မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုနာမကို စွဲကိုင်ခြင်း

ယေရှုနာမကို စွဲကိုင်ခြင်း

အခန်း ၉

ယေရှု​နာမကို စွဲကိုင်​ခြင်း

ပေရဂံ

၁။ အဘယ်​အသင်းတော်က ယေရှု၏ နောက်​သတင်း​တော်​ကို လက်ခံရ​ရှိ​သနည်း။ ထို​ခရစ်ယာန်​များသည် မည်သို့သော​မြို့၌ နေထိုင်ကြ​သနည်း။

မုရန​မြို့မှ ကမ်းခြေ​အတိုင်း မြောက်ဘက်​သို့ မိုင် ၅၀ သွားပြီး ကိုင်း​ကပ်​စ်​မြစ်ဝှမ်း​ကို​ဖြတ်၍ အတွင်းဘက်​သို့ ခရီးဆက်​လျှင် ယခု ဘာ​ဂ​မာ​မြို့​ဟု​ခေါ်​သော ပေရဂံ​မြို့​သို့ ရောက်​၏။ ယင်း​မြို့​သည် ဇုသ သို့​မဟုတ် ဂျူပီတာ နတ်​ဘုရား​ဗိမာန်​ကြောင့် ကျော်ကြား​သည်။ ၁၈၀၀ ပြည့်လွန်​နှစ်များ​၌ ရှေးဟောင်း​သုတေသန ပညာရှင်​များသည် ထို​ဗိမာန်​၏ ယဇ်ပလ္လင်ကို ဂျာမနီ​နိုင်ငံ​သို့ ပို့လိုက်​သည်။ ၎င်းကို ဘာလင်​မြို့ရှိ ပေရဂံ​ပြတိုက်​တွင် အခြား​တိတ္ထိ​နတ်​ဘုရား​များ​၏ ရုပ်တု​ရုပ်​ကြွ​များနှင့်​အတူ ယနေ့​တိုင် တွေ့​နိုင်​ပါ​သည်။ ဆင်း​တု​ကိုးကွယ်​မှု​နှင့် ဝိုင်းရံ​နေသော ထို​အသင်းတော်​ထံ သခင်​ယေရှု ဘာ​သတင်း​တော် ပို့​ရန်​ရှိ​သနည်း။

၂။ ယေရှု​က မိမိ​မည်သူ​ဖြစ်​ကြောင်း မည်သို့​ဖော်ပြ​သနည်း။ ကိုယ်တော်၌ “ထက်​သော​သန်လျက်” ရှိ​ခြင်း​က ဘာ​အဓိပ္ပာယ်​ရှိ​သနည်း။

ရှေးဦး​စွာ ယေရှု​က မိမိ​မည်သူ​ဖြစ်​ကြောင်း ဤသို့​မိန့်ကြား​သည်– “ပေရဂံ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့။ ဤ​ကား ထက်​သော​သန်လျက်​ရှည် ရှိသူ​၏ မိန့်ဆိုချက်​များ​တည်း။” (ဗျာဒိတ် ၂:၁၂) ဤ​တွင် ယေရှုသည် ဗျာဒိတ် ၁:၁၆ ပါ မိမိ​အကြောင်း ဖော်ပြချက်​ကို တင်ပြ​ပြန်​၏။ ကိုယ်တော်​သည် မိမိ​တပည့်​များ​ကို နှိပ်စက်​သော​သူတို့အား တရားသူကြီး​နှင့် လက်မရွံ့ အာဏာသား​အနေ​နှင့် ချေမှုန်း​တော်​မူ​မည်။ ထို​အာမခံချက်​သည် အလွန်​နှစ်သိမ့်​စ​ရာ ပါ​တကား။ သို့သော် တရား​စီရင်ခြင်း​နှင့် စပ်လျဉ်း၍​ဆို​ရ​လျှင် ယေဟောဝါ​သည် “ပဋိညာဉ်​တမန်​တော်” ယေရှု​ခရစ်​အားဖြင့် ဆင်း​တု​ကိုးကွယ်​မှု၊ သီလ​ပျက်မှု၊ လိမ်လည်မှု​နှင့် မရိုးသားမှု​တို့ကို ကျူးလွန်​၍ ဆင်းရဲသား​တို့ကို မထောက်မ​သော ခရစ်ယာန်​အမည်ခံ​သူတို့ တစ်ဖက်၌ “လျင်မြန်​သော သက်သေ​ဖြစ်​မည်” ဟူသော​သတိပေး​ချက်​ကို အသင်းတော်​အထဲ​ရှိ​သူများ သတိပြု​ကြ​ပါစေ။ (မာလခိ ၃:၁၊ ၅; ဟေဗြဲ ၁၃:၁-၃) ယေရှု​အား ဘုရားသခင် ပေး​ပို့​စေသော ဩ​ဝါဒ​နှင့် ဆုံးမ​စကား​များ​ကို မပျက်​မ​ကွက် နာခံ​ရမည်။

၃။ ပေရဂံ​မြို့၌ အဘယ်​မှားယွင်းသော ဝတ်ပြုမှု​ကို ပြု​ကြ​သနည်း။ ထို​နေရာ၌ “စာတန်​၏​ပလ္လင်​ရှိ” သည်​ဟု မည်သို့​ဆိုနိုင်​သနည်း။

အသင်းတော်​အား ယေရှု​ဤသို့ ဆက်၍​မိန့်ဆို​သည်– “သင်​နေထိုင်ရာ​အရပ်​ကို ငါ​သိ​၏။ စာတန်​၏​ပလ္လင် တည်ရှိရာ​အရပ်​ပင်​ဖြစ်သည်။” (ဗျာဒိတ် ၂:၁၃က) ထို​ခရစ်ယာန်​တို့သည် တကယ်​ပင် စာတန်​ဝတ်ပြုမှု​ဖြင့် ဝိုင်းရံ​ခံရ​သည်။ ဇုသ​နတ်​ဗိမာန်​အပြင် ဆေးပညာ​ဆိုင်ရာ​နတ်​ဘုရား အက်​စ​ကျူ​လေး​ပီးယပ်စ်​အတွက် ဆောက်​ထားသော​ဗိမာန် ရှိသေး​သည်။ ပေရဂံ​မြို့​သည် ဧကရာဇ်​ကိုးကွယ်​မှု​၏ ဗဟို​အဖြစ်​လည်း ထင်ရှား​သည်။ “စာတန်” ဟု​ပြန်ဆို​သော ဟေဗြဲ​စကားလုံး​သည် “ခုခံ​သူ” ဟု​ဆိုလို​၍ သူ၏ “ပလ္လင်” မှာ အချိန်​အကန့်အသတ်​ဖြင့် ဘုရားသခင် ခွင့်ပြု​ထားသော သူ၏​ကမ္ဘာ့​အုပ်ချုပ်မှု​ကို ကိုယ်စား​ပြု​သည်။ (ယောဘ ၁:၆ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်) ပေရဂံ​မြို့၌ ဆင်း​တု​ကိုးကွယ်​မှု နှံ့ပြား​ခြင်း​က ထို​မြို့၌ စာတန်​၏ “ပလ္လင်” မြဲမြံ​ကြောင်းကို​ပြ​သည်။ ထို​မြို့ရှိ ခရစ်ယာန်​များသည် မျိုးချစ်​ဝတ်ပြုမှု​၌ သူ့ကို​ဦး​မချ​သည့်​အတွက် စာတန်​မည်မျှ ဒေါသူပုန်​ထ​လိုက်​မည်​ဖြစ်​ခြင်း။

၄။ (က) ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​မည်သို့ ချီးမွမ်း​တော်​မူ​သနည်း။ (ခ) ခရစ်ယာန်​များ​ကို ဆက်ဆံပုံ​နှင့်​ပတ်သက်​၍ ရောမ​သံတမန် ပ​လီ​နီ​က ဧကရာဇ် ထ​ရေး​ဂျင်​ထံ မည်သို့​ရေးသား​လိုက်​သနည်း။ (ဂ) ပေရဂံ​မြို့ရှိ ခရစ်ယာန်​တို့သည် အန္တရာယ်ကို​မ​မှု​ဘဲ အဘယ်​လမ်းစဉ်​ကို လိုက်​သနည်း။

