မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြွေ၏ခေါင်းကိုကြိတ်ခြင်း

မြွေ၏ခေါင်းကိုကြိတ်ခြင်း

အခန်း ၄၀

မြွေ​၏​ခေါင်း​ကို​ကြိတ်​ခြင်း

ရူပါရုံ ၁၄ ဗျာဒိတ် ၂၀:၁-၁၀

အကြောင်းအရာ– စာတန်​ကို တွင်း​နက်​ထဲ​သို့​ပစ်ချ​ခြင်း၊ အနှစ်​တစ်ထောင်​အုပ်စိုးခြင်း၊ လူသားများ​ခံရ​သော နောက်ဆုံး စမ်းသပ်ခြင်း​နှင့် စာတန်​ဖျက်ဆီး​ခံရ​ခြင်း

ပြည့်စုံချိန်– ဆင်းရဲ​ဒုက္ခ​ကြီး​အဆုံး​မှ စာတန်​ဖျက်ဆီး​ခံရ​ခြင်း​အထိ

၁။ ပထမ​ဆုံး ကျမ်းစာ​ပရောဖက်ပြုချက် မည်သို့​ဆက်လက် ပြည့်စုံ​လာ​သနည်း။

ထမ​ဆုံး ကျမ်းစာ​ပရောဖက်ပြုချက်​ကို သင်​သတိရ​သေး​သလော။ “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း၊ ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်” ဟု​မြွေ​အား ယေဟောဝါ​ဘုရားသခင် မိန့်ကြား​စဉ် မြွက်ဆို​ခဲ့​ရာ​ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) ၎င်း​ပရောဖက်ပြုချက်​၏ ပြည့်စုံခြင်း​သည် ယခု​အထွတ်အထိပ်​သို့ ရောက်​လေ​ပြီ။ ယေဟောဝါ​၏ မိန်းမ​နှင့်​တူသော ကောင်းကင်​ဆိုင်ရာ အဖွဲ့အစည်း​အား စာတန်​တိုက်ခိုက်​သော​သမိုင်း​ကို ကျွန်ုပ်​တို့ ခြေရာ​ခံ​ခဲ့ပြီ​ဖြစ်၏။ (ဗျာဒိတ် ၁၂:၁၊) စာတန်​၏​မြေကြီးဆိုင်ရာ အမျိုးအနွယ်သည် ၎င်း​၏​ဘာသာရေး၊ နိုင်ငံရေး၊ ဧရာမ​စီးပွားရေး​တို့ ပူးပေါင်း​၍ မိန်းမ​၏​အမျိုးအနွယ် ယေရှု​ခရစ်​နှင့် မြေကြီးပေါ်​ရှိ ၁၄၄,၀၀၀ သော ဘိသိက်ခံ နောက်တော်လိုက်​များ​ကို ရက်စက်​ကြမ်းကြုတ်​စွာ အကြီးအကျယ် ညှဉ်းပန်း​နှိပ်စက်​ခဲ့ပြီ။ (ယောဟန် ၈:၃၇၊ ၄၄; ဂလာတိ ၃:၁၆၊ ၂၉) စာတန်​သည် ယေရှု​အား ပြင်းထန်သော ဝေဒနာ​ကို​ခံစား​လျက် သေစေ​ခဲ့​သည်။ သို့ရာတွင် ၎င်း​သည် ဖနောင့်​ဒဏ်ရာ​လောက်​သာ​ဖြစ်၏။ အကြောင်း​မှာ တတိယ​နေ့၌ မိမိ၏​သစ္စာရှိ​သားတော်ကို ဘုရားသခင် ထမြောက်​စေတော်မူ​၏။​—တမန်​တော် ၁၀:၃၈-၄၀

၂။ မြွေသည် မည်သို့​ကြိတ်​ခံရ​ပြီး ၎င်း​၏​မြေကြီးဆိုင်ရာ အမျိုးအနွယ်​သည် အဘယ်​အဖြစ်​နှင့် တွေ့ကြုံ​ရသနည်း။

မြွေ​နှင့် မြွေ​၏​အမျိုးအနွယ်​ကော။ အေဒီ ၅၆ ခုနှစ်​ခန့်​၌ ရောမမြို့​ရှိ ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု စာ​ရှည်​တစ်စောင် ရေးခဲ့​သည်။ စာ​၏​နိဂုံး​၌ “ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် မကြာမမြင့်မီ စာတန်​ကို သင်တို့​ခြေ​အောက်​၌ နှိပ်စက် [“ကြိတ်၊” က​ဘ] တော်​မူ​မည်” ဟု​ဆို​ကာ သူတို့ကို အားပေး​လိုက်​သည်။ (ရောမ ၁၆:၂၀) ၎င်း​သည် အပေါ်ယံ​လောက်​သာ ထိခိုက်​ဒဏ်ရာ​ရစေ​ခြင်း​မဟုတ်။ စာတန်​သည် ကြိတ်​ခြင်း​ခံရ​မည်​တည်း။ ဤ​နေရာ၌ ပေါလု​က ဂျယ်လီ​နှင့်​တူသော အခြေအနေ​ဖြစ်အောင် ထု​ခြေ​သည်၊ နင်း​ခြေ​သည်၊ ကြိတ်​၍​ဖျက်ဆီး​ပစ်​သည် ဟူ၍​အဓိပ္ပာယ်​ရှိသော ဂရိ​စကားလုံး syn·​triʹ​bo (စင်​ထ​ရ​စ်ဘို) ကို​အသုံးပြု​၏။ မြွေ​၏​လူသား​ဆိုင်ရာ အမျိုးအနွယ်​မှာ​မူ သခင့်​နေ့​တော်​၌ ကပ်​တိုက်ခြင်း​ကို ကောင်းစွာ​ခံရ​မည်​ဖြစ်​ပြီး ဆင်းရဲ​ဒုက္ခ​ကြီး​၌ မဟာ​ဗာဗုလုန်​နှင့် ကမ္ဘာ့​နိုင်ငံရေး​စနစ်​တို့သည် ၎င်းတို့၏​စီးပွားရေး၊ စစ်ရေး​ဆိုင်ရာ လက်​ပါး​စေ​များနှင့်​အတူ ချေမှုန်း​ခြင်း​ခံရ​သော​အခါ ဇာတ်သိမ်း​ကြလိမ့်မည်။ (ဗျာဒိတ်​အခန်းကြီး ၁၈ နှင့် ၁၉) ဤနည်းဖြင့် ယေဟောဝါ​သည် အမျိုးအနွယ်​နှစ်ခု​စပ်ကြား​ရှိ​ရန်ငြိုး​ကို အထွတ်အထိပ်​သို့ ရောက်​စေတော်မူ​လိမ့်​မည်။ ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်​သည် မြွေ​၏​မြေကြီးဆိုင်ရာ အမျိုးအနွယ်​အပေါ် အောင်ပွဲခံ​သဖြင့် မြွေ​၏​အမျိုးအနွယ် ရှိတော့မည်​မဟုတ်။

စာတန် တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​ခြင်း

၃။ စာတန်​သည် အဘယ်​အဖြစ်​နှင့် တွေ့ကြုံ​ရမည်ဟု ယောဟန်​ဆို​သနည်း။

သို့​ဖြစ်၍ စာတန်​နှင့်​သူ၏ နတ်ဆိုး​များ​အဖို့ အဘယ်အရာ​သိုထား​သနည်း။ ယောဟန်​ဤသို့​ဆို​၏– “ထို့နောက် ကောင်းကင်တမန်​တစ်ပါး​သည် လက်ထဲ​၌ တွင်း​နက်​ကြီး​၏​သော့​နှင့် သံကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်းကင်​မှ ဆင်းသက်လာ​သည်ကို ငါ​မြင်ရ​၏။ သူသည် မာရ်နတ် စာတန်​ဖြစ်သူ မူလ​မြွေ နဂါး​ကြီး​ကို ဖမ်းဆီး​၍ အနှစ်​တစ်ထောင် ချည်နှောင်​လေ​၏။ ထို​အနှစ်​တစ်ထောင် မကုန်​မချင်း လူမျိုး​တို့ကို နောက်​တစ်ဖန် မ​လှည့်ဖြား​နိုင်​စေရန် ကောင်းကင်တမန်​က သူ့ကို တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​၍ တွင်း​ကို​ပိတ်​ပြီး​လျှင် သူ့​အပေါ်​၌ တွင်း​ကို တံဆိပ်​ခတ်​လေ​၏။ ဤ​အမှု​အရာများ​နောက်​၌ သူ့ကို တစ်ခဏ လွှတ်​ရ​လိမ့်​မည်။”​—ဗျာဒိတ် ၂၀:၁-၃

၄။ တွင်း​နက်​ကြီး​၏​သော့​ကို​ကိုင်​သော ကောင်းကင်တမန်​ကား မည်သူ​ဖြစ်၍ ကျွန်ုပ်​တို့ မည်သို့​သိနိုင်​သနည်း။

ဤ​ကောင်းကင်တမန်​ကား မည်သူ​နည်း။ သူသည် ယေဟောဝါ​၏ အဓိက​ရန်သူကို ရှင်းပစ်​နိုင်​လောက်​အောင် ကြီးမားသော​အစွမ်း​တန်ခိုး ရှိ​ရ​ပေမည်။ သူ့​လက်၌ “တွင်း​နက်​ကြီး​၏​သော့​နှင့် သံကြိုး​ကြီး” ရှိ၏။ ယင်း​အချက်​က စောစော​ပိုင်း​က​ရူပါရုံ​ကို သတိမရ​စေ​ပေ​လော။ မှန်​ပေ​သည်၊ ကျိုင်းကောင်​များ​၏​ဘုရင်​ကို “တွင်း​နက်​ကြီး​၏ ကောင်းကင်တမန်” ဟု​ခေါ်တွင်​၏။ (ဗျာဒိတ် ၉:၁၁) သို့​ဖြစ်၍ ဤ​နေရာ၌ ယေဟောဝါ​အား အဓိက သင်္ကာ​ယန​ကင်း​စေ​သူ၊ ဘုန်းပွင့်​သော​ယေရှု​ခရစ် လှုပ်ရှား​ဆောင်ရွက်​သည်ကို ကျွန်ုပ်​တို့​တွေ့ရ​ပြန်​ပြီ။ စာတန်​ကို ကောင်းကင်​မှ​ပစ်ချ​ခဲ့​သူ၊ မဟာ​ဗာဗုလုန်​ကို တရား​စီရင်​ခဲ့​သူ၊ အာမဂေဒုန်​၌ “မြေကြီး​ဘုရင်​များ [နှင့်] သူတို့၏​တပ်​များ” ကို​ရှင်းပစ်​ခဲ့​သူ ဤ​ကောင်းကင်တမန်မင်း​သည် စာတန်​ကို လက်​သံ​ပြောင်​စွာ တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​သည့်​ကိစ္စ​ကို ကိုယ်တိုင်​မ​ဆောင်ရွက်​ဘဲ လက်ပိုက်​၍​နေပြီး မိမိ​ထက်​အဆင့်နိမ့်​သော ကောင်းကင်တမန်​အား ဆောင်ရွက်​စေမည်​မဟုတ်။​—ဗျာဒိတ် ၁၂:၇-၉; ၁၈:၁၊ ၂; ၁၉:၁၁-၂၁

