မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

များမကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများ

များမကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများ

အခန်း ၃

များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ

၁။ ဤ​လောက​ပေါ် ကျရောက်​မည့် ဘုရားသခင့် တရား​စီရင်ချက်​မှ သင် မည်သို့​လွတ်မြောက်​နိုင်​မည်​နည်း။

နေ့ ကမ္ဘာ့​ဖြစ်ရပ်​များ​ကို သင်​အလေးအနက် အရေးပေး​သင့်​သည်။ အဘယ်ကြောင့်​နည်း။ ဤ​လောကသည် ဘုရားသခင့်​စီရင်မှု​နှင့် လွတ်​မည်​မဟုတ်​၍​တည်း။ အသင်​မူ လွတ်​နိုင်၏။ သင့်ကိုယ်​သင် မလွဲမသွေ ပျက်စီး​ရမည့် “ဤ​လောက​၏ အစိတ်အပိုင်း​မဟုတ်” ဘဲ သီးခြားနေ​ခြင်း​ဖြင့်​ဖြစ်သည်။ ရ​သေ့​ကဲ့သို့ ခြိုးခြံ​ပြီး ဘုန်းကြီး​ပ​မာ သီတင်း​သုံး​ရမည်ကို မဆိုလို​ပါ။ ကောင်းမွန်​၍ အဓိပ္ပာယ်​ပြည့်ဝသော​ဘဝဖြင့် ပျော်မွေ့နိုင်​သော်လည်း နိုင်ငံရေး​၏​ဖောက်ပြားမှု၊ လောဘ​ဇော​တိုက်​သော စီးပွားရေး​စနစ်၊ ဘုရားသခင့်​အသရေ​ကို ရှုတ်ချ​သော ဘာသာရေး​သာမက၊ အကြမ်းဖက်​၍ သီလ​ပျက်​သော​အကျင့်​တို့ကို ရှောင်ခြင်း​ဖြစ်သည်။ တစ်ချိန်တည်း​တွင် ဘုရားသခင်​၏ မြင့်မြတ်​သော အကျင့်အကြံ​စံနှုန်း​ကို လိုက်ရမည်၊ အလိုတော်​ဆောင်ရွက်ရန် ကြိုးစား​ရမည်။ (ယောဟန် ၁၇:၁၄-၁၆; ဇေဖနိ ၂:၂၊ ၃; ဗျာဒိတ် ၂၁:၈) ဤ​အပိုင်း​များ​၌ အားထုတ်​၍ လိုအပ်​သလို ဘဝကို​ပြုပြင်​ရန် မည်မျှ​အရေးကြီးကြောင်း ဗျာဒိတ်ကျမ်း​က တင်ပြ​သည်။

၂။ ဗျာဒိတ်ကျမ်း​၏ မြင့်မြတ်​သော​ပရောဖက်ပြုချက်​အတွက် ယောဟန်​မည်သို့ နိဒါန်း​ပျိုး​လိုက်​သနည်း။ အလွန်​အရေးကြီးသော ဤ​သတင်းစကားကို အဘယ်သူ​များ​အား ပေး​တော်​မူ​သနည်း။

မြင့်မြတ်​သော ဤ​ပရောဖက်ပြုချက်​ကို တမန်​တော်​ယောဟန်​က အောက်ပါ​စကား​ဖြင့် နိဒါန်း​ပျိုး​လိုက်​သည်– “များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ​ကို မိမိ​ကျွန်​တို့အား ပြသ​ရန် ဘုရားသခင် ပေး​တော်​မူ​သော​ယေရှု​ခရစ်​၏ ဗျာဒိတ်တော်။” (ဗျာဒိတ် ၁:၁က) ထို့​ကြောင့် အလွန်​အရေးပါသော ဤ​သတင်း​တော်​ကို ဘုရားသခင်​ထံ​မှ လက်ခံရ​ရှိသူ​မှာ ထမြောက်​ခဲ့​သော ယေရှု​ခရစ်​ဖြစ်သည်။ ဤ​တွင် ယေရှု​ခရစ်​ကို လျှို့ဝှက်​နက်နဲ​သော သုံးပါး​တစ်ဆူ​၏ အစိတ်အပိုင်း​တစ်ခု​အဖြစ် တင်ပြ​ဖို့​ဝေး​စွ၊ မိမိ​ခမည်းတော်​၏ လက်အောက်ခံ​အဖြစ် ဖော်ပြ​ထား​သည်။ ထို့​နည်းတူ ခရစ်ယာန်​အသင်းတော် အဖွဲ့ဝင် “ကျွန်​များ” လည်း ယေရှု​ခရစ်​၏ လက်အောက်ခံ​ဖြစ်​သဖြင့် ‘သူ​သွား​လေ​ရာ​နောက်​တော်​သို့ အစဉ်လိုက်’ ကြသည်။ (ဗျာဒိတ် ၁၄:၄; ဧဖက် ၅:၂၄) သို့ရာတွင် ယနေ့ မည်သူ​များသည် ဘုရားသခင့် “ကျွန်” စစ်​ဖြစ်​ကြ​သနည်း။ ဗျာဒိတ်ကျမ်း​သည် သူတို့ကို မည်သို့​အကျိုးပြု​သနည်း။