မှန်​ပေ​သည်။ “စာတန်​၏​ပလ္လင်” သည် ပေရဂံ​မြို့​ခေါင်​ခေါင်​တွင် တည်ရှိ​၏။ ယေရှု​က “သို့​တ​စေ၊ သင်သည် ငါ့​နာမကို စွဲကိုင်​၏။ စာတန်​နေထိုင်ရာ​အရပ်၌ သင့်​နံဘေး​မှာ အသတ်ခံရ​သော သစ္စာ​ရှိသူ ငါ​၏​သက်သေ အန္တိပ လက်ထက်​၌​ပင် သင်သည် ငါ့​အပေါ်​ထား​ရှိသော ယုံကြည်ခြင်းကို မငြင်းပယ်ခဲ့​ချေ” ဟု ဆက်လက်​မိန့်ကြား​၏။ (ဗျာဒိတ် ၂:၁၃ခ) စိတ်ဓာတ်​တက်ကြွ​ဖွယ် ချီးမွမ်း​စကား​ပါ​တကား။ အန္တိပ​သည် နတ်ဆိုး​အလေ့အကျင့်​များနှင့် ရောမ​ဧကရာဇ် ဝတ်ပြုမှု​နောက်သို့ မလိုက်​မပါ​သောကြောင့် အာဇာနည်​အဖြစ် အသတ်ခံခဲ့ရ​ခြင်း ဖြစ်​မည်​မုချ။ ဤ​ပရောဖက်ပြုချက်​ကို ယောဟန်​ရပြီး မကြာမီ ရောမ​ဧကရာဇ် ထ​ရေး​ဂျင်​၏ ကိုယ်ရေး​သံတမန် ပ​လီ​နီ​အငယ်​က ထ​ရေး​ဂျင်​ထံ​စာရေး​၍ ခရစ်ယာန်​ဖြစ်သည်ဟု စွပ်စွဲ​ခံရ​သူများကို သူ​မည်သို့​အရေးယူ​ကြောင်း ရှင်းလင်း​တင်ပြ​သည်။ သူ့​အရေးယူ​ပုံ​ကို ဧကရာဇ်​ဘုရင်​က သဘောတူ​၏။ ခရစ်ယာန်​မဟုတ်​ဟူ၍ ငြင်းဆို​သူများ​သည် ပ​လီ​နီ​အဆို​အရ၊ “ဘုရား​များ​ထံ ကျွန်တော်​မျိုး [ပ​လီ​နီ] ဆုတောင်း​ပတ္ထနာ ရွတ်ဆို​သည့်​အတိုင်း လိုက်​ရွတ်​ကာ ကိုယ်တော်မြတ် [ထ​ရေး​ဂျင်] ၏​ရုပ်တု​ရှေ့ နံ့သာပေါင်း​နှင့် ဝိုင်ကို ပူဇော်​သည့်​အပြင် . . . ခရစ်တော်​ကို​ကျိန်ဆဲ” ပြီး​ပါ​က လွတ်မြောက်ခွင့် ရ​ကြ​၏။ ခရစ်ယာန်​အဖြစ် တွေ့​ရှိလျှင် ကွပ်မျက်​ခံရ​သည်။ ပေရဂံ ခရစ်ယာန်​များသည် ဤသို့​သော အန္တရာယ်​နှင့် ရင်ဆိုင်​ရ​လျက်​ကယ် မိမိတို့၏ ယုံကြည်ခြင်းကို​မစွန့်။ ယေဟောဝါ​အား သင်္ကာ​ယန​ကင်း​စေ​သူ၊ ခန့်အပ်​ခံရ​သော တရားသူကြီး ယေရှု၏​မြင့်မြတ်​လှ​သည့် ရာထူးဌာနန္တရ​ကို ဆက်လက်​ဂုဏ်ပြုခြင်း​ဖြင့် ‘ယေရှု​နာမကို စွဲကိုင်’ ကြ​၏။ နိုင်ငံတော်​သက်သေခံ​များ​အဖြစ် ယေရှု၏​ခြေတော်ရာ​ကို သစ္စာရှိ​စွာ လိုက်လျှောက်​ကြ​ပေ​သည်။

၅။ (က) ဧကရာဇ်​ကိုးကွယ်​မှု​၏ အဘယ်​ခေတ်​သစ် ပုံတူ​ကြောင့် ကျွန်ုပ်​တို့​ခေတ်​ရှိ ခရစ်ယာန်​များ ပြင်းထန်​စွာ စမ်းသပ်ခံ​ရသနည်း။ (ခ) ကင်းမျှော်စင် က ခရစ်ယာန်​များ​အား အဘယ်​အကူအညီ ပေး​ခဲ့​သနည်း။

ယေရှု​က စာတန်​သည် မျက်မှောက်​လောကဆိုး​ကို အုပ်စိုး​သော်လည်း မိမိ၏​သမာဓိ​ကြောင့် မိမိကို စာတန်​မ​ခြယ်လှယ်​နိုင်​ဟု အကြိမ်ကြိမ် မိန့်ဆိုခဲ့​ပြီ​ဖြစ်သည်။ (မဿဲ ၄:၈-၁၁; ယောဟန် ၁၄:၃၀) ကျွန်ုပ်​တို့​ခေတ်တွင် တန်ခိုး​ကြီး​နိုင်ငံ​များ၊ အထူးသဖြင့် “မြောက်​ရှင်ဘုရင်” နှင့် “တောင်​ရှင်ဘုရင်” တို့သည် ကမ္ဘာ​ကို​စိုးမိုး​ရန် ကြိုးပမ်း​လာ​ခဲ့​ကြပြီ။ (ဒံယေလ ၁၁:၄၀) ပြင်းပြ​သော​မျိုးချစ်စိတ် နိုးကြား​ထကြွ​လာ​သည်​နှင့်​အမျှ ဧကရာဇ်​ကိုးကွယ်​မှု​၏ ခေတ်​သစ်​ပုံတူ​လည်း ကမ္ဘာ​တစ်ခွင်​သို့ အရှိန်အဟုန်​ဖြင့် လွှမ်းခြုံ​သွားသော အမျိုးသား​စိတ်ဓာတ် လှိုင်းလုံး​ကြီး​များ​အသွင်​ဖြင့် ပေါ်လာ​ပြန်​သည်။ ၁၉၃၉၊ နိုဝင်ဘာ ၁ ရက်​နေ့​ထုတ်၊ ၁၉၇၉၊ နိုဝင်ဘာ ၁ ရက်​နေ့​ထုတ်​နှင့် ၁၉၈၆၊ စက်တင်ဘာ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် များ​ပါ ကြားနေ​ခြင်း​ဆိုင်ရာ ဆောင်းပါး​များ​က ဤကိစ္စနှင့်​ပတ်သက်သော ကျမ်းစာ​သွန်သင်ချက်​ကို ရှင်းလင်းစွာ တင်ပြ​ခဲ့​ရ​ကား၊ ယေဟောဝါ​၏ နာမတော်​၌ လိုက်လျှောက်​၍ ယေရှု​ကဲ့သို့ လောကကို ရဲ​ရဲ​တောက် အောင်​လို​သော ခရစ်ယာန်​များ​အဖို့ လမ်းညွှန်ချက်ကို ချမှတ်​ပေး​၏။​—မိက္ခာ ၄:၁၊ ၃၊ ၅; ယောဟန် ၁၆:၃၃; ၁၇:၄၊ ၆၊ ၂၆; ၁၈:၃၆၊ ၃၇; တမန်​တော် ၅:၂၉

၆။ ယခု​ခေတ်​၌ ယေဟောဝါသက်သေ​များသည် အန္တိပ​နည်းတူ မည်သို့​မားမားမတ်မတ် ရပ်တည်ခဲ့​ကြ​သနည်း။