၅။ တွင်း​နက်​ကြီး​၏​ကောင်းကင်တမန်​သည် စာတန်​မာရ်နတ်​အား မည်သို့​ပြု​သနည်း၊ အဘယ်ကြောင့်​နည်း။

မီး​နီ​ရော​င် နဂါး​ကြီး​သည် ကောင်းကင်​မှ ပစ်ချ​ခံရ​သော​အခါ “လူနေထိုင်ရာ မြေတစ်ပြင်လုံး​ကို လှည့်စား​သော မာရ်နတ်​ဟူ၍လည်း​ကောင်း၊ စာတန်​ဟူ၍လည်း​ကောင်း ခေါ်ဝေါ်​ခြင်း​ခံရ​သူ မူလ​မြွေ” ဟု သမုတ်​ခံရ​၏။ (ဗျာဒိတ် ၁၂:၃၊) ဖမ်းဆီး​ခံရ​၍ တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​သည့် ယခု​အ​ခိုက်​မှာလည်း “မာရ်နတ် စာတန်​ဖြစ်သူ မူလ​မြွေ နဂါး​ကြီး” ဟူ၍ အမည်​အပြည့်အစုံ​ဖြင့် ဖော်ပြခြင်း​ခံရ​ပြန်​၏။ နာမည်​ဆိုး ဟိုး​ဟိုး​ကျော်​သော ဤ​ဝါးမျို​သူ၊ လှည့်ဖြားသူ၊ အသရေ​ရှုတ်ချသူ၊ ဆန့်ကျင်သူ​သည် သံကြိုး​ဖြင့်​ချည်နှောင်​၍ “တွင်း​နက်​ကြီး​ထဲ​သို့” ပစ်ချ​ခံရ​လေ​၏။ “လူမျိုးများ​ကို နောက်​တစ်ဖန် မ​လှည့်ဖြား​နိုင်စေရန်” တွင်း​နက်​ကြီး​ကို​ပိတ်​၍ တင်းတင်းကျပ်ကျပ် တံဆိပ်​ခတ်​လိုက်​၏။ စာတန်​ကို တွင်း​နက်​ကြီး​ထဲ​၌ အနှစ်​တစ်ထောင် ချုပ်နှောင်​ထား​ရန်ဖြစ်​၏။ ထို​အချိန်အတွင်း လူသားများ​အပေါ် စာတန်​သြဇာလွှမ်း​မိုး​နိုင်သော အတိုင်းအတာ​မှာ မြေအောက်​အကျဉ်း​တိုက်​ထဲ​မှ အကျဉ်းသား​၏ ဩဇာ​လောက်​သာ​ရှိ​မည်။ တွင်း​နက်​ကြီး​၏ ကောင်းကင်တမန်​က စာတန်​ကို ဖြောင့်မတ်​သော​နိုင်ငံတော်​နှင့် လုံးဝ​အဆက်အသွယ် ပြတ်​စေ​၏။ လူသားများ​အဖို့ စိတ်သက်သာရာ ရခြင်း​ပါ​တကား။

၆။ (က) နတ်ဆိုး​များလည်း တွင်း​နက်​ကြီး​သို့​လား​ကြ​ကြောင်း အဘယ်​သာဓက​ရှိ​သနည်း။ (ခ) ယခု အဘယ်အရာ​စတင်​နိုင်ပြီ​နည်း၊ အဘယ်ကြောင့်​နည်း။

နတ်ဆိုး​များ မည်သို့​ဖြစ်​ကြ​သနည်း။ သူတို့လည်း “စစ်ကြော​စီရင်ခြင်း​အလို​ငှာ ချုပ်​ထား” ခြင်း​ခံရ​ကြ​၏။ (၂ ပေတရု ၂:၄) စာတန်​ကို “နတ်ဆိုး​မင်း ဗေလဇေဗုလ” ဟု​ခေါ်​၏။ (လုကာ ၁၁:၁၅၊ ၁၈; မဿဲ ၁၀:၂၅) နတ်ဆိုး​များသည် စာတန်​နှင့် နှစ်​ရှည်​လ​များ ကြံရာပါ​လုပ်​လာ​ကြသည်​ဖြစ်​ရာ ထပ်တူ​စီရင်ချက်​ခံ​ဖို့ မသင့်​ပေ​လော။ နတ်ဆိုး​များ တွင်း​နက်​ကြီး​ကို ကြောက်​ခဲ့​ကြသည်​မှာ ကြာလှပြီ။ တစ်ခါ​က သူတို့ကို​ယေရှု ရင်ဆိုင်​တော်​မူ​သောအခါ သူတို့က “‘အကျွန်ုပ်တို့အား တွင်း​နက်​ကြီး​ထဲ​သို့ လား​စေရန် အမိန့်ပေး​တော်​မ​မူ​ပါ​နှင့်’ ဟု တောင်းပန်​ကြ​၏။” (လုကာ ၈:၃၁ခ​မ) သို့သော် စာတန် တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​သော​အခါ သူ၏​ကောင်းကင်တမန်​များလည်း သူနှင့်​အတူ တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​မည်​မုချ။ (ဟေရှာယ ၂၄:၂၁၊ ၂၂ နှိုင်းယှဉ်။) စာတန်​နှင့် သူ၏​နတ်ဆိုး​တို့ကို တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​လိုက်​သောအခါ ယေရှု​ခရစ်​၏ အနှစ်​တစ်ထောင်​အုပ်စိုးမှု စတင်​နိုင်ပြီ​ဖြစ်၏။

၇။ (က) စာတန်​နှင့်​အပေါင်းပါ​နတ်ဆိုး​များသည် တွင်း​နက်​ကြီး​ထဲ​ရှိနေစဉ် အဘယ်​အခြေအနေ​၌​ရှိ​မည်​နည်း၊ ကျွန်ုပ်​တို့​မည်သို့​သိနိုင်​သနည်း။ (ခ) ဟေးဒီးစ်​နှင့် တွင်း​နက်​ကြီး​တို့သည် အတူတူ​လော။ (အောက်ခြေမှတ်ချက်ကို​ရှု။)

စာတန်​နှင့် သူ၏​နတ်ဆိုး​တို့သည် တွင်း​နက်​ကြီး​ထဲ​၌​ရှိကြ​စဉ် တက်ကြွ​လှုပ်ရှား​လျက်​နေ​မည်​လော။ “အစ​၌​ရှိသော်လည်း ယခု​မရှိ၊ သို့​တ​မူ၊ မကြာမီ တွင်း​နက်​ကြီး​ထဲ​မှ​တက်လာ” မည့် ခေါင်း​ခု​နစ်​လုံး​ရှိသည့် နီ​မြန်း​သော​သားရဲ​ကို ပြန်သတိရ​ပါ။ (ဗျာဒိတ် ၁၇:၈) ၎င်း​သည် တွင်း​နက်​ကြီး​ထဲ​၌​ရှိ​စဉ် “မ [တည်] ရှိ” ချေ။ လုပ်ဆောင်ခြင်း၊ လှုပ်ရှားခြင်း​မရှိ၊ သေ​သည်​နှင့်​မ​ခြား ကြံစည်​ရည်ရွယ်​ခြင်း​မရှိ။ ထို့​နည်းတူ ယေရှု​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က “ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်​စေခြင်း​ငှာ နက်နဲရာ [“တွင်း​နက်​ကြီး၊” က​ဘ] ထဲ​သို့ အဘယ်သူ​ဆင်း​လိမ့်​မည်​နည်း” ဟု​ဆို​၏။ (ရောမ ၁၀:၇) ယေရှုသည် တွင်း​နက်​ကြီး​ထဲ​၌​ရှိ​စဉ် သေ​လျက်​ရှိ​တော်​မူ​၏။ * သို့​ဖြစ်၍ စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် အနှစ်​တစ်ထောင်​အတွင်း တွင်း​နက်​ကြီး​ထဲ​၌​ရှိ​စဉ် သေ​သည်​နှင့်​မ​ခြား မ​လှုပ်​မ​ယှက်​ဘဲ​နေသည်​ဟု ဆိုနိုင်​သည်။ ဖြောင့်မတ်ခြင်း​တရား မြတ်နိုးသူ​များ​အဖို့ သတင်းကောင်း​ပါ​တကား။

အနှစ်​တစ်ထောင်​အတွက် တရားသူကြီး​များ

၈၊ ၉။ ပလ္လင်​များ​ပေါ်​တွင် ထိုင်​နေ​သူများ​နှင့်​ပတ်သက်​၍ ယောဟန်​မည်သို့​ဆို​သနည်း၊ ထို​သူတို့​ကား မည်သူ​များ​နည်း။

အနှစ်​တစ်ထောင်​ပြီး​နောက် စာတန်​သည် တွင်း​နက်​ကြီး​ထဲ​မှ တစ်ခဏ​လွတ်​လာ​၏။ အဘယ်ကြောင့်​နည်း။ အဖြေ​မပေး​မီ ထို​အချိန်ပိုင်း​၏​အစ​ကို ကျွန်ုပ်​တို့အား ယောဟန် အာရုံပြု​စေ​၏။ ဤသို့​ဖတ်​ရ​ပါ​သည်– “ထို့နောက် ပလ္လင်​များ​ကို ငါ​မြင်ရ​၏။ ထို​ပလ္လင်​များ​ပေါ်​တွင် ထိုင်​နေ​သူများ​လည်း​ရှိ၏။ တရား​စီရင်ခြင်း တန်ခိုး​အာဏာကို သူတို့အား အပ်နှင်း​တော်​မူ​၏။” (ဗျာဒိတ် ၂၀:၄က) ကောင်းကင်ဘုံ​၌ ဘုန်းပွင့်​သော​ယေရှု​နှင့်အတူ ပလ္လင်​များ​ပေါ်​ထိုင်ပြီး​အုပ်စိုး​သော ဤသူတို့​မှာ မည်သူ​များ​နည်း။

