မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း

အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း

အခန်း ၃၄

အံ့သြ​ထိတ်လန့်ဖွယ် လျှို့ဝှက်​နက်နဲရာ​တစ်ခု ရှင်းလင်း​လာ​ခြင်း

၁။ (က) ပြည့်တန်ဆာ​ကြီး​ကိုလည်း​ကောင်း၊ ပြည့်တန်ဆာ​ကြီး သားရဲ​စီး​နေသည်​ကိုလည်း​ကောင်း ယောဟန်​မြင်ရသော​အခါ မည်သို့​ဖြစ်​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။ (ခ) ပရောဖက်ပြု ရူပါရုံ​နှင့်​အညီ အခြင်းအရာ​များ ဖြစ်ပျက်​လာ​သည်​နှင့်​အမျှ ယနေ့​ယောဟန်​အတန်းအစား မည်သို့​ဖြစ်​ခဲ့​သနည်း။

ပြည့်တန်ဆာ​ကြီး​ကိုလည်း​ကောင်း၊ ပြည့်တန်ဆာ​ကြီး သားရဲ​စီး​နေသည်​ကိုလည်း​ကောင်း ယောဟန်​မြင်ရသော​အခါ မည်သို့​ဖြစ်​ခဲ့​သနည်း။ သူ​ဤသို့​ဆို​၏– “ငါသည် သူ့ကို​မြင်​သောအခါ ကြီးစွာ​သော​အံ့သြခြင်း​ဖြင့် အံ့သြမိ​၏။” (ဗျာဒိတ် ၁၇:၆ခ) ဤသို့​သော​မြင်ကွင်း​ကို စိတ်ကူး​ဖြင့်​ပင် မတွေး​မြင်နိုင်။ သို့​နှင့်​ပင် တောကန္တာရ​အတွင်း​၌ ကြောက်မက်​ဖွယ်​ကောင်း​သည့် နီ​မြန်း​သော​သားရဲ​ပေါ်မှာ စာရိတ္တ​ပျက် မိန်းမ​ရွှင်​တစ်ယောက် ထိုင်​နေသည်​ကို တွေ့ရ​သည်​တကား။ (ဗျာဒိတ် ၁၇:၃) ဤ​ပရောဖက်ပြု ရူပါရုံ​နှင့်​အညီ အခြင်းအရာ​များ ဖြစ်ပျက်​လာ​သည်​နှင့်​အမျှ ယောဟန်​အတန်းအစား​လည်း ကြီးစွာ​သော​အံ့သြခြင်း​ဖြင့် အံ့သြ​ကြ​၏။ လောကသား​များ​သာ ဤ​အရာ​ကို​တွေ့မြင်​နိုင်​လျှင် ‘မယုံနိုင်​စ​ရာ’ ဟူ၍​ဆို​ကြ​မည်။ လောကီ​မင်း​စိုး​ရာဇာ​များလည်း ‘မဖြစ်​နိုင်တာ’ ဟူ၍ သံယောင်လိုက်​ကြ​မည်။ သို့သော် ယင်း​ရူပါရုံ​သည် ကျွန်ုပ်​တို့​ခေတ်တွင် အံ့သြ​တုန်လှုပ်​ဖွယ်​ကောင်းသော အခြင်းအရာ​တစ်ရပ်​ဖြစ်လာ​သည်။ ဘုရားသခင့်​လူမျိုးတော်သည် ၎င်း​ရူပါရုံ​ပြည့်စုံခြင်း​တွင် ထူးခြား​စွာ ပါဝင်​လှုပ်ရှား​ခဲ့ပြီ​ဖြစ်၍ ယင်းကြောင့် ဤ​ပရောဖက်ပြုချက်​သည် အံ့ဖွယ်ကောင်း​စွာ အထွတ်အထိပ်​သို့ မလွဲမသွေ တက်လှမ်း​လိမ့်​မည်​ဖြစ်​ကြောင်း သူတို့​စိတ်ချ​ယုံကြည်​ကြ​၏။

၂။ (က) ကောင်းကင်တမန်​က ယောဟန်​အံ့သြ​သည်ကို တုံ့ပြန်​သည့်​အနေ​နှင့် သူ့​အား ဘာ​ပြောပြ​သနည်း။ (ခ) ယောဟန်​အတန်းအစား​သည် အဘယ်အရာ​ဖော်ပြခြင်း​ခံရ​ပြီး မည်သည့်​နည်းဖြင့်​နည်း။

ယောဟန်​အံ့သြ​နေသည်​ကို ကောင်းကင်တမန်​က သတိပြုမိ​၏။ “ထို့​ကြောင့် ကောင်းကင်တမန်​က ‘အဘယ်ကြောင့် အံ့သြ​သနည်း။ ထို​မိန်းမ​နှင့် သူ့ကို​သယ်ဆောင်​သော ဦးခေါင်း​ခု​နစ်​လုံး​နှင့် ဦးချို​ဆယ်ချောင်း​ရှိသည့် သားရဲ​နှင့်​ဆိုင်သော လျှို့ဝှက်​နက်နဲရာ​ကို ငါ​ပြောပြ​မည်’ ဟု ငါ့​အား​ဆို​၏” ဟူ၍ ယောဟန်​ဆက်လက်​တင်ပြ​၏။ (ဗျာဒိတ် ၁၇:၇) လျှို့ဝှက်​နက်နဲရာ​ကို ကောင်းကင်တမန် ယခု​ဖြေရှင်း​တော့​မည်။ ရူပါရုံ​၏ ရှုထောင့်​အမျိုးမျိုးနှင့် ဖြစ်ပျက်​တော့​မည့် ဇာတ်​ဆန်​သော အခြင်းအရာ​များ​ကို မျက်ဆန်ပြူး​နေသော ယောဟန်​အား သူ​ရှင်းလင်း​ဖော်ပြ​လေ​၏။ ထို့​နည်းတူ မျက်စိ​ဖွင့်​နားစွင့်​သော ယောဟန်​အတန်းအစား​လည်း ယနေ့ ကောင်းကင်တမန်​များ ညွှန်ကြားမှု​အောက်​၌ အမှုတော်ထမ်း​ရွက်​သည်​နှင့်​အမျှ ပရောဖက်ပြုချက်​၏ အဓိပ္ပာယ်​ရှင်းလင်းချက်​ကို နားလည်ခွင့်​ရခဲ့​ပြီ။ “အိပ်မက်​အနက်​များသည် ဘုရားသခင်​နှင့်​ဆိုင်​သည် မဟုတ်လော။” ဟုတ်​ပါ​၏​ဟု သစ္စာရှိ​ယောသပ်​ကဲ့သို့ ကျွန်ုပ်​တို့​ယူမှတ်ပါ​သည်။ (ကမ္ဘာဦး ၄၀:၈; ဒံယေလ ၂:၂၉၊ ၃၀ နှိုင်းယှဉ်။) ရူပါရုံ​၏​အဓိပ္ပာယ်​နှင့် မိမိတို့​ဘဝ​အပေါ် ၎င်း​၏​အကျိုး​သက်ရောက်မှု​အကြောင်းကို မိမိတို့​အား ယေဟောဝါ ဖွင့်ပြ​တော်​မူ​သည်​နှင့်​အမျှ ဘုရားသခင့်​လူမျိုးတော်သည် ဇာတ်​စင်​အလယ်​သို့ ရောက်နေ​သကဲ့သို့​ဖြစ်၏။ (ဆာလံ ၂၅:၁၄) ထို​မိန်းမ​နှင့် သားရဲ​ဆိုင်ရာ လျှို့ဝှက်​နက်နဲရာ​ကို သူတို့အား နားလည်စေ​ရန် အချိန်မီ ဖော်ပြ​တော်​မူ​ပြီ။​—ဆာလံ ၃၂:၈

