မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်နာမည်သည် အသက်စာစောင်တွင် ပါရှိသလော

သင့်နာမည်သည် အသက်စာစောင်တွင် ပါရှိသလော

အခန်း ၁၁

သင့်​နာမည်​သည် အသက်စာစောင်​တွင် ပါရှိ​သလော

သာဒိ

၁။ သာဒိ​မြို့ရှိ အသင်းတော်​၏ ဝိညာဉ်​ရေး​အခြေအနေ မည်သို့​ရှိ​သနည်း။ မိမိ၏​သတင်း​တော်​ကို ယေရှု မည်သို့ နိဒါန်း​ပျိုး​တော်​မူ​သနည်း။

 ခတ်​သစ် အ​ခီ​ဆာ (သွာတိရ) မြို့​၏​တောင်ဘက် မိုင် ၃၀ ခန့်အကွာ​တွင် ဘုန်းပွင့်​ယေရှု​ထံ​မှ သတင်း​တော်​လက်ခံရ​ရှိသော နောက်​အသင်းတော် သာဒိ တည်ရှိ​၏။ ၎င်း​မြို့​သည် ခရစ်​သက္ကရာဇ် မတိုင်မီ ခြောက်​ရာစု​၌ ရှေး​လစ်ဒီးယား​နိုင်ငံ​၏ မာန်​လွှား​သော​မြို့တော်၊ အလွန်​ချမ်းသာ​သော ခရိုအက်စပ်စ်​ဘုရင်​၏ ပလ္လင်​တည်ရာ​ဖြစ်သည်။ ယောဟန်​လက်ထက်​ရောက်​သော် ခေတ်​ကျပ်​နှင့်​တိုး​သဖြင့် ယခင်​က ထည်ဝါ​ခမ်းနားမှု​သည် သမိုင်း​အဖြစ်​သာ ကျန်ရစ်​လေ​သည်။ ထို​နေရာ​မှ ခရစ်ယာန်​အသင်းတော်​လည်း ဝိညာဉ်​ရေး​ဘက် မွဲတေ​လာ​သည်။ ယေရှုသည် ချီးမွမ်း​စကား​ဖြင့် အစ​မ​ပျိုး​သော သတင်း​တော်​ကို ပထမ​အကြိမ်​အဖြစ် ပေး​ပို့လိုက်​သည်။ ချီးမွမ်း​မည့်​အစား ဤသို့​မိန့်ဆို​၏– “သာဒိ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်​ထံ ဤသို့​ရေး​လော့။ ဤ​ကား ဘုရားသခင်​၏ ဝိညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး ရှိသောသူ​၏ မိန့်ဆိုချက်​များ​တည်း။ ‘သင်​ပြုသော​အမှု​များ​ကို ငါ​သိ​၏။ သင်၌ အသက်ရှင်​သည်​ဟူသော နာမည်​ရှိသော်လည်း သေ​လျက်​ရှိ၏။’”​ဗျာဒိတ် ၃:၁

၂။ (က) ယေရှု​၌ “ဝိညာဉ်​ခု​နစ်​ပါး” ရှိ​ခြင်း​က သာဒိ​မြို့ရှိ ခရစ်ယာန်​များ​အဖို့ အဘယ်​အဓိပ္ပာယ်​ထူး ရှိ​သနည်း။ (ခ) သာဒိ​အသင်းတော် မည်သို့သော ဂုဏ်​သတင်း​ရှိ​သနည်း။ အမှန်​မှာ မည်သို့​နည်း။

မိမိကိုယ်ကို ‘ဝိညာဉ်​ခု​နစ်​ပါး ရှိသောသူ’ အဖြစ် ယေရှု အဘယ်ကြောင့် တင်ပြ​တော်​မူ​သနည်း။ ၎င်း​ဝိညာဉ်​များသည် အပြည့်အဝ စီးဆင်း​နေသည့် ယေဟောဝါ​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ပုံခိုင်း​သောကြောင့်​တည်း။ နောက်ပိုင်း၌ ယောဟန်​က ၎င်းတို့ကို “မျက်စိ​ခု​နစ်​လုံး” အဖြစ် ဖော်ပြ​သည်။ ယေရှု​အား ဘုရားသခင့်​သန့်ရှင်းသော ဝိညာဉ်​တော်​ပေး​သော ထိုးဖောက်​ရှုမြင်​နိုင်စွမ်း​ကို ရည်ညွှန်း​သည်။ (ဗျာဒိတ် ၅:၆) သို့​ဖြစ်၍ ယေရှုသည် အခြေအနေ​မှန်သမျှကို ဖော်ထုတ်​၍ ကိုင်တွယ်​နိုင်​သည်။ (မဿဲ ၁၀:၂၆; ၁ ကောရိန္သု ၄:၅) သာဒိ​မြို့ရှိ အသင်းတော်သည် အသက်ရှင်​သည်၊ တက်ကြွ​သည်​ဟူသော ဂုဏ်​သတင်း​ရှိသည်။ သို့သော် ဝိညာဉ်​ရေး​ဘက် သေ​လျက်​နေကြောင်း ယေရှု​သိမြင်​နိုင်၏။ ၎င်း​၏​အသင်းသား အများစု​သည် ခရစ်ယာန်​ဖြစ်​မလာ​မီ​က အခြေအနေ​မျိုး​သို့ ပြန်ရောက်​သွား​သည်​မှာ သိသာ​လှ​၏။ ​—ဧဖက် ၂:၁-၃; ဟေဗြဲ ၅:၁၁-၁၄ နှိုင်းယှဉ်။

