မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်သေခံနှစ်ပါးအား ပြန်ရှင်စေခြင်း

သက်သေခံနှစ်ပါးအား ပြန်ရှင်စေခြင်း

အခန်း ၂၅

သက်သေခံ​နှစ်ပါး​အား ပြန်ရှင်​စေခြင်း

၁။ ခွန်အား​ကြီးသော ကောင်းကင်တမန်​က ယောဟန်​အား ဘာလုပ်​ခိုင်း​သနည်း။

ဒုတိယ​အမင်္ဂလာ မပြီး​မီ ခွန်အား​ကြီးသော ကောင်းကင်တမန်​က ယောဟန်​အား ပရောဖက်ပြုချက်​ဆိုင်ရာ နောက်​ဇာတ်ကွက်​၌ ပါဝင်​တင်ဆက်​ခိုင်း​၏။ ဤ​တစ်ကြိမ်​တွင် ဗိမာန်တော်​နှင့်​ဆိုင်​၏။ (ဗျာဒိတ် ၉:၁၂; ၁၀:၁) ယောဟန်​က ဤသို့​ဆို​သည်– ထို့နောက် တုတ်တံ​နှင့်​တူသော ကျူရိုး​တစ်ချောင်း​ကို ငါ့​အားပေး​လျက် မိန့်ဆို​သည်​မှာ၊ ‘ထ၍ ဘုရားသခင်​၏ ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​နှင့် ယဇ်ပလ္လင်ကို​လည်းကောင်း၊ ထို​အရပ်​တွင် ကိုးကွယ်​နေသူတို့​ကိုလည်း​ကောင်း တိုင်းတာ​လော့။’”​ဗျာဒိတ် ၁၁:၁

ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန

၂။ (က) အဘယ်​ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​သည် ကျွန်ုပ်​တို့​အချိန်တိုင် ရပ်တည်​မည်​ဖြစ်သနည်း။ (ခ) ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​၏ ယဇ်ပုရောဟိတ်မင်း​ကား မည်သူ​ဖြစ်၍ အထူး​သန့်ရှင်း​ရာ​ဌာန​ကား အဘယ်နည်း။

နောက်ဆုံးသော ဗိမာန်တော်ကို အေဒီ ၇၀ ပြည့်နှစ်​၌ ရောမ​လူ​တို့ ဖျက်ဆီး​လိုက်ပြီ​ဖြစ်​ရာ ဤ​တွင်​ဆို​သော ဗိမာန်တော်​သည် ယေရုရှလင်​မြို့ရှိ ပကတိ​ဗိမာန်တော် တစ်ဆောင်​မျှ မဖြစ်​နိုင်။ သို့​တ​စေ၊ တမန်​တော်​ပေါလု​က ထို​ဖျက်ဆီးခြင်း မတိုင်ခင်​က​ပင် နောက်​ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန တစ်ဆောင်​ရှိ​နှင့်​ပြီး ၎င်း​သည် ကျွန်ုပ်​တို့​လက်ထက်​တိုင် ရပ်တည်​မည်​ဟု တင်ပြ​ခဲ့​သည်။ ၎င်း​သည် ရှေး​က တဲ​တော်၊ နောက်ပိုင်း၌ ယေရုရှလင်​မြို့ရှိ ဗိမာန်တော်​များ​ဖြင့် ဥပမာ​န​ပြု​ခဲ့​သော မဟာ​ဝိညာဏ​ဗိမာန်တော်​ဖြစ်၏။ ၎င်း​သည် “လူ​မ​ဆောက်​ဘဲ ထာဝရ​ဘုရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်” ဖြစ်၍ ၎င်း​၏ ယဇ်ပုရောဟိတ်မင်း​ကား ယေရှု​တည်း။ ပေါလု​က ယေရှုသည် “ကောင်းကင်ဘုံ​၌ တန်ခိုး​အာနုဘော်​တော်​၏ ပလ္လင်​လက်ယာ​ဘက်မှာ ထိုင်​နေ​တော်​မူ​၏” ဟု​ဖော်ပြ​၏။ ၎င်း​၏ အထူး​သန့်ရှင်း​ရာ​ဌာန​ကား၊ ကောင်းကင်ဘုံ​ရှိ ယေဟောဝါ ကျိန်းဝပ်​ရာ​နေရာ​ပင်​တည်း။​—ဟေဗြဲ ၈:၁၊ ၂; ၉:၁၁၊ ၂၄

၃။ တဲ​တော်​ထဲ​က (က) အထူး​သန့်ရှင်း​ရာ​ဌာန​ကို သန့်ရှင်း​ရာ​ဌာန​နှင့် သီးခြား​စေသော ကန့်လန့်ကာ၊ (ခ) တိရစ္ဆာန်​ယဇ်များ၊ (ဂ) ယဇ်​ပလ္လင်​တို့​က ဘာကို​အသီးသီး ပုံခိုင်း​သနည်း။

တမန်​တော်​ပေါလု​က တဲ​တော်​ထဲ​က အထူး​သန့်ရှင်း​ရာ​ဌာန​ကို သန့်ရှင်း​ရာ​ဌာန​နှင့် သီးခြား​စေသော ကန့်လန့်ကာ​သည် ယေရှု၏​အသား​တော်​ကို ပုံဆောင်​သည်​ဟု ရှင်းလင်း​တင်ပြ​သည်။ ယေရှု မိမိ​အသက်ကို စွန့်​တော်​မူ​စဉ် ၎င်း​ကန့်လန့်ကာ နှစ်ခြမ်း​ကွဲ​သွား​သဖြင့် ယေရှု၏ အသား​တော်​သည် ယေဟောဝါ ကျိန်းဝပ်​ရာ​ကောင်းကင်​သို့ ကိုယ်တော် မဝင်​နိုင်အောင် တားဆီးခြင်း မပြု​တော့​ကြောင်းကို ပြ​၏။ သစ္စာရှိ​စွာ​သေဆုံး​သော ယေရှု၏​ဘိသိက်ခံ လက်ထောက်​ယဇ်ပုရောဟိတ်​များလည်း အချိန်တန်​သည့်​အခါ ယေရှု၏​ယဇ်ကို အမှီပြု၍ ကောင်းကင်​သို့ ဝင်ရောက်​ကြ​၏။ (မဿဲ ၂၇:၅၀၊ ၅၁; ဟေဗြဲ ၉:၃; ၁၀:၁၉၊ ၂၀) တဲ​တော်​၌ တိရစ္ဆာန်​ယဇ်များ​ကို အစဉ်မပြတ်​ပူဇော်​ခြင်း​က ယေရှု၏ တစ်ခု​တည်း​သော စုံလင်​သည့်​လူ့​အသက်​ယဇ်ကို ပြညွှန်​သည်​ဟု​လည်း ပေါလု​တင်ပြ​၏။ တံတိုင်း​တော်​အတွင်းရှိ ယဇ်​ပလ္လင်​က အလိုတော်နှင့်​အညီ၊ ယေရှု၏​ယဇ်ကို​လက်ခံသော ယေဟောဝါ​၏ စီမံချက်​ကို​တင်​စား၍ ၎င်း​ယဇ်ကို “လူအများ” အဖို့ ပူဇော်​တော်​မူ​၏။ ရှေးဦး​စွာ ဘိသိက်ခံ​များ၊ နောက်ပိုင်း၌ အခြားသိုး​များ​အဖို့ ဖြစ်၏။ အခြားသိုး​များသည် ကယ်တင်ခြင်း​ကျေးဇူး​အတွက် ‘ကိုယ်တော်​ကို စောင့်မျှော်​နေ’ ကြ​မည်​ဖြစ်သည်။​—ဟေဗြဲ ၉:၂၈ခ​မ; ၁၀:၉၊ ၁၀; ယောဟန် ၁၀:၁၆

၄။ (က) သန့်ရှင်း​ရာ​ဌာန၊ (ခ) အတွင်း​တံတိုင်း​တို့​က ဘာကို​အသီးသီး ပုံခိုင်း​သနည်း။

ဘုရားသခင့်​မှုတ်သွင်းခံ ဤ​အကြောင်းအရာကို​ထောက်၍ တဲ​တော်​ထဲ​မှ သန့်ရှင်း​ရာ​ဌာန​ကား ရှေးဦး​စွာ ခရစ်တော်၊ ၎င်းနောက် ၁၄၄,၀၀၀ သော ဘိသိက်ခံ တော်ဝင်​ယဇ်ပုရောဟိတ်​များ “ကန့်လန့်ကာ” ကို​ဖြတ်​မသွားမီ မြေကြီး​ပေါ်မှာ ရှိ​ဆဲ​ကာလ​၌ ခံစား​ကြ​ရသည့် သန့်ရှင်းသော​အခြေအနေ​ကို အထိမ်းအမှတ်​ပြု​ကြောင်း ကောက်ချက်​ချ​နိုင်၏။ (ဟေဗြဲ ၆:၁၉၊ ၂၀; ၁ ပေတရု ၂:၉) ဘုရားသခင့် ဝိညာဏ​သားများ​အဖြစ် မွေးစား​တော်​မူ​ခြင်း​ခံရ​သည့် သူတို့၏​အဖြစ်ကို ထိထိမိမိ တင်စား​ပေ​သည်။ အေဒီ ၂၉ ခု၊ ယော်ဒန်​မြစ်​၌ ယေရှု​နှစ်ခြင်း​ခံသည့်​နောက် သူ့​အား သားတော်​အဖြစ် ဘုရားသခင်​အသိအမှတ် ပြု​တော်​မူ​သည့်​နည်းတူ​ဖြစ်၏။ (လုကာ ၃:၂၂; ရောမ ၈:၁၅) တဲ​တော်​၏ အတွင်း​တံတိုင်း​ကို မည်သို့​ဆို​မည်​နည်း။ ၎င်း​သည် ယဇ်ပုရောဟိတ်​မဟုတ်သော ဣသရေလလူ​များ မြင်နိုင်​သည့် တစ်ခု​တည်း​သော​အပိုင်း၊ ယဇ်​ပူဇော်ရာ​နေရာ​ဖြစ်သည်။ ၎င်း​သည် လူသား​ယေရှု၏ စုံလင်သော​ရပ်တည်မှု​ကို ပုံဆောင်​ပြီး ၎င်း​ကြောင့် ယေရှုသည် လူသား​တို့​အဖို့ မိမိ​အသက်ကို ဆက်သ​နိုင်သော​အရည်အချင်းကို ရရှိ​၏။ ကိုယ်တော့်​ဘိသိက်ခံ နောက်တော်လိုက်​များ မြေကြီး​ပေါ်မှာ​ရှိကြ​စဉ် ခံစား​ရသော၊ ယေရှု၏​ယဇ်ကို အခြေပြု​၍ ချီးမြှင့်​တော်​မူ​သည့် ဖြောင့်မတ်​သော ရပ်တည်မှု​ကိုလည်း တင်စား​သည်။ *​—ရောမ ၁:၇; ၅:၁

ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​ကို တိုင်းတာ​ခြင်း

၅။ ဟေဗြဲ​ကျမ်း ပရောဖက်ပြုချက်​များ​၌ (က) ယေရုရှလင်​မြို့ကို တိုင်းတာ​ခြင်း၊ (ခ) ယေဇကျေလ​၏ ရူပါရုံ​ဆိုင်ရာ ဗိမာန်တော်ကို တိုင်းတာ​ခြင်း​တို့​က ဘာကို​ဆိုလို​သနည်း။