၃။ (က) ယေရှု​ခရစ်​လက်အောက်ခံ ထို “ကျွန်​များ” မှာ မည်သူ​များ​နည်း။ (ခ) ထို​သစ္စာရှိ “ကျွန်​များ” သည် ကောင်းကင်တမန် ညွှန်ကြားမှု​အောက် အဘယ်​အမှုကို ဆောင်ရွက်လျက်​ရှိ​သနည်း။

ဗျာဒိတ်ကျမ်း​ကို​ရေးသူ တမန်​တော်​ယောဟန်​က မိမိကိုယ်ကို ထိုသို့​သော​ကျွန်​တစ်ယောက်​အဖြစ် တင်ပြ​၏။ သူသည် အသက်ရှင်​ဆဲ နောက်ဆုံး​တမန်​တော်​လည်း​ဖြစ်၊ မသေ​နိုင်သော ကောင်းကင်​အသက်တာ​ဝင်စား​မည့် “ကျွန်​များ” တည်း​ဟူသော လက်ရွေးစင် ဝိညာဉ်​တော်-ဘိသိက်ခံ​အုပ်စု​ထဲ​က တစ်ယောက်​လည်း ဖြစ်သည်။ ယနေ့​ဆိုလျှင် သူတို့​ထဲ​က ထောင်​ဂဏန်း​လောက်​သော​သူများ​သာ မြေကြီးပေါ်​ကျန်ရစ်​ကြသည်။ ဘုရားသခင်​၌ အခြား​အစေခံများ​ရှိသေး၏။ ယောက်ျား၊ မိန်းမ၊ ကလေး​များ​ပါဝင်​သည့် လူအုပ်ကြီး​တစ်အုပ်​ဖြစ်​ပြီး အရေအတွက် သန်းနှင့်ချီ​၍​ရှိ​လေ​ပြီ။ သူတို့သည် ကောင်းကင်တမန်​များ​၏ ညွှန်ကြားမှု​အောက်​၌ ဘိသိက်ခံ “ကျွန်​များ” နှင့်အတူ ထာဝရ​သတင်းကောင်းကို လူ​ခပ်သိမ်း​အား ကြား​ပြော​လျက်​နေသည်။ ဤ “ကျွန်​များ” အားလုံး​သည် ကမ္ဘာ​ပေါ်​ရှိ​သိမ်မွေ့​သူများ ကယ်တင်ခြင်း​ရ​ရေး​အတွက် ကူညီ​ရန် မိမိတို့​ကိုယ်ကို အသုံးတော်ခံ​ကြသည်​တကား။ (မဿဲ ၂၄:၁၄; ဗျာဒိတ် ၇:၉၊ ၁၄; ၁၄:၆) သင်သည် ဝမ်းမြောက်​ဖွယ် သတင်းကောင်း​မှ အကျိုး​ရယူ​နိုင်​ရန် ဘာလုပ်​ရမည်ကို ဗျာဒိတ်ကျမ်း​က ပြ​ဆို​၏။

