မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း

‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း

အဓိကအကြောင်းအရာ

လူမျိုးတော်ကို ယေဟောဝါ အဆင့်ဆင့်ဖွဲ့စည်းပေး

၁၊ ၂။ ၁၈၉၅၊ ဇန်နဝါရီလထုတ် ဇိအုန်ကင်းမျှော်စင်မှာ ဘယ်ပြောင်းလဲမှုကို တွေ့ရသလဲ။ ညီအစ်ကိုတွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ဇွဲထက်သန်တဲ့ ကျမ်းစာကျောင်းသား ဂျွန် အေ ဘိုးနက်ဟာ ၁၈၉၅၊ ဇန်နဝါရီလထုတ် ဇိအုန်ကင်းမျှော်စင်ကို ရတဲ့အခါ သူတွေ့လိုက်တာကို အတော်လေးသဘောကျသွားတယ်။ မဂ္ဂဇင်းရဲ့မျက်နှာဖုံးအသစ်ပေါ်မှာ မီးပြတိုက်ကြီးက ထင်းနေတာပဲ။ လှိုင်းလေထန်နေတဲ့ပင်လယ်ပြင်မှာ မြင့်မားထည်ဝါတဲ့မီးပြတိုက်ရဲ့ အလင်းတန်းတွေဟာ မည်းမှောင်နေတဲ့ကောင်းကင်တစ်ခွင် ဖြာထွက်နေတယ်။ မဂ္ဂဇင်းထဲမှာ အဲဒီ,ဒီဇိုင်းအသစ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို “အဆင်တန်ဆာအသစ်” လို့ခေါင်းစဉ်တပ်ထားတယ်။

ညီအစ်ကိုဘိုးနက်က မျက်နှာဖုံးကို သိပ်သဘောကျသွားလို့ “ကင်းမျှော်စင်မျက်နှာဖုံးက လှလိုက်တာ။ ကျွန်တော်သိပ်ကြိုက်တာပဲ” ဆိုပြီး ညီအစ်ကိုရပ်စယ်လ်ဆီ စာရေးပြောပြခဲ့တယ်။ သစ္စာရှိကျမ်းစာကျောင်းသား ဂျွန် အိပ်ခ်ျ ဘရောင်းကလည်း “မျက်နှာဖုံးက အရမ်းကိုဆွဲဆောင်မှုရှိတာပဲ။ မီးပြတိုက်ရဲ့အုတ်မြစ်ကလည်း ခိုင်ခံ့လိုက်တာ။ မုန်တိုင်းနဲ့လှိုင်းလုံးကြီးတွေရဲ့ဒဏ်ကို မှုတောင်မမှုဘူး” ဆိုပြီးရေးခဲ့တယ်။ မျက်နှာဖုံးအသစ်က အဲဒီနှစ်မှာ ညီအစ်ကိုတွေတွေ့ရတဲ့ ဦးဆုံးပြောင်းလဲမှုပါပဲ။ ဒါပေမဲ့ နောက်ဆုံးပြောင်းလဲမှုတော့ မဟုတ်ဘူး။ နိုဝင်ဘာလမှာ ပြောင်းလဲမှုကြီးနောက်တစ်ခုကို သူတို့တွေ့ကြုံခဲ့ရတယ်။ စိတ်ဝင်စားစရာက အဲဒီမှာလည်း လှိုင်းလေထန်တဲ့ပင်လယ်ကြီး ထပ်ပါလာပြန်တယ်။

၃၊ ၄။ ၁၈၉၅၊ နိုဝင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဘယ်ပြဿနာအကြောင်း ဆွေးနွေးထားသလဲ။ ကြီးမားတဲ့ ဘယ်အပြောင်းအလဲတစ်ခုကို ကြေညာခဲ့သလဲ။

