မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်ခြင်းတေးသစ် သီဆိုခြင်း

အောင်ခြင်းတေးသစ် သီဆိုခြင်း

အခန်း ၂၉

အောင်​ခြင်း​တေးသစ် သီဆိုခြင်း

ရူပါရုံ ၉

ဗျာဒိတ် ၁၄:၁-၂၀

အကြောင်းအရာ– ၁၄၄,၀၀၀ သည် သိုးသငယ်​နှင့်အတူ ဇိအုန်​တောင်ပေါ်​တွင် ရှိကြ​၏။ ကောင်းကင်တမန် ကြေညာ​ချက်​များ မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​သည်။ ကောက်လှိုင်း​များ​ကို ရိတ်သိမ်း​၏

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်​မှ ဆင်းရဲ​ဒုက္ခ​ကြီး​အထိ

၁။ ဗျာဒိတ်​အခန်းကြီး ၇၊ ၁၂ နှင့် ၁၃ တို့​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဘာကို​သိရှိ​ခဲ့​ရပြီး ယခု​ဘာကို​သိရ​မည်​နည်း။

ရုံပြောင်း​ကာ ယောဟန်​၏​နောက်​ရူပါရုံ​တစ်ခု​ကို ရှုစား​ရသည်မှာ စိတ်​လန်းဆန်းဖွယ်​ပါ​တကား။ သခင့်​နေ့​တော်​အတွင်း ယေဟောဝါ​၏ သစ္စာရှိ​အမှုတော်ထမ်း​များနှင့် သူတို့၏​လှုပ်ရှား​ဆောင်ရွက်မှု​များ​ကို ယခု​ကျွန်ုပ်​တို့​မြင်ရ​ပြီ။ နဂါး​၏ ကိုးရိုးကားရား​နိုင်​ပြီး သားရဲ​နှင့်​တူ​သည့် အဖွဲ့အစည်း​များနှင့် တခြား​စီ​ပင်။ (ဗျာဒိတ် ၁:၁၀) ထို​ဘိသိက်ခံကျွန် ၁၄၄,၀၀၀ အားလုံး​ကို တံဆိပ်​ခတ်​၍​မပြီးမချင်း ဖျက်ဆီးခြင်း လေးမျက်နှာ​လေ​များ​ကို ချုပ်ကိုင်​ထား​ကြောင်း ဗျာဒိတ် ၇:၁၊ က ဖော်ထုတ်​နှင့်​ခဲ့ပြီ။ ထို​အချိန်ပိုင်း​၌ “မိန်းမ​၏​အမျိုးအနွယ်​ထဲ​မှ ကျန်ကြွင်း​သူများ” သည် နဂါး​စာတန်​၏ အထူး​ပစ်မှတ်​ဖြစ်လာ​ကြောင်း ဗျာဒိတ် ၁၂:၁၇ က အသိပေး​နှင့်​ပြီ။ ယေဟောဝါ​၏ သစ္စာရှိ​အမှုထမ်းများ​ကို ပြင်းပြင်းထန်ထန် ဖိစီး​နှိပ်ကွပ်​ပြီး ရက်စက်​စွာ​ညှဉ်းပန်း​နှိပ်စက်​ရန် မြေကြီးပေါ်​တွင် စာတန်​ပေါ်ထွန်း​စေသော နိုင်ငံရေး​အဖွဲ့အစည်း​များ​ကို ဗျာဒိတ်​အခန်းကြီး ၁၃ က ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်​နှင့်​ပြီ။ သို့သော် ထို​ရန်သူကြီး​သည် ဘုရားသခင့်​ရည်ရွယ်ချက်ကို မပျက်​ပြား​စေနိုင်။ စာတန်​၏ အ​ယု​တ်​တ​မာ​အဖျက်​လုပ်ငန်း​ကြားထဲ​မှ ၁၄၄,၀၀၀ အားလုံး​ကို အောင်မြင်စွာ စုသိမ်း​တော်​မူ​ကြောင်း ကျွန်ုပ်​တို့​သိရ​တော့​မည်။

၂။ ဗျာဒိတ် ၁၄:၁ ၌ ယောဟန်​က အဘယ်​ပျော်ရွှင်ဖွယ် ဇာတ်သိမ်း​ခန်း​၏ ပဏာမ​မြင်ကွင်း​ကို ကျွန်ုပ်​တို့အား ရှုမြင်​စေ​သနည်း၊ သိုးသငယ်​ကား မည်သူ​နည်း။

ပျော်ရွှင်ဖွယ် ၎င်း​ဇာတ်သိမ်း​ခန်း​၏ ပဏာမ​မြင်ကွင်း​ကို ယောဟန်​နှင့် ယနေ့​ယောဟန်​အတန်းအစား​က ရှုစား​ခွင့်​ရ​ကြ​၏။ “ထို့နောက် ငါ​ကြည့်​လိုက်​သော် ဇိအုန်​တောင်ပေါ်​တွင် သိုးသငယ် ရပ်နေ​သည်ကို ငါ​မြင်ရ​၏။ နဖူး​ပေါ်​တွင် သူ၏​နာမ​နှင့် ခမည်းတော်​၏ နာမတော်​ကို ရေးမှတ်​ထား​သူ တစ်သိန်းလေးသောင်း​လေး​ထောင်​သည်  သူနှင့်​အတူ​ရှိကြ​၏။” (ဗျာဒိတ် ၁၄:၁) ကျွန်ုပ်​တို့​မြင်ခဲ့​သည့်​အတိုင်း ဤ​သိုးသငယ်​သည် မာရ်နတ်နှင့် သူ၏​နတ်ဆိုး​များ​ကို ကောင်းကင်ဘုံ​မှ ရှင်းထုတ်​ပစ်ချ​လိုက်​သူ မိက္ခေလ​ပင်​ဖြစ်၏။ ကိုယ်တော်​သည် ဒံယေလ​ဖော်ပြ​သည့် “[ဘုရားသခင်​၏] အမျိုးသားချင်း​တို့၏​အမှုကို​စောင့်​သော” မိက္ခေလ​ပင်​ဖြစ်၍ ယေဟောဝါ​၏ ဖြောင့်မတ်​သော​စီရင်ချက်​အတိုင်း လုပ်ဆောင်​ရာ​၌ “ပေါ်လာ [“ရပ်တည်၊” က​ဘ]” ဖို့​အသင့်ပြင်​တော်​မူ​၏။ (ဒံယေလ ၁၂:၁; ဗျာဒိတ် ၁၂:၇၊) ကိုယ့်​အသက်ကို​စတေး​သော ဘုရားသခင်​၏ ဤ​သိုးသငယ်​သည် ၁၉၁၄ ခုနှစ်​မှ​စ၍ မေရှိယ​ဘုရင်​အဖြစ် ဇိအုန်​တောင်ပေါ်​မှာ ရပ်​လျက်​ရှိ​တော်​မူ​ပြီ။

