မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အသတ်ခံရသော အသက်များ’ ဆုချီးမြှင့်ခံရ

‘အသတ်ခံရသော အသက်များ’ ဆုချီးမြှင့်ခံရ

အခန်း ၁၇

‘အသတ်ခံရ​သော အသက်​များ’ ဆု​ချီးမြှင့်​ခံရ

၁။ ကျွန်ုပ်​တို့သည် အဘယ်​သမယ​၌ အသက်ရှင်နေ​သနည်း၊ အဘယ်​သာဓက ရှိ​သနည်း။

ဘုရားသခင့်​နိုင်ငံတော် အုပ်စိုး​ပြီ။ မြင်းဖြူ​ရှင်​သည် အပြီးသတ် အောင်ပွဲခံ​တော့​မည်။ မြင်း​နီ၊ မြင်း​နက်​နှင့် မြင်း​မွဲ​တို့သည် ကမ္ဘာ​အနှံ့ ကဆုန်ပေါက်​လျက်​နေကြ​သည်။ ဘုရင်​အဖြစ် ယေရှု ရောက်ရှိ​တော်​မူ​ခြင်း​ဆိုင်ရာ ကိုယ်တော့်​ပရောဖက်ပြုချက်​များ ပြည့်စုံ​လျက်​ရှိသည်​မှာ ငြင်း​ဖွယ်​မရှိ။ (မဿဲ​အခန်းကြီး ၂၄၊ ၂၅; မာကု​အခန်းကြီး ၁၃; လုကာ​အခန်းကြီး ၂၁) မှန်​၏။ ကျွန်ုပ်​တို့သည် လက်ရှိ​စနစ်​၏ နောက်ဆုံး​နေ့ရက်​များ​အတွင်း အသက်ရှင်နေ​သည်။ (၂ တိမောသေ ၃:၁-၅) သို့​ဖြစ်၍၊ ထို​စာလိပ်​၏ ပ​ဉ္စ​မ​တံဆိပ်​ကို သိုးသငယ် ယေရှု​ခရစ် ဖွင့်​တော်​မူ​စဉ် အာရုံ​စူးစိုက်​ကြပါစို့။ နောက်ထပ်​အဘယ် ဗျာဒိတ်တော်​တွင် ကျွန်ုပ်​တို့​ပါဝင်​ရမည်​နည်း။

၂။ (က) ပ​ဉ္စ​မ​တံဆိပ် ဖွင့်​သောအခါ ယောဟန် ဘာကို​မြင်ရ​သနည်း။ (ခ) ကောင်းကင်​မှ အထိမ်းအမှတ်​ဖြစ်သော ယဇ်​ပလ္လင်​အကြောင်း ဖတ်​ရသည့်​အတွက် အဘယ်ကြောင့် မအံ့သြ​သင့်​သနည်း။

စိတ်ထိခိုက်​ဖွယ်​မြင်ကွင်း​ကို ယောဟန်​ဖော်ပြ​၏– “ပ​ဉ္စ​မ​တံဆိပ်​ကို ကိုယ်တော်​ဖွင့်​သောအခါ ဘုရားသခင်​၏ နှုတ်ကပါဌ်တော်​ကြောင့်​လည်းကောင်း၊ လုပ်ဆောင်နေ​ကျ သက်သေခံခြင်း​လုပ်ငန်း​ကြောင့်​လည်းကောင်း အသတ်ခံရ​သော​သူတို့၏ အသက်​များ​ကို ယဇ်​ပလ္လင်​အောက်​၌ ငါ​မြင်ရ​၏။” (ဗျာဒိတ် ၆:၉) အဘယ်အရာ​နည်း။ အထက်​ကောင်းကင်​ရှိ ယဇ်​ပလ္လင်​လော။ မှန်​ပေ​သည်။ ယဇ်​ပလ္လင်​အကြောင်း ပထမ​အကြိမ် ယောဟန်​တင်ပြခြင်း​ဖြစ်သည်။ သို့သော် ပလ္လင်တော်​ပေါ်မှာ စံတော်မူ​သော ယေဟောဝါ၊ ပတ်ပတ်လည်​ရှိ ခေရုဗိမ်​များ၊ ဖန်​ရေကန်၊ မီးခွက်​များနှင့် နံ့သာပေါင်း​ကိုင်​လျက်​ရှိသော အကြီးအကဲ ၂၄ ပါး​အကြောင်းကို ယောဟန်​ဖော်ပြ​နှင့်​ခဲ့ပြီ။ ထို​အရာများ​အားလုံး​သည် မြေကြီးဆိုင်ရာ​တဲ​တော်၊ ဣသရေလ​နိုင်ငံ​ရှိ ယေဟောဝါ​၏ ဗိမာန်တော် ကြန်အင်​များနှင့် ဆင်တူ​၏။ (ထွက်မြောက်ရာ ၂၅:၁၇၊ ၁၈; ၄၀:၂၄-၂၇၊ ၃၀-၃၂; ၁ ရာဇဝင်ချုပ် ၂၄:၄) သို့​ဖြစ်၍ ကောင်းကင်​၌ အထိမ်းအမှတ်​ဖြစ်သော ယဇ်​ပလ္လင်​တစ်ခု​ကို တွေ့ရ​သည့်​အတွက် အံ့သြ​သင့်​သလော။​—ထွက်မြောက်ရာ ၄၀:၂၉

၃။ (က) ရှေးခေတ် ဂျူး​တို့၏​တဲ​တော်​၌ အသက်​များ​ကို “ယဇ်​ပလ္လင် ခြေရင်းနား​မှာ” မည်သို့​သွန်​ကြ​သနည်း။ (ခ) အသတ်ခံရ​သော သက်သေခံ​များ​၏ အသက်​များ​ကို ကောင်းကင်​ရှိ အထိမ်းအမှတ်​ဖြစ်သော ယဇ်​ပလ္လင်​အောက်​၌ အဘယ်ကြောင့် ယောဟန် တွေ့ရ​သနည်း။

