မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြို့ကြီး ပျက်သုဉ်းခြင်း

မြို့ကြီး ပျက်သုဉ်းခြင်း

အခန်း ၃၆

မြို့ကြီး ပျက်​သု​ဉ်း​ခြင်း

ရူပါရုံ ၁၂ ဗျာဒိတ် ၁၈:၁–၁၉:၁၀

အကြောင်းအရာ– မဟာ​ဗာဗုလုန်​၏ ကျဆုံး​ခြင်း​နှင့် ပျက်စီးခြင်း။ သိုးသငယ်​၏ ထိမ်းမြား​မင်္ဂလာ​ကို ကြေညာ​ခြင်း

ပြည့်စုံချိန်– ၁၉၁၉ ခုနှစ်​မှ ဆင်းရဲ​ဒုက္ခ​ကြီး ပြီးဆုံးချိန်​အထိ

၁။ အဘယ်အရာက ဆင်းရဲ​ဒုက္ခ​ကြီး​ကို အစပြု​မည်​နည်း။

ဟာ​ဗာဗုလုန်​၏ ဇာတ်သိမ်း​ပုံ​မှာ တုန်လှုပ်​ဖွယ်​ကောင်းသော ရုတ်ခြည်း ပျက်ပြုန်း​ခြင်း​တည်း။ ၎င်း​သည် သမိုင်း​တစ်လျှောက် အကြီးမားဆုံး​သော ကပ်​ဆိုး​ကြီး​ဖြစ်​ပြီး “ကမ္ဘာဦး​မှ​စ၍ ယခု​တိုင်အောင် မဖြစ်​စ​ဖူး၊ နောက်​၌​လည်း မဖြစ်​လတ္တံ့​သော ကြီးစွာသောဒုက္ခ” ကို အစပျိုး​ပါ​လိမ့်​မည်။​—မဿဲ ၂၄:၂၁

၂။ နိုင်ငံရေး​အင်ပါယာ​များ တက်​လိုက်​ကျ​လိုက် ဖြစ်​ခဲ့​သော်လည်း မည်သို့သော​အင်ပါယာ​မူ တည်တံ့​ခဲ့​သနည်း။

မိစ္ဆာ​ဘာသာ တည်ရှိ​လာ​ခဲ့​သည်​မှာ ကြာမြင့်​လှ​ပြီ။ ယေဟောဝါ​ကို​အန်တု​၍ လူ​တို့အား ဘေဘဲလ်​ရဲတိုက် တည်ဆောက်​စေသော သွေး​ဆာ​သူ နိမ်ရောဒ​လက်ထက်​မှ​စ၍ ယနေ့​အထိ အဆက်မပြတ် တည်ရှိ​ခဲ့​သည်။ ထို​သူပုန်များ​၏ ဘာသာ​စကား​ကို ယေဟောဝါ ရှုပ်ထွေး​စေပြီး သူတို့ကို ကမ္ဘာ​အနှံ့​သို့ ကွဲလွင့်​စေတော်မူ​သောအခါ သူတို့နှင့်​အတူ ဗာဗုလုန်​၏ မိစ္ဆာ​ဘာသာ​တရား လိုက်ပါ​သွား​၏။ (ကမ္ဘာဦး ၁၀:၈-၁၀; ၁၁:၄-၉) ထို​အချိန်​မှ​စ၍ နိုင်ငံရေး​အင်ပါယာ​များ တက်​လိုက်​ကျ​လိုက် ဖြစ်​ခဲ့​သော်လည်း ဗာဗုလုန်​ဘာသာ​တရား​မှာ​မူ တည်တံ့​လာ​ခဲ့​သည်။ ၎င်း​သည် သဏ္ဌာန်​အမျိုးမျိုး၊ ပုံစံ​အဖုံဖုံ ပြောင်းလဲ​ခဲ့​ပြီး ပရောဖက်ပြု​ထားသော ကမ္ဘာ့​မိစ္ဆာ​ဘာသာ​အင်ပါယာ မဟာ​ဗာဗုလုန် ဖြစ်လာ​သည်။ ၎င်း​၏​အထင်ပေါ်ဆုံး​အပိုင်း​မှာ ရှေး​ဗာဗုလုန်​ဆိုင်ရာ သွန်သင်ချက်​များနှင့် အယူဝါဒ​ဖောက်ပြန်သော “ခရစ်ယာန်” အယူဝါဒ ရောနှော​ရာ​မှ ပေါက်ဖွား​လာ​သည့် ခရစ်ယာန်ဘောင်​ဖြစ်သည်။ မဟာ​ဗာဗုလုန်​သည် အလွန့်အလွန်​ရှည်လျားသော သမိုင်းကြောင်း​ရှိသောကြောင့် ၎င်း​ဖျက်ဆီး​ခံရ​မည်​ကို လူအများ အ​ယုံရခက်​လှ​၏။

၃။ ဗျာဒိတ်ကျမ်း​က မိစ္ဆာ​ဘာသာ ပျက်​သု​ဉ်း​မည်​ဖြစ်​ကြောင်း မည်သို့​ခိုင်မာ​စေ​သနည်း။

ထို့​ကြောင့် မိစ္ဆာ​ဘာသာ​၏ ကျဆုံး​ခြင်း​အကြောင်း​နှင့်၊ လုံးဝ​ဆိတ်​သု​ဉ်း​ခြင်း အဖြစ်သို့​ရောက်​စေသော နောက်ပိုင်း​အခြင်းအရာ​များနှင့်​ပတ်သက်​၍ ဗျာဒိတ်ကျမ်း​က အသေးစိတ်​ဖော်ပြချက် နှစ်ရပ်​ကို​ပေးခြင်း​ဖြင့် ၎င်း​ဧကန်​ပျက်စီး​မည် ဟူသော​အချက်​ကို အတည်​ဖြစ်စေ​သည်​မှာ လျောက်ပတ်​ပေ​သည်။ အဆုံး​၌ နိုင်ငံရေး​နယ်ပယ်​မှ ရည်းစား​ဟောင်း​များ​၏ ဖျက်ဆီး​ချေမှုန်း​ခြင်း​ကို​ခံရ​သော “ပြည့်တန်ဆာ​ကြီး” အဖြစ် ကျွန်ုပ်​တို့ တွေ့ခဲ့​ပြီး​ဖြစ်၏။ (ဗျာဒိတ် ၁၇:၁၊ ၁၅၊ ၁၆) ယခု​ဆိုလျှင် နောက်​ရူပါရုံ​တစ်ခု​၌ ၎င်းကို ရှေး​ဗာဗုလုန်​မြို့​၏ ဘာသာရေး ဥ​ပ​မေ​ယျ​အဖြစ် မြင်ရ​မည်​ဖြစ်၏။

မဟာ​ဗာဗုလုန် တ​လိမ့်​ခေါက်​ကွေး​ကျ​ခြင်း

၄။ (က) အဘယ်​ရူပါရုံ​ကို ယောဟန် ဆက်လက်​မြင်ရ​သနည်း။ (ခ) ထို​ကောင်းကင်တမန် မည်သူ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​ခွဲခြား​သိရှိ​နိုင်​သနည်း၊ မဟာ​ဗာဗုလုန်​ကျဆုံး​ခြင်း​ကို သူ​ကြေညာ​သည်​မှာ အဘယ်ကြောင့် လျောက်ပတ်​သနည်း။

ယောဟန် ဤသို့​ဆက်၍​ဖော်ပြ​၏– “ဤ​အရာများ​နောက်​၌ ကြီးစွာ​သော အခွင့်အာဏာ​ရှိသည့် အခြား​ကောင်းကင်တမန်​တစ်ပါး ကောင်းကင်​မှ ဆင်းသက်လာ​သည်ကို ငါ​မြင်ရ​၏။ မြေကြီး​သည် သူ၏​ဘုန်း​ရော​င်​ကြောင့် ထွန်းလင်း​လေ​၏။ သူက အား​ကြီးသော​အသံ​ဖြင့် ဤသို့​ဟစ်ကြော်​၏– ‘မဟာ​ဗာဗုလုန် ကျဆုံး​ပြီ၊ ကျဆုံး​ပြီ။’ ” (ဗျာဒိတ် ၁၈:၁၊ ၂က) ဤ​ကောင်းကင်တမန် ကြေညာ​ချက်​ကို ယောဟန် ဒုတိယ​အကြိမ် ကြား​ရခြင်း​ဖြစ်၏။ (ဗျာဒိတ် ၁၄:၈ ရှု။) သို့ရာတွင် ဤ​တစ်ကြိမ်​တွင် ကောင်းကင်တမန်​၏ ဘုန်း​ကျက်သရေ​က ၎င်း​ကြေညာ​ချက်​ကို လေးနက်​ထူးခြား​စေ​သည်။ အကြောင်း​မှာ သူ၏​ဘုန်း​ရော​င်​ကြောင့် မြေကြီး​တစ်ပြင်လုံး ထွန်းလင်း​လေ​၏။ ဤ​ကောင်းကင်တမန်​သည် မည်သူ​ဖြစ်​နိုင်​သနည်း။ ထို​အချိန်​မတိုင်မီ ရာစုနှစ်များစွာ​အထက်​၌ ယေဇကျေလ​က ကောင်းကင်​ဆိုင်ရာ ရူပါရုံ​တစ်ခု​အကြောင်း သတင်းပေး​ပို့​ရာ​၌ “[ယေဟောဝါ] ၏​ရောင်ခြည်​တော်​အားဖြင့် မြေတစ်ပြင်လုံး​လင်း​၏” ဟု​ဆို​၏။ (ယေဇကျေလ ၄၃:၂) ယေဟောဝါ​၏ ဘုန်း​ရော​င်​ကဲ့သို့ ထွန်းတောက်​နိုင်သော တစ်ပါး​တည်း​သော ကောင်းကင်တမန်​မှာ သခင်​ယေရှု​သာ​ဖြစ်၏။ ကိုယ်တော်​သည် “ဘုရားသခင်​၏ ဘုန်းတော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်တော်​၏ ပုံသဏ္ဌာန်​ဖြစ်” တော်​မူ​၏။ (ဟေဗြဲ ၁:၃) ၁၉၁၄ ခုနှစ်​၌ ယေရှုသည် ကောင်းကင်ဘုရင် ဖြစ်လာ​ပြီး ထို​အချိန်​ကတည်းက ယေဟောဝါ​၏ တွဲဖက်​ဘုရင် တရားသူကြီး​အနေ​နှင့် မြေကြီးပေါ် အာဏာ​ဖြန့်ကြက်​လျက်​နေ​လေ​ပြီ။ သို့​ဖြစ်၍ မဟာ​ဗာဗုလုန်​ကျဆုံး​ခြင်း​ကို ကိုယ်တော် ကြေညာ​သည်​မှာ လျောက်ပတ်​လှ​၏။

၅။ (က) မဟာ​ဗာဗုလုန် ကျဆုံး​ခြင်း​ကို ကြေညာ​ရာ​၌ ကောင်းကင်တမန်​က မည်သူ​များ​ကို သုံး​သနည်း။ (ခ) “ဘုရားသခင်​၏ အိမ်တော်သား” အမည်ခံ​သူများကို စတင် တရား​စီရင်တော်မူ​သောအခါ ခရစ်ယာန်ဘောင် မည်သို့​ရှိ​သနည်း။

