မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြင့်မြတ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း

မြင့်မြတ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း

အခန်း ၆

မြင့်မြတ်​သော လျှို့ဝှက်ချက်​ကို ဖော်ထုတ်ခြင်း

၁။ ဗျာဒိတ် ၁:၁၀-၁၇ ပါ ခမ်းနား​သော​ရုပ်​လွှာ​ကို ကျွန်ုပ်​တို့​မည်သို့ တုံ့ပြန်​သင့်​သနည်း။

မြှင့်​တော်​မူ​ခြင်း​ခံရ​သူ ယေရှု​နှင့်​ဆိုင်သော ရူပါရုံ​သည် တကယ်​အံ့သြ​တုန်လှုပ်​ဖွယ် ကောင်း​လေ​စွ။ ကျွန်ုပ်​တို့​သာ တမန်​တော်​ယောဟန်​နှင့်အတူ ထို​ရွှန်းရွှန်း​တောက် ဘုန်းတော်​ကို​မြင်ခဲ့​ရ​လျှင် မခံနိုင်​ဘဲ သူ​ကဲ့သို့ ပုံ​လဲသွား​မည်​မုချ။ (ဗျာဒိတ် ၁:၁၀-၁၇) အ​မွန်မြတ်​ဆုံးသော ဤ​မှုတ်သွင်းခံ​ရူပါရုံ​ကို မ​ပျောက်​မပျက်​အောင် ထိန်းသိမ်း​တော်​မူ​ခဲ့​ခြင်း​မှာ ယနေ့​ကျွန်ုပ်​တို့ကို စေ့ဆော်​ရန်ဖြစ်​သည်။ ကျွန်ုပ်​တို့သည် ယောဟန်​နည်းတူ ရူပါရုံ​ဆိုလိုချက်​အားလုံး​ကို နှိမ့်ချ​သောမ​နော​ဖြင့် လေးမြတ်​သင့်​ပေ​သည်။ ယေရှုကို နန်းထိုင်​ဘုရင်၊ ယဇ်ပုရောဟိတ်​မင်းကြီး၊ တရားသူကြီး​အဖြစ် ကျွန်ုပ်​တို့ အစဉ်​ကြည်ညို​လေးစား​ကြ​ပါစေ။—ဖိလိပ္ပိ ၂:၅-၁၁

“အဦးဆုံး​နှင့် နောက်ဆုံး”

၂။ (က) ယေရှုသည် အဘယ်​ဘွဲ့​ဖြင့် မိမိကိုယ်ကို ဖော်ပြ​သနည်း။ (ခ) “ငါသည် အဦးဆုံး​သော​သူ၊ နောက်ဆုံးသော​သူ​ဖြစ်၏” ဟု ယေဟောဝါ မိန့်ဆို​စဉ် ဘာကို​ဆိုလို​သနည်း။ (ဂ) ယေရှု၏ “အဦးဆုံး​နှင့် နောက်ဆုံး” ဟူသော​ဘွဲ့​က ဘာကို သတိပြုမိ​စေ​သနည်း။

သို့​တ​စေ၊ ကျွန်ုပ်​တို့၏ အံ့သြ​တုန်လှုပ်ခြင်း​သည် ထိတ်လန့်​ကြောက်ရွံ့​ခြင်း​အသွင်​သို့ ပြောင်းလဲ​သွားဖို့​မလို။ တမန်​တော်​ယောဟန် ရှေ့ဆက်​ပြော​သည့်​အတိုင်း ယေရှု သူ့ကို ဤသို့​နှစ်သိမ့်​တော်​မူ​၏– “ကိုယ်တော်​သည် ငါ့​အပေါ်​သို့ လက်ယာလက်​တော်​ကို​တင်​လျက် မိန့်တော်မူသည်​မှာ– ‘မကြောက်​နှင့်။ ငါသည် အဦးဆုံး​နှင့် နောက်ဆုံး​ဖြစ်၏၊ အသက်ရှင်​သော​သူလည်း ဖြစ်၏။’” (ဗျာဒိတ် ၁:၁၇ခ၊ ၁၈က) ယေဟောဝါ​က ဟေရှာယ ၄၄:၆ ၌ “ငါသည် အဦးဆုံး​သော​သူ၊ နောက်ဆုံးသော​သူ ဖြစ်၏။ ငါ​မှတစ်ပါး အခြားသော​ဘုရားသခင်​မရှိ” ဟု​မိန့်ဆို​လျက် တစ်ပါး​တည်း​သော အနန္တ​တန်ခိုးရှင် ဘုရားသခင်​တည်း​ဟူသော မိမိ၏​ရာထူးဌာနန္တရ​ကို မှန်ကန်​စွာ ဖော်ပြ​တော်​မူ​သည်။ * ယေရှု​က မိမိကိုယ်ကို “အဦးဆုံး​နှင့် နောက်ဆုံး” ဟူသော​ဘွဲ့​ဖြင့် ဖော်ပြ​သောအခါ ကြီးမြတ်သော​ဖန်ဆင်း​ရှင် ယေဟောဝါ​နှင့်​မိမိ တန်းတူ​ဖြစ်သည်ဟု ဆို​နေခြင်း​မဟုတ်။ မိမိ​အား ဘုရားသခင် ထိုက်လျောက်စွာ ပေး​တော်​မူ​သော​ဘွဲ့​ကို သုံး​နေခြင်း​သာ​တည်း။ ဟေရှာယကျမ်း​၌ ယေဟောဝါ​က စစ်မှန်သော ဘုရားသခင်​အဖြစ် ပြိုင်ဘက်​ကင်း​သော မိမိ၏ ရာထူးဌာနန္တရ​နှင့်​ပတ်သက်​၍ မိန့်ကြား​နေခြင်း​ဖြစ်သည်။ ကိုယ်တော်​သည် ထာဝရ​ဘုရားသခင်​ဖြစ်၍ ကိုယ်တော်​မှတစ်ပါး တကယ်​ပင် အခြား​ဘုရားသခင် မရှိပါ။ (၁ တိမောသေ ၁:၁၇) ဗျာဒိတ်ကျမ်း​၌ ယေရှု​က မိမိ​အပ်နှင်း​ခံရ​သော ဘွဲ့​တော်​အကြောင်း၊ မိမိ၏​ထူးမြတ်​သော ထမြောက်ခြင်း​အကြောင်းကို ဆို​နေခြင်း​ဖြစ်သည်။

၃။ (က) ယေရှုသည် အဘယ်​နည်းဖြင့် “အဦးဆုံး​နှင့် နောက်ဆုံး” ဖြစ်သနည်း။ (ခ) ‘သေခြင်းနှင့် ဟေးဒီးစ်​၏ သော့​များ​ကို ယေရှု​ပိုင်’ ခြင်း​က ဘာကို​ဆိုလို​သနည်း။