၃။ (က) “သာဒိ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်” သည် ယေရှု​လက်တော်​၌ “ကြယ်​ခု​နစ်​လုံး” ရှိသည်​ဟူသော​အချက်​ကို အဘယ်ကြောင့် အထူး​သတိပြု​သင့်​သနည်း။ (ခ) သာဒိ​မြို့ရှိ အသင်းတော်​အား အဘယ်​လေးနက်​သော သြဝါဒ​ကို ယေရှု​ပေး​တော်​မူ​သနည်း။

ယေရှု​က မိမိသည် “ကြယ်​ခု​နစ်​လုံး” ရှိသောသူ ဖြစ်​ကြောင်းကို​လည်း “သာဒိ​မြို့ရှိ အသင်းတော်​၏ ကောင်းကင်တမန်” အား ပြန်လည်​သတိရ​စေတော်မူ​သည်။ ထို​အသင်းတော် အကြီးအကဲ​များ​ကို လက်ယာလက်​ထဲ ကိုင်ထား​ခြင်း​ဖြင့် သိုးထိန်းခြင်း​လုပ်ငန်း​၌ သူတို့ကို ညွှန်ကြား​ပိုင်​သော​အာဏာ ကိုယ်တော်၌​ရှိသည်။ သူတို့သည် မိမိတို့ ‘သိုးစု​အကြောင်းကို​သိ’ ရန် အားထုတ်​သင့်​သည်။ (သုတ္တံ ၂၇:၂၃) ထို့​ကြောင့် သူတို့သည် ယေရှု၏ နောက်​စကား​များ​ကို ဂရုတစိုက် နားထောင်​အပ်​သည်– “နိုးကြား​လျက်​နေလော့။ သေ​လု​ဆဲ ကျန်​သော​အရာများ​ကို အားဖြည့်​လော့။ အကြောင်း​မှာ သင်​ပြုသော​အမှု​များသည် ငါ​၏​ဘုရားသခင် ရှေ့တော်၌ ပြီးပြည့်စုံ​သည်ကို ငါ​မ​တွေ့ရ။ ထို့​ကြောင့် ယခင်​က သင်​မည်သို့ ခံယူ​ခဲ့​သည်၊ မည်သို့ ကြားနာ​ခဲ့​သည်ကို အောက်မေ့​၍ စောင့်ရှောက်​လျက်​နေလော့။ နောင်​တရ​လော့။ သင်​မ​နိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ မုချ​လာ​မည်။ ငါ​လာ​မည့် အချိန်နာရီ​ကိုလည်း သင်​လုံးဝ သိရ​လိမ့်​မည်​မဟုတ်။”​—ဗျာဒိတ် ၃:၂၊ ၃

၄။ ပေတရု​၏​စကား​များသည် “ကျန်​သော​အရာများ​ကို အားဖြည့်” နိုင်​ရန် သာဒိ​မြို့ရှိ အသင်းတော်ကို မည်သို့​ထောက်ကူ​နိုင်​မည်​နည်း။

