မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မီးဖြင့် သန့်စင်ပြီးသော ရွှေကိုဝယ်ပါ

မီးဖြင့် သန့်စင်ပြီးသော ရွှေကိုဝယ်ပါ

အခန်း ၁၃

မီး​ဖြင့် သန့်စင်​ပြီး​သော ရွှေ​ကို​ဝယ်ပါ

လောဒိကိ

၁၊ ၂။ ဘုန်းပွင့်​ယေရှု​ထံ​မှ သတင်း​တော်​ရရှိသော အသင်းတော်​ခု​နစ်​ခု​မှ နောက်ဆုံး​အသင်းတော်သည် မည်သည့်​နေရာတွင် တည်ရှိ​သနည်း။ ထို​မြို့​၏ အင်္ဂါရပ်​အချို့​မှာ အဘယ်နည်း။

 လာဒိကိ​ကား ထမြောက်​ခဲ့​သော ယေရှု​ထံ​မှ သတင်း​တော်​ရရှိသော အသင်းတော်​ခု​နစ်​ခု​အနက် နောက်ဆုံး​အသင်းတော်​ဖြစ်သည်။ ၎င်း​သတင်း​တော်​၌ မျက်စိပွင့်​စေသော အားတက်ဖွယ် အကြောင်းအရာများ ပါရှိ​သည်​တကား။

လောဒိကိ​မြို့ အပြိုအပျက်များ​ကို ယနေ့၊ အာလရှဟီးရ်မြို့​၏ အရှေ့တောင်ဘက်၊ ၅၅ မိုင်​ခန့်အကွာ ဒင်း​နစ်​ဇ​လီး​မြို့အနီး​တွင် တွေ့​နိုင်​သည်။ ပထမ​ရာစု​၌ လောဒိကိ​မြို့​သည် ကြီးပွား​ချမ်းသာ​သော​မြို့​ဖြစ်သည်။ ၎င်း​သည် လမ်းဆုံ​လမ်းခွ​ကြီး​ပေါ်​တည်​ရှိ၍ ဘဏ်​လုပ်ငန်း​နှင့် ကုန်သွယ်​ရေး​အတွက် အချက်အချာ​ကျ​သည်။ နာမည်​ကျော် မျက်​စဉ်း​ဆေး ရောင်းချ​မှု​ကြောင့်​လည်း ချမ်းသာရ​ခြင်း​ဖြစ်သည်။ ထို့​ပြင် သေးသွယ်​နူးညံ့​သော သိုးမွေး​နက်​ဖြင့်​ရက်လုပ်​သည့် အရည်အသွေးကောင်း​သော ဝတ်ရုံ​ကြောင့်​လည်း ကျော်ကြား​သည်။ မြို့​၏​အဓိက​ပြဿနာ​မှာ ရေ​ရှားပါးမှု​ဖြစ်၍ ခပ်​ဝေးဝေး​က ရေ​ပူ​စမ်း​များ​မှ ရေ​သွယ်​ယူခြင်း​ဖြင့် ပြေလည်​စေ​သည်။ သို့​ဖြစ်၍ ရေ​သည် မြို့ထဲ​သို့ ရောက်​သောအခါ မ​ပူ​မအေး​သာ ရှိ​တော့​သည်။

၃။ လောဒိကိ​မြို့ရှိ အသင်းတော်​ထံ​ပေး​ပို့​သော​သတင်းကို ယေရှု​မည်သို့ နိဒါန်း​ပျိုး​သနည်း။

လောဒိကိ​မြို့​သည် ကောလောသဲ​မြို့​နှင့် နီး​၏။ ကောလောသဲ​မြို့သား​များ​ထံ တမန်​တော်​ပေါလု စာရေး​စဉ် လောဒိကိ​မြို့သား​များ​ထံ စာ​တစ်စောင်​ပို့​ခဲ့​ကြောင်း ဖော်ပြ​သည်။ (ကောလောသဲ ၄:၁၅၊ ၁၆) ထို​စာ​၌ ပေါလု ဘာ​အကြောင်း ရေးခဲ့​သည်ကို ကျွန်ုပ်​တို့​မသိ​ပါ။ သို့သော် လောဒိကိ​မြို့သား​များ​ထံ ယခု ယေရှု​ပေး​ပို့​သော သတင်း​တော်​အရ၊ သူတို့သည် ဝိညာဉ်​ရေး​ဘက်တွင် ဝမ်းနည်းဖွယ်​အခြေအနေ​သို့ ကျဆင်း​ခဲ့​လေ​ပြီ။ သို့​တ​စေ၊ ယေရှု​က ခါ​တိုင်း​ကဲ့သို့ မိမိ၏​အရည်အချင်းကို ဤသို့​ဦးစွာ​တင်ပြ​သည်– “လောဒိကိ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့– ဤ​ကား သစ္စာ​ရှိ၍ စစ်မှန်သော​သက်သေ၊ ဘုရားသခင့် ဖန်ဆင်း​ခြင်း​၏​အစ၊ အာမင်​၏ မိန့်ဆိုချက်​များ​တည်း။”​—ဗျာဒိတ် ၃:၁၄

၄။ ယေရှုသည် အဘယ်​နည်းဖြင့် “အာမင်” ဖြစ်သနည်း။

ယေရှု​က မိမိကိုယ်ကို အဘယ်ကြောင့် “အာမင်” ဟု​သမုတ်​သနည်း။ ဤ​ဘွဲ့​သည် မိမိ၏​သတင်း​တော်​ကို တရား​စီရင်​ရေး​သြဇာ ပို​၍​လေးနက်​စေ​သည်။ “အာမင်” သည် “မုချ၊” “ဖြစ်ပါစေ” ဟူ၍​အဓိပ္ပာယ်​ရှိသည့် ဟေဗြဲ​စကားလုံး​၏ အက္ခရာ​ဖလှယ် ရေးသားချက်​ဖြစ်၍ ဆုတောင်းချက် နိဂုံး​တွင် ဆုတောင်းချက်​ထဲ​မှ ခံစားချက် သဘောထားများကို ထောက်ခံ​သည့်​သဘောဖြင့် အသုံးပြု​သည်။ (၁ ကောရိန္သု ၁၄:၁၆) ယေရှုသည် “အာမင်” ဖြစ်သည်။ အကြောင်း​မှာ ကိုယ်တော်​၏ အပြစ်​အနာအဆာ​ကင်း​သော သမာဓိ​နှင့် ယဇ်​သကာ​သေခြင်းက ယေဟောဝါ​၏ ကတိ​မွန်​အားလုံး ပြည့်စုံ​မည်​ကို အတည်ပြု အာမခံ​သောကြောင့်​တည်း။ (၂ ကောရိန္သု ၁:၂၀) ထို​အချိန်​မှ​စ၍ ယေဟောဝါ​ထံ တောင်းသမျှ​ဆု​ကို ယေရှု​မှ​တစ်ဆင့် တောင်းခြင်း​သည် လျောက်ပတ်​၏။​—ယောဟန် ၁၅:၁၆; ၁၆:၂၃၊ ၂၄

၅။ ယေရှုသည် အဘယ်​နည်းဖြင့် “သစ္စာ​ရှိ၍ စစ်မှန်သော​သက်သေ” ဖြစ်သနည်း။

ယေရှုသည် “သစ္စာ​ရှိ၍ စစ်မှန်သော သက်သေ” လည်း​ဖြစ်သည်။ ကိုယ်တော်​သည် ယေဟောဝါ ဘုရားသခင်​၏ ကျွန်​အဖြစ် လုံးဝ​အားထားထိုက်သူ ဖြစ်သော​ကြောင့် ပရောဖက်ပြုချက်​၌ ကိုယ်တော်​ကို သစ္စာစောင့်ခြင်း၊ သမ္မာတရား၊ ဖြောင့်မတ်ခြင်း​တို့​နှင့် ဆက်စပ်​ဖော်ပြ​လေ့​ရှိသည်။ (ဆာလံ ၄၅:၄; ဟေရှာယ ၁၁:၄၊ ၅; ဗျာဒိတ် ၁:၅; ၁၉:၁၁) ကိုယ်တော်​သည် ယေဟောဝါ​အတွက် အကြီးမြတ်ဆုံး သက်သေ​ဖြစ်သည်။ စင်စစ်​အားဖြင့် ယေရှုသည် “ဘုရားသခင့် ဖန်ဆင်း​ခြင်း​၏​အစ” အနေ​နှင့် မူလ​က​ပင် ဘုရားသခင့်​ဘုန်းတော်​ကို ကြေညာ​ခဲ့​သည်။ (သုတ္တံ ၈:၂၂-၃၀) မြေကြီးသား​ဖြစ်​စဉ်​အခါ သမ္မာတရား​ဘက်​မှ သက်သေခံ​တော်​မူ​သည်။ (ယောဟန် ၁၈:၃၆၊ ၃၇; ၁ တိမောသေ ၆:၁၃) ထမြောက်​သည့်​နောက်၊ တပည့်တော်​တို့အား သန့်ရှင်းသော ဝိညာဉ်​တော်​ပေး​မည်​ဟု ကတိပြု​လျက် “သင်တို့သည် . . . ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ ဖြစ်​ကြလိမ့်မည်” ဟု​မိန့်တော်မူသည်။ ယေရှုသည် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့​မှ​စ၍ “ကောင်းကင်​အောက်​၌ ရှိသမျှ​သော ဝေနေယျ​သတ္တဝါ​တို့အား” သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​၌ ဤ​ဘိသိက်ခံ​ခရစ်ယာန်​များ​အား ညွှန်ကြား​တော်​မူ​သည်။ (တမန်​တော် ၁:၆-၈; ကောလောသဲ ၁:၂၃) ယေရှုသည် သစ္စာ​ရှိ၍ စစ်မှန်သော​သက်သေ​ဟု အမှန်​ခေါ်​ထိုက်​ပေ​သည်။ လောဒိကိ​မြို့ရှိ ဘိသိက်ခံ​ခရစ်ယာန်​များ ကိုယ်တော့်​စကား​ကို နားထောင်​လျှင် အကျိုးရှိ​လိမ့်​မည်။