“ဘုရားသခင့် ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​နှင့် ယဇ်ပလ္လင်ကို​လည်းကောင်း၊ ထို​အရပ်​တွင် ကိုးကွယ်​နေသူတို့​ကိုလည်း​ကောင်း၊ တိုင်းတာ​လော့” ဟု ယောဟန် မိန့်မှာ​ခံရ​သည်။ ဘာကို​ဆိုလို​သနည်း။ ဟေဗြဲ​ကျမ်း ပရောဖက်ပြုချက်​များ​၌ ထိုသို့​သော​တိုင်းတာ​ခြင်း​က ယေဟောဝါ​၏ စုံလင်သော​စံ​ကို အခြေပြု​၍ တရား​မျှတမှုကို​ရမည် ဟူသော​အာမခံချက်​ဖြစ်သည်။ မင်းဆိုး​မင်း​ညစ် မနာရှေ​လက်ထက်​၌ ပရောဖက်ပြု​ခြင်း​နှင့်​ဆိုင်၍ ယေရုရှလင်​မြို့ကို တိုင်းတာ​ခြင်း​က ၎င်း​မြို့ မလွဲဧကန် ဖျက်ဆီး​ခံရ​မည်​ကို သက်သေထူ​သည်။ (၄ ဓမ္မ​ရာဇဝင် ၂၁:၁၃; ယေရမိ​မြည်တမ်း ၂:၈) သို့သော်၊ နောက်ပိုင်း၌ ယေရုရှလင်​မြို့ တိုင်းတာ​ခြင်း​ခံရ​သည်ကို ယေရမိ မြင်ရသော​အခါ ယင်း​မြို့ ပြန်လည်​တည်ထောင်​မည်​ကို အတည်ပြု​၏။ (ယေရမိ ၃၁:၃၉; ဇာခရိ ၂:၂-၈ လည်း​ရှု။) ထို့​နည်းတူ၊ ယေဇကျေလ​ရူပါရုံ​၌ မြင်ရသော​ဗိမာန်တော်ကို အကြီးအကျယ် အသေးစိတ်​တိုင်းတာ​ခြင်း​က မိမိတို့​ဇာတိမြေ​၌ စစ်မှန်သော​ဝတ်ပြုမှု ပြန်လည်​ထူထောင်​လာ​မည်​ကို ဂျူး​သုံ့ပန်းများ​အား အာမခံချက်​ပေးခြင်း​ဖြစ်၏။ မိမိတို့​ပြစ်မှားမှု​ကြောင့် ဣသရေလလူ​တို့သည် ထို​အချိန်​မှ​စ၍ ဘုရားသခင့် သန့်ရှင်းသော​စံ​များ​ကို မီအောင်လိုက်​ရတော့မည်​ဖြစ်​ကြောင်းကို​လည်း သတိ​ရစေသည်။​—ယေဇကျေလ ၄၀:၃၊ ၄; ၄၃:၁၀

၆။ ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​နှင့် ထို​အရပ်၌​ဝတ်ပြု​သော ယဇ်ပုရောဟိတ်​များ​ကို ယောဟန်​အား တိုင်းတာ​ခိုင်း​ခြင်း​သည် အဘယ်အရာ၏ နိမိတ်​လက္ခဏာ ဖြစ်သနည်း။

ထို့​ကြောင့်၊ ဗိမာန်တော်​နှင့် ဗိမာန်တော်​ထဲ​၌​ဝတ်ပြု​သော ယဇ်ပုရောဟိတ်​များ​ကို တိုင်းတာ​ရန် ယောဟန် မိန့်မှာ​ခံရ​သော​အခါ ဗိမာန်တော်​အစီအစဉ်​နှင့် ယင်း​အစီအစဉ်​ဆိုင်ရာ ပုဂ္ဂိုလ်​များနှင့်​ပတ်သက်သော ယေဟောဝါ​၏ ရည်ရွယ်ချက်များ မပြည့်စုံ​လာရန် ဘာက​မျှ မတားဆီး​နိုင်​ကြောင်း၊ ထို​ရည်ရွယ်ချက်များ အထွတ်အထိပ်​သို့ ရောက်​ခါနီး​ပြီ​ဖြစ်​ကြောင်း နိမိတ်​ပြချက်​ဖြစ်၏။ အရာခပ်သိမ်း​ကို ယေဟောဝါ​၏ ခွန်အား​ကြီးသော ကောင်းကင်တမန်​၏ ခြေတော်​အောက်တွင် ချထား​ပြီ​ဖြစ်​ရာ “ထာဝရ​ဘုရား​၏ အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏ ထိပ်​ပေါ်မှာ​ချီး​မြှောက်၍ [ခိုင်ခံ့​စွာ] တည်” ရန်​အချိန်​ရောက်ပြီ။ (ဟေရှာယ ၂:၂-၄) ရာစုနှစ်​နှင့်​ချီ​ပြီး ခရစ်ယာန်ဘောင် အယူဖောက်ပြန်​ခဲ့​သည့်​နောက် စင်ကြယ်သော​ဝတ်ပြုမှု​ကို ချီးမြှောက်​ရမည်​ဖြစ်၏။ သေလွန်​ခဲ့​သော ယေရှု၏​သစ္စာရှိ​ညီတော်​များ “အလွန်​သန့်ရှင်းသော အရပ်ဌာန” ထဲ​သို့​ထမြောက်​စေရန် အချိန်​လည်း​ဖြစ်​လေ​ပြီ။ (ဒံယေလ ၉:၂၄; ၁ သက်သာလောနိတ် ၄:၁၄-၁၆; ဗျာဒိတ် ၆:၁၁; ၁၄:၄) ကမ္ဘာ​ပေါ်​မှ “ငါ​တို့၏ ဘုရားသခင့်​ကျွန်​များ” ထဲ​က နောက်ဆုံး တံဆိပ်​ခတ်​ခံရ​သူများကို​လည်း ဘုရားသခင့် ဝိညာဉ်​တော်​ဖွား သားများ​အဖြစ် ဗိမာန်တော် အစီအစဉ်​ထဲ​တွင် တည်မြဲသော​နေရာကို ရနိုင်​စေရန် ဘုရားသခင့်​စံ​များနှင့်​အညီ တိုင်းတာ​ရမည်​ဖြစ်၏။ ယနေ့ ယောဟန်​အတန်းအစား​သည် သန့်ရှင်းသော​ထို​စံ​များ​ကို အပြည့်အဝ​သိ​ရှိကြ​ပြီး စံမီ​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြ​၏။​—ဗျာဒိတ် ၇:၁-၃; မဿဲ ၁၃:၄၁၊ ၄၂; ဧဖက် ၁:၁၃၊ ၁၄; ရောမ ၁၁:၂၀ နှိုင်းယှဉ်။

တံတိုင်း​ကို​နင်း​ခြေ​ခြင်း

၇။ (က) အဘယ်ကြောင့် ယောဟန်​အား တံတိုင်း​ကို မ​တိုင်း​ခိုင်း​သနည်း။ (ခ) အဘယ်​အချိန်၌ သန့်ရှင်းသော​မြို့တော်​သည် ၄၂ လ​ပတ်လုံး အ​နင်း​ခံရ​သနည်း။ (ဂ) ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် ယေဟောဝါ​၏ ဖြောင့်မတ်​သော​စံနှုန်း​ကို ၄၂ လ​တိုင်တိုင် ကိုင်စွဲ​ရန် မည်သို့​ပျက်ကွက်​ခဲ့​ကြ​သနည်း။

တံတိုင်း​ကို မ​တိုင်းတာ​ရန် ယောဟန်​အား အဘယ်ကြောင့် တားမြစ်​သနည်း။ ယောဟန် ဤသို့​ရှင်းပြပါ​သည်– “ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန အပြင်ဘက်​မှ တံတိုင်း​ကို​မူ၊ မ​တိုင်းတာ​ဘဲ ရှင်းရှင်း​ပစ်ပယ်​ထား​လော့။ အကြောင်း​မှာ၊ ၎င်းကို လူမျိုးခြား​တို့အား အပ်ပေး​ပြီ​ဖြစ်သော​ကြောင့် သူတို့သည် သန့်ရှင်းသော​မြို့တော်​ကို လေး​ဆယ့်နှစ်​လ​တိုင်တိုင် နင်း​ခြေ​ကြလိမ့်မည်။” (ဗျာဒိတ် ၁၁:၂) အတွင်း​တံတိုင်း​သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​၏ မြေကြီးပေါ်​ရှိ ဖြောင့်မတ်​သော ရပ်တည်မှု​ကို ပုံဆောင်​ကြောင်း ကျွန်ုပ်​တို့ သိရှိ​ခဲ့​လေ​ပြီ။ ဤ​တွင်၊ ၁၉၁၄၊ ဒီဇင်ဘာ​လ​မှ ၁၉၁၈၊ ဇွန်လ​အထိ၊ ခရစ်ယာန် အမည်ခံ​ရှိသမျှ ပြင်းပြ​သော စမ်းသပ်မှု​ခံ​ရာ ပကတိ ၄၂ လ​ကို ရည်ညွှန်း​နေသည်။ ထို​စစ်​ကာလ​အတွင်း ယေဟောဝါ​၏ ဖြောင့်မတ်​သော​စံ​များ​ကို သူတို့ ကိုင်စွဲ​ကြ​မည်​လော။ အများစုက မကိုင်စွဲ​ကြ​ပါ။ ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာ​အားလုံး ဘုရားသခင့်​ပညတ်တော်​ကို နာခံ​သည်ထက် တိုင်း​ချစ်​ပြည်​ချစ်စိတ်​ကို ရှေ့တန်း​တင်​ကြ​၏။ ခရစ်ယာန်ဘောင်​အတွင်း တိုက်ခိုက်​သော ထို​စစ်ပွဲ​နှစ်ဖက်စလုံး​မှ ဓမ္မ​ဆရာများသည် လူငယ်များ​ကို က​တုတ်​ကျင်း​များ​ထဲ​ဝင်​ဖို့ တိုက်တွန်း​ခဲ့​ကြ​ရာ လူငယ်​သန်းပေါင်း​များစွာ သတ်ဖြတ်​ခံရ​ကြသည်။ ၁၉၁၈ ခုနှစ်၊ ဘုရားသခင့် အိမ်တော်​မှ​စ၍ တရား​စီရင်တော်မူ​သောအခါ အမေရိကန်​ပြည်ထောင်စု​လည်း ထို​သွေး​သွန်း​ပွဲ​တွင် ပါဝင်​ဆင်နွှဲ​လာ​သဖြင့် ခရစ်ယာန်ဘောင်​တစ်ခွင်လုံး​ရှိ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် သွေးစွန်း​ခြင်း​အပြစ်ကြီး ကျူးလွန်​ခဲ့​ကြ​ရာ ထို​သွေး​များ​က ဘုရားသခင် လက်စားချေ​တော်​မူ​ပါ​ဟု ယနေ့​တိုင် အော်ဟစ်​နေ​၏။ (၁ ပေတရု ၄:၁၇) သူတို့သည် ထာဝစဉ် ပစ်ပယ်​တော်​မူ​ခြင်း​ခံရ​၍ ပြန်လမ်း​မရှိတော့။​—ဟေရှာယ ၅၉:၁-၃၊ ၇၊ ၈; ယေရမိ ၁၉:၃၊ ၄

၈။ ပထမ​ကမ္ဘာ​စစ်​အတွင်း၊ ကျမ်းစာ​ကျောင်းသား​အများအပြား ဘာကို​သိမြင်​လာ​သော်လည်း ဘာကို​ကောင်းစွာ သဘောမပေါက်​ဘဲ ရှိခဲ့​သနည်း။

ကျမ်းစာ​ကျောင်းသား​အုပ်စု​ကလေး​ကော၊ မည်သို့​နည်း။ ဘုရားသခင့်​စံ​များ​ကို သူတို့​ကိုင်စွဲ​ခဲ့​ခြင်း ရှိမရှိ ဟူ​သည့်​အချက်​ကို အခြေပြု​၍ သူတို့ကို ၁၉၁၄ ခုနှစ်​၌ ချက်ချင်း တိုင်းတာ​ရန်​လော။ မဟုတ်ပါ။ သူတို့လည်း ခရစ်ယာန်ဘောင်​ထဲ​က အမည်ခံ​ခရစ်ယာန်​များ​နည်းတူ၊ စမ်းသပ်ခြင်း​ခံရ​မည်။ ပြင်းထန်​စွာ​စုံစမ်း​၍ နှိပ်စက်​ညှဉ်းပန်း​ခံစေ​ရန် သူတို့ကို ‘ရှင်း​ရှင်းပစ်​ပယ်​၍ လူမျိုးခြား​တို့အား အပ်ပေး​လိုက်’ သည်။ သူတို့​ထဲ​မှ လူများစွာ​တို့​က လူ​လူ​ချင်း မ​သတ်ဖြတ်​သင့်​ကြောင်း နားလည်​ကြသော်လည်း ခရစ်ယာန် ကြားနေ​ခြင်း​အကြောင်းကို​မူ အပြည့်အဝ သဘောမပေါက်​သေး။ (မိက္ခာ ၄:၃; ယောဟန် ၁၇:၁၄၊ ၁၆; ၁ ယောဟန် ၃:၁၅) တိုင်းနိုင်ငံ​များ​၏ သြဇာ​ဖိအား​ကြောင့် အချို့​က အလျှော့ပေး​လိုက်လျော​ခဲ့​ကြသည်။