ယေရှုသည် မသေ​နိုင်သော ဝိညာဉ်​အသက်တာ​သို့ ထမြောက်​သည့် “အဦးဆုံး” သော​လူသား အမှန်​ဖြစ်၏။ (ကောလောသဲ ၁:၁၈) ထို့​မျှ​မ​က ယေဟောဝါ​ကိုယ်တော်တိုင် ဝိညာဉ်​အသက်တာ​သို့ “နောက်ဆုံး” ထမြောက်​စေ​သူလည်း​ဖြစ်သည်။ သို့ဖြင့် ကိုယ်တော်​သည် “အသက်ရှင်​သော​သူ၊ . . . အစဉ်​ထာဝရ အသက်ရှင်​လျက်​ရှိ” သူ​ဖြစ်​လေ​ပြီ။ မသေ​နိုင်သော​အသက်ကို ဝင်စား​ရ၏။ ဤ​တွင် ယေရှုသည် “အသက်ရှင်​တော်​မူ​သော ဘုရားသခင်” ဟူ၍​သမုတ်​သည့် မသေ​နိုင်သော မိမိ​ခမည်းတော်​နှင့်​တူ​၏။ (ဗျာဒိတ် ၇:၂; ဆာလံ ၄၂:၂) အခြား​လူသားထု အားလုံး​အဖို့ ယေရှု​ကိုယ်တော်တိုင်​သည် “ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း” ဖြစ်၏။ (ယောဟန် ၁၁:၂၅) ဤ​အချက်​နှင့်​လျော်ညီစွာ ယောဟန်​အား “ငါသည် သေ​ခဲ့​၏။ သို့သော် ကြည့်​ပါ။ ငါသည် အစဉ်​ထာဝရ အသက်ရှင်​လျက်​ရှိ၏။ သေခြင်းနှင့် ဟေးဒီးစ်​၏ သော့​များ​ကိုလည်း ငါ​ပိုင်​၏” ဟု​မိန့်တော်မူသည်။ (ဗျာဒိတ် ၁:၁၈ခ) လူသေကို ထမြောက်​စေနိုင်​သော အခွင့်အာဏာကို သူ့​အား ယေဟောဝါ အပ်နှင်း​တော်​မူ​ပြီ။ ထို့​ကြောင့် ယေရှု​က မိမိ​၌ သေခြင်းနှင့် ဟေးဒီးစ် (သုသာန်) ၏​သော့​များ​ရှိ၍ ၎င်းတို့၏ ချုပ်နှောင်​မှု​ခံရ​သူတို့​အတွက် တံခါး​ဖွင့်ပေး​နိုင်​သည်​ဟု မိန့်ဆို​နိုင်​ခြင်း​ဖြစ်သည်။—မဿဲ ၁၆:၁၈ နှိုင်းယှဉ်။

၄။ အဘယ်​အမိန့်​ကို ယေရှု ထပ်ဆင့်​ထုတ်ပြန်​သနည်း။ မည်​သူ့​အကျိုးအတွက်​နည်း။

ဤ​တွင် ယေရှု​က ယောဟန်​အား ရူပါရုံ​ကို မှတ်တမ်းတင်​ရန် ဤသို့​မိန့်ဆို​ပြန်​သည်။ “သင်​မြင်ရသော အမှုအရာ​များ​ကိုလည်း​ကောင်း၊ ယခု​ဖြစ်နေ​သည့် အမှုအရာ​များ​ကိုလည်း​ကောင်း၊ ဤ​အရာများ​နောက်​၌ ဖြစ်ပျက်​လာ​မည့် အမှုအရာ​များ​ကိုလည်း​ကောင်း ရေးမှတ်​လော့။” (ဗျာဒိတ် ၁:၁၉) ကျွန်ုပ်​တို့ကို ဩ​ဝါဒ​ပေး​ရန် နောက်ထပ် အဘယ်​ပီတိ​ဖြစ်ဖွယ် အရာများ​ကို ယောဟန် ဖော်ပြ​ဦး​မည်​နည်း။

ကြယ်​များနှင့် မီး​ခုံ​များ

၅။ “ကြယ်​ခု​နစ်​လုံး” နှင့် “မီး​ခုံ​ခု​နစ်​ခုံ” အကြောင်း ယေရှု မည်သို့​ရှင်းပြ​သနည်း။

မီး​ခုံ​ခု​နစ်​ခုံ အလယ်​၌​ရှိ၍ လက်ယာလက်​၌ ကြယ်​ခု​နစ်​လုံး​ရှိသော ယေရှုကို ယောဟန် မြင်ခဲ့​ပြီ​ဖြစ်သည်။ (ဗျာဒိတ် ၁:၁၂၊ ၁၃၊ ၁၆) ယခု ယေရှု ဤသို့​ရှင်းပြ​၏– “ငါ့​လက်ယာလက်​ပေါ်မှာ သင်​မြင်ရသော ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခုံ ခု​နစ်​ခုံ​တို့၏ မြင့်မြတ်​သော လျှို့ဝှက်ချက်​ဟူ​မူ​ကား ကြယ်​ခု​နစ်​လုံး​သည် အသင်းတော် ခု​နစ်​ပါး​၏ ကောင်းကင်တမန်​များ​ကို ဆိုလို​ပြီး မီး​ခုံ​ခု​နစ်​ခုံ​မှာ အသင်းတော် ခု​နစ်​ပါး​ကို ဆိုလို​၏။”ဗျာဒိတ် ၁:၂၀

၆။ ကြယ်​ခု​နစ်​လုံး​က ဘာကို ကိုယ်စား​ပြု​သနည်း။ အဘယ်ကြောင့် ဤသူတို့ကို အထူး​ရည်စူး၍ သတင်း​တော်​ကို ရေးပို့​လိုက်​သနည်း။

“ကြယ်​များ” မှာ “အသင်းတော် ခု​နစ်​ပါး​၏ ကောင်းကင်တမန်​များ” ဖြစ်သည်။ ဗျာဒိတ်ကျမ်း​၌ ကြယ်​များသည် တစ်ခါတစ်ရံ တကယ့်​ကောင်းကင်တမန်​များ​ကို ပုံဆောင်​သော်လည်း လူသား​စာရေးသူ​တစ်ဦး​ကို​သုံးပြီး အ​ရူပ ဝိညာဉ်​သတ္တဝါများ​ထံ ယေရှု စာရေး​လိမ့်​မည်​မဟုတ်။ ထို့​ကြောင့် “ကြယ်​များ” သည် အသင်းတော်များ​ရှိ လူသား​ကြီးကြပ်မှူး​များ၊ သို့​မဟုတ် အကြီးအကဲ​များ​ဖြစ်၍ သူတို့ကို ယေရှု၏ စေတမန်​များ *အဖြစ် ယူမှတ်​ရ​ပေမည်။ ကြယ်​များသည် ယေဟောဝါ​၏ သိုးတော်စု​ကို ထိန်းကျောင်း​ရန် တာဝန်ရ​ရှိသော ပုဂ္ဂိုလ်​များ​ဖြစ်​သဖြင့် ဤ​သတင်း​စကား​များ​ကို သူတို့​ထံ ပေး​ပို့​တော်​မူ​ခြင်း​ဖြစ်သည်။—တမန်​တော် ၂၀:၂၈

