မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ၏ ခေါင်းစဉ်ကြီး

သမ္မာကျမ်းစာ၏ ခေါင်းစဉ်ကြီး

အခန်း ၂

သမ္မာကျမ်းစာ​၏ ခေါင်းစဉ်​ကြီး

ကျမ်းစာ​ကို​အနက်ဖွင့်​ခြင်း ဗျာဒိတ်ကျမ်း​၌ သော့ခတ်​၍​ဝှက်ထား​သော နက်နဲရာ​များသည် ကျမ်းစာ​ကို တကယ်​သိ​လို​သော ကျမ်းစာ​ကျောင်းသား​များ​အဖို့ ကြာမြင့်စွာ​ကတည်းက ပဟေဠိ​ဖြစ်​ခဲ့​သည်။ ဘုရားသခင့်​အချိန် ဆိုက်ရောက်​သောအခါ ထို​နက်နဲရာ​များ​ကို ဖော်ထုတ်​ရ​ပါ​လိမ့်​မည်။ သို့သော်၊ အဘယ်​သို့၊ အဘယ်​အချိန်၊ အဘယ်သူ​အား ဖော်ထုတ်​မည်​နည်း။ ဘုရားသခင့်​ဝိညာဉ်​တော်​က​သာ ချိန်းချက်သော​အချိန်နီး​လာ​သည့်​အခါ အနက်ဖွင့်​နိုင်​သည်။ (ဗျာဒိတ် ၁:၃) မြင့်မြတ်​သော ထို​လျှို့ဝှက်ချက်​များ​ကို ကမ္ဘာ​ပေါ်​ရှိ ဘုရားသခင်​၏ စိတ်အား​ထက်သန်​သော ကျေးကျွန်​များ​အား ဖွင့်ပြ​မည်​ဖြစ်သည်။ သို့​မှ​သာ သူတို့သည် ကိုယ်တော့်​တရား​စီရင်ချက်​များ​ကို ကြေညာ​ဖို့ ခွန်အား​ရ​ကြလိမ့်မည်။ (မဿဲ ၁၃:၁၀၊ ၁၁) ဤ​စာအုပ်​ပါ​ရှင်းလင်းချက်များ တစ်​ပါ​ဒ​မျှ​မမှား​ဟု မဆို​ပါ။ ရှေးခေတ်​က ယောသပ်​ကဲ့သို့ “အိပ်မက်​အနက်​များသည် ဘုရားသခင်​နှင့်​ဆိုင်​သည် မဟုတ်လော” ဟု ကျွန်ုပ်​တို့​ဆိုပါ​၏။ (ကမ္ဘာဦး ၄၀:၈သမ္မာ) သို့​တ​စေ၊ ဤ​တွင်​တင်ပြ​သည့် ဖွင့်ဆိုချက်​များသည် ကျမ်းစာ​တစ်အုပ်လုံး​နှင့် ညီညွတ်​ကြောင်း၊ ကပ်ဘေး​ထူထပ်​သော ကျွန်ုပ်​တို့​ခေတ်​၏ ကမ္ဘာ့​ဖြစ်ရပ်​များ​၌ ဘုရားသခင့်​ပရောဖက်ပြုချက် မည်သို့​ထူးခြား​စွာ ပြည့်စုံ​လာ​သည်ကို ဖော်ပြ​ကြောင်း ကျွန်ုပ်​တို့ အခိုင်အမာ​ယုံကြည်ပါ​သည်။

၁။ ယေဟောဝါ​၏ ကြီးမြတ်သော​ရည်ရွယ်ချက်ကား အဘယ်နည်း။

မ္မာကျမ်းစာ​၏​စကားပုံ​တစ်ခု​က “အမှု​၏​အဆုံး​သည် အစ​ထက် သာ၍​ကောင်း​၏” ဟု​ဆို​သည်။ (ဒေသနာ ၇:၈) ဖန်ဆင်း​ခံ​အရာအားလုံး​ရှေ့ မိမိ​နာမတော်​ကို သန့်ရှင်း​စေရန် တည်း​ဟူသော ယေဟောဝါ​၏ မဟာ​ရည်ရွယ်ချက် ကြီးကျယ်​ခမ်းနား​စွာ အထမြောက် အဆုံးသတ်ခြင်း​အကြောင်းကို ဗျာဒိတ်ကျမ်း​၌ ကျွန်ုပ်​တို့​ဖတ်​ရသည်။ မိမိ၏ ရှေးပရောဖက်​တစ်ပါး​မှ​တစ်ဆင့် ထပ်ခါတလဲ ကြေညာ​ခဲ့​သည့်​အတိုင်း “ငါသည် [“ယေဟောဝါ၊” က​ဘ] ဖြစ်​ကြောင်းကို သူတို့​သိရ​ကြလိမ့်မည်။”—ယေဇကျေလ ၂၅:၁၇; ၃၈:၂၃

၂။ ဗျာဒိတ်ကျမ်း​သည် ရှေ့​ပိုင်း​ကျမ်း​များနှင့်​အတူ အဘယ်​ကျေနပ်ဖွယ် အသိပညာ​ရစေ​ရန် ကျွန်ုပ်​တို့ကို ထောက်ကူ​သနည်း။

ဗျာဒိတ်ကျမ်း​က အမှုတို့​၏​အောင်ပွဲခံ​နိဂုံး​ကို ရှင်းလင်း​ဖော်ပြ​သကဲ့သို့ ရှေ့​ပိုင်း​ကျမ်းစောင်​များ​က​လည်း အမှုတို့​၏​အစ​ကို ဖော်ပြ​သည်။ ထို​မှတ်တမ်း​ကို စိစစ်​ခြင်း​ဖြင့် သက်ဆိုင်ရာ​အရေးကိစ္စ​များ​ကို နားလည်​မည့်​အပြင် ဘုရားသခင့် ရည်ရွယ်ချက်များ​ကိုလည်း ခြုံ​၍​မြင်နိုင်​ပေ​လိမ့်​မည်။ မည်မျှ​ကျေနပ်စရာ​ပါ​တကား။ ထို့​ပြင် လူသားများ​အား စောင့်ကြို​နေသည့် အနာဂတ်​ထူး​ကို ပိုင်ဆိုင်​နိုင်​ရန် အားထုတ်​လုပ်ကိုင်​ဖို့ ကျွန်ုပ်​တို့အား လှုံ့ဆော်အပ်​ပေ​သည်။ (ဆာလံ ၁၄၅:၁၆၊ ၂၀) လူသား​တစ်ရပ်လုံး ရင်ဆိုင်​နေရ​သော အရေးကိစ္စ​ကြီး​ကိုလည်း​ကောင်း၊ ယင်း​အရေးကိစ္စကို​ဖြေရှင်း​မည်​ဟု ရှင်းလင်းစွာ​တင်ပြ​ထား​သည့် ဘုရားသခင့် ရည်ရွယ်ချက်ကိုလည်း​ကောင်း နှလုံး​သွင်း​နိုင်​ရန် ရည်​သန်လျက် သမ္မာကျမ်းစာ​တစ်အုပ်လုံး​၏ နောက်ခံ​အကြောင်း​နှင့် ခေါင်းစဉ်​အကြောင်း​တို့ကို ယခု​ဆွေးနွေး​လျှင် လျော်​ကန်​ပေမည်။

၃။ ကမ္ဘာဦးကျမ်း​ပါ အဘယ်​ပရောဖက်ပြုချက်​က ဗျာဒိတ်ကျမ်း​အပါအဝင် ကျမ်းစာ​တစ်အုပ်လုံး​အတွက် ခေါင်းစဉ်​တပ်​ပေး​သနည်း။

