မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

ဘုရင်က သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းမှာ သန့်စင်ပေး

ဘုရင်က သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းမှာ သန့်စင်ပေး

အဓိကအကြောင်းအရာ

ယေရှုက သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းမှာ သန့်စင်ပေးပုံနဲ့ သန့်စင်ပေးရတဲ့အကြောင်းရင်း

၁–၃။ ဗိမာန်တော် ညစ်ညမ်းသွားအောင်လုပ်နေတာကို ယေရှုတွေ့တဲ့အခါ ဘာလုပ်ခဲ့သလဲ။

ယေရှုက ဂျေရုဆလင်ဗိမာန်တော်ကို သိပ်လေးစားတယ်။ အဲဒါက မြေကြီးပေါ်မှာ စစ်မှန်တဲ့၀တ်ပြုရေးဗဟိုအဖြစ် ဟိုးအရင်ကတည်းက တည်ရှိခဲ့မှန်း ယေရှုသိလို့ပဲ။ သန့်ရှင်းတဲ့ဘုရားသခင် ယေဟောဝါရဲ့ဝတ်ပြုရေးဟာ သန့်ရှင်းစင်ကြယ်နေရမယ်။ ဒါပေမဲ့ အေဒီ ၃၃၊ နိသန်လ ၁၀ ရက်မှာ ဗိမာန်တော်ကို ယေရှုရောက်လာတဲ့အခါ အဲဒီမှာတွေ့ရတဲ့ ညစ်ညမ်းမှုတွေကြောင့် ဘယ်လိုခံစားခဲ့ရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီမှာ ဘာတွေဖြစ်ပျက်နေလို့လဲ။—မဿဲ ၂၁:၁၂၊ ၁၃ ကို ဖတ်ပါ။

လူမျိုးခြားရင်ပြင်မှာ လောဘကြီးတဲ့ကုန်သည်တွေနဲ့ ငွေလဲလှယ်သူတွေက ယေဟောဝါဆီယဇ်ပူဇော်ဖို့ရောက်လာသူတွေကို မတရားအမြတ်ထုတ်နေကြတယ်။ * ဒါကြောင့် ယေရှုက ‘ရောင်းဝယ်နေကြသောသူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲလှယ်သူတို့၏စားပွဲများကို မှောက်လှန်’ ခဲ့တယ်။ (နေဟမိ ၁၃:၇-၉ နဲ့နှိုင်းယှဉ်ပါ။) ခမည်းတော်ရဲ့အိမ်တော်ကို “ဓားပြခိုအောင်းရာ” ဖြစ်စေတဲ့အတွက် အဲဒီအတ္တသမားတွေကို ပြစ်တင်ရှုတ်ချခဲ့တယ်။ ဒီလိုနည်းနဲ့ ယေရှုက ဗိမာန်တော်နဲ့ ဗိမာန်တော်မှာကိုးကွယ်ခံရတဲ့အရှင်ကို ရိုသေလေးစားမှုတင်ပြခဲ့တယ်။ သူ့ခမည်းတော်ရဲ့၀တ်ပြုရေးဟာ သန့်ရှင်းစင်ကြယ်နေရမယ်။

ရာစုနှစ်များစွာကုန်လွန်ပြီးနောက် မေရှိယဘုရင်အဖြစ် နန်းတင်ခံရပြီးဖြစ်တဲ့ ယေရှုက ဗိမာန်တော်ကို နောက်တစ်ကြိမ် သန့်စင်ပေးခဲ့တယ်။ ဒီနေ့အချိန်မှာ ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းနဲ့ ၀တ်ပြုကိုးကွယ်ချင်သူအားလုံး အဲဒီဗိမာန်တော်မှာ ပါဝင်တယ်။ ယေရှု သန့်စင်ပေးခဲ့တဲ့ အဲဒီဗိမာန်တော်က ဘာဖြစ်မလဲ။

‘လေဝိအမျိုးသား’ တွေကို သန့်စင်ပေးခြင်း

၄၊ ၅။ (က) ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းအထိ ခရစ်တော်ရဲ့ဘိသိက်ခံနောက်လိုက်တွေ ဘယ်လိုသန့်စင်ခံခဲ့ရသလဲ။ (ခ) ဘုရားသခင့်လူမျိုးတော်ကို သန့်စင်ပေးတာ ပြီးဆုံးသွားပြီလား။ ရှင်းပြပါ။

