မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ အမှုတော်များ—ကြီးမြတ်၍ အံ့ဖွယ်ကောင်း၏

ယေဟောဝါ၏ အမှုတော်များ—ကြီးမြတ်၍ အံ့ဖွယ်ကောင်း၏

အခန်း ၃၁

ယေဟောဝါ​၏ အမှုတော်များ​—ကြီးမြတ်​၍ အံ့ဖွယ်ကောင်း​၏

ရူပါရုံ ၁၀ ဗျာဒိတ် ၁၅:၁–၁၆:၂၁

အကြောင်းအရာ– ယေဟောဝါ​သည် ကျိန်းဝပ်​ရာ​ဌာနတော်​တွင် စံမြန်း​တော်​မူ​ခြင်း။ အမျက်တော်​ဖလား ခု​နစ်​လုံး​ကို မြေကြီးပေါ်​သို့ သွန်းလောင်းခြင်း

ပြည့်စုံချိန်– ၁၉၁၉ ခုနှစ်​မှ အာမဂေဒုန်​အထိ

၁၊ ၂။ (က) အဘယ်​တတိယ နိမိတ်​လက္ခဏာကို ယောဟန်​တင်ပြ​သနည်း။ (ခ) ကောင်းကင်တမန်​များ​ပါဝင်သော အဘယ်​အခန်းကဏ္ဍ​အကြောင်းကို ယေဟောဝါ​၏​အမှုတော်ထမ်း​များ ရှေး​ကတည်းက သိရှိ​ခဲ့​ကြ​သနည်း။

မိန်းမ​တစ်ဦး သား​ယောက်ျားလေး ဖွားမြင်ခြင်း။ ထို​ကလေး​ကို နဂါး​ကြီး​တစ်ကောင် ဝါးမျို​ရန် ကြံစည်ခြင်း။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ တွင် ပြတ်သား​ပီပြင်​စွာ သရုပ်ဖော်​ထားသော ကောင်းကင်​ဆိုင်ရာ ထို​နိမိတ်​လက္ခဏာ​နှစ်ရပ်​က ဘုရားသခင့်​မိန်းမ​၏ အမျိုးအနွယ်​နှင့် စာတန်​နှင့်​သူ၏​နတ်ဆိုး အမျိုးအနွယ်​စပ်ကြား​ရှိ ကာလ​ကြာညောင်း​လှ​သည့် အငြင်းအခုံ​သည် အထွတ်အထိပ်​သို့ ရောက်လာ​ပြီ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား သတိပြုမိ​စေ​သည်။ ၎င်း​အထိမ်းအမှတ်​များ​ကို ပေါ်လွင်​အောင်​တင်ပြ​ရာ​၌ ယောဟန်​ဤသို့​ဆို​၏– “ထို့နောက် ကောင်းကင်​၌ နိမိတ်​လက္ခဏာ​ကြီး​တစ်ရပ်​ကို မြင်ရ​၏။ . . . ထို့နောက် . . . အခြား​နိမိတ်​လက္ခဏာ​တစ်ရပ်​ကို မြင်ရ​၏။” (ဗျာဒိတ် ၁၂:၁၊ ၃၊ ၇-၁၂) ယခု ယောဟန်​သည် တတိယ​နိမိတ်​လက္ခဏာကို ဖော်ပြ​ပြီ– “ထို့နောက်၊ ကောင်းကင်​၌ ကြီးမြတ်​၍ အံ့ဖွယ်ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တစ်ရပ်​ကို ငါ​မြင်ရ​၏။ ကပ်ဘေး​ခု​နစ်​ပါး​ကို ဆောင်​သည့် ကောင်းကင်တမန် ခု​နစ်​ပါး​ဖြစ်၏။ ၎င်းတို့သည် နောက်ဆုံး​ကပ်ဘေး​များ ဖြစ်​ကြ​၏။ အကြောင်း​မှာ၊ ထို​ကပ်ဘေး​တို့အား​ဖြင့် ဘုရားသခင်​၏ အမျက်တော်​သည် ပြီး​ငြိမ်း​ခြင်း​သို့ ရောက်​၏။” (ဗျာဒိတ် ၁၅:၁) ဤ​တတိယ​နိမိတ်​လက္ခဏာ​လည်း ယေဟောဝါ​၏ အမှုတော်ထမ်း​များ​အတွက် အရေးပါ​လှ​သော အဓိပ္ပာယ်​ကို​ဆောင်​၏။

ဘုရားသခင်​၏​အလိုတော်ကို အပြီး​ဆောင်ရွက်​ရာ​၌ ကောင်းကင်တမန်​များသည် အရေးပါသော​ကဏ္ဍ​မှ တစ်ဖန်​ပါဝင်​သည်ကို သတိပြုပါ။ ဤ​အချက်​ကို ယေဟောဝါ​၏ အမှုတော်ထမ်း​များ သိရှိ​သည်​မှာ ကြာမြင့်​လှ​ပြီ။ ရှေး​ဆာလံဆရာ​က မှုတ်သွင်း​တော်​မူ​ခြင်း​ခံရ​၍ ကောင်းကင်တမန်​များ​အား ဤသို့​တိုက်တွန်း​ခဲ့​သည်– “တန်ခိုး​စွမ်းရည်​ကြီးမား​၍ ကိုယ်တော်​၏ အမိန့်တော်​များ​ကို လိုက်နာ​လျက် ကိုယ်တော်​၏​စကား​ကို နားထောင်​သော ကောင်းကင်တမန်​တို့၊ ထာဝရ​ဘုရား​အား ထောမနာပြု​ကြလော့။” (ဆာလံ ၁၀၃:၂၀ခ​မ) ယခု​မြင်ကွင်း​သစ်​၌ ကောင်းကင်တမန်​များသည် နောက်ဆုံး​ကပ်ဘေး​ခု​နစ်​ပါး​ကို သွန်းလောင်း​ရန် တာဝန်​အပ်နှင်း​ခံရ​ကြ​၏။

၃။ ကပ်ဘေး​ခု​နစ်​ပါး​ကား အဘယ်အရာ​များ​ဖြစ်​ပြီး ၎င်းတို့ကို​သွန်းလောင်းခြင်းက ဘာ​အဓိပ္ပာယ် သက်ရောက်​သနည်း။

