မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်

အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်

အခန်း ၄၃

အရောင်အဝါ ထိ​န်​ညီး​သည့် ရွှေ​မြို့တော်

ရူပါရုံ ၁၆ ဗျာဒိတ် ၂၁:၉–၂၂:၅

အကြောင်းအရာ– ယေရုရှလင်​မြို့​သစ်​ဆိုင်ရာ သရုပ်ဖော်​ချက်

ပြည့်စုံချိန်– ဆင်းရဲ​ဒုက္ခ​ကြီး​ပြီး​၍ စာတန်​ကို တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​သည့်​နောက်

၁၊ ၂။ (က) ကောင်းကင်တမန်​တစ်ပါး​သည် ယောဟန်​အား ယေရုရှလင်​မြို့​သစ်​ကို​ပြသ​ရန် မည်သည့်​နေရာသို့ ဆောင်​သွား​သနည်း၊ ထို​နေရာ၌ အဘယ်​ကွဲပြား​ခြားနား​ချက်​ကို ကျွန်ုပ်​တို့ သတိပြုမိ​သနည်း။ (ခ) ၎င်း​သည် အဘယ်ကြောင့် ဗျာဒိတ်တော်​၏ အထွတ်အထိပ်​ဖြစ်သနည်း။

 ကာင်းကင်တမန်​တစ်ပါး​သည် ယောဟန်​အား တောကန္တာရ​သို့​ဆောင်​သွားပြီး မဟာ​ဗာဗုလုန်​ကို ပြသ​ခဲ့​ပါ​သည်။ ယခု​သော် ထို​ကောင်းကင်တမန်​များ​အုပ်စု​ထဲ​မှတစ်ပါး​က ယောဟန်​အား မြင့်မားသော​တောင်​တစ်လုံး​ပေါ် ခေါ်ဆောင်​သွား​၏။ စောစော​က​မြင်ကွင်း​နှင့် အခြားကြီး ခြားနား​လှ​သည်​တကား။ ဤ​နေရာ၌ ဗာဗုလုန်​ဆိုင်ရာ ပြည့်တန်ဆာ​ကဲ့သို့​သော မစင်ကြယ်​သည့် စာရိတ္တ​ပျက်​မြို့​တစ်မြို့​ကို​မ​တွေ့ရ​ဘဲ စင်ကြယ်​သန့်ရှင်းသော ဝိညာဏ​ယေရုရှလင်​မြို့​သစ် ကောင်းကင်ဘုံ​မှ ဆင်းသက်လာ​သည်ကို တွေ့ရ​၏။​—ဗျာဒိတ် ၁၇:၁၊

မြေကြီးဆိုင်ရာ​ယေရုရှလင်​မြို့​ပင် ဤမျှ​ဘုန်း​ရော​င်​မ​ကွ​န့်​မြူး​ခဲ့​ချေ။ ယောဟန် ဤသို့​ဖော်ပြ​၏– “နောက်ဆုံး​ကပ်ဘေး ခု​နစ်​ပါး​ဖြင့်​ပြည့်​သည့် ဖလား​ခု​နစ်​လုံး​ကို​ကိုင်​သော ကောင်းကင်တမန် ခု​နစ်​ပါး​ထဲ​မှ တစ်ပါး​က​လာ၍ ငါ​နှင့်​စကားပြော​လျက် ‘ဤ​နေရာသို့​လာ​လော့။ သိုးသငယ်​၏​ဇနီး သတို့သမီး​ကို သင့်​အား​ငါ​ပြ​မည်ဟု​ဆို​၏။ သို့​နှင့် သူသည် ဝိညာဉ်​တော်​တန်ခိုး​ဖြင့် မြင့်မားသော​တောင်ကြီး​တစ်လုံး​ဆီ​သို့ ငါ့​အား ဆောင်​သွားပြီး ဘုရားသခင့်​အထံတော် ကောင်းကင်ဘုံ​မှ ဆင်းသက်​လျက်​ရှိသည့် သန့်ရှင်းသော​မြို့တော် ယေရုရှလင်​မြို့​သစ်​ကို ငါ့​အား​ပြ​၏။ ထို​မြို့တော်​သည် ဘုရားသခင်​၏ ဘုန်း​အသရေတော်​ကို ဆောင်​၏။” (ဗျာဒိတ် ၂၁:၉-၁၁က) ယောဟန်​သည် အပေါ်​စီး​မြင်သာ​သော မိုး​ထိုး​အောင်​မြင့်မား​သည့် ထို​တောင်ပေါ်​မှ​နေပြီး တင့်တယ်လှ​ပ​သော ရွှေ​မြို့တော်​ကို ၎င်း​၏​နှစ်​လို့​ဖွယ် အင်္ဂါ​အရပ်ရပ်​နှင့်​တကွ အသေးစိတ် စစ်ဆေး​ကြည့်ရှု​လေ​၏။ ယုံကြည်သူ​ပုဂ္ဂိုလ်​တို့သည် အပြစ်​နှင့်​သေခြင်း​အောက်​သို့ လူသားများ​ကျရောက်​သည့်​အချိန်​မှ​စ၍ ယင်း​ရွှေ​မြို့တော်​၏ ရောက်လာ​ခြင်း​ကို ဆန္ဒ​ပြင်းပြ​စွာ မျှော်လင့်​တောင့်တ​လာ​ကြသည်။ နောက်ဆုံး​တော့​လည်း ရောက်လာ​ပြီ။ (ရောမ ၈:၁၉; ၁ ကောရိန္သု ၁၅:၂၂၊ ၂၃; ဟေဗြဲ ၁၁:၃၉၊ ၄၀) ၎င်း​ကား ခမ်းနား​လှ​သော ဝိညာဏ​မြို့တော်​ဖြစ်၍ သမာဓိ​စောင့်သိ​သူ ၁၄၄,၀၀၀ ဖြင့်​ဖွဲ့စည်းထား​ပြီး သန့်ရှင်းခြင်း​ဖြင့် ထိ​န်​ထိ​န်​ညီး​သည်​သာမက ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​လျက်​နေ​၏။ ဗျာဒိတ်တော် အထွတ်အထိပ်​ပါ​တကား။

၃။ ယေရုရှလင်​မြို့​သစ်​၏ လှပ​တင့်တယ်​ပုံ​ကို ယောဟန် မည်သို့​ဖော်ကျူး​သနည်း။

ယေရုရှလင်​မြို့​သစ်​သည် အသက်ရှူ​မှား​လောက်​အောင် တင့်တယ်လှ​ပ​၏– “ထို​မြို့တော်​သည် သ​လင်း​ကျောက်​သဖွယ် ကြည်လင်​သော နဂါးသွဲ့​နှင့်​တူသော အလွန်​အဖိုးထိုက်​သော ကျောက်​မျက်​ရတနာ​ကဲ့သို့ ဝင်း​ပ​ကွ​န့်​မြူး​လျက်​နေ​၏။ ထို​မြို့​သည် မြင့်မားသော မြို့ရိုး​ကြီး​ရှိ၏။ မြို့တံခါး တစ်ဆယ့်​နှစ်​ပေါက်​ရှိပြီး ထို​တံခါး​တို့​တွင် ကောင်းကင်တမန် တစ်ဆယ့်​နှစ်ပါး​ရှိ၍ ဣသရေလ အမျိုးသား တစ်ဆယ့်​နှစ်နွယ်​၏ အမည်များ​ကို ရေးသား​ထား​၏။ အရှေ့ဘက်တွင် တံခါး​သုံး​ပေါက်၊ မြောက်ဘက်တွင် တံခါး​သုံး​ပေါက်၊ တောင်ဘက်​တွင် တံခါး​သုံး​ပေါက်၊ အနောက်ဘက်​တွင် တံခါး​သုံး​ပေါက်​စီ​ရှိ၏။ မြို့ရိုး​တွင် အုတ်မြစ်​ကျောက် တစ်ဆယ့်​နှစ်ချပ်​ရှိ၏။ ထို​ကျောက်​များ​ပေါ်​တွင် သိုးသငယ်​၏ တမန်​တော် တစ်ဆယ့်​နှစ်ပါး​တို့၏ အမည်​တစ်ဆယ့်​နှစ်ခု ရှိ၏။” (ဗျာဒိတ် ၂၁:၁၁ခ-၁၄) ယောဟန်​သည် မိမိ​သတိပြုမိ​သော ရွှေ​မြို့တော်​၏​ဝင်း​ဝင်းလက် တောက်ပ​မှု​ကို ရှေးဦး​စွာ မှတ်တမ်းတင်​သည်​မှာ လျောက်ပတ်​လှ​သည်​တကား။ သစ်လွင်​သော သတို့သမီး​ကဲ့သို့​ကွ​န့်​မြူး​သည့် ယေရုရှလင်​မြို့​သစ်​သည် ခရစ်တော်​အဖို့ ရွှေ​နှင့်​မြ​ပ​မာ​လိုက်ဖက်​သော ကြင်​ယာ​ဖြစ်​ပေ​သည်။ “အလင်း​တို့၏​အဘ” ၏​ဖန်ဆင်း​ရာ​ဖြစ်သည့်​အတိုင်း တောက်ပ​နေသည်​မှာ လျောက်ပတ်​လှ​ပေ​သည်။​—ယာကုပ် ၁:၁၇

၄။ အဘယ်​အချက်​က ယေရုရှလင်​မြို့​သစ်​သည် ဇာတိ​ဣသရေလ​လူမျိုး မဟုတ်​ကြောင်း ပြသ​နည်း။

၎င်း​၏​မြို့တံခါး ၁၂ ပေါက်​တွင် ဣသရေလ ၁၂ နွယ်​၏​အမည်များ​ကို ရေးထိုး​ထား​၏။ ထို့​ကြောင့် ပုံခိုင်း​ချက်​ဖြစ်သော ဤ​မြို့တော်​သည် “ဣသရေလ​အမျိုးအနွယ် အသီးသီး​မှ” တံဆိပ်​ခတ်​ခံရ​သူ ၁၄၄,၀၀၀ ဖြင့်​ဖွဲ့စည်းထား​သည်။ (ဗျာဒိတ် ၇:၄-၈) ဤ​အချက်​နှင့်​အညီ၊ အုတ်မြစ်​ကျောက်​တို့​တွင် သိုးသငယ်​၏​တမန်​တော် ၁၂ ပါး​၏​အမည်များ ရေးထိုး​ထား​၏။ မှန်​ပေ​သည်၊ ယေရုရှလင်​မြို့​သစ်​သည် ယာကုပ်​၏​သား ၁၂ ယောက်​ကို အခြေပြု​၍​တည်ထောင်သော ဇာတိ​ဣသရေလ​လူမျိုး​မဟုတ်။ ‘တမန်​တော်​နှင့်​ပရောဖက်​များ’ အပေါ်မှာ​ဆောက်​တည်​သော ဝိညာဏ​ဣသရေလ​လူမျိုး​ဖြစ်၏။​—ဧဖက် ၂:၂၀

၅။ ယေရုရှလင်​မြို့​သစ်​၏ “မြင့်မားသော​မြို့ရိုး​ကြီး” က ဘာကို​ပြသ​နည်း၊ အဝင်ဝ​တိုင်း​၌ ကောင်းကင်တမန်​များ အစောင့်အကြပ်​ထား​သည် ဟူသော​အချက်​က ဘာကို​ပြသ​နည်း။