“ဘုရားသခင်​၏ နှုတ်ကပါဌ်တော်​ကြောင့်​လည်းကောင်း၊ လုပ်ဆောင်နေ​ကျ သက်သေခံခြင်း​လုပ်ငန်း​ကြောင့်​လည်းကောင်း အသတ်ခံရ​သော​သူတို့၏ အသက်​များ​ကို” ဤ​ယဇ်​ပလ္လင်​အောက်​၌ တွေ့ရ​သည်။ ဘာကို​ဆိုလို​သနည်း။ အသက်ကို သွေး​ဖြင့် အထိမ်းအမှတ်​ပြု​ကြောင်း ယောဟန်​သိပါ​သည်။ ၎င်း​ပြင် ရှေး​က ဂျူး​တို့၏​တဲ​တော်​၌ ယဇ်ပုရောဟိတ်​များ ယဇ်ကောင်​ကို​သတ်​ပြီး​သောအခါ သွေး​ကို “ယဇ်​ပလ္လင်​အပေါ်​၌ ပတ်လည်​ဖျန်း” သည်။ သို့​မဟုတ် “ယဇ်​ပလ္လင် ခြေရင်းနား​မှာ​သွန်” သည်။ (ဝတ်ပြုရာ ၃:၂၊ ၈၊ ၁၃; ၄:၇; ၁၇:၆၊ ၁၁၊ ၁၂) သို့​ဖြစ်၍ တိရစ္ဆာန်​၏​အသက်သည် ယဇ်​ပလ္လင်​နှင့် နီးကပ်​စွာ​ဆက်စပ်​နေ​၏။ သို့သော် ဘုရားသခင့် ဤ​အစေခံများ​၏​အသက် သို့​မဟုတ် သွေး​ကို အဘယ်ကြောင့် ကောင်းကင်​ရှိ အထိမ်းအမှတ်​ဖြစ်သည့် ယဇ်​ပလ္လင်​အောက်တွင် တွေ့ရ​သနည်း။ သူတို့၏​သေခြင်းကို ယဇ်​ဆိုင်ရာ​သေခြင်း​အဖြစ် မှတ်​ယူ၍​ဖြစ်သည်။

၄။ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​၏ သေခြင်း​သည် မည်သို့​အားဖြင့် ယဇ်​ပူဇော်​ခြင်း​နှင့် ဆိုင်​သနည်း။

အမှန်​မှာ ဘုရားသခင်​၏ နာမ်​ဝိညာဉ်​သားများ​အဖြစ် မွေးဖွား​သူအား​လုံး ယဇ်​ဆိုင်ရာ​သေခြင်း​ဖြင့် သေကြ​ပါ​သည်။ ယေဟောဝါ​၏ ကောင်းကင်​နိုင်ငံတော်​တွင် ပါဝင်​ဆောင်ရွက်​ရသော​ကြောင့် သူတို့သည် ဘုရားသခင့်​အလိုတော်​အရ မြေကြီးပေါ် ထာဝရ​အသက်ရှင်​မည့် မျှော်လင့်ချက်​ရှိသမျှကို စွန့်လွှတ်​ရ​ကြသည်။ ဤ​ကိစ္စ​တွင် သူတို့သည် ယေဟောဝါ​၏ အချုပ်အခြာအာဏာ​တော်​အတွက် ယဇ်​ဆိုင်ရာ​သေခြင်း​ဖြင့်​သေ​ရန် သဘောတူ​ကြသည်။ (ဖိလိပ္ပိ ၃:၈-၁၁ ကို ၂:၁၇ နှိုင်းယှဉ်။) ယဇ်​ပလ္လင်​အောက်​၌ ယောဟန်​မြင်ရသော​သူတို့သည် တကယ်​ပင် ထိုသို့​သေကြ​၏။ သူတို့သည် ဘိသိက်ခံ​များ​ဖြစ်၍ ယေဟောဝါ​၏ နှုတ်ကပါဌ်တော်​နှင့် အချုပ်အခြာအာဏာ​တော်​ကို ထောက်ခံ​လျက် စိတ်​ထက်သန်​စွာ ဓမ္မ​အမှုတော် ဆောင်ရွက်ခြင်း​ကြောင့် အသတ်ခံခဲ့ရ​သည်။ သူတို့၏​အသက်​များသည် “ဘုရားသခင်​၏ နှုတ်ကပါဌ်တော်​ကြောင့်​လည်းကောင်း၊ လုပ်ဆောင်နေ​ကျ သက်သေခံခြင်း​လုပ်ငန်း [mar·​ty·​riʹ​an] ကြောင့်​လည်းကောင်း အသတ်ခံရ” ခြင်း​ဖြစ်သည်။

၅။ သစ္စာရှိ​တို့၏ အသက်​များသည် သေနေ​လျက်​နှင့် လက်စားချေ​ရန် အော်ဟစ်​တောင်းဆို​ကြသည်​မှာ အဘယ်​သို့​နည်း။