အဘယ်​ကပ်ဘေး​များ​ဖြစ်သနည်း။ ၎င်း​တို့​ကား၊ တံပိုးခရာ​ခု​နစ်​ချက် မှုတ်ခြင်း​နည်းတူ၊ ပြင်းထန်သော တရား​စီရင်ချက်​များ​ဖြစ်၍ ဤ​လောက​၏ အမျိုးမျိုးသော ကြန်အင်​များနှင့်​ပတ်သက်​သည့် ယေဟောဝါ​၏​အမြင်ကို ကြေညာ​ပြီး ကိုယ်တော်​၏ တရား​စီရင်​ဆုံးဖြတ်ချက်​၏ နောက်ဆုံး​ရလဒ်​နှင့်​ပတ်သက်​၍ သတိပေး​၏။ (ဗျာဒိတ် ၈:၁–၉:၂၁) ၎င်း​ကပ်​များ​ကို သွန်းလောင်းခြင်း​ကား၊ ယေဟောဝါ​၏ တောက်လောင်​သော အမျက်တော်နေ့​၌ အမျက်တော်​စူးရှ​ခံရ​သော​အရာများ ဖျက်ဆီး​ခံရ​သည့်​အချိန်တွင် အဆိုပါ​တရား​စီရင်ချက်​များ​အတိုင်း ဖော်ဆောင်​တော်​မူ​ခြင်း​ကို ပြညွှန်​သည်။ (ဟေရှာယ ၁၃:၉-၁၃; ဗျာဒိတ် ၆:၁၆၊ ၁၇) ထို့​ကြောင့် ထို​ကပ်​များ​အားဖြင့် “ဘုရားသခင်​၏ အမျက်တော်​သည် ပြီး​ငြိမ်း​ခြင်း​သို့​ရောက်​၏။” သို့ရာတွင် ယောဟန်​က ကပ်ဘေး​များ​သွန်းလောင်းခြင်း​အကြောင်းကို မဖော်​ပြ​မီ ၎င်းတို့၏​ထိခိုက်မှု​ကို ခံရ​မည်​မဟုတ်သော လူသား​အချို့​အကြောင်းကို ကျွန်ုပ်​တို့အား ပြောကြား​၏။ ဤ​သစ္စာ​ရှင်တို့​သည် သားရဲ​၏​အမှတ်​တံဆိပ်​ကို ငြင်းပယ်​ခဲ့ပြီ​ဖြစ်၍ ယေဟောဝါ​၏ လက်စားချေ​ရာ​နေ့​တော်​ကို ကြွေးကြော်​ရင်း ကိုယ်တော်​အား သီဆို​ချီးမွမ်း​ကြ​၏။​—ဗျာဒိတ် ၁၃:၁၅-၁၇

မောရှေ​နှင့် သိုးသငယ်​တို့၏ သီချင်း

၄။ ယခု အဘယ်အရာ​သည် ယောဟန်​၏​မြင်ကွင်း​ထဲ​သို့ ဝင်ရောက်​လာ​သနည်း။

ထူးခြား​လှ​သော မြင်ကွင်း​စုံ​တစ်ခု​ကို ယောဟန် ယခု​မြင်ရ​၏– “မီး​နှင့်​ရောနှော​သော ဖန်​ရေကန်​နှင့်​တူ​သည့် အရာ​ကိုလည်း​ကောင်း၊ သားရဲ​နှင့် ၎င်း​၏​ရုပ်တု၊ ၎င်း​အမည်​၏ ကိန်း​ဂဏန်း​တို့​မှ လွတ်မြောက်​အောင်မြင်သူ​များ​ကိုလည်း​ကောင်း ငါ​မြင်ရ​၏။ သူတို့သည် ဘုရားသခင်​၏ စောင်းတော်​များ​ကို​ကိုင်​လျက် ဖန်​ရေကန်​အနီး​၌ ရပ်နေ​ကြ​၏။”​ဗျာဒိတ် ၁၅:၂

၅။ “မီး​နှင့်​ရောနှော​သော ဖန်​ရေကန်” သည် ဘာကို​ပုံဆောင်​သနည်း။

ထို “ဖန်​ရေကန်” မှာ စောစော​ပိုင်း​၌ ယောဟန်​မြင်ခဲ့​သော ဘုရားသခင့်​ပလ္လင်တော်​ရှေ့​မှ ဖန်​ရေကန်​ပင်​တည်း။ (ဗျာဒိတ် ၄:၆) ယဇ်ပုရောဟိတ်​များ မိမိတို့​ကိုယ်ကို​ဆေးကြော​ရန် ရေ​ကို​ရယူ​သော ရှောလမုန်​၏​ဗိမာန်တော်​မှ “ကြေးဝါ​ရေကန်” နှင့် ဆင်တူ​၏။ (၃ ဓမ္မ​ရာဇဝင် ၇:၂၃) သို့​ဖြစ်၍ ၎င်း​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ယဇ်ပုရောဟိတ်​ဆိုင်ရာ​အသင်းတော်ကို ဆေးကြော​သန့်စင်​ရန် ယေရှု​အသုံးပြု​တော်​မူ​သော ဘုရားသခင့်​နှုတ်ကပါဌ်တော် “ရေ” ကို လျောက်ပတ်​စွာ တင်စား​သည်။ (ဧဖက် ၅:၂၅၊ ၂၆; ဟေဗြဲ ၁၀:၂၂) ၎င်း​ဖန်​ရေကန်​သည် “မီး​နှင့်​ရောနှော” ထား​သည်​ဖြစ်၍ ထို​ဘိသိက်ခံ​များသည် မိမိတို့​အဖို့ ပြဋ္ဌာန်း​တော်​မူ​သော မြင့်မား​သည့်​စံနှုန်း​များ​ကို လိုက်နာ​ကြသည်​နှင့်​အမျှ စမ်းသပ်​၍ သန့်စင်​ခံရ​ကြ​ကြောင်းကို​ပြ​၏။ ထို့​ပြင်၊ ဘုရားသခင့်​နှုတ်ကပါဌ်တော်​တွင် ကိုယ်တော်​၏​ရန်သူများ​ကို ရည်စူး၍​ထုတ်ပြန်​သော မီး​နှင့်​တူ​သည့် တရား​စီရင်ချက်​များလည်း​ပါရှိကြောင်း သတိရစေ​သည်။ (တရားဟောရာ ၉:၃; ဇေဖနိ ၃:၈) သွန်းလောင်း​လု​ဆဲ နောက်ဆုံး​ကပ်ဘေး​ခု​နစ်​ပါး​၌ ထို​တရား​စီရင်ချက်​အချို့ ထင်ရှား​လိမ့်​မည်။

၆။ (က) ကောင်းကင်​ဆိုင်ရာ ဖန်​ရေကန်​ရှေ့ ရပ်နေ​သော​သီချင်းသည်​များ​မှာ မည်သူ​များ​ဖြစ်​ကြ​သနည်း၊ ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။ (ခ) သူတို့သည် အဘယ်​နည်းဖြင့် “လွတ်မြောက်​အောင်မြင်” ခဲ့​ကြ​သနည်း။