သမ္မာကျမ်းစာ​၏ ပထမ​ကျမ်း​ဖြစ်သည့် ကမ္ဘာဦးကျမ်း​က “အစအဦး” အကြောင်းကို​ပြော​ပြီး မြေကြီးဆိုင်ရာ ဖန်ဆင်း​ခြင်း​၏​အထွတ်အထိပ်​ဖြစ်သော လူ​အပါအဝင် ဘုရားသခင်​၏​ဖန်ဆင်း​ခြင်း​အမှု​များ​ကို ဖော်ပြ​သည်။ ကမ္ဘာဦးကျမ်း​သည် လွန်ခဲ့သော​အနှစ် ၆,၀၀၀ ခန့်​က ဧဒင်ဥယျာဉ်​၌ ဘုရားသခင်​ကိုယ်တော်တိုင် မိန့်ဆိုခဲ့​သည့် ပထမ ပရောဖက်ပြုချက်​ကို​ပါ တင်ပြ​သည်။ ထိုသို့ မ​မိန့်ဆို​မီ မြွေ​တစ်ကောင်​သည် ပထမ​မိန်းမကို လှည့်စားခြင်း​၌ အသုံးပြု​ခံ​ခဲ့​ရသည်။ သူ​မ​က တစ်ဖန် ခင်ပွန်း​သည် အာဒံ​အား သွေးဆောင်​၍ “ကောင်း​မကောင်း​ကို သိကျွမ်းရာ​အပင်” မှ​အသီးကို စား​စေခြင်း​ဖြင့် မိမိ​နှင့်အတူ ယေဟောဝါ​၏​ပညတ်တော်​ကို ချိုးဖောက်​စေ​ခဲ့​သည်။ အပြစ်ရှိ​သော​မောင်နှံ​အပေါ် ပြစ်​မိ​န့်​ချ​ရာ​၌ ဘုရားသခင်​က မြွေ​အား “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း၊ ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို ကြိတ်​လိမ့်​မည်” ဟု မိန့်တော်မူသည်။ (ကမ္ဘာဦး ၁:၁; ၂:၁၆; ၃:၁-၆၊ ၁၄၊ ၁၅) ဤ​ပရောဖက်ပြုချက်​က ဗျာဒိတ်ကျမ်း​အပါအဝင် သမ္မာကျမ်းစာ တစ်အုပ်လုံး​အတွက် ခေါင်းစဉ်​တပ်​ပေး​လိုက်​သည်။

၄။ (က) ဘုရားသခင် ပထမ​ပရောဖက်ပြုချက်​ကို မိန့်ကြား​သည့်​နောက်​၌ ကျွန်ုပ်​တို့၏​ပထမ​မိဘ ဘာဖြစ်​ခဲ့​ကြ​သနည်း။ (ခ) ပထမ​ပရောဖက်ပြုချက်​နှင့်​ပတ်သက်​၍​အဘယ်​မေးခွန်းများ ပေါ်လာ​သနည်း။ ကျွန်ုပ်​တို့ အဘယ်ကြောင့် အဖြေ​များ​ကို​သိ​ရန်လို​သနည်း။

ဘုရားသခင်​သည် ထို​ပရောဖက်ပြုချက်​ကို မိန့်ဆို​ပြီး​သည်​နှင့်​တစ်ပြိုင်နက် ကျွန်ုပ်​တို့၏ ပထမ​မိဘ​နှစ်ပါး​ကို ဧဒင်​မှ​နှင်ထုတ်​လိုက်​သည်။ သူတို့သည် ပရဒိသု​၌ ထာဝရ​အသက်​ရဖို့ မမျှော်လင့်​နိုင်​တော့။ အပြင်ဘက်​ရှိ ပြုပြင်​မထား​သော မြေ​ရိုင်း​ပေါ်​တွင် သေ​သည်​အထိ နေသွား​ရတော့မည်။ သေမိန့်ချ​ခံရ​ပြီး​ဖြစ်၍ အပြစ်​ဖြင့်​ဝန်ပိနေ​သော သားသမီး​များ​ကို မွေး​ကြ​ရ​ချေ​အံ့။ (ကမ္ဘာဦး ၃:၂၃–၄:၁; ရောမ ၅:၁၂) သို့သော် ဧဒင်​၌​မိန့်ဆိုခဲ့​သော ပရောဖက်ပြုချက်​သည် ဘာကို​ဆိုလို​သနည်း။ မည်သူ​များ ပါဝင်​ပတ်သက်​သနည်း။ ဗျာဒိတ်ကျမ်း​နှင့် မည်သို့​ဆက်စပ်​သနည်း။ ယနေ့​ကျွန်ုပ်​တို့အတွက် ဘာ​သတင်း ပါရှိ​သနည်း။ ဤ​ပရောဖက်ပြုချက်​ကို ယေဟောဝါ မိန့်ဆို​စေရန်​ဖန်တီး​သော ထို​အဖြစ်ဆိုး​၏​ဂယက်​မှ ကိုယ်တိုင်​လွတ်မြောက်​နိုင်​ရန် ထို​မေးခွန်းများ​၏​အဖြေကို​သိဖို့ အလွန့်အလွန် အရေးကြီး​လှ​၏။

အဓိက​ဇာတ်ကောင်​များ

၅။ ဧဝ​ကို မြွေ​လှည့်ဖြား​သောအခါ ဘုရားသခင့် အချုပ်အခြာအာဏာ​တော်၊ နာမတော်​နှင့်​စပ်လျဉ်း၍ ဘာဖြစ်​ပျက်​လာ​သနည်း။ ထို​အငြင်းအခုံ မည်သို့​ပြေလည်​သွား​မည်​နည်း။

ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်​ကို မြွေ​အား မိန့်ဆိုခဲ့သည်။ မြွေ​က ဧဝ​အား မနာခံမှုကြောင့် သူ​မ သေရ​မည်​မဟုတ်၊ လွတ်လပ်​သူ၊ ဘုရားမ​တစ်ဆူ​ပင် ဖြစ်လာ​မည်​ဟု ဆိုလို​သည့်​အနေ​နှင့် လိမ်ပြော​ခဲ့​သည်။ ဤနည်းဖြင့် မြွေ​က ယေဟောဝါ​ကို မုသာ​သ​မား​ဖြစ်စေ​ပြီး လူသား​တို့သည် ကိုယ်တော်​၏​အချုပ်အခြာ​အုပ်စိုးမှု​ကို​ပယ်​လျှင် မိမိတို့​ဘဝ တိုးတက်​ကောင်းမွန်​လာနိုင်​သည်​ဟူ၍ စောင်း​ပါး​ရိတ်​ခြည် ပြော​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၅) ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို​အန်တု​၍ နာမ​မြတ်​ကို စွန်းထင်း​စေ​ခဲ့​သည်။ ဗျာဒိတ်ကျမ်း​က ဖြောင့်မတ်​သော​တရားသူကြီး ယေဟောဝါ​သည် သားတော်​ယေရှု​ခရစ်​၏ နိုင်ငံတော်​အုပ်ချုပ်မှု​ကို​သုံး​၍ မိမိ၏​အချုပ်အခြာအာဏာကို မည်သို့​သင်္ကာ​ယန​ကင်း​စေပြီး မိမိ​နာမတော်​ကို စွန်းထင်း​စေသော ပြစ်တင်​ကဲ့ရဲ့​မှု​ရှိသမျှကို မည်သို့​ဖယ်​ရှင်း​မည်​ဖြစ်​ကြောင်း ဖော်ပြ​သည်။—ဗျာဒိတ် ၁၂:၁၀; ၁၄:၇

၆။ မြွေ​မှ​တစ်ဆင့် ဧဝ​နှင့်​စကားပြော​သူ​အကြောင်း ဗျာဒိတ်ကျမ်း​က မည်သို့​ထုတ်ဖော်​သနည်း။

“မြွေ” ဟူသော အသုံးအနှုန်း​နှင့် စပ်လျဉ်း၍​ဆို​ရ​လျှင် ပကတိ​မြွေ​ကို​သာ​ဆိုလို​သလော။ ထိုသို့​လုံးဝ​မဟုတ်။ ထို​မြွေ​မှ​တစ်ဆင့် စကားပြော​သော အဆိုး​ဖြင့်​နာမည်ကြီး​သူ ဝိညာဉ်​သတ္တဝါ​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သိစေ​ရန် ဗျာဒိတ်ကျမ်း​က ဖော်ထုတ်​၏။ “ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်စား” သူ​မှာ “နဂါး​ကြီး . . . လူနေထိုင်ရာ​မြေတစ်ပြင်လုံး​ကို လှည့်စား​သော မာရ်နတ်​ဟူ၍လည်း​ကောင်း၊ စာတန်​ဟူ၍လည်း​ကောင်း ခေါ်ဝေါ်​ခြင်း​ခံရ​သူ မူလ​မြွေ” ပင်​ဖြစ်သည်။—ဗျာဒိတ် ၁၂:၉က​ဘ; ၂ ကောရိန္သု ၁၁:၃