အခန်း ၂ မှာလေ့လာခဲ့တဲ့အတိုင်း ယေရှုဟာ ၁၉၁၄ ခုနှစ်မှာ နန်းတင်ခံရပြီးနောက် သူ့ခမည်းတော်နဲ့အတူ စင်ကြယ်တဲ့၀တ်ပြုရေးအစီအစဉ်ဖြစ်တဲ့ ပုံဆောင်ဗိမာန်တော်ကို လာရောက်စစ်ဆေးခဲ့တယ်။ * အဲဒီလိုစစ်ဆေးတဲ့အခါ ဘုရင်က ‘လေဝိအမျိုးသား’ တွေဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို သန့်စင်ပေးဖို့လိုအပ်ကြောင်း တွေ့ခဲ့တယ်။ (မာလ. ၃:၁-၃ကဘ) ဒါနဲ့ သန့်စင်ပေးရှင်ဖြစ်တဲ့ ယေဟောဝါဟာ သူ့လူမျိုးကိုသန့်စင်ပေးဖို့ ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းအထိ စမ်းသပ်မှုနဲ့ အခက်အခဲအမျိုးမျိုး တွေ့ကြုံရဖို့ ခွင့်ပြုခဲ့တယ်။ ၀မ်းသာစရာက၊ မီးနဲ့တူတဲ့စမ်းသပ်မှုတွေခံရပြီးနောက် သန့်စင်လာတဲ့ဘိသိက်ခံတွေဟာ မေရှိယဘုရင်ကို အားတက်သရော ထောက်ခံခဲ့ကြတယ်။

ဘုရားသခင့်လူမျိုးတော်ကို သန့်စင်ပေးတာ ပြီးဆုံးသွားပြီလား။ မပြီးသေးပါဘူး။ နောက်ဆုံးကာလအတွင်းမှာ ယေဟောဝါက သူ့လူမျိုးတွေသန့်ရှင်းနေအောင် မေရှိယဘုရင်ကိုသုံးပြီး ဆက်ကူညီပေးနေတယ်။ ဒါမှ သူတို့က ပုံဆောင်ဗိမာန်တော်မှာ ဆက်ရှိနေနိုင်မှာဖြစ်တယ်။ သူတို့ကို ကိုယ်ကျင့်တရားပိုင်းနဲ့ အဖွဲ့အစည်းပိုင်းမှာ ဘယ်လိုသန့်စင်ပေးတယ်ဆိုတာ နောက်အခန်းနှစ်ခန်းမှာ လေ့လာကြပါမယ်။ အခုတော့ ၀တ်ပြုရေးပိုင်း သန့်စင်ပေးတဲ့အကြောင်း လေ့လာကြစို့။ ယေရှုက သူ့နောက်လိုက်တွေ ဝတ်ပြုရေးပိုင်းမှာ သန့်ရှင်းနေစေဖို့ မြင်နိုင်တဲ့နည်းနဲ့ရော မမြင်နိုင်တဲ့နည်းနဲ့ပါ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ သုံးသပ်တဲ့အခါ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာပါလိမ့်မယ်။

“သန့်ရှင်းခြင်းရှိကြလော့”

၆။ ဂျူးသုံ့ပန်းတွေကို ယေဟောဝါမိန့်မှာခဲ့တဲ့စကားတွေက ဝတ်ပြုရေးပိုင်းစင်ကြယ်ခြင်းအကြောင်း နားလည်စေဖို့ ဘယ်လိုကူညီပေးသလဲ။

၀တ်ပြုရေးပိုင်းစင်ကြယ်ခြင်းဆိုတာ ဘာလဲ။ အဖြေသိရဖို့ ဘီစီ ၅၃၇ ခုနှစ်မှာ ဗာဗုလုန်ကနေထွက်လာတော့မယ့် ဂျူးသုံ့ပန်းတွေကို ယေဟောဝါ ဘာပြောခဲ့တယ်ဆိုတာ ဆန်းစစ်ကြည့်ရအောင်။ (ဟေရှာယ ၅၂:၁၁ ကိုဖတ်ပါ။) ဂျူးသုံ့ပန်းတွေ ဂျေရုဆလင်ကို ပြန်လာရတဲ့ အဓိကရည်ရွယ်ချက်က ဗိမာန်တော်ပြန်တည်ဆောက်ဖို့နဲ့ စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်ဖို့ဖြစ်တယ်။ (ဧဇ. ၁:၂-၄) ယေဟောဝါက သူ့လူမျိုးကို ဗာဗုလုန်ဘာသာရေးနဲ့ပတ်သက်တာအားလုံးကို စွန့်ပစ်ခဲ့စေချင်တယ်။ ဒါကြောင့် ဘုရားသခင်က “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်၊” “ထိုအရပ်ထဲက ထွက်သွားကြလော့၊” “သန့်ရှင်းခြင်းရှိကြလော့” ဆိုတဲ့ မိန့်မှာချက်တွေ ဆက်တိုက်ပေးခဲ့တယ်။ အယူမှား၀တ်ပြုရေးကြောင့် ယေဟောဝါရဲ့စင်ကြယ်တဲ့ဝတ်ပြုရေး ညစ်ညမ်းသွားတာမျိုး မဖြစ်စေရဘူး။ ဒီကနေ ကျွန်တော်တို့ ဘာသိရသလဲ။ ၀တ်ပြုရေးပိုင်းစင်ကြယ်ခြင်းမှာ အယူမှားဘာသာရဲ့သွန်သင်ချက်တွေ၊ ဓလေ့ထုံးစံတွေနဲ့ ကင်းကင်းရှင်းရှင်းနေခြင်း ပါ၀င်တယ်။