ရှောလမုန်​၏ ဗိမာန်တော်​မှ​ရေကန်​ကို ယဇ်ပုရောဟိတ်​များ​အသုံးပြုရန် သွန်း​လုပ်ထား​သည် ဟူသော​အချက်​က ကောင်းကင်​ဆိုင်ရာ ဖန်​ရေကန်​ရှေ့​ရပ်နေ​သော သီချင်းသည်​များ​မှာ ယဇ်ပုရောဟိတ် အတန်းအစား​တစ်ခု​ဖြစ်​ကြောင်းကို​ပြ​၏။ သူတို့​လက်ထဲ​၌ “ဘုရားသခင်​၏ စောင်းတော်​များ” ရှိသောကြောင့် အကြီးအကဲ ၂၄ ပါး​နှင့် ၁၄၄,၀၀၀ တို့ကို သတိရ​စေ​၏။ အကြောင်း​မှာ ထို​အုပ်စု​နှစ်စု​လည်း စောင်းတီး​၍ သီဆို​ကြသည်။ (ဗျာဒိတ် ၅:၈; ၁၄:၂) ယောဟန်​မြင်ရသော သီချင်းသည်​တို့သည် “သားရဲ​နှင့် ၎င်း​၏​ရုပ်တု၊ ၎င်း​အမည်​၏​ကိန်း​ဂဏန်း​တို့​မှ လွတ်မြောက်​အောင်မြင်” ကြ​၏။ ထို့​ကြောင့် သူတို့သည် နောက်ဆုံး​ကာလ​အတွင်း မြေကြီးပေါ်​နေထိုင်ကြ​သော ၁၄၄,၀၀၀ ထဲ​မှ​ပုဂ္ဂိုလ်​များ ဖြစ်​ရ​ပေမည်။ သူတို့သည် အုပ်စု​တစ်စု​အနေ​နှင့် တကယ်​ပင် အောင်မြင်စွာ ထွက်မြောက်​လာ​ကြ​ပေ​သည်။ ၁၉၁၉ ခုနှစ်​မှ​စ၍ အနှစ် ၉၀ နီးပါး သားရဲ​၏ အမှတ်​တံဆိပ်​ကို​မခံ၊ ၎င်း​၏​ရုပ်တုကို လူသား​တို့၏​တစ်ခု​တည်း​သော ငြိမ်းချမ်းရေး​မျှော်လင့်ချက်​အဖြစ် အားမထား​ဘဲ ငြင်းဆို​လာ​ခဲ့​ကြသည်။ သူတို့​ထဲ​မှ အတော်များများ​သည် သေ​သည့်​တိုင်အောင် ကြံ့ကြံ့ခံ​ခဲ့​ကြပြီ​ဖြစ်၍ ယခု ကောင်းကင်ဘုံ​မှ​နေပြီး မြေကြီးပေါ်​တွင်​ရှိ​ဆဲ​ဖြစ်သော မိမိတို့၏​ညီအစ်ကို​များ သီဆို​ကြသည်​ကို အထူး​ဝမ်းမြောက်​သော​စိတ်ဖြင့် နားထောင်​ကြ​မည်​ဧကန်။​—ဗျာဒိတ် ၁၄:၁၁-၁၃

၇။ ရှေး​ဣသရေလ​ခေတ်တွင် စောင်း​ကို​မည်သို့​အသုံးပြု​ကြ​ပြီး ယောဟန်​၏​ရူပါရုံ​၌ ဘုရားသခင်​၏ စောင်းတော်​များ​ကို​တွေ့ရ​ခြင်း​က ကျွန်ုပ်​တို့အား မည်သို့​ဖြစ်စေ​သင့်​သနည်း။

ဤ​သစ္စာရှိ အောင်နိုင်သူ​တို့​လက်ထဲ​၌ ဘုရားသခင်​၏ စောင်းတော်​များ​ရှိ၏။ ဤ​တွင် သူတို့သည် စောင်းတီး​လျက်​သီဆို​ကာ ယေဟောဝါ​အား ဝတ်ပြု​ကြသော ရှေးဗိမာန်တော် လေဝိ​သားများ​နှင့် တူ​ပေ​သည်။ အချို့​လေဝိ​သားများ​ဆိုလျှင် စောင်းတီး​၍​လည်း ပရောဖက်ပြု​ကြ​၏။ (၁ ရာဇဝင်ချုပ် ၁၅:၁၆; ၂၅:၁-၃) ချို​အေး​သော​စောင်း​ဂီတ​သံ​က ဣသရေလလူ​တို့၏ ဝမ်းမြောက်ခြင်း​သီချင်း၊ ယေဟောဝါ​အား လျှောက်ဆို​သော​ပတ္ထနာ​နှင့် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​သီချင်းများ​ကို ပို​၍ငြိ​မ့်​ညောင်း​စေ​၏။ (၁ ရာဇဝင်ချုပ် ၁၃:၈; ဆာလံ ၃၃:၂; ၄၃:၄; ၅၇:၇၊ ၈) ဝမ်းနည်း​နေကြ​စဉ်၊ သို့​မဟုတ် သုံ့ပန်း​ဖြစ်နေ​ကြ​စဉ် စောင်း​သံ​ကို​မကြား​ရ​ချေ။ (ဆာလံ ၁၃၇:၂) ဤ​ရူပါရုံ​၌ ဘုရားသခင်​၏ စောင်းတော်​များ​ကို တွေ့ရ​သောကြောင့် ကျွန်ုပ်​တို့၏​ဘုရားသခင်​အား ရွှင်လန်း​မြူးထူး​၍ အောင်သံ​ပါ​သော ကျေးဇူးတော်​ချီးမွမ်း​ခြင်း​သီချင်း​တစ်ပုဒ် ကြား​လို​သော​ဆန္ဒ တဖွားဖွား​ပေါ်ပေါက်​စေ​သင့်​သည်။ *

၈။ အဘယ်​သီချင်းကို​သီဆို​၍ အဘယ်​စာသား​များ ပါရှိ​သနည်း။

ဤ​အချက်​ကို​ပင် ယောဟန်​တင်ပြ​၏– “သူတို့သည် ဘုရားသခင်​၏​ကျွန် မောရှေ၏​သီချင်း​နှင့် သိုးသငယ်​၏ သီချင်းကို​သီဆို​လျက် ဤသို့​ဆို​၏– ‘အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်​၏ အမှုတော်​တို့သည် ကြီးမြတ်​၍ အံ့သြဖွယ်ကောင်း​လှ​ပါ​၏။ အို ထာဝရ​ဘုရင်၊ ကိုယ်တော်​၏ နည်းလမ်းတော်​တို့သည် ဖြောင့်မတ်​၍ ဟုတ်မှန်​ပါ​၏။ အို ယေဟောဝါ၊ ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် သစ္စာစောင့်သိ​တော်​မူ​သောကြောင့် အဘယ်သူ​သည် ကိုယ်တော်​အား တကယ်​မကြောက်ရွံ့​ဘဲ၊ နာမတော်​ကို ဂုဏ်​မတင်​ဘဲ နေနိုင်​ပါ​မည်​နည်း။ အကြောင်း​မှာ၊ ကိုယ်တော်​၏ ဖြောင့်မတ်​သော အမိန့်တော်​များသည် ထင်ရှား​ပြီ​ဖြစ်၍ လူမျိုးအပေါင်း​တို့သည် ရှေ့တော်​သို့​လာ၍ ကိုးကွယ်​ကြ​ပါ​လိမ့်​မည်။’ ”​ဗျာဒိတ် ၁၅:၃၊ ၄

၉။ ၎င်း​သီချင်းကို တစ်စိတ်​တစ်​ဒေသ​အားဖြင့် “မောရှေ၏​သီချင်း” ဟု အဘယ်ကြောင့်​ခေါ်​သနည်း။

