မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားပေးမှုနှင့်တကွ ယေရှုကြွလာခြင်း

အားပေးမှုနှင့်တကွ ယေရှုကြွလာခြင်း

အခန်း ၄

အားပေးမှု​နှင့်​တကွ ယေရှု​ကြွလာခြင်း

၁။ ယခု ယောဟန် မည်​သူ့​ထံ​စာရေး​သနည်း။ ယနေ့ မည်သူ​များ သူ၏​သတင်းကို အာရုံ​နစ်မျော​ပြီး စိတ်ဝင်စား​သင့်​သနည်း။

 ရှ့​ဆက်၍ ဖြစ်ပျက်​သော​အရာများ​ကို ယနေ့ ဘုရားသခင့်​လူမျိုးတော်​၏ အသင်းတော်​နှင့် ပေါင်းသင်း​သူ​တိုင်း အာရုံ​နစ်မျော​ပြီး စိတ်ဝင်စား​သင့်​သည်။ ၎င်းမှာ သတင်း​စကား​တသီတသန်း​ဖြစ်သည်။ “ချိန်းချက်သော​အချိန်” နီးလာသည်နှင့်​အမျှ ၎င်းတို့သည် အထူး​သက်ဆိုင်​လာ​သည်။ (ဗျာဒိတ် ၁:၃) ထို​ကြေညာ​ချက်​များ​ကို နာခံ​လျှင် ကျွန်ုပ်​တို့​အဖို့ ထာဝရ​ကောင်းကျိုး​ဖြစ်​မည်။ မှတ်တမ်းက ဤသို့​ဆို​၏– “အာရှ​ခရိုင်​အတွင်းရှိ အသင်းတော်​ခု​နစ်​ပါး​ထံ ယောဟန် စာရေး​လိုက်ပါ​သည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်​ကာလ အစဉ်​ရှိတော်မူသော​အရှင် ထံ​မှ​လည်းကောင်း၊ ကိုယ်တော်​၏ ပလ္လင်တော်​ရှေ့​က ဝိညာဉ်​ခု​နစ်​ပါး ထံ​မှ​လည်းကောင်း၊ . . . ယေရှု​ခရစ် ထံ​မှ​လည်းကောင်း မခံစားထိုက်သော ကျေးဇူးတော်​နှင့် ငြိမ်သက်ခြင်း​တို့ကို သင်တို့​ခံစားရ​ကြ​ပါစေ။”—ဗျာဒိတ် ၁:၄၊ ၅

၂။ (က) “ခု​နစ်” ဂဏန်း​သည် ဘာကို​ပုံခိုင်း​သနည်း။ (ခ) သခင့်​နေ့​တော်​၌ “အသင်းတော်​ခု​နစ်​ပါး” ထံ​ရေး​သော​သတင်း​သည် မည်သူ​များနှင့်​ဆိုင်​သနည်း။

ဤ​တွင် ယောဟန်​က “အသင်းတော်​ခု​နစ်​ပါး” ထံ စာရေး​နေခြင်း​ဖြစ်သည်။ ၎င်းတို့၏​အမည်များ​ကို ပရောဖက်ပြုချက်​၏ နောက်ပိုင်း၌ ဖော်ပြ​သည်။ ထို “ခု​နစ်” ဟူသော​ဂဏန်း​ကို ဗျာဒိတ်ကျမ်း​၌ မကြာခဏ​တွေ့ရ​သည်။ ပြည့်ဝမှု​ဟူ၍ အဓိပ္ပာယ်ဆောင်​သည်။ အထူးသဖြင့် ဘုရားသခင်​နှင့် ဘိသိက်ခံ​အသင်းတော်​ဆိုင်ရာ အရာများ​နှင့်​ပတ်သက်​၍​ဖြစ်သည်။ ကမ္ဘာ​တစ်ခွင် ဘုရားသခင့် လူမျိုးတော်​အသင်းတော်​၏ အရေအတွက်​သည် သောင်း​နှင့်​ချီ​၍ ရှိပြီ​ဖြစ်​ရ​ကား မူလ​က ဘိသိက်ခံသူ​တို့၏ “အသင်းတော်​ခု​နစ်​ပါး” ထံ ရေး​လိုက်​သော​စကား​သည် ယနေ့​ဘုရားသခင့်​လူမျိုးတော် တစ်ရပ်လုံး​နှင့်​ဆိုင်​မည်​မုချ။ (ဗျာဒိတ် ၁:၁၀) မှန်​ပေ​သည်။ ယေဟောဝါသက်သေ​များ အသင်းတော်​အားလုံး​အဖို့​လည်းကောင်း၊ အသင်းတော်​နှင့်​ပေါင်းသင်း​သူ မြေတစ်ပြင်လုံး နေရာတိုင်း​မှ လူအားလုံး​အဖို့​လည်းကောင်း ယောဟန် သတင်း​ပါး​စ​ရာ​ရှိသည်။

၃။ (က) ယောဟန်​၏ နှုတ်ဆက်​စကား​ပါ “မခံစားထိုက်သော ကျေးဇူးတော်​နှင့် ငြိမ်သက်ခြင်း” သည် အဘယ်က​လာ​သနည်း။ (ခ) တမန်​တော်​ပေါလု​၏ အဘယ်​အသုံးအနှုန်း​သည် ယောဟန်​၏ နှုတ်​ခွန်း​စကား​နှင့် ဆင်တူ​သနည်း။