ဇာတ်ကွက်​တွင် ဤသို့​ဆက်၍​တွေ့ရ​သည်– “သူတို့ကလည်း ‘သန့်ရှင်း၍ စစ်မှန်သော အချုပ်အခြာအာဏာ​ပိုင် အရှင်သခင်၊ ကျွန်တော်​မျိုး​တို့၏ သွေး​အတွက် မြေကြီးပေါ်​တွင် နေထိုင်​သော​သူတို့အား တရား​မစီရင်၊ လက်စားမချေ​ဘဲ အဘယ်​အချိန်အထိ ရှောင်​၍​နေ​တော်​မူ​မည်​နည်း’ ဟု အသံ​ကျယ်​စွာ ဟစ်အော်​ကြ​၏။” (ဗျာဒိတ် ၆:၁၀) သေလွန်သူ​တို့သည် သတိ​မရှိ​ဟု ကျမ်းစာ​ဆို​သည်​ဖြစ်​ရာ သူတို့၏​အသက်​ဝိညာဉ် သို့​မဟုတ် သွေးသည် လက်စားချေ​ရန် မည်သို့​ဟစ်အော်​နိုင်​မည်​နည်း။ (ဒေသနာ ၉:၅) စဉ်းစား​ကြည့်​ပါ။ ဖြောင့်မတ်​သော အာဗေလ​ကို ကာဣန သတ်ခဲ့​သည့်​နောက်​၌ အာဗေလ​၏​သွေး မ​ဟစ်အော်​ခဲ့​ပေ​လော။ ထို​အခါ ယေဟောဝါ​က ကာဣန​အား “သင်သည် အဘယ်​သို့​ပြု​ဘိ​သနည်း။ သင့်​ညီ​အသွေး​၏​အသံသည် မြေ​ထဲ​က ငါ့ကို​အော်ဟစ်​လျက်​ရှိ၏” ဟု မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၄:၁၀၊ ၁၁သမ္မာ; ဟေဗြဲ ၁၂:၂၄) အာဗေလ​၏​သွေး​က စာသား​အတိုင်း တကယ် စကားပြော​နေခြင်း​မဟုတ်။ အာဗေလ​သည် အပြစ်မဲ့​သားကောင်​အဖြစ်​သေ​ခဲ့​၍ တရား​မျှတမှု​က သူ့ကို​သတ်​သော​သူအား အပြစ်ပေး​ရန် ဟစ်ကြွေး​နေခြင်း​သာ​ဖြစ်သည်။ ထို့​အတူ၊ ထို​ခရစ်ယာန် အာဇာနည်​များလည်း အပြစ်မဲ့​သဖြင့် သူတို့​အဖို့ တရား​သဖြင့် လက်စားချေ​ကို ချေ​ရ​လိမ့်​မည်။ (လုကာ ၁၈:၇၊ ၈) ထောင်ပေါင်း​များစွာသော​သူတို့သည် ထိုသို့​အသေခံ​ခဲ့​ရ​သဖြင့် လက်စားချေ​ရန် အော်ဟစ်သံ​သည် ကျယ်လောင်​၏။​—ယေရမိ ၁၅:၁၅၊ ၁၆ နှိုင်းယှဉ်။

၆။ အပြစ်မဲ့​သူတို့၏ သွေး​ကို​သွန်း​သော အဘယ်​ပြစ်မှု​အတွက် ဘီစီ ၆၀၇ ခုနှစ်​၌ လက်စားချေ​တော်​မူ​သနည်း။

အခြေအနေ​မှာ ဘီစီ ၇၁၆ ခုနှစ်၊ မနာရှေ​နန်းတက်စ​ဉ်​က ဖောက်ပြန်သော ယုဒ​နိုင်ငံ​နှင့် တူ​သည်။ သူသည် အပြစ်မဲ့​သော​သွေး များစွာ​သွန်း​ခဲ့​၏။ ပရောဖက်​ဟေရှာယ​ကို “လွှ​နှင့်​အပိုင်းပိုင်း​တိုက်​ဖြတ်” ခဲ့​သူလည်း​ဖြစ်​နိုင်​သည်။ (ဟေဗြဲ ၁၁:၃၇; ၄ ဓမ္မ​ရာဇဝင် ၂၁:၁၆) နောက်ပိုင်း၌ မနာရှေ နောင်တ​ရ​ပြောင်းလဲ​ခဲ့​သော်လည်း ထို​သွေးပြစ်​မူ​ကား စွန်းထင်း​ကျန်ရစ်​ခဲ့​သည်။ ဘီစီ ၆၀၇ ခုနှစ်၊ ယုဒ​နိုင်ငံ​ကို ဗာဗုလုန်​လူ​တို့ ဖျက်ဆီး​သောအခါ “ထာဝရ​ဘုရား ချမ်းသာ​မပေးနိုင်​လောက်​အောင် ယေရုရှလင်​မြို့​အပြည့်​အ​လျှံ၊ အပြစ်ကင်း​သူတို့ အသွေး​သွန်း​မှု​မှ​စ၍ မနာရှေ​မင်း​ပြု​သမျှ​သော ပြစ်မှု​များ​အတွက် ထာဝရ​ဘုရား စီရင်ချက်​ချ​တော်​မူ​သည့်​အတိုင်း ယုဒ​အမျိုး​ကို မျက်မှောက်​တော်​မှ ပယ်ရှား​အံ့​သော​ငှာ ထို​ဘေးသင့်​ရောက်​သတည်း။”​—၄ ဓမ္မ​ရာဇဝင် ၂၄:၃၊ ၄သ​မ

၇။ “သန့်ရှင်းသူ​များ​၏​သွေး” ကို​သွန်း​သော​အပြစ်​မှာ အဓိက မည်​သူ့​အပေါ် ကျရောက်​သနည်း။

ယနေ့လည်း ကျမ်းစာ​ခေတ်​မှာ​ကဲ့သို့ ဘုရားသခင့်​သက်သေခံ​များ​ကို သတ်​သော​သူတို့ သေလွန်​ခဲ့​သည်​မှာ ကြာလှပြီ​ဖြစ်ချင်​ဖြစ်​မည်။ သို့ရာတွင် သက်သေခံ​တို့ကို သွေး​မြေ​ကျစေ​သော အဖွဲ့အစည်း​မှာ​မူ အလွန်​ရှင်သန်​ဆဲ သွေးအလိမ်းလိမ်း စွန်းထင်း​ဆဲ​ဖြစ်သည်။ ၎င်းမှာ စာတန်​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း၊ မြေကြီးဆိုင်ရာ​အမျိုးအနွယ်​ဖြစ်သည်။ အထင်ပေါ်ဆုံး​မှာ ကမ္ဘာ့​မိစ္ဆာ​ဘာသာ​အင်ပါယာ မဟာ​ဗာဗုလုန် * ပင်​တည်း။ ၎င်း​သည် “သန့်ရှင်းသူ​တို့၏​သွေး၊ ယေရှု၏ သက်သေခံ​တို့၏​သွေး​ဖြင့် ယစ်​မူး” နေသည်​ဟု ဖော်ပြ​ထား​သည်။ မှန်​ပေ​သည်။ ၎င်း​၌ “ပရောဖက်​တို့​မှ​စ၍ သန့်ရှင်းသူ​တို့​နှင့် မြေကြီး​ပေါ်မှာ အသတ်ခံရ​သော​သူ ရှိသမျှ​တို့၏ သွေး​ကို​တွေ့ရ​၏။” (ဗျာဒိတ် ၁၇:၅၊ ၆; ၁၈:၂၄; ဧဖက် ၄:၁၁; ၁ ကောရိန္သု ၁၂:၂၈) သွေး​သွန်း​ခြင်း​အပြစ်ကြီး​ပါ​တကား။ မဟာ​ဗာဗုလုန် သက်​ဆိုး​ရှည်​နေ​သ၍ ၎င်း​၏​သားကောင် ဖြစ်​ရသူ​တို့၏​အသွေး​လည်း တရား​မျှတမှု​အတွက် ဟစ်ကြွေး​လျက်​နေ​လိမ့်​မည်။​—ဗျာဒိတ် ၁၉:၁၊ ၂