ကြီးစွာ​သော အခွင့်အာဏာ​ပိုင်​သူ ဤ​ကောင်းကင်တမန်​သည် လူသားတို့အား ထို​အံ့ဖွယ်သော​သတင်းကို ကြေညာ​ရာ​၌ မည်သူ​များ​ကို အသုံးပြု​တော်​မူ​သနည်း။ ဗာဗုလုန် ကျဆုံး​ခြင်း​ကြောင့် လွတ်မြောက်​လာသော​လူများ​မှာ၊ မြေကြီးပေါ်​ရှိ ဘိသိက်ခံ​အကြွင်းအကျန်​များ၊ ယောဟန်​အတန်းအစား​ပင်​တည်း။ သူတို့သည် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်​အထိ မဟာ​ဗာဗုလုန်​လက်၌ အလူးအလိမ့် ဆင်းရဲခံ​ခဲ့​ရ​သော်လည်း ၁၉၁၈ ခုနှစ်​တွင် အရှင်​ယေဟောဝါ​နှင့် “[အာဗြဟံ​ဆိုင်ရာ] ပဋိညာဉ်​တမန်​တော်” ယေရှု​ခရစ်​တို့သည် ခရစ်ယာန်​အမည်ခံ​သော “ဘုရားသခင်​၏ အိမ်တော်သား​တို့” ကို စတင်​တရား​စီရင်တော်မူ​၏။ သို့​ဖြစ်၍ အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​သည် စစ်ဆေးခံ​ရ၏။ (မာလခိ ၃:၁; ၁ ပေတရု ၄:၁၇) ပထမ​ကမ္ဘာ​စစ်​အတွင်း ခရစ်ယာန်ဘောင် ကျူးလွန်​ခဲ့​သော ကြီး​လေး​သည့် သွေးစွန်း​ခြင်း​အပြစ်၊ ယေဟောဝါ​၏ သစ္စာရှိ​သက်သေ​များ​အား နှိပ်စက်​ညှဉ်းပန်း​ခြင်း​တွင် ကြံရာပါ​အပြစ်​နှင့် ၎င်း​၏​ဗာဗုလုန်​ဆိုင်ရာ အယူဝါဒ​တို့သည် တရား​စီရင်​ချိန်​အတွင်း ၎င်း​အဖို့ ဘာ​အထောက်အကူ​မျှ မပြု​ခဲ့​ချေ။ မဟာ​ဗာဗုလုန်​၏ အခြား​မည်သည့် အစိတ်အပိုင်း​မျှ​လည်း ဘုရားသခင့် မျက်နှာသာတော်​နှင့် ထိုက်တန်​ခြင်း မရှိခဲ့​ချေ။​—ဟေရှာယ ၁၃:၁-၉ နှိုင်းယှဉ်။

၆။ ၁၉၁၉ ခုနှစ်​၌ မဟာ​ဗာဗုလုန် ကျဆုံး​ပြီ​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

ထို့​ကြောင့် ၁၉၁၉ ခုနှစ်​ရောက်​သော် မဟာ​ဗာဗုလုန် ကျဆုံးသွား​ပြီး ဘုရားသခင့်​လူမျိုးတော် လွတ်မြောက်​လာ၍ မိမိတို့၏ ဝိညာဉ်​ရေး ကြီးပွား​ချမ်းသာခြင်း နေပြည်တော်​သို့ တစ်နေ့​ချင်း​အလား ပြန်လည်​ရောက်ရှိ သွား​ကြ​လေ​သည်။ (ဟေရှာယ ၆၆:၈) ထို​နှစ်​၌ သာ၍​ကြီးမြတ်သော ဒါရိ​မင်း​နှင့် သာ၍​ကြီးမြတ်သော ကုရုမင်း​တည်း​ဟူသော ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့သည် ယေဟောဝါ​၏ လူမျိုးတော်ကို မိစ္ဆာ​ဘာသာ​တရား​က ဆက်​ပြီး​မချုပ်ကိုင်​စေရန် အကွက်​ဆင်​ခဲ့​သည်။ မိစ္ဆာ​ဘာသာ​တရားသည် ယေဟောဝါ​၏ လူမျိုးတော်​အား ယေဟောဝါ​ကို ဝတ်မပြု​စေနိုင်​ရန် မတားဆီး​နိုင်​တော့​ချေ။ ပြည့်တန်ဆာ​နှင့်​တူသော မဟာ​ဗာဗုလုန်​သည် ဧကန်​ပျက်စီး​မည်​ဖြစ်​ကြောင်း၊ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော် သင်္ကာ​ယန ကင်း​တော့​မည်​ဖြစ်​ကြောင်း နားထောင်​မည့်​ပုဂ္ဂိုလ်​များ​အား မကြား​ပြော​နိုင်​ရန်​လည်း မတားဆီး​နိုင်​တော့​ချေ။​—ဟေရှာယ ၄၅:၁-၄; ဒံယေလ ၅:၃၀၊ ၃၁

၇။ (က) ၁၉၁၉ ခုနှစ်​၌ မဟာ​ဗာဗုလုန် ဖျက်ဆီး​မခံရ​သော်လည်း သူ့​အား ယေဟောဝါ မည်သို့​ရှုမှတ်​တော်​မူ​သနည်း။ (ခ) ၁၉၁၉ ခုနှစ်​၌ မဟာ​ဗာဗုလုန် ကျဆုံး​သောအခါ ယေဟောဝါ​၏ လူမျိုးတော်အပေါ် အဘယ်​အကျိုး သက်ရောက်​ခဲ့​သနည်း။

၁၉၁၉ ခုနှစ်​၌ မဟာ​ဗာဗုလုန် မပျက်စီး​ခဲ့​သည်​မှာ မှန်​၏​—ဘီစီ ၅၃၉ ခုနှစ်​၌ ရှေး​ဗာဗုလုန်​မြို့ ပေရသိ​ဘုရင် ကုရု​၏​စစ်တပ်​လက်​သို့ ကျရောက်​ခဲ့​စဉ် မပျက်စီး​ခဲ့​သည်​နည်းတူ​ဖြစ်၏။ သို့သော် ယေဟောဝါ​၏​အမြင်​တွင် ထို​အဖွဲ့အစည်း​သည် ကျဆုံး​ခဲ့ပြီ​ဖြစ်၏။ ၎င်း​သည် တရား​စီရင်ချက် ချမှတ်​ခံရ​ပြီး အဆုံးစီရင်​ခြင်း​ခံ​ဖို့ စောင့်ဆိုင်း​လျက်​နေ​၏။ ထို့​ကြောင့် မိစ္ဆာ​ဘာသာ​တရားသည် ယေဟောဝါ​၏ လူမျိုးတော်ကို မ​ချုပ်နှောင်​နိုင်​တော့​ချေ။ (လုကာ ၉:၅၉၊ ၆၀ နှိုင်းယှဉ်။) ယေဟောဝါ​၏ လူမျိုးတော်သည် လွတ်မြောက်​လာပြီး အချိန်တန် ဝိညာဉ်​အစာ ကျွေးမွေးခြင်း​အမှု​အတွက် အရှင်​၏ သစ္စာ​နှင့် သတိ​ပညာရှိ​ကျွန်​အဖြစ် အမှုတော်ထမ်း​ရွက်​ကြ​၏။ သူတို့သည် “ကောင်း​လေ​စွ” ဟူသော စီရင်ချက်​ကို​ခံရ​၍ ယေဟောဝါ​၏ အမှုတော်ကို တစ်ဖန် အားကြိုးမာန်တက် ဆောင်ရွက်​ကြ​ရန် စေ​ခန့်​ခံရ​လေ​ပြီ။​—မဿဲ ၂၄:၄၅-၄၇က​ဘ; ၂၅:၂၁၊ ၂၃; တမန်​တော် ၁:၈

၈။ ဟေရှာယ ၂၁:၈၊ ၉ မှ ကင်းစောင့်​က အဘယ်​အခြင်းအရာ​ကို ကြေညာ​သနည်း၊ သူသည် ယနေ့​မည်​သူ့ကို တင်ကူး​အရိပ်​ပြ​ခဲ့​သနည်း။

အနှစ်​ထောင်ပေါင်း​များစွာ အထက်​၌ ယေဟောဝါ​သည် အခြား​ပရောဖက်​များ​ကို​သုံးပြီး တစ်ခေတ်​ဆန်း​စေသော ဤ​အခြင်းအရာ​အကြောင်းကို တင်ကူး​မိန့်ဆိုခဲ့သည်။ “‘သခင်၊ ကျွန်တော်​သည် နေ့​အချိန်၌ ကင်းမျှော်စင်​ပေါ်မှာ အစဉ်​ရပ်၍ တစ်ည​ဉ့်​လုံး​၌​လည်း ကင်းစောင့်​လျက်​နေပါ​၏’ . . . ဟု ခြင်္သေ့​ကဲ့သို့​ကြွေးကြော်” သော ကင်းစောင့်​တစ်ဦး​အကြောင်း ဟေရှာယ​က​ဆို​၏။ ၎င်း​ကင်းစောင့်​သည် ဘာကို​မြင်​၍ ခြင်္သေ့​ကဲ့သို့​သော​သတ္တိ​ဖြင့် ကြွေးကြော်​သနည်း။ “ဗာဗုလုန်​မြို့ ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ၊ သူ၏​ဘုရား​ရုပ်တုဆင်းတု ရှိသမျှ​တို့သည် မြေပေါ်မှာ ကျိုးပဲ့​လျက် ရှိကြပါ​သည်” ဟူသော​အချက်​ပင်​တည်း။ (ဟေရှာယ ၂၁:၈၊ ၉) ထို​ကင်းစောင့်​သည် နိုးနိုးကြားကြား​ရှိသော ယနေ့​ယောဟန်​အတန်းအစား​ကို တင်ကူး​အရိပ်​ပြ​၏။ ယောဟန်​အတန်းအစား​သည် ကင်းမျှော်စင် နှင့် အခြား​သီအိုကရက်တစ် စာပေ​စာတမ်း​များ​ကို​သုံး​လျက် ဗာဗုလုန်​ကျဆုံး​ပြီ ဟူသော​သတင်းကို အနှံ့အပြား ကြေညာ​၏။

မဟာ​ဗာဗုလုန် တန်ခိုး​မှေးမှိန်​လာ​ခြင်း

၉၊ ၁၀။ (က) ပထမ​ကမ္ဘာ​စစ်​မှ​စ၍ ဗာဗုလုန်​ဘာသာ​တရားသည် မည်သို့ သြဇာ​ဆုတ်ယုတ်​လာ​သနည်း။ (ခ) မဟာ​ဗာဗုလုန်​၏ ကျဆုံး​ခြင်း​အခြေအနေ​ကို အား​ကြီးသော ကောင်းကင်တမန်​က မည်သို့​ဖော်ပြ​သနည်း။

ရှေး​ဗာဗုလုန်​သည် ဘီစီ ၅၃၉ ခုနှစ်​၌ ကျဆုံး​ရာ​မှ ကာလ​ကြာရှည်​စွာ တန်ခိုး​မှေးမှိန်​လာပြီး နောက်ဆုံး​၌ လူ​မနေ​သည့်​အဖြစ်သို့ ရောက်​ခဲ့​သည်။ ထို့​နည်းတူ ပထမ​ကမ္ဘာ​စစ်​မှ​စ၍ ဗာဗုလုန်​ဆန်​သော ဘာသာ​တရား​၏ ဩဇာ​လည်း ကမ္ဘာ​တစ်ခွင်လုံး​တွင် သိသိသာသာ မှေးမှိန်​လာ​သည်။ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ဂျပန်​နိုင်ငံ​၌ ရှင်​တို​ဧကရာဇ် ကိုးကွယ်​ခြင်း​ကို တားမြစ်​ပိတ်ပင်​ခဲ့​သည်။ တရုတ်​နိုင်ငံ​၌ ဘာသာရေးဆိုင်ရာ ရာထူး​ခန့်အပ်​ခြင်း​နှင့် လှုပ်ရှားမှု​မှန်သမျှကို ကွန်မြူနစ်​အစိုးရ​က ချုပ်ကိုင်​ထား​၏။ ပရိုတက်စတင့် ဘာသာဝင်​ဖြစ်သော မြောက်​ဥရောပ​၌ လူအများ​ထု​သည် ဘာသာ​တရားကို စိတ်မဝင်စား​ကြ​တော့​ချေ။ မကြာသေးမီ​က ရို​မင်​ကက်သလစ်​အသင်း​လည်း မိမိ၏​ကမ္ဘာချီ နယ်ပယ်​အတွင်းရှိ ဂိုဏ်းကွဲ​မှု​နှင့် အတွင်းရေး ပဋိပက္ခ​များ​ကြောင့် ချိ​နဲ့​အားနည်း​လာ​၏။​—မာကု ၃:၂၄-၂၆ နှိုင်းယှဉ်။