“မခံစားထိုက်သော ကျေးဇူးတော်​နှင့် ငြိမ်သက်ခြင်း”—အထူးသဖြင့် ၎င်းတို့၏​ပင်ရင်း​ကို သိ​သောအခါ မည်မျှ​လိုလား​ဖွယ်​ပါ​တကား။ ၎င်း​တို့​ဆင်းသက်လာ​ရာ​ဖြစ်သော “အရှင်” မှာ “အနန္တ​ကာလ​မှ အနန္တ​ကာလ​တိုင်” အသက်ရှင်​တော်​မူ​သော “ထာဝရ​ဘုရင်” ပင်​တည်း။ (၁ တိမောသေ ၁:၁၇ခ​မ; ဆာလံ ၉၀:၂က​ဘ) “ဝိညာဉ်​ခု​နစ်​ပါး” လည်း ပါဝင်​ပတ်သက်​နေသည်။ ဤ​အသုံးအနှုန်း​မှာ ဘုရားသခင့် တက်ကြွ​သော​စွမ်းအား​တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လုပ်ဆောင်ခြင်း ပြည့်ဝမှု​ကို ရည်ညွှန်း​သည်။ ဝိညာဉ်တော်သည် ပရောဖက်ပြုချက်​ကို အာရုံပြု​သူ​မှန်သမျှ​အား သိ​နားလည်​စွမ်း​နှင့် ကောင်းချီး​ကို​ပေး​၏။ “ယေရှု​ခရစ်” လည်း အရေးပါသော​ကဏ္ဍ​မှ ပါဝင်​၏။ နောက်ပိုင်း၌ ကိုယ်တော်​နှင့်​ပတ်သက်​၍ ယောဟန်​က “နှုတ်ကပါဌ်တော်​သည် . . . ကျေးဇူး​တရား​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ” တော်​မူ​သည်​ဟု ရေး​၏။ (ယောဟန် ၁:၁၄သမ္မာ) ထို့​ကြောင့် ယောဟန်​၏ နှုတ်​ဆက်သ​ဝဏ်လွှာ​သည် ကောရိန္သု​အသင်းတော်​ထံ တမန်​တော်​ပေါလု​ရေး​သော ဒုတိယ​စာစောင်​၏ နိဂုံး​စကား​နှင့်​ဆင်တူ​သည်။ “သခင်​ယေရှု​ခရစ်​၏ ကျေးဇူးတော်​လည်းကောင်း၊ ဘုရားသခင်​၏ မေတ္တာတော်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ မိတ်သဟာယ​တော်​လည်းကောင်း သင်တို့​အပေါင်း​၌ ရှိစေ​သတည်း။” (၂ ကောရိန္သု ၁၃:၁၄) ဤ​စကား​သည် ယနေ့ သမ္မာတရား​ကို​ချစ်သော ကျွန်ုပ်​တို့​တစ်ဦးစီ​အပေါ်မှာ​လည်း ပြည့်စုံ​ပါစေ။—ဆာလံ ၁၁၉:၉၇

“သစ္စာ​ရှိသော​သက်သေ”

၄။ ယေရှု​ခရစ်​အကြောင်းကို ယောဟန် မည်သို့​ဆက်လက်​ဖော်ပြ​သနည်း။ ထို​အခေါ်အဝေါ်​များသည် အဘယ်ကြောင့် လျောက်ပတ်​လှ​သနည်း။

ယေရှု​အား “‘သစ္စာ​ရှိသော​သက်သေ၊’ ‘လူသေ​တို့​ထဲ​မှ သားဦး’ ‘မြေကြီး​ဘုရင်​တို့ကို အုပ်စိုး​သော​အရှင်’” ဟူ၍ ယောဟန် အသိအမှတ်ပြု​သည့်​အတိုင်း ယေရှုသည် ယေဟောဝါ​ပြီး​လျှင် စကြဝဠာ​တွင် ဘုန်း​အသရေ အရှိဆုံး​ပုဂ္ဂိုလ်​ဖြစ်သည်။ (ဗျာဒိတ် ၁:၅ခ) ကိုယ်တော်​သည် ကောင်းကင်​ရှိ လ​မင်း​ပ​မာ ယေဟောဝါ​၏ ဘုရား​အဖြစ်တော်​ကို သက်သေထူ​သည့် အကြီးမြတ်ဆုံး​သက်သေ​အဖြစ် မားမားမတ်မတ် ရပ်တည်​တော်​မူ​သည်။ (ဆာလံ ၈၉:၃၇) ကိုယ်တော်​သည် ယဇ်ကောင်​အဖြစ် သေ​သည်​တိုင် သစ္စာစောင့်​ပြီး​နောက်​၌ လူသားများ​အနက် မသေ​နိုင်သော ဝိညာဉ်​အသက်တာ​သို့ ပထမဦးဆုံး ထမြောက်​သူ ဖြစ်လာ​သည်။ (ကောလောသဲ ၁:၁၈) ယခု​ကိုယ်တော်​သည် ယေဟောဝါ​ရှေ့တော်၌ မြေကြီး​ဘုရင် အားလုံး​တို့​အထက်တွင် ချီးမြှင့်ခြင်း​ခံရ​၍ “မိုး​မြေ​တွင် အခွင့်အာဏာ​ခပ်သိမ်း” အပ်နှင်းခြင်း​ခံရ​သည်။ (မဿဲ ၂၈:၁၈သ​မ; ဆာလံ ၈၉:၂၇; ၁ တိမောသေ ၆:၁၅) ၁၉၁၄ ခု​၌ မြေကြီးပေါ်​ရှိ တိုင်းနိုင်ငံ​များ​ကို အုပ်စိုး​ရန် ဘုရင်​အဖြစ် မင်းမြှောက်​ခံရ​သည်။—ဆာလံ ၂:၆-၉

၅။ (က) သခင်​ယေရှု​ခရစ်​ကို လေးမြတ်​ကြောင်း ယောဟန် မည်သို့​ဆက်လက်​တင်ပြ​သနည်း။ (ခ) ယေရှု​ပေးသနား​သော မိမိ၏​စုံလင်သော​လူ့​အသက် ဆုကျေးဇူး​မှ မည်သူ​များ အကျိုး​ခံစား​ကြ​ရသနည်း။ ဘိသိက်ခံ​ခရစ်ယာန်​များသည် အထူး​ကောင်းချီး​တစ်ရပ်​ကို မည်သို့​ဝေမျှ​ခံစား​ကြ​သနည်း။