၄။ (က) ဗျာဒိတ်ကျမ်း​ကို ယောဟန်​ရေး​သည်​မှာ အနှစ် ၁၉,၀၀ ကျော်​ပြီ​ဖြစ်​ရာ “များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ” အကြောင်းကို ယောဟန်​အဘယ်ကြောင့် ဆိုနိုင်​သနည်း။ (ခ) တင်ကူး​မိန့်ဆိုခဲ့​သော အရာများ​နှင့်​ပတ်သက်​၍ သာဓက​များ​က ဘာကို​ပြသ​နည်း။

သို့သော် “များ​မကြာမီ ဖြစ်ပျက်​ရမည့် အမှုအရာ​များ” ကို “ကျွန်​များ” အား ပြသ​တော်​မူ​မည်​ဟု ယောဟန် အဘယ်ကြောင့်​ဆိုနိုင်​သနည်း။ ထိုစကား​များ​ကို မိန့်မြွက်​သည်​မှာ အနှစ် ၁,၉၀၀ ကျော် ရှိပြီ​မဟုတ်လော။ အနှစ်​တစ်ထောင်​ကို “မ​နေ့​ကဲ့သို့” ရှုမှတ်​တော်​မူ​သော ယေဟောဝါ​၏​အမြင်​တွင် နှစ်ပေါင်း ၁,၉၀၀ သည် မြေကြီးကို​ဖန်ဆင်း​၍ လူသား​တို့​နေထိုင်​နိုင်​ရန် ပြင်ဆင်​ရာ​၌ အသုံးပြု​တော်​မူ​ခဲ့​သည့် အတိုင်း​မဲ့​ကာလ​နှင့်​ယှဉ်​လျှင် တစ်ခဏမျှ​သာ​ဖြစ်သည်။ (ဆာလံ ၉၀:၄) တမန်​တော်​ပေါလု​က မိမိ​ကိုယ်တိုင် “မျှော်လင့်​အားကြီး​၍ တောင့်တ” သည်​ဟု​ဆို​၏။ မိမိ​အဖို့ ဆု​အကောင်အထည်​ပေါ်​မည့်​အချိန် နီးပြီ​ဟု ယူ​မှတ်၍​ဖြစ်၏။ (ဖိလိပ္ပိ ၁:၂၀) သို့သော် ယနေ့​ဆိုလျှင် ကြို​ဟောခဲ့​သမျှ​အရာ အားလုံး အချိန်ကိုက် ဖြစ်ပျက်​လာ​မည်​ဖြစ်​ကြောင်း သက်သေထူ​သော သာဓက များပြား​လှ​၏။ သမိုင်း​တွင် ယခင်​တစ်ခါ​က​မျှ လူသားထု​တစ်ရပ်လုံး ယခု​ကဲ့သို့ သေရေးရှင်ရေး​နှင့် မကြုံဖူး​ချေ။ ဘုရားသခင်​သာ ဤ​ပြဿနာ​ကို ဖြေရှင်း​နိုင်​သည်။—ဟေရှာယ ၄၅:၂၁

ဆက်သွယ်ရေး​လမ်းကြောင်း

၅။ ဗျာဒိတ်ကျမ်း​ကို တမန်​တော်​ယောဟန်​လက်​သို့​လည်းကောင်း၊ ထို့နောက် အသင်းတော်များ​ဆီ​သို့​လည်းကောင်း မည်သို့​ကမ်း​လှမ်း​ခဲ့​သနည်း။