၉။ တိုင်းနိုင်ငံ​များ နင်း​ခြေ​သည့် သန့်ရှင်းသော​မြို့တော်​ကား အဘယ်အရာ​ဖြစ်​ပြီး မြေကြီးပေါ်​၌ မည်သူ​များ ၎င်းကို ကိုယ်စား​ပြု​သနည်း။

သို့ရာတွင်၊ သန့်ရှင်းသော​မြို့တော်​ကို ထို​လူမျိုးခြား​တို့ ခြေ​ဖြင့်​နင်း​ခြေ​သည်​မှာ မည်သို့​နည်း။ ဗျာဒိတ်ကျမ်း​မရေးမီ ၂၅ နှစ်​အထက်​က ဖျက်ဆီး​ခံရ​သော ယေရုရှလင်​မြို့ကို ပြောနေခြင်း မဟုတ်​သည်​မှာ သိသာ​၏။ သန့်ရှင်းသော​မြို့တော်​ကား ဗျာဒိတ်ကျမ်း နောက်ပိုင်း၌​ဖော်ပြ​သော ယေရုရှလင်​မြို့​သစ်​ဖြစ်၍ ယခု ဗိမာန်တော် အတွင်း​တံတိုင်း​ထဲ​မှ ကျန်ကြွင်း​သော ဘိသိက်ခံ​ခရစ်ယာန်​များ​က မြေကြီးပေါ်​တွင် ၎င်းကို​ကိုယ်စား​ပြု​၏။ နောင်​တွင် သူတို့လည်း သန့်ရှင်းသော​မြို့တော်​၏ အစိတ်အပိုင်း ဖြစ်လာ​ကြ​မည်။ ထို့​ကြောင့် သူတို့ကို​နင်း​ခြေ​ခြင်း​သည် မြို့တော်​ကို နင်း​ခြေ​ခြင်း​နှင့် မ​ခြား​ပါ။​—ဗျာဒိတ် ၂၁:၂၊ ၉-၂၁

သက်သေခံ​နှစ်ပါး

၁၀။ ယေဟောဝါ​၏ သစ္စာရှိ​သက်သေ​များသည် အ​နင်း​ခံ​နေရ​စဉ် အဘယ်​အမှုကို ပြု​ရသနည်း။

၁၀ ထို​သစ္စာစောင့်​တို့သည် အ​နင်း​ခံ​နေရ​စဉ်​မှာ​ပင် ယေဟောဝါ​၏ သစ္စာရှိ​သက်သေ​များ​အဖြစ်​မှ မရပ်စဲ​ကြ​ချေ။ ထို့​ကြောင့်၊ ပရောဖက်ပြုချက်​က ဤသို့​ဆက်၍ ရေးသား​တင်ပြ​သည်– “‘ငါသည် ငါ​၏​သက်သေခံ​နှစ်ပါး​အား လျှော်တေ​အဝတ်ကို ဝတ်​စေ​လျက် ရက်ပေါင်း တစ်ထောင့်​နှစ်​ရာ ခြောက်​ဆယ်​တိုင်တိုင် ပရောဖက်ပြု​စေမည်။’ ဤသူတို့ကို သံလွင်ပင်​နှစ်​ပင်​နှင့် မီး​ခုံ​နှစ်ခုံ​ဖြင့် ပုံခိုင်း​၍ သူတို့သည် မြေကြီး​၏​သခင် ရှေ့တော်၌ ရပ်နေ​ကြ​၏။”​ဗျာဒိတ် ၁၁:၃၊ ၄

၁၁။ ‘လျှော်တေ​အဝတ်​ဝတ်​လျက်’ ပရောဖက်ပြု​ခြင်း​သည် သစ္စာရှိ​ဘိသိက်ခံ ခရစ်ယာန်​များ​အဖို့ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၁ ဤ​သစ္စာရှိ ဘိသိက်ခံ​ခရစ်ယာန်​များသည် ‘လျှော်တေ​အဝတ် ဝတ်​လျက်’ ပရောဖက်ပြု​ရ​ကြ​မည်​ဖြစ်၍ ခံနိုင်ရည်​လို​၏။ လျှော်တေ​အဝတ်​ဝတ်​ခြင်း​က ဘာကို​ဆိုလို​သနည်း။ ကျမ်းစာ​ခေတ်တွင် လျှော်တေ​အဝတ်​သည် ပူဆွေး​မြည်တမ်း​ခြင်း​ကို အထိမ်းအမှတ် ပြု​လေ့​ရှိသည်။ ၎င်းကို​ဝတ်​ခြင်း​သည် လူတစ်ယောက် ပူဆွေး​သောကရောက်​ခြင်း​၏ လက္ခဏာ​ဖြစ်သည်။ (ကမ္ဘာဦး ၃၇:၃၄; ယောဘ ၁၆:၁၅၊ ၁၆; ယေဇကျေလ ၂၇:၃၁) လျှော်တေ​အဝတ်​သည် ဘုရားသခင့် ပရောဖက်​များ ကြွေးကြော်​ရသော ပျက်စီးခြင်း သို့​မဟုတ် ဝမ်းနည်းခြင်း​သတင်း​နှင့် ဆက်စပ်​၏။ (ဟေရှာယ ၃:၈၊ ၂၄-၂၆; ယေရမိ၊ ၄၈:၃၇; ၄၉:၃) လျှော်တေ​အဝတ်​ဝတ်​ခြင်း​က ဘုရားသခင့် သတိပေး​ချက်​ကြောင့် စိတ်​နှိမ့်ချ​ခြင်း သို့​မဟုတ် နောင်တ​ရခြင်း​ကို ဆိုလို​နိုင်​သည်။ (ယောန ၃:၅) သက်သေခံ​နှစ်ပါး​ဝတ်​သော လျှော်တေ​အဝတ်​က ယေဟောဝါ​၏ စီရင်ချက်​များ​ကို ကြေညာ​ရာ​၌ မိမိတို့ စိတ်​နှိမ့်ချလျက် ကြံ့ကြံ့ခံရပ်​ကြောင်းကို တင်ပြ​ပုံ​ရသည်။ သူတို့သည် တိုင်းနိုင်ငံ​များ​ကို​ပါ ပူဆွေး​မြည်တမ်း​စေသော ကိုယ်တော်​၏ လက်စားချေ​ရာ​နေ့​တော်​အကြောင်း ကြွေးကြော်​သော သက်သေခံ​များ ဖြစ်​ကြသည်။​—တရားဟောရာ ၃၂:၄၁-၄၃

၁၂။ သန့်ရှင်းသော​မြို့တော် ခြေ​ဖြင့်​နင်း​ခံ​ရသော​ကာလ​သည် အဘယ်ကြောင့် ပကတိ​အချိန်ပိုင်း ဖြစ်​ဟန်​တူ​သနည်း။

၁၂ ဤ​သတင်းကို ယောဟန်​အတန်းအစား​က အတိအကျ သတ်မှတ်​ထားသော ကာလပိုင်း​ဖြစ်သည့် ရက်ပေါင်း ၁,၂၆၀၊ သို့​မဟုတ် ၄၂ လ​တိုင်တိုင် ဟော​ရ၏။ သန့်ရှင်းသော​မြို့တော် နင်း​ခြေ​ခံရ​သော ကာလပိုင်း​နှင့် ညီမျှ​သည်။ ယင်း​အချိန်ပိုင်း​ကို ရှေးဦး​စွာ လ​ပိုင်း​အဖြစ် ဖော်ပြ​ပြီး ထို့နောက် ရက်​များ​အဖြစ် တင်ပြသော​ကြောင့် ၎င်း​သည် ပကတိ​အချိန်ပိုင်း ဖြစ်​ဟန်​တူ​၏။ ထို့​ပြင်၊ သခင့်​နေ့​တော်​အစ​၌ ထူးခြားသော သုံးနှစ်ခွဲ​ကာလပိုင်း​တစ်ခု​ရှိခဲ့​ပြီး ၎င်း​အချိန်ပိုင်း​အတွင်း ဘုရားသခင့် လူမျိုးတော်​၏ ကျပ်တည်း​ခဲယဉ်း​သော အတွေ့အကြုံ​များ​က ဤ​နေရာ၌ ပရောဖက်ပြု​သော အခြင်းအရာ​များနှင့် ကိုက်ညီ​၏။ ၎င်း​ကာလပိုင်း​မှာ ၁၉၁၄၊ ဒီဇင်ဘာ​လ​မှ ၁၉၁၈၊ ဇွန်လ​အထိ​ဖြစ်သည်။ (ဗျာဒိတ် ၁:၁၀) ခရစ်ယာန်ဘောင်​နှင့် ဤ​လောက​အပေါ် ယေဟောဝါ​၏ စီရင်ချက်​နှင့်​စပ်လျဉ်း၍ “လျှော်တေ​အဝတ်” သတင်းကို သူတို့​ဟောခဲ့​သည်။

၁၃။ (က) ဘိသိက်ခံ​ခရစ်ယာန်​များ​ကို သက်သေခံ​နှစ်ပါး​ဖြင့် ပုံခိုင်း​ခြင်း​က ဘာကို​ပြသ​နည်း။ (ခ) ထို​သက်သေခံ​နှစ်ပါး​ကို “သံလွင်ပင်​နှစ်​ပင်​နှင့် မီး​ခုံ​နှစ်ခုံ” ဟု ယောဟန်​ခေါ်တွင်​ခြင်း​က ဇာခရိ​၏ အဘယ်​ပရောဖက်ပြုချက်​ကို သတိ​ရစေ​သနည်း။

၁၃ သူတို့ကို သက်သေခံ​နှစ်ပါး​ဖြင့် ပုံခိုင်း​ခြင်း​က သူတို့၏​သတင်း​သည် တိကျ​မှန်ကန်​၍ ခြေမြစ်​ခိုင်လုံ​ကြောင်း ထောက်ခံ​သည်။ (တရားဟောရာ ၁၇:၆; ယောဟန် ၈:၁၇၊ ၁၈ နှိုင်းယှဉ်။) ယောဟန်​က သူတို့ကို “သံလွင်ပင်​နှစ်​ပင်​နှင့် မီး​ခုံ​နှစ်ခုံ” ဟု​ခေါ်​၍ “သူတို့သည် မြေကြီး​၏​သခင် ရှေ့တော်၌ ရပ်နေ​ကြသည်” ဟု​ဆို​၏။ ဤ​အချက်​က ခု​နစ်​ခက်ဖြာ​သော​မီး​ခုံ​နှင့် သံလွင်ပင်​နှစ်​ပင်ကို မြင်ခဲ့​ရသော ဇာခရိ​၏​ပရောဖက်ပြုချက်​ကို သိသိသာသာ ရည်ညွှန်း၏။ သံလွင်ပင်များ​မှာ “မြေကြီး​တစ်ပြင်လုံး​ကို အစိုး​ပိုင်တော်မူ​သော အရှင်​၏​ရှေ့တော်၌ ရပ်နေ​သော ဘိသိက်ခံသူ​နှစ်ပါး၊” မြို့တော်ဝန် ဇေရုဗဗေလ​နှင့် ယဇ်ပုရောဟိတ်မင်း ယောရှု​တို့ ဖြစ်​ကြသည်​ဟု​ဆို​၏။​—ဇာခရိ ၄:၁-၃၊ ၁၄

၁၄။ (က) သံလွင်ပင်​နှစ်​ပင်​နှင့် မီး​ခုံ​နှစ်ခုံ​ဆိုင်ရာ ဇာခရိ​၏​ရူပါရုံ​က ဘာကို​ပြသ​နည်း။ (ခ) ဘိသိက်ခံ​ရ​စ်​ယာ​န်​များ ပထမ​ကမ္ဘာ​စစ်​အတွင်း ဘာ​တွေ့ကြုံ​ရမည် ဖြစ်သနည်း။