ယောဟန်​သည် ရှေ့​ဆက်၍ အောက်ပါ​အမွှမ်းတင်​စကား​များ​ဖြင့် သခင်​ယေရှု​ခရစ်​ကို ဂုဏ်ပြု​သည်။ “ငါ​တို့ကို​ချစ်၍ မိမိ​အသွေးတော်​ဖြင့် အပြစ်​မှ ဖြေလွှတ်​တော်​မူ​ပြီး​လျှင် ငါ​တို့ကို နိုင်ငံ​တစ်ခု​ဖြစ်စေ​၍ မိမိ၏ ဘုရားသခင်၊ ခမည်းတော်​အဖို့ ယဇ်ပုရောဟိတ်​များ ဖြစ်စေ​တော်​မူ​သော ကိုယ်တော်၌ ဘုန်း​အသရေတော်​နှင့် တန်ခိုးတော် ထာဝစဉ် ရှိပါစေ။” (ဗျာဒိတ် ၁:၅၊ ၆) ယေရှုသည် မိမိကို​ယုံကြည်​သော လူသား​လောက​ထဲ​မှ ပုဂ္ဂိုလ်​များ စုံလင်သော​အသက်ကို ပြန်​ရစေ​နိုင်​ရန် စုံလင်သော​လူ့​အသက်ကို စွန့်​တော်​မူ​သည်။ ချစ်လှစွာ​သော အသင်​စာရှုသူ​လည်း ပါဝင်​ခံစား​နိုင်​ပါ​သည်။ (ယောဟန် ၃:၁၆) သို့သော် ယေရှု၏ ယဇ်ကောင်​ကဲ့သို့​သော သေခြင်း​သည် ယောဟန်​ကဲ့သို့ ဘိသိက်ခံ​ခရစ်ယာန်​များ ဖြစ်လာ​သူတို့​အဖို့ အထူး​ကောင်းချီး​ရ​ရန် လမ်းကို​ဖွင့်လိုက်​သည်။ သူတို့သည် ယေရှု၏ ရွေးနုတ်ဖိုး​ယဇ်​ပေါ်​အခြေခံ​၍ ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​ခံရ​သည်။ သိုးစုငယ်​အဝင်​တို့သည် ယေရှု​နည်းတူ မြေကြီး​အသက်တာ မျှော်လင့်ချက်​ရှိသမျှကို​စွန့်​လျက် ဘုရားသခင့်​ဝိညာဉ်တော်ဖြင့် မွေးဖွားခြင်း​ကို​ခံရ​ကြသည်။ သူတို့သည် ထမြောက်​သည့်​နောက် ယေရှု​ခရစ်​နှင့်အတူ နိုင်ငံတော်​၌ ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုထမ်း​ရမည့် မျှော်လင့်ချက်​ရှိကြသည်။ (လုကာ ၁၂:၃၂; ရောမ ၈:၁၈; ၁ ပေတရု ၂:၅; ဗျာဒိတ် ၂၀:၆) အခွင့်ထူး​ကြီး​ပါ​တကား။ ထို့​ကြောင့် ယောဟန်​က ဘုန်း​အသရေ​နှင့် တန်ခိုးတော်​ကို ယေရှု​ပိုင်ဆိုင်​၏​ဟု အခိုင်အမာ ကြွေးကြော်​လိုက်​သည်​မှာ အံ့ဩစရာ​မဟုတ်ပါ။

“မိုးတိမ်​နှင့်အတူ​ကြွလာ”

၆။ (က) ‘မိုးတိမ်​နှင့်အတူ ယေရှု​ကြွလာ’ ခြင်း​နှင့်​ပတ်သက်​၍ ယောဟန် ဘာကို​ကြေညာ​သနည်း။ ယေရှု၏ အဘယ်​ပရောဖက်ပြုချက်​ကို ယောဟန်​သတိရ​ကောင်း​ရမည်​နည်း။ (ခ) ယေရှု မည်သို့ ‘ကြွလာ’ သနည်း။ မြေကြီးပေါ်​၌ မည်သူ​များ ကြီးစွာ​ပူဆွေး​ကြ​ရမည်​နည်း။

၎င်းနောက် ယောဟန်​က အောင်သံ​ဖြင့် ဤသို့​ကြေညာ​သည်– “ကြည့်​ပါ။ ကိုယ်တော်​သည် မိုးတိမ်​နှင့်အတူ​ကြွ​လာ၍ မျက်စိ​တိုင်း​သည် ကိုယ်တော်​ကို မြင်ရ​မည်။ ကိုယ်တော်​ကို ထိုးဖောက်​သော​သူတို့​ပါ မြင်ရ​ကြ​မည်။ မြေကြီးပေါ်​မှ လူမျိုးနွယ် အားလုံး​လည်း ကိုယ်တော်​ကြောင့် ရင်​ထု​မ​နာ ပူဆွေး​ကြလိမ့်မည်။ မှန်​ပေ​သည်၊ အာမင်။” (ဗျာဒိတ် ၁:၇) ဤ​တွင် ယောဟန်​သည် စောစော​ပိုင်း​က ယေရှု​မိန့်ဆို​သော အစီအစဉ်​စနစ်​ဆုံးခန်း​ဆိုင်ရာ ပရောဖက်ပြုချက်​ကို သတိရ​ပေမည်။ ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ထို​အခါ လူသား​၏​ပုဗ္ဗနိမိတ်​သည် ကောင်းကင်​၌ ထင်ရှား​လိမ့်​မည်။ မြေကြီး​ပေါ်မှာ လူမျိုးအပေါင်း​တို့သည် ငိုကြွေး​မြည်တမ်း​ကြ​၍ လူသား​သည် ကြီးစွာ​သော​ဘုန်း​တန်ခိုး အာနုဘော်​ကို​ဆောင်​လျက် မိုးတိမ်​ကို​စီး​၍ ကြွလာ​တော်​မူ​သည်ကို မြင်ရ​ကြလိမ့်မည်။” (မဿဲ ၂၄:၃၊ ၃၀သမ္မာ) ထို့​ကြောင့် ယေရှုသည် ယေဟောဝါ​စီရင်ချက်​အတိုင်း နိုင်ငံ​များ​ကို​သုတ်သင်​ရန် အာရုံလှည့် ‘ကြွလာ’ ခြင်း​ဖြစ်သည်။ ကမ္ဘာ​ပေါ် ကြီးကျယ်​သော ပြောင်းလဲမှု​များ​ကို​ဖြစ်စေ​မည်။ “လူမျိုးအပေါင်း​တို့သည်” ယေရှု​ခရစ် ဘုရင်​စင်စစ် ဖြစ်သည်​ကို ဥပေက္ခာပြု​ခဲ့​ကြသည်​ဖြစ်၍ “အနန္တ​တန်ခိုးရှင် ဘုရားသခင့်​အမျက်တော်” စူးရှခြင်း​ကို မုချ​ခံရ​ကြလိမ့်မည်။—ဗျာဒိတ် ၁၉:၁၁-၂၁သ​မ; ဆာလံ ၂:၂၊ ၃၊ ၈၊ ၉