သာဒိ​မြို့ရှိ အကြီးအကဲ​များသည် မိမိတို့ သမ္မာတရား ရ​စ​က ခံစား​ရသော ဝမ်းမြောက်ခြင်းနှင့် ကောင်းချီး​များ​ကို သတိ​ရဖို့​လို​သည်။ ယခု​မူ ဝိညာဉ်​ရေး​လုပ်ငန်း​ဘက်၌ သေနေ​ကြသည်။ ယုံကြည်ခြင်း​အလုပ် ကင်းမဲ့​သဖြင့် သူတို့၏​အသင်းတော် မီးခွက်​သည် မှိတ်​တုတ်​မှိတ်​တုတ် ဖြစ်နေ​ပြီ။ လွန်ခဲ့သော​နှစ်များ​၌ တမန်​တော်​ပေတရု​သည် (သာဒိ​အသင်းတော် ပါဝင်​ဖွယ်​ရှိသော) အာရှတိုက်​ရှိ အသင်းတော်များ​ထံ စာရေး​၍ ခရစ်ယာန်​များ လက်ခံခဲ့​သည့် ဘုန်းတောက်​သတင်းကောင်းကို လေးမြတ်​သော​စိတ်​ရှိ​ရန် အားပေးခဲ့​သည်။ ၎င်း​သတင်းကောင်းကို ယောဟန်​၏​ရူပါရုံ​မှ ဝိညာဉ်​ခု​နစ်​ပါး​ဖြင့် ကိုယ်စား​ပြုသော “ကောင်းကင်ဘုံ​မှ စေလွှတ်​တော်​မူ​သော သန့်ရှင်းသော​ဝိညာဉ်​တော်” နှင့်​တကွ ကြွေးကြော်​ခဲ့​သည်။ ပေတရု​က ထို​အာရှ​ခရစ်ယာန်​တို့အား မိမိတို့သည် ‘မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော အလင်းတော်​သို့ ခေါ်သွင်း​တော်​မူ​သော​အရှင်​၏ ဂုဏ်​ကျေးဇူးများ​ကို ဖော်ပြ​စေခြင်း​ငှာ၊ ရွေးချယ်သော​လူမျိုး၊ မင်း​စည်းစိမ်​ရှိသော ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး၊ ပိုင်ဆိုင်​တော်​မူ​ရာ​လူမျိုးတော်​ဖြစ်​ကြောင်း’ ပြန်သတိရ​စေ​သည်။ (၁ ပေတရု ၁:၁၂၊ ၂၅; ၂:၉) သာဒိ​မြို့ရှိ အသင်းတော်သည် ထိုသို့​သော​ဝိညာဉ်​ရေးရာ သမ္မာတရား​များ​ကို ဆင်ခြင်​လျှင် နောင်တ​ရ​လျက် “သေ​လု​ဆဲ ကျန်​သော​အရာများ​ကို အားဖြည့်” နိုင်​ရန် အထောက်အကူ​ရမည်။​—၂ ပေတရု ၃:၉ နှိုင်းယှဉ်။

၅။ (က) သာဒိ​မြို့ရှိ ခရစ်ယာန်​များ​၏ လေးမြတ်ခြင်း​စိတ် မည်သို့​ဖြစ်​ခဲ့​သနည်း။ (ခ) သာဒိ​ခရစ်ယာန်​တို့သည် ယေရှု၏​သြဝါဒ​ကို မ​နာယူ​လျှင် မည်သို့​ဖြစ်​မည်​နည်း။

လောလောဆယ် သူတို့၏​သမ္မာတရား လေးမြတ်​နှစ်သက်​စိတ်​သည် သေ​တော့​မည့်​မီး​ပ​မာ ဖြစ်နေ​၏။ အသင်းသား​အနည်းငယ်​မျှ​သာ ဆက်၍​ထွန်းလင်း​နေကြ​သည်။ မီး​ပွား​ကို ယပ်ခတ်​မီးထိုး​ရန်၊ မိမိတို့၏ လျစ်လျူရှု​မှု​ကြောင့် ကျူးလွန်​မိ​သော အပြစ်​များ​အတွက် နောင်တ​ရ​ရန်၊ ဝိညာဉ်​ရေး​ဘက်​ရှင်သန်​သော အသင်းတော်​ပြန်​ဖြစ်လာ​ရန် သူတို့ကို ယေရှု​တိုက်တွန်း​တော်​မူ​သည်။ (၂ တိမောသေ ၁:၆၊ ၇ နှိုင်းယှဉ်။) သို့​မဟုတ်လျှင် တရား​စီရင်​ပြစ်ဒဏ်ပေး​ရန် “သူခိုး​ကဲ့သို့” ယေရှု​ရုတ်တရက် ကြွလာ​သောအခါ သာဒိ​မြို့ရှိ အသင်းတော်သည် အသင့်ရှိနေ​မည်​မဟုတ်။​—မဿဲ ၂၄:၄၃၊ ၄၄

“သူခိုး​ကဲ့သို့” ကြွလာခြင်း

၆။ ယေရှုသည် ၁၉၁၈ ခုနှစ်​၌ အဘယ်​နည်းဖြင့် “သူခိုး​ကဲ့သို့” ကြွလာ​သနည်း။ မိမိ​နောက်လိုက်​အမည်ခံ​တို့ အလယ်​၌ အဘယ်​အခြေအနေ​ကို တွေ့​တော်​မူ​သနည်း။