၁၄ ဇာခရိ​သည် ပြန်လည်​ဆောက်လုပ်ရေး ကာလပိုင်း​တွင် အသက်ရှင်ပြီး သူ​မြင်ရသော သံလွင်ပင်​နှစ်​ပင်​ဆိုင်ရာ ရူပါရုံ​က လူ​တို့အား အလုပ်လုပ်​ရန်​အားပေး​ရာ​၌ ဇေရုဗဗေလ​နှင့် ယောရှု​တို့သည် ယေဟောဝါ​၏ ဝိညာဉ်​တော်​ကောင်းချီး ရ​ကြ​မည်​ကို ဆိုလို​သည်။ မီး​ခုံ​ဆိုင်ရာ​ရူပါရုံ​က ‘အမှု​ငယ်​ပြုသော နေ့ရက်​ကို မထီမဲ့မြင်’ မပြု​ရန် ဇာခရိ​အား သတိရ​စေ​၏။ အကြောင်း​မှာ၊ ယေဟောဝါ​၏ ရည်ရွယ်ချက်​သည် “ဗိုလ်ခြေ​အားဖြင့်​မဟုတ်၊ အာဏာတန်ခိုး​အားဖြင့်​မဟုတ်၊ ငါ့​ဝိညာဉ်​အားဖြင့်” ဖြစ်မြောက်​မည်​ဟု “ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား မိန့်တော်မူ၏။” (ဇာခရိ ၄:၆၊ ၁၀; ၈:၉) ပထမ ကမ္ဘာ​စစ်​အတွင်း လူသား​တို့​ထံ သမ္မာတရား​အလင်း သယ်ဆောင်​သော ခရစ်ယာန်​အုပ်စု​ကလေး​ကို​ပင် ပြန်လည်​ဆောက်လုပ်ရေး လုပ်ငန်း​၌​လည်း အသုံးပြု​တော်​မူ​မည်​ဖြစ်၏။ သူတို့လည်း လူ​တို့​အားရစရာ​ဖြစ်၍ လူ​နည်း​သော်လည်း မပြော​ပ​လောက်​သော အစပြု​ရာ​နေ့ရက်​ကို မထီမဲ့မြင်​မပြု​ဘဲ ယေဟောဝါ​၏ ခွန်အား​တော်​ကို အားကိုး​တတ်​ရန် သင်အံ​ကြ​မည်​ဖြစ်သည်။

၁၅။ (က) ဘိသိက်ခံ​ခရစ်ယာန်​များ​ကို သက်သေခံ​နှစ်ပါး​အဖြစ် ဖော်ပြခြင်း​က ဘာကို​လည်း သတိ​ရစေ​သနည်း။ (ခ) သက်သေခံ​နှစ်ပါး အဘယ်​နိမိတ်​လက္ခဏာ​မျိုး ပြ​နိုင်သော​အာဏာ ရရှိကြ​သနည်း။

၁၅ သူတို့ကို သက်သေခံ​နှစ်ပါး​အဖြစ် ဖော်ပြခြင်း​က ယေရှု ကိုယ်ယောင်​ပြောင်း​ခြင်း​ကိုလည်း သတိ​ရစေသည်။ ယေရှု၏​တမန်​တော်​ထဲ​မှ သုံးပါး​က ထို​ရူပါရုံ​၌ နိုင်ငံတော်​ဘုန်း​ဆောင်သော ကိုယ်တော်​အား မောရှေ၊ ဧလိယ​တို့​နှင့် အတူ​ရှိသည်​ကို တွေ့ရ​သည်။ ၎င်း​က ယေရှုသည် ထို​ပရောဖက်​နှစ်ပါး​ဖြင့် တင်ကူး​ခိုင်းနှိုင်း​သော လုပ်ငန်း​ကို အပြီး​လုပ်ဆောင်ရန် ၁၉၁၄ ခုနှစ်​မှ​စ၍ ဘုန်း​ရှိသော​ပလ္လင်​ပေါ် ထိုင်​တော်​မူ​ခြင်း​ကို တင်ကူး​အရိပ်​ပြ​၏။ (မဿဲ ၁၇:၁-၃) သို့​ဖြစ်၍ ထို​ပရောဖက်​နှစ်ပါး​က ကျွန်ုပ်​တို့အား မောရှေ​နှင့် ဧလိယ​တို့ ပြုသော​အမှုကို ပြန်လည်​သတိရ​စေသည့် နိမိတ်​လက္ခဏာများ​ကို ပြု​ကြသည်​မှာ ဆီလျော်​ပေ​၏။ ဥပမာ၊ ယောဟန်​က သူတို့နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “တစ်စုံ​တစ်ယောက်​က သူတို့ကို ဘေးပြု​လိုလျှင် သူတို့၏​ခံတွင်း​မှ မီးလျှံ​ထွက်၍ ရန်သူ​တို့ကို လောင်ကျွမ်း​စေ​၏။ တစ်စုံ​တစ်ယောက်​က သူတို့ကို ဘေးပြု​လိုလျှင် ဤ​နည်း​အတိုင်း မုချ အသတ်ခံရ​လိမ့်​မည်။ သူတို့သည် ပရောဖက်ပြု​ရာ နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် မိုးကောင်းကင်ကို ပိတ်​ထား​နိုင်သော​အာဏာ . . . ရှိကြ​၏။”​ဗျာဒိတ် ၁၁:၅၊ ၆က

၁၆။ (က) မီး​နှင့်​ပတ်သက်သော နိမိတ်​လက္ခဏာ​က မောရှေ၏​အာဏာ အန်တု​ခံရ​ချိန်​ကို မည်သို့​သတိ​ရစေ​သနည်း။ (ခ) ခရစ်ယာန်ဘောင် ဓမ္မ​ဆရာများ​သည် ပထမ​ကမ္ဘာ​စစ်​အတွင်း ကျမ်းစာ​ကျောင်းသား​များ​ကို မည်သို့​အတိုက်အခံ​လုပ်ပြီး ဒုက္ခ​ရောက်​စေ​ခဲ့​သနည်း၊ သူတို့က မည်သို့​တန်ပြန်​ခဲ့​သနည်း။

၁၆ ၎င်း​က ဣသရေလလူ​တို့​ဘောင်​၌ မောရှေ၏​အာဏာ အန်တု​ခံရ​သည့်​အချိန်ကို ပြန်သတိရ​စေ​၏။ ထို​ပရောဖက်​က တရား​စီရင်ချက်​ဆိုင်ရာ မီး​ကဲ့သို့​သော​စကား​များ​ကို မြွက်ဆို​လိုက်​ရာ ယေဟောဝါ​က ကောင်းကင်​မှ ပကတိ​မီး​ဖြင့် ပုန်ကန်​သူ ၂၅၀ ကို ဖျက်ဆီး​တော်​မူ​၏။ (တောလည်ရာ ၁၆:၁-၇၊ ၂၈-၃၅) ထို့​နည်းတူ၊ ခရစ်ယာန်ဘောင် ခေါင်းဆောင်​များ​က ကျမ်းစာ​ကျောင်းသား​များသည် ကျမ်းစာ​ကျောင်းဆင်း​များ​မဟုတ်​ဟု​ဆို​ကာ သူတို့ကို အန်တု​ကြသည်။ သို့သော်၊ ဘုရားသခင့် သက်သေခံ​များသည် စစ်မှန်သော ဓမ္မ​အမှုဆောင်​များ​ဖြစ်​ကြောင်း ထောက်ခံ​သည့်​သာဓက သူတို့ထက် ခိုင်လုံ​၏။ သူတို့​ဟော​သော ကျမ်းစာ​သတင်းကို နားထောင်​သည့် နူးညံ့​သိမ်မွေ့​သူများ​သည် သာဓက​ဖြစ်၏။ (၂ ကောရိန္သု ၃:၂၊ ၃) ၁၉၁၇ ခုနှစ်​၌၊ ကျမ်းစာ​ကျောင်းသား​များ​က ဗျာဒိတ်ကျမ်း​နှင့် ယေဇကျေလကျမ်း​ဆိုင်ရာ အစွမ်းထက်​သော ဋီကာ​တစ်အုပ်​ဖြစ်သည့် ပြီးဆုံးလေသော နက်နဲရာ ကို​ထုတ်ဝေ​လိုက်​သည်။ ၎င်းနောက် စာမျက်နှာ​လေးမျက်နှာ​ပါ ကျမ်းစာ​ကျောင်းသား​များ လစဉ်​ထုတ်​စာစောင် စောင်ရေ ၁၀,၀၀၀,၀၀၀ ဖြန့်ဝေ​လိုက်​သည်။ ၎င်း​စာစောင်​၌ “ဗာဗုလုန်​ကျဆုံး​ခြင်း​—ခရစ်ယာန်ဘောင် ယခု အဘ​ယ့်​ကြောင့် ဒုက္ခ​ခံရ​မည်​ဖြစ်​ကြောင်း​—နောက်ဆုံး​ရလဒ်” ဟူသော ဆောင်းပါး​ပါရှိ​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် ဒေါသ​အိုး​ပေါက်ကွဲ​သဖြင့် စစ်​ရူး​ထချိန်​ကို အခွင့်ကောင်း​ယူပြီး ထို​စာအုပ်​ကို ပိတ်ပင်​ရန် ဖန်တီး​နိုင်​ခဲ့​သည်။ အခြား​နိုင်ငံ​များ​၌ ၎င်း​စာအုပ် ဆင်​ဆာဖြတ်​ခံရ​သည်။ သို့​တ​စေ၊ ဘုရားသခင့်​ကျေးကျွန်​များသည် နိုင်ငံတော်​သတင်း ဟူသော မီး​ကဲ့သို့​ပြင်းထန်​သည့် အကြောင်း​များ​ပါ​သော လေးမျက်နှာ​ဝေစာများ​ဖြင့် တန်ပြန်​တိုက်ခိုက်​ခဲ့​သည်။ သခင့်​နေ့​တော် ကြာမြင့်​လာ​သည်​နှင့်​အမျှ၊ အခြားသော စာအုပ်စာတမ်း​များ​က ခရစ်ယာန်ဘောင်​၏ ချုပ်ငြိမ်း​သွားသော ဝိညာဉ်​ရေး အခြေအနေ​ကို ဘွင်းဘွင်း​ဖော်ထုတ်​မည်​ဖြစ်သည်။​—ယေရမိ ၅:၁၄ နှိုင်းယှဉ်။

၁၇။ (က) ဧလိယ​လက်ထက်​က အဘယ်​အဖြစ်အပျက်​များ​တွင် မိုးခေါင်​မှု​နှင့်​မီး ပါဝင်​ပတ်သက်​ခဲ့​သနည်း။ (ခ) သက်သေခံ​နှစ်ပါး​၏ ခံတွင်း​ထဲ​မှ မည်သို့​မီး​ထွက်​လာပြီး မိုးခေါင်​မှု မည်သို့​ပတ်သက်​ခဲ့​သနည်း။

