မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သခင့်နေ့တော်အတွင်းမှ ငလျင်များ

သခင့်နေ့တော်အတွင်းမှ ငလျင်များ

အခန်း ၁၈

သခင့်​နေ့​တော်​အတွင်းမှ ငလျင်​များ

၁၊ ၂။ (က) ပြင်းထန်သော​မြေငလျင်​၏ အရသာ​မှာ မည်သို့​နည်း။ (ခ) ဆဋ္ဌမ​တံဆိပ်​ဖွင့်​သောအခါ ယောဟန်​မည်သို့​ဖော်ပြ​သနည်း။

င်သည် ပြင်းထန်သော​ငလျင်​လှုပ်​မှု​နှင့် ကြုံဖူး​သလော။ ပျော်ရွှင်ဖွယ်​အတွေ့အကြုံ မဟုတ်ပါ။ ငလျင်​ကြီး​လှုပ်​စ​၌ မြေ​သည် တ​အုန်းအုန်း​မြည်​ဟိန်းသံ​နှင့်အတူ လူကို​မူး​မော်​စေ​လောက်​အောင် သိမ့်​သိမ့်​ခါလာ​ပေမည်။ သင်သည် အကာအကွယ်​ရ​လို​ရ​ငြား စားပွဲ​စ​သည်​အောက် ပြေးပုန်း​သည့်​အခါ မြေကြီး​သည် လှုပ်​တစ်ချက် နား​တစ်ချက်​ဖြင့် ပို​၍​ပို​၍​ဆိုးရွား​စွာ ယိမ်းထိုး​လာပေမည်။ သို့​မဟုတ် ရုတ်ခြည်း​တရ​ကြမ်း ကိုင်​လှုပ်​လိုက်ခြင်း​လည်း ဖြစ်ချင်​ဖြစ်​မည်။ အိုး​ခွက်​ပန်းကန်​များ​ကျ​ကွဲ​ပြီး ပရိဘောဂ​များ​မ​က အဆောက်အအုံ​များ​ပင် ဝုန်း​ခ​နဲ​ပြိုပျက်​လေ​တော့​သည်။ အပျက်အစီး ကြီးမား​နိုင်​သည့်​အပြင် သိမ့်​ကြွင်း​များ အကြိမ်ကြိမ်​လှုပ်​ရာ​မှ အပျက်အစီး ပို​များ​လာ​သဖြင့် တစ်​ပူ​ပေါ်​နှစ်​ပူ ဆ​င့်​ကြ​ရ​ရှာ​သည်။

ဤ​အချက်​ကို​စွဲမှတ်​လျက် ဆဋ္ဌမ​တံဆိပ်​ဖွင့်​စဉ် ယောဟန် မည်သို့​ဖော်ပြ​သည်ကို သုံးသပ်ပါ– “သိုးသငယ်​သည် ဆဋ္ဌမ​တံဆိပ်​ကို ဖွင့်​သောအခါ ငါ​ကြည့်​လျှင် ငလျင်​ကြီး လှုပ်​လေ​၏။” (ဗျာဒိတ် ၆:၁၂က) ၎င်း​သည် အခြား​တံဆိပ်​များ​ဖွင့်​သော အချိန်​ဘောင်​အတွင်း ဖြစ်ပျက်​ရ​ပေမည်။ သို့​ဖြစ်၍ သခင့်​နေ့​တော်​အတွင်း အဘယ်​အချိန်၌ ထို​ငလျင်​လှုပ်​ပြီး မည်သို့သော​ငလျင်​မျိုး​နည်း။​—ဗျာဒိတ် ၁:၁၀

၃။ (က) အဘယ်အရာ​များ​ဖြစ်ပျက်​မည်​ဟု မိမိ၏​ရောက်ရှိခြင်း​ပုဗ္ဗနိမိတ်​ဆိုင်ရာ ပရောဖက်ပြုချက်​၌ ယေရှု​တင်ကူး​မိန့်ဆိုခဲ့​သနည်း။ (ခ) ပကတိ​ငလျင်​များသည် ဗျာဒိတ် ၆:၁၂ ပါ ပုံဆောင်​ငလျင်​ကြီး​နှင့် မည်သို့​ဆက်စပ်​သနည်း။

ကျမ်းစာ​ထဲ​၌ ပကတိ​ငလျင်​နှင့် တင်စား​သော​ငလျင် နှစ်မျိုး​စ​လုံး​အကြောင်း အကြိမ်​များစွာ​ပါရှိ​သည်။ နိုင်ငံတော်​တန်ခိုး​နှင့်​တကွ မိမိ​ရောက်ရှိခြင်း ပုဗ္ဗနိမိတ်​ဆိုင်ရာ မဟာ​ပရောဖက်ပြုချက်​တွင် “အရပ်ရပ်​တို့​၌ . . . မြေကြီး​လှုပ်ခြင်း​ဖြစ်​လိမ့်​မည်” ဟု ယေရှု​ကြိုပြော​ခဲ့​သည်။ ၎င်း​သည် “ဒုက္ခ​ဆင်းရဲခြင်း​၏ အစအဦး​ဖြစ်” မည်။ ကမ္ဘာ့​လူဦးရေ သန်းပေါင်း​ထောင်ချီ ဖြစ်လာ​သည်​နှင့်​အမျှ ၁၉၁၄ ခု​မှ​စ၍ ပကတိ​မြေငလျင်​များ​ကြောင့် ကျွန်ုပ်​တို့​ခေတ်​၏ ဆင်းရဲ​ဒုက္ခများ သိသိသာသာ တိုးများ​လာ​သည်။ (မဿဲ ၂၄:၃၊ ၇၊ ၈) ၎င်း​ငလျင်​များသည် ပရောဖက်ပြုချက်​ကို ပြည့်စုံစေခြင်း​ဖြစ်သော်လည်း ပကတိ သဘာဝ​ကပ်​များ​သာ​ဖြစ်သည်။ ဗျာဒိတ် ၆:၁၂ ပါ ပုံဆောင်​ငလျင်​ကြီး​၏ ရှေ့ပြေး​တည်း။ ထို​ငလျင်​ကြီး​သည် စာတန်​၏ လူသား​ဆိုင်ရာ မြေကြီး​စနစ်​ကို အောက်ခြေသိမ်း​ကိုင်​လှုပ်​သော ဆက်တိုက်​ဖြစ်ပွား​သည့် ရှေ့ပြေး​တုန်ခါမှု​များ​၏ ဇာတ်သိမ်း​ခန်း အဖြစ် ဆိုက်ရောက်​လာ​သည်။ *

လူ့​အဖွဲ့အစည်း​အတွင်း တုန်ခါ​ခြင်း

၄။ (က) ယေဟောဝါ​လူမျိုးတော်သည် အဘယ်​အချိန်​မှ​စ၍ ထို​ကပ်ဘေး​ခြင်း​ရာ​များ ၁၉၁၄ ခုနှစ်​မှ​စ၍ ဖြစ်ပျက်​ရန် မျှော်လင့်​ခဲ့​ကြ​သနည်း။ (ခ) ၁၉၁၄ ခုနှစ်​သည် အဘယ်​ကာလပိုင်း​၏​အဆုံးကို သတ်မှတ်​မည်​ဖြစ်သနည်း။

ကပ်ဘေး​ခြင်း​ရာ​များသည် ၁၉၁၄ ခု​မှ​စ၍​ဖြစ်ပျက်​ပြီး တစ်ပါး​အမျိုးသားများ​ကာလ ကုန်ဆုံး​ခြင်း​ကို သတ်မှတ်​မည်​ဖြစ်​ကြောင်း ၁၈၇၀ ပြည့်လွန်​နှစ်များ​၏ အလယ်ပိုင်း​မှ​စ၍ ယေဟောဝါ​၏​လူမျိုးတော် မျှော်လင့်​ခဲ့​ကြသည်။ ၎င်း​ကာလ​မှာ “ခု​နစ်​ကာလ” (အနှစ် ၂,၅၂၀) ဖြစ်၍ ယေရုရှလင်​မြို့ရှိ ဒါဝိဒ်​နိုင်ငံ မှောက်လှန်​ခံရ​သော ဘီစီ ၆၀၇ ခုနှစ်​မှ အစ​ပြုပြီး ကောင်းကင်​ယေရုရှလင်​တွင် ယေရှု​နန်းထိုင်​ရာ ၁၉၁၄ ခုနှစ်​တွင် ကုန်ဆုံး​သည်။​—ဒံယေလ ၄:၂၄၊ ၂၅; လုကာ ၂၁:၂၄ *

၅။ (က) ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ​လ ၂ ရက်​နေ့၌ စီ၊ တီ၊ ရပ်စဲ​လ်​သည် အဘယ်အရာ ကြေညာ​ခဲ့​သနည်း။ (ခ) ၁၉၁၄ ခုနှစ်​မှ​စ၍ ယနေ့​တိုင် အဘယ် သွက်သွက်ခါ နိုင်ငံရေး​ပြောင်းလဲမှု​များ ဖြစ်​လျက်​ရှိခဲ့​သနည်း။

ထို့​ကြောင့် ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ​လ ၂ ရက်​နေ့၌ စီ၊ တီ၊ ရပ်စဲ​လ်​သည် နယူးယောက်​မြို့ ဘ​ရွတ်​က​လင် ဗေသလ​မိသားစု​နှင့်အတူ နံနက်​ဝတ်ပြု​စဉ် “တစ်ပါး​အမျိုးသားများ​ကာလ ကုန်ဆုံး​ပြီ။ သူတို့၏​ဘုရင်​များ ခေတ်​ကုန်ပြီ” ဟူသော အရေးပါသည့်​ကြေညာ​ချက်​ကို ထုတ်ပြန်​လိုက်​သည်။ ၁၉၁၄ ခု​မှ​အစပြု​သော ကမ္ဘာချီ​သွက်သွက်ခါ​ပြောင်းလဲမှု​သည် အမှန်ပင် ကြီးမား​လှ​သဖြင့် ခေတ်​အဆက်ဆက်​က ရပ်တည်ခဲ့​သော သက်ဦးဆံပိုင်​နိုင်ငံ​များစွာ ပျောက်ကွယ်​ခဲ့​ရလေ​သည်။ ၁၉၁၇ ခုနှစ်၊ ဗော်လ်​ရှီ​ဗစ်​တော်လှန်ရေး​၌ ဇာ​ဘုရင်​အုပ်ချုပ်ရေး​ကို တွန်းလှန်​ရာ​မှ မတ်​ခ်စ်​ဝါဒ​နှင့် အရင်း​ရှင်​ဝါဒ​နှစ်ရပ် ထိပ်တိုက်​ရင်ဆိုင်​မှု စတင်​ပေါ်လာ​သည်။ နိုင်ငံရေး​အပြောင်းအလဲ တုန်ခါမှု​ကြောင့် ကမ္ဘာ​အနှံ့ လူ့​အဖွဲ့အစည်း မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွား​ရသည်။ ယနေ့​ဆိုလျှင် တစ်နှစ် နှစ်နှစ်​အတွင်း ပြုတ်ကျ​သော​အစိုးရ​များ မနည်း​လှ​ပေ။ အီတလီ​ကို​ကြည့်​လျှင် နိုင်ငံရေး​လောက မတည်ငြိမ်မှု​၏ သာဓက​ကို​တွေ့​နိုင်​သည်။ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ၄၂ နှစ်​အတွင်း ထို​နိုင်ငံ​တွင် အစိုးရ​အသစ် ၄၇ ဖွဲ့ တက်​ခဲ့​သည်။ သို့သော် ထို​ရှေ့ပြေး​တုန်ခါမှု​များ​မှာ အစိုးရ​ဆိုင်ရာ သွက်သွက်ခါ​ပြောင်းလဲမှု​အထွတ်အထိပ်​၏ အတိတ်​နိမိတ်​သာ​တည်း။ ရလဒ်​ကား အဘယ်နည်း။ ဘုရားသခင့်​နိုင်ငံတော် တစ်ခု​တည်း​က​သာ မြေကြီးကို အုပ်ချုပ်​လိမ့်​မည်။​—ဟေရှာယ ၉:၆၊ ၇