၇။ ယေရှုက နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းစင်ကြယ်နေအောင် ကူညီပေးဖို့ ဘယ်လမ်းကြောင်းကို အသုံးပြုခဲ့သလဲ။

ယေရှုက ဘုရင်အဖြစ်နန်းတင်ခံရပြီး မကြာခင်မှာ သူ့နောက်လိုက်တွေ ဝတ်ပြုရေးပိုင်း စင်ကြယ်နေအောင် ကူညီပေးနိုင်ဖို့ မြင်သာတဲ့လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့တယ်။ အဲဒီလမ်းကြောင်းကတော့ ၁၉၁၉ ခုနှစ်မှာ ခရစ်တော်ခန့်အပ်ခဲ့တဲ့ သစ္စာနဲ့သတိပညာရှိကျွန်ပါပဲ။ (မ. ၂၄:၄၅) အဲဒီနှစ်ရောက်တဲ့အခါ ကျမ်းစာကျောင်းသားတွေဟာ အယူမှားဘာသာရေးသွန်သင်ချက်များစွာကနေ သူတို့ကိုယ်ကို သန့်စင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဝတ်ပြုရေးပိုင်းမှာ ထပ်ပြီးသန့်စင်ခံရဖို့ လိုနေတုန်းပဲ။ ခရစ်တော်ဟာ သစ္စာရှိကျွန်ကိုသုံးပြီး သူ့နောက်လိုက်တွေ စွန့်ပစ်ဖို့လိုသေးတဲ့ ပွဲနေ့တွေ၊ ဓလေ့ထုံးစံတွေအကြောင်း တဖြည်းဖြည်း သိနားလည်စေခဲ့တယ်။ (သု. ၄:၁၈) တချို့ကို သုံးသပ်ကြည့်ရအောင်။

ခရစ်ယာန်တွေ ခရစ္စမတ်ပွဲကျင်းပသင့်သလား

၈။ ကျမ်းစာကျောင်းသားတွေက ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး အရင်ကတည်းက ဘာကိုသိခဲ့ကြသလဲ။ ဒါပေမဲ့ ဘာကို ရှင်းရှင်းလင်းလင်း မသိသေးဘူးလဲ။

ခရစ္စမတ်ပွဲဟာ အယူမှားဇာစ်မြစ်တွေကနေ ဆင်းသက်လာကြောင်းနဲ့ ယေရှုဟာ ဒီဇင်ဘာ ၂၅ ရက်မှာ မွေးဖွားတာမဟုတ်ကြောင်း ကျမ်းစာကျောင်းသားတွေ သိခဲ့တာကြာပြီ။ ၁၈၈၁၊ ဒီဇင်ဘာလထုတ် ဇိအုန်ကင်းမျှော်စင်မှာ အခုလိုဖော်ပြထားတယ်– “သန်းနဲ့ချီတဲ့လူတွေဟာ အယူမှားဘာသာကနေ ချာ့ခ်ျကို ပြောင်းဝင်လာကြတယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲမှုက အမည်ခံသက်သက်ပဲ။ အယူမှားဘာသာရေးဆရာတွေက ခရစ်ယာန်ဘာသာရေးဆရာတွေ ဖြစ်လာကြတယ်။ အယူမှားပွဲနေ့တွေကိုလည်း ခရစ်ယာန်နာမည်တွေ တပ်ပေးလိုက်တယ်။ ခရစ္စမတ်ဟာ အဲဒီလိုပွဲနေ့တွေထဲက တစ်ခုပဲ။” ၁၈၈၃ ခုနှစ်ထုတ် ကင်းမျှော်စင်က “ယေရှု ဘယ်အချိန်မှာ မွေးဖွားသလဲ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ယေရှုဟာ အောက်တိုဘာလအစပိုင်းမှာ မွေးဖွားတယ်လို့ ရှင်းပြထားတယ်။ * ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျမ်းစာကျောင်းသားတွေဟာ ခရစ္စမတ်ပွဲ မကျင်းပသင့်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမသိကြသေးဘူး။ ဒါကြောင့် ဘရွတ်ကလင်ဗေသလမိသားစုဝင်တွေတောင် ခရစ္စမတ်ပွဲ ဆက်ကျင်းပနေတယ်။ ၁၉၂၆ ခုနှစ်နောက်ပိုင်းမှာတော့ အပြောင်းအလဲစဖြစ်လာတယ်။ ဘာကြောင့်လဲ။

၉။ ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာ ကျောင်းသားတွေ ဘာကိုနားလည်လာသလဲ။