၇။ (က) အသင်းတော်​တစ်ခုစီ​မှ ကောင်းကင်တမန် တစ်ဦး​အားသာ ယေရှု မိန့်ဆို​နေ​သော်လည်း အသင်းတော်​တစ်ခုစီ​၌ အကြီးအကဲ တစ်ဦး​သာ​ရှိသည်​ကို မဆိုလို​ကြောင်း ဘာက​ပြသ​နည်း။ (ခ) အမှန်​သော် ယေရှု၏ လက်ယာလက်​ပေါ်မှာ ကြယ်​ခု​နစ်​လုံး​သည် မည်သူ​များ​ကို ကိုယ်စား​ပြု​သနည်း။

ယေရှုသည် အသင်းတော်​တစ်ခုစီ​ရှိ “ကောင်းကင်တမန်” တစ်ပါး​အားသာ မိန့်ဆို​သည်​ဖြစ်၍ အသင်းတော်​တစ်ခု​၌ အကြီးအကဲ တစ်ဦးတည်း​သာ​ရှိသည်​ဟု ဆိုလို​သလော။ မဟုတ်။ ပေါလု​လက်ထက်​ကတည်းက ဧဖက်​အသင်းတော်၌ အကြီးအကဲ အများအပြား​ရှိ​လေ​ပြီ။ တစ်ဦး​သာ ရှိသည်​မဟုတ်။ (ဗျာဒိတ် ၂:၁; တမန်​တော် ၂၀:၁၇) သို့​ဖြစ်၍ ယောဟန်​လက်ထက်​၌ (ဧဖက်​အသင်းတော်​အပါအဝင်) အသင်းတော်များ​ရှေ့ ဖတ်​ကြား​ရန် သတင်း​စကား​များ​ကို ကြယ်​ခု​နစ်​လုံး​ထံ ရေးပို့​စဉ် ကြယ်​များသည် ယေဟောဝါ​၏ ဘိသိက်ခံ​အသင်းတော်၌ အမှုထမ်း​သော အကြီးအကဲအဖွဲ့​များ​ထဲ​က ပုဂ္ဂိုလ်​များ​အားလုံး​ကို ကိုယ်စား​ပြုခြင်း ဖြစ်​ရမည်။ ထို့​နည်းတူ ယနေ့ ကြီးကြပ်မှူး​များသည် ယေရှု​ဦးစီးမှု​အောက် အမှုထမ်း​သော ဘိသိက်ခံ ကြီးကြပ်မှူး​များ​ဖြင့် ဖွဲ့စည်း​သည့် အုပ်ချုပ်ရေး​အဖွဲ့​မှ လာသော​စာ​များ​ကို မိမိတို့၏ အသင်းတော်များ​ရှေ့ ဖတ်​ကြားကြ​သည်။ ဒေသန္တရ အကြီးအကဲအဖွဲ့​များ​အနေ​နှင့် မိမိတို့၏ အသင်းတော်များ​သည် ယေရှု၏​သြဝါဒ​ကို လိုက်နာ​လျက်​ရှိမရှိ ကြပ်မတ်​ရမည်။ ထို​သြဝါဒ​မှာ အကြီးအကဲ​များ အကျိုးအတွက်​သာမက အသင်းတော်​နှင့် ပေါင်းသင်း​သူအား​လုံး​အတွက် ဖြစ်သည်။—ဗျာဒိတ် ၂:၁၁က

၈။ အကြီးအကဲ​များ ယေရှု၏ လက်ယာလက်​တွင်း​၌ ရှိသည်​ဟူသော​အချက်​က ဘာကို​ပြသ​နည်း။

ယေရှုသည် အသင်းတော်​၏ ဦးခေါင်း​ဖြစ်​ရ​ကား အကြီးအကဲ​များသည် ကိုယ်တော့် လက်ယာလက်​တော်၊ ချုပ်ကိုင်​လမ်းညွှန်မှု​အောက်​၌ ရှိကြသည်​ဟု​ဆို​ခြင်း​သည် ဆီလျော်​၏။ (ကောလောသဲ ၁:၁၈) ကိုယ်တော်​သည် သိုးထိန်း​ချုပ်​ဖြစ်၍ သူတို့သည် လက်ထောက်​သိုးထိန်း​များ ဖြစ်​ကြသည်။—၁ ပေတရု ၅:၂-၄

၉။ (က) မီး​ခုံ​ခု​နစ်​ခုံ​က ဘာကို ပုံဆောင်​သနည်း။ အဘယ်ကြောင့်​မီး​ခုံ​သည် ၎င်းတို့၏ လျောက်ပတ်​သော အထိမ်းအမှတ်​ဖြစ်သနည်း။ (ခ) ရူပါရုံ​သည် တမန်​တော်​ယောဟန်​အား ဘာကို​သတိ​ရစေ​ကောင်း ရစေ​မည်​နည်း။

မီး​ခုံ​ခု​နစ်​ခုံ​မှာ ယောဟန် ဗျာဒိတ်ကျမ်း ရေးပို့​လိုက်​သော ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ​နှင့် လောဒိကိ တည်း​ဟူသော အသင်းတော် ခု​နစ်​ပါး​ပင်​တည်း။ အသင်းတော်များ​ကို အဘယ်ကြောင့် မီး​ခုံ​ဖြင့် အမှတ်သညာ​ပြု​သနည်း။ ခရစ်ယာန်​များသည် တစ်ဦးချင်း​ဖြစ်စေ၊ အသင်းတော်များ​အလိုက်​ဖြစ်စေ မှောင်မိုက်​သော ဤ​လောက​၌ ‘မိမိတို့​အလင်း​ကို လူ​တို့​ရှေ့ ထွန်းလင်း​စေ​ရမည်’ ဖြစ်၍​တည်း။ (မဿဲ ၅:၁၄-၁၆) ထို့​ပြင် ရှောလမုန်​၏ ဗိမာန်တော်​အသုံးအဆောင်​များ​တွင် မီး​ခုံ​များ ပါဝင်​သည်။ အသင်းတော်များ​ကို မီး​ခုံ​ဟု​ခေါ်​ခြင်း​က ဘိသိက်ခံ​တို့၏ ဒေသန္တရ​အသင်းတော်သည် ပုံဆောင်​သဘော​အရ “ဘုရားသခင်​၏ ဗိမာန်တော်၊” ဘုရားသခင့် ဝိညာဉ်​တော် ကျိန်းဝပ်​ရာ​ဖြစ်သည်​ဟူသော​အချက်​ကို ယောဟန်​အား သတိ​ရစေ​လိမ့်​မည်။ (၁ ကောရိန္သု ၃:၁၆) ထို​မျှ​မ​က ဂျူး​ဗိမာန်တော် အစီအစဉ်​၏ ဥ​ပ​မေ​ယျ​တွင် ဘိသိက်ခံ အသင်းတော်​သားများ​သည် ယေဟောဝါ​၏ ကြီးမြတ်သော ဝိညာဉ်​ရေး ဗိမာန်တော်၌ အမှုထမ်း​ကြသည်။ ထို​တွင် ယေရှုသည် ယဇ်ပုရောဟိတ်​မင်းကြီး​ဖြစ်၍ ယေဟောဝါ​သည် ကောင်းကင်​ဆိုင်ရာ အထူး​သန့်ရှင်း​ရာ​ဌာန​တွင် ကျိန်းဝပ်​တော်​မူ​သည်။—၁ ပေတရု ၂:၄၊ ၅၊ ၉; ဟေဗြဲ ၃:၁; ၆:၂၀; ၉:၉-၁၄၊ ၂၄