၆။ (က) သမိုင်း​သုတေသီ အိပ်ခ်ျ၊ ဂျီ၊ ဝဲ​လ်စ်​က ထို​အရေးပါသော ခေတ်​သစ်​နှင့်​ပတ်သက်​၍ မည်သို့​ဖော်ပြ​သနည်း။ (ခ) ဒဿန​ပညာရှင်​တစ်ဦး​နှင့် နိုင်​ငံ့​ခေါင်းဆောင်​တစ်ဦး ၁၉၁၄ ခုနှစ်​မှ​အစပြု​သော ခေတ်​သစ်​အကြောင်းကို မည်သို့ ရေးသား​ကြ​သနည်း။

၁၉၁၄ ခုနှစ်​သည် အရေးပါသော​ခေတ်​သစ်​၏ အစ​ဖြစ်သည်ဟု သမိုင်း​သုတေသီ၊ ဒဿန​ပညာရှင်​နှင့် နိုင်ငံရေး​ခေါင်းဆောင်​တို့​က ပြ​ဆို​ခဲ့​ကြပြီ။ ထို​ခေတ်​သစ်​စ​တင်၍ ဆ​ယ့်​ခု​နစ်​နှစ်​အကြာ သမိုင်း​သုတေသီ အိပ်ခ်ျ၊ ဂျီ၊ ဝဲ​လ်စ်​က ဤသို့​ဆို​၏– “ရှေ့​ဖြစ်​ဟော​သူက နာ​ပျော်​ဖွယ်​ရာ​များ​အကြောင်း ဝမ်းသာ​အယ်​လဲ ဟောပါ​လိမ့်​မည်။ သို့သော် သူ့​တာဝန်​ကား မိမိ​မြင်​ရာ​ကို​ပြော​ရန်ဖြစ်​သည်။ သူ​မြင်ရသော​ကမ္ဘာ​ကား စစ်သား​များ၊ မျိုးချစ်​ပုဂ္ဂိုလ်​များ၊ အတိုး​ကြီး​စား​သူများ​နှင့် မတရား​စီးပွား စွန့်စား​ရှာဖွေသူ​များ လက်ခုပ်​ထဲ​တွင်ရှိသော​ကမ္ဘာ၊ မယုံ​သင်္ကာ မုန်းတီးမှု​စိုးမိုး​၍ ကျန်ကြွင်း​သော ကိုယ်ပိုင်​လွတ်လပ်မှု​များ​ပါ ဒလဟော ဆုံးပါး​လျက် ခါးသီး​စွာ လူတန်းစား​ခွဲခြားခြင်း​သို့ ဒ​ယိမ်း​ဒ​ယို​င်​ဦးတည်​နေ​သဖြင့် စစ်ပွဲ​သစ်​များ​တိုက်​ရန် ဟန်​တ​ပြင်​ပြင်​လုပ်​နေသည့် ကမ္ဘာ​တည်း။” ဒဿန​ပညာရှင် ဘား​ထ​ရန်း ရပ်စဲ​လ်​က ၁၉၅၃ ခုနှစ်​၌ ဤသို့​ရေး​လိုက်​သည်– “၁၉၁၄ ခုနှစ်​မှ​စ၍ ကမ္ဘာ့​ခေတ်​ရေစီးကြောင်း​ကို သတိပြုမိ​သူ​တိုင်း လူသားများ​သည် ကြမ္မာ​ဖန်​ရာ​လိုက်၍ ပို​၍​ကြီးမားသော​ကပ်ဘေး​ဆီ​သို့ ချီတက်​နေ​ပုံ​ရသည်ကို​မြင်​၍ အစိုး​ရိမ်​ကြီး စိုးရိမ်​မိ​ပါ​သည်။ . . . လူသား​မျိုးနွယ်​သည် ဒေါသူပုန်​ထ​သော နတ်​ဘုရား​များ​စီး​ခံရ​သဖြင့် မိမိ​ကြမ္မာ​ကို မိမိ​မပိုင်​တော့​သော ဂရိ​အဆွေး​ဇာတ်​ထဲ​မှ မင်းသား​နှင့်​တူ​နေသည်​ကို သူတို့​မြင်ရ​သည်။” ၁၉၈၀ ပြည့်နှစ်​၌ နိုင်​ငံ့​ခေါင်းဆောင် ဟ​ယ်​ရ​ယ်လ် မက္ကမီလန်​က ၂၀ ရာစု​၏​ငြိမ်းချမ်း​သော​အစ​ကို ဤသို့​ဇာတ်ကြောင်း​ပြန်​၏– “အရာရာတိုင်း ကောင်း​သည်ထက် ကောင်း​လာ​မည့်​ပုံ​ရှိ၏။ ကျွန်တော်​မွေး​စ​က ကမ္ဘာ​ကား ထိုသို့​ပင်​တည်း။ . . . ၁၉၁၄ ခုနှစ်​၏ တစ်မနက်​ခင်း​တွင် ရှိရှိသမျှ ရုတ်ခြည်း ဇာတ်သိမ်း​လေ​တော့​သည်။”

၇-၉။ (က) ၁၉၁၄ ခုနှစ်​မှ​စ၍ ယနေ့​တိုင် အဘယ်​သွက်သွက်ခါ ပြောင်းလဲမှု​များ​ကြောင့် လူ့​ဘောင်​တုန်ခါ​လျက်​ရှိခဲ့​သနည်း။ (ခ) ယေရှု​ရောက်ရှိချိန်​အတွင်း လူ့​အဖွဲ့အစည်း​တွင် ကြုံနေ​ရသော ကသောင်းကနင်း​ဖြစ်မှု​များ​ထဲ​တွင် နောက်ဆုံး​၌ အဘယ်​အခြေအနေ​လည်း အကျုံးဝင်​လာ​မည်​နည်း။

ဒုတိယ​ကမ္ဘာ​စစ်​ကြောင့် ပြင်းထန်သော​ပြောင်းလဲမှု လှိုင်းလုံး​ကြီး​များ ရိုက်ခတ်​သွား​ပြန်​သည်။ စစ်ပွဲ​ငယ်​များနှင့် နိုင်ငံတကာ​အကြမ်းဖက်မှု​တို့သည် ကမ္ဘာကြီး​ကို​ဆက်၍ လှုပ်ခါ​လျက်​နေသည်။ အစုလိုက်​အပြုံလိုက် သေကျေပျက်စီး​စေနိုင်​သော လက်နက်များ​ပိုင်ဆိုင်​ထား​သည့် အကြမ်းဖက်​သမားများ သို့​မဟုတ် နိုင်ငံ​များ​၏ ကြောက်မက်​ဖွယ်​ခြိမ်းခြောက်​မှု​ကို လူ​အတော်များများ​က တွေး​ကြောက်​နေကြ​သည်။

သို့​တ​စေ၊ ၁၉၁၄ ခုနှစ်​မှ​စ၍ စစ်မက်​အပြင်၊ အခြား​အရာများ​လည်း လူ့​ဘောင်​ကို အောက်ခြေသိမ်း ကိုင်​လှုပ်​ခဲ့​သည်။ အပြင်းထန်ဆုံး​ထဲ​မှ​တစ်ခု​မှာ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်​တွင် အမေရိကန် စ​တော့​ဈေးကွက် ထိုး​ကျ​ပြိုလဲခြင်း​က အစပျိုး​လိုက်​သော သွက်သွက်ခါ ပြောင်းလဲမှု​ကြီး​ဖြစ်သည်။ ၎င်း​ကြောင့် အရင်း​ရှင်​နိုင်ငံ​တစ်ခု​မကျန် စီးပွားရေး​ကပ်​ကြီး​ဆိုက်​ခဲ့​သည်။ ၁၉၃၂ နှင့် ၁၉၃၄ ခုနှစ်​အတွင်း အဆိုးဆုံး​ဖြစ်သော်လည်း ၎င်း​၏​လှိုင်း​ဂယက်​ဒဏ်​ကို ကျွန်ုပ်​တို့​ခံ​နေရ​ဆဲ။ စီးပွားရေး​အရ ဖျားနာ​နေသော​ကမ္ဘာကြီး​ကို ၁၉၂၉ ခုနှစ်​မှ​စ၍ ယာယီ​စီမံကိန်း​များ​ဖြင့် အပေါ်ယံ​ကုသ​လာ​ခဲ့​သည်။ အစိုးရ​များသည် လို​ငွေ​ပြ​ဘဏ္ဍာရေး​စနစ်​ကို စိတ်​ရှိ​သလို​ကျင့်သုံး​ကြသည်။ ၁၉၇၃ ခုနှစ်၊ ရေနံ​အရေး​အ​ခင်း​နှင့် ၁၉၈၇ ခုနှစ်၊ စ​တော့​ဈေးကွက် ထိုး​ကျ​မှု​တို့​ကြောင့် စီးပွားရေး​အင်ပါယာ​ကြီး ပို​၍​ယိမ်းထိုး​လာ​သည်။ ဤ​အတောအတွင်း သန်းပေါင်း​များစွာ​သော​လူတို့သည် အကြွေး​စနစ်​ဖြင့်​ဝယ်ခြမ်း​ကြ​၏။ အ​သင်္ချေ​သော​လူတို့သည် စီးပွားရေး​လှည့်​ကွက်​များ၊ ပိရမစ်​အစီအစဉ်များ၊ ထီ​နှင့် လောင်းကစား ပရိယာယ်​များ​၏ သားကောင်​ဖြစ်​ကြ​ရှာ​သည်။ လူထု​ကို​ကာကွယ်​ရန်​တာဝန်​ရှိသော အစိုးရ​များ​ကိုယ်နှိုက်​က ထို​အရာများ​ကို အားပေး​၍ က​မ​က​ထ​ပြု​ကြသည်။ ခရစ်ယာန်ဘောင်​၏ တီဗွီ​တရားဟော​ဆရာများ​ပင် ဒေါ်လာ​သန်း​ကုဋေ​ချီ​ပြီး ဖြတ်စားလျှပ်စား နှိုက်​ယူ​လိုက်​သေး​သည်​တကား။​—ယေရမိ ၅:၂၆-၃၁ နှိုင်းယှဉ်။