၈။ (က) ယောဟန်​၏ တစ်သက်တာ​အတွင်း အဘယ်​အာဇာနည်​များ သွေး​မြေ​ကျ​ခဲ့​ကြ​သနည်း။ (ခ) ရောမ​ဧကရာဇ်​များ အဘယ်​ညှဉ်းပန်းမှု​များ​ဖြစ်အောင် မီးထိုး​ခဲ့​ကြ​သနည်း။

ရက်စက်​သည့်​မြွေ​နှင့် ၎င်း​၏​မြေကြီးဆိုင်ရာ အမျိုးအနွယ်​က ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ကြီးထွား​နေသော အသင်းတော်ကို စစ်​ဆင်နွှဲ​ရာ ပထမ​ရာစု​၌ ခရစ်ယာန်​အာဇာနည်​များ သွေး​မြေ​ကျ​သည်ကို ယောဟန်​ကိုယ်တိုင် တွေ့မြင်​ခဲ့​သည်။ သူသည် ကျွန်ုပ်​တို့၏​သခင် နှက်တိုင်​တင်​သတ်​ခံရ​ခြင်း​ကို မြင်ခဲ့​ရပြီး သတေဖန်​နှင့် အစ်ကို​ဖြစ်သူ ယာကုပ်​မှ​စ၍ ပေတရု၊ ပေါလု​နှင့် အခြား​ရင်းနှီးသော အပေါင်းပါများ အသတ်ခံရ​သော်လည်း သူကိုယ်တိုင်​မူ ကျန်ရစ်​ခဲ့​သည်။ (ယောဟန် ၁၉:၂၆၊ ၂၇; ၂၁:၁၅၊ ၁၈၊ ၁၉; တမန်​တော် ၇:၅၉၊ ၆၀; ၈:၂; ၁၂:၂; ၂ တိမောသေ ၁:၁; ၄:၆၊ ၇) အေဒီ ၆၄ ခုနှစ်​၌ ရောမ​ဧကရာဇ် နီရို​က သူသည် မြို့ကို​မီးရှို့​သူ​ဖြစ်သည်​ဟူသော ကော​လာ​ဟ​လ​ကို တန်ပြန်​သည့်​အနေ​နှင့် ခရစ်ယာန်​များ​ကို​စွပ်စွဲ​ကာ သူတို့ကို ဓား​စာ​ခံ​လုပ်ခဲ့သည်။ သမိုင်း​သုတေသီ တက်စီတပ်စ်​က “သူတို့ [ခရစ်ယာန်​များ] သည် အ​သရော်​ခံ​ကာ သေရ​ကြသည်။ အချို့​ကို သားရဲ​တိ​စ္ဆာန်​များ​၏​သားရေ လွှမ်းခြုံ​ပေး​ပြီး ခွေး​များ​၏​ကိုက်​ဖြဲ​ခြင်း​ကို ခံစေ​သည်။ အချို့​ကို [နှက်တိုင်​တင်​သတ်] * ကြသည်။ အချို့​ကို ည​မီးရှူး​တိုင်​များ​အဖြစ် မီးရှို့​ကြသည်။ ဧကရာဇ် ဒို​မီ​ရှန် (အေဒီ ၈၁-၉၆) လက်ထက်​တွင် နှိပ်စက်​ညှဉ်းပန်းမှု လှိုင်းလုံး​ကြီး​ထ​ပြန်​ရာ ယောဟန်​သည် ပတ်မုကျွန်း​သို့ တစ်ကျွန်း​ပို့​ခံရ​ခြင်း​ဖြစ်သည်။ “သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို​ညှဉ်းဆဲ​ကြလိမ့်မည်” ဟု ယေရှု မိန့်ဆိုခဲ့​သည့်​အတိုင်း​ဖြစ်၏။​—ယောဟန် ၁၅:၂၀; မဿဲ ၁၀:၂၂

၉။ (က) အေဒီ စတုတ္ထ​ရာစု​ရောက်​သော် အဘယ်​ပြောင်မြောက်​သော လှည့်​ကွက်​ကို စာတန် ထွင်​လိုက်​သနည်း။ ၎င်း​သည် အဘယ်အရာ၏ အဓိက​အပိုင်း ဖြစ်သနည်း။ (ခ) ခရစ်ယာန်ဘောင်​မှ အချို့​မင်း​များ ပထမ​နှင့် ဒုတိယ​ကမ္ဘာ​စစ်​များ​အတွင်း ယေဟောဝါသက်သေ​များ​ကို မည်သို့​ဆက်ဆံ​ခဲ့​ကြ​သနည်း။

