင် (၈၉၆-၉၇)– “[ဖော်​မို​စပ်​စ်​၏​အလောင်းကို စစ်ကြော​သည့်​နောက်] လအနည်းငယ်​အတွင်း တန်ပြန်​အကြမ်းဖက်မှု​ကြောင့် စ​တီ​ဖင်​၏​ပုပ်​ရဟန်း​မင်း အဆောင်အယောင်​ကို ရုပ်သိမ်း​ပြီး သူ့ကို ထောင်ချ​ကာ လည်မျို​ညှစ်​သတ်​လိုက်​သည်။”​—ကက်သလစ်​စွယ်​ကျမ်း​သစ်။

တတိယ​မြောက် ဆား​ဂျီးယပ်စ် (၉၀၄-၁၁)– “သူ့​အထက်​က​ပုပ်​ရဟန်း​မင်း​နှစ်ပါး​သည် . . . ထောင်​ထဲ​၌ လည်မျို​ညှစ်​သတ်​ခံရ​ကြသည်။ . . . ရောမမြို့​တွင် သီ​အို​ဖီ​လက်​တပ်​စ်​မိသားစုက သူ့​အား အထောက်အမ​ပေး​ခဲ့​သည်။ ထို​အချိန်တွင် သူသည် ၎င်း​အိမ်ထောင်​မှ သမီး​တစ်ယောက်​ဖြစ်သူ မာ​ရိုး​ဇီး​ယား​အားဖြင့် သားတစ်ယောက်​ရပြီး​ဖြစ်သည်​ဟူ​၏။ (ထို​သား​သည် နောက်ပိုင်း၌ ပုပ်​ရဟန်း​မင်း ဆယ့်တစ်​ဦး​မြောက် ဂျွန်​ဖြစ်လာ​သည်။)”​—ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်။

သတ္တမ​မြောက် စ​တီ​ဖင် (၉၂၈-၃၁)– “ပုပ်​ရဟန်း​မင်း ဒသ​မ​မြောက်​ဂျွန်​သည် ပုပ်​ရဟန်း​မင်း သက်တမ်း​နောက်ဆုံး​နှစ်​၌ . . . ရောမမြို့​ရှိ သခင်မ စင်း​န​ထ​ရ​စ်စ် မာ​ရိုး​ဇီး​ယား​၏​အမျက်တော် စူးရှ​ခံရ​သဖြင့် ထောင်ချ​လုပ်ကြံခံ​ရသည်။ ထို့နောက် မာ​ရိုး​ဇီး​ယား​က ပုပ်​ရဟန်း​ရာထူးကို ဆဋ္ဌမ​မြောက်​လီ​ယို​အား ချီးမြှင့်​အပ်နှင်း​လိုက်​သည်။ လီ​ယို​သည် ပုပ်​ရဟန်း​မင်း​ရာထူး​ရပြီး​နောက် ၆ လ​ခွဲ​အကြာတွင် သေဆုံး​လေ​၏။ သတ္တမ​မြောက် စ​တီ​ဖင်​က သူ့ကို​ဆက်ခံ​၏။ မာ​ရိုး​ဇီး​ယား​၏​သြဇာ​ဖြစ်​ဟန်​တူ​သည်။ . . . သူ ပုပ်​ရဟန်း​မင်း​သက်တမ်း ၂ နှစ်​တာ​အတွင်း မာ​ရိုး​ဇီး​ယား​၏​ကြီးစိုးမှု​အောက်​၌ အာဏာ​မဲ့​ဖြစ်​ခဲ့​သည်။”​—ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်။

ဆယ့်တစ်​ဦး​မြောက် ဂျွန် (၉၃၁-၃၅)– “သတ္တမ​မြောက် စ​တီ​ဖင်​သေ​သောအခါ . . . သီ​အို​ဖီ​လက်​တပ်​စ်​အိမ်ထောင်​ထဲ​မှ မာ​ရိုး​ဇီး​ယား​က အသက် ၂၀ ကျော်​ရုံ​သာ​ရှိသေး​သော လူငယ်​ဖြစ်သူ မိမိ၏​သား ဂျွန်​အတွက် ပုပ်​ရဟန်း​မင်း​ရာထူးကို​ရယူ​၏။ . . . ပုပ်​ရဟန်း​မင်း​အနေ​နှင့် ဂျွန်​သည် သူ့​မိခင်၏​ကြီးစိုးမှု​ကို​ခံရ​၏။​—ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်။