“သူခိုး​ကဲ့သို့” ငါ​လာ​မည်​ဟူသော ယေရှု၏​သတိပေး​ချက်​သည် ယခု​ခေတ်​အထိ သက်ဆိုင်​၏။ သခင့်​နေ့​တော်​တိုင် အသက်ရှင်​သော ခရစ်ယာန်​များနှင့် အထူး​သက်ဆိုင်​သည်။ ၁၉၁၄ ခုနှစ် လွန်​၍​မကြာမီ မာလခိ​၏ အောက်ပါ​ပရောဖက်ပြုချက် ပြည့်စုံ​လာ​သည်– “သင်တို့​ရှာ​သော​အရှင်၊ နှစ်သက်သော ပဋိညာဉ်​တမန်​တော်​သည် မိမိ​ဗိမာန်တော်သို့ ရုတ်တရက် ကြွလာ​လိမ့်​မည်။ ကြည့်​လော့၊ ထို​အရှင်​ကြွလာ​လိမ့်​မည်​ဟု ဗိုလ်ခြေ​တို့​အရှင် ထာဝရ​ဘုရား မိန့်တော်မူ၏။” (မာလခိ ၃:၁သမ္မာ; ဗျာဒိတ် ၁:၁၀) မိမိ​နောက်လိုက် အမည်ခံ​သူတို့ကို စစ်ဆေး​၍ တရား​စီရင်​ရန် “ပဋိညာဉ်​တမန်​တော်” အဖြစ် ယေရှု ကြွလာ​တော်​မူ​သည်။ (၁ ပေတရု ၄:၁၇) ၁၉၁၈ ခုနှစ်​ဖြစ်သော ထို​အချိန်၌ ခရစ်ယာန်ဘောင်​သည် ပထမ​ကမ္ဘာ​စစ်​အတွင်း သွေး​သွန်း​ခြင်း​အမှု၌ ပါဝင်ခြင်း​ဖြင့် ဝိညာဉ်​ရေး​အရ လုံးလုံးလျားလျား သေနေ​သည်။ ခရစ်ယာန်စစ်​များ​ပင် စစ်​မဖြစ်မီ​က တက်ကြွ​စွာ ဟောပြောခဲ့​သော်လည်း ဝိညာဉ်ရေးတွင် ငိုက်မျဉ်း​လာ​သည်။ သူတို့​ထဲ​မှ​ထင်ရှားသော အကြီးအကဲ​အချို့​သည် ထောင်ချ​ခံရ​ပြီး ဟောပြောခြင်း​လုပ်ငန်း ရပ်စဲ​လု​ခ​မ​န်း ဖြစ်​ခဲ့​ရသည်။ နောက်​တစ်နှစ်​၌ ထို​ခရစ်ယာန်​များ​ကို ယေဟောဝါ​၏ ဝိညာဉ်​တော် နှိုးဆော်​သောအခါ​၌ အားလုံး အသင့်​မဖြစ်ခဲ့။ အချို့​တို့သည် ယေရှု၏​ပုံ​ပ​မာ​ထဲ​မှ မိုက်​သော​အပျိုကညာ​များ​ကဲ့သို့​ဖြစ်၍ ယေဟောဝါ​ကို​ဝတ်ပြုခြင်း အခွင့်ထူး​အတွက် ဝိညာဉ်​ရေး​ဘက် အသင့်မရှိ​ခဲ့​ကြ​ချေ။ သို့သော် ဝမ်းသာစရာ​မှာ လူ​အမြောက်အမြား​တို့သည် သတိပညာ​ရှိသော အပျိုကညာ​များ​ကဲ့သို့​ဖြစ်၍ “လူသား​သည် ကြွလာအံ့​သော နေ့ရက်​အချိန်နာရီ​ကို သင်တို့သည် မသိသော​ကြောင့် စောင့်နေ​ကြလော့” ဟူသော​သတိပေး​ချက်​ကို နာခံ​ခဲ့​ကြ​ပေ​သည်။​—မဿဲ ၂၅:၁-၁၃

၇။ ယနေ့​ခရစ်ယာန်​များ အဘယ်ကြောင့် နိုးကြား​ရန်လို​သနည်း။

သခင့်​နေ့​တော် အ​ဦး​ပိုင်း​၌​သာ ခရစ်ယာန်​တစ်ဦး နိုး​ကြားနေ​ရန်လို​သည် မဟုတ်ပါ။ “ထို​အရာခပ်သိမ်း ပြည့်စုံချိန် နိမိတ်​လက္ခဏာ” နှင့်​စပ်​လျ​ဉ်း​သော မဟာ​ပရောဖက်ပြုချက်​၌ ယေရှု​က ဤသို့​လေးလေးနက်နက် သတိပေး​တော်​မူ​သည်– “ထို​နေ့ရက်​နာရီ​ကို မည်သူမျှ​မသိ။ . . . သတိ​မလ​စ်​ဘဲ စောင့်နေ​ကြလော့။ ထို​အချိန်ကို သင်တို့​မသိကြ။ စောင့်​နေကြ​ဟူ၍ သင်တို့အား ငါ​မှာ​ထား​သည့်​နည်းတူ လူ​ခပ်သိမ်း​တို့အား ငါ​မှာ​ထား​သည်။” (မာကု ၁၃:၄၊ ၃၂၊ ၃၃၊ ၃၇သ​မ) မှန်​ပေ​သည်။ ဘိသိက်ခံ​ဖြစ်စေ၊ လူအုပ်ကြီး​အဝင်​ဖြစ်စေ၊ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ထို​အချိန်တိုင်​အောင် နိုး​ကြားနေ​ရန်လို​၏။ ဝိညာဉ်​ရေး​ဘက် အိပ်ပျော်​မသွား​ရန် ခုခံ​တိုက်လှန်​ရမည်။ “သူခိုး​သည် ည​အခါ လာ​သကဲ့သို့” ယေဟောဝါ​၏​နေ့​တော် ရောက်လာ​သော​အခါ ကျွန်ုပ်​တို့ နိုးနိုးကြားကြား ရှိသည်​ကို​တွေ့​၍ ကျွန်ုပ်​တို့​အပေါ် မျက်နှာသာ​ပေး တရား​စီရင်ချက် ချ​တော်​မူ​ပါစေ။​—၁ သက်သာလောနိတ် ၅:၂၊ ၃; လုကာ ၂၁:၃၄-၃၆; ဗျာဒိတ် ၇:၉