ပုံခိုင်း​ချက်​ဖြစ်သော ဤ​မြို့တော်​၌ ကြီးမားသော​မြို့ရိုး​ရှိ၏။ ရှေးခေတ်​၌ ရန်သူများ​ကို​ဟန့်တား​ရန် လုံခြုံရေး​အတွက် မြို့ရိုး​များ​ကို​တည်ဆောက်​ကြသည်။ ယေရုရှလင်​မြို့​သစ်​၏ “မြင့်မားသော​မြို့ရိုး​ကြီး” က ၎င်း​သည် ဝိညာဏ​လုံခြုံမှု​ရှိကြောင်းကို​ပြ​၏။ ဖြောင့်မတ်ခြင်း​တရား​၏​ရန်သူ၊ မစင်ကြယ်​သူ၊ မရိုးသား​သူ တစ်ယောက်မျှ ဝင်​မလာ​နိုင်။ (ဗျာဒိတ် ၂၁:၂၇) သို့သော် ဝင်ခွင့်​ရသူ​တို့​အဖို့​ဆိုလျှင် ဤ​ရွှေ​မြို့တော်​အတွင်း​သို့ ဝင်​ရခြင်း​သည် ပရဒိသု​သို့ ဝင်ရောက်ခြင်း​နှင့်​တူ​၏။ (ဗျာဒိတ် ၂:၇) မူလ​ပရဒိသု​ထဲ​မှ အာဒံ​နှင်ထုတ်​ခံရ​သည့်​နောက်​၌ မသန့်ရှင်း​သော​လူသားများ ပြန်​မဝင်​နိုင်အောင် ခေရုဗိမ်​များ​ကို အစောင့်​ချထား​တော်​မူ​၏။ (ကမ္ဘာဦး ၃:၂၄) ထို့​နည်းတူ၊ သန့်ရှင်းသော​ယေရုရှလင်​မြို့တော်​၏ ဝိညာဏ​လုံခြုံမှု​အတွက် မြို့​ဝင်ပေါက်​တစ်ခုစီ​၌ ကောင်းကင်တမန်​တစ်ပါး အစောင့်​ချထား​တော်​မူ​၏။ မှန်​ပေ​သည်၊ ယေရုရှလင်​မြို့​သစ်​ဖြစ်လာ​သော ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်ကို နောက်ဆုံး​ကာလ​တစ်လျှောက်​လုံး ဗာဗုလုန်​ဆိုင်ရာ ညစ်စွန်း​ခြင်း​နှင့်​ကင်း​အောင် ကောင်းကင်တမန်​များ​က ကာကွယ်​စောင့်ရှောက် လာ​ခဲ့​ကြ​ပေ​သည်။​—မဿဲ ၁၃:၄၁

ရွှေ​မြို့တော်​ကို တိုင်းတာ​ခြင်း

၆။ (က) မြို့တော်​တိုင်းတာ​ခြင်း​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​သနည်း၊ ဤ​တိုင်းတာ​ခြင်း​က ဘာကို​ပြသ​နည်း။ (ခ) ထို​တိုင်းတာ​ခြင်း​သည် “ကောင်းကင်တမန်​၏ အတိုင်းအတာ​ဖြစ်သော လူတို့၏ အတိုင်းအတာ​အရ” ဖြစ်သည်​ဟူသော​အချက်​ကို အဘယ်အရာက ရှင်းပြ​နိုင်​သနည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

ယောဟန် ဤသို့​ဆက်​ဖော်ပြ​၏– “ငါ​နှင့်​စကားပြော​သော​သူသည် မြို့တော်၊ မြို့တံခါး​များနှင့် မြို့ရိုး​တို့ကို တိုင်းတာ​ရန် တိုင်းတာ​စ​ရာ​အဖြစ် ရွှေ​ကျူရိုး​တစ်ချောင်း​ကို ကိုင်ထား​၏။ မြို့တော်​သည် စတုရန်း​ပုံ​ဖြစ်၍ အလျား​နှင့်​အနံ တူညီ​၏။ သူသည် မြို့တော်​ကို ကျူရိုး​ဖြင့်​တိုင်းတာ​ရာ ဖာလုံ တစ်​သောင်း​နှစ်ထောင် ရှိ၏။ အလျား၊ အနံ၊ အမြင့်​တို့သည် တူညီ​၏။ သူသည် မြို့ရိုး​ကိုလည်း တိုင်းတာ​၏။ ကောင်းကင်တမန်​၏ အတိုင်းအတာ​ဖြစ်သော လူတို့၏ အတိုင်းအတာ​အရ တစ်​ရာ့​လေးဆ​ယ့်​လေး​တောင် ရှိ၏။” (ဗျာဒိတ် ၂၁:၁၅-၁၇) ဗိမာန်တော် ကျိန်းဝပ်​ရာ​ဌာန​ကို​တိုင်းတာ​ခြင်း​က ယင်း​နှင့်​ဆိုင်သော ယေဟောဝါ​၏​ကတိတော်​များ ပြည့်စုံ​လာ​မည်​ကို​အာမခံ​၏။ (ဗျာဒိတ် ၁၁:၁) ယခု ယေရုရှလင်​မြို့​သစ်​ကို ကောင်းကင်တမန်​တိုင်းတာ​ခြင်း​က ဘုန်း​ရှိသော​ဤ​မြို့တော်​နှင့်​ဆိုင်​သည့် ယေဟောဝါ​၏​ရည်ရွယ်ချက်များ ပြောင်းလဲခြင်း​မရှိကြောင်း​ကို​ပြ​၏။ *

၇။ မြို့တော်​၏​အတိုင်းအတာ​သည် အဘယ်​သို့​ထူးခြား​သနည်း။

မည်မျှ​ထူးခြား​လှ​သော မြို့တော်​ပါ​တကား။ အတောင် ၁၄၄ သို့​မဟုတ် ပေ ၂၁၀ မြင့်သော​မြို့ရိုး​ဖြင့် ကာရံ​ထားပြီး ပတ်လည်​အနား ဖာလုံ ၁၂,၀၀၀ (မိုင် ၁,၃၈၀ ခန့်) ရှိသည့် ညီညာ​သော ကုဗတုံး​ဖြစ်​ပေ​သည်။ မည်သည့်​ပကတိ​မြို့​မျှ ထိုသို့​သော​အတိုင်းအတာ​မရှိ​နိုင်။ ရှိလျှင် ယခု​ခေတ် အစ္စရေး​လ်​နိုင်ငံ​၏ ၁၄ ဆ​ခန့် ကျယ်ဝန်း​ပြီး ပြင်ပ​အာကာသ​သို့ မိုင် ၃၅၀ ထိုး​ထွက်​လျက်​ရှိ​မည်​ဖြစ်၏။ ဗျာဒိတ်တော်​ကို နိမိတ်​လက္ခဏာ​ဖြင့် ပေး​တော်​မူ​ခြင်း​ဖြစ်၏။ ထို့​ကြောင့် ဤ​အတိုင်းအတာ​များ​က ကောင်းကင်​ယေရုရှလင်​မြို့​သစ်​နှင့်​ပတ်သက်​၍ ဘာကို​ဖော်ပြ​သနည်း။

၈။ (က) ၁၄၄ တောင်​မြင့်သော မြို့ရိုး​များ၊ (ခ) ဖာလုံ ၁၂,၀၀၀ ရှိသော မြို့​၏​အတိုင်းအတာ၊ (ဂ) မြို့တော်​သည် ညီညာ​သော​ကုဗတုံး ပုံသဏ္ဌာန်​ရှိ​ခြင်း​တို့​က အသီးအသီး​ဘာကို ဆိုလို​သနည်း။

၁၄၄ တောင်​မြင့်သော မြို့ရိုး​က ထို​မြို့တော်​သည် ဝိညာဉ်​ရေး​အရ ဘုရားသခင် မွေးစား​တော်​မူ​သော သားများ ၁၄၄,၀၀၀ တို့​ဖြင့် ဖွဲ့စည်းထား​ကြောင်းကို သတိရ​စေ​၏။ အလျား၊ အနံ၊ အမြင့်​တူသော မြို့တော်​၏​အတိုင်းအတာ ဖာလုံ ၁၂,၀၀၀ မှ ၁၂ ဂဏန်း​ကို ကျမ်းစာ​ပရောဖက်ပြုချက်​တွင် အဖွဲ့အစည်း​နှင့်​ပတ်သက်​၍ ပုံဆောင်​စကား​အဖြစ် သုံး​ထားခြင်း​ဖြစ်၏။ သို့​ဖြစ်၍ ယေရုရှလင်​မြို့​သစ်​သည် ဘုရားသခင့် ထာဝရ​ရည်ရွယ်ချက်ကို အကောင်အထည်ဖော်​ရန် အကောင်း​မွန်​ဆုံး​နည်းဖြင့်​စီမံ​ထားသော အဖွဲ့အစည်း​ဆိုင်ရာ အစီအစဉ်​တစ်ရပ်​ပင်​ဖြစ်၏။ ဘုရင်​ယေရှု​ခရစ်​နှင့်​တကွ ယေရုရှလင်​မြို့​သစ်​သည် ယေဟောဝါ​၏​နိုင်ငံတော် အဖွဲ့အစည်း​ဖြစ်၏။ မြို့တော်​၏​ပုံပန်း​ကိုလည်း ပြောစရာ​ရှိသေး၏။ ညီညာ​သော​ကုဗ​ပုံ​ဖြစ်​ပေ​သည်။ ရှောလမုန်​၏​ဗိမာန်တော်​ထဲ​၌ ယေဟောဝါ​၏​ရောက်ရှိခြင်း​ကို ပုံခိုင်း​၍​ကိုယ်စား​ပြုသော အသန့်ရှင်းဆုံး​ဌာနတော်​သည် ညီညာ​သော​ကုဗ​ပုံ​ဖြစ်၏။ (၃ ဓမ္မ​ရာဇဝင် ၆:၁၉၊ ၂၀) သို့​ဖြစ်၍ ယေဟောဝါ​ကိုယ်တော်တိုင်​၏ ဘုန်းတော်​ကြောင့်​ထွန်းလင်း​သော ယေရုရှလင်​မြို့​သစ်​ကို ညီညာ​သော​ကုဗတုံး​ကြီး​အဖြစ် မြင်ရ​သည်​မှာ လျောက်ပတ်​လှ​လေ​ခြင်း။ ၎င်း​၏​အတိုင်းအတာ​ရှိသမျှသည် ဆို​ဖွယ်​မရှိ ညီညာ​မျှတ​လှ​၏။ မညီမညာ​မှု သို့​မဟုတ် ချွတ်ယွင်းချက်​မရှိသော ရွှေ​မြို့တော်​ပင်​ဖြစ်၏။​—ဗျာဒိတ် ၂၁:၂၂

အဖိုးတန်​သော ဆောက်လုပ်ရေး​ပစ္စည်း​များ

၉။ မြို့တော်​၏​ဆောက်လုပ်ရေး ပစ္စည်း​များ​အကြောင်းကို ယောဟန် မည်သို့​ဖော်ပြ​သနည်း။