၃။ သိုးသငယ်​နှင့် ၁၄၄,၀၀၀ ရပ်နေ​ရာ “ဇိအုန်​တောင်” ကား အဘယ်နည်း။

“ငါ​၏​ရှင်ဘုရင်​ကို သန့်ရှင်းသော​ဇိအုန်​တောင်တော်​ပေါ်မှာ ငါ​ကိုယ်တိုင်​ဘိသိက်ပေး​ပြီ” ဟု ယေဟောဝါ​ကြိုတင် မိန့်ကြား​သည့်​အတိုင်း​ဖြစ်သည်။ (ဆာလံ ၂:၆; ၁၁၀:၂) ဤ​ဇိအုန်​တောင်​သည် ဒါဝိဒ်​မင်းမျိုး​မှ ဆင်းသက်လာ​သော လူသား​ဘုရင်​များ​စိုးစံ​သည့် မြေကြီး​ယေရုရှလင်​မြို့​တည်ရာ ပထဝီ​နယ်မြေ၊ မြေကြီး​ဇိအုန်​တောင်​ကို မ​ရည်ညွှန်း​တော့​ချေ။ (၁ ရာဇဝင်ချုပ် ၁၁:၄-၇; ၂ ရာဇဝင်ချုပ် ၅:၂) ယေရှုသည် အေဒီ ၃၃ ခုနှစ်​၌ သေလွန်​၍ ထမြောက်​တော်​မူ​ပြီး​နောက် ကောင်းကင်​ဇိအုန်​တောင်ပေါ်​တွင် တိုက်​ထောင့်​အမြစ်​ကျောက်​အဖြစ် တင်မြှောက်​ခံရ​သောကြောင့်​ဖြစ်၏။ ထို​ဝေ​ဟ​င်​အရပ်၌ “အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​မြို့တော်​တည်း​ဟူသော ကောင်းကင်​ယေရုရှလင်​မြို့” ကို​တည်​ရန် ယေဟောဝါ စိတ်ပိုင်းဖြတ်​ထား​တော်​မူ​သည်။ ထို့​ကြောင့်၊ “ဇိအုန်​တောင်” သည် ယေရှု​နှင့်​ကိုယ်တော့် အမွေခံဖက်​များ​၏ ကြီး​မြင့်သော​ရာထူးကို တင်စား​၏။ နိုင်ငံတော်​တည်း​ဟူသော ကောင်းကင်​ယေရုရှလင်​မြို့​သည် သူတို့​ဖြင့် ဖွဲ့စည်းထား​၏။ (ဟေဗြဲ ၁၂:၂၂၊ ၂၈; ဧဖက် ၃:၆) သခင့်​နေ့​တော်​အတွင်း သူတို့အား ယေဟောဝါ​ချီးမြှောက်​တော်​မူ​သော ဘုန်း​ရှိသည့်​မင်း​ထိုက်​စိုး​တန် အခြေအနေ​ပင်​ဖြစ်သည်။ “အသက်​ကျောက်​များ” အနေ​နှင့် ဘိသိက်ခံ​ခရစ်ယာန်​တို့သည် ဘုန်းပွင့်​သော​သခင်​ယေရှု​ခရစ်​နှင့်အတူ ကြီးကျယ်​ခမ်းနား​လှ​သော ကိုယ်တော့်​နိုင်ငံတော်​ကို​ဝင်​စား၍ ကောင်းကင်​ဇိအုန်​တောင်ပေါ်​တွင် ရပ်တည်​နိုင်​မည့်​နေ့ကို ရာစုနှစ်များ​တစ်လျှောက် စိတ်ဇော​ဖြင့် စောင့်မျှော်​ခဲ့​ကြသည်။​—၁ ပေတရု ၂:၄-၆; လုကာ ၂၂:၂၈-၃၀; ယောဟန် ၁၄:၂၊ ၃

၄။ ၁၄၄,၀၀၀ အားလုံး ဇိအုန်​တောင်ပေါ်​တွင် ရပ်နေ​ကြသည်​မှာ အဘယ်​သို့​ဖြစ်​နိုင်​မည်​နည်း။

ယေရှု​သာမက၊ ကောင်းကင်​နိုင်ငံတော်​၌ ယေရှု၏​တွဲဖက်​အမွေခံ ၁၄၄,၀၀၀ ပါ ဇိအုန်​တောင်ပေါ် ရပ်နေ​ကြသည်​ကို ယောဟန်​မြင်ရ​၏။ ရူပါရုံ​ပြညွှန်​သော​အချိန်၌ ၁၄၄,၀၀၀ ထဲ​မှ ပုဂ္ဂိုလ်​အများအပြား ကောင်းကင်ဘုံ​သို့ ရောက်​နှင့်​ကြပြီ​ဖြစ်၏။ အားလုံး​ကား မဟုတ်။ ၎င်း​ရူပါရုံ​၏​နောက်ပိုင်း၌ သန့်ရှင်းသူ​အချို့ ဆက်၍​ကြံ့ကြံ့ခံ​ပြီး သစ္စာရှိ​ရှိ သေလွန်​ရန်လို​သေး​ကြောင်း ယောဟန်​သိရှိ​ရသည်။ (ဗျာဒိတ် ၁၄:၁၂၊ ၁၃) ထို့​ကြောင့်၊ ၁၄၄,၀၀၀ ထဲ​မှ​အချို့​သည် မြေကြီးပေါ်​ကျန်ရှိ​သေး​ကြောင်း ထင်ရှား​၏။ သို့​ဖြစ်​လျှင် သူတို့​အားလုံး ယေရှု​နှင့်အတူ ကောင်းကင်​ဇိအုန်​တောင်ပေါ်​တွင် ရပ်နေ​သည်ကို ယောဟန်​မြင်ရ​သည်​မှာ အဘယ်​သို့​နည်း။ * သူတို့သည် ဘိသိက်ခံ​ခရစ်ယာန်​အသင်းတော်​သားများ​အနေ​နှင့် “ဇိအုန်​တောင်၊ အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​မြို့တော် ယေရုရှလင်​မြို့​သို့​ရောက်​ကြ” ၍​ဖြစ်၏။ (ဟေဗြဲ ၁၂:၂၂) သူတို့သည် ပေါလု မြေကြီးပေါ်​ရှိ​ဆဲ​အချိန်​မှာ​ကဲ့သို့ ဝိညာဏ​အဓိပ္ပာယ်​အရ၊ ခရစ်တော်​ယေရှု​နှင့်အတူ ကောင်းကင်​အရပ်​များ​သို့ ချီးမြှင့်​တော်​မူ​ခြင်း​ခံရ​နှင့်​ပြီ။ (ဧဖက် ၂:၅၊ ၆) ထို့​ပြင်၊ ၁၉၁၉ ခုနှစ်​၌ “ဤ​နေရာသို့​တက်လာ​လော့” ဟူသော​ခေါ်ဖိတ်​ချက်​ကို သူတို့​လက်ခံ​ကာ ပုံဆောင်ချက်​အရ “မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​ကြ” ၏။ (ဗျာဒိတ် ၁၁:၁၂) ဤ​ကျမ်းချက်​များ​ကို​ထောက်​ခြင်း​ဖြင့် ဝိညာဉ်​ရေး​အရ ၁၄၄,၀၀၀ အားလုံး​သည် ယေရှု​ခရစ်​နှင့်အတူ ဇိအုန်​တောင်ပေါ်​တွင်​ရှိကြ​ကြောင်း သိရှိ​နိုင်​သည်။

၅။ ၁၄၄,၀၀၀ တို့၏​နဖူး​ပေါ်​တွင် မည်သူ​တို့၏​အမည်များ ရေးမှတ်​ထား​၍ အမည်​တစ်ခုစီ​သည် အဘယ်​အဓိပ္ပာယ်​ထူး​ရှိ​သနည်း။