၃၊ ၄။ (က) ၁၉၄၂ ခုနှစ်​၌ အဘယ်​လူထု​ဟောပြောချက်ကို အင်၊ အိပ်ခ်ျ၊ နော်​ရ်​ဟောပြောခဲ့​ပြီး ၎င်း​ဟောပြောချက်​က နီ​မြန်း​သော​သားရဲ​သည် အဘယ်အရာ​ဖြစ်​ကြောင်း ဖော်ပြ​သနည်း။ (ခ) အင်၊ အိပ်ခ်ျ၊ နောရ်​က ယောဟန်​အား ကောင်းကင်တမန်​ပြောကြား​သော အဘယ်​စကား​ကို ဆွေးနွေး​တင်ပြ​ခဲ့​သနည်း။

ဒုတိယ​ကမ္ဘာ​စစ် အကြိတ်အနယ် တိုက်ခိုက်​နေစဉ်၊ ၁၉၄၂ ခုနှစ် စက်တင်ဘာ​လ ၁၈ မှ ၂၀ ရက်​အတွင်း အမေရိကန်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များသည် ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးကြီး​ကို ကျင်းပ​ကြ​၏။ အဓိက​မြို့​ဖြစ်သော အို​ဟိုက်​အို​ပြည်နယ် ခ​လီဗ်​လင်​မြို့ကို အခြား​စည်းဝေး​မြို့​ပေါင်း ၅၀ ကျော်​နှင့် တယ်လီဖုန်း​ဖြင့် ဆက်သွယ်​ထား​ရာ ပရိသတ်​ပေါင်း ၁၂၉,၆၉၉ ယောက်​တိုင် တက်ရောက်​ခဲ့​သည်။ စစ်​တွင်း အခြေအနေ​ကောင်း​လျှင်​ကောင်း​သလို ကမ္ဘာ​တစ်ခွင်လုံး အလားတူ​အစီအစဉ်ပါ​ရှိသော အခြား​စည်းဝေးကြီး​များ​ကို ကျင်းပ​ခဲ့​သည်။ ထို​အချိန်၌ ယေဟောဝါ​၏​လူမျိုးတော် များစွာ​တို့​က ကမ္ဘာ​စစ်သည် ဘုရားသခင်​၏ အာမဂေဒုန်စစ်​အသွင်​သို့ ကူး​ပြောင်း​သွား​မည်​ဟု မျှော်လင့်​ကြ​၏။ ထို့​ကြောင့် “ငြိမ်းချမ်းရေး​—အဓွန့်ရှည်​တည်တံ့​မည်​လော” ဟူသော လူထု​ဟောပြောချက်ကို လူ​တို့​အလွန်​စိတ်ဝင်စား​ကြ​၏။ လူမျိုးများ​အတွက် ငြိမ်းချမ်းရေး​နှင့် လား​လား​ကြီး​ဆန့်ကျင်​သည့် နောင်ရေး​ကို​သာ မျှော်လင့်​နိုင်​ဟန်​ရှိသော ၎င်း​အချိန်၌ ကင်းမျှော်စင်​အသင်း ဥက္ကဋ္ဌ​သစ် အင်၊ အိပ်ခ်ျ၊ နောရ်​အနေ​ဖြင့် ငြိမ်းချမ်းရေး​အကြောင်းကို မည်သို့​မည်​ပုံ ပြောဆို​နိုင်​သနည်း။ * အကြောင်းရင်း​မှာ၊ ယောဟန်​အတန်းအစား​သည် ဘုရားသခင့် ပရောဖက်​စကားတော်​ကို “ခါတိုင်းထက်​ပို​၍​ဂရုစိုက်” သောကြောင့်​တည်း။​—ဟေဗြဲ ၂:၁က​ဘ; ၂ ပေတရု ၁:၁၉

“ငြိမ်းချမ်းရေး​—အဓွန့်ရှည်​တည်တံ့​မည်​လော” ဟူသော လူထု​ဟောပြောချက်​က ပရောဖက်ပြုချက်​ကို မည်သို့​ရှင်းလင်း​စေ​သနည်း။ အင်၊ အိပ်ခ်ျ၊ နောရ်​က ဗျာဒိတ် ၁၇:၃ ပါ နီ​မြန်း​သော​သားရဲ​မှာ နိုင်ငံ​ပေါင်း​ချုပ်​ဖြစ်​ကြောင်း ပြတ်သား​ရှင်းလင်းစွာ ဖော်ပြ​ပြီး​သည့်​နောက် ယောဟန်​အား ကောင်းကင်တမန်​ပြောကြား​သော အောက်ပါ​စကား​ပေါ်​အခြေပြု​၍ နိုင်ငံ​ပေါင်း​ချုပ်​၏ ဒုန်း​စိုင်း​ရောက်​၍ ဒုန်း​စိုင်း​ပျောက်​ပုံ​ကို ဆက်လက်​ဆွေးနွေး​တင်ပြ​လေ​၏– “သင်​မြင်ရသော သားရဲ​သည် တစ်ချိန်က ရှိခဲ့​သော်လည်း ယခု​မရှိ၊ သို့သော် မကြာမီ တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​ပြီး​လျှင် ပျက်စီးခြင်း​သို့ ရောက်​ရ​လိမ့်​မည်။”​ဗျာဒိတ် ၁၇:၈က

၅။ (က) “သားရဲ​သည် တစ်ချိန်က​ရှိခဲ့​သော်လည်း ယခု​မရှိ” ဆို​သည်​မှာ မည်သို့​နည်း။ (ခ) “နိုင်ငံ​ပေါင်း​ချုပ်​သည် တွင်း​ထဲ​၌​နေရစ်​မည်​လော” ဟူသော​မေးခွန်း​ကို အင်၊ အိပ်ခ်ျ၊ နောရ်​က မည်သို့​ဖြေကြား​သနည်း။