၇။ ဖီဆန်​သူများ​အပါအဝင် “မျက်စိ​တိုင်း” ယေရှုကို မည်သို့ “မြင်” ရ​ကြ​မည်​နည်း။

ယေရှုသည် မိမိ​တပည့်​များနှင့် နောက်ဆုံး​တစ်ည အတူ​ရှိ​စဉ် သူတို့အား “ခဏမျှ​ကြာသော်၊ ဤ​လောကသား​တို့သည် ငါ့ကို​မြင်ရ​တော့​မည်​မဟုတ်” ဟု မိန့်ဆို​သည်။ (ယောဟန် ၁၄:၁၉သ​မ) သို့​ဖြစ်​လျှင် “မျက်စိ​တိုင်း” “ကိုယ်တော့်​ကို” မည်သို့ “မြင်ရ​မည်” နည်း။ ယေရှု၏​ရန်သူများ​သည် ကိုယ်တော်​ကို ပကတိ​မျက်စိဖြင့် မြင်ရ​မည်​ဟု ကျွန်ုပ်​တို့​မမျှော်လင့်သင့်။ ယေရှု​ကောင်းကင်​သို့ ပြန်​ကြွ​သည့်​နောက် တမန်​တော်​ပေါလု​က ယခု​ယေရှုသည် “အဘယ်သူမျှ မ​ချဉ်းကပ်​နိုင်သော အလင်း​ထဲ​၌ နေ​တော်​မူ” ကြောင်း၊ ကိုယ်တော်​အား “အဘယ်သူမျှ​မမြင်ဖူး၊” “မမြင်နိုင်” ကြောင်း ဆိုပါ​သည်။ (၁ တိမောသေ ၆:၁၆) “သိမြင်” ဟူသော​သဘောဖြင့် “မြင်” ခြင်း​ကို ယောဟန်​ဆို​နေသည်​မှာ သိသာ​၏။ ဖန်ဆင်း​ရာ​များ​ကို​ထောက်၍ ဘုရားသခင့်​အ​ရူပ​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​မြင်နိုင် သိနိုင်​သကဲ့သို့​ဖြစ်သည်။ (ရောမ ၁:၂၀) “မိုးတိမ်​နှင့်အတူ​ကြွလာ” ခြင်း​မှာ တိမ်​နောက်ကွယ်​မှ​နေကို ပကတိ​မျက်စိ​က မမြင်နိုင်​သကဲ့သို့ ကိုယ်တော်​သည် အ​ရူပ​ဖြစ်​လိမ့်​မည်​ကို ဆိုလို​၏။ နေ့​အချိန်တွင် နေကို​တိမ်​ကွယ်​သောအခါ​မှာ​ပင် ပတ်ဝန်းကျင်​ရှိ နေ့​အလင်း​ကို​ထောက်ရှု၍ နေ​ရှိသည်​ကို ကျွန်ုပ်​တို့​သိရ​သည်။ ထို့​နည်းတူ၊ သခင်​ယေရှုသည် အ​ရူပ​ဖြစ်သော်လည်း ‘မိမိ​နှင့်​ဆိုင်သော သတင်းကောင်းကို မနာခံ​သူတို့​အပေါ် လက်စားချေ​တော်​မူ​သောအခါ မီးလျှံ’ ပ​မာ ထင်ရှား​တော်​မူ​လိမ့်​မည်။ ဤသူတို့​လည်း ကိုယ်တော်​ကို မမြင်​ချင်​ဘဲ “မြင်ရ​ကြ​မည်။”—၂ သက်သာလောနိတ် ၁:၆-၈; ၂:၈

၈။ (က) “ကိုယ်တော်​ကို ထိုးဖောက်​သော​သူတို့” ကား အေဒီ ၃၃ ခု​၌ မည်သူ​များ​ဖြစ်၍ ယနေ့ မည်သူ​များ​ဖြစ်သနည်း။ (ခ) ယေရှုသည် မြေကြီးပေါ်​၌ မရှိတော့​ပြီ​ဖြစ်​ရ​ကား လူတို့သည် ‘ကိုယ်တော်​ကို’ မည်သို့ ‘ထိုးဖောက်’ နိုင်​သနည်း။