၁၀ အထက်ပါ ခေတ်​ရေစီးကြောင်း​အားလုံး​မှာ ‘ဥဖရတ်​မြစ် ခန်းခြောက်​ခြင်း’ ၏ တစ်စိတ်​တစ်ပိုင်း ဖြစ်သည်​မှာ သံသယ​မရှိ။ စစ်ရေး​အရ မဟာ​ဗာဗုလုန်​ကို တိုက်ခိုက်​ရန် ပြင်ဆင်ခြင်း​ဖြစ်၏။ ကြီးမားသော လို​ငွေ​ပြ​မှု​ကြောင့် ချာ့ခ်ျ​သည် “နောက်​တစ်ဖန် ဖုန်း​တောင်း ယာ​စ​ကာ​ခံ” ရမည်​ဟူသော ပုပ်​ရဟန်း​မင်း​၏ ၁၉၈၆ ခုနှစ်၊ အောက်တိုဘာ ကြေညာ​ချက်​က​လည်း ‘ရေ​ခန်းခြောက်​နေကြောင်း’ ကို​ပြ​၏။ (ဗျာဒိတ် ၁၆:၁၂) အား​ကြီးသော ကောင်းကင်တမန်​၏ အောက်ပါ​ကြေညာ​ချက်​အတိုင်း မဟာ​ဗာဗုလုန်​သည် အထူးသဖြင့် ၁၉၁၉ ခုနှစ်​မှ​စ၍ အများ​တကာ အံ့ဩ​၍​စိုက်ကြည့်​စ​ရာ ဝိညာဉ်​ရေး​လွင်တီးခေါင်​အဖြစ် ထင်ရှား​လာ​သည်– “နတ်ဆိုး​များ နေထိုင်ရာ၊ မစင်ကြယ်​သော ထွက်သက်​လေ​အမျိုးမျိုး ခိုအောင်းရာ၊ ရွံမုန်းဖွယ်​ကောင်း​၍ မစင်ကြယ်​သော ငှက်​အမျိုးမျိုး ပုန်းခိုရာ​အရပ် ဖြစ်​လေ​ပြီ။” (ဗျာဒိတ် ၁၈:၂ခ) မကြာမီ မဟာ​ဗာဗုလုန်​သည် မျက်မှောက်ခေတ် အီရတ်​နိုင်ငံ​ရှိ ဗာဗုလုန်​မြို့ အ​ပြို​အပျက်​ကဲ့သို့ ပကတိ​လွင်တီးခေါင် ဖြစ်လာ​လိမ့်​မည်။​—ယေရမိ ၅၀:၂၅-၂၈ လည်း​ရှု။

၁၁။ မဟာ​ဗာဗုလုန်​သည် အဘယ်​အဓိပ္ပာယ်​အရ “နတ်ဆိုး​များနေ​ထိုင်​ရာ”၊ ‘မစင်ကြယ်​သော ထွက်သက်​လေ​အမျိုးမျိုးနှင့် ရွံမုန်းဖွယ်​ကောင်း​၍ မစင်ကြယ်​သော ငှက်​အမျိုးမျိုး ပုန်းခိုရာ​အရပ်​ဖြစ်’ ခဲ့ပြီ​နည်း။

၁၁ ဤ​တွင် “နတ်ဆိုး” ဟူသော​စကားလုံး​သည် ဗာဗုလုန် ကျဆုံး​ခြင်း​ဆိုင်ရာ ဟေရှာယ​၏ အောက်ပါ​ဖော်ပြချက်​မှ “ဆိတ်​အသွင်​ရှိ နတ်ဆိုး​များ” (se‘i·​rimʹ) ဟူသော​စကားလုံး​၏ အဓိပ္ပာယ် ထင်ဟပ်​ချက် ဖြစ်ပုံရ​သည်– “တောသား​ရဲ​တို့သည် ထို​မြို့၌ အိပ်​ကြလိမ့်မည်။ အိမ်​တို့သည် မြည်​တတ်သော တိရစ္ဆာန်​များနှင့် အပြည့်​ရှိကြ​လိမ့်​မည်။ ကုလားအုတ်​ငှက်​တို့​လည်း နေရာကျ​၍ မျောက်​တို့ [“ဆိတ်​အသွင်​ရှိ နတ်ဆိုး​များ၊” က​ဘ] လည်း ကခုန်​ကြလိမ့်မည်။” (ဟေရှာယ ၁၃:၂၁) ပကတိ​နတ်ဆိုး​များ​ကို ရည်ညွှန်းခြင်း​မဟုတ်ဘဲ မြင်​သူများ​စိတ်ထဲ​၌ နတ်ဆိုး​ဟု​ထင်​စေသော သဲကန္တာရ​နေ အမွေး​စု​တ်ဖွား​တိရစ္ဆာန်​များ​ကို ဆိုလို​ဟန်​ရှိသည်။ မဟာ​ဗာဗုလုန်​၏ အပြိုအပျက်များ​ကြားထဲ​၌ ထိုသို့​သော တိရစ္ဆာန်​များ​အပြင် မလှုပ်မရှား ငြိမ်​နေ​တန့်​နေသော အဆိပ်​ရှိသည့် လေ​သေ (“မစင်ကြယ်​သော ထွက်သက်​လေ”) နှင့်​မစင်ကြယ်​သော ငှက်​များ​ရှိ​ခြင်း​က ၎င်း​၏​ဝိညာဉ်​ရေး သေနေ​သည့်​အဖြစ်ကို​ပြ​၏။ လူသားများ​အား အသက်ရှင်ဖို့ ဘာ​အလားအလာကို​မျှ မပေး​ချေ။​—ဧဖက် ၂:၁၊ ၂ နှိုင်းယှဉ်။

၁၂။ မဟာ​ဗာဗုလုန်​၏ အခြေအနေ​သည် အခန်းကြီး ၅၀ မှ ယေရမိ​၏ ပရောဖက်ပြုချက်​နှင့် မည်သို့​ကိုက်ညီ​သနည်း။

၁၂ သူ၏ အခြေအနေ​သည် ယေရမိ​၏ ပရောဖက်ပြုချက်​နှင့် လိုက်ဖက်​၏– “ထာဝရ​ဘုရား မိန့်တော်မူသည်​ကား ဓား​ဘေးသည် ခါလဒဲ​ပြည်သူ၊ ဗာဗုလုန်​မြို့သား​တို့​နှင့်​တကွ မင်း​များ၊ ပညာရှိ​များ​အပေါ်​သို့ သင့်ရောက်​လိမ့်​မည်။ . . . ခန်းခြောက်​ခြင်း​ဘေးသည် မြို့​၏​ရေ​တို့​အပေါ်​သို့​ရောက်​၍ ခန်းခြောက်​ကြလိမ့်မည်။ အကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်တု​တို့​နှင့် အပြည့်​ရှိ၏။ ပြည်သား​တို့သည် ဆင်း​တု​တို့ကို အမှီပြု၍ ဝါကြွား​ကြ​၏။ [“ဆင်း​တု​များ​ကြောင့် ရူးသွပ်​ကြ​လေ​ပြီ၊” သ​မ] ထို့​ကြောင့်၊ တောသား​ရဲ​တို့သည် တောခွေး​တို့​နှင့်​တကွ ထို​မြို့၌ နေကြ​လိမ့်​မည်။ ကုလားအုတ်​ငှက်​တို့သည်​လည်း နေရာကျ​ကြလိမ့်မည်။ နောက်​တစ်ဖန် အဘယ်သူမျှ​မနေ​ရ။ ကာလ​အစဉ်အဆက် လူနေ​ရာ​မဖြစ်ရ။” ရုပ်တု​ကိုးကွယ်​၍ ပတ္ထနာ အထပ်ထပ်​ရွတ်ဆို​ခြင်း​သည် မဟာ​ဗာဗုလုန်​အား သောဒုံ​နှင့် ဂေါမောရ​မြို့များ​ကို မှောက်လှန်​တော်​မူ​သည့် ပုံစံ​အတိုင်း ဘုရားသခင်​၏ အပြစ်ပေး​တော်​မူ​ခြင်း​ကို ခံရ​မည့်​အဖြစ်​မှ မ​ကယ်တင်​နိုင်။​—ယေရမိ ၅၀:၃၅-၄၀

ရာ​ဂ​နှိုးဆွ​သော စပျစ်​ရည်

၁၃။ (က) အား​ကြီးသော ကောင်းကင်တမန်​က မဟာ​ဗာဗုလုန်​၏ ကျယ်ပြန့်​သည့် ပြည့်တန်ဆာ​လုပ်ငန်း​ကို မည်သို့​သတိပြု​စေ​သနည်း။ (ခ) ရှေး​ဗာဗုလုန်​၌​နှံ့ပြား​သော အဘယ်​စာရိတ္တ​ပျက်ပြားမှု​ကို မဟာ​ဗာဗုလုန်​တွင်​လည်း တွေ့ရ​သနည်း။

၁၃ အား​ကြီးသော ကောင်းကင်တမန်​က မဟာ​ဗာဗုလုန်​၏ ပြည့်တန်ဆာ​လုပ်ငန်း မည်မျှ​ကျယ်ပြန့်​ကြောင်း သတိပြု​ကြ​ရန် ဤသို့​ဆက်လက် ကြွေးကြော်​၏– “အကြောင်း​မှာ သူ၏ မတရားမေထုန်​နှင့်​ဆိုင်​သည့် ရာ​ဂ​နှိုးဆွ​သော စပျစ်​ရည်​ကြောင့် လူမျိုးအပေါင်း​တို့သည် သားကောင်​အဖြစ် ကျဆုံး​ကြပြီ။ မြေကြီး​ဘုရင်​တို့သည် သူနှင့် မတရားမေထုန်​ကို ပြု​ကြ​၏။ မြေကြီးပေါ်​မှ နယ်လှည့်​ကုန်သည်​များလည်း သူ၏ အရှက်​မရှိသော စည်းစိမ်​ယစ်​မူး​ခြင်း အစွမ်း​တန်ခိုး​ကြောင့် ချမ်းသာ​ကြွယ်ဝ​ကြ​လေ​ပြီ။” (ဗျာဒိတ် ၁၈:၃) သူသည် တိုင်းနိုင်ငံ​ရှိသမျှ​အား မိမိ၏ မစင်ကြယ်​သော ဘာသာရေး​လမ်းစဉ်​များ​ကို သွတ်သွင်း​ခဲ့ပြီ။ ဂရိ​သမိုင်း​ပညာရှင် ဟီရိုဒိုးတပ်စ်​၏ အဆို​အရ ရှေး​ဗာဗုလုန်​နိုင်ငံ​၌ ကညာပျို​တိုင်း ကျောင်း​ဗိမာန် ဝတ်ပြု​ကိုးကွယ်​မှု​၌ အပျို​ရည် အပျက်​ခံရ​၏။ ကမ္ဘောဒီးယား​နိုင်ငံ​ရှိ အန်​ကော​ဝပ် ဘုရားကျောင်း​မှ စစ်ဒဏ်ကြောင့် ပျက်စီး​နေသည့် ဗုဒ္ဒ​ဘာသာ ပန်း​ပု​ကျောက်ဆစ်​ရုပ်​များ​က​လည်းကောင်း၊ ရာဂစိတ်​ကြွ​စေသော ရွံရှာဖွယ်​မြင်ကွင်း​များ​ဖြင့် ဟိန္ဒူ​ဘုရား ဗိဿနိုး​အား ဝိုင်းရံ​လျက်​နေသည်​ကို ပြ​ထားသော အိန္ဒိယ​နိုင်ငံ ခါ​ဂျူ​ရာ​ဟို​ခေါ် သမိုင်းဝင်​နေရာ​မှ ကျောင်း​ဗိမာန်များ​၌​လည်းကောင်း အော့နှလုံးနာ​ဖွယ် လိင်​ပျက်ပြားမှု ပုံဖော်​ထား​သည်ကို ယနေ့​တိုင်​တွေ့ရှိ​ရသည်။ အမေရိကန်​နိုင်ငံ​တွင် ၁၉၈၇ ခုနှစ်​၌​တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်​၌ နောက်​တစ်ကြိမ်၊ တီဗွီ​ဧဝံဂေလိ တရားဟော​ဆရာများ​၏ လောကကို ကိုင်​လှုပ်​လိုက်​သော စာရိတ္တ​ပျက်ပြား​ခြင်း သတင်းက​လည်းကောင်း၊ ဘာသာရေး အမှုဆောင်​များ​ဘောင်​၌ လိင်​တူ​ဆက်ဆံမှု နှံ့ပြား​ခြင်း​သတင်းက​လည်းကောင်း ခရစ်ယာန်ဘောင်​က​ပင် ပကတိ​မတရားမေထုန် စခန်း​ကုန်​လမ်း​ကုန် အလွန်အမင်း ကျူးလွန်​ခြင်း​ကို သည်းခံ​ခွင့်ပြု​ကြောင်း ထင်ရှားစေ​၏။ သို့​တ​စေ၊ တိုင်းနိုင်ငံ​ရှိသမျှ​တို့သည် ထို့​ထက်​ဆိုးသော​မတရားမေထုန်​၏ သားကောင်​ဖြစ်​ခဲ့​ရပြီ။