“သားရဲ​သည် . . . တစ်ချိန်က ရှိခဲ့ [၏။]” မှန်​ပေ​သည်။ ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီ​လ ၁၀ ရက်​မှ​စ၍ နိုင်ငံ​ပေါင်း​ချုပ်​အဖြစ်​တည်​ရှိခဲ့​ပြီး နိုင်ငံ​ပေါင်း ၆၃ နိုင်ငံ​သည် တစ်ချိန်​မဟုတ် တစ်ချိန်​တွင် အဖွဲ့ဝင်​များ​ဖြစ်​ခဲ့​ကြသည်။ သို့သော် ဂျပန်၊ ဂျာမနီ၊ အီတလီ​တို့သည် တစ်နိုင်ငံ​ပြီး​တစ်နိုင်ငံ နိုင်ငံ​ပေါင်း​ချုပ်​မှ နုတ်ထွက်​သွား​ကြ​ပြီး ယခင်​ဆိုဗီယက် ပြည်ထောင်စု​လည်း ထွက်​ခဲ့​ရသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာ​လ​တွင် ဂျာမနီ​နိုင်ငံ​၏ နာဇီ​အာဏာရှင်​က ဒုတိယ​ကမ္ဘာ​စစ်​ကို စတင်​လိုက်​သည်။ * နိုင်ငံ​ပေါင်း​ချုပ်​သည် ကမ္ဘာ့​ငြိမ်းချမ်းရေး​ကို မထိန်းသိမ်း​နိုင်​သဖြင့် မ​လှုပ်ရှားခြင်း​အဖြစ်​တည်း​ဟူသော တွင်း​နက်​ကြီး​ထဲ​သို့ လုံးဝ​ဆို​ရ​မလောက် ကျဆင်း​သွားလေသည်။ ၁၉၄၂ ခုနှစ်​ရောက်​သော် ၎င်း​သည် တစ်ချိန်က​သာ ရှိခဲ့​သော​အရာ ဖြစ်သွား​သည်။ ယေဟောဝါ​သည် ထို​အချိန်​မတိုင်မီ​က မဟုတ်၊ ထို့​ထက်​နောက်ကျ​၍​လည်း မဟုတ်ဘဲ​—အရေးပါသော ထို​အ​ခိုက်​မှာ​ပင်​—ရူပါရုံ​၏ အဓိပ္ပာယ်​အပြည့်အစုံကို မိမိလူ​မျိုး​တော်​အား ဖွင့်ပြ​တော်​မူ​၏။ အင်၊ အိပ်ခ်ျ၊ နောရ်​သည် ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးကြီး​၌ ပရောဖက်ပြုချက်​နှင့်​အညီ ထို “သားရဲ​သည် . . . ယခု​မရှိ” ဟူ၍ ပြောဆို​နိုင်​ခဲ့​သည်။ ထို့နောက် သူက “နိုင်ငံ​ပေါင်း​ချုပ်​သည် တွင်း​ထဲ​၌​နေရစ်​မည်​လော” ဟူသော​မေးခွန်း​ကို​မေး​၏။ ၎င်းနောက် ဗျာဒိတ် ၁၇:၈ ကိုကိုး​ကား​ပြီး “လောကီ​နိုင်ငံ​များ​၏ အသင်းအဖွဲ့​သည် တစ်ဖန်​ပြန်​ပေါ်လာ​မည်” ဟု​ဖြေဆို​လိုက်​သည်။ ဆို​သည့်​အတိုင်း​ပင် ဖြစ်လာ​သဖြင့် ယေဟောဝါ​၏ ပရောဖက်​စကားတော် မှန်ကန်ကြောင်း ထင်ရှား​၏။

တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​ခြင်း

၆။ (က) နီ​မြန်း​သော​သားရဲ​သည် အဘယ်အခါ တွင်း​နက်​ကြီး​ထဲ​မှ တက်​လာ၍ အဘယ်​အမည်သစ်​ဖြင့်​နည်း။ (ခ) အဘယ်ကြောင့် ကုလသမဂ္ဂ​သည် အမှန်​အားဖြင့် ပြန်​ပေါ်လာ​သည့် နီ​မြန်း​သော​သားရဲ​ဖြစ်သနည်း။

နီ​မြန်း​သော​သားရဲ​သည် တကယ်​ပင် တွင်း​နက်​ကြီး​ထဲ​မှ တက်လာ​သည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်​နေ့၌ နိုင်ငံ​ပေါင်း ၅၀ က အမေရိကန်​နိုင်ငံ၊ ဆန်​ဖရန်စစ်​စ​ကို​မြို့တွင် ဆူညံ​သော​ခရာ သံ​ပြိုင်​မှုတ်ခြင်း​နှင့်အတူ ကုလသမဂ္ဂ ပဋိညာဉ်​စာတမ်း​ကို လက်ခံ​ကြောင်း မဲပေး​ဆုံးဖြတ်​ခဲ့​ကြသည်။ ယင်း​အဖွဲ့​သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​ကို ထိန်းသိမ်း” ရန်ဖြစ်​သည်။ နိုင်ငံ​ပေါင်း​ချုပ်​နှင့် ကုလသမဂ္ဂ​တို့​၌ ဆင်တူချက်​များစွာ​ရှိ၏။ ကမ္ဘာ့​စာအုပ် စွယ်စုံ​ကျမ်း​က ဤသို့​ဆို​၏– “အချို့​နေရာများ​၌ ကုလသမဂ္ဂ​သည် ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ဖွဲ့စည်း​တည်ထောင်သော နိုင်ငံ​ပေါင်း​ချုပ်​နှင့်​ဆင်တူ​၏။ . . . ကုလသမဂ္ဂ​ကို ဖွဲ့စည်း​တည်ထောင်သော နိုင်ငံ​များစွာတို့သည် နိုင်ငံ​ပေါင်း​ချုပ်​ကိုလည်း တည်ထောင်​ဖူး​သည်။ ကုလသမဂ္ဂ​သည် နိုင်ငံ​ပေါင်း​ချုပ်​နည်းတူ နိုင်ငံ​များ​စပ်ကြား ငြိမ်းချမ်းရေး​ထိန်းသိမ်း​ရန် တည်ထောင်​ထားခြင်း​ဖြစ်သည်။ ကုလသမဂ္ဂ​၏ အဓိက​အသင်းအဖွဲ့​များသည် နိုင်ငံ​ပေါင်း​ချုပ်​၏ အသင်းအဖွဲ့​များနှင့် များစွာ​တူညီ​၏။” သို့​ဖြစ်၍ ကုလသမဂ္ဂ​သည် အမှန်​အားဖြင့် ပြန်​ပေါ်လာ​သည့် နီ​မြန်း​သော​သားရဲ​ပင်​ဖြစ်၏။ အဖွဲ့ဝင်​နိုင်ငံ အရေအတွက် ၁၉၀ ခန့်​သည် ၆၃ နိုင်ငံ​သာ​ပါဝင်သော နိုင်ငံ​ပေါင်း​ချုပ်​ထက် များစွာ​ပို​၏။ နိုင်ငံ​ပေါင်း​ချုပ်​ထက် များပြား​သော ဝတ္တရား​များ​ကိုလည်း ဆောင်ရွက်​ပါ​သည်။

၇။ (က) ပြန်​ပေါ်လာ​သည့် နီ​မြန်း​သော​သားရဲ​ကို မြေကြီးသား​တို့​က အဘယ်​နည်းဖြင့် အံ့သြ​ကြည်ညို​ခဲ့​ကြပြီ​နည်း။ (ခ) ကုလသမဂ္ဂ​သည် အဘယ်​ရည်မှန်းချက်​ကို မ​ဆွတ်ခူး​နိုင်​ဘဲ ရှိ​သနည်း၊ ၎င်း​၏​အတွင်းရေးမှူး​ချုပ်​က ဤ​အချက်​နှင့်​ပတ်သက်​၍ မည်သို့​ဆို​သနည်း။