ဗျာဒိတ် ၁:၁ခ၊ ၂ က ဤသို့​ဆက်၍​ဆို​၏– “ကိုယ်တော် [ယေရှု] သည် မိမိ​ကောင်းကင်တမန်​ကို စေလွှတ်​၍ မိမိ၏​ကျွန် ယောဟန်​အား အမှတ်​သင်္ကေတ​များ​ဖြင့် ၎င်း [ဗျာဒိတ်တော်] ကို တင်ပြ​တော်​မူ​၏။ ယောဟန်​သည် ဘုရားသခင် ပေး​တော်​မူ​သော နှုတ်ကပါဌ်တော်၊ ယေရှု​ခရစ်​ပေး​တော်​မူ​သော သက်သေ​အပြင်၊ မိမိ​တွေ့မြင်​သမျှ အရာအားလုံးကို​ပင် သက်သေခံ​လေ​သည်။” သို့ဖြင့် ယောဟန်​သည် မှုတ်သွင်းခံ​မှတ်တမ်း​ကို ကောင်းကင်​စေတမန်​မှ​တစ်ဆင့် လက်ခံရ​ရှိသည်။ သူသည် စာလိပ်​တစ်လိပ်​ပေါ်​ရေး​မှတ်၍ မိမိ​လက်ထက်​ရှိ အသင်းတော်များ​ဆီ​သို့ တစ်ဆင့်​ပို့​လေ​သည်။ ကျွန်ုပ်​တို့​အဖို့ ဝမ်းသာစရာ​မှာ ဘုရားသခင်​သည် ယနေ့​ကမ္ဘာ​ပေါ်​ရှိ မိမိ၏ စည်းလုံး​သော​ကျေးကျွန်​များ​ဖြင့် ဖွဲ့စည်းထား​သည့် အသင်းတော်​ပေါင်း ၁၀၀,၀၀၀ နီးပါး​အတွက် အားတက်စရာ​ဖြစ်စေ​ရန် ၎င်းကို​ထိန်းသိမ်း​လာ​ခဲ့​သည်။

၆။ ယနေ့ မိမိ၏ ‘ကျွန်​များ’ အား ဝိညာဏ​အစာ ကျွေးမွေး​ရန် မိမိ​အသုံးပြု​မည့် ဆက်သွယ်ရေး​လမ်းကြောင်း​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ယေရှု​မည်သို့​ထုတ်ဖော်​မိန့်ကြား​ခဲ့​သနည်း။

ယောဟန်​လက်ထက်​တွင် ဗျာဒိတ်ကျမ်း​ကို သတင်း​ပြန်ကြား​ရန် ဘုရားသခင်​လက်၌ ဆက်သွယ်ရေး​လမ်းကြောင်း​တစ်ခု​ရှိ၍ ယောဟန်​သည် ၎င်း​လမ်းကြောင်း​၏ မြေကြီးဆိုင်ရာ​အပိုင်း​ဖြစ်သည်။ ထို​နည်းတူ ယနေ့ မိမိ ‘ကျွန်​များ’ အား ဝိညာဏ​အာဟာရ​ပေး​ရန် ဘုရားသခင်​၌ လမ်းကြောင်း​တစ်ခု​ရှိ​ပေ​သည်။ ယေရှု​က ဤ​လမ်းကြောင်း​၏ မြေကြီးဆိုင်ရာ​အပိုင်း​မှာ “သစ္စာ​နှင့် သတိ​ပညာရှိ​ကျွန်” ပင်​ဖြစ်​ကြောင်း အစီအစဉ်​စနစ် ဆုံးခန်း​နှင့်​ပတ်သက်သော မိမိ၏ မဟာ​ပရောဖက်ပြုချက်​၌ ထုတ်ဖော်​မိန့်ကြား​တော်​မူ​သည်။ “ထို​သူကို သခင်​က မိမိ၏ အိမ်စေ​များ​အပေါ် အုပ်ချုပ်​စေ​၍ အချိန်တန်​အစာ​ပေး​စေရန် ခန့်​တော်​မူ​သည်။” (မဿဲ ၂၄:၃၊ ၄၅-၄၇က​ဘ) ကိုယ်တော်​သည် ဤ ယောဟန်​အတန်းအစား​ကို​သုံး​၍ ထို​ပရောဖက်ပြုချက်​ကို အနက်ဖွင့်​တော်​မူ​သည်။

၇။ (က) ဗျာဒိတ်ကျမ်း​ပါ သင်္ကေတ​များသည် ကျွန်ုပ်​တို့​အပေါ် မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။ (ခ) ယောဟန်​အတန်းအစား​ထဲ​မှ အချို့​တို့သည် ဗျာဒိတ်ကျမ်း​၏​ရူပါရုံ​များ ပြည့်စုံချက်​၌ ပါဝင်​ခဲ့​ကြသည်​မှာ မည်မျှ​ကြာပြီ​နည်း။