မဟာ​ဖောက်ပြန်မှု

၁၀။ ဂျူး​စနစ်​နှင့် ၎င်း​၏​နောင်တ​မရ​သော ထောက်ခံသူ​တို့သည် အေဒီ ၇၀ ပြည့်နှစ်​တွင် ဘာဖြစ်​ခဲ့​သနည်း။

၁၀ ဗျာဒိတ်ကျမ်း​ကို ယောဟန် ရေးသားချိန်​တွင် ခရစ်ယာန်​ဘာသာ​၏ သက်တမ်း​သည် အနှစ် ၆၀ ကျော်​လေ​ပြီ။ ၎င်း​သည် အစပိုင်း​၌ ယုဒ​ဘာသာ​၏ အဆက်မပြတ် တိုက်ခိုက်မှု​ကို အနှစ် ၄၀ တိုင်တိုင် ခံရပ်​ခဲ့​ရသည်။ ထို့နောက် နောင်တ​မရ​သော ဂျူး​များ တိုင်းပြည်​ပျောက်​ရုံ​မ​က မိမိတို့၏​ရုပ်တု​ဟု ဆို​ရ​မလောက်​ဖြစ်သော ယေရုရှလင် ဗိမာန်တော်ကို​ပါ ဆုံးရှုံး​ခဲ့​ရသည့် အေဒီ ၇၀ ပြည့်နှစ်​တွင် ဂျူး​စနစ်​သည် အသေ​ထိုး​သတ် ခံ​လိုက်ရ​သည်။

၁၁။ သိုးထိန်း​ချုပ်​က အသင်းတော်များ​အား ဖြစ်ပေါ်​နေသော ခေတ်​ရေစီးကြောင်း​နှင့် ပတ်သက်​၍ သတိပေး​သည်​မှာ အဘယ်ကြောင့် အခါသင့်​သနည်း။

၁၁ သို့​တ​စေ၊ တမန်​တော်​ပေါလု​က ဘိသိက်ခံ ခရစ်ယာန်​များ​အလယ်​၌ ဖောက်ပြန်မှု​တစ်ရပ် ဖြစ်ပွား​မည်​ဟု ကြိုပြော​ခဲ့​သည်။ ယေရှု​ပေး​ပို့​သော သတင်း​စကား​များ​က​လည်း သက်ကြီးရွယ်အို ယောဟန်​လက်ထက်မှာ​ပင် ၎င်း​ဖောက်ပြန်မှု အစပြု​နှင့်​ပြီ​ဖြစ်​ကြောင်း ပြ​၏။ ဤ​ကား မိန်းမ​၏​အမျိုးအနွယ်​ကို ဖောက်ပြန်​ပျက်စီး​စေရန် စာတန်​၏ အားကုန်​ကြိုးပမ်းမှု​ဖြစ်​ပြီး ယောဟန်​သည် နောက်ဆုံးသော အဟန့်အတား​ဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၃-၁၂; ၂ ပေတရု ၂:၁-၃; ၂ ယောဟန် ၇-၁၁) ထို့​ကြောင့် ယေဟောဝါ​၏ သိုးထိန်း​ချုပ်​က အသင်းတော် အကြီးအကဲ​များ​ထံ စာရေး​၍ ဖြစ်ပေါ်​နေသော ခေတ်​ရေစီးကြောင်း​ကို သတိပြု​ရန်​စေ့ဆော်​ပြီး နှလုံး​ရိုး​ဖြောင့်​သူများ ဖြောင့်မတ်ခြင်း​တရား​အတွက် မားမားမတ်မတ် ရပ်တည်​ကြ​ရန် အားပေး​လိုက်ခြင်း​သည် အခါသင့်​လှ​ပေ​သည်။

၁၂။ (က) ယောဟန်​လက်ထက်​ပြီး​နောက် ရာစုနှစ်များ​အတွင်း အယူဖောက်ပြန်မှု မည်သို့​ဖြစ်ပေါ်​လာ​သနည်း။ (ခ) ခရစ်ယာန်ဘောင် မည်သို့​ဖြစ်ပေါ်​လာ​သနည်း။

၁၂ အေဒီ ၉၆ ခုနှစ်​က အသင်းတော်များ မည်သို့​တုံ့ပြန်​ကြသည်​ကို ကျွန်ုပ်​တို့​မသိ​ပါ။ သို့သော် ယောဟန်​ကွယ်လွန်​သည့်​နောက် အယူဖောက်ပြန်မှု အရှိန်အဟုန် မြင့်​လာ​သည်ကို​ကား ကျွန်ုပ်​တို့​သိ​သည်။ “ခရစ်ယာန်​များ” သည် ယေဟောဝါ ၏​နာမတော်​ကို မ​သုံး​တော့​ဘဲ ကျမ်းစာ​လက်ရေး​စာမူ​များ​၌ “သခင်၊” သို့​မဟုတ် “ဘုရားသခင်” ဖြင့် အစားထိုး​လာ​ကြသည်။ စတုတ္ထ​ရာစု​ရောက်​သော် သုံးပါး​ပေါင်း​တစ်ဆူ​ဟူသော အယူဝါဒမှား အသင်းတော်များ​အတွင်း​သို့ စိမ့်ဝင်​လာ​သည်။ တစ်ချိန်တည်း​တွင် မသေ​နိုင်သော​ဝိညာဉ် အယူဝါဒ​ကို လက်ခံ​လာ​ကြသည်။ နောက်ဆုံး​၌ ရောမ​ဧကရာဇ် ကွန်​စတင်​တိုင်း​က “ခရစ်ယာန်” ဘာသာ​ကို နိုင်ငံတော်​ဘာသာ​အဖြစ် ပြဋ္ဌာန်း​လိုက်​ရာ​မှ ခရစ်ယာန်ဘောင် ဖြစ်ပေါ်​လာ​သည်။ ခရစ်ယာန်ဘောင်​အတွင်း ချာ့ခ်ျ​နှင့် နိုင်ငံတော်​အစိုးရ ပူးပေါင်း​၍ အနှစ်​တစ်ထောင် အုပ်ချုပ်​လေ​သည်။ ပုံစံ​သစ်​ဟန်​သစ် “ခရစ်ယာန်” ဖြစ်လာ​ဖို့ မ​ခဲယဉ်း​ချေ။ မိမိတို့၏ မူလ​တိတ္ထိ​အယူ​များ​ကို ပြင်​တန်​ပြင်​ပြီး ဤ​ဘာသာ​အယူဝါဒ​ထဲ​သို့ အမျိုးအနွယ်​နှင့်​ချီ​ပြီး ဝင်လာ​ကြသည်။ ခရစ်ယာန်ဘောင်​မှ ခေါင်းဆောင်​များစွာတို့သည် ကြီး​နိုင်​ငယ်​ညှဉ်း​သော နိုင်ငံရေး မင်းဆိုး​မင်း​ညစ်​များ ဖြစ်လာ​ကြ​ပြီး မိမိတို့၏ ဖောက်ပြန်သော အယူဝါဒ​များ​ကို ဓား​မိုး​၍ သွတ်သွင်း​ကြ​လေ​သည်။