ဆယ့်နှစ်​ဦး​မြောက် ဂျွန် (၉၅၅-၆၄)– “သူသည် ဆယ့်ရှစ်​နှစ်​ပြည့်​ရုံ​သာ​ရှိပြီး ခေတ်ပြိုင်​သတင်း​များ​က သူသည် ဝိညာဉ်​ရေးရာ​များ​ကို စိတ်မဝင်စား၊ ကြမ်းတမ်း​ရိုင်းစိုင်း​သော အပျော်အပါး​ကို စွဲမက်​၍ ကာ​မ​ဂုဏ်​ကို အထိန်းအကွပ်​မရှိ လိုက်စား​ကြောင်း တညီတညွတ်​တည်း​ဖော်ပြ​ကြ​၏။” ​—ပုပ်​ရဟန်း​မင်း​များ​ဆိုင်ရာ အောက်​စ​ဖော့​အဘိဓာန်။

န​ဝ​မ​မြောက် ဘင်း​န​ဒစ် (၁၀၃၂-၄၄; ၁၀၄၅; ၁၀၄၇-၄၈)– “သူသည် ပုပ်​ရဟန်း​မင်း​အရာ​ကို မိမိ၏​ခေါင်း​ကိုင်​အဘ​အား ရောင်းချ​ပြီး​နောက်​မှ နှစ်ကြိမ်​ပြန်​ယူ​ခဲ့​၍ နာမည်​ဆိုး​ဖြင့် ကျော်​ခဲ့​သည်။”​—ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်။

သို့ဖြင့်၊ ဤသူတို့​နှင့် အခြား​ပုပ်​ရဟန်း​မင်း​များသည် သစ္စာရှိ​ပေတရု​၏ ပုံသက်သေ​ကို​လိုက်လျှောက်​မည့်​အစား၊ ဆိုးညစ်သော​သြဇာ​ဖြစ်​ကြသည်။ သွေးစွန်း​ခြင်း​အပြစ်၊ ဝိညာဏ​နှင့် ကာယ​ဆိုင်ရာ မတရားမေထုန်​အပြင်၊ ယေဇဗေလ ဩဇာ​တို့ကို ဘေးမဲ့​ပေးခြင်း​ဖြင့် မိမိတို့​အုပ်ချုပ်​သော​ချာ့ခ်ျ​ကို ပုပ်ပျက်​ယိုယွင်း​စေ​ကြသည်။ (ယာကုပ် ၄:၄) ၁၉၁၇ ခုနှစ်​တွင် ကျမ်းစာ​ကျောင်းသား​များ​၏ ပြီးဆုံးလေသော​ပဟေဠိ​စာအုပ်​က ယင်း​ဖြစ်ရပ်မှန်များ​စွာ​တို့ကို ဘွင်းဘွင်း ရှင်းရှင်း အသေးစိတ်​ဖော်ထုတ်​ရေးသား​၏။ ဤ​ကား ထို​ခေတ်​က ကျမ်းစာ​ကျောင်းသား​များ “မြေကြီးကို ကပ်​အမျိုးမျိုးဖြင့် ဒဏ်ခတ်” သော နည်း​တစ်နည်း​ပင်​ဖြစ်သည်။​—ဗျာဒိတ် ၁၁:၆; ၁၄:၈; ၁၇:၁၊ ၂၊ ၅

[စာမျက်နှာ ၂၀၆ ပါ ရုပ်ပုံ]

ကောင်းကင်တမန်​၏​ထောက်မမှု​ဖြင့် နန်းထိုင်​ဘုရင်​ခရစ်တော် တရား​စီရင်

[စာမျက်နှာ ၂၀၇ ပါ ရုပ်ပုံ]

ဘီစီ ၅၃၉ ခုနှစ်​တွင် ဗာဗုလုန်​ကျရှုံး​ပြီး​နောက် အကျဉ်းသား​များ​လွတ်မြောက်​လာ