ကျမ်းစာကျောင်းသားတွေက ခရစ္စမတ်အကြောင်း အသေအချာလေ့လာလိုက်တဲ့အခါ ဒီပွဲရဲ့ဇာစ်မြစ်နဲ့ ဓလေ့ထုံးစံတွေဟာ ဘုရားသခင်ကိုရှုတ်ချနေမှန်း နားလည်လာကြတယ်။ ၁၉၂၇၊ ဒီဇင်ဘာ ၁၄ ရက်ထုတ် ရွှေခေတ် မဂ္ဂဇင်းမှာ “ခရစ္စမတ်ပွဲရဲ့ဇာစ်မြစ်” ဆိုတဲ့ဆောင်းပါးပါလာပြီး ခရစ္စမတ်ဟာ အယူမှားပွဲနေ့ဖြစ်ကြောင်း၊ အပျော်အပါးကို ရှေ့တန်းတင်ကြောင်း၊ ရုပ်တုကိုးကွယ်မှု ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားတယ်။ ဒီပွဲနေ့ကိုကျင်းပဖို့ ခရစ်တော် မမိန့်မှာခဲ့ဘူးဆိုတာ ဆောင်းပါးက အတိအလင်းဖော်ပြပြီး ခရစ္စမတ်နဲ့ပတ်သက်လို့ အခုလိုပွင့်ပွင့်လင်းလင်း မှတ်ချက်ချတယ်– “ခရစ္စမတ်ပွဲ မတိမ်ကောသွားဖို့၊ ဆက်လက်တည်တံ့နေဖို့ ဒီလောက၊ လူ့မစုံလင်မှုနဲ့ မာရ်နတ်က အားပေးအားမြှောက်ပြုနေတယ်။ . . . ဒီအချက်က ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံထားသူတွေ ခရစ္စမတ်ပွဲမကျင်းပသင့်တဲ့ ခိုင်လုံတဲ့အကြောင်းရင်းပါပဲ။” ဒါကြောင့် အဲဒီနှစ် ဒီဇင်ဘာလမှာ ဗေသလမိသားစုဟာ ခရစ္စမတ်ပွဲမကျင်းပခဲ့သလို နောက်ဘယ်တော့မှလည်း မကျင်းပတော့ဘူး။

၁၀။ (က) ၁၉၂၈၊ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲအကြောင်း ဘယ်အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ခဲ့သလဲ။ (“ ခရစ္စမတ်ပွဲရဲ့ ဇာစ်မြစ်နဲ့ရည်ရွယ်ချက်” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ခ) ရှောင်ကြဉ်ရမယ့် တခြားအခါကြီးရက်ကြီးတွေနဲ့ ပွဲနေ့တွေအကြောင်း ဘုရားသခင့်လူမျိုးကို ဘယ်လိုသတိပေးခဲ့သလဲ။ (“ တခြားအခါကြီးရက်ကြီးတွေနဲ့ ပွဲနေ့တွေအကြောင်း ဖော်ထုတ်ခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၀ နောက်နှစ်မှာ ခရစ္စမတ်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကျမ်းစာကျောင်းသားတွေ သိလာတယ်။ ၁၉၂၈၊ ဒီဇင်ဘာ ၁၂ ရက်မှာ ဌာနချုပ်ဝန်ထမ်းဖြစ်သူ ညီအစ်ကိုရစ်ချက် အိပ်ခ်ျ ဘာဘာက ရေဒီယိုကနေ ဟောပြောချက်ထုတ်လွှင့်ပြီး ခရစ္စမတ်ပွဲရဲ့ မသန့်ရှင်းတဲ့ဇာစ်မြစ်တွေကို ဖော်ထုတ်ခဲ့တယ်။ ဌာနချုပ်ကပေးလာတဲ့ ရှင်းလင်းတဲ့ညွှန်ကြားချက်ကို ဘုရားသခင့်လူမျိုးတွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ညီအစ်ကိုချားလ်စ် ဘရန်လင်က သူတို့မိသားစု ခရစ္စမတ်ပွဲ မကျင်းပတော့တာနဲ့ပတ်သက်ပြီး အခုလိုပြောပြတယ်– “အဲဒီအယူမှားပစ္စည်းတွေကို လွှင့်ပစ်လိုက်ရလို့ ကျွန်တော်တို့ လုံး၀စိတ်မကောင်းမဖြစ်ခဲ့ဘူး။ . . . အဲဒါက ညစ်ပတ်ပေရေနေတဲ့အဝတ်ကို ချွတ်ပြီး လွှင့်ပစ်လိုက်သလိုပါပဲ။” နောက်ပိုင်းမှာ နယ်လှည့်ကြီးကြပ်မှူးဖြစ်လာသူ ညီအစ်ကိုဟင်နရီ အေ ကန့်ဝဲလ်မှာလည်း အဲဒီလိုသဘောထားမျိုးရှိတယ်။ “ယေဟောဝါကိုချစ်ကြောင်း သက်သေပြဖို့ အဲဒါကို ကျွန်တော်တို့ စွန့်လွှတ်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်” လို့သူပြောတယ်။ ခရစ်တော်ရဲ့သစ္စာရှိနောက်လိုက်တွေဟာ လိုအပ်တဲ့ပြောင်းလဲမှုတွေကို တလိုတလားပြုလုပ်ခဲ့ပြီး မသန့်ရှင်းတဲ့ဝတ်ပြုမှုကနေ မြစ်ဖျားခံတဲ့ပွဲနေ့မှာ လုံးဝမပါဝင်ကြတော့ဘူး။ *ယော. ၁၅:၁၉; ၁၇:၁၄