၆။ (က) လောဒိကိ​မြို့ရှိ​အသင်းတော်​၏ ဝိညာဉ်​ရေး​အခြေအနေ​ကို ယေရှု​မည်သို့​ဖော်ပြ​သနည်း။ (ခ) ယေရှု၏ အဘယ်​နမူနာ​မွန်​ကို လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ တုပ​ရန် ပျက်ကွက်​ခဲ့​ကြ​သနည်း။

လောဒိကိ​မြို့သား​များ​အဖို့ ယေရှု​၌ အဘယ်​သတင်း​တော် ရှိ​သနည်း။ သူတို့​အတွက် ချီးမွမ်း​စကား​မရှိ။ သူတို့အား ဤသို့​ပွင့်လင်း​စွာ မိန့်ဆို​သည်– “သင်​ပြုသော​အမှု​များ​ကို ငါ​သိ​၏။ သင်သည် အပူ​လည်း​မဟုတ်၊ အအေး​လည်း​မဟုတ်။ အေး​လျှင်​အေး၊ ပူ​လျှင်​ပူ​ရန် ငါ​အလိုရှိ၏။ သင်သည် မ​ပူ​မအေး နွေး​ရုံ​သာ ရှိသည့်​အတွက် သင့်ကို ငါ့​ပါးစပ်​ထဲ​မှ ထွေး​ထုတ်​တော့​မည်။” (ဗျာဒိတ် ၃:၁၅၊ ၁၆) သင်​သာ သခင်​ယေရှု​ခရစ်​ထံ​မှ ဤသို့​သော သတင်း​တော်​ကို​ရ​ရှိလျှင် မည်သို့​တုံ့ပြန်​မည်​နည်း။ မ​နိုး​မကြား၊ ကိုယ့်​ကိုယ်ကို မဆန်းစစ်​ဘဲ နေ​မည်​လော။ အမှန်​မှာ၊ လောဒိကိ​မြို့သား​တို့သည် မိမိကိုယ်ကို လှုံ့ဆော်​ဖို့​ကောင်း​သည်။ အကြောင်း​မှာ သူတို့သည် ဝိညာဉ်​ရေး​ဘက် ပျင်းရိ​နေခဲ့​ပြီ။ အမှုမဲ့​အမှတ်မဲ့ နေနိုင်​လွန်း​၍ ဖြစ်​ပေမည်။ (၂ ကောရိန္သု ၆:၁ နှိုင်းယှဉ်။) ခရစ်ယာန်​များ​အနေ​နှင့် တုပ​အပ်သော​ယေရှုမှာ​မူ ယေဟောဝါ​နှင့် ကိုယ်တော်​၏​အမှုတော်​အတွက် အမြဲတမ်း ဇွဲ​ဟုန်းဟုန်းတောက်​၏။ (ယောဟန် ၂:၁၇) ထို​မျှ​မ​က ကိုယ်တော်​သည် အစဉ်​ညှာတာ​တတ်​ပြီး သိမ်မွေ့​နူးညံ့​ကြောင်း စိတ်​နှိမ့်ချ​သူတို့ တွေ့ရှိ​ကြသည်။ ပူအိုက်​လှ​သော​နေ့၌ ရေ​အေး​တစ်ခွက် သောက်​ရသည့်​အလား လူကို​လန်းဆန်း​စေတော်မူ​သည်။ (မဿဲ ၁၁:၂၈၊ ၂၉) သို့သော် လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​မှာ​မူ ပူ​လည်း​မ​ပူ၊ အေး​လည်း​မအေး။ သူတို့​မြို့ထဲ​သို့ စီးဆင်းလာ​သော​ရေ​ကဲ့သို့ ကြက်​သီး​နွေး နွေး​ရုံ​သာ​ရှိကြသည်။ ယေရှု၏ လုံးဝ​ပစ်ပယ်​ခြင်း၊ ‘ပါးစပ်​မှ ထွေး​ထုတ်ခြင်း’ ခံထိုက်​သည်​တကား။ ကျွန်ုပ်​တို့သည် ယေရှု​နည်းတူ၊ သူတစ်ပါး​အား ဝိညာဉ်​ရေး​ဘက် လန်းဆန်း​စေရန် အမြဲမပြတ် စိတ်​ထက်သန်​စွာ ကြိုးစား​ကြ​စို့။​—မဿဲ ၉:၃၅-၃၈

“သင်က ‘ငါ​ကြွယ်ဝ​သည်’ ဟု​ဆို​၏”

၇။ (က) လောဒိကိ​မြို့ရှိ ခရစ်ယာန်​တို့၏ ပြဿနာ​ဇာစ်​မြစ်ကို ယေရှု​မည်သို့ ဖော်ထုတ်​သနည်း။ (ခ) လောဒိကိ ခရစ်ယာန်​တို့သည် “မျက်စိကန်း​လျက်၊ အဝတ်အချည်းစည်း ဖြစ်​လျက်​နေသည်” ဟု ယေရှု​အဘယ်ကြောင့် ဆို​သနည်း။

စင်စစ်၊ လောဒိကိ​မြို့သား​တို့၏ ပြဿနာ​ဇာစ်​မြစ်​ကား အဘယ်နည်း။ ယေရှု၏ အောက်ပါ​စကား​များ​မှ ကောင်းစွာ​သဘောပေါက်​နိုင်​သည်– “သင်က ‘ငါသည် ကြွယ်ဝ​၏။ ဥစ္စာ​ဓန ဆည်းပူး​ရရှိ​ပြီ။ ဘာမျှ​မလို’ ဟု​ဆို​၏။ သို့သော် သင်သည် စိတ်မချ​မ်းမြေ့​ဖွယ်၊ သနားစဖွယ်​ကောင်းပြီး၊ မွဲတေ​လျက်၊ မျက်စိကန်း​လျက်၊ အဝတ်အချည်းစည်း ဖြစ်​လျက်​နေသည်​ကို သင်​မသိ။” (ဗျာဒိတ် ၃:၁၇။ လုကာ ၁၂:၁၆-၂၁ နှိုင်းယှဉ်။) သူတို့သည် ကြွယ်ဝသော​မြို့၌ နေထိုင်​သဖြင့် မိမိတို့​ဥစ္စာ​ဓန​ကြောင့် ဟန်​လှ​ပြီ​ထင်​၏။ သူတို့၏​ဘဝ​သည် အားကစားရုံ၊ ပြဇာတ်ရုံ​များ၊ ကျွမ်းဘား​အားကစားရုံ​များ​၏ ဩဇာ​လွှမ်းမိုးမှုကို ခံရ​ဟန်​ရှိသဖြင့် “ဘုရားသခင်​ကို နှစ်သက်​သည်ထက် ပျော်မွေ့ခြင်း​ကို သာ၍​နှစ်သက်သော​သူ” များ​ဖြစ်လာ​ကြပြီ။ * (၂ တိမောသေ ၃:၄သမ္မာ) သို့သော် ပစ္စည်းဥစ္စာ​ချမ်းသာ​သော လောဒိကိ​မြို့သား​တို့သည် ဝိညာဉ်​ရေး​ဘက် မွဲတေ​နေ​၏။ ‘ကောင်းကင်​၌ စုဆောင်း​သော​ဘဏ္ဍာ’ ရှိလျှင်​ပင် နည်းပါး​လှ​၏။ (မဿဲ ၆:၁၉-၂၁) သူတို့၏​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထားခြင်း​ဖြင့် မျက်စိ​ကို ရိုးရှင်းစေခြင်း​မရှိခဲ့။ တကယ်​ပင် အမှောင်​ထဲ​၌​ရှိပြီး မျက်စိကန်း​လျက် ဝိညာဉ်​ရေး​အမြင်​အာရုံမရှိ။ (မဿဲ ၆:၂၂၊ ၂၃၊ ၃၃) ထို့​မျှ​မ​က၊ ဥစ္စာ​ပစ္စည်း​ချမ်း​သာ၍ ဝတ်ရုံ​အကောင်းစား​များ ဝယ်​ဝတ်​နိုင်​သော်လည်း ယေရှု​မျက်စိ​ထဲ​၌ အဝတ်အချည်းစည်း ဖြစ်နေ​၏။ မိမိတို့​ကိုယ်ကို ခရစ်ယာန်​ဖြစ်​ကြောင်း သိသာ​စေသော ဝိညာဏ​ဝတ်ရုံ သူတို့၌ မရှိကြ။​—ဗျာဒိတ် ၁၆:၁၅ နှိုင်းယှဉ်။

၈။ (က) ယနေ့လည်း အဘယ်​နည်းဖြင့် လောဒိကိ​မြို့​နှင့်​တူသော အခြေအနေ​မျိုး တည်ရှိ​သနည်း။ (ခ) လောဘ​ဇော​တိုက်​သော ဤ​လောက​၌ ခရစ်ယာန်​အချို့ မိမိတို့​ကိုယ်ကို မည်သို့​လှည့်စား​ကြ​သနည်း။