ထိုသို့​သော​သြဝါဒ​ကို အပူ​တ​ပြင်း လိုအပ်​လျက်​ရှိခဲ့​ကြသည်။ ယေဟောဝါသက်သေ​တို့သည် ပူပြင်း​တောက်လောင်​လျက်​ရှိသော အဆင်​အ​ခြင်​မဲ့ မျိုးချစ်​စိတ်ဓာတ်​နှင့် ရင်ဆိုင်​နေရ​ကား ဘိသိက်ခံ​များ​ဖြစ်စေ၊ သူတို့၏​အပေါင်းပါများ​ဖြစ်စေ၊ ယုံကြည်ခြင်း၌ မားမားမတ်မတ် ရပ်တည်​ရန်လို​သည်။ အမေရိကန်​ပြည်ထောင်စု​၌ ရာ​ပေါင်း​များစွာသော ကလေး​သူငယ်​များနှင့် ကျောင်း​ဆရာများ​သည် အလံ​ကို အလေး​မပြု​သည့်​အတွက် ကျောင်း​ထုတ်​ခံရ​ကြသည်။ တစ်ချိန်တည်း​တွင် ဂျာမနီ​နိုင်ငံ​၌ သက်သေခံ​တို့သည် စ​ကြာ​တံဆိပ်​ကို အလေး​မပြု​သည့်​အတွက် ရက်ရက်စက်စက် ညှဉ်းဆဲ​ခံရ​သည်။ ယေဟောဝါ​၏ သစ္စာရှိ​အစေခံများ​သည် မျိုးချစ်စိတ်​ဆိုင်ရာ ထိုသို့​သော ဆင်း​တု​ကိုးကွယ်​မှု​၌ မပါဝင်ဘဲ ငြင်းဆန်​သောကြောင့် ဆို​ခဲ့​ပြီး​သည့်​အတိုင်း ဟစ်တလာ​၏ နာဇီ​တို့​လက်ချက်​ဖြင့် ထောင်နှင့်ချီ​၍ သတ်ဖြတ်​ခံ​ခဲ့​ရသည်။ ၁၉၃၀ ပြည့်လွန်​နှစ်များ​၌ ဂျပန်​နိုင်ငံ ရှင်​တို​ဧကရာဇ်​ကိုးကွယ်​မှု အထွတ်အထိပ်​ရောက်​သည့် ကာလအတွင်း ဓမ္မ​အမှုဆောင် ရှေ့ဆောင်​နှစ်ဦး​က ဂျပန်​တို့​သိမ်းပိုက်​ထားသော ထိုင်ဝမ်​၌ နိုင်ငံတော်​မျိုးစေ့ အမြောက်အမြား ပျိုး​ကြဲ​ခဲ့​ပေ​သည်။ သူတို့ကို စစ်ဘက်​ဆိုင်ရာ အုပ်စိုးရှင်​တို့​က ထောင်ချ​လိုက်​ရာ ကြမ်းကြုတ်​စွာ နှိပ်စက်​ခံရ​၍ သူတို့​ထဲ​က​တစ်ဦး သေဆုံး​ခဲ့​သည်။ နောက်ပိုင်း၌ ကျန်​တစ်ဦး​ကို လွှတ်​ပေး​သည်​ဆို​သော်လည်း နောက်ကျော​မှ ပစ်သတ်​လိုက်​သည်။ ခေတ်​သစ် အန္တိပ​တစ်ဦး​ပင်။ မျိုးချစ်​အထိမ်းအမှတ်​များ ဝတ်ပြုမှု​နှင့် နိုင်ငံတော်​အပေါ် အကြွင်းမဲ့​သစ္စာစောင့်​မှု​ကို တောင်းဆို​သော​နိုင်ငံ​များ ယနေ့​တိုင်​ရှိသေး​သည်။ ငယ်ရွယ်​သော​သက်သေခံ အမြောက်အမြား​တို့သည် ကြားနေ​ခရစ်ယာန်​များ​အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်ခြင်း​ကြောင့် ထောင်ချခြင်း​ခံရ​သည်​သာမက အဆုံးစီရင်​ခံရ​သူလည်း မနည်း​ချေ။ သင်သည် ဤ​ပြဿနာ​များ​ကို ရင်ဆိုင်​နေရ​သော လူငယ်​ဖြစ်​လျှင် ဘုရားသခင့်​နှုတ်ကပါဌ်တော်​ကို နေ့စဉ်​ဖတ်ရှု​သင်အံ​ပါ။ သို့​မှ​သာ “အသက်ချမ်းသာ ခံစားရ” ၍ ထာဝရ​အသက်ကို မျှော်လင့်​နိုင်​လိမ့်​မည်။​—ဟေဗြဲ ၁၀:၃၉–၁၁:၁သ​မ; မဿဲ ၁၀:၂၈-၃၁

၇။ အိန္ဒိယ​နိုင်ငံ​မှ လူငယ်များ အမျိုးသားရေး​စိတ်ဓာတ် ဝတ်ပြုမှု​ဆိုင်ရာ အရေးကိစ္စကို မည်သို့​ရင်ဆိုင်ခဲ့​ကြ​သနည်း၊ အဘယ်​ရလဒ်​ရရှိ​သနည်း။

ကျောင်းနေ​လူငယ်များ​လည်း အလားတူ​ပြဿနာ​များနှင့် ရင်ဆိုင်​ကြ​ရသည်။ ၁၉၈၅ ခုနှစ်​၌ အိန္ဒိယ​ပြည် ကယ်​ရာ​လာ​ပြည်နယ်​တွင် ယေဟောဝါသက်သေ​များ​၏ ကလေး​သုံးယောက်​သည် ကျမ်းစာ​ကို​အခြေပြု​သော မိမိတို့၏ ယုံကြည်ခြင်း​ဘက်၌ အလျှော့မပေး၊ အမျိုးသား​သီချင်းကို မဆို​ဘဲ​နေသည်။ အခြားသူများ​ဆို​ကြ​စဉ် သူတို့​တလေးတစား ရပ်​လျက်​နေကြ​သော်လည်း ကျောင်း​ထုတ်​ခံရ​သည်။ သူတို့၏​ဖခင်​က အိန္ဒိယ​ပြည်​၏ တရားရုံး​ချုပ်​အထိ အယူခံဝင်​ရာ တရားသူကြီး​နှစ်ဦး​က “ကျွန်ုပ်​တို့၏ မိရိုးဖလာ​သည် သည်းခံခြင်း​တရားကို သွန်သင်​သည်။ ကျွန်ုပ်​တို့၏ အတွေးအခေါ်​က​လည်း သည်းခံခြင်း​တရားကို သွန်သင်​သည်။ ကျွန်ုပ်​တို့၏ ဖွဲ့စည်းပုံ​ဥပဒေက​လည်း သည်းခံခြင်း​တရားကို ကျင့်သုံး​သည်။ ၎င်း​၏​တန်ဖိုး လျော့နည်း​သွား​အောင် မလုပ်ဘဲ နေကြပါ​စို့” ဟူ၍ ရဲဝံ့​စွာ​ဆို​ကာ ကလေး​များ​အား တရား​အနိုင် ပေး​လိုက်​သည်။ ဤ​အမှု​အကြောင်း သတင်းစာ​များ​၌ ပါ​လာ​သည့်​ပြင် အယ်ဒီတာ့အာဘော်​များ​က​လည်း အကောင်း​ဘက်​မှ ရေးသား​ကြ​ရာ ထို​အချိန်​က ကမ္ဘာ့​လူဦးရေ ငါး​ပုံ​တစ်​ပုံ​နီးပါး​ရှိသော ၎င်း​နိုင်ငံ​သည် မိမိတို့​နိုင်ငံ​အတွင်း​၌ စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​ကို ကိုးကွယ်​သော ခရစ်ယာန်​များ​ရှိကြောင်း၊ ထို​သူတို့သည် ကျမ်းစာ​မူများ​ဘက် သစ္စာရှိ​ရှိ ရပ်တည်​ကြ​ကြောင်း သိလိုက်ရ​လေ​သည်။

ညစ်ညူး​စေသော ဩဇာ​လွှမ်းမိုးမှု​များ

၈။ ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ​ကို အဘယ်​အတွက် ယေရှု အပြစ်တင်​ခဲ့​ရသနည်း။