အစပိုင်း​၌ လူတို့သည် ကုလသမဂ္ဂ​ကို အားကိုးတကြီး​ရှိကြ​၏။ ကောင်းကင်တမန်​၏ အောက်ပါ​စကား​အတိုင်း​ပင်​ဖြစ်၏– “တစ်ချိန်က ရှိခဲ့​သော်လည်း ယခု​မရှိ၊ နောက်နောင် ပြန်​ပေါ်လာ​မည့် ထို​သားရဲ​ကို မြေကြီးသား​တို့ မြင်​သောအခါ ကြည်ညို​လျက် အံ့သြ​ကြလိမ့်မည်။ သို့သော် ထို​သူတို့၏ အမည်များသည် ဤ​လောက တည်​သည့်​ကာလ​မှ​စ၍ အသက်​စာလိပ်​တွင် ရေးသား​ထားခြင်း​မရှိပေ။” (ဗျာဒိတ် ၁၇:၈ခ) ဤ​ကြီးမား​ထင်ရှားသော အဖွဲ့​ကြီး​သည် နယူးယောက်​မြို့ အရှေ့​မြစ်​၏ ကမ်း​နဖူး​ပေါ်​တည်ရှိ​သည့် ခန့်ညား​ထည်ဝါ​သော ဌာနချုပ်​ကို​ဗဟို​ပြု​၍ လှုပ်ရှား​ဆောင်ရွက်​ပြီး မြေကြီးသား​တို့၏ ကြည်ညို​ခြင်း​ကို ခံရ​၏။ သို့သော် ကုလသမဂ္ဂ​သည် ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​အစစ်အမှန်​ကို အရ​မယူ​နိုင်​ဘဲ​ရှိခဲ့​သည်။ ၂၀ ရာစု​အတောအတွင်း “အပြန်အလှန် အသေအကျေ​ချေမှုန်း​ခြင်း” ကို​ကြောက်​၍​သာ ကမ္ဘာ့​ငြိမ်းချမ်းရေး​ကို ထိန်းသိမ်း​နေခဲ့​ကြ​ခြင်း​ဖြစ်၏။ အကြိတ်အနယ် လက်နက်​ပြိုင်ဆိုင်မှု​မှာလည်း မပြီး​နိုင်​တော့​ချေ။ ကုလသမဂ္ဂ အနှစ် ၄၀ နီးပါး လုံးပန်း​ခဲ့​သည့်​နောက် ထို​အချိန်​က အတွင်းရေးမှူး​ချုပ်​ဖြစ်သူ ဟာ​ဗီရာ ပဲ​ရက်စ် ဒီ​ကွေး​လျား​က ၁၉၈၅ ခုနှစ်​တွင် ဤသို့​ညည်းတွား​ခဲ့​သည်– “ကျွန်တော်​တို့​ဟာ တစ်ယူသန်​သမားများ​ရဲ့​ခေတ် နောက်​တစ်ခေတ်​ထဲ​ကို ရောက်နေတယ်​ဆိုတော့ ဘယ်လို​လုပ်​ရ​မှန်း မသိ​ဘူး။”

၈၊ ၉။ (က) ကုလသမဂ္ဂ​သည် ကမ္ဘာ့​ပြဿနာ​များ​ကို အဘယ်ကြောင့် မဖြေရှင်း​နိုင်​သနည်း၊ ဘုရားသခင့်​အမိန့်တော်​အရ မကြာခင် ဘာဖြစ်​တော့​မည်​နည်း။ (ခ) ကုလသမဂ္ဂ​ကို တည်ထောင်သူ​များနှင့် ကြည်ညို​သူများ​၏​အမည်​သည် အဘယ်ကြောင့် ဘုရားသခင့် “အသက်​စာလိပ်” ၌ စာရင်း​မဝင်​သနည်း။ (ဂ) ယေဟောဝါ​၏ နိုင်ငံတော်​သည် အဘယ်​အမှုကို အထမြောက်​စေမည်​နည်း။

ကုလသမဂ္ဂ​သည် ဖြေရှင်း​နိုင်စွမ်း​မရှိပါ။ အဘယ်ကြောင့်​နည်း။ ကုလသမဂ္ဂ​၏ အသက်သခင်​သည် လူသား​တစ်ရပ်လုံး​၏ အသက်သခင် မဟုတ်​၍​တည်း။ ၎င်း​၏​သက်တမ်း​သည် တို​လိမ့်​မည်။ အကြောင်း​မှာ ၎င်း​သည် ဘုရားသခင့်​အမိန့်တော်​အရ “ပျက်စီးခြင်း​သို့ ရောက်​ရ​လိမ့်​မည်။” ကုလသမဂ္ဂ​ကို တည်ထောင်သူ​များနှင့် ကြည်ညို​သူများ​သည် ဘုရားသခင့် အသက်​စာလိပ်​တွင် နာမည်​စာရင်း​မဝင်​ကြ​ချေ။ လူ့​နည်း​လူ့​ဟန်​ဖြင့်​မဟုတ် ခရစ်တော်​၏ နိုင်ငံတော်​အားဖြင့်​သာ မကြာမီ ဖြစ်မြောက်​စေမည်​ဟု ဘုရားသခင် ကြေညာ​ထား​တော်​မူ​သော​အမှုကို သေ​ပျောက်​တတ်​သည့် အပြစ်သား​များ​က ကုလသမဂ္ဂ​ကို​သုံး​၍ အရ​ဆောင်ရွက်​ကြသည်​မှာ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ သူတို့​ထဲ​က လူများစွာ​တို့သည် ဘုရားသခင့်​နာမတော်​ကို​ပင် သရော်​ကြ​၏။​—ဒံယေလ ၇:၂၇; ဗျာဒိတ် ၁၁:၁၅

အမှန်​မှာ ကုလသမဂ္ဂ​သည် အဆုံးမရှိ​စိုးစံ​တော်​မူ​မည့် ငြိမ်သက်ခြင်း​မင်း ယေရှု​ခရစ်​အုပ်ချုပ်​သော ဘုရားသခင့် မေရှိယနိုင်ငံတော်​၏ အတုအယောင်​သာ​ဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇) တဒင်္ဂ​ငြိမ်းချမ်းရေး​ရအောင် ကုလသမဂ္ဂ​က ဖာထေး​နိုင်​သည်​ပဲ​ထား၊ မကြာမီ စစ်​ဖြစ်ပွား​ပြန်​မည်​သာ။ ဤ​ကား အပြစ်ရှိ​သော လူ့​သဘာဝဗီဇ​တည်း။ “သူတို့၏​အမည်များသည် လောက​တည်​သည့်​ကာလ​မှ​စ၍ အသက်​စာလိပ်တွင် ရေးသား​ထားခြင်း​မရှိ။” ခရစ်တော်​အုပ်ချုပ်​သော ယေဟောဝါ​၏​နိုင်ငံတော်​သည် မြေကြီးပေါ် ထာဝရ​ငြိမ်းချမ်းရေး​ကို တည်ထောင်​မည်​သာမက ယေရှု၏​ရွေးနုတ်ဖိုး​ယဇ်ကို အခြေခံ​၍ ဘုရားသခင့်​မှတ်ဉာဏ်​ထဲ​မှ ဖြောင့်မတ်​သူနှင့် မဖြောင့်မတ်​သူများကို သေခြင်း​မှ ထမြောက်​စေ​လိမ့်​မည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅) စာတန်​နှင့် သူ့​အမျိုးအနွယ်​၏ တိုက်ခိုက်မှု​ကို ခံ​နေရ​သည့်​ကြား​မှ ဦး​လည်​မ​သု​န် တည်ကြည်​ကြ​သူအား​လုံး​အပြင်၊ မိမိတို့​ကိုယ်ကို နာခံ​သူများ​ဖြစ်​ကြောင်း ပြသ​ရန်လို​သေး​သော အခြားသူများ​လည်း ထမြောက်​လာ​ကြ​မည်။ မဟာ​ဗာဗုလုန်​ကို ဇွတ်​မှိတ်၍​ဆည်းကပ်​သူများ၊ သားရဲ​ကို​ဆက်​ပြီး ကိုးကွယ်​သူများ​၏​နာမည်​သည် ဘုရားသခင့် အသက်​စာလိပ်​တွင် မုချ​စာရင်း​ဝင်​မည်​မဟုတ်။​—ထွက်မြောက်ရာ ၃၂:၃၃; ဆာလံ ၈၆:၈-၁၀; ယောဟန် ၁၇:၃; ဗျာဒိတ် ၁၆:၂; ၁၇:၅

ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​—အချည်းနှီး မျှော်လင့်ချက်

၁၀၊ ၁၁။ (က) ၁၉၈၆ ခုနှစ်​၌ ကုလသမဂ္ဂ​က ဘာကို​ကြေညာ​ပြီး အဘယ်​တုံ့ပြန်မှု ရခဲ့​သနည်း။ (ခ) “ဘာသာရေး​မိသားစု” ပေါင်း​မည်မျှ အီတလီ​နိုင်ငံ အစစ်​စီ​မြို့၌ ငြိမ်းချမ်းရေး​ဆုတောင်းပွဲ​အတွက် စည်းဝေး​ခဲ့​သနည်း၊ ထိုသို့​သော​ပတ္ထနာ​ကို ဘုရားသခင် နားညောင်း​တော်​မူ​ခဲ့​သလော။ ရှင်းပြပါ။

၁၀ လူသား​တို့၏​မျှော်လင့်ချက်ကို ကျား​ကန်​ပေး​သည့်​အနေ​နှင့် ကုလသမဂ္ဂ​သည် ၁၉၈၆ ခုနှစ်​ကို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​နှစ်” အဖြစ်​သတ်​မှတ်၍ “ငြိမ်းချမ်းရေး​နှင့် လူ့​အနာဂတ်​ကို ကာကွယ်​ထိန်းသိမ်းရေး” ဟူသော​ဆောင်ပုဒ်​ကို တပ်​ခဲ့​သည်။ စစ်​ဖြစ်နေ​သော​နိုင်ငံ​များ​အား အနည်းဆုံး​တစ်နှစ် စစ်​မ​တိုက်​ကြ​ရန် မေတ္တာ​ရပ်ခံ​ခဲ့​သည်။ ထို​နိုင်ငံ​များ မည်သို့​တုံ့ပြန်​ကြ​သနည်း။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန​ဌာန​မှ ပြုစု​သော သတင်း​တစ်ရပ်​အရ ၁၉၈၆ ခုနှစ် တစ်နှစ်​အတွင်း စစ်​ကြောင့် လူ​ငါး​သန်း သတ်ဖြတ်​ခံ​ခဲ့​ရသည်။ အထူး​ငွေ​ဒ င်္ဂါး​များနှင့် အမှတ်တရ တံဆိပ်​ခေါင်း​များ ထုတ်ခဲ့​ကြသော်လည်း နိုင်ငံ​အများထု​အနေ​နှင့် ထို​နှစ်​အတွင်း ငြိမ်းချမ်းရေး​ဟူသော အ​မွန်မြတ်​ဆုံး​အရာ​ကို​ရဖို့ မကြိုးစား​ခဲ့​ကြ​ချေ။ သို့​တ​စေ တစ်ချိန်​လုံး ကုလသမဂ္ဂ​၏ ချစ်​ကြည်​မှု​ရ​ချင်​သော ကမ္ဘာ့​ဘာသာ​တရား​များ​က ယင်း​နှစ်ကို နည်း​မျိုးစုံ​ဖြင့် စတင်​ကြော်ငြာ​ကြသည်။ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီ​လ ၁ ရက်​နေ့၌ ဒုတိယ​မြောက် ပုပ်​ရဟန်း​မင်း ဂျွန်ပေါလ်​က ကုလသမဂ္ဂ​၏​လုပ်ရပ်​ကို အမွှမ်းတင်​ပြီး ၎င်း​နှစ်သစ်​ကို ငြိမ်းချမ်းရေး​အဖို့ ဆက်ကပ်​ခဲ့​သည်။ အောက်တိုဘာ ၂၇ ရက်​နေ့၌​လည်း ငြိမ်းချမ်းရေး​အတွက် ဆုတောင်း​ရန် ကမ္ဘာ့​ဘာသာ​တရား များစွာ​တို့၏ ခေါင်းဆောင်​များ​ကို အီတလီ​နိုင်ငံ အစစ်​စီ​မြို့၌ စုဝေး​စေ​ခဲ့​သည်။

၁၁ ထိုသို့​သော​ငြိမ်းချမ်းရေး ပတ္ထနာ​များ​ကို ဘုရားသခင် နားညောင်း​တော်​မူ​သလော။ ဦးစွာ​ဆို​ရ​လျှင် ထို​ဘာသာရေး​ခေါင်းဆောင်​တို့သည် မည်သည့်​ဘုရားထံ ဆုတောင်း​ကြ​သနည်း။ သူတို့ကို​မေးကြည့်​လျှင် အဖြေ​တစ်မျိုးစီ ပေး​ကြ​ပါ​လိမ့်​မည်။ နည်း​မျိုးစုံ​ဖြင့် တောင်း​သော​ဆု​များ​ကို နားထောင်​၍ ဆု​ပေး​သော သောင်း​ခြောက်​ထောင်​ဘုရား​များ ရှိသလော။ ပါဝင်​ဆုတောင်း​သူ အမြောက်အမြား​တို့သည် ခရစ်ယာ​န်​ဘောင်​၏ သုံးပါး​ပေါင်း​တစ်ဆူ​ဘုရား​ကို ကိုးကွယ်​ကြသည်။ * ဗုဒ္ဓ​ဘာသာ၊ ဟိန္ဒူ​ဘာသာ​နှင့် အခြား​ဘာသာဝင်​များ​က မရေမတွက်​နိုင်သော ဘုရား​များ​ထံ ပတ္ထနာ​ရွတ်ဆို​ကြ​၏။ စုစုပေါင်း “ဘာသာရေး​မိသားစု” ၁၂ စု စည်းဝေး​ကြ​ပြီး အင်္ဂလီကန်​အသင်း​၏ ကင်​တာ​ဘယ်​ရီ​ဂိုဏ်းချုပ်​ရဟန်း၊ ဗုဒ္ဓ​ဘာသာ​၏ ဒ​လိုင်း​လား​မား၊ ရုရှား​သြ​သ​ဒေါ​က်​အသင်း​၏ ဂိုဏ်းအုပ်​ဘုန်းကြီး၊ တို​ကျို​မြို့ ရှင်​တို​ဘုရားကျောင်း​အသင်း ဥက္ကဋ္ဌ၊ အာဖရိကန် နတ်​ဘာသာဝင်​များနှင့် ငှက်​တောင်​ရှည်​ခေါင်း​ပေါင်း ဆင်ယင်​ထားသော အမေရိကန်​အင်​ဒီ​ယန် နှစ်ဦး​စ​သည့် ထင်ပေါ်သူ​များ​က ကိုယ်စားလှယ်​အဖြစ် တက်ရောက်​ကြသည်။ ယု​တ်စွ​အဆုံး စိတ်ဝင်စားစရာ​ကောင်းသော အုပ်စု​ဖြစ်၍ တီဗွီ​သတင်းလွှင့်​လျှင် ကြည့်​ကောင်း​ရှုပျော်ဖွယ်​ပင်။ သူတို့​ထဲ​မှ​အုပ်စု​တစ်စု​က ၁၂ နာရီ​ကြာ​မျှ မနားတမ်း​ဆုတောင်း​၏။ (လုကာ ၂၀:၄၅-၄၇ နှိုင်းယှဉ်။) သို့သော် ထို​ပတ္ထနာ​များသည် ၎င်း​စည်းဝေး​ပရိသတ်​အပေါ် အုပ်​လျက်​နေသော​မိုးတိမ်​များ​ကို ထိုးဖောက် ကျော်လွှား​သွားခဲ့​သလော။ မသွား​ခဲ့​ပါ။ အောက်ပါ အကြောင်းရင်း​များ​ကြောင့်​ဖြစ်၏–