အေဒီ စတုတ္ထ​ရာစု​ရောက်​သော် ရှေး​မြွေ​ဟောင်း စာတန်​မာရ်နတ်သည် သူ၏​ပြောင်မြောက်​သော လှည့်​ကွက်​ဖြစ်သည့် အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​ဘာသာ​—“ခရစ်ယာန်” အရေခြုံ ဗာဗုလုန်​စနစ်​တစ်ခု​—ကို မွေး​ထုတ်​လိုက်​သည်။ ၎င်း​သည် မြွေ​အမျိုးအနွယ်​၏ အဓိက​အပိုင်း​လည်း​ဖြစ်၍ ကွဲပြား​ဆန့်ကျင်​သော​ဂိုဏ်းဂဏ ဒုနှင့်ဒေး​ဖြစ်ပေါ်​လာ​သည်။ ခရစ်ယာန်ဘောင်​သည် ပထမ​နှင့် ဒုတိယ​ကမ္ဘာ​စစ်​များ​အတွင်း ရန်ဘက်​နှစ်ဖက်စလုံး​၌ ခြေစုံပစ်​ပါဝင်​ခဲ့​သဖြင့် သစ္စာမဲ့ ရှေး​ယုဒပြည်​ကဲ့သို့ သွေး​သွန်း​ခြင်း​အပြစ်ကြီး​ကို ရွက်​ထား​သည်။ ခရစ်ယာန်ဘောင်​မှ နိုင်ငံရေး​ခေါင်းဆောင်​အချို့​ဆိုလျှင် စစ်​ကို​အကြောင်းပြု၍ ဘုရားသခင့် ဘိသိက်ခံ​အစေခံများ​ကို​ပင် သတ်ဖြတ်​ခဲ့​ကြသည်။ ဖရက်ဒရစ် ဇ​စ်ဖဲလ်​၏ Kirchenkampf in Deutschland (ဂျာမနီ​နိုင်ငံ​ရှိ ချာ့ခ်ျ​များ​တိုက်ပွဲ) ဟူသော​စာအုပ်​၏ သုံးသပ်ချက်​က ယေဟောဝါသက်သေ​များ​အား ဟစ်တလာ ညှဉ်းဆဲ​ပုံ​ကို ဤသို့​တင်ပြ​လိုက်​သည်– “သူတို့ (သက်သေခံ​များ) သုံးပုံတစ်ပုံ​သည် သေဒဏ်​ကြောင့်​ဖြစ်စေ၊ အခြားသော​ကြမ်းကြုတ်​ရက်စက်မှု၊ ငတ်ပြတ်​မှု၊ ဖျားနာ​မှု​တို့​ကြောင့်​မဟုတ်လျှင် ကျွန်​ကဲ့သို့ အဆ​မတန် အလုပ်ကြမ်း​လုပ်​ရ​၍​ဖြစ်စေ သေဆုံး​ခဲ့​ကြသည်။ ဤ​နှိပ်ကွပ်​မှု​သည် ယခင်​နှင့်​မတူ၊ ပြင်းထန်​လှ​၏။ အမျိုးသား​ဆိုရှယ်လစ် သဘောတရား​နှင့် လက်မ​တွဲ​နိုင်သော အညံ့​မခံ​သော​ယုံကြည်ခြင်း​၏ ရလဒ်​ဖြစ်သည်။” ခရစ်ယာန်ဘောင်​နှင့် ၎င်း​၏​ဘုန်းကြီး​ရဟန်း​အဖွဲ့​အား “အပြစ်​မရှိသော ဆင်းရဲသား​တို့ကို အသေ​သတ်​၍ သွန်း​သော​အသွေး​သည် သင်၏​အဝတ်စွန်း​၌​ထင်ရှား​၏” ဟု တကယ်​ဆိုနိုင်၏။​—ယေရမိ ၂:၃၄ *

၁၀။ နိုင်ငံ​ဒေသ​များစွာ​တွင် လူအုပ်ကြီး​ထဲ​မှ လူငယ်များ အဘယ်​ညှဉ်းပန်းမှု​များ​ကို ခံ​ခဲ့​ကြပြီ​နည်း။

၁၀ ၁၉၃၅ ခုနှစ်​မှ​စ၍ လူအုပ်ကြီး​ထဲ​မှ လူငယ်​လူရွယ်​တို့သည် နိုင်ငံ​ဒေသ​များစွာ​တွင် အလူးအလဲ ညှဉ်းဆဲ​ခံ​ခဲ့​ရ​ကြသည်။ (ဗျာဒိတ် ၇:၉) ဥရောပ​တွင် ဒုတိယ​ကမ္ဘာ​စစ်​ကြီး ပြီး​သည့်​အခါမှာ​ပင် မြို့​တစ်မြို့တည်း​၌ ယေဟောဝါသက်သေ​လူငယ် ၁၄ ဦး ကြိုးပေး​ခံ​လိုက်ရ​သည်။ ဘာ​ပြစ်မှု​အတွက်​နည်း။ “စစ်​အတတ်ကို နောက်​တစ်ဖန်​မသင်” ၍​တည်း။ (ဟေရှာယ ၂:၄) မကြာသေးမီ​က​လည်း အရှေ့တိုင်း​နှင့် အာဖရိက​တိုက်​မှ လူငယ်တို့​သည် ထပ်တူ​အရေးကိစ္စ​ကြောင့် သေ​သည်​အထိ ရိုက်နှက်ခြင်း၊ သေနတ်​ဖြင့် ပစ်သတ်​ခြင်း​ခံ​ခဲ့​ရသည်။ လေးစားထိုက်​သော ဤ​လူငယ်​အာဇာနည်​များသည် ယေရှု၏ ဘိသိက်ခံ​ညီတော်​များ​ကို ထောက်ခံသူ​များ​ဖြစ်​ကြ​သဖြင့် ကတိထားရာ မြေကြီး​သစ်​ပေါ်​သို့ ထမြောက်​လာ​မည်​မုချ။​—၂ ပေတရု ၃:၁၃; ဆာလံ ၁၁၀:၃; မဿဲ ၂၅:၃၄-၄၀; လုကာ ၂၀:၃၇၊ ၃၈ နှိုင်းယှဉ်။

ဝတ်လုံ​ဖြူ

၁၁။ သွေး​မြေ​ကျ ဘိသိက်ခံ​ခရစ်ယာန်​များ အဘယ်​အဓိပ္ပာယ်​ဖြင့် “ဝတ်လုံ​ဖြူ” ကို​ရ​ကြ​သနည်း။