ထိတ်လန့်ဖွယ်​အဖြစ်​ပါ​တကား။ သို့သော် ယနေ့လည်း အလားတူ​အဖြစ်မျိုး​ကို တွေ့​ရလေ့ မရှိပေ​လော။ အဘယ်​အကြောင်းရင်း​ကြောင့်​နည်း။ ပစ္စည်းဥစ္စာ​နှင့် လူ့​စွမ်းအား​အရင်းအမြစ်​ကို အားထား​ရာ​မှ ဖြစ်ပေါ်​လာသော ကိုယ့်​ကိုယ်ကို စိတ်ချ​ယုံကြည်​သော​သဘောထား​ပင်​တည်း။ ယေဟောဝါ​၏ လူမျိုးတော်​မှ အချို့​သည် ခရစ်ယာန်ဘောင် ချာ့ခ်ျ​တက်​သူများ​ကဲ့သို့ ရံဖန်ရံခါ စည်းဝေး​တက်​လျှင် ဘုရားသခင့်​စိတ်တော်နှင့် တွေ့​နိုင်​သည်​ဟု​ထင်​ကာ ကိုယ့်​ကိုယ်ကို လှည့်စား​ကြ​၏။ “နှုတ်ကပါဌ်​တရားကို” စ​တိ​လောက်​သာ “ကျင့်​သော​သူ” လုပ်ပြီး ခိုကပ်​ကြသည်။ (ယာကုပ် ၁:၂၂) သူတို့သည် ယောဟန်​အတန်းအစား အထပ်ထပ် သတိပေး​နေသည့်​ကြား​မှ၊ ခေတ်မီ​အဝတ်အစား၊ ကား၊ အိမ်ရာ​တိုက်​တာ​နှင့် အပန်းဖြေ​ခြင်း၊ အပျော်အပါး​လိုက်စားခြင်း​ကို ပဓာန​ထား​သည့်​ဘဝမျိုးကို စိတ်စွဲ​ကြသည်။ (၁ တိမောသေ ၆:၉၊ ၁၀; ၁ ယောဟန် ၂:၁၅-၁၇) ဤ​အရာအားလုံး​က ဝိညာဉ်​ရေး​အတွေးအမြင်​ကို ထိုင်း​မှိုင်း​စေ​သည်။ (ဟေဗြဲ ၅:၁၁၊ ၁၂) သူတို့သည် စိတ်​မ​ပါ့​တ​ပါ မ​ပူ​မအေး ဖြစ်နေ​မည့်​အစား၊ “ဝိညာဉ်​တော်​မီး​ရှိန်” ကို​ပြန်​တောက်​စေပြီး လန်းဆန်း​တက်ကြွ​စွာ “နှုတ်ကပါဌ်​တရားတော်​ကို ဟောပြော” ရန်လို​၏။​—၁ သက်သာလောနိတ် ၅:၁၉က​ဘ; ၂ တိမောသေ ၄:၂၊

၉။ (က) ယေရှု၏ အဘယ်​စကားတော်​ကြောင့် ကြက်​သီး​နွေး​ခရစ်ယာန်​များ လန့်နိုး​လာဖို့​ကောင်း​သနည်း။ အဘယ်ကြောင့်​နည်း။ (ခ) လမ်းလွဲ​သော “သိုး” ကို အသင်းတော်က မည်သို့​ကူညီ​နိုင်​သနည်း။

မ​ပူ​မအေး​ဖြစ်နေ​သော ခရစ်ယာန်​များ​ကို ယေရှု​မည်သို့ ရှုမှတ်​တော်​မူ​သနည်း။ ကိုယ်တော်​၏​ပွင့်လင်း​သော အောက်ပါ​စကားတော်​များ​ကြောင့် လန့်နိုး​လာဖို့​ကောင်း​သည်– “သင်သည် စိတ်မချ​မ်းမြေ့​ဖွယ်၊ သနားစဖွယ်​ကောင်းပြီး၊ မွဲတေ​လျက်၊ မျက်စိကန်း​လျက်၊ အဝတ်အချည်းစည်း ဖြစ်​လျက်​နေသည်​ကို သင်​မသိ။” သူတို့၏​သြတ္တပ္ပစိတ်​သည် ထုံထိုင်း​လှ​ရ​ကား ထိတ်လန့်​ရွံမုန်းဖွယ် အခြေအနေ​သို့ မိမိတို့ ရောက်နေ​သည်ကို​ပင် သတိ​မပြုမိ​ကြ။ (သုတ္တံ ၁၆:၂;၂၁:၂ နှိုင်းယှဉ်။) အသင်းတော်​ရှိ ဤ​စိုးရိမ်ဖွယ် အခြေအနေ​ကို ပေါ့ပေါ့တန်တန်​ယူမှတ်​ပြီး ချော​င်​ထိုး​မထား​နိုင်​ပါ။ အကြီးအကဲ​များနှင့် သူတို့​တာဝန်​ပေးအပ်​ထား​သူများ​သည် စိတ်​ထက်သန်မှု နမူနာ​ကောင်း​ပြ​၍ မေတ္တာပါပါ ထိန်းကျောင်း​ခြင်း​ဖြင့် ဤ​လမ်းလွဲ​သော “သိုး” များ​အား နိုး​လာ​စေပြီး နှလုံး​အကြွင်းမဲ့ အမှုဆောင်ခြင်း​၏ ဝမ်းမြောက်မှု​ကို ယခင်​က​ကဲ့သို့ ပြန်လည်​ခံစား​စေနိုင်​ဖွယ်​ရှိသည်။​—လုကာ ၁၅:၃-၇

“ကြွယ်ဝ​လာရန်” အကြံပေး​ချက်

၁၀။ မိမိ​ထံ​မှ​ဝယ်ယူ​ပါ​ဟု လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​တိုက်တွန်း​သော “ရွှေ” ကား အဘယ်နည်း။

၁၀ လောဒိကိ​မြို့ရှိ ထို​ဝမ်းနည်းဖွယ်​အဖြစ်ကို ကုစား​နိုင်သော ဆေး​ရှိသလော။ ထို​ခရစ်ယာန်​များ​အနေ​နှင့် ယေရှု၏​အောက်ပါ သြဝါဒ​ကို​လိုက်နာ​လျှင် ရှိပါ​သည်– “သင်​ကြွယ်ဝ​လာရန် မီး​ဖြင့် သန့်စင်​ပြီး​သော​ရွှေ​ကို . . . ငါ့​ထံ​မှ​ဝယ်ယူ​ရန် ငါ​အကြံပေး​၏။” (ဗျာဒိတ် ၃:၁၈က) မီး​ဖြင့် သန့်စင်​ချေးချွတ်​ပြီး​သော ခရစ်ယာန် “ရွှေ” စစ်သည် သူတို့အား ‘ဘုရားသခင့်​ရှေ့တော်တွင် ကြွယ်ဝ’ စေ​လိမ့်​မည်။ (လုကာ ၁၂:၂၁သ​မ) ထိုသို့​သော​ရွှေ​ကို အဘယ်​မှာ ဝယ်ယူ​နိုင်​သနည်း။ ဒေသန္တရ ဘဏ်​လုပ်ငန်းရှင်​များ​ထံ​မှ​မဟုတ်။ ယေရှု​ထံ​မှ​ဖြစ်သည်။ တမန်​တော်​ပေါလု​က တိမောသေ​အား “လာ​လတ္တံ့​သော​ကာလ​အတွက် ကောင်းသော​အခြေအမြစ်​ကို ဆည်းပူး​လျက် သူတစ်ပါး​အား ကျေးဇူးပြု​ခြင်း၊ ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံခြင်း၊ စွန့်ကြဲ​ချင်​သော စေတနာ​စိတ်​ရှိ​ခြင်း၊ အချင်းချင်း​ဆက်ဆံ [“ဝေမျှ”၊ က​ဘ] ခြင်း​ငှာ အသင့်ရှိ” ကြ​ရန် ချမ်းသာ​သော​ခရစ်ယာန်​များ​ကို မိန့်မှာ​ပါ​ဟု မှာကြား​ရာ​၌ ထို​ရွှေ ဘာကို​ဆိုလို​ကြောင်း ရှင်းပြ​၏။ (၁ တိမောသေ ၆:၁၇-၁၉သမ္မာ) ရုပ်ပစ္စည်း​ချမ်းသာ​သော လောဒိကိ​မြို့သား​တို့သည် ပေါလု​၏​အကြံပေး​ချက်​ကို လိုက်နာခြင်း​ဖြင့် ဝိညာဉ်​ရေး​ဘက် ကြွယ်ဝ​ခဲ့​ဖို့​ကောင်း​သည်။​—သုတ္တံ ၃:၁၃-၁၈ ကိုလည်း​ရှု။

၁၁။ “မီး​ဖြင့် သန့်စင်​ပြီး​သော​ရွှေ” ကို​ဝယ်ယူ​သည့် အဘယ်​ခေတ်​သစ် စံနမူနာ​များ​ရှိ​သနည်း။

၁၁ “မီး​ဖြင့် သန့်စင်​သော​ရွှေ” ကို​ဝယ်ယူ​သူ မျက်မှောက်ခေတ် ပုံ​နမူနာ​များ​ရှိသလော။ ရှိ​ပေ​သည်။ သခင့်​နေ့​တော်​ဆိုက်​လု​ဆဲ အချိန်​မှာ​ပင် ကျမ်းစာ​ကျောင်းသား အုပ်စု​ကလေး​တစ်စု​က သုံးပါး​ပေါင်း​တစ်ဆူ၊ ဝိညာဉ်​မသေနိုင်​ခြင်း၊ မီးငရဲ​ဖြင့်​ညှဉ်းဆဲခြင်း၊ နို့စို့​သူငယ်​ကို နှစ်ခြင်း​ပေးခြင်း၊ (လက်ဝါးကပ်တိုင်​နှင့် မာရိ​ရုပ်တု​များ​အပါအဝင်) ရုပ်တု​ကိုးကွယ်​ခြင်း​စ​သော ခရစ်ယာန်ဘောင်​၏ ဗာဗုလုန်​ဆိုင်ရာ သွန်သင်ချက်​များစွာ​သည် မှား​ကြောင်း နိုးကြား​သိရှိ​လာ​သည်။ ဤ​ခရစ်ယာန်​တို့သည် သမ္မာကျမ်းစာ အမှန်တရား​ဘက်​မှ ရပ်တည်​တိုက်လှန်​ရာ​၌ ယေဟောဝါ​၏​နိုင်ငံတော်​ကို လူသား​တို့၏ တစ်ခု​တည်း​သော မျှော်လင့်ချက်​အဖြစ်​လည်းကောင်း၊ ယေရှု၏​ရွေးနုတ်ဖိုး​ကို ကယ်တင်ခြင်း​အတွက် အခြေအမြစ်​အဖြစ်​လည်းကောင်း ကြွေးကြော်​ကြသည်။ ကျမ်းစာ​ပရောဖက်ပြုချက် မှတ်သား​ဖော်ပြ​သော တစ်ပါး​အမျိုးသား​ကာလ​သည် မြေကြီး​ပေါ်မှာ ထိတ်လန့်ဖွယ်​သော ဆ​င့်​ပွား​ဖြစ်ပျက်​မှုများ​နှင့်အတူ၊ ၁၉၁၄ ခုနှစ်​၌ ကုန်ဆုံး​မည်​ဖြစ်​ကြောင်း အနှစ် ၄၀ နီးပါး​ကြို၍ ပြညွှန်​ခဲ့​ကြသည်။​—ဗျာဒိတ် ၁:၁၀