ယောဟန် ဤသို့​ဆက်လက်​ဖော်ပြ​၏– “မြို့ရိုး​အဆောက်အအုံ​မှာ နဂါးသွဲ့​ဖြစ်​ပြီး မြို့တော်​သည် ကြည်လင်​သည့် ဖန်​သား​ကဲ့သို့​သော ရွှေ​စင်​ဖြစ်၏။ မြို့ရိုး​၏ အုတ်မြစ်​တို့သည် ကျောက်​မျက်​အမျိုးစုံ​ဖြင့် စီခြယ်​ထား​၏။ ပထမ​အုတ်မြစ်​မှာ နဂါးသွဲ့၊ ဒုတိယ​မှာ နီ​လာ၊ တတိယ​မှာ မ​ဟူ​ရာ၊ စတုတ္ထ​မှာ မြ၊ ပ​ဉ္စ​မ​မှာ ကြောင်၊ ဆဋ္ဌမ​မှာ ကျောက်နီ၊ သတ္တမ​မှာ ခရုသုလိတ်၊ အ​ဋ္ဌ​မ​မှာ မျက်​ရွဲ၊ န​ဝ​မ​မှာ ဥ​ဿဖ​ရား၊ ဒသ​မ​မှာ ခရုသုပြတ်၊ ဧ​က​ဒသ​မ​မှာ ဝှာကိန္သု၊ ဒွါဒသ​မ​မှာ ဂေါ်​မုတ်​တည်း။ ထို့​ပြင် မြို့တံခါး​တစ်ခု​လျှင် ပုလဲ​တစ်လုံး​ဖြင့် ပြုလုပ်​ထား​သည်​ဖြစ်၍ မြို့တံခါး တစ်ဆယ့်​နှစ်ခု​သည် ပုလဲ​တစ်ဆယ့်​နှစ်လုံး ဖြစ်၏။ မြို့တော်​လမ်းမ​လည်း ကြည်လင်​သည့် ဖန်​သား​ကဲ့သို့​သော ရွှေ​စင်​ဖြင့်​ပြီး​၏။”​ဗျာဒိတ် ၂၁:၁၈-၂၁

၁၀။ မြို့တော်​သည် နဂါးသွဲ့၊ ရွှေ​နှင့် “ကျောက်​မျက်​အမျိုးစုံ” တို့​ဖြင့် တည်ဆောက်​ထားခြင်း​က ဘာကို​ဆိုလို​သနည်း။

၁၀ မြို့တော်​၏​အဆောက်အအုံ​သည် တကယ်​ပင်​ဖိတ်ဖိတ်တောက်​၏။ ရွှံ့​နှင့်​ကျောက်​ကဲ့သို့​သော မြေကြီးဆိုင်ရာ သာမန်​ပစ္စည်း​များ​အစား၊ နဂါးသွဲ့၊ ရွှေ​စင်​နှင့် “ကျောက်​မျက်​အမျိုးစုံ” ဖြင့် ဆောက်လုပ်ထား​သည်ကို တွေ့ရ​၏။ ၎င်းတို့သည် ကောင်းကင်​ဆိုင်ရာ ဆောက်လုပ်ရေး​ပစ္စည်း​များ​ကို သရုပ်ဖော်​ဆောင်​သည်​မှာ လျောက်ပတ်​လှ​သည်​တကား။ ထို့​ထက် သားနား​သော​အရာ​မရှိ။ ရှေးခေတ်​က ပဋိညာဉ်​သေတ္တာတော်​ကို ရွှေ​စင်​ဖြင့်​မွမ်းမံ​ထား​၏။ ယင်း​ဒြပ်စင်​သည် ကျမ်းစာ​ထဲ​၌ ကောင်းမွန်​၍ အဖိုးတန်​သော​အရာများ​ကို တင်စား​လေ့​ရှိ၏။ (ထွက်မြောက်ရာ ၂၅:၁၁; သုတ္တံ ၂၅:၁၁; ဟေရှာယ ၆၀:၆၊ ၁၇) ယေရုရှလင်​မြို့​သစ်​တစ်ခုလုံး​မ​က ၎င်း​၏​လမ်းမကြီး​ပင်​လျှင် “ကြည်လင်​သည့် ဖန်​သား​ကဲ့သို့​သော ရွှေ​စင်​ဖြင့်​ပြီး” သဖြင့် မတွေး​ဆ​နိုင်​လောက်​သော​အလှ​နှင့် ပင်ကို​တန်ဖိုး​ကို သရုပ်ဖော်​ဆောင်​ပေ​သည်။

၁၁။ ယေရုရှလင်​မြို့​သစ်​အဖြစ် ဖွဲ့စည်း​ကြ​သူတို့သည် အရည်အသွေး အကောင်း​မွန်​ဆုံးသော ဝိညာဉ်​ရေး​စင်ကြယ်မှု​ဖြင့် တောက်ပ​လျက်​ရှိကြ​မည်​ဖြစ်​ကြောင်း အဘယ်​အချက်​က စိတ်ချ​စေနိုင်​သနည်း။

၁၁ အဘယ်​သတ္တု​ကျို​သည့်​လူသား​မျှ ထို​မျှ​သန့်စင်​သော​ရွှေ​ကို သတ္တု​မချ​နိုင်။ သို့သော် ယေဟောဝါ​သည် ထိပ်​တန်း​သန့်စင်​စေ​သူ ဖြစ်​တော်​မူ​၏။ ကိုယ်တော်​သည် “ငွေ​ကို​ချွတ်၍ သန့်ရှင်း​စေသော​သူ​ကဲ့သို့​ထိုင်​လျက် ရွှေငွေ​ကို​ချွတ်​သကဲ့သို့” သစ္စာရှိ​ဝိညာဏ​ဣသရေလ​လူမျိုး တစ်ဦးချင်း​ကို အညစ်အကြေး​ရှိသမျှ​နှင့် ကင်းစင်​အောင် သန့်စင်​စေတော်မူ​၏။ တကယ်​ပင် အညစ်အကြေး​ချွတ်၍ သန့်စင်​ပြီး​သူများ​သာ အဆုံး​၌ ယေရုရှလင်​မြို့​သစ်​အဖြစ် ဖွဲ့စည်း​ကြလိမ့်မည်။ ဤ​နည်း​အားဖြင့် အရည်အသွေး အကောင်း​မွန်​ဆုံးသော ဝိညာဏ​စင်ကြယ်မှု​ဖြင့်​တောက်ပ​သည့် သက်ရှိ​ဆောက်လုပ်ရေး ပစ္စည်း​များ​ဖြင့် ရွှေ​မြို့တော်​ကို ယေဟောဝါ တည်ဆောက်​တော်​မူ​၏။​—မာလခိ ၃:၃၊ ၄

၁၂။ (က) မြို့တော်​၏​အုတ်မြစ်​များသည် ကျောက်​မျက် ၁၂ မျိုး​ဖြင့် စီခြယ်​ထားခြင်း၊ (ခ) မြို့တံခါး​များသည် ပုလဲ​များ​ဖြစ်​ခြင်း​တို့​က ဘာကို အဓိပ္ပာယ်ဆောင်​သနည်း။

၁၂ ရွှေ​မြို့တော်​၏​အုတ်မြစ်​များ​ပင် ကျောက်​မျက် ၁၂ မျိုး​နှင့်​စီခြယ်​ထား​သဖြင့် အလွန်​လှပ​တင့်တယ်​၏။ ဤ​အချက်​က ရှေး​ဂျူး​ယဇ်ပုရောဟိတ်မင်း​ကို သတိရ​စေ​၏။ သူသည် အခမ်းအနား​ကျင်းပ​ရာ​နေ့​များ​၌ အထက်ပါ​ကျောက်​မျက်​များနှင့်​အလားတူ​သော ကျောက်​မျက်​များ​စီခြယ်​ထား​သည့် သင်တိုင်း​တော်​ကို​ဝတ်ဆင်​၏။ (ထွက်မြောက်ရာ ၂၈:၁၅-၂၁) ဘယ်နည်း​နှင့်​မျှ တိုက်ဆိုင်မှု​မဖြစ်​နိုင်။ “မီးခွက်” အဖြစ် ယဇ်ပုရောဟိတ်​မင်းကြီး​ယေရှု ထွန်းလင်း​တော်​မူ​သော ယေရုရှလင်​မြို့​သစ်​၏ ယဇ်ပုရောဟိတ်​လုပ်ငန်း​ကို အလေးအနက်​ပြု​နေခြင်း​ဖြစ်၏။ (ဗျာဒိတ် ၂၀:၆; ၂၁:၂၃; ဟေဗြဲ ၈:၁) ထို့​ပြင် [ယေရှု၏ ယဇ်ပုရောဟိတ်​မင်းကြီး​ဆိုင်ရာ အမှုတော်​၏ အကျိုးကျေးဇူးများ​သည် ယေရုရှလင်​မြို့​သစ်​မှ​တစ်ဆင့် လူသားများ​ထံ​သို့ ဆင်းသက်လာ​ခြင်း​ဖြစ်၏။ (ဗျာဒိတ် ၂၂:၁၊ ၂) အလွန်​လှပသော ပုလဲ​တစ်လုံးစီ​ဖြင့်​ပြီး​သော မြို့တော်​တံခါး ၁၂ ပေါက်​က နိုင်ငံတော်​ကို အလွန်​အဖိုးထိုက်​သော ပုလဲ​နှင့်​နှိုင်းယှဉ်​သည့် ယေရှု၏​ပုံ​ဥပမာ​ကို သတိ​ရစေသည်။ ထို​မြို့တံခါး​များ​ကို​ဖြတ်၍ ဝင်ရောက်​လာ​သူ​မှန်သမျှ ဝိညာဉ်​ရေး​ဆိုင်ရာ အဖိုးတန်အရာ​များ​ကို တကယ်​လေးမြတ်​ကြောင်း သက်သေ​ထူခဲ့​ပြီး​ဖြစ်​မည်။​—မဿဲ ၁၃:၄၅၊ ၄၆; ယောဘ ၂၈:၁၂၊ ၁၇၊ ၁၈ နှိုင်းယှဉ်။

ထွန်းလင်း​သော ရွှေ​မြို့တော်

၁၃။ ယေရုရှလင်​မြို့​သစ်​နှင့် ပတ်သက်​၍ ယောဟန် ရှေ့ဆက်​ဘာ​ပြော​သနည်း၊ မြို့တော်​သည် အဘယ်ကြောင့် ပကတိ​ဗိမာန်တော်​ရှိ​ရန် မလို​သနည်း။

၁၃ ရှောလမုန်​လက်ထက်​က ယေရုရှလင်​မြို့​၏ အထင်ပေါ်ဆုံး​အရာ​မှာ မြို့​၏​အမြင့်ဆုံး​နေရာ​ဖြစ်သော မြောက်​အရပ် မောရိတောင်ပေါ်​မှာ တည်ဆောက်​ထားသော ဗိမာန်တော်​ပင်​ဖြစ်၏။ ယေရုရှလင်​မြို့​သစ်​၌​ကော။ ယောဟန် ဤသို့​ဆို​၏– “အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်​နှင့် သိုးသငယ်​တို့သည် မြို့တော်​၏​ဗိမာန်တော် ဖြစ်​တော်​မူ​သောကြောင့် မြို့တော်​ထဲ​တွင် ဗိမာန်တော်ကို ငါ​မ​တွေ့ရ။ ဘုရားသခင်​၏ ဘုန်းတော်သည် မြို့တော်​ကို ထွန်းလင်း​စေ​၍ သိုးသငယ်​သည် မြို့တော်​၏​မီးခွက် ဖြစ်​တော်​မူ​သောကြောင့် မြို့တော်​သည် နေ​နှင့်​လ​တို့၏​အလင်း​ကို မလို​အပ်​ချေ။” (ဗျာဒိတ် ၂၁:၂၂၊ ၂၃) ထို​မြို့တွင် ပကတိ​ဗိမာန်​တစ်ဆောင်​ဆောက်လုပ်​ရန် တကယ်​ပင်မ​လို​ချေ။ ရှေးခေတ်​က ဂျူး​တို့၏​ဗိမာန်တော်​သည် ပုံစံ​မျှ​သာ​ဖြစ်၍ ယင်း​ပုံစံ​၏ တကယ့်​အကောင်အထည်​အစစ်​ဖြစ်သည့် ကြီးမြတ်သော ဝိညာဏ​ဗိမာန်တော်​သည် ယေရှု​အား အေဒီ ၂၉ ခုနှစ်​၌ ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ် ယေဟောဝါ ဘိသိက်ပေး​တော်​မူ​သည့် အချိန်​မှ​စ၍ တည်ရှိ​လာ​ခဲ့ပြီ​ဖြစ်သည်။ (မဿဲ ၃:၁၆၊ ၁၇; ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၃၊ ၂၄) ဗိမာန်တော်​ရှိလျှင် လူ​တို့အတွက် ယေဟောဝါ​ရှေ့ ယဇ်​ပူဇော်​သော ယဇ်ပုရောဟိတ်​အတန်းအစား​တစ်ရပ်​လည်း ရှိ​ရ​ပေမည်။ သို့ရာတွင် ယေရုရှလင်​မြို့​သစ်​၏ အစိတ်အပိုင်း​ဖြစ်သူ​အားလုံး​တို့သည် ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏။ (ဗျာဒိတ် ၂၀:၆) ကြီးမြတ်သော​ယဇ်​တည်း​ဟူသော ယေရှု၏​စုံလင်​သည့် လူ့​အသက်ကို​လည်း တစ်ကြိမ်​တည်း​နှင့် အပြီး​အပြတ်​ပူဇော်​ခဲ့ပြီ​ဖြစ်၏။ (ဟေဗြဲ ၉:၂၇၊ ၂၈) ထို့​ပြင် မြို့သား​တိုင်း ယေဟောဝါ​ရှေ့တော်​သို့ အခစားဝင်​နိုင်၏။