၁၂။ အဘယ်​အကြောင်း​များ​ကြောင့် ကမ္ဘာ့​ဘာသာရေး​ခေါင်းဆောင်​များ​၏ ငြိမ်းချမ်းရေး​ပတ္ထနာ​ကို ဘုရားသခင် နားညောင်း​တော်​မ​မူ​သနည်း။

၁၂ ထို​ဘာသာရေး​သမားများ​ထဲ​က တစ်ဦးမျှ “[ယေဟောဝါ] ၏​နာမတော်​ကို အမှီပြုလျက် လိုက်လျှောက်” ကြ​သူများ​နှင့်​မတူ၊ မူရင်း​ကျမ်းစာ​၌ အကြိမ်ပေါင်း ၇,၀၀၀ ခန့်​နာမတော်​ပါရှိ​သော အသက်ရှင်​တော်​မူ​သည့် ယေဟောဝါ​ထံ ဆု​မ​တောင်း​ချေ။ (မိက္ခာ ၄:၅သမ္မာ; ဟေရှာယ ၄၂:၈၊ ၁၂) * အုပ်စု​တစ်စု​အနေ​နှင့် ယေရှု၏​နာမ​ဖြင့် ဘုရားသခင်​ထံ မ​ချဉ်းကပ်​ကြ​ချေ။ သူတို့​ထဲ​မှ အများထု​ဆိုလျှင် ယေရှု​ခရစ်​ကို ယုံ​ပင်​မယုံ။ (ယောဟန် ၁၄:၁၃; ၁၅:၁၆) သူတို့​ထဲ​မှ တစ်ဖွဲ့​က​မျှ ယနေ့​ဘုရားသခင် အလိုတော်​ရှိသော အမှုကို လုပ်ကိုင်​၍​မနေ​ပါ။ ၎င်း​အလိုတော်​မှာ ကုလသမဂ္ဂ​ကို​မဟုတ်ဘဲ ဘုရားသခင်​၏ လာ​လတ္တံ့​သော​နိုင်ငံတော်​ကို လူသား​တို့၏ စစ်မှန်သော​မျှော်လင့်ချက်​အဖြစ် ကမ္ဘာ​အနှံ့ ကြွေးကြော်​ခြင်း​ပင်​တည်း။ (မဿဲ ၇:၂၁-၂၃; ၂၄:၁၄; မာကု ၁၃:၁၀) သူတို့၏​ဘာသာရေး အဖွဲ့အစည်း အများစု​သည် ၂၀ ရာစု​၏ ကမ္ဘာ​စစ်​နှစ်ခု​အပါအဝင် သမိုင်း​တစ်လျှောက် ဖြစ်ပွား​ခဲ့​သော သွေး​ချောင်း​စီး​စစ်ပွဲ​များ​တွင် ပါဝင်​ဆင်နွှဲ​ခဲ့​ကြသည်။ ဤသို့​သော​သူများ​အား ဘုရားသခင်​က “သင်တို့ [သည်] . . . များစွာသော​ပတ္ထနာ​ကို ပြု​ကြသော်လည်း ငါ​နားညောင်း​မည်​မဟုတ်။ သင်တို့​လက်​များသည် အသွေး​သွန်​မှု​နှင့်​ပြည့်​ကြ​၏” ဟု​မိန့်တော်မူ၏။​—ဟေရှာယ ၁:၁၅သမ္မာ; ၅၉:၁-၃။

၁၃။ (က) ကမ္ဘာ့​ဘာသာရေး ခေါင်းဆောင်​များသည် ကုလသမဂ္ဂ​နှင့်​လက်​တွဲ၍ ငြိမ်းချမ်းရေး​အတွက် ပန်ကြား​ခြင်း​မှာ အဘယ်ကြောင့် အဓိပ္ပာယ်​ထူးခြား​သနည်း။ (ခ) ငြိမ်းချမ်းရေး​ကြွေးကြော်​မှု​သည် ဘုရားသခင်​တင်ကူး​မိန့်ဆို​သည့် အဘယ်​အထွတ်အထိပ်​၌ အဆုံးသတ်​မည်​နည်း။

၁၃ ထို့​ပြင် ဤ​သမယ​၌ ကမ္ဘာ့​ဘာသာရေး ခေါင်းဆောင်​များ​က ကုလသမဂ္ဂ​နှင့်​လက်​တွဲ၍ ငြိမ်းချမ်းရေး​အတွက် ပန်ကြား​ကြသည်​မှာ အလွန်​အဓိပ္ပာယ်​ထူးခြား​၏။ သူတို့သည် မိမိတို့​အကျိုးအတွက် ကုလသမဂ္ဂ​အပေါ် ဩဇာ​လွှမ်း​ချင်​၏။ အထူးသဖြင့် သူတို့၏​လူများ ဘာသာ​တရားကို စွန့်ပစ်​နေသော ယခု​ခေတ်​၌​ဖြစ်၏။ သစ္စာမဲ့သော ရှေး​ဣသရေလ​နိုင်ငံ ခေါင်းဆောင်​များ​ကဲ့သို့ “ငြိမ်းချမ်းရေး​မရှိဘဲ​လျက် ‘ငြိမ်းချမ်းရေး​ရှိ၏။’ ‘ငြိမ်းချမ်းရေး​ရှိ၏။’” ဟု ဟစ်ကြွေး​ကြ​၏။ (ယေရမိ ၆:၁၄က​ဘ) သူတို့သည် ငြိမ်းချမ်းရေး​အတွက် ဆက်၍​ကြွေးကြော်​ပြီး တမန်​တော်​ပေါလု အောက်ပါ​အတိုင်း ပရောဖက်ပြု​သော အထွတ်အထိပ်​သို့ ရောက်​သည်​အထိ အားပေး​ထောက်ခံ​သွား​ကြ​မည်​မုချ– “သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့ [ယေဟောဝါ] ၏​နေ့ရက်​သည် လာ​လိမ့်​မည်​ကို သင်တို့သည် သေချာ​စွာ​သိ​ကြ​၏။ ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့် ကင်းလွတ်​၏​ဟု ဆို​စဉ်​တွင် ကိုယ်ဝန်ဆောင်​သော​မိန်းမ​၌ သားဖွားခြင်း​ဝေဒနာ ရောက်​သကဲ့သို့ သူတို့​အပေါ်​၌ လျင်မြန်​စွာ​သော ပျက်စီးခြင်း​ရောက်​၍ လွတ်ခြင်း​အခွင့် မရှိ​ရ​ကြ။”​—၁ သက်သာလောနိတ် ၅:၂၊ ၃