စောစော​ပိုင်း​တွင် စီးပွားရေး​အခက်အခဲ​များ​ကြောင့် မူ​ဆို​လီ​နီ​နှင့် ဟစ်တလာ​တို့ အသီးသီး အာဏာ​သိမ်းပိုက်​ရန် လမ်းပွင့်​ခဲ့​သည်။ မဟာ​ဗာဗုလုန်​သည် ချက်ချင်း​ပင် သူတို့ကို မျက်နှာ​ချို​သွေး​တော့​သည်။ ဗက်တီကင်​လည်း ၁၉၂၉ ခုနှစ်​၌ အီတလီ​နှင့်​လည်းကောင်း၊ ၁၉၃၃ ခုနှစ်​၌ ဂျာမနီ​နှင့်​လည်းကောင်း သဘောတူ​စာချုပ် ချုပ်ဆို​လေ​သည်။ (ဗျာဒိတ် ၁၇:၅) နောက်ပိုင်း အမှောင်​ဖုံးလွှမ်း​သော ကာလ​များသည် ယေရှု​ရောက်ရှိခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​၏ ပြည့်စုံချက်​တစ်ခု အမှန်​ဖြစ်သည်။ အဆုံး​၌ ထို​ပြည့်စုံချက်​တွင် “လူအမျိုးမျိုး​သည် . . . မငြိမ်မသက် စိုးရိမ်​ကြောင့်ကြ​ခြင်း​သို့ ရောက်​ကြလိမ့်မည်။ မြေကြီး​ပေါ်မှာ​ဖြစ်လတ္တံ့​သော ဘေးများ​ကို​မျှော်၍၊ ကြောက်လန့်​သဖြင့် လူများ​တို့သည် မေ့မြော​သွား​ကြလိမ့်မည်” ဟူသော​အချက်​ပါဝင်​လိမ့်​မည်။ (လုကာ ၂၁:၇-၉၊ ၂၅-၃၁သမ္မာ) * မှန်​ပေ​သည်။ ၁၉၁၄ ခု​မှ​စ၍ လူ့​ဘောင်​ကို​ကိုင်​လှုပ်​သော တုန်ခါမှု​များသည် ပြင်းထန်သော သိမ့်​ကြွင်း​များနှင့်​တကွ ယနေ့​တိုင် ဖြစ်ပေါ်​နေဆဲ​ပင်။

ယေဟောဝါ တုန်ခါမှု​အချို့​ကို​ဖြစ်ပေါ်​စေ

၁၀။ (က) လူ့​ရေး​လူ့​ရာ​များ​၌ အဘယ်ကြောင့် တုန်ခါမှု ဤမျှ​များပြား​ရသနည်း။(ခ) ဘာ​အတွက်​ပြင်ဆင်​သည့်​အနေ​နှင့် ယေဟောဝါ ဘာကို​ပြု​နေသနည်း။

၁၀ အထက်ပါ လူ့​ရေး​လူ့​ရာ​တုန်ခါမှု​များ​မှာ လူသားများ မိမိတို့​ခြေလှမ်း​ကို မိမိတို့ မထိန်းနိုင်​ခြင်း​ကြောင့်​ဖြစ်သည်။ (ယေရမိ ၁၀:၂၃) ထို့​ပြင်၊ “လူနေထိုင်ရာ​မြေတစ်ပြင်လုံး​ကို လှည့်စား​သော” ရှေး​မြွေ​ဟောင်း​စာတန်​သည် လူသား​ရှိသမျှကို ယေဟောဝါ​အား ဝတ်ပြုရာ​မှ လွဲသွား​စေရန် အကြံ​ကုန်​ဉာဏ်​ခန်း နောက်ဆုံး​ကြိုးပမ်း​သည့်​အနေ​နှင့် လူ​တို့အား ဒုက္ခ​ပင်လယ်​ဝေ​နေ​အောင် ဖန်တီး​လျက်​ရှိ၏။ ခေတ်​သစ်​နည်း​ပညာ​ကြောင့် ကမ္ဘာ​သည် ရပ်ကွက်​ကလေး​အသွင်​သို့ ကျုံ့​သွားပြီး တိုင်း​ရေး​ပြည်​ရေး လူမျိုးရေး​မုန်းတီးမှု​များ​က လူ့​အဖွဲ့အစည်း​ကို အောက်ခြေသိမ်း ကိုင်​လှုပ်​လျက်​ရှိရာ ကုလသမဂ္ဂ (စည်းလုံး​သော​တိုင်းနိုင်ငံ​များ) သည် အမည်​သာ​ခံ​ပြီး အစွမ်းထက်​သော​ဆေး​နည်း ရှာမတွေ့​ဖြစ်နေ​သည်။ တစ်ခါ​နှင့်​မျှ​မတူ​အောင် လူသည် ကိုယ့်​ကိုယ်ကို ထိခိုက်​နစ်နာ​အောင် တစ်ဦး​ကိုတစ်​ဦး ကြီးစိုး​လျက်​ရှိ​လေ​ပြီ။ (ဗျာဒိတ် ၁၂:၉၊ ၁၂; ဒေသနာ ၈:၉) သို့ရာတွင် ကောင်းကင်​မြေကြီး​ဖန်ဆင်း​ရှင် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​သည် ကမ္ဘာ့​ပြဿနာ​ကို အပြီး​အ​ငြိမ်း​ဖြေရှင်း​ရေး​အတွက် လွန်ခဲ့သော​အနှစ် ၉၀ နီးပါး​အတွင်း မိမိ​နည်း​မိမိ​ဟန်​ဖြင့် တုန်ခါမှု​အချို့​ကို ဖြစ်စေ​လျက်​ရှိ​တော်​မူ​၏။ အဘယ်​နည်းဖြင့်​နည်း။

၁၁။ (က) ဟဂ္ဂဲ ၂:၆၊ ၇ ၌ အဘယ်​လှုပ်​ယမ်း​မှု​အကြောင်း ဖော်ပြ​ထား​သနည်း။ (ခ) ဟဂ္ဂဲ​၏​ပရောဖက်ပြုချက် မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။

၁၁ ဟဂ္ဂဲ ၂:၆၊ ၇ ၌ ဤသို့​ဖတ်​ရသည်– “ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား မိန့်တော်မူသည်​ကား၊ ကာလ​မကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်း​တို့ကို တစ်ဖန် ငါ​လှုပ်​ဦး​မည်။ လူမျိုးအပေါင်း​တို့ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူမျိုးအပေါင်း​တို့ နှစ်သက်ဖွယ်သော​အရာ​သည် ရောက်​၍ ဤ​အိမ်ကို ဘုန်း​နှင့် ငါ​ပြည့်စုံ​စေမည်​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား မိန့်တော်မူ၏။” ယေဟောဝါ​သည် ကမ္ဘာ​ပေါ်​ရှိ လူ့​အဖွဲ့အစည်း အစိတ်အပိုင်း​အားလုံး​ကို တရား​စီရင်​မည့်​အကြောင်း မိမိ၏​သက်သေခံ​များ​အား အထူးသဖြင့် ၁၉၁၉ ခုနှစ်​မှ​စ၍ ကြွေးကြော်​စေတော်မူ​၏။ ယင်းကြောင့် စာတန့်​လောက​စနစ်​သည် သတိပေး​ခံရ​၏။ * သတိပေး​ခြင်း​လုပ်ငန်း အရှိန်​မြင့်​လာ​သည်​နှင့်​အမျှ “နှစ်သက်ဖွယ်သော​အရာ” များသည် လူမျိုးများ​မှ ခွဲထွက်​လာ​ကြ​လေ​သည်။ စာတန့်​အဖွဲ့အစည်း တုန်ခါမှု​များ​ကြောင့် ထွက်​လာ​ကြသည်​မဟုတ်။ အခြေအနေ​ကို သူတို့​သိရှိ​လာ​သည်​နှင့်​အမျှ ဘိသိက်ခံ ယောဟန်​အတန်းအစား​နှင့်အတူ ယေဟောဝါ​၏ ဝတ်ပြုရာ​အိမ်တော်ကို ဘုန်း​နှင့်​ပြည့်စေ​ခြင်း​လုပ်ငန်း​တွင် ပါဝင်​ဆောင်ရွက်ရန် မိမိတို့​ဘာသာ ဆုံးဖြတ်​ခဲ့​ကြ​ခြင်း​ဖြစ်သည်။ အဘယ်​သို့​ဆောင်ရွက်​ကြ​သနည်း။ တည်ထောင်​ပြီး​သော ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို အားကြိုးမာန်တက် ဟောပြောခြင်း​ဖြင့်​တည်း။ (မဿဲ ၂၄:၁၄) ယေရှု​နှင့် ဘိသိက်ခံ​နောက်တော်လိုက်​များ ပါဝင်သော ဤ​နိုင်ငံတော်​သည် “မ​လှုပ်​နိုင်သော​နိုင်ငံ” အဖြစ် ထာဝစဉ်​ရပ်တည်​၍ ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​လိမ့်​မည်။​—ဟေဗြဲ ၁၂:၂၆-၂၉

၁၂။ သင်သည် မဿဲ ၂၄:၁၄ ကြိုပြော​သော ဟောပြောခြင်း​လုပ်ငန်း​ကို တုံ့ပြန်​စ​ပြု​နေပြီ​ဆိုလျှင် ဗျာဒိတ် ၆:၁၂ ပါ ငလျင်​ကြီး​မ​လှုပ်​မီ ဘာ​ပြုသင့်​သနည်း။

၁၂ သင်သည် ထို​ဟောပြောခြင်းကို တုံ့ပြန်​စ​ပြုသူ​တစ်ဦး​လော။ မကြာသေးမီ​နှစ်များ​အတွင်း ယေရှု​သေခြင်း​၏​အောက်မေ့ရာပွဲ တက်ရောက်​ခဲ့​သူ သန်းပေါင်း​များစွာ​တို့​တွင် တစ်ဦး​ပါဝင်​သလော။ သို့​ဖြစ်​လျှင် ကျမ်းစာ​သမ္မာတရား​လေ့လာမှု​၌ ဆက်၍​တိုးတက်​ပါ​လေ။ (၂ တိမောသေ ၂:၁၅; ၃:၁၆၊ ၁၇) မုချ​ပျက်စီး​မည့် စာတန့်​မြေကြီး​အဖွဲ့​၏ အကျင့်ပျက်​နေထိုင်ပုံ​ကို အပြီး​စွန့်ပယ်​ပါ။ “ငလျင်” ကပ်​ကြီး​က စာတန့်​လောက​တစ်ခုလုံး​ကို စိစိညက်ညက် မချေမှုန်း​မီ ခရစ်ယာန်​ကမ္ဘာသစ်​အဖွဲ့​ထဲ​သို့ တိုးဝင်​လာပြီး ၎င်း​၏​လုပ်ငန်း​တွင် အပြည့်အဝ ပါဝင်​လုပ်ကိုင်​ပါ​လေ။ ထို​ငလျင်​ကြီး​ကား အဘယ်နည်း။ ကြည့်​ကြပါစို့။

ငလျင်​ကြီး

၁၃။ ၎င်း​ငလျင်​ကြီး​သည် အဘယ်​နည်းဖြင့် လူသားများ လုံးဝ​မကြုံဖူး​သော တွေ့ကြုံမှု​အသစ် ဖြစ်သနည်း။