၁၃။ သင်း​ခွဲ​မှု​ကို​ရှောင်ရန် ယေရှု သတိပေး​လျက်​နှင့် အယူဖောက်ပြန်​သော ခရစ်ယာန်​များ အဘယ်​လမ်းစဉ်​ကို ရွေးချယ်​ခဲ့​သနည်း။

၁၃ အယူဖောက်ပြန်​သော ခရစ်ယာန်​များသည် အသင်းတော် ခု​နစ်​ပါး​ထံ​ရေး​သော ယေရှု၏​အဆို​အမိန့်​ကို လုံးလုံး​ဥပေက္ခာ ပြု​ကြသည်။ မိမိတို့၏ ကနဦး​မေတ္တာကို ပြန်လည်​မွေးမြူရန် ဧဖက်​အသင်းသားများ​အား ယေရှု သတိပေး​ခဲ့​သည်။ (ဗျာဒိတ် ၂:၄) သို့သော် ခရစ်ယာန်ဘောင် အသင်းသားများ​သည် ယေဟောဝါ​ကို ချစ်သော​မေတ္တာဖြင့် စည်းလုံးခြင်း မရှိတော့​သဖြင့် အချင်း​အချင်း ရက်ရက်စက်စက် တိုက်ခိုက်​သတ်​ဖြတ်၍ ထိတ်လန့်​စ​ဖွယ် ညှဉ်းဆဲ​နှိပ်စက်​ကြသည်။ (၁ ယောဟန် ၄:၂၀) သင်း​ခွဲခြင်း​ကို​ရှောင်ရန် ပေရဂံ​အသင်းတော်ကို ယေရှု သတိပေး​တော်​မူ​ခဲ့​သည်။ သို့​တ​စေ ဒုတိယ​ရာစု​မှာ​ပင် ဂိုဏ်းဂဏ​များ​ပေါ်လာ​ပြီး ယနေ့​ဆိုလျှင် ခရစ်ယာန်ဘောင်​၌ ကတောက်ကဆတ် ဖြစ်​လျက်​ရှိသော ဂိုဏ်းဂဏ​များ၊ ဘာသာရေး​အဖွဲ့​များ ထောင်နှင့်ချီ​၍​ရှိ၏။—ဗျာဒိတ် ၂:၁၅

၁၄။ (က) ဝိညာဉ်​ရေး​ဘက် သေ​မသွား​ရန် ယေရှု သတိပေး​လျက်​နှင့် အမည်ခံ​ခရစ်ယာန်​များ အဘယ်​လမ်းစဉ်​ကို ရွေးချယ်​ခဲ့​သနည်း။ (ခ) ရုပ်တု​ကိုးကွယ်​ခြင်း​နှင့် သီလ​ပျက်​ခြင်း​ဆိုင်ရာ ယေရှု၏ သတိပေး​ချက်​ကို နာခံ​သည့်​ကိစ္စ​၌ အမည်ခံ​ခရစ်ယာန်​တို့ မည်သို့​ပျက်ကွက်​ခဲ့​သနည်း။

၁၄ ဝိညာဉ်​ရေး​ဘက် သေ​မသွားဖို့ သာဒိ​အသင်းတော်​အား ယေရှု သတိပေး​ခဲ့​သည်။ (ဗျာဒိတ် ၃:၁) သို့သော် ခရစ်ယာန် အမည်ခံ​တို့သည် သာဒိ​မြို့သား​တို့​ကဲ့သို့ ခရစ်ယာန်​လုပ်ငန်းများ​ကို လျင်မြန်​စွာ မေ့လျော့​သွား​ကြ​ပြီး အလွန်​အရေးပါသော ဟောပြောခြင်း​လုပ်ငန်း​ကို လခစား လူနည်းစု​ဖြစ်သည့် ဓမ္မ​ဆရာ​အတန်းအစား​အား လွှဲအပ်​လိုက်​သည်။ ရုပ်တု​ကိုးကွယ်​မှု​နှင့် မတရားမေထုန်​ကို​ရှောင်ရန် သွာတိရ​အသင်းတော်ကို ယေရှု သတိပေး​ခဲ့​သည်။ (ဗျာဒိတ် ၂:၂၀) သို့​ပါ​လျက် ခရစ်ယာန်ဘောင်​က ရုပ်တု​အသုံးပြုခြင်း​ကို လူသိရှင်ကြား သဘောတူ​ခွင့်ပြု​ထား​၏။ မသိသာ​သည့် ရုပ်တု​ကိုးကွယ်​မှု​ဖြစ်သော မျိုးချစ်စိတ်​နှင့် ရုပ်​ဝါဒ​ကို မြေ​တောင်​မြှောက်​ပေး​၏။ သီလ​ပျက်မှု​ကို တစ်ခါတစ်ရံ ကန့်ကွက်​၍​ဟော​သော်လည်း များသောအားဖြင့် နေရာအနှံ့ သည်းခံ​ခွင့်ပြု​ထား​သည်။

၁၅။ အသင်းတော် ခု​နစ်​ပါး​ထံ​ရေး​လိုက်​သော ယေရှု၏​စကားတော်​က ခရစ်ယာန်ဘောင် ဘာသာ​များနှင့်​ပတ်သက်​၍ ဘာကို​လှ​စ်​ပြသ​နည်း။ ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် ဘာဖြစ်​ကြောင်း ထင်ရှား​လာ​သနည်း။

၁၅ သို့​ဖြစ်၍ အသင်းတော် ခု​နစ်​ပါး​ထံ​ရေး​သော ယေရှု၏​စကားတော်​က ခရစ်ယာန်ဘောင်​ဘာသာ အားလုံး​သည် ယေဟောဝါ​၏ လက်ရွေးစင် လူမျိုးတော်​ဖြစ်​ဖို့ အရည်အချင်း လုံးဝ​မရှိကြောင်း လှ​စ်​ပြ​လိုက်​သည်။ အမှန်​အားဖြင့် ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် ကာလ​တစ်လျှောက် စာတန့်​အမျိုးအနွယ်​၏ အထင်ပေါ်ဆုံး​သော အဖွဲ့ဝင်​များ ဖြစ်​ကြသည်။ ဤသူတို့ကို ‘ဒုစရိုက်​လူ’ အဖြစ်​ထား​၍ တမန်​တော်​ပေါလု​က “ထို​ဒုစရိုက်​လူ​၏​လာ​ခြင်း​သည် စာတန်​ပြုပြင်​သော​အားဖြင့် မုသာ​နှင့်​စပ်ဆိုင်​သော တန်ခိုး၊ နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှု အမျိုးမျိုးနှင့်​လည်းကောင်း . . . မတရားသော​အမှု​နှင့်​စပ်​၍ လှည့်ဖြားခြင်း အမျိုးမျိုးနှင့်​လည်းကောင်း ဖြစ်၏” ဟု ကြိုပြော​ခဲ့​သည်။—၂ သက်သာလောနိတ် ၂:၉၊ ၁၀သမ္မာ။