၁၁။ မေရှိယဘုရင်ကို ထောက်ခံကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၁ အဲဒီသစ္စာရှိကျမ်းစာကျောင်းသားတွေဟာ ကျွန်တော်တို့အတွက် ပုံသက်သေကောင်း ပြခဲ့တယ်။ သူတို့ရဲ့ပုံသက်သေကို ပြန်စဉ်းစားရင်းနဲ့ ‘ငါကော သစ္စာရှိကျွန်ပေးတဲ့ ညွှန်ကြားချက်ကို ဘယ်လိုသဘောထားသလဲ။ ကျေးဇူးတင်လေးမြတ်စိတ်နဲ့ လက်ခံပြီး လိုက်နာသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ကျွန်တော်တို့ တလိုတလားနာခံတာက အချိန်တန်အစာဝေပေးဖို့ သစ္စာရှိကျွန်ကိုအသုံးပြုနေတဲ့ မေရှိယဘုရင်ကို ထောက်ခံရာရောက်ပါတယ်။—တ. ၁၆:၄၊ ၅

ခရစ်ယာန်တွေ လက်ဝါးကားတိုင်သုံးသင့်သလား

လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ် (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

၁၂။ ကျမ်းစာကျောင်းသားတွေဟာ လက်ဝါးကားတိုင်ကို နှစ်အတော်ကြာ ဘယ်လိုယူမှတ်ခဲ့သလဲ။

၁၂ လက်ဝါးကားတိုင်ကို ခရစ်ယာန်ဘာသာရဲ့ နှစ်သက်ဖွယ်အမှတ်အသားအဖြစ် ကျမ်းစာကျောင်းသားတွေ ယူမှတ်ခဲ့တာ အတော်ကြာပြီ။ ရုပ်တုကိုးကွယ်တာမှားမှန်း သူတို့သိတဲ့အတွက် ဝတ်ပြုရေးမှာတော့ လက်ဝါးကားတိုင် မသုံးကြဘူး။ (၁ ကော. ၁၀:၁၄; ၁ ယော. ၅:၂၁) ၁၈၈၃ ခုနှစ်ကတည်းက ကင်းမျှော်စင်က “ရုပ်တုကိုးကွယ်မှုအားလုံးကို ဘုရားသခင် ရွံမုန်းတယ်” လို့ ဘွင်းဘွင်းပြောခဲ့တယ်။ ဒါပေမဲ့ အစပိုင်းမှာ ကျမ်းစာကျောင်းသားတွေက လက်ဝါးကားတိုင်ကို သင့်လျော်သလိုသုံးလို့ရတယ်လို့ ထင်ခဲ့ကြတယ်။ ဥပမာ၊ လက်ဝါးကားတိုင်နဲ့ သရဖူတံဆိပ်ရင်ထိုးကို သူတို့ရဲ့အမှတ်အသားအဖြစ် ဂုဏ်ယူစွာတပ်ဆင်ခဲ့ကြတယ်။ အဲဒီအမှတ်အသားက သူတို့သာ သေတဲ့အထိသစ္စာရှိမယ်ဆိုရင် အသက်သရဖူရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ၁၈၉၁ ခုနှစ်ကစပြီး ကင်းမျှော်စင် မျက်နှာဖုံးမှာ လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ်ကို အသုံးပြုခဲ့တယ်။

၁၃။ လက်ဝါးကားတိုင်အသုံးပြုတာနဲ့ပတ်သက်ပြီး ခရစ်တော်ရဲ့နောက်လိုက်တွေ ဘာကိုနားလည်လာသလဲ။ (“ လက်ဝါးကားတိုင် အသုံးပြုခြင်းအကြောင်း အဆင့်ဆင့်နားလည်လာ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၃ ကျမ်းစာကျောင်းသားတွေဟာ လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ်ကို မြတ်နိုးတန်ဖိုးထားခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းကစပြီး ခရစ်တော်ရဲ့နောက်လိုက်တွေဟာ လက်ဝါးကားတိုင်အသုံးပြုတာနဲ့ပတ်သက်ပြီး တဖြည်းဖြည်း ပိုနားလည်လာတယ်။ ၁၉၂၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှာကျင်းပတဲ့ စည်းဝေးပွဲနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ညီအစ်ကိုဂရန့် စူတာ အခုလိုပြန်ပြောပြတယ်– “လက်ဝါးကားတိုင်နဲ့ သရဖူတံဆိပ်အမှတ်အသားဟာ မလိုအပ်တဲ့အရာဖြစ်ရုံမက မနှစ်မြို့စရာလည်းဖြစ်တယ်လို့ စည်းဝေးပွဲမှာသိခဲ့ရတယ်။” နောက်နှစ်အနည်းငယ်အတွင်းမှာ အဲဒီအကြောင်း ပိုနားလည်လာတယ်။ သန့်ရှင်းစင်ကြယ်တဲ့ဝတ်ပြုရေးမှာ လက်ဝါးကားတိုင်ကို လုံးဝမသုံးရဘူးဆိုတာ ရှင်းပါတယ်။