၁၈၉၅၊ နိုဝင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှာ ပြဿနာတစ်ရပ်အကြောင်း အကျယ်တဝင့်ဆွေးနွေးထားတယ်။ ပြဿနာလှိုင်းလုံးကြီးက ကျမ်းစာကျောင်းသားများအသင်းရဲ့ ငြိမ်သက်ခြင်းကို ရိုက်ခတ်ဖျက်ဆီးနေတယ်။ အသင်းတော်မှာ ဘယ်သူဦးဆောင်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ညီအစ်ကိုတွေကြားမှာ ငြင်းခုံမှုတွေပိုများလာတယ်။ စိတ်၀မ်းကွဲစေတဲ့ အပြိုင်အဆိုင်စိတ်ဓာတ်မရှိဖို့ ဘာလုပ်ရမယ်ဆိုတာ ညီအစ်ကိုတွေသိနိုင်အောင် ဆောင်းပါးမှာ အဖွဲ့အစည်းကို သင်္ဘောတစ်စီးနဲ့နှိုင်းယှဉ်ထားတယ်။ ဦးဆောင်နေသူတွေဟာ သင်္ဘောနဲ့တူတဲ့အဖွဲ့အစည်းကို လှိုင်းလေထန်တဲ့ရာသီဥတုမှာ ကြံ့ကြံ့ခံနိုင်အောင် မပြင်ဆင်ပေးထားဘူးဆိုပြီး ဆောင်းပါးမှာ ပွင့်ပွင့်လင်းလင်း ၀န်ခံထားတယ်။ ဒါဆိုရင် ဘာလုပ်ရမလဲ။

အတွေ့အကြုံရှိတဲ့ကပ္ပတိန်က သင်္ဘောထဲမှာ အသက်ကယ်ပစ္စည်းကိရိယာတွေ အစုံအလင်ပါအောင် သေချာစီစဉ်တယ်၊ မုန်တိုင်းမလာခင်မှာ ကုန်ပေါက်တွေကို ရေလုံအောင်ပိတ်ထားဖို့ သင်္ဘောသားတွေကို သေချာညွှန်ကြားထားတယ်ဆိုပြီး ဆောင်းပါးမှာဖော်ပြတယ်။ အလားတူပဲ၊ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေကလည်း မုန်တိုင်းနဲ့တူတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အသင်းတော်အားလုံးကို အသင့်ပြင်ထားပေးဖို့လိုတယ်။ အဲဒီလိုအသင့်ပြင်ပေးနိုင်ဖို့ ကြီးမားတဲ့အပြောင်းအလဲဖြစ်တဲ့ အကြီးအကဲစတင်ခန့်အပ်ခြင်းအစီအစဉ်ကို ဆောင်းပါးမှာကြေညာခဲ့တယ်။ “သိုးတော်စုကို ထိန်းကျောင်းဖို့” “အသင်းတော်တိုင်းမှာ အကြီးအကဲတွေကို” အခုချက်ချင်းစတင် “ရွေးချယ်ပါ” လို့ညွှန်ကြားခဲ့တယ်။—တ. ၂၀:၂၈

၅။ (က) အကြီးအကဲစတင်ခန့်အပ်တဲ့အစီအစဉ်က ဘာကြောင့် အချိန်ကိုက်ခြေလှမ်းဖြစ်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

အဲဒီလိုအကြီးအကဲစတင်ခန့်အပ်တဲ့ အစီအစဉ်က အသင်းတော်တွေ ခိုင်ခံ့အောင် တည်ဆောက်ရာမှာ အချိန်ကိုက်ခြေလှမ်းပါပဲ။ အဲဒါက ပထမကမ္ဘာစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေကြားမှာ လမ်းကြောင်းမှန်အတိုင်းသွားနိုင်ဖို့ ညီအစ်ကိုတွေကို ကူညီပေးခဲ့တယ်။ နောက်ပိုင်းဆယ်စုနှစ်တွေမှာ အဖွဲ့အစည်းရဲ့ ထပ်ဆင့်တိုးတက်မှုတွေက ယေဟောဝါအမှုတော်ဆောင်ဖို့ လူမျိုးတော်ကို ကောင်းကောင်းပြင်ဆင်ပေးခဲ့တယ်။ အဲဒီတိုးတက်မှုအကြောင်းကို ဘယ်ကျမ်းစာပရောဖက်ပြုချက်က ကြိုဟောထားသလဲ။ အဖွဲ့အစည်းပိုင်းဆိုင်ရာ ဘယ်ပြုပြင်ပြောင်းလဲမှုတွေကို သင်မြင်ခဲ့ရသလဲ။ အဲဒါတွေကနေ သင် ဘယ်လိုအကျိုးခံစားရသလဲ။