၁၄။ (က) ယေရုရှလင်​မြို့​သစ်​သည် နေ​နှင့်​လ​တို့၏​အလင်း​ကို အဘယ်ကြောင့် မလို​အပ်​သနည်း။ (ခ) ဟေရှာယ​ပရောဖက်ပြုချက်​က ယေဟောဝါ​၏ စကြဝဠာ​အဖွဲ့အစည်း​နှင့်​ပတ်သက်​၍ ဘာကို​ကြိုပြော​သနည်း၊ ဤ​အချက်​တွင် ယေရုရှလင်​မြို့​သစ်​သည် မည်သို့​ပတ်သက်​သနည်း။

၁၄ သိနာ​တောင်ပေါ်​၌ ယေဟောဝါ​၏​ဘုန်းတော် မောရှေ​ရှေ့ ဖြတ်သွား​သောအခါ မောရှေ၏​မျက်နှာ အလွန်​ထွန်းတောက်​လှ​ရ​ကား မောရှေ​သည် မိမိ​မျက်နှာကို ဣသရေလ​သားချင်း​တို့ မမြင်​ရအောင် ဖုံးအုပ်​ထား​ရ၏။ (ထွက်မြောက်ရာ ၃၄:၄-၇၊ ၂၉၊ ၃၀၊ ၃၃) သို့​ဖြစ်၍ ယေဟောဝါ​၏​ဘုန်းတော်​ဖြင့် အစဉ်​ထွန်းလင်း​နေသော မြို့တော်​၏​ထွန်း​ပ​ခြင်း​ကို သင် တွေးဆ​နိုင်​သလော။ ထိုသို့​သော​မြို့​အဖို့ ည​အချိန်​ဟူ၍ ရှိ​နိုင်​မည်​မဟုတ်။ ၎င်း​သည် ပကတိ​နေ​နှင့်​လ​ကိုလည်း လို​မည်​မဟုတ်။ ထာဝစဉ် ရောင်ခြည်​ဖြာ​လျက်​နေပါ​လိမ့်​မည်။ (၁ တိမောသေ ၆:၁၆ နှိုင်းယှဉ်။) ယေရုရှလင်​မြို့​သစ်​သည် ထိုသို့​သော​ကွ​န့်​မြူး​ခြင်း​ဖြင့် ထိ​န်​ညီး​လျက်​ရှိ၏။ စင်စစ်​အားဖြင့်၊ ဤ​သတို့သမီး​နှင့် သတို့သား​ဘုရင်​မင်းမြတ်​တို့သည် ယေဟောဝါ​၏ စကြဝဠာ​အဖွဲ့အစည်း​တော်​—ယေဟောဝါ​၏ “မိန်းမ၊” “အပေါ်မှာ​ရှိသော ယေရုရှလင်​မြို့” ၏​မြို့တော်​ဖြစ်လာ​၏။ ထို “မိန်းမ” နှင့်​ပတ်သက်​၍ ဟေရှာယ​က ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “နောက်​တစ်ဖန် နေ့​အချိန်၌ သင်၏​အလင်း​သည် နေ​ပေး​သော​အလင်း​မဟုတ်၊ ည​ဉ့်​အချိန်၌​လည်း လ​အရောင်​သည် သင့်ကို​မ​လင်း​စေ​ရ။ အကြောင်း​မူ​ကား၊ ထာဝရ​ဘုရား​သည် သင်၌ ထာဝရ​အလင်း၊ သင်၏​ဘုရားသခင်​သည် သင်၏​ဘုန်း​အသရေ ဖြစ်​တော်​မူ​လိမ့်​မည်။ နောက်​တစ်ဖန် သင်၏​နေသည် မဝင်​ရ။ သင်၏​လ​သည်လည်း မဆုတ်​ရ။ ထာဝရ​ဘုရား​သည် သင်၌ ထာဝရ​အလင်း​ဖြစ်​တော်​မူ​၍ စိတ်​မ​သာ​ညည်းတွား​ရာ​ကာလ ကုန်​လေ​ပြီ။”​—ဟေရှာယ ၆၀:၁၊ ၁၉၊ ၂၀; ဂလာတိ ၄:၂၆

လူမျိုးများ​အဖို့ အလင်း

၁၅။ ယေရုရှလင်​မြို့​သစ်​နှင့် ပတ်သက်သော အဘယ်​ဗျာဒိတ်ကျမ်း​စကား​များသည် ဟေရှာယ​ပရောဖက်ပြုချက်​နှင့် တူ​သနည်း။

၁၅ အထက်ပါ​ပရောဖက်ပြုချက်​က ဤသို့​လည်း​ကြို၍​ပြော​၏– “တစ်ပါး​အမျိုးသား​တို့သည် သင်၏​အလင်း​သို့​လည်းကောင်း၊ ရှင်ဘုရင်​တို့သည် သင်၌ ပေါ်ထွန်းခြင်း​အရောင်​သို့​လည်းကောင်း လာ​ကြလိမ့်မည်။” (ဟေရှာယ ၆၀:၃) ထိုစကား​၌ ယေရုရှလင်​မြို့​သစ် အကျုံးဝင်​မည်​ကို ဗျာဒိတ်ကျမ်း​က​ပြ​၏– “လူမျိုးများ​သည် ထို​မြို့​၏​အလင်း​ကို အမှီပြု၍ သွားလာ​ကြလိမ့်မည်။ မြေကြီး​ဘုရင်​တို့သည် မိမိတို့၏ ဘုန်း​အသရေ​ကို မြို့တွင်း​သို့ ယူဆောင်​လာ​ကြလိမ့်မည်။ ထို​မြို့၌ ည​အချိန် ရှိ​မည်​မဟုတ်​သဖြင့် နေ့​အချိန်၌ မြို့တံခါး​များ​ကို အဘယ်အခါ​မျှ ပိတ်​ထား​မည်​မဟုတ်။ သူတို့​သည်လည်း လူမျိုးများ​၏ ဘုန်း​အသရေ​နှင့် ဂုဏ်​အသရေ​တို့ကို ထို​မြို့တွင်း​သို့ ယူဆောင်​လာ​ကြ​မည်။”​ဗျာဒိတ် ၂၁:၂၄-၂၆

၁၆။ ယေရုရှလင်​မြို့​သစ်​၏ အလင်းဖြင့် သွားလာ​ကြ​မည့် “လူမျိုးများ” ကား မည်သူ​များ​နည်း။

၁၆ ယေရုရှလင်​မြို့​သစ်​၏ အလင်း​ကို​အမှီပြု၍ သွားလာ​ကြသော ထို “လူမျိုးများ” ကား မည်သူ​တို့​နည်း။ တစ်ချိန်က ဆိုးယုတ်​သော​ဤ​လောက​၏ အစိတ်အပိုင်း​ဖြစ်​ခဲ့​သော်လည်း ဘုန်းတောက်​သော ဤ​ကောင်းကင်​မြို့တော်​မှ​တစ်ဆင့် ထွန်းလင်း​သည့်​အလင်း​ကို လက်ခံ​ကြ​သူများ​ဖြစ်​ကြ​၏။ ထို​သူတို့တွင် လူအုပ်ကြီးသည် ရှေ့တန်း​မှ​ပါဝင်​ကြ​၏။ သူတို့သည် “လူမျိုးများ၊ မျိုးနွယ်စုများ၊ လူ​ပုဂ္ဂိုလ်​များနှင့် ဘာသာ​စကား​များ အားလုံး​ထဲ​မှ” ထွက်​လာကြပြီး ယောဟန်​အတန်းအစား​နှင့်​ပူးတွဲ​ကာ ဘုရားသခင်​အား နေ့​ည​မပြတ် ကိုးကွယ်​လျက်​ရှိကြ​ပြီ။ (ဗျာဒိတ် ၇:၉၊ ၁၅) ယေရုရှလင်​မြို့​သစ် ကောင်းကင်ဘုံ​မှ ဆင်းသက်​လာပြီး ယေရှုသည် သေခြင်းနှင့် ဟေးဒီးစ်​သော့​များ​ကို​သုံး​ကာ လူသေများ​ကို ထမြောက်​စေတော်မူ​သောအခါ နောက်ထပ် သန်းပေါင်း​များစွာသော​သူတို့သည် လူအုပ်ကြီး​နှင့် ပူးပေါင်း​လာ​ကြလိမ့်မည်။ ထို​သူတို့​ကား မူလ​က ‘လူမျိုးတကာ’ အထဲ​မှ​ဖြစ်​ကြသော်လည်း ယေဟောဝါ​အား​လည်းကောင်း၊ ယေရုရှလင်​မြို့​သစ်​၏ သိုးသငယ်​နှင့်​တူ​သည့်​ခင်ပွန်း​ဖြစ်သော သားတော်​အား​လည်းကောင်း ချစ်ခင်​မြတ်နိုး​လာ​ကြ​သူများ ဖြစ်​ကြ​၏။​—ဗျာဒိတ် ၁:၁၈

၁၇။ ယေရုရှလင်​မြို့​သစ်​ထဲ​သို့ “မိမိတို့၏ ဘုန်း​အသရေ​ကို ယူဆောင်​လာ​ကြ” သည့် “မြေကြီး​ဘုရင်​တို့” မှာ မည်သူ​များ​နည်း။