၁၁ တမန်​တော်​ပေါလု​က ရှေးခေတ်​သစ္စာစောင့်​တို့၏ ယုံကြည်ခြင်း​အကြောင်းကို မော်ကွန်း​တင်ပြီး​နောက် ဤသို့​ဆို​၏– “ထို​သူအပေါင်း​တို့သည် ယုံကြည်ခြင်း​အားဖြင့် ချီးမွမ်း​ခြင်း​သို့​ရောက်​သော်လည်း ကတိတော်​အတိုင်း အကျိုးကျေးဇူး​ကို​မခံရ​ကြ။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား ထို​သူတို့သည် ငါ​တို့​မပါဘဲ စုံလင်ခြင်း​သို့ မရောက်ရ​မည်​အကြောင်း ဘုရားသခင်​သည် ငါ​တို့​အဖို့​အ​လို့​ငှာ သာ၍​မြတ်သော​ကျေးဇူး​ကို ကြံစည်​တော်​မူ​၏။” (ဟေဗြဲ ၁၁:၃၉၊ ၄၀) ပေါလု​နှင့် အခြား​ဘိသိက်ခံ​ခရစ်ယာန်​များ မျှော်မှန်း​သည့် “သာ၍​မြတ်သော​ကျေးဇူး” ကား အဘယ်နည်း။ ၎င်းကို ယောဟန် ရူပါရုံ​၌​မြင်ရ​၏– “သူတို့​တစ်ဦးချင်း​အား ဝတ်လုံ​ဖြူ တစ်ထည်​စီ ပေး​တော်​မူ​၏။ မိမိတို့​နည်းတူ အသတ်ခံရ​တော့​မည့် မိမိတို့၏​ကျွန်ချင်း ညီအစ်ကို​များ​၏ အရေအတွက် ပြည့်စုံ​သည်​အထိ နောက်ထပ် အချိန်​အနည်းငယ် နား​နေ​ရန် သူတို့ကို ပြောကြား​တော်​မူ​၏။” (ဗျာဒိတ် ၆:၁၁) သူတို့ “ဝတ်လုံ​ဖြူ” ရခြင်း​သည် မသေ​နိုင်သော ဝိညာဉ်​သတ္တဝါများ​အဖြစ်သို့ ထမြောက်ခြင်း​နှင့်​ဆိုင်​သည်။ သူတို့သည် ယဇ်​ပလ္လင်​အောက်​မှ အသတ်ခံရသော အသက်​များ​အဖြစ် ဆက်နေ​ရန်​မလို​တော့​ဘဲ ဘုရားသခင့် ကောင်းကင်​ပလ္လင်တော်​ရှေ့ ဝတ်ပြု​ကြသော အကြီးအကဲ ၂၄ ပါး​၏​အုပ်စု​ဝင်​အဖြစ် ထမြောက်​ကြ​ရ၏။ ထို​တွင် သူတို့​ကိုယ်တိုင် ပလ္လင်​များ​ကို​ရ​ကြ​သဖြင့် မင်း​အခွင့်အရေး​များ ခံစားရ​သည်ကို​ပြ​၏။ “ဝတ်ရုံ​ဖြူ [ကို] ဝတ်” ကြသည်​ဖြစ်​ရာ သူတို့သည် ထို​ကောင်းကင်​တရားရုံး​တွင် ယေဟောဝါ​၏​ရှေ့တော်၌ နေရာ​ရထိုက်​သော ဖြောင့်မတ်​သူများ​အဖြစ် စီရင်ချက်​ချ​ခံရ​သည်ကို အဓိပ္ပာယ်ဆောင်​၏။ ယင်းသည် သာဒိ​မြို့မှ သစ္စာရှိ ဘိသိက်ခံ​ခရစ်ယာန်​များ​အား “အောင်နိုင်သူ​သည် ဤသို့​ပင် ဝတ်ရုံ​ဖြူ ဝတ်ဆင်​ရမည်” ဟူသော ယေရှု၏​ကတိတော် ပြည့်စုံချက်​လည်း​ဖြစ်၏။​—ဗျာဒိတ် ၃:၅; ၄:၄; ၁ ပေတရု ၁:၄

၁၂။ ထမြောက်​ခဲ့​သော ဘိသိက်ခံ​များ အဘယ်​နည်းဖြင့် “နောက်ထပ် အချိန်​အနည်းငယ် နား​နေ” ကြ​သနည်း။ အဘယ်​အချိန်အထိ​နည်း။

၁၂ ၁၉၁၈ ခုနှစ်​၌ ကောင်းကင်​ဆိုင်ရာ​ထမြောက်ခြင်း အစပြု​ကြောင်း သာဓက​အားလုံး​က ညွှန်ပြ​၏။ ၁၉၁၄ ခုနှစ်​တွင် ယေရှု​နန်း​ထိုင်၍ ကောင်းကင်​မှ စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို ဖယ်ရှားခြင်း​ဖြင့် စတင်​အောင်ပွဲခံ​ရန် မြင်း​စီး​ချီတက်​တော်​မူ​သည့် နောက်ပိုင်း၌​ဖြစ်သည်။ သို့​တ​စေ၊ “မိမိတို့၏​ကျွန်ချင်း ညီအစ်ကို​များ​၏ အရေအတွက် ပြည့်စုံ​သည်​အထိ နောက်ထပ်​အချိန်​အနည်းငယ် နား​နေ” ရမည်ဟု ထမြောက်​ပြီး​သော ဤ​ဘိသိက်ခံ​များ​အား မိန့်ကြား​တော်​မူ​၏။ မြေကြီးပေါ်​ရှိ​ဆဲ ယောဟန်​အတန်းအစား​ဝင်​တို့သည် စုံစမ်း​ညှဉ်းဆဲ​မှု​အောက် သစ္စာစောင့်​ရမည်။ သူတို့​ထဲ​မှ​အချို့​မှာ အသတ်ခံရ​ကောင်း​ခံရ​ဦး​မည်။ သို့သော် အဆုံး​၌ မဟာ​ဗာဗုလုန်​နှင့် ၎င်း​၏​နိုင်ငံရေး​ရည်းစား​များ သွန်း​ခဲ့​သော ဖြောင့်မတ်​သည့် သွေး​ရှိသမျှ​အတွက် လက်စားချေ​တော်​မူ​မည်။ စပ်​ကူး​ကာလ​၌ ထမြောက်​ခဲ့​သူတို့သည် ကောင်းကင်​တာဝန်​များ​ဖြင့် အလုပ်များလျက် နေ​ပေမည်။ သူတို့၏​နား​နေခြင်း​မှာ ဘာမျှ​မ​လုပ်ကိုင်​ဘဲ သုခ​စံစား​နေခြင်း​မဟုတ်၊ မိမိတို့​အဖို့ ယေဟောဝါ လက်စားချေ​မည့်​နေ့ကို စိတ်ရှည်​စွာ စောင့်ဆိုင်း​နေခြင်း​တည်း။ (ဟေရှာယ ၃၄:၈; ရောမ ၁၂:၁၉) သူတို့သည် မိစ္ဆာ​ဘာသာ ပျက်စီးခြင်း​ကို​မြင်ရပြီး “ခေါ်ယူ​ရွေးကောက်​တော်​မူ​ခြင်း​ခံရ​သူ သစ္စာရှိ” များ​အဖြစ် သခင်​ယေရှု​ခရစ်​နှင့်အတူ ဤ​မြေကြီးပေါ်​ရှိ စာတန့်​အမျိုးအနွယ်​ဆိုး​၏ ကျန်​အပိုင်း​အားလုံး​ကို စီရင်​သုတ်သင်​ကြသောအခါ သူတို့ နား​နေခြင်း​သည် ပြီးဆုံး​ပါ​လိမ့်​မည်။​—ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၇:၁၄; ရောမ ၁၆:၂၀