မှန်​ပေ​၏။ ပေရဂံ​မြို့ရှိ ခရစ်ယာန်​များသည် သမာဓိ​စောင့်ထိန်း​သူများ ဖြစ်​ကြ​ပေ​သည်။ “သို့ရာတွင်၊ သင့်ကို ငါ​အပြစ်​ဆို​စ​ရာ အနည်းငယ်​ရှိ၏” ဟု​ယေရှု မိန့်တော်မူသည်။ သူတို့​ဘာလုပ်ခဲ့​၍ အပြစ်တင်​ခံရ​သနည်း။ “ဣသရေလ အမျိုးသားများ​အား ရုပ်တု​ရှေ့ ပူဇော်​သော အရာများ​ကို​စား၍ မတရားမေထုန် ကျူးလွန်​စေရန် ခလုတ်​ထောင်​ပါ​ဟု ဗာလက်​အား သင်ကြား​ပေး​သူ​ဖြစ်သော ဗာလမ်​၏​အယူ​ကို ကိုင်စွဲ​သူများ သင့်​အထဲ​၌​ရှိ၏။”​—ဗျာဒိတ် ၂:၁၄

၉။ ဗာလမ်​ကား မည်သူ​နည်း။ သူ၏​အကြံပေး​ချက်​သည် အဘယ်​နည်းဖြင့် “ဣသရေလ အမျိုးသားများ​ရှေ့၌ ခလုတ်​ထောင်” ခဲ့​သနည်း။

မောရှေ​လက်ထက်​၌ မောဘ​အမျိုး ဗာလက်​က ယေဟောဝါ​၏ နည်းလမ်းတော်​များ​အကြောင်း အနည်း​အကျဉ်း​သိ​သူ ဣသရေလလူ​မဟုတ်သော ပရောဖက်​ဗာလမ်​ကို​ငှား​ရမ်း၍ ဣသရေလလူ​တို့ကို ကျိန်ဆဲ​စေ​သည်။ ယေဟောဝါ​သည် ဗာလမ်​ကို​ဆီးတား​၍ သူ့​အား အတင်းအကျပ်​ပြု​ကာ ဣသရေလလူ​တို့ကို ကောင်းချီး​ပေး​လျက် သူတို့၏​ရန်သူများ​အပေါ် အမင်္ဂလာ​စကား​များ ရွတ်ဆို​စေတော်မူ​၏။ ယင်းကြောင့် ဗာလက်​အမျက်ထွက်​ခဲ့​ရာ ဗာလမ်​က ပရိယာယ်​သုံး​ရန် အကြံပြု​၍ ချော့မော့​လေ​သည်။ မောဘ​အမျိုးသမီးများ​၏ သွေးဆောင်မှု​ဖြင့် ဣသရေလ​အမျိုးသားများ​အား ကြီး​လေး​သော လိင်​သီလ​ပျက်မှု​နှင့် မိစ္ဆာ​ဘုရား ဗာလပေဂုရ ဝတ်ပြုမှု​ကို ကျူးလွန်​စေရန်​ဖြစ်သည်။ ဤ​နည်း​ဗျူဟာ အထမြောက်​ခဲ့​သည်။ ယေဟောဝါ​သည် ဖြောင့်မတ်​သော အမျက်တော်​မီးတောက်​သဖြင့် ကပ်ဘေး​ကို​လွှတ်လိုက်​ရာ မတရားမေထုန်​ပြုသူ ဣသရေလ​အမျိုးသား ၂၄,၀၀၀ သေဆုံး​လေ​သည်။ ယဇ်ပုရောဟိတ် ဖိနဟတ်​က ပြတ်ပြတ်သားသား အရေးယူ​ကာ ဣသရေလ​လူမျိုး​ထဲ​မှ ဒုစရိုက်​ကို​ပယ်ရှား​လိုက်​တော့​မှ ကပ်ဘေး​ငြိမ်း​သွား​သည်။​—တောလည်ရာ ၂၄:၁၀၊ ၁၁; ၂၅:၁-၃၊ ၆-၉; ၃၁:၁၆

၁၀။ အဘယ်​ခလုတ်​တံ​သင်း​များ ပေရဂံ​အသင်းတော်​ထဲ​သို့ မသိမသာ ဝင်ရောက်​ခဲ့​သနည်း။ ထို​ခရစ်ယာန်​များ​က မိမိတို့၏​ကျူးလွန်​မှုများ​ကို ဘုရားသခင် လျစ်လျူရှု​မှာပဲ​ဟု အဘယ်ကြောင့် ထင်မှတ်​ခဲ့​ခြင်း​ဖြစ်​မည်​နည်း။

၁၀ ယောဟန်​လက်ထက် ပေရဂံ​မြို့တွင် အလားတူ ခလုတ်​တံ​သင်း​များ ရှိခဲ့​သလော။ မုချ​ရှိ၏။ သီလ​ပျက်မှု​နှင့် ရုပ်တု​ကိုးကွယ်​မှု​သည် အသင်းတော်​ထဲ​သို့ စိမ့်ဝင်​ခဲ့​လေ​ပြီ။ ထို​ခရစ်ယာန်​တို့သည် တမန်​တော်​ပေါလု​မှ​တစ်ဆင့် ဘုရားသခင်​ပေး​တော်​မူ​သော သတိပေး​ချက်​ကို မနာခံ​ခဲ့​ကြ။ (၁ ကောရိန္သု ၁၀:၆-၁၁) သူတို့သည် နှိပ်စက်မှု​ကို ကြံ့ကြံ့ခံ​ခဲ့ပြီ​ဖြစ်၍ မိမိတို့၏​လိင်ဆိုင်ရာ ကျူးလွန်​မှုများ​ကို ယေဟောဝါ လျစ်လျူရှု​တော်​မူ​မည်​ဟု ထင်မှတ်​ကောင်း ထင်မှတ်​ကြ​ပေမည်။ ထို့​ကြောင့် ယေရှု​က ထို​ဆိုးယုတ်မှု​ကို ရှောင်​ရမည်​ဖြစ်​ကြောင်း သူတို့အား ရှင်းလင်းစွာ နားလည်စေ​တော်​မူ​သည်။

၁၁။ (က) ခရစ်ယာန်​များ အဘယ်အရာကို သတိထား​သင့်​သနည်း။ အဘယ်​အထင်​မျိုးကို ရှောင်​ရမည်​နည်း။ (ခ) လွန်ခဲ့သော​နှစ်များ​အတွင်း ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​သူ မည်မျှ​ရှိ​သနည်း။ များသောအားဖြင့် အဘယ်​အတွက်​နည်း။

၁၁ ယနေ့လည်း ခရစ်ယာန်​တို့သည် “ငါ​တို့​ထာဝရ​ဘုရား​၏ ကျေးဇူးတော်​ကို မိမိတို့၏​အပျော်အပါး လိုက်စားမှု​များ​အတွက် အလွဲသုံးစား​ပြုလုပ်” ခြင်း​ကို သတိ​နှင့်​ရှောင်​ရမည်။ (ယုဒ ၄ခ​မ) ခရစ်ယာန် သီလ​လမ်းစဉ်​ကို လိုက်လျှောက်​နိုင်​ရန် အဆိုးကို​မုန်း​၍ ‘မိမိ​ကိုယ်ခန္ဓာ​ကို ထိုးကြိတ်​၍ ချုပ်ထိန်း’ ရမည်။ (၁ ကောရိန္သု ၉:၂၇ ခသ; ဆာလံ ၉၇:၁၀; ရောမ ၈:၆) မိမိတို့သည် ဘုရားသခင့်​အမှုတော်​၌ စိတ်​ထက်သန်​၍ နှိပ်စက်မှု​အောက်​၌ သစ္စာစောင့်​သည့်​အတွက် လိင်​အကျင့် ဖောက်ပြန်​ခွင့်​ရှိသည်​ဟူ၍ လုံးဝ​မထင်သင့်။ လွန်ခဲ့သော​နှစ်များ​အတွင်း အများအားဖြင့် လိင်​သီလ​ပျက်မှု​ကြောင့် ကမ္ဘာ​တစ်ဝန်း ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​သော ပြစ်မှားသူ​တို့၏​ဦးရေ​သည် သောင်း​နှင့်​ချီ​၍ များပြား​၏။ အချို့​နှစ်များ​၌​ဆိုလျှင် ဗာလပေဂုရ​ကြောင့် ကျဆုံး​ခဲ့​သော ရှေး​ဣသရေလလူ​ဦးရေ​ထက်​ပင် များသည်။ ၎င်း​အသင်းအပင်း​များ​ထဲ​သို့ ဘယ်တော့​မျှ မကျရောက်​စေဖို့ သတိပြု​ကြ​စို့။​—ရောမ ၁၁:၂၀; ၁ ကောရိန္သု ၁၀:၁၂