၁၄၄,၀၀၀ တို့သည် အထိမ်းအမှတ်​ပြု ၆၆၆ ဂဏန်း​ဖြင့် တံဆိပ်​ခတ်​ခံရ​သော သားရဲ​ဝတ်ပြုသူ​များနှင့် ရောနှောခြင်း​မပြု။ (ဗျာဒိတ် ၁၃:၁၅-၁၈) ဤ​သစ္စာရှိ​တို့သည် ထို​သူတို့နှင့်​မတူဘဲ မိမိတို့​နဖူး​ပေါ်​တွင် ဘုရားသခင်​နှင့် သိုးသငယ်​နာမ​များ ပါရှိ​ကြ​၏။ ဂျူး​တစ်ဦး​ဖြစ်သူ ယောဟန်​အနေ​နှင့် ဘုရားသခင့်​နာမတော်​ကို ဟေဗြဲစကားလုံး יהוה အဖြစ် တွေ့ရ​မည်​သေချာ​သည်။ * ဤ​တံဆိပ်​ခတ်​ခံရ​သူတို့သည် နဖူး​ပေါ်​တွင် ယေရှု၏​ခမည်းတော် နာမတော်​ပါရှိ​သဖြင့် မိမိတို့သည် ယေဟောဝါ​၏ သက်သေ​များ၊ ကိုယ်တော်​၏ ကျွန်​များ​ဖြစ်​ကြောင်း လူအပေါင်း​ရှေ့ ထင်ရှားစေ​၏။ (ဗျာဒိတ် ၃:၁၂) မိမိတို့​နဖူး​ပေါ်​တွင် ယေရှု၏​နာမကို​လည်း အထင်အရှား​ဖော်ပြခြင်း​က မိမိတို့​အား ကိုယ်တော်​ပိုင်ဆိုင်​သည်ကို ဝန်ခံ​ကြောင်း​ပြ​၏။ ကိုယ်တော်​သည် သူတို့နှင့်​စေ့စပ်​ထားသော “ခင်ပွန်း၊” သူတို့​သည်လည်း ကိုယ်တော်​၏ “သတို့သမီး” လောင်း၊ “သတ္တဝါ​သစ်” ဖြစ်၍ ကောင်းကင်​အသက်တာ​မျှော်လင့်ချက်​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ကြသည်။ (ဧဖက် ၅:၂၂-၂၄; ဗျာဒိတ် ၂၁:၂၊ ၉; ၂ ကောရိန္သု ၅:၁၇ခ​မ) သူတို့သည် ယေဟောဝါ၊ ယေရှု​ခရစ်​တို့​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ၍ ၎င်း​က သူတို့၏​စဉ်းစား​ပြုမူပုံ​အားလုံး​အပေါ် ဩဇာ​လွှမ်းမိုး​၏။

တေးသစ်​ပ​မာ​ဖြစ်သော​သီချင်းကို သီဆို​ကြ​ခြင်း

၆။ ယောဟန် ဘာ​သီဆိုသံ​ကို​ကြား​ရ​၍ ၎င်းကို သူ​မည်သို့​ဖော်ပြ​သနည်း။

ယင်း​အချက်​နှင့်​အညီ ယောဟန် ဤသို့​သတင်းပို့​၏– “ထို​အခါ ကောင်းကင်​မှ များစွာသော ရေ​၏​အသံ​နှင့် ကျယ်လောင်​သော မိုးခြိမ်းသံ​ကဲ့သို့​သော အသံကို ငါ​ကြား​ရ၏။ ငါ​ကြား​ရသော​အသံသည် တေးသံရှင် စောင်း​သမားများ စောင်းတီး​၍ သီဆို​သော​အသံ​နှင့် တူ​၏။ သူတို့သည် ပလ္လင်တော်​ရှေ့၊ သက်ရှိ​သတ္တဝါ လေးပါး​နှင့် အကြီးအကဲ​များ​ရှေ့တွင် သီချင်း​သစ်​ပ​မာ​ဖြစ်သော သီချင်းကို သီဆို​လျက်​နေကြ၏။ မြေကြီးပေါ်​မှ ဝယ်ယူ​သော​သူ တစ်သိန်း​လေးသောင်း​လေး​ထောင်​မှတစ်ပါး မည်သူမျှ ထို​သီချင်းကို မ​သီဆို​တတ်။” (ဗျာဒိတ် ၁၄:၂၊ ၃) ၁၄၄,၀၀၀ တို့​က သာယာသော သံပြိုင်တေး​သီချင်း သီဆို​ကြသည်​ကို ယောဟန်​ကြား​ရသောအခါ မြည်ဟည်း​သော ရေတံခွန်​များနှင့် မိုးကြိုး​ပစ်​သံ​များ​ကို သတိရ​သည်​မှာ အံ့ဩစရာ​မဟုတ်။ ကြည်လင်​သည့် စောင်း​ကဲ့သို့​သော နောက်ခံ​ဂီတ​သံ​သည် နာ​ပျော်​ဖွယ်​ပါ​တကား။ (ဆာလံ ၈၁:၂) ကမ္ဘာ​ပေါ်​ရှိ အဘယ်​တေးသံစုံ​အဖွဲ့က ထို​သံပြိုင်တေး​လောက် မြို​င်​မြို​င်​ဆိုင်​ဆိုင်​ရှိ​နိုင်​မည်​နည်း။

၇။ (က) ဗျာဒိတ် ၁၄:၃ ပါ တေးသစ်​ကား အဘယ်နည်း။ (ခ) ဆာလံ ၁၄၉:၁ ပါ​သီချင်းသည် ကျွန်ုပ်​တို့​ခေတ်​၌ မည်သို့​အသစ်​ဖြစ်လာ​သနည်း။

ထို “တေးသစ်” ကား အဘယ်နည်း။ ဗျာဒိတ် ၅:၉၊ ၁၀ ဆွေးနွေး​စဉ်​ဆို​ခဲ့​သည့်​အတိုင်း ၎င်း​တေးသစ်​သည် ယေဟောဝါ​၏ နိုင်ငံတော်​ရည်ရွယ်ချက်​နှင့်​လည်းကောင်း၊ ယေရှု​ခရစ်​အားဖြင့် ဝိညာဏ​ဣသရေလလူ​တို့ကို “ကျွန်တော်​တို့၏ ဘုရားသခင်​အဖို့ နိုင်ငံတော်​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်စေ” ရန်​တည်း​ဟူသော ဘုရားသခင့် အံ့ချီးဖွယ် စီမံချက်​နှင့်​လည်းကောင်း စပ်ဆိုင်​၏။ ယေဟောဝါ​ကို ချီးမွမ်း​သော​သီချင်း​ဖြစ်၍ ဘုရားသခင့်​ဣသရေလ​လူမျိုး​အားဖြင့်လည်း​ကောင်း၊ သူတို့​အဖို့​လည်းကောင်း ယေဟောဝါ​ဖြစ်မြောက်​စေတော်မူ​သည့် အမှု​သစ်​များ​ကို လူ​တို့အား သိ​ကြားစေ​၏။ (ဂလာတိ ၆:၁၆) ဝိညာဏ​ဣသရေလ​ဝင်​တို့သည် ဆာလံဆရာ​၏ အောက်ပါ​ဖိတ်ကြား​ချက်​ကို တုံ့ ပြန်​ကြ​ပေ​သည်– “ထာဝရ​ဘုရား​ရှေ့တော်၌ အသစ်​သော​သီချင်းကို​ဆို​၍ သန့်ရှင်းသူ​တို့ စည်းဝေးရာ​၌ ဂုဏ်တော်​ကို ချီးမွမ်း​ကြလော့။ ဣသရေလ​အမျိုး​သည် မိမိကို​ဖန်ဆင်း​တော်​မူ​သော ဘုရား​ကို​အမှီပြု၍ ဝမ်းမြောက်​စေ။ ဇိအုန်​သားတို့​သည် မိမိတို့​ရှင်ဘုရင်​ကို အမှီပြု၍ ရွှင်လန်း​ကြ​စေ။” (ဆာလံ ၁၄၉:၁၊ ၂) ထိုစကား​များ​ကို ရှေး​ရာစုနှစ်များစွာ​က ရေးခဲ့​သည်​မှန်​၏။ သို့သော် ကျွန်ုပ်​တို့​လက်ထက်​၌ အသစ်​သော​နားလည်​ချက်​ဖြင့် သီဆို​ကြ​၏။ ၁၉၁၄ ခုနှစ်​၌ မေရှိယနိုင်ငံတော် ဖွားမြင်​၏။ (ဗျာဒိတ် ၁၂:၁၀) ၁၉၁၉ ခုနှစ်​မှ​စ၍ ယေဟောဝါ​၏ လူမျိုးတော်သည် အားသစ်မာန်သစ် စိတ်ဇော​သစ်​ဖြင့် “နိုင်ငံတော်​၏​တရား​စကား” ကို စတင်​ကြေညာ​ကြသည်။ (မဿဲ ၁၃:၁၉) သူတို့သည် ၁၉၁၉ ခုနှစ် နှစ်ချုပ်​ကျမ်းချက် (ဟေရှာယ ၅၄:၁၇) ၏​စေ့ဆော်မှု​ကို ခံရ​သည့်​ပြင်၊ ဝိညာဏ​ပရဒိသု​အတွင်း​သို့ ပြန်ရောက်​လာ​သဖြင့် စိတ်ဓာတ်​တက်ကြွ​လာပြီး ထို​နှစ်​မှ​စ၍ ‘စိတ်နှလုံး​နှင့် ယေဟောဝါ​ရှေ့တော်၌ ကျူးဧ​၍ သီဆို​ကြ’ လေ​သည်။​—ဧဖက် ၅:၁၉