၁၄-၁၆။ (က) ဖက်ဆစ်​အီတလီ​နိုင်ငံ​၌ ဝိညာဉ်​ရေး​အရ မတရားသော အဘယ်​ဘာသာရေး​နှင့် နိုင်ငံရေး​ဆက်ဆံမှု ဖြစ်ပေါ်​ခဲ့​သနည်း။ (ခ) အက်​ဘ​စီး​နီး​ယား​ကို အီတလီ ကျူးကျော်​သောအခါ ရို​မင်​ကက်သလစ်​ချာ့ခ်ျ ဂိုဏ်းအုပ်​ဘုန်းကြီး​များ​က အဘယ်​ကြေညာ​ချက်​များ ထုတ်ပြန်ခဲ့​ကြ​သနည်း။

၁၄ နာဇီ​ဂျာမနီ​နိုင်ငံ​၌ ဟစ်တလာ​အား တစ်ခဏချင်း အရှိန်အဟုန်​ဖြင့် အာဏာ​တက်လာ​စေသည့် မတရားသော ဘာသာရေး​နှင့် နိုင်ငံရေး ဆက်ဆံမှု​အကြောင်းကို ကျွန်ုပ်​တို့ သုံးသပ်​ခဲ့ပြီ​ဖြစ်၏။ လောကီ​ရေးရာ​၌ ဘာသာရေး​က ဝင်စွက်​သောကြောင့် အခြား​တိုင်းနိုင်ငံ များစွာလည်း ခံရ​ကြ​၏။ ဥပမာ– ၁၉၂၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်​နေ့၌ ဖက်ဆစ်​အီတလီ​နိုင်ငံ​တွင် မူ​ဆို​လီ​နီ​နှင့် ဂိုဏ်းချုပ် ဂါ​စ်​ပါရီ လက်​တ​ရင် စာချုပ်​ကို​ချုပ်ဆို​၍ ဗက်တီကင်​မြို့ကို အချုပ်အခြာအာဏာ​ပိုင် နိုင်ငံ​တစ်နိုင်ငံ ဖြစ်စေ​ခဲ့​သည်။ ပုပ်​ရဟန်း​မင်း ဆယ့်တစ်​ယောက်​မြောက် ပိုင်းယပ်စ်​က မိမိသည် “အီတလီ​ကို ဘုရားသခင်​အား​လည်းကောင်း၊ ဘုရားသခင်​ကို အီတလီ​အား​လည်းကောင်း ပြန်အပ်​လိုက်ပြီ” ဟု​ဆို​၏။ သူ့​အဆို မှန်​သလော။ ခြောက်​နှစ်​ကြာပြီးနောက် ဘာဖြစ်​ခဲ့​သည်ကို ကြည့်​ပါ။ ၁၉၃၅၊ အောက်တိုဘာ ၃ ရက်​နေ့တွင် အီတလီ​က အက်​ဘ​စင်း​နီး​ယား​နိုင်ငံ​သည် “ကျွန်​စနစ်​ကို ကျင့်သုံး​နေဆဲ ရိုင်းစိုင်း​သော တိုင်းပြည်​ဖြစ်သည်” ဆို​ကာ ၎င်းကို ဝင်ရောက်​ကျူးကျော်​၏။ တကယ်​ရိုင်းစိုင်း​သူ​မှာ မည်သူ​နည်း။ မူ​ဆို​လီ​နီ​၏ ရိုင်းစိုင်း​မှု​ကို ကက်သလစ်​ချာ့ခ်ျ​က ပြစ်တင်​ရှုတ်ချ​သလော။ ပုပ်​ရဟန်း​မင်း​က အဓိပ္ပာယ် မရေရာ​သော​အဆိုကို ထုတ်ပြန်ခဲ့​သော်လည်း သူ၏ ဂိုဏ်းအုပ်​ဘုန်းကြီး​များ​က အီတာလျံ “အဖ​နိုင်ငံ” ၏ လက်နက်ကိုင်​တပ်ဖွဲ့​များ​ကို ခပ်​ပြောင်​ပြောင်​ပင် ကောင်းချီး​ပေး​ကြသည်။ အန်ထော်နီ​ရို့စ်​က အာဏာရှင်​များ ကြီးစိုး​သော​ခေတ်​ရှိ ဗက်တီကင် ဟူသော​စာအုပ်​၌ ဤသို့​ရေးသား တင်ပြ​လိုက်​သည်–

၁၅ “[အီတလီ​နိုင်ငံ] အူး​ဒီး​နဲ​နယ်​၏ ဂိုဏ်းအုပ်​ဘုန်းကြီး​က [၁၉၃၅ ခုနှစ်] အောက်တိုဘာ ၁၉ ရက်​နေ့စွဲ​ဖြင့် မိမိ၏​ဂိုဏ်းအုပ် အမှာစာ​တွင် အောက်ပါ​အတိုင်း ရေးသား​လိုက်​သည်– ‘ဤ​ကိစ္စ​မှား​သည်၊ မှန်သည်​ဟု ကျွန်ုပ်​တို့​ပြော​ဖို့ အချိန်မတန်​သေး​ပါ။ ပြော​ဖို့​လည်း​မသင့်​ပါ။ အီတာလျံ​များ​အနေ​ဖြင့်​သာမက ခရစ်ယာန်​အနေ​ဖြင့် ကျွန်ုပ်​တို့၏​တာဝန်​မှာ ကျွန်ုပ်​တို့၏​တပ်မဟာ အောင်မြင်မှု​အတွက် အထောက်အကူ ပြု​ရန်ဖြစ်​သည်။’ အောက်တိုဘာ ၂၁ ရက်​နေ့၌ ပါး​ဂျူး​အား​နယ်​၏ ဂိုဏ်းအုပ်​ဘုန်းကြီး​က ‘ကျွန်ုပ်​တို့ ဖြတ်ကျော်​နေသော ခက်ခဲ​သည့် အချိန်ပိုင်း​၌ ကျွန်ုပ်​တို့၏ နိုင်​ငံ့​ခေါင်းဆောင်​များနှင့် လက်နက်ကိုင်​တပ်ဖွဲ့​များ​အပေါ် ယုံကြည်​ကြ​ရန် ကျွန်ုပ်​တို့ တောင်းဆို​ပါ​သည်’ ဟု​ရေးသား​လိုက်​၏။ အောက်တိုဘာ ၂၄ ရက်​နေ့၌ ခ​ရီ​မိုး​နား​နယ်​၏ ဂိုဏ်းအုပ်​ဘုန်းကြီး​က စစ်တပ်​အလံ တော်​တော်​များများ​ကို ဘုရားထံ​အပ်နှံ​ပြီး အောက်ပါ​အတိုင်း​ဆို​၏– ‘ဒီ​ရဲ​ဘော်​များ​အပေါ် ဘုရားသခင်​ရဲ့​ကောင်းချီး သက်ရောက်​ပါစေ။ သူတို့ဟာ အာဖရိက​မြေပေါ်မှာ အီတာလျံ ပါရမီ​ရှင်​များ​အတွက် မြေဆီမြေနှစ်​ကောင်း​တဲ့ နယ်​သစ်​မြေ​သစ်​တွေ​ကို သိမ်းပိုက်​ကြ​ပါ​လိမ့်မယ်။ ဒီ​နည်း​အားဖြင့် သူတို့ဆီ​ကို ရောမ​နဲ့ ခရစ်ယာန်​ယဉ်ကျေးမှု ယူဆောင်​သွားပါလိမ့်မယ်။ အီတလီ​နိုင်ငံ​ဟာ ကမ္ဘာ​တစ်ခုလုံး​အတွက် ခရစ်ယာန် အာစရိယ​အဖြစ် နောက်​တစ်ဖန် ရပ်တည်​နိုင်​ပါစေ။’”

၁၆ အက်​ဘ​စင်း​နီး​ယား​နိုင်ငံ​သည် ရို​မင်​ကက်သလစ် ဘုန်းကြီး​များ​၏ ကောင်းချီး​ဖြင့် အဓမ္မ သိမ်းပိုက်​ခံရ​၏။ ဤ​ဘုန်းကြီး​များ​ထဲ​မှ တစ်ဦး​တစ်ယောက်​က “လူအပေါင်း​တို့၏ အသွေး​နှင့် ငါ​ကင်းလွတ်​သည်” ဟု တမန်​တော်​ပေါလု ဆို​သကဲ့သို့ တစ်နည်း​နည်းဖြင့် ဆိုနိုင်​သလော။​—တမန်​တော် ၂၀:၂၆

၁၇။ စပိန်​နိုင်ငံ​၏ ဘုန်းကြီး​အုပ်စု​သည် မိမိတို့၏ “ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ . . . ထုလုပ်” ခြင်း​ကိစ္စ​တွင် ပျက်ကွက်​ခဲ့​သည့်​အတွက် ၎င်း​နိုင်ငံ​သည် မည်သို့​ခံရ​သနည်း။

၁၇ ဂျာမနီ၊ အီတလီ​နှင့် အက်​ဘ​စင်း​နီး​ယား​အပြင်၊ မဟာ​ဗာဗုလုန်​ကျူးလွန်​သော မတရားမေထုန်​၏ သားကောင်​ဖြစ်​ခဲ့​ရသည့် နောက်​တစ်နိုင်ငံ​မှာ စပိန်​နိုင်ငံ​တည်း။ စပိန်​နိုင်ငံ​၌​ဖြစ်ပွား​သော ၁၉၃၆-၃၉ ခုနှစ် ပြည်တွင်းစစ်​သည် တစ်နည်း​အားဖြင့် ရို​မင်​ကက်သလစ်​ချာ့ခ်ျ​၏ ကြီးမားသော တန်ခိုး​အာဏာကို ဒီမိုကရက်တစ်​အစိုးရ​က လျှော့ချ​ရန် အားထုတ်​ရာ​မှ စတင်​ဖြစ်ပွား​ခဲ့​သည်။ ပြည်တွင်းစစ် ဖြစ်နေ​စဉ် တော်လှန်ရေး​တပ်​များ​၏ ကက်သလစ် ဖက်ဆစ်​ခေါင်းဆောင် ဖ​ရန်ကို​က “သန့်ရှင်းသော ခရူးဆိတ်​၏ ခရစ်ယာန် စစ်​သေ​နာ​ပ​တိ​ချုပ်” ဟူသော​ဘွဲ့​ကို ခံယူ​လိုက်​သည်။ ၎င်း​ဘွဲ့​ကို နောက်ပိုင်း၌ သူ​လက်လွှတ်​လိုက်​သည်။ ထို​စစ်​ထဲ​၌ စပိန်​လူမျိုး သိန်း​ချီ​၍ ကျဆုံး​ခဲ့​သည်။ ၎င်း​ပြင် လျှော့ပေါ့​ခန့်မှန်းချက် တစ်ချက်​အရ ဖ​ရန်ကို​၏ အမျိုးသားရေး​ဝါဒီ​များသည် ပြည်​သူ့​တပ်​ဦး အဖွဲ့ဝင်​ပေါင်း ၄၀,၀၀၀ ကို​သတ်ဖြတ်​ခဲ့​ပြီး ပြည်​သူ့​တပ်​ဦး​က​လည်း ရဟန်း၊ ဘုန်းကြီး၊ မယ်​သီလ​နှင့် ကို​ရင်​ပေါင်း ၈,၀၀၀ ကို သုတ်သင်​ခဲ့​သည်။ ဤ​ကား ပြည်တွင်းစစ်​၏ ကြောက်မက်​ကြေကွဲဖွယ် အဖြစ်သနစ်​ဖြစ်​ပြီး “သင့်​ဓားကို သူ့​နေရာ၌ ပြန်​ထား​လော့။ ဓားကို​ကိုင်​သော သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြလိမ့်မည်” ဟူသော ယေရှု၏​စကားတော်​ကို နာခံ​လျှင် ပညာရှိကြောင်းကို​ပြ​၏။ (မဿဲ ၂၆:၅၂) ခရစ်ယာန်ဘောင်​သည် ကြီးကျယ်​လှ​သည့် ဤသို့​သော သွေး​သွန်း​ခြင်း​ကိစ္စ​တွင် ပါဝင်​ခဲ့​သည်​မှာ အော့နှလုံးနာ​စ​ရာ ပါ​တကား။ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် “[မိမိ] တို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ . . . ထုလုပ်” ခြင်း​ကိစ္စ​တွင် တကယ်​ပင် လုံးလုံး​ပျက်ကွက်​ခဲ့ပြီ​တကား။​—ဟေရှာယ ၂:၄