၈။ ယနေ့ ယောဟန်​အတန်းအစား​သည် ဘုရားသခင့် လူမျိုးတော်​အား ဝိညာဉ်​ရေး​ဘက် နိုးကြား​လျက်​နေ​စေရန် မည်သို့​စေ့ဆော်​သနည်း။

ယနေ့ ယောဟန်​အတန်းအစား ကိုယ်နှိုက်​က ဘုရားသခင့်​လူမျိုးတော်​အား ဝိညာဉ်​ရေး​ဘက် သက်ဝင်​လှုပ်ရှား​လျက် ရှိနေ​စေရန် လှုံ့ဆော်ပေး​ဖို့​လို​ကြောင်း သတိချပ်​မိ​သည်။ ထို့​ကြောင့် ကမ္ဘာ​တစ်ဝန်း​တွင် နှစ်စဉ်​နှစ်​တိုင်း အထူး​စည်းဝေးများ​ကို အကြိမ်ကြိမ် စီစဉ်​ပေး​သည်။ မကြာသေးမီ​က ခရိုင်​စည်းဝေးကြီး ၂,၉၈၁ ခု​ကျင်းပ​ရာ၊ လူပေါင်း ၁၀,၉၅၃,၇၄၄ ဦး​တက်ရောက်​ပြီး ယုံကြည်သူ​လူသစ် ၁၂၂,၇၀၁ ဦး နှစ်ခြင်း​ခံ​ခဲ့​သည်။ ယောဟန်​အတန်းအစား​သည် ကင်းမျှော်စင် မဂ္ဂဇင်း​ကို​သုံး​၍ ယေဟောဝါ​၏​နာမတော်​နှင့် ရည်ရွယ်ချက်ကို ကြေညာ​ခဲ့​သည်​မှာ အနှစ်​တစ်​ရာ​ကျော်​လေ​ပြီ။ ကမ္ဘာ​စစ်​ကြီး​နှစ်ခု​အတွင်း နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံရပ်​နိုင်​ရန် ကင်းမျှော်စင် က “ရဲဝံ့​သူများ ကောင်းချီး​ရ” (၁၉၁၉ ခုနှစ်)၊ “ဆော်သြ​သံ” (၁၉၂၅ ခုနှစ်) နှင့် “နှိပ်စက်​ညှဉ်းပန်းမှု အရေးနိမ့်” စ​သော​ဆောင်းပါး​များ ရေးသား​ဖြန့်ချိ​ကာ ယေဟောဝါသက်သေ​များ​ကို စေ့ဆော်​၍ အားသစ်​သွင်း​ပေး​ခဲ့​သည်။

၉။ (က) ခရစ်ယာန်​များ​အားလုံး မိမိတို့​ကိုယ်ကို မည်သို့​မပြတ် မေးသင့်​သနည်း။ (ခ) ကင်းမျှော်စင်​သည် မည်သို့​အားပေးခဲ့​သနည်း။

သာဒိ​မြို့မှာ​ကဲ့သို့ ယနေ့​အသင်းတော်များ​ရှိ ခရစ်ယာန်​အားလုံး​လည်း ကိုယ့်​ကိုယ်ကို အစဉ်မပြတ် ဆန်းစစ်​နေ​ရန် အလွန်​အရေးကြီး​သည်။ ကျွန်ုပ်​တို့အားလုံး ကိုယ့်​ကိုယ်ကို ဤသို့​မပြတ် မေးသင့်​သည်– ကျွန်ုပ်​တို့ “ပြုသော​အမှု​များသည်” ဘုရားသခင်​ရှေ့တော်၌ “ပြီးပြည့်စုံ” ၏​လော။ အခြား​သူများကို မဝေဖန်​ဘဲ ကျွန်ုပ်​တို့ ကိုယ်တိုင် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​မွေးမြူ၍ ဘုရားသခင့်​အမှုတော်ကို စိုးလ်​အကြွင်းမဲ့​ဆောင်ရွက်ရန် အားထုတ်​နေ​သလော။ ဤ​အချက်​နှင့်​စပ်လျဉ်း၍ ကင်းမျှော်စင် မဂ္ဂဇင်းက “ကိုယ်ကို​ကိုယ် စစ်ကြော​နေကြ​လော့” နှင့် “မိမိ​အလို​သို့​လိုက်၍ အသက်မရှင်” စ​သော​အကြောင်း​များ​ကို တင်ပြ​ဆွေးနွေးခြင်း​ဖြင့် အားသစ်​ပေး​ခဲ့​သည်။ * ဤသို့​သော ကျမ်း​ပေး​အထောက်အမ ရှိသည်​ဖြစ်၍ ယေဟောဝါ​ရှေ့တော်တွင် သစ္စာ​လမ်းကို နှိမ့်ချ​တည်ကြည်​စွာ လျှောက်လှမ်း​ရင်း ကိုယ့်​အတွင်းလူ​ကို စူးစမ်း​စစ်ဆေး​ကြ​စို့။​—ဆာလံ ၂၆:၁-၃; ၁၃၉:၂၃၊ ၂၄