၈။ ဗျာဒိတ် ၁၄:၃ ပါ တေးသစ်​ကို အဘယ်ကြောင့် ၁၄၄,၀၀၀ သာ​လျှင် သင်ယူ​နိုင်​သနည်း။

သို့သော်၊ အဘယ်ကြောင့် ၁၄၄,၀၀၀ သာ ဗျာဒိတ် ၁၄:၃ ပါ တေးသီချင်း​ကို သင်ယူ​နိုင်​ကြ​သနည်း။ လက်ရွေးစင် ဘုရားသခင့်​နိုင်ငံတော်​အမွေခံများ​အဖြစ် သူတို့​တွေ့ကြုံ​သော​တွေ့ကြုံမှု​နှင့် ပတ်သက်သော​ကြောင့်​ဖြစ်၏။ သူတို့သာလျှင် ဘုရားသခင့်​သားများ​အဖြစ် မွေးစား​ခြင်း၊ ဝိညာဉ်တော်ဖြင့်​ဘိသိက်​ပေးခြင်း ခံရ​ကြသည်။ သူတို့သာလျှင် ထို​ကောင်းကင်​နိုင်ငံ​၏​အစိတ်အပိုင်း​ဖြစ်လာ​ရန် မြေကြီး​မှ​ဝယ်ယူ​တော်​မူ​ခြင်း​ခံရ​ကြ​ပြီး သူတို့သာလျှင် “ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ” ၍ ယေရှု​ခရစ်​နှင့်အတူ “ဘုရင်​များ​အဖြစ်​ဖြင့်​အုပ်စိုး” ကာ လူသားများ​ကို စုံလင်ခြင်း​အဖြစ်သို့ ပို့ဆောင်​ကြလိမ့်မည်။ သူတို့သာလျှင် ယေဟောဝါ​ရှေ့တော်၌ “တေးသစ်​ပ​မာ​ဖြစ်သော​သီချင်းကို သီဆို​လျက်​နေကြ” သည်ကို ယောဟန်​မြင်ရ​၏။ * အဆိုပါ​ထူးခြားသော အတွေ့အကြုံ​များနှင့် အလားအလာ​များ​ရှိကြ​သောကြောင့် သူတို့သာလျှင် နိုင်ငံတော်​အကြောင်းကို အထူး​နားလည်​ပြီး အခြား​မည်သူမျှ မတတ်နိုင်​သည့်​နည်းဖြင့် နိုင်ငံတော်​အကြောင်းကို သီဆို​နိုင်​ခြင်း​ဖြစ်သည်။​—ဗျာဒိတ် ၂၀:၆; ကောလောသဲ ၁:၁၃; ၁ သက်သာလောနိတ် ၂:၁၁၊ ၁၂

၉။ ဘိသိက်ခံ​တို့၏​သီဆိုခြင်း​ကို လူအုပ်ကြီး​က မည်သို့​တုံ့ပြန်​ခဲ့​ပြီး ဤနည်းဖြင့် အဘယ်​တိုက်တွန်း​စကား​အတိုင်း ပြု​ခဲ့​ကြပြီ​နည်း။

သို့​တ​စေ၊ အခြား​သူများ​သည် သူတို့၏​သီဆိုသံ​ကို​နားထောင်ပြီး တုံ့ပြန်​ကြ​၏။ ၁၉၃၅ ခုနှစ်​မှ​စ၍ တိုးပွားလျက်​ရှိသော အခြားသိုး​မှ လူအုပ်ကြီးသည် သူတို့၏​အောင်​ခြင်း​တေး​ကို​ကြား​ရ​၍ လှုံ့ဆော်​ခံရ​သဖြင့် သူတို့နှင့်​အတူ ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို ကြေညာ​ကြ​လေ​သည်။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) ဤ​လူသစ်များ​အနေ​နှင့် ဘုရားသခင့်​နိုင်ငံတော်​၏ အနာဂတ်​အုပ်စိုးရှင်​များ သီဆို​သော​တေးသစ်​ကို အတိအကျ မ​သီဆို​နိုင်​ကြသည်​မှန်​၏။ သို့​တ​စေ၊ သူတို့လည်း ယေဟောဝါ​၏ ဂုဏ်တော်​ကို​ချီးမွမ်း​သော ငြိ​မ့်​ညောင်း​သည့် သံပြိုင်တေး​ကို သီဆို​နိုင်​ကြ​ပေ​သည်။ ၎င်း​တေး​သည် ယေဟောဝါ ပြုလျက်​ရှိတော်မူသော အမှု​သစ်​များ​အတွက် ကိုယ်တော်​အား ထောမနာပြု​သည့် သီချင်း​ဖြစ်သည်။ ဤနည်းဖြင့် ဆာလံဆရာ​၏ တိုက်တွန်းချက်​အတိုင်း ပြုလုပ်​ကြ​၏။ “ထာဝရ​ဘုရား​အား အသစ်​သော​သီချင်းကို​ဆို​ကြလော့။ မြေကြီးသား​အပေါင်း​တို့ ထာဝရ​ဘုရား​အား သီချင်းဆို​ကြလော့။ ထာဝရ​ဘုရား​အား သီချင်းဆို​၍ နာမတော်​ကို ကောင်းချီး​ပေး​ကြလော့။ ကယ်တင်​တော်​မူ​ခြင်း​တရားကို တစ်နေ့​ထက်​တစ်နေ့ ညွှန်ကြား​ကြလော့။ ဘုန်းတော်​ကို တစ်ပါး​အမျိုးသား​တို့​၌​လည်းကောင်း၊ အံ့ဖွယ်သော​အမှုတော်​တို့ကို ခပ်သိမ်း​သော​လူမျိုး​တို့​၌​လည်းကောင်း ဖော်ပြ​ကြလော့။ လူအမျိုးမျိုး​တို့၊ ထာဝရ​ဘုရား​သည် ဘုန်း​တန်ခိုး​အစွမ်း​သတ္တိ ရှိ​တော်​မူ​သည်​ဟု ဝန်ခံ​ကြလော့။ ရှိ​တော်​မူ​သည်​ဟု​ဝန်ခံ​ကြလော့။ ထာဝရ​ဘုရား စိုးစံ​တော်​မူ​သည်​ဟု တစ်ပါး​အမျိုးသား​တို့​တွင် ဟောပြောကြ​လော့။”​—ဆာလံ ၉၆:၁-၃၊ ၇၊ ၁၀; ၉၈:၁-၉