နယ်လှည့်​ကုန်သည်​များ

၁၈။ “မြေကြီးပေါ်​မှ နယ်လှည့်​ကုန်သည်​များ” မှာ မည်သူ​များ​နည်း။

၁၈ “မြေကြီးပေါ်​မှ နယ်လှည့်​ကုန်သည်​များ” ကား မည်သူ​များ​နည်း။ ယနေ့ သူတို့ကို ကုန်သည်​ကြီး​များ၊ ကုန်သွယ်​ရေး လုပ်ငန်းရှင်​ကြီး​များ၊ ဧရာမ​စီးပွားရေး​လောက​မှ ဂျင်​များ​ဟူ၍ ခေါ်​ကြ​ပေ​လိမ့်​မည်။ တရား​နည်းလမ်း​ကျ​သော လုပ်ငန်းများ မ​လုပ်သင့်​ဟု မဆိုလို​ပါ။ အရောင်းအဝယ် လုပ်​သူများ​အတွက် ကျမ်းစာ​က ပညာရှိ​သြဝါဒ​များ ပေး​ထားပြီး မရိုးသားမှု၊ လောဘ​စ​သည်​တို့ကို မကျူးလွန်​ရန် သတိပေး​၏။ (သုတ္တံ ၁၁:၁; ဇာခရိ ၇:၉၊ ၁၀; ယာကုပ် ၅:၁-၅) သာ၍​မြတ်သော​အကျိုး​စီးပွား​မှာ “ရောင့်ရဲသော​စိတ်ပါ [သည့်] ဘုရားဝတ်​၌ မွေ့လျော်ခြင်း” ပင်​ဖြစ်သည်။ (၁ တိမောသေ ၆:၆၊ ၁၇-၁၉) သို့ရာတွင် စာတန်​၏​လောကသည် ဖြောင့်မတ်​သော မူများ​အတိုင်း မလိုက်​ချေ။ စာရိတ္တ​ပျက်စီးမှု များပြား​လှ​၏။ ဘာသာရေး​နှင့် နိုင်ငံရေး​လောက​၌​သာမက စီးပွားရေး​လုပ်ငန်း​လောက​၌​လည်း စာရိတ္တ ပျက်ပြား​ခြင်း​ကို တွေ့​နိုင်​သည်။ အစိုးရ​အရာရှိ​ကြီး​များ ဘဏ္ဍာ​ငွေ အလွဲသုံးစား​ခြင်း၊ တရား​မဝင် လက်နက်​ကုန်ကူးခြင်း​စ​သော အရှုပ်တော်ပုံ​ကို သတင်း​မီဒီယာ​များ​က မကြာခဏ ထုတ်ဖော်​ကြ​၏။

၁၉။ ကမ္ဘာ့​စီးပွားရေး​နှင့်​ဆိုင်သော အဘယ်​အချက်အလက်​များ​က မြေကြီးပေါ်​မှ ကုန်သည်​များ​အကြောင်းကို ဗျာဒိတ်ကျမ်း​၌ မနှစ်မြို့​သည့်​လေသံ​ဖြင့် ဆို​ရခြင်း​အကြောင်းရင်းကို နားလည်စေ​သနည်း။

၁၉ လူ​သန်းပေါင်း ရာ​နှင့်​ချီ​ပြီး စား​ဝတ်​နေ​ရေး မ​ဖူ​မ​လုံ​ဖြစ်နေ​ကြ​စဉ် နိုင်ငံတကာ လက်နက်​ရောင်းဝယ်​မှု​သည် နှစ်စဉ် ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ အမှတ်​ကို ကျော်လွန်​နေပြီ။ အခြေအနေ အလွန်​ဆိုး​နေပြီ။ သို့သော် လက်နက်​တိုးမြှင့်​တပ်ဆင်​မှု​သည် ကမ္ဘာ့​စီးပွားရေး​၏ ကျောရိုး​ဖြစ်​ဟန်​တူ​၏။ ၁၉၈၇၊ ဧပြီလ ၁၁ ရက်​နေ့၌ လန်ဒန်​မြို့​ထုတ် စောင့်ကြည့်​သူ မဂ္ဂဇင်း​မှ ဆောင်းပါး​တစ်ပုဒ်​က ဤသို့​ရေးသား ဖော်ပြ​လိုက်​သည်– “တိုက်ရိုက်​ဆက်နွှယ်သော စက်​မှု​လုပ်ငန်းများ​ကို​သာ ရေတွက်​လျှင် အမေရိကန်​နိုင်ငံ​၌ လုပ်ငန်း​ပေါင်း ၄၀၀,၀၀၀၊ ဥရောပ​၌ ၇၅၀,၀၀၀ ပါဝင်​ပတ်သက်​သည်ကို တွေ့ရ​၏။ သို့သော် စိတ်ဝင်စားစရာ ကောင်း​သည်​မှာ လက်နက်​တည်ဆောက်​ခြင်း​ဘက်တွင် လူမှုရေး​နှင့် စီးပွားရေး​ကဏ္ဍ ကြီးထွား​လာ​သည်​နှင့်​အမျှ ထုတ်လုပ်သူ​များ အကာအကွယ် ကောင်းစွာ​ရ​မရ​ဟူသော တကယ်​အရေးပါသည့် မေးခွန်း​မှာ​မူ မှေးမှိန်​သွား​၏။” ဗုံး​များနှင့် အခြားသော​လက်နက်များ​ကို ကမ္ဘာ​အနှံ့အပြား ရောင်းဝယ်​ကြသည်​နှင့်​အမျှ အမြတ်​ကြီးစွာ ရရှိကြ​၏။ ရန်သူ​ဖြစ်လာ​နိုင်​သူများ​အား​ပင် ရောင်းချ​ကြ​၏။ တစ်နေ့​သောအခါ ထို​ဗုံး​များသည် မီးလောင်​တိုက်အသွင်​ဖြင့် ရောင်းချ​သူများ​အပေါ်​သို့ ပြန်​ကျ​လာ​ဖွယ်​အကြောင်း​ရှိ၏။ တကယ့်​ဝိ​ရော​ဓိ​ပင်။ ထို့​ပြင် လက်နက်​ထုတ်လုပ်မှု လုပ်ငန်း​နှင့်​ဆိုင်သော တိတ်​တိတ်​ပုန်း စီးပွား​ရှာ​မှု​လည်း ရှိသေး၏။ စောင့်ကြည့်​သူ မဂ္ဂဇင်း ဖော်ပြချက်​အရ အမေရိကန်​နိုင်ငံ​တစ်ခု​တည်း​၌ “ပင်​တ​ဂွန်​သည် တစ်နှစ်​တစ်နှစ်​လျှင် ဒေါ်လာ သန်းပေါင်း ၉၀၀ တန် လက်နက်​ကိရိယာ​များ ပျောက်​ခြင်း​မလှ ပျောက်ဆုံး​၏။” သို့​ကြောင့်​လည်း မြေကြီးပေါ်​မှ ကုန်သည်​များ​အကြောင်းကို ဗျာဒိတ်ကျမ်း​က မနှစ်မြို့​သည့်​လေသံ​ဖြင့် ရေးသား​ရခြင်း​မှာ မ​ဆန်း​ပါ။

၂၀။ အဘယ်​ဥပမာ​များ​က ဘာသာ​တရားသည် စာရိတ္တ​ပျက်ပြား​သည့် စီးပွားရေး​၌ ပါဝင်​ကြောင်းကို ပြသ​နည်း။

၂၀ ဘုန်း​ရော​င်​ကွ​န့်​မြူး​သော ကောင်းကင်တမန် ကြိုပြော​သည့်​အတိုင်း ဘာသာ​တရားသည် ထိုသို့​သော စာရိတ္တ​ပျက်​သည့် စီးပွားရေး​တွင် ခြေစုံပစ်​ပါဝင်​ခဲ့​၏။ ဥပမာ၊ ၁၉၈၂ ခုနှစ်၊ အီတလီ​နိုင်ငံ​၏ ဘ​န်​ကို အင်​ဘ​ရို​စီ​အင်း​နိုး​ဘဏ် ပြိုပျက်​သည့်​ကိစ္စ​၌ ဗက်တီကင် ပတ်သက်​ခဲ့​သည်။ ငွေ​ဘယ်​ရောက်သွား​သလဲ ဟူသော​မေးခွန်း​၏​အဖြေကို ရှာ​မရ​သဖြင့် ယင်း​အမှုသည် ၁၉၈၀ ပြည့်လွန်​နှစ်များ​တစ်လျှောက် ကြန့်ကြာ​ခဲ့​သည်။ အမေရိကန် ဂိုဏ်းချုပ်​ရဟန်း တစ်ပါး​အပါအဝင် ဗက်တီကင် ရဟန်း​သုံးပါး​တို့အား ကလိမ်ကျ​သော ဒေဝါလီ​ခံ​မှု​၌ ကြံရာပါ​များ​ဖြစ်သည် ဟူသော​စွဲချက်​ဖြင့် ဖမ်းဆီး​ရန် မီ​လ​န် ရာဇ​ဝတ် တရားသူကြီး​များ​က ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ​လ​၌ ဝရမ်းထုတ်​လိုက်​သော်လည်း ဗက်တီကင်​က တရားခံ လွှဲပြောင်းပေး​ရန် တောင်းဆိုချက်​ကို ငြင်းပယ်​လိုက်​သည်။ ၁၉၈၇ ခုနှစ်၊ ဇူလိုင်​လ​၌ အီတလီ​အယူခံ​တရားရုံး​ချုပ်​က လူထု​အုံ​ကြွ ကန့်ကွက်​သည့်​ကြား​မှ ဗက်တီကင်​နှင့် အီတလီ​အစိုးရ​စပ်ကြား ချုပ်ဆို​သော စာချုပ်​ဟောင်း​တစ်ရပ်​ကို အကြောင်းပြု၍ ဝရမ်း​စာ​များ​ကို ဖျက်သိမ်း​လိုက်​သည်။

၂၁။ ယေရှုသည် မိမိ​လက်ထက်​ရှိ မရိုးသား​သော စီးပွားရေး အကျင့်အကြံ​များနှင့် ဆက်သွယ်​ပတ်သက်​တော်​မ​မူ​ကြောင်း မည်သို့​သိနိုင်​သနည်း၊ သို့သော် ဗာဗုလုန်​ဘာသာ​တရား​နှင့် ပတ်သက်​၍ ယနေ့ ဘာကို​တွေ့​နိုင်​သနည်း။

၂၁ ယေရှုသည် မိမိ​လက်ထက်​ရှိ မရိုးသား​သော စီးပွားရေး အကျင့်အကြံ​များနှင့် ဆက်သွယ်​ပတ်သက်မှု ရှိ​တော်​မူ​သလော။ ပတ်သက်​တော်​မ​မူ။ ကိုယ်တော်​သည် အိမ်​ပိုင်​ယာ​ပိုင်​ပင်မ​ရှိ။ အကြောင်း​မှာ ကိုယ်တော်​သည် “ခေါင်းချ​ရာ​မျှ မရှိ။” သူကြွယ်​လူငယ် အရာရှိ​တစ်ဦး​အား ယေရှု ဤသို့​အကြံပေး​တော်​မူ​၏– “ကိုယ်​ဥစ္စာ ရှိသမျှကို​ရော​င်း၍ ဆင်းရဲသော​သူတို့အား ပေးဝေ​လော့။ ထို​သို့ပြုလျှင် ကောင်းကင်ဘုံ​၌ ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်သို့​လိုက်​လော့။” မွန်မြတ်သော ဩ​ဝါဒ​ဖြစ်​ပေ​၏။ အကြောင်း​မှာ ထို​သို့ပြုလျှင် စီးပွားရေး​ကိစ္စ​ဆိုင်ရာ အပူအပင်​အားလုံး​နှင့် ကင်းရှင်း​နိုင်​၍​ဖြစ်၏။ (လုကာ ၉:၅၈; ၁၈:၂၂) ယင်း​နှင့်​ဆန့်ကျင်​လျက် ဗာဗုလုန်​ဆိုင်ရာ ဘာသာ​တရားသည် ဧရာမ​စီးပွားရေး​လုပ်ငန်း​နှင့် ရွံမုန်းဖွယ်​ကောင်းသော အ​ချိတ်​အဆက်​ရှိ၏။ ဥပမာ၊ ၁၉၈၇ ခုနှစ်​၌ အောလ်​ဘ​နီ တိုင်း​စ် ယူနီယံ​က အမေရိကန်​နိုင်ငံ ဖလော်ရီဒါ​ပြည်နယ် မီ​ယာ​မီ​မြို့​၏ ကက်သလစ် ဂိုဏ်းချုပ်​ဘုန်းကြီး​၏ စီရင်မှု​အောက် နယ်မြေ​ဆိုင်ရာ ဘဏ္ဍာရေးမှူး​က ချာ့ခ်ျ​သည် နျူကလီးယား​လက်နက်များ၊ အသက် ၁၇ အထက်​သာ ကြည့်​ခွင့်ပြု​သော ရုပ်ရှင်​ကား​များနှင့် စီးကရက်​များ ထုတ်လုပ်​သော ကုမ္ပဏီ​များ​၌ ရင်းနှီး​မြှုပ်နှံထား​သည်​ဟု ဝန်ခံ​၏။