‘သေလွန်သူ​တို့ အ​ဦး​ထမြောက်’

၁၃၊ ၁၄။ (က) တမန်​တော်​ပေါလု​၏ အဆို​အရ ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​သည် အဘယ်​အချိန်တွင် အစပြု​သနည်း။ မည်သူ​များ ထမြောက်​ကြ​သနည်း။ (ခ) သခင့်​နေ့​တော်​အထိ အသက်ရှင်​သော ဘိသိက်ခံ​များသည် အဘယ်​အချိန်တွင် ကောင်းကင်​သို့ ထမြောက်​ကြ​သနည်း။

၁၃ ပ​ဉ္စ​မ​တံဆိပ် ဖွင့်​ခြင်း​ကြောင့်​ရရှိသော ထိုးထွင်း​သိမြင်​ချက်​သည် ကောင်းကင်​ဆိုင်ရာ ထမြောက်ခြင်း​နှင့်​ပတ်သက်သော အခြား​ကျမ်းချက်​များနှင့် လုံးဝ​ညီညွတ်​၏။ ဥပမာ၊ တမန်​တော်​ပေါလု​က ဤသို့​ရေး​၏– ယေဟောဝါ​၏ “ဗျာဒိတ်တော်​အားဖြင့် တစ်ဖန်​ငါ​တို့​ဆိုသည်ကား၊ သခင်​ဘုရား ကြွလာ​တော်​မူ​သောအခါ၊ အသက်ရှင်​၍ ကျန်ကြွင်း​သော​ငါ​တို့သည် အိပ်ပျော်​ပြီး​သော​သူတို့၏ အရင်​အ​ဦး နေရာကျ​ရ​ကြ​မည်​မဟုတ်။ သခင်​ဘုရား​သည် ကြွေးကြော်​ခြင်း၊ ကောင်းကင်တမန်မင်း အသံ​ပေးခြင်း၊ ဘုရားသခင်​၏ တံပိုးတော်​ကို မှုတ်ခြင်း​နှင့်​တကွ ကောင်းကင်ဘုံ​မှ ကိုယ်တိုင်​ဆင်းသက်​တော်​မူ​၍ ခရစ်တော်​၌ သေလွန်​သော​သူတို့သည် အ​ဦး​ထမြောက်​ကြလိမ့်မည်။ ထို​အခါ အသက်ရှင်​၍ ကျန်ကြွင်း​သော​ငါ​တို့သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရားထံ​တော်​သို့ ရောက်​စေခြင်း​ငှာ ထို​သူတို့နှင့်​တကွ မိုးတိမ်​ပေါ်​သို့ ချီဆောင်ခြင်း​ကို ခံရ​သော​အားဖြင့် သခင်​ဘုရား​နှင့်အတူ အစဉ်မပြတ် နေရ​ကြလိမ့်မည်။”​—၁ သက်သာလောနိတ် ၄:၁၅-၁၇