၁၃ မှန်​ပေ​သည်။ ဤ​ခဲယဉ်း​သော​နေ့ရက်​များသည် ပကတိ​ငလျင်​နှင့် ပုံဆောင်​ငလျင်​များ လှုပ်​ရာ​ကာလ​ဖြစ်၏။ (၂ တိမောသေ ၃:၁) သို့ရာတွင် ၎င်း​ငလျင်​တစ်ခု​က​မျှ ဆဋ္ဌမ​တံဆိပ်​ဖွင့်​စဉ် ယောဟန်​မြင်ရ​သည့် နောက်ဆုံးသော ဧရာမ​တုန်လှုပ်​မှု​မဟုတ်။ ရှေ့ပြေး​တုန်ခါမှု​များ ပြီးဆုံး​လေ​ပြီ။ လူသားများ လုံးဝ​မကြုံစဖူး​သော ငလျင် ကြီး ဖြစ်​ချိန်တန်​ပြီ။ ၎င်း​သည် အလွန်​ကြီးမား​လှ​ရ​ကား ယင်းကြောင့်​ဖြစ်သော ကသောင်းကနင်း​ဖြစ်မှု​နှင့် တုန်ခါမှု​များ​ကို ရစ်ခ်ျတာစကေး​ဖြင့်​ဖြစ်စေ၊ လူ​တီထွင်​သော အဘယ်​ကိရိယာ​ဖြင့်​ဖြစ်စေ တိုင်းထွာ​၍​မရနိုင်။ ၎င်း​သည် ဒေသန္တရ လှုပ်ခါမှု​မျှ​သာ​မဟုတ်၊ “မြေကြီး” တစ်ပြင်လုံး​တည်း​ဟူသော ယုတ်ညံ့​ဖောက်ပြန်​သည့် လူ့​အဖွဲ့အစည်း​တစ်ခုလုံး​ကို ပျက်​သု​ဉ်း​စေသော ကပ်​ဆိုး​ကြီး​၏ ကိုင်​လှုပ်​မှု​ဖြစ်သည်။

၁၄။ (က) အဘယ်​ပရောဖက်ပြုချက်​က ငလျင်​ကြီး​တစ်ခု​နှင့် ၎င်း​၏​နောက်ဆက်တွဲ အခြင်းအရာ​များ​အကြောင်း ကြိုပြော​ခဲ့​သနည်း။ (ခ) ယောလ​၏​ပရောဖက်ပြုချက်​နှင့် ဗျာဒိတ် ၆:၁၂၊ ၁၃ တို့သည် ဘာကို​ရည်ညွှန်း​နေခြင်း ဖြစ်​ရမည်​နည်း။

၁၄ ယေဟောဝါ​၏ အခြား​ပရောဖက်​များလည်း ထိုသို့​သော​ငလျင်​နှင့် ၎င်း​၏​ဂယက်​အကြောင်း ကြို​ဟောခဲ့​သည်။ ဥပမာ၊ ဘီစီ ၈၂၀ ခုနှစ်​ခန့်​၌ ယောလ​က “ထာဝရ​ဘုရား​၏ ကြောက်မက်​ဖွယ်​သော​နေ့ကြီး” လာ​မည်​ဟု​ဆို​ကာ “နေသည် မှောင်မိုက်၊ လ​သည်​အသွေး​ဖြစ်​လိမ့်​မည်” ဟု​ဖော်ပြ​၏။ ဆက်လက်​၍ “တရား​ဆုံးဖြတ်​ရာ​ချိုင့်​၌ ထာဝရ​ဘုရား​၏​နေ့ရက်​သည် ရောက်လု​နီးပြီ​ဖြစ်သော​ကြောင့် ထို​ချိုင့်​တွင် မြောက်မြား​သော​လူ​အ​စု​အ​ရုံး​ရှိကြ​၏။ နေ​နှင့်​လ​သည်​မိုက်၍ ကြယ်​များလည်း မ​ထွန်းတောက်​ဘဲ​နေကြ၏။ ထာဝရ​ဘုရား​သည်လည်း ဇိအုန်​တောင်​မှ​ကြွေးကြော်​၍ ယေရုရှလင်​မြို့မှ​အသံကို​လွှင့်​တော်​မူ​သဖြင့် မိုးကောင်းကင်​နှင့် မြေကြီး​သည် တုန်လှုပ်​လျက်​ရှိ၏။ သို့ရာတွင် ထာဝရ​ဘုရား​သည် လူမျိုးတော်​အဖို့​ခိုလှုံရာ၊ ဣသရေလ​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်​မူ​၏” ဟု​ဆို​၏။ (ယောလ ၂:၃၁; ၃:၁၄-၁၆သမ္မာ) ဤ​လှုပ်​ယမ်း​မှု​သည် ဆင်းရဲ​ဒုက္ခ​ကြီး​အတွင်း ဖြစ်ပျက်​သော ယေဟောဝါ​၏​တရား​စီရင် ကွပ်မျက်ခြင်း​ကို​သာ ရည်ညွှန်း​နိုင်​သည်။ (မဿဲ ၂၄:၂၁က​ဘ) ထို့​ကြောင့် ဗျာဒိတ် ၆:၁၂၊ ၁၃ ပါ​အလားတူ​မှတ်တမ်း​သည် ထို့​နည်းတူ​ဖြစ်ပါ​လိမ့်​မည်။​—ယေရမိ ၁၀:၁၀; ဇေဖနိ ၁:၁၄၊ ၁၅ နှိုင်းယှဉ်။

၁၅။ အဘယ်​ယိမ်းထိုး​မှု​ကြီး​အကြောင်းကို ပရောဖက်​ဟဗက္ကုတ် ကြိုပြော​ခဲ့​သနည်း။

၁၅ ယောလ​ခေတ်​မှ အနှစ် ၂၀၀ ခန့်​အလွန်​တွင် ပရောဖက် ဟဗက္ကုတ်​သည် ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ခဲ့​သည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​၏​အကြောင်းကို အကျွန်ုပ်​ကြား​ရ​ပါ​ပြီ။ အို​ထာဝရ​ဘုရား၊ အမှုတော်ကို​မြင်ရ​ပါ​ပြီ။ နှစ်များ​အတွင်း​တွင် ဖော်ပြ​၍ ထင်ရှားစေ​တော်​မူ​ပါ။ အမျက်ထွက်​တော်​မူ​ရာ​တွင် (“လှုပ်ခါ​သော​ကာလ​အတွင်း၊” က​ဘ) ကရုဏာတော်​ကို သတိရ​တော်​မူ​ပါ။” ထို “လှုပ်ခါ” ခြင်း​သည် ဘာဖြစ်​မည်​ထင်​သနည်း။ ဟဗက္ကုတ်​က ဆင်းရဲ​ဒုက္ခ​ကြီး​အကြောင်းကို ဆက်လက်​ပြီး ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​ကာ ယေဟောဝါ​နှင့်​ပတ်သက်​၍ ဤသို့​ဆို​ပြန်​သည်– “ရပ်၍ မြေကြီးကို​လှုပ်ရှား​စေတော်မူ​၏။ ရှု​ကြည့်​၍ လူမျိုး​တို့ကို တုန်လှုပ်​စေတော်မူ​၏။ . . . အမျက်တော်​ထွက်​လျက် မြေကြီးကို​ချီ​သွား​၍ ဒေါသ​စိတ်​နှင့် လူမျိုး​တို့ကို​နင်းနယ်​တော်​မူ​၏။ ထာဝရ​ဘုရား​၌ ငါ​ဝမ်းမြောက်​၍ ကယ်တင်​တော်​မူ​သော ဘုရားသခင်​ကို အမှီပြုလျက် ရွှင်လန်း​မည်။” (ဟဗက္ကုတ် ၃:၁၊ ၂၊ ၆၊ ၁၂၊ ၁၈သမ္မာ) လူမျိုး​တို့ကို ယေဟောဝါ နင်းနယ်​တော်​မူ​သောအခါ ကမ္ဘာကြီး​တစ်ခုလုံး သွက်သွက်ခါ​သွား​မည်​တကား။

၁၆။ (က) ဘုရားသခင့်​လူမျိုးတော်ကို စာတန် နောက်ဆုံး​ထိုးစစ်​ဆင်​သောအခါ ဘာဖြစ်​ပျက်​မည်​ဟု ပရောဖက်​ယေဇကျေလ ကြိုပြော​ခဲ့​သနည်း။ (ခ) ဗျာဒိတ် ၆:၁၂ ပါ ငလျင်​ကြီး​ကြောင့် ဘာဖြစ်​သနည်း။

၁၆ ယေဇကျေလ​လည်း မာဂေါဂ​ပြည်​မှ ဂေါဂ​မင်း (ရာထူး​ကျ​စာတန်) က ဘုရားသခင့်​လူမျိုးတော်ကို နောက်ဆုံး​အကြိမ် တိုက်ခိုက်​သောအခါ “ဣသရေလ​ပြည်​၌ ကြီးစွာ​သော​လှုပ်ရှားခြင်း” ကို ယေဟောဝါ ဖြစ်စေ​တော်​မူ​မည်​ဟု ကြို​ဟောခဲ့​သည်။ (ယေဇကျေလ ၃၈:၁၈၊ ၁၉) ပကတိ​ငလျင်​များ ပါဝင်​နိုင်​သော်လည်း ဗျာဒိတ်ကျမ်း​ကို နိမိတ်​လက္ခဏာများ​ဖြင့် ဖော်ပြ​ကြောင်း သတိရ​သင့်​သည်။ ဤ​ပရောဖက်ပြုချက်​နှင့် ဖော်ပြ​ပါ​အခြား​ပရောဖက်ပြုချက်​များသည် ပုံဆောင်ချက်​များနှင့် ပြည့်နှက်​နေသည်။ သို့ဖြင့် ဆဋ္ဌမ​တံဆိပ်​ဖွင့်​ခြင်း​က ဤ​မြေကြီး​စနစ် တုန်ခါမှု​ရှိသမျှ​၏ အထွတ်​—ယေဟောဝါ​ဘုရားသခင့် အချုပ်အခြာအာဏာတော်​ကို ဖီဆန်​သူ​လူသား​အားလုံး ပျက်​သု​ဉ်း​ရာ ငလျင်​ကြီး​အကြောင်း ဖော်ပြ​ဟန်​တူ​သည်။

မှောင်မိုက်​ကာလ

၁၇။ ငလျင်​ကြီး​ကြောင့် နေ​လ​ကြယ်​များ ဘာဖြစ်​သနည်း။

၁၇ ယောဟန် ဆက်လက်​တင်ပြ​သည့်​အတိုင်း ငလျင်​ကြီး​နှင့်အတူ ကောင်းကင်​များ​ပင် အကျုံးဝင်​သော ကြောက်မက်​ဖွယ်​အခြင်းအရာ​များ ဖြစ်ပျက်​လာ​သည်။ သူ​ဤသို့​ဆို​၏– “နေသည် အမွေး​ထ​ည်​ကြမ်း​ကဲ့သို့ မည်း​သွား​၏။ လ​တစ်ခုလုံး​သည်လည်း သွေး​ကဲ့သို့ ဖြစ်သွား​၏။ ကောင်းကင်​ကြယ်​များသည် မြေကြီးပေါ်​သို့​ကျ​ကြ​၏။ သင်္ဘောသဖန်း​ပင် လေပြင်း​တိုက်ခံ​ရသောအခါ သဖန်းသီး​စိမ်း​များ ကြွေကျ​သကဲ့သို့ ဖြစ်၏။” (ဗျာဒိတ် ၆:၁၂ခ၊ ၁၃) ထူးကဲ​ဆန်းပြား​သော အဖြစ်​ပါ​တကား။ ဤ​ပရောဖက်ပြုချက်​သာ ပကတိ​အတိုင်း​ပြည့်စုံ​လာ​လျှင် မည်မျှ​ထိတ်လန့်ဖွယ်​ကောင်းသော မှောင်မိုက်​ကြီး​ဖြစ်​မည်​ကို သင်​တွေးဆ​နိုင်​သလော။ နေ့​အချိန်တွင် နွေးထွေး​ကြည်နူး​ဖွယ်​ကောင်းသော နေ​ရောင်ခြည်​မရှိတော့။ ည​အချိန်၌ ကြည်လင်​အေးမြ​သော ငွေ​လ​ရော​င်​လည်း ပပျောက်​သွား​ချေ​ပြီ။ အ​သင်္ချေ​သော​ကြယ်​များလည်း ကောင်းကင်​ယံ​တွင် မှိတ်​တုတ်​မှိတ်​တုတ် မထွန်းလင်း​တော့​ချေ။ ၎င်း​အစား၊ အေးစက်​စက်​အမှောင်ထု​ကြီး မ​ရပ်​မ​စဲ လွှမ်း​အုပ်​လျက်​နေ​မည်။​—မဿဲ ၂၄:၂၉ နှိုင်းယှဉ်။