“နာမည်​အနည်းငယ်”

၁၀။ သာဒိ​မြို့ရှိ အသင်းတော်၌ အဘယ်​အားတက်ဖွယ်​အချက်​ကို ယေရှု သတိပြုမိ​သနည်း။ ၎င်း​ကြောင့် ကျွန်ုပ်​တို့ မည်သို့​ဖြစ်​သင့်​သနည်း။

၁၀ သာဒိ​မြို့ရှိ​အသင်းတော်​အား ယေရှု ရှေ့​ဆက်၍​မိန့်ဆို​သော စကား​များသည် အလွန်​အားရှိစရာ​ဖြစ်သည်။ “သို့သော်လည်း၊ သာဒိ​မြို့၌ သင်တို့တွင် မိမိတို့​ဝတ်ရုံ​ကို မ​ညစ်ညမ်း​စေသော နာမည်​အနည်းငယ် ရှိ​ပေ​သည်။ သူတို့သည် ထိုက်တန်​သောကြောင့် ဝတ်ရုံ​ဖြူ​ဝတ်​လျက် ငါ​နှင့်အတူ သွားလာ​ရ​လိမ့်​မည်။ အောင်နိုင်သူ​သည် ဤသို့​ပင် ဝတ်ရုံ​ဖြူ ဝတ်ဆင်​ရလိမ့်​မည်။ ငါသည် သူ၏​နာမည်​ကို အသက်စာစောင်​မှ လုံးဝ ပယ်ဖျက်​မည်​မဟုတ်ဘဲ ငါ​၏​ခမည်းတော်​နှင့် ကိုယ်တော်​၏ ကောင်းကင်တမန်​များ​ရှေ့တွင် သူ့​နာမည်​ကို ငါ အသိအမှတ်ပြု​မည်” ဟု ကိုယ်တော်​မိန့်တော်မူ၏။ (ဗျာဒိတ် ၃:၄၊ ၅) ဤ​စကား​များသည် ကျွန်ုပ်​တို့ကို စေ့ဆော်​သည့်​ပြင် သစ္စာစောင့်​ရန် သန္နိ​ဋ္ဌာန်​ကို ပို​၍ မခိုင်မာ​စေ​ပေ​လော။ အကြီးအကဲအဖွဲ့​၏ ပေါ့ဆမှု​ကြောင့် အသင်းတော်​တစ်ခုလုံး ဝိညာဉ်​ရေး​ဘက် အိပ်မောကျ​သွား​နိုင်​သည်။ သို့​တ​စေ၊ အသင်းတော်​ထဲ​မှ ပုဂ္ဂိုလ်​အချို့​သည် မိမိတို့၏ ခရစ်ယာန်​ဂုဏ်ပုဒ်​ကို မ​ညစ်​မ​ညမ်း စင်​စင်ကြယ်​ကြယ်​ရှိစေရန် သတ္တိရှိရှိ​နှင့် စောင့်ထိန်းခြင်း​ဖြင့် ယေဟောဝါ​ရှေ့တော်၌ ဆက်လက်​၍ နာမည်​ကောင်း ရကောင်းရ​ကြ​ပေမည်။​—သုတ္တံ ၂၂:၁

၁၁၊ ၁၂။ (က) မဟာ​ဖောက်ပြန်​သင်း​ခွဲ​မှု ကာလ​၌​ပင် ပုဂ္ဂိုလ်​အချို့​သည် အဘယ်​နည်းဖြင့် သစ္စာရှိ “နာမည်​အနည်းငယ်” ကဲ့သို့ ဖြစ်​ခဲ့​ရမည်​နည်း။ (ခ) ဂျုံပင်​နှင့်​တူသော ခရစ်ယာန်​တို့သည် သခင့်​နေ့​တော်​အတွင်း မည်သို့​သက်သာရာ ရခဲ့​ကြ​သနည်း။