ဤ​အောင်ပွဲခံ​သူတို့သည် “မောရှေ၏​သီချင်း” ကို​သီဆို​ကြ​၏။ အလားတူ​အခြေအနေ​အောက်​၌ မောရှေ​သီဆို​ခဲ့​သော သီချင်း​နှင့်​တူသော​သီချင်းကို ဆိုလို​သည်။ မောရှေ​သည် အီဂျစ်​ပြည်​အပေါ်​ကျရောက်​သော ကပ်ဘေး​ဆယ်ပါး​နှင့် ပင်လယ်နီ​တွင် အီဂျစ်တပ်​များ ဖျက်ဆီး​ခံရ​သည်ကို ဣသရေလလူ​တို့ မျက်ဝါးထင်ထင် တွေ့မြင်​သည့်​နောက်​၌ သူတို့ကို​ဦးစီး​ပြီး ယေဟောဝါ​အား အောင်ပွဲခံ ထောမနာ​သီချင်း​သီဆို​လျက် “ယေဟောဝါ​သည် ဘုရင်​အဖြစ် အနန္တ​ကာလ​တိုင်အောင် ထာဝစဉ် စိုးစံ​တော်​မူ​လိမ့်​မည်​တည်း” ဟု ကြွေးကြော်​ကြသည်။ (ထွက်မြောက်ရာ ၁၅:၁-၁၉က​ဘ) သားရဲ​လက်​မှ လွတ်မြောက်​အောင်မြင်​ပြီး နောက်ဆုံးသော ကပ်ဘေး​ခု​နစ်​ပါး ကြွေးကြော်​ခြင်း​၌ ပါဝင်​ကြသော ယောဟန်​၏​ရူပါရုံ​ထဲ​က သီချင်းသည်​တို့သည် ‘ထာဝရ​ဘုရင်’ အား သီကျူး​ခြင်း​ကိုလည်း​ပြု​ကြသည်​မှာ လျောက်ပတ်​လှ​သည်​တကား။​—၁ တိမောသေ ၁:၁၇

၁၀။ အခြား​အဘယ်​သီချင်းကို မောရှေ​ရေးစပ်​ခဲ့​ပြီး ၎င်း​သီချင်း​၏​နောက်ဆုံး​စာ​ကြောင်း​က ယနေ့​လူအုပ်ကြီး​နှင့် မည်သို့​သက်ဆိုင်​သနည်း။

၁၀ ဣသရေလ​လူမျိုး ခါ​နာ​န်​ပြည်​ကို​သိမ်းပိုက်​ရန် အသင့်ပြင်​နေစဉ် ရေးစပ်​သော အခြား​သီချင်း​တစ်ပုဒ်​၌ သက်ကြီး​မောရှေ​က ဤသို့​ဆို​၏– “ငါသည် ထာဝရ​ဘုရား [ယေဟောဝါ] ၏​နာမတော်​ကို ဖော်ပြ​မည်၊ ငါ​တို့​ဘုရားသခင် ကြီးမြတ်​တော်​မူ​ကြောင်းကို ဝန်ခံ​ကြလော့။” ထို​သီချင်း​၏ နောက်ဆုံး​စာ​ကြောင်း​က ဣသရေလ​လူမျိုး မဟုတ်​သူများကို​လည်း အားပေးထား​သည်။ မှုတ်သွင်းခံ မောရှေ၏​စကား​သည် ယနေ့​လူအုပ်ကြီး​သို့​တိုင် သက်ရောက်​၏– “လူမျိုးခြား​တို့၊ သင်တို့သည် ဘုရားသခင်​၏ လူမျိုး​နှင့်အတူ ရွှင်လန်းစွာ ကြွေးကြော်​ကြလော့။” အဘယ်ကြောင့် ရွှင်လန်း​ရ​ကြ​မည်​နည်း။ ယေဟောဝါ​သည် “ကိုယ်တော်​၏​ကျွန်​တို့ အသွေး​အတွက် လက်စားချေ​၍ ရန်ဘက်ပြု​သူတို့အား လက်စားချေခြင်း​ကို ပြု​တော်​မူ​မည်” ဖြစ်၍​တည်း။ ဤသို့​ဖြောင့်မတ်​စွာ တရား​စီရင်တော်မူ​ခြင်း​ကြောင့် ယေဟောဝါ​ကို မျှော်ကိုး​သူများ​သည် အားရ​ဝမ်းမြောက်​၍ အောင်ပွဲခံ​ကြလိမ့်မည်။​—တရားဟောရာ ၃၂:၃၊ ၄၃သမ္မာ; ရောမ ၁၅:၁၀-၁၃; ဗျာဒိတ် ၇:၉

၁၁။ ယောဟန်​ကြား​ရသော​သီချင်း​အတိုင်း မည်သို့​ဆက်လက်​၍ ဖြစ်ပျက်​နေသနည်း။

၁၁ မောရှေ​သာ ယခု သခင့်​နေ့​တော်​အတွင်း​၌​ရှိပြီး ကောင်းကင်ဘုံ​မှ သံပြိုင်တေး​နှင့်အတူ “လူမျိုးအပေါင်း​တို့သည် ရှေ့တော်​သို့​လာ၍ ကိုးကွယ်​ကြ​ပါ​လိမ့်​မည်” ဟု​သီဆို​နိုင်​လျှင် မည်မျှ​ဝမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း။ ရူပါရုံ​၌​သာမက “လူမျိုးအပေါင်း” မှ သန်းပေါင်း​များစွာသော​သူတို့သည် ယေဟောဝါ​၏​မြေကြီးဆိုင်ရာ အဖွဲ့အစည်း​တော်​ထဲ​သို့ အမှန်တကယ်​ပင် အစုလိုက်​အပြုံလိုက် ယခု​ဝင်ရောက်​လာ​သည်ကို ကျွန်ုပ်​တို့​မြင်ရ​သည်​ဖြစ်၍ အထက်ပါ ထူးကဲ​လှ​သော​သီချင်း​အတိုင်း အံ့ချီးဖွယ်​ကောင်းစွာ ပြည့်စုံ​နေသည်။

၁၂။ အောင်မြင်သူ​များ​သီဆို​သော ထို​သီချင်းကို “သိုးသငယ်​၏​သီချင်း” ဟူ၍လည်း အဘယ်ကြောင့်​ခေါ်​သနည်း။

၁၂ သို့​တ​စေ၊ ဤ​သီချင်း​မှာ မောရှေ၏​သီချင်း​ဖြစ်​ရုံ​မ​က “သိုးသငယ်​၏” သီချင်း​လည်း​ဖြစ်၏။ အဘယ်​သို့ ဖြစ်သနည်း။ မောရှေ​သည် ဣသရေလ​လူမျိုး​အဖို့ ယေဟောဝါ ခန့်အပ်​တော်​မူ​သော ပရောဖက်​ဖြစ်၏။ သို့သော် မောရှေ​ကိုယ်တိုင် မိမိ​နှင့်​တူသော ပရောဖက်​တစ်ပါး​ကို ယေဟောဝါ ပေါ်ထွန်း​စေမည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ခဲ့​သည်။ ထို​ပရောဖက်​ကား သိုးသငယ် ယေရှု​ခရစ်​ပင်​တည်း။ မောရှေ​သည် ‘ဘုရားသခင်​၏​ကျွန်’ ဖြစ်သော်လည်း ယေရှု​မူ ဘုရားသခင့်​သားတော်​ဖြစ်၏။ သာ၍​ကြီးမြတ်သော​မောရှေ ဖြစ်​တော်​မူ​၏။ (တရားဟောရာ ၁၈:၁၅-၁၉; တမန်​တော် ၃:၂၂၊ ၂၃; ဟေဗြဲ ၃:၅၊ ၆) သို့​ဖြစ်၍ သီချင်းသည်​တို့သည် “သိုးသငယ်​၏​သီချင်း” ကိုလည်း သီဆို​ကြ​ခြင်း​ဖြစ်သည်။