၁၄။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသော​ကြွေးကြော်​ချက်​သည် အဘယ်​ပုံစံ​ဖြင့်​လာနိုင်​သနည်း၊ ၎င်း​၏​လှည့်စားခြင်း​ကို မည်သို့​ရှောင်ရှား​နိုင်​သနည်း။

၁၄ မကြာသေးမီ​နှစ်များ​က နိုင်ငံရေးသမား​များသည် လူ့​စီမံကိန်း​အမျိုးမျိုးကို​ဖော်ပြ​ရန် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသော​အသုံးအနှုန်း​ကို အသုံးပြု​လာ​ကြသည်။ ကမ္ဘာ့​ခေါင်းဆောင်​များ​၏ အဆိုပါ​ကြိုးပမ်းမှု​များသည် ၁ သက်သာလောနိတ် ၅:၃ စတင်​ပြည့်စုံစေခြင်း ဖြစ်သလော။ သို့​တည်း​မဟုတ် ကမ္ဘာ​က အာရုံစိုက်​လောက်​အောင် သိသာ​ထင်ရှား ကြီးမား​သည့် အဖြစ်အပျက်​တစ်ခု​ကို ပေါလု​က ရည်ညွှန်း​နေခြင်း​မျှ​သာ ဖြစ်သလော။ ကျမ်းစာ​ပရောဖက်ပြုချက်​များသည် ပြည့်စုံ​သွားပြီး​မှ​သာ သို့​မဟုတ် စ၍​ပြည့်စုံ​လာ​မှ​သာ အပြည့်အဝ နားလည်​နိုင်​လေ့​ရှိသောကြောင့် ကျွန်ုပ်​တို့ စောင့်ကြည့်​နေ​ရန်​သာ​ဖြစ်သည်။ ဤ​အတောအတွင်း လူမျိုးများ ကြိုးပမ်း​ရယူ​နိုင်​ပုံ​ရှိသော မည်သည့်​ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​မဆို​သည် မည်သည့်​အရာ​ကို​မျှ ဟုတ္တိပတ္တိ ပြောင်းလဲ​စေမည်​မဟုတ်​ကြောင်း ခရစ်ယာန်​များ ကောင်းစွာ​သိ​သည်။ အတ္တစိတ်၊ မုန်းတီးမှု၊ ရာဇဝတ်မှု၊ အိမ်ထောင်​ပြိုကွဲမှု၊ စာရိတ္တ​ပျက်ပြားမှု၊ ဖျားနာ​မှု၊ ဝမ်းနည်း​ကြေကွဲမှု​နှင့် သေခြင်း​တို့သည် ဆက်၍​ရှိနေ​ဦး​မည်။ ထို့​ကြောင့် ကမ္ဘာ့​အခြင်းအရာ​များ​၏ အဓိပ္ပာယ်​ကို သတိထားပြီး ဘုရားသခင့်​နှုတ်ကပါဌ်တော်​မှ ပရောဖက်ပြုချက်​ဆိုင်ရာ သတိပေး​ချက်​များ​ကို နာခံ​မည်​ဆိုလျှင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသော​မည်သည့် ကြွေးကြော်​ချက်​ကြောင့်​မျှ သင့်​အနေ​ဖြင့် လှည့်စား​ခံရ​ဖို့ အကြောင်း​မရှိပါ။​—မာကု ၁၃:၃၂-၃၇; လုကာ ၂၁:၃၄-၃၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​သည် ၁၉၄၂ ခုနှစ် ဇန်နဝါရီ​လ ၈ ရက်​နေ့၌ ကွယ်လွန်​၍ အင်၊ အိပ်ခ်ျ၊ နောရ်​က ကင်းမျှော်စင်​အသင်း​၏ ဥက္ကဋ္ဌ​အဖြစ် ဆက်ခံ​၏။

^ အပိုဒ်၊ 5 ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာ​လ ၂၀ ရက်​နေ့၌ ဂျာမနီ၊ အီတလီ​နှင့် ဟန်​ဂေ​ရီ​နိုင်ငံ​တို့​က “နိုင်ငံ​ပေါင်း​ချုပ်​သစ်” ကို လက်မှတ်​ရေးထိုး ဖွဲ့စည်း​လိုက်ပြီး လေး​ရက်​ကြာသော် ဗက်တီကင်​က ဘာသာရေး​ငြိမ်းချမ်းမှု​နှင့် စနစ်သစ်​တစ်ရပ်​အတွက် မစ္ဆား​ပွဲ​နှင့် ဆုတောင်းပွဲ​ကို ရေဒီယို​အသံလွှင့်​၍ ကျင်းပ​ခဲ့​သည်။ အဆိုပါ “နိုင်ငံ​ပေါင်း​ချုပ်​သစ်” သည် ဘယ်တော့​မျှ အကောင်အထည် ပေါ်​မလာ​ခဲ့​ချေ။

^ အပိုဒ်၊ 11 သုံးပါး​ပေါင်း​တစ်ဆူ အယူအဆ​သည် နေ​ဘုရား​ရှား​မာ့ရှ်၊ လ​ဘုရား​စင်း​နှင့် ကြယ်​ဘုရား အစ်​ရှ်​တာ​ရ်​တို့ကို သုံးပါး​တစ်စု​ဘုရား​အဖြစ် ကိုးကွယ်​သော ရှေး​ဗာဗုလုန်​မှ ဆင်းသက်လာ​သည်။ အီဂျစ်​လည်း ထို​ပုံစံ​အတိုင်း အို​စိုက်​ရ​စ္စ၊ အို​က်​စ​စ္စ​နှင့် ဟိုး​ရပ်​စ်​တို့ကို ကိုးကွယ်​ကြသည်။ အဆီးရီးယား​နိုင်ငံ​၏ အဓိက​ဘုရား အာ​ရှူးရ်​ကို ဦးခေါင်း​သုံးလုံး​ပါ​သော ဘုရား​အဖြစ် ပုံဖော်​ထား​သည်။ ကက်သလစ် ဘုရား​ရှိခိုး​ကျောင်း​များ​၌​လည်း ၎င်း​ပုံစံ​ကို​တု​၍ ဘုရားသခင်​ကို ဦးခေါင်း​သုံးလုံး​ရှိသော ဘုရား​အဖြစ် ပုံဖော်​ထား​သည်ကို​တွေ့ရ​၏။

