မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု

ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု

အခန်း ၁၄

ယေဟောဝါ​၏ ကောင်းကင်​ပလ္လင်တော်​ဆိုင်ရာ ခမ်းနားမှု

ရူပါရုံ ၂ ဗျာဒိတ် ၄:၁–၅:၁၄

အကြောင်းအရာ– ဘုရားသခင့် တရား​ပလ္လင်​ရှေ့​မှ ကြောက်ရွံ့ ခန့်ညား​ဖွယ် အဖြစ်အပျက်​များ

ပြည့်စုံချိန်– ဤ​ရူပါရုံ​က ၁၉၁၄ ခုနှစ်​မှ အနှစ်​တစ်ထောင်​အဆုံး​နှင့် ၎င်းနောက်​ပိုင်း​အထိ ဖြစ်ပျက်​မည့် အခြင်းအရာ​များ​ကို တင်ဆက်​သည်။ ထို​အခါ ကောင်းကင်​နှင့် မြေကြီးပေါ် ရှိရှိသမျှ သတ္တဝါ​အားလုံး ယေဟောဝါ​ကို ထောမနာပြု​ကြလိမ့်မည်။ ​—ဗျာဒိတ် ၅:၁၃

၁။ ကျွန်ုပ်​တို့အား ယောဟန် ဖော်ပြ​သော ရူပါရုံ​များ​ကို အဘယ်ကြောင့် အာရုံ​စူးစိုက် စိတ်ဝင်စား​သင့်​သနည်း။

 ယာဟန်​သည် နောက်ထပ် စိတ်​လှုပ်ရှား​ဖွယ် ရူပါရုံ​များ​အကြောင်းကို ကျွန်ုပ်​တို့အား စတင်​အသိပေး​လေ​ပြီ။ သူသည် ဝိညာဉ်​တော် လှုံ့ဆော်မှု​ဖြင့် သခင့်​နေ့​တော်​အတွင်း​၌ ရှိနေဆဲ​ဖြစ်သည်။ ထို့​ကြောင့် သူ၏​ဖော်ပြချက်များ​သည် ထို​နေ့​တော်​အတွင်း တကယ်​အသက်ရှင်နေ​သော ကျွန်ုပ်​တို့​အဖို့ လေးနက်​သော အဓိပ္ပာယ်​ရှိသည်။ ယေဟောဝါ​သည် ထို​ရူပါရုံ​များ​အားဖြင့် မမြင်နိုင်​သော ကောင်းကင်​ဆိုင်ရာ အဖြစ်အပျက်​များ​ကို ဖော်ပြ​ပြီး မြေကြီးပေါ် ဆောင်ရွက်​မည့် တရား​စီရင်ချက်​များနှင့် ပတ်သက်​၍ ကိုယ်တော်​၏​အမြင်ကို ကျွန်ုပ်​တို့အား သိစေ​တော်​မူ​သည်။ ထို့​ပြင်၊ ကျွန်ုပ်​တို့သည် ကောင်းကင်​မျှော်လင့်ချက် ရှိသည်​ဖြစ်စေ၊ မြေကြီး​မျှော်လင့်ချက် ရှိသည်​ဖြစ်စေ၊ ယေဟောဝါ​၏ ရည်ရွယ်ချက်တွင် ကျွန်ုပ်​တို့၏​နေရာကို ဤ​ဗျာဒိတ်တော်​များ​က သိစေ​၏။ ထို့​ကြောင့် “ဤ​ပရောဖက် ကျမ်း​စကား​များ​ကို ကျယ်​စွာ​ဖတ်​သူနှင့် ကြားနာသူ​တို့​အပြင်၊ ၎င်း​၌​ရေးသား​ထားသော အရာများ​ကို လိုက်နာသူ​တို့သည် ပျော်ရွှင်​၏” ဟူသော ယောဟန်​၏​အဆိုကို ကျွန်ုပ်​တို့အားလုံး ဆက်လက်​၍ အာရုံ​စူးစိုက် စိတ်ဝင်စား​အပ်​သည်။​—ဗျာဒိတ် ၁:၃

၂။ ယောဟန် ဘာ​တွေ့ကြုံ​ရသနည်း။

ယောဟန် နောက်ထပ်​မြင်ရသော​အရာ​သည် မျက်မှောက်ခေတ်​ရှိ အဘယ်​ဗီဒီယို မြင်ကွင်း​ထက်​မဆို သာလွန်​သည်။ သူ ဤသို့​ရေးသား​ဖော်ပြ​သည်– “ဤ​အရာများ​ပြီး​နောက် ငါ​မျှော်ကြည့်​ရာ ကောင်းကင်ဘုံ​၌ ပွင့်​လျက်​ရှိသော​တံခါး​ကို မြင်ရ​၏။ ငါ​ကြား​ရသော အဦးဆုံး စကားသံ​သည် တံပိုးခရာ​သံ​ကဲ့သို့​ဖြစ်၍ ငါ​နှင့်​ပြောဆို​လျက် ‘ဤ​နေရာသို့ တက်လာ​လော့။ နောင်​ဖြစ်​ရမည့် အမှုအရာ​များ​ကို ငါ​ပြ​မည်’ ဟု​မိန့်ဆို​၏။” (ဗျာဒိတ် ၄:၁) ရူပါရုံ​တွင် ယောဟန်​သည် ယခု​ခေတ် အာကာသယာဉ်မှူး​များ စူးစမ်း​ရှာဖွေ​သော ရူပ​အာကာသ သာမက၊ ရုပ်ပိုင်း​စကြဝဠာ​၏ ဂလက်ဆီ​များ​ထက်​ပင် မြင့်မားသော ယေဟောဝါ ကျိန်းဝပ်​ရာ အ​ရူပ​ကောင်းကင်​ကို​ပင် ထိုးဖောက်​ရှုမြင်​၏။ ယောဟန်​သည် ပွင့်​လျက်​ရှိသော တံခါး​ထဲ​သို့ ဝင်​သွား​သည့်​အလား၊ ယေဟောဝါ​ကိုယ်တော်တိုင် စံမြန်း​ရာ အဝေး​လံ​ဆုံးသော ဝိညာဏ​ကောင်းကင်​များ​၏ ရင်သပ်​ရှုမောဖွယ် မြင်ကွင်း​စုံ​ကို ရှုစား​ဖို့ ခေါ်ဖိတ်​ခံရ​သည်။ (ဆာလံ ၁၁:၄; ဟေရှာယ ၆၆:၁) အခွင့်ထူး​လှ​လေ​ခြင်း။

၃။ “တံပိုးခရာ​သံ​ကဲ့သို့” သော​အသံသည် ဘာကို​သတိ​ရစေ​သနည်း။ မည်သူသည် ထို​အသံရှင် ဧကန်​ဖြစ်သနည်း။

“အဦးဆုံး စကားသံ” သည် ဘာဖြစ်​ကြောင်း ကျမ်းစာ​က​မဆို​ပါ။ စောစော​က ကြား​ခဲ့​ရသော ယေရှု၏​အသံ​ကြီး​နည်းတူ တံပိုးခရာ​ကဲ့သို့​သော အမိန့်​သြဇာ​သံ ပါရှိ​သည်။ (ဗျာဒိတ် ၁:၁၀၊ ၁၁) သိနာ​တောင်ပေါ် ယေဟောဝါ ရောက်ရှိ​တော်​မူ​ကြောင်း အချက်ပြ​သော စူးရှ​သည့်​တံပိုး​သံ​ကို သတိ​ရစေသည်။ (ထွက်မြောက်ရာ ၁၉:၁၈-၂၀) ယေဟောဝါ​ပင်​လျှင် ဆင့်ခေါ်​ချက်​များ ထုတ်ပြန်​သော ကြည်ညို​ခန့်ညား​ဖွယ် အသံရှင်​ဖြစ်သည်​မှာ သံသယ​မရှိ။ (ဗျာဒိတ် ၁:၁) ကိုယ်တော် တံခါးဖွင့်​တော်​မူ​သဖြင့် ယောဟန်​သည် ရူပါရုံ​၌ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​ပိုင် နယ်ပယ်​ကြီး​တစ်ခုလုံး​ရှိ အသန့်ရှင်းဆုံး​သော အရပ်သို့ ဝင်​ခဲ့​လေ​သည်။

ယေဟောဝါ​၏ အရောင်အဝါ ထိ​န်​ညီး​သော ရှေ့တော်မှောက်

၄။ (က) ယောဟန်​၏​ရူပါရုံ​သည် ဘိသိက်ခံ ခရစ်ယာန်​များ​အဖို့ ဘာ​အဓိပ္ပာယ်​ရှိ​သနည်း။ (ခ) ထို​ရူပါရုံ​သည် မြေကြီးပေါ် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​သူတို့​အဖို့ ဘာ​အဓိပ္ပာယ်​ရှိ​သနည်း။

ယောဟန် ဘာကို​မြင်ရ​သနည်း။ ကြီးကျယ်​ခမ်းနား​သော သူ့​အတွေ့အကြုံကို ပြောပြ​တော့​မည်​ဖြစ်​ရာ နားထောင်ပါ– “ဤ​အရာများ​ပြီး​နောက် ငါသည် ချက်ချင်း​ပင် ဝိညာဉ်​တော်​တန်ခိုး ခံရ​လေ​သည်။ ကြည့်​ပါ။ ကောင်းကင်ဘုံ​၌ ပလ္လင်​တစ်ခု​ရှိ၍ ပုဂ္ဂိုလ်​တစ်ပါး​သည် ထို​ပလ္လင်တော်​ပေါ်​တွင် စံ​နေ​တော်​မူ​၏။” (ဗျာဒိတ် ၄:၂) ယောဟန်​သည် ဘုရားသခင်​၏ တက်ကြွ​သော​စွမ်းအား​ဖြင့် တစ်ခဏချင်း ယေဟောဝါ​၏ ပလ္လင်တော်​ဆီ​သို့ ဝိညာဉ်​သဘော​အရ ဆောင်​သွား​ခံရ​လေ​သည်။ ယောဟန်​အဖို့ စိတ်​လှုပ်ရှား​ဖွယ်​ပါ​တကား။ ထို​နေရာ၌ ပြိုးပြိုးပြက်ပြက် တောက်ပ​လျက်​ရှိသော ကောင်းကင်​ဆိုင်ရာ ပဏာမ​ရှု​ကွင်း​ကို ယောဟန် မြင်ခွင့်​ရလေ​သည်။ ထို​တွင် မိမိ​နှင့် အခြား​ဘိသိက်ခံ ခရစ်ယာန်​များ​အဖို့ “ဖောက်ပြန်​ခြင်း၊ ညစ်စွန်း​ခြင်း၊ ညှိုးနွမ်း​ခြင်း​နှင့် ကင်းစင်​သော အမွေတော်” သိုထား​ပေ​သည်။ (၁ ပေတရု ၁:၃-၅; ဖိလိပ္ပိ ၃:၂၀) ယောဟန်​၏ ရူပါရုံ​သည် မြေကြီးပေါ် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​သူတို့​အတွက်​လည်း လေးနက်​သော အဓိပ္ပာယ်​ရှိသည်။ ၎င်း​သည် ယေဟောဝါ​၏ ရှေ့တော်မှောက်​ဆိုင်ရာ ဘုန်း​အသရေတော်​ကိုလည်း​ကောင်း၊ လူမျိုး​တို့အား တရား​စီရင်ခြင်း​နှင့် မြေကြီးပေါ်​ရှိ လူသားတို့အား အုပ်ချုပ်​ရာ​တွင် ယေဟောဝါ အသုံးပြု​သော ကောင်းကင်​အုပ်ချုပ်ရေး အဆောက်အအုံ​ကိုလည်း​ကောင်း နားလည်စေ​သည်။ ယေဟောဝါ​သည် တကယ်​ပင် ထိပ်​တန်း​အဖွဲ့အစည်း​နှင့်​ဆိုင်သော ဘုရားသခင် ဖြစ်​ပေ​သည်။

၅။ ပဋိညာဉ်သေတ္တာ​၏​အဖုံး အထိမ်းအမှတ်​ပြုသော အဘယ်​အဖြစ်မှန်​ကို ယောဟန်​မြင်ရ​သနည်း။

ကောင်းကင်​၌ ယောဟန်​မြင်ရသော အရာများ​စွာ​တို့​မှာ တောကန္တာရ​မှ တဲ​တော်​၏ အင်္ဂါရပ်​များနှင့် ဆင်တူ​သည်။ ၎င်း​တဲ​တော်​ကား ယောဟန်​လက်ထက်​မတိုင်မီ အနှစ် ၁,၆၀၀ အထက်၊ ဣသရေလ​လူမျိုး ဆောက်လုပ်​သည့် စစ်မှန်သော ဝတ်ပြုရေး​ဆိုင်ရာ သန့်ရှင်း​ရာ​ဌာန​တည်း။ ထို​တဲ​တော်​၏ အထူး​သန့်ရှင်း​ရာ​ဌာန​၌ ပဋိညာဉ်သေတ္တာ​ရှိ၍ ရွှေ​အတိ​ပြီး​သော ၎င်း​၏​အဖုံး​ပေါ်​မှ​နေပြီး ယေဟောဝါ​ကိုယ်တော်တိုင် မိန့်မြွက်​တော်​မူ​သည်။ (ထွက်မြောက်ရာ ၂၅:၁၇-၂၂; ဟေဗြဲ ၉:၅) သို့​ဖြစ်၍ ပဋိညာဉ်သေတ္တာ​အဖုံး​သည် ယေဟောဝါ​ပလ္လင်တော်​၏ အထိမ်းအမှတ်​ဖြစ်၏။ ၎င်း​အထိမ်းအမှတ် ကိုယ်စား​ပြုသော အဖြစ်မှန်​ကို ယခု ယောဟန်​မြင်ရ​လေ​ပြီ– အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ကိုယ်တော်တိုင် မိမိ၏ မြင့်မြတ်​လှ​သော ကောင်းကင်​ပလ္လင်တော်​ပေါ် အလွန်​သားနား​သိုက်မြိုက်စွာ စံ​ပယ်​တော်​မူ​ခြင်း​ပင်​တည်း။

၆။ ယေဟောဝါ​နှင့်​ပတ်သက်​၍ အဘယ်​ထင်မြင်​ခံစားချက်​ကို ယောဟန်​ဖော်ပြ​သနည်း။ ၎င်း​သည် အဘယ်ကြောင့် လျောက်ပတ်​သနည်း။

ယောဟန်​သည် ယေဟောဝါ​၏ ပလ္လင်တော်​ကို ရူပါရုံ​၌​မြင်ရသော ယခင်​ပရောဖက်​များနှင့်​မတူ၊ ပလ္လင်တော်​ပေါ် စံမြန်း​တော်​မူ​သော သန့်ရှင်းသော အရှင်​အကြောင်းကို အသေးစိတ် မဖော်​ပြ​ချေ။ (ယေဇကျေလ ၁:၂၆၊ ၂၇; ဒံယေလ ၇:၉၊ ၁၀) သို့သော် စံမြန်း​ရှင်​နှင့်​ပတ်သက်​၍ သူ၏​ထင်မြင်​ခံစားချက်​ကို ဤသို့​ဖော်ပြ​လိုက်​သည်– “စံမြန်း​သော​အရှင်​၏ အဆင်း​မှာ နဂါးသွဲ့​ကျောက်၊ ကျောက်​မျက်နီ​တို့​နှင့် တူ​၏။ ပလ္လင်တော်​၏ ပတ်ပတ်လည်​တွင် မြ​ရော​င်​အဆင်း​နှင့်​တူသော သက်တံ​ရှိ၏။” (ဗျာဒိတ် ၄:၃) တု​မ​နိုင် နှိုင်း​မရ​သော ခမ်းနား​ထည်ဝါမှု ပါ​တကား။ ရွှန်းစို​ရော​င်ဖြာ​သည့် ဖိတ်ဖိတ်တောက် ကျောက်​မျက်​များ​ပ​မာ၊ ကြည်လင်​အေးမြ၊ လင်းလက်​ပြိုး​ပြ​က်​သော အလှ​ကျက်သရေ​၏ ရ​သ​ကို ယောဟန် ခံစား​လိုက်ရ​၏။ ယေဟောဝါ​ကို “အလင်း​တို့၏​အဘ” ဟူသော တပည့်တော်​ယာကုပ်​၏ ဖော်ပြချက်​နှင့် ညီ​ထွေ​လှ​လေ​ခြင်း။ (ယာကုပ် ၁:၁၇) ဗျာဒိတ်ကျမ်း​ကို ရေး​ပြီး​၍ မကြာမီ ယောဟန်​ကိုယ်တိုင် “ဘုရားသခင်​သည် အလင်း​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​၌ မှောင်မိုက်​အလျှင်း​မရှိ” ဟူ၍ တင်ပြ​ခဲ့​သည်။ (၁ ယောဟန် ၁:၅) ယေဟောဝါ​သည် တကယ်​ပင် အထွတ်အမြတ်​ဆုံး ဘုန်း​အာနုဘော်​ရှင် ပါ​တကား။

၇။ ယေဟောဝါ​၏ ပလ္လင်တော်​ဝန်းကျင်​၌ သက်တံ​ရှိသည် ဟူ​သည့်​အချက်​မှ ကျွန်ုပ်​တို့ ဘာသိ​ရသနည်း။

ပလ္လင်တော်​ပတ်လည်​၌ မြစိမ်း​ရော​င်​သက်တံ​ကို ယောဟန်​မြင်ရ​ကြောင်း သတိပြု​လေ။ သက်တံ​ဟူ၍​ပြန်ဆို​သော ဂရိ​စကားလုံး (irʹis) က ဝိုင်းစက်​စက်​သဏ္ဌာန်​ကို ဆိုလို​သည်။ ကျမ်းစာ​၌ သက်တံ​အကြောင်းကို နောဧ​လက်ထက်​နှင့် စပ်လျဉ်း၍ ပထမ​အကြိမ် ဖော်ပြ​ထား​သည်။ လွှမ်းမိုး​သော​ရေ​ကြီး ကျ​သွား​သည့်​နောက်​၌ မိုးတိမ်​တွင် သက်တံ​တစ်ခု​ကို ယေဟောဝါ ပေါ်ထွန်း​စေ​ကာ ၎င်း​က ဘာကို အထိမ်းအမှတ်​ပြု​ကြောင်း ဤသို့​ဖွင့်ဆို​တော်​မူ​သည်– “ငါ​၏​သက်တံ​ကို မိုးတိမ်​၌ ငါ​ထား​၏။ ထို​သက်တံ​သည် မြေကြီး​နှင့်​ငါ​ပြုသော ပဋိညာဉ်​၏​သက်သေ ဖြစ်​လိမ့်​မည်။ ငါ့​တစ်ဖက်၊ သင်တို့​မှ​စ၍ အသက်ရှင်​သော​သတ္တဝါ၊ တိရစ္ဆာန်​ရှိသမျှ​တို့ တစ်ဖက်၌​ရှိသော ငါ​၏​ပဋိညာဉ်​ကို ငါ​အောက်မေ့​သဖြင့်၊ ခပ်သိမ်း​သော သတ္တဝါ​တို့ကို ဖျက်ဆီးခြင်း​ငှာ နောက်​တစ်ဖန် ရေလွှမ်းမိုးခြင်း မရှိ​ရ။” (ကမ္ဘာဦး ၉:၁၃၊ ၁၅) သို့​ဖြစ်​လျှင် ထို​ရူပါရုံ​က ယောဟန်​အား ဘာကို သတိရ​စေမည်​နည်း။ ယေဟောဝါ​နှင့် ငြိမ်းချမ်း​သော​ဆက်ဆံ​ရေး ရှိဖို့လို​အပ်​ကြောင်း သက်တံ​က သူ့​အား​ဧကန် သတိရ​စေမည်။ ယနေ့ ယောဟန်​အတန်းအစား ခံစား​နေရ​သော ဆက်ဆံ​ရေး​မျိုး​ဖြစ်သည်။ ယောဟန်​အား ယေဟောဝါ ရှေ့တော်မှောက်​၏ ကြည်လင်​အေးမြ​သော ငြိမ်သက်မှု​ကိုလည်း စိတ်ထဲ​စွဲ​ရ​စ်​စေ​ပေမည်။ မိမိ၏​တဲ​တော်​ကို ကမ္ဘာသစ် လူ့​အဖွဲ့အစည်း​အပေါ် ယေဟောဝါ ဖြန့်မိုး​တော်​မူ​သောအခါ နာခံ​သူ​လူသားများ​ထံ ထို​ကြည်လင်​အေးမြ​မှု သက်ရောက်​ပါ​လိမ့်​မည်။​—ဆာလံ ၁၁၉:၁၆၅; ဖိလိပ္ပိ ၄:၇; ဗျာဒိတ် ၂၁:၁-၄

အကြီးအကဲ ၂၄ ပါး မည်သူ​များ​ဖြစ်​ကြောင်း

၈။ ပလ္လင်တော်​၏ ပတ်ပတ်လည်​၌ မည်သူ​များ​ကို ယောဟန်​မြင်ရ​သနည်း။ သူတို့သည် မည်သူ​တို့ကို ကိုယ်စား​ပြု​သနည်း။

ရှေး​တဲ​တော်​အတွင်း အမှုထမ်း​ရန် ယဇ်ပုရောဟိတ်​များ​ကို ခန့်အပ်​ထား​ကြောင်း ယောဟန်​သိ​၏။ ထို့​ကြောင့် သူ​နောက်ထပ် တွေ့မြင်​ရသော အရာများ​ကြောင့် အံ့သြမိ​ပေမည်။ သူ​ဤသို့​ဖော်ပြ​၏– “ပလ္လင်တော်​၏ ပတ်ပတ်လည်​တွင် ပလ္လင် နှစ်ဆ​ယ့်​လေးခု ရှိ၏။ ထို​ပလ္လင်​များ​ပေါ်​တွင် အကြီးအကဲ နှစ်ဆ​ယ့်​လေးပါး ထိုင်​လျက်​နေသည်​ကို ငါ​မြင်ရ​၏။ သူတို့သည် ဝတ်ရုံ​ဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်​တွင် ရွှေသရဖူ​များ​ကို ဆောင်း​ထား​ကြ​၏။” (ဗျာဒိတ် ၄:၄) မှန်​ပေ​သည်။ ယဇ်ပုရောဟိတ်​များ​အစား၊ အကြီးအကဲ ၂၄ ပါး​သည် ဘုရင်​များ​ကဲ့သို့ သရဖူ​ဆောင်း​လျက် နန်းထိုင်​နေကြ​သည်။ ဤ​အကြီးအကဲ​များ​ကား မည်သူ​များ​နည်း။ ရှင်ပြန်ထမြောက်​ပြီး ယေဟောဝါ​၏ ကတိတော်​အတိုင်း ကောင်းကင်​ရာထူးကို ရယူ​ထားသော ခရစ်ယာန်​အသင်းတော်​ရှိ ဘိသိက်ခံ​များ​မှ​လွဲ​၍ အခြားသူများ မဖြစ်​နိုင်။ ကျွန်ုပ်​တို့ မည်သို့​သိနိုင်​သနည်း။

၉၊ ၁၀။ အကြီးအကဲ ၂၄ ပါး​သည် ဘုန်း​ရှိသော ကောင်းကင်​ရာထူး လက်ခံရ​ယူ​ထားသော ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်ကို ကိုယ်စား​ပြု​ကြောင်း မည်သို့​သိနိုင်​သနည်း။

အဦးဆုံး​အနေ​နှင့် သူတို့သည် သရဖူ​များ ဆောင်း​ထား​ကြသည်။ ကျမ်းစာ​က ဘိသိက်ခံ ခရစ်ယာန်​များသည် ‘မပျက်စီး​သော သရဖူ’ ကို​ရ​၍ အဆုံးမဲ့​သော​အသက်​—မသေနိုင်​သည့်​အဖြစ်​—ကို ဆွတ်ခူး​ကြသည်​ဟု ဆို​၏။ (၁ ကောရိန္သု ၉:၂၅; ၁၅:၅၃၊ ၅၄) သို့ရာတွင် ဤ​အကြီးအကဲ နှစ်ဆ​ယ့်​လေးပါး​သည် ပလ္လင်​များ​ပေါ်​တွင် ထိုင်​လျက်​နေသည်​ဖြစ်၍ ဤ​နေရာ၌ ရွှေသရဖူ​များသည် မင်း​အာဏာကို ကိုယ်စား​ပြု​သည်။ (ဗျာဒိတ် ၆:၂; ၁၄:၁၄ နှိုင်းယှဉ်။) ယင်းက အကြီးအကဲ နှစ်ဆ​ယ့်​လေးပါး​သည် ကောင်းကင်​ရာထူး ရယူ​ထားသော ခရစ်တော်​၏​ဘိသိက်ခံ နောက်လိုက်​များ​ကို သရုပ်ဖော်​သည် ဟူသော​ကောက်ချက်​ကို ထောက်ခံ​သည်။ အကြောင်း​မှာ ယေရှု​က မိမိ​နိုင်ငံတော်​တွင် ပလ္လင်​များ​ပေါ်​ထိုင်​စေရန် သူတို့နှင့် ပဋိညာဉ် ဖွဲ့​ခဲ့​၍​ဖြစ်သည်။ (လုကာ ၂၂:၂၈-၃၀) ယေရှု​နှင့် ဤ​အကြီးအကဲ ၂၄ ပါး​သာ ကောင်းကင်​တွင် ယေဟောဝါ​၏ ရှေ့တော်မှောက်​၌ စိုးစံ​သည်​ဟု ကျမ်းစာ​က​ဖော်ပြ​သည်။ ကောင်းကင်တမန်​များ​ပင် ထိုသို့​မ​စိုးစံ​ရ​ကြ။

၁၀ ဤ​အချက်​က လောဒိကိ အသင်းတော်​အား ယေရှု​ပေး​သော ကတိ​နှင့် ကိုက်ညီ​၏– “အောင်နိုင်သူ​အား ငါ့​ပလ္လင်​ပေါ်မှာ ငါ​နှင့်အတူ ထိုင်​ရသော​အခွင့်​ကို ငါ​ပေး​မည်။” (ဗျာဒိတ် ၃:၂၁) သို့​တ​စေ၊ အကြီးအကဲ ၂၄ ပါး​၏ ကောင်းကင်​ဆိုင်ရာ တာဝန်​သည် အုပ်ချုပ်​ခြင်း​မျှ​သာ မဟုတ်။ ဗျာဒိတ်ကျမ်း​၏ စကားချီး​၌ ယေရှု​နှင့်​ပတ်သက်​၍ ယောဟန်​က “ကိုယ်တော်​သည် ငါ​တို့ကို နိုင်ငံ​တစ်ခု​ဖြစ်စေ​၍ မိမိ၏ ဘုရားသခင်​နှင့် ခမည်းတော်​အဖို့ ယဇ်ပုရောဟိတ်​များ ဖြစ်စေ​တော်​မူ” သည်​ဟု​ဆို​၏။ (ဗျာဒိတ် ၁:၅၊ ၆) ဤ​သူတို့သည် ဘုရင်​လည်း​ဖြစ်၊ ယဇ်ပုရောဟိတ်​လည်း ဖြစ်​ကြသည်။ “သူတို့သည် ဘုရားသခင်​နှင့် ခရစ်တော်​၏ ယဇ်ပုရောဟိတ်​များ ဖြစ်​ကြလိမ့်မည်။ ခရစ်တော်​နှင့်အတူ ဘုရင်​များ​အဖြစ် အနှစ်​တစ်ထောင် အုပ်စိုး​ကြလိမ့်မည်။”​—ဗျာဒိတ် ၂၀:၆

၁၁။ အကြီးအကဲ​တို့၏ အရေအတွက်​သည် ၂၄ ပါး​ဖြစ်သည်​မှာ အဘယ်ကြောင့် လျောက်ပတ်​သနည်း။ ထို​ကိန်း​သည် ဘာကို​အဓိပ္ပာယ် ဆောင်​သနည်း။

၁၁ ပလ္လင်တော်​ပတ်လည်​၌ အကြီးအကဲ ၂၄ ပါး​ကို ယောဟန် မြင်ရ​သည်​ဖြစ်၍ ၂၄ ဟူသော​ကိန်း​သည် ဘာ​အဓိပ္ပာယ်​ထူး ရှိ​သနည်း။ သူတို့ကို ရှေး​ဣသရေလ​လူမျိုး​မှ သစ္စာရှိ ယဇ်ပုရောဟိတ်​များ​က အင်္ဂါရပ်​များစွာ​တွင် တင်ကူး​ပုံဆောင်​ခဲ့​သည်။ တမန်​တော်​ပေတရု​က ဘိသိက်ခံ ခရစ်ယာန်​များ​အား ဤသို့​ရေးခဲ့​သည်– “သင်တို့သည် အ​ရွေး​ခံ​လူမျိုး​ဖြစ်၏။ တော်ဝင်​ယဇ်ပုရောဟိတ်​များ၊ သန့်ရှင်း​မြင့်မြတ်​သည့် လူမျိုး၊ ဘုရားသခင်​ပိုင်တော်မူ​သော လူမျိုး​ဖြစ်​ကြ​၏။” (၁ ပေတရု ၂:၉ခ​မ) စိတ်ဝင်စားဖွယ်​မှာ၊ ရှေး​ဂျူး​ယဇ်ပုရောဟိတ်​အဖွဲ့ကို ၂၄ ဖွဲ့ ခွဲထား​သည်။ အဖွဲ့​တိုင်း​သည် တစ်နှစ်​အတွင်း ယေဟောဝါ​ရှေ့တော်၌ မိမိတို့​အလှည့်ကျ​ရာ ရက်သတ္တပတ်​များ​တွင် အမှုထမ်း​ရန် ခန့်အပ်​ခံရ​သဖြင့် မြင့်မြတ်​သော​အမှုတော် ဆောင်ရွက်ခြင်း​သည် ပြတ်​သည်​ဟူ၍​မရှိ။ (၁ ရာဇဝင်ချုပ် ၂၄:၅-၁၉) သို့​ဖြစ်၍ ကောင်းကင်​ယဇ်ပုရောဟိတ်​အဖွဲ့​နှင့် ပတ်သက်သော ယောဟန်​၏​ရူပါရုံ​တွင် အကြီးအကဲ ၂၄ ပါး​ကို ပုံဖော်​ထား​သည်​မှာ လျောက်ပတ်​၏။ အကြောင်း​မှာ ဤ​ယဇ်ပုရောဟိတ်​အဖွဲ့​သည် ယေဟောဝါ​၏​အမှုတော်ကို မပြတ်​မလ​ပ် ထမ်းရွက်​ကြ​၍​ဖြစ်သည်။ အရေအတွက် ပြည့်စုံသော​အခါ တစ်ဖွဲ့​လျှင် အောင်နိုင်သူ ၆,၀၀၀ ပါဝင်သော​အဖွဲ့ ၂၄ ဖွဲ့​ရှိ​လိမ့်​မည်။ အကြောင်း​မှာ ဗျာဒိတ် ၁၄:၁-၄ က ၁၄၄,၀၀၀ (၂၄ x ၆,၀၀၀) သည် “လူသား​တို့​ထဲ​မှ ဝယ်ယူ” ခံရ​၍ သိုးသငယ် ယေရှု​ခရစ်​နှင့်အတူ ကောင်းကင်​ဇိအုန်​တောင်ပေါ်​မှာ ရပ်နေ​ကြသည်​ဟု ဆို​ထား​၍​ဖြစ်သည်။ ၁၂ ဟူသော​ကိန်း​သည် ဘုရားသခင့်​အမြင်​တွင် ဟန်ချက်ညီ​သော အဖွဲ့အစည်း​ကို ဖော်ပြ​သည်​ဖြစ်​ရာ ၂၄ မှာ ၁၂ ၏​နှစ်ဆ​ဖြစ်သော​ကြောင့် အပြည့်အဝ ဟန်ချက်ညီ​သော အစီအစဉ်​ဖြစ်​ကြောင်း ဆိုလို​သည်။

လျှပ်စီး​များ၊ စကားသံ​များနှင့် မိုးခြိမ်းသံ​များ

၁၂။ ယောဟန် နောက်ထပ် ဘာကို​မြင်ရ ကြား​ရသနည်း။ “လျှပ်စီး​များ၊ စကားသံ​များနှင့် မိုးခြိမ်းသံ​များ” က ဘာကို​သတိ​ရစေ​သနည်း။

၁၂ ယောဟန် နောက်ထပ် ဘာကို​မြင်ရ ကြား​ရသနည်း။ “ပလ္လင်တော်​မှ လျှပ်စီး​များ၊ စကားသံ​များနှင့် မိုးခြိမ်းသံ​များ ထွက်ပေါ်​လာ​၏။” (ဗျာဒိတ် ၄:၅က) ရှေး​က ယေဟောဝါ​၏ ကောင်းကင်​တန်ခိုးတော် ထင်ရှား​မှုများ​ကို ပြန်၍​သတိ​ရစေသည်​တကား။ ဥပမာ၊ သိနာ​တောင်ပေါ်​သို့ ယေဟောဝါ “ဆင်းသက်” တော်​မူ​စဉ်​က အဖြစ်အပျက်​ကို မောရှေ ဤသို့​ဖော်ပြ​၏– “သုံးရက်​မြောက်​သော​နေ့၊ နံနက်​အချိန်၌ တောင်ပေါ်​မှာ မိုးချုန်း​ခြင်း၊ လျှပ်​ပြ​က်​ခြင်း​နှင့်​တကွ မိုးတိမ်တိုက်​လွှမ်းမိုး၍ ကြီးသော​အသံ​နှင့် တံပိုး​မြည် [၏။] . . . တံပိုး​မြည်သံ​သည် ကြာကြာ​မြည်​လျက် အသံ​တိုး၍​ကြီးသော​အခါ မောရှေ​သည်​ခေါ်​၍ ဘုရားသခင်​သည် စကားသံ​နှင့် ထူး​တော်​မူ​၏။”​—ထွက်မြောက်ရာ ၁၉:၁၆-၁၉

၁၃။ ယေဟောဝါ​၏ ပလ္လင်တော်​မှ ထွက်ပေါ်​လာသော လျှပ်စီး​များ​က ဘာကို​ပုံခိုင်း​သနည်း။

၁၃ ယေဟောဝါ​သည် သခင့်​နေ့​တော်​အတွင်း မိမိ၏​တန်ခိုး​နှင့် မိမိ၏​ရောက်ရှိခြင်း​ကို ထူးကဲ​သိုက်​မြို​က် ခမ်းနား​စွာ ပြသ​တော်​မူ​သည်။ ပကတိ​လျှပ်စီး​ဖြင့် မဟုတ်ပါ။ အကြောင်း​မှာ ယောဟန်​သည် အမှတ်​သင်္ကေတ​များ​ကို မြင်​နေခြင်း​ဖြစ်သည်။ သို့​ဖြစ်၍ လျှပ်စီး​များသည် ဘာကို​ကိုယ်စား​ပြု​သနည်း။ လျှပ်စီး​သည် ထွန်းလင်း​တတ်​သည်။ လူကို​လည်း သေ​အောင်​ပစ်​နိုင်​သည်။ ထို့​ကြောင့် ယေဟောဝါ​၏ ပလ္လင်တော်​မှ​ထွက်​သော လျှပ်စီး​များသည် မိမိလူ​မျိုး​တော်​အား အဆက်မပြတ်​ပေး​သော ဉာဏ်​အလင်း​ကို ပုံခိုင်း​၏။ ကိုယ်တော်​၏ မီးလျှံ​ကဲ့သို့​သော တရား​စီရင်ခြင်း​သတင်း​များ​ကို သာ၍​ထူးကဲ​စွာ ပုံခိုင်း​သည်။​—ဆာလံ ၁၈:၁၄; ၁၄၄:၅၊ ၆; မဿဲ ၄:၁၄-၁၇; ၂၄:၂၇ နှိုင်းယှဉ်။

၁၄။ ယနေ့​တွင် စကားသံ​များ​ကို မည်သို့​မည်​ပုံ ထုတ်လွှင့်​သနည်း။

၁၄ စကားသံ​များ​က​ကော။ သိနာ​တောင်ပေါ် ယေဟောဝါ ဆင်းသက်​တော်​မူ​စဉ် အသံတော်​တစ်ခု​က မောရှေ​နှင့် စကားပြော​ဆို​သည်။ (ထွက်မြောက်ရာ ၁၉:၁၉) ကောင်းကင်​မှ ထိုစကား​သံ​များသည် ဗျာဒိတ်ကျမ်း​ပါ များစွာသော​အမိန့်များ​နှင့် ကြေညာ​ချက်​များ​ကို ထုတ်ဆင့်​ခဲ့​သည်။ (ဗျာဒိတ် ၄:၁; ၁၀:၄၊ ၈; ၁၁:၁၂; ၁၂:၁၀; ၁၄:၁၃; ၁၆:၁၊ ၁၇; ၁၈:၄; ၁၉:၅; ၂၁:၃) ယနေ့လည်း ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အား အမိန့်များ၊ ကြေညာ​ချက်​များ ထုတ်​ပြန်၍ ကျမ်းစာ​ပရောဖက်ပြုချက်​နှင့် မူများ​ကို နားလည်စေ​ရန် ပညာ​အလင်း​ကို ပေး​တော်​မူ​၏။ ဉာဏ်​အလင်း​ပေး​သည့် သတင်း​အချက်အလက်​များ​ကို အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​များ​၌ ဖွင့်ဟ​တင်ပြ​လေ့​ရှိသည်။ ထို့နောက် ၎င်း​ကျမ်းစာ​သမ္မာတရား​များ​ကို ကမ္ဘာ​အနှံ့ ကြွေးကြော်​ကြသည်။ သတင်းကောင်းကို သစ္စာရှိ​ရှိ ဟောပြောသူများ​နှင့်​ပတ်သက်​၍ ပေါလု​က ဤသို့​ဆို​၏– “သူတို့၏​အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား​၍ သူတို့၏​စကား​သည် မြေကြီးစွန်း​တိုင်အောင် ရောက်​လေ​ပြီ။”​—ရောမ ၁၀:၁၈

၁၅။ သခင့်​နေ့​တော်​၏ ဤ​ကာလပိုင်း​တွင် ပလ္လင်တော်​မှ အဘယ်​မိုးချုန်းသံ​များ ထွက်ပေါ်​လာ​သနည်း။

၁၅ လျှပ်စီးလက်​သည့်​နောက်​၌ မိုးချုန်းသံ​ကြား​ရလေ့​ရှိသည်။ ဒါဝိဒ်က ပကတိ​မိုးချုန်းသံ​ကို “ထာဝရ​ဘုရား​၏ အသံတော်” ဟူ၍​ခေါ်ဆို​သည်။ (ဆာလံ ၂၉:၃၊ ၄) ဒါဝိဒ်​အဖို့ ရန်သူများ​ကို ယေဟောဝါ တိုက်ခိုက်​တော်​မူ​စဉ် ကိုယ်တော့်​ထံ​မှ မိုးခြိမ်းသံ ထွက်ပေါ်​လာ​သည်​ဟု​ဆို​၏။ (၂ ဓမ္မ​ရာဇဝင် ၂၂:၁၄; ဆာလံ ၁၈:၁၃) “ကြီးသော​အမှု၊ ငါ​တို့ နားမလည်​နိုင်သော​အမှု” တို့ကို​ပြု​တော်​မူ​စဉ် ယေဟောဝါ​၏ အသံတော်​သည် မိုးခြိမ်းသံ​ကဲ့သို့​ဖြစ်သည်ဟု ဧလိဟု ဆို​သည်။ (ယောဘ ၃၇:၄၊ ၅) သခင့်​နေ့​တော်​၏ ယခု​အချိန်ပိုင်း​၌ ယေဟောဝါ ‘မိုးခြိမ်း’ ၍ ရန်သူများ​ကို တိုက်ခိုက်​ရန် မဟာ​အမှု​များ​ပြု​မည်​ဟု သတိပေး​တော်​မူ​သည်။ ထို​ပုံဆောင် မိုးချုန်းသံ​များသည် တ​အုန်းအုန်း​နှင့် ကမ္ဘာ​တစ်ဝန်း အပြန်​ပြန်​အလှ​န်​လှန် ပဲ့တင်ထပ်​မျှ မြည်ဟည်း​နေသည်။ သင်သည် မိုးချုန်းသံ​ကဲ့သို့​သော ထို​ကြွေးကြော်​ချက်​များ​ကို အာရုံပြု​လျက် လျှာ​ကို ပညာရှိရှိ​သုံး​၍ ပါဝင်​ကြွေးကြော်​လျှင် ပျော်ရွှင်​လိမ့်​မည်။​—ဟေရှာယ ၅၀:၄၊ ၅; ၆၁:၁၊ ၂

မီးခွက်​များနှင့် ဖန်​ရေကန်

၁၆။ “မီးခွက်​ခု​နစ်​လုံး” သည် ဘာကို​အဓိပ္ပာယ် ဆောင်​သနည်း။

၁၆ ယောဟန် နောက်ထပ် ဘာကို​မြင်ရ​သနည်း။ ဤ​အရာများ​ဖြစ်သည်– “ပလ္လင်တော်​ရှေ့တွင် မီးခွက်​ခု​နစ်​လုံး တောက်လောင်​လျက်​ရှိ၏။ ထို​မီးခွက်​တို့သည် ဘုရားသခင်​၏ ဝိညာဉ်​တော် ခု​နစ်​ပါး​ကို ဆိုလို​၏။ ပလ္လင်တော်​ရှေ့တွင် သ​လင်း​ကျောက်​ကဲ့သို့​သော ဖန်​ရေကန်​နှင့် တူ​သည့်​အရာ ရှိ၏။” (ဗျာဒိတ် ၄:၅ခ၊ ၆က) ယောဟန်​ကိုယ်တိုင် မီးခွက်​ခု​နစ်​လုံး​၏ အဓိပ္ပာယ်​ကို ကျွန်ုပ်​တို့အား ဤသို့​ပြောပြ​သည်– “ထို​မီးခွက်​တို့သည် ဘုရားသခင်​၏ ဝိညာဉ်​တော် ခု​နစ်​ပါး​ကို ဆိုလို​သည်။” ခု​နစ်​ဟူသော​ကိန်း​သည် ဘုရားသခင့်​အမြင်​တွင် ပြည့်စုံခြင်း​ကို အထိမ်းအမှတ်​ပြု​သည်။ သို့​ဖြစ်၍ မီးခွက်​ခု​နစ်​လုံး​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ဉာဏ်​အလင်း​ပေးစွမ်း​အား​၏ ပြည့်ဝခြင်း​ကို ကိုယ်စား​ပြုခြင်း ဖြစ်​ရ​ပေမည်။ ယနေ့ ယောဟန်​အတန်းအစား​သည် ၎င်း​ဉာဏ်​အလင်း အပ်နှင်း​ခံရ​ပြီး ဝိညာဉ်​ရေး​ဘက် ဆာမွတ်​သော ကမ္ဘာ​သားတို့​အား ပြန်လည်​ဝေမျှ​ရသော တာဝန်​ကို ရရှိ​ထား​သည့်​အတွက် ကျေးဇူး​တင်​လိုက်​လေ​ခြင်း။ ဘာသာ​ပေါင်း ၁၅၀ ခန့်​ဖြင့် အလင်းဖြာ​ပေး​နေသည့် ကင်းမျှော်စင် မဂ္ဂဇင်း​ကို နှစ်စဉ် သန်းပေါင်း​များစွာ ထုတ်ဝေ​လျက်​ရှိသောကြောင့် ဝမ်းသာစရာ​ပါ​တကား။​—ဆာလံ ၄၃:၃

၁၇။ “သ​လင်း​ကျောက်​ကဲ့သို့​သော ဖန်​ရေကန်” သည် ဘာကို​အထိမ်းအမှတ် ပြု​သနည်း။

၁၇ “သ​လင်း​ကျောက်​ကဲ့သို့​သော ဖန်​ရေကန်” ကိုလည်း ယောဟန်​မြင်ရ​၏။ ၎င်း​သည် ယေဟောဝါ​၏​ကောင်းကင် တရားရုံး​တော်​သို့ ဖိတ်ခေါ်​ခံရ​သူတို့နှင့်​ပတ်သက်​၍ ဘာကို အထိမ်းအမှတ် ပြု​မည်​ထင်​သနည်း။ ယေရှုသည် အသင်းတော်ကို “နှုတ်ကပါဌ်တော်​ရေ​၌ ဆေးကြောခြင်း​အားဖြင့် စင်ကြယ်​သန့်ရှင်း​စေ” ကြောင်း ပေါလု​ဆို​၏။ (ဧဖက် ၅:၂၆၊ ၂၇) ယေရှု​မသေမီ တပည့်တော်​တို့အား “သင်တို့သည် ငါ​ဟောခဲ့​သော​တရား​ကြောင့် သုတ်သင်​ပြီး​ဖြစ်သည်” ဟု မိန့်တော်မူသည်။ (ယောဟန် ၁၅:၃သ​မ) ထို့​ကြောင့် သ​လင်း​ကျောက်​နှင့်​တူသော ဤ​ဖန်​ရေကန်​သည် စင်ကြယ်​စေ​တတ်သော ဘုရားသခင်​၏ နှုတ်ကပါဌ်တော်​ကို ကိုယ်စား​ပြုခြင်း ဖြစ်​ရ​ပေမည်။ ယေဟောဝါ​ရှေ့တော်​သို့ အခစားဝင်​သော မင်းမျိုး​မင်း​နွယ် ယဇ်ပုရောဟိတ်​အဖွဲ့ဝင်​တို့သည် နှုတ်ကပါဌ်တော်​ဖြင့် စင်ကြယ်​စွာ ဆေးကြော​သုတ်သင် ခံရ​မည်​မုချ။

ကြည့်​ပါ​လေ​—“သက်ရှိ​သတ္တဝါ​လေးပါး”

၁၈။ ပလ္လင်တော်​အလယ်​နှင့် ပတ်ပတ်လည်​တွင် ယောဟန်​ဘာကို မြင်ရ​သနည်း။

၁၈ ယောဟန်​သည် နောက်​အင်္ဂါရပ်​တစ်ခု​ကို တွေ့ရ​၍ ဤသို့​ရေးသား​ထား​သည်– “ပလ္လင်တော်​၏​အလယ်​နှင့် ပလ္လင်တော်​၏ ပတ်ပတ်လည်​တွင် သက်ရှိ​သတ္တဝါ လေးပါး​ရှိ၏။ သူတို့၏ အရှေ့​နှင့် အနောက်​တွင် မျက်စိ​များနှင့် ပြည့်လျက်​ရှိ၏။”​—ဗျာဒိတ် ၄:၆ခ

၁၉။ သက်ရှိ​သတ္တဝါ လေးပါး​တို့သည် ဘာကို​ပုံခိုင်း​သနည်း။ ကျွန်ုပ်​တို့ မည်သို့​သိနိုင်​သနည်း။

၁၉ ဤ​သတ္တဝါ​တို့သည် ဘာကို​ပုံခိုင်း​သနည်း။ အခြား​ပရောဖက်​တစ်ပါး​ဖြစ်သူ ယေဇကျေလ တင်ပြ​သည့်​ရူပါရုံ​က အဖြေ​ရဖို့ အကူအညီ​ပေး​၏။ ယေဇကျေလ​သည် ယောဟန်​ဖော်ပြ​သော ထူးခြားသော​လက္ခဏာများ​နှင့်​ဆင်တူ​သည့် လက္ခဏာများ​ပါရှိ​သော သက်ရှိ​သတ္တဝါများ​ဖြင့် ခြံရံ​လျက် ကောင်းကင်​ရထား​တော်​ပေါ်မှာ စံတော်မူ​သော ယေဟောဝါ​ကို မြင်ရ​သည်။ (ယေဇကျေလ ၁:၅-၁၁၊ ၂၂-၂၈) နောက်ပိုင်း၌ ယေဇကျေလ​သည် သက်ရှိ​သတ္တဝါများ​ခြံရံ​သော ထို​ရထား​ပလ္လင်တော်​ကို မြင်​ပြန်​သည်။ သို့သော်၊ ဤ​တစ်ကြိမ်​တွင် ထို​သက်ရှိ​သတ္တဝါများ​ကို ခေရုဗိမ်​အဖြစ် သူ​ညွှန်းဆို​သည်။ (ယေဇကျေလ ၁၀:၉-၁၅) ယောဟန်​မြင်​သော သက်ရှိ​သတ္တဝါ​လေးပါး​သည် ဘုရားသခင်​၏ များပြား​သော ခေရုဗိမ်​များ​—နာမ်ဝိညာဉ်​အဖွဲ့အစည်း​ရှိ ရာထူး​အဆင့်မြင့်​သော သတ္တဝါများ​—ကို ကိုယ်စား​ပြုခြင်း ဖြစ်​ရ​ပေမည်။ ခေရုဗိမ်​များ ယေဟောဝါ​၏ အပါးတော်​တွင် ဤမျှ​နီးကပ်​စွာ တည်ရှိ​သည်ကို ယောဟန်​မြင်ရသော​အခါ အဆန်း​ထင်​မည်​မဟုတ်။ အကြောင်း​မှာ ရှေး​တဲ​တော်​အစီအစဉ်​၌ ယေဟောဝါ​၏ ပလ္လင်တော်​ကို ကိုယ်စား​ပြုသော ပဋိညာဉ်သေတ္တာ အဖုံး​အပေါ်​၌ ရွှေ​ခေရုဗိမ်​နှစ်ပါး​ကို ပြသထား​၍​ဖြစ်သည်။ ယေဟောဝါ​၏ စကားသံ​သည် ထို​ခေရုဗိမ်​နှစ်ပါး စပ်ကြား​မှ​နေ၍ ဣသရေလ​လူမျိုး​တို့အား အမိန့်တော်​များ ထုတ်ဆင့်​တော်​မူ​သည်။​—ထွက်မြောက်ရာ ၂၅:၂၂; ဆာလံ ၈၀:၁

၂၀။ သက်ရှိ​သတ္တဝါ လေးပါး​သည် အဘယ်​နည်းဖြင့် “ပလ္လင်တော်​၏ အလယ်​နှင့် ပလ္လင်တော်​၏ ပတ်ပတ်လည်​တွင်” ရှိ​သနည်း။

၂၀ ဤ​သက်ရှိ​သတ္တဝါ​လေးပါး​တို့သည် “ပလ္လင်တော်​၏​အလယ်​နှင့် ပလ္လင်တော်​၏ ပတ်ပတ်လည်​တွင်” ရှိကြသည်။ ဘာကို​အတိအကျ ဆိုလို​သနည်း။ သူတို့သည် ပလ္လင်တော်​၏ ပတ်လည်​တွင်​ရှိပြီး အပါး​တိုင်း အရပ်မျက်နှာ​တစ်ခုစီ​၏ အလယ်​တည့်တည့်​၌ ရပ်​လျက်​နေသည် ဟူသော​အဓိပ္ပာယ် ဖြစ်​နိုင်​သည်။ ထို့​ကြောင့် ခေတ်သုံး​မြန်မာ သမ္မာကျမ်းစာ ကို ဘာသာပြန်​သူတို့က မူရင်း​ဂရိ​အသုံးအနှုန်း​ကို “ပလ္လင်တော်​၏​ပတ်လည် တစ်ဖက်တစ်ချက်​တွင်” ဟူသော​စကားပြေ​ဖြင့် ပြန်ဆို​လိုက်​သည်။ နောက်တစ်နည်း​အားဖြင့် သက်ရှိ​သတ္တဝါ​လေးပါး​တို့သည် ပလ္လင်တော်​ရှိရာ ကောင်းကင်​အလယ်ဗဟို​၌ တည်ရှိ​သည်​ဟု​လည်း ဆိုလို​နိုင်​သည်။ ယင်းကြောင့် The Jerusalem Bible က ၎င်း​စကားစု​ကို “အလယ်ဗဟို​၌၊ ပလ္လင်တော်​ပတ်လည် စုစည်း​လျက်” ဟူ၍ ပြန်ဆိုခြင်း​ဖြစ်​နိုင်​သည်။ အရေးကြီး​သည့်​အချက်​မှာ ခေရုဗိမ်​များ ယေဟောဝါ​၏ ပလ္လင်တော်​နှင့် နီးနီးကပ်ကပ် ရှိ​ခြင်း​ဖြစ်သည်။ ယေဟောဝါ​၏ အဖွဲ့အစည်း​ဆိုင်ရာ ရထား​တော်​၏ ထောင့်​တစ်ခုစီ​၌ ယေဇကျေလ​မြင်ရသော ခေရုဗိမ်​များ​နည်းတူ ဖြစ်သည်။ (ယေဇကျေလ ၁:၁၅-၂၂) ဤ​အချက်​က “ထာဝရ​ဘုရား​သည် ဘုရင်​ဖြစ်​တော်​မူ​၏။ . . . ခေရုဗိမ်​တို့​အထက် စံတော်မူ​၏” ဟူသော ဆာလံ ၉၉:၁ (ခ​မ) ပါ​စကား​နှင့် ညီ​ထွေ​သည်။

၂၁၊ ၂၂။ (က) သက်ရှိ​သတ္တဝါ လေးပါး​ကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) သက်ရှိ​သတ္တဝါ လေးပါး​တို့၏ ပုံပန်း​သည် ဘာကို​အသီးသီး ကိုယ်စား​ပြု​သနည်း။

၂၁ ယောဟန် ဤသို့​ဆက်၍​ဆို​၏– “ပထမ သက်ရှိ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၏။ ဒုတိယ သက်ရှိ​သတ္တဝါ​သည် နွား​ပေါက်​နှင့်​တူ​၏။ တတိယ သက်ရှိ​သတ္တဝါ​သည် လူ့​မျက်နှာ​နှင့်​တူသော မျက်နှာ​ရှိ၏။ စတုတ္ထ သက်ရှိ​သတ္တဝါ​သည် ပျံ​လျက်​နေသော လင်းယုန်​နှင့်​တူ​၏။” (ဗျာဒိတ် ၄:၇) ဤ​သက်ရှိ​သတ္တဝါများ​သည် အဘယ်ကြောင့် တစ်ပါး​နှင့်​တစ်ပါး သဏ္ဌာန်​ချင်း ခြားနား​လှ​သနည်း။ ကွဲပြား​သော ဤ​သက်ရှိ​သတ္တဝါများ​သည် ထူးခြား​ထင်ရှားသော ဘုရားရေးရာ အရည်အသွေးများ​ကို မီး​မောင်း​ထိုး​ပြ​သည်​မှာ သိသာ​သည်။ အဦးဆုံး​မှာ ခြင်္သေ့​ဖြစ်သည်။ ခြင်္သေ့​သည် ကျမ်းစာ​ထဲ​၌ သတ္တိ​၏ အထိမ်းအမှတ်​ဖြစ်သည်။ အထူးသဖြင့် တရား​မျှတမှု​နှင့် ဖြောင့်မတ်မှု​ကို အမီလိုက်​ခြင်း​သတ္တိ​ဖြစ်သည်။ (၂ ဓမ္မ​ရာဇဝင် ၁၇:၁၀; သုတ္တံ ၂၈:၁) သို့​ဖြစ်၍ ခြင်္သေ့​သည် သတ္တိ​ရှိသော ဘုရားရေးရာ တရား​မျှတမှုကို ကောင်းစွာ ကိုယ်စား​ပြု​သည်။ (တရားဟောရာ ၃၂:၄; ဆာလံ ၈၉:၁၄) ဒုတိယ သက်ရှိ​သတ္တဝါ​သည် နွား​ပေါက်​နှင့်​တူ​သည်။ နွား​ပေါက်​က အဘယ်​အရည်အသွေးကို သတိ​ရစေ​သနည်း။ နွား​ထီး​သည် ခွန်အား​ရှိသောကြောင့် ဣသရေလလူ​တို့​အဖို့ အဖိုးတန်​ပစ္စည်း​ဖြစ်သည်။ (သုတ္တံ ၁၄:၄; ယောဘ ၃၉:၉-၁၁ ကို​ရှု။) သို့​ဖြစ်၍ နွား​ပေါက်​သည် ယေဟောဝါ​ပေး​တော်​မူ​သော အစွမ်း​တန်ခိုး၊ ကြီးမား​ပြင်းထန်သော​ခွန်အား​ကို ကိုယ်စား​ပြု​သည်။​—ဆာလံ ၆၂:၁၁; ဟေရှာယ ၄၀:၂၆

၂၂ တတိယ သက်ရှိ​သတ္တဝါ​သည် လူ့​မျက်နှာ​နှင့်​တူသော မျက်နှာ​ရှိ၏။ ၎င်း​သည် ဘုရားသခင်​၏ မေတ္တာတော်ကို ကိုယ်စား​ပြုခြင်း ဖြစ်​ပေမည်။ မြေကြီးပေါ်​တွင် လူသာ​လျှင် မေတ္တာ​တည်း​ဟူသော အမြင့်မြတ်ဆုံး အရည်အသွေး​နှင့်​တကွ ဘုရားသခင့် သဏ္ဌာန်တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သောကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆-၂၈; မဿဲ ၂၂:၃၆-၄၀; ၁ ယောဟန် ၄:၈၊ ၁၆) ခေရုဗိမ်​တို့သည် ယေဟောဝါ​၏ ပလ္လင်တော်​တစ်ဝိုက် အမှုတော်ထမ်း​ရွက်​ကြ​စဉ် ၎င်း​အရည်အသွေးကို ပြသ​ကြ​မည်​မုချ။ စတုတ္ထ သက်ရှိ​သတ္တဝါ​ကော။ ၎င်း​သည် ပျံ​လျက်​နေသော လင်းယုန်​နှင့်​တူ​၏။ ယေဟောဝါ​ကိုယ်တော်တိုင် လင်းယုန်​၏ အမြင်​အာရုံ​စူးရှ​မှု​ကို အထူးပြု​လျက် ၎င်း​၏ “မျက်စိသည် အဝေးက​ပင် မြင်တတ်၏” ဟု​မိန့်တော်မူ၏။ (ယောဘ ၃၉:၂၉သမ္မာ) သို့​ဖြစ်၍ လင်းယုန်​သည် အမြော်အမြင်​ရှိသော ဉာဏ်ပညာ​ကို ပုံဆောင်​၏။ ယေဟောဝါ​သည် ပညာ​၏​မူလ​ဖြစ်သည်။ ကိုယ်တော်​၏ ခေရုဗိမ်​တို့သည် အမိန့်တော်ကို နာခံ​သည်​နှင့်​အမျှ ဘုရားရေးရာ​ဉာဏ်ပညာ​ကို အသုံးချ​ကြ​ပေ​သည်။​—သုတ္တံ ၂:၆; ယာကုပ် ၃:၁၇

ယေဟောဝါ​ကို ချီးမွမ်း​သော​အသံများ ကျယ်လောင်​စွာ ထွက်ပေါ်​လာ

၂၃။ သက်ရှိ​သတ္တဝါ လေးပါး​တို့သည် “မျက်စိ​များ​ဖြင့် ပြည့်လျက်​နေ” သည်​ဟူသော​အချက်​က ဘာကို အထိမ်းအမှတ်​ပြု​သနည်း။ အတောင်​သုံးစုံ​စီ ရှိ​ခြင်း​က ဘာကို အထူးပြု​သနည်း။

၂၃ ယောဟန် ဤသို့​ဆက်လက်​ဖော်ပြ​၏– “သက်ရှိ​သတ္တဝါ လေးပါး​မှ တစ်ပါး​စီ​တွင် အတောင်​ခြောက်​ခု​စီ ရှိ၏။ ပတ်ပတ်လည်​နှင့် အောက်ဘက်​၌ မျက်စိ​များ​ဖြင့် ပြည့်လျက်​နေ​၏။ သူတို့က ‘အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်​ကာလ အစဉ်​ရှိတော်မူသော အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်​သည် သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း​တော်​မူ​၏’ ဟု နေ့​ည​မပြတ် မြွက်ဆို​ကြ​၏။” (ဗျာဒိတ် ၄:၈) မျက်စိဖြင့်​ပြည့်နေ​ခြင်း​က အမြော်အမြင် အပြည့်​ရှိ​ခြင်း​ကို​ပြ​သည်။ သက်ရှိ​သတ္တဝါ လေးပါး​တို့သည် အိပ်​ရန်​မလို​သည့်​အတွက် ၎င်း​သတ္တိ​ကို မနားတမ်း အသုံးပြု​ကြသည်။ “ထာဝရ​ဘုရား​သည် အထံတော်​၌ စုံလင်သော​စိတ်နှလုံး ရှိသူတို့​ဘက်တွင် တန်ခိုး​ပြတော်မူ​ခြင်း​ငှာ မျက်စိတော်​သည် လျင်မြန်​၍ မြေကြီး​တစ်ပြင်လုံး​ကို တစ်ပြိုင်နက် နှံ့အောင်​ကြည့်ရှု​လျက်​ရှိ၏” ဟူ၍​ဖော်ပြ​ခံရ​သော ပုဂ္ဂိုလ်မြတ်​အား သူတို့​တုပ​ကြသည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ခေရုဗိမ်​တို့​၌ ဤမျှ​များပြား​သော မျက်စိ​ရှိသဖြင့် နေရာတကာ​ကို မြင်နိုင်​၏။ သူတို့၏​စ​က္ခု​အာရုံ​နှင့် လွတ်​သည့်​အရာ ဘာမျှ​မရှိ။ သို့ဖြင့် ဘုရားသခင်​၏ တရား​စီရင်ခြင်း​လုပ်ငန်း​၌ အမှုထမ်း​ရန် အရည်အချင်း ပြည့်မီ​၏။ ဘုရားသခင်​နှင့်​စပ်လျဉ်း၍ ကျမ်းစာ​က “ထာဝရ​ဘုရား​၏ မျက်စိတော်​သည် ခပ်သိမ်း​သော​အရပ်၌​ရှိ၍ ဆိုး​သူ၊ ကောင်း​သူတို့ကို ကြည့်ရှု​တော်​မူ​၏” ဟု​ဆို​၏။ (သုတ္တံ ၁၅:၃သမ္မာ) ခေရုဗိမ်​တို့​၌ အတောင်​သုံးစုံ​စီ ရှိကြသည်​ဖြစ်၍​—ကျမ်းစာ​၌ သုံး​ဂဏန်း​ကို လေးနက်မှု​အတွက်​သုံး​သည်​—သူတို့သည် လျှပ်စီး​၏​အလျင်​ဖြင့် ရွေ့​ရှား​ကာ ယေဟောဝါ​၏ စီရင်ချက်​များ​ကို ကြေညာ​၍ စီမံ​ဆောင်ရွက်​နိုင်​သည်။

၂၄။ ခေရုဗိမ်​တို့သည် ယေဟောဝါ​ကို မည်သို့​ထောမနာ ပြု​ကြ​သနည်း။ အဘယ်​အဓိပ္ပာယ်​ထူး​ဖြင့်​နည်း။

၂၄ နားထောင်ပါ​လေ။ ယေဟောဝါ​အား ခေရုဗိမ်​တို့ တင်ဆက်​သော ထောမနာ​သီချင်း​မှာ နား​ဝင်​ချို​၍ စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်၏။ “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်​ကာလ အစဉ်​ရှိတော်မူသော အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်​သည် သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း​တော်​မူ​၏။” သုံးကြိမ်​သုံးခါ​သည် လေးနက်​ထက်သန်မှု​ကို ပြ​နေ​ပြန်​သည်။ ခေရုဗိမ်​တို့​က ယေဟောဝါ ဘုရားသခင်​၏ သန့်ရှင်းခြင်း​အဖြစ်ကို အခိုင်အမာ ထောက်ခံကြ​သည်။ ကိုယ်တော်​သည် သန့်ရှင်းခြင်း​၏ မူလအမြစ်၊ အမြင့်မြတ်ဆုံး​စံ ဖြစ်​တော်​မူ​သည်။ “ထာဝရ​ဘုရင်၊” “အာလဖ​နှင့် ဩ​မေ​ဃ၊ အဦးဆုံး​သော​သူနှင့် နောက်ဆုံးသော​သူ၊ အစ​နှင့်​အဆုံး” လည်း အစဉ်​ဖြစ်​တော်​မူ​၏။ (၁ တိမောသေ ၁:၁၇; ဗျာဒိတ် ၂၂:၁၃) ခေရုဗိမ်​တို့သည် ဖန်ဆင်း​ရာ သတ္တဝါ​အားလုံး​ရှေ့ ယေဟောဝါ​၏ အနှိုင်းမဲ့ အရည်အသွေးများ​ကို မနားတမ်း ကြွေးကြော်​ကြ​၏။

၂၅။ သက်ရှိ​သတ္တဝါများ​နှင့် အကြီးအကဲ ၂၄ ပါး​တို့သည် ယေဟောဝါ​ကို မည်သို့ တညီတညွတ်​တည်း ကိုးကွယ်​ကြ​သနည်း။

၂၅ ကောင်းကင်​တ​ကာ့ ကောင်းကင်​သည် ယေဟောဝါ​ကို ချီးမွမ်း​ခြင်း​အသံ​ဖြင့် ပဲ့​တင်​ဟ​ည်း​လျက်​နေ​၏။ ယောဟန် ဤသို့​ဆက်၍​ဖော်ပြ​သည်– “ထို​သက်ရှိ​သတ္တဝါ​တို့​က ပလ္လင်တော်​ပေါ်မှာ စံတော်မူ​၍ နိစ္စ​ထာဝရ အသက်ရှင်​သော​အရှင်​၏ ဘုန်းတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်​ကို ချီးကျူး​သည့်​အခါတိုင်း အကြီးအကဲ နှစ်ဆ​ယ့်​လေးပါး​တို့သည် ပလ္လင်တော်​ပေါ်မှာ စံတော်မူ​သော အရှင်​၏​ရှေ့တွင် ပျပ်ဝပ်​၍ နိစ္စ​ထာဝရ အသက်ရှင်​သော​အရှင်ကို ကိုးကွယ်​ကြ​၏။ သူတို့သည် ပလ္လင်တော်​ရှေ့တွင် မိမိတို့၏ သရဖူ​များ​ကို ပစ်ချ​လျက် ‘ကျွန်တော်​မျိုး​တို့၏ ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ဖန်ဆင်း​တော်​မူ​၍ ကိုယ်တော်​၏ အလိုတော်​ကြောင့် ၎င်းတို့သည် ဖန်ဆင်း​ခံရ​ပြီး တည်ရှိ​ကြ​သည့်​အတွက် ကိုယ်တော်​သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်​ကို ခံယူ​ထိုက်​တော်​မူ​သည်’ ဟု​လျှောက်ဆို​ကြ​၏။” (ဗျာဒိတ် ၄:၉-၁၁) ဤ​ကား၊ ကျမ်းစာ​တစ်အုပ်လုံး​၌ ကျွန်ုပ်​တို့၏​ဘုရားသခင်၊ အချုပ်အခြာအာဏာရှင် ယေဟောဝါ​အား ပြု​လေ​သမျှ​သော အ​မွန်မြတ်​ဆုံး ဂါ​ရ​ဝ​များ​ထဲ​မှ တစ်ခု​ပင်​တည်း။

၂၆။ အကြီးအကဲ ၂၄ ပါး​တို့သည် ယေဟောဝါ​ရှေ့ မိမိတို့​သရဖူ​များ​ကို အဘယ်ကြောင့် ပစ်ချ​ကြ​သနည်း။

၂၆ အကြီးအကဲ ၂၄ ပါး​သည် ယေရှု​ပြ​ခဲ့​သော စိတ်​သဘောထားမျိုး ရှိသဖြင့် ယေဟောဝါ​ရှေ့ မိမိတို့၏ သရဖူ​များ​ကို​ပင် ပစ်ချ​ကြသည်။ ဘုရားသခင့်​ရှေ့တော်၌ မိမိတို့​ကိုယ်ကို ချီးမြှောက်​လို​သော​သဘော​သည် သူတို့​စိတ်ထဲ​တွင် စိုး​စဉ်း​မျှ​မရှိ။ သူတို့​မင်း​ပြု​ရသည့် တစ်ခု​တည်း​သော ရည်ရွယ်ချက်မှာ ယေရှု အစဉ်​ပြု​သကဲ့သို့ ကိုယ်တော့်​ဂုဏ်တော်​နှင့် ဘုန်းတော်​ကို ထင်ရှားစေ​ရန်ဖြစ်​ကြောင်း နှိမ့်ချစွာ အသိအမှတ် ပြု​ကြ​ပေ​သည်။ (ဖိလိပ္ပိ ၂:၅၊ ၆၊ ၉-၁၁) မိမိတို့၏ နိမ့်ကျသော​အဖြစ်ကို ရို​ကျိုး​စွာ​သိမှတ်​ပြီး မိမိတို့​အုပ်ချုပ်​ခြင်း​သည် ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ပေါ် မူတည်​ကြောင်း ဝန်ခံ​ကြသည်။ သို့ဖြင့် ခေရုဗိမ်​တို့​နှင့်​လည်းကောင်း၊ ကျန်​သစ္စာရှိ သတ္တဝါများ​နှင့်​လည်းကောင်း စိတ်​သဘောချင်း​တူညီ​လျက် အရာခပ်သိမ်း​ကို ဖန်ဆင်း​သော​အရှင်​အား ချီးမွမ်း​၍ ဘုန်းတော်​ကို ဖော်ကျူး​ကြသည်။​—ဆာလံ ၁၅၀:၁-၆

၂၇၊ ၂၈။ (က) ယောဟန်​၏ ဤ​ရူပါရုံ ဖော်ပြချက်​က ကျွန်ုပ်​တို့​အပေါ် မည်သို့​သက်ရောက်မှု ရှိ​သင့်​သနည်း။ (ခ) ယောဟန် နောက်ထပ် မြင်ရ​ကြား​ရသော အရာ​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများ ပေါ်လာ​သနည်း။

၂၇ ယောဟန်​၏ ဤ​ရူပါရုံ​မှတ်တမ်း​ကို​ဖတ်​ပြီး မတုန်မလှုပ်​ဘဲ မည်သူ​နေနိုင်​မည်​နည်း။ ၎င်း​သည် ထူးကဲ​ပြောင်မြောက်​၍ ခံ့ညား​ပေ​စွ။ သို့သော် တကယ့်​အဖြစ်​တွင် မည်သို့​ရှိ​မည်​နည်း။ မည်သူ​မဆို လေးမြတ်တတ်သော စိတ်နှလုံး​ပိုင်ရှင်​ဖြစ်​လျှင် ယေဟောဝါ​၏ မဟာ​ဘုန်း​မီး​နေ​လ​ကြောင့် တက်ကြွ​လှုပ်ရှား​လာပြီး သက်ရှိ​သတ္တဝါ​လေးပါး​အပြင် အကြီးအကဲ ၂၄ ပါး​တို့​နှင့် ပူးပေါင်း​၍ ဆုတောင်းခြင်း​ဖြင့်၊ နာမတော်​ကို ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ကို ထောမနာပြု​မည်​ဧကန်။ ယနေ့ ခရစ်ယာန်​များ​အား မိမိ၏​သက်သေခံ​များ ဖြစ်ခွင့်​ပေး​သော​အရှင်​ကား ဤ​ဘုရားသခင်​ပင်​တည်း။ (ဟေရှာယ ၄၃:၁၀) ယောဟန်​၏​ရူပါရုံ​သည် ယနေ့​ကျွန်ုပ်​တို့ အသက်ရှင်​ရာ​ကာလ၊ သခင့်​နေ့​တော်​နှင့်​ဆိုင်​ကြောင်း သတိရပါ။ “ဝိညာဉ်​တော်​ခု​နစ်​ပါး” သည် ကျွန်ုပ်​တို့ကို လမ်းပြ​အားဖြည့်​ရန် အစဉ်​အသင့်ရှိ​၏။ (ဂလာတိ ၅:၁၆-၁၈) သန့်ရှင်းသော ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​ရာ​၌ သန့်ရှင်း​လျက်​ရှိစေရန် ကျွန်ုပ်​တို့အား ယနေ့ ဘုရားသခင့် နှုတ်ကပါဌ်တော်​က ကူညီ​ပေး​ရန် အသင့်ရှိ​၏။ (၁ ပေတရု ၁:၁၄-၁၆) ကျွန်ုပ်​တို့သည် ဤ​ပရောဖက်ပြုချက်​ကို ကျယ်​စွာ​ဖတ်​နိုင်​သဖြင့် တကယ်​ပင်​ပျော်ရွှင်​၏။ (ဗျာဒိတ် ၁:၃) ယေဟောဝါ​ပေါ် သစ္စာစောင့်​ရန်​နှင့်၊ လောက​သွေးဆောင်မှု​ကြောင့် ကိုယ်တော်​အား တက်ကြွ​စွာ​ထောမနာ မပြု​ဘဲ​မနေ​ရန် တိုက်တွန်း​သော အားပေးချက်​တစ်ရပ်​ပါ​တကား။​—၁ ယောဟန် ၂:၁၅-၁၇

၂၈ ဤ​ကား ကောင်းကင်​ရှိ ပွင့်​နေသော ထို​တံခါး​ကို​ဖြတ်၍ ချဉ်းကပ်​ရန် ခေါ်ဖိတ်​ခံရ​စဉ် သူ​မြင်တွေ့ခဲ့​ရာ​များ​အကြောင်း ယောဟန်​၏ ဖော်ပြချက်​ဖြစ်သည်။ အထူးခြားဆုံး ဖော်ပြချက်​မှာ ယေဟောဝါ​သည် ဘုန်း​တန်ခိုး​နှင့် ဂုဏ်တော်​တို့​ဖြင့်​ကြွယ်ဝသော ကျက်သရေ​အပေါင်း​ကို​ဆောင်​လျက် ကောင်းကင်​ပလ္လင်တော်​ပေါ်မှာ စံမြန်း​တော်​မူ​ခြင်း​ပင်​တည်း။ ကိုယ်တော်​သည် ဘုန်း​ရော​င်​နှင့် သစ္စာတရား ဝေ​ဖြာ​ကွ​န့်​မြူး​သော အဖွဲ့အစည်း​တကာ​တို့​တွင် တန်ခိုး​အကြီးမားဆုံး အဖွဲ့အစည်း​တော်​ဖြင့် ခြံရံ​လျက်​နေ​တော်​မူ​သည်။ ဘုရားသခင့် တရားရုံး​တော်​သည် အမှု​ကြားနာ​စစ်ဆေး​နေပြီ။ (ဒံယေလ ၇:၉၊ ၁၀၊ ၁၈) အံ့မခန်း​သော​အခြင်းအရာ ဖြစ်ပျက်​ဖို့ ဇာတ်​ခင်း​ထားပြီ။ ဘာဖြစ်​မည်​နည်း။ ယနေ့ ကျွန်ုပ်​တို့​နှင့် မည်သို့​သက်ဆိုင်​သနည်း။ ပေါ်လာ​သော ဇာတ်ကွက်​ကို ရှုစား​ကြ​စို့။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၇၅ ပါ ရုပ်ပုံ]

[စာမျက်နှာ ၇၈ ပါ ရုပ်ပုံ]