“ငါ​၏​လူမျိုး​တို့၊ သူ၏​အထဲ​မှ ထွက်​လာ​ကြလော့”

၂၂။ (က) ကောင်းကင်​မှ စကားသံ​တစ်သံ​က ဘာ​ပြော​သနည်း။ (ခ) အဘယ်အရာ​ကြောင့် ဘီစီ ၅၃၇ ခုနှစ်​နှင့် အေဒီ ၁၉၁၉ ခုနှစ်​၌ ဘုရားသခင့်​လူမျိုးတော် ဝမ်းမြောက်​ရွှင်လန်း​ခဲ့​ကြ​သနည်း။

၂၂ ယောဟန်​၏ ရှေ့ဆက်​စကား​က ပရောဖက်ပြုချက်​ဆိုင်ရာ​ပုံစံ​၏ နောက်ထပ်​ပြည့်စုံချက် တစ်ရပ်​ကို​ပြ​၏– “ထို့နောက်၊ ကောင်းကင်​မှ အခြားသော​အသံကို ငါ​ကြား​ရ၏။ ထို​အသံ​က ဤသို့​ဆို​၏– ‘ငါ​၏​လူမျိုး​တို့၊ သင်တို့သည် သူ၏​အပြစ်​များနှင့် မဆက်ဆံ​လို၊ သူ​ခံရ​သော ကပ်ဘေး​များ​ကို မခံ​လိုလျှင် သူ၏​အထဲ​မှ ထွက်​လာ​ကြလော့။’ ” (ဗျာဒိတ် ၁၈:၄) ဟေဗြဲ​ကျမ်းစာ​ပါ ရှေး​ဗာဗုလုန်​မြို့ ကျဆုံး​ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​များ​၌​လည်း မိမိလူ​မျိုး​တော်​အား မိန့်ဆို​သော “ဗာဗုလုန်​မြို့ထဲက ပြေး​ကြလော့” ဟူသော​အမိန့်တော် ပါရှိ​၏။ (ယေရမိ ၅၀:၈၊ ၁၃) ထို့​နည်းတူ၊ မဟာ​ဗာဗုလုန် ပျက်​သု​ဉ်း​တော့​မည်​ဖြစ်၍ ဘုရားသခင်​သည် လူမျိုးတော်​အား ၎င်း​အထဲ​မှ ထွက်ပြေး​ရန် တိုက်တွန်း​တော်​မူ​ပြီ။ ဘီစီ ၅၃၇ ခုနှစ်​၌ သစ္စာရှိ ဣသရေလလူ​တို့သည် ဗာဗုလုန်​မြို့မှ ထွက်မြောက်​နိုင်သော အခွင့်အလမ်း​ကို ရ​ကြ​သဖြင့် အလွန်​ဝမ်းမြောက်​ခဲ့​ကြသည်။ ထို​နည်းတူ၊ ၁၉၁၉ ခုနှစ်​၌ ဘုရားသခင့် လူမျိုးတော်သည် ဗာဗုလုန်​အချုပ်အနှောင်​မှ လွတ်​လာ​ကြ​၍ ရွှင်မြူး​ခဲ့​ကြ​၏။ (ဗျာဒိတ် ၁၁:၁၁၊ ၁၂) ထို​အချိန်​မှ​စ၍ လူ​သန်းပေါင်း​များစွာလည်း ထွက်ပြေး​လော့ ဟူသော​အမိန့်​ကို နာခံ​ခဲ့​ကြ​၏။

၂၃။ ကောင်းကင်​မှ​စကားသံ​က မဟာ​ဗာဗုလုန်​မှ အလျင်အမြန်​ထွက်ပြေး​ရန် အရေးကြီးကြောင်း မည်သို့ အလေးအနက်​ပြု​၍ ဆို​သနည်း။

၂၃ ကမ္ဘာ့​ဘာသာရေး​အဖွဲ့​များ​မှ နုတ်​ထွက်၍ မဟာ​ဗာဗုလုန်​မှ ထွက်ပြေး​ကာ အသီးအခြား​နေ​ရန် တကယ်​ပင် ထို​မျှ​အရေးကြီး​သလော။ အရေးကြီး​၏။ အကြောင်း​မှာ ကြာမြင့်စွာ​က​ပင် တည်ရှိ​လာ​ခဲ့​သော ၎င်း​ဘာသာရေး​အဖွဲ့​ကြီး မဟာ​ဗာဗုလုန်​ကို ဘုရားသခင် ရှုမြင်​သကဲ့သို့ ကျွန်ုပ်​တို့ ရှုမြင်​ရန်လို​သည်။ ကိုယ်တော်​သည် သူ့ကို ပြည့်တန်ဆာ​ကြီး​ဟု​ခေါ်​ရန် အားမနာ​ပါ။ ထို့​ကြောင့် ကောင်းကင်​မှ​အသံ​က ဤ​မိန်းမ​ပျက်​နှင့် ပတ်သက်​၍ ယောဟန်​အား ဤသို့​ထပ်၍ သိ​ကြားစေ​၏– “အကြောင်း​မှာ၊ သူ၏​အပြစ်​များသည် ကောင်းကင်ဘုံ မီ​သည်​တိုင်အောင် စုပုံ​ပြီ​ဖြစ်၍ သူ​ပြုသော မတရားမှုများ​အတွက် သူကို ဘုရားသခင် သတိရ​တော်​မူ​ပြီ။ သူ​ပေးဆက်​သည့်​အတိုင်း သူအား ပေးဆက်​ကြလော့။ သူ​ပြု​သည့်​အမှု အရေအတွက်​အတိုင်း သူအား နှစ်ဆ​ပြု​ကြလော့။ သူ​ရောစပ်​သော​ဖလား​၌ သူ​အဖို့ နှစ်ဆ​ရောစပ်​ကြလော့။ သူသည် မိမိကိုယ်ကို ချီး​မြှောက်၍ အရှက်​မရှိ ဇိမ်​ယစ်​သည်​နှင့်​အမျှ သူအား ညှဉ်းဆဲ​၍ ငိုကြွေး​မြည်တမ်း​စေ​ကြလော့။ အကြောင်း​မူ​ကား၊ သူက ‘ငါသည် ဘုရင်မ​အဖြစ် စံမြန်း​၏။ မုဆိုးမ​မဟုတ်။ ငါသည် အဘယ်အခါ​မျှ ငိုကြွေး​မြည်တမ်း​ရမည်​မဟုတ်’ ဟု စိတ်နှလုံး​ထဲ​၌ အစဉ်မပြတ် ဆို​တတ်၏။ ယင်းကြောင့် ကပ်ဘေး​များ၊ သေခြင်း၊ ငိုကြွေး​မြည်တမ်း​ခြင်း​နှင့် မွတ်သိပ်ခြင်း​ဘေး​တို့သည် သူ့​အပေါ်​သို့ တစ်ရက်​အတွင်း ကျရောက်​၍ သူသည် အပြီးအပိုင် မီး​ဖြင့်​ကျွမ်းလောင်​ခြင်း​ကို ခံရ​လိမ့်​မည်။ အကြောင်း​မှာ သူ့​အား တရား​စီရင်တော်မူ​သော ယေဟောဝါ ဘုရားသခင်​သည် ခွန်အား​ကြီး​တော်​မူ​၏။”​ဗျာဒိတ် ၁၈:၅-၈

၂၄။ (က) ဘုရားသခင့် လူမျိုးတော်သည် မဟာ​ဗာဗုလုန်​မှ ထွက်ပြေး​မှ​သာ အဘယ်အရာကို ရှောင်နိုင်​မည်​နည်း။ (ခ) မဟာ​ဗာဗုလုန်​မှ ထွက်ပြေး​ရန် ပျက်ကွက်သူ​များသည် သူ၏​အဘယ်​အပြစ်​များနှင့် ကင်းရှင်း​မည် မဟုတ်​သနည်း။

၂၄ ပြင်းထန်သော စကား​များ​ပါ​တကား! ထို့​ကြောင့် ထိုင်​နေ၍​မဖြစ်​ပါ။ ယေရမိ​က မိမိ​လက်ထက်​ရှိ ဣသရေလလူ​တို့အား ဤသို့​ပြုမူ​ရန် တိုက်တွန်း​လိုက်​၏– “ဗာဗုလုန်​မြို့ထဲက ထွက်ပြေး [ကြလော့။] . . . ဤ​အချိန်​ကား၊ ထာဝရ​ဘုရား​၏ လက်စားချေ​တော်​မူ​ခြင်း အချိန်​ဖြစ်၍ အပြစ်​နှင့်​အလျောက် ဆပ်ပေး​နေ​တော်​မူ​၏။ ငါ​၏​လူ​တို့၊ ဗာဗုလုန်​မြို့ထဲက ထွက်ကြ​လော့။ ထာဝရ​ဘုရား​၏ ပြင်းစွာ​သော အမျက်တော်​မှ အသီးအသီး ကိုယ့်​အသက်ကို ကယ်နုတ်​ကြလော့။” (ယေရမိ ၅၁:၆၊ ၄၅သမ္မာ) အလားတူ​စွာ ကောင်းကင်​မှ​စကားသံ​က မဟာ​ဗာဗုလုန်​ခံရ​မည့် ကပ်ဘေး​များနှင့်​လွတ်​အောင် သူ၏​အထဲ​မှ ထွက်ပြေး​ရန် ယနေ့ ဘုရားသခင့်​လူမျိုးတော်​အား သတိပေး​၏။ မဟာ​ဗာဗုလုန်​အပါအဝင် ဤ​လောက​အပေါ် ချမှတ်​တော်​မူ​သော ကပ်ဘေး​နှင့်​တူ​သည့် ယေဟောဝါ​၏ တရား​စီရင်ချက်​များ​ကို ယခု ကြွေးကြော်​လျက်​ရှိကြ​၏။ (ဗျာဒိတ် ၈:၁–၉:၂၁; ၁၆:၁-၂၁) ဘုရားသခင့် လူမျိုးတော်​ကိုယ်နှိုက် မဟာ​ဗာဗုလုန်​နှင့်အတူ ကပ်​သင့်​ပြီး နောက်ဆုံး​၌ မသေ​လိုလျှင် မိစ္ဆာ​ဘာသာ​တရား​မှ ခွဲထွက်​လာရန်​လို​၏။ ထို့​ပြင် ထို​အဖွဲ့အစည်း​ထဲ​၌ နေရစ်​လျှင် သူ၏​အပြစ်​နှင့် ဆက်ဆံ​ရာ​ရောက်​လိမ့်​မည်။ သူသည် ဝိညာဉ်​ရေး​ဖောက်ပြားခြင်း၊ “မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ ရှိသမျှ​တို့၏​သွေး” ကို​သွန်း​ခြင်း​အပြစ်​နှင့် မကင်း​သကဲ့သို့ သူတို့လည်း ကင်း​ကြ​မည်​မဟုတ်။​—ဗျာဒိတ် ၁၈:၂၄; ဧဖက် ၅:၁၁; ၁ တိမောသေ ၅:၂၂ နှိုင်းယှဉ်။

၂၅။ ဘုရားသခင့် လူမျိုးတော်သည် ရှေး​ဗာဗုလုန်​မှ အဘယ်​နည်းများဖြင့် ထွက်​လာ​ကြ​သနည်း။