၁၀။ အကြီးအကဲ ၂၄ ပါး​ရှေ့၌ ၁၄၄,၀၀၀ သီဆို​ကြသည်​မှာ မည်သို့​ဖြစ်​နိုင်​သနည်း။

၁၀ အကြီးအကဲ ၂၄ ပါး​သည် ကောင်းကင်​ရာထူး​၌​ရှိသော ဘုန်း​အသရေ​ဆောင် ၁၄၄,၀၀၀ ပင်​ဖြစ်​ရ​ကား ၁၄၄,၀၀၀ သည် အကြီးအကဲ​များ “ရှေ့” ၌ မည်သို့​သီဆို​နိုင်​ကြ​မည်​နည်း။ သခင့်​နေ့​တော်​စောစော​ပိုင်း​တွင် “ခရစ်တော်​၌​သေလွန်​သော​သူတို့” သည် ဝိညာဉ်​သတ္တဝါများ​အဖြစ် ထမြောက်​လာ​ကြ​၏။ သို့​ဖြစ်၍ အောင်နိုင်​သော သစ္စာရှိ​ဘိသိက်ခံ​ခရစ်ယာန်​များသည် ယခု ကောင်းကင်ဘုံ​၌​ရှိကြ​ပြီး သူတို့သည် ယဇ်ပုရောဟိတ်​များ​ဖြစ်သော အကြီးအကဲအဖွဲ့ ၂၄ ဖွဲ့ ဆောင်ရွက်​သော အလုပ်များ​နှင့်​တူ​သည့်​အလုပ်များ​ကို ပုံခိုင်း​ချက်​အရ လုပ်ဆောင်ကြ​၏။ ယေဟောဝါ​၏ ကောင်းကင်​အဖွဲ့အစည်း​ဆိုင်ရာ​ရူပါရုံ​၌ သူတို့​ပါဝင်​ကြသည်။ (၁ သက်သာလောနိတ် ၄:၁၅၊ ၁၆; ၁ ရာဇဝင်ချုပ် ၂၄:၁-၁၈; ဗျာဒိတ် ၄:၄; ၆:၁၁) ထို့​ကြောင့် မြေကြီးပေါ်​၌ ကျန်ရှိ​ဆဲ​ဖြစ်သော ၁၄၄,၀၀၀ မှ အကြွင်းအကျန်​များသည် ထမြောက်​၍ ကောင်းကင်ဘုံ​သို့​ရောက်ရှိ​ကြသော မိမိတို့၏​ညီအစ်ကို​များ​ရှေ့၌ တေးသီချင်း​သစ်​ကို သီဆို​ကြ​ခြင်း​ဖြစ်သည်။

၁၁။ ဘိသိက်ခံ​အောင်နိုင်သူ​တို့ကို အကြီးအကဲ ၂၄ ပါး​အဖြစ်​လည်းကောင်း၊ ၁၄၄,၀၀၀ အဖြစ်​လည်းကောင်း အဘယ်ကြောင့် ညွှန်းဆို​သနည်း။

၁၁ ဤ​တွင် ကျွန်ုပ်​တို့​က ဘိသိက်ခံ​အောင်နိုင်သူ​များ​ကို ပုံခိုင်း​ချက်​ဖြစ်သော​အကြီးအကဲ ၂၄ ပါး​အဖြစ်​လည်းကောင်း၊ ၁၄၄,၀၀၀ အဖြစ်​လည်းကောင်း အဘယ်ကြောင့်​ရည်ညွှန်း​သနည်း ဟူ၍လည်း​မေး​နိုင်၏။ ဗျာဒိတ်ကျမ်း​က တစ်ခု​တည်း​သော​ဤ​အုပ်စု​ကို ရှုထောင့်​နှစ်ခု​မှ ကြည့်​သောကြောင့်​တည်း။ အကြီးအကဲ ၂၄ ပါး​ကို ယေဟောဝါ​၏​ပလ္လင်တော်​ဝန်းကျင်​တွင် ဘုရင်​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်သော သူတို့​နောက်ဆုံး​ရယူ​ကြ​မည့်​ရာထူး​၌ ရှိကြသည်​ကို တွေ့ရ​စ​မြဲ​ဖြစ်၏။ လက်ရှိ​အချိန်တွင် ၁၄၄,၀၀၀ ထဲ​မှ အကြွင်းအကျန်​အနည်းငယ် ကမ္ဘာ​ပေါ်​၌ ကျန်ရှိ​သေး​သည်​မှန်​သော်လည်း အကြီးအကဲ ၂၄ ပါး​က ၎င်း ၁၄၄,၀၀၀ အုပ်စု​တစ်ခုလုံး​ကို ပုံခိုင်း​၏။ (ဗျာဒိတ် ၄:၄၊ ၁၀; ၅:၅-၁၄; ၇:၁၁-၁၃; ၁၁:၁၆-၁၈) သို့ရာတွင် ဗျာဒိတ်​အခန်းကြီး ၇ က လူသား​တို့​ထဲ​မှ ဝယ်ယူ​တော်​မူ​သော ၁၄၄,၀၀၀ ကို အဓိက​ထား​၍​တင်ပြ​ပြီး ဝိညာဏ​ဣသရေလ​တစ်ဦးချင်း​ကို အရေအတွက်​ပြည့်​သည်​တိုင် တံဆိပ်​ခတ်​ရန်၊ မရေမတွက်​နိုင်သော လူအုပ်ကြီး​အား ကယ်တင်ခြင်း​ပေး​ရန်​တည်း​ဟူသော ယေဟောဝါ​၏ မဟာ​ရည်ရွယ်ချက်ကို အလေးအနက်​ဖော်ပြ​သည်။ ဗျာဒိတ်​အခန်းကြီး ၁၄ က အောင်နိုင်သူ နိုင်ငံတော်​အတန်းအစား​ဝင် ၁၄၄,၀၀၀ သည် သိုးသငယ်​နှင့်အတူ ဇိအုန်​တောင်ပေါ်​မှာ အရေအတွက်​အပြည့် စုဝေး​တော်​မူ​ခြင်း ခံရ​မည်​ဖြစ်​ကြောင်း ခိုင်လုံ​စေသည့် ကားချပ်​ကို ပုံဖော်​၏။ ၁၄၄,၀၀၀ အဝင်​ဖြစ်​ရန် ပြည့်မီ​ရမည့် အရည်အချင်းများ​ကိုလည်း တင်ပြ​၏။ ကျွန်ုပ်​တို့ ယခု​တွေ့ရ​တော့​မည့်​အတိုင်း​ဖြစ်၏။ *

သိုးသငယ်​၏​နောက်လိုက်​များ

၁၂။ (က) ၁၄၄,၀၀၀ အကြောင်းကို ယောဟန်​က မည်သို့​ဆက်လက်​ဖော်ပြ​သနည်း။ (ခ) ၁၄၄,၀၀၀ ကို လူပျို​စင်​များ​အဖြစ် ညွှန်းဆို​သည်​မှာ အဘယ်​အဓိပ္ပာယ်​ဖြင့်​နည်း။