၁၇ သို့​ဖြစ်​လျှင် “မိမိတို့၏ ဘုန်း​အသရေ​ကို ထို​မြို့တွင်း​သို့ ယူဆောင်​လာ​ကြ” သော “မြေကြီး​ဘုရင်​တို့” ကား မည်သူ​များ​နည်း။ သူတို့သည် အုပ်စု​တစ်စု​အနေ​နှင့် ပကတိ​မြေကြီး​ဘုရင်​များ မဟုတ်။ အကြောင်း​မှာ ၎င်းတို့သည် အာမဂေဒုန်​၌ ဘုရားသခင့် နိုင်ငံတော်​ကို​တိုက်ခိုက်​ရင်း ဖျက်ဆီး​ခံရ​ကြ​၏။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၇၊ ၁၈) လူအုပ်ကြီး​အဝင်​ဖြစ်လာ​ကြသော လူမျိုးတကာ​ထဲ​မှ ရာထူး​မြင့်မား​သူများ သို့​မဟုတ် ကမ္ဘာသစ်​၌ ဘုရားသခင့် နိုင်ငံတော်​ကို​နာခံကြ​သော ထမြောက်​လာ​ကြ​သည့်​ဘုရင်​များ ဖြစ်​နိုင်​မည်​လော။ (မဿဲ ၁၂:၄၂) မဖြစ်​နိုင်။ အကြောင်း​မှာ ထိုသို့​သော​ဘုရင်​တို့၏ ဘုန်း​အသရေ​သည် အများအားဖြင့် လောကီ​ဘုန်း​အသရေ​ဖြစ်၍ ရှေး​ကတည်းက မှေးမှိန်​သွားပြီ​ဖြစ်၏။ သို့​ဖြစ်၍ ယေရုရှလင်​မြို့​သစ်​အတွင်း​သို့ မိမိတို့၏​ဘုန်း​အသရေ​ကို ယူဆောင်​လာ​ကြသော ထို “မြေကြီး​ဘုရင်​တို့” ကား သိုးသငယ်​ယေရှု​ခရစ်​နှင့် အုပ်စိုး​ရန် “လူမျိုးနွယ်၊ ဘာသာ​စကား၊ လူ​ပုဂ္ဂိုလ်၊ လူမျိုး​အသီးသီး​အထဲ​မှ . . . ဝယ်ယူ​တော်​မူ” သော ၁၄၄,၀၀၀ ဖြစ်​ရ​ပေမည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၂၂:၅) သူတို့သည် မိမိတို့၏​ဘုရား​ပေး ဘုန်း​အသရေ​ကို ရွှေ​မြို့တော်​အတွင်း​သို့ ယူဆောင်​လာ၍ ရွှေ​မြို့တော်​ကို ပို​၍​ကွ​န့်​မြူး​စေ​ကြ​၏။

၁၈။ (က) ယေရုရှလင်​မြို့​သစ်​ထဲ​သို့ မည်သူ​များ ဝင်ခွင့်​ရမည် မဟုတ်​သနည်း။ (ခ) မည်သူ​များ​သာ မြို့တွင်း​သို့ ဝင်ခွင့်​ရ​ကြ​မည်​နည်း။

၁၈ ယောဟန် ဤသို့​ဆက်၍​ဆို​၏– “သို့သော် မ​မြင့်မြတ်​သော​အရာ မှန်သမျှ​သည်လည်း​ကောင်း၊ ရွံရှာဖွယ်​အရာ​ကို ပြုကျင့်​၍ မုသား​စကားပြော​သူ မှန်သမျှ​သည်လည်း​ကောင်း အဘယ်နည်း​နှင့်​မျှ ထို​မြို့တွင်း​သို့ ဝင်နိုင်​မည်​မဟုတ်။ သိုးသငယ်​၏ အသက်​စာလိပ်​တွင် စာရင်း​ဝင်​သူများ​သာ​လျှင် ဝင်​ရ​ကြလိမ့်မည်။” (ဗျာဒိတ် ၂၁:၂၇) စာတန်​၏ အစီအစဉ်​စနစ်​ကြောင့် ညစ်ညူး​သော​အရာ​မှန်သမျှ ယေရုရှလင်​မြို့​သစ်​၏ အစိတ်​ပိုင်း​ဖြစ်​မလာ​နိုင်။ မြို့တံခါး​သည် အစဉ်​ဖွင့်​ထား​သော်လည်း “ရွံရှာဖွယ်​အရာ​ကို ပြုကျင့်​၍ မုသား​စကားပြော​သူ” တစ်ယောက်မျှ ဝင်ခွင့်​မရ။ ရွှေ​မြို့တော်​အတွင်း​၌ အယူဖောက်ပြန်သူ​များ၊ မဟာ​ဗာဗုလုန်​၏​အသင်းသားများ ရှိ​မည်​မဟုတ်။ ရွှေ​မြို့တော်​သားလောင်း​များ မြေကြီး​ပေါ်မှာ​ရှိ​ဆဲ​ကာလ​အတွင်း ၎င်းတို့ကို အကျင့်ပျက်​ပြား​စေခြင်း​ဖြင့် ရွှေ​မြို့တော်​ကို မထီလေးစား​ပြု​ရန် တစ်ဦးဦး​က ကြိုးစား​လျှင် ထို​သူ၏​အားထုတ်မှု​သည် အချည်းနှီး​ဖြစ်​ရ​လိမ့်​မည်။ (မဿဲ ၁၃:၄၁-၄၃) “သိုးသငယ်​၏​အသက်​စာလိပ်​တွင် စာရင်း​ဝင်​သူများ​သာ” နောက်ဆုံး​၌ ယေရုရှလင်​မြို့​သစ်​ထဲ​သို့ ဝင်​ရ​ကြလိမ့်မည်။ *​—ဗျာဒိတ် ၁၃:၈; ဒံယေလ ၁၂:၃

အသက်ရေ​စီး​ရာ​မြစ်

၁၉။ (က) လူသားများ​ထံ​သို့ ကောင်းချီး​များ​ကို ယေရုရှလင်​မြို့​သစ်​က သွယ်ပို့​ပေးခြင်း​နှင့်​ပတ်သက်​၍ ယောဟန် မည်သို့​ဖော်ပြ​သနည်း။ (ခ) “အသက်ရေ​စီး​ရာ​မြစ်” အဘယ်​အချိန်တွင် စီးဆင်း​သနည်း၊ ကျွန်ုပ်​တို့ မည်သို့​သိနိုင်​သနည်း။

၁၉ ဖိတ်ဖိတ်တောက်​သည့် ယေရုရှလင်​မြို့​သစ်​သည် မြေကြီးပေါ်​မှ​လူသားများ​ထံ ကြီးမြတ်သော​ကောင်းချီး​များ သယ်ဆောင်​လာ​လိမ့်​မည်။ ဤ​အချက်​ကို ယောဟန် ရှေ့ဆက်​သိရှိ​ရ၏– “ထို့နောက် ကောင်းကင်တမန်​သည် သ​လင်း​ကျောက်​ကဲ့သို့ ကြည်လင်​၍ ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ပလ္လင်တော်​တို့​မှ စီး​ထွက်​လာသော အသက်ရေ​စီး​ရာ​မြစ်ကို ငါ့​အား​ပြ​၏။ ထို​မြစ်​သည် မြို့တော်​၏ လမ်းမ​အလယ်​တစ်လျှောက် စီးဆင်း​လျက်​နေ​၏။” (ဗျာဒိတ် ၂၂:၁၊ ၂က) ဤ “မြစ်” သည် အဘယ်​အချိန်၌ စီးဆင်း​သနည်း။ “ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ပလ္လင်တော်​တို့​မှ” စီး​ထွက်​လာ​သည်​ဖြစ်​ရာ ၁၉၁၄ ခုနှစ်​၌ သခင့်​နေ့​တော် အစပြု​သည့်​နောက်​မှ​သာ ဖြစ်​နိုင်​မည်။ ၎င်း​အချိန်​မှာ သတ္တမ​တံပိုးမှုတ်​၍ ကြွေးကြော်​သော အခြင်းအရာ ဖြစ်ပျက်​ရန်​အချိန်၊ အောက်ပါ​ကြီးမြတ်သော ကြေညာ​ချက် ကြေညာ​ရန်​အချိန်​ဖြစ်၏– “ငါ​တို့​ဘုရားသခင်​၏ ကယ်တင်ခြင်း၊ အစွမ်း​တန်ခိုး၊ နိုင်ငံတော်​နှင့် ကိုယ်တော့်​ခရစ်တော်​၏ အာဏာတော် သက်ရောက်​လေ​ပြီ။” (ဗျာဒိတ် ၁၁:၁၅; ၁၂:၁၀) နောက်ဆုံး​ကာလ​အတွင်း ဝိညာဉ်​တော်​နှင့် သတို့သမီး​က အသက်ရေ​ကို အခမဲ့​သောက်သုံး​ရန် စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို ဖိတ်ခေါ်​လျက်​ရှိသည်။ ထို​သူတို့သည် ဤ​အစီအစဉ်​စနစ် အဆုံးတိုင်​ချိန်​မ​က “ဘုရားသခင့်​အထံတော် ကောင်းကင်ဘုံ​မှ” ယေရုရှလင်​မြို့​သစ် “ဆင်းသက်လာ” ချိန် ကမ္ဘာသစ်​အထိ ဤ​မြစ်ရေကို သောက်သုံး​နိုင်​ကြလိမ့်မည်။​—ဗျာဒိတ် ၂၁:၂

၂၀။ ယခု​ပင် အသက်ရေ အတော်အတန် ရနိုင်​ပြီ​ဖြစ်​ကြောင်း ဘာက​ပြသ​နည်း။

၂၀ လူသားတို့အား အသက်ပေး​နိုင်စွမ်း​ရှိသော​ရေ​ကို ဤ​တစ်ကြိမ်​ပေးကမ်း​ခြင်း​သည် ပထမ​အကြိမ်​မဟုတ်။ ယေရှု​မြေကြီး​ပေါ်မှာ​ရှိ​စဉ် ထာဝရ​အသက်ပေး​နိုင်သော ရေ​အကြောင်းကို မိန့်ဆိုခဲ့​ဖူး​သည်။ (ယောဟန် ၄:၁၀-၁၄; ၇:၃၇၊ ၃၈) ထို့​ပြင် မေတ္တာပါ​သော အောက်ပါ​ဖိတ်ကြား​ချက်​ကို ယောဟန်​ကြား​ရတော့မည်– “ဝိညာဉ်​တော်​နှင့် သတို့သမီး​က ‘လာ​လော့’ ဟု​အဆက်မပြတ်​ဆို​၏။ ကြား​ရသူ​တိုင်း​လည်း ‘လာ​လော့’ ဟု​ဆိုပါ​စေ။ ရေငတ်​သူ​တိုင်း လာပါစေ။ ဆန္ဒရှိ​သူ​တိုင်း အသက်ရေ​ကို အခမဲ့​ယူပါ​စေ။” (ဗျာဒိတ် ၂၂:၁၇) ၎င်း​ဖိတ်ကြား​ချက်​ကို ယခု​ပင်​ကြား​ပြော​လျက်​ရှိသည်​ဖြစ်၍ အသက်ရေ​အတော်အတန် ရယူ​နိုင်ပြီ​ဖြစ်​ကြောင်း ထင်ရှား​၏။ သို့သော် ကမ္ဘာသစ်​တွင် ထို​ရေ​များသည် ဘုရားသခင့် ပလ္လင်တော်​မှ​ထွက်​လာပြီး ယေရုရှလင်​မြို့​သစ်​ကို​ဖြတ်၍ တကယ့်​မြစ်​သဖွယ် စီးဆင်း​လိမ့်​မည်။

၂၁။ “အသက်ရေ​စီး​ရာ​မြစ်” က ဘာကို​တင်စား​သနည်း၊ ၎င်း​မြစ်နှင့်​ဆိုင်သော ယေဇကျေလ​၏​ရူပါရုံ​က ကျွန်ုပ်​တို့အား မည်သို့​နားလည်စေ​သနည်း။