သူတို့​ကား “လူသား​နှင့်​တူသော​သူ” နှင့်အတူ နိုင်ငံတော်​၌ အုပ်စိုး​ကြ​သူများ​အဖြစ် ဒံယေလ​ဖော်ပြ​သည့် “သန့်ရှင်းသူ​တို့” ဖြစ်​ကြ​၏။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈) ယေဟောဝါ​ရှေ့တော် ကောင်းကင်​ပလ္လင်​များ​ပေါ်မှာ​ထိုင်​သော အကြီးအကဲ ၂၄ ပါး​နှင့် အတူတူ​ပင်​ဖြစ်၏။ (ဗျာဒိတ် ၄:၄) သူတို့တွင် တမန်​တော် ၁၂ ပါး​ပါဝင်​၏။ တမန်​တော်​များ​အား ယေရှု​က “အလုံးစုံသော​အရာ​တို့ကို အသစ်​ပြုပြင်​သော​ကာလ​၌ လူသား​သည် ဘုန်း​ရှိသော​ပလ္လင်တော်​ပေါ်မှာ ထိုင်​တော်​မူ​သောအခါ ငါ့​နောက်သို့​လိုက်​ကြသော သင်တို့သည် တစ်ဆယ့်​နှစ်ခု​သော ပလ္လင်​ပေါ်မှာ​ထိုင်​လျက် ဣသရေလလူ​တစ်ဆယ့်​နှစ်မျိုးကို စစ်ကြော​စီရင်​ရ​ကြ​လတ္တံ့” ဟု ကတိပေး​တော်​မူ​၏။ (မဿဲ ၁၉:၂၈) ပေါလု​နှင့် သစ္စာ​တည်ကြည်သူ ကောရိန္သု​ခရစ်ယာန်​များလည်း​ပါဝင်​၏။ (၁ ကောရိန္သု ၄:၈; ၆:၂၊ ၃) အောင်နိုင်သူ လောဒိကိ​အသင်းတော်​သားများ​လည်း ပါဝင်​ကြ​မည်။​—ဗျာဒိတ် ၃:၂၁

၁၀။ (က) ၁၄၄,၀၀၀ သော​ဘုရင်​များ​အကြောင်းကို ယောဟန် ယခု မည်သို့​ဆို​သနည်း။ (ခ) စောစော​ပိုင်း​က ယောဟန်​အဆို​အရ မည်သူ​များသည် ၁၄၄,၀၀၀ သော​ဘုရင်​များ​တွင် ပါဝင်​သနည်း။

၁၀ ပလ္လင် ၁၄၄,၀၀၀ ခု ပြင်ဆင်​ထား​၏။ “ဘုရားသခင်​နှင့် သိုးသငယ်​အဖို့ အသီး​ဦး​များ​အဖြစ် လူသား​တို့​ထဲ​မှ ဝယ်ယူ​တော်​မူ​သော” ဤ​ဘိသိက်ခံ အောင်နိုင်သူ​များ​အဖို့​ဖြစ်၏။ (ဗျာဒိတ် ၁၄:၁၊) ယောဟန် ဆက်၍​ဆို​၏– “မှန်​ပေ​၏၊ ယေရှု​အတွက် သက်သေခံခြင်း၊ ဘုရားသခင်​အကြောင်း ဟောပြောခြင်း အတွက်​ကြောင့် ပုဆိန်​ဖြင့် ကွပ်မျက်​ခံရ​သော သူတို့ကိုလည်း​ကောင်း၊ သားရဲ​ကို​ဖြစ်စေ၊ သားရဲ​၏ ရုပ်တုကို​ဖြစ်စေ မကိုးကွယ်၊ နဖူး​နှင့်​လက်​ပေါ်​တွင် အမှတ်​တံဆိပ်​ကို မခံ​သော​သူတို့ကိုလည်း​ကောင်း ငါ​မြင်ရ​၏။” (ဗျာဒိတ် ၂၀:၄ခ) သို့​ဖြစ်၍၊ စောစော​ပိုင်း​၌ ပ​ဉ္စ​မ​တံဆိပ်​ဖွင့်​စဉ် မိမိတို့​သွေး​အတွက် လက်စားချေ​ရန် မည်မျှ​ကြာကြာ စောင့်ဆိုင်း​တော်​မူ​မည်​နည်း​ဟု ယေဟောဝါ​အား မေးလျှောက်​ကြ​သည့် ဘိသိက်ခံ​ခရစ်ယာန် အာဇာနည်​များသည် ထို​ဘုရင်​များ​တွင် ပါဝင်​ကြ​၏။ ထိုသို့​မေးလျှောက်​ကြ​စဉ် သူတို့အား ဝတ်လုံ​ဖြူ​ကို​ပေး​ပြီး နောက်ထပ်​အချိန်​အနည်းငယ် စောင့်ဆိုင်း​ကြ​ရန် မှာ​တော်​မူ​၏။ ယခု​သော် မဟာ​ဗာဗုလုန်​ကို​ဖျက်ဆီးခြင်း၊ လူမျိုးများ​ကို ဘုရင်တကာ​တို့၏​ဘုရင် သခင်​တကာ​တို့၏​သခင်​က ဖျက်ဆီးခြင်း၊ စာတန်​ကို​တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခြင်း​အားဖြင့် သူတို့​အဖို့ လက်စားချေ​တော်​မူ​ပြီ။​—ဗျာဒိတ် ၆:၉-၁၁; ၁၇:၁၆; ၁၉:၁၅၊ ၁၆

၁၁။ (က) “ပုဆိန်​ဖြင့်​ကွပ်မျက်​ခံရ” ဟူသော​စကား​ကို ကျွန်ုပ်​တို့ မည်သို့​နားလည်​ရမည်​နည်း။ (ခ) ၁၄၄,၀၀၀ ရှိသမျှ “ယဇ်​ပူဇော်ရာ​သေခြင်း” ဖြင့် သေကြ​သည်​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

၁၁ ၁၄၄,၀၀၀ သော ဤ​သမာဓိ​ရှင် တရားသူကြီး​အားလုံး ပကတိ “ပုဆိန်​ဖြင့် ကွပ်မျက်​ခံ” ရ​သလော။ စာသား​အတိုင်း ထိုသို့​ကွပ်မျက်​ခံရ​သူ အနည်းငယ်​သာ​ရှိ​ဟန်​တူ​သည်။ သို့​တ​စေ၊ တစ်နည်း​မဟုတ် တစ်နည်း​ဖြင့် အာဇာနည်​အဖြစ် အသက်​စတေး​ခံ​သူ ဘိသိက်ခံ​ခရစ်ယာန်​အားလုံး​ကို ရည်ညွှန်း​သည့်​သဘော​အရ ထိုသို့​သုံးနှုန်းခြင်း​ဖြစ်သည်။ * (မဿဲ ၁၀:၂၂၊ ၂၈) စာတန်​သည် ထို​သူ အားလုံး​ကို ပုဆိန်​ဖြင့်​သတ်ဖြတ်​ချင်​သည်​မှာ ဆို​ဖွယ်​မရှိ။ သို့ရာတွင် ယေရှု၏​ဘိသိက်ခံ​ညီတော်​အားလုံး အာဇာနည်​များ​အဖြစ် သေဆုံး​ခဲ့​ကြသည်​မဟုတ်။ သူတို့​ထဲ​မှ​များစွာမှာ ရောဂါ​ဖြင့်၊ သို့​မဟုတ် အသက်ကြီး​၍​သေကြ​၏။ သို့​တ​စေ၊ ဤ​သူများ​လည်း ယခု​ယောဟန်​မြင်ရသော​အုပ်စု​၌ ပါဝင်​ကြသည်။ သူတို့​အားလုံး​၏​သေခြင်း​သည် တစ်နည်း​အားဖြင့် ယဇ်​ပူဇော်ရာ​သေခြင်း​ဖြစ်၏။ (ရောမ ၆:၃-၅) ထို့​ပြင် သူတို့​တစ်ယောက်မျှ လောက​၏​အစိတ်အပိုင်း​မဟုတ်။ ထို့​ကြောင့် လောကသည် သူတို့​အားလုံး​ကို​မုန်း​၍ လူသေများ​အဖြစ် မြင်ကြ​၏။ (ယောဟန် ၁၅:၁၉; ၁ ကောရိန္သု ၄:၁၃) သူတို့​တစ်ယောက်မျှ သားရဲ​နှင့်​သားရဲ​၏ ရုပ်တုကို​မကိုးကွယ်၊ သေ​သောအခါ​လည်း တစ်ယောက်မျှ သားရဲ​၏​အမှတ်​တံဆိပ် ပါ​မသွားကြ​ချေ။ သူတို့​အားလုံး အောင်နိုင်သူ​များ​အဖြစ် သေဆုံး​ကြသည်။​—၁ ယောဟန် ၅:၄; ဗျာဒိတ် ၂:၇; ၃:၁၂; ၁၂:၁၁

၁၂။ ၁၄၄,၀၀၀ သော​ဘုရင်​များနှင့်​ပတ်သက်​၍ ယောဟန် မည်သို့​တင်ပြ​သနည်း၊ သူတို့သည် အဘယ်​အချိန်၌ အသက်ရှင်​လာ​ကြ​သနည်း။

၁၂ ဤ​အောင်နိုင်သူ​တို့သည် ပြန်ရှင်​လာကြပြီ။ ယောဟန်​ဤသို့​တင်ပြ​၏– “သူတို့သည် အသက်ရှင်​လာကြပြီး​လျှင် ဘုရင်​များ​အဖြစ် ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင် အုပ်စိုး​ကြ​ရ၏။” (ဗျာဒိတ် ၂၀:၄ ) ဤ​အချက်​က လူမျိုးများ​ကို​ဖျက်ဆီးခြင်း၊ စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို တွင်း​နက်​ကြီး​ထဲ​၌ ချုပ်​ထားခြင်း မပြီးမချင်း ထို​တရားသူကြီး​တို့သည် မထမြောက်​ဟု ဆိုလို​သလော။ မဆိုလို​ပါ။ သူတို့သည် ယေရှု​နှင့်အတူ အာမဂေဒုန်​၌ တိုင်းနိုင်ငံ​များ​ကို ချီတက်​တိုက်ခိုက်​ခဲ့ပြီ​ဖြစ်​ရာ သူတို့​အနက် အများထု​သည် အသက်ရှင်နေ​ပြီ​ဖြစ်၏။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၉:၁၄) အမှန်​မှာ သူတို့၏​ထမြောက်ခြင်း​သည် ၁၉၁၄ ခုနှစ်​တွင် ယေရှု​ရောက်ရှိ​တော်​မူ​ခြင်း ဖြစ်ပျက်​၍​မကြာမီ​မှာ​ပင် စတင်​ကြောင်း၊ အချို့​သည် အခြားသူများ​ထက်​စော​၍ ထမြောက်​ကြောင်း ပေါလု​တင်ပြ​၏။ (၁ ကောရိန္သု ၁၅:၅၁-၅၄; ၁ သက်သာလောနိတ် ၄:၁၅-၁၇) ထို့​ကြောင့် သူတို့သည် မသေ​နိုင်သော ကောင်းကင်​အသက်ဆု​ကို တစ်ဦးချင်း​ရရှိ​ကြသည်​နှင့်​အမျှ အချိန်ကာလ​ပိုင်း​တစ်ခု​အတွင်း အသက်ပြန်ရှင်​လာ​ကြ​ခြင်း​ဖြစ်သည်။​—၂ သက်သာလောနိတ် ၁:၇; ၂ ပေတရု ၃:၁၁-၁၄