၁၂။ အဘယ်​မူများ​သည် ဘုရားသခင်​၏ ရှေးခေတ်​အစေခံများ​နှင့် သက်ဆိုင်​သကဲ့သို့ မျက်မှောက်ခေတ် ခရစ်ယာန်​များနှင့်​လည်း သက်ဆိုင်​သနည်း။

၁၂ ယေရှုသည် ပေရဂံ​ခရစ်ယာန်​များ​အား ‘ရုပ်တု​များ​ရှေ့ ပူဇော်​သော အရာများ​ကို​စားခြင်း’ အတွက်​လည်း ပြင်းထန်​စွာ ပြစ်တင်​တော်​မူ​သည်။ ၎င်း​ကိစ္စ​၌ ဘာ​အကျုံးဝင်​သနည်း။ ကောရိန္သု​လူ​တို့​ထံ​ရေး​သော ပေါလု​၏ စကား​များ​ကို​ထောက်​လျှင် အချို့​က မိမိတို့၏ ခရစ်ယာန်​လွတ်လပ်မှုကို အလွဲသုံး​ကာ အခြား​သူတို့၏ ဩတ္တပ္ပ​စိတ်​ကို တမင်​ထိခိုက်အောင် လုပ်​နေ​ပုံ​ရ၏။ ထို့​ထက်​ကား၊ တကယ့်​ရုပ်တု​ကိုးကွယ်​ပွဲ​၌ တစ်နည်း​တစ်​ဖုံ ပါဝင်​ကြ​ခြင်း​ဖြစ်​ဖို့ ပို​၍​အကြောင်း​များ​၏။ (၁ ကော​န္သု ၈:၄-၁၃; ၁၀:၂၅-၃၀) ယနေ့ သစ္စာရှိ ခရစ်ယာန်​တို့သည် ခရစ်ယာန်​လွတ်လပ်မှုကို အသုံးပြုရာ၌ ကိုယ်ကျိုးမဖက်​သော မေတ္တာ​မျိုး​ဖြင့် အခြားသူများ ခလုတ်​တိုက်​လဲစရာ မဖြစ်အောင် သတိ​နှင့်​ရှောင်​ရမည်။ တီဗွီ၊ ရုပ်ရှင်​နှင့် အားကစား အကျော်အမော်​များ​ကို ကိုးကွယ်​ခြင်း၊ ငွေ​ကို​သာမက ကိုယ့်​ဝမ်း​ကို​ပါ ကိုးကွယ်​ခြင်း​စ​သော ခေတ်​သစ်​ရုပ်တု​ကိုးကွယ်​မှုများ​ကို ရှောင်ကြဉ်​ရမည်​မှာ အထူး​ဆို​ဖွယ်​မရှိ။​—မဿဲ ၆:၂၄; ဖိလိပ္ပိ ၁:၉၊ ၁၀; ၃:၁၇-၁၉

သင်း​ခွဲခြင်း​ကို ရှောင်​လော့

၁၃။ ယေရှုသည် ရှေ့​ဆက်၍ ပေရဂံ​မြို့ရှိ ခရစ်ယာန်​တို့အား အဘယ်​ဆုံးမ​စကား မြွက်ဆို​သနည်း။ ထို​အသင်းတော်သည် ၎င်း​ဆုံးမ​စကား​ကို အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။

၁၃ ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​ဤသို့​ထပ်၍ ပြစ်တင်​ဆုံးမ​သည်– “ထို​နည်းတူ သင့်​အထဲ​၌​လည်း နိ​ကော​လ​ဂိုဏ်း​၏ အယူ​ကို ကိုင်စွဲ​သူများ ရှိ၏။” (ဗျာဒိတ် ၂:၁၅) အထက်​က ဧဖက်​မြို့သား​များသည် ၎င်း​ဂိုဏ်း​၏​လုပ်ရပ်များ​ကို မုန်းတီး​သောကြောင့် ယေရှု၏ အချီး​အ​မွမ်း​ကို ခံ​ခဲ့​ရပြီ။ သို့သော် ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ​မူ အသင်းတော်ကို သင်း​ခွဲခြင်း​အန္တရာယ်​မှ ကာကွယ်​စောင့်ရှောက်ခြင်း​နှင့်​ဆိုင်သော ဩ​ဝါဒ​ကို လိုအပ်​နေ​၏။ ယောဟန် ၁၇:၂၀-၂၃ ပါ ယေရှု​ဆုတောင်း​သော စည်းလုံးခြင်း မ​ပျောက်ပျက်​စေခြင်း​ငှာ ခရစ်ယာန်​စံနှုန်း​များ​ကို ယခု​ထက်​ပို​၍ မြဲ​မြဲမြံ​မြံ ထိန်းသိမ်း​ရန် လိုအပ်​သည်။ “ကျန်း​ခံ့​ရေး ဒေသနာ​ဖြင့် နှိုးဆော်​သည်​သာမက၊ ငြင်းဆန်သူ​တို့ကို ဆုံးမ” ရန်​လည်း​လို​သည်။​—တိတု ၁:၉သ​မ။

၁၄။ (က) ခရစ်ယာန်​အသင်းတော်သည် အစောပိုင်းက​တည်း မည်သူ​များနှင့် ရင်ဆိုင်ခဲ့​ရသနည်း။ ထို​သူများ​အကြောင်းကို တမန်​တော်​ပေါလု​က မည်သို့​ဖော်ပြ​သနည်း။ (ခ) သင်း​ကွဲ​အုပ်စု​နောက်သို့ လိုက်​လို​သူ မည်သူ​မဆို ယေရှု၏ အဘယ်​စကား​များ​ကို နာခံ​သင့်​သနည်း။

၁၄ စောစော​ပိုင်း​ကတည်းက ခရစ်ယာန်​အသင်းတော်သည် ဘဝင်မြင့်​သော အယူဖောက်ပြန်သူ​တို့​နှင့် ရင်ဆိုင်​ရသည်။ ထို​သူတို့သည် လှည့်စား​သော ပျား​သကာ​စကား​ဖြင့် ယေဟောဝါ​၏ ဆက်သွယ်ရေး​လမ်းကြောင်း​မှ​တစ်ဆင့်​လာသော “ဒေသနာ​နှင့်​ဆန့်ကျင်​လျက် ကွဲပြားခြင်း၊ တိုက်​လဲ​ခြင်း​အကြောင်း ဖြစ်ပွား​စေ” ကြသည်။ (ရောမ ၁၆:၁၇၊ ၁၈သ​မ) တမန်​တော်​ပေါလု​ရေး​သော ဩ​ဝါဒ​စာ အားလုံးနီးပါး​တွင် ယင်း​အန္တရာယ်ကို​ရှောင်ရန် သတိပေး​ထား​သည်။ * အသင်းတော်​စစ်​ကို ခရစ်ယာန်​စင်ကြယ်​ခြင်းနှင့် စည်းလုံးခြင်း​အဖြစ်သို့ ယေရှု ပြန်ရောက်​စေသော ယခု​ခေတ်​၌ သင်း​ခွဲခြင်း​အန္တရာယ် ကျန်ရှိ​သေး​သည်။ သို့​ဖြစ်၍ သင်း​ကွဲ​အုပ်စု​နောက်သို့​လိုက်​ကာ ဂိုဏ်းဂဏ​ထောင်​လို​သူ မည်သူ​မဆို ယေရှု၏ အောက်ပါ​စကား​ကို နာခံ​သင့်​သည်– “ထို့​ကြောင့် နောင်​တရ​လော့။ နောင်တ​မရ​လျှင် သင့်ထံ​သို့ ငါ​အမြန်​လာ၍ ငါ့​ခံတွင်း​မှ သန်လျက်​ရှည်​နှင့် ထို​သူတို့ကို စစ်တိုက်​မည်။”​—ဗျာဒိတ် ၂:၁၆