၁၂။ နိုးကြား​လာသော ခရစ်ယာန်​များ​ကို ဦးဆောင်​သူ​တစ်ဦး​မှာ မည်သူ​နည်း။ သူသည် ကောင်းကင်​ဘဏ္ဍာ ဆည်းပူးခြင်း​၌ ထူးခြားသော စံနမူနာ​ကို မည်သို့​ထားခဲ့​သနည်း။

၁၂ နိုးကြား​လာသော ခရစ်ယာန်​များ​ကို ဦးဆောင်​သူ​မှာ ချားလ်စ် တေ့စ် ရပ်စဲ​လ်​ဖြစ်၍ သူသည် ၁၈၇၀ ပြည့်လွန်​နှစ်များ အစောပိုင်း​တွင် အမေရိကန်​နိုင်ငံ၊ ပဲ​င်​စီ​လ်​ဗေး​နီး​ယား​ပြည်နယ် (ယခု ပစ်​စ​ဘာ့​မြို့ တစ်စိတ်​တစ်ပိုင်း​ဖြစ်သော) အယ်​လ​ဂေး​နီ​မြို့တွင် ကျမ်းစာ​သင်တန်း​ကျောင်း​တစ်ခု ဖွဲ့စည်း​ခဲ့​သည်။ သမ္မာတရား​ကို ရပ်စဲ​လ် စတင်​ရှာဖွေ​စဉ် ဖခင်​နှင့်အတူ ဖက်စပ်​စီးပွား​လုပ်​နေပြီး သန်း​ကြွယ်​သူဌေး​အဖြစ်သို့ ဦးတည်​လျက်​ရှိ၏။ သို့သော် သူသည် ကုမ္ပဏီ​ကြီး​တစ်ခု​က ဖွင့်​ထားသော စ​တိုး​ဆိုင်​ခွဲ​လုပ်ငန်း​မှ သူ၏​အကျိုးအမြတ် ခံစားခွင့်​ကို ရောင်းချ​၍ ရှိရှိသမျှ ရွှေငွေ​ဥစ္စာ​ကို ကမ္ဘာ​တစ်ခွင် ဘုရားသခင့် နိုင်ငံတော်​သတင်း ကြေညာ​ခြင်း​လုပ်ငန်း​အတွက် အသုံးချ​လေ​သည်။ ၁၈၈၄ ခုနှစ်​၌ ရပ်စဲ​လ်​သည် ပဲ​င်​စီ​လ်​ဗေး​နီး​ယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​ဟူ၍ ယခု သိထားကြ​သော ကော်ပိုရေးရှင်း​၏ ပထမ​ဥက္ကဋ္ဌ ဖြစ်လာ​သည်။ ၁၉၁၆ ခုနှစ်​၌ နယူးယောက်​မြို့​သို့​အသွား၊ တက္ကဆက်​ပြည်နယ် ပန်​ပါ​မြို့အနီး၊ ရထား​ပေါ်​တွင် ကွယ်လွန်​၏။ အမေရိကန်​နိုင်ငံ အနောက်ပိုင်း နောက်ဆုံး​ဟောပြောခြင်း ခရီးစဉ်​ကြောင့် အားပြတ်​သွား​၍​ဖြစ်သည်။ သူသည် ကောင်းကင်​ဘဏ္ဍာ ဆည်းပူးခြင်း​၌ ထူးခြားသော​စံနမူနာ ထားခဲ့​ပေ​သည်။ သူ၏​စံနမူနာ​ကို ယနေ့ ကိုယ်ကျိုး​စွန့်​ရှေ့ဆောင် ထောင်ပေါင်း​များစွာ လိုက်လျှောက်​နေကြ​သည်။​—ဟေဗြဲ ၁၃:၇; လုကာ၊ ၁၂:၃၃၊ ၃၄။ ၁ ကောရိန္သု ၉:၁၆; ၁၁:၁ နှိုင်းယှဉ်။

ဝိညာဏ​မျက်​စဉ်း​ဆေး လိမ်း​ခြင်း

၁၃။ (က) ဝိညာဏ​မျက်​စဉ်း​ဆေး​သည် လောဒိကိ​မြို့သား​တို့၏ အခြေအနေ​ကို မည်သို့ တိုးတက်​ကောင်းမွန်​စေမည်​နည်း။ (ခ) မည်သို့သော​ဝတ်ရုံ​ကို ဝယ်​ဝတ်​ရန် ယေရှု​အကြံပြု​သနည်း။ အဘယ်ကြောင့်​နည်း။

၁၃ “အဝတ်အချည်းစည်း​ဖြစ်၍ ရှက်​စ​ရာ မ​ပေါ်​စေရန် ဝတ်စရာ ဝတ်ရုံ​ဖြူ​ကိုလည်း​ကောင်း၊ မြင်နိုင်​ရန် မျက်စိ​လိမ်း​စ​ရာ မျက်​စဉ်း​ဆေး​ကိုလည်း​ကောင်း ငါ့​ထံ​မှ​ဝယ်ယူ​လော့” ဟူ၍လည်း လောဒိကိ​မြို့သား​များ​ကို ယေရှု​ခပ်​ထ​န်​ထ​န် သတိပေး​လိုက်​သည်။ (ဗျာဒိတ် ၃:၁၈ခ) သူတို့သည် ဒေသန္တရ ဆေးသမား​များ​ထံ​မှ မျက်​စဉ်း​ဆေး​ကို​မဝယ်​ဘဲ၊ ယေရှု​သာ​လျှင်​ပေး​နိုင်သော မျက်​စဉ်း​ဆေး​ကို​ဝယ်​၍ မိမိတို့၏ ဝိညာဏ​မျက်​ကန်း​အဖြစ်ကို ကုသ​သင့်​သည်။ သို့ပြုလျှင် ဝိညာဉ်​ရေး ပိုင်းခြား​သိမြင်​ဉာဏ်​ကို​ရ​၍ “ဖြောင့်မတ်​သော​သူတို့၏​လမ်း” ကို​လျှောက်​နိုင်​မည်။ သူတို့၏​ရွှန်းလဲ့​သော မျက်လုံး​များလည်း ဘုရားသခင့် အလိုတော်​ဆောင်ခြင်း​ပေါ် အာရုံပြု​နေ​မည်။ (သုတ္တံ ၄:၁၈၊ ၂၅-၂၇) ဤသို့ဖြင့် လောဒိကိ​မြို့မှ​ထွက်​သည့် ဈေးကြီး​သော သိုးမွေး​နက်​ဝတ်ရုံ​အစား၊ ယေရှု​ခရစ်​၏ နောက်တော်လိုက်​အဖြစ် မိမိတို့၏ ထူးမြတ်​သည့်​ဂုဏ်ပုဒ်​ကို ကြွေးကြော်​သည့် “ဝတ်ရုံ​ဖြူ” ကို ဝတ်​ခြုံ​နိုင်​လိမ့်​မည်။​—၁ တိမောသေ ၂:၉၊ ၁၀; ၁ ပေတရု ၃:၃-၅ နှိုင်းယှဉ်။

၁၄။ (က) ၁၈၇၉ ခုနှစ်​မှ​စ၍ အဘယ်​ဝိညာဏ​မျက်​စဉ်း​ဆေး ရယူ​နိုင်​သနည်း။ (ခ) ယေဟောဝါသက်သေ​များ​၏ ငွေကြေး​ထောက်ပံ့မှု လာ​ရာ​ရင်းမြစ်​ကား အဘယ်နည်း။ (ဂ) ယေဟောဝါသက်သေ​တို့သည် အလှူငွေ​သုံးစွဲမှု​၌ အခြားသူ​တို့​နှင့် မည်သို့​ခြားနား​သနည်း။