၁၃။ (က) ၁၄၄,၀၀၀ အုပ်စိုး​ရာ အနှစ်​တစ်ထောင်​ကို ကျွန်ုပ်​တို့ မည်သို့​ယူမှတ်​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။ (ခ) ဟို​င်​ရပ်​ပ​လ​စ္စ​မြို့သား ပ​ပိုင်းယပ်စ်​က အနှစ်​တစ်ထောင်​ကို မည်သို့​ယူမှတ်​သနည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

၁၃ သူတို့၏​အုပ်ချုပ်​ခြင်း​နှင့် တရား​စီရင်ခြင်း​သည် အနှစ်​တစ်ထောင် တာ​ရှည်​လိမ့်​မည်။ ၎င်း​သည် ပကတိ အနှစ်​တစ်ထောင်​လော။ သို့​မဟုတ် သတ်မှတ်​ထားခြင်း​မရှိသော ရှည်လျား​သည့်​ကာလပိုင်း​ကို ပုံခိုင်း​သည်​ဟု ယူမှတ်​ရန်​လော။ “ထောင်” ဂဏန်း​သည် ၁ ဓမ္မ​ရာဇဝင် ၂၁:၁၁ မှာ​ကဲ့သို့ ကြီးမားသော အကန့်အသတ်မဲ့ အရေအတွက်​ကို ဆိုလို​နိုင်​သည်။ သို့သော် ဗျာဒိတ် ၂၀:၅-၇ ၌ “ထို အနှစ်​တစ်ထောင်” ဟူ၍ သုံးကြိမ်​ဖော်ပြ​ထား​သည်​ဖြစ်၍ ၎င်း​သည် ပကတိ ထောင်​ဂဏန်း​ဖြစ်၏။ “လောကီ​သားတို့​ကို ဖြောင့်မတ်ခြင်း​တရား​နှင့်​ညီ​လျော်​စွာ စစ်ကြော​စီရင်​မည့်​နေ့ရက်​ကို ချိန်းချက်​တော်​မူ​ပြီ” ဟု ပေါလု​ဆို​သောအခါ ဤ​တရား​စီရင်​ရာ​ကာလ​ကို “နေ့ရက်” ဟု​သမုတ်​၏။ (တမန်​တော် ၁၇:၃၁) ပေတရု​က ယေဟောဝါ​အဖို့ တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့ ဖြစ်သည်ဟု​ဆို​သောကြောင့် ထို​တရား​စီရင်​ရာ​နေ့ရက်​သည် ပကတိ အနှစ်​တစ်ထောင်​ဖြစ်သည်​မှာ ဆီလျော်​၏။ *​—၂ ပေတရု ၃:၈

ကျန်ကြွင်း​သော​လူသေများ

၁၄။ (က) “ကျန်ကြွင်း​သော​လူသေ​တို့” နှင့်​ပတ်သက်​၍ ယောဟန် ဘာ​ထည့်​ရေး​သနည်း။ (ခ) တမန်​တော်​ပေါလု​၏ အဘယ်​ရေးသားချက်​များ​က “အသက်ရှင်​လာ” ဟူသော​အသုံးအနှုန်း​ကို ရှင်းလင်း​စေ​သနည်း။

၁၄ ဤ​နေရာ၌ တမန်​တော်​ယောဟန် ထည့်သွင်း​ရေးသား​သည့်​အတိုင်း (ကျန်ကြွင်း​သော လူသေ​တို့သည် ထို​အနှစ်​တစ်ထောင် မကုန်​မီ အသက်ရှင်​မလာ​ကြ)လျှင် ထို​ဘုရင်​တို့သည် မည်သူ​များ​ကို တရား​စီရင်​ကြ​မည်​နည်း။ (ဗျာဒိတ် ၂၀:၅က) ‘အသက်ရှင်​လာ’ ဟူသော​စကား​ကို ရှေ့နောက်စကား​နှင့်​အညီ နားလည်​ရန် လို​ပြန်​သည်။ ဤ​အသုံးအနှုန်း​သည် အခြေအနေ​အလိုက် အဓိပ္ပာယ်​ပြောင်း​သွား​နိုင်​သည်။ ဥပမာ၊ ပေါလု​က မိမိ၏ ဘိသိက်ခံ​ခရစ်ယာန်​ချင်း​တို့​နှင့် စပ်လျဉ်း၍ ဤသို့​ဆို​၏– “ထို​ဒုစရိုက်​အပြစ်​၌ သေ​လျက်​ရှိသော သင်တို့ကို​ပင် ဘုရားသခင်​သည် အသက်ရှင်​စေတော်မူ​ပြီ။” (ဧဖက် ၂:၁) မှန်​ပေ​သည်၊ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​အား ပထမ​ရာစု​မှာ​ပင် “အသက်ရှင်​စေတော်မူ​ပြီ။” သူတို့သည် ယေရှု၏​ယဇ်ကို ယုံကြည်ခြင်း​အပေါ် အခြေခံ​၍ ဖြောင့်မတ်​သည်​ဟု ကြေညာ​တော်​မူ​ခြင်း​ကို ခံရ​ကြပြီ​ဖြစ်၏။​—ရောမ ၃:၂၃၊ ၂၄

၁၅။ (က) ခရစ်ယာန်​အကြိုခေတ်​က ယေဟောဝါသက်သေ​များသည် ဘုရားသခင်​ရှေ့၌ အဘယ်​ရပ်တည်မှု​မျိုး​ရှိ​သနည်း။ (ခ) အခြားသိုး​များ မည်သို့ “အသက်ရှင်​လာ” ကြ​သနည်း၊ အဘယ်​အချိန်တွင် မြေကြီးကို အပြည့်အဝ အပိုင်ရ​ကြ​မည်​နည်း။

၁၅ ထို့​နည်းတူ၊ ခရစ်ယာန်​အကြိုခေတ်​က ယေဟောဝါသက်သေ​များလည်း ဘုရားသခင့် မိတ်သဟာယ​နှင့်​ဆိုင်၍ ဖြောင့်မတ်​သူများ​အဖြစ် ကြေညာ​တော်​မူ​ခြင်း ခံရ​ကြသည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​သည် ရုပ်ခန္ဓာ​၌ သေလွန်​ပြီ​ဖြစ်သော်လည်း “အသက်ရှင်” လျက်​ရှိသည်​ဟု ဆို​ထား​၏။ (မဿဲ ၂၂:၃၁၊ ၃၂; ယာကုပ် ၂:၂၁၊ ၂၃) သို့​တ​စေ၊ သူတို့နှင့် အခြား​ထမြောက်​လာ​သူများ​အပြင် အာမဂေဒုန်​ကို​ကပ်ကျော်​သော အခြားသိုး​များနှင့် ကမ္ဘာသစ်​၌ မွေးဖွား​လာ​ကြ​မည့် ကလေး​များသည် လူ့​စုံလင်ခြင်း​အဖြစ်သို့ တက်လှမ်း​ရန်လို​သေး​၏။ ခရစ်တော်​နှင့် ကိုယ်တော်​၏ တွဲဖက်​ဘုရင်​များ​က အနှစ်​တစ်ထောင် တရား​စီရင်​ရာ​နေ့​အတွင်း ယေရှု၏​ရွေးနုတ်ဖိုး​ယဇ်ကို အခြေပြု​၍ ၎င်းကို​ဖြစ်မြောက်​စေ​ကြ​မည်။ ထို​နေ့ရက်​ကုန်ဆုံး​သောအခါ “ကျန်ကြွင်း​သော လူသေ​တို့” သည် စုံလင်သော​လူသားများ​ဖြစ်လာ​ကြသည် ဟူသော​အဓိပ္ပာယ်​မျိုး​ဖြင့် “အသက်ရှင်​လာ” ကြ​မည်။ ကျွန်ုပ်​တို့ တွေ့ရ​မည်​ဖြစ်သည့်​အတိုင်း ထို​အချိန်၌ သူတို့သည် နောက်ဆုံး​စမ်းသပ်ခြင်း​ကို ခံရ​ကြ​မည်။ သို့သော် စုံလင်သော​လူသား​အဖြစ် ၎င်းကို​ရင်ဆိုင်​ရမည်​ဖြစ်၏။ ၎င်း​စမ်းသပ်မှု​ကို ကျော်လွှား​အောင်မြင်​သောအခါ ဘုရားသခင်​က သူတို့ကို ထာဝစဉ်​အသက်ရှင်​ထိုက်​သူများ၊ အပြည့်အဝ ဖြောင့်မတ်​သူများ​အဖြစ် ကြေညာ​တော်​မူ​မည်။ “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော် [“မြေကြီး၊” က​ဘ] ကို​အပိုင်ရ​၍ အစဉ်အမြဲ နေထိုင်​ရ​ကြလိမ့်မည်” ဟူသော​ကတိတော် လုံးလုံးလျားလျား​ပြည့်စုံ​လာ​သည်ကို သူတို့​တွေ့ကြုံ​ရ​လိမ့်​မည်။ (ဆာလံ ၃၇:၂၉သမ္မာ) နာခံ​သူ​လူသားများ​အဖို့ နှစ်​လို့​ဖွယ် အနာဂတ်​ပါ​တကား။

ပထမ​ထမြောက်ခြင်း

၁၆။ ခရစ်တော်​နှင့်အတူ ဘုရင်​များ​အဖြစ် စိုးစံ​ကြသော​သူများ ကြုံကြိုက်​သည့် ရှင်ပြန်ထမြောက်ခြင်း​အကြောင်းကို ယောဟန်​မည်သို့​ဖော်ပြ​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၆ ယောဟန်​က “အသက်ရှင်​လာကြပြီး ဘုရင်​များ​အဖြစ် ခရစ်တော်​နှင့်အတူ အုပ်စိုး​ကြ” သူများ​အကြောင်းကို ပြန်​ဖော်ပြ​ပြီး “ဤ​ကား ပထမ​ထမြောက်ခြင်း​ပင်​ဖြစ်သည်” ဟု​ရေး​၏။ (ဗျာဒိတ် ၂၀:၅ခ) မည်သို့​မည်​ပုံ ပထမ​ဖြစ်သနည်း။ အချိန်ကာလ​အရ “ပထမ​ထမြောက်ခြင်း” ဖြစ်၏။ အကြောင်း​မှာ ထိုသို့​ထမြောက်​သူတို့သည် “ဘုရားသခင်​နှင့် သိုးသငယ်​အဖို့ အသီး​ဦး​များ” ဖြစ်​ကြ​၏။ (ဗျာဒိတ် ၁၄:၄) အရေးပါမှု​၌​လည်း ပထမ​ဖြစ်၏။ အကြောင်း​မှာ ထို​ထမြောက်ခြင်း​တွင် ပါဝင်သူ​များသည် ကောင်းကင်​နိုင်ငံတော်​၌ ယေရှု၏ တွဲဖက်​အုပ်စိုးရှင်​များ ဖြစ်လာ​ကြ​ပြီး ကျန်​လူသားများ​အပေါ် တရား​စီရင်​ကြ​ရ၏။ နောက်ဆုံး​တစ်ချက်​အနေ​နှင့် ၎င်း​သည် အရည်အသွေး​၌​လည်း ပထမ​ဖြစ်၏။ ယေရှု​ခရစ်​မှ​လွဲ​လျှင် ပထမ​ထမြောက်ခြင်း​၌ ထမြောက်​လာ​သူများ​သာ ကျမ်းစာ​ထဲ​တွင် မသေ​နိုင်သော​အဖြစ်ကို​ရ​ကြ​သည့် သတ္တဝါများ​အဖြစ် ဖော်ပြ​ခံရ​ကြသည်။​—၁ ကောရိန္သု ၁၅:၅၃; ၁ တိမောသေ ၆:၁၆

