မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ရှိရင်းစွဲကို မြဲမြဲစွဲကိုင်ထားပါ”

“ရှိရင်းစွဲကို မြဲမြဲစွဲကိုင်ထားပါ”

အခန်း ၁၂

“ရှိရင်းစွဲ​ကို မြဲ​မြဲ​စွဲကိုင်​ထား​ပါ”

ဖိလဒေလဖိ

၁။ ယေရှု၏​ဆဋ္ဌမ သတင်း​တော်​မှာ အဘယ်​မြို့ရှိ အသင်းတော်ကို ရည်စူး​သနည်း။ ၎င်း​မြို့​၏​အမည်​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ညီရင်း​အစ်ကို ခင်တွယ်​မှု​—နှစ်​လို့​ဖွယ် အရည်အသွေး​ပါ​တကား။ မိမိ၏ ဆဋ္ဌမ​မြောက် သတင်း​တော်​ကို ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​ထံ ယေရှု​ပေး​ပို့​စဉ် ၎င်း​အရည်အသွေးကို ကိုယ်တော် သတိရ​တော်​မူ​ပေမည်။ အကြောင်း​မှာ ဖိလဒေလဖိ ဟူသော​အမည်​သည် “ညီရင်း​အစ်ကို ခင်တွယ်​မှု” ဟု​အဓိပ္ပာယ် ရှိ၍​ဖြစ်သည်။ လွန်ခဲ့သော​အနှစ် ၆၀ ကျော်​၌၊ ပေတရု​က မိမိ၏​သခင်​ကို မြတ်နိုး​ခင်တွယ်​ကြောင်း သုံးကြိမ်​တိုင်တိုင် အခိုင်အမာ ဆို​ခဲ့​သည်ကို သက်ကြီး​ယောဟန် သတိရ​သေး​သည်။ (ယောဟန် ၂၁:၁၅-၁၇) ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ ညီရင်း​အစ်ကို ခင်တွယ်​ခြင်း​ရှိကြ​သလော။ ရှိကြောင်း​သိသာ​၏။

၂။ ဖိလဒေလဖိ​မြို့​သည် မည်သို့သော​မြို့​နည်း။ ထို​မြို့ရှိ​အသင်းတော်သည် မည်သို့သော​အသင်းတော်​နည်း။ ၎င်း​အသင်းတော်​၏ ကောင်းကင်တမန်​အား ယေရှု​မည်သို့​မိန့်ဆို​သနည်း။

ယောဟန်​လက်ထက်​ရှိ ဖိလဒေလဖိ​မြို့​သည် သာဒိ​မြို့​၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ (ယခု​ခေတ် တူရကီ​၏ အာ​လရှ​ဟီးရ်​မြို့​တည်နေရာ) တွင်​ရှိ၍ အတော်လေး ကြီးပွား​ချမ်းသာ​သော​မြို့​ဖြစ်သည်။ သို့သော် ပို​၍​မှတ်သားဖွယ်​ကောင်း​သည်​မှာ ထို​မြို့ရှိ ခရစ်ယာန်​အသင်းတော်​၏ ကြီးပွားမှု​ပင်​တည်း။ သူတို့သည် မိမိတို့​ထံ​သို့​လာသော ဓမ္မ​အမှုဆောင်​ကို ဝမ်းသာ​အားရ ဆီးကြို​လက်ခံခဲ့​ကြ​မည်​တကား။ သာဒိ​မြို့မှ​တစ်ဆင့် လာ​ခြင်း​ဖြစ်​နိုင်​သည်။ ထို​သူ​ယူဆောင်​လာသော သတင်း​တော်​၌ သူတို့​အဖို့ အားတက်ဖွယ်​သြဝါဒ ပါရှိ​၏။ သို့သော် ၎င်း​က ခန့်ညား​ဖွယ်​ကောင်းသော ပေး​ပို့​သူ၏ အခွင့်အာဏာ​အကြောင်းကို ရှေးဦး​စွာ ပြ​ဆို​သည်။ “ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့– ဤ​ကား သန့်ရှင်းသော​သူ၊ စစ်မှန်သော​သူ၊ ဒါဝိဒ်​၏​သော့​ကို ပိုင်​သော​သူ၊ မည်သူမျှ မ​ပိတ်​နိုင်အောင် ဖွင့်​၍ မည်သူမျှ မ​ဖွင့်​နိုင်အောင် ပိတ်​သော​သူ၏ မိန့်ဆိုချက်​များ​တည်း” ဟု ကိုယ်တော်​မိန့်တော်မူ၏။​ဗျာဒိတ် ၃:၇

၃။ ယေရှုကို “သန့်ရှင်းသော​သူ” ဟု အဘယ်ကြောင့် သမုတ်​သင့်​သနည်း။ ကိုယ်တော်​သည် “စစ်မှန်သော​သူ” ဖြစ်သည်ဟု မည်သို့​ဆိုနိုင်​သနည်း။

လူသား​ယေရှု​ခရစ်​အား ပေတရု​က “ထာဝရ​အသက်​နှင့် ယှဉ်​သော​စကား​သည် ကိုယ်တော်၌ တည်​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏ သန့်ရှင်း​တော်​မူ​သော​အရှင် ဖြစ်​တော်​မူ​သည်ကို အကျွန်ုပ်​တို့ ယုံကြည်​သိမှတ်​ကြ​ပါ​ပြီ” ဟူ၍​လျှောက်ဆို​သည်ကို ယောဟန်​ကြား​ခဲ့​ပါ​သည်။ (ယောဟန် ၆:၆၈၊ ၆၉သမ္မာ) ယေဟောဝါ​သည် သန့်ရှင်းခြင်း​၏ အနှစ်သာရ​ဖြစ်သည်​အလျောက် ကိုယ်တော့်​တစ်ပါး​တည်း​သော သားတော်​သည်လည်း “သန့်ရှင်း” ရ​ပေမည်။ (ဗျာဒိတ် ၄:၈) ထို​မျှ​မ​က ယေရှုသည် ‘စစ်မှန်’ ၏။ ဤ​နေရာ၌​သုံးနှုန်း​သော ဂရိ​စကားလုံး (အာ​လေ​သီ​နော့စ်၊ a·​le·​thi·​nosʹ) က စစ်မှန်​ခြင်း သဘော​သက်ရောက်​သည်။ ဤ​သဘော​မျိုး​ဖြင့် ယေရှုသည် ကောင်းကင်​မှ​လာသော အလင်း​စစ်၊ မုန့်​စစ် ဖြစ်၏။ (ယောဟန် ၁:၉; ၆:၃၂) ကိုယ်တော်​သည် မှန်သော​စပျစ်​နွယ်ပင်​ဖြစ်၏။ (ယောဟန် ၁၅:၁) ယေရှုသည် အားထားထိုက်သူ​ဖြစ်သည် ဟူသော​အဓိပ္ပာယ်​အရ​လည်း စစ်မှန်​ပေ​သည်။ ကိုယ်တော်​သည် အစဉ်သဖြင့် မှန်ရာကို​ပြော​၏။ (ယောဟန် ၈:၁၄၊ ၁၇၊ ၂၆) ဘုရားသခင်​၏ ဤ​သားတော်​သည် တကယ်​ပင် ဘုရင်​နှင့်​တရားသူကြီး​အဖြစ် အမှုထမ်း​ထိုက်​ပေ​သည်။​—ဗျာဒိတ် ၁၉:၁၁၊ ၁၆

“ဒါဝိဒ်​၏​သော့”

၄၊ ၅။ “ဒါဝိဒ်​၏​သော့” သည် အဘယ်​ပဋိညာဉ်​နှင့် ဆက်နွှယ်​သနည်း။

ယေရှု​လက်၌ “ဒါဝိဒ်​၏​သော့” ရှိ၏။ ၎င်းကို​သုံး​လျက် “မည်သူမျှ မ​ပိတ်​နိုင်အောင် ဖွင့်​၍ မည်သူမျှ မ​ဖွင့်​နိုင်အောင် ပိတ်” တော်​မူ​သည်။ ဤ “ဒါဝိဒ်​၏​သော့” ကား အဘယ်နည်း။

ယေဟောဝါ​သည် ဣသရေလ​ဘုရင်​ဒါဝိဒ်​နှင့် ထာဝရ​နိုင်ငံ​တစ်ခု​အတွက် ပဋိညာဉ်ဖွဲ့​တော်​မူ​ခဲ့​သည်။ (ဆာလံ ၈၉:၁-၄၊ ၃၄-၃၇) ဒါဝိဒ်​မင်းဆက်​သည် ယေရုရှလင်​မြို့ရှိ ယေဟောဝါ​၏ ပလ္လင်တော်​ပေါ်မှာ​ထိုင်၍ ဘီစီ ၁၀၇၀ မှ ၆၀၇ ခုနှစ်​တိုင်အောင် အုပ်စိုး​ခဲ့​သည်။ သို့သော် နောက်ပိုင်း၌ ၎င်း​နိုင်ငံ​သည် ဆိုးသွမ်း​လာသော​ကြောင့် ယေဟောဝါ တရား​စီရင်တော်မူ​သည်။ ဤနည်းဖြင့် ယေဇကျေလ ၂၁:၂၇ (က​ဘ) ပါ အောက်ပါ​ပရောဖက်ပြုချက်​ကို စတင်​ပြည့်စုံ​စေတော်မူ​သည်– “ငါသည် ၎င်း [မြေကြီး​ယေရုရှလင်] ကို ပြိုပျက်​စေမည်၊ ပြိုပျက်​စေမည်၊ ပြိုပျက်​စေမည်။ ဤ​အရာ [ဒါဝိဒ်​မင်းမျိုး​၏ ရာဇ​လှံတံ] ကိုလည်း တရားဝင် ပိုင်ထိုက်​သော​သူ မရောက်မချင်း၊ မည်သူမျှ ပိုင်ဆိုင်​ရမည်​မဟုတ်။ ထို​သူအား ငါ​အပ်ပေး​မည်။”