၂၁ ဤ “အသက်ရေ​စီး​ရာ​မြစ်” ကား အဘယ်နည်း။ ပကတိ​ရေ​သည် အသက်ရှင်ဖို့ မရှိမဖြစ်​သော​အရာ​ဖြစ်သည်။ လူသည် အစာ​မစား​ဘဲ ရက်သတ္တပတ်​အတန်ကြာ အသက်ရှင်​နိုင်​သော်လည်း ရေ​မ​သောက်​ရ​လျှင် တစ်ပတ်​ခန့်​အတွင်း သေရ​လိမ့်​မည်။ ရေ​သည် ဆေးကြော​သန့်စင်​သည့်​အရာ​လည်း​ဖြစ်၍ ကျန်းမာ​ရေး​အတွက် မရှိမဖြစ်​ချေ။ သို့​ဖြစ်၍ အသက်ရေ​သည် လူသား​တို့၏​အသက်​နှင့် ကျန်းမာ​ရေး​အဖို့ အရေးပါသော​အရာ​ကို တင်စား​ခြင်း​ဖြစ်​ရမည်။ ပရောဖက်​ယေဇကျေလ​လည်း “အသက်ရေ​မြစ်” ဆိုင်ရာ ရူပါရုံ​တစ်ခု​ကို​မြင်ခွင့်​ရခဲ့ပြီး ၎င်း​ရူပါရုံ​၌ မြစ်​သည် ဗိမာန်တော်​မှ​ထွက်​လာပြီး ပင်လယ်သေ​သို့ စီးဆင်း​၏။ ထို​အခါ အံ့ဖွယ်​တ​ကာ့ အံ့ဖွယ်​ပါ​တကား။ ဓာတု​ပစ္စည်း​များ​ဖြင့် ပြည့်ဝ​လျက်​ရှိသော ထို​သက်မဲ့​ရေထု​သည် ငါး​များ​ဖြင့်​ပြည့်နှက်​သော ရေချို​အသွင်​သို့ ကူး​ပြောင်း​သွား​သည်​တကား။ (ယေဇကျေလ ၄၇:၁-၁၂) မှန်​ပေ​သည်၊ ယခင်​သေ​လျက်​ရှိသော​အရာ​သည် ရူပါရုံ​ထဲ​မှ ထို​မြစ်​ကြောင့် ပြန်ရှင်​လာ​၏။ ဤ​အချက်​က အသက်ရေ​စီး​ရာ​မြစ်​သည် “သေ” လျက်​ရှိသော လူသား​အမျိုးအနွယ်​အား စုံလင်သော​လူ့​အသက်​ပြန်​ရစေ​ရန် ယေရှု​ခရစ်​မှ​တစ်ဆင့် ဘုရားသခင့်​စီမံချက်​ကို ပုံဆောင်​ကြောင်း ထောက်ခံ​၏။ ဤ​မြစ်​သည် “သ​လင်း​ကျောက်​ကဲ့သို့ ကြည်လင်” သဖြင့် ဘုရားသခင့်​စီမံချက်​များသည် စင်ကြယ်​သန့်ရှင်း​ကြောင်းကို​ပြ​၏။ ခရစ်ယာန်ဘောင်​၏ သွေးပါ​၍ သေစေတတ်သော “ရေ” နှင့်​မတူ​ချေ။​—ဗျာဒိတ် ၈:၁၀၊ ၁၁

၂၂။ (က) မြစ်​သည် အဘယ်​နေရာ​မှ စီး​ထွက်​လာ​သနည်း၊ ၎င်း​သည် အဘယ်ကြောင့် လျောက်ပတ်​သနည်း။ (ခ) အသက်ရေ​တွင် အဘယ်အရာ အကျုံးဝင်​သနည်း၊ ဤ​ပုံဆောင်​ရာ​မြစ်​တွင် အဘယ်အရာ ပါဝင်​သနည်း။

၂၂ ထို​မြစ်​သည် “ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ပလ္လင်တော်​တို့” မှ​စီး​ထွက်​လာ​၏။ ယင်း​အချက်​သည် ဆီလျော်​ပေ​၏။ အကြောင်း​မှာ ယေဟောဝါ​၏ အသက်ပေး​စီမံချက်​များ​၏ အခြေခံ​အကြောင်းရင်း​မှာ ရွေးနုတ်ဖိုး​ယဇ်​ဖြစ်၍ “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌ တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကီ​သားတို့​ကို ချစ်တော်မူ” သောကြောင့် ၎င်းကို​ပေးသနား​တော်​မူ​ခြင်း​ဖြစ်၏။ (ယောဟန် ၃:၁၆) အသက်ရေ​၌ ဘုရားသခင့် နှုတ်ကပါဌ်တော်​လည်း အကျုံးဝင်​၏။ ၎င်းကို ရေ​အဖြစ် ကျမ်းစာ​ထဲ​၌​ဆို​ထား​၏။ (ဧဖက် ၅:၂၆) သို့ရာတွင် အသက်ရေ​မြစ်​ထဲ​တွင် သမ္မာတရား​သာမက၊ နာခံ​သူ​လူသားများ​အား အပြစ်​နှင့်​သေခြင်း​မှ နာလန်ထူ​စေပြီး ထာဝရ​အသက်​ရစေ​ရန် ယေရှု၏​ယဇ်​အပေါ်​အခြေပြု​၍ ယေဟောဝါ​ပြု​တော်​မူ​ရာ အခြား​စီမံချက်​ရှိသမျှ​လည်း ပါဝင်​သည်။​—ယောဟန် ၁:၂၉; ၁ ယောဟန် ၂:၁၊ ၂

၂၃။ (က) အသက်ရေ​စီး​ရာ​မြစ်​သည် ယေရုရှလင်​မြို့​သစ်​၏ လမ်းမကြီး​အလယ်​တစ်လျှောက် စီးဆင်း​သည်​မှာ အဘယ်ကြောင့် လျောက်ပတ်​သနည်း။ (ခ) အသက်ရေ ဖောဖောသီသီ စီးဆင်း​သောအခါ အာဗြဟံ​အားပေး​တော်​မူ​သော အဘယ်က​တိ​တော်​သည် ပြည့်စုံ​လာ​မည်​နည်း။

၂၃ အနှစ်​တစ်ထောင် အုပ်စိုးချိန်​အတွင်း ယေရှု​နှင့်​အပေါင်းပါ လက်ထောက်​ယဇ်ပုရောဟိတ် ၁၄၄,၀၀၀ တို့​မှ​တစ်ဆင့် ရွေးနုတ်ဖိုး​အကျိုးကျေးဇူးများ​ကို အပြည့်အဝ အသုံးပြု​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ အသက်ရေ​မြစ်​သည် ယေရုရှလင်​မြို့​သစ်​၏ လမ်းမကြီး​အလယ်​တစ်လျှောက် စီးဆင်း​သည်​မှာ လျောက်ပတ်​လှ​၏။ ယေရုရှလင်​မြို့​သစ်​သည် ဝိညာဏ​ဣသရေလလူ​တို့​နှင့် ဖွဲ့စည်းထား​ပြီး တစ်ဖန် သူတို့သည် ယေရှု​နှင့်အတူ အာဗြဟံ​၏ အမျိုးအနွယ်​စစ်​အဖြစ် ဖွဲ့စည်း​ပြန်​သည်။ (ဂလာတိ ၃:၁၆၊ ၂၉) ထို့​ကြောင့် ထို​အသက်ရေ​သည် ပုံဆောင်​ရွှေ​မြို့တော်​၏ လမ်းမကြီး​အလယ်​တစ်လျှောက် စီးဆင်း​သောအခါ “လူမျိုးအပေါင်း​တို့သည်” အာဗြဟံ​၏​အမျိုးအနွယ်​အားဖြင့် မိမိတို့​ကိုယ်ကို ကောင်းချီး​ရစေ​နိုင်သော​အခွင့်အလမ်း အပြည့်အဝ​ရှိကြ​လိမ့်​မည်။ အာဗြဟံ​အား ယေဟောဝါ​ပေး​တော်​မူ​သော ကတိတော်​သည် ခြွင်းချက်​မရှိ ပြည့်စုံ​လာ​လိမ့်​မည်။​—ကမ္ဘာဦး ၂၂:၁၇၊ ၁၈

အသက်​ပင်​များ

၂၄။ အသက်ရေ​စီး​ရာ​မြစ် တစ်ဖက်တစ်ချက်​၌ ယောဟန် ဘာကို​တွေ့ရ​သနည်း၊ ၎င်းတို့သည် ဘာကို​ပုံဆောင်​သနည်း။

၂၄ ပရောဖက်​ယေဇကျေလ​၏ ရူပါရုံ​၌ ထို​မြစ်​သည် ရေ​စီး​သန်​လာပြီး မြစ်​ကမ်း​နှစ်ဖက်စလုံး​တွင် အသီးသီး​သော​အပင်​အမျိုးစုံ ပေါက်ရောက်​နေသည်​ကို ယေဇကျေလ တွေ့ရ​၏။ (ယေဇကျေလ ၄၇:၁၂) သို့သော် ယောဟန် ဘာ​မြင်ရ​သနည်း။ အောက်ပါ​အရာ​ဖြစ်၏– “ထို​မြစ်​၏ တစ်ဖက်တစ်ချက်​တွင် တစ်လ​တစ်ကြိမ်၊ တစ်နှစ်​လျှင် တစ်ဆယ့်​နှစ်ကြိမ် အသီးသီး​သော အသက်​ပင်​များ ရှိကြ​၏။ ထို​အပင်များ​၏ အရွက်​များသည် လူမျိုးများ​ကို ကုသ​ရန်ဖြစ်​၏။” (ဗျာဒိတ် ၂၂:၂ခ) ဤ “အသက်​ပင်​များ” သည်လည်း နာခံ​သူ​လူသားများ​အား ထာဝရ​အသက်ပေး​ရန် ယေဟောဝါ​၏​စီမံချက် တစ်စိတ်​တစ်ပိုင်း​ကို ပုံဆောင်​ခြင်း​ဖြစ်​ရ​ပေမည်။

၂၅။ ယေဟောဝါ​သည် လက်ခံသူ​လူသားများ​အဖို့ ကမ္ဘာချီ​ပရဒိသု​၌ အဘယ်အရာကို ကြွယ်ဝ​စွာ ပြုလုပ်​စီမံ​တော်​မူ​သနည်း။

၂၅ ယေဟောဝါ​သည် လက်ခံသူ​လူသားများ​အတွက် မည်မျှ​ကြွယ်ဝ​စွာ စီမံ​တော်​မူ​သည်​တကား။ သူတို့သည် လူကို​လန်းဆန်း​စေသော ရေ​ကို​သောက်သုံး​နိုင်​ရုံ​မ​က ဆက်လက်​၍​အသက်ရှင်​စေနိုင်​သော အသီး​အမျိုးမျိုးကို​လည်း ထို​အပင်များ​ပေါ်​မှ ခူး​ယူ​သုံးဆောင်​နိုင်​ကြ​၏။ ကျွန်ုပ်​တို့၏ ပထမ​မိဘ​နှစ်ပါး​သာ ဧဒင်​အရပ်​ရှိ ပရဒိသု​တွင် အလားတူ “ရှု​ဖွယ်​စား​ဖွယ်​ကောင်းသော” စီမံ​ပေးသနား​ရာ​ဖြင့် တင်းတိမ်​ခဲ့​မည်​ဆိုလျှင် ကောင်း​လိုက်​မည့်​ဖြစ်​ခြင်း။ (ကမ္ဘာဦး ၂:၉သမ္မာ) သို့သော် ယခု​လည်း ကမ္ဘာချီ​ပရဒိသု ပေါ်လာ​ပြီး ယေဟောဝါ​သည် “လူမျိုးများ​ကို ကုသ​ရန်” ထို​ပုံဆောင်​အပင်များ​၏ အရွက်​များ​ကို​သုံး​လျက် စီမံ​တော်​မူ​၏။ * ထို​ပုံဆောင်​သစ်​ရွက်​များသည် ယနေ့​လူ​တို့​ဖော်စပ်​သုံးစွဲ​သော သစ်​ဥ​သစ်​ဖု​သစ်​ရွက်​ဆေး၊ သို့​မဟုတ် အခြား​မည့်​သည့်​ဆေး​များ​ထက်​မဆို အစွမ်းထက်​ရ​ကား ယုံကြည်သူ​လူသားများ​သည် ၎င်းတို့ကို​သုံးစွဲ​သောအခါ ဝိညာဏ​နှင့်​ကာယ စုံလင်ခြင်း​အဖြစ်သို့ တက်လှမ်း​ကြလိမ့်မည်။