၁၇ ဧလိယ​ကော မည်သို့​နည်း။ ဣသရေလ​ဘုရင်​များ လက်ထက်​၌ ဤ​ပရောဖက်​သည် ဗာလ​ကို​ဝတ်ပြု​သော ဣသရေလလူ​တို့အား ယေဟောဝါ အမျက်ထွက်​တော်​မူ​ကြောင်း သိ​စေလို၍ မိုးခေါင်​မည်​ဟု ကြွေးကြော်​ခဲ့​သည်။ သို့​နှင့် သုံးနှစ်ခွဲ​တိုင်တိုင် မိုးခေါင်ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၁; ၁၈:၄၁-၄၅; လုကာ ၄:၂၅; ယာကုပ် ၅:၁၇) နောက်ပိုင်း၌ သစ္စာမဲ့ အာခဇိမင်း​က စစ်သည်​များ​စေလွှတ်​၍ ဧလိယ​အား အတင်းအကျပ် ရှေ့မှောက်​သွင်း​သောအခါ ပရောဖက်​ဧလိယ​က ကောင်းကင်​မှ​မီးကျစေပြီး စစ်သည်​များ​ကို မြှိုက်​လေ​သည်။ တပ်မှူး​တစ်ဦး​က ဧလိယ​၏ ပရောဖက်​အရာ​ကို လေးစားကြောင်း ပြ​သောအခါ​မှ ဧလိယ​က သူနှင့်​လိုက်၍ ဘုရင့်​ထံ​သို့​သွား​၏။ (၄ ဓမ္မ​ရာဇဝင် ၁:၅-၁၆) ထို့​နည်းတူ၊ ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်​စပ်ကြား​၌ ဘိသိက်ခံ အကြွင်းအကျန်​က ခရစ်ယာန်ဘောင်​၌ ဝိညာဉ်​ရေး​ဘက် မိုးခေါင်နေ​ကြောင်း လူ​တို့အား အာရုံပြု​စေပြီး “ထာဝရ​ဘုရား​၏ ကြောက်မက်​ဖွယ်​သော နေ့ရက်​ကြီး” ရောက်လာ​မည်​ကို သတိပေး​၏။​—မာလခိ ၄:၁၊ ၅; အာမုတ် ၈:၁၁

၁၈။ (က) သက်သေခံ​နှစ်ပါး အဘယ်​အာဏာကို​ရ​၍ မောရှေ​ရသော​အာဏာ​နှင့် မည်သို့​တူ​သနည်း။ (ခ) သက်သေခံ​နှစ်ပါး ခရစ်ယာန်ဘောင်​၏ အပြစ်ကို မည်သို့​ဖော်ထုတ် ရှုတ်ချခဲ့​သနည်း။

၁၈ သက်သေခံ နှစ်ပါး​အကြောင်းကို ယောဟန် ဤသို့​ဆက်၍​ဆို​၏– [သူတို့သည်] ရေ​ကို​သွေး​အဖြစ် ပြောင်းလဲ​စေ​လျက် မိမိတို့ အလိုရှိ​သည့်​အခါတိုင်း မြေကြီးကို ကပ်ဘေး​အမျိုးမျိုးဖြင့် ဒဏ်ခတ်​နိုင်သော အာဏာ​ရှိကြ​၏။” (ဗျာဒိတ် ၁၁:၆) ယေဟောဝါ​သည် ဖာရော​အား ဣသရေလလူ​တို့ကို လွှတ်​ခိုင်းရာ​၌ နိုင်​ထက်​ကလူ​ပြုသော အီဂျစ်​နိုင်ငံ​အား မောရှေ​ကို​သုံး​လျက် ကပ်ဘေး​များ​ဖြင့် ဒဏ်ခတ်​တော်​မူ​သောအခါ ရေ​ကို​သွေး​ဖြစ်စေ​ခြင်း​အမှု ပါဝင်​ခဲ့​သည်။ ရာစုနှစ်များစွာ​လွန်​သော်၊ ဣသရေလလူ​တို့၏​ရန်သူ ဖိလိတ္တိ​လူတို့သည် အီဂျစ်​နိုင်ငံ​ကို ယေဟောဝါ အရေးယူ​ခဲ့​ပုံ​ကို သတိရ​ကြ​၍ “တန်ခိုး​ကြီးသော ဤ​ဘုရားသခင်​၏​လက်​မှ ငါ​တို့ကို အဘယ်သူ ကယ်တင်​လိမ့်​မည်​နည်း။ တော​၌ အဲဂုတ္တု​လူ​တို့ကို ဘေး​အပေါင်း​နှင့် ဒဏ်ခတ်​သော​ဘုရား​ကား၊ အခြား​မဟုတ်၊ ဤ​ဘုရား​ပေ​တည်း” ဟု​အော်ဟစ်​ခဲ့​ရ​ကြသည်။ (၁ ဓမ္မ​ရာဇဝင် ၄:၈; ဆာလံ ၁၀၅:၂၉) မောရှေ​သည် ယေရှုကို ပုံဆောင်​၍ ယေရှုလည်း မိမိ​လက်ထက်​ရှိ ဘာသာရေး​ခေါင်းဆောင်​များ​အပေါ် ဘုရားသခင့် တရား​စီရင်ချက်​များ ချ​နိုင်သော​အာဏာ​ရှိ၏။ (မဿဲ ၂၃:၁၃; ၂၈:၁၈; တမန်​တော် ၃:၂၂) ပထမ ကမ္ဘာ​စစ်​အတွင်း၊ ခရစ်တော်​ညီတော်​များ​ဖြစ်သော သက်သေခံ​နှစ်ပါး​တို့​က​လည်း ခရစ်ယာန်ဘောင် မိမိ​သိုးစု​ကို​တိုက်ကျွေး​သော “ရေ” မှာ လူကို​သေစေနိုင်​သော​ရေ​ဖြစ်​ကြောင်း ဖော်ထုတ်​ရှုတ်ချခဲ့​သည်။

သက်သေခံ​နှစ်ပါး အသတ်ခံရ​ခြင်း

၁၉။ ဗျာဒိတ်ကျမ်း​မှတ်တမ်းအရ၊ သက်သေခံ​နှစ်ပါး​သည် သက်သေခံခြင်း​ပြီးစီး​သောအခါ အဘယ်အရာ​ဖြစ်ပျက်​သနည်း။

၁၉ ခရစ်ယာန်ဘောင်​အပေါ် ကျရောက်​သော​ဤ​ကပ်ဘေး​သည် ပြင်းထန်​လွန်း​သဖြင့် ခရစ်ယာန်ဘောင်​သည် ထို​သက်သေခံ​နှစ်ပါး လျှော်တေ​အဝတ်​ဝတ်​လျက် ၄၂ လ​ကြာ ပရောဖက်ပြု​ပြီး​နောက်​၌ လောကီ​သြဇာ​ကို​သုံး​၍ သူတို့ကို ‘သတ်ပစ်’ လေ​သည်။ ယောဟန် ဤသို့​ရေး​၏– “သူတို့သည် သက်သေခံ​၍ ပြီးစီး​သောအခါ တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​သော သားရဲ​သည် သူတို့ကို စစ်​တိုက်၍ အောင်​သဖြင့် သတ်ပစ်​လိမ့်​မည်။ သူတို့၏ အလောင်း​များသည် မြို့ကြီး​၏ လမ်း​ကျယ်​ပေါ်မှာ ရှိနေ​လိမ့်​မည်။ ထို​မြို့​ကား သူတို့၏​သခင် နှက်တိုင်​တင်၍ အသတ်ခံ​ရာ​မြို့၊ သောဒုံ​နှင့် အိဂျစ်​ဟု ဝိညာဉ်​ရေး​အရ ခေါ်ဝေါ်​သော မြို့ကြီး​ဖြစ်​သတည်း။ လူမျိုးများ၊ မျိုးနွယ်စုများ၊ ဘာသာ​စကား​များနှင့် တိုင်းနိုင်ငံ​များ​ထဲ​မှ လူတို့သည် သူတို့၏ အလောင်း​များ​ကို ဂူ​သွင်း​ခွင့်​မပြု​ဘဲ သုံးရက်​ခွဲ​တိုင်တိုင် ကြည့်​နေကြ​လိမ့်​မည်။ မြေကြီးပေါ်​တွင် နေထိုင်သူ​တို့သည် သူတို့​သေသွား​သောကြောင့် ဝမ်းမြောက်​၍ ပျော်ရွှင်​မြူးထူး​လျက် အချင်းချင်း လက်ဆောင် ပေး​ကြလိမ့်မည်။ အကြောင်း​မှာ ထို​ပရောဖက်​နှစ်ပါး​သည် မြေကြီးပေါ်​တွင် နေထိုင်သူ​တို့ကို ညှဉ်းဆဲ​ခဲ့​ကြ​၍​ဖြစ်သည်။”​ဗျာဒိတ် ၁၁:၇-၁၀

၂၀။ “တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​သော​သားရဲ” ကား အဘယ်နည်း။

၂၀ ဤ​ကား ဗျာဒိတ်ကျမ်း​ပါ သားရဲ​တစ်ကောင်​နှင့် ပတ်သက်သော ရည်ညွှန်းချက် ၃၇ ချက်​ထဲ​မှ ပထမ​အချက်​တည်း။ အချိန်တန်​သောအခါ ဤ​သားရဲ​နှင့် အခြား​သားရဲများ​အကြောင်းကို အသေးစိတ်​သုံးသပ်​သွားပါ​မည်။ “တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​သော​သားရဲ” ကား စာတန့်​အကြံအစည် သက်ဝင်​လှုပ်ရှား​သော နိုင်ငံရေး​စနစ်​တစ်ခု ဖြစ်သည်ဟု​ဆိုလျှင် ယခု​အဖို့ လုံလောက်​ပြီ။ *​—ဗျာဒိတ် ၁၃:၁; ဒံယေလ ၇:၂၊ ၃၊ ၁၇ နှိုင်းယှဉ်။

၂၁။ (က) သက်သေခံ​နှစ်ပါး​၏​ရန်သူများ စစ်​တွင်း​အခြေအနေ​ကို မည်သို့​အခွင့်အရေး ယူ​ခဲ့​ကြ​သနည်း။ (ခ) သက်သေခံ​နှစ်ပါး​၏ အလောင်းကို မ​သင်္ဂြိုဟ်​ဘဲ​ထားခြင်း​က ဘာကို​ပြသ​နည်း။ (ဂ) သုံးရက်​ခွဲ​ကာလ​ကို မည်သို့​ရှုမှတ်​ရမည်​နည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

၂၁ တိုင်းနိုင်ငံ​များသည် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်​အတွင်း ပထမ​ကမ္ဘာ​စစ်​ဖြင့် အလုပ်​ရှုပ်​ကာ မျိုးချစ်စိတ် မွှန်​ထူ​နေကြ​ပြီး သက်သေခံ​နှစ်ပါး​၏ ဘာသာရေး​ရန်သူများ​က​လည်း ၁၉၁၈ ခုနှစ် နွေဦး​ပေါက်​ရာသီ​တွင် ထို​အခြေအနေ​ကို အခွင့်အရေး​ယူ​ကာ အစိုးရ​၏ ဥပဒေယန္တရား​ကို က​လိမ်​ဉာဏ်​ဖြင့် သုံးစွဲ​လျက် ကျမ်းစာ​ကျောင်းသား​များ​၏ တာဝန်ခံ ဓမ္မ​အမှုဆောင်​များ​အား နိုင်ငံတော်​ကို အ​ကြည်​အညို​ပျက်​အောင်​ပြု​သည်​ဟု မ​တရားစွဲ​ဆိုပြီး ထောင်ချ​ခဲ့​သည်။ ထို​အမှုဆောင်​များ​၏ သစ္စာရှိ လုပ်ဖော်ဆောင်ဖက်​များလည်း ကြက်​သေ​သေ​ခဲ့​ကြသည်။ နိုင်ငံတော်​လုပ်ငန်း ရပ်တန့်​သွား​မတတ် ဖြစ်​ခဲ့​သည်။ ဟောပြောခြင်း​လုပ်ငန်း သေသွား​သည့်​အလား​ပင်။ ကျမ်းစာ​ခေတ်​၌ အောက်မေ့​ရာ​ဂူ​ထဲ မြှုပ်နှံ​မခံရ​လျှင် အကြီးအကျယ် အရှက်ကွဲ​ရ၏။ (ဆာလံ ၇၉:၁-၃; ၃ ဓမ္မ​ရာဇဝင် ၁၃:၂၁၊ ၂၂) ထို့​ကြောင့်၊ သက်သေခံ​နှစ်ပါး​ကို မ​သင်္ဂြိုဟ်​ဘဲ​ထားခြင်း​ဖြင့် သူတို့ကို အကြီးအကျယ် အသရေပျက်​စေ​အံ့။ ရာသီဥတု​ပူပြင်း​သော ပါလက်စတိုင်း​ဒေသ​၌ အလောင်း​တစ်​လောင်း​ကို လမ်းပေါ်​၌ ပကတိ သုံးရက်​ခွဲ​ချထား​လျှင် မ​ပုပ်​ဘဲ​နေ​မည်​မဟုတ်။ * (ယောဟန် ၁၁:၃၉ နှိုင်းယှဉ်။) သို့ဖြင့်၊ ပရောဖက်ပြုချက်​ပါ ဤ​အသေးစိတ်​အချက်အလက်​က သက်သေခံ​နှစ်ပါး​ခံရ​သော အရှက်ကွဲ​ပုံ​ကို​ပြ​၏။ ထောင်ချ​ခံရ​သော အထက်ပါ​ပုဂ္ဂိုလ်​များသည် အယူခံဝင်​နေစဉ် အာမခံ​နှင့်​လွှတ်​ခွင့်​ပင်မ​ရ။ သူတို့အား “မြို့ကြီး” ထဲ​က​မြို့သား​များ နှာခေါင်း​ရှုံ့​သည်​တိုင် လူတကာ​ရှေ့ အရှက်ခွဲ​ခဲ့​ကြသည်။ ထို “မြို့ကြီး” ကား အဘယ်နည်း။