၇။ ကမ္ဘာဦး ၃:၁၅ ပါ မိန်းမသည် ဝိညာဉ်ဘုံ​က​ဖြစ်​ကြောင်း ဘာက​ပြသ​နည်း။

ကမ္ဘာဦး ၃:၁၅ က ဆက်လက်​၍ “မိန်းမ” အကြောင်းကို ပြော​သည်။ သူ​မ​သည် ဧဝ​လော။ ဧဝ ထိုသို့​ထင်​ချင်​ထင်​မည်။ (ကမ္ဘာဦး ၄:၁ နှိုင်းယှဉ်။) သို့သော် ဧဝ​သည် လွန်ခဲ့သော​နှစ်ပေါင်း ၅,၀၀၀ ကျော်​က သေဆုံး​ခဲ့ပြီ​ဖြစ်၍ သူ​မ​နှင့် စာတန်​စပ်ကြား အဓွန့်ရှည်​သော​ရန်ငြိုး မရှိ​နိုင်။ ထို့​ပြင် ယေဟောဝါ​၏ စကားတော်​ကို​နာ​သော မြွေသည် အ​ရူပ​ဝိညာဉ်​ဖြစ်​ရ​ကား ထို​မိန်းမလည်း ဝိညာဉ်ဘုံ​က ဖြစ်​ရ​လိမ့်​မည်။ ဗျာဒိတ် ၁၂:၁၊ ၂ က ဤ​အချက်​ကို အတည်ပြု​လျက် ပုံဆောင်​သော ဤ​မိန်းမ​မှာ ဝိညာဉ်​သတ္တဝါများ​ဖြင့် ဖွဲ့စည်း​သော ယေဟောဝါ​၏ ကောင်းကင်​အဖွဲ့အစည်း​ဖြစ်​ကြောင်း​ပြ​သည်။—ဟေရှာယ ၅၄:၁၊ ၅၊ ၁၃ ကိုလည်း​ရှု။

ရန်ဘက်ပြု​သော အမျိုးအနွယ်​နှစ်ခု

၈။ အမျိုးအနွယ်​နှစ်ခု​နှင့်​ပတ်သက်သော မိန့်မြွက်ချက်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် အလေးအနက် စိတ်ဝင်စား​သင့်​သနည်း။

ကမ္ဘာဦး ၃:၁၅ က မျိုးနွယ်​နှစ်ခု​အကြောင်း ဆက်လက်​တင်ပြ​သည်။ ၎င်း​တို့​အကြောင်းကို ကျွန်ုပ်​တို့ အလေးအနက် စိတ်ဝင်စား​သင့်​သည်။ အကြောင်း​မှာ ဤ​ကမ္ဘာ​၏ အချုပ်အခြာအာဏာ​ပိုင်ထိုက်​မှု​ဆိုင်ရာ မဟာ​အရေးကိစ္စ​နှင့် ဆက်နွှယ်​လျက်​ရှိ၍​ဖြစ်သည်။ ကြီးငယ်မဟူ ကျွန်ုပ်​တို့အားလုံး​နှင့် ပတ်သက်​၏။ သင်သည် အဘယ်​မျိုးနွယ်​ကို နှစ်သက်​သနည်း။

၉။ မြွေ​မျိုးနွယ်​၌ မည်သူ​များ မုချ​ပါဝင်​သနည်း။

ပထမ မြွေ​၏​မျိုးစေ့၊ သို့​မဟုတ် မျိုးနွယ်​ဖြစ်သည်။ ၎င်း​သည် အဘယ်အရာ​နည်း။ စာတန်​နှင့်အတူ ပုန်ကန်​သဖြင့် အဆုံး​၌ “သူနှင့်​အတူ” ကမ္ဘာ​ပေါ်​သို့ “ပစ်ချ​ခံ” ရသော အခြား​ဝိညာဉ်​သတ္တဝါများ ပါဝင်​မည်​မုချ။ (ဗျာဒိတ် ၁၂:၉က​ဘ) စာတန် သို့​မဟုတ် “ဗေလဇေဗုလ” သည် “နတ်ဆိုး​မင်း” ဖြစ်​ရ​ကား သူ၏​အ​ရူပ အဖွဲ့အစည်း​သည် နတ်ဆိုး​များ​ဖြင့် ဖွဲ့စည်းထား​သည်​မှာ သိသာ​၏။—မာကု ၃:၂၂; ဧဖက် ၆:၁၂က​ဘ။

၁၀။ သမ္မာကျမ်းစာ​က စာတန့်​မျိုးနွယ်​၌​ပါဝင်သော အခြား​သူများကို မည်သို့​ထုတ်ဖော်​သနည်း။

၁၀ ထို့​ပြင် ယေရှု​က မိမိ​လက်ထက်​ရှိ ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​အား “သင်တို့သည် သင်တို့၏​အဘ​တည်း​ဟူသော မာရ်နတ်​မှ ဆင်းသက်​ကြ​၏။ သင်တို့​အဘ​၏ အလို​သို့​လည်း လိုက်​တတ်ကြ​၏” ဟု​မိန့်တော်မူ၏။ (ယောဟန် ၈:၄၄) ထို​ဘာသာရေး​ခေါင်းဆောင်​တို့သည် ဘုရားသခင့်​သားတော်​ယေရှုကို အတိုက်အခံပြု​ခြင်း​ဖြင့် မိမိတို့သည် စာတန့်​မျိုးနွယ်​ဖြစ်​ကြောင်းကို​ပြ​သည်။ သူတို့သည် စာတန့်​မျိုးနွယ်​အဝင်​ဖြစ်၍ စာတန်​ကို မိမိတို့၏ ပုံဆောင်​ဖခင်​အဖြစ်​ထား​၍ ဝတ်ပြု​ကြသည်။ သမိုင်း​တစ်လျှောက် အခြား​လူသားများ​လည်း စာတန့်​အလိုကို​ဆောင်ခြင်း​ဖြင့် စာတန့်​မျိုးနွယ်​ဖြစ်​ကြောင်းကို ပြ​ခဲ့​ကြသည်။ အထူးသဖြင့် ယေရှု၏​တပည့်​များ​ကို ဆန့်ကျင်​ညှဉ်းဆဲခြင်း​ဖြင့်​ဖြစ်သည်။ ထို​လူသားများ​ကို ခြုံငုံ​၍ မြေကြီးပေါ်​ရှိ စာတန့်​ရူပ​အဖွဲ့ဝင်​များ​ဟု ခေါ်ဆို​နိုင်​သည်။—ယောဟန် ၁၅:၂၀; ၁၆:၃၃; ၁၇:၁၅

မိန်းမ​၏​အမျိုးအနွယ် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ပေါ်လွင်​လာ

၁၁။ ရာစုနှစ်များစွာ​အတွင်း မိန်းမမျိုးနွယ်​နှင့်​ပတ်သက်​၍ ဘုရားသခင် ဘာကို​ဖော်ပြ​တော်​မူ​သနည်း။

၁၁ ကမ္ဘာဦး ၃:၁၅ မှ ပရောဖက်ပြုချက်​က အဆုံး​၌ မိန်းမ​၏​မျိုးနွယ်​အကြောင်းကို​ဆို​၏။ စာတန်​က မိမိ​မျိုးနွယ်​ကို မွေးဖွား​နေစဉ် ယေဟောဝါ​လည်း မိမိ၏ “မိန်းမ” သို့​မဟုတ် ဇနီး​ကဲ့သို့​သော ကောင်းကင်​အဖွဲ့အစည်း​အား မျိုးနွယ်​တစ်ခု မွေး​ထုတ်​စေရန် ပြင်ဆင်​လျက်​နေ​တော်​မူ​သည်။ နှစ်ပေါင်း ၄,၀၀၀ ခန့်​အတွင်း မျိုးနွယ်တော်​ကြွလာခြင်း​ဆိုင်ရာ အသေးစိတ်​အကြောင်း​များ​ကို ဘုရားသခင်​ကို ကြောက်ရွံ့​နာခံ​သူတို့အား တစ်စစ လှစ်ဟ​တော်​မူ​သည်။ (ဟေရှာယ ၄၆:၉၊ ၁၀) သို့​ဖြစ်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် အခြားသူ​တို့သည် မိမိတို့၏​သားစဉ်မြေးဆက်​အထဲ​မှ မျိုးနွယ်တော်​ပေါ်ထွက်​လာ​မည်​ဟူသော ကတိတော်​ကို ယုံကြည်​နိုင်​ကြသည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈; ၂၆:၄; ၂၈:၁၄) ယေဟောဝါ​၏​အစေခံများ​သည် မယိမ်းယိုင်​သော ယုံကြည်မှု​ရှိသောကြောင့် သူတို့ကို စာတန်​နှင့်​သူ၏ လက်​ပါး​စေ​တို့​က မကြာခဏ နှိပ်စက်​ညှဉ်းပန်း​ကြသည်။—ဟေဗြဲ ၁၁:၁၊ ၂၊ ၃၂-၃၈