၁၁ မှန်​ပေ​သည်၊ ထို “ဝတ်ရုံ” သည် ဖြောင့်မတ်​သော ခရစ်ယာန်​ဂုဏ်ပုဒ်​ကို ရည်ညွှန်း​သည်။ (ဗျာဒိတ် ၁၆:၁၅; ၁၉:၈ နှိုင်းယှဉ်။) သာဒိ​မြို့၌ အများစုက ဥပေက္ခာပြု​၍​နေ​သော်လည်း “နာမည်​အနည်းငယ်” ဖြစ်သော ဘိသိက်ခံ​ခရစ်ယာန်​တို့​မှာ​မူ ထို​ဂုဏ်ပုဒ်​ကို ဆက်​ထိန်းသိမ်း​နိုင်​ကြသည်​ကို တွေ့ရ​သဖြင့် ယေရှု​အဖို့ ပီတိ​ဖြစ်ဖွယ်​ပင်။ ထို့​နည်းတူ ရာစုနှစ်များစွာ​ကြာ​သော မဟာ​ဖောက်ပြန်​သင်း​ခွဲ​မှု ကာလ​အတွင်း ကမ္ဘာ့​မိစ္ဆာ​ဘာသာ​အင်ပါယာ မဟာ​ဗာဗုလုန်​အထဲ​တွင် ခရစ်ယာန်​အမည်ခံ​များ စုံး​စုံး​မြုပ်​နေစဉ်​တစ်လျှောက်၊ အကျပ်အတည်း​ကြား ရုန်းကန်​အားထုတ်​လျက် ယေဟောဝါ​၏​အလိုတော်ကို ဆောင်ရွက်​သော​ပုဂ္ဂိုလ်​အချို့ အစဉ်​ရှိခဲ့​မည်​မုချ။ သူတို့သည် ဂိုဏ်းဂဏ​ပေါင်းပင်​များ​ကြား​က ဖုံးကွယ်​နေသော ဂျုံပင်​နှင့်​တူ​သည့် ဖြောင့်မတ်​သူများ​တည်း။​—ဗျာဒိတ် ၁၇:၃-၆; မဿဲ ၁၃:၂၄-၂၉

၁၂ ယေရှု​က မိမိသည် “ကပ်ကမ္ဘာ ကုန်သည်​တိုင်အောင်” ဂျုံပင်​နှင့်​တူသော ထို​ခရစ်ယာန်​တို့​နှင့် အတူ​ရှိ​မည်​ဟု ကတိပြု​တော်​မူ​သည်။ သူတို့ မည်သူ​ဖြစ်​ကြောင်း၊ မည်သို့သော နာမည်​ကောင်း​ကို ရထား​ကြ​ကြောင်း ကိုယ်တော်​သိတော်မူ၏။ (မဿဲ ၂၈:၂၀; ဒေသနာ ၇:၁) သခင့်​နေ့​တော် အစပြုချိန်​၌ အသက်ရှင်​လျက်​ရှိသေး​သည့် “အနည်းငယ်” သော ထို​သစ္စာရှိ​တို့ မည်မျှ​ဝမ်းသာ​ခဲ့​မည်​ကို တွေးကြည့်​ပါ။ သူတို့သည် ဝိညာဉ်​ရေး​ဘက်​သေနေ​သော ခရစ်ယာန်ဘောင်​နှင့် ယခု​ကျ​မှ ခွဲခြား​ခံရ​ပြီး စမုရန​မြို့ရှိ အသင်းတော်​နှင့် ပို​၍​တူသော ဖြောင့်မတ်​သည့် အသင်းတော်​ထဲ​သို့ စုသွင်း​ခြင်း​ခံရ​ကြသည်။​—မဿဲ ၁၃:၄၀-၄၃

၁၃။ “မိမိတို့​ဝတ်ရုံ​ကို မ​ညစ်ညမ်း​စေ” သော ဘိသိက်ခံ ခရစ်ယာန်​များ​အဖို့ အဘယ်​ကောင်းချီး​များ သိုထား​သနည်း။

၁၃ အဆုံးတိုင်​သစ္စာ​ရှိပြီး မိမိတို့၏ ခရစ်ယာန်​ဂုဏ်ပုဒ်​ကို မ​စွန်းထင်း​စေရန် စောင့်ထိန်း​သော သာဒိ​မြို့သား​တို့သည် အံ့ချီးဖွယ်​မျှော်လင့်ချက်ကို ရ​ကြ​၏။ ယေရှု၏​မေရှိယနိုင်ငံတော် ၁၉၁၄ ခုနှစ်​၌ တည်ထောင်​သည့်​နောက် သူတို့သည် နာမ်ဝိညာဉ်​အသက်တာ​သို့ ထမြောက်​လာကြပြီး အောင်နိုင်သူ​များ​အနေ​နှင့် မိမိတို့၏ အနာအဆာ အစွန်း​အထင်း​မဲ့ ဖြောင့်မတ်မှု​ကို ပုံဆောင်​သော ဝတ်ရုံ​ဖြူ​ကို ဝတ်ဆင်​ကြ​ရလေ​သည်။ အသက်​လမ်းကျဉ်း​ကို လျှောက်ခဲ့​ကြပြီ​ဖြစ်​ရာ ထာဝရ​ဆုလာဘ်​ကို ခံစား​ကြ​ရမည်။​—မဿဲ ၇:၁၄; ဗျာဒိတ် ၆:၉-၁၁ ကိုလည်း​ရှု။