“ကိုယ်တော်​ကို ထိုးဖောက်​သော​သူတို့​ပါ” ‘မြင်’ ရ​ကြ​မည်။ သူတို့​မည်သူ​များ ဖြစ်​နိုင်​မည်​နည်း။ အေဒီ ၃၃ ခုနှစ် ယေရှု​သေဒဏ်​စီရင်ခြင်း​ခံရ​စဉ် ရောမ​စစ်သား​များ ကိုယ်တော့်​ကို တကယ်​ထိုးဖောက်​ခဲ့​သည်။ ဂျူး​များလည်း ထို​လူသတ်မှု​အပြစ်​နှင့် မကင်း​ပါ။ အကြောင်း​မှာ၊ ပင်တေကုတ္တေပွဲနေ့​၌ ပေတရု​က ဂျူး​အချို့​တို့အား “လက်ဝါးကပ်တိုင်​မှာ [သင်တို့] ကွပ်မျက်​သော​ယေရှုကို ဘုရားသခင်​သည် ခရစ်တော်​အရာ​၌​လည်းကောင်း၊ အစိုးရ​သော​အရှင်​အရာ​၌​လည်းကောင်း ခန့်​ထား​တော်​မူ​သည်” ဟု ပြောကြား​ခဲ့​သည်။ (တမန်​တော် ၂:၅-၁၁၊ ၃၆; ဇာခရိ ၁၂:၁၀ နှိုင်းယှဉ်; ယောဟန် ၁၉:၃၇ ) ထို​ရောမ​လူများ​နှင့် ဂျူး​တို့​သေဆုံး​ခဲ့​သည်​မှာ အနှစ် ၂,၀၀၀ နီးပါး​ရှိပြီ။ ထို့​ကြောင့် ယနေ့ ‘ကိုယ်တော်​ကို ထိုးဖောက်’ သူတို့သည် ယေရှု​ကွပ်မျက်​ခံရ​စဉ် ကိုယ်တော်​ကို မုန်းတီးသော​သဘော ပြ​ခဲ့​သူများ​နှင့်​တူ​သည့် နိုင်ငံ​များနှင့်​လူများ​ကို ပုံဆောင်​ရ​ပေမည်။ ယေရှုသည် ကမ္ဘာ​ပေါ်မှာ​မရှိတော့။ သို့သော် အတိုက်အခံပြု​သူတို့သည် ယေရှု​အတွက် သက်သေခံ​သော ယေဟောဝါသက်သေ​များ​ကို ကိုယ်​ထိ​လက်ရောက် နှိပ်စက်​လျှင်​ဖြစ်စေ၊ ထိုသို့​နှိပ်စက်​သည်ကို သဘောတူ​သည့်​အနေ​နှင့် လက်ပိုက်​ကြည့်​လျှင်​ဖြစ်စေ၊ ယေရှု​ကိုယ်တော်တိုင်​ကို ‘ထိုးဖောက်’ သည်​နှင့် မ​ခြား​ပါ။—မဿဲ ၂၅:၃၃၊ ၄၁-၄၆

“အာလဖ​နှင့် ဩ​မေ​ဃ”

၉။ (က) ယခု မည်သူ​မိန့်မြွက်​သနည်း။ ဗျာဒိတ်ကျမ်း​၌ အကြိမ်​မည်မျှ မိန့်မြွက်​သနည်း။ (ခ) မိမိကိုယ်ကို “အာလဖ​နှင့် ဩ​မေ​ဃ၊” “အနန္တ​တန်ခိုးရှင်” ဟု ယေဟောဝါ သမုတ်​တော်​မူ​ရာ​၌ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

အံ့ဖွယ်​တ​ကာ့ အံ့ဖွယ်​ပင်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​ကိုယ်တော်တိုင် မိန့်မြွက်​တော်​မူ​ပြီ။ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏ မြင့်မြတ်​သော​သွန်သင်ရှင်၊ ဗျာဒိတ်တော်​၏ ပင်ရင်း​အမြစ်​ဖြစ်​ရ​ကား ဖွင့်လှစ်​လု​ဆဲ ရူပါရုံ​များ​အတွက် ကိုယ်တော်တိုင် နိဒါန်း​ပျိုး​သည်​မှာ လျောက်ပတ်​ပေ​စွ။ (ဟေရှာယ ၃၀:၂၀) ကျွန်ုပ်​တို့၏​ဘုရားသခင်​က “ငါသည် အာလဖ​နှင့် ဩ​မေ​ဃ​ဖြစ်၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်​ကာလ အစဉ်​ရှိတော်မူသော အနန္တ​တန်ခိုးရှင်​ဖြစ်၏” ဟု မိန့်တော်မူ၏။ (ဗျာဒိတ် ၁:၈) ယေဟောဝါ​ကိုယ်တော်တိုင် ကောင်းကင်ဘုံ​မှ သုံးကြိမ်​တိုင်တိုင် မိန့်မြွက်​ခဲ့​ရာ၊ ဤ​တစ်ကြိမ်​မှာ ပထမဦးဆုံး​အကြိမ်​ဖြစ်၏။ (ဗျာဒိတ် ၂၁:၅-၈; ၂၂:၁၂-၁၅ ကိုလည်း​ရှု။) ပထမ​ရာစု ခရစ်ယာန်​များ​က အာလဖ​နှင့် ဩ​မေ​ဃ​မှာ ဂရိ​အက္ခရာ​၏​ပထမ​နှင့် နောက်ဆုံး​ဗျည်း​များ​ဖြစ်​ကြောင်း ချက်ချင်း​သိ​ကြလိမ့်မည်။ ယေဟောဝါ​က မိမိကိုယ်ကို ထို​ဗျည်း​နှစ်လုံး​ဖြင့်​ခေါ်​ခြင်း​က မိမိ​အလျင် အဘယ် အနန္တ​တန်ခိုးရှင်​မျှ​မရှိ၊ မိမိ​နောက်​၌​လည်း ရှိ​မည်​မဟုတ်​ကြောင်း အလေးအနက်​ပြု​သည်။ ကိုယ်တော်​သည် မည်သူ​ဘုရားသခင်​ဖြစ်သည်​ဟူသော အရေးကိစ္စကို အောင်မြင်စွာ အပြီး​အ​ငြိမ်း ဖြေရှင်း​တော်​မူ​မည်။ ကိုယ်တော်​သည် တစ်ပါး​တည်း​သော အနန္တ​တန်ခိုးရှင် ဘုရားသခင်၊ မိမိ​ဖန်ဆင်း​ရာ​များ အားလုံး​အပေါ်​စိုးစံ​သော အမြင့်ဆုံး​အချုပ်အခြာအာဏာ​ပိုင်​အဖြစ် ထာဝစဉ် သင်္ကာ​ယန ကင်း​တော်​မူ​မည်။—ဟေရှာယ ၄၆:၁၀; ၅၅:၁၀၊ ၁၁ နှိုင်းယှဉ်။