၁၂။ (က) မိန်းမမျိုးနွယ်​၏ အဓိက​အပိုင်း​သည် အဘယ်​အချိန်၊ အဘယ်​အဖြစ်အပျက်​နှင့်​တကွ ကြွလာ​သနည်း။ (ခ) ဘာ​အတွက် ယေရှု ဘိသိက်ခံ​ရသနည်း။

၁၂ နောက်ဆုံး၊ ကျွန်ုပ်​တို့၏​ခေတ်​သက္ကရာဇ် ၂၉ ခု​၌ စုံလင်သော​လူသား ယေရှုသည် ယော်ဒန်​မြစ်​သို့​ကြွရောက်​၍ နှစ်ခြင်း​ခံ​တော်​မူ​သည်။ ယေဟောဝါ​သည် ယေရှုကို သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​သောအခါ ကိုယ်တော်​အား သားတော်​အဖြစ်​လက်ခံ​၍ “ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း” ဟု မိန့်တော်မူ၏။ (မဿဲ ၃:၁၇) ထို​နေရာ၌ ယေရှုသည် ကောင်းကင်​ရှိ ဘုရားသခင့် ဝိညာဏ​အဖွဲ့အစည်း​မှ စေလွှတ်​လိုက်​သူ​အဖြစ် ပေါ်လွင်​ခဲ့​သည်။ နိုင်ငံတော်​၏ မင်းလျာ​အဖြစ်​လည်း ဘိသိက်ခံ​တော်​မူ​သည်။ ထို​နိုင်ငံတော်​သည် ယေဟောဝါ​နာမတော်​ကို အမှီပြု၍ မြေကြီးပေါ်​၌ အုပ်ချုပ်ရေး​ကို ပြန်လည်​ထူထောင်ခြင်း​ဖြင့် အစိုးရ သို့​မဟုတ် အချုပ်အခြာအာဏာ​ဆိုင်ရာ အရေးကိစ္စကို အပြီး​အ​ငြိမ်း ဖြေရှင်း​လိမ့်​မည်။ (ဗျာဒိတ် ၁၁:၁၅) သို့​ဖြစ်၍ ယေရှု​ပင်​လျှင် မိန်းမ​၏​အဓိက​မျိုးနွယ်တော်၊ ကြိုဟော​သည့် မေရှိယ​ဖြစ်​ပေ​သည်။—ဂလာတိ ၃:၁၆; ဒံယေလ ၉:၂၅

၁၃၊ ၁၄။ (က) မိန်းမမျိုးနွယ်​သည် ထင်ပေါ်​သော ပုဂ္ဂိုလ်​တစ်ဦးတည်း​သာ ဖြစ်​မည်​မဟုတ်​ဟု သိရ​သောအခါ အဘယ်ကြောင့် မအံ့သြ​သင့်​သနည်း။ (ခ) လူသားများ​ထဲ​မှ လူ​မည်မျှ​ကို မျိုးနွယ်​၏​ဆ​င့်​ပွား​အပိုင်း​အဖြစ် ရွေးချယ်​တော်​မူ​သနည်း။ သူတို့သည် ဘာ​အဖွဲ့အစည်း ဖြစ်လာ​သနည်း။ (ဂ) အခြား​မည်သူ​များလည်း မျိုးနွယ်တော်​နှင့်အတူ အမှုထမ်း​ကြ​သနည်း။

၁၃ မိန်းမ​၏​အမျိုးအနွယ်​သည် တစ်ဦးတည်း​သော ထင်ပေါ်သူ​ဖြစ်​မည်​လော။ စဉ်းစား​ကြည့်​ပါ။ စာတန့်​မျိုးနွယ်​ကော မည်သို့​နည်း။ သမ္မာကျမ်းစာ​က စာတန့်​အမျိုးအနွယ်​တွင် ကောင်းကင်တမန်​ဆိုး​များနှင့် ဘုရားသခင့် အသရေတော်​ရှုတ်ချ​သော​လူများ ဒုနဲ့ဒေး​ပါဝင်​ကြောင်း တင်ပြ​သည်။ ထို့​ကြောင့် လူသားများ​ထဲ​မှ သစ္စာစောင့်​သူ ၁၄၄,၀၀၀ ကို​ရွေးချယ်​ပြီး မေရှိယ​မျိုးနွယ် ယေရှု​ခရစ်​၏ တွဲဖက်​ယဇ်ပုရောဟိတ်​များ​အဖြစ် ခန့်အပ်​ရန် ဘုရားသခင်​ရည်ရွယ်​ကြောင်း သိရ​သောအခါ မအံ့သြ​သင့်​ချေ။ မာရ်နတ်သည် ဘုရားသခင်​၏ မိန်းမ​ပ​မာ​ဖြစ်သော အဖွဲ့အစည်း​အပေါ် ရန်ငြိုး​ထား​လျက် ‘မိန်းမ​၏​အမျိုးအနွယ်​ထဲ​မှ ကျန်ကြွင်း​သူများကို တိုက်ခိုက်​ရန် ထွက်သွား​လေ​သည်’ ဟု ဗျာဒိတ်ကျမ်း​ဆို​ရာ​၌ ဤသူတို့ကို ရည်ညွှန်း​သည်။—ဗျာဒိတ် ၁၂:၁၇က​ဘ; ၁၄:၁-၄။

၁၄ သမ္မာကျမ်းစာ​၌ ဘိသိက်ခံ ခရစ်ယာန်​များ​ကို ယေရှု၏ညီတော်​များ​ဟု သမုတ်​သည်။ ကိုယ်တော့်​ညီတော်​များ​ဖြစ်သည့်​အလျောက် တစ်​မိ​တစ်​ဘ​တည်း​ရှိကြ​၏။ (ဟေဗြဲ ၂:၁၁) သူတို့၏​ဖခင်​မှာ ယေဟောဝါ​ဘုရားသခင်​ဖြစ်သည်။ ထို့​ကြောင့် သူတို့၏​မိခင်​သည် ထို “မိန်းမ၊” ဇနီး​နှင့်​တူသော ဘုရားသခင့်​ကောင်းကင်​အဖွဲ့အစည်း ဖြစ်​ရ​ပေမည်။ သူတို့သည် မျိုးနွယ်တော်​၏ ဆ​င့်​ပွား​အပိုင်း​ဖြစ်​လာ၍ ခရစ်တော်​ယေရှုသည် အဓိက​အပိုင်း​ဖြစ်သည်။ မြေကြီးပေါ်​ရှိ ဤ​ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​၏ အသင်းတော်သည် ကောင်းကင်​ရှိ မိန်းမ​နှင့်​တူသော ဘုရားသခင့်​အဖွဲ့အစည်း ညွှန်ကြားမှု​အောက် အမှုဆောင်​သည်။ သူတို့​ထမြောက်​သောအခါ ကောင်းကင်​၌ ခရစ်တော်​ယေရှု​နှင့် ပူးပေါင်း​ကြ​မည်။ (ရောမ ၈:၁၄-၁၇; ဂလာတိ ၃:၁၆၊ ၂၉) လူမျိုး​အားလုံး​ထဲ​မှ သန်းနှင့်ချီ​သည့် အခြားသိုး​တို့သည် ထို​မျိုးနွယ်​အဝင်​မဟုတ်သော်လည်း မြေကြီးပေါ်​ရှိ ဘုရားသခင့် အဖွဲ့အစည်း​နှင့်​ပူးပေါင်း​၍ အမှုဆောင်​လျက်​နေကြပြီ။ သင်သည် ထို​အခြားသိုး​ထဲ​မှ တစ်ဦး​လော။ ဟုတ်​လျှင် သင်၏​ပျော်ရွှင်ဖွယ် မျှော်လင့်ချက်​မှာ ပရဒိသု​မြေကြီးပေါ် ထာဝရ​အသက်ရှင်​ရန်ဖြစ်​၏။—ယောဟန် ၁၀:၁၆; ၁၇:၁-၃

ရန်ငြိုး​ကြီးထွား​လာပုံ

၁၅။ (က) စာတန်​၏ လူသား​ဆိုင်ရာ​နှင့် ကောင်းကင်တမန်​ဆိုင်ရာ မျိုးနွယ်များ ဖြစ်ပေါ်​လာပုံ​ကို​ဖော်ပြ​ပါ။ (ခ) နောဧ​လက်ထက် ရေလွှမ်းမိုး​စဉ် စာတန့်​မျိုးနွယ် ဘာဖြစ်​ခဲ့​သနည်း။