၂၂။ (က) မြို့ကြီး​ကား အဘယ်နည်း။ (ခ) စာနယ်ဇင်း​လောကသည် သက်သေခံ​နှစ်ပါး တိတ်​သွား​သည့်​အဖြစ်​အတွက် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​နှင့်အတူ မည်သို့​ရွှင်မြူး​ခဲ့​ကြ​သနည်း။ (လေးထောင့်ကွက်​ကို​ရှု။)

၂၂ ယောဟန်​က သဲလွန်စ​အချို့​ပေး​၏။ သူက ထို​မြို့၌ ယေရှု​နှက်တိုင်​တင် အသတ်ခံရ​သည်​ဟု​ဆို​၏။ ထို့​ကြောင့် ယေရုရှလင်​မြို့ကို ကျွန်ုပ်​တို့​တန်း​၍ သတိရ​လိုက်​သည်။ ထို​မြို့ကြီးကို သောဒုံ​နှင့် အိဂျစ်​ဟူ၍လည်း ခေါ်​သည်​ဟု​ဆို​ပြန်​သည်။ တစ်ချိန်က ပကတိ​ယေရုရှလင်​မြို့ကို ၎င်း​၏​ညစ်ညမ်း​သော အကျင့်အကြံ​များ​ကြောင့် သောဒုံ​ဟု ခေါ်​ခဲ့​ဖူး​သည်။ (ဟေရှာယ ၁:၈-၁၀; ယေဇကျေလ ၁၆:၄၉၊ ၅၃-၅၈ နှိုင်းယှဉ်။) ပထမ ကမ္ဘာ့​အင်အားကြီး​နိုင်ငံ အိဂျစ်​လည်း တစ်ခါတစ်ရံ ဤ​လောကီ​စနစ်​ကို ပုံဆောင်​သည်။ (ဟေရှာယ ၁၉:၁၊ ၁၉; ယောလ ၃:၁၉) ထို့​ကြောင့်၊ ထို​မြို့ကြီး​သည် ညစ်ညမ်း​သော “ယေရုရှလင်” ကို​ပုံဆောင်​၏။ ၎င်း​က ဘုရားသခင်​ကို ကိုးကွယ်​သည်​ဆို​သော်လည်း သောဒုံ​ကဲ့သို့ ညစ်ညမ်း​ပြီး အပြစ်​နှင့်​မကင်း​သည့်​ပြင် အိဂျစ်​ကဲ့သို့ စာတန့်​လောကီ​စနစ်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ ၎င်း​သည် သစ္စာမဲ့​ယေရုရှလင်​မြို့​၏ ခေတ်​သစ်​ပုံတူ ခရစ်ယာန်ဘောင်​ကို ပုံခိုင်း​သည်။ မိမိတို့ကို​နှောင့်ယှက်​သော သက်သေခံ​နှစ်ပါး​၏ ဟောပြောခြင်း တိတ်ဆိတ်​သွားသော​အခါ ထို​အဖွဲ့အစည်း​၏ အသင်းသားများ​အဖို့ အူ​မြူး​စ​ရာ​အကြောင်း ဖြစ်​ခဲ့​သည်။

ပြန်ရှင်​လာပြီ

၂၃။ (က) သုံးရက်​ခွဲ​လွန်​သော် သက်သေခံ​နှစ်ပါး ဘာ​ဖြစ်၍ ယင်းကြောင့် သူတို့၏​ရန်သူများ ဘာဖြစ်​ကြ​သနည်း။ (ခ) အရိုး​ခြောက်​များ​ရှိရာ ချိုင့်ဝှမ်း​အပေါ် ယေဟောဝါ လေ​မှုတ်​တော်​မူ​ခြင်း​ဆိုင်ရာ ယေဇကျေလ ပရောဖက်ပြုချက်​နှင့် ဗျာဒိတ် ၁၁:၁၁၊ ၁၂ တို့သည် အဘယ်​အချိန်တွင် ခေတ်​သစ်​ပြည့်စုံမှု​တစ်ရပ် ရှိခဲ့​သနည်း။

၂၃ စာနယ်ဇင်း​လောကသည် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​နှင့် ပူးပေါင်း​ပြီး ဘုရားသခင့် လူမျိုးတော်​အကြောင်းကို သွားပုပ်လေလွင့် ရေးသား​ကြ​၏။ သတင်းစာ​တစ်စောင်​က “ပြီးဆုံးလေသော နက်နဲရာ ကို​အဆုံးသတ်​လိုက်ပြီ” ဟု​ဆို​၏။ အဖြစ်မှန်​နှင့် ဝေ​လာ​ဝေး။ သက်သေခံ​နှစ်ပါး သေ​လျက်​မနေ​ပါ။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “သုံးရက်​ခွဲ လွန်​သည့်​နောက်၊ ဘုရားသခင့်​ထံ​တော်​မှ အသက်​ဝိညာဉ်​သည် ထို​သူတို့​အထဲ​သို့ ဝင်​သဖြင့် သူတို့သည် မိမိတို့၏ ခြေထောက်​ပေါ်​တွင် မတ်တတ်ရပ်​ကြ​၏။ သူတို့ကို မြင်​သော​သူတို့သည် ကြီးစွာ ထိတ်လန့်​ကြ​ကုန်​၏။ ‘ဤ​နေရာသို့ တက်လာ​လော့’ ဟု မိမိတို့​အား ကောင်းကင်​မှ ကျယ်​သော​အသံ​ဖြင့် ဆို​သည်ကို သူတို့​ကြား​ရ​ကြ​၏။ မိုးတိမ်​ဖြင့် ကောင်းကင်​သို့ သူတို့​တက်​သွား​ကြ​ရာ ရန်သူများ​သည် သူတို့ကို မြင်ရ​ကြ​၏။” (ဗျာဒိတ် ၁၁:၁၁၊ ၁၂) သို့ဖြင့်၊ သူတို့၏​အဖြစ်​သည် ရူပါရုံ​၌ ယေဇကျေလ ရောက်​ခဲ့​သော​ချိုင့်ဝှမ်း​ထဲ​က အရိုး​ခြောက်​များ​အဖြစ်​နှင့် တူ​၏။ ၎င်း​အရိုး​ခြောက်​များ​အပေါ် ယေဟောဝါ လေ​မှုတ်​လိုက်​ရာ ၎င်း​တို့​အသက်ရှင်​လာ​၏။ ယင်း​အချက်​က ဗာဗုလုန်​တွင် အနှစ် ၇၀ ချုပ်နှောင်​ခံသည့်​နောက် ဣသရေလ​နိုင်ငံ ပြန်လည်​ထူထောင်​လာ​ခြင်း​ကို ပုံဆောင်​သည်။ (ယေဇကျေလ ၃၇:၁-၁၄) ယေဇကျေလကျမ်း​နှင့် ဗျာဒိတ်ကျမ်း​ပါ ယင်း​ပရောဖက်ပြုချက် နှစ်ချက်​သည် ၁၉၁၉ ခုနှစ်​တွင် သိသာ​ထူးခြား​စွာ ပြည့်စုံ​လာ​သည်။ ထို​နှစ်​၌ ယေဟောဝါ​သည် မိမိ၏ “သေလွန်” ခဲ့​သော သက်သေခံ​များ​အား ပြန်လည်​တက်ကြွ လှုပ်ရှား​လာ​စေတော်မူ​၏။

၂၄။ သက်သေခံ​နှစ်ပါး အသက်ပြန်ရှင်​လာသော​အခါ သူတို့ကို​ညှဉ်းဆဲ​ခဲ့​သော ဘာသာရေး​သမားများ ဘာဖြစ်​ကြ​သနည်း။

၂၄ ထို​ညှဉ်းဆဲ​သူများ​အဖို့ ထိတ်လန့်ဖွယ်​ပါ​တကား။ သက်သေခံ​နှစ်ပါး​၏ အလောင်း​များ ရုတ်ခြည်း​ပြန်ရှင်​လာ၍ တက်ကြွ​လှုပ်ရှား​လာ​၏။ ၎င်း​သည် ထို​ဓမ္မ​ဆရာများ မျို၍​မကျ​နိုင်သော ဆေး​ခါး​ကြီး​ဖြစ်၏။ မိမိတို့၏ မတရား​ကြံစည်​မှု​ကြောင့် ထောင်ကျ​ခဲ့​သော ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ လွတ်မြောက်​လာ​ကြ​သည့်​ပြင် နောက်ပိုင်း၌ ကွင်း​လုံး​ကျွတ် လွတ်​ခဲ့​ကြ​သဖြင့် သူတို့​အဖို့ သာ၍​ပင်​ခံပြင်း​စ​ရာ​ဖြစ်၏။ ၁၉၁၉၊ စက်တင်ဘာ​လ​၌ ကျမ်းစာ​ကျောင်းသား​များ အမေရိကန်​ပြည်ထောင်စု၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့တွင် စည်းဝေးကြီး ကျင်းပ​ကြသောအခါ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် ထို​ထက်မက အူ​တုန်​သည်း​တုန် ဖြစ်​ခဲ့​ကြ​မည်​မုချ။ မကြာသေးမီ​က ထောင်​မှ​လွတ်​လာသော ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က ဗျာဒိတ် ၁၅:၂ နှင့် ဟေရှာယ ၅၂:၇ ကို​အခြေခံ​သော “နိုင်ငံတော်​ကို ကြေညာ​ခြင်း” ဟူသော​ဟောပြောချက်​ဖြင့် ပရိသတ်​များ​ကို လှုံ့ဆော်​လိုက်​သည်။ ယောဟန်​အတန်းအစား​ဝင်​များ တစ်ဖန် “ပရောဖက်ပြု” ၍ လူရှေ့​သူ​ရှေ့ ဟောပြောကြ​ပြန်​သည်။ သူတို့သည် ခွန်အား​ကြီးထွား​သည်ထက် ကြီးထွား​လာပြီး ခရစ်ယာန်ဘောင်​၏ အရေခြုံမှု​ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်​ရှုတ်ချ​လေ​သည်။

၂၅။ (က) အဘယ်​အချိန်၌ သက်သေခံ​နှစ်ပါး​အား “ဤ​နေရာသို့ တက်လာ​လော့” ဟု မိန့်ဆို​သနည်း၊ မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။ (ခ) သက်သေခံ​နှစ်ပါး ပြန်ရှင်​လာ​ခြင်း​ကြောင့် ထို​မြို့ကြီး မည်သို့​တုန်လှုပ်​သွား​သနည်း။