၁၄ ဤ​အခန်းငယ်​များ​က စိတ်​လှုပ်ရှား​ဖွယ်​အဖြစ်​များ​ကို ဖော်ပြသည်​တကား။ သေလွန်​နှင့်​သော​သူတို့သည် ယေရှု၏ ရောက်ရှိချိန်​အထိ​ကျန်ရစ်​သော၊ တစ်နည်း​အားဖြင့် ကိုယ်တော်​ရောက်ရှိချိန်​အတွင်း မြေကြီးပေါ်​တွင် အသက်ရှင်နေ​ဆဲ​ဖြစ်သော ယေရှု၏ ဘိသိက်ခံ​ညီတော်​များ​ထက် ဦး​၍ ကောင်းကင်​တက်​ရ​ကြသည်။ ခရစ်တော်​၌​သေလွန်​သော ထို​သူတို့သည် အ​ဦး​ထမြောက်​ကြသည်။ ယေရှု​ဆင်းသက်​၍၊ တစ်နည်း​အားဖြင့် သူတို့​ထံ​အာရုံ​လှည့်၍ သူတို့ကို နာမ်ဝိညာဉ်​အသက်တာ​သို့ ထမြောက်​စေ​ကာ “ဝတ်လုံ​ဖြူ” ပေး​တော်​မူ​သည်။ ၎င်းနောက်​၌ လူသားများ​အဖြစ် အသက်ရှင်​ဆဲ​ဖြစ်သော​သူတို့သည် မြေကြီး​အသက်တာ​ကုန်ဆုံး ကြ​လေ​သည်။ သူတို့​အများ​သည် အတိုက်အခံပြု​သူတို့ လက်ချက်​ဖြင့် ကြမ်းကြုတ်​စွာ အသေ​သတ်​ခံရ​ကြသည်။ သို့ရာတွင် သူတို့သည် မိမိတို့​ထက် အ​ဦး​ကျ​သူများ​ကဲ့သို့ သေခြင်း​၌ အိပ်​နေ​ရန်​မလို။ သေ​သည်​နှင့်​တစ်ပြိုင်နက်​—“မျက်စိ​တစ်မှိတ်​၌”​—ပြောင်းလဲ​၍ ကောင်းကင်​သို့ ချီဆောင်​ခံရ​ပြီး ယေရှု​နှင့်​လည်းကောင်း၊ ခရစ်တော်​၏​ခန္ဓာကိုယ်​အဝင် အသင်းသား​ချင်း​တို့​နှင့်​လည်းကောင်း အတူ​နေကြ​လိမ့်​မည်။ (၁ ကောရိန္သု ၁၅:၅၀-၅၂; ဗျာဒိတ် ၁၄:၁၃ နှိုင်းယှဉ်။) သို့ဖြင့် အပေါ​က​လ​စ်​ထဲ​မှ မြင်းစီးသူရဲ​လေးဦး စိုင်း​ထွက်၍ မကြာမီ ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ထမြောက်ခြင်း အစပြု​လေ​သည်။

၁၅။ (က) ပ​ဉ္စ​မ​တံဆိပ် ဖွင့်​ခြင်း​ကြောင့် အဘယ်​သတင်းကောင်း ကြား​ရသနည်း။ (ခ) မြင်းဖြူ​စီး​သော အောင်နိုင်​ရှင်​၏ စီး​ခြင်း​သည် မည်သို့​အဆုံးသတ်​သနည်း။

၁၅ စာလိပ်​၏ ပ​ဉ္စ​မ​တံဆိပ်​ကို ဖွင့်​ခြင်း​ကြောင့် အောင်နိုင်​၍ သေ​သည်​တိုင်​သစ္စာ​ရှိသော ဘိသိက်ခံ​သစ္စာစောင့်​တို့​အဖို့ သတင်းကောင်း ထွက်ပေါ်​လာ​၏။ သို့သော် စာတန်​နှင့် သူ၏​အမျိုးအနွယ်​အတွက် သတင်းကောင်း​မရှိ။ မြင်းဖြူ​ပေါ်​က အောင်နိုင်​ရှင်​၏ စီး​ကြွ​ချီတက်ခြင်း​သည် တား​မ​နိုင် ဆီး​မရ ရှေ့ဆက်​သွား​မည်​ဖြစ်၍ “မာရ်နတ်​၏​လက်၌​ရှိ” သော​ဤ​လောကကို စစ်ကြော​ချိန် ဆိုက်​တော့​မှ အဆုံးတိုင်​လိမ့်​မည်။ (၁ ယောဟန် ၅:၁၉) သိုးသငယ် ဆဋ္ဌမ​တံဆိပ်​ကို ဖွင့်​သောအခါ ဤ​အချက် ထင်ရှား​လာ​၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 မဟာ​ဗာဗုလုန် မည်သူ​မည်ဝါ​ဖြစ်​ကြောင်းကို အခန်း ၃၃ တွင် အသေးစိတ် ဆွေးနွေး​ထား​သည်။

^ အပိုဒ်၊ 8 ကမ္ဘာသစ် ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ စာမျက်နှာ ၁၅၇၇၊ နောက်ဆက်တွဲ ၅စီ၊ “ညှဉ်းဆဲ​ရာ​နှက်တိုင်” နှိုင်းယှဉ်။

^ အပိုဒ်၊ 9 ဘာသာရေး​သည် သွေးပြစ်​မကင်း​ကြောင်း အခန်း ၃၆ ၌ ပို​၍​အသေးစိတ် ဖော်ပြ​ထား​သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀၂ ပါ လေးထောင့်ကွက်]

‘အသတ်ခံရ​သော အသက်​များ’

ပြင်သစ်​လူမျိုး ဟ​ယူး​ဂ​နော့ ဂိုဏ်းဝင် မိဘများ​မှ​ပေါက်ဖွား​သူ ၁၈ ရာစု​မှ အင်္ဂလိပ်​ပရိုတက်စတင့်​ဂိုဏ်းဝင် ဂျောန် ဂျော်​တင်​က “ညှဉ်းပန်း​ခြင်း​စ​သည်​နှင့် ခရစ်ယာန်​ဘာသာ ဆုံး​လေ​၏။ . . . ခရစ်ယာန်​ဘာသာ​ကို [ရောမ] အင်ပါယာ​ဘာသာ​အဖြစ် အတည်ပြု​ပြီး ၎င်း​၏​ဓမ္မ​အမှုဆောင်​များ​အား စည်းစိမ်​နှင့် ဂုဏ်​အသရေ​ချီးမြှင့်​သည့်​နောက်​၌ ညှဉ်းပန်း​ခြင်း​တည်း​ဟူသော ကြောက်​ခ​မ​န်း​လိ​လိ​အနိ​ဋ္ဌာ​ရုံ အင်အားကြီး လာပြီး ယင်း​၏​သြဇာ​အာဏာကို ခရစ်ဝင်​ကျမ်း ယုံကြည်​သော​ဘာသာ​အပေါ် ရုတ်ခြည်း​ပေါက်ကွဲ​ကျရောက်​စေခြင်း​ဖြစ်သည်” ဟု​ဆို​ကြောင်း မက်ကလင်းတော့​နှင့် စထရောင်း တို့၏ စွယ်စုံ​ကျမ်း က ကိုးကား​ဖော်ပြ​၏။

[စာမျက်နှာ ၁၀၃ ပါ ရုပ်ပုံ]

“သူတို့​တစ်ဦးချင်း​အား ဝတ်လုံ​ဖြူ တစ်ထည်​စီ​ပေး”