၁၂ “မြေကြီးပေါ်​မှ​ဝယ်ယူ​သော” ၁၄၄,၀၀၀ အကြောင်းကို ယောဟန်​ရှေ့ဆက်​တင်ပြ​၏– “ဤ​သူတို့သည် မိမိတို့​ကိုယ်ကို မိန်းမ​များ​ဖြင့် မ​ညစ်ညူး​စေ​သူများ ဖြစ်​ကြ​၏။ အမှန်​သော်၊ သူတို့သည် လူပျို​စင်​များ ဖြစ်​ကြသည်။ သိုးသငယ် သွား​လေ​ရာ​ရာ​နောက်သို့ အစဉ်​တ​စိုက် လိုက်ပါ​သူများ ဖြစ်​ကြ​၏။ ဘုရားသခင်​နှင့် သိုးသငယ်​အဖို့ အသီး​ဦး​များ​အဖြစ် လူသား​တို့​ထဲ​မှ ဝယ်ယူ​သော​သူများ ဖြစ်​ကြသည်။ သူတို့၏​နှုတ်၌ မုသား​ကို​မ​တွေ့ရ။ သူတို့သည် အပြစ်​အနာအဆာ ကင်းစင်​ကြ​၏။” (ဗျာဒိတ် ၁၄:၄၊ ၅) ၁၄၄,၀၀၀ တို့သည် “လူပျို​စင်​များ” ဖြစ်​ကြသည်​ဟူသော​အချက်​က ယင်း​အတန်းအစား​ဝင်​တို့သည် အသွေးအသား​၌ ထိမ်းမြားခြင်း​မရှိကြောင်း​ကို မဆိုလို​ပါ။ ခရစ်ယာန်​တစ်ကိုယ်ရေ​ဘဝ​သည် အကျိုး​ထူး​သော်လည်း အချို့​သော​အခြေအနေ​များ​၌ ထိမ်းမြား​လျှင် သာ၍​ကောင်း​သည်​ဟု တမန်​တော်​ပေါလု​က ကောင်းကင်​သို့​ခေါ်တော်မူ​ခြင်း ခံရ​သော​သူတို့အား ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၇:၁၊ ၂၊ ၃၆၊ ၃၇) ၁၄၄,၀၀၀ အတန်းအစား​၏ ထူးခြားသော​ကြန်အင်​မှာ ဝိညာဏ လူပျို​စင်​ဖြစ်​ခြင်း​တည်း။ သူတို့သည် လောကီ​နိုင်ငံရေး​နှင့်​လည်းကောင်း၊ မိစ္ဆာ​ဘာသာ​နှင့်​လည်းကောင်း ဝိညာဏ​ဖောက်ပြားမှု​မပြု​ဘဲ ရှောင်​ခဲ့​ကြပြီ။ (ယာကုပ် ၄:၄; ဗျာဒိတ် ၁၇:၅) ခရစ်တော်​နှင့်​စေ့စပ်​ထားသော သတို့သမီး​အနေ​နှင့်၊ “မ​ဖြောင့်​မမှန် ဖောက်ပြန်သော​လူမျိုး​အထဲ​၌ အဘယ်​အပြစ်​မျှ​မပါ” အောင် မိမိတို့​ကိုယ်ကို စင်ကြယ်​စွာ​စောင့်ထိန်း​ခဲ့​ကြပြီ။​—ဖိလိပ္ပိ ၂:၁၅

၁၃။ ၁၄၄,၀၀၀ သည် အဘယ်ကြောင့် ယေရှု​အတွက် သင့်မြတ်​သော​သတို့သမီး​ဖြစ်၍ “သိုးသငယ် သွား​လေ​ရာ​ရာ​နောက်သို့” မည်သို့ “အစဉ်​တ​စိုက်​လိုက်ပါ” ကြ​သနည်း။

၁၃ ထို့​ပြင်၊ “သူတို့၏​နှုတ်၌ မုသာ​ကို​မ​တွေ့ရ။” ဤ​နေရာ၌ သူတို့၏​ဘုရင် ယေရှု​ခရစ်​နှင့်​တူ​ပေ​သည်။ စုံလင်သူ​တစ်ဦး​အနေ​နှင့် “ထို​သခင်သည် ဒုစရိုက်​ကို​မပြု။ နှုတ်​တော်​၌​လည်း မုသာ​ကို​ရှာမတွေ့။” (၁ ပေတရု ၂:၂၁၊ ၂၂) ၁၄၄,၀၀၀ သည် တစ်ချိန်တည်း​တွင် အပြစ်​အနာအဆာ ကင်းစင်​ကြ​၏၊ မုသာ​လည်း​မပြော​သောကြောင့် ယေဟောဝါ​၏ ယဇ်ပုရောဟိတ်​မင်းကြီး​အဖို့ စင်ကြယ်သော သတို့သမီး​ဖြစ်​ရန် အသင့်ရှိ​ကြ​၏။ ယေရှု​မြေကြီး​ပေါ်မှာ​ရှိ​စဉ် စိတ်နှလုံး​ဖြောင့်မှန်​သူများ​အား မိမိ​နောက်​တော်​သို့​လိုက်​ရန် ဖိတ်ခေါ်​တော်​မူ​၏။ (မာကု ၈:၃၄; ၁၀:၂၁; ယောဟန် ၁:၄၃) ခေါ်ဖိတ်​ချက်​ကို လက်ခံသူ​တို့သည် ကိုယ်တော့်​ဘဝ နည်းလမ်းတော်​ကို​အတု​ယူ၍ ဩ​ဝါဒ​များ​ကို နာခံကြ​၏။ သို့ဖြင့်၊ သူတို့သည် မြေကြီးပေါ်​အသက်​ရှင်​နေကြ​စဉ် စာတန့်​လောက​၌ သိုးသငယ်​လမ်းပြ​တော်​မူ​သည့်​အတိုင်း “သွား​လေ​ရာ​ရာ​နောက်သို့ အစဉ်​တ​စိုက် လိုက်ပါ” ကြ​၏။

၁၄။ (က) ၁၄၄,၀၀၀ တို့သည် အဘယ်​နည်းဖြင့် “ဘုရားသခင်​နှင့် သိုးသငယ်​အဖို့ အသီး​ဦး​များ” ဖြစ်​ကြ​သနည်း။ (ခ) အဘယ်​အဓိပ္ပာယ်​အရ၊ လူအုပ်ကြီး​လည်း အသီး​ဦး​များ​ဖြစ်​ကြ​သနည်း။

၁၄ ၁၄၄,၀၀၀ ကို “မြေကြီးပေါ်၊” “လူသား​တို့​ထဲ​မှ” ဝယ်ယူ​တော်​မူ​၏။ သူတို့ကို သားများ​အဖြစ် ဘုရားသခင်​မွေးစား​တော်​မူ​၏။ ထို့​ပြင်၊ သူတို့​ထမြောက်​သည့်​နောက် အသွေးအသား​နှင့် လူသား​မျှ​သာ​မဟုတ်​တော့။ အခန်းငယ် ၄ ဆို​သည့်​အတိုင်း၊ “ဘုရားသခင်​နှင့်​သိုးသငယ်​အဖို့ အသီး​ဦး​များ” ဖြစ်လာ​ကြသည်။ ပထမ​ရာစု​၌ ယေရှုသည် “အိပ်ပျော်​သော​သူတို့တွင် အ​ဦး​သီး​သော​အသီး​ဖြစ်​တော်​မူ” သည်​မှန်​၏။ (၁ ကောရိန္သု ၁၅:၂၀၊ ၂၃) သို့ရာတွင် ၁၄၄,၀၀၀ သည် ယေရှု၏​ယဇ်​ဖြင့်​ဝယ်ယူ​သည့် မစုံလင်​သော​လူ​တို့​အထဲ​မှ “အ​ဦး​သီး​သော​အသီး” ဖြစ်​ကြသည်။ (ယာကုပ် ၁:၁၈) သို့​တ​စေ၊ သူတို့ကို​စုသိမ်း​ပြီး​သည်​နှင့် လူသား​တို့​ထဲ​မှ အသီးအနှံကောက်သိမ်း​ခြင်း​အလုပ် ပြီးပြတ်​သွား​သည်မဟုတ်။ ဗျာဒိတ်ကျမ်း​က မရေမတွက်​နိုင်သော လူအုပ်ကြီး​တစ်အုပ်​ကို ရိတ်သိမ်းခြင်း​အကြောင်း ဖော်ပြ​ခဲ့ပြီ။ ထို​လူအုပ်ကြီး​က “ပလ္လင်တော်​ပေါ်​တွင် စံ​ပယ်​တော်​မူ​သော ကျွန်ုပ်​တို့၏​ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရ​ကြ​သတည်း” ဟစ်ကြော်​ကြ​၏။ လူအုပ်ကြီးသည် ဆင်းရဲ​ဒုက္ခ​ကြီး​ကို ကပ်ကျော်​ကြ​မည်။ “အသက်​စမ်းရေ​တွင်း​များ” မှ​ရေ​ကို သူတို့ အဆက်မပြတ် သောက်သုံး​သည်​နှင့်​အမျှ မြေကြီးပေါ်​တွင် စုံလင်သော လူသားများ​အဆင့်​သို့ ရောက်ရှိ​ကြ​မည်။ ဆင်းရဲ​ဒုက္ခ​ကြီး​ပြီး​သည့်​နောက်​၌ ဟေးဒီးစ်​သည် သွန်​မှော​က်​ခံရ​သဖြင့် သန်းပေါင်း​အ​သင်္ချေ​သော လူသားများ​ထမြောက်​လာ၍ ထို​အသက်ရေ​များ​ကို သောက်သုံး​ခွင့်​ရ​ကြလိမ့်မည်။ ဤ​အချက်​ကို​ထောက်​လျှင် လူအုပ်ကြီး​ကို အခြားသိုး​များ​ထဲ​မှ အသီး​ဦး​များ​ဟု​ခေါ်ဆို​နိုင်၏။ သူတို့သည် အဦးဆုံး “သိုးသငယ်​၏​သွေးတော်​၌ မိမိတို့၏​ဝတ်လုံကို ဖြူ​အောင်​လျှော်ဖွပ်” သူများ​ဖြစ်​ကြ​၍ မြေကြီးပေါ် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​ကြသည်။​—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄၊ ၁၇; ၂၀:၁၂၊ ၁၃