‘ငြိမ်သက်ခြင်းကို သင့်ရဲ့ကြီးကြပ်မှူးတွေအဖြစ် ငါခန့်အပ်မယ်’

၆၊ ၇။ (က) ဟေရှာယ ၆၀:၁၇ က ဘာကိုဆိုလိုသလဲ။ (ခ) ‘ကြီးကြပ်မှူးတွေ၊’ ‘အလုပ်တာ၀န်ပေးသူတွေ’ ဆိုတဲ့အသုံးအနှုန်းတွေက ဘာကိုဖော်ပြသလဲ။

အခန်း ၉ မှာလေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက သူ့လူမျိုးကို အရေအတွက်တိုးပွားစေခြင်းအားဖြင့် ကောင်းချီးပေးမယ်လို့ ဟေရှာယကြိုဟောခဲ့တယ်။ (ဟေရှာ. ၆၀:၂၂) ဒါပေမဲ့ အဲဒါထက်မက လုပ်ဆောင်ပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။ အဲဒီပရောဖက်ပြုချက်မှာပဲ ကိုယ်တော် အခုလိုပြောတယ်– ‘ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ငါယူဆောင်လာမယ်။ ငြိမ်သက်ခြင်းကို သင့်ရဲ့ကြီးကြပ်မှူးတွေအဖြစ်၊ ဖြောင့်မတ်ခြင်းကို သင့်ရဲ့အလုပ်တာဝန်ပေးသူတွေအဖြစ် ငါခန့်အပ်မယ်။’ (ဟေရှာ. ၆၀:၁၇ကဘ) အဲဒီပရောဖက်ပြုချက်က ဘာကိုဆိုလိုသလဲ။ ဒီနေ့ ကျွန်တော်တို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ။

အစားထိုးမှုတွေက ညံ့ဖျင်းတဲ့အခြေအနေကနေ ကောင်းတဲ့အခြေအနေဘက် ပြောင်းလဲသွားတာမဟုတ်ဘဲ ကောင်းသထက်ကောင်းအောင် ပြောင်းလဲသွားတာဖြစ်တယ်

ဟေရှာယပရောဖက်ပြုချက်မှာ ပစ္စည်းတစ်ခုကို နောက်တစ်ခုနဲ့အစားထိုးမယ်ဆိုပြီး ဖော်ပြထားတယ်။ အစားထိုးမှုတွေက ညံ့ဖျင်းတဲ့အခြေအနေကနေ ကောင်းတဲ့အခြေအနေဘက် ပြောင်းလဲသွားတာမဟုတ်ဘဲ ကောင်းသထက်ကောင်းအောင် ပြောင်းလဲသွားတာဖြစ်တယ်။ ကြေးနီကို ရွှေနဲ့အစားထိုးတာက တိုးတက်မှုတစ်ခုဖြစ်သလို တခြားပစ္စည်းတွေကို အစားထိုးတာကလည်း တိုးတက်မှုပါပဲ။ ဒါကြောင့် ယေဟောဝါက သူ့လူမျိုးရဲ့အခြေအနေ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာမယ်ဆိုတာကို ဒီသရုပ်ဖော်ချက်နဲ့ ကြိုတင်ဖော်ပြခဲ့တယ်။ ပရောဖက်ပြုချက်က ဘယ်လိုတိုးတက်မှုအကြောင်းကို ပြောနေတာလဲ။ ‘ကြီးကြပ်မှူးတွေ၊’ ‘အလုပ်တာ၀န်ပေးသူတွေ’ လို့ပြောခြင်းအားဖြင့် လူမျိုးတော်ကို ဂရုစိုက်စောင့်ရှောက်တဲ့နည်းလမ်းနဲ့ ဖွဲ့စည်းတဲ့နည်းလမ်းမှာ အဆင့်ဆင့်တိုးတက်လာမယ်ဆိုတာ ယေဟောဝါဖော်ပြခဲ့တယ်။