၂၆။ အသက်​ပင်​များ​တွင် အဘယ်အရာ ပါဝင်​နိုင်​သနည်း၊ အဘယ်ကြောင့်​နည်း။

၂၆ မြစ်ရေကို ဝ​စွာ​သောက်​ရသော ထို​အပင်​တို့​တွင် သိုးသငယ်​၏​မိန်းမ ၁၄၄,၀၀၀ လည်း​ပါဝင်​ပေမည်။ မြေကြီး​ပေါ်မှာ သူတို့​ရှိကြ​စဉ် ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​စီမံ​ပေး​သော အသက်ရေ​ကို သောက်သုံး​ကြသည်။ ယေရှု၏ ဤ​ဝိညာဉ်​တော်​ဖွား ညီတော်​များ​ကို “ဖြောင့်မတ်ခြင်း​သပိတ်ပင်” များ​ဟု ပရောဖက်ပြု ခေါ်ဆို​ထားခြင်း​သည် စိတ်ဝင်စားစရာ​ပင်။ (ဟေရှာယ ၆၁:၁-၃; ဗျာဒိတ် ၂၁:၆) သူတို့သည် ဝိညာဉ်​အသီးများစွာ​သီး​၍ ယေဟောဝါ​ကို ချီးမွမ်း​ခဲ့​ကြပြီ။ (မဿဲ ၂၁:၄၃) သူတို့သည် အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​အတွင်း “လူမျိုးများ” ကို အပြစ်​နှင့်​သေခြင်း ဝေဒနာ​တို့​နှင့်​ကင်း​အောင် “ကုသ​ရန်” ရွေးနုတ်ဖိုး​စီမံချက်​အကျိုးကျေးဇူး ဝေမျှခြင်း​အလုပ်​တွင် ပါဝင်​ဆောင်ရွက်​ကြလိမ့်မည်။​—၁ ယောဟန် ၁:၇ နှိုင်းယှဉ်။

ည​မရှိတော့

၂၇။ ယေရုရှလင်​မြို့​သစ်​ထဲ​သို့ ဝင်ခွင့်​ရသူ​များသည် နောက်ထပ်​အဘယ်​ကောင်းချီး​များ ခံစားရ​မည်​ဟု ယောဟန်​တင်ပြ​သနည်း၊ “မည်သည့်​ကျိန်ခြင်း​မျှ​လည်း ရှိတော့မည်​မဟုတ်” ဟု အဘယ်ကြောင့်​ဆို​သနည်း။

၂၇ ယေရုရှလင်​မြို့​သစ်​ထဲ​သို့ ဝင်​ရခြင်း​အခွင့်​ထက် ထူးမြတ်​သော​အခွင့်အရေး လုံးဝ​ရှိ​နိုင်​မည်​မဟုတ်။ စဉ်းစား​ကြည့်​ပါ။ တစ်ချိန်က​နိမ့်ကျ​၍ မစုံလင်​သော​လူသားများ ဖြစ်​ခဲ့​သူတို့သည် ယေရှု​နောက်​တော်​သို့​လိုက်၍ ကောင်းကင်ဘုံ​သို့​သွားပြီး ဘုန်း​ကွ​န့်​သော​ထို​အစီအစဉ်​ထဲ​၌ ပါဝင်​ရ​ကြ​မည်​တကား။ (ယောဟန် ၁၄:၂) ဤ​ပုဂ္ဂိုလ်​များ​ခံစားရ​မည့် ကောင်းချီး​များ​အကြောင်းကို ယောဟန် ဤသို့​အနည်း​အကျဉ်း ဖော်ပြ​၏– “ထို​မြို့တွင် မည်သည့်​ကျိန်ခြင်း​မျှ​လည်း ရှိတော့မည်​မဟုတ်။ ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ပလ္လင်တော်​တို့သည် ထို​မြို့တွင်​ရှိ၍ ကိုယ်တော်​၏​ကျွန်​တို့သည် ကိုယ်တော်​အား မြင့်မြတ်​သော​ဝတ်​ကို ပြု​ကြလိမ့်မည်။ သူတို့သည် ကိုယ်တော်​၏ မျက်နှာတော်​ကို ဖူးမြင်​ရ​လိမ့်​မည်။ နာမတော်​သည် သူတို့၏​နဖူး​ပေါ်​တွင် ရှိ​လိမ့်​မည်။” (ဗျာဒိတ် ၂၂:၃၊ ၄) ဣသရေလ​ယဇ်ပုရောဟိတ်​အဖွဲ့ အကျင့်ပျက်​ပြား​သောအခါ ယေဟောဝါ​၏​ကျိန်ခြင်း​ကို ခံရ​ကြ​၏။ (မာလခိ ၂:၂) ယေရုရှလင်​မြို့​၏ သစ္စာမဲ့သော “အိမ်” သည် စွန့်ပစ်​ခံရ​မည်​ဟု ယေရှု​စီရင်ချက်​ချ​ခဲ့​သည်။ (မဿဲ ၂၃:၃၇-၃၉) သို့သော် ယေရုရှလင်​မြို့​သစ်​၌ “မည်သည့်​ကျိန်ခြင်း​မျှ​လည်း ရှိတော့မည်​မဟုတ်။” (ဇာခရိ ၁၄:၁၁ နှိုင်းယှဉ်။) မြို့သား​အားလုံး​တို့သည် ဤ​မြေကြီး​ပေါ်မှာ စမ်းသပ်ခြင်း​မီး​ဖြင့် စစ်​ခြင်း​ခံရ​ပြီး အောင်မြင်​သဖြင့် ‘မပျက်စီး​နိုင်၊ မသေ​နိုင်သော​အဖြစ်ကို​ယူတင်’ ပြီး​ဖြစ်​ကြလိမ့်မည်။ ယေရှုသည် ဘယ်တော့​မျှ ဖောက်ပြန်​မည် မဟုတ်သကဲ့သို့ သူတို့လည်း ဘယ်တော့​မျှ ဖောက်ပြန်​မည် မဟုတ်​ကြောင်း ယေဟောဝါ သိရှိ​တော်​မူ​၏။ (၁ ကောရိန္သု ၁၅:၅၃၊ ၅၇) ထို​မျှ​မ​က “ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ပလ္လင်တော်​တို့သည်” ထို​မြို့တွင်​ရှိသဖြင့် မြို့တော်​၏​လုံခြုံရေး​ကို ထာဝစဉ်​ခိုင်ခံ့​စေ​လိမ့်​မည်။

၂၈။ ယေရုရှလင်​မြို့​သစ်​၏ မြို့သား​များ​နဖူး​ပေါ်​တွင် အဘယ်ကြောင့် ဘုရားသခင့်​နာမတော် ရေးသား​ထား​သနည်း၊ သူတို့ရှေ့​၌ အဘယ် ရင်​ဖို​ဖွယ်​အလားအလာ ရှိ​သနည်း။

၂၈ ထို​ကောင်းကင်​မြို့တော်​၏ မြို့သား​လောင်း​အားလုံး​တို့သည် ယောဟန်​ကိုယ်တိုင်​ကဲ့သို့ ဘုရားသခင်​၏ “ကျွန်” များ​ဖြစ်​ကြ​၏။ သို့​နှင့် သူတို့၏​နဖူး​ပေါ်​တွင် ဘုရားသခင်​၏​နာမတော် ထင်ထင်ရှားရှား ရေးသား​ထား​၍ ကိုယ်တော်​သည် သူတို့၏​ပိုင်ရှင်​ဖြစ်​ကြောင်း ထင်ရှားစေ​၏။ (ဗျာဒိတ် ၁:၁; ၃:၁၂) ယေရုရှလင်​မြို့​သစ်​၏ အစိတ်အပိုင်း​တစ်ခု​အနေ​နှင့် ကိုယ်တော်​အား မြင့်မြတ်​သော​ဝတ် ပြု​ခွင့်​ရသည်ကို အဖိုး​အ​န​ဂ္ဃ​တန်​သော အခွင့်အရေး​အဖြစ် ယူမှတ်​ကြ​၏။ ယေရှု​မြေကြီး​ပေါ်မှာ​ရှိ​စဉ် ဤ​မင်းလောင်း​များ​အား ရင်​ဖို​ဖွယ်​ကတိ​တစ်ရပ် ပေး​တော်​မူ​၏– “စိတ်နှလုံး ဖြူစင်​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ဘုရားသခင်​ကို မြင်ရ​ကြ​လတ္တံ့။” (မဿဲ ၅:၈) ဤ​ကျွန်​တို့သည် ယေဟောဝါ​အား အတိုင်း​သား​ဖူးမြင်​လျက် ရှေ့တော်မှောက်​တွင် ကိုးကွယ်​ရသောအခါ မည်မျှ​ဝမ်းမြောက်​ကြ​မည်​ဖြစ်​ခြင်း။

၂၉။ ကောင်းကင်​ယေရုရှလင်​မြို့​သစ်​တွင် “ည​လည်း​ရှိတော့မည်​မဟုတ်” ဟု ယောဟန် အဘယ်ကြောင့်​ဆို​သနည်း။

၂၉ ယောဟန် ဤသို့​ဆက်၍​ဆို​၏– “ထို့​ပြင် ည​ရှိတော့မည် မဟုတ်​သဖြင့် သူတို့သည် မီးခွက်​အလင်း​ကို မလို​အပ်​တော့​ချေ။ သူတို့၌ နေ​၏​အလင်း​လည်း​မရှိ။ အကြောင်း​မှာ ယေဟောဝါ ဘုရားသခင်​သည် သူတို့​အပေါ် အလင်းရောင် ဖြာ​ကျစေ​တော်​မူ​မည်။” (ဗျာဒိတ် ၂၂:၅က) ရှေး​ယေရုရှလင်​မြို့​သည် ကမ္ဘာ​ပေါ်​ရှိ အခြား​မြို့များ​ကဲ့သို့​ပင် နေ့​အချိန်၌ နေ​၏​အလင်း၊ ည​အချိန်၌ လ​ရော​င်​နှင့် လူ​လုပ်​အလင်း​ကို အားထား​ရ၏။ သို့သော် ကောင်းကင်​ယေရုရှလင်​မြို့​သစ်​၌​မူ ထိုသို့​သော​အလင်း မလို​အပ်​ချေ။ ယေဟောဝါ​ကိုယ်တော်တိုင် မြို့တော်​ကို ထွန်းလင်း​စေတော်မူ​၏။ ယေဟောဝါ​၏​အမျက်တော် သို့​မဟုတ် ကိုယ်တော်​နှင့်​ဝေးကွာ​ခြင်း​ကို ရည်ညွှန်းရာ​၌ “ည” ကို ဥပစာ​အဖြစ် အသုံးပြုနိုင်​၏။ (မိက္ခာ ၃:၆; ယောဟန် ၉:၄; ရောမ ၁၃:၁၁၊ ၁၂) အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏​ဘုန်းတော် ကွ​န့်​မြူး​ဝေ​ဖြာ​သော ရှေ့တော်မှောက်​၌ ထိုသို့​သော​ည​မျိုး ဘယ်တော့​မျှ​မရှိ​နိုင်။

၃၀။ ကျက်သရေ​ရှိသော ၎င်း​ရူပါရုံ​ကို ယောဟန် မည်သို့​နိဂုံး​ချုပ်​သနည်း၊ ဗျာဒိတ်ကျမ်း​က ကျွန်ုပ်​တို့အား အဘယ်အရာကို စိတ်ချ​စေ​သနည်း။