၁၇။ (က) ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ကောင်းချီး​ပြည့်ဝ​သည့် အနာဂတ်​အလားအလာ​အကြောင်းကို ယောဟန်​မည်သို့​ဖော်ပြ​သနည်း။ (ခ) “ဒုတိယ​သေခြင်း” ကား အဘယ်အရာ​ဖြစ်သနည်း၊ ၎င်း​သည် အဘယ်ကြောင့် ၁၄၄,၀၀၀ သော အောင်နိုင်သူ​များ​အပေါ် “အခွင့်အာဏာ​မရှိ” သနည်း။

၁၇ ဤ​ဘိသိက်ခံ​များ​အဖို့ မွန်မြတ်​လှ​သော အနာဂတ်​ပါ​တကား။ ယောဟန် ကြေညာ​သည့်​အတိုင်း “ပထမ​ထမြောက်ခြင်း​၌ ပါဝင်သော​သူ မည်သူ​မဆို ပျော်ရွှင်​၏၊ သန့်ရှင်း​၏။ ဒုတိယ​သေခြင်း​သည် သူတို့​အပေါ် အခွင့်အာဏာ​မရှိ။” (ဗျာဒိတ် ၂၀:၆က) စမုရန​မြို့မှ ခရစ်ယာန်​များ​အား ယေရှု​ကတိပြု​တော်​မူ​သည့်​အတိုင်း “ပထမ​ထမြောက်ခြင်း” ၌​ပါဝင်သော ဤ​အောင်နိုင်သူ​တို့သည် ထမြောက်ခြင်း​မျှော်လင့်ချက်​မရှိသော ဖျက်ဆီးခြင်း၊ ပျက်​သု​ဉ်း​ခြင်း​တည်း​ဟူသော “ဒုတိယ​သေခြင်း” ၏​ဘေးပြု​ခြင်း​ကို ခံ​ရတော့မည်မဟုတ်။ (ဗျာဒိတ် ၂:၁၁; ၂၀:၁၄) ဒုတိယ​သေခြင်း​သည် ထို​အောင်နိုင်သူ​များ​အပေါ် အခွင့်အာဏာ​မရှိ။ အကြောင်း​မှာ သူတို့သည် မ​ပုပ်ပျက် မသေ​ပျောက်​နိုင်​သည့်​အဖြစ်ကို ဝတ်ဆောင်​ထားပြီ​ဖြစ်၏။​—၁ ကောရိန္သု ၁၅:၅၃

၁၈။ မြေကြီး​၏​ဘုရင်​သစ်​များနှင့်​ပတ်သက်​၍ ယောဟန်​ယခု​ဘာ​ပြော​သနည်း။ သူတို့သည် အဘယ်​အမှုကို ပြီးမြောက်​စေမည်​နည်း။

၁၈ သူတို့သည် စာတန့်​သြဇာ လွှမ်းမိုး​ရာ​ကာလ​ရှိ မြေကြီး​ဘုရင်​များနှင့် အခြားကြီး ခြားနား​လှ​သည်​တကား။ ထို​ဘုရင်​များသည် အများဆုံး အနှစ် ၅၀ သို့​မဟုတ် ၆၀ သာ အုပ်စိုး​နိုင်​ပြီး အများစုမှာ နှစ်​အနည်းငယ်​သာ အုပ်စိုး​ကြ​ရ၏။ ထို​ဘုရင်​အများ​သည် လူသားများ​ကို ဖိနှိပ်​ချုပ်ချယ်​ခဲ့​ကြ​၏။ မည်သို့​ပင်​ဖြစ်စေ၊ လူမျိုး​တို့သည် တစ်​မင်း​တက်​တစ်​မင်း​ဆင်း​ပြီး ပေါ်လစီ​အမြဲ​ပြောင်းလဲ​နေသော အုပ်စိုးရှင်​များ​လက်အောက်​၌ အဓွန့်ရှည်​သော​အကျိုးကျေးဇူး​ကို မည်သို့​ခံစား​နိုင်​ကြ​မည်​နည်း။ မြေကြီး​၏​အုပ်စိုးရှင် အသစ်များ​သည် ဤသူတို့​နှင့်​မတူ၊ “သူတို့သည် ဘုရားသခင်​နှင့် ခရစ်တော်​တို့၏ ယဇ်ပုရောဟိတ်​များ ဖြစ်​ကြလိမ့်မည်။ ခရစ်တော်​နှင့်အတူ ဘုရင်​များ​အဖြစ် အနှစ်​တစ်ထောင် အုပ်စိုး​ကြ​ရ​လိမ့်​မည်” ဟု ယောဟန်​ဆို​၏။ (ဗျာဒိတ် ၂၀:၆ခ) သူတို့သည် ယေရှု​နှင့်အတူ အနှစ်​တစ်ထောင်​အတွက် တစ်ခု​တည်း​သော​အစိုးရ​အဖြစ် ဖွဲ့စည်း​ကြလိမ့်မည်။ သူတို့၏​ယဇ်ပုရောဟိတ်​လုပ်ငန်း​သည် ယေရှု၏​စုံလင်သော လူသား​ယဇ်​အကျိုးကို​အသုံးပြု၍ နာခံ​သော​လူများ​အား ဝိညာဏ၊ စာရိတ္တ​နှင့် ကာယ​ဆိုင်ရာ စုံလင်ခြင်း​အဖြစ်သို့ တက်လှမ်း​စေ​လိမ့်​မည်။ သူတို့၏​ဘုရင်​ဆိုင်ရာ​လုပ်ငန်း​ကြောင့် ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​နှင့် သန့်ရှင်းခြင်း​ကို ရောင်ပြန်ဟပ်​သော ကမ္ဘာလုံး​ဆိုင်ရာ လူ့​ဘောင်​အဖွဲ့အစည်း​တစ်ရပ် ပေါ်ပေါက်​လာ​လိမ့်​မည်။ ယေရှု​နှင့်အတူ တရားသူကြီး​များ​အနေ​နှင့် သူတို့သည် လက်ခံ​လိုက်နာ​သော​လူသားများ​အား မေတ္တာ​ရှေ့​ထား​၍ ထာဝရ​အသက်​ပန်းတိုင်​သို့ လမ်းညွှန်​ကြလိမ့်မည်။​—ယောဟန် ၃:၁၆

နောက်ဆုံး​စမ်းသပ်မှု

၁၉။ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အဆုံး​၌ မြေကြီး​နှင့် လူသား​တို့​အခြေအနေ မည်သို့​ဖြစ်လာ​မည်​နည်း။ ယေရှု​ဘာ​ပြု​တော်​မူ​မည်​နည်း။

၁၉ အနှစ်​တစ်ထောင် အုပ်စိုးခြင်း​အဆုံး​၌ တစ်ကမ္ဘာ​လုံး မူလ​ဧဒင်​ကဲ့သို့ ဖြစ်လာ​လိမ့်​မည်။ ပရဒိသု ဧကန်​စင်စစ် ဖြစ်လာ​မည်။ အာဒံ​၏​အပြစ်​သည် အစ​အ​န​မကျန် ပယ်ရှား​ခံရ​၍ နောက်ဆုံး​ရန်သူ သေခြင်းလည်း ပျောက်ကွယ်​သွားပြီ​ဖြစ်​ရာ စုံလင်သော​လူသားများ​အဖို့ ဘုရားသခင့်​ရှေ့တော်၌ ကြားဖျန်​ပေး​သော ယဇ်ပုရောဟိတ်မင်း​တစ်ပါး ရှိ​ရန်​မလို​တော့။ ခရစ်တော်​၏​နိုင်ငံတော်​သည် ကမ္ဘာ​တစ်ခု အစိုးရ​တစ်ခု ဟူသော ဘုရားသခင့်​ရည်ရွယ်ချက်ကို ဖော်ဆောင်​ခဲ့​ပြီး​ဖြစ်​လိမ့်​မည်။ ထို​အခါ ယေရှုသည် “မိမိ​နိုင်ငံ​ကို ဘုရားသခင်​တည်း​ဟူသော ခမည်းတော်​၌ အပ်ပြန်တော်မူ” မည်။​—၁ ကောရိန္သု ၁၅:၂၂-၂၆; ရောမ ၁၅:၁၂

၂၀။ နောက်ဆုံး​စမ်းသပ်​ရန် အချိန်တန်​သောအခါ ဘာဖြစ်​မည်​ဟု ယောဟန်​ဆို​သနည်း။

၂၀ နောက်ဆုံး​စမ်းသပ်​ချိန်တန်​ပြီ။ စုံလင်ခြင်း​သို့​ရောက်ပြီ​ဖြစ်သော ထို​လူသား​လောကသည် ဧဒင်​မှ ပထမ​လူသားများ​နှင့်​မတူဘဲ သမာဓိ​စောင့်ထိန်း​ကြ​မည်​လော။ ယောဟန်​ဤသို့​ဖော်ပြ​၏– “ထို​အနှစ်​တစ်ထောင် ကုန်ဆုံး​သည်​နှင့်​တစ်ပြိုင်နက် စာတန်​သည် ထောင်​ထဲ​မှ လွတ်​လာပြီး​လျှင် ဂေါဂ​နှင့် မာဂေါဂ တည်း​ဟူသော မြေကြီး​၏ လေးမျက်နှာ​မှ ထို​လူမျိုးများ​ကို လှည့်ဖြား​ရန် ထွက်သွား​၍ သူတို့အား စစ်တိုက်​ရန် စုဝေး​စေ​လိမ့်​မည်။ ဤသူတို့​၏ အရေအတွက်​သည် သမုဒ္ဒရာ​သဲလုံး​တ​မျှ ဖြစ်၏။ သူတို့သည် မြေကြီး​အနှံ့အပြား​သို့ ချီတက်​လာပြီး​လျှင် သန့်ရှင်းသူ​တို့၏ တပ်​စခန်း​နှင့် မြတ်နိုး​တော်​မူ​သော​မြို့ကို ဝိုင်း​ကြ​၏။”​ဗျာဒိတ် ၂၀:၇-၉က

၂၁။ နောက်ဆုံး​အားထုတ်​သည့်​အနေ​နှင့် စာတန်​မည်သို့​ပြု​မည်​နည်း၊ အနှစ်​တစ်ထောင်​အကုန်​မှာ​ပင် အချို့​လူများ စာတန့်​နောက်သို့​လိုက်​ကြ​မည်​ကို အဘယ်ကြောင့် မအံ့သြ​သင့်​သနည်း။