၁၅ စာတန်​၏ လူသား​မျိုးနွယ်​သည် လူ့​သမိုင်း​ဦး​ကတည်းက စတင်​ထင်ရှား​လာ​သည်။ ဥပမာ၊ လူ​မှ​မွေးဖွား​သော ပထမ​လူသား ကာဣန​သည် “မာရ်နတ်​၏​သား​ဖြစ်” ၍ မိမိ “ညီ [အာဗေလ] ကို​သတ်” ၏။ (၁ ယောဟန် ၃:၁၂သမ္မာ) နောက်ပိုင်း​တွင် ဧနောက်​က “ဘုရားသခင်​သည် အတိုင်းမသိ များစွာသော မိမိ၏ မြင့်မြတ်​သန့်ရှင်းသော ကောင်းကင်တမန်​များနှင့် ကြွ​လာ၍ တစ်ကမ္ဘာ​လုံး​ကို တရား​စီရင်တော်မူ​လိမ့်​မည်။ လူအပေါင်း​တို့အား မိမိတို့၏ ဆိုးသွမ်း​ယုတ်မာ​မှုများ​အတွက်​လည်းကောင်း၊ ဘုရားမဲ့​အပြစ်သား​တို့ ဘုရားသခင်​အား ရိုင်း​ပျ​စွာ​ပြစ်မှား​ပြောဆို​ကြ​သည့် စကား​များ​အတွက်​လည်းကောင်း အပြစ်ဒဏ်​စီရင်တော်မူ​လိမ့်​မည်” ဟု​ဆို​သည်။ (ယုဒ ၁၄၊ ၁၅ခ​မ) ထို့​ပြင် သူပုန် ကောင်းကင်တမန်​များသည် စာတန်​နှင့်​ပူးပေါင်း​၍ သူ၏​မျိုးနွယ်​အဝင် ဖြစ်လာ​သည်။ သူတို့သည် လူ့​သမီး​များနှင့်​ထိမ်းမြား​ရန် အသွေးအသား​ခန္ဓာ​ကို​ဆောင်​၍ ကောင်းကင်​ရှိ “မိမိတို့​နေရာ​အရပ်​ကို​စွန့်ပစ်” ကြသည်။ သူတို့သည် လူ့​ထက်​စွမ်းပကား​ကြီး​၍ ဗိုလ်ကျ​အနိုင်ကျင့်​သော မျိုးစပ်​ကလေး​များ​ကို မွေး​ထုတ်​ကြသည်။ ထို​ခေတ်​က ကမ္ဘာ​သည် အဓမ္မ​မှု ဆိုးသွမ်းမှု​ဖြင့် ပြည့်နှက်​လာ​သဖြင့် ဘုရားသခင်​က ရေလွှမ်းမိုးခြင်း​ဖြင့် ဖျက်ဆီး​ခဲ့​ရလေ​သည်။ လူသားများ​အနက် သစ္စာရှိ နောဧ​နှင့် အိမ်သား​များ​သာ ကပ်ကျော်​ခဲ့​သည်။ နာမခံ​သော ကောင်းကင်တမန်​တို့သည် စာတန့်​ထိန်းချုပ်မှု​အောက်​ရှိ နတ်ဆိုး​များ​ဖြစ်​လာ၍ မိမိတို့၏ မုချ​သေရ​တော့​မည့် လူ့​ဇနီး​နှင့် မျိုးစပ်​ကလေး​များ​ကို မစွန့်​ချင်​ဘဲ စွန့်ပစ်​ကြ​ရလေ​သည်။ ရုပ်ခန္ဓာ​ကို​ချွတ်၍ ဝိညာဉ်​ဘောင်​သို့ ပြန်​ကြ​လေ​သည်။ ထို​နေရာ​မှ​နေ၍ စာတန်​နှင့် သူ၏​အမျိုးအနွယ်​အပေါ် မဆိုင်းမတွ ဆိုက်ကပ်​နေသော ဘုရားသခင့်​စီရင်​သုတ်သင်​မှု​ကို စောင့်ဆိုင်း​လျက်​နေကြ​ရသည်။—ယုဒ ၆; ကမ္ဘာဦး ၆:၄-၁၂; ၇:၂၁-၂၃; ၂ ပေတရု ၂:၄၊ ၅

၁၆။ (က) ရေလွှမ်းမိုးခြင်း​နောက်​၌ အဘယ်​မင်းဆိုး​မင်း​ညစ်​ပေါ်​လာ၍ သူသည် စာတန့်​မျိုးနွယ်​အဝင်​ဖြစ်​ကြောင်း မည်သို့​ထင်ရှားပြ​သနည်း။ (ခ) ဗာဗုလုန်​ရဲတိုက် ဆောက်လုပ်​မည့်​သူများကို ဘုရားသခင် မည်သို့​ဟန့်တား​တော်​မူ​သနည်း။

၁၆ ရေလွှမ်းမိုး​ဘေး​ကြီး​ပြီး​နောက် မကြာမီ နိမ်ရောဒ​အမည်​ရှိ မင်းဆိုး​မင်း​ညစ်​တစ်ပါး​ပေါ်လာ​သည်။ သူ့ကို သမ္မာကျမ်းစာ​က “ယေဟောဝါ​ကို ဆန့်ကျင်​သော အားကြီး​သည့်​မုဆိုး” (က​ဘ) အဖြစ်​ဖော်ပြ​သည်—တကယ်​ပင် မြွေ​မျိုးနွယ်​အဝင် ဖြစ်​ပေ​သည်။ သူသည် စာတန်​ကဲ့သို့ ပုန်ကန်​စိတ်​ရှိ၍ လူသားများ မြေတစ်ပြင်လုံး ပျံ့နှံ့​သွား​ရန် တည်း​ဟူသော ယေဟောဝါ​၏ ရည်ရွယ်ချက်ကို ဖီဆန်​လျက် ဘေဘဲလ် သို့​မဟုတ် ဗာဗုလုန်​မြို့ကို​တည်​သည်။ “ကောင်းကင်​သို့ မီ​ရသော​ရဲတိုက်” တစ်ခု​ကို ဗာဗုလုန်​မြို့​၏ ဗဟိုချက်​မ​အဖြစ် ပြုလုပ်​ရန် ကြံရွယ်​ခဲ့​ကြသော်လည်း ထို​ရဲတိုက်​ဆောက်လုပ်​မည့်​သူများကို ဘုရားသခင် ဟန့်တား​လိုက်​သည်။ သူတို့၏ ဘာသာ​စကား​ကို ရှုပ်ထွေး​စေ​သဖြင့် “သူတို့ကို မြေတစ်ပြင်လုံး၌ အရပ်ရပ် [သို့] ကွဲပြား​စေတော်မူ” သည်။ ဗာဗုလုန်​မြို့ကို​ကား ဆက်လက်​တည်ရှိ​ခွင့် ပြု​တော်​မူ​သည်။—ကမ္ဘာဦး ၉:၁; ၁၀:၈-၁၂; ၁၁:၁-၉

နိုင်ငံရေး​အင်အားကြီး​နိုင်ငံ​များ ပေါ်လာ​ခြင်း

၁၇။ လူသား များပြား​လာသော​အခါ လူ့​အဖွဲ့အစည်း​၏ ဖောက်ပြန်သော အဘယ်​အင်္ဂါရပ်​ထင်ရှား​လာ​သဖြင့် အဘယ်​အင်ပါယာ​များ ပေါ်လာ​သနည်း။

၁၇ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို ဖီဆန်​လျက် ဖြစ်​ဖွားလာ​သော လူ့​အဖွဲ့အစည်း​၏ အင်္ဂါရပ်​များ ဗာဗုလုန်​မြို့၌ ပေါ်ထွက်​လာ​သည်။ ၎င်း​တို့​အနက် တစ်ခု​မှာ နိုင်ငံရေး​ဖြစ်သည်။ လူဦးရေ တိုးလာ​သည်​နှင့်​အမျှ ထူးကဲ​ထင်ပေါ်​လို​သူတို့က နိမ်ရောဒ​ကို​တုပ​၍ အာဏာ​သိမ်း​ကြ​လေ​သည်။ လူ​လူ​ချင်း နစ်နာ​အောင် ကြီး​နိုင်​ငယ်​ညှဉ်း​လုပ်​လာ​ကြသည်။ (ဒေသနာ ၈:၉) ဥပမာ၊ အာဗြဟံ​လက်ထက်​၌ သောဒုံ၊ ဂေါမောရ​နှင့် ပတ်ဝန်းကျင်​မြို့​တို့သည် ရှိ​နာ​နှင့် အခြား​ဝေး​ရပ်​ဒေသ​မှ မင်း​များ​၏​ချုပ်ကိုင်​မှု​အောက်​သို့ ကျရောက်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၁၄:၁-၄) အဆုံး​၌ စစ်ရေး​နှင့် စည်းရုံး​ရေး​ဘက် ဉာဏ်​ထက်မြက်​သူတို့က မိမိတို့၏ ဘုန်း​စည်းစိမ်​အတွက် အင်ပါယာ​ကြီး​များ ထူထောင်​လာ​ကြသည်။ သမ္မာကျမ်းစာ​က ထို​အင်ပါယာ​များ​အနက် အီဂျစ်၊ အဆီးရီးယား၊ ဘေဘီလုန်၊ မီဒို-ပါးရှား၊ ဂရိ​နှင့်​ရောမ အင်ပါယာ​များ​အကြောင်း ညွှန်းဆို​သည်။