၁၀။ (က) ယောဟန်​ဆက်လက်​၍ မိမိ​အကြောင်း မည်သို့​တင်ပြ​သနည်း။ သူ​အဘယ်​မှာ အချုပ်ခံ​နေရ​သနည်း။ (ခ) ယောဟန်​ရေး​သော ကျမ်းလိပ်​ကို မည်သူ​များ​၏ ဝိုင်းဝန်း​ကူညီ​မှု​ဖြင့် အသင်းတော်များ​ထံ​သို့ ပို့​ခဲ့​ခြင်း​ဖြစ်​ရမည်​နည်း။ (ဂ) ဝိညာဉ်​အစာကို ယနေ့ အဘယ်​နည်းဖြင့် မကြာခဏ ဖြန့်ဝေ​ခဲ့​သနည်း။

၁၀ ယောဟန်​က ယေဟောဝါ​သည် အလိုတော်​ရှိသည့်အတိုင်း အမှုကို​အဆုံးသတ်​မည်​ကို ယုံကြည်​စိတ်ချ​ကာ ကျွန်ချင်း​တို့အား ဤသို့​ရေး​လိုက်​သည်။ “ဆင်းရဲခြင်း​၌​လည်းကောင်း၊ နိုင်ငံတော်​၌​လည်းကောင်း၊ ယေရှု​နှင့်အတူ ကြံ့ကြံ့ခံ​ခြင်း​၌​လည်းကောင်း သင်တို့​နှင့် ဝေမျှ​ခံစား​သူ သင်တို့၏​ညီအစ်ကို ငါ​ယောဟန်သည် ဘုရားသခင့်​အကြောင်း ဟောပြောခြင်း​ကြောင့်၊ ယေရှု​အကြောင်း သက်သေခံခြင်း​ကြောင့် ပတ်မု​ခေါ်​ကျွန်း​သို့ ရောက်နေ​ပါ​သည်။” (ဗျာဒိတ် ၁:၉) သတင်းကောင်း​ကြောင့် ပတ်မု​၌ တစ်ကျွန်း​ကျ​သူ၊ မိမိ​ညီအစ်ကို​များနှင့်​အတူ ဆင်းရဲ​ဒုက္ခများ​ကို ကြံ့ကြံ့ခံ​လျက် လာ​လတ္တံ့​သော နိုင်ငံတော်​၌ ပါဝင်​စိုးစံ​ရန် အခိုင်အမာ​မျှော်လင့်​သူ၊ အိုမင်း​ပြီ​ဖြစ်သည့် ယောဟန်​သည် ဗျာဒိတ်တော်​၏ ပထမ​ရူပါရုံ​ကို ယခု​မြင်ရ​လေ​ပြီ။ ယောဟန်​အတန်းအစား​သည် ထို​ရူပါရုံ​များ​၏ ပြည့်စုံချက်​ကို​မြင်ရ​၍ ယနေ့ လှုံ့ဆော်​ခံရ​သကဲ့သို့ ယောဟန်​သည် ထို​ရူပါရုံ​များ​ကြောင့် များစွာ​အားတက်​မိ​မည်​မုချ။ ယောဟန်​သည် ထို​အချိန်၌ အချုပ်ခံ​နေရ​သောကြောင့် ဗျာဒိတ်ကျမ်း​ကို အသင်းတော်များ​သို့ မည်သို့​ပို့​ခဲ့​သည်ကို ကျွန်ုပ်​တို့​မသိ​ပါ။ (ဗျာဒိတ် ၁:၁၁; ၂၂:၁၈၊ ၁၉) ယေဟောဝါ​၏ ကောင်းကင်တမန်​များ ပူးပေါင်း​ဆောင်ရွက်​ခဲ့​၍ ဖြစ်​ရမည်။ ယနေ့ ပိတ်ပင်​တားမြစ်​မှု​အောက် အမှုတော်​ဆောင်သော သစ္စာရှိ သက်သေခံ​များ​ကို ကောင်းကင်တမန်​များ ကြိမ်ဖန်​များစွာ ကာကွယ်​သဖြင့် ထို​သက်သေခံ​တို့သည် သမ္မာတရား​ငတ်ပြတ်​နေသော မိမိတို့​ညီအစ်ကို​များ​ထံ အချိန်တန်​ဝိညာဉ်​အစာ ပို့​နိုင်​ခဲ့​ကြသည်​နည်းတူ ဖြစ်​ပေမည်။—ဆာလံ ၃၄:၆၊ ၇

၁၁။ ယောဟန် မြတ်နိုးသော​အခွင့်အရေး​နှင့် အလားတူ​သည့် အဘယ်​အခွင့်အရေး​ကို ယနေ့ ယောဟန်​အတန်းအစား​က အလွန်​တန်ဖိုး​ထား​သနည်း။