၂၁ စာတန်​၏ နောက်ဆုံး​အားထုတ်မှု​သည် ဘာဖြစ်​မည်​နည်း။ သူသည် “ဂေါဂ​နှင့် မာဂေါဂ တည်း​ဟူသော မြေကြီး​၏ လေးမျက်နှာ​မှ ထို​လူမျိုးများ​ကို” လှည့်ဖြား​၍ သူတို့ကို “စစ်တိုက်​ရန်” ခေါ်ဆောင်သွား​၏။ ရွှင်လန်း​အားရဖွယ် သီအိုကရက်တစ်​အုပ်ချုပ်မှု​၏ အနှစ်​တစ်ထောင်​နောက်ပိုင်း၌ အဘယ်သူ​သည် စာတန်​ဘက်​သို့ လိုက်​ဖို့​အကြောင်း ရှိ​နိုင်​မည်​နည်း။ စုံလင်သော​အာဒံ​နှင့်​ဧဝ ဧဒင်​ပရဒိသု​၌ ဘဝ​မွေ့လျော်​နေကြ​စဉ် သူတို့ကို စာတန်​လှည့်ဖြား​နိုင်​ခဲ့​ကြောင်း မမေ့​ပါ​နှင့်။ မူလ​ပထမ​ပုန်ကန်မှု​၏ ဆိုးကျိုး​များ​ကို​မြင်ခဲ့​ကြသော ကောင်းကင်တမန်​များ​ကိုလည်း စာတန်​လမ်းလွဲ​စေနိုင်​ခဲ့​သည်။ (၂ ပေတရု ၂:၄; ယုဒ ၆) ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​၏ ကြည်နူး​နှစ်သက်ဖွယ် အုပ်ချုပ်မှု အနှစ်​တစ်ထောင်​နောက်ပိုင်း​မှာ​ပင် စုံလင်သော​လူသား​အချို့ စာတန်​နောက်သို့ လိုက်​လို​သော​ဆန္ဒ ဖြစ်ပေါ်​လာ​မည်​ကို ကျွန်ုပ်​တို့​မအံ့သြ​သင့်။

၂၂။ (က) “မြေကြီး​၏​လေးမျက်နှာ​မှ ထို​တိုင်းနိုင်ငံ​များ” ဟူသော​အသုံးအနှုန်း​က ဘာကို​ပြသ​နည်း။ (ခ) ပုန်ကန်​သူများကို “ဂေါဂ​နှင့်​မာဂေါဂ” ဟူ၍ အဘယ်ကြောင့်​ခေါ်​သနည်း။

၂၂ သမ္မာကျမ်းစာ​က ထို​ပုန်ကန်​သူများကို “မြေကြီး​၏ လေးမျက်နှာ​မှ . . . လူမျိုးများ” ဟု​ခေါ်ဆို​၏။ ဤ​အချက်​က လူသားများ​သည် တ​သီး​တခြား​စီ​ရပ်တည်​သော အမျိုးသား​နိုင်ငံရေး​အဖွဲ့​များ​အဖြစ်သို့ တစ်ဖန်​ကွဲပြား​သွား​ကြ​မည်​ဟု မဆိုလို​ပါ။ သူတို့သည် ဖြောင့်မတ်​၍ သစ္စာစောင့်သိ​သော ယေဟောဝါ​၏​လူများ​နှင့် အုပ်စု​ခွဲ​ကာ ယနေ့​လူမျိုးများ​၏ ဉာဉ်ဆိုး​မျိုး ပြ​ကြ​မည်​ဟု​သာ ဆိုလို​၏။ သူတို့သည် မြေကြီးပေါ်​က သီအိုကရက်တစ်​အစိုးရ​ကို ဖျက်ဆီး​ရန်​ကြံရွယ်​လျက် ယေဇကျေလ ပရောဖက်ပြုချက်​ပါ မာဂေါဂ​ပြည်သား ဂေါဂ​မင်း​ကဲ့သို့ “မကောင်းသော​အကြံ​ကို​ကြံစည်” ကြလိမ့်မည်။ (ယေဇကျေလ ၃၈:၃၊ ၁၀-၁၂) ထို့​ကြောင့် သူတို့အား “ဂေါဂ​နှင့် မာဂေါဂ” ဟူ၍​ခေါ်​ခြင်း​ဖြစ်သည်။

၂၃။ ပုန်ကန်​သူများ​၏​အရေအတွက်​သည် “သမုဒ္ဒရာ​သဲလုံး​တ​မျှ​ဖြစ်၏” ဟူသော​အချက်​က ဘာကို​ပြသ​နည်း။

၂၃ စာတန်​နှင့်​ပူးပေါင်း​၍ ပုန်ကန်​ကြသော​သူတို့သည် “သမုဒ္ဒရာ​သဲလုံး​တ​မျှ​ဖြစ်၏။” ၎င်း​သည် မည်မျှ​များ​သနည်း။ တင်ကူး​၍ သတ်မှတ်​ထားခြင်း​မရှိပါ။ (ယောရှု ၁၁:၄; တရားသူကြီး ၇:၁၂ နှိုင်းယှဉ်။) ပုန်ကန်​သူတို့၏ နောက်ဆုံး စုစုပေါင်း​အရေအတွက်​မှာ စာတန်​၏​လှည့်ဖြား​ချက်​ကို လူတစ်ဦး​ချင်း မည်သို့​တုံ့ပြန်​သည်​အပေါ် မူတည်​သည်။ သို့​တ​စေ၊ သူတို့သည် “သန့်ရှင်းသူ​တို့၏ တပ်​စခန်း​နှင့် မြတ်နိုး​တော်​မူ​သော​မြို့” ကို​သိမ်းပိုက်​နိုင်​မည်​ဟု ထင်ကြ​သည်​ဖြစ်၍ အရေအတွက် တော်​တော်​များ​ပေ​လိမ့်​မည်။

၂၄။ (က) “မြတ်နိုး​တော်​မူ​သော​မြို့တော်” ကား အဘယ်အရာ​ဖြစ်သနည်း၊ ၎င်းကို မည်သို့​ဝိုင်း​နိုင်​သနည်း။ (ခ) “သန့်ရှင်းသူ​များ​၏​စခန်း” က ဘာကို​တင်စား​သနည်း။

၂၄ “မြတ်နိုး​တော်​မူ​သော​မြို့” ကား ဗျာဒိတ် ၃:၁၂ ၌ ယေရှု​ခရစ်​က မိမိ​နောက်တော်လိုက်​များ​အား မိန့်မြွက်​သော​မြို့၊ “ငါ​၏​ဘုရားသခင့် အထံတော်၊ ကောင်းကင်​မှ ဆင်းသက်​သည့် ယေရုရှလင်​မြို့​သစ် တည်း​ဟူသော ငါ​၏​ဘုရားသခင့်​မြို့တော်” ဖြစ်​ရ​ပေမည်။ ၎င်း​သည် ကောင်းကင်​ဆိုင်ရာ အဖွဲ့အစည်း​တစ်ရပ်​ဖြစ်​ရ​ကား အဆိုပါ​မြေကြီးဆိုင်ရာ တပ်​များ​က မည်သို့ ‘ဝိုင်း’ နိုင်​မည်​နည်း။ “သန့်ရှင်းသူ​တို့၏ တပ်​စခန်း​ကို” ဝိုင်း​ခြင်း​ဖြင့်​ဖြစ်၏။ တပ်​စခန်း​သည် မြို့ပြင်​၌​ရှိ၏။ ထို့​ကြောင့် “သန့်ရှင်းသူ​တို့၏ တပ်​စခန်း” သည် ယေဟောဝါ​၏ အစိုးရ​အစီအစဉ်ကို သစ္စာရှိ​ရှိ​ထောက်ခံ​သော၊ ယေရုရှလင်​မြို့​သစ်​၏ ကောင်းကင်​ဆိုင်ရာ​တည်နေရာ အပြင်ဘက်​ရှိ မြေကြီးပေါ်​ရှိ ပုဂ္ဂိုလ်​များ​ကို တင်စား​ခြင်း​ဖြစ်​ရမည်။ စာတန့်​လက်အောက်ခံ သူပုန်များ ထို​သစ္စာရှိ​များ​ကို တိုက်ခိုက်​ကြသောအခါ သခင်​ယေရှု​က မိမိကို​တိုက်​သည်​ဟု ယူမှတ်​တော်​မူ​၏။ (မဿဲ ၂၅:၄၀၊ ၄၅) မြေကြီးကို ပရဒိသု​ဖြစ်စေ​ခြင်း​တွင် ကောင်းကင်​ဆိုင်ရာ ယေရုရှလင်​မြို့​သစ် လုပ်ဆောင်ခဲ့​သမျှ​ကို “ထို​လူမျိုးများ” က ပယ်ဖျက်​ရန် အားထုတ်​ကြလိမ့်မည်။ ထို့​ကြောင့် “သန့်ရှင်းသူ​တို့၏ တပ်​စခန်း” ကို​တိုက်ခိုက်​သောအခါ “မြတ်နိုး​တော်​မူ​သော​မြို့တော်” ကို​ပါ တိုက်ခိုက်​ရာ​ရောက်​၏။

ကန့်​မီး​အိုင်

၂၅။ “သန့်ရှင်းသူ​များ​၏​စခန်း” ကို​တိုက်ခိုက်​ရာ​မှ အဘယ်​ရလဒ်​ဖြစ်ပေါ်​လာ​ကြောင်း ယောဟန်​တင်ပြ​သနည်း၊ ၎င်း​သည် စာတန့်​အဖို့ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၅ ဤ​နောက်ဆုံးသော စာတန့်​အားထုတ်မှု​သည် အောင်မြင်​မည်​လော။ မုချ အောင်မြင်​မည်​မဟုတ်။ ကျွန်ုပ်​တို့​ခေတ်​၌ ဝိညာဏ​ဣသရေလ​အပေါ် ဆင်နွှဲ​လတ္တံ့​သော မာဂေါဂ​ပြည်သား ဂေါဂ​မင်း​၏​တိုက်ခိုက်မှု​သည် အောင်မြင်​မည် မဟုတ်သကဲ့သို့​ပင်။ (ယေဇကျေလ ၃၈:၁၈-၂၃) ယောဟန်​က ရလဒ်ကို ဤသို့​ကွင်းကွင်းကွက်ကွက်​တင်ပြ​၏– “သို့သော် ကောင်းကင်​မှ​မီး​ကျ​၍ သူတို့ကို ဝါးမျို​ဖျက်ဆီး​လေ​၏။ သူတို့ကို လှည့်ဖြား​သော​သူ မာရ်နတ်သည်​လည်း သားရဲ​နှင့် မိစ္ဆာ​ပရောဖက်​တို့ ရောက်​နှင့်​ရာ ကန့်​မီး​အိုင်​ထဲ​သို့ ပစ်ချ​ခံရ​၏။” (ဗျာဒိတ် ၂၀:၉ခ-၁၀က) ဤ​တစ်ကြိမ်​တွင် မူလ​မြွေ​စာတန်​သည် တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​မည့်​အစား ပျောက်ပျက်​သည်​တိုင် ကြိတ်နယ်​ခြင်း၊ ချေမှုန်း​ခြင်း​ခံရ​မည်၊ မီး​ဖြင့်​ကျွမ်းလောင်​သည့်​အလား လုံးလုံး​ဖျက်ဆီးခြင်း အမှန်တကယ် ခံရ​လိမ့်​မည်။