၈။ (က) ဟေရှာယပရောဖက်ပြုချက်မှာပါတဲ့ တိုးတက်မှုတွေကို ဘယ်သူ လုပ်ဆောင်သလဲ။ (ခ) တိုးတက်ပြောင်းလဲမှုတွေကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးခံစားရသလဲ။ (“ ပဲ့ပြင်တည့်မတ်ပေးတာကို နှိမ့်ချစွာလက်ခံခဲ့သူ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

အဖွဲ့အစည်းပိုင်းဆိုင်ရာ ဒီတိုးတက်မှုတွေကို ဘယ်သူလုပ်ဆောင်မှာလဲ။ ယေဟောဝါက ‘ရွှေ၊ ငွေ . . . ကို ငါယူဆောင်လာမယ်။ ငြိမ်သက်ခြင်းကို . . . ငါခန့်အပ်မယ်’ လို့ပြောတယ်။ မှန်ပါတယ်၊ အသင်းတော်ဖွဲ့စည်းပုံဆိုင်ရာ တိုးတက်မှုတွေဟာ လူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ ယေဟောဝါကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုကြောင့်ဖြစ်တယ်။ ယေဟောဝါက သားတော်ယေရှုကို ဘုရင်အဖြစ်နန်းတင်ပြီးကတည်းက ယေရှုကိုသုံးပြီး အဲဒီတိုးတက်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတယ်။ ဒီတိုးတက်ပြောင်းလဲမှုတွေကနေ ဘာအကျိုးခံစားရသလဲ။ တိုးတက်မှုတွေက ‘ငြိမ်သက်ခြင်း’ နဲ့ ‘ဖြောင့်မတ်ခြင်း’ ကို ဖြစ်ပေါ်စေမယ်လို့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ ဘုရားသခင့်လမ်းညွှန်ချက်ကိုလက်ခံပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာနဲ့အမျှ ကျွန်တော်တို့ဆီမှာ ငြိမ်သက်ခြင်းလွှမ်းမိုးနေပါလိမ့်မယ်။ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးတာကလည်း “ငြိမ်သက်ခြင်း၏ဘုရားသခင်” ဆိုပြီး တမန်တော်ပေါလု ဖော်ပြထားတဲ့အရှင် ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။—ဖိ. ၄:၉

၉။ အသင်းတော်စည်းလုံးမှုနဲ့ စည်းစနစ် ကျနမှုအတွက် မှန်ကန်တဲ့အုတ်မြစ်က ဘာလဲ။ ဘာကြောင့်လဲ။

တမန်တော်ပေါလုက ယေဟောဝါနဲ့ပတ်သက်ပြီး “ဘုရားသခင်သည် စည်းစနစ်မရှိသောဘုရား မဟုတ်။ သင့်တင့်ငြိမ်သက်ခြင်းရှိသောဘုရား ဖြစ်တော်မူ၏” ဆိုပြီးတော့လည်း ရေးသားခဲ့တယ်။ (၁ ကော. ၁၄:၃၃) ပေါလုက စည်းစနစ်မရှိတာကို စည်းစနစ်ရှိတာနဲ့ မနှိုင်းယှဉ်ဘဲ ငြိမ်သက်ခြင်းနဲ့နှိုင်းယှဉ်ထားတယ်ဆိုတာ သတိပြုပါ။ ဘာကြောင့်လဲ။ စဉ်