၂၅ ခရစ်ယာန်ဘောင်​သည် မိမိ၏ ၁၉၁၈ ခုနှစ်​က အောင်မြင်မှု​မျိုးကို ပြန်​ရ​လို​ရ​ငြား ထပ်တလဲလဲ ကြိုးစား​၏။ လူအုပ်​ဖြင့် တိုက်ခိုက်​၍​တစ်မျိုး၊ ဥပဒေ​အရ ဉာဏ်​ဆင်​၍​တစ်​ဖုံ၊ ထောင်ချ​ရုံ​မ​က အဆုံးစီရင်​ခြင်း​ဖြင့်​တစ်​သွယ် အမျိုးမျိုး အားထုတ်​သော်လည်း သဲ​ထဲ​ရေ​သွန်​ဖြစ်​ခဲ့​သည်။ ၁၉၁၉ ခုနှစ်​နောက်​၌ သက်သေခံ​နှစ်ဦး​၏ ဝိညာဉ်​ရေး​ပိုင်နက်​ကို ခရစ်ယာန်ဘောင် လက်လှမ်းမမီ​နိုင်​တော့။ ထို​နှစ်​၌ ယေဟောဝါ​က သူတို့အား “ဤ​နေရာသို့ တက်လာ​လော့” ဟု​မိန့်တော်မူ​သဖြင့် သူတို့သည် ရန်သူများ မြင်သာ​မြင်​၍ မထိ​နိုင်သော ဝိညာဏ​အခြေအနေ​သို့ တက်​သွား​ကြ​လေ​သည်။ သူတို့၏ ပြန်လည်​ထူထောင်​မှု​ကြောင့် လူ​တို့​ထိတ်လန့်​ကြ​ရ​ပုံ​ကို ယောဟန် ဤသို့​ဖော်ပြ​လိုက်​သည်– “ထို​အချိန်နာရီ​၌ ငလျင်​ကြီး လှုပ်​သဖြင့် မြို့ကြီး​၏ ဆယ်​ပုံ​တစ်​ပုံ ပြိုပျက်​၍ ထို​ငလျင်​ကြောင့် လူ​ခု​နစ်​ထောင် သေကြ​၏။ ကျန်​သော​လူတို့သည် ထိတ်လန့်​လျက် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးကျူး​ကြ​ကုန်​၏။” (ဗျာဒိတ် ၁၁:၁၃) ဘာသာရေး​နယ်ပယ် တကယ်​သိမ့်​သိမ့်​တုန်​ခဲ့​သည်။ ပြန်လည်​အသက်ဝင် လှုပ်ရှား​လာသော ဤ​ခရစ်ယာန်​အုပ်စု လုပ်ငန်း​စတင်​သည်​နှင့်​အမျှ ဖွဲ့စည်း​တည်ထောင်​ထားသော ချာ့ခ်ျ​များ​၏ ခေါင်းဆောင်​များ​ဖဝါး​အောက်​မှ မြေ​မ​ဟီ​သည် လှုပ်ခါ​သွား​သလို ဖြစ်​ခဲ့​သည်။ သူတို့၏​မြို့ကြီး ဆယ်​ပုံ​တစ်​ပုံ၊ ခိုင်းနှိုင်း​ချက်​ဖြစ်သော လူ ၇,၀၀၀ သည် သေသွား​သည်​ဟု ဆို​ရ​လောက်​အောင် ဂယက်ရိုက်​ခံရ​သည်။

၂၆။ ဗျာဒိတ် ၁၁:၁၃ ပါ “မြို့ကြီး​၏ ဆယ်​ပုံ​တစ်​ပုံ” နှင့် “လူ​ခု​နစ်​ထောင်” တို့​က မည်သူ​များ​ကို တင်စား​သနည်း။ ရှင်းပြပါ။

၂၆ “မြို့ကြီး​၏ ဆယ်​ပုံ​တစ်​ပုံ” ဟူသော​စကား​က ရှေး​ယေရုရှလင်​မြို့​နှင့် စပ်​လျ​ဉ်း​သော ဟေရှာယ​ပရောဖက်ပြုချက်​ကို သတိ​ရစေသည်။ ဟေရှာယ​က ၎င်း​မြို့​ပျက်စီး​သောအခါ ၎င်း​၏​ဆယ်​ပုံ​တစ်​ပုံ​သည် သန့်ရှင်းသော​မျိုးစေ့​အဖြစ် ရှင်​ကျန်​မည်​ဟု​ဆို​၏။ (ဟေရှာယ ၆:၁၃) ထို့​နည်းတူ၊ ၇,၀၀၀ ဟူသော​ကိန်း​က ဣသရေလ​တစ်နိုင်ငံ​လုံး​တွင် မိမိ​တစ်ဦးတည်း​သာ သစ္စာရှိ​တော့​သည်​ဟု ဧလိယ​ဆို​စဉ် ယေဟောဝါ​က ဗာလ​ရှေ့ ဒူး​မ​ထောက်​သူ ၇,၀၀၀ ရှိသေး​ကြောင်း မိန့်ကြား​ခဲ့​သည်ကို သတိ​ရစေသည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁၄၊ ၁၈) ပထမ​ရာစု​၌ တမန်​တော်​ပေါလု​က အဆိုပါ​လူ ၇,၀၀၀ သည် ခရစ်တော်​နှင့်​ဆိုင်သော သတင်းကောင်းကို​လက်ခံသည့် ဂျူး​အကြွင်းအကျန်​ကို ပုံဆောင်​သည်​ဟု​ဆို​၏။ (ရောမ ၁၁:၁-၅) ဤ​ကျမ်းချက်​များ​ကို​ထောက်​လျှင် ဗျာဒိတ်ကျမ်း​ပါ “လူ​ခု​နစ်​ထောင်” နှင့် “မြို့ကြီး​၏ ဆယ်​ပုံ​တစ်​ပုံ” တို့​မှာ ပြန်ရှင်​လာသော သက်သေခံ​နှစ်ပါး​၏ စကား​ကို​နားထောင်ပြီး အပြစ်​မကင်း​သော​မြို့ကြီးကို စွန့်ခွာ​သူများ​ဖြစ်​ကြောင်း နားလည်​နိုင်​ပါ​သည်။ သူတို့သည် ခရစ်ယာန်ဘောင်​နှင့် စပ်လျဉ်း၍ သေလွန်​သကဲ့သို့ ဖြစ်​ကြ​၏။ မိမိတို့၏​နာမည်​များ​ကို ခရစ်ယာန်ဘောင်​၏ နာမည်​စာရင်း​ထဲ​မှ နုတ်​ပယ်​လိုက်​၏။ သူတို့သည် ခရစ်ယာန်ဘောင်​နှင့် ပတ်သက်​လျှင် မတည်ရှိ​တော့​ချေ။ *

၂၇၊ ၂၈။ (က) ‘ကျန်​သော​လူတို့သည် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​၏ ဂုဏ်တော်​ကို’ မည်သို့ ‘ချီးကျူး’ ကြ​သနည်း။ (ခ) ခရစ်ယာန်ဘောင် ဘုန်းကြီး​ဓမ္မ​ဆရာများ ဘာကို အောင့်သက်သက် ဝန်ခံ​ရ​ကြ​သနည်း။

၂၇ သို့သော်၊ ခရစ်ယာန်ဘောင်​၏ ‘ကျန်​သော​လူတို့သည် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​၏ ဂုဏ်တော်​ကို’ မည်သို့ ‘ချီးကျူး’ ကြ​သနည်း။ မိမိတို့၏ အယူဖောက်ပြန်​သော ဘာသာ​ကို​စွန့်​၍ ဘုရားသခင့်​အစေခံများ ဖြစ်လာ​ခြင်း​ဖြင့် မဟုတ်​သည်​မှာ သေချာ​သည်။ သို့​အစား၊ “ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးကျူး​ကြ​ကုန်​၏” ဟူသော​စကားရပ်​ကို ဆွေးနွေး​တင်ပြ​ရာ​၌ ဗင်​စ​င့်​ပြုစု​သော ဓမ္မသစ်​ကျမ်း​မှ စကားလုံး လေ့လာချက်​များ ဟူသော​စာအုပ်​၌ ရှင်းလင်း​ဖော်ပြ​သည့်​အတိုင်း ဖြစ်သည်။ ၎င်း​စာအုပ်​၌ ဤသို့​ဖော်ပြ​သည်– “ထိုစကား​စု​က ဘာသာ​ပြောင်း​ခြင်း၊ နောင်တ​ရခြင်း၊ ကျေးဇူးတော် ချီးမွမ်း​ခြင်း​တို့ကို မဆိုလို၊ ကျမ်းစာ​ပါ ခါ​တိုင်း​အဓိပ္ပာယ်​ဖြစ်သော အသိအမှတ်​ပြုခြင်း ကို​ပြော​လို​သည်။ ယောရှု ခု​နစ်၊ ၁၉ (ခု​နစ်​ကျိပ်​ကျမ်း) နှင့်​နှိုင်းယှဉ်ပါ။ ယောဟန် ကိုး၊ ၂၄; တမန်​တော် တစ်ဆယ့်​နှစ်၊ ၂၃; ရောမ လေး၊ ၂၀။” ကျမ်းစာ​ကျောင်းသား​များ​၏ ဘုရားသခင်​သည် သူတို့အား ခရစ်ယာန်​လုပ်ငန်း​၌ ပြန်လည်​သက်ဝင် လှုပ်ရှား​လာ​စေရန် မဟာ​အမှုတော်​တစ်ရပ် ပြု​တော်​မူ​ခဲ့​ကြောင်းကို ခရစ်ယာန်ဘောင်​က အသိအမှတ် ပြု​ရသော​ကြောင့် ကြိတ်​မ​နိုင် ခဲ​မရ ဖြစ်​ရလေ​သည်။

၂၈ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​က စိတ်ထဲ​၌​ဖြစ်စေ၊ သူတို့​ချင်း​ရှေ့မှာ​ဖြစ်စေ ထိုသို့​သိမှတ်​ခြင်း​သာ ဖြစ်ချင်​ဖြစ်​မည်။ သူတို့​ထဲ​က​မည်သူမျှ ထို​သက်သေခံ​နှစ်ပါး​၏ ဘုရားသခင်​ကို လူတကာ​ရှေ့ တရားဝင် အသိအမှတ်ပြု​သည်မဟုတ်။ သို့ရာတွင်၊ ယောဟန်​အားဖြင့်​ရသော ယေဟောဝါ​၏ ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့အား သူတို့​နှလုံး​ထဲ​မှ ခံစားချက်​ကို ငုံ​မိ​စေပြီး ၁၉၁၉ ခုနှစ်​တွင် သူတို့​မည်သို့ သွေး​လေ​ချောက်ချား​ကာ သိက္ခာ​ကျ​ခဲ့​ကြသည်​ကို နားလည်စေ​သည်။ ထို​နှစ်​မှ​စ၍ ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​သည် မိမိတို့၏​သိုးများ​ကို မလွှတ်​တမ်း ချုပ်ကိုင်​ရန် အားထုတ်​နေသည့်​ကြား​မှ “လူ​ခု​နစ်​ထောင်” ခရစ်ယာ​န်​ဘောင်​ကို စွန့်ခွာ​သွားပြီ​ဖြစ်​ရာ ယောဟန်​အတန်းအစား​၏ ဘုရားသခင်​သည် မိမိတို့၏​ဘုရား​ထက် တန်ခိုး​ကြီး​ကြောင်း အောင့်သက်သက်​နှင့် ဝန်ခံ​ရလေ​သည်။ နောက်​နှစ်များ​၌ သူတို့၏​သိုးအုပ်​ထဲ​မှ ထို​မျှ​မ​က​သော​လူများ ထွက်ခွာ​လာ​ကြ​မည်​ဖြစ်၍ ထို့​ထက်မက ပို​၍​ရှင်းလင်းစွာ သူတို့ နားလည်​လာ​ကြ​မည်​ဖြစ်၏။ ယင်းကြောင့်၊ ကရမေလ​တောင်ပေါ်​တွင် ဗာလ​ကိုကိုး​ကွယ်​သော ဘာသာရေး​သမားများ​အပေါ် ဧလိယ အောင်ပွဲခံ​စဉ်​က “ယေဟောဝါ​သည် ဘုရားစစ် ဘုရား​မှန် ဖြစ်​တော်​မူ​၏။ ယေဟောဝါ​သည် ဘုရားစစ် ဘုရား​မှန် ဖြစ်​တော်​မူ​၏” ဟူသော လူတို့၏​ကြွေးကြော်​သံ တစ်ဖန် ပဲ့​တင်​ဟိန်း​သွား​မည်​ဖြစ်၏။​—၃ ဓမ္မ​ရာဇဝင် ၁၈:၃၉က​ဘ။

၂၉။ အဘယ်အရာ အလျင်အမြန် လာ​မည်​ဟု ယောဟန်​ဆို​သနည်း၊ ခရစ်ယာန်ဘောင်​အဖို့ အဘယ်​တုန်လှုပ်​မှု ဖြစ်​ဦး​မည်​နည်း။