၁၈။ (က) ဘုရားသခင့်​လူမျိုးတော်သည် နိုင်ငံရေး​အုပ်စိုးရှင်​များ​ကို မည်သို့​သဘောထား​သနည်း။ (ခ) နိုင်ငံရေး​အာဏာပိုင်​များသည် ရံဖန်ရံခါ ဘုရားသခင့်​အကျိုးကို မည်သို့​သယ်ပိုး​ခဲ့​ကြ​သနည်း။ (ဂ) အုပ်စိုးရှင်​အများအပြား​တို့​က မိမိတို့​ကိုယ်ကို မြွေ​မျိုးနွယ်​အဝင်​ဖြစ်​ကြောင်း မည်သို့​ပြ​ခဲ့​ကြ​သနည်း။

၁၈ ယေဟောဝါ​သည် ထို​နိုင်ငံရေး အင်အားကြီး​နိုင်ငံ​များ​အပေါ် သည်းခံလျက် ၎င်းတို့ကို တည်ရှိ​ခွင့် ပြု​တော်​မူ​သည့်​အလျောက် ကိုယ်တော့်​လူမျိုးတော်​လည်း ထို​သူတို့​ချုပ်ကိုင်​သော​နိုင်ငံ​များ​၌ နေထိုင်ကြ​စဉ် ၎င်းတို့ကို အကန့်အသတ်​ဖြင့် နာခံကြ​သည်။ (ရောမ ၁၃:၁၊ ၂) ရံဖန်ရံခါ၊ နိုင်ငံရေး​အာဏာပိုင်​များသည် ဘုရားသခင့် ရည်ရွယ်ချက်များ​ဖြစ်မြောက်ရေး သို့​မဟုတ် လူမျိုးတော်ကို​ကာကွယ်​ရေး​အတွက်​ပင် အကျိုးပြု​သည်။ (ဧဇရ ၁:၁-၄; ၇:၁၂-၂၆; တမန်​တော် ၂၅:၁၁၊ ၁၂; ဗျာဒိတ် ၁၂:၁၅၊ ၁၆) သို့သော် နိုင်ငံရေး မင်း​စိုး​ရာဇာ​များစွာတို့သည် စစ်မှန်သော​ဝတ်ပြုမှု​ကို ရက်စက်​ယုတ်မာ​စွာ အတိုက်အခံပြု​၍ မိမိတို့သည် မြွေ​မျိုးနွယ်​အဝင်​ဖြစ်​ကြောင်း ထင်ရှားစေ​သည်။—၁ ယောဟန် ၅:၁၉

၁၉။ ဗျာဒိတ်ကျမ်း​၌ ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များ​ကို မည်သို့​ပုံဖော်​သနည်း။

၁၉ လူ့​အုပ်ချုပ်မှု​သည် ကျွန်ုပ်​တို့​လူသားများ ပျော်ရွှင်ရေး၊ ပြဿနာ​များ​ကို ဖြေရှင်း​ရေး​၌ အများအားဖြင့် မ​ရှု​မလှ အရေးနိမ့်​ခဲ့​ကြသည်။ မည်သည့်​အုပ်ချုပ်ရေး​ဖြင့်​မဆို စမ်းသပ်​အုပ်ချုပ်​စေရန် လူသားတို့အား ယေဟောဝါ အခွင့်ပေး​သော်လည်း ခြစားမှု၊ ထင်သလို​အုပ်စိုးမှု​ကို​ကား နှစ်သက်​သည်မဟုတ်။ (သုတ္တံ ၂၂:၂၂၊ ၂၃) ဗျာဒိတ်ကျမ်း​က လူထု​အပေါ် ဖိနှိပ်​ချုပ်ချယ်​သော ကမ္ဘာ့​အင်အားကြီး​နိုင်ငံ​များ​ကို မာန်​ယစ်​သည့် ဧရာမ​သား​ရိုင်း​အဖြစ် ပုံဖော်​ထား​၏။—ဗျာဒိတ် ၁၃:၁၊ ၂

အတ္တဆန်​သော ကုန်ကူးသူ​များ

၂၀၊ ၂၁။ အဘယ်​ဒုတိယ​အုပ်စု​ကို စာတန့်​မျိုးနွယ်​ဆိုး​ထဲ​တွင် “တပ်မှူး​များ၊” “လူ​သန်​များ” နှင့်​တကွ စာရင်း​သွင်း​ရမည်​နည်း။ အဘယ်ကြောင့်​နည်း။

၂၀ နိုင်ငံရေး​ခေါင်းဆောင်​များနှင့် ပူးပူးကပ်ကပ် ဖက်စပ်​လျက်​ပေါ်လာ​သူ​မှာ စဉ်းလဲ​သော ကုန်စည်​ကူး​သန်း​သူများ​ပင်​တည်း။ ရှေး​ဗာဗုလုန်​မြို့​၏ အပြိုအပျက်များ​မှ တူးဖော်​ရရှိသော မှတ်တမ်းများ​က ထို​ခေတ်​၌ တစ်ဖက်သား အရေး​မလှ​စဉ် အခွင့်ကောင်း​ယူ​ကာ လူ​လူ​ချင်း ခေါင်းပုံဖြတ်​သော စီးပွားရေး​လုပ်ငန်းများ အလွန်​ခေတ်​စား​ခဲ့​ကြောင်း တင်ပြ​သည်။ ကမ္ဘာ့​ကုန်သည်​ကြီး​တို့သည် ယနေ့​တိုင်အောင် တစ်ကိုယ်ကောင်း​အမြတ်အစွန်း​အတွက် လုပ်ကိုင်​လျက်​ရှိကြသည်။ နိုင်ငံ​အများ​၌ လက်တစ်ဆုပ်​စာ​မျှ​သော လူတို့သည် အလွန့်အလွန်​ချမ်းသာ​ပြီး အများ​ပြည်သူ​မှာ​မူ ဆင်းရဲ​မွဲတေ​လျက် လုံး​ပါး​ပါး​ရ​ရှာ​သည်။ ဤ​စက်​မှု​ခေတ်​အတွင်း ကုန်သည်​များ၊ ကုန်စည်​ထုတ်လုပ်သူ​များသည် စိုးရိမ်​ထိတ်လန့်စရာ​ကောင်း​သည့် အစုလိုက်​အပြုံလိုက် သေစေနိုင်​သော လက်နက်များ​အပါအဝင် ရက်စက်​လှ​သည့် ဖျက်ဆီးခြင်း​စစ်​လက်နက်များ​ကို အင်အားကြီး​နိုင်ငံ​များ​အား တောင်ပုံရာပုံ ရောင်းချခြင်း​ဖြင့် အကြီးအကျယ် အမြတ်​ထုတ်ခဲ့​ကြပြီ။ အနှီ ဝိသ​မ​လောဘ​သ​မား စီးပွားရေး​လုပ်ငန်းရှင်​ကြီး​များနှင့် သူတို့​ကဲ့သို့​သော​လူ​တို့ကို “တပ်မှူး​များ၊” “လူ​သန်​များ” နှင့်အတူ စာတန့်​မျိုးနွယ်​ဆိုး​တွင် စာရင်း​သွင်း​ရ​ပါ​လိမ့်​မည်။ သူတို့​အားလုံး​ကား ကွပ်မျက်​ခံထိုက်​သူများ​အဖြစ် ဘုရားသခင်​နှင့် ခရစ်တော်​တို့၏ စီရင်ချက်​ချ​ခြင်း​ခံရ​သော မြေကြီး​အဖွဲ့အစည်း​၏ အစိတ်အပိုင်း​ဖြစ်​ကြသည်။—ဗျာဒိတ် ၁၉:၁၈က​ဘ။