ယေရှုသည် ဗျာဒိတ်တော်​ကို “အမှတ်​သင်္ကေတ၊” သို့​မဟုတ် အထိမ်းအမှတ်​များ​ဖြင့် တင်ပြ​တော်​မူ​သည်​ဟု တမန်​တော်​ယောဟန်​ဆို​၏။ ၎င်းတို့သည် ပီပြင်​ထင်ရှား​၍ သုံးသပ်​ရာ​၌ ပီတိဖြာ​စ​ရာ​ဖြစ်သည်။ အားမာန်တက်​ကြွ​သော လုပ်ငန်း​ရပ်​ကို သရုပ်ဖော်​ထား​သည်​ဖြစ်၍ ၎င်း​၏​လှုံ့ဆော်မှု​ကြောင့် ကျွန်ုပ်​တို့သည် သူတစ်ပါး​အား ဤ​ပရောဖက်ပြုချက်​နှင့် ယင်း​၏​အဓိပ္ပာယ်​ကို အားတက်သရော ပြောကြား​သင့်​ပေ​သည်။ ဗျာဒိတ်ကျမ်း​သည် အားမာန်​ပြည့်စေ​သော ရူပါရုံ​အများအပြားကို တင်ပြ​ပြီး ရူပါရုံ​တစ်ခုစီ​၌ ယောဟန်​သည် တက်ကြွ​စွာ​ဖြစ်စေ၊ အကဲခတ်​သူ​အဖြစ် ဖြစ်စေ ပါဝင်​ခဲ့​သည်။ ဘုရားသခင်​၏​ဝိညာဉ်​တော်​က အနက်​ဖွင့်ပေး​သဖြင့် မိမိတို့သည် အခြားသူများ​အား ရှင်းပြ​နိုင်​ကြပြီ​ဖြစ်​ရာ ယောဟန်​အတန်းအစား​ဝင်​တို့သည် ဝမ်းသာ​ကြ​၏။ သူတို့​ထဲ​က​အချို့​ဆိုလျှင် ထို​ရူပါရုံ​များ​ပြည့်စုံချက်​၌ ဆယ်စုနှစ်​များစွာ ပါဝင်​ဆင်နွှဲ​ခဲ့​ကြပြီ​ဖြစ်သည်။

၈။ (က) ဗျာဒိတ်ကျမ်း​၏ ရူပါရုံ​များသည် ကိုယ်စီ​ကိုယ်​င အဘယ်​ထူးခြားချက်​ရှိ​သနည်း။ (ခ) ဒံယေလ​၏​ပရောဖက်ပြုချက်​က ဗျာဒိတ်ကျမ်း​ပါ​သားရဲများ အဘယ်အရာ​များ​ဖြစ်​ကြောင်း နားလည်​နိုင်​ရန် မည်သို့​အကူအညီ ပေး​သနည်း။

ဤ​ရူပါရုံ​များ​ကို ကာလ​ဖြစ်​စဉ်​အလိုက် မတင်ပြ​ပါ။ တစ်ခုစီ​၌ သူ့​ပြည့်စုံချိန်​နှင့်​သူ​ရှိသည်။ ဤ​ရူပါရုံ​များစွာတို့သည် ရှေး​က​ပရောဖက်ပြုချက်​များ​မှ စကားလုံး​များနှင့်​ဆင်တူ​သည်​ဖြစ်​ရာ အနက်ဖွင့်​ရာ​၌ ထို​ပရောဖက်ပြုချက်​များ​က သဲလွန်စ​ပေး​၏။ ဥပမာ၊ ဒံယေလ​၏ ပရောဖက်ပြုချက်​က ကြောက်မက်​ဖွယ်​ရာ သားရဲ​လေးကောင်​အကြောင်း ဖော်ပြ​ပြီး ၎င်းတို့သည် ကမ္ဘာ​ကို​ကြီးစိုး​သော အင်အားကြီး​နိုင်ငံ​များ​ဖြစ်သည်ဟု ရှင်းပြသည်။ ထို့​ကြောင့် ဗျာဒိတ်ကျမ်း​ပါ သားရဲများ​သည် ယနေ့​လက်ရှိ​အပါအဝင် နိုင်ငံရေး​ဆိုင်ရာ အရာများ​ဖြစ်​ကြောင်း နားလည်​နိုင်​ရန် အထောက်အကူ​ပြု​၏။—ဒံယေလ ၇:၁-၈၊ ၁၇; ဗျာဒိတ်၊ ၁၃:၂၊ ၁၁-၁၃; ၁၇:၃။