၆၊ ၇။ “တရားဝင် ပိုင်ထိုက်​သော​သူ” သည် အဘယ်​အချိန်တွင် အဘယ်​သို့ ပေါ်လာ​ရန်ဖြစ်​သနည်း။

“တရားဝင်​ပိုင်ထိုက်” သူသည် အဘယ်အခါ၊ အဘယ်​သို့ ပေါ်လာ​မည်​နည်း။ သူ့​အား ဒါဝိဒ်​နိုင်ငံတော်​၏ ရာဇ​လှံတံ​ကို မည်သို့​အပ်ပေး​တော်​မူ​မည်​နည်း။

အနှစ် ၆၀၀ လွန်ပြီး​နောက်၊ ဒါဝိဒ်​မင်း​မှ ဆင်းသက်လာ​သူ ဂျူး​ကညာပျို မာရိသည် သန့်ရှင်းသော ဝိညာဉ်​တော်​အားဖြင့် ကိုယ်ဝန်​ရလေ​သည်။ မာရိသည် သား​တစ်ယောက်ကို​မွေး​မည်၊ ထို​သားကို ယေရှု​ဟူ၍ မှည့်​ရမည်ဟု ဘုရားသခင်​က ကောင်းကင်တမန် ဂါဗြေလ​ကို​စေလွှတ်​၍ ကြား​ပြော​စေတော်မူ​သည်။ ဂါဗြေလ​က “ထို​သား​သည်​ကား၊ ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏ သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို ခံရ​လိမ့်​မည်။ သူ့​အဘ​ဒါဝိဒ်​၏ ရာဇ​ပလ္လင်​ကို ထာဝရ​အရှင် ဘုရားသခင်​သည် သူ့​အား ပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ် အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ” ဟု ထပ်ဆင့်​ပြောကြား​လေ​သည်။​—လုကာ ၁:၃၁-၃၃

၈။ ဒါဝိဒ်​၏​ထီးနန်း​ကို မိမိ​အမွေခံ​ထိုက်​ကြောင်း ယေရှု မည်သို့​သက်သေထူ​သနည်း။

အေဒီ ၂၉ ခုနှစ်​တွင်၊ ယော်ဒန်​မြစ်​၌ ယေရှု နှစ်ခြင်း​ခံ​သောအခါ ဒါဝိဒ်​မင်းဆက်​၏ မင်းလျာ​ဖြစ်လာ​သည်။ ကိုယ်တော်​သည် နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​၌ စံ​ထား​လောက်​အောင် စိတ်​ထက်သန်မှု​ကို တင်ပြ​ပြီး ထို့​အတူ​ဟောပြောရန် တပည့်တော်​များ​အား တာဝန်​ပေး​တော်​မူ​သည်။ (မဿဲ ၄:၂၃; ၁၀:၇၊ ၁၁) ယေရှုသည် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် သေ​သည့်​တိုင် ကိုယ်ကို​နှိမ့်ချ​ခဲ့​သည်။ ဤနည်းဖြင့် ဒါဝိဒ်​မင်း​၏ နန်း​ရိုက်ရာ ဆက်ခံ​ထိုက်​သော အရည်အချင်း မိမိ​၌ အပြည့်အဝ​ရှိကြောင်း သက်သေပြ​၏။ ယေဟောဝါ​သည် သူ့​အား မသေ​နိုင်သော နာမ်ဝိညာဉ်​အဖြစ်သို့ ထမြောက်​စေပြီး ကောင်းကင်​၌ လက်ယာတော်​အဆင့်​သို့ ချီးမြှင့်​တော်​မူ​သည်။ ထို​တွင် ယေရှုသည် ဒါဝိဒ်​နိုင်ငံတော်​၏ အခွင့်အာဏာ​အားလုံး​ကို အမွေခံ​တော်​မူ​သည်။ အချိန်တန်လျှင် အခွင့်အာဏာကို​သုံးစွဲ​လျက် “ရန်သူ​တို့၏​အလယ်​၌ အုပ်စိုး​တော်​မူ​လိမ့်​မည်။”​—ဆာလံ ၁၁၀:၁၊ ၂; ဖိလိပ္ပိ ၂:၈၊ ၉; ဟေဗြဲ ၁၀:၁၃၊ ၁၄

၉။ ဒါဝိဒ်​၏​သော့​ကို ယေရှု​သုံးပြီး ဖွင့်​ပိတ်​သည်​မှာ အဘယ်​အဓိပ္ပာယ်​နည်း။

လောလောဆယ်​၌ ယေရှုသည် ဒါဝိဒ်​၏​သော့​ကို​သုံး​၍ ဘုရားသခင့် နိုင်ငံတော်​ဆိုင်ရာ အခွင့်အရေး​များနှင့် အခွင့်ထူး​များ​ကို ဖွင့်​တော်​မူ​မည်​ဖြစ်သည်။ ယခု ယေဟောဝါ​သည် ယေရှု​မှ​တစ်ဆင့် ကမ္ဘာ​ပေါ်​ရှိ ဘိသိက်ခံ​ခရစ်ယာန်​များ​ကို “မှောင်မိုက်​တန်ခိုး​မှ . . . နုတ်​၍ ချစ်တော်မူ​သော​သားတော်​၏ နိုင်ငံတော်​ထဲ​သို့ သွင်း​တော်​မူ​မည်။” (ကောလောသဲ ၁:၁၃၊ ၁၄) သစ္စာ​မရှိသူ​အား ထို​အခွင့်အရေး​များ မရ​စေရန် တားဆီး​ရာ​၌​လည်း ၎င်း​သော့​ကို သုံး​မည်​ဖြစ်သည်။ (၂ တိမောသေ ၂:၁၂၊ ၁၃) ဒါဝိဒ်​နိုင်ငံ​၏ ဤ​အမြဲတမ်း​အမွေခံ​သည် ယေဟောဝါ​၏ ကျော​ထောက်​နောက်ခံ​မှု ရသည်​ဖြစ်၍ အထက်ပါ​တာဝန် မ​ထမ်းရွက်​နိုင်​စေရန် အဘယ်​သတ္တဝါ​က​မျှ မတားဆီး​နိုင်။​—မဿဲ ၂၈:၁၈-၂၀ နှိုင်းယှဉ်။

၁၀။ ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​အား ယေရှု အဘယ်​အားပေး​စကား မိန့်ဆို​သနည်း။

၁၀ ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​မိန့်ဆို​သော စကား​များသည် ထို​မျှ​တိုင် အာဏာ​ရှိသောသူ​ထံ​မှ လာ​သည်​ဖြစ်၍ အထူး​နှစ်သိမ့်​ဖွယ် ဖြစ်​ပေမည်။ သူတို့အား ယေရှု​ချီးမွမ်း​လျက် ဤသို့​မိန့်တော်မူ၏– “သင်​ပြုသော အမှု​များ​ကိုလည်း​ကောင်း၊ သင်သည် အစွမ်း​ခွန်အား အနည်းငယ် ရှိ​လျက်​ပင် ငါ​၏​တရား​စကား​ကို စောင့်ရှောက်​၍ ငါ့​နာမကို မငြင်းပယ်​ကြောင်းကို​လည်းကောင်း ငါ​သိ​၏။ ကြည့်​လော့။ မည်သူမျှ မ​ပိတ်​နိုင်သော ပွင့်​လျက်​နေသည့် တံခါး​ကို သင့်​ရှေ့၌ ငါ​ဖွင့်​ထားပြီ။” (ဗျာဒိတ် ၃:၈) ဤ​အသင်းတော်သည် တက်တက်ကြွကြွ​ရှိသဖြင့် ၎င်း​ရှေ့၌၊ တံခါး​တစ်ခု ပွင့်​လျက်​ရှိသည်။​—ဓမ္မ​အမှု​ဆိုင်ရာ အခွင့်အရေး​တံခါး ဖြစ်​ပေမည်။ (၁ ကောရိန္သု ၁၆:၉; ၂ ကောရိန္သု ၂:၁၂ နှိုင်းယှဉ်။) ထို့​ကြောင့် ယေရှု​က ဟောပြောရန်​အခွင့်ကောင်း​ကို အပြည့်အဝ​အသုံးပြုရန် အသင်းတော်ကို အားပေး​တော်​မူ​သည်။ သူတို့သည် ခံနိုင်ရည်​ရှိပြီး ဘုရားသခင့်​ဝိညာဉ်​တော် အကူအညီ​ဖြင့် ယေဟောဝါ​၏ အမှုတော်​၌ ထပ်ဆင့် “အမှု​များ” လုပ်ဆောင်​နိုင်သော အစွမ်း​ခွန်အား အလုံအလောက်​ရှိကြောင်း တင်ပြ​ခဲ့​ပေ​ပြီ။ (၂ ကောရိန္သု ၁၂:၁၀; ဇာခရိ ၄:၆) ယေရှု၏ မိန့်မှာချက်ကို သူတို့​နာခံ​ခဲ့​ပေ​ပြီ။ နှုတ်ဖြင့်​ဖြစ်စေ၊ အကျင့်အကြံ​ဖြင့်​ဖြစ်စေ ခရစ်တော်​ကို မငြင်းပယ်ခဲ့​ကြ​ချေ။