၁၃။ (က) ယေရှုသည် မောရှေ​ထက် သာ၍​ကြီးမြတ်​သော်လည်း အဘယ်ကြောင့် သူနှင့်​တူ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် သီချင်းသည်​များနှင့် မည်သို့​စည်းလုံး​နိုင်​သနည်း။

၁၃ ယေရှုသည် မောရှေ​နည်းတူ လူ​ပရိသတ်​ရှေ့၌ ဘုရားသခင်​၏ ဂုဏ်တော်​ကို​ချီးမွမ်း​၍ ရန်သူ​အပေါင်း​တို့​အပေါ် ဘုရားသခင် အောင်ပွဲခံ​တော်​မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​တော်​မူ​သည်။ (မဿဲ ၂၄:၂၁၊ ၂၂; ၂၆:၃၀; လုကာ ၁၉:၄၁-၄၄) ယေရှုလည်း လူမျိုးအပေါင်း ယေဟောဝါ​ထံ​တော်​သို့​ချဉ်းကပ်​၍ ဂုဏ်တော်​ချီးမွမ်း​မည့်​ကာလ​ကို စောင့်မျှော်​သည့်​အပြင် ထို​အမှု​ဖြစ်မြောက်​စေရန် ကိုယ်ကျိုး​စွန့်​အနစ်နာခံ​သော “ဘုရားသခင်​၏​သိုးသငယ်” အနေ​နှင့် မိမိ၏​လူ့​အသက်ကို စွန့်​တော်​မူ​၏။ (ယောဟန် ၁:၂၉; ဗျာဒိတ် ၇:၉။ ဟေရှာယ ၂:၂-၄; ဇာခရိ ၈:၂၃ နှိုင်းယှဉ်။) မောရှေ​သည် ဘုရားသခင့်​နာမတော် ယေဟောဝါ​ကို​မြတ်နိုး​၍ ဂုဏ်ပြု​ခဲ့​သကဲ့သို့ ယေရှုလည်း ဘုရားသခင့်​နာမတော်​ကို ထင်ရှားစေ​တော်​မူ​၏။ (ထွက်မြောက်ရာ ၆:၂၊ ၃; ဆာလံ ၉၀:၁၊ ၁၇; ယောဟန် ၁၇:၆) ယေဟောဝါ​သည် သစ္စာစောင့်သိ​တော်​မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကတိ​မွန်​များသည် ဧကန်​အမှန်​ပြည့်စုံ​လာ​မည်။ ထို့​ကြောင့်၊ “မည်သူသည် ကိုယ်တော်​အား တကယ်​မကြောက်ရွံ့​ဘဲ၊ ကိုယ်တော်​၏​နာမတော်​ကို ဂုဏ်​မတင်​ဘဲ နေနိုင်​ပါ​မည်​နည်း” ဟူသော​တေး​၏​စာသား​ကို ထောက်ခံ​ရာ​၌ ကျွန်ုပ်​တို့သည် ထို​သစ္စာ​ရှင်​သီချင်းသည်​များ၊ သိုးသငယ်၊ မောရှေ​တို့​နှင့် တစ်စိတ်​တစ်သဘောတည်း ဖြစ်​ကြသည်။

ဖလား​ကိုင်ဆောင်​သော ကောင်းကင်တမန်​များ

၁၄။ ကျိန်းဝပ်​ရာ​ဌာနတော်​မှ မည်သူ​များ​ထွက်​လာ​သည်ကို ယောဟန်​မြင်ရပြီး သူတို့အား အဘယ်အရာကို​ပေး​သနည်း။

၁၄ ဤ​ဘိသိက်ခံ အောင်နိုင်သူ​များ​၏ သီဆိုသံ​ကို ကျွန်ုပ်​တို့​ကြား​ရသည်မှာ လျောက်ပတ်​ပေ​သည်။ အဘယ်ကြောင့်​နည်း။ သူတို့သည် ဘုရားသခင်​၏​အမျက်တော်​နှင့်​ပြည့်​သော ဖလား​များ​တွင်​ပါရှိ​သည့် တရား​စီရင်ချက်​များ​ကို မြေကြီးပေါ်​၌ ကြေညာ​ခဲ့​ကြ​၍​ဖြစ်၏။ သို့ရာတွင် ယောဟန် ဆက်လက်​တင်ပြ​သည့်​အရ ထို​ဖလား​များ သွန်းလောင်းခြင်း​ကိစ္စ​တွင် လူသားများ​သာ ပါဝင်​ကြသည်​မဟုတ်။ “ဤ​အရာများ​နောက်​၌ ငါ​ကြည့်​သော် ကောင်းကင်ဘုံ​တွင် သက်သေခံ​တဲ​တော်​၏ ကျိန်းဝပ်​ရာ​ဌာနတော်​သည် ပွင့်​လာ​သည်ကို မြင်ရ​၏။ ကပ်ဘေး​ခု​နစ်​ပါး​ကို​ဆောင်သော ကောင်းကင်တမန် ခု​နစ်​ပါး​သည် စင်ကြယ်​တောက်ပြောင်​သော လျှော်​ချော​ထ​ည်​ကို ဝတ်ဆင်​လျက် ရင်​တွင် ရွှေ​ရင်​စည်း​ကို​စည်း​လျက် ကျိန်းဝပ်​ရာ​ဌာနတော်​မှ ထွက်​လာ​ကြ​၏။ သက်ရှိ​သတ္တဝါ လေးပါး​အနက် တစ်ပါး​သည် နိစ္စ​ထာဝရ အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏ အမျက်တော်​ဖြင့် ပြည့်လျက်​ရှိသည့် ရွှေ​ဖလား​ခု​နစ်​လုံး​ကို ကောင်းကင်တမန် ခု​နစ်​ပါး​အား ပေးအပ်​၏။”​ဗျာဒိတ် ၁၅:၅-၇

၁၅။ ကောင်းကင်တမန်​ခု​နစ်​ပါး ကျိန်းဝပ်​ရာ​ဌာနတော်​မှ ထွက်​လာ​ကြသည်​မှာ အဘယ်ကြောင့် အံ့ဩစရာ​မဟုတ်​သနည်း။