၃၀ ဘုရားသခင်​၏ ဤ​ကျွန်​များနှင့်​ပတ်သက်​၍ ယောဟန်​က “သူတို့သည် ဘုရင်​များ​အဖြစ် ထာဝစဉ် အုပ်စိုး​ရ​ကြ​လတ္တံ့” ဟု​ဆို​ကာ ကျက်သရေ​ရှိသော ၎င်း​ရူပါရုံ​ကို အဆုံးသတ်​လိုက်​သည်။ (ဗျာဒိတ် ၂၂:၅ခ) အနှစ်​တစ်ထောင်​ကုန်​သောအခါ ရွေးနုတ်ဖိုး​အကျိုးကျေးဇူးများ အပြည့်အဝ​သက်ရောက်​ပြီး​ဖြစ်​မည်။ ယေရှုလည်း စုံလင်သော​လူသား အမျိုးအနွယ်​တစ်ခု​ကို မိမိ၏​ခမည်းတော်​အား ဆက်သ​မည်​ဖြစ်၏။ (၁ ကောရိန္သု ၁၅:၂၅-၂၈) ၎င်းနောက် ယေရှု​နှင့် ၁၄၄,၀၀၀ တို့အား ယေဟောဝါ အဘယ်​အမှု ပြု​စေတော်မူ​မည်​ကို ကျွန်ုပ်​တို့​မသိ​ပါ။ သို့သော် ယေဟောဝါ​ရှေ့ သူတို့​လုပ်ဆောင်ခဲ့​သည့် မြင့်မြတ်​သော ဘုရားဝတ်​သည် ထာဝစဉ်​တည်ရှိ​သွား​မည်​ဖြစ်​ကြောင်း ဗျာဒိတ်ကျမ်း​က ယုံကြည်​စိတ်ချ​စေ​၏။

ဗျာဒိတ်ကျမ်း​၏ ဝမ်းမြောက်​ဖွယ် အထွတ်အထိပ်

၃၁။ (က) ယေရုရှလင်​မြို့​သစ်​ဆိုင်ရာ ရူပါရုံ​က အဘယ်​နိဂုံး​ရလဒ်ကို ပေါ်လွင်​စေ​သနည်း။ (ခ) ယေရုရှလင်​မြို့​သစ်​သည် အခြား​သစ္စာရှိ​လူသားများ​အဖို့ ဘာကို ဖြစ်မြောက်​စေ​သနည်း။

၃၁ သိုးသငယ်​၏ သတို့သမီး​တည်း​ဟူသော ယေရုရှလင်​မြို့​သစ်​ဆိုင်ရာ ရူပါရုံ​ပြည့်စုံခြင်း​မှာ ဗျာဒိတ်ကျမ်း​ပြညွှန်​သော ဝမ်းမြောက်​ဖွယ် အထွတ်အထိပ်​ပင်​ဖြစ်၍ ဆီ​လည်း​ဆီလျော်​လှ​၏။ ဗျာဒိတ်ကျမ်း​ကို ယောဟန်​၏​ပထမ​ရာစု ခရစ်ယာန်​ချင်း​တို့အား ဦးဦးဖျားဖျား ပေး​ပို့​သည်​ဖြစ်​ရာ သူတို့​အားလုံး မသေ​နိုင်သော​ဝိညာဉ်​ပုဂ္ဂိုလ် စိုး​ဖော်​စံ​ဖက်​များ​အဖြစ် ယေရှု​ခရစ်​နှင့်အတူ ရွှေ​မြို့တော်​ထဲ​သို့​ဝင်ရောက်​ရန် မျှော်လင့်​ခဲ့​ကြသည်။ မြေကြီးပေါ်​အသက်ရှင်​ဆဲ ဘိသိက်ခံ​ခရစ်ယာန် အကြွင်းအကျန်​များလည်း အလားတူ မျှော်လင့်ချက်​ရှိကြ​၏။ သို့​ဖြစ်၍ အရေအတွက်​ပြည့်စုံ​လာသော သတို့သမီး​သည် သိုးသငယ်​နှင့် ပေါင်းစည်း​သည်​နှင့်​အမျှ ဗျာဒိတ်တော်​၏ အထွတ်အထိပ်​ရောက်​လေ​သည်။ ထို့နောက် ယေရုရှလင်​မြို့​သစ်​အားဖြင့် ယေရှု၏​ရွေးနုတ်ဖိုး​ယဇ် အကျိုးကျေးဇူးများ​ကို လူသားများ​အပေါ် သက်ရောက်​စေတော်မူ​သဖြင့် နောက်ဆုံး​၌ သစ္စာရှိ​အားလုံး ထာဝရ​အသက် ဝင်စား​ကြ​ရ​လိမ့်​မည်။ ဤ​နည်း​အားဖြင့် သတို့သမီး​တည်း​ဟူသော ယေရုရှလင်​မြို့​သစ်​သည် သတို့သား​ဘုရင်​မင်းမြတ်​၏ သစ္စာစောင့်သိ​သော ကူ​ဖော်​လောင်​ဖက်​အဖြစ် ထာဝရ​ကာလ​အတွက် ဖြောင့်မတ်​သော​မြေကြီး​သစ် ဆောက်လုပ်ရေး​တွင်​ပါဝင်​လျက် ကျွန်ုပ်​တို့၏ အချုပ်အခြာအာဏာ​ပိုင် အရှင်သခင် ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​လိမ့်​မည်။​—မဿဲ ၂၀:၂၈; ယောဟန် ၁၀:၁၀၊ ၁၆; ရောမ ၁၆:၂၇

၃၂၊ ၃၃။ ဗျာဒိတ်ကျမ်း​မှ ကျွန်ုပ်​တို့​ဘာသိ​ခဲ့​ရပြီ​နည်း၊ စိတ်နှလုံး​အပြည့်​ဖြင့် မည်သို့​တုံ့ပြန်​သင့်​သနည်း။

၃၂ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ဗျာဒိတ်ကျမ်း သုံးသပ်မှု​၏ နိဂုံးပိုင်း​သို့ ရောက်ရှိ​သည်​နှင့်​အမျှ မည်မျှ​ဝမ်းသာ​ကြသည်​တကား။ စာတန်​နှင့် သူ့​အမျိုးအနွယ်​၏ နောက်ဆုံး​ကြိုးပမ်းမှု လုံးဝ​ပျက်ပြား​သွားပြီး ယေဟောဝါ​၏​ဖြောင့်မတ်​သော တရား​စီရင်ချက်​များ အကြွင်းမဲ့​အကောင်အထည် ပေါ်လာ​သည်ကို ကျွန်ုပ်​တို့ တွေ့ခဲ့​ရပြီ​ဖြစ်၏။ မဟာ​ဗာဗုလုန်​သည် ထာဝရ ပျောက်ကွယ်​သွား​ရမည်။ ၎င်းနောက် စာတန့်​လောက​၏ အဖတ်ဆည်​မရအောင် စာရိတ္တ​ပျက်စီး​သော ကျန်​အစိတ်အပိုင်း​များ​အားလုံး​လည်း ပျောက်ကွယ်​သွား​ရမည်။ စာတန်​နှင့်​အပေါင်းပါ နတ်ဆိုး​များသည် တွင်း​နက်​ကြီး​ထဲ​သို့ ပစ်ချ​ခံရ​ပြီး ၎င်းနောက် ဖျက်ဆီး​ခံရ​မည်။ ရှင်ပြန်ထမြောက်ခြင်း​နှင့် တရား​စီရင်ခြင်း ဖြစ်ပျက်​လာ​သည်​နှင့်​အမျှ ယေရုရှလင်​မြို့​သစ်​သည် ခရစ်တော်​နှင့်အတူ ကောင်းကင်ဘုံ​မှ အုပ်စိုး​လိမ့်​မည်။ စုံလင်ခြင်း​သို့​ရောက်ရှိ​သော လူသားများ​လည်း နောက်ဆုံး​တွင် ပရဒိသု​မြေကြီးပေါ်​၌ ထာဝရ​အသက်ကို မွေ့လျော်​ကြလိမ့်မည်။ ဤ​အရာများ​အားလုံး​ကို ဗျာဒိတ်ကျမ်း​က အလွန်​ပီပြင်​စွာ သရုပ်ဖော်​ထား​သည်​တကား။ ယင်းကြောင့် ယနေ့​ကမ္ဘာ​ပေါ်​ရှိ ‘လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား၊ လူ​ပုဂ္ဂိုလ် အသီးသီး​တို့အား ဝမ်းမြောက်​ဖွယ်​သတင်း​အဖြစ် ထာဝရ​သတင်းကောင်းကို ကြော်ငြာ​ရန်’ တည်း​ဟူသော ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​သည် ပို​၍​ခိုင်မာ​လာ​သည်​တကား။ (ဗျာဒိတ် ၁၄:၆၊ ၇) သင်သည် ဤ​မဟာ​လုပ်ငန်းတော်​၌ အပြည့်အဝ အသုံးတော်ခံ​နေပါသလော။

၃၃ ကျေးဇူး​တင်​မဆုံး​သော စိတ်နှလုံး​ဖြင့် ဗျာဒိတ်ကျမ်း​၏​နိဂုံး​စကား​ကို အာရုံပြု​ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အသုံးပြု​သော​အတိုင်းအတာ​မှာ “ကောင်းကင်တမန်​၏ အတိုင်းအတာ​ဖြစ်သော လူတို့၏ အတိုင်းအတာ” ဖြစ်သည်​ဟူသော​အချက်​က အစ​၌​လူသား၊ နောက်ပိုင်း၌ ကောင်းကင်တမန်​များ​အလယ်တွင် ဝိညာဉ်​သတ္တဝါများ​ဖြစ်လာ​ကြသော ၁၄၄,၀၀၀ တို့​ဖြင့် မြို့တော်​ကို​ဖွဲ့စည်းထား​သည် ဟူသော​အချက်​နှင့် ပတ်သက်​ကောင်း​ပတ်သက်​မည်။

^ အပိုဒ်၊ 18 “သိုးသငယ်​၏​အသက်​စာလိပ်​တွင်” ဝိညာဏ​ဣသရေလ ၁၄၄,၀၀၀ တို့၏​အမည်များ​သာ ပါရှိ​သည်ကို သတိပြုပါ။ သို့​ဖြစ်၍ ၎င်း​စာလိပ်​သည် မြေကြီး​ပေါ်မှာ အသက်​ရ​ကြ​သူတို့၏ အမည်များ​ပါရှိ​သည့် “အသက်​စာလိပ်” နှင့်​ခြားနား​၏။​—ဗျာဒိတ် ၂၀:၁၂

^ အပိုဒ်၊ 25 “လူမျိုးများ” ဟူသော​အသုံးအနှုန်း​က ဝိညာဏ​ဣသရေလ​လူမျိုး​နှင့် မဆိုင်သော​သူများကို ရည်ညွှန်းလေ့​ရှိကြောင်း သတိပြုပါ။ (ဗျာဒိတ် ၇:၉; ၁၅:၄; ၂၀:၃; ၂၁:၂၄၊ ၂၆) ဤ​နေရာ၌ ယင်း​အသုံးအနှုန်း​ကို​သုံးနှုန်းခြင်း​က အနှစ်​တစ်ထောင် အုပ်ချုပ်​ရာ​ကာလ​အတွင်း လူသားများ​သည် သီးခြား​လူမျိုးရေး အုပ်စု​များ​အဖြစ် ဆက်လက်​ဖွဲ့စည်းထား​ကြ​မည်​ဟု မဆိုလို​ပါ။

[လေ့လာ​ရန်​မေးခွန်းများ]