^ အပိုဒ်၊ 12 ဝက်​ဘ်​စ​တား​၏ တတိယ အပြည်ပြည်ဆိုင်ရာ အဘိဓာန်​သစ် (၁၉၉၃) က ယေဟောဝါ ဘုရားသခင်​အား “ယေဟောဝါသက်သေ​များ အသိအမှတ်​ပြုသော အကြီး​မြင့်​ဆုံး​ဘုရား၊ သူတို့​ကိုးကွယ်​သည့် တစ်ပါး​တည်း​သော​ဘုရား” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆို​ထား​သည်။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅၀ ပါ လေးထောင့်ကွက်]

“ငြိမ်းချမ်းရေး” ဝိ​ရော​ဓိ

၁၉၈၆ ခုနှစ်​ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​နှစ်​အဖြစ် ကုလသမဂ္ဂ​က သတ်မှတ်​လိုက်​သော်လည်း ကိုယ့်​ကိုယ်ကို သတ်​သည်​နှင့်​မ​ခြား​သော လက်နက်​ပြိုင်ဆိုင်မှု​သည် အရှိန်​တိုးမြှင့်​ခဲ့​သည်။ ၁၉၈၆ ခုနှစ် ကမ္ဘာ့ စစ်ရေး​စစ်​ရာ​နှင့် လူမှုရေး ကုန်ကျ​စရိတ် စာစောင်​က အလေးအနက် ဆင်ခြင်​စေသော အောက်ပါ​အသေးစိတ် အချက်အလက်​များ တင်ပြ​လိုက်​သည်–

၁၉၈၆ ခုနှစ်​၌ ကမ္ဘာ့​စစ်​စရိတ်​သည် ဒေါ်လာ​သန်းပေါင်း ၉၀၀,၀၀၀ အထိ​တိုးမြှင့်​ခဲ့​သည်။

တစ်​နာရီ​အတွင်း အသုံးပြု​သော ကမ္ဘာ့​စစ်​သုံး​စရိတ်​သည် နှစ်စဉ်​သေဆုံး​သော လူပေါင်း ၃.၅ သန်း​ကို ကူးစက်​ရောဂါ ကာကွယ်​ဆေးထိုး​ပေး​ဖို့ လုံလောက်​မည်​ဖြစ်၏။

ကမ္ဘာ​တစ်ဝန်း​တွင် လူ​ငါး​ယောက်​လျှင်​တစ်ယောက် ဆင်းရဲခြင်း​ဒဏ်​ကို တ​မြ​ည့်​မြ​ည့်​ခံစား​နေရ​သည်။ ထို​ငတ်ပြတ်​နေ​သူအား​လုံး​ကို ကမ္ဘာ့ စစ်​လက်နက်​စရိတ် နှစ်​ရက်​စာ​ဖြင့် တစ်နှစ်​တိုင် ကျွေးမွေး​နိုင်​သည်။

ကမ္ဘာ့​နျူကလီးယား​လက်နက် အစုအပုံ​၏ ပေါက်ကွဲ​အား​သည် ချ​နို​ဘိုင်း​လ်​ပေါက်ကွဲ​အား​ထက် အဆပေါင်း ၁၆၀,၀၀၀,၀၀၀ ပို​၍​ပြင်းထန်​၏။

၁၉၄၅ ခုနှစ်​တွင် ဟီ​ရို​ရှီး​မား​မြို့​ပေါ် ကြဲ​ချ​ခဲ့​သော​ဗုံး​၏ အဆပေါင်း ၅၀၀ မ​က ပြင်းထန်သော နျူကလီးယား​ဗုံး​ကို ယနေ့ ဖောက်ခွဲ​နိုင်၏။

နျူကလီးယား​လက်နက်​တိုက်​များ​တွင် ဟီ​ရို​ရှီး​မား​ပေါင်း တစ်သန်း​ကျော်​နှင့်​ညီမျှ​သော လက်နက်များ​ရှိသည်။ ၎င်းတို့သည် လူ ၃၈ သန်း​သေကျေ​ခဲ့​သော ဒုတိယ​ကမ္ဘာ​စစ်​ကြီး​အတွင်း ဖောက်ခွဲ​ခဲ့​သည့်​ယမ်း​အား​၏ အဆပေါင်း ၂,၇၀၀ နှင့် ညီမျှ​သည်။

စစ်​ဖြစ်သည့်​အကြိမ်​နှင့် အသေအပျောက်​သည် ယခင်​ထက် တိုးများ​လာ​သည်။ ၁၈ ရာစု​၌ စုစုပေါင်း လူ ၄.၄ သန်း၊ ၁၉ ရာစု​၌ ၈.၃ သန်း၊ ၂၀ ရာစု​၏ ပထမ ၈၆ နှစ်​အတွင်း ၉၈.၈ သန်း စစ်​ကြောင့်​သေဆုံး​ခဲ့​၏။ ၁၈ ရာစု​မှ​စ၍ စစ်​ကြောင့်​သေဆုံး​သော လူဦးရေ​သည် ကမ္ဘာ့​လူဦးရေ​တိုးပွား​နှုန်း​ထက် ခြောက်​ဆ​မ​က မြန်ဆန်​၏။ ၂၀ ရာစု​၌ ပျမ်းမျှ​စစ်ပွဲ​တစ်ပွဲ​တွင် သေဆုံး​သော​ဦးရေ​သည် ၁၉ ရာစု​၏ ဆယ်​ဆ​ဖြစ်သည်။

[စာမျက်နှာ ၂၄၇ ပါ ရုပ်ပုံ]

နီ​မြန်း​သော သားရဲ​နှင့်​ပတ်သက်​၍ ပရောဖက်ပြု​ထား​သည့် အတိုင်း နိုင်ငံ​ပေါင်း​ချုပ်​အဖွဲ့​သည် ဒုတိယ​ကမ္ဘာ​စစ်​အတွင်း တွင်း​နက်​ထဲ​သို့​ကျ​ပြီး ကုလသမဂ္ဂ​အဖြစ် ပြန်ရှင်​သန်​လာ

[စာမျက်နှာ ၂၄၉ ပါ ရုပ်ပုံ]

ကုလသမဂ္ဂ​၏ “ငြိမ်းချမ်းရေး​နှစ်” ကို​ထောက်ခံ​သည့်​အနေ​နှင့် ကမ္ဘာ့​ဘာသာ​များ​မှ ကိုယ်စားလှယ်​များသည် အီတလီ​နိုင်ငံ၊ အစစ်​စီ​မြို့တွင် ဆုတောင်းချက်​အမျိုးမျိုးကို ကျွက်ကျွက်ညံ​အောင် ပြု​ခဲ့​ကြသော်လည်း သူတို့​ထဲ​မှ​တစ်ဦးမျှ အသက်ရှင်​သော ဘုရားသခင် ယေဟောဝါ​ထံ ဆု​မ​တောင်း​ခဲ့