၁၅။ သုံးမျိုး​သော​အသီး​ဦး​များသည် မောရှေ​ပညတ်တရား​အောက် ကျင်းပ​သော​ပွဲ​များနှင့် အဘယ်​တူညီချက်​များ​ရှိ​သနည်း။

၁၅ သုံးမျိုး​သော​ထို​အသီး​ဦး (ယေရှု​ခရစ်၊ ၁၄၄,၀၀၀ နှင့် လူအုပ်ကြီး) တို့သည် ရှေး​မောရှေ​ပညတ်တရား​အရ ကျင်းပ​သော ပွဲတော်​သုံး​ပွဲ​နှင့် တူညီချက်​များ​ရှိသည်​မှာ စိတ်ဝင်စားဖွယ်​ဖြစ်၏။ နိသန်လ ၁၆ ရက်၊ အ​ဇု​မ​ပွဲ (တဆေးမဲ့​မုန့်​ပွဲ) အတွင်း မုယော​ကောက်​ဦး​လှိုင်း​တစ်​စည်း​ကို ယေဟောဝါ​အား ပူဇော်​၏။ (ဝတ်ပြုရာ ၂၃:၆-၁၄) နိသန်လ ၁၆ ရက်​နေ့​ကား၊ သေခြင်း​မှ ယေရှု​ထမြောက်​ရာ​နေ့​ပင်​တည်း။ နိသန်လ ၁၆ ရက်​နေ့​မှ​ရေတွက်​သော ရက် ၅၀ မြောက်​နေ့၌ ဣသရေလလူ​တို့သည် ဂျုံ​မှည့်​ကောက်​ဦး​သိမ်း​ပွဲ​ကို ကျင်းပ​ကြ​၏။ (ထွက်မြောက်ရာ ၂၃:၁၆; ဝတ်ပြုရာ ၂၃:၁၅၊ ၁၆) ထို​ပွဲ​ကို (“ငါးဆယ်​မြောက်” ဟူ၍​အဓိပ္ပာယ်​ရှိသော ဂရိ​စကားလုံး​ဖြစ်သည့်) ပင်တေကုတ္တေပွဲ (သီတင်း​ပွဲ) ဟု​ခေါ်တွင်​လာ​သည်။ ၁၄၄,၀၀၀ ၏​ပထမ​အသင်းဝင်​များ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ခံ​ကြ​သည့်​အချိန်​ကား အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​မှာ​ပင်​တည်း။ နောက်ဆုံး​၌ ကောက်လှိုင်း​ရှိသမျှကို​စုသိမ်း​သော သတ္တမ​လ​၌ သကေနေပွဲ (တဲ​နေ​ပွဲ) ကို​ကျင်းပ​ကြသည်။ ကျေးဇူးတော်​ကို ရွှင်လန်းစွာ​ချီးမွမ်း​ချိန်​ဖြစ်၍ ဣသရေလလူ​တို့သည် စွန်ပလွံ​ခက်​များ​အပါအဝင် သစ်​ခက်​များ​ဖြင့်​ပြုလုပ်​သည့်​တဲ​တွင် တစ်​သီတင်း​နေထိုင်ကြ​၏။ (ဝတ်ပြုရာ ၂၃:၃၃-၄၃) ထို့​နည်းတူ၊ မဟာ​ရိတ်သိမ်းခြင်း​မှ​ရသော ကောက်လှိုင်း​၏​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည့် လူအုပ်ကြီး​လည်း ပလ္လင်တော်​ရှေ့တွင် “လက်၌ . . . စွန်ပလွံ​ခက်​များ​ကို​ကိုင်​လျက်” ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​၏။​—ဗျာဒိတ် ၇:၉

ထာဝရ​သတင်းကောင်း ကြေညာ​ခြင်း

၁၆၊ ၁၇။ (က) ကောင်းကင်တမန်​တစ်ပါး အဘယ်​မှာ​ပျံသန်း​နေသည်​ကို ယောဟန်​တွေ့ရ​သနည်း၊ အဘယ်​ကြေညာ​ချက်​ကို ထုတ်ပြန်​နေသနည်း။ (ခ) နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​၌ မည်သူ​များ​ပါ​ဝင်၍ အဘယ်​အတွေ့အကြုံ​များ​က ဤ​အချက်​ကို​ပြသ​နည်း။

၁၆ ယောဟန် ဤသို့​ဆက်၍​ဆို​၏– “ထို့နောက် ကောင်းကင်​အလယ်တွင် အခြား​ကောင်းကင်တမန်​တစ်ပါး ပျံဝဲ​လျက်​နေသည်​ကို ငါ​မြင်ရ​၏။ သူသည် မြေကြီးပေါ်​တွင် နေထိုင်​သော သူတို့အား​လည်းကောင်း၊ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား၊ လူ​ပုဂ္ဂိုလ် အသီးသီး​တို့အား​လည်းကောင်း ဝမ်းမြောက်​ဖွယ်​သတင်း​အဖြစ်​ကြေညာ​ရန် ထာဝရ​သတင်းကောင်း ပါရှိ​၏။ သူက ‘ဘုရားသခင် တရား​စီရင်တော်မူ​ရာ အချိန်နာရီ ကျရောက်​ပြီ​ဖြစ်၍ ဘုရားသခင်​အား ခန့်ညား​ကြောက်ရွံ့​၍ ဘုန်းတော်​ကို ချီးမွမ်း​ကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် စမ်းရေ​တွင်း​များ​ကို ပြုလုပ်​တော်​မူ​သော​အရှင်​အား ကိုးကွယ်​ကြလော့’ ဟူ၍ ကြီးစွာ​သော စကားသံ​ဖြင့် မြွက်ဆို​၏။” (ဗျာဒိတ် ၁၄:၆၊ ၇) ဤ​ကောင်းကင်တမန်​သည် ငှက်​များ​ပျံသန်း​ရာ “ကောင်းကင်​အလယ်တွင်” ပျံဝဲ​လျက်​နေ​၏။ (ဗျာဒိတ် ၁၉:၁၇ နှိုင်းယှဉ်။) သို့​ဖြစ်၍ သူ့​အသံကို ကမ္ဘာ​တစ်ခွင်လုံး​တွင် ကြား​နိုင်၏။ ဤ​ကောင်းကင်တမန်​၏ ကမ္ဘာ​တစ်ဝန်း​ကြွေးကြော်​မှု​သည် အဘယ်​ရုပ်မြင်သံကြား သတင်းလွှင့်​ချက်​ထက်​မဆို ကျယ်ဝန်း​လှ​သည်​တကား။