၁၄။ လက်ဝါးကားတိုင်နဲ့ပတ်သက်ပြီး တဖြည်းဖြည်း ပိုနားလည်လာတဲ့အချက်တွေကို ဘုရားသခင့်လူမျိုး ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

၁၄ လက်ဝါးကားတိုင်နဲ့ပတ်သက်ပြီး တဖြည်းဖြည်း ပိုနားလည်လာတဲ့အချက်တွေကို ဘုရားသခင့်လူမျိုး ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့သိပ်မြတ်နိုးတန်ဖိုးထားတဲ့ လက်ဝါးကားတိုင်နဲ့သရဖူတံဆိပ်ကို ဆက်အသုံးပြုခဲ့သလား။ ယေဟောဝါရဲ့သက်တမ်းကြာကျေးကျွန်ဖြစ်သူ လီလာ ရောဘတ်က “အဲဒီအမှတ်အသားက ဘာကိုကိုယ်စားပြုမှန်း သိလာတာနဲ့ အလွယ်တကူပဲ စွန့်လွှတ်နိုင်ခဲ့တယ်” လို့ပြောပြတယ်။ နောက်သစ္စာရှိညီအစ်မတစ်ဦးဖြစ်တဲ့ အာဆူလာ ဆာရန်ကိုကလည်း အခုလိုပြောတယ်– “သခင်ရဲ့သေခြင်းနဲ့ ခရစ်ယာန်ဆည်းကပ်မြှုပ်နှံခြင်းရဲ့ အမှတ်အသားအဖြစ် ကျွန်မတို့မြတ်နိုးခဲ့တဲ့အရာက တကယ်တော့ အယူမှားအမှတ်အသားဖြစ်နေမှန်း သိလာရတယ်။ သုတ္တံ ၄:၁၈ မှာပြောထားသလို [ဖြောင့်မတ်သူတွေရဲ့] လမ်းက လင်းသထက်လင်းလာတဲ့အတွက် ကျွန်မတို့ သိပ်၀မ်းသာတာပဲ။” တခြားသူတွေလည်း သူ့လိုပဲ ခံစားခဲ့ရတယ်။ ခရစ်တော်ရဲ့ သစ္စာရှိနောက်လိုက်တွေဟာ မသန့်ရှင်းတဲ့ အယူမှားဓလေ့ထုံးစံတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၁၅၊ ၁၆။ ယေဟောဝါရဲ့ပုံဆောင်ဗိမာန်တော် မြေကြီးရင်ပြင်ကို ဆက်သန့်ရှင်းနေစေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၅ ဒီနေ့လည်း အလားတူ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ခရစ်တော်က မြင်သာတဲ့လမ်းကြောင်းဖြစ်တဲ့ သစ္စာနဲ့သတိပညာရှိကျွန်ကိုသုံးပြီး သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းစင်ကြယ်နေအောင် ကူညီပေးနေမှန်း ကျွန်တော်တို့သိကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရရှိတဲ့အချိန်တန်အစာက အယူမှားဘာသာရေးနဲ့ငြိစွန်းတဲ့ ပွဲနေ့တွေ၊ ဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး သတိပေးလာတဲ့အခါ နာခံမှုရှိရှိ ချက်ချင်းလိုက်နာကြတယ်။ ခရစ်တော်ရောက်ရှိချိန် အစောပိုင်းမှာ အသက်ရှင်ခဲ့တဲ့ ညီအစ်ကိုညီအစ်မတွေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ပုံဆောင်ဗိမာန်တော် မြေကြီးရင်ပြင်ကို ဆက်သန့်ရှင်းနေစေဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

၁၆ နောက်ဆုံးကာလတစ်လျှောက်မှာ ခရစ်တော်ဟာ စင်ကြယ်တဲ့ဝတ်ပြုရေးညစ်ညမ်းသွားအောင် လုပ်သူတွေရဲ့အန္တရာယ်ကနေ ယေဟောဝါလူမျိုးရဲ့အသင်းတော်တွေကို မမြင်နိုင်တဲ့နည်းနဲ့လည်း ကာကွယ်ပေးနေတယ်။ ခရစ်တော် ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

“ဖြောင့်မတ်သူတို့အလယ်မှ ဆိုးညစ်သူတို့ကို” ခွဲထုတ်ခြင်း

၁၇၊ ၁၈။ ပိုက်ကွန်ပုံဥပမာမှာ အောက်ပါအချက်တွေက ဘာကိုဆိုလိုသလဲ– (က) ပိုက်ကွန်ချခြင်း၊ (ခ) ‘ငါးအမျိုးမျိုးကို အုပ်မိခြင်း၊’ (ဂ) ကောင်းသောငါးများကို ခြင်းထဲရွေးထည့်ခြင်း၊ (ဃ) မကောင်းသောငါးတို့ကို လွှင့်ပစ်ခြင်း။