သူတို့သည် “သင့်​ရှေ့မှာ ဦးညွှတ်​ပျပ်ဝပ်” ရ​ကြလိမ့်မည်

၁၁။ ထို​ခရစ်ယာန်​တို့အား အဘယ်​ကောင်းချီး​ပေး​မည်​ဟု ယေရှု​ကတိပြု​သနည်း။ မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

၁၁ ထို့​ကြောင့် သူတို့အား အောက်ပါ​ရလဒ် ရစေ​မည်​ဟု ယေရှု ကတိပြု​တော်​မူ​၏– “ကြည့်​လော့။ ယုဒ​လူမျိုး မဟုတ်ဘဲ ဟုတ်​သည်​ဟု လိမ်လည်​ပြောဆို​နေကြ​သည့် စာတန်​၏ အဖွဲ့ဝင်​တို့အား သင့်​ခြေရင်း​သို့ လာရောက်​ဦးညွှတ်​စေခြင်း​ဖြင့် သင့်ကို ငါ​ချစ်​ကြောင်း သူတို့အား သိစေ​မည်။” (ဗျာဒိတ် ၃:၉) ဤ​အသင်းတော်သည် စမုရန​မြို့မှာ​ကဲ့သို့ ဒေသခံ​ဂျူး​တို့​နှင့် ပြဿနာ​ဖြစ်​ခဲ့​ဟန်​တူ​သည်။ ထို​သူတို့ကို “စာတန်​၏​အဖွဲ့ဝင်” ဟု ယေရှု သမုတ်​တော်​မူ​သည်။ သို့​တ​စေ၊ ယု​တ်စွ​အဆုံး ထို​ဂျူး​တို့​အထဲ​မှ လူ​အချို့​က ခရစ်ယာန်​များ ဟောပြောနေ​သည့် ယေရှု​အကြောင်း​မှာ သမ္မာတရား​ဖြစ်​ကြောင်း သိရ​ကြ​တော့​မည်။ သူတို့၏ ‘ဦးညွှတ်​ခြင်း’ မှာ ၁ ကောရိန္သု ၁၄:၂၄၊ ၂၅ ပါ ပေါလု​ဖော်ပြ​သော ပုံစံ​အတိုင်း​ဖြစ်​ပေမည်။ ဤသို့ဖြင့် သူတို့သည် တကယ်​ပင် နောင်တ​ရပြီး ခရစ်ယာန်​များ​ဖြစ်လာ​ကာ တပည့်တော်​များ​အဖို့ အသက်​ဝိညာဉ်​ကို​စွန့်​သော ယေရှု၏​မဟာ​မေတ္တာတော်ကို အပြည့်အဝ တန်ဖိုး​ထား​လာ​ကြ​၏။​—ယောဟန် ၁၅:၁၂၊ ၁၃

၁၂။ ဖိလဒေလဖိ​မြို့မှ ဂျူး​အဖွဲ့ဝင်​များ​က မိမိတို့​ထဲ​မှ​အချို့​သည် ဒေသခံ​ခရစ်ယာန် အသင်းအပင်း​ရှေ့ “ဦးညွှတ်” ရ​ကြ​မည်​ကို​သိလျှင် အဘယ်ကြောင့် ထိတ်လန့်​သွား​ဖွယ်​ရှိ​သနည်း။

၁၂ ဖိလဒေလဖိ​မြို့မှ ဂျူး​အဖွဲ့ဝင်​များ​က မိမိတို့​အထဲ​မှ လူ​အချို့​သည် ဒေသခံ ခရစ်ယာန်​အသင်းအပင်း​ရှေ့ “ဦးညွှတ်” ရ​ကြ​မည်​ကို​သိလျှင် ထိတ်လန့်​သွားပေ​မည်။ သူတို့သည် ၎င်း​အသင်းတော်၌ ဂျူး​မဟုတ်​သူ များစွာ​ရှိသည်​ကို​ထောက်၍ ထို​အခြင်းအရာ​၏​ဆန့်ကျင်ဘက်​သာ ဖြစ်​ရမည်ဟု ထင်ကြ​ပေမည်။ အဘယ်ကြောင့်​နည်း။ ဟေရှာယ​က “[ဂျူး​မဟုတ်သော] ဘုရင်​တို့သည် သင် [ဣသရေလလူ] ၏​အဘ​သဖွယ်၊ မိဖုရား​တို့သည် သင့်ကို​နို့တိုက်​မွေးမြူ​သော အမိ​သဖွယ်​ဖြစ်​လျက်၊ သင့်​ရှေ့မှာ ဦးညွှတ်​ပျပ်ဝပ်” လိမ့်​မည်​ဟု ကြိုပြော​ခဲ့​၍​တည်း။ (ဟေရှာယ ၄၉:၂၃သမ္မာ; ၄၅:၁၄; ၆၀:၁၄) ဇာခရိ​လည်း မှုတ်သွင်းခံ​ရ​၍ အလားတူ​စွာ ဤသို့​ရေး​၏– “ထို​ကာလ​၌ ဘာသာ​အသီးအသီး​ကို ပြောတတ်​သော [ဂျူး​မဟုတ်သည့်] လူအမျိုးမျိုး​တို့​တွင် တစ်ကျိပ်​သော​လူတို့သည် ယုဒ​လူ​ဖြစ်သော​သူ၏ အဝတ်စွန်း​ကို​ကိုင်​လျက်၊ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည် ကြား​သိ၍ သင်တို့​နှင့်အတူ လိုက်ပါမည်​ဟု ဆို​ကြလိမ့်မည်။” (ဇာခရိ ၈:၂၃) မှန်​ပေ​သည်။ ဂျူး​မဟုတ်​သူများ​က ဂျူး​များ​ရှေ့ ဦးညွှတ်​ရမည်​ဖြစ်သည်။ ၎င်း​၏​ပြောင်းပြန်​မဟုတ်။

၁၃။ ရှေး​ဣသရေလ​လူမျိုး​အား မိန့်ဆို​သော ပရောဖက်ပြုချက်​များ​၏ ပြည့်စုံချက်​ကို ခံစားရ​မည့်​ဂျူး​များ​မှာ မည်သူ​များ​နည်း။

၁၃ ထို​ပရောဖက်ပြုချက်​များ​မှာ ဘုရားသခင့် လက်ရွေးစင်​လူမျိုးအား မိန့်ဆို​သော​စကား​ဖြစ်၏။ ထိုသို့​မိန့်ဆို​စဉ် ဇာတိ​ဣသရေလ​လူမျိုး​သည် အဆိုပါ ဂုဏ်​အသရေ​ရှိ အနေအထား​တွင်​ရှိသည်။ သို့သော် ဂျူး​လူမျိုး​တို့​က မေရှိယကို​ပယ်​သောအခါ ယေဟောဝါ​လည်း သူတို့ကို​စွန့်​တော်​မူ​၏။ (မဿဲ ၁၅:၃-၉; ၂၁:၄၂၊ ၄၃; လုကာ ၁၂:၃၂; ယောဟန် ၁:၁၀၊ ၁၁) ကိုယ်တော်​သည် အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့​၌ သူတို့​အစား၊ ဘုရားသခင့် ဣသရေလ​လူမျိုး​စစ် ခရစ်ယာန်​အသင်းတော်ကို ရွေးချယ်​တော်​မူ​သည်။ ၎င်း​၏​အသင်းဝင်​တို့​မှာ နှလုံး​အရေဖျားလှီး​ခြင်း​အစစ်​ကို​ခံ​သော ဝိညာဏ​ဂျူး​များ​ဖြစ်​ကြသည်။ (တမန်​တော် ၂:၁-၄၊ ၄၁၊ ၄၂; ရောမ ၂:၂၈၊ ၂၉; ဂလာတိ ၆:၁၆) ထို့နောက်​၌ ဇာတိ​ဂျူး​တစ်ဦးချင်း​အနေ​နှင့် ယေဟောဝါ​၏ မျက်နှာသာ​ခံစား​ရသော ဆက်ဆံ​ရေး​ကို ပြန်လည်​ရရှိနိုင်​မည့် တစ်ခု​တည်း​သော​နည်းလမ်း​မှာ ယေရှုကို​မေရှိယ​အဖြစ် ယုံကြည်ခြင်း​သာ​တည်း။ (မဿဲ​၂၃:၃၇-၃၉) ဖိလဒေလဖိ​မြို့၌ ပုဂ္ဂိုလ်​အချို့​သည် ထိုသို့​ပြု​တော့​မည့်​ပုံ​ရှိ၏။ *

၁၄။ ဟေရှာယ ၄၉:၂၃ နှင့် ဇာခရိ ၈:၂၃ တို့သည် ခေတ်​သစ်​အချိန်​များ​၌ အဘယ်​သို့​ထူးခြား​စွာ ပြည့်စုံ​ခဲ့ပြီ​နည်း။