၁၅ ကောင်းကင်​အရာများ​ကို တင်စား​သည့်​အရာများ ပါရှိ​သော ဣသရေလ​လူမျိုး၏ ဗိမာန်တော်​နှင့်​ပတ်သက်​၍​ဆို​ရ​လျှင် ဤ​တွင် “ကျိန်းဝပ်​ရာ​ဌာနတော်” ဟု​ခေါ်​သော အထူး​သန့်ရှင်း​ရာ​ဌာန​အတွင်း​သို့ ယဇ်ပုရောဟိတ်​မင်းကြီး​သာ ဝင်နိုင်​၏။ (ဟေဗြဲ ၉:၃၊က​ဘ) ၎င်း​သည် ကောင်းကင်ဘုံ​ရှိ ယေဟောဝါ ကျိန်းဝပ်​တော်​မူ​ရာ​နေရာကို တင်စား​သည်။ သို့​တ​စေ၊ ကောင်းကင်ဘုံ​၌​မူ၊ ယဇ်ပုရောဟိတ်​မင်းကြီး ယေရှု​ခရစ်​သာမက ကောင်းကင်တမန်​များလည်း ယေဟောဝါ​၏​ရှေ့တော်​သို့ အခစားဝင်​နိုင်​ကြသည်။ (မဿဲ ၁၈:၁၀; ဟေဗြဲ ၉:၂၄-၂၆) သို့​ဖြစ်၍ ကောင်းကင်ဘုံ​ရှိ ကျိန်းဝပ်​ရာ​ဌာနတော်​မှ ကောင်းကင်တမန်​ခု​နစ်​ပါး ထွက်​လာ​သည်ကို​မြင်ရ​သည်​မှာ အံ့ဩစရာ​မဟုတ်။ ယေဟောဝါ​ဘုရားသခင် ကိုယ်တော်တိုင် ပေးအပ်​သော​လုပ်ငန်း​တစ်ခု​ကို သူတို့​ရရှိ​ထား​သည်– ဘုရားသခင်​၏ အမျက်တော်​နှင့်​ပြည့်​သော ဖလား​များ​ကို သွန်းလောင်းခြင်း​ပင်​တည်း။​—ဗျာဒိတ် ၁၆:၁

၁၆။ (က) အဘယ်​အချက်​က ထို​ကောင်းကင်တမန်​ခု​နစ်​ပါး​သည် သူတို့၏​အလုပ်ကို ကောင်းစွာ​လုပ်ကိုင်​နိုင်သော အရည်အချင်း​ရှိကြောင်း ပြသ​နည်း။ (ခ) ပုံဆောင်​ဖလား​များ သွန်းလောင်းခြင်း​တည်း​ဟူသော မဟာ​လုပ်ငန်းတော်​မြတ်​တွင် အခြားသူများ​လည်း ပါဝင်​ကြောင်း အဘယ်​အချက်​က ဖော်ပြ​သနည်း။

၁၆ ထို​ကောင်းကင်တမန်​များသည် ယင်း​လုပ်ငန်း​ကို လုပ်ဆောင်ရန် အရည်အချင်း​ရှိကြ​၏။ သူတို့သည် စင်ကြယ်​တောက်ပြောင်​သော လျှော်​ချော​ထ​ည်​ကို ဝတ်ဆင်​ထား​သဖြင့် ယေဟောဝါ​၏ မျက်မှောက်တော်​တွင် ဝိညာဉ်​ရေး​ဘက် စင်ကြယ်​သန့်ရှင်း၍ ဖြောင့်မတ်​ကြောင်းကို​ပြ​၏။ ထို့​ပြင် ရွှေ​ရင်​စည်း​ကိုလည်း စည်းထား​ကြသည်။ လူတစ်ယောက်​သည် အလုပ်​တစ်ခု​ကို လုပ်ကိုင်​မည်​ပြု​စဉ် ရင်​စည်း​ကို​စည်း​လေ့​ရှိသည်။ (ဝတ်ပြုရာ ၈:၇၊ ၁၃; ၁ ဓမ္မ​ရာဇဝင် ၂:၁၈; လုကာ ၁၂:၃၇; ယောဟန် ၁၃:၄၊ ၅) သို့​ဖြစ်၍ ထို​ကောင်းကင်တမန်​တို့သည် ပေးအပ်​သော​အလုပ်​တစ်ခု​ကို​လုပ်ရန် အသင့်ပြင်​ထား​ကြသည်။ ထို့​ပြင် သူတို့၏​ရင်​စည်း​မှာ ရွှေ​ရင်​စည်း​ဖြစ်၏။ ရှေး​က တဲ​တော်​တွင် ရွှေ​ကို မြင့်မြတ်​သော၊ ကောင်းကင်​နှင့်​ဆိုင်သော အရာများ​ကို​တင်စား​ရန် အသုံးပြု​၏။ (ဟေဗြဲ ၉:၄၊ ၁၁၊ ၁၂) သို့​ဖြစ်၍ ထို​ကောင်းကင်တမန်​များသည် အဖိုးထိုက်​၍ မြင့်မြတ်​သော အမှုတော်​တစ်ရပ်​ကို လုပ်ဆောင်ရန် တာဝန်​ပေးခြင်း​ခံရ​သည်ကို ဆိုလို​၏။ အခြားသူများ​လည်း ဤ​မဟာ​လုပ်ငန်းတော်​မြတ်​၌ ပါဝင်​လုပ်ကိုင်​ရသည်။ သက်ရှိ​သတ္တဝါ လေးပါး​ထဲ​မှတစ်ပါး​က သူတို့အား တကယ့်​ဖလား​များ​ကို​ပေး​၏။ ထို​သတ္တဝါ​သည် ခြင်္သေ့​၏​သဏ္ဌာန်​ကို​ဆောင်သော ပထမ​သက်ရှိ​သတ္တဝါ​ဖြစ်သည်​မှာ သံသယ​မရှိ။ ၎င်း​သည် ယေဟောဝါ​၏ တရား​စီရင်ချက်​များ​ကို ကြွေးကြော်​ရာ​၌ လိုအပ်​သည့် မ​မှိတ်​မ​သု​န်​သော ရဲစွမ်းသတ္တိကို ပုံခိုင်း​၏။​—ဗျာဒိတ် ၄:၇

ကျိန်းဝပ်​ရာ​ဌာနတော်​ထဲ​မှ ယေဟောဝါ

၁၇။ ကျိန်းဝပ်​ရာ​ဌာနတော်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့အား ယောဟန်​ဘာ​ပြောပြ​သနည်း၊ ၎င်း​က ရှေး​ဣသရေလ​ခေတ်​မှ ကျိန်းဝပ်​ရာ​ဌာနတော်​နှင့်​ဆိုင်သော အဘယ်​အချက်​ကို သတိ​ရစေ​သနည်း။