၁၇ ဘုရင်ယေရှုခရစ်ဟာ ကမ္ဘာတစ်၀န်းမှာရှိတဲ့ ဘုရားသခင့်လူမျိုးရဲ့အသင်းတော်တွေကို သတိရှိရှိစောင့်ကြည့်နေတယ်။ ခရစ်တော်နဲ့ကောင်းကင်တမန်တွေဟာ ကျွန်တော်တို့ အပြည့်အဝနားမလည်နိုင်တဲ့နည်းတွေနဲ့ ခွဲခြားခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြတယ်။ ဒီလုပ်ငန်းအကြောင်း ပိုက်ကွန်ပုံဥပမာမှာ ယေရှုဖော်ပြခဲ့တယ်။ (မဿဲ ၁၃:၄၇–၅၀ ကိုဖတ်ပါ။) အဲဒီပုံဥပမာက ဘာကိုဆိုလိုသလဲ။

ပင်လယ်ထဲမှာ ပိုက်ကွန်ချသလို လူသားထုတစ်ရပ်လုံးကို သတင်းကောင်းဟောပြောနေ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈ ‘ပိုက်ကွန်ကို ပင်လယ်ထဲချခြင်း။’ ပိုက်ကွန်က နိုင်ငံတော်သတင်းဟောပြောခြင်းကို တင်စားတယ်။ ပင်လယ်က လူသားထုတစ်ရပ်လုံးကို တင်စားတယ်။ ပင်လယ်ထဲမှာ ပိုက်ကွန်ချသလို လူသားထုတစ်ရပ်လုံးကို သတင်းကောင်းဟောပြောနေတယ်။ ‘ငါးအမျိုးမျိုးကို အုပ်မိခြင်း။’ သတင်းကောင်းက လူအမျိုးမျိုးကို ဆွဲဆောင်တယ်။ အဲဒီထဲမှာ ခရစ်ယာန်စစ်ဖြစ်လာအောင် ကြိုးစားသူတွေရော၊ အစပိုင်းမှာ စိတ်ဝင်စားပေမဲ့ နောက်ပိုင်းမှာ စင်ကြယ်တဲ့ဝတ်ပြုရေးဘက် မရပ်တည်သူတွေရော ပါဝင်တယ်။ * “ကောင်းသောငါးများကို ခြင်းထဲ” ရွေးထည့်ခြင်း။ စိတ်နှလုံးရိုးဖြောင့်သူတွေဟာ ခြင်းနဲ့တူတဲ့ အသင်းတော်တွေထဲ စုသိမ်းခံရပြီး အဲဒီမှာ ယေဟောဝါကို သန့်ရှင်းစင်ကြယ်စွာ ဝတ်ပြုနိုင်ကြတယ်။ “မကောင်းသောငါးတို့ကို” လွှင့်ပစ်ခြင်း။ နောက်ဆုံးကာလတစ်လျှောက် ခရစ်တော်နဲ့ကောင်းကင်တမန်တွေက “ဖြောင့်မတ်သူတို့အလယ်မှ ဆိုးညစ်သူတို့ကို” ခွဲထုတ်နေတယ်။ * ဒါကြောင့် စိတ်ရင်းမှန်မရှိသူတွေ၊ တစ်နည်းအားဖြင့် မှားယွင်းတဲ့ယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကို မစွန့်ပစ်ချင်သူတွေဟာ ခရစ်ယာန်အသင်းတော်ကို ညစ်ညမ်းအောင်လုပ်လို့ မရတော့ဘူး။ *

၁၉။ စစ်မှန်တဲ့ဝတ်ပြုရေး သန့်ရှင်းစင်ကြယ်နေဖို့ ခရစ်တော် ကာကွယ်စောင့်ရှောက်ပေးနေတာနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၉ ကျွန်တော်တို့ရဲ့ဘုရင် ယေရှုခရစ်က သူ့စောင့်ရှောက်မှုအောက်မှာရှိသူတွေကို ကာကွယ်ပေးနေမှန်းသိရတာ အားရှိစရာပဲ မဟုတ်လား။ အေဒီပထမရာစုမှာ ဗိမာန်တော်ကို သန့်ရှင်းရေးလုပ်တုန်းက ဇွဲထက်သန်ခဲ့သလို အခုလည်း စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေအတွက် ဇွဲထက်သန်နေတုန်းပဲဆိုတာသိရလို့ နှစ်သိမ့်မှုခံစားရတယ် မဟုတ်လား။ ခရစ်တော်ဟာ စစ်မှန်တဲ့ဝတ်ပြုရေး သန့်ရှင်းစင်ကြယ်နေအောင် ကာကွယ်စောင့်ရှောက်ပေးနေတဲ့အတွက် ဘယ်လောက်တောင် ကျေးဇူးတင်စရာကောင်းလိုက်သလဲ။ အယူမှားဘာသာရေးနဲ့ဆက်နွှယ်သမျှကို ရှောင်ကြဉ်ပြီး ဘုရင်နဲ့နိုင်ငံတော်ကို ထောက်ခံကြောင်း တင်ပြနိုင်ကြပါစေ။