၁၄ မျက်မှောက်ခေတ်တွင် ဟေရှာယ ၄၉:၂၃ နှင့် ဇာခရိ ၈:၂၃ စ​သော ပရောဖက်ပြုချက်​များသည် အလွန်​ထူးခြား​စွာ ပြည့်စုံ​ခဲ့​ကြသည်။ ယောဟန်​အတန်းအစား​၏ ဟောပြောခြင်း​ကြောင့် လူတို့သည် ပွင့်​နေသော​တံခါး​ကို​ဖြတ်၍ နိုင်ငံတော်​လုပ်ငန်း​ထဲ​သို့ အစုလိုက် အပြုံလိုက် ဝင်​ခဲ့​ကြပြီ။ * သူတို့​အများထု​သည် ဝိညာဏ​ဣသရေလ​အမည်​ကို မဟုတ်မမှန် ခံယူ​ကြသော ခရစ်ယာန်ဘောင်​ဘာသာ​များ​မှ ထွက်​လာ​ကြသည်။ (ရောမ ၉:၆ နှိုင်းယှဉ်။) သူတို့သည် လူအုပ်ကြီး​တစ်အုပ်​အနေ​နှင့် ယေရှု၏​ယဇ်​သွေး​ကို ယုံကြည်ခြင်းဖြင့် မိမိတို့​ဝတ်လုံကို လျှော်ဖွပ်​၍ ဖြူစင်​စေ​ကြ​၏။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄) ခရစ်တော်​၏ နိုင်ငံတော်​အုပ်စိုးမှု​ကို နာခံ​လျက် ကမ္ဘာ​ပေါ်​တွင် ၎င်း​၏​ကောင်းချီး​များ​ကို ခံစား​ရဖို့ မျှော်လင့်​ကြသည်။ ယေရှု၏ ဘိသိက်ခံ​ညီတော်​များ ‘နှင့်အတူ ဘုရားသခင် ရှိကြောင်းကို’ သူတို့​သိ​သောကြောင့် ဘိသိက်ခံ​တို့​ထံ​လာ၍ ဝိညာဉ်​ရေး​အရ၊ “ဦးညွှတ်” ကြသည်။ သူတို့သည် ထို​ဘိသိက်ခံ​တို့ကို ပြုစု​လျက် သူတို့နှင့်​အတူ ကမ္ဘာချီ ညီအစ်ကို​အသင်းအပင်း​အဖြစ် ပေါင်းစည်း​ကြ​လေ​သည်။​—မဿဲ ၂၅:၃၄-၄၀; ၁ ပေတရု ၅:၉

“စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ”

၁၅။ (က) ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ​အား ယေရှု​အဘယ်​ကတိ ပေး​တော်​မူ​သနည်း။ ဘာလုပ်ဖို့ သူတို့အား တိုက်တွန်း​သနည်း။ (ခ) ထို​ခရစ်ယာန်​များ အဘယ် “သရဖူ” ကို​ရဖို့ မျှော်လင့်​လျက်​ရှိကြ​သနည်း။

၁၅ ယေရှု ဤသို့​ဆက်လက်​မိန့်ဆို​သည်– “သင်သည် ငါ​၏ ကြံ့ကြံ့ခံ​ခြင်း​ဆိုင်ရာ တရား​စကား​ကို စောင့်ရှောက်သော​ကြောင့် မြေကြီး​ပေါ်မှာ နေထိုင်သူ​တို့ကို စမ်းသပ်​စစ်ဆေး​ရန် မြေကြီး​တစ်ပြင်လုံး​ပေါ် ကျရောက်​လတ္တံ့​သော စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ​၌ ငါလည်း သင့်ကို ကာကွယ်​စောင့်ရှောက်​မည်။ ငါ​အမြန်​ကြွလာ​မည်။ သင်၏​သရဖူ​ကို မည်သူမျှ မလုယူ​စေရန် ရှိရင်းစွဲ​ကို မြဲ​မြဲ​စွဲကိုင်​ထား​ပါ။” (ဗျာဒိတ် ၃:၁၀၊ ၁၁) ယောဟန်​လက်ထက်​က ခရစ်ယာန်​များသည် ၁၉၁၄ ခုနှစ်​မှ အစပြု​သော သခင့်​နေ့​တော်​တိုင်အောင် အသက်မရှင်​ကြသော်လည်း ယေရှု​ကြွလာ​မည်​ဟူသော ယုံကြည်ချက်​ကြောင့် အဆက်မပြတ် ဟောပြောနိုင်​သော ခွန်အား​ကို​ရ​ကြ​၏။ (ဗျာဒိတ် ၁:၁၀; ၂ တိမောသေ ၄:၂) “သရဖူ” သို့​မဟုတ်၊ ထာဝရ​အသက်ဆု​သည် ကောင်းကင်​၌ သူတို့ကို စောင့်​လျက်​နေသည်။ (ယာကုပ် ၁:၁၂; ဗျာဒိတ် ၁၁:၁၈) သူတို့သည် သေ​သည့်​တိုင်အောင် သစ္စာစောင့်​လျှင် ထို​ဆု​ကို မည်သူမျှ မလုယူ​နိုင်။​—ဗျာဒိတ် ၂:၁၀

၁၆၊ ၁၇။ (က) “မြေကြီး​တစ်ပြင်လုံး​ပေါ် ကျရောက်​လတ္တံ့​သော စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ” ကား အဘယ်နည်း။ (ခ) “စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ” အစပိုင်း​၌ ဘိသိက်ခံ​တို့၏​အခြေအနေ မည်သို့​ရှိ​သနည်း။

၁၆ သို့သော် “စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ” ကား အဘယ်နည်း။ အာရှတိုက်​ရှိ ထို​ခရစ်ယာန်​တို့သည် ရောမ​အင်ပါယာ​၏ ကြောက်မက်​ဖွယ် နှိပ်စက်​ညှဉ်းပန်းမှု လှိုင်းလုံး​ကြီး​ဒဏ်​ကို နောက်ထပ်​ရင်ဆိုင်​ရသည်​မှန်​၏။ * သို့​တ​စေ၊ အဓိက​ပြည့်စုံချက်​မှာ သခင့်​နေ့​တော်​အတွင်း ဆိုက်ရောက်​၍ ၁၉၁၈ ခုနှစ်​မှ​စ၍ အထွတ်အထိပ်​သို့ တက်​လျက်​နေသော ဆန်ခါ​ချ တရား​စီရင်​ရာ အချိန်​ပင်​ဖြစ်သည်။ တည်ထောင်​ပြီ​ဖြစ်သော ဘုရားသခင့်​နိုင်ငံတော်​ကို ထောက်ခံ​မည်​လော၊ စာတန့်​လောကကို ထောက်ခံ​မည်​လော​ဆို​သည်ကို ပိုင်းဖြတ်​ရန် စမ်းသပ်ခြင်း​ဖြစ်၏။ အတော်အတန် တိုတောင်း​သော​ကာလ၊ တစ် “နာရီ” သာ​ကြာသော်​လည်း မကုန်ဆုံး​သေး​ပါ။ ၎င်း​အချိန်​မကုန်​မချင်း “စမ်းသပ်​စစ်ဆေး​ရာ အချိန်နာရီ” အတွင်း ကျွန်ုပ်​တို့ အသက်ရှင်​လျက်​နေကြောင်း ဘယ်တော့​မျှ မမေ့​အပ်။​—လုကာ ၂၁:၃၄-၃၆

၁၇ ၁၉၁၈ ခုနှစ်​၌ ဘိသိက်ခံ​ခရစ်ယာန် ယောဟန်​အတန်းအစား​သည်​—ခိုင်ခံ့​သော ထို​ဖိလဒေလဖိ အသင်းတော်​ကဲ့သို့​—ခေတ်​သစ် ‘စာတန့်​အဖွဲ့’ ၏​တိုက်ခိုက်မှု​ကို ရင်ဆိုင်​ကြ​ရသည်။ ဝိညာဏ​ဂျူး​အမည်ခံ ခရစ်ယာန်ဘောင် ဘာသာရေး​ခေါင်းဆောင်​တို့သည် မင်း​စိုး​ရာဇာ​များ​ကို ဉာဏ်​နီ​ဉာဏ်​နက်​ဖြင့် ခြယ်လှယ်​ပြီး ခရစ်ယာန်စစ်​တို့အား နှိပ်ကွပ်​စေ​သည်။ သို့​တ​စေ၊ ခရစ်ယာန်စစ်​တို့သည် ‘ယေရှု၏ ကြံ့ကြံ့ခံ​ခြင်း​ဆိုင်ရာ တရား​စကား​ကို စောင့်ရှောက်’ ရန် အားသွန်ခွန်စိုက် ကြိုးပမ်း​ခဲ့​ကြ​ပေ​သည်။ သို့ဖြင့်၊ ဝိညာဉ်​ရေး​အကူအညီ၊ ထူးခြား​လှ​သည့် “အစွမ်း​ခွန်အား အနည်းငယ်” ဖြင့် ခံရပ်​ကျော်လွှား​ပြီး မိမိတို့​ရှေ့မှာ ပွင့်​လျက်​ရှိသော တံခါး​ထဲ​သို့​ဝင်ရန် လှုံ့ဆော်​ခံရ​လေ​သည်။ အဘယ်​နည်းဖြင့်​နည်း။

“ပွင့်​လျက်​နေသည့် တံခါး”

၁၈။ ၁၉၁၉ ခုနှစ်​တွင် အဘယ်​ခန့်အပ်​မှု​ကို ယေရှု​ပြု​တော်​မူ​သနည်း။ သို့​နှင့် ခန့်အပ်​ခံရ​သူသည် မည်သည့်​နည်းဖြင့် ဟေဇကိ​၏ သစ္စာရှိ​ဘဏ္ဍာစိုး​ကဲ့သို့ ဖြစ်လာ​သနည်း။