၁၈။ ဘီစီ ၆၀၇ ခု​၌ အဘယ်​နည်းဖြင့် ယေရုရှလင်​မြို့​အတွက် ‘ကောင်းကင်​မဲ​မှောင်’ သွား​သနည်း။

၁၈ ဝိညာဉ်​ရေး​အရ ထိုသို့​သော​အမှောင်ထု ရှေး​ဣသရေလ​နိုင်ငံ​ကို ဖုံးအုပ်​မည်​ဟု ပရောဖက်ပြု​ထား​သည်။ ယေရမိ ဤသို့​သတိပေး​သည်– “တစ်ပြည်လုံး ပျက်စီး​ရာ​ဖြစ်​လိမ့်​မည်။ ပျက်စီးခြင်း​ကို ငါ​မ​ဆီးတား။ ထို​ကြောင့်၊ မြေကြီး​သည် ညည်းတွား​လိမ့်​မည်။ မိုးကောင်းကင်​လည်း နက်​လိမ့်​မည်။” (ယေရမိ ၄:၂၇၊ ၂၈) ထို​ပရောဖက်ပြုချက် ဘီစီ ၆၀၇ ခုနှစ်​တွင် ပြည့်စုံ​လာသော​အခါ ယေဟောဝါ​၏ လူမျိုးတော်​အတွက် တကယ်​ပင် မှောင်​အတိ ဖြစ်​ခဲ့​သည်။ သူတို့၏​မြို့တော် ယေရုရှလင်​သည် ဗာဗုလုန်​လူ​တို့​လက်​သို့ ကျရောက်​ခဲ့​သည်။ သူတို့၏​ဗိမာန်တော် ဖျက်ဆီး​ခံရ​ပြီး နေပြည်တော် လူခြေတိတ်​ခဲ့​သည်။ သူတို့​အဖို့ ကောင်းကင်​မှ နှစ်သိမ့်ခြင်း​အလင်း မသက်ရောက်​ခဲ့​ချေ။ ၎င်း​အစား ယေဟောဝါ​အား ယေရမိ​ငိုကြွေး​၍ လျှောက်ဆို​သည့်​အတိုင်း​ဖြစ်​ခဲ့​သည်။ “အကျွန်ုပ်​တို့ကို​လိုက်၍ ကရုဏာ​မရှိဘဲ ကွပ်မျက်​တော်​မူ​၏။ အကျွန်ုပ်​တို့​ပတ္ထနာ​စကား​သည် အထံတော်​သို့​မ​ပေါက်​နိုင်အောင် မိုးတိမ်​ဖြင့် ကိုယ်ကို​ကွယ်ကာ​တော်​မူ​၏။” (ယေရမိ​မြည်တမ်း ၃:၄၃၊ ၄၄) ထို​ကောင်းကင်​ဆိုင်ရာ မှောင်မိုက်​သည် ယေရုရှလင်​အဖို့ သေခြင်းနှင့် ပျက်စီးခြင်း​မည်​၏။

၁၉။ (က) ဘုရားသခင့်​ပရောဖက် ဟေရှာယ​က ရှေး​ဗာဗုလုန်​နှင့်​ပတ်သက်သော ကောင်းကင်​မှောင်​မဲ​ခြင်း​အကြောင်းကို မည်သို့​ဖော်ပြ​သနည်း။ (ခ) ဟေရှာယ​ပရောဖက်ပြုချက်​သည် အဘယ်​အချိန်တွင် အဘယ်​နည်းဖြင့် ပြည့်စုံ​ခဲ့​သနည်း။

၁၉ နောက်ပိုင်း​တွင် အလားတူ ကောင်းကင်​မှောင်မိုက်​သည် ရှေး​ဗာဗုလုန်​အဖို့ ကပ်ဘေး​သဘော သက်ရောက်​ခဲ့​သည်။ ၎င်းနှင့်​ပတ်သက်ပြီး ဘုရားသခင့်​ပရောဖက်​က မှုတ်သွင်းခံ​ရ​၍ ဤသို့​ရေးသားခဲ့​သည်– “ထို​ပြည်​ကို​ဖျက်ဆီး​၍ အပြစ်ကြီး​သော ပြည်သူပြည်သား​တို့ကို သုတ်သင်​ပယ်ရှင်း​ခြင်း​ငှာ ထာဝရ​ဘုရား​၏ ကြမ်းကြုတ်​သော​နေ့ရက်​သည် ပြင်းထန်သော​ဒေါသ​အမျက်ထွက်​လျက် လာ​လိမ့်​မည်။ မိုးကောင်းကင်​ကြယ်နက္ခတ်​တို့သည် အလင်း​ကို​မပေး။ နေသည်​လည်း ထွက်​သောအခါ မိုက်​လျက် လ​သည်လည်း မထွန်းမလင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။ ထို​လောကီ​နိုင်ငံ​၏ အပြစ်ကို​လည်းကောင်း၊ မတရားသော​သူတို့၏ ဒုစရိုက်​များ​ကိုလည်း​ကောင်း ငါ​စစ်ကြော​မည်။ မာန​ကြီးသော​သူတို့၏ ထောင်လွှား​ခြင်း​ကို ငါ​နှိပ်စက်​၍ ကြမ်းကြုတ်​သော​သူတို့၏ စော်ကားခြင်း​ကို ငါ​နှိမ့်ချ​မည်။” (ဟေရှာယ ၁၃:၉-၁၁) ဘီစီ ၅၃၉ ခုနှစ်၊ မေဒိ​နှင့် ပေရသိ​လူ​တို့​လက်​သို့ ဗာဗုလုန်​ကျဆင်း​သောအခါ ထို​ပရောဖက်ပြုချက် ပြည့်စုံ​လေ​သည်။ ယင်း​အချက်​က ကမ္ဘာ့​အဓိက​ရ အင်အားကြီး​နိုင်ငံ​အဖြစ်​မှ ဗာဗုလုန်​ကျဆုံး​စဉ်​က ၎င်း​အဖို့ မှောင်​မည်း​ခြင်း၊ မျှော်လင့်ချက်​နှင့် နှစ်သိမ့်မှု​ကင်းမဲ့​ခြင်း​အဖြစ်ကို ထိထိမိမိ​ဖော်ပြ​လိုက်​သည်။

၂၀။ ငလျင်​ကြီး​လှုပ်​သောအခါ ဤ​စနစ်​အပေါ် အဘယ်​ကြောက်မက်​ဖွယ်​ရလဒ် ကျရောက်​မည်​နည်း။

၂၀ ထို့​နည်းတူ၊ ငလျင်​ကြီး​လှုပ်​သောအခါ ကမ္ဘာ့​စနစ်​တစ်ခုလုံး မျှော်လင့်​ရာ​မဲ့ မှောင်​အတိ​ဖုံး​နေ​လိမ့်​မည်။ စာတန့်​မြေကြီး​စနစ်​၏ ထွန်းလင်း​သော သုခ​မိ​န်​ခေါင်းဆောင်​များ မျှော်လင့်ချက်​ရောင်ခြည် ဖြာထွက်​တော့​မည်​မဟုတ်။ ယနေ့​ပင် မြေကြီးပေါ်​က နိုင်ငံရေး​ခေါင်းဆောင်​များသည် အထူးသဖြင့် ခရစ်ယာန်ဘောင်​၌ အကျင့်ပျက်​ပြား​မှု၊ လိမ်ညာမှု​နှင့် သီလ​ပျက်​နေထိုင်ပုံ​ကြောင့် နာမည်​ဆိုး​ဖြင့် ဟိုး​ဟိုး​ကျော်​ဖြစ်နေ​ကြသည်။ (ဟေရှာယ ၂၈:၁၄-၁၉) သူတို့ကို ယုံ၍​မဖြစ်​တော့။ ယေဟောဝါ စီရင်တော်မူ​သောအခါ သူတို့၏​မှိတ်​တုတ်​မှိတ်​တုတ်​အလင်း​သည် လုံးလုံးလျားလျား ကွယ်ပျောက်​သွား​လိမ့်​မည်။ ကမ္ဘာ့​ရေးရာ​များ​အပေါ် လွှမ်းမိုးသည့် သူတို့၏ လ​ကဲ့သို့​သော​သြဇာ​သည် သွေးစွန်း​၍ သေစေ​တတ်​ကြောင်း ပေါ်လွင်​လာ​လိမ့်​မည်။ သူတို့၏​အကျော်အမော်​များသည် ထိုး​ကျ​လာသော ဥက္ကာ​များ​ပ​မာ ပျောက်ဆုံး​ကာ လေပြင်း​မုန်တိုင်း​ဒဏ်​ထိ​သော သဖန်းသီး​စိမ်း​များ​အလား ပြုတ်ကျ​ပြန့်ကျဲ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​ကမ္ဘာ​တစ်ခုလုံး “ကမ္ဘာဦး​မှ​စ၍ ယခု​တိုင်အောင်​မဖြစ်​စ​ဖူး၊ နောက်​၌​လည်း​မဖြစ်​လတ္တံ့​သော ကြီးစွာသောဒုက္ခ” အောက်​၌ ယိမ်းထိုး​လိမ့်​မည်။ (မဿဲ ၂၄:၂၁) ထိတ်လန့်ဖွယ် အလားအလာ​ပါ​တကား။

“ကောင်းကင်” လွင့်​ထွက်သွား

၂၁။ “တောင်​နှင့် ကျွန်း​ရှိသမျှ” တို့​နှင့်​ပတ်သက်​၍ ရူပါရုံ​၌ ယောဟန် ဘာကို​မြင်ရ​သနည်း။

၂၁ ယောဟန်​၏​ရူပါရုံ ဤသို့​ဆက်ဆို​၏– “ကောင်းကင်​သည် စာလိပ်​လိပ်​သကဲ့သို့ လွင့်​ထွက်သွား​၏။ တောင်​နှင့် ကျွန်း​ရှိသမျှ​လည်း မိမိတို့​နေရာ​မှ ရွေ့သွား​ကြ​၏။” (ဗျာဒိတ် ၆:၁၄) ပကတိ​ကောင်းကင်​နှင့် ပကတိ​တောင်​များ၊ ကျွန်း​များ​ကို ဆို​နေခြင်း​မဟုတ်​ကြောင်း ထင်ရှား​ပါ​သည်။ အဘယ်အရာ​များ​ကို အထိမ်းအမှတ်​ပြု​ကြ​သနည်း။

၂၂။ ဧဒုံ​ပြည်​တွင် အဘယ်​သို့​သော “ကောင်းကင်” သည် “စာလိပ်​လိပ်​သကဲ့သို့ လွင့်​ထွက်သွား” သနည်း။