၁၁ အသင်းတော်များ​နှင့် ဆက်သွယ်​ရာ​၌ ဆက်သွယ်ရေး​လမ်းကြောင်း​တော်​အဖြစ် ယေဟောဝါ​၏ အသုံးပြုခြင်း​ကို​ခံရ​သော မိမိ၏​အခွင့်အရေး​ကို ယောဟန် အလွန်​လေးမြတ်​တန်ဖိုး​ထားခဲ့​ပေမည်။ ထို့​အတူ၊ ယနေ့ ယောဟန်​အတန်းအစား​လည်း ဘုရားသခင့်​အိမ်တော်သား​များ​အား “အချိန်တန်​အစာ” ပေးခြင်း​တည်း​ဟူသော မိမိတို့၏ အခွင့်အရေး​ကို အလွန်​ပင်​တန်ဖိုး​ထား​၏။ (မဿဲ ၂၄:၄၅က​ဘ) အသင်​သည် ဤ​ဝိညာဏ​ကျွေးမွေး​မှု​ကြောင့် ခွန်အား​ရပြီး ဘုန်း​ရှိသည့် ထာဝရ​အသက်​ပန်းတိုင်​သို့ တက်လှမ်းနိုင်​သူများ​တွင် ပါဝင်​နိုင်​ပါစေ။—သုတ္တံ ၃:၁၃-၁၈; ယောဟန် ၁၇:၃

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ခက်ခဲ​သော​ကာလ​အတွင်း ဝိညာဉ်​အစာ​ရယူခြင်း

ဤ​နောက်ဆုံး​ကာလ​အတွင်း ယေဟောဝါသက်သေ​များ ဤမျှ​တိုင် နှိပ်စက်​ညှဉ်းပန်းမှု​နှင့် အခက်အခဲ ကြုံတွေ့​နေရ​ကား ယုံကြည်ခြင်း၌ ခိုင်ခိုင်​မြဲ​မြဲ ရပ်တည်​နိုင်​ရန် ဝိညာဉ်​အစာ​ရရှိဖို့ အလွန်​အရေးကြီး​လှ​၏။ များသောအားဖြင့် လုံလောက်​သော​အစာကို ရရှိကြ​ပေ​သည်။ အခါ​ပေါင်း​များစွာ ယေဟောဝါ​၏ အံ့ချီးဖွယ်​တန်ခိုးတော် ကျေးဇူး​ကြောင့်​ဖြစ်သည်။

ဥပမာ၊ ဂျာမန်​နိုင်ငံ​၌ ဟစ်တလာ​ကြီးစိုး​စဉ် ရက်စက်​သော နာဇီ​အာဏာပိုင်​များ​က ကင်းမျှော်စင် ကို​ပိတ်ပင်​ထား​သော်လည်း သက်သေခံ​များသည် ၎င်းကို ဖယောင်း​မိတ္တူ​ကူး​၍ ဖြန့်ဝေ​ခဲ့​သည်။ ဟ​မ်း​ဘ​တ်​မြို့၌ ထိုသို့​ဖယောင်း​မိတ္တူ​ကူး​သော အိမ်​တစ်အိမ်​ကို လျှို့ဝှက်​ရဲအဖွဲ့က ဝင်စီး​သည်။ အိမ်သည် သေးငယ်​သဖြင့် ပစ္စည်း​ကို အဘယ်​မှာ​ပင် သို​ဝှက်​စေ​ကာ​မူ မ​လုံခြုံ။ လက်နှိပ်စက်​ကို ဗီရို​ထဲ​၌​ထား​သည်။ ဝန်​ကျယ်​သော ဖယောင်း​မိတ္တူ​ကူးစက်​နှင့် တန်ဆာပလာ​များ​ကို​မူ မြေ​တိုက်ခန်း​ရှိ အာလူးထည့်​သည့်​ပု​တ်​ထဲ​၌ သိမ်းဆည်း​ထား​သည်။ ပု​တ်​နောက်​၌ မဂ္ဂဇင်း​အပြည့်​ထည့်​ထား​သည့် လက်ဆွဲ​သေတ္တာ​တစ်လုံး ရှိသေး​သည်။ ရဲ​များ မလွဲဧကန်​တွေ့ရ​ကြ​တော့​မည်။ သို့သော် ဘာဖြစ်​ခဲ့​သနည်း။ ဗီရို​ကို​ဖွင့်​ကြည့်​သော အရာရှိ​သည် သူ့​ဖွင့်​ပုံ​ကြောင့် လက်နှိပ်စက်​ကို​မမြင်​လိုက်​ချေ။ မြေ​တိုက်ခန်း​နှင့်​ပတ်သက်​၍​မူ အိမ်ရှင်​ဖြစ်သူက အောက်ပါ​အတိုင်း ပြန်​ပြောပြ​၏။ “အရာရှိ​သုံးဦး အခန်း​အလယ်​၌ ရပ်နေ​ကြသည်။ ပု​တ်​ထား​သည့်​နေရာမှာ​ပင်​ဖြစ်သည်။ ၎င်း​၏​နောက်​၌​လည်း ကင်းမျှော်စင် အပြည့်​ပါ​သော လက်ဆွဲ​သေတ္တာ​ရှိ၏။ သို့သော် တစ်ယောက်​က​မျှ သတိပြုမိ​ဟန်​မရှိ။ မျက်စိကန်း​သွား​ကြ​သည့်​နှယ်​ပင်။” ဘုရားသခင့် အံ့ချီးဖွယ်​စောင့်မ​မှု​ကြောင့် အိမ်ရှင်​သည် ခက်ခဲ​၍​အန္တရာယ်​ထူပြော​သော အခါသမယ​အတွင်း ဝိညာဉ်​အစာကို ဆက်လက်​ထောက်ပံ့​နိုင်​ခဲ့​ပေ​သည်။