၁၈ ယေရှုသည် ၁၉၁၉ ခုနှစ်​၌ မိမိ၏​ကတိ​ကို ပြည့်စုံ​စေပြီး ဘိသိက်ခံ​ခရစ်ယာန်စစ် လူစု​ကလေး​ကို “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်” အဖြစ် အသိအမှတ်ပြု​တော်​မူ​သည်။ (မဿဲ ၂၄:၄၅-၄၇) ဤ​သူတို့သည် ဟေဇကိ​မင်း * လက်ထက်​က သစ္စာရှိ​ဘဏ္ဍာစိုး ဧလျာကိမ် ခံစား​ရသော အခွင့်အရေး​နှင့်​ဆင်တူ​သော အခွင့်အရေး​ကို ရ​ကြသည်။ ဧလျာကိမ်​နှင့်​ပတ်သက်​၍ ယေဟောဝါ ဤသို့​မိန့်တော်မူ၏– “ဒါဝိဒ်​မင်းမျိုး​၏ တံခါး​သော့​ကို သူ၏​ပခုံး​ပေါ်မှာ ငါ​တင်ထား​သဖြင့်၊ သူသည် အဘယ်သူမျှ မ​ပိတ်​နိုင်အောင် ဖွင့်​လိမ့်​မည်။ အဘယ်သူမျှ မ​ဖွင့်​နိုင်အောင် ပိတ်​လိမ့်​မည်။” ဧလျာကိမ်​သည် ဒါဝိဒ်​၏​မင်းမျိုး​မင်း​နွယ် ဟေဇကိ​အတွက် ကြီး​လေး​သော​ဝန်ကို ထမ်းရွက်​ရသည်။ ထို့​အတူ၊ ယနေ့လည်း ဘိသိက်ခံ ယောဟန်​အတန်းအစား​၏ ပခုံး​ပေါ်​၌ “ဒါဝိဒ်​မင်းမျိုး​၏ တံခါး​သော့” တင်ထား​သည်။ အဓိပ္ပာယ်​မှာ မေရှိယနိုင်ငံတော်​၏ မြေကြီးဆိုင်ရာ အမှု​ရေးရာ​များ အပ်နှင်း​ခံရ​သည်။ ဤ​အခွင့်ထူး​ကို ထမ်းဆောင်​နိုင်​ဖို့ ယေဟောဝါ​သည် မိမိ၏​ကျွန်​များ​အား ခွန်​အားပေး​တော်​မူ​သည်။ သူတို့၏ ချည့်နဲ့​သော​အင်အား​ကို ဖြည့်တင်း​ပေး​လိုက်​ရာ ကမ္ဘာချီ​သက်သေခံခြင်း လုပ်ငန်းကြီး​ကို လုပ်ဆောင်​နိုင်​လောက်​အောင် ပြင်းထန်သော​အင်အား​အသွင်​သို့ ကူး​ပြောင်း​ခဲ့​သည်။​—ဟေရှာယ ၂၂:၂၀၊ ၂၂; ၄၀:၂၉

၁၉။ ၁၉၁၉ ခုနှစ်​တွင် ယေရှု​အပ်နှင်း​သော ဝတ္တရား​များ​ကို ယောဟန်​အတန်းအစား​က မည်သို့​ထမ်းရွက်​သနည်း။ ယင်းကြောင့် ဘာဖြစ်​ခဲ့​သနည်း။

၁၉ ဘိသိက်ခံ အကြွင်းအကျန်​သည် ၁၉၁၉ ခုနှစ်​မှ​စ၍ ယေရှု၏​စံနမူနာ​ကို​ယူ၍ နိုင်ငံတော်​သတင်းကောင်း နှံ့ပြား​အောင် ဟောပြောရန်​တည်း​ဟူသော အားကုန်လောင်း ကင်ပိန်း​တစ်ရပ်​ကို စတင်​လိုက်​သည်။ (မဿဲ ၄:၁၇; ရောမ ၁၀:၁၈) ယင်းကြောင့် စာတန်​၏​ခေတ်​သစ်​အဖွဲ့ ခရစ်ယာန်ဘောင်​ထဲ​က လူ​အချို့​တို့သည် ဘိသိက်ခံ အကြွင်းအ​ကျန်​ထံ​သို့​လာ၍ နောင်တ​ရ​ကာ ‘ဦးညွှတ်’ လျက် ထို​ကျွန်​၏ အခွင့်အာဏာကို အသိအမှတ် ပြု​ကြ​လေ​သည်။ သူတို့လည်း ယောဟန်​အတန်းအစား​ထဲ​မှ သက်ကြီးရွယ်အို​တို့​နှင့် တစ်​စည်း​တစ်လုံးတည်း ယေဟောဝါ​ကို ဝတ်ပြု​ကြ​လေ​သည်။ ယေရှု၏​ဘိသိက်ခံ ညီအစ်ကို​များ အရေအတွက် ပြည့်​သည်​တိုင်​ဖြစ်သည်။ ၎င်းနောက်၊ “လူမျိုး​အားလုံး​ထဲ​မှ​ထွက်​လာ” သော “လူအုပ်ကြီး​တစ်အုပ်” သည် လာ၍ ဘိသိက်ခံကျွန်​ရှေ့ “ဦးညွှတ်” ကြသည်။ (ဗျာဒိတ် ၇:၃၊ ၄၊) ကျွန်​နှင့် ဤ​လူအုပ်ကြီးသည် ယေဟောဝါသက်သေ သိုးအုပ်​တစ်အုပ်​အဖြစ် အတူတကွ အမှုဆောင်​ကြ​၏။

၂၀။ ယနေ့ ယေဟောဝါသက်သေ​များသည် အဘယ်ကြောင့် ယုံကြည်ခြင်း အထူး​ခိုင်ခံ့​ပြီး ဘုရားသခင့်​အမှုတော်​၌ တက်တက်ကြွကြွ ရှိ​ရမည်​နည်း။

၂၀ ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ​နည်းတူ၊ ညီရင်း​အစ်ကို​ခင်တွယ်​မှု အစစ်အမှန်​၌ ပေါင်းစည်း​လျက်​ရှိသော ယနေ့ ယေဟောဝါသက်သေ​တို့သည် ဟောပြောခြင်း​လုပ်ငန်း​ကို အရေးတကြီး လုပ်ကိုင်​ရမည်​ဖြစ်​ကြောင်း သဘောပေါက်​ကြသည်။ များ​မကြာမီ၊ ဒုက္ခ​ဆင်းရဲ​ကြီး​သည် စာတန့်​လောကဆိုး​ကို ပြည်ဖုံးကား​ချ​စေ​တော့​မည်။ ထို​အခါ၊ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ယုံကြည်ခြင်း​ခိုင်မြဲ​ပြီး ဘုရားသခင့်​အမှုတော်​၌ တက်ကြွ​လျက်​ရှိသည်​ကို တွေ့​တော်​မူ​ပါစေ။ သို့​မှ​သာ ကျွန်ုပ်​တို့၏​အမည်များသည် ယေဟောဝါ​၏ အသက်စာစောင်​ထဲ​မှ ပယ်ဖျက်​ခံ​ရတော့မည်​မဟုတ်။ (ဗျာဒိတ် ၇:၁၄) ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​အား ယေရှု​ပေး​တော်​မူ​သော တိုက်တွန်း​ဆုံးမချက်​ကို အလေးအနက် ခံယူ​ကြ​စို့။ သို့​မှ​သာ ကျွန်ုပ်​တို့၏ အမှုဆောင်​အခွင့်အရေး​ကို မြဲ​မြဲ​စွဲကိုင်​ပြီး ထာဝရ​အသက်ဆု​ကို ဆွတ်ခူး​နိုင်​ကြ​မည်။

အောင်နိုင်သူ​တို့​ရသော ကောင်းချီး​များ

၂၁။ ယနေ့ ဘိသိက်ခံ​ခရစ်ယာန်​တို့သည် ‘ယေရှု၏ ကြံ့ကြံ့ခံ​ခြင်း​ဆိုင်ရာ တရား​စကား​ကို မည်သို့​စောင့်ရှောက်​ခဲ့’ ကြပြီ​နည်း။ အဘယ်​အလားအလာ​က သူတို့ကို စောင့်ကြို​နေသနည်း။

၂၁ ယနေ့ ယောဟန်​အတန်းအစား​သည် ‘ယေရှု၏ ကြံ့ကြံ့ခံ​ခြင်း​ဆိုင်ရာ တရား​စကား​ကို စောင့်ရှောက်​ခဲ့’ ကြပြီ။ ဆိုလိုသည်မှာ ကိုယ်တော့်​စံနမူနာ​ကို​လိုက်၍ ကြံ့ကြံ့ခံ​ခဲ့​ကြပြီ။ (ဟေဗြဲ ၁၂:၂၊ ၃; ၁ ပေတရု ၂:၂၁) သို့​ဖြစ်၍ ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​အား ယေရှု​ဆက်လက်​မိန့်ဆို​သော အောက်ပါ​စကား​များ​ကြောင့် များစွာ​အားတက်​မိ​သည်– “အောင်နိုင်သူ​အား ငါ​၏​ဘုရားသခင့် ဗိမာန်တော်၌ တိုင်​ဖြစ်စေ​မည်။ သူသည် ဗိမာန်တော်​မှ ပြင်ပ​သို့ နောက်ထပ် ထွက်ခွာ​ရတော့မည် မဟုတ်။”​—ဗျာဒိတ် ၃:၁၂က

၂၂။ (က) ယေရှု၏​ဘုရားသခင့် ဗိမာန်တော်​ကား အဘယ်နည်း။ (ခ) အောင်နိုင်သူ ဘိသိက်ခံ​ခရစ်ယာန်​တို့သည် အဘယ်​နည်းဖြင့် ဤ​ဗိမာန်တော်​၏​တိုင်​များ ဖြစ်လာ​ကြ​မည်​နည်း။