၁၅။ သင်း​ခွဲ​မှု မည်သို့​အစပြု​သနည်း။

၁၅ သင်း​ခွဲခြင်း မည်သို့​အစပြု​သနည်း။ ဆရာ​အမည်ခံ​တစ်ဦး​က (နောက်ဆုံး​ကာလ​၌ ကျွန်ုပ်​တို့​ရောက်နေပြီ အစ​ရှိသော) ကျမ်းစာ​သမ္မာတရား တစ်စုံတစ်ခု​ကို ငြင်းခုံ​လျက် သံသယ​မျိုးစေ့​များ ကြဲ​လိုက်​ရာ အုပ်စု​ကလေး​တစ်စု ကွဲ​ထွက်၍ သူ့​နောက်သို့​လိုက်ခြင်း ဖြစ်​နိုင်​သည်။ (၂ တိမောသေ ၃:၁; ၂ ပေတရု ၃:၃၊ ၄) သို့​တည်း​မဟုတ်၊ တစ်ဦးဦး​က ယေဟောဝါ​၏​လုပ်ငန်းတော် လုပ်ဆောင်ပုံ​မမှန်​ဟု ဝေဖန်​သည့်​ပြင်၊ နိုင်ငံတော်​သတင်းကို တစ်အိမ်​မှ​တစ်အိမ် သွား​ဟော​ရမည်​ဟူ၍ ကျမ်းစာ​က​မဆို၊ လို​လည်း​မလို​အပ်​ဟု ရေ​သာ​ခို​စိတ်​ရှိသူတို့​၏ အကြိုက်ကို​လိုက်၍ အခိုင်အမာ ပြောကောင်း​ပြော​မည်။ ဤသူတို့​သာ ယေရှု​နှင့် တမန်​တော်​များ​၏ စံနမူနာ​အတိုင်း တစ်အိမ်​မှ​တစ်အိမ် အမှုတော်​ဆောင်​နေကြ​လျှင် စိတ်​နှိမ့်ချလျက် နေပါ​လိမ့်​မည်။ သို့သော်၊ သူတို့သည် ခွဲထွက်​ပြီး အေးအေး​သက်သာ လုပ်ချင်​ကြ​၏။ သီးသန့်​အုပ်စု​အနေ​နှင့် တစ်ခါတစ်ရံ ကျမ်းစာ​ဖတ်​ရုံ​သာ ဖတ်​မည်။ (မဿဲ ၁၀:၇၊ ၁၁-၁၃; တမန်​တော် ၅:၄၂; ၂၀:၂၀၊ ၂၁က​ဘ) သူတို့သည် ယေရှု၏​သေခြင်း သတိရအောက်မေ့ပွဲ၊ သွေး​ရှောင်ရန်​ဟူသော ကျမ်းစာ​ပညတ်၊ ပွဲနေ့​များ​ကျင်းပ​ခြင်း၊ ဆေး​ရွက်​ကြီး​သုံး​ခြင်း​တို့​နှင့် ပတ်သက်​၍ ကိုယ့်​သဘော​နှင့်​ကိုယ် လုပ်ကြံ​တီထွင်​ကြသည်။ ထို​မျှ​မ​က၊ ယေဟောဝါ​၏ နာမတော်​ကို ဂုဏ်နိမ့်​စေ​၏။ မကြာ​ပါ၊ မဟာ​ဗာဗုလုန်​၏ ပေါက်လွှတ်ပဲစား​လမ်းစဉ်​ထဲ​သို့ တန်းတန်းမတ်မတ် ပြန်​ကျရောက်​သွားတော့​သည်။ ထို့​ထက်​ဆိုး​သည်​မှာ၊ စာတန်​၏​သွေးထိုးမှု​ကို​ခံ​၍ တစ်ခါ​က ညီအစ်ကို​များ​ဖြစ်​ခဲ့​သူ ‘ကျွန်ချင်း​တို့ကို ရိုက်နှက်’ ကြ​သေး​သည်။​—မဿဲ ၂၄:၄၉; တမန်​တော် ၁၅:၂၉; ဗျာဒိတ် ၁၇:၅

၁၆။ (က) အယူဖောက်ပြန်သူ​တို့၏ ဩဇာ​လွှမ်းမိုးမှု​ကြောင့် ယိမ်းယိုင်​သူတို့သည် အဘယ်ကြောင့် မ​နှေး​အမြန် နောင်တ​ရ​သင့်​သနည်း။ (ခ) နောင်တ​မရဘဲ နေသူတို့​သည် မည်သို့​ဖြစ်​ကြ​မည်​နည်း။

၁၆ အယူဖောက်ပြန်သူ​တို့၏ ဩဇာ​လွှမ်းမိုးမှု​ကြောင့် ယိမ်းယိုင်​သူတို့သည် နောင်တ​ရ​ပါ​ဟူသော ယေရှု၏​ဆော်သြ​သံ​ကို မ​နှေး​အမြန် နာခံ​သင့်​သည်။ အယူဖောက်ပြန်သူ​တို့၏ ဝါဒဖြန့်မှု​ကို အဆိပ်​သဖွယ် ပယ်ချ​ရမည်။ ၎င်း​၏​အရင်းခံ​ကား မနာလို​မုန်းတီးမှု​ဖြစ်၍ အသင်းတော်​အား ယေရှု​ကျွေး​သော ဖြောင့်မတ်၊ စင်ကြယ် နှစ်​လို့​ဖွယ် သမ္မာတရား​များနှင့် လား​လား​ကြီး ဆန့်ကျင်​၏။ (လုကာ ၁၂:၄၂; ဖိလိပ္ပိ ၁:၁၅၊ ၁၆; ၄:၈၊ ၉) နောင်တ​မရဘဲ​နေသူတို့​ကို သခင်​ယေရှု အမှန်ပင် ‘ခံတွင်း​မှ​သန်လျက်နှင့် စစ်တိုက်’ တော်​မူ​သည်။ ကမ္ဘာ​ပေါ်​တွင် တပည့်တော်​များနှင့်​အတူ​နေသော နောက်ဆုံး​ည​၌ စည်းလုံးမှု​အတွက် ဆုတောင်း​ခဲ့​သည်​ဖြစ်​ရာ ထို​စည်းလုံးမှု​ကို ထိန်းသိမ်း​ရန် မိမိ​လူမျိုးတော်ကို ဆန်ခါ​ချ​လျက်​နေသည်။ (ယောဟန် ၁၇:၂၀-၂၃၊ ၂၆) အယူဖောက်ပြန်သူ​တို့သည် ယေရှု၏ လက်ယာလက်​တော်​ရှိ ကြယ်​များ​ပေး​သော မေတ္တာပါ​အကြံပြုချက်​နှင့် အကူအညီကို ငြင်းပယ်​သောကြောင့် ယေရှုသည် သူတို့ကို တရား​စီရင်၍ “ပြင်းစွာ​ရိုက်​ဒဏ်ခတ်” ကာ “ပြင်ပ​မှောင်​ထဲ​သို့​ပစ်ချ” တော်​မူ​၏။ သူတို့သည် နှင်ထုတ်​ခံရ​သဖြင့် ဘုရားသခင့် လူမျိုးတော်​အလယ်​၌ တဆေး​အဖြစ် မ​လှုပ်ရှား​နိုင်​တော့​ချေ။​—မဿဲ ၂၄:၄၈-၅၁သ​မ; ၂၅:၃၀၊ သ​မ; ၁ ကောရိန္သု ၅:၆၊ ၉၊ ၁၃; ဗျာဒိတ် ၁:၁၆

‘ဝှက်ထား​သော မန္န​နှင့် ကျောက်စရစ်​ဖြူ’