၂၅ သို့သော် ဘုရားသခင့်​လူမျိုးတော်သည် မဟာ​ဗာဗုလုန်​မှ မည်သို့​ထွက်​လာ​ကြ​သနည်း။ ရှေး​ဗာဗုလုန်​ခေတ်​က​ဆိုလျှင် ဂျူး​တို့သည် ဗာဗုလုန်​မြို့မှ ကတိထားရာ​ပြည်တော်​သို့ ပကတိ​ခရီး​ကို​လျှောက်​၍ ပြန်​ခဲ့​ရ​ကြ​၏။ သို့သော် ထိုမျှသာ​မဟုတ်ပါ။ ဟေရှာယ​က ဣသရေလလူ​တို့အား ပရောဖက်ပြု​၍ ဤသို့​ဆို​၏– “ထွက်ကြ။ ထွက်ကြ။ ထို​အရပ်မှ ထွက်သွား​ကြလော့။ မစင်ကြယ်​သော​အရာ​ကို မထိ​ကြ​နှင့်။ ထို​မြို့တွင်း​မှ ထွက်သွား​ကြလော့။ ထာဝရ​ဘုရား​၏ အသုံးအဆောင် တန်ဆာ​တော်​များ​ကို ထမ်းဆောင်​သော​သူတို့၊ ကိုယ်ကို​စင်ကြယ်​စေ​ကြလော့။” (ဟေရှာယ ၅၂:၁၁) မှန်​ပေ​သည်။ ယေဟောဝါ​အား ကိုးကွယ်​မှု​ကို ညစ်​ထေး​စေနိုင်​သော ဗာဗုလုန်​ဆိုင်ရာ​ဘာသာ​တရား​၏ မစင်ကြယ်​သော အကျင့်ဓလေ့​ရှိသမျှကို စွန့်လွှတ်​ရန် လိုအပ်​ခဲ့​သည်။

၂၆။ ‘ထို​သူတို့​အထဲ​မှ ထွက်ကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်’ ဟူသော​စကား​ကို ကောရိန္သု​ခရစ်ယာန်​များ မည်သို့​နာခံကြ​သနည်း။

၂၆ ကောရိန္သု​မြို့သား​များ​ထံ ပေါလု​စာရေး​ရာ​၌ ဟေရှာယ​၏​စကား​ကို ကိုးကား​၍ ဤသို့​ဆို​၏– “မယုံကြည်​သော​သူတို့နှင့် တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။ တရားသော​အမှုသည် မတရားသော​အမှုကို အဘယ်​သို့ လက်ခံ​နိုင်​မည်​နည်း။ အလင်း​သည် မှောင်မိုက်​နှင့် အဘယ်​သို့ ဆက်ဆံ​နိုင်​မည်​နည်း။ . . . ထို​ကြောင့်၊ ထာဝရ​ဘုရား မိန့်တော်မူ​ပြန်​သည်​ကား သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ မတို့​ကြ​နှင့်။” ကောရိန္သု​ခရစ်ယာန်​များသည် ထို​အမိန့်​ကို နာခံ​သည့်​အနေ​နှင့် ကောရိန္သု​မြို့မှ ထွက်​လာ​စ​ရာ​မလို​ချေ။ သို့​တ​စေ၊ သူတို့သည် မစင်ကြယ်​သော မိစ္ဆာ​ဘာသာ ကျောင်း​ဗိမာန်များ​ကို ကာယရေး​အရ ရှောင်ရှား​ပြီး ရုပ်တု​ကိုးကွယ်​သူများ​၏ မစင်ကြယ်​သော​အမှု​များနှင့် ဝိညာဉ်​ရေး​အရ ကင်းရှင်း​စွာ​နေရ​ကြ​၏။ ၁၉၁၉ ခုနှစ်​၌ ဘုရားသခင့် လူမျိုးတော်သည် အထက်ပါ​နည်း​အတိုင်း မဟာ​ဗာဗုလုန်​မှ ထွက်ပြေး​ပြီး မစင်ကြယ်​သော သွန်သင်ချက်​နှင့် အကျင့်ဓလေ့​များ​ကို မိမိတို့​အထဲ​မှ တစ်စ​မကျန် သုတ်သင်​ပယ်ရှင်း​ခဲ့​ကြသည်။ ဤ​နည်း​အားဖြင့် သန့်စင်​သော​လူမျိုးတော်​အဖြစ် ကိုယ်တော်​အား ဝတ်ပြု​နိုင်​ကြ​လေ​သည်။​—၂ ကောရိန္သု ၆:၁၄-၁၇; ၁ ယောဟန် ၃:၃

၂၇။ ရှေး​ဗာဗုလုန်​အပေါ် ချမှတ်​သော​စီရင်ချက်​များနှင့် မဟာ​ဗာဗုလုန်​အပေါ် ချမှတ်​သော​စီရင်ချက်​များ အဘယ်​ဆင်တူချက်​များ ရှိ​သနည်း။

၂၇ ရှေး​ဗာဗုလုန်​မြို့​သည် ကျဆုံး​ပြီး​နောက် အဆုံး​၌ ဆိတ်​သု​ဉ်း​ရခြင်း​မှာ ကိုယ့်​အပြစ်​အတွက် ကိုယ်​ဒဏ်​ခံရ​ခြင်း​ဖြစ်သည်။ “သူ​ခံရ​သော​အပြစ်​သည် ကောင်းကင်​တိုင်အောင်​ရောက်” ၏။ (ယေရမိ ၅၁:၉) ထို့​နည်းတူ မဟာ​ဗာဗုလုန်​၏ အပြစ်​များသည် “ကောင်းကင်ဘုံ မီ​သည်​တိုင်အောင် စုပုံ​ပြီ​ဖြစ်” သဖြင့် ယေဟောဝါ ကိုယ်တော်တိုင် သတိပြုမိ​လေ​ပြီ။ သူသည် မတရားမှု၊ ရုပ်တု​ကိုးကွယ်​မှု၊ စာရိတ္တ​ပျက်မှု၊ ဖိနှိပ်​ချုပ်ချယ်​မှု၊ လုယက်​မှု​နှင့် လူသတ်မှု​တို့ကို ကျူးလွန်​ခဲ့​၏။ ရှေး​ဗာဗုလုန်​မြို့ ကျဆုံး​ခြင်း​မှာ တစ်စိတ်​တစ်ပိုင်း​အားဖြင့် ယေဟောဝါ​၏ ဗိမာန်တော်​နှင့် ကိုယ်တော်​၏ စစ်မှန်သော​ကိုးကွယ်​သူများ​အပေါ် သူ​ကျူးလွန်​ခဲ့​သော အပြစ်​များ​အတွက် လက်စားချေ​တော်​မူ​ခြင်း​ဖြစ်သည်။ (ယေရမိ ၅၀:၈၊ ၁၄; ၅၁:၁၁၊ ၃၅၊ ၃၆) မဟာ​ဗာဗုလုန် ကျဆုံး​ပြီး​နောက် အဆုံး​၌ ဖျက်ဆီး​ခံရ​ခြင်း​သည်လည်း ရာစုနှစ်များ​တစ်လျှောက် စစ်မှန်သော ကိုးကွယ်​သူများ​အပေါ် သူ​ပြု​လာ​ခဲ့​သော​အပြစ်​အတွက် လက်စားချေ​တော်​မူ​ခြင်း​ဖြစ်၏။ အမှန်ဆိုလျှင် သူ၏ နောက်ဆုံး​ပျက်စီးခြင်း​သည် “ငါ​တို့​ဘုရားသခင် လက်စားချေ​တော်​မူ​ရာ​နေ့” ၏​အစ​ပင်​တည်း။​—ဟေရှာယ ၃၄:၈-၁၀; ၆၁:၂သမ္မာ; ယေရမိ ၅၀:၂၈

၂၈။ မဟာ​ဗာဗုလုန်​အပေါ် အဘယ်​တရား​မျှတခြင်း​စံ​ကို ယေဟောဝါ ကျင့်သုံး​တော်​မူ​သနည်း၊ အဘယ်ကြောင့်​နည်း။

၂၈ မောရှေ​ပညတ်​အောက်​၌ ဣသရေလ​တစ်ဦး​သည် အမျိုးသားချင်း​ထံ​မှ တစ်စုံတစ်ရာ​ကို​ခိုးမိ​လျှင် အနည်းဆုံး နှစ်ဆ​လျော်​ရ၏။ (ထွက်မြောက်ရာ ၂၂:၁၊ ၄၊ ၇၊) လာ​လတ္တံ့​သော မဟာ​ဗာဗုလုန် ပျက်စီးခြင်း​၌ အလားတူ တရား​မျှတမှု​စံနှုန်း​ကို ယေဟောဝါ​သုံး​တော်​မူ​မည်။ သူ​ပေးဆက်​ခဲ့​သည့်​အတိုင်း နှစ်ဆ​ပြန်​ရရှိ​မည်။ မဟာ​ဗာဗုလုန်​သည် မိမိ၏​သားကောင်​များ​အပေါ် ကရုဏာ​မဲ့​ခဲ့​သောကြောင့် ကရုဏာတော် ပြ​ခံရ​မည်​မဟုတ်။ ကပ်​ပါး​ရပ်​ပါး​အဖြစ် မြေကြီးသား​များ​အပေါ် အမြတ်​ထုတ်​၍ “အရှက်​မရှိ ဇိမ်​ယစ်” လျက်​နေခဲ့​သည်။ ယခု သူသည် ဆင်းရဲ​၍ ငိုကြွေး​မြည်တမ်း​ရတော့မည်။ ရှေး​ဗာဗုလုန်​က မိမိသည် လုံခြုံမှု​အပြည့်အဝ​ရှိသည်​ဟု ထင်မှတ်​လျက် “ငါသည် မုဆိုးမ​ကဲ့သို့ ထိုင်၍​မနေ​ရ။ သား​ဆုံး​ခြင်း​ကို ငါ​မခံရ” ဟု ကြွားလုံး​ထုတ်ခဲ့​သည်။ (ဟေရှာယ ၄၇:၈၊ ၉၊ ၁၁) မဟာ​ဗာဗုလုန်​လည်း မိမိ​လုံခြုံ​သည်​ဟု​ပင် ထင်မှတ်​၏။ သို့သော် “ခွန်အား​ကြီး​တော်​မူ” သော ယေဟောဝါ​၏ စီရင်ချက်​ဖြစ်သည့် ၎င်း​၏​ပျက်စီးခြင်း​သည် “တစ်ရက်​အတွင်း ကျရောက်” သကဲ့သို့ ကျရောက်​လတ္တံ့!

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆၃ ပါ လေးထောင့်ကွက်]

“ဘုရင်​တို့သည် သူနှင့်​မတရားမေထုန်​ကို ပြု​ကြ”

၁၈၀၀ ပြည့်လွန်​နှစ်​အစောပိုင်း​တွင် ဥရောပ​ကုန်သည်​များသည် ဘိန်း​အမြောက်အမြား​ကို တရုတ်​နိုင်ငံ​အတွင်း​သို့ မှောင်​ခို​သွင်း​ကြ​၏။ ၁၈၃၉ ခုနှစ် မတ်​လ​၌ တရုတ်​အရာရှိများ​က ဥပဒေ​ချိုးဖောက်​သော ထို​ကုန်သွယ်​မှု​ကို​ပိတ်ပင်​ရန် အားထုတ်​သည့်​အနေ​နှင့် ဗြိတိသျှ​ကုန်သည်​များ​ထံ​မှ ဘိန်း​သေတ္တာ​ပေါင်း ၂၀,၀၀၀ ဖမ်းဆီး​လိုက်​သည်။ ယင်းကြောင့် ဗြိတိသျှ​နှင့်​တရုတ် ဆက်ဆံ​ရေး​တင်းမာ​လာ​သည်။ နှစ်​နိုင်ငံ​ဆက်ဆံ​ရေး ယိုယွင်း​လာ​သည်​နှင့်​အမျှ အချို့​ပရိုတက်စတင့်​သာသနာပြု​များ​က ဗြိတိသျှ​အား အောက်ပါ​စကား​များ​ဖြင့် စစ်တိုက်​ရန်​တိုက်တွန်း​ခဲ့​ကြသည်–

“ဤ​ပဋိပက္ခ​များ​က ကျွန်ုပ်​၏​စိတ်နှလုံး​ကို မည်မျှ​ရွှင်ပြုံး​စေ​သည်​ဖြစ်​ခြင်း။ အကြောင်း​မှာ အင်္ဂလိပ်​အစိုးရ​သည် အမျက်​ထွက်၍ ဘုရားသခင်​လည်း ခရစ်တော်​၏​သတင်းကောင်း တရုတ်​နိုင်ငံ​အတွင်း​သို့ မဝင်​ရောက်​စေရန်​ဟန့်တား​သော အတားအဆီး​များ​ကို မိမိ၏​အစွမ်း​တန်ခိုးတော်​ဖြင့် ချိုးဖျက်​ကောင်း​ချိုးဖျက်​တော်​မူ​မည်​ဟု ကျွန်ုပ်​ထင်​သည်။”​—ဟင်နရီ​ယက်​တာ​ရှ​ပ်ခ်၊ တောင်ပိုင်း​နှစ်ခြင်း​သာသနာပြု။