၁၆။ (က) ခရစ်ယာန်ဘောင် ခေါင်းဆောင်​တို့သည် မည်သူ​များ​ကို အထူး​မုန်းတီး​သနည်း။ (ခ) အလယ်ခေတ်​များ​အတွင်း ခရစ်ယာန်ဘောင်​၌ ဘာဖြစ်​ခဲ့​သနည်း။ (ဂ) ပရိုတက်စတင့် ထကြွမှု၊ သို့​မဟုတ် သာသနာပြု​ပြင်​ရေး အရေး​တော်​ပုံ​ကြောင့် ခရစ်ယာန်ဘောင်​၏ အယူဖောက်ပြန်​သော​လမ်းစဉ်​များ ပြောင်းလဲ​ခဲ့​သလော။

၁၆ ခရစ်ယာန်ဘောင်​၏  ဘာသာရေး​နှင့်  လောကီ​ရေး ခေါင်းဆောင်​တို့သည် ဘုရားသခင့်​သိုးတော်စု​၏ သိုးထိန်း​များ​ဟု​ဆို​ကြသော်လည်း ကျမ်းစာ​ဖတ်​ဖို့ အခြား​သူများကို အားပေး​သည့်​ပုဂ္ဂိုလ်၊ ကျမ်းစာ​နှင့်​မညီသော သူတို့၏ အကျင့်အကြံ​များ​ကို အထုပ်​ဖြေ​ပြ​သည့်​ပုဂ္ဂိုလ် မည်သူ​မဆို​အား အထူး​မုန်းတီး​၏။ ဂျွန်​ဟ​တ်စ်​နှင့် ကျမ်းစာ​ဘာသာပြန်​သူ ဝီလျံ တင်း​ဒေးလ်​တို့ကို နှိပ်စက်​သတ်ဖြတ်​ခဲ့​သည်။ အမှောင်ထု​လွှမ်းသော အလယ်ခေတ်​များ​၌ အယူဖောက်ပြန်သူ​တို့၏ အုပ်ချုပ်မှု​သည် နတ်ဆိုး​ဆန်​လှ​သော ဗရင်ဂျီ​အသင်း​၏ ခုံရုံး​တင်​စစ်ဆေးမှု အသွင်​သို့​ပြောင်း​ကာ အထွတ်အထိပ်​သို့ ရောက်​ခဲ့​သည်။ အသင်း​၏​ဝါဒ​နှင့် အာဏာကို စောဒကတက်​သူ မည်သူ​မဆို ရက်ရက်စက်စက် နှိမ်နင်း​ခံရ​သည်။ မိစ္ဆာတိတ္ထိ​ဟု သမုတ်​ခံရ​သူ လူ​အထောင်အသောင်း​သည် သေ​သည့်​တိုင် နှိပ်စက်ခြင်း၊ သို့​မဟုတ် တိုင်​၌​ချည်​၍ မီးရှို့​သတ်​ခြင်း ခံရ​ကြသည်။ ဤနည်းဖြင့် စာတန်​သည် ဘုရားသခင့် မိန်းမ​နှင့်​တူသော အဖွဲ့အစည်း​၏ အမျိုးအနွယ်​စစ် မှန်သမျှကို မဆိုင်းမတွ ချေမှုန်း​နိုင်​ရန် အားခဲ​လာ​ခဲ့​သည်။ ၁၅၁၇ ခုနှစ်​မှ အစပြု​သော ပရိုတက်စတင့် ထကြွမှု၊ သို့​မဟုတ် သာသနာပြု​ပြင်​ရေး ပေါ်လာ​သောအခါ ပရိုတက်စတင့်​ချာ့ခ်ျ များစွာ​တို့​က​လည်း အလားတူ​သဘောထားမျိုး တင်ပြ​ခဲ့​ကြသည်။ သူတို့လည်း ဘုရားသခင်​နှင့် ခရစ်တော်​ကို သစ္စာစောင့်​သော​လူ​တို့အား သတ်ဖြတ်​ခြင်း​ဖြင့် သွေးစွန်းခဲ့​ကြသည်။ “သန့်ရှင်းသူ​တို့၏ အသွေး” ကို တကယ်​ပင် သွန်​ချင်​သလို သွန်​ခဲ့​ကြ​လေ​ခြင်း။—ဗျာဒိတ် ၁၆:၆; မဿဲ ၂၃:၃၃-၃၆ နှိုင်းယှဉ်။

အမျိုးအနွယ် ကြံ့ကြံ့ခံ​ခြင်း

၁၇။ (က) ဂျုံပင်​နှင့် ပေါင်းပင်​ဆိုင်ရာ ယေရှု၏ ပုံ​ဥပမာ​က ဘာကို​ကြိုပြော​သနည်း။ (ခ) ၁၉၁၈ ခုနှစ်​တွင် ဘာဖြစ်​ခဲ့​၍ အဘယ်​ငြင်းပယ်မှု​နှင့် ခန့်အပ်​မှု ဖြစ်​ခဲ့​သနည်း။

၁၇ ယေရှု​က ခရစ်ယာန်ဘောင် ပြိုင်ဘက်​ကင်း​စွာ ကြီးစိုး​စဉ်​ကာလ​သည် အမှောင်ထု​လွှမ်းသော သမယ​ဖြစ်​မည်​ဟု ဂျုံပင်​နှင့်​ပေါင်းပင် ပုံ​ဥပမာ​ထဲ​၌ ကြို၍​မိန့်ဆိုခဲ့သည်။ သို့ရာတွင် အယူဖောက်ပြန်​ရာ ရာစုနှစ်များ​တစ်လျှောက် ဂျုံပင်​နှင့်​တူသော ခရစ်ယာန်​များ​ဖြစ်သည့် ဘိသိက်ခံ​အစစ်​များ တစ်ဦးချင်း သီးခြား​စီ တည်ရှိ​ခဲ့​ပေမည်။ (မဿဲ ၁၃:၂၄-၂၉၊ ၃၆-၄၃) သို့ဖြင့်၊ ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ​လ​၌ သခင့်​နေ့​တော် ဆိုက်ရောက်​သောအခါ ကမ္ဘာ​ပေါ်​တွင် ခရစ်ယာန်စစ်​များ ရှိနေဆဲ​ပင်။ (ဗျာဒိတ် ၁:၁၀) သုံးနှစ်ခွဲ​ခန့်​လွန်​၍ ၁၉၁၈ ခုနှစ်​၌ ယေဟောဝါ​သည် တရား​စီရင်​ရန် မိမိ၏ “ပဋိညာဉ် တမန်​တော်” ယေရှု​နှင့်အတူ ဝိညာဏ​ဗိမာန်တော်သို့ ကြွ​ခဲ့​ဟန်​တူ​သည်။ (မာလခိ ၃:၁; မဿဲ ၁၃:၄၇-၅၀) သခင်သည် ခရစ်ယာန်​အတု​များ​ကို အဆုံး​၌​ပယ်​၍ ‘မိမိ​ဥစ္စာ​ရှိသမျှကို စီမံခန့်ခွဲ​စေရန် သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​အား ခန့်အပ်’ ဖို့ အချိန်​ကျ​လေ​ပြီ။—မဿဲ ၇:၂၂၊ ၂၃; ၂၄:၄၅-၄၇