ထာဝစဉ် အသက်စာစောင်​၌

၁၄။ “အသက်စာစောင်” ကား အဘယ်နည်း။ မည်သူ​တို့၏​နာမည်​များ ပါရှိ​သနည်း။

၁၄ “အသက်စာစောင်” ကား အဘယ်နည်း။ မည်​သူ့​နာမည် ၎င်း​၌​ကျန်ရှိ​မည်​နည်း။ အသက်စာစောင်၊ သို့​မဟုတ် စာလိပ်​သည် ထာဝရ​အသက်​ရ​ရန် စောင့်မျှော်သော ယေဟောဝါ​၏​အစေခံများ နာမည်​မှတ်တမ်း​ကို ရည်ညွှန်း​သည်။ (မာလခိ ၃:၁၆) ဗျာဒိတ်ကျမ်း ဤ​နေရာ၌ ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အမည်များ​ကို အထူး​ရည်ညွှန်း​သည်။ သို့သော် ကမ္ဘာ​ပေါ် ထာဝရ​အသက် ရမည့်​သူတို့၏ အမည်များ​လည်း ပါရှိ​သည်။ ထို့​ပြင် ထို​စာစောင်​ထဲ​မှ နာမည်​များ​ကို ‘ပယ်ဖျက်’ နိုင်​သည်။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃) သို့ရာတွင် သေ​သည့်​အချိန်အထိ အသက်စာစောင်​၌ မိမိတို့​နာမည်​ကျန်ရစ်​သော ယောဟန်​အတန်းအစား​ဝင်​တို့သည် ကောင်းကင်​၌ မသေ​နိုင်သော​အသက်ကို ရ​ကြ​၏။ (ဗျာဒိတ် ၂:၁၀) မိမိ၏​ခမည်းတော်​နှင့် ကိုယ်တော်​၏ ကောင်းကင်တမန်​များ​ရှေ့ ယေရှု အထူး​အသိအမှတ်ပြု​မည့် အမည်များ​မှာ ဤသူတို့​၏ နာမည်​များ​ပင်​ဖြစ်သည်။ ကြီးမြတ်​လှ​သော ဆု​ပါ​တကား။

၁၅။ လူအုပ်ကြီး​အဝင်​တို့သည် အသက်စာစောင်​၌ မိမိတို့​နာမည် ဖျက်​မရအောင် မှတ်တမ်းတင်​ခံစေ​ရန် မည်သို့​ပြု​ကြ​မည်​နည်း။

၁၅ အသက်စာစောင်​၌ နာမည်​စာရင်း​ဝင်​သော လူအုပ်ကြီးသည် ဆင်းရဲ​ဒုက္ခ​ကြီး​ထဲ​မှ ထွက်မြောက်​လာ​ကြ​မည်။ ယေရှု၏​အနှစ်​တစ်ထောင် စိုးစံ​ရာ​ကာလ တစ်လျှောက်​၌​လည်းကောင်း၊ ထို့နောက် အပြီးသတ်​စမ်းသပ်​ရာ အချိန်၌​လည်းကောင်း ယုံကြည်ခြင်း​ကျင့်သုံး​ကြ​လျှင် မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ဖြင့် ချီးမြှင့်​တော်​မူ​ခြင်း ခံရ​ကြ​မည်။ (ဒံယေလ ၁၂:၁; ဗျာဒိတ် ၇:၉၊ ၁၄; ၂၀:၁၅; ၂၁:၄) ထို​အခါ၊ သူတို့၏​နာမည်​သည် အသက်စာစောင်​၌ ဖျက်​မရအောင် ကျန်ရှိ​လိမ့်​မည်။ သင်သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ဤ​တွင်​တင်ပြသော​အချက်​ကို သိရှိ​ပြီ​ဖြစ်၍ ယေရှု၏ အောက်ပါ​ထပ်တလဲလဲ တိုက်တွန်းချက်​ကို အားတက်သရော တုံ့ပြန်​သလော– “အသင်းတော်​တို့အား ဝိညာဉ်​တော် ဆင့်ဆို​သော​စကား​ကို နား​ရှိသောသူ ကြား​ပါစေ။”​ဗျာဒိတ် ၃:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ၂၀၀၅၊ ဇူလိုင် ၁၅ ရက်​နှင့် ၂၀၀၅၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် တို့ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၅၇ ပါ ရုပ်ပုံ]

အသက်စာစောင်​တွင် သင်၏​နာမည် ဆက်လက်​တည်ရှိ​ပါစေ