၂၂ ယေဟောဝါ​၏ ဗိမာန်တော်​အတွင်း​၌ တိုင်​တစ်တိုင်​ဖြစ်​ရသည်မှာ အခွင့်ထူး​လှ​ပါ​သည်​တကား။ ပကတိ​ဗိမာန်တော်​သည် ရှေး​ယေရုရှလင်​မြို့၌ ယေဟောဝါ​၏ ဝတ်ပြုရေး​ဗဟို​ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်း​သည် တစ်နှစ်​လျှင်​တစ်ရက်၊ ဗိမာန်တော်​အတွင်း “အထူး​သန့်ရှင်း​ရာ​ဌာန” ၌ ယေဟောဝါ ကျိန်းဝပ်​တော်​မူ​ခြင်း​ကို ပုံဆောင်​သော အံ့ဖွယ်​အလင်း​ရှေ့တွင် ယဇ်ကောင်​များ​၏​သွေး​ကို ပူဇော်​သည်။ (ဟေဗြဲ ၉:၁-၇က​ဘ) ယေရှု နှစ်ခြင်း​ခံ​သောအခါ နောက်​ဗိမာန်တော်​တစ်ဆောင် ဖြစ်ပေါ်​လာ​သည်။ ယေဟောဝါ​၏ ဝတ်ပြုရေး​အတွက်​ဖြစ်သည့် ဗိမာန်တော်​ကဲ့သို့​သော မဟာ​ဝိညာဏ အစီအစဉ်​ပင်​ဖြစ်သည်။ ၎င်း​ဗိမာန်တော်​၏ သန့်ရှင်း​တ​ကာ့ အသန့်ရှင်းဆုံး​ဌာန​သည် ကောင်းကင်​၌​တည်​သည်။ ထို​နေရာတွင် ယေရှုသည် “ဘုရားသခင်​၏​ရှေ့တော်၌” အခစားဝင်​၏။ (ဟေဗြဲ ၉:၂၄) ယေရှုသည် ယဇ်ပုရောဟိတ်မင်း​ဖြစ်၍ အပြစ်​များ​ကို လုံးဝ​ချေဖျက်​ရေး​အတွက် ယဇ်​တစ်ခု​တည်း​သာ ပူဇော်​ရသည်။ စုံလင်သူ​လူသား ယေရှု၏ အသွေးတော်​ပင်​တည်း။ (ဟေဗြဲ ၇:၂၆၊ ၂၇; ၉:၂၅-၂၈; ၁၀:၁-၅၊ ၁၂-၁၄) မြေကြီးပေါ်​မှ ဘိသိက်ခံ​ခရစ်ယာန်​များသည် သစ္စာ​တည်​သမျှ​ကာလပတ်လုံး ဤ​ဗိမာန်တော်​၏ မြေကြီးဆိုင်ရာ တံတိုင်း​တော်​များ​အတွင်း လက်ထောက်​ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုဆောင်​ကြသည်။ (၁ ပေတရု ၂:၉) သို့သော် အောင်နိုင်​သည်​နှင့်​တစ်ပြိုင်နက် သူတို့လည်း ကောင်းကင်​ရှိ သန့်ရှင်း​တ​ကာ့ အသန့်ရှင်းဆုံး​သော​ဌာန​ထဲ​သို့ ဝင်ရောက်​ကြ​ပြီး ဗိမာန်တော်​နှင့်​တူသော ဝတ်ပြုရေး​အစီအစဉ်​၏ တိုင်​များ​သဖွယ် မ​ရွှေ့နိုင်​သော အထောက်အပင့်​များ ဖြစ်လာ​ကြသည်။ (ဟေဗြဲ ၁၀:၁၉; ဗျာဒိတ် ၂၀:၆) “ဗိမာန်တော်​မှ ပြင်ပ​သို့ နောက်ထပ် ထွက်ခွာ” ရမည့်​အန္တရာယ် မရှိ​ချေ။

၂၃။ (က) အောင်နိုင်သူ ဘိသိက်ခံ​ခရစ်ယာန်​များ​အား ရှေ့​ဆက်၍ အဘယ်​ကတိ​ကို ယေရှု​ပေး​တော်​မူ​သနည်း။ (ခ) ယေဟောဝါ​၏ နာမတော်​နှင့် ယေရုရှလင်​မြို့​သစ်​၏ အမည်​တို့ကို ခရစ်ယာန်​အောင်နိုင်သူ​တို့​အပေါ် ရေးသားခြင်း​ကြောင့် အဘယ်​အကျိုး​ရလဒ် ဖြစ်ပေါ်​လာ​သနည်း။

၂၃ ယေရှု ဤသို့​ဆက်၍​မိန့်ဆို​သည်– “ငါသည် သူ့​အပေါ်မှာ ငါ​၏​ဘုရားသခင့် နာမတော်​ကိုလည်း​ကောင်း၊ ငါ​၏​ဘုရားသခင့် အထံတော်၊ ကောင်းကင်​မှ ဆင်းသက်​သော ယေရုရှလင်​မြို့​သစ် တည်း​ဟူသော ငါ​၏​ဘုရားသခင့် မြို့တော်​အမည်​ကိုလည်း​ကောင်း၊ ငါ​၏ နာမသစ်​ကိုလည်း​ကောင်း ရေးသား​မည်။” (ဗျာဒိတ် ၃:၁၂ခ) မှန်​ပေ​သည်။ ဤ​အောင်နိုင်သူ​တို့​အပေါ်မှာ သူတို့၏​ဘုရားသခင်၊ ယေရှု၏​ဘုရားသခင်​—ယေဟောဝါ​၏ နာမတော်​ကို ရေးသား​ထား​၏။ ဤ​အချက်​က ယေဟောဝါ​နှင့် ယေရှုသည် သီးခြား​ပုဂ္ဂိုလ်​များ​ဖြစ်​ကြ​ကြောင်း၊ သုံးပါး​ပေါင်း​တစ်ဆူ​၏ အပိုင်း​နှစ်​ပိုင်း မဟုတ်​ကြောင်း ထင်ရှားစေ​သည်။ (ယောဟန် ၁၄:၂၈; ၂၀:၁၇) ဤ​ဘိသိက်ခံ​များ​ကို ယေဟောဝါ ပိုင်တော်မူ​ကြောင်း သတ္တဝါ​အားလုံး သိရ​ကြလိမ့်မည်။ သူတို့သည် ကိုယ်တော်​၏ သက်သေ​များ​ဖြစ်​ကြသည်။ ယေရုရှလင်​မြို့​သစ်​၏ အမည်​လည်း သူတို့​ကိုယ်​ပေါ်မှာ ရေးထားသည်။ ၎င်း​သည် ကောင်းကင်​မြို့တော်​ဖြစ်၍ သစ္စာရှိ လူသား​အပေါင်း​တို့​အပေါ် ကောင်းကျိုး​ချမ်းသာပေး​သည့် အုပ်ချုပ်မှု​သက်ရောက်​စေခြင်း ဟူသော​သဘောဖြင့် ကောင်းကင်​မှ ဆင်းသက်လာ​သည်။ (ဗျာဒိတ် ၂၁:၉-၁၄) သို့​ဖြစ်၍ မြေကြီးပေါ်​ရှိ ခရစ်ယာန်​သိုး​အားလုံး​လည်း ထို​ဘိသိက်ခံ အောင်နိုင်သူ​တို့သည် ကောင်းကင်​ယေရုရှလင်​မြို့​တည်း​ဟူသော ထို​နိုင်ငံတော်​၏ နိုင်ငံသား​များ​ဖြစ်​ကြောင်း သိ​ကြလိမ့်မည်။​—ဆာလံ ၈၇:၅၊ ၆; မဿဲ ၂၅:၃၃၊ ၃၄; ဖိလိပ္ပိ ၃:၂၀; ဟေဗြဲ ၁၂:၂၂

၂၄။ ယေရှု၏​နာမသစ်​က ဘာကို​ကိုယ်စား​ပြု​သနည်း။ ၎င်းကို သစ္စာရှိ​ဘိသိက်ခံ ခရစ်ယာန်​များ​အပေါ်မှာ မည်သို့​ရေး​တော်​မူ​သနည်း။

၂၄ အဆုံး​၌ ဘိသိက်ခံ အောင်ပွဲ​ဝင်​သူတို့သည် မိမိတို့​ကိုယ်​ပေါ်​၌ ယေရှု၏​အမည်သစ် ရေးသား​ခံရ​ကြသည်။ ၎င်း​အမည်သစ်​မှာ ယေရှု​အား ယေဟောဝါ အပ်နှင်း​တော်​မူ​သော ရာထူး​သစ်၊ အခွင့်ထူး​များ​ကို ဆိုလို​သည်။ (ဖိလိပ္ပိ ၂:၉-၁၁; ဗျာဒိတ် ၁၉:၁၂) အခြား​မည်သူမျှ ထို​အမည်​ကို​မသိ။ အဓိပ္ပာယ်​မှာ မည်သူမျှ ထို​အတွေ့အကြုံ​မရှိ၊ ထို​အခွင့်ထူး​များ အပ်နှင်းခြင်း​မခံရ။ သို့​တ​စေ၊ သစ္စာရှိ​ညီတော်​များ​၏ ကိုယ်​ပေါ်မှာ မိမိ၏​နာမကို ယေရှု​ရေး​သောအခါ ထို​သူတို့သည် ကောင်းကင်ဘုံ​တွင် ယေရှု​နှင့် အလွန်​ရင်းနှီးသော ဆက်ဆံ​ရေး​ရှိလာ​ကြ​ပြီး ကိုယ်တော်​၏ အခွင့်အရေး​များ​ကို​ပင် ဝေမျှ​ခံစား​ကြ​ရသည်။ (လုကာ ၂၂:၂၉၊ ၃၀) ထို့​ကြောင့် “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ” ဟူသော​တိုက်တွန်းချက်​ဖြင့် မိမိ၏​သတင်း​တော်​ကို ယေရှု နိဂုံး​ချုပ်​လိုက်​သည်​မှာ အဆန်း​မဟုတ်။​—ဗျာဒိတ် ၃:၁၃