နောက်ဆုံး​၌ စစ်​ဖြစ်​လေ​သည်​ယနေ့ ဘိန်း​စစ်​ဟု​သမုတ်သော စစ်​ပင်​ဖြစ်၏။ သာသနာပြု​များ​က အောက်ပါ​ကဲ့သို့​သော​အပြော​များ​ဖြင့် ဗြိတိန်​နိုင်ငံ​ကို လှိုက်လှိုက်လှဲလှဲ​အားပေး​ကြသည်–

“ကျွန်ုပ်​သည် မျက်မှောက်​အခြေအနေ​ကို ဘိန်း​ကိစ္စ သို့​မဟုတ် အင်္ဂလိပ်​တို့​အရေး​အဖြစ်​လောက်​သာ​မယူမှတ်​ဘဲ လူ့​ဆိုးသွမ်းမှု​ကို​သုံးပြီး တရုတ်​နိုင်ငံ​အပေါ်​ထား​ရှိသော မိမိ၏​ကရုဏာတော် ရည်ရွယ်ချက်​အထမြောက်​စေ​၍ တရုတ်​နိုင်ငံ​၏​အကာအရံ အုတ်တံတိုင်း​ကို​ချိုးဖောက်​ရန် ဘုရားသခင်​၏​မဟာ​ကြံစည်​တော်​မူ​ချက်​အဖြစ် မယူမှတ်​မနေ ယူမှတ်​ရ​ပါ​သည်။” ​—ပီတာ​ပါ့​ကာ၊ ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​လ​စ်စ်​သာသနာပြု။

ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​လ​စ်စ် သာသနာပြု​နောက်​တစ်ဦး​ဖြစ်သူ စ​မ်​မြူ​ယယ်လ် ဒဗ္ဗ​လျူ၊ဝီလျံ​က ဤသို့​ဖြည့်စွက်​ပြောဆို​၏– “ထူးခြား​စွာ​ဖြစ်ပျက်​ခဲ့​သမျှ​အမှု၌ ဘုရားသခင်​၏​လက်တော်​ပါရှိကြောင်း ထင်ရှား​ပြီ​ဖြစ်၍ မြေကြီးပေါ်​သို့ ဓားကို​ယူဆောင်​လာ​မည်​ဟု မိန့်တော်မူသော​အရှင်​သည် ရန်သူ​တော်​များ​ကို အလျင်အမြန်​ချေမှုန်း​လျက် မိမိ၏​နိုင်ငံတော်​ကို​တည်ထောင်​ရန် ကြွလာ​ပြီ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သံသယ​မရှိ။ ငြိမ်သက်ခြင်း​မင်း​အား နန်း​မတင်​မချင်း မှောက်လှန်​မည်၊ မှောက်လှန်​တော်​မူ​မည်​ဖြစ်သည်။”

တရုတ်​နိုင်ငံသား​များ​အား ရက်ရက်စက်စက်​သတ်ဖြတ်​သည့်​ကိစ္စ​နှင့်​ပတ်သက်​၍ သာသနာပြု ဂျေ၊လူးဝစ်​စ်​ရှ​ပ်ခ်​က ဤသို့​ရေး​၏– “ကျွန်ုပ်​အနေ​နှင့် ထိုသို့​သော​မြင်ကွင်း​များ​ကို ဘုရားသခင့်​သမ္မာတရား​ပြန့်ပွား​ရေး နှောင့်နှေး​စေသော အမှိုက်​သ​ရိုက်​များ ဖယ်ရှား​ရာ​တွင် အရှင်​မြတ်​သုံးစွဲ​တော်​မူ​သော တိုက်ရိုက်​ကိရိယာ​အဖြစ် သဘောထား​ပါ​သည်။”

ကွန်​ဂ​ရီ​ဂေး​ရှင်း​နယ်​လ​စ်စ် သာသနာပြု အီ​လိုင်း​ဂျား​စီ၊ဘ​ရ​စ်​ဂျ်​မင်း​က ဤသို့​ဖြည့်စွက်​ပြောဆို​၏– “ဘုရားသခင်​သည် အစိုးရ​အင်အား​၏​သန်စွမ်း​သည့် လက်ရုံး​ကို​သုံး​၍ မိမိ၏​နိုင်ငံတော်​အတွက် လမ်းခင်း​လေ့​ရှိ၏။ . . . အရေးပါ​လှ​သော ဤ​သမယ​များ​တွင် အသုံးတော်ခံ​ကိရိယာ​မှာ လူ​ဖြစ်၏။ ပဲ့​ထိန်း​သောတန်​ခိုး​မှာ ဘုရား​တန်ခိုး​ဖြစ်၏။ တိုင်းနိုင်ငံ​ရှိသမျှ​အပေါ် အုပ်ချုပ်​သော မင်းကြီး​သည် အင်္ဂလန်​နိုင်ငံ​ကို​သုံး​၍ တရုတ်​နိုင်ငံ​ကို​ဆုံးမ​ပြီး နှိမ့်ချ​စေတော်မူ​ပြီ။”​—တရုတ်​နှင့် အမေရိကန်​နိုင်ငံ​ရှိ​သာသနာပြု​လုပ်ငန်း (ဂျွန်​ကေ၊ဖဲ​ဘ​င့် တည်းဖြတ်​သော ဟားဗတ်​လေ့လာချက်) ဟူသော​စာအုပ်​၌ ရေးသား​ထုတ်ဝေ​သော ၁၉၇၄ ခုနှစ်၊ စ​တူး​ဝတ်​ခ​ရေး​တန်​မီ​လာ​၏ “ကြံစည်ချက်​နှင့်​နည်းလမ်းများ” စာတမ်း​တို​မှ ကိုးကားချက်​များ။

[စာမျက်နှာ ၂၆၄ ပါ လေးထောင့်ကွက်]

“ခရီး​သွား​ကုန်သည်​များလည်း ချမ်းသာ​ကြပြီ”

၁၉၂၉ ခုနှစ်​နှင့် ဒုတိယ​ကမ္ဘာ​စစ်​မ​ပေါက်ကွဲ​မီ​အချိန်အတွင်း [ဗက်တီကင်​ဘဏ္ဍာရေးမှူး] [ဘာ​နတ်​ဒီ​နို] နို​ဂါ​ရာ​သည် အီတလီ​နိုင်ငံ​၏ စီးပွားရေး​ကဏ္ဍ​အမျိုးမျိုး​တွင် ဗက်တီကင်​၏​အရင်း​ငွေ​မြှုပ်နှံ​ပြီး ဗက်တီကင်​ကိုယ်စားလှယ်​များ​ကို ထို​လုပ်ငန်းများ​၌ လုပ်ကိုင်​စေ​သည်။ အထူးသဖြင့် လျှပ်စစ်​ဓာတ်အား၊ တယ်လီဖုန်း​ဆက်သွယ်ရေး၊ အကြွေး​စနစ်​နှင့် ဘဏ်​လုပ်ငန်း၊ အသေးစား ရထားလမ်း​များ၊ စိုက်ပျိုးရေး​ကိရိယာ​ထုတ်လုပ်မှု၊ ဘိလပ်မြေ​နှင့် ချည်မျှင်​လုပ်ငန်းများ​၌​ဖြစ်သည်။ ထို​ရင်းနှီး​မြှုပ်နှံ​မှုများ​စွာ​တို့သည် စီးပွား​ဖြစ်ထွန်း​ခဲ့​၏။

“နို​ဂါ​ရာ​သည် La Società Italiana della Viscosa, La Supertessile, La Società Meridionale Industrie Tessili, and La Cisaraion အပါအဝင် ကုမ္ပဏီ​တော်​တော်​များများ​ကို ဝါး​မြို​လိုက်​သည်။ နို​ဂါ​ရာ​သည် ၎င်း​ကုမ္ပဏီ​များ​ကို ပေါင်းစည်း​၍ Cisa-Viscosa ဟူသော​အမည်​ကို​ပေး​လျက် အ​ယုံကြည်​အားထားရဆုံး​သော ဗက်တီကင်​လူ​ဝတ်​ကြောင်​ဖြစ်သူ ဘာ​ရွန်ဖ​ရန်​စက်​စ​ကို မာရိ​ယာ​အို​ဒါ​စို​အား ကွပ်ကဲ​စေပြီး​လျှင် ဤ​ကုမ္ပဏီ​သစ်​ကို အီတလီ​နိုင်ငံ​၏ အကြီးမားဆုံး​သော Snia-Viscosa အထည်အလိပ်​ကုမ္ပဏီ​က သိမ်းသွင်း​စေရန် အကွက်​ဆင်​လေ​သည်။ နောက်​သော် ဗက်တီကင်​၏​အစုရှယ်ယာ များသည်ထက်​များ​လာပြီး အဆုံး​၌ ကုမ္ပဏီ​ကို ဗက်တီကင်​က ချုပ်ကိုင်​လေ​၏​—ဘ​ရွန်​အို​ဒါ​စို ဒု​ဥက္ကဋ္ဌ​ဖြစ်လာ​ခြင်း​က ယင်း​အချက်​ကို သက်သေပြ​၏။

“ဤ​နည်း​အားဖြင့် နို​ဂါ​ရာ​သည် အထည်အလိပ်​လုပ်ငန်း​အတွင်း​သို့ ထိုးဖောက်​ဝင်ရောက်​ခဲ့​သည်။ အခြား​စက်​မှု​လုပ်ငန်းများ​သို့​လည်း အခြား​နည်းများဖြင့် ထိုးဖောက်​ဝင်ရောက်​ခဲ့​သည်။ ကိုယ်ကျိုး​မ​ရှာ​သော ဤ​ပုဂ္ဂိုလ်​သည် . . . အီတလီ​နိုင်ငံ​သမိုင်း​၌ အခြား​မည်သည့်​အရောင်းအဝယ်​သ​မား​ထက်​မဆို အီတလီ​နိုင်ငံ​၏​စီးပွားရေး​ကို ဖွံ့ဖြိုး​တိုးတက်စေ​ခဲ့​ဟန်​ရှိ၏။ . . . ဘင်​နစ်​တို မူ​ဆို​လီ​နီ​အနေ​နှင့် မိမိ​စိတ်ကူးယဉ်​သော အင်ပါယာ​ကို ဘယ်တော့​မျှ​ကောင်းစွာ မ​ဖန်တီး​နိုင်​ခဲ့​သော်လည်း ဗက်တီကင်​နှင့် ဘာ​နတ်​ဒီ​နို နို​ဂါ​ရာ​တို့အား အချုပ်အခြာအာဏာ​နောက်​တစ်မျိုး​ကို​ဖန်တီး​စေရန် အထောက်အကူ​ပေး​ခဲ့​သည်။”​—နီနို​လို​ဘဲ​လို​ပြုစု​သော ဗက်တီကင်​အင်ပါယာ၊ စာမျက်နှာ ၇၁-၃။

ဤ​ကား မြေကြီးပေါ်​မှ​ကုန်သည်​များနှင့် မဟာ​ဗာဗုလုန်​စပ်ကြား​ရှိ ရင်းနှီးသော ပူးပေါင်း​ဆောင်ရွက်မှု​၏ သာဓက​တစ်ရပ်​သာ​တည်း။ ထို့​ကြောင့် ထို​ကုန်သည်​တို့သည် မိမိတို့၏​စီးပွား​ရှာ​ဖော်​မရှိတော့​သောအခါ ငိုကြွေး​ကြသည်​မှာ မ​ဆန်း​ပါ။

[စာမျက်နှာ ၂၅၉ ပါ ရုပ်ပုံ]

ကမ္ဘာ​တစ်ခွင် ပျံ့နှံ့​သွားသော လူ​တို့​နှင့်အတူ ဗာဗုလုန်​ဘာသာ ပျံ့နှံ့​သွား

[စာမျက်နှာ ၂၆၁ ပါ ရုပ်ပုံ]

ကင်းစောင့်​နည်းတူ ယောဟန်​အတန်းအစား​သည် ဗာဗုလုန် ကျဆုံး​ပြီ​ဖြစ်​ကြောင်း ကြွေးကြော်

[စာမျက်နှာ ၂၆၆ ပါ ရုပ်ပုံ]

ရှေး​ဗာဗုလုန် အပြိုအပျက်များ​သည် မဟာ​ဗာဗုလုန် ဖျက်ဆီး​ခံ​ရတော့မည်​ကို အရိပ်​ပြ