၁၈။ ၁၉၁၄ ခုနှစ်​၌ အဘယ် ‘အချိန်’ ဆိုက်ရောက်​လာ​သနည်း၊ ကျွန်​ဖြစ်သူ ဘာလုပ်​ရန် အချိန်​ဖြစ်လာ​သနည်း။

၁၈ အသင်းတော် ခု​နစ်​ပါး​ထံ​ပေး​ပို့​သော ယေရှု၏ သတင်း​စကား​များ​ကို ထောက်​လျှင် ၎င်းကို ကျွန်​ဖြစ်သူက အထူး​ဂရုပြု​ရန် အချိန်တန်ပြီ​ဖြစ်​ကြောင်းကို​လည်း သိရ​သည်။ ဥပမာ၊ ယေရှု​က မိမိသည် အသင်းတော်များ​ကို တရား​စီရင်​ရန် ကြွလာ​မည်​ဟုဆို​၏။ ထို​တရား​စီရင်မှု​သည် ၁၉၁၈ ခုနှစ်​၌ စတင်​သည်။ (ဗျာဒိတ် ၂:၅၊ ၁၆၊ ၂၂၊ ၂၃; ၃:၃) “လူနေထိုင်ရာ မြေကြီး​တစ်ပြင်လုံး​ပေါ် ကျရောက်​လတ္တံ့​သော စုံစမ်း​ချိန်​၌” ဖိလဒေလဖိ​အသင်းတော်ကို ကာကွယ်​မည်​ဟု ယေရှု​ဆို​၏။ (ဗျာဒိတ် ၃:၁၀၊ ၁၁) ထို “စုံစမ်း​ချိန်” သည် ၁၉၁၄ ခုနှစ် သခင့်​နေ့​တော် စတင်​သည့်​နောက်​မှ ဆိုက်ရောက်​လာ​သည်။ ထို့နောက်၊ တည်ထောင်​ပြီ​ဖြစ်သော ဘုရားသခင့်​နိုင်ငံတော်​အပေါ် သစ္စာရှိ​မရှိ ခရစ်ယာန်​များ စမ်းသပ်ခံ​ရသည်။—မဿဲ ၂၄:၃၊ ၉-၁၃ နှိုင်းယှဉ်။

၁၉။ (က) အသင်းတော် ခု​နစ်​ပါး​သည် ယနေ့ ဘာကို ပုံဆောင်​သနည်း။ (ခ) မည်သူ​တို့သည် အလုံးအရင်း​နှင့်​ချီ​၍ ဘိသိက်ခံ​ခရစ်ယာန်​များနှင့် ပေါင်းသင်း​လာ​သနည်း။ ယေရှု၏​သြဝါဒ​နှင့် ကိုယ်တော်​တင်ပြသော အခြေအနေ​တို့သည် အဘယ်ကြောင့် သူတို့နှင့်​လည်း သက်ဆိုင်​သနည်း။ (ဂ) ပထမ​ရာစု အသင်းတော်​ခု​နစ်​ပါး​ထံ ပေး​ပို့​သော ယေရှု၏ သတင်း​စကား​များ​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမှတ်​သင့်​သနည်း။

၁၉ ဤ​အကြောင်းကြောင့် အသင်းတော်များ​ထံ​ရေးပို့​သော ယေရှု၏​စကားတော်​သည် ၁၉၁၄ ခုနှစ်​မှ​စ၍ အကြီးစား​သက်ဆိုင်မှု ရှိလာ​သည်။ ဤ​တွင် အသင်းတော်​ခု​နစ်​ပါး​သည် သခင့်​နေ့​တော်​အတွင်း ဘိသိက်ခံ​ခရစ်ယာန်​များ အသင်းတော်​အားလုံး​ကို ပုံဆောင်​သည်။ ထို့​ပြင်၊ မြေကြီး​ပရဒိသု​၌ ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​သော ယုံကြည်သူ ဒုနှင့်ဒေး​သည် လွန်ခဲ့သော​အနှစ် ၇၀ ကျော်​အတွင်း ယောဟန်​ပုံဆောင်​သော ဘိသိက်ခံ​ခရစ်ယာန်​များနှင့် ပူးပေါင်း​လာ​ကြသည်။ ယေဟောဝါ​၏ ကျေးကျွန်​များ အားလုံး​အတွက် ဖြောင့်မတ်ခြင်း​နှင့် သစ္စာစောင့်ခြင်း​ဆိုင်ရာ​စံနှုန်း တစ်မျိုးတည်း​ရှိသောကြောင့် ဘုန်းပွင့်​ယေရှု​ခရစ်​၏ ဩ​ဝါဒ​သည်လည်း​ကောင်း၊ အသင်းတော်​ခု​နစ်​ပါး​ကို စစ်ဆေး​ရာ​မှ တွေ့ရှိ​ရသော အခြေအနေ​များသည်​လည်းကောင်း ထို​သူတို့နှင့်​လည်း ထပ်တူ​ထပ်​မျှ သက်ဆိုင်​သည်။ (ထွက်မြောက်ရာ ၁၂:၄၉; ကောလောသဲ ၃:၁၁) ထို့​ကြောင့် အာရှမိုင်းနား​ရှိ ပထမ​ရာစု အသင်းတော်များ​ထံ ပေး​ပို့​သော ယေရှု၏ သတင်း​စကား​သည် သမိုင်း​ဆိုင်ရာ စိတ်ဝင်စားဖွယ်​ရာ​မျှ​သာ မဟုတ်။ ကျွန်ုပ်​တို့​တစ်ဦးစီ​အဖို့ သေရေးရှင်ရေး​ကိစ္စ ဖြစ်သည်။ သို့​ဖြစ်၍ ယေရှု၏​စကားတော်​ကို ဂရုတစိုက် နားထောင်​ကြ​စို့။

[အောက်ခြေမှတ်ချက်​မျာ]