၂၅။ ဖိလဒေလဖိ​မြို့ရှိ အသင်းတော်​အား ယေရှု​ပေး​တော်​မူ​သော ဩ​ဝါဒ​နောက်ကွယ်​မှ မူကို ယနေ့​ခရစ်ယာန်​တစ်ဦးချင်း မည်သို့​ကျင့်သုံး​နိုင်​သနည်း။

၂၅ ထို​သတင်း​တော်​သည် ဖိလဒေလဖိ​မြို့မှ သစ္စာရှိ​ခရစ်ယာန်​များ​အဖို့ အားတက်ဖွယ်​ဖြစ်​ခဲ့​မည်​မှာ သေချာ​သည်။ သခင့်​နေ့​တော်​အတွင်း ယနေ့ ယောဟန်​အတန်းအစား​အဖို့​လည်း အလွန်​ထိရောက်​သော သင်ခန်းစာ​တစ်ရပ် မုချ​ပါရှိ​၏။ သို့သော် ၎င်း​၏​မူများ​သည် ဘိသိက်ခံ​အတွက်​ဖြစ်စေ၊ အခြားသိုး​အတွက်​ဖြစ်စေ ခရစ်ယာန်​တစ်ဦးစီ​အဖို့ အရေးကြီး​၏။ (ယောဟန် ၁၀:၁၆) ကျွန်ုပ်​တို့​တစ်ဦးစီ​အနေ​နှင့် ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ​နည်းတူ အဆက်မပြတ် နိုင်ငံတော်​အသီးများ သီး​လျက်​နေ​သင့်​သည်။ မည်သို့​ပင်​ဖြစ်စေ ကျွန်ုပ်​တို့အားလုံး​တွင် အစွမ်း​ခွန်အား​အနည်းငယ်​စီ ရှိကြသည်။ ကျွန်ုပ်​တို့အားလုံး ယေဟောဝါ​၏​အမှုတော်​၌ တစ်ခုခု​လုပ်ကိုင်​နိုင်၏။ ထို​ခွန်အား​ကို အသုံးပြု​ကြ​စို့။ တိုးများ​လာသော နိုင်ငံတော်​အခွင့်အရေး​များနှင့် ပတ်သက်​လျှင် ကျွန်ုပ်​တို့​ရှေ့ ပွင့်​လာသမျှ​တံခါး​ထဲ​သို့​ဝင်​ဖို့ အသင့်ရှိ​ကြ​စို့။ ထိုသို့​သော​တံခါး​ကို ယေဟောဝါ ဖွင့်ပေး​ရန်​ပင် ဆုတောင်း​နိုင်​သည်။ (ကောလောသဲ ၄:၂၊ ၃) ယေရှု၏ ကြံ့ကြံ့ခံ​ခြင်း​နမူနာကို လိုက်လျှောက်ပြီး ကိုယ်တော့်​နာမ​အပေါ် သစ္စာစောင့်​လျှင် အသင်းတော်​တို့အား ဘုရားသခင့်​ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို ကြား​တတ်သော​နား ကျွန်ုပ်​တို့​၌​လည်း​ရှိကြောင်း ထင်ရှား​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ပေါလု​လက်ထက်​၌ ဂျူး​တရား​ဇရပ်မှူး သု​ဿင်​သည် ခရစ်ယာန်​ညီအစ်ကို​တစ်ဦး ဖြစ်လာ​သည်။​—တမန်​တော် ၁၈:၁၇; ၁ ကောရိန္သု ၁:၁

^ အပိုဒ်၊ 14 ယောဟန်​အတန်းအစား​ဖြန့်ချိ​သော ကင်းမျှော်စင် မဂ္ဂဇင်းက ယင်းကို အခွင့်ကောင်း​ယူပြီး ဟောပြောခြင်း​လုပ်ငန်း​၌ တတ်နိုင်​သမျှ အပြည့်အဝ​ပါဝင်​ကြ​ရန် အဆက်မပြတ် အရေးပေး​တင်ပြ​လာ​သည်။ ဥပမာ၊ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်​ပါ “ယေဟောဝါ​၏​ဘုန်းတော်​ကို ကြေညာ​ကြ​စို့” နှင့် “သူတို့၏​အသံသည် မြေတစ်ပြင်လုံး၌​နှံ့ပြား” ဟူသော ဆောင်းပါး​များ​ကို ကြည့်​ပါ။ ၂၀၀၄ ခုနှစ်၊ ဇွန် ၁ ရက်ထုတ်၊ “ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သူတို့သည် ကောင်းချီး​ခံစားရ​ကြ” ဟူသော​ဆောင်းပါး​က အချိန်ပြည့်​အမှုဆောင်ရန် “ပွင့်​လျက်​နေသည့်​တံခါး” ထဲ​ဝင်​ဖို့ အလေးအနက် ဖော်ပြ​သည်။ ၂၀၀၅ ခုနှစ်​၏ လ​တစ်လ​တည်း​တွင် အများဆုံး ရှေ့ဆောင် ၁,၀၉၃,၅၅၂ ဦး မှတ်တမ်းသွင်း​ခဲ့​သည်။

^ အပိုဒ်၊ 16 မက်ကလင်းတော့​နှင့် စထရောင်း​တို့၏ စွယ်စုံ​ကျမ်း (အတွဲ ၁၀၊ စာမျက်နှာ ၅၁၉) က ဤသို့​ဖော်ပြ​သည်– “သာသနာ​ပ ယဇ်ပုရောဟိတ်​များသည် ခရစ်ယာန်​ဘာသာ​၏ သိသာ​ထူးခြားသော ထွန်းကား​ပြန့်ပွားမှု​ကို​မြင်​၍ ထိတ်လန့်​သဖြင့် လူထု​ကို ဆူပူ​ထကြွ​အောင် မီး​တိုက်​လိုက်​ရာ ဧကရာဇ်​ဘုရင်​များသည် ခရစ်ယာန်​ဘာသာ​ကို သတိ​မထား​ဘဲ မနေနိုင်​တော့​ချေ။ သို့​ဖြစ်၍ လူ​တို့အား ဘုရား​များ​ကို မုန်းတီး​သူများ​ဖြစ်စေ​သော အဆိုပါ​အယူဝါဒ​သစ်​ကို တစ်စစ နှိပ်ကွပ်​ရန် ထ​ရေး​ဂျင် (အေဒီ ၉၈-၁၁၇ ခုနှစ်) သည် အမိန့်များ ထုတ်ပြန်ခဲ့​ရလေ​သည်။ [ရောမ​ပိုင် အာရှနယ်​ပယ်​မြောက်ပိုင်း​နှင့် နယ်​ချင်း​စပ်​သော] ဘ​သီး​နီး​ယား​ပြည်နယ်​ဘုရင်ခံ ပ​လီ​နီ​အငယ်​၏ အုပ်ချုပ်ရေး​သည် ခရစ်ယာန်​ဘာသာ​၏ အဟုန်ပြင်း​သော​ပြန့်ပွားမှု​ကြောင့် မိမိ​နယ်ပယ်​အတွင်း သာသနာ​ပ​လူထု ဒေါသူပုန်​ထကြ​သဖြင့် အရှုပ်အထွေး​အခက်အခဲ​များ ရင်ဆိုင်​ရလေ​သည်။”

^ အပိုဒ်၊ 18 ဟေဇကိ​ဟူသော​အမည်​သည် “ယေဟောဝါ ခွန်​အားပေး” ဟူ၍​အဓိပ္ပာယ်​ရှိသည်။ ၄ ဓမ္မ​ရာဇဝင် ၁၆:၂၀ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]

ဦးညွှတ်​ကြ​ရန် လူများစွာ​တို့အား ကူညီ​ခြင်း

ကောင်းကင်​နိုင်ငံ ဝင်စား​မည့် ဘိသိက်ခံ ၁၄၄,၀၀၀ အနက်၊ မြေကြီး​အသက်တာ ကုန်ဆုံး​ရန်လို​သေး​သော ယောဟန်​အတန်းအစား​ဝင် အကြွင်းအကျန်​သည် ၉,၀၀၀ ပင် မရှိတော့​ပုံ​ရသည်။ တစ်ချိန်တည်း​တွင် လူအုပ်ကြီးသည် ၆,၆၀၀,၀၀၀ မ​က​များသော ဗိုလ်ပါ​အဖြစ်သို့ တိုးပွား​ခဲ့ပြီ။ (ဗျာဒိတ် ၇:၄၊) အဘယ်အရာက ဤမျှ​ကြီးမားသော တိုးပွားမှု​ကို​ဖြစ်စေ​ရန် ထောက်ကူ​ခဲ့​သနည်း။ ယေဟောဝါသက်သေ​များ ဖွင့်လှစ်​သော ကျောင်း​အမျိုးမျိုး​က ကြီးမားသော အထောက်အကူ ဖြစ်​ခဲ့​သည်။ ကျမ်းစာ​ကို​နှိမ်​ပြီး လောကီ​အတွေးအခေါ်​များ​ကို ပို့ချ​သော ခရစ်ယာန်ဘောင်​၏ ကျမ်းစာ​ကျောင်း​များနှင့် လုံးဝ​မတူ၊ ထို​သက်သေခံ​ကျောင်း​များသည် ဘုရားသခင့် နှုတ်ကပါဌ်တော်​ကို ယုံကြည်​စေရန် သင်ကြား​စွဲမှတ်စေ​သည်။ သန့်ရှင်း​စင်ကြယ်​၍ သီလ​ကောင်းမွန်​စွာ နေထိုင်ခြင်း​နှင့် ဘဝကို​အပ်နှံ​၍ ဘုရားသခင့်​အမှုတော်ကို ဆောင်ရွက်ခြင်း​တို့​နှင့်​ပတ်သက်​၍ ကျမ်းစာ​၏​လက်တွေ့ကျ​ပုံ​ကို သင်ကြား​ပြသ​သည်။ ၁၉၄၃ ခုနှစ်​မှ​စ၍ ကမ္ဘာ​တစ်ဝန်းလုံး၊ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​တစ်ခုစီ​က မိမိတို့၏ နိုင်ငံတော်​ခန်းမ​၌ ဒေသန္တရ သီအိုကရက်တစ် ဓမ္မ​အမှု​ကျောင်း ကို​ကျင်းပ​ကြသည်။ သန်းနှင့်ချီ​သော​သူတို့သည် ဤ​ကျောင်း​ကို အပတ်စဉ်​တက်​ကြ​ပြီး ကျမ်းစာ​ပညာ​ပို့ချမှု အစီအစဉ်​အတိုင်း တစ်ပြေးညီ လိုက်​ကြသည်။