၁၄ ယခု​ခေတ်တွင် ဝိညာဏ​မျက်​စဉ်း​ဆေး ရနိုင်သလော။ စိတ်ချ၊ ရနိုင်​၏။ ပါစတာ ရပ်စဲ​လ်​ဟု ချစ်စနိုး​အခေါ်​ခံရ​သူ ရပ်စဲ​လ်​သည် သမ္မာတရား​ကို ခုခံ​ကာကွယ်​သည့် မဂ္ဂဇင်း၊ ကင်းမျှော်စင် ယေဟောဝါ​၏ နိုင်ငံတော်​ကို ကြေညာ​ခြင်း ဟု ယနေ့ ကမ္ဘာ​တစ်ဝန်း သိရှိ​ထားသော မဂ္ဂဇင်း​ကို ၁၈၇၉ ခုနှစ်​၌ စတင်​ဖြန့်ချိ​လာ​သည်။ ၎င်း​၏ ဒုတိယ​လထုတ်​၌ သူ​ဤသို့ အတိအလင်း ကြေညာ​သည်– “[ဤ​မဂ္ဂဇင်း​သည်] ယေဟောဝါ ၏ ကျော​ထောက်​နောက်ခံ​ရှိကြောင်း ကျွန်ုပ်​တို့ ယုံကြည်​သည်။ ဤသို့​ရှိနေ​သမျှ ကာလပတ်လုံး လူ​တို့​ထံ​မှ ထောက်ပံ့မှု​ရဖို့ ဘယ်​သောအခါ​မျှ လက်ဝါး​ဖြန့် အသနားခံ​စ​ရာ လို​မည်​မဟုတ်။ ‘တောင်​များ​တွင်ရှိသော ရွှေငွေ​အားလုံး​ကို ငါ​ပိုင်​၏’ ဟု​မိန့်ဆို​သော အရှင်​က လိုအပ်သော ငွေကြေး​အထောက်အပံ့​ကို ရပ်​လိုက်​သောအခါ ထုတ်ဝေ​ခြင်း​ကို ရပ်ဆိုင်း​ရန်​အချိန်တန်ပြီ​ဟု ကျွန်ုပ်​တို့ နားလည်​ကြ​ပါ​လိမ့်​မည်။” တီဗွီ​တရားဟော​ဆရာ​အချို့​သည် ငွေကြေး​တောင်ပုံရာပုံ စုဆောင်း​၍ အရှက်မဲ့​စွာ (ရံဖန်ရံခါ အကျင့်ပျက်​ပြား​စွာ) ဇိမ်​ယစ်​ခဲ့​ကြသည်။ (ဗျာဒိတ် ၁၈:၃) ကျမ်းစာ​ကျောင်းသား​များ​မူ ထို​သူတို့နှင့် လုံးဝ​မတူ​ပါ။ မ​တောင်း​ဘဲ​ရရှိသော အလှူငွေ​အားလုံး​ကို လာ​လတ္တံ့​သော ယေဟောဝါ​၏ နိုင်ငံတော်​အကြောင်း ကမ္ဘာ​အနှံ့ ဟောပြောခြင်း​လုပ်ငန်း ဖွဲ့စည်း​တိုးချဲ့မှု​အတွက် အသုံးပြု​ကြသည်။ ယောဟန်​အတန်းအစား​သည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​ထုတ်ဝေ​မှု​ကို ယနေ့​တိုင် ညွှန်ကြား​လျက်​ရှိသည်။ ၂၀၀၆ ခုနှစ်​၌ ထို​မဂ္ဂဇင်း​နှစ်မျိုးကို လစဉ်​စောင်ရေ ၅၉ သန်း​မ​က ထုတ်ဝေ​လျက်​ရှိသည်။ ကင်းမျှော်စင် ကို ဘာသာ​စကား​ပေါင်း ၁၅၀ ကျော်​ဖြင့် ရနိုင်​သည်။ ၎င်း​သည် ခရစ်ယာန် ခြောက်​သန်း​ကျော်​တို့၏ တရားဝင်​ဂျာနယ်​ဖြစ်၍ သူတို့သည် ထိုသို့​သော မျက်​စဉ်း​ဆေး​ကို​သုံး​ကာ မိမိတို့​မျက်စိ​ကို ပွင့်​စေ​သဖြင့် မိစ္ဆာ​ဘာသာ​ကိုလည်း​ကောင်း၊ နိုင်ငံ​အားလုံး​တွင် သတင်းကောင်း​ဟောခြင်း​၏ အရေးကြီးပုံကို​လည်းကောင်း မြင်နိုင်​ကြပြီ။​—မာကု ၁၃:၁၀

ပြစ်တင်​ဆုံးမမှု​နှင့် ပဲ့ပြင်​မှု​မှ အကျိုး​ရယူခြင်း

၁၅။ လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​အဘယ်ကြောင့် ခပ်​ထ​န်​ထ​န် သြဝါဒ​ပေး​သနည်း။ အသင်းတော်​အနေ​နှင့် မည်သို့​တုံ့ပြန်​သင့်​သနည်း။

၁၅ လောဒိကိ မြို့သား​များ​အကြောင်း ပြန်​ပြော​ကြ​စို့။ ယေရှု၏ ခက်ထန်​သော​သြဝါဒ​ကို သူတို့​မည်သို့ တုံ့ပြန်​မည်​နည်း။ မိမိတို့ကို ယေရှု​က နောက်လိုက်​များ​အဖြစ် အလို​မရှိတော့​ဟု​ထင်​ကာ စိတ်ပျက်​အားလျော့​သင့်​သလော။ မသင့်​ပါ။ ထိုသို့​လုံးဝ​မဟုတ်။ သတင်း​တော်​က ဤသို့​ဆက်၍​ဆို​သည်– “ငါသည် ချစ်ခင်​သော​သူ အပေါင်း​ကို ပြစ်တင်​ဆုံးမ​၍ ပဲ့ပြင်​ပေး​တတ်၏။ ထို့​ကြောင့် စိတ်အား​ထက်သန်​လော့။ နောင်​တရ​လော့။” (ဗျာဒိတ် ၃:၁၉) ယေရှု၏​ပဲ့ပြင်​မှု​သည် ယေဟောဝါ​ထံ​မှ ပဲ့ပြင်​မှု​ကဲ့သို့​ပင် မေတ္တာတော်​၏ လက္ခဏာ​တစ်ရပ်​ဖြစ်သည်။ (ဟေဗြဲ ၁၂:၄-၇) လောဒိကိ​အသင်းတော်​အနေ​နှင့် ယေရှု၏​ချစ်ခင်​တွယ်တာမှု စေတနာ​ကို လက်လွှတ်​မခံ​ဘဲ ကိုယ်တော့်​သြဝါဒ​ကို လိုက်နာ​ကျင့်သုံး​သင့်​သည်။ မိမိတို့၏ မ​ပူ​မ​နွေး​အဖြစ်​သည် အပြစ်ပြု​ခြင်း​နှင့် မ​ခြား​ကြောင်း သိမှတ်​လျက် နောင်တ​ရ​သင့်​သည်။ (ဟေဗြဲ ၃:၁၂၊ ၁၃; ယာကုပ် ၄:၁၇) သူတို့၏ အကြီးအကဲ​များလည်း ရုပ်​ဝါဒ​ဆန်​မှုများ​ကို ပစ်ပယ်​ပြီး “မီးကို​ဆွပေး​သကဲ့သို့” ဘုရားသခင့်​ထံ​တော်​မှ ရရှိသော​ဆုကျေးဇူး​ကို “နှိုးဆွ” ကြ​ပါစေ။ ဝိညာဏ​မျက်​စဉ်း​ဆေး အစွမ်း​ပြ​လာ​သည်​နှင့်​အမျှ အသင်းတော်​တစ်ရပ်လုံး စမ်းရေ​အေးအေး​လေး သောက်​လိုက်ရ​သည့်​ပ​မာ လန်းဆန်း​နိုင်​ကြ​ပါစေ။​—၂ တိမောသေ ၁:၆က​ဘ; သုတ္တံ ၃:၅-၈; လုကာ ၂၁:၃၄

၁၆။ (က) ယနေ့ ယေရှုသည် မိမိ၏​မေတ္တာ​နှင့် ချစ်ခင်​တွယ်တာမှု​ကို မည်သို့​ထင်ရှားစေ​နည်း။ (ခ) ကျွန်ုပ်​တို့သည် ခပ်​ထ​န်​ထ​န် ဩ​ဝါဒ​ပေး​ခံရ​လျှင် မည်သို့​တုံ့ပြန်​သင့်​သနည်း။

၁၆ ယနေ့ ကျွန်ုပ်​တို့​ကော။ ယေရှုသည် ‘လောက​ရှိ မိမိလူ​တို့ကို အစဉ်မပြတ် ချစ်တော်မူ​သည်။’ “ကပ်ကမ္ဘာ ကုန်သည်​တိုင်အောင်” ချစ်တော်မူ​မည်။ (ယောဟန် ၁၃:၁; မဿဲ ၂၈:၂၀) ကိုယ်တော်​၏​မေတ္တာ​နှင့် ချစ်ခင်မှု​ကို ခေတ်​သစ်​ယောဟန် အတန်းအစား​မှ​တစ်ဆင့်၊ ခရစ်ယာန်​အသင်းတော်​ရှိ ကြယ်​များ သို့​မဟုတ် အကြီးအကဲ​များ​မှ​တစ်ဆင့် ထင်ရှားစေ​တော်​မူ​သည်။ (ဗျာဒိတ် ၁:၂၀) အလွန်​ခက်ခဲ​သော ယခု​ကာလ​၌ အကြီးအကဲ​တို့သည် ကြီးငယ်မဟူ​သော ကျွန်ုပ်​တို့အားလုံး​ကို ကူညီ​သည့်​ကိစ္စ​၌ အလေးအနက် စိတ်ဝင်စား​၏။ သီအိုကရက်တစ် သိုးခြံ​၏​ဘောင်​အတွင်း​၌​နေပြီး လောက​၏ လွတ်လပ်ခြင်း​စိတ်ဓာတ်၊ ရုပ်​ဝါဒ​လောဘ​နှင့် သီလ​ပျက် အညစ်အကြေး​တို့ကို ခုခံ​တိုက်လှန်​နိုင်​ရန် ကူညီ​ပေး​လို​၏။ ရံဖန်ရံခါ ခပ်​ထ​န်​ထ​န်​ဆုံးမ​ပဲ့ပြင်​ခံရ​လျှင် “အပြစ်ကို​ပြ​တတ်သော ဩ​ဝါဒ​စကား​သည် အသက်​လမ်း​ဖြစ်” ကြောင်း သတိရပါ။ (သုတ္တံ ၆:၂၃) ကျွန်ုပ်​တို့အားလုံး မစုံလင်​သဖြင့် စိတ်​ထက်သန်​စွာ နောင်တ​ရ​သင့်​သည်။ သို့​မှ​သာ လမ်းမှန်​ရောက်​ပြီး ဘုရားသခင့် မေတ္တာတော်၌ တည်​နေ​မည်။​—၂ ကောရိန္သု ၁၃:၁၁