၂၆။ “ကန့်​မီး​အိုင်” သည် အဘယ်ကြောင့် ပကတိ​ညှဉ်းဆဲ​ရာ​နေရာ မဖြစ်​နိုင်​သနည်း။

၂၆ “ကန့်​မီး​အိုင်” သည် ပကတိ​ညှဉ်းဆဲ​ရာ​နေရာတစ်ခု မဟုတ်​နိုင်​ကြောင်း ကျွန်ုပ်​တို့​သိခဲ့ရပြီ​ဖြစ်၏။ (ဗျာဒိတ် ၁၉:၂၀) ယေဟောဝါ​သည် စာတန်​အား ပြင်းပြ​သော​ညှဉ်းဆဲခြင်း​ကို ထာဝစဉ်​ခံစေ​မည်​ဆိုလျှင် သူ့ကို​အရှင်​ထား​ရ​ပါ​လိမ့်​မည်။ သို့သော် အသက်​ဟူသည် ဆုလာဘ်​ဖြစ်၍ အပြစ်ဒဏ်​မဟုတ်။ သေခြင်း​သာ​လျှင် အပြစ်ဒဏ်​ဖြစ်၏။ သေ​သော​သတ္တဝါများ​ဆိုလျှင်​လည်း ကျမ်းစာ​အရ ဝေဒနာ​မခံရ​ကြ။ (ရောမ ၆:၂၃; ဒေသနာ ၉:၅၊ ၁၀) ထို့​ပြင် သေခြင်း​ကိုယ်နှိုက် ဟေးဒီးစ်​နှင့်အတူ ကန့်​မီး​အိုင်​ထဲ​သို့ ပစ်ချ​ခံရ​သည်​ဟု နောက်ပိုင်း၌ ကျွန်ုပ်​တို့​ဖတ်​ရ၏။ သေခြင်းနှင့်​ဟေးဒီးစ်​တို့သည် ဘယ်နည်း​နှင့်​မျှ ဝေဒနာ​ခံစား​နိုင်​သည်မဟုတ်။​—ဗျာဒိတ် ၂၀:၁၄

၂၇။ သောဒုံ​နှင့် ဂေါမောရ​မြို့​တို့၏​အဖြစ်သနစ်​က ကန့်​မီး​အိုင်​အကြောင်းကို​နားလည်​ရန် မည်သို့​အထောက်အကူ​ပြု​သနည်း။

၂၇ ဤ​အချက်​အလုံးစုံ​က ကန့်​မီး​အိုင်​သည် ပုံခိုင်း​ချက်​မျှ​သာ​ဖြစ်သည်​ဟူသော အမြင်ကို ခိုင်လုံ​စေ​၏။ ထို့​ပြင် မီး​နှင့်​ကန့်​အကြောင်း​က ကြီး​လေး​သော​ဆိုးသွမ်းမှု​ကြောင့် ဘုရားသခင်​၏ ဖျက်ဆီးခြင်း​ကို​ခံရ​သော ရှေး​သောဒုံ​နှင့် ဂေါမောရ​မြို့များ​ကို သတိ​ရစေသည်။ အချိန်စေ့​သောအခါ “ထာဝရ​ဘုရား​သည် ကောင်းကင်​ထက်၊ အထံတော်​မှ သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​အပေါ်​သို့ ကန့်​နှင့်​မီး​မိုး​ကို ရွာ​စေတော်မူ​၏။” (ကမ္ဘာဦး ၁၉:၂၄) ထို​မြို့​နှစ်မြို့ ကြုံ​ရသော​အဖြစ်ကို ‘ထာဝရ​မီး​ဒဏ်’ ဟု​ခေါ်​သည်။ (ယုဒ ၇) သို့​တ​စေ ထို​မြို့​နှစ်မြို့​သည် ထာဝစဉ်​ညှဉ်းဆဲခြင်း မခံရ​ပါ။ အကျင့်​ယုတ်ညံ့​သော ထို​မြို့သား​များနှင့်​တကွ ထာဝစဉ်​ပယ်ရှားခြင်း၊ အစ​အ​န​မကျန် ဖျောက်ဖျက်​ခြင်း​ကို​သာ ခံရ​၏။ ထို​မြို့​တို့သည် ယနေ့ မတည်ရှိ​တော့​ချေ။ ၎င်းတို့၏​တည်နေရာ​ကိုလည်း မည်သူမျှ တပ်အပ်​မသိ။

၂၈။ ကန့်​မီး​အိုင်​ကား အဘယ်အရာ​ဖြစ်သနည်း၊ ၎င်း​သည် သေခြင်း၊ ဟေးဒီးစ်၊ တွင်း​နက်​ကြီး​တို့​နှင့် မည်သို့​ခြားနား​သနည်း။

၂၈ ယင်း​အချက်​နှင့်​အညီ ကျမ်းစာ​ကိုယ်နှိုက်​က ကန့်​မီး​အိုင်​၏​အဓိပ္ပာယ်​ကို ဤသို့​ရှင်းပြ​၏– “၎င်း​သည် ဒုတိယ​သေခြင်း၊ မီး​အိုင်​ကို​ဆိုလို​၏။” (ဗျာဒိတ် ၂၀:၁၄) ၎င်း​သည် ဆိုးယုတ်သူ​များ ထာဝစဉ်​ညှဉ်းဆဲ​ခံ​ရာ​မဟုတ်ဘဲ ထာဝစဉ်​ဖျက်ဆီးခြင်း ခံ​ရာ​အရပ်​တည်း​ဟူသော ယေရှု​မိန့်ဆို​သည့်​ဂေဟင်္နာ​နှင့် အတူတူ​ပင်​ဖြစ်သည်​မှာ ထင်ရှား​၏။ (မဿဲ ၂၀:၂၈) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​မရှိ၊ အပြီး​အ​ငြိမ်း လုံးဝ​ဖျက်ဆီးခြင်း​ဖြစ်၏။ ထို့​ကြောင့် သေခြင်း၊ ဟေးဒီးစ်​နှင့် တွင်း​နက်​ကြီး​တို့ကို​ဖွင့်​ရန် သော့​များ​ရှိသော်လည်း ကန့်​မီး​အိုင်​ကို​ဖွင့်​သော သော့​အကြောင်း ဆို​မထား​ချေ။ (ဗျာဒိတ် ၁:၁၈; ၂၀:၁) မီး​အိုင်​သည် မိမိ၏​အကျဉ်းသား​များ​ကို ဘယ်တော့​မျှ​လွှတ်​မည်​မဟုတ်။​—မာကု ၉:၄၃-၄၇ နှိုင်းယှဉ်။

နိစ္စ​ထာဝရ နေ့​ည​မပြတ် ညှဉ်းဆဲခြင်း

၂၉၊ ၃၀။ မာရ်နတ်၊ သားရဲ​နှင့် မိစ္ဆာ​ပရောဖက်​တို့​အကြောင်း ယောဟန်​ဘာ​ပြော​သနည်း၊ ၎င်းကို မည်သို့​နားလည်​ရန်ဖြစ်​သနည်း။

၂၉ ယောဟန်​က မာရ်နတ်၊ သားရဲ၊ မိစ္ဆာ​ပရောဖက်​တို့​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “သူတို့သည် နိစ္စ​ထာဝရ နေ့​ည​မပြတ် ညှဉ်းဆဲခြင်း​ကို ခံရ​ကြလိမ့်မည်။” (ဗျာဒိတ် ၂၀:၁၀ခ) ဘာကို​ဆိုလိုခြင်း ဖြစ်​နိုင်​သနည်း။ အထက်​က​ဆို​ခဲ့​သည့်​အတိုင်း သားရဲ​နှင့် မိစ္ဆာ​ပရောဖက်​အပြင် သေခြင်းနှင့်​ဟေးဒီးစ် အစ​ရှိသော အထိမ်းအမှတ်​များသည် ပကတိ​ညှဉ်းဆဲခြင်း​ကို ခံစား​နိုင်​သည်​ဟု​ဆို​ခြင်း​သည် မဆီလျော်​ချေ။ သို့​ဖြစ်၍ စာတန်​သည် ထာဝစဉ် ဆင်းရဲခံ​မည်​ဟု ယုံကြည်​ရန်​အကြောင်း​မရှိ။ သူသည် လုံးလုံး​ဖျက်ဆီးခြင်း ခံရ​မည်​ဖြစ်၏။

၃၀ “ညှဉ်းဆဲ” ဟု ဤ​တွင်​အသုံးပြု​သော ဂရိ​စကားလုံး ba·​sa·​niʹ​zo (ဘာ​ဆာ​နီး​ဇိုး) သည် “(သတ္ထု​ကို) မှတ်​ကျောက်​ဖြင့်​စစ်​ခြင်း” ကို အဓိက​ဆိုလို​၏။ ဒုတိယ​အဓိပ္ပာယ်​မှာ “ညှဉ်း​၍​စစ်​မေး​ခြင်း” ဖြစ်သည်။ (သေ​ယာ​၏ ဓမ္မသစ်​ကျမ်း ဂရိ-အင်္ဂလိပ် အဘိဓာန်​သစ်) ရှေ့နောက်စကား​၌ ဤ​ဂရိ​စကားလုံး​ကို​သုံးနှုန်းခြင်း​က ယေဟောဝါ​၌ အုပ်ချုပ်ပိုင်ခွင့်​ရှိမရှိ၊ ၎င်း​အုပ်ချုပ်မှု ဖြောင့်မတ်ခြင်း​ရှိမရှိ ဟူသော​အရေးကိစ္စ​တွင် စာတန့်​အဖြစ်သနစ်​သည် ထာဝရ​မှတ်​ကျောက် ဖြစ်​မည်​ကို​ပြ​၏။ အချုပ်အခြာအာဏာ အုပ်စိုးပိုင်ခွင့်​ဆိုင်ရာ ထို​အရေးကိစ္စ​သည် ထာဝစဉ်​အပြီး​အပြတ် ဖြေရှင်း​ပြီး​သား​ဖြစ်​လိမ့်​မည်။ နောင်​တွင် တစ်ဦးဦး​က ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို စိန်ခေါ်​လာ​ပြန်​လျှင် ၎င်း​စိန်ခေါ်ချက်​မှား​ကြောင်း သက်သေထူ​ဖို့​အရေး ကာလ​ကြာရှည်​စွာ စမ်းသပ်​ရန် လို​တော့​မည်​မဟုတ်။​—ဆာလံ ၉၂:၁၊ ၁၅ နှိုင်းယှဉ်။