၉။ (က) ယောဟန်​အတန်းအစား​သည် ယောဟန်​ကဲ့သို့ အဘယ်​သဘောထား​ရှိ​သနည်း။ (ခ) ပျော်ရွှင်မှု​သို့ ပို့ဆောင်သော​လမ်းစဉ်​ကို ယောဟန်​မည်သို့ ပြညွှန်​သနည်း။

ယောဟန်​သည် ယေရှု​ခရစ်​မှ​တစ်ဆင့် မိမိ​အား ဘုရားသခင်​ပေး​တော်​မူ​သော သတင်း​တော်​ကို သစ္စာရှိ​ရှိ တာဝန်​သိ​သိ သက်သေခံ​ပေ​သည်။ “မိမိ​တွေ့မြင်​သမျှ အရာအားလုံးကို” အသေးစိတ်​ဖော်ပြ​၏။ ပရောဖက်ပြုချက်​ကို အပြည့်အဝ​နားလည်​ပြီး ၎င်း​၏​မွန်မြတ်သော အချက်အလက်​များ​ကို ဘုရားသခင့်​လူမျိုးတော်​အား အသိပေး​နိုင်​ရန် ယောဟန်​အတန်းအစား​သည် ဘုရားသခင်​နှင့် ယေရှု​ခရစ်​ထံ​တော်​မှ လမ်းညွှန်မှုကို စိတ်​ထက်သန်​စွာ တောင်းခံ​ကြသည်။ ဘိသိက်ခံ​အသင်းတော်​၏​အကျိုးအတွက်၊ (ထို့​ပြင်၊ ဘုရားသခင့်​စောင်မ​မှု​ဖြင့် ဆင်းရဲ​ဒုက္ခ​ကြီး​ကို အရှင်လတ်လတ် ဖြတ်ကျော်​မည့် နိုင်ငံတကာ​ဆိုင်ရာ လူအုပ်ကြီး​၏ အကျိုးအတွက်) ယောဟန်​က ဤသို့​ရေး​၏– “ဤ​ပရောဖက်​ကျမ်း​စကား​များ​ကို ကျယ်​စွာ​ဖတ်​သူနှင့် ကြားနာသူ​တို့​အပြင်၊ ၎င်း​၌​ရေးသား​ထားသော​အရာများ​ကို လိုက်နာသူ​တို့သည် ပျော်ရွှင်​၏။ အကြောင်း​မှာ ချိန်းချက်သော​အချိန်နီး​ပြီ။”—ဗျာဒိတ် ၁:၃

၁၀။ ပျော်ရွှင်မှု​ရနိုင်​ရန် ဗျာဒိတ်ကျမ်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဘာ​ပြု​ရမည်​နည်း။

၁၀ သင်သည် ဗျာဒိတ်ကျမ်း​ကို ဖတ်ခြင်း​ဖြင့် အကျိုးများစွာ ရရှိ​မည်။ ၎င်း​၌​ရေးသားသော​အရာများ​ကို လိုက်နာ​လျှင် သာ၍​ပင် အကျိုး​ရမည်။ ယောဟန်​က မိမိ​ရေး​သော ဩ​ဝါဒ​စာ​တစ်စောင်​၌ ဤသို့​ရှင်းလင်း​သည်– “ဘုရားသခင်​ကို ချစ်ခြင်း​သည် ကိုယ်တော်​၏​ပညတ်တော်​တို့ကို စောင့်ထိန်း ခြင်း​ပင်​ဖြစ်သည်။ ကိုယ်တော်​၏​ပညတ်တော်​တို့ကို စောင့်ထိန်း​ရန် ငါ​တို့အတွက် ဝန်မလေး​ပေ။ အဘယ်ကြောင့်​ဆို​သော် ဘုရားသခင်​၏ သားသမီး​ဖြစ်သူ​သည် လောကကို အောင်နိုင်​သောကြောင့်​ဖြစ်၏။ ငါ​တို့သည် ယုံကြည်ခြင်း​အားဖြင့် လောကကို အောင်​ခြင်း​ဖြစ်​ပေ​သည်။” (၁ ယောဟန် ၅:၃၊ ၄ခ​မ) သင်သည် ဤသို့​သော​ယုံကြည်ခြင်းကို တည်ဆောက်​လျှင် အလွန်​ပျော်ရွှင်​နိုင်​မည်။