၂၂ လူမျိုးအပေါင်း​တို့သည် ယေဟောဝါ​၏​အမျက်တော် စူးရှ​ခံရ​ခြင်း​ကို​တင်ပြသော အောက်ပါ​အလားတူ ပရောဖက်ပြုချက်​ကို​ထောက်၍ “ကောင်းကင်” အကြောင်းကို ကျွန်ုပ်​တို့​နားလည်​နိုင်၏– “ခပ်သိမ်း​သော ကောင်းကင်​တန်ဆာ​တို့သည် ပြုတ်​၍ မိုးကောင်းကင်​သည် စာလိပ်​ကဲ့သို့ လိပ်​လျက်​ရှိ​လိမ့်​မည်။” (ဟေရှာယ ၃၄:၄) အထူးသဖြင့် ဧဒုံ​ခံရ​လိမ့်​မည်။ မည်သို့​နည်း။ ဧဒုံ​သည် ဘီစီ ၆၀၇ ခုနှစ်​တွင် ယေရုရှလင်​မြို့​ပျက်စီး​၍ မကြာမီ ဗာဗုလုန်​လူတို့၏ နိုင်နင်း​သိမ်းပိုက်ခြင်း​ကို ခံရ​လေ​သည်။ ထို​စဉ် ပကတိ​ကောင်းကင်​များ​၌ ထူးခြားသော​အခြင်းအရာ​များ ဖြစ်​ခဲ့​သည်​ဟူသော မှတ်တမ်းတင်​ချက်​မရှိပါ။ သို့​တ​စေ၊ ဧဒုံ​၏ “ကောင်းကင်​များ” *ကပ်ဘေး​အခြင်းအရာ​များ ဖြစ်​ခဲ့​သည်။ ၎င်း​၏​လူ့​အစိုးရ​အာဏာပိုင်​များ ကောင်းကင်​ကဲ့သို့​မြင့်မားသော​နေရာ​မှ ပြုတ်ကျ​ခဲ့​သည်။ (ဟေရှာယ ၃၄:၅) အသုံးမကျ​တော့​သည့်​စာလိပ်​ကို လိပ်​၍​ဘေးဖယ်​ထား​သကဲ့သို့ “လိပ်” ခြင်း​ခံရ​သည်။

၂၃။ ‘စာလိပ်​ကဲ့သို့​လွင့်​ထွက်’ သွား​မည့် “ကောင်းကင်” ကား အဘယ်နည်း။ ဤ​နားလည်​ချက် မှန်ကန်ကြောင်း ပေတရု​စကား​က မည်သို့​ထောက်ခံ​သနည်း။

၂၃ ထို့​ကြောင့် စာလိပ်​ကဲ့သို့ “လွင့်​ထွက်သွား” မည့် “ကောင်းကင်” သည် ဘုရားသခင့် အစိုးရ​ကို​အန်တု​ပြီး မြေကြီးကို​အုပ်စိုး​သော အစိုးရ​များ​ကို ရည်ညွှန်း​သည်။ အောင်ပွဲ​တကာ​ခံ မြင်းဖြူ​ရှင်​က သူတို့ကို အပြီး​အပြတ် ဖယ်​ရှင်း​တော်​မူ​မည်။ (ဗျာဒိတ် ၁၉:၁၁-၁၆၊ ၁၉-၂၁) ဤ​အချက်​ကို ဆဋ္ဌမ​တံဆိပ်​ဖွင့်​ခြင်း​ဖြင့် ရည်ဆောင်​သော​အခြင်းအရာ​များ​ကို တမန်​တော်​ပေတရု​မြော်မြင်​၍ ပြော​ခဲ့​သော အောက်ပါ​စကား​က ထောက်ခံ​သည်– “ယခု​ရှိသော​မိုးကောင်းကင်​နှင့် မြေကြီး​မူ​ကား တရား​ဆုံး​ဖြတ်၍ အဓမ္မ​လူ​တို့ကို​ဖျက်ဆီး သော​နေ့ရက်​တိုင်အောင် သိုထား​လျက်​ရှိ၍ မီးရှို့ခြင်း​အဖို့​အ​လို့​ငှာ နေရစ်​သတည်း။” (၂ ပေတရု ၃:၇) “တောင်​နှင့် ကျွန်း​ရှိသမျှ​လည်း မိမိတို့​နေရာများ​မှ ရွေ့သွား​ကြသည်” ဟူသော​စကား​ကို မည်သို့​ဆို​မည်​နည်း။

၂၄။ (က) မည်သည့်​အခါ တောင်​များနှင့် ကျွန်း​များ​လှုပ်​ယမ်း​၍ မတည်မငြိမ်​ဖြစ်​ခဲ့​သည်​ဟု ကျမ်းစာ​ပရောဖက်ပြုချက်​၌ ဆို​သနည်း။ (ခ) နိနေဝေ​မြို့​ကျဆုံး​စဉ် ‘တောင်​များ’ မည်သို့ ‘လှုပ်​ယမ်း’ ခဲ့​သနည်း။

၂၄ နိုင်ငံရေး​သွက်သွက်ခါ ပြောင်းလဲမှု​ကြီး​ဖြစ်​စဉ် တောင်​များ ကျွန်း​များ​လှုပ်​ယမ်း​သည်၊ သို့​မဟုတ် မတည်မငြိမ်​ဖြစ်သည်ဟု ကျမ်းစာ​ပရောဖက်ပြုချက်​၌ ဆို​လေ့​ရှိသည်။ ဥပမာ၊ နိနေဝေ​မြို့ကို ယေဟောဝါ တရား​စီရင်ခြင်း​အကြောင်း ကြိုပြော​ရာ​၌ နာဟုံ​ဤသို့​ရေး​၏– “ရှေ့တော်တွင် တောင်​များသည် တုန်လှုပ်ခြင်း၊ ကုန်း​များသည် အရည်ပျော်​ခြင်း၊ မြေ​ပထဝီ​နှင့် လောကဓာတ်​သည် ရွှေ့​ရှား​ခြင်း​ခံရ​၏။” (နာဟုံ ၁:၅သ​မ) ဘီစီ ၆၃၂ ခုနှစ်​တွင် နိနေဝေ​မြို့​ကျဆုံး​စဉ် ပကတိ​တောင်​များ ပြိုကွဲ​ခဲ့​သည်​ဟူသော​မှတ်တမ်း မရှိပါ။ သို့သော် တောင်ကြီး​ပ​မာ အင်အားကြီး​မား​လှ​သော ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​တစ်ခု​ကား ဗြုန်းကနဲ​ပြိုပျက်​ခဲ့​သည်။​—ယေရမိ၊ ၄:၂၄ နှိုင်းယှဉ်။

၂၅။ လာ​မည့်​စနစ်​ဆုံးခန်း​၌ “တောင်​နှင့် ကျွန်း​ရှိသမျှ” “မိမိတို့​နေရာများ​မှ” အဘယ်​သို့ “ရွေ့သွား​ကြ” မည်​နည်း။

၂၅ ထို့​ကြောင့် ဆဋ္ဌမ​တံဆိပ်​ဖွင့်​ရာ​၌ ဆို​ခဲ့​သော “တောင်​နှင့် ကျွန်း​ရှိသမျှ” မှာ တည်မြဲ​ခိုင်ခံ့​လှ​ပြီ​ဟု လူအများ​ထင်မြင်​သော နိုင်ငံရေး​အစိုးရ​များနှင့် ယင်း​တို့ကို​အမှီပြု​သော အဖွဲ့အစည်း​များ​ကို ရည်ညွှန်းခြင်း​ဖြစ်​ပေမည်။ ၎င်းတို့သည် လွင့်​ထွက်သွား​သည်​တိုင် လှုပ်​ယမ်း​ခံရ​၍ ၎င်းတို့ကို အားထား​ခဲ့​ကြ​သူများ​လည်း ခေါင်း​နား​ပန်း​ကြီး​ကာ သွေး​လေ​ချောက်ချား​ကြလိမ့်မည်။ ပရောဖက်ပြုချက် ဆက်လက်​တင်ပြ​သည့်​အတိုင်း ယေဟောဝါ​နှင့် သားတော်​တို့၏ အမျက်တော်နေ့​ကြီး​တည်း​ဟူသော စာတန့်​အဖွဲ့အစည်း​ရှိသမျှကို သိမ်း​ကျုံး​ဖယ်ရှား​သော နောက်ဆုံး​တုန်ခါမှု​သည် ကလဲ့စားချေ​ခြင်း​နှင့်အတူ ဆိုက်ရောက်​လာသော​အခါ မည်သူမျှ သံသယ​ဖြစ်​မည်​မဟုတ်။

‘ငါ​တို့​အပေါ်​သို့ ကျ​ကြ​ပါ၊ ငါ​တို့ကို ဖုံးကွယ်​ကြ​ပါ’

၂၆။ ဘုရားသခင့် အချုပ်အခြာအာဏာ​တော်​ကို ဖီဆန်​သူ​လူသား​တို့သည် ကြောက်​ကြောက်​နှင့် မည်သို့​ပြုမူ၊ ပြောဆို​ကြ​မည်​နည်း။

၂၆ ယောဟန် ဤသို့​ဆက်၍​ဆို​၏– “မြေကြီး​ဘုရင်​များ၊ အရာရှိ​ကြီး​များ၊ စစ်သူကြီး​များ၊ သူဌေး​များ၊ အားသန်​သူများ၊ ကျွန်​မှန်သမျှ၊ လွတ်လပ်​သူ​မှန်သမျှ​တို့သည် တောင်​များ​ရှိ လိုဏ်ဂူ​များ၊ ကျောက်ဆောင်​များ​၌ ပုန်းအောင်း​ကြ​ကုန်​၏။ ထို​သူတို့က တောင်​များနှင့် ကျောက်ဆောင်​များ​အား ‘ငါ​တို့​အပေါ်​သို့ ကျ​ကြ​ပါ။ ပလ္လင်တော်​ပေါ်မှာ စံတော်မူ​သော​သူ၏ မျက်နှာတော်​မှ​လည်းကောင်း၊ သိုးသငယ်​၏ အမျက်တော်​မှ​လည်းကောင်း ငါ​တို့ကို ဖုံးကွယ်​ကြ​ပါ။ အကြောင်း​မှာ၊ ထို​အရှင်​တို့၏ အမျက်တော်နေ့​ကြီး ကျရောက်​ပြီ​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်​နည်း’ ဟု မ​ရပ်​မ​စဲ ဆို​ကြ​၏။”​—ဗျာဒိတ် ၆:၁၅-၁၇

၂၇။ ရှမာရိ​မှ သစ္စာမဲ့​ဣသရေလလူ​တို့ မည်သို့​အော်ဟစ်​ကြ​ပြီး ထိုစကား​များ မည်သို့​ပြည့်စုံ​လာ​သနည်း။