၁၇။ စည်းစိမ်​သည် ကျွန်ုပ်​တို့အား ဝိညာဉ်​ရေး​ဘက်၌ မည်သို့​ဘေးပြု​နိုင်​သနည်း။

၁၇ ကျွန်ုပ်​တို့သည် ရုပ်​ဝါဒ​ကြောင့်​ဖြစ်စေ၊ ဥစ္စာ​ဓန​ကြောင့်​ဖြစ်စေ၊ ဥစ္စာ​ဓန​မဲ့​ခြင်း​ကြောင့်​ဖြစ်စေ၊ မ​ပူ​မ​နွေး​မဖြစ်​သင့်။ စည်းစိမ်ဥစ္စာ​သည် လုပ်ငန်းတော် အခွင့်အလမ်း​သစ်​များ ဖွင့်ပေး​နိုင်​စေ​ကာ​မူ၊ အန္တရာယ်​လည်း မကင်း​ချေ။ (မဿဲ ၁၉:၂၄) ကြွယ်ဝ​ချမ်းသာသူ​က မိမိသည် ရံဖန်ရံခါ အလှူ​ခပ်​များများ​ထည့်​လျှင် အခြားသူများ​ကဲ့သို့ ဟောပြောခြင်း​လုပ်ငန်း​၌ စိတ်​ထက်သန်​စ​ရာ​မလိုဟု ထင်​ချင်​ထင်​မည်။ သို့​မဟုတ်၊ ချမ်းသာ​သောကြောင့် ပါ​စား​ပေး​ခံထိုက်​သည်​ဟု ထင်​ချင်​ထင်​မည်။ ထို့​ပြင်၊ သူကြွယ်​တစ်ဦး​သည် အခြားသူများ​မတတ်နိုင်​သော ပျော်ရွှင်ဖွယ်​ရာ​များနှင့် ဝါသနာပါရာ​များ​ကို လိုက်စား​နိုင်​သည်။ သို့သော် ၎င်း​စိတ်​အပြောင်းအလဲ ဖြစ်စေ​သော ဖျော်ဖြေမှု​များ​ကြောင့် အချိန်ကုန်​တတ်​ရာ သတိ​မရှိသူ​သည် ခရစ်ယာန်​ဓမ္မ​အမှု​မှ ဝေးကွာ​သွား​နိုင်​သည်။ သို့ဖြင့်၊ သတိပညာ​မဲ့​သူသည် မ​ပူ​မ​နွေး​ဖြစ်လာ​သည်။ ဤ​ကျော့ကွင်း​အားလုံး​ကို​ရှောင်​၍ ထာဝရ​အသက်ကို​ရှေး​ရှု​လျက် နှလုံး​အကြွင်းမဲ့ “ပင်ပင်ပန်းပန်း လုပ်ဆောင်​ပြီး ကြိုးစား​အားထုတ်” လျက်​နေကြပါ​စို့။​—၁ တိမောသေ ၄:၈-၁၀က​ဘ; ၆:၉-၁၂။

‘ညစာ​သုံးဆောင်ခြင်း’

၁၈။ လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​ရှေ့ အဘယ်​အခွင့်ကောင်း​ကို ယေရှု​ထား​တော်​မူ​သနည်း။

၁၈ ယေရှု​ဤသို့ ဆက်လက်​မိန့်ဆို​သည်– “ကြည့်​လော့။ ငါသည် တံခါးဝ​မှာ​ရပ်၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံကို​ကြား​၍ တံခါးဖွင့်​လျှင် သူ၏​အိမ်​သို့ ငါ​ဝင်ပြီး​လျှင် သူနှင့်​အတူ ညစာ​သုံးဆောင်​မည်။ သူသည်​လည်း ငါ​နှင့်အတူ သုံးဆောင်​ရ​လိမ့်​မည်။” (ဗျာဒိတ် ၃:၂၀) လောဒိကိ ခရစ်ယာန်​များ​သာ ယေရှု​အား မိမိတို့​အသင်းတော်​သို့ လာရန်​ကြို​ဆိုလျှင် သူတို့၏ မ​ပူ​မအေး​ပြဿနာ​ကို ကိုယ်တော် ကူညီ​ဖြေရှင်း​ပေး​ပါ​လိမ့်​မည်။​—မဿဲ ၁၈:၂၀

၁၉။ လောဒိကိ​မြို့ရှိ အသင်းတော်​နှင့်အတူ ညစာ​စား​မည်​ဟူသော ယေရှု၏​ကတိ​သည် ဘာကို​ဆိုလို​သနည်း။

၁၉ ညစာ​အကြောင်း ယေရှု​ပြော​သောအခါ တပည့်တော်​များနှင့်​အတူ ယေရှု အစာ​သုံးဆောင်​ခဲ့​သည့် အချိန်​အခါ​များ​ကို လောဒိကိ​မြို့သား​များ ပြန်သတိရ​ကြ​ပေမည်။ (ယောဟန် ၁၂:၁-၈) ထို​အခါသမယ​တွင် ရှိနေ​သူတို့သည် ဝိညာဉ်​ရေး​ကောင်းချီး​များ ရ​ကြ​စ​မြဲ​ပင်။ ထို့​အတူ၊ ယေရှု ထမြောက်​ပြီး​နောက် တပည့်တော်​များနှင့်​အတူ အစာ​သုံးဆောင်​သည့် အခါသမယ​ထူး​များ ရှိ​ပေ​သည်။ ထို​အခါ​များ​၌ တပည့်တော်​များ ခွန်အား​များစွာ ရခဲ့​ကြသည်။ (လုကာ၊ ၂၄:၂၈-၃၂; ယောဟန် ၂၁:၉-၁၉) သို့​ဖြစ်၍ လောဒိကိ အသင်းတော်​သို့​ကြွ​၍ သူတို့နှင့်​အတူ ညစာ​သုံးဆောင်​မည်​ဟူသော ကတိ​မှာ၊ မိမိ​အား လက်ခံ​ကြ​လျှင် သူတို့​အတွက် ကြွယ်ဝသော ဝိညာဏ​ကောင်းချီး​များ ရရှိစေ​မည်​ဟူသော ကတိ​ပင်​တည်း။

၂၀။ (က) သခင့်​နေ့​တော်​အစပိုင်း​၌ ခရစ်ယာန်ဘောင်​၏ ကြက်​သီး​နွေး​အခြေအနေ​ကြောင့် ဘာဖြစ်​ခဲ့​သနည်း။ (ခ) ယေရှု၏​စီရင်ချက်​ကြောင့် ခရစ်ယာန်ဘောင် ဘာဖြစ်​ခဲ့ပြီ​နည်း။

၂၀ လောဒိကိ​မြို့သား​များ​အား ပေး​တော်​မူ​သော ယေရှု၏​မေတ္တာပါ​သည့် တိုက်တွန်း​စကား​သည် ယနေ့ ဘိသိက်ခံ​ခရစ်ယာန် အကြွင်းအကျန်​အဖို့ အထူး​အဓိပ္ပာယ်​ရှိ၏။ သူတို့​ထဲ​မှ​အချို့​က သခင့်​နေ့​တော်​အစပြု​စဉ် ခရစ်ယာန်ဘောင် ဘာသာရေး​သမားများ​သည် စိတ်ပျက်ဖွယ်​လိ​လိ ကြက်​သီး​နွေး​နွေး​ခဲ့​ကြ​ကြောင်း သတိရ​ကြ​၏။ ခရစ်ယာန်ဘောင် ဓမ္မ​ဆရာ​အုပ်စု​သည် ၁၉၁၄ ခုနှစ်​၌ ကျွန်ုပ်​တို့၏​သခင် ပြန်​ကြွလာ​သည်ကို ဆီးကြို​မည့်​အစား၊ ပထမ​ကမ္ဘာ​စစ် သတ်ဖြတ်မှု​၌ ဝင်စွက်​ခဲ့​ကြသည်။ တိုက်ပွဲဝင် ၂၈ နိုင်ငံ​အနက် ခရစ်ယာန်​အမည်ခံ ၂၄ နိုင်ငံ​ပါဝင်​သည်။ သူတို့၏​သွေးပြစ် မည်မျှ​ကြီး​လေး​လိုက်​လေ​ခြင်း။ ခရစ်ယာန်ဘောင်​အတွင်း အဓိက တိုက်ခိုက်​သော ဒုတိယ​ကမ္ဘာ​စစ်​၌ မိစ္ဆာ​ဘာသာ​၏ အပြစ်​များသည် “ကောင်းကင်ဘုံ​တိုင်အောင်​မီ” ပြန်​သည်။ (ဗျာဒိတ် ၁၈:၅) ထို့​ပြင် ဓမ္မ​ဆရာ​အုပ်စု​သည် လူသား​တို့​ပြဿနာ​ကို မဖြေရှင်း​နိုင်သော နိုင်ငံ​ပေါင်း​ချုပ်၊ ကုလသမဂ္ဂ​နှင့် မျိုးချစ်​တော်လှန်ရေး လှုပ်ရှားမှုများ​ကို အားပေး​ထောက်ခံ​ခြင်း​အားဖြင့် ယေဟောဝါ​၏ လာ​လတ္တံ့​သော နိုင်ငံတော်​ကို ကျောခိုင်း​ခဲ့​ကြပြီ။ ဓမ္မ​ဆရာ​အုပ်စု​ကို ယေရှု​ပယ်​ခဲ့​သည်​မှာ ကြာပြီ။ သူတို့ကို အပြစ်​စီရင်၍ တံငါသည်​၏ ပိုက်ကွန်​၌​မိ​သော မကောင်း​သည့်​ငါး​များ​ကို ပစ်ပယ်​သကဲ့သို့ ပယ်​တော်​မူ​ပြီ။ ယနေ့ ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များ​၏ ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​က ၎င်းကို ထိုသို့​စီရင်တော်မူ​ခဲ့ပြီ​ဖြစ်​ကြောင်း သက်သေထူ​၏။ ၎င်း​၏​ဇာတ်သိမ်း​သည် ကျွန်ုပ်​တို့​အဖို့ သတိပေး​ချက်​တစ်ရပ် ဖြစ်ပါစေ။​—မဿဲ ၁၃:၄၇-၅၀