၁၁။ (က) ဤ​ပရောဖက်​ကျမ်း​စကား​များ​ကို လိုက်နာ​ရန် အဘယ်ကြောင့် အရေးကြီး​လှ​ပြီ​နည်း။ (ခ) အဘယ်​အချိန်​သည် ကျ​လု​သော​ဘေး​ပ​မာ အလွန်​နီးကပ်​နေပြီ​ဖြစ်​မည်​နည်း။

၁၁ ဤ​ပရောဖက်​ကျမ်း​စကား​များ​ကို လိုက်နာ​ရန် အရေးကြီး​လှ​ပြီ။ “အကြောင်း​မှာ ချိန်းချက်သော​အချိန်နီး​ပြီ။” ဘာ​အတွက် ချိန်းချက်သော​အချိန်​ဖြစ်သနည်း။ ဘုရားသခင့် တရား​စီ​ချက်​များ​ပါဝင်​သည့် ဗျာဒိတ်ကျမ်း​၏ ပရောဖက်ပြုချက်​များ ပြည့်စုံ​ရန်​အချိန်​တည်း။ စာတန့်​လောက​စနစ်​ကို ဘုရားသခင်​နှင့် ယေရှု​ခရစ် အပြီးသတ်​စီရင်​မည့်​အချိန်နီး​ပြီ။ ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ် မိမိ​ခမည်းတော်​သာ ထို “နေ့ရက် နာရီ” ကို​သိ​သည်​ဟု မိန့်ဆိုခဲ့သည်။ ကျွန်ုပ်​တို့​ခေတ်တွင် တိုးများ​လာသော ကမ္ဘာ့​ဒုက္ခများ​ကို ကြိုမြင်​သဖြင့်၊ “ဤ​အမှုအရာ​အလုံးစုံ​တို့ မဖြစ်​မပျက်​မီ ယခု​ခေတ်​လူ​တို့ [“ယခု​လူမျိုးဆက်၊” က​ဘ] သေလွန်​ရ​ကြလိမ့်မည်​မဟုတ်” ဟူ၍လည်း မိန့်တော်မူသည်။ ထို့​ကြောင့် ချိန်းချက်သော ဘုရားသခင့်​စီရင်​သုတ်သင်​ချိန်​သည် ကျ​လု​သော​ဘေး​ပ​မာ အလွန်​နီးကပ်​ပြီ​ဖြစ်​ရမည်။ (မာကု ၁၃:၈၊ ၃၀-၃၂ခ​မ) ဟဗက္ကုတ် ၂:၃ ဆို​သည့်​အတိုင်း​ပင်– “ထို​ရူပါရုံ​သည် ချိန်းချက်သော​အချိန်​နှင့်​ဆိုင်၍ အမှု​ကုန်​ရသော​ကာလ​ကို ဆိုလို​၏။ မုသာ​နှင့်​ကင်းလွတ်​၏။ ဆိုင်း​သော်လည်း မျှော်လင့်​လော့။ နောက်​မကျ​ဘဲ ဧကန်​အမှန် ရောက်​လိမ့်​မည်။” ဆင်းရဲ​ဒုက္ခ​ကြီး​ကို​ကပ်ကျော်​၍ ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရ​ရေး​သည် ဘုရားသခင့် ပရောဖက်​ကျမ်း​စကား​ကို လိုက်နာခြင်း​ပေါ် မူတည်​သတည်း။—မဿဲ ၂၄:၂၀-၂၂

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

ဗျာဒိတ်ကျမ်း​ကို နားလည်​နိုင်​ရန် အောက်ပါ​အချက်များ ပြု​ဖို့​လို​သည်

● ယေဟောဝါ​၏​ဝိညာဉ်​တော် အကူအညီ​ရယူရန်

● သခင့်​နေ့​တော် အဘယ်​အချိန်​မှ အစပြု​သည်ကို​သိ​ရန်

● ယနေ့ သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​ကို သိမှတ်​ရန်