၁၇ အဆုံး​၌ ယောဟန်​သည် ရူပါရုံ​၏​ဤ​ပိုင်း​ကို ဤသို့​နိဂုံး​ချုပ်​တင်ပြ​၏– “ထို​အခါ ကျိန်းဝပ်​ရာ​ဌာနတော်​သည် ဘုရားသခင်​၏ ဘုန်းတော်​နှင့် တန်ခိုးတော်​ကြောင့် မီးခိုး​နှင့် ပြည့်လျက်​ရှိသဖြင့် ကောင်းကင်တမန် ခု​နစ်​ပါး​၏ ကပ်ဘေး​ခု​နစ်​ပါး မပြီးမချင်း အဘယ်သူမျှ ကျိန်းဝပ်​ရာ​ဌာနတော်​ထဲ​သို့ မဝင်နိုင်။” (ဗျာဒိတ် ၁၅:၈) ဣသရေလ​လူမျိုး၏​သမိုင်း​တွင် ယေဟောဝါ​၏ ဘုန်းတော်​ထင်ရှား​ခြင်း​ကြောင့် ဗိမာန်တော်ကို တိမ်​တိုက်​လွှမ်းခြုံ​သောအခါ ယဇ်ပုရောဟိတ်​များသည် အတွင်း​သို့​မဝင်နိုင်​ဘဲ ဖြစ်​ခဲ့​ဖူး​သည်။ (၃ ဓမ္မ​ရာဇဝင် ၈:၁၀၊ ၁၁; ၂ ရာဇဝင်ချုပ် ၅:၁၃၊ ၁၄။ ဟေရှာယ ၆:၄၊ ၅ နှိုင်းယှဉ်။) မြေကြီးပေါ်​က အဖြစ်အပျက်​များ​တွင် ယေဟောဝါ​တက်ကြွ​စွာ ပါဝင်​တော်​မူ​သည့် အခါသမယ​များ​ပင်​တည်း။

၁၈။ ကောင်းကင်တမန်​ခု​နစ်​ပါး​သည် မည်သည့်​အခါ ယေဟောဝါ ထံ​တော်​သို့​ပြန်သွား​ပြီး သတင်း​ပြန်ကြား​ကြ​မည်​နည်း။

၁၈ ယနေ့လည်း ယေဟောဝါ​သည် ကမ္ဘာ့​အဖြစ်အပျက်​များ​ကို အလွန်​စိတ်ဝင်စား​တော်​မူ​၏။ ကိုယ်တော်​သည် ကောင်းကင်တမန်​ခု​နစ်​ပါး သူတို့၏​လုပ်ငန်း​ကို အပြီး​ဆောင်ရွက်ရန် အလိုတော်​ရှိ၏။ ယခု​အချိန်​ကား ဆာလံ ၁၁:၄-၆ (သမ္မာ) တွင်​ဖော်ပြ​သည့်​အတိုင်း တရား​စီရင်​ချိန်​၏ အထွတ်အထိပ်​ပင်​တည်း– “ထာဝရ​ဘုရား​သည် သန့်ရှင်းသော​ဗိမာန်တော်၌ ရှိ​တော်​မူ​၏။ ထာဝရ​ဘုရား​၏ ပလ္လင်တော်​ကား ကောင်းကင်ဘုံ​၌​တည်း။ မျက်စိတော်​သည် ကြည့်ရှု​၍ မျက်​ခ​မ်း​တော်​သည် လူသား​တို့ကို စစ်ဆေး​တော်​မူ​၏။ ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူကို စစ်ဆေး​တော်​မူ​၍ ဆိုးသော​သူနှင့် ကြမ်းကြုတ်ခြင်း နှစ်သက်သော​သူကို မုန်းတော်မူ​၏။ လူဆိုး​တို့​အပေါ်​သို့ မီးခဲ​မိုးရွာ​စေတော်မူ​မည်။ ကန့်​နှင့် လေ​ပူ​သည် သူတို့​သောက်စရာ​ဖို့ ဖြစ်​လိမ့်​မည်။” ထို​ကောင်းကင်တမန် ခု​နစ်​ပါး​သည် ကပ်​ခု​နစ်​ပါး​ကို လူဆိုးများ​အပေါ်​သို့ မ​သွန်းလောင်း​မချင်း ယေဟောဝါ​၏ ခမ်းနား​သော​ရှေ့တော်မှောက်​သို့ ပြန်ဝင်​ခစား​ကြ​မည်​မဟုတ်။

၁၉။ (က) အဘယ်သူ​က အဘယ်​အမိန့်​ကို ထုတ်ဆင့်​သနည်း။ (ခ) အဘယ်အခါ​၌ ပုံဆောင်​သော​ဖလား​များ​ကို စတင်​သွန်းလောင်းခဲ့​ခြင်း ဖြစ်​ရမည်​နည်း။

၁၉ ထိတ်လန့်ဖွယ်​ကောင်းသော အမိန့်တော် မြည်ဟည်း​ထွက်ပေါ်​လာ​သည်– “ကျိန်းဝပ်​ရာ​ဌာနတော်​မှ ကျယ်​သော​စကားသံ​က ကောင်းကင်တမန် ခု​နစ်​ပါး​အား ‘သွား​ကြလော့။ ဘုရားသခင်​၏ အမျက်တော်​ဖလား ခု​နစ်​လုံး​ကို မြေကြီးပေါ်​သို့ သွန်းလောင်း​ကြလော့’ ဟု​ဆို​သည်ကို ငါ​ကြား​ရ၏။” (ဗျာဒိတ် ၁၆:၁) ဤ​အမိန့်​ကို မည်သူ​ထုတ်ပြန်​သနည်း။ ယေဟောဝါ​၏​ဘုန်းတော်​နှင့် တန်ခိုးတော်​ကွ​န့်​မြူး​ခြင်း​ကြောင့် ကျိန်းဝပ်​ရာ​ဌာနတော်​အတွင်း​သို့ မည်သူမျှ​မဝင်​ရောက်​နိုင်​သည့်​အတွက် ယေဟောဝါ​ကိုယ်တော်တိုင် မိန့်ဆို​ခြင်း​ဖြစ်​ရ​ပေမည်။ ယေဟောဝါ​သည် ၁၉၁၈ ခုနှစ်​၌ တရား​စီရင်​ရန် ဝိညာဏ​ဗိမာန်တော်သို့ ကြွလာ​တော်​မူ​၏။ (မာလခိ ၃:၁-၅) သို့​ဖြစ်၍ ထို​အချိန်​နောက်ပိုင်း မကြာမီတွင် ဘုရားသခင်​၏ အမျက်တော်​ဖလား​များ​ကို သွန်းလောင်း​ရန် မိန့်တော်မူ​ခြင်း​ဖြစ်​ရ​ပေမည်။ အမှန်ဆိုလျှင် ၁၉၂၂ ခုနှစ်​မှ​စ၍ ပုံဆောင်​ဖလား​ထဲ​မှ တရား​စီရင်ချက်​များ​ကို အပြင်းအထန် ကြွေးကြော်​လာ​ခဲ့​သည်။ ယနေ့​ဆိုလျှင် ၎င်း​ကြွေးကြော်​သံ​သည် ကျယ်​သည်ထက်​ကျယ်​လာပြီး အထွတ်အထိပ်​သို့ ရောက်​လေ​ပြီ။

ဖလား​များနှင့် တံပိုးခရာ​မှုတ်​ချက်​များ

၂၀။ ယေဟောဝါ​၏ အမျက်တော်​ဖလား​များ​က ဘာကို​ဖော်ပြ​၍ ဘာ​အကြောင်းကို​သတိပေး​ပြီး ၎င်းတို့ကို မည်သို့​သွန်းလောင်း​သနည်း။