၂၁။ ၁၉၁၉ ခုနှစ်​မှ​စ၍ အသင်းတော်​စစ်​ထဲ​က ခရစ်ယာန်​တို့သည် လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​မိန့်ဆို​သော​စကား​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၂၁ စစ်မှန်သော အသင်းတော်၌​ပင် လူကို နိုးကြွ​စေ​လောက်​အောင်​လည်း မ​ပူ၊ လန်းဆန်း​စေ​လောက်​အောင်​လည်း မအေး​သော သောက်​ဖွယ်​နှင့်​တူ​သည့် ကြက်​သီး​နွေး​ပုဂ္ဂိုလ်​များ ရှိကြသည်။ သို့​တ​စေ၊ ယေရှုသည် မိမိ၏​အသင်းတော်ကို လှိုက်လှိုက်လှဲလှဲ ချစ်​ဆဲ​ပင်။ ဧည့်ဝတ်​ကျေပွန်​စွာ​တုံ့ပြန်​သော ခရစ်ယာန်​များ​အတွက် မိမိကိုယ်ကို အသုံးတော်ခံ​ဖို့ အသင့်ရှိ​တော်​မူ​သည်။ ကိုယ်တော်​အား ညစာ​စား​ရန် ခေါ်ဖိတ်​သည့်​အလား ကြိုဆို​သူတို့လည်း မနည်း​ပေ။ သို့​ဖြစ်၍ ၁၉၁၉ ခုနှစ်​မှ​စ၍ သူတို့​မျက်စိပွင့်​လာပြီး ကျမ်းစာ​ပရောဖက်ပြုချက်​များ​၏ အဓိပ္ပာယ်​ကို မြင်လာ​ကြပြီ။ ဉာဏ်​အလင်း ထွန်းလင်း​သော ကာလပိုင်း​ကို ပျော်မွေ့​ခဲ့​ကြသည်။​—ဆာလံ ၉၇:၁၁; ၂ ပေတရု ၁:၁၉

၂၂။ အဘယ်​အနာဂတ် ညစာ​စားပွဲ​အကြောင်း ယေရှု​တွေး​နေခြင်း ဖြစ်​နိုင်​သနည်း။ ၎င်း​တွင် မည်သူ​များ ပါဝင်​သုံးဆောင်​ကြ​မည်​နည်း။

၂၂ လောဒိကိ​မြို့သား​များ​အား ယေရှု​မိန့်ကြား​စဉ် စိတ်ထဲ​၌ အခြား​ညစာ​စားပွဲ​တစ်ရပ်​ကို တွေး​နေခြင်းလည်း ဖြစ်​နိုင်​သည်။ ဗျာဒိတ်ကျမ်း​နောက်ပိုင်း၌ ဤသို့​ဖတ်​ရသည်– “သိုးသငယ်​၏ ထိမ်းမြား​မင်္ဂလာ ညစာ​စားပွဲ​သို့ ဖိတ်ကြား​ခံရ​သူတို့သည် ပျော်ရွှင်​၏။” ဤ​ကား မိစ္ဆာ​ဘာသာ​ကို ယေဟောဝါ တရား​စီရင်​ပြီး​နောက်​၌ ကိုယ်တော်​ကို ချီးမွမ်း​သည့်​အနေ​နှင့် ကျင်းပ​သော အောင်ပွဲခံ စားသောက်ပွဲ​ကြီး​—ကောင်းကင်​၌ ခရစ်တော်​နှင့် ၁၄၄,၀၀၀ သော​သတို့သမီး လူ​စုံ​တက်​စုံ ပါဝင်​သုံးဆောင်​သော စားသောက်ပွဲ​ကြီး​တည်း။ (ဗျာဒိတ် ၁၉:၁-၉) ရှေး​လောဒိကိ အသင်းတော်​မှ တုံ့ပြန်​သူများ​သာမက​—ဘိသိက်ခံ​ခရစ်ယာန်စစ်​ဖြစ်​ကြောင်း ထင်ရှားစေ​သည့် သန့်ရှင်းသော​ဝတ်ရုံ ဝတ်ဆင်​သော မျက်မှောက်ခေတ် ခရစ်တော်​ယေရှု၏ သစ္စာရှိ​ညီတော်​များ​ပါ​—မိမိတို့၏ သတို့သား​နှင့်အတူ ထို​ညစာ​စားပွဲ​တွင် မျက်နှာ​စုံ​ညီ စားသောက်​ရ​ကြလိမ့်မည်။ (မဿဲ ၂၂:၂-၁၃) စိတ်​ထက်သန်​၍ နောင်တ​ရ​ရန် တိုက်တွန်း​သွေးဆောင်​သော အားပေးချက်​ပါ​တကား။

အောင်နိုင်သူ​တို့အတွက် ပလ္လင်

၂၃၊ ၂၄။ (က) အခြား​အဘယ်​ဆုလာဘ်​အကြောင်း ယေရှု​မိန့်ဆို​သနည်း။ (ခ) ယေရှုသည် အဘယ်​အချိန်တွင် မိမိ၏ မေရှိယ​ပလ္လင်​ပေါ် ထိုင်​တော်​မူ​သနည်း။ ခရစ်ယာန်​အမည်ခံ​တို့အား အဘယ်​အချိန်​မှ​စ၍ တရား​စီရင်တော်မူ​သနည်း။ (ဂ) မိမိ၏​သေခြင်း အောက်မေ့ရာပွဲကို ယေရှု အစပြု​ကျင်းပ​စဉ် အဘယ်​ထူးမြတ်​သော ကတိ​ကို တပည့်တော်​တို့အား ပေး​ခဲ့​သနည်း။

၂၃ နောက်ထပ်​ဆုလာဘ်​တစ်ခု​အကြောင်း ယေရှု ဤသို့​မိန့်တော်မူသည်– “ငါသည် အောင်နိုင်​၍ ငါ့​ခမည်းတော်​၏ ပလ္လင်တော်​ပေါ်မှာ ခမည်းတော်​နှင့်အတူ ထိုင်​ရသည်​နည်းတူ အောင်နိုင်သူ​အား ငါ့​ပလ္လင်​ပေါ်မှာ ငါ​နှင့်အတူ ထိုင်​ရသော​အခွင့်​ကို ငါ​ပေး​မည်။” (ဗျာဒိတ် ၃:၂၁) ဆာလံ ၁၁၀:၁၊ ၂ ပါ ဒါဝိဒ်​၏​စကား ပြည့်စုံချက်​နှင့်​အညီ လောကကို​အောင်နိုင်​ခဲ့​သူ သမာဓိ​စောင့်သိ​သူ ယေရှုသည် အေဒီ ၃၃ ခုနှစ်​တွင် ထမြောက်​၍ ခမည်းတော်​၏ ကောင်းကင်​ပလ္လင်တော်​ပေါ်မှာ ခမည်းတော်​နှင့်အတူ စံမြန်း​ရန် ချီးမြှင့်ခြင်း​ခံရ​သည်။ (တမန်​တော် ၂:၃၂၊ ၃၃) ယေရှုသည် အရေးပါသော အခြား​ခုနှစ်​သက္ကရာဇ်​ဖြစ်သည့် ၁၉၁၄ ခုနှစ်​၌ မိမိ၏​မေရှိယ ပလ္လင်တော်​ပေါ်မှာ ဘုရင်​နှင့် တရားသူကြီး​အဖြစ် နန်းထိုင်​ရန် ကြွရောက်​တော်​မူ​သည်။ တရား​စီရင်ခြင်း​သည် ၁၉၁၈ ခုနှစ်​၌ ခရစ်ယာန်​အမည်ခံ​သူတို့​မှ အစပြု​ကြောင်း ထင်ရှား​သည်။ ထို​အချိန်​မတိုင်မီ ကွယ်လွန်​ခဲ့​သော ဘိသိက်ခံ​အောင်နိုင်သူ​တို့သည် ထမြောက်​၍ ယေရှု​နှင့်အတူ ကိုယ်တော်​၏​နိုင်ငံတော်​ကို ဝင်စား​ကြ​ရမည်​ဖြစ်သည်။ (၁ ပေတရု ၄:၁၇) မိမိ၏​သေခြင်း အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​စဉ် တပည့်တော်​တို့အား ဤသို့​ကတိပြု မိန့်ဆိုခဲ့သည်– “ငါ့​ခမည်းတော်​သည် နိုင်ငံတော်​အတွက် ငါ​နှင့်​ပဋိညာဉ် ဖွဲ့​သည်​နည်းတူ ငါလည်း သင်တို့​နှင့် ပဋိညာဉ်ဖွဲ့​၏။ သို့​ဖြစ်၍ သင်တို့သည် ငါ့​နိုင်ငံတော်​၌ ငါ့​စားပွဲ​တွင် စားသောက်​၍ ပလ္လင်​များ​ပေါ်​ထိုင်ပြီး ဣသရေလ တစ်ဆယ့်​နှစ်နွယ်​ကို တရား​စီရင်​ရ​လိမ့်​မည်။”​—လုကာ ၂၂:၂၈-၃၀က​ဘ။