၂၇ ရှမာရိ​ကို ယေဟောဝါ တရား​စီရင်​မည့်​အကြောင်း ဟောရှေ​ကြော်ငြာ​စဉ် ဤသို့​ဆို​၏– “ဣသရေလ​ပြစ်မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့သည် ပြိုကျ​၍ ဆူးပင်​အမျိုးမျိုး​တို့သည် သူတို့​ယဇ်​ပလ္လင်​များ​ကို လွှမ်းမိုး​ကြလိမ့်မည်။ မြို့သား​တို့​က​လည်း အို​တောင်​များ​တို့၊ ငါ​တို့ကို​ဖုံးအုပ်​ကြ​ပါ။ အို​ကုန်း​များ​တို့၊ ငါ​တို့​အပေါ်​၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြလိမ့်မည်။” (ဟောရှေ ၁၀:၈) ဤ​စကား​များ မည်သို့​ပြည့်စုံ​ခဲ့​သနည်း။ ဘီစီ ၇၄၀ ခုနှစ်​တွင် အာရှုရိလူတို့​လက်​သို့ ရှမာရိ​ကျဆုံး​စဉ် ဣသရေလလူ​တို့ ပြေး​စ​ရာ​နေရာ​မရှိ​ချေ။ ဟောရှေ​၏​စကား​က စစ်ရှုံး​သူများ​ခံစား​ရသော ခိုကိုးရာ​မဲ့၊ ကြောက်စိတ်​အတိ၊ စိတ်အား​ကုန်ခန်း​သည့်​အဖြစ်ကို ဖော်ပြ​၏။ ပကတိ​ကုန်း​များ​သော်လည်း​ကောင်း၊ မြဲမြံ​ခိုင်ခံ့​လှ​ပြီ​ဟု ယခင်​က​ထင်​ခဲ့​ရသည့် ရှမာရိ​၏​တောင်​ကဲ့သို့​သော အဖွဲ့အစည်း​များ​သော်လည်း​ကောင်း သူတို့ကို မကာကွယ်​နိုင်။

၂၈။ (က) ယေရုရှလင်​မြို့သူ​များ​အား ယေရှု အဘယ်​သတိပေး​စကား မိန့်မြွက်​ခဲ့​သနည်း။ (ခ) ယေရှု​သတိပေး​ချက် မည်သို့​ပြည့်စုံ​လာ​သနည်း။

၂၈ ထို့​နည်းတူ၊ ယေရှု​အား ကွပ်မျက်​ရန် ရောမ​စစ်သား​များ ခေါ်ထုတ်​သွားစဉ် ယေရုရှလင်​မြို့သူ​များ​အား ကိုယ်တော်​က ဤသို့​မိန့်တော်မူသည်– “မြုံ​သော​မိန်းမသည် မင်္ဂလာ​ရှိ၏၊ ပဋိသန္ဓေ​မယူ​ဖူး​သော​ဝမ်း​နှင့် သူငယ်မ​စို့​ဖူး​သော​သားမြတ်​သည် မင်္ဂလာ​ရှိ၏​ဟု ပြော​ရသော​နေ့ရက်​ကာလ ရောက်​လိမ့်​မည်။ ထို​အခါ၊ သူတို့က၊ အို​တောင်​များ​တို့၊ ငါ​တို့​အပေါ်​သို့​ကျ​ကြ​ပါ၊ အို​ကုန်း​များ​တို့၊ ငါ​တို့ကို​ဖုံးအုပ်​ကြ​ပါ​ဟု ခေါ်​ကြလိမ့်မည်။” (လုကာ၊ ၂၃:၂၉၊ ၃၀) အေဒီ ၇၀ ပြည့်နှစ်​၌ ယေရုရှလင်​မြို့​ပျက်စီးခြင်း​သည် သက်သေ​ခိုင်လုံ​သော မှတ်တမ်းတင်​ချက်​ဖြစ်​ပြီး ယေရှု၏​ဆိုလိုချက်​လည်း ဟောရှေ​၏​လို​ရင်း​ကဲ့သို့​ဖြစ်သည်​မှာ သိသာ​သည်။ ထို​သမယ​၌ ယုဒပြည်​နယ်တွင်​နေရစ်​သော ဂျူး​များ​အဖို့ ပုန်းအောင်း​ရန်​နေရာ​မရှိ။ ယေရုရှလင်​မြို့တွင်း မည်သည့်​နေရာ၌ ပုန်းခို​စေ​ကာ​မူ၊ ထို​မျှ​မ​က၊ မာ​ဆား​ဒါး​တောင်ထိပ် ခံတပ်​သို့​ပြေးဝင်​ခိုလှုံ​စေ​ကာ​မူ၊ ယေဟောဝါ​၏​ကြမ်းကြုတ်​သော တရား​စီရင်​သုတ်သင်​မှု​မှ ပြေး​မလွတ်​နိုင်​ခဲ့​ချေ။

၂၉။ (က) ယေဟောဝါ​၏ အမျက်တော်နေ့ ရောက်လာ​သော​အခါ ဤ​စနစ်​၏​သစ္စာခံ​များ ဘာဖြစ်​ကြ​မည်​နည်း။ (ခ) ယေဟောဝါ အမျက်တော်​ထွက်​သောအခါ ယေရှု၏ အဘယ်​ပရောဖက်ပြုချက် ပြည့်စုံ​လာ​မည်​နည်း။

၂၉ ဆဋ္ဌမ​တံဆိပ်​ဖွင့်​ခြင်း​က ယေဟောဝါ​၏ အမျက်တော်နေ့​အတွင်း အလားတူ​အဖြစ်မျိုး ဖြစ်ပျက်​မည်​ကို တင်ပြ​သည်။ ဤ​မြေကြီး​စနစ်​ကို နောက်ဆုံး​တစ်ကြိမ် ကိုင်​လှုပ်​တော်​မူ​စဉ် ၎င်း​၏​သစ္စာခံ​များသည် ကြံရာမရ ပုန်းခိုရာ​ကို ရှာ​ကြသော်လည်း တစ်​နေရာ​မျှ တွေ့​မည်​မဟုတ်။ မိစ္ဆာ​ဘာသာ မဟာ​ဗာဗုလုန်​ကို သူတို့​လုံးဝ​အားထား​၍​မရ​ကြောင်း သိခဲ့​ပြီ​ဖြစ်၏။ ပကတိ​တောင်​များ​ရှိ လိုဏ်ဂူ​များ​ဖြစ်စေ၊ တောင်​များနှင့်​တူသော နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်း​များ​ဖြစ်စေ၊ စီးပွားရေး​လုံခြုံမှု သို့​မဟုတ် အခြား​တစ်စုံတစ်ခု​သော ထောက်မမှုကို​မျှ ပေး​မည်​မဟုတ်။ ဘာက​မျှ သူတို့ကို ယေဟောဝါ​၏ အမျက်တော်​ဒဏ်​မှ အကာအကွယ်​ပေး​မည်​မဟုတ်။ သူတို့၏​ထိတ်လန့်​မှု​ကို ယေရှု ဤသို့​ထိထိမိမိ ဖော်ပြ​တော်​မူ​၏– “ထို​အခါ လူသား​၏​နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ထင်ရှား​လိမ့်​မည်။ မြေကြီး​ပေါ်မှာ လူအပေါင်း​တို့သည် ငိုကြွေး​မြည်တမ်း​ကြ​၍ လူသား​သည် ကြီးစွာ​သော ဘုန်း​တန်ခိုး​အာနုဘော်​ကို​ဆောင်​လျက် မိုးတိမ်​ကို​စီး​၍ ကြွလာ​တော်​မူ​သည်ကို မြင်ရ​ကြလိမ့်မည်။”​—မဿဲ ၂၄:၃၀

၃၀။ (က) “မည်သူ​ခံရပ်​နိုင်​မည်​နည်း” ဟူသော​စကား​က ဘာကို​ဆိုလို​သနည်း။ (ခ) ယေဟောဝါ တရား​စီရင်​စဉ် ခံရပ်​နိုင်​သူ​ရှိ​မည်​လော။

၃၀ မှန်​ပေ​သည်။ အောင်​တံခွန်​စိုက် မြင်းဖြူ​ရှင်​၏ အာဏာတော်​ကို အသိအမှတ်​မပြု​သူတို့သည် မိမိတို့​အမှား​ကို မဖြစ်​မနေ ဝန်ခံ​ရ​ကြလိမ့်မည်။ စာတန့်​လောက ကွယ်ပျောက်​သောအခါ စိတ်လို​ကိုယ်​လျောက် မြွေ​၏​အမျိုးအနွယ်​အဝင်​ဖြစ်​ခဲ့​ကြ​သူ လူသားများ ပျက်စီး​ကိန်း​ဆိုက်​ကြလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅; ၁ ယောဟန် ၂:၁၇) ထို​အခါ ကမ္ဘာ့​အခြေအနေ အလွန်ဆိုးရွား​လှ​ရ​ကား၊ လူများ​တို့​က “မည်သူ​ခံရပ်​နိုင်​မည်​နည်း” ဟု မေး​သည်​နှင့်​မ​ခြား ဖြစ်​ရ​လိမ့်​မည်။ ယေဟောဝါ​၏ တရား​စီရင်​ရာ​ထို​နေ့၌ မည်သူမျှ ကိုယ်တော့်​ရှေ့ မျက်နှာသာ​ရ​လျက် ရပ်တည်​နိုင်​မည်​မဟုတ်​ဟု သူတို့​ထင်မှတ်​ကြ​ပေမည်။ သို့သော် ဗျာဒိတ်ကျမ်း ဆက်လက်​တင်ပြ​သည့်​အရ သူတို့၏​အထင်​သည် မှား​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ပကတိ​ငလျင်​များ​မ​လှုပ်​မီ ငလျင်​ဆိုင်ရာ ဂယက်​များ​ဖြစ်လေ့​ရှိပြီး ၎င်း​ကြောင့် ခွေး​များ​ဟော​င်၍ လန့်ဖျပ်​ခုန်ပေါက်​ခြင်း၊ အခြား​တိရစ္ဆာန်​များနှင့် ငါး​များ ထကြွ​ခြင်း​ရှိ​တတ်​သည်။ သို့သော် လူသည် တကယ့်​ငလျင်​မ​လှုပ်​မချင်း သတိပြုမိ​ချင်​မှ​ပြု​မိ​မည်။​—၁၉၈၂ ခု၊ ဇူလိုင်​လ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၄ (လိပ်) ကို​ရှု။

^ အပိုဒ်၊ 4 အသေးစိတ်​ရှင်းလင်းချက်​ကို စာမျက်နှာ ၂၂၊ ၂၄ တွင်​ရှု။

^ အပိုဒ်၊ 9 ၁၈၉၅ ခုနှစ်​မှ ၁၉၃၁ ခုနှစ်​အထိ၊ ၃၅ နှစ်​အတွင်း ကင်းမျှော်စင် မဂ္ဂဇင်း​မျက်နှာဖုံး​တွင် လှိုင်း​ထ​န်​သော​ပင်လယ်​အထက် မုန်တိုင်း​ဆင်​နေသည့် ကောင်းကင်​ယံ​ကို ထွန်းလင်း​စေသော မီးပြတိုက်​ကို နောက်ခံ​ထား​ကာ လုကာ ၂၁:၂၅၊ ၂၈၊ ၃၁ ပါ​စကား​များ​ကို ကိုးကား​ခဲ့​သည်။

^ အပိုဒ်၊ 11 ဥပမာ၊ ၁၉၃၁ ခုနှစ်၊ အထူးကင်ပိန်း​တစ်ရပ်​၌ ယေဟောဝါသက်သေ​များ​က နိုင်ငံတော်၊ ကမ္ဘာ​သားတို့ မျှော်လင့်ချက် ဟူသော​စာအုပ်​ငယ်​များ​ကို သောင်း​နှင့်​ချီ​ပြီး ကမ္ဘာ​တစ်​လွှား​ရှိ ဓမ္မ​ဆရာ၊ နိုင်ငံရေးသမား​နှင့် စီးပွားရေး​သမားများ​အား ကိုယ်တိုင်​ကိုယ်​ကျ ဝေငှ​ခဲ့​သည်။