၁၇။ ‘အောင်နိုင်’ သူ ဘိသိက်ခံ ခရစ်ယာန်​တို့​အဖို့ အဘယ်​ဆုလာဘ် အရန်​သင့်​ရှိ​သနည်း။ ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ ဘာကို နိုင်နင်း​ကျော်လွှား​ရမည်​နည်း။

၁၇ ယေဟောဝါ​၏ သန့်ရှင်းသော​ဝိညာဉ်​တော် ညွှန်ကြားချက်​ဖြင့် ယေရှု​ပေး​သော ဩ​ဝါဒ​ကို နာခံ​သော​သူတို့​အဖို့ ကြီးမြတ်သောဆုလာဘ် အရန်​သင့်​ရှိ၏။ နားထောင်ပါ– “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ။ အောင်နိုင်သူ​အား ဝှက်ထား​သော မန္န​အချို့​ကို ငါ​ပေး​မည်။ ကျောက်စရစ်​ဖြူ​ကိုလည်း ငါ​ပေး​မည်။ ထို​ကျောက်စရစ်​ဖြူ​ပေါ်​တွင် အမည်သစ်​ကို ရေးထား​၏။ ထို​အမည်သစ်​ကို လက်ခံရ​ရှိသော သူ​မှတစ်ပါး အဘယ်သူမျှ မသိ။” (ဗျာဒိတ် ၂:၁၇) ဤနည်းဖြင့် ပေရဂံ​မြို့ရှိ ခရစ်ယာန်​တို့သည် စမုရန​မြို့ရှိ ခရစ်ယာန်​များ​ကဲ့သို့ ‘အောင်နိုင်’ ကြ​ရန် တိုက်တွန်း​ခံရ​သည်။ စာတန်​၏​ပလ္လင်​တည်ရာ ပေရဂံ​မြို့မှ ထို​သူတို့သည် အောင်မြင်​လိုလျှင် ရုပ်တု​ကိုးကွယ်​မှု​ကို ရှောင်​ရမည်။ သီလ​ပျက်မှု၊ သင်း​ခွဲ​မှု၊ ဗာလက်၊ ဗာလမ်​တို့​နှင့်​ဆက်နွှယ်သော အယူဖောက်ပြန်မှု​အပြင်၊ နိ​ကော​လ​ဂိုဏ်း​တို့ကို နိုင်နင်း​ကျော်လွှား​ရမည်။ သို့ပြုလျှင် ဤ​ဘိသိက်ခံ ခရစ်ယာန်​တို့သည် “ဝှက်​ထားသော​မန္န” ကို​သုံးဆောင်​ရန် ဖိတ်ကြား​ခံရ​မည်။ ဘာကို​ဆိုလို​သနည်း။

၁၈၊ ၁၉။ (က) ဣသရေလ​လူမျိုး​အား ယေဟောဝါ ပေး​တော်​မူ​သော မန္န​ကား အဘယ်နည်း။ (ခ) အဘယ်​မန္န​ကို ဝှက်ထား​သနည်း။ (ဂ) ဝှက်​ထားသော​မန္န​ကို စားခြင်း​က ဘာကို​ပုံဆောင်​သနည်း။

၁၈ မောရှေ​လက်ထက်​၌ ဣသရေလလူ​တို့ တောကန္တာရ​ခရီးစဉ်​၌ စားသုံး​ရန် မန္န​ကို ယေဟောဝါ ပေး​တော်​မူ​သည်။ ထို​မန္န​သည် ဝှက်ထားခြင်း​မရှိ၊ အကြောင်း​မှာ ဥပုသ်​နေ့​မှ​လွဲ​၍ မနက်​တိုင်း အံ့ဖွယ်​တန်ခိုး​ဖြင့်​ပေါ်​လာ၍ ဖြူ​ဖွေးဖွေး​ဆီးနှင်း​ပ​မာ မြေပြင်​ကို ဖုံးအုပ်​လျက်​နေသည်။ ဣသရေလလူ​တို့ အသက်ဆက်​ရန် ပေး​တော်​မူ​ရာ​အစာ​ဖြစ်သည်။ ဤ “မုန့်” အချို့​ကို ရွှေအိုး​တစ်လုံး​ဖြင့်​ထည့်၍ ပဋိညာဉ်သေတ္တာ​အတွင်း​၌ “[ဣသရေလလူ​တို့] လူမျိုး​အစဉ်အဆက်” အမှတ်တရ သိမ်းဆည်း​ထား​ရန် မောရှေ​အား ယေဟောဝါ မိန့်မှာ​တော်​မူ​သည်။​—ထွက်မြောက်ရာ ၁၆:၁၄၊ ၁၅၊ ၂၃၊ ၂၆၊ ၃၃; ဟေဗြဲ ၉:၃၊ ၄

၁၉ လျောက်ပတ်​လှ​သော အထိမ်းအမှတ်​ပါ​တကား။ ၎င်း​မန္န​ကို တဲ​တော်​၏ အထူး​သန့်ရှင်း​ရာ​ဌာန​၌ ဝှက်ထား​သည်။ ထို​နေရာ​ရှိ ပဋိညာဉ်သေတ္တာ​၏ အဖုံး​ပေါ်​၌ တည်လျက်​နေသော အံ့ဖွယ်​အလင်း​သည် ယေဟောဝါ​၏ ရောက်ရှိ​တော်​မူ​ခြင်း​ကို ပုံဆောင်​သည်။ (ထွက်မြောက်ရာ ၂၆:၃၄) မြင့်မြတ်​သည့် ထို​နေရာသို့ ထိုးဖောက်​ဝင်ရောက်​၍ ဝှက်ထား​သော မန္န​ကို​စား​ရန် မည်​သူ့ကို​မျှ ခွင့်​မပြု။ သို့​တ​စေ၊ ယေရှု​က အောင်နိုင်​သော ဘိသိက်ခံ​နောက်လိုက်​များသည် “ဝှက်​ထားသော​မန္န” ကို​စား​ကြ​မည်​ဟု မိန့်ဆို​၏။ သူတို့သည် သူတို့ရှေ့​က ခရစ်တော်​နည်းတူ “မှန်သော​သန့်ရှင်း​ရာ​ဌာန​တို့၏ ပုံ​ဖြစ်သော၊ လူ​တို့​လက်​ဖြင့်​လုပ်သော သန့်ရှင်း​ရာ​ဌာန​ထဲ​သို့ . . . မဝင်​ဘဲ၊ . . . ကောင်းကင်​ကိုယ်ထဲ​သို့” ဝင်နိုင်​ကြသည်။ (ဟေဗြဲ ၉:၁၂၊ ၂၄) သူတို့ ထမြောက်​ကြသောအခါ မ​ပုပ်ပျက် မသေ​ပျောက်​သည့်​အဖြစ်ကို ယူတင်​ကြ​လေ​သည်။ ၎င်းမှာ ယေဟောဝါ ပေးသနား​သော အံ့ဖွယ်ရာ​ဖြစ်၍ ၎င်းကို မပျက်စီး​နိုင်​သည့် “ဝှက်​ထားသော​မန္န” မုန့် သူတို့​ရရှိ​ခြင်း​က ပုံဆောင်​သည်။ အောင်နိုင်သူ ထို​လူစု​ကလေး​သည် အခွင့်ထူး ရ​ကြ​ပါ​သည်​တကား။—၁ ကောရိန္သု ၁၅:၅၃-၅၇

၂၀၊ ၂၁။ (က) ဘိသိက်ခံ ခရစ်ယာန်​များ​အား ကျောက်စရစ်​ဖြူ​ပေးခြင်း​က ဘာကို​ပုံဆောင်​သနည်း။ (ခ) ကျောက်စရစ်​ဖြူ​ပေါင်း ၁၄၄,၀၀၀ သာ​ရှိသဖြင့် လူအုပ်ကြီးသည် အဘယ်​မျှော်လင့်ချက် ရှိ​သနည်း။