၂၁ ဘုရားသခင့် ပြစ်​မိ​န့်​ချ​ခြင်း​ခံထိုက်သော လူ့​အဖွဲ့အစည်း​၏​စာရင်း​၌ အကျင့်ပျက်​သော​နိုင်ငံရေး​နှင့် လောဘ​ဇော​တိုက်​သည့် စီးပွားရေး​စနစ်​အပြင် တတိယ​အင်္ဂါရပ်​ကို​ပါ ထပ်၍​စာရင်း​သွင်း​ရ​ပေမည်။ အဘယ်အရာ​နည်း။ ကမ္ဘာလုံး​ဆိုင်ရာ ကျော်ကြား​သော ဤ​အဆောက်အအုံ​အကြောင်း​နှင့် ပတ်သက်​သည့် ဗျာဒိတ်ကျမ်း​အဆိုကို အသင် သိရ​လျှင် အံ့သြမိ​ပေမည်။

မဟာ​ဗာဗုလုန်

၂၂။ ရှေး​ဗာဗုလုန်​၌ မည်သို့သော​ဘာသာရေး ပေါ်ထွန်း​ခဲ့​သနည်း။

၂၂ မူလ​ဗာဗုလုန်​မြို့ကို တည်ဆောက်​ခြင်း​မှာ နိုင်ငံရေး​လုပ်ငန်း​မျှ​သာ​မဟုတ်ပါ။ ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​ကို ဖီဆန်​၍ ထို​မြို့ကို​တည်​ကြသည်​ဖြစ်၍ ဘာသာရေး အကျုံးဝင်​၏။ ရှေး​ဗာဗုလုန်​မြို့​သည် ဘာသာရေး ရုပ်တု​ကိုးကွယ်​မှု မြစ်ဖျားခံ​ရာ​အရပ် အမှန်ပင်​ဖြစ်​ခဲ့​သည်။ ၎င်း​၏​ဘုန်းကြီး​များ​က လူသေ​သည့်​နောက် လူ​၏​ဝိညာဉ် မသေ​ဘဲ​ကျန်ရစ်​သည်၊ တ​မ​လွန်​ဘဝ​ဟူသည် နတ်ဆိုး​များ​ကြီးစိုး​ရာ ထာဝရ​ကြောက်မက်​ဖွယ်၊ ညှဉ်းဆဲ​ခံ​ရာ​အရပ် ဖြစ်သည်​စ​သော ဘုရားသခင့် အသရေ​ကို​ရှုတ်ချ​သည့် အယူဝါဒ​များ​ကို ပို့ချ​ကြသည်။ သူတို့သည် သတ္တဝါများ​ကိုးကွယ်​မှု၊ ဘုရား၊ ဘုရားမ အမြောက်အမြား​ကိုးကွယ်​မှု​ကို မြေ​တောင်​မြှောက်​သည်။ ကမ္ဘာ​နှင့်​ကမ္ဘာ​သားများ ဖြစ်ပေါ်​လာပုံ​ကို ဒဏ္ဍာရီ​ပုံပြင်​များ​ထွင်​၍ ရှင်း​ချက်​ထုတ်​ကြသည်။ လူကို​ယု​တ်​နိမ့်​စေသော အခမ်းအနား​များ၊ ယဇ်​ပွဲ​များ ကျင်းပ​ကြသည်။ မုချ​ဧကန် သားသမီး​ထွန်းကား​၍ သီးနှံ​ပေါများ​လျက် စစ်​အောင်​စေရန် ကျင်းပ​ခြင်း​ဖြစ်သည်ဟု ဆို​ကြသည်။

၂၃။ (က) လူတို့သည် ဗာဗုလုန်​မှ​ပျံ့နှံ့​သွားစဉ် မိမိတို့​နှင့်အတူ ဘာကို သယ်ဆောင်​သွား​သဖြင့် ဘာဖြစ်​ခဲ့​သနည်း။ (ခ) ကမ္ဘာ​ကို​လွှမ်းခြုံ​သည့် မိစ္ဆာ​ဘာသာရေး​အင်ပါယာ​ကို ဗျာဒိတ်ကျမ်း​က မည်သို့​ကင်ပွန်းတပ်​သနည်း။ (ဂ) မိစ္ဆာ​ဘာသာသည် ဘာကို အမြဲ​ဆန့်ကျင်​တိုက်ခိုက်​သနည်း။

၂၃ ဘာသာ​စကား အမျိုးမျိုး​ပြော​သော အုပ်စု​များသည် ဗာဗုလုန်​မှ ကမ္ဘာ​တစ်ခွင်​သို့ ပျံ့နှံ့​သွား​သည်​နှင့်​အမျှ ဗာဗုလုန်​ဘာသာ​တရားကို​ပါ ယူဆောင်​သွား​ကြ​လေ​သည်။ သို့ဖြင့် ဥရောပ၊ အာဖရိက၊ အမေရိက​တိုက်​များ၊ အရှေ့​ဖျား​ဒေသနှင့် တောင်​ပင်လယ်​များ​၌​နေထိုင်ကြ​သော မူလ​တိုင်းရင်းသား​များ​ဘောင်​၌ ရှေး​ဗာဗုလုန်​နှင့်​ဆင်တူ​သော ဘာသာရေး​ထုံးတမ်းများ​နှင့် ယုံကြည်ချက်များ ထွန်းကား​ခဲ့​သည်။ ထို​ယုံကြည်ချက်များ​စွာ​တို့သည် ယနေ့​တိုင် ရှင်သန်​နေဆဲ​ပင်။ သို့​ဖြစ်၍ ဗျာဒိတ်ကျမ်း​က ကမ္ဘာ​ကို​လွှမ်းခြုံ​သည့် မိစ္ဆာ​ဘာသာရေး​အင်ပါယာ​ကို မဟာ​ဗာဗုလုန်​အမည်​ရှိ မြို့ကြီး​တစ်မြို့​အဖြစ် ညွှန်းဆို​သည်​မှာ ဆီလျော်​လှ​ပေ​၏။ (ဗျာဒိတ်​အခန်းကြီး ၁၇၊ ၁၈) မိစ္ဆာ​ဘာသာ​ကို မည်သည့်​နေရာ၌ ဖြန့်ကြဲ​သည်​ဖြစ်စေ၊ လူကို​နိုင်​ထက်​ကလူ​ပြုသော ဘုန်းကြီး​များ၊ အယူသီးမှု၊ မသိ​နားမလည်​မှု​နှင့် သီလ​ပျက်မှု ပေါ်ပေါက်​စ​မြဲ။ ၎င်း​သည် အစဉ်သဖြင့် စာတန်​၏ အစွမ်းထက်​သော​လက်ကိုင်တုတ် ဖြစ်သည်။ မဟာ​ဗာဗုလုန်​သည် အချုပ်အခြာအာဏာရှင် ယေဟောဝါ​၏ စစ်မှန်သော​ဝတ်ပြုရေးကို အစဉ်သဖြင့် သဲကြီးမဲကြီး တိုက်ခိုက်​၏။

၂၄။ (က) မြွေသည် မိန်းမမျိုးနွယ်​၏ “ဖနောင့်” ကို မည်သို့​ကြိတ်​နိုင်​ခဲ့​သနည်း။ (ခ) မိန်းမမျိုးနွယ်​ခံရ​သော​ဒဏ်​ကို ဖနောင့်​မှာ​ရသော​ဒဏ်​အဖြစ် အဘယ်ကြောင့်​ဆို​သနည်း။

၂၄ ပထမ​ရာစု ဂျူး​ဘာသာ​၏ ကျမ်းတတ်​နှင့် ဖာရိရှဲ​တို့သည် မြွေ​မျိုးနွယ်​ထဲ​က အပြစ်​အကြီးဆုံး အပိုင်း​ဖြစ်၍ မိန်းမမျိုးနွယ်​၏ အဓိက​ကိုယ်စားလှယ်​ကို နှိပ်စက်​၍ အဆုံး​၌ သတ်ဖြတ်​လိုက်​သည့်​ကိစ္စ​တွင် ဦးဆောင်​ဦး​ရွက်​ခဲ့​သည်။ ဤ​နည်း​အားဖြင့် မြွေသည် “သူ [“မျိုးနွယ်တော်”] ၏​ဖနောင့်​ကို​ကြိတ်” ခဲ့​သည်။ (ကမ္ဘာဦး ၃:၁၅; ယောဟန် ၈:၃၉-၄၄; တမန်​တော် ၃:၁၂၊ ၁၅) အဘယ်ကြောင့် ဖနောင့်​မှာ​ရသော ဒဏ်ရာ​လောက်​သာ​ဟု ဆို​သနည်း။ မိန်းမမျိုးနွယ်​ရသော ထို​ဒဏ်ရာ​မှာ မြေကြီးပေါ်​၌ တဒင်္ဂ​ဒဏ်​မျှ​သာ ဖြစ်၍​တည်း။ နာတာရှည်​မဟုတ်။ ယေဟောဝါ​သည် ယေရှုကို သုံးရက်​မြောက်​သော​နေ့၌ ထမြောက်​စေပြီး ဝိညာဉ်​အသက်တာ​သို့ ချီးမြှင့်​လိုက်​သောကြောင့်​ဖြစ်သည်။—တမန်​တော် ၂:၃၂၊ ၃၃; ၁ ပေတရု ၃:၁၈