၃၁။ “ညှဉ်းဆဲ” ဟူ၍​အဓိပ္ပာယ်​ရှိသော ဂရိ​စကားလုံး​နှစ်လုံး​က စာတန်​မာရ်နတ်​ခံရ​သော အပြစ်ဒဏ်​အကြောင်းကို နားလည်​ရန် မည်သို့​ထောက်ကူ​သနည်း။

၃၁ ၎င်း​ပြင်၊ ba·​sa·​niʹ​zo နှင့်​ဆက်စပ်​သော ba·​sa·​ni·​stesʹ (ဘာ​ဆာ​နစ်​စတဲ့​စ်) “ညှဉ်းဆဲ​သူ” ဟူသော​စကားလုံး​ကို “ထောင်မှူး” ဟူသော​အဓိပ္ပာယ်​ဖြင့် ကျမ်းစာ​၌​သုံးစွဲ​ထား​သည်။ (မဿဲ ၁၈:၃၄Kingdom Interlinear) ဤ​အချက်​နှင့်​အညီ စာတန်​သည် မီး​အိုင်​ထဲ​၌ ထာဝစဉ်​ချုပ်နှောင်​ခံရ​လိမ့်​မည်။ ဘယ်တော့​မျှ လွတ်​လာ​မည်​မဟုတ်။ နောက်ဆုံး​အချက်​အနေ​နှင့်၊ ယောဟန်​အကျွမ်းဝင်သော ဂရိ Septuagint (ခု​နစ်​ကျိပ်​ကျမ်း) ၌ ba·​sa·​niʹ​zo နှင့်​ဆက်စပ်​သော baʹ​sa·​nos (ဘား​ဆာ​နော့စ်) ကို သေ​သည်​အထိ အရှက်ခွဲ​ညှဉ်းဆဲခြင်း​ကို ရည်ညွှန်း​၍ သုံးစွဲ​ထား​သည်။ (ယေဇကျေလ ၃၂:၂၄၊ ၃၀) ဤ​အချက်​က စာတန်​ခံရ​သော​အပြစ်ဒဏ်​သည် ကန့်​မီး​အိုင်​ထဲ​၌ အရှက်တကွဲ​ဖြစ်သော ထာဝရ​သေခြင်း​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား သိမြင်​စေ​၏။ သူ၏​လုပ်ဆောင်ချက်များ​လည်း သူနှင့်​အတူ ချုပ်ငြိမ်း​လေ​၏။—၁ ယောဟန် ၃:၈

၃၂။ နတ်ဆိုး​များသည် အဘယ်​အပြစ်ဒဏ်​ကို ခံရ​ကြ​မည်​နည်း၊ ကျွန်ုပ်​တို့ မည်သို့​သိနိုင်​သနည်း။

၃၂ တစ်ဖန်၊ ဤ​ကျမ်းချက်​၌ နတ်ဆိုး​များ​အကြောင်း ဆို​မထား​ချေ။ သူတို့သည် အနှစ်​တစ်ထောင်​အဆုံး​၌ စာတန်​နှင့်အတူ​လွတ်​လာပြီး​နောက် စာတန်​နှင့်အတူ ထာဝရ​သေခြင်း​အပြစ်ဒဏ် ခံရ​ကြမည်​လော။ သက်သေ​သာဓက​က ခံရ​ကြ​မည်​ကို​ပြ​၏။ သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ​၌ ယေရှု​က ဆိတ်​တို့သည် “မာရ်နတ်နှင့်​သူ၏​တမန်​တို့​အဖို့​ပြင်ဆင်​သော ထာဝရ​မီး​ထဲ” သို့​လား​ရမည်ဟု မိန့်တော်မူ၏။ (မဿဲ ၂၅:၄၁) “ထာဝရ​မီး” ဟူသော​အသုံးအနှုန်း​သည် စာတန်​ပစ်ချ​ခံရ​မည့် ကန့်​မီး​အိုင်​ကို ရည်ညွှန်းခြင်း​ဖြစ်​ရမည်။ မာရ်နတ်​၏​တမန်​များသည် သူနှင့်​အတူ ကောင်းကင်​မှ​ပစ်ချ​ခံရ​ကြ​၏။ သူတို့သည် အနှစ်​တစ်ထောင်​အစပိုင်း​၌ တွင်း​နက်​ကြီး​ထဲ​သို့ အတူ​ရောက်သွား​ခဲ့​သည်​မှာ ထင်ရှား​၏။ ၎င်းနှင့်​အညီ ကန့်​မီး​အိုင်​ထဲ​၌ သူနှင့်​အတူ ဖျက်ဆီးခြင်း​ကို​ပါ ခံရ​ကြလိမ့်မည်။​—မဿဲ ၈:၂၉

၃၃။ ကမ္ဘာဦး ၃:၁၅ ၏ အဘယ်​နောက်ဆုံး အသေးစိတ်​အချက်အလက်​များ ပြည့်စုံ​လာ​မည်​နည်း၊ ယေဟောဝါ​၏ ဝိညာဉ်​တော်​က ယခု ယောဟန်​အား အဘယ်​ကိစ္စ​ပေါ် အာရုံ​စူးစိုက်​စေ​သနည်း။

၃၃ ဤ​နည်း​အားဖြင့် ကမ္ဘာဦး ၃:၁၅ ၌​မှတ်တမ်းတင်​သော ပရောဖက်ပြုချက်​၏ နောက်ဆုံးသော အသေးစိတ်​အချက်အလက်​များ ပြည့်စုံ​လာ​၏။ စာတန်​သည် မီး​အိုင်​ထဲ​သို့​ပစ်ချ​ခံရ​သော​အခါ ဦးခေါင်း​တွင် သံ​ဖနောင့်​ဖြင့် အကြိတ်​ခံရ​သော​မြွေ​ကဲ့သို့ အသက်​ချုပ်ငြိမ်း​သွားပါ​လိမ့်​မည်။ သူနှင့်​အပေါင်းပါ နတ်ဆိုး​များသည် ထာဝစဉ်​ပပျောက်​သွား​လိမ့်​မည်။ ၎င်း​တို့​အကြောင်း ဗျာဒိတ်ကျမ်း​၌ ထပ်မံ​မဖော်​ပြ​တော့။ ပရောဖက်ပြုချက်​အရ ၎င်းတို့ကို​သုတ်သင်​ပြီး​သည့်​နောက် ယေဟောဝါ​၏ ဝိညာဉ်တော်သည် မြေကြီး​မျှော်လင့်ချက်​ရှိ​သူများ အထူး​စိတ်ဝင်စား​သည့်​ကိစ္စ​ကို တင်ပြ​လေ​သည်။ “ဘုရင်တကာ​တို့၏​ဘုရင်” နှင့် “ကိုယ်တော်​နှင့်အတူ ခေါ်ယူ​ရွေးကောက်​တော်​မူ​ခြင်း​ခံရ​သူ သစ္စာရှိ​တို့” ၏​အုပ်ချုပ်မှု​သည် လူသားများ​အပေါ် အဘယ်​အကျိုး သက်ရောက်​မည်​နည်း။ (ဗျာဒိတ် ၁၇:၁၄) ယောဟန်​က အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​၏ အစပိုင်း​သို့​ပြန်သွား​၍ အဖြေကို​ပေး​၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အခြား​ကျမ်းချက်​များ​က ယေရှု​သေ​ရာ​၌ ဟေးဒီးစ်​ထဲ​၌ ရှိသည်​ဟု​ဆို​၏။ (တမန်​တော် ၂:၃၁က​ဘ) သို့ရာတွင် ဟေးဒီးစ်​နှင့် တွင်း​နက်​ကြီး​သည် အမြဲ​ပင် အတူတူ​ဖြစ်သည်ဟု မယူမှတ်​သင့်။ သားရဲ​နှင့် စာတန်​တို့သည် တွင်း​နက်​ကြီး​ထဲ​သို့​သွား​သော်လည်း လူသားများ​သာ ဟေးဒီးစ်​သို့​သွား​သည်​ဟု​ဆို​၏။ ထို​နေရာ၌ သူတို့သည် ထမြောက်ချိန်​တိုင်အောင် သေခြင်း​၌​အိပ်ပျော်​နေကြ၏။​—ယောဘ ၁၄:၁၃; ဗျာဒိတ် ၂၀:၁၃

^ အပိုဒ်၊ 11 ယောဟန်​လက်ထက်​သို့ ရောက်​သောအခါ ဓားကို စီရင်​ကွပ်မျက်ခြင်း ကိရိယာ​အဖြစ် ပို​၍​အသုံးများ​လာ​သည် မှန်​သော်လည်း ပုဆိန် (ဂရိ peʹ​le·​kus [ပဲ​လဲ​ကပ်​စ်]) သည် ရောမ​နိုင်ငံ​တွင် အစဉ်အလာ ကွပ်မျက်ခြင်း​ကိရိယာ ဖြစ်​ဟန်​တူ​သည်။ (တမန်​တော် ၁၂:၂) ထို့​ကြောင့် ဤ​နေရာ၌​သုံးစွဲ​သော ဂရိ​စကားလုံး pe·​pe·​le·​kis·meʹnon (ပဲ​ပဲ​လဲ​က​စ္စ​မဲ​နုန်း) (“ပုဆိန်​ဖြင့်​ကွပ်မျက်”) သည် “ကွပ်မျက်” ဟု​သာ​ဆိုလို​၏။

^ အပိုဒ်၊ 13 စိတ်ဝင်စားဖွယ်​မှာ၊ ခရစ်တော်​အုပ်ချုပ်​ခြင်း​သည် ပကတိ​အနှစ်​တစ်ထောင်​ဖြစ်၏ ဟူသော​အယူ​ကို စတုတ္ထ​ရာစု သမိုင်း​ပညာရှင် ယူ​စီး​ဘီး​ယပ်စ်​က လုံးဝ​ဆန့်ကျင်​သော်လည်း ဗျာဒိတ်ကျမ်း​ရေးသူ ယောဟန်​၏​တပည့်​များ​ထံ​မှ ကျမ်းစာ​အသိပညာ​အချို့ ဆည်းပူး​ခဲ့​သည်​ဟု လူ​တို့​နားလည်​ထားသော ဟို​င်​ရပ်​ပ​လ​စ္စ​မြို့သား ပ​ပိုင်းယပ်စ်​က​မူ ထို​အယူ​ကို​ယုံကြည်​ကြောင်း ယူ​စီး​ဘီး​ယပ်စ်​က ရေးသား​ဖော်ပြ​၏။ —ယူ​စီး​ဘီး​ယပ်စ်​ရေး​သော ချာ့ခ်ျ​သမိုင်း၊ အတွဲ ၃၊ စာမျက်နှာ ၃၉။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၉၃ ပါ ရုပ်ပုံ]

ပင်လယ်သေ။ သောဒုံ​နှင့် ဂေါမောရ တည်ရှိ​ခဲ့​ရာ​ဒေသ ဖြစ်​နိုင်​ဖွယ်​ရှိ

[စာမျက်နှာ ၂၉၄ ပါ ရုပ်ပုံ]

“သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း၊ ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို ကြိတ်​လိမ့်​မည်”