၂၉ သို့သော်၊ နားထောင်ပါ။ ယောဟန် ဤသို့​ဆို​၏– “ဒုတိယ အမင်္ဂလာ လွန်သွား​လေ​ပြီ။ ကြည့်​လော့။ တတိယ အမင်္ဂလာ အလျင်အမြန် လာ​လိမ့်​မည်။” (ဗျာဒိတ် ၁၁:၁၄) ခရစ်ယာန်ဘောင်​သည် လက်ရှိ​အချိန်အထိ ဖြစ်​ခဲ့​သမျှ​အရာများ​ကြောင့် ရင်တုန်​ခဲ့​လျှင် တတိယ​အမင်္ဂလာ​ကို ကြေညာ​၍ သတ္တမ​ကောင်းကင်တမန် တံပိုးခရာ​မှုတ်​ပြီး ဘုရားသခင့် မြင့်မြတ်​သော​လျှို့ဝှက်ချက် ပြည်ဖုံးကား​ချ ပြီးစီး​ခြင်း​သို့ ရောက်​သောအခါ မည်သို့​ဖြစ်​ချေ​အံ့​နည်း။​—ဗျာဒိတ် ၁၀:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 မဟာ​ဝိညာဏ​ဗိမာန်တော်​ဆိုင်ရာ အသေးစိတ် ဆွေးနွေးချက်​ကို ၁၉၉၆၊ ဇူလိုင် ၁ ကင်းမျှော်စင် ပါ “ယေဟောဝါ​၏ မဟာ​ဝိညာဏ​ဗိမာန်တော်” ဆောင်းပါး​တွင်​ရှု။

^ အပိုဒ်၊ 20 “တွင်း​နက်​ကြီး” (ဂရိ aʹbys·sos အာ​ဘီ​စော့စ်; ဟေဗြဲ tehohmʹ တယ်​ဟု​မ်း) သည် ပုံခိုင်း​ချက်​အရ၊ လှုပ်ရှားမှု ကင်းမဲ့​သော​နေရာကို ရည်ညွှန်း​သည်။ (ဗျာဒိတ် ၉:၂ ရှု။) သို့သော်၊ စာသား​အရ၊ ကျယ်ပြော​နက်ရှိုင်း​သော ပင်လယ်​ကိုလည်း ရည်ညွှန်း​နိုင်​သည်။ ဟေဗြဲ​စကားလုံး​ကို “ပင်လယ်​သမုဒ္ဒရာ” ဟု​ပြန်ဆို​လေ့​ရှိသည်။ (ဆာလံ ၇၁:၂၀က​ဘ; ၁၀၆:၉၊ သမ္မာ; ယောန ၂:၅) သို့​ဖြစ်၍ “တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​သော​သားရဲ” သည် “ပင်လယ်​ထဲ​မှ တက်လာ​သော​သားရဲ” ဖြစ်သည်ဟု​ဆိုနိုင်​သည်။​—ဗျာဒိတ် ၁၁:၇; ၁၃:၁

^ အပိုဒ်၊ 21 ဤ​တစ်ကြိမ် ဘုရားသခင့်​လူမျိုးတော်​၏ တွေ့ကြုံမှု​များ​ကို ဆန်းစစ်​ရာ​၌ ၄၂ လ​သည် ပကတိ သုံးနှစ်ခွဲ​ကို​တင်စား​သော်လည်း သုံးရက်​ခွဲ​သည် ပကတိ ၈၄ နာရီ​ကို မတင်​စား​ပါ။ ၎င်း​မတိုင်မီ​က ပကတိ သုံးနှစ်ခွဲ​နှင့်​ယှဉ်​လျှင် တိုတောင်း​သော အချိန်ပိုင်း​သာ​ဖြစ်​ကြောင်းကို ပေါ်လွင်​စေရန် သုံးရက်​ခွဲ​ဟူ​သည့် တိကျသော​ကာလပိုင်း​ကို အခန်းငယ် ၉ နှင့် ၁၁ ၌ နှစ်ကြိမ်​တိုင်​ဖော်ပြခြင်း ဖြစ်​ဟန်​တူ​သည်။

^ အပိုဒ်၊ 26 ရောမ ၆:၂၊ ၁၀၊ ၁၁; ၇:၄၊ ၆၊၊; ဂလာတိ ၂:၁၉; ကောလောသဲ ၂:၂၀; ၃:၃ စ​သော​ကျမ်းချက်​များ​ပါ “စု​တေ၊” “အသေ​ဖြစ်၊” “အသက်ရှင်” ဟူသော​စကား​များ သုံးနှုန်းပုံ​နှင့် နှိုင်းယှဉ်ပါ။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၈ ပါ လေးထောင့်ကွက်]

ဗျာဒိတ် ၁၁:၁၀ မှ ဝမ်းမြောက်​ရွှင်မြူး​ခြင်း

၁၉၃၃ ခုနှစ်​တွင် ထုတ်ဝေ​သော တရားဟော​ဆရာများ သေနတ်​မြှောက်၍ အလေးပြုခြင်း ဟူသော​စာအုပ်​၌ ရေး အိပ်ခ်ျ၊ အေ​ဘ​ရမ်​စ်​က ကျမ်းစာ​ကျောင်းသား​များ​၏ ပြီးဆုံးလေသော နက်နဲရာ စာအုပ်​ကို ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု ခါးခါးသီးသီး ဆန့်ကျင်​ပုံ​အကြောင်း ရည်ညွှန်း​ထား​၏။ ကျမ်းစာ​ကျောင်းသား​များနှင့် သူတို့၏ “အော့​ကြော​လ​န်ဖွယ် စည်းရုံး​သိမ်းသွင်း​မှု” ကို​ရှင်းပစ်​ရန် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု ကြိုးပမ်း​ကြ​ပုံ​ကို ဝေဖန်​သုံးသပ်​၏။ ထိုသို့​ကြိုးပမ်း​ကြ​ရာ​မှ အမှု​ဖြစ်လာ​ပြီး ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​နှင့် အပေါင်းပါ​ခု​နစ်​ဦး ထောင်ဒဏ်​အနှစ်​များစွာ ကျ​ခံရန် အပြစ်ဒဏ် ပေး​ခံရ​လေ​သည်။ ဒေါက်တာ အေ​ဘ​ရမ်​စ် ဤသို့​ဆက်၍​ဆို​၏– “အမှု​တစ်ခုလုံး​ကို ဆန်းစစ်​ကြည့်​သော်၊ ရပ်စဲ​လ်​နောက်လိုက်​များ​ကို ချေမှုန်း​ပစ်​ရန်​ကြံစည်​သော လှုပ်ရှားမှု​နောက်ကွယ်​၌ အစ​မူလ​အဖြစ် ချာ့ခ်ျ​များနှင့် ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု စက်​ပုန်း​ခုတ်​ခဲ့​သည်​ဟူသော အဖြေကို​ရ၏။ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီ​လ​တွင် ကနေဒါ​နိုင်ငံ​၌ ဓမ္မ​ဆရာများ​သည် ရပ်စဲ​လ်​နောက်လိုက်​များနှင့် သူတို့၏​စာအုပ်စာတမ်း​များ၊ အထူးသဖြင့် ပြီးဆုံးလေသော နက်နဲရာ စာအုပ်​ကို စနစ်တကျ စတင်​တိုက်​စစ်ဆင်​၏။ ဝင်း​န​ဖက်​မြို့​ထုတ် အာဘော် ရေးသားချက်​အရ၊ . . . သူတို့၏​စာအုပ် ပိတ်ပင်​ခံရ​သည့် တိုက်ရိုက်​အကြောင်းရင်း​မှာ ‘ဘုန်းကြီး​ဓမ္မ​ဆရာ​အုပ်စု​၏ တောင်းဆိုမှု’ ဖြစ်သည်ဟု ယုံကြည်​ရသည်။”

ဒေါက်တာ အေ​ဘ​ရမ်​စ် ဤသို့​ဆက်၍​ရေးသား​၏– “အနှစ်​နှစ်​ဆယ်​ထောင်ဒဏ် အပြစ်ပေးခြင်း​သတင်းကို ဘာသာရေး​စာနယ်ဇင်း အယ်ဒီတာ​များ ကြား​ရသောအခါ ကြီးငယ်မဟူ၊ လူ​သူအား​လုံး​ဆို​ရ​မလောက် ဝမ်းသာ​အယ်​လဲ ဖြစ်​ခဲ့​ကြသည်။ ရှေး​ရိုး​စွဲ​ဘာသာရေး ဂျာနယ်​တစ်စောင်​က​မျှ ကိုယ်ချင်းစာ​စကား တစ်လုံး​တစ်​ပါ​ဒ ရေးသား​သည်ကို ကျွန်ုပ်​ရှာမတွေ့​နိုင်။ ‘သူတို့​ထိုသို့ နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​မှာ တစ်ပိုင်း​တစ်စ​အားဖြင့်၊ “ရှေး​ရိုး​စွဲ” ဘာသာရေး​အဖွဲ့​များ​က သူတို့ကို မုန်း​၍​ဖြစ်​ကြောင်း သံသယ​မရှိ’ ဟု အပ်​တွန် စင်း​က​လဲ​က မှတ်ချက်ချ​လိုက်​သည်။ ချာ့ခ်ျ​များ စုပေါင်း​အားထုတ်​၍ မစွမ်းဆောင်​နိုင်သော အမှုကို အစိုးရ​က သူတို့​အတွက် ဆောင်ရွက်​လိုက်​ဟန်​တူ​သည်။” ဘာသာရေး​စာနယ်ဇင်း အမြောက်အမြား​၏​သိက္ခာ​ချ ရေးသားချက်​များ​ကို ကိုးကား​ဖော်ပြ​ပြီး​နောက် စာရေး​ဆရာ​က အယူခံ​တရားရုံး အမှုကို​ပ​လ​ပ်​လိုက်​ကြောင်း ဖော်ပြ​လျက် ဤသို့​မှတ်ချက် ပေး​လိုက်ပါ​သည်။ “ချာ့ခ်ျ​များ ထို​စီရင်ချက်​ကို ကြားသိ​ရသောအခါ တိတ်​သွား​ကြ​၏။”

[စာမျက်နှာ ၁၆၃ ပါ ရုပ်ပုံ]

ဝိညာဏ​ဗိမာန်တော်ကို ယောဟန် တိုင်းတာ ​—စံနှုန်း​များ​ကို ဘိသိက်ခံ ယဇ်ပုရောဟိတ် အတန်းအစား ပြည့်မီ​ရ

[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]

ဇေရုဗဗေလ​နှင့် ယောရှု​တို့၏ ပြန်လည်​ဆောက်လုပ်ရေး​လုပ်ငန်း​က သခင့်​နေ့​တော်​အတွင်း ယေဟောဝါသက်သေ​များ​၏ မပြော​ပ​လောက်​သော အစပြု​မှု​သည် အကြီးအကျယ် တိုးပွား​လိမ့်​မည်​ကို ဖော်ပြ​သည်။ နယူးယောက်၊ ဘ​ရွတ်​က​လင်​မြို့ရှိ အထက်ပါ အဆောက်အအုံ​များ​ကဲ့သို့​သော ပုံနှိပ်​တိုက် အဆောက်အအုံ​ကြီး​များ​ကို လိုအပ်​သလို တိုးချဲ့​ခဲ့​ရ

[စာမျက်နှာ ၁၆၆ ပါ ရုပ်ပုံ]

မောရှေ​နှင့် ဧလိယ​တို့၏ ပရောဖက်ပြု​လုပ်ငန်း​က သက်သေခံ​နှစ်ပါး ကြွေးကြော် ခဲ့​သော မီး​ပ​မာ စီရင်ချက်​များ​ကို ပုံဆောင်

[စာမျက်နှာ ၁၆၉ ပါ ရုပ်ပုံ]

ယေဇကျေလ အခန်းကြီး ၃၇ မှ အရိုး​ခြောက်​များ နည်းတူ သက်သေခံ​နှစ်ပါး​သည် မျက်မှောက်ခေတ် ဟောပြောခြင်း​လုပ်ငန်း​အတွက် ပြန်ရှင်​သန်​လာ