၂၄ “အသစ်​ပြုပြင်​သော​ကာလ” အတွင်း နန်းစံ​ဘုရင်​နှင့်အတူ နန်း​ထိုင်၍ ကိုယ်တော်​၏ စုံလင်သော​ယဇ်ကို အခြေပြု​လျက် နာခံ​သူ​လူသား​လောကကို ဧဒင်​စုံလင်မှု​အဆင့်​သို့ မြှင့်တင်​ပေးခြင်း​ကိစ္စ​၌ ကိုယ်တော်​နှင့်အတူ ပါဝင်​လုပ်ဆောင်​ရခြင်း​မှာ ထူးမြတ်​လှ​သည့် တာဝန်​ပါ​တကား။ (မဿဲ ၁၉:၂၈; ၂၀:၂၈) ကျွန်ုပ်​တို့ကို ယောဟန်​အသိပေး​သည့်​အတိုင်း ယေရှုသည် အောင်နိုင်သူ​တို့အား “နိုင်ငံ​တစ်ခု​ဖြစ်စေ​၍ မိမိ၏​ဘုရားသခင်၊ ခမည်းတော်​အဖို့ ယဇ်ပုရောဟိတ်​များ ဖြစ်စေ​တော်​မူ” ပြီး ယေဟောဝါ​၏ ထည်ဝါ​ခန့်ညား​သော ပလ္လင်တော်​ပတ်လည်​ရှိ ပလ္လင်​များ​ပေါ် စံမြန်း​စေတော်မူ​သည်။ (ဗျာဒိတ် ၁:၆; ၄:၄) ဘိသိက်ခံ​ဖြစ်စေ၊ ပရဒိသု ပြန်လည်​တည်ထောင်ခြင်း​၌ ပါဝင်​ဆောင်ရွက်ဖို့ မျှော်လင့်​သော ကမ္ဘာသစ်​အဖွဲ့ဝင်​ဖြစ်စေ၊ ကျွန်ုပ်​တို့အားလုံး လောဒိကိ​မြို့သား​များ​အား ယေရှု​မိန့်ဆို​သော​စကား​ကို နှလုံး​သွင်း​ကြ​စို့။​—၂ ပေတရု ၃:၁၃; တမန်​တော် ၃:၁၉-၂၁

၂၅။ (က) ယေရှုသည် ယခင်​က သတင်း​တော်​များ​မှာ​ကဲ့သို့ လက်ရှိ​သတင်း​တော်​ကိုလည်း မည်သို့​နိဂုံး​ချုပ်​တော်​မူ​သနည်း။ (ခ) လောဒိကိ​မြို့ရှိ အသင်းတော်​အား ယေရှု​မိန့်ဆို​သော​စကား​ကို ယနေ့​ခရစ်ယာန်​တစ်ဦးစီ မည်သို့​တုံ့ပြန်​သင့်​သနည်း။

၂၅ ယေရှုသည် ရှေ့​ပိုင်း​က သတင်း​တော်​များ​မှာ​ကဲ့သို့ ဤ​သတင်း​တော်​ကိုလည်း အောက်ပါ​တိုက်တွန်း​စကား​ဖြင့် နိဂုံး​ချုပ်​တော်​မူ​သည်။ “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ။” (ဗျာဒိတ် ၃:၂၂) ကျွန်ုပ်​တို့သည် ဆုံးခန်း​ကာလ​၏ အဆုံးပိုင်း​တွင် အသက်ရှင်​နေကြ​သည်။ ခရစ်ယာန်ဘောင်​သည် မေတ္တာ​အရာ​၌ အေးစက်​စက်​ဖြစ်​နေကြောင်း ကျွန်ုပ်​တို့​ပတ်ပတ်လည်​၌ သာဓက​ထင်ရှား​နေသည်။ ၎င်းနှင့်​ဆန့်ကျင်​လျက် ခရစ်ယာန်စစ်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် လောဒိကိ​မြို့ရှိ အသင်းတော်​ထံ​ပို့​သော သတင်း​တော်​ကို​မ​က၊ အသင်းတော်များ​ထံ​သို့​ရေး​သော ကျွန်ုပ်​တို့​သခင်၏ သတင်း​တော် ခု​နစ်​ခု​စ​လုံး​ကို အားတက်သရော တုံ့ပြန်​ကြ​ပါစေ။ ကျွန်ုပ်​တို့​ခေတ်​အဖို့​ဖြစ်သော ယေရှု၏​အောက်ပါ မဟာ​ပရောဖက်ပြုချက် ပြည့်စုံခြင်း​တွင် အားသွန်ခွန်စိုက် ပါဝင်ခြင်း​ဖြင့် ထိုသို့​တုံ့ပြန်​နိုင်​သည်– “နိုင်ငံတော်​ဆိုင်ရာ သတင်းကောင်း​အကြောင်းကို ကမ္ဘာ​တစ်ဝန်းလုံး​ရှိ လူမျိုးအပေါင်း​တို့အား သက်သေခံ​ဟောပြောပြီး​မှ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန် ရောက်​လိမ့်​မည်။”​—မဿဲ ၂၄:၁၂-၁၄ခ​မ။

၂၆။ ယေရှု အဘယ်အခါ ယောဟန်​နှင့် တိုက်ရိုက်​စကားပြော​ပြန်​သနည်း။ သို့သော် အဘယ်အရာ​တွင် ပါဝင်​တော်​မူ​သနည်း။

၂၆ အသင်းတော် ခု​နစ်​ပါး​ထံ​ပေး​ပို့​သော ယေရှု၏​သြဝါဒ​သည် ဤ​တွင်​ပြီးဆုံး​လေ​ပြီ။ ယေရှုသည် ဗျာဒိတ်ကျမ်း​၏ နောက်ဆုံး​အခန်းကြီး မတိုင်မချင်း ယောဟန်​နှင့် နောက်​တစ်ဖန် မိန့်ဆို​ခြင်း​မပြု​တော့။ သို့ရာတွင် ရူပါရုံ​များစွာ​တို့​တွင် ပါဝင်​တော်​မူ​သည်။ ဥပမာ၊ ယေဟောဝါ​၏ တရား​စီရင်ချက်​ကို အကောင်အထည် ဖော်​ခြင်း​၌​ဖြစ်သည်။ သခင်​ယေရှု​ခရစ် ဖော်ပြ​တော်​မူ​သော ထူးခြား​လှ​သည့် ဒုတိယ​ရူပါရုံ​ကို ယောဟန်​အတန်းအစား​နှင့်အတူ ဆန်းစစ်​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 လောဒိကိ​မြို့ တည်ရှိ​ခဲ့​သော နေရာတွင် ရှေးဟောင်း​သုတေသန တူးဖော်မှု​များ​ပြု​ကြ​ရာ အဆိုပါ​နေရာများ​ကို တွေ့ရှိ​ရသည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၇၃ ပါ လေးထောင့်ကွက်]

ရုပ်​ဝါဒ​နှင့် ဉာဏ်ပညာ​တို့၏ ပြိုင်ဆိုင်မှု

၁၉၅၆ ခုနှစ်​၌ သတင်းစာ ပင်တိုင်​ဆောင်းပါး​ရှင်​တစ်ဦး​က ဤသို့​ရေး​သည်– “ရာစုနှစ်​တစ်ခု​အထက်​က သာမန်​လူတစ်ဦး လိုချင်ရာ​ပစ္စည်း ၇၂ မျိုး​ရှိသည်​ဟု ခန့်မှန်း​ရသည်။ ၎င်း​တို့​အနက် ၁၆ မျိုးကို လိုအပ်ရာ​များ​အဖြစ် ယူမှတ်​ကြသည်။ ယနေ့၊ သာမန်​လူတစ်ဦး လိုချင်ရာ​ပစ္စည်း ၄၇၄ မျိုး​ရှိပြီး ၎င်း​အနက် ၉၄ မျိုးကို လိုအပ်ရာ​များ​အဖြစ် ယူမှတ်​ကြသည်။ ရာစုနှစ်​တစ်ခု​အထက်​၌ သာမန်​လူတစ်ဦး ဝယ်ယူ​သုံးစွဲ​ရန် အရောင်း​ပညာရှင်​တို့ မြှူဆွယ်​တိုက်တွန်း​သည့် ပစ္စည်း​အမျိုး​ပေါင်း ၂၀၀ ရှိသည်​—ယနေ့​မူ၊ အမျိုး​ပေါင်း ၃၂,၀၀၀ ဖြစ်လာ​ပြီး ယင်း​တို့ကို လက်​ကာတွန်း​ဖယ်​နေရ​ပါ​သည်။ လူ့​လိုအပ်ရာ​များ​မှာ နည်း​ပြီး​—လိုချင်ရာ​များ​ကား အ​သင်္ချေ။” ယနေ့​တွင်၊ လူတို့သည် ဥစ္စာ​ပစ္စည်း ချမ်းသာ​ကြီးပွားမှု​သာ ပဓာန ဟူသော အယူအဆ​၏ တရ​စပ်​တိုက်ခိုက်​ခြင်း​ကို ခံ​နေရ​သည်။ သို့​ဖြစ်၍ လူများစွာ​တို့သည် ဒေသနာ ၇:၁၂ (သမ္မာ) ၏​အောက်ပါ​အကြံပြုချက်ကို လျစ်လျူရှု​လာ​ကြသည်– “ငွေ​သည် ကွယ်ကာ​တတ်​သကဲ့သို့၊ ပညာ​သည်လည်း ကွယ်ကာ​တတ်၏။ အသိပညာ​၏​အကျိုးကျေးဇူး [“သာလွန်​ချက်၊” က​ဘ] ကား၊ ပညာရှင်​အား အသက်ရှင်​စေခြင်း​တည်း။”

[စာမျက်နှာ ၆၇ ပါ ရုပ်ပုံ]

လောဒိကိ​သို့​ရောက်​သော ရေ​သည် မ​ပူ​မအေး​ဖြစ်​သကဲ့သို့ လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​၏ စိတ်ဓာတ်​လည်း မ​ပူ​မအေး​ဖြစ်နေ