၂၅။ (က) ဘုန်းပွင့်​သော ယေရှုသည် စာတန်​နှင့်​သူ၏​တမန်​များ​ကို မည်သို့​အရေးယူ​ခဲ့ပြီ​ဖြစ်သနည်း။ (ခ) မည်သည့်​အခါ​၌ စာတန်​၏ မြေကြီးဆိုင်ရာ မျိုးနွယ်​ကို ပယ်ရှား​မည်​နည်း။ (ဂ) ဘုရားသခင့် မိန်းမ​၏​မျိုးနွယ်​သည် စာတန်​တည်း​ဟူသော မြွေ​၏ “ခေါင်း” ကို​ကြိတ်​သောအခါ ဘာ​အဓိပ္ပာယ် သက်ရောက်​မည်​နည်း။

၂၅ ဘုန်းပွင့်​သော ယေရှု​ခရစ်​သည် ယခု ဘုရားသခင့်​လက်ယာတော်​ဘက်၌ အမှုတော်ထမ်း​လျက် ယေဟောဝါ​၏​ရန်သူများ​ကို တရား​စီရင်​နေသည်။ စာတန်​နှင့် သူ၏​တမန်​များ​ကို အရေးယူ​ပြီး အောက်​သို့​ပစ်ချ​၍ ဤ​ကမ္ဘာ​ပေါ်မှာ​သာ လှုပ်ရှား​နိုင်အောင် ကန့်သတ်​ချုပ်ချယ်​ထား​လေ​ပြီ။—ယင်းကြောင့် ကျွန်ုပ်​တို့​ခေတ်တွင် ဒုက္ခသုက္ခ တိုးပွား​လာ​ခြင်း​ဖြစ်သည်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) သို့သော် မဟာ​ဗာဗုလုန်​မှ​စ၍ ကမ္ဘာ​ပေါ်​မှ စာတန့်​အဖွဲ့အစည်း​၏ ကျန်​အပိုင်း​အားလုံး​ကို ဘုရားသခင် စီရင်​သုတ်သင်​တော်​မူ​သောအခါ ကြို​ဟောထား​သည့်​အတိုင်း စာတန်​၏ မြေကြီးဆိုင်ရာ မျိုးနွယ်​သည် ဖယ်ရှားခံ​ရ​လတ္တံ့။ အဆုံး​တွင် ဘုရားသခင့် မိန်းမ​၏​မျိုးနွယ်တော် ယေရှု​ခရစ်​သည် စဉ်းလဲ​သော​မြွေ​ဟောင်း စာတန်​၏ “ခေါင်း” ကို ကြိတ်​လိမ့်​မည်။ ဤ​ကား သူ၏​လုံးဝ​ပျက်​သု​ဉ်း​ခြင်း​ဖြစ်၍ လူသား​တို့​အရေး​တွင် လုံးဝ​ဝင်စွက်​နိုင်​တော့​မည်​မဟုတ်။—ရောမ ၁၆:၂၀

၂၆။ ဗျာဒိတ်ကျမ်း​ပါ ပရောဖက်ပြုချက်​ကို ဆန်းစစ်​ဖို့ အဘယ်ကြောင့် အရေး​အကြီးဆုံး​ဖြစ်သနည်း။

၂၆ ဤ​အရာများ​အားလုံး မည်သို့​ဖြစ်ပျက်​လာ​မည်​နည်း။ ဤ​ကား ဗျာဒိတ်ကျမ်း​က ကျွန်ုပ်​တို့အား လှ​စ်​ပြ​သော အချက်​ပင်​တည်း။ ရူပါရုံ​တ​သီ​တ​တန်း​၌ ကျွန်ုပ်​တို့အား စိတ်စွဲ​လောက်​သော သင်္ကေတ​များနှင့် အထိမ်းအမှတ်​များ​ဖြင့် ပေါ်လွင်​စွာ​ဖွင့်ပြ​ထား​သည်။ ဩဇာ​ပြည့်​လျှမ်း​သော ဤ​ပရောဖက်ပြုချက်​ကို စိတ်​ထက်သန်​စွာ ဆန်းစစ်​ကြ​စို့။ ကျွန်ုပ်​တို့သည် ဗျာဒိတ်ကျမ်း​စကား​များ​ကို နားထောင်​၍ လိုက်နာ​လျှင် ဧကန်​ပျော်ရွှင်​ကြ​၏။ သို့ပြုလျှင် အချုပ်အခြာအာဏာရှင် ယေဟောဝါ​၏​နာမတော်​ကို ဂုဏ်​ထွန်း​စေခြင်း​အမှု၌ ပါ​ဝင်နိုင်​ပြီး ကိုယ်တော်​ထံ​မှ ထာဝရ​ကောင်းချီး​များ​ကိုလည်း ခံစားရ​မည်။ ကျေးဇူးပြု​၍ ဆက်လက်​ဖတ်ရှု​ပြီး လေ့လာ​သိရှိ​သမျှ​ကို ပညာရှိရှိ အသုံးချပါ​လေ။ သို့ပြုလျှင် လူ့​သမိုင်း​၏ ဤ​အထွတ်အထိပ်​ကာလ​၌ ကယ်တင်ခြင်း​ရနိုင်​မည်​တည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

စီးပွားရေး​လုပ်ငန်း​ဆိုင်ရာ ရှေးခေတ်​သပ်​ပုံစာ မှတ်တမ်းများ

ဂျီ​မ်းစ် ဘီ၊ ပ​ရစ်ချတ် တည်းဖြတ်​သည့် ရှေးခေတ်​မြေထဲပင်လယ်​အရှေ့​ကမ်းခြေ​ရှိ နိုင်ငံ​များ​ဆိုင်ရာ မူရင်း​စာသား​များ ဟူသော​စာအုပ်​က ဘေဘီ​လိုး​နီး​ယန်း (ဗာဗုလုန်) ခေတ်​များ​အတွင်း ဟ​မ္မူ​ရာ​ဘီ ပြုစု​သော ဥပဒေ ၃၀၀ နီးပါး​ကို စာရင်း​ပြ​ထား​သည်။ ၎င်းတို့ကို​ထောက်၍ ထို​ခေတ်​က စီးပွားရေး​လောက​အတွင်း ပျံ့နှံ့​လျက်​ရှိသော ဗြောင်​ကလိမ်ကျ​မှု​ကို တားမြစ်​ပိတ်ပင်​ရန်လို​အပ်​ကြောင်း သိနိုင်​သည်။ ဥပမာတစ်ခု​ကို​ကြည့်​ပါ။ “မြေ​ရှင်​ပ​ဒေသ​ရာ​ဇ်​တစ်ဦး​သည် မြေ​ရှင်​ပ​ဒေသ​ရာ​ဇ်​တစ်ဦး၏​သား သို့​မဟုတ် ကျွန်​ထံ​မှ ငွေ​ဖြစ်စေ၊ ရွှေ​ဖြစ်စေ၊ ကျွန် ယောက်ျား​တစ်ယောက်​ဖြစ်စေ၊ ကျွန်​မိန်းမ​တစ်ယောက်​ဖြစ်စေ၊ နွား​ထီး​တစ်ကောင်​ဖြစ်စေ၊ သိုး​တစ်ကောင်​ဖြစ်စေ၊ မည်သည့်​အရာ​ပင်​ဖြစ်စေ သက်သေ​များနှင့် သဘောတူ​စာချုပ်​မပါဘဲ ဝယ်ယူ​လျှင် လည်းကောင်း၊ လုံခြုံမှု​အတွက် ထိန်းသိမ်း​ထား​လျှင်​လည်းကောင်း ထို​မြေ​ရှင်​သည် သူခိုး​ဖြစ်၍ အသေ​သတ်​ခြင်း​ခံရ​မည်။”