^ အပိုဒ်၊ 2 မူရင်း​ဟေဗြဲ​ဘာသာ​တွင် ဟေရှာယ ၄၄:၆ ၌ “အဦးဆုံး​သော​သူ” နှင့် “နောက်ဆုံးသော​သူ” ဟူသော စကားလုံး​များနှင့်​တွဲလျက် တိကျ​အညွှန်း​စကားလုံး မရှိ​သော်လည်း မူရင်း​ဂရိ​တွင် ဗျာဒိတ် ၁:၁၇ ၌ ယေရှု​က မိမိ​အကြောင်း ဖော်ပြ​ရာ​တွင် တိကျ​အညွှန်း​စကားလုံး​ကို တွေ့ရ​သည်။ ထို့​ကြောင့် သဒ္ဒါ​အရ၊ ဗျာဒိတ် ၁:၁၇ က ဘွဲ့​တစ်ခု​ကို ရည်ညွှန်း​၍ ဟေရှာယ ၄၄:၆ က ယေဟောဝါ​၏ ဘုရား​အဖြစ်တော်​ကို ဖော်ပြ​သည်။

^ အပိုဒ်၊ 6 (“anʹ​ge·​los” အိ​န်း​ဂျဲ​လော့​စ်​ဟူ၍ အသံထွက်​သော) ဂရိ​စာလုံး agʹ​ge·​los သည် “စေတမန်” ကို​ဖြစ်စေ၊ “ကောင်းကင်တမန်” ကို​ဖြစ်စေ ဆိုလို​သည်။ မာလခိ ၂:၇ ၌ လေဝိ​ယဇ်ပုရောဟိတ်​တစ်ဦး​ကို “စေတမန်” (ဟေဗြဲ​လို mal·’akhʹ မာ​လ်အာ့ခ်) အဖြစ် ညွှန်းဆို​သည်။—ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်]

စုံစမ်း​ချိန်​နှင့် တရား​စီရင်​ချိန်

ယေရှုသည် အေဒီ ၂၉ ခုနှစ်၊ အောက်တိုဘာ​လ​ခန့်​တွင် ယော်ဒန်​မြစ်​၌ နှစ်ခြင်း​ခံ​၍ မင်းလောင်း​အဖြစ် ဘိသိက်ခံ​တော်​မူ​သည်။ သုံးနှစ်ခွဲ​အကြာ အေဒီ ၃၃ ခုနှစ်​၌ ယေရုရှလင်​မြို့ ဗိမာန်တော်သို့​ကြွ​၍ ၎င်းကို ဓားပြ​တွင်း ဖြစ်စေ​သူတို့အား နှင်ထုတ်​လေ​သည်။ ၎င်းနှင့်​အလားတူ​သည့် သုံးနှစ်ခွဲ​ကာလ​တစ်ခု ရှိ​ဟန်​တူ​သည်။ ထို​ကာလ​သည် ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ​လ​တွင် ကောင်းကင်​၌ ယေရှု​နန်းထိုင်​ချိန်​မှ စတင်​သည်။ ဘုရားသခင့်​အိမ်တော်​မှ အစပြု​သော တရား​စီရင်​ချိန်​ရောက်​သည်​နှင့် အမည်ခံ​ခရစ်ယာန်​များ​ကို စစ်ဆေး​ရန် ကြွလာ​သည့် အချိန်တိုင်​အောင်​ဖြစ်သည်။ (မဿဲ ၂၁:၁၂၊ ၁၃; ၁ ပေတရု ၄:၁၇) ၁၉၁၈ ခုနှစ်၊ နှစ်ဦး​ပိုင်း​၌ ယေဟောဝါ လူမျိုးတော်​၏ နိုင်ငံတော်​လုပ်ငန်း​သည် ကြီးမားသော အတိုက်အခံ​နှင့် ကြုံ​ခဲ့​ရသည်။ ကမ္ဘာ​တစ်ခွင်လုံး စုံစမ်း​ချိန်​ဖြစ်သည်။ ကြောက်ရွံ့​သူတို့သည် ဆန်ခါ​ချ​ခံရ​သည်။ ၁၉၁၈ ခုနှစ်၊ မေလ​၌ ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​က ကင်းမျှော်စင်​အသင်း​၏ အမှုဆောင်​အရာရှိများ​အား ထောင်ကျ​စေရန် သွေးထိုးခဲ့​သည်။ သို့​တ​စေ၊ ကိုး​လ​ကြာသော် သူတို့သည် ထောင်​မှ​လွတ်​လာ​ကြသည်။ ထို့နောက် မတရား​စွပ်စွဲချက်​အားလုံး ပျက်ပြယ်​သွား​သည်။ စုံစမ်း​ခံ​၍ သန့်စင်​ပြီး​ဖြစ်သော ဘုရားသခင့်​လူမျိုးတော် အဖွဲ့အစည်း​သည် ၁၉၁၉ ခုနှစ်​မှ​စ၍ ရှေ့သို့​ချီတက်​ကာ ခရစ်တော်​ယေရှု​မင်း​ပြုသော ယေဟောဝါ​နိုင်ငံတော်​သည် လူသား​တို့၏ မျှော်လင့်​ရာ​ဖြစ်​ကြောင်း အားမာန်တက်​ကြွ​စွာ ကြွေးကြော်​ကြ​လေ​သည်။—မာလခိ ၃:၁-၃

၁၉၁၈ ခုနှစ်​၌ ယေရှု ကြွရောက်​စစ်ဆေး​သောအခါ ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် အပြစ်စီရင်​ချက် ချမှတ်​ခံရ​သည်​မှာ မုချ။ သူတို့သည် ဘုရားသခင့် လူမျိုးတော်ကို နှိပ်စက်​ညှဉ်းဆဲ​ရန် သွေးထိုး​ပေး​ရုံ​မ​က ပထမ ကမ္ဘာ​စစ်​အတွင်း ပြိုင်ဘက်​နိုင်ငံ​များ​ကို အားပေး​အား​မြှောက်​ပြုခြင်း​ဖြင့် အကြီးအကျယ် သွေးပြစ်​စွန်း​ခဲ့​သည်။ (ဗျာဒိတ် ၁၈:၂၁၊ ၂၄) ထို့နောက် ၎င်း​ဓမ္မ​ဆရာ​တို့သည် လူ​တို့​တည်ထောင်သော နိုင်ငံ​ပေါင်း​ချုပ်​အသင်း​ကြီး​ကို မျှော်လင့်​အားထားကြ​၏။ ၁၉၁၉ ခုနှစ်​ရောက်​သော် ခရစ်ယာန်ဘောင်​သည် ကမ္ဘာ့​မိစ္ဆာ​ဘာသာရေး အင်ပါယာ​နှင့်အတူ ဘုရားသခင့် မျက်နှာသာတော်​ကို လုံးဝ​လက်လွတ် ဆုံးရှုံး​သွားလေသည်။

[စာမျက်နှာ ၂၈၊ ၂၉ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဧဖက်

စမုရန

ပေရဂံ

သွာတိရ

သာဒိ

ဖိလဒေလဖိ

လောဒိကိ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျမ်းစာ ဘာသာပြန်​သူ၊ ဖတ်ရှု​သူ​သာမက ပိုင်ဆိုင်သူ​တို့ကို​ပင် ညှဉ်းဆဲ​သတ်ဖြတ်​ခဲ့​သော ခရစ်ယာန်ဘောင်​သည် သွေးပြစ် ကြီး​လေး​လှ​၏