^ အပိုဒ်၊ 22 “ကောင်းကင်” ဟူသော​စကား​ကို အလားတူ​စွာ အသုံးပြု​သော ဟေရှာယ ၆၅:၁၇၊ ၁၈ ပါ “ကောင်းကင်သစ်” ဆိုင်ရာ​ပရောဖက်ပြုချက်​သည် မြို့ဝန် ဇေရုဗဗေလ​နှင့် ယဇ်ပုရောဟိတ်​မင်းကြီး ယောရှု​ပါဝင်​ဖွဲ့စည်း​သော အစိုးရ​အစီအစဉ်​သစ် တည်ထောင်ခြင်း​ကိစ္စ​တွင် ပြည့်စုံ​ခဲ့​သည်။ ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ဂျူး​များ​ပြန်လာ​ကြ​သည့်​နောက်​၌ ကတိထားရာပြည်​တွင် ထို​အစိုးရသစ် ဖွဲ့စည်း​တည်ထောင်​ခဲ့​ခြင်း​ဖြစ်သည်။​—၂ ရာဇဝင်ချုပ် ၃၆:၂၃သမ္မာ; ဧဇရ ၅:၁၊ ၂; ဟေရှာယ ၄၄:၂၈

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

၁၉၁၄ ကို​ကြိုမြင်

“ဘီစီ ၆၀၆ ခုနှစ်​ကား ဘုရားသခင့်​နိုင်ငံတော်​အဆုံးတိုင်​၍ သရဖူ​ကို​ပယ်​ပြီး တစ်ကမ္ဘာ​လုံး​ကို တစ်ပါး​အမျိုးသားများ​လက်​သို့ အပ်နှင်း​လိုက်​သော​အချိန်​တည်း။ ဘီစီ ၆၀၆ ခုနှစ်​တွင် အစပြု​သည့် နှစ်ပေါင်း ၂၅၂၀ သည် အေဒီ ၁၉၁၄ ခုနှစ်​တွင် ကုန်ဆုံး​လိမ့်​မည်။” *​—၁၈၇၇ ခု​ထုတ် သုံး​လောက၊ စာမျက်နှာ ၈၃။

“ကျမ်းစာ​သာဓက​က ‘တစ်ပါး​အမျိုးသား​ကာလ’ သည် ဘီစီ ၆၀၆ ခုနှစ်​မှ​စ၍ အေဒီ ၁၉၁၄ ခုနှစ်​အပါအဝင် ၁၉၁၄ ခုနှစ်​အထိ နှစ်ပေါင်း ၂၅၂၀ တာ​ရှည်​သော ကာလ​ဖြစ်​ကြောင်း ရှင်းလင်း​ခိုင်လုံ​စွာ​တင်ပြ​၏။”​—စီ၊ တီ၊ ရပ်စဲ​လ်​ရေး​၍ ၁၈၈၉ ခု​၌​ထုတ်ဝေ​သော ကျမ်းစာ​လေ့လာချက်​များ ဟူသော​စာအုပ် အတွဲ ၂၊ စာမျက်နှာ ၇၉ ကို​ရှု။

ချားလ်စ် တေ့စ် ရပ်စဲ​လ်​နှင့် အပေါင်းပါ​ကျမ်းစာ​ကျောင်းသား​များ​က ၁၉၁၄ ခုနှစ်​သည် တစ်ပါး​အမျိုးသား​ကာလ ကုန်ဆုံး​ချိန်​ကို သတ်မှတ်​မည်​ဖြစ်​ကြောင်း ဆယ်စုနှစ်​များစွာ​ကြို၍ သိရှိ​ခဲ့​ကြသည်။ (လုကာ ၂၁:၂၄) ဘာဖြစ်​မည်​ကို ၎င်း​စောစော​ပိုင်း​အချိန်၌ သူတို့​ပြည့်ပြည့်ဝဝ နားမလည်​ခဲ့​သော်လည်း ၁၉၁၄ ခုနှစ်​သည် ကမ္ဘာ့​သမိုင်း​တွင် အရေးပါသော​နှစ်​ဖြစ်​မည်​ကို တပ်အပ်​ယုံကြည်ခဲ့​ကြ​သည့်​အတိုင်း မှန်​ခဲ့​ကြ​၏။ အောက်ပါ​သတင်းစာ ကိုးကားချက်​ကို သတိပြုပါ–

“ဥရောပ​တွင်​ဖြစ်ပွား​သော ကြောက်​ခ​မ​န်း​လိ​လိ စစ်ပွဲ​ကြီး​သည် ထူးခြားသော ပရောဖက်ပြုချက်​တစ်ရပ်​ကို ပြည့်စုံ​စေ​ခဲ့​သည်။ ‘အနှစ်​တစ်ထောင် ရော​င်​နီ​ဂိုဏ်းဝင်​များ’ အဖြစ်​ကျော်ကြား​သော ‘နိုင်ငံတကာ ကျမ်းစာ​ကျောင်းသား​များ’ က ၁၉၁၄ ခုနှစ်​၌ ကျမ်းစာ​ကြိုပြော​သော အမျက်တော်နေ့​ကြီး ဆိုက်ရောက်​လာ​မည်​ဟု ဟောပြောသူများ​နှင့် သတင်းစာ​များ​မှ​တစ်ဆင့် ကမ္ဘာ​ကို​အသိပေး ကြွေးကြော်​နေသည်​မှာ အနှစ်​နှစ်​ဆယ်​ကျော်​ခဲ့ပြီ။ ရာ​ပေါင်း​များစွာသော နယ်လှည့် ဧဝံဂေလိ​ဆရာများ​က ‘၁၉၁၄ ခုနှစ်​ကို သတိပြု​လော့’ ဟု ကြွေးကြော်​လျက် ရှိခဲ့​သည်။”​—၁၉၁၄ ခုနှစ်၊ ဩဂုတ်​လ ၃၀ ရက်ထုတ် နယူးယောက်​သတင်းစာ ကမ္ဘာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 75 တိုက်​တိုက်ဆိုင်​ဆိုင် ကျမ်းစာ​ကျောင်းသား​များသည် ဘီစီ နှင့် အေဒီ စပ်ကြား​တွင် သု​ည​ခုနှစ်​မရှိကြောင်း​ကို မသိ​သေး​ချေ။ နောက်ပိုင်း၌ သုတေသန​ပြုချက်​ကြောင့် ဘီစီ ၆၀၆ ခုနှစ်​ကို ဘီစီ ၆၀၇ ခုနှစ်​အဖြစ် ပြင်ဆင်​လိုက်​သောအခါ သု​ည​ခုနှစ်​ကို​ပါ ပယ်ဖျက်​လိုက်​သဖြင့် အထက်ပါ​ဟောကိန်း​သည် “အေဒီ ၁၉၁၄ ခုနှစ်” ၌ နဂို​အတိုင်း မှန်ကန်​ခဲ့​သည်။​— ၁၉၄၃ ခုနှစ်​၌ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော “သမ္မာတရား​သည် သင်တို့ကို လွှတ်​လိမ့်​မည်” (လိပ်) စာအုပ်၊ စာမျက်နှာ ၂၃၉ ကို​ရှု။

[စာမျက်နှာ ၁၀၆ ပါ လေးထောင့်ကွက်]

၁၉၁၄ ခုနှစ်​—အလှည့်အပြောင်း​တစ်ရပ်

၁၉၈၇ ခုနှစ်၊ ကို​ပင်​ဟေ​ဂ​င်​မြို့၌​ထုတ်ဝေ​သော Politikens Verdenshistorie​—Historiens Magt og Mening (Politiken  ပြုစု​သည့် ကမ္ဘာ့​သမိုင်း​—သမိုင်း​၏ အစွမ်း​နှင့်​အဓိပ္ပာယ်) ဟူသော စာအုပ်၊ စာမျက်နှာ ၄၀ ၌ အောက်ပါ​ထင်မြင်ချက်​ကို​ပေး​၏–

“တိုးတက်​မည်​ဟူသော ၁၉ ရာစု​၏ ယုံကြည်ချက်​သည် ၁၉၁၄ ခုနှစ်​၌ အသေ​ထိုး​ခံ​လိုက်ရ​သည်။ စစ်​မဖြစ်မီ တစ်နှစ်​အလို​တွင် ဒိန်းမတ် နိုင်ငံသား နိုင်ငံရေးသမား ပီတာ မ​န်းခ်ျ​က ‘သာဓက ရှိသမျှကို​ထောက်​သော် ဥရောပ အင်အားကြီး​နိုင်ငံ​များ အချင်းချင်း​တွင် စစ်​ဖြစ်​မည့် အလားအလာ​မရှိ။ “စစ်​အန္တရာယ်” သည် ၁၈၇၁ ခုနှစ်​ကတည်းက အကြိမ်ကြိမ် ပျောက်​ပြ​ယ်​ခဲ့​သကဲ့သို့ နောင်​၌​လည်း ပျောက်​ပြ​ယ်​သွား​မည်’ ဟု အကောင်းမြင်​သဘောဖြင့် ရေးသားခဲ့​သည်။

“ယင်း​နှင့်​လား​လား​ဆန့်ကျင်​လျက် သူ့​နောက်ပိုင်း ကိုယ်တွေ့​မှတ်တမ်း​၌ ဤသို့​ဖတ်​ရသည်– ‘၁၉၁၄ ခုနှစ်​၌​ဖြစ်ပွား​သော​စစ်သည် လူ့​သမိုင်း​၏​ကြီးမားသော အလှည့်အပြောင်း​တစ်ရပ်​ဖြစ်၏။ ယခင်​က အေးချမ်း​လုံခြုံမှု အတော်အတန်​ရှိသဖြင့် မိမိတို့​ဝါသနာပါရာ​ကို လိုက်စား​နိုင်သော ထွန်း​ပြောင်​သည့်​ခေတ်​ဆန်း​ချိန် ဖြစ်​ခဲ့​သော်လည်း ယခု​မူ ဘေးဒုက္ခ၊ ထိတ်လန့်​မှု၊ မုန်းတီးမှု​အပြင် နေရာတိုင်း မ​လုံခြုံမှု​အတိ​ဖြစ်သော ခေတ်​အတွင်း​သို့ ကျွန်ုပ်​တို့ ဝင်ရောက်​ခဲ့​လေ​ပြီ။ ထို​အချိန်၌ ကျွန်ုပ်​တို့​အပေါ်​သို့ ကျရောက်​ခဲ့​သော အမှောင်ထု​သည် အနှစ်​ထောင်ပေါင်း​များစွာအတွင်း လူသားများ မိမိတို့​အဖို့ မိမိတို့​ဖန်တီး​ခဲ့​သော ယဉ်ကျေးမှု​အဆောက်အအုံ တစ်ခုလုံး​၏ ထာဝရ ပျက်​သု​ဉ်း​ခြင်း​ကို ဆိုလို​သလော၊ မည်သူမျှ​မပြော​နိုင်​ခဲ့။ ယနေ့​ထက်​တိုင် မည်သူမျှ​မပြော​နိုင်။”

[စာမျက်နှာ ၁၁၀ ပါ ရုပ်ပုံ]

‘တောင်​ရှိသမျှ မိမိတို့​နေရာ​မှ​ရွေ့သွား’

[စာမျက်နှာ ၁၁၁ ပါ ရုပ်ပုံ]

လိုဏ်ဂူ​များ​ထဲ ပုန်း​နေကြ