၁၇ သားရဲ​နှင့် ၎င်း​၏​ရုပ်တုကို​မကြောက်​ဘဲ၊ စာတန်​ချုပ်ကိုင်​သော ပုံခိုင်း​ချက်​ဖြစ်သည့် သားရဲ​မှန်သမျှ​ထက် သာ၍​တန်ခိုး​ကြီးမားသော ပြိုင်​စံ​မဲ့သည့်​ယေဟောဝါ​အား ခန့်ညား​ကြောက်ရွံ့​ကြ​ရန် လူတိုင်း တိုက်တွန်း​ခံရ​၏။ စဉ်းစားသာ​ကြည့်။ ယေဟောဝါ​သည် ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​တော်​မူ​ပြီး ယခု၊ မြေကြီးကို​တရား​စီရင်တော်မူ​မည့်​အချိန် ကျရောက်​လေ​ပြီ။ (ကမ္ဘာဦး ၁:၁; ဗျာဒိတ် ၁၁:၁၈ နှိုင်းယှဉ်။) ယေရှု​မြေကြီးပေါ်​တွင်​ရှိ​စဉ် ကျွန်ုပ်​တို့​ခေတ်​နှင့်​ပတ်သက်​၍ ဤသို့​ပရောဖက်ပြု​တော်​မူ​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောကီ​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည် ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ဘိသိက်ခံ​ခရစ်ယာန် အသင်းတော်သည် ဤ​ခိုင်းစေ​ချက်​အတိုင်း လုပ်ဆောင်​လျက်​ရှိ၏။ (၁ ကောရိန္သု ၉:၁၆; ဧဖက် ၆:၁၅) ဤ​တွင် ဗျာဒိတ်ကျမ်း​က ယင်း​ဟောပြောခြင်း​လုပ်ငန်း​၌ အ​ရူပ​ကောင်းကင်တမန်​များလည်း ပါဝင်​ကြ​ကြောင်း ဖော်ပြ​၏။ ပူပန်​သောကရောက်​၍ ဝိညာဏ​ကူညီ​မှု​ကို တောင့်တ​ရုံ​မ​က ဆုတောင်း​လျက်​ပင်​နေသော ပုဂ္ဂိုလ်​များ​ထံ​သို့ ယေဟောဝါသက်သေ​များ​ရောက်ရှိ​သွား​သည့်​ကိစ္စ​များ​၌ ကောင်းကင်တမန်​၏ ညွှန်ကြားမှု​ပါရှိကြောင်း အကြိမ်ပေါင်း​မနည်း သာဓက​ထင်ရှား​ခဲ့ပြီ​တကား။

၁၈။ ကောင်းကင်​အလယ်တွင်​ပျံဝဲ​သော ကောင်းကင်တမန်​ကြေညာ​ချက်​အရ၊ ဘာ​အတွက် အချိန်နာရီ​ကျရောက်​လာပြီ​ဖြစ်သနည်း၊ မည်သူ​များ​က ကြေညာ​ချက်​များ​ကို ဆက်လက်​ထုတ်ပြန်​ကြ​မည်​နည်း။

၁၈ ကောင်းကင်​အလယ်​၌​ပျံဝဲ​သော ကောင်းကင်တမန် ကြော်ငြာ​သည့်​အတိုင်း တရား​စီရင်​ရန် အချိန်​ကျရောက်​လေ​ပြီ။ အဘယ်​စီရင်ချက် ချ​တော်​မူ​မည်​နည်း။ ဒုတိယ၊ တတိယ၊ စတုတ္ထ​နှင့် ပ​ဉ္စ​မကောင်း​ကင်​တမန်​တို့၏​ကြေညာ​ချက်​ကို ကြား​ရသောအခါ နား​အူ​သွားပါ​လိမ့်​မည်။​—ယေရမိ ၁၉:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ၁ ကောရိန္သု ၄:၈ တင်ပြ​သည့်​အတိုင်း ဘိသိက်ခံ​ခရစ်ယာန်​တို့သည် မြေကြီး​ပေါ်မှာ​ရှိ​စဉ် ဘုရင်​များ​အဖြစ် မ​စိုးစံ​ကြ​ပါ။ သို့​တ​စေ၊ ဗျာဒိတ် ၁၄:၃၊ ၆၊ ၁၂၊ ၁၃ ပါ ရှေ့နောက်စကား​များ​အရ၊ မြေကြီး​အသက်တာ ကုန်ဆုံး​သည့်​တိုင် ကြံ့ကြံ့ခံ​ရင်း သတင်းကောင်း​ဟောပြောခြင်း​ဖြင့် တေးသစ်​ကို ပါဝင်​သီဆို​ကြသည်။

^ အပိုဒ်၊ 5 အခြား​ရူပါရုံ​များ​၌ ဟေဗြဲ​နာမည်​များ​သုံးစွဲခြင်းက ယင်း​အချက်​ကို​ထောက်ခံ​၏။ ယေရှု​အား “ဖျက်ဆီးခြင်း” ဟု​အဓိပ္ပာယ်​ရှိသော “အဗဒ္ဒုန်” ဟူ​သည့် ဟေဗြဲ​အမည်​ကို​ပေး​ထား​၏။ ကိုယ်တော်​သည် “ဟေဗြဲ​ဘာသာ​ဖြင့် ဟာ-မဂေဒုန်​ဟု​ခေါ်ဝေါ်​သော” အရပ်၌ တရား​စီရင်၍ အပြစ်ပေး​တော်​မူ​၏။​—ဗျာဒိတ် ၉:၁၁; ၁၆:၁၆

^ အပိုဒ်၊ 8 “သီချင်း​သစ် ပ​မာ​ဖြစ်သော သီချင်း” ဟူ၍​ကျမ်းစာ​ဆို​၏။ အကြောင်း​မှာ ၎င်း​သီချင်းသည် ရှေး​က​ပရောဖက်ပြု​စကား​များ​၌ မှတ်တမ်းတင်​ထားပြီ​ဖြစ်၍​တည်း။ သို့သော်၊ ၎င်းကို မည်သူမျှ သီဆို​နိုင်သော​အရည်အချင်း​မရှိ။ ယခု​သော်၊ နိုင်ငံတော်​တည်ထောင်​ပြီး သန့်ရှင်းသူ​များ​ထမြောက်​ကြပြီ​ဖြစ်၍ အရှိတရား​များ အကောင်အထည်​ပေါ်လာ​ပြီး ပရောဖက်ပြုချက်​များ​ပြည့်စုံ​လာ​သဖြင့် ၎င်း​သီချင်းကို အ​မြို​င်​ဆိုင်​ဆုံး​နည်းဖြင့် သီဆို​ရန် အချိန်တန်ပြီ။

^ အပိုဒ်၊ 11 အိမ်သား​များ​အား အချိန်တန်​အစာ​ကျွေးမွေး​သော သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​၏ အခြေအနေ​နှင့် တူ​ပေ​သည်။ (မဿဲ ၂၄:၄၅က​ဘ) ကျွန်​သည် အုပ်စု​တစ်ခု​အနေ​နှင့် အစာ​ကျွေးမွေး​ရန်​တာဝန်​ရှိသော်လည်း တစ်ဦးချင်း​ဖြစ်သော ယင်း​အုပ်စုအဝင် အိမ်သား​များသည် ထို​ဝိညာဉ်​အစာကို​မှီဝဲခြင်း​ဖြင့် အစာရေစာ ဝ​ပြော​ကြ​၏။ တစ်ခု​တည်း​သော​အုပ်စု​ကို အဖွဲ့​အလိုက်​သော်လည်း​ကောင်း၊ တစ်ဦးချင်း​အလိုက်​သော်လည်း​ကောင်း ခြားနား​စွာ​ဖော်ပြ​လိုက်ခြင်း​ဖြစ်သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀၂၊ ၂၀၃ ပါ ရုပ်ပုံ]

၁၄၄,၀၀၀

အသက်ကြီးသူ ၂၄ ပါး

ရှုထောင့်​နှစ်ခု​မှ မြင်ရသော သိုးသငယ် ခရစ်တော်​ယေရှု၏ တွဲဖက်​အမွေ​စား​အမွေခံများ