^ အပိုဒ်၊ 2 ဗိမာန်တော်ကို ရောက်လာတဲ့ဂျူးတွေဟာ နှစ်စဉ် ဗိမာန်တော်အခွန်ဆောင်ဖို့ သူတို့ယူလာတဲ့ငွေကို ဒေသသုံးငွေကြေးနဲ့ လဲလှယ်ရတယ်။ အဲဒီအခါ ငွေလဲပေးသူတွေက ဝန်ဆောင်ခယူကြတယ်။ ဒါ့အပြင် ဧည့်သည်တွေက ယဇ်ပူဇော်ဖို့ တိရစ္ဆာန်တွေကိုလည်း ဝယ်ရတယ်။ ဖြစ်နိုင်တာက ကုန်သည်တွေဟာ မတန်တဆစျေးတင်ကြတယ်၊ ဝန်ဆောင်ခကိုလည်း တရားလွန်တောင်းဆိုကြပုံပဲ။ ဒါကြောင့် ယေရှုက သူတို့ကို ‘ဓားပြတွေ’ လို့ခေါ်ခဲ့တယ်။

^ အပိုဒ်၊ 4 ယေဟောဝါရဲ့လူမျိုးဟာ ကြီးမြတ်တဲ့ပုံဆောင်ဗိမာန်တော် မြေကြီးရင်ပြင်မှာ ကိုယ်တော့်ကို ဝတ်ပြုနေကြတယ်။

^ အပိုဒ်၊ 8 ဆောင်းရာသီမှာ ယေရှုမွေးဖွားတယ်ဆိုတဲ့ အချက်က “သိုးထိန်းတွေ သိုးကျောင်းတဲ့မှတ်တမ်းနဲ့ မကိုက်ညီဘူး” ဆိုပြီး အဲဒီဆောင်းပါးက ထောက်ပြတယ်။—လု. ၂:၈

^ အပိုဒ်၊ 10 ၁၉၂၇၊ နိုဝင်ဘာလ ၁၄ ရက်စွဲနဲ့ ကိုယ်ရေးကိုယ်တာစာတစ်စောင်မှာ ညီအစ်ကို ဖရက်ဒရစ် ဒဗလျူ ဖရန့်စ် အခုလိုရေးခဲ့တယ်– “ဒီနှစ် ကျွန်တော်တို့ ခရစ္စမတ်ပွဲလုပ်တော့မှာမဟုတ်ဘူး။ ဗေသလမိသားစုက ခရစ္စမတ်ပွဲမကျင်းပတော့ဖို့ ဆုံးဖြတ်လိုက်ပြီ။” လအနည်းငယ်အကြာ ၁၉၂၈၊ ဖေဖော်ဝါရီ ၆ ရက်စွဲနဲ့ စာမှာလည်း ညီအစ်ကိုဖရန့်စ်က “သခင်ဟာ ကျွန်တော်တို့ကို မာရ်နတ်ချုပ်ကိုင်ထားတဲ့ ဗာဗုလုန်အဖွဲ့အစည်းရဲ့အမှားတွေကနေ တဖြည်းဖြည်းချင်း သန့်စင်ပေးနေတယ်” လို့ ရေးသားခဲ့တယ်။

^ အပိုဒ်၊ 18 ဥပမာအနေနဲ့၊ ၂၀၁၃ ခုနှစ်မှာ အများဆုံး ကြေညာသူ ၇,၉၆၅,၉၅၄ ယောက်ရှိပေမဲ့ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူကတော့ ၁၉,၂၄၁,၂၅၂ ယောက်ရှိတယ်။

^ အပိုဒ်၊ 18 ကောင်းတဲ့ငါးနဲ့ မကောင်းတဲ့ငါးကို ခွဲခြား တာက သိုးနဲ့ဆိတ်ခွဲခြားတာနဲ့ မတူဘူး။ (မ. ၂၅:၃၁-၄၆) နောက်ဆုံးတရားစီရင်ခြင်း ဒါမှမဟုတ် သိုးနဲ့ဆိတ်ခွဲခြားခြင်းကို လာမယ့်ကြီးစွာသောဒုက္ခအတွင်းမှာ လုပ်ဆောင်မှာဖြစ်တယ်။ အဲဒီအချိန်မရောက်မချင်း မကောင်းတဲ့ငါးနဲ့တူတဲ့သူတွေဟာ ယေဟောဝါဆီ ပြန်လှည့်လာနိုင်ပြီး ခြင်းနဲ့တူတဲ့အသင်းတော်ထဲမှာ စုသိမ်းခံရ နိုင်ပါတယ်။—မာလ. ၃:၇

^ အပိုဒ်၊ 18 နောက်ဆုံးမှာတော့ မကောင်းတဲ့ငါးနဲ့တူတဲ့သူတွေဟာ ပုံဆောင်မီးဖိုထဲ ပစ်ချခံရမယ်၊ ဆိုလိုတာက အနာဂတ်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။