၂၀ သူတို့သည် “ကျောက်စရစ်​ဖြူ” ကိုလည်း ရ​ကြသည်။ ရောမ​တရားရုံး​များ​၌ စီရင်ချက်​ချ​စဉ် ကျောက်စရစ်​များ​ကို သုံး​ကြသည်။ * ကျောက်စရစ်​ဖြူ​သည် တရားသေ လွှတ်​ခြင်း​ကို​ဆိုလို​၍ ကျောက်စရစ်​မည်း​သည် အများအားဖြင့် သေဒဏ်​ဖြစ်သော ပြစ်ဒဏ်​စီရင်ချက်​ကို ဆိုလို​သည်။ ယေရှု​က ပေရဂံ​မြို့ရှိ ခရစ်ယာန်​များ​အား “ကျောက်စရစ်​ဖြူ” ပေးခြင်း​သည် သူတို့ကို အပြစ်မဲ့​သူ၊ စင်ကြယ်​သန့်ရှင်းသူ​အဖြစ် စီရင်​ဆုံးဖြတ်​ကြောင်း ဖော်ပြခြင်း​ဖြစ်​မည်။ သို့သော် ယေရှု၏​မိန့်ဆိုချက်သည် ထို့​ထက်မက အဓိပ္ပာယ်​ရှိ​နိုင်​သည်။ ရောမ​ခေတ်တွင် ကျောက်စရစ်​များ​ကို အရေးပါသည့် အခမ်းအနား​များ တက်ရောက်​သော​လက်မှတ်​အဖြစ် အသုံးပြု​ကြသည်။ ထို့​ကြောင့် ကျောက်စရစ်​ဖြူ​သည် အောင်နိုင်သူ ဘိသိက်ခံ ခရစ်ယာန်​များ​အဖို့ အလွန်​ထူးမြတ်​သည့် အရာ​တည်း​ဟူသော​—သိုးသငယ်​၏ မင်္ဂလာပွဲ​ကျင်းပ​ရာ ကျက်သရေ​ရှိသော ကောင်းကင်​အရပ်သို့ ဝင်ခွင့်​ရခြင်း​ကို ရည်ညွှန်းခြင်း​ဖြစ်​နိုင်​သည်။ ကျောက်စရစ်​ပေါင်း ၁၄၄,၀၀၀ ကို​သာ ပေး​တော်​မူ​သည်။​—ဗျာဒိတ် ၁၄:၁; ၁၉:၇-၉

၂၁ သင်သည် အပေါင်းပါ​ဝတ်ပြုသူ လူအုပ်ကြီး​အဝင်​ဖြစ်​လျှင် ဤ​အချက်​က သင့်ကို ထည့်သွင်း​စဉ်းစားခြင်း​မပြု​ဟု ဆိုလို​သလော။ လုံးဝ​မဆိုလို။ သင်သည် ကောင်းကင်​သို့​ဝင်ခွင့် ကျောက်စရစ်​ဖြူ​ကို မရ​သော်လည်း ကြံ့ကြံ့ခံ​လျှင် ကြီးစွာသောဒုက္ခ​မှ လွတ်မြောက်​၍ ကမ္ဘာ​ပေါ် ပရဒိသု ပြန်လည်​တည်ထောင်ခြင်း​တည်း​ဟူသော ရွှင်လန်းဖွယ်​လုပ်ငန်း​၌ ပါဝင်​လုပ်ကိုင်​ခွင့် ရနိုင်​မည်။ ထမြောက်​လာသော ခရစ်ယာန်​အကြိုခေတ်​က သစ္စာရှိ​သူများ​နှင့် မကြာမီ​က သေဆုံး​ခဲ့​သော အခြားသိုး​စုဝင်​ပုဂ္ဂိုလ်​များလည်း သင်​နှင့်အတူ ပါဝင်​လုပ်ကိုင်​ကြ​ပါ​လိမ့်​မည်။ နောက်ဆုံး​၌ ရွေးနုတ်​ခံ အခြား​သေလွန်သူ​များ အားလုံး​သည် ပရဒိသု​မြေကြီးပေါ် ထမြောက်​လာ​ခွင့်​ဖြင့် ချီးမြှင့်ခြင်း ခံရ​ကြ​မည်။​—ဆာလံ ၄၅:၁၆; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉၊ ၁၄

၂၂၊ ၂၃။ ဘိသိက်ခံ ခရစ်ယာန်​များ​အား ပေး​တော်​မူ​သော ကျောက်စရစ်​ပေါ်​မှ အမည်​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ၎င်း​မှ အဘယ်​အားပေးမှုကို ရယူ​သင့်​သနည်း။

၂၂ ကျောက်ဖြူ​ပေါ်​ရေးသားသော အမည်သစ်​ကား အဘယ်နည်း။ လူတစ်ဦး မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သိစေ​ရန်၊ အခြား​တစ်ယောက်​နှင့် ခွဲခြား​နိုင်​ရန် အမည်​ကို အသုံးပြုပါ​သည်။ ထို​ဘိသိက်ခံ ခရစ်ယာန်​တို့သည် အောင်နိုင်သူ​များ​အဖြစ် မြေကြီး​အသက်တာ ပြီးဆုံး​ခဲ့​သည့်​နောက်​၌ ကျောက်စရစ်​ကို​ရ​ကြ​၏။ ထို့​ကြောင့် ကျောက်စရစ်​ပေါ်​ရေးသားသော အမည်​သည် ကောင်းကင်​၌ ယေရှု​နှင့် ပေါင်းစည်း​ရခြင်း​နှင့်​ဆိုင်​ကြောင်း ရှင်း​နေ​ပေ​သည်။ ကောင်းကင်​နိုင်ငံ အမွေခံသူ​တို့​သာ အပြည့်အဝ နားလည်​၍ မွေ့လျော်​ခံစား​ရသော တော်ဝင်​လုပ်ငန်း​ဆိုင်ရာ အထူး​ရင်းနှီးမှု​ရှိသော ရာထူးဌာနန္တရ​တည်း။ ထို့​ကြောင့် ၎င်း​သည် “ရရှိ​သူ​မှတစ်ပါး အဘယ်သူမျှ မသိ” သော​အမည်၊ ရာထူး​ခန့်အပ်​ချက် ဖြစ်သည်။​—ဗျာဒိတ် ၃:၁၂ နှိုင်းယှဉ်။

၂၃ ၎င်း​သည် “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို” နားထောင်​၍ လက်တွေ့​ကျင့်သုံး​ရန် ယောဟန်​အတန်းအစား​အတွက် လှုံ့ဆော်ပေး​ချက်​ပါ​တကား။ သူတို့၏​အပေါင်းပါ လူအုပ်ကြီး​အဖို့​လည်း ဤ​ကမ္ဘာ​ပေါ်​၌ သူတို့နှင့်​ပူးပေါင်း​၍ ယေဟောဝါ​၏​နိုင်ငံတော်​ကို ထင်ရှားစေ​နိုင်​သည့် ကာလ​အတွင်း သစ္စာရှိ​စွာ လုပ်ဆောင်ကြ​ရန် အားပေးမှု​တစ်ရပ်​ပါ​တကား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ​မှ တမန်​တော် ၂၆:၁၀ နှင့် အောက်ခြေမှတ်ချက်​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၄၃ ပါ ရုပ်ပုံ]

ဘာလင်​မြို့ရှိ ဘာ​ဂ​မ​န်​ပြတိုက်​တွင် တိတ္ထိ​ဝတ်ပြုရေး​ဆိုင်ရာ ဤ​ပန်းချီ​ပန်းပုရုပ်​များ တွေ့ရှိ​ရ

[စာမျက်နှာ ၄၅ ပါ ရုပ်ပုံ]

ပဋိညာဉ်​သေတ္တာတော်​တွင် မန္နမုန့်​အနည်းငယ်​ကို ဝှက်ထား​သည်။ ပုံဆောင်​မန္နမုန့် စား​ရခြင်း​ဟူသည် အောင်နိုင်​သော ဘိသိက်ခံ​များ​အဖို့ မသေနိုင်​သည့်​အဖြစ် ရရှိ​ခြင်း​ကို​ဆိုလို

[စာမျက်နှာ ၄၅ ပါ ရုပ်ပုံ]

သိုးသငယ်​၏ မင်္ဂလာပွဲ​သို့ တက်ခွင့်​ရသူ​များ​အား ကျောက်စရစ်​ဖြူ​ပေး