၁၉၆၀ ပြည့်လွန်​နှစ်များ​အတွင်း နိုင်ဂျီးရီးယား​နိုင်ငံ​နှင့် ၎င်း​မှ​ခွဲထွက်​သွားသော ဘီယာ​ဖ​ရာပြည်​နယ်​တို့​စပ်ကြား ပြည်တွင်းစစ်​ဖြစ်​ခဲ့​သည်။ ဘီယာ​ဖ​ရာ​တစ်​နယ်​လုံး​ကို နိုင်ဂျီးရီးယား​ပိုင်​နယ်မြေ​က ဝိုင်းရံ​ထား​သည်​ဖြစ်​ရ​ကား အပြင်​လောက​နှင့်​ဆက်သွယ်​သည့် တစ်ခု​တည်း​သော​ဆက်သွယ်မှု​မှာ လေယာဉ်​ပြေးလမ်းကြောင်း​သာ​ဖြစ်သည်။ သို့​ဖြစ်၍ ဘီယာ​ဖ​ရာ​မှ သက်သေခံ​များ ဝိညာဉ်​အစာ​အထောက်အပံ့ ဖြတ်တောက်​ခံရ​မည့် အန္တရာယ်​နှင့် ကြုံနေ​သည်။ သို့​တ​စေ၊ ၁၉၆၈ ခု နှစ်ဦး​၌ ဘီယာ​ဖ​ရာ​အာဏာပိုင်​များ​က မိမိတို့၏​အရပ်သား​ဝန်ထမ်း​တစ်ဦး​ကို ဥရောပ​၌ အရေးပါသော​ရာထူး ခန့်အပ်​လိုက်​သည်။ နောက်​တစ်ဦး​အား ဘီယာ​ဖ​ရာ လေယာဉ်​ပြေးလမ်းကြောင်း​ကို တာဝန်​ပေး​လိုက်​သည်။ ဖြစ်​ပုံ​က သူတို့​နှစ်ဦး​မှာ ယေဟောဝါသက်သေ​များ ဖြစ်​ကြသည်။ သူတို့သည် ဘီယာ​ဖ​ရာ​နှင့် အပြင်​လောက​ဆက်သွယ်​သည့် တစ်ခု​တည်း​သော ဆက်သွယ်မှု​၏ အစွန်းနှစ်ဖက်​တွင် ရှိနေကြ​သည်။ သူတို့​နှစ်ဦး​က ၎င်း​သည် ယေဟောဝါ​၏​အစီအစဉ်​ဖြစ်​ရမည်ဟု သိမှတ်​ကြသည်။ ထို့​ကြောင့် ဘီယာ​ဖ​ရာ​သို့ ဝိညာဉ်​အစာ တင်သွင်းခြင်း​တည်း​ဟူသော အရဲစွန့်​ပြီး သတိကြီး​စွာ​နှင့် လုပ်ကိုင်​ရသည့်​အလုပ်ကို စေတနာ​ဖြင့် ဝင်လုပ်​ကြသည်။ စစ်​ကာလ​တစ်လျှောက်​လုံး အောင်မြင်စွာ ဆောင်ရွက်​နိုင်​ခဲ့​ကြသည်။ သူတို့​ထဲ​က​တစ်ဦး​က “ဒီ​အစီအစဉ်ဟာ လူ​ကြံ​လို့​ရတာ​မျိုး​မဟုတ်ဘူး” ဟု​ဆို​၏။

[စာမျက်နှာ ၁၉ ပါ ဇယား]

ဗျာဒိတ်ကျမ်း​ပါ ပုံဆောင်​ဂဏန်း​များ

ဂဏန်း ပုံဆောင်​အဓိပ္ပာယ်

၂ အမှု​တစ်ခု အခိုင်အမာ​အတည်ပြု​ခြင်း​ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၁၁:၃၊ ၄; တရားဟောရာ ၁၇:၆ နှိုင်းယှဉ်။)

၃ လေးနက်မှု​ကို​ပြ​သည်။ ပြင်းထန်မှု​ကိုလည်း​ညွှန်း​သည်။ (ဗျာဒိတ် ၄:၈; ၈:၁၃; ၁၆:၁၃၊ ၁၉)

၄ တစ်ကမ္ဘာ​လုံး​နှံ့စပ်​ခြင်း၊ သို့​မဟုတ် အချိုး​ညီမျှမှု​၌ တိကျ​ညီညာ​ခြင်း​ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၄:၆; ၇:၁၊ ၂; ၉:၁၄; ၂၀:၈; ၂၁:၁၆)

၆ မစုံလင်မှု၊ သာမန်​မဟုတ်သော၊ ပုံပန်း​ပျက်​သော​အရာ​ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၁၃:၁၈; ၂ ဓမ္မ​ရာဇဝင် ၂၁:၂၀ နှိုင်းယှဉ်။)

၇ ယေဟောဝါ သို့​မဟုတ် စာတန်​၏ ရည်ရွယ်ချက်များ​နှင့်​စပ်​လျ​ဉ်း​သော ဘုရားသခင့်​သတ်မှတ်​ရာ ပြည့်စုံမှု​ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၁:၄၊ ၁၂၊ ၁၆; ၄:၅; ၅:၁၊ ၆; ၁၀:၃၊ ၄; ၁၂:၃)

၁၀ မြေကြီးပေါ်​ရှိ အရာများ​နှင့်​ပတ်သက်​၍ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်း​ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၂:၁၀; ၁၂:၃; ၁၃:၁; ၁၇:၃၊ ၁၂၊ ၁၆)

၁၂ ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီးပေါ်​ဖြစ်စေ၊ ဘုရားသခင်​ဖွဲ့စည်း​တော်​မူ​သော အဖွဲ့အစည်း​ကို ဖော်ပြ​သည်။

၂၄ ယေဟောဝါ​၏​များပြား​သော (နှစ်ဆ​သော) ဖွဲ့စည်းမှု​အစီအစဉ်ကို ဖော်ပြ​သည်။ (ဗျာဒိတ် ၄:၄)

ဗျာဒိတ်ကျမ်း​မှ အချို့​ဂဏန်း​များ​ကို စာသား​အတိုင်း နားလည်​ရန်ဖြစ်​သည်။ များသောအားဖြင့် ရှေ့နောက်စကား​များ​က အဆုံးအဖြတ်​ပေး​သည်။ (ဗျာဒိတ် ၇:၄၊ ၉; ၁၁:၂၊ ၃; ၁၂:၆၊ ၁၄; ၁၇:၃၊ ၉-၁၁; ၂၀:၃-၅ တို့ကို​ရှု။)