၁၉၅၉ ခုနှစ်​မှ​စ၍ ယေဟောဝါသက်သေ​များသည် အသင်းတော်​အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​ကို သင်တန်း​ပေး​ရန် နိုင်ငံတော် ဓမ္မ​အမှု​ကျောင်း များ​ကိုလည်း ပြုလုပ်​လာ​ခဲ့​သည်။ ၁၉၇၇ ခုနှစ်​မှ​စ၍ ရှေ့ဆောင်​သင်တန်း​ကျောင်း များ​က​လည်း ထောင်နှင့်ချီ​သော ညီအစ်ကို ညီအစ်မ​များ​ကို သင်တန်း​ပေး​ခဲ့​သည်။ ထို​သူတို့သည် စစ်မှန်သော ဖိလဒေလဖိ စိတ်ဓာတ်​ဖြင့် ဟောပြောခြင်း​လုပ်ငန်း​၌ ယေဟောဝါ​ကို အချိန်ပြည့် ဝတ်ပြု​ကြသည်။ ကမ္ဘာ့​လယ်ကွင်း​၌ အထူး​တာဝန် ထမ်းဆောင်​ရေး​အတွက် သက်သေခံ​အမျိုးသားများ​ကို သင်တန်း​ပေး​ရန် ၁၉၈၇ ခုနှစ်​တွင် ဓမ္မ​အမှု သင်တန်း​ကျောင်း ကို စတင်​ဖွင့်လှစ်​လိုက်​သည်။

ယေဟောဝါသက်သေ​များ ကျင်းပ​ပြုလုပ်​သော ကျောင်း​မျာ​အနက် အထင်ပေါ်ဆုံး​ကား ဂိလဒ် ကင်းမျှော်စင် ကျမ်းစာ​ကျောင်း ပင်​တည်း။ နယူးယောက်​ပြည်နယ်​ရှိ ဤ​သာသနာပြု​ကျောင်း​သည် ၁၉၄၃ ခုနှစ်​မှ​စ၍ နှစ်စဉ်​ဆို​ရ​မလောက် ကျောင်းသား​နှစ်​သုတ်​ကို ဘွဲ့​နှင်း​လာ​ခဲ့​သည်။ နိုင်ငံ​ခြား သာသနာပြု အမှုဆောင်ခြင်း​အတွက် ယေဟောဝါ​၏ ဓမ္မ​အမှုဆောင် ၇,၀၀၀ ကျော်​ကို သင်တန်း​ပေး​ခဲ့ပြီ။ ဤ​ကျောင်း​မှ ဘွဲ့​ရသူ​တို့သည် နိုင်ငံ​ပေါင်း​တစ်​ရာ​ကျော်​တွင် အမှုထမ်းခဲ့​သည်။ ထို​နိုင်ငံ​များစွာ​တို့​တွင် နိုင်ငံတော်​လုပ်ငန်း ဖွင့်လှစ်​ခြင်း​၌ အသုံးတော်ခံ​ခဲ့​ကြသည်။ အနှစ် ၆၀ လွန်​သည့်​နောက် ကနဦး သာသနာပြု​အချို့​သည် ယေဟောဝါ​၏ အဖွဲ့အစည်း ကမ္ဘာချီ​တိုးပွား​ရေး​တွင် အသစ်​သော သာသနာပြု​တို့​နှင့် တွဲဖက်​၍ အလုပ်လုပ်​ဆဲ​ပင်။ အံ့ချီးဖွယ် ကျယ်ပြန့်​တိုးပွားမှု​ပါ​တကား။

[စာမျက်နှာ ၆၄ ပါ ရုပ်ပုံ]

၁၉၁၉ ခုနှစ်​တွင် နန်းစံ​ဘုရင်​ယေရှုသည် ခရစ်ယာန်​လုပ်ငန်းတော်​အခွင့်ထူး တံခါး​တစ်​ပေါက်​ကို ဖွင့်​တော်​မူ​သည်။ ထို​အခွင့်ထူး​ကို လှမ်းယူ​သော သစ္စာ​နှံ​ခရစ်ယာန်​များ​အရေအတွက်​သည်​တိုးများ​လျက်​ရှိသည်။

ခုနှစ် ဟောပြောခြင်းပေါက်ရောက်​ရာနိုင်ငံ​များ ပါဝင်ဟောပြောသူခရစ်ယာန်​များ * အချိန်ပြည့်ဟောပြောသူများ *

၁၉၁၈ ၁၄ ၃,၈၆၈ ၅၉၁

၁၉၂၈ ၃၂ ၂၃,၉၈၈ ၁,၈၈၃

၁၉၃၈ ၅၂ ၄၇,၁၄၃ ၄,၁၁၂

၁၉၄၈ ၉၆ ၂၃၀,၅၃၂ ၈,၉၉၄

၁၉၅၈ ၁၇၅ ၇၁၇,၀၈၈ ၂၃,၇၇၂

၁၉၆၈ ၂၀၀ ၁,၁၅၅,၈၂၆ ၆၃,၈၇၁

၁၉၇၈ ၂၀၅ ၂,၀၈၆,၆၉၈ ၁၁၅,၃၈၉

၁၉၈၈ ၂၁၂ ၃,၄၃၀,၉၂၆ ၄၅၅,၅၆၁

၁၉၉၈ ၂၃၃ ၅,၅၄၄,၀၅၉ ၆၉၈,၇၈၁

၂၀၀၅ ၂၃၅ ၆,၃၉၀,၀၂၂ ၈၄၃,၂၃၄

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 69 အထက်ပါ​ကိန်း​ဂဏန်း​များ​မှာ လစဉ်​ပျမ်းမျှ​ဖြစ်ပါ​သည်။

^ အပိုဒ်၊ 69 အထက်ပါ​ကိန်း​ဂဏန်း​များ​မှာ လစဉ်​ပျမ်းမျှ​ဖြစ်ပါ​သည်။

[စာမျက်နှာ ၆၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များ​၏​လုပ်ဆောင်ချက်​မှာ နှလုံး​အကြွင်းမဲ့​ဖြစ်​ပေ​သည်။ ဥပမာ၊ ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​တွင် သူတို့​အသုံးပြု​ခဲ့​သော အချိန်နာရီ​ပေါင်း​နှင့် လူ​တို့​အိမ်များ​၌ သူတို့​ကျင်းပ​ခဲ့​သော အခမဲ့​ကျမ်းစာ​သင်အံမှု​၏ ဧရာမ အရေအတွက်​ကို​သုံးသပ်ကြည့်​ပါ။

ခုနှစ် ဟောပြောခြင်း​တွင်သုံးစွဲ​သော​နာရီ​ပေါင်း(တစ်နှစ်​တာ​စုစုပေါင်း) ကျင်းပ​သောကျမ်းစာ​သင်အံမှု(လစဉ်​ပျမ်းမျှ)

၁၉၁၈ ၁၉,၁၁၆ မှတ်တမ်း​မတင်​ခဲ့

၁၉၂၈ ၂,၈၆၆,၁၆၄ မှတ်တမ်း​မတင်​ခဲ့

၁၉၃၈ ၁၀,၅၇၂,၀၈၆ မှတ်တမ်း​မတင်​ခဲ့

၁၉၄၈ ၄၉,၈၃၂,၂၀၅ ၁၃၀,၂၈၁

၁၉၅၈ ၁၁၀,၃၉၀,၉၄၄ ၅၀၈,၃၂၀

၁၉၆၈ ၂၀၈,၆၆၆,၇၆၂ ၉၇၇,၅၀၃

၁၉၇၈ ၃၀၇,၂၇၂,၂၆၂ ၁,၂၅၇,၀၈၄

၁၉၈၈ ၇၈၅,၅၂၁,၆၉၇ ၃,၂၃၇,၁၆၀

၁၉၉၈ ၁,၁၈၆,၆၆၆,၇၀၈ ၄,၃၀၂,၈၅၂

၂၀၀၅ ၁,၂၇၈,၂၃၅,၅၀၄ ၆,၀၆၁,၅၃၄

[စာမျက်နှာ ၅၉ ပါ ရုပ်ပုံ]

ပထမ​ရာစု​မှ ရောမ​သော့