၂၀ ယေဟောဝါ​၏ အမျက်တော်​ဖလား​များ​က ကမ္ဘာ့​ဇာတ်ခုံ​၏ ကြန်အင်​လက္ခဏာများ​ကို ယေဟောဝါ မည်သို့​ရှုမြင်​ကြောင်း ထင်ရှားစေ​ပြီး ယေဟောဝါ​၏ တရား​စီရင်ချက်​များ​ကို သတိပေး​၏။ ကောင်းကင်တမန်​များသည် မောရှေ၏​သီချင်း၊ သိုးသငယ်​၏​သီချင်းကို​သီဆို​သော မြေကြီးပေါ်​ရှိ ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အသင်းတော်​မှ​တစ်ဆင့် ဖလား​များ​ကို သွန်းလောင်း​ကြသည်။ ယောဟန်​အတန်းအစား​သည် နိုင်ငံတော်​အကြောင်းကို သတင်းကောင်း​အဖြစ် ဟောပြော​ရင်း ထို​အမျက်တော်​ဖလား​များ​၏ အကြောင်းအရာများ​ကို ရဲရင့်စွာ ဖော်ပြ​ကြ​၏။ (မဿဲ ၂၄:၁၄; ဗျာဒိတ် ၁၄:၆၊ ၇) ထို့​ကြောင့်၊ သူတို့၏​ပူးတွဲ​သတင်း​သည် လူသားတို့အား လွတ်ငြိမ်း​ခြင်း​အကြောင်း ကြွေးကြော်​ရာ​၌ ငြိမ်သက်​သော်လည်း “ငါ​တို့​ဘုရားသခင် လက်စားချေ​တော်​မူ​ရာ နေ့ရက်​ကာလ” နှင့်​ပတ်သက်​၍ သတိပေး​ရာ​တွင် စစ်တိုက်​သကဲ့သို့​ဖြစ်၏။​—ဟေရှာယ ၆၁:၁၊ ၂သမ္မာ။

၂၁။ ဘုရားသခင့်​အမျက်တော်​ဖလား ပထမ​လေးလုံး​၏ ပစ်မှတ်​များသည် တံပိုးခရာ​မှုတ်​ချက် ပထမ​လေးချက်​၏ ပစ်မှတ်​များနှင့် မည်သို့​တူ​ပြီး အဘယ်​နေရာ၌ ခြားနား​ကြ​သနည်း။

၂၁ ဘုရားသခင့် အမျက်တော်​ဖလား ပထမ​လေးလုံး​၏ ပစ်မှတ်​များသည် ပထမ​တံပိုးခရာ​မှုတ်​ချက်​လေးချက်​၏ ပစ်မှတ်​များနှင့်​တူ​ပြီး ၎င်းတို့မှာ မြေကြီး၊ ပင်လယ်၊ မြစ်များ​နှင့် စမ်းရေ​တွင်း​များ၊ ကောင်းကင်​မှ​အလင်း​အိမ်များ ဖြစ်​ကြသည်။ (ဗျာဒိတ် ၈:၁-၁၂) သို့သော် တံပိုးခရာ​မှုတ်​ချက်​တို့သည် “သုံးပုံတစ်ပုံ” အပေါ်​ကျရောက်​သော ကပ်ဘေး​များ​ကို ကြေညာ​သော်လည်း ဘုရားသခင့် အမျက်တော်​ဖလား​များ သွန်းလောင်းခြင်းသည် တစ်ခုလုံး​ကို ထိခိုက်​စေ​၏။ သို့​ဖြစ်၍ “သုံးပုံတစ်ပုံ” ဖြစ်သော ခရစ်ယာန်ဘောင်​သည် သခင့်​နေ့​တော်​အတွင်း အဦးဆုံး အာရုံပြု​ခြင်း​ခံရ​သည်​မှန်​သော်လည်း စာတန့်​စနစ်​၏ အဘယ်​အပိုင်း​က​မျှ စိတ်ဒုက္ခ​ရောက်​စေနိုင်​သော ယေဟောဝါ​၏ တရား​စီရင်ချက် သတင်း​များနှင့်​လည်းကောင်း၊ ၎င်း​တို့​ကြောင့်​ဖြစ်သော ပူဆွေး​ဝမ်းနည်းမှု ဥပဒ်​နှင့်​လည်းကောင်း ကင်းလွတ်ခွင့် မရ​ကြ​ချေ။

၂၂။ နောက်ဆုံးသော တံပိုးမှုတ်​ချက်​သုံးချက်​သည် အဘယ်​သို့​တစ်မူထူး​ခြား​ပြီး ယေဟောဝါ​၏ အမျက်တော်​ဖလား နောက်ဆုံး​သုံးလုံး​နှင့် မည်သို့​ဆက်စပ်​သနည်း။

၂၂ နောက်ဆုံးသော တံပိုးခရာ​မှုတ်​ချက်​သုံးချက်​ကို အမင်္ဂလာ​များ​ဟု ခေါ်ဝေါ်​သောကြောင့် ၎င်းတို့သည် တစ်မူထူး​ခြား​၏။ (ဗျာဒိတ် ၈:၁၃; ၉:၁၂) ၎င်း​တို့​ထဲ​မှ ပထမ​မှုတ်​ချက်​နှစ်ချက်မှာ အထူးသဖြင့် ကျိုင်းကောင်​နှင့် မြင်းတပ်​များ​ပါဝင်​ပြီး တတိယ​မှုတ်​ချက်​က ယေဟောဝါ​၏ နိုင်ငံတော်​ဖွားမြင်ခြင်း​ကို နိဒါန်း​ပျိုး​၏။ (ဗျာဒိတ် ၉:၁-၂၁; ၁၁:၁၅-၁၉) နောက်ဆုံး​အမျက်တော်​ဖလား သုံးလုံး​၌​လည်း ထို​သွင်ပြင်​လက္ခဏာများ​ပါရှိ​သော်လည်း အမင်္ဂလာ​သုံးပါး​နှင့် အနည်းငယ်​ခြားနား​သည်ကို တွေ့ရ​ပါ​လိမ့်​မည်။ ယေဟောဝါ​၏ အမျက်တော်​ဖလား​များ သွန်းလောင်းခြင်း​ကြောင့် ဖြစ်ပေါ်​လာသော ဇာတ်​ဆန်​သည့် ထုတ်ဖော်​ချက်​များ​ကို ယခု အထူး​အာရုံပြု​ကြ​စို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 စိတ်ဝင်စားဖွယ်​ကား၊ ၁၉၂၁ ခုနှစ်​၌ ယောဟန်​အတန်းအစား​သည် ကျမ်းစာ​လေ့လာမှု​အတွက် အထောက်အကူ​ပြု​သည့် ဘုရားသခင်​၏ စောင်းတော် ဟူသော​စာအုပ်​ကို ဘာသာ​ပေါင်း ၂၀ ကျော်၊ အုပ်ရေ​ပေါင်း ငါး​သန်း​ကျော်​ဖြင့် ထုတ်ဝေ​ခဲ့​သည်။ ၎င်း​သည် ဘိသိက်ခံ​သီချင်းသည်​များ​ကို ပိုမို​စုသိမ်း​နိုင်​ရန် ထောက်ကူ​ခဲ့​သည်။

[လေ့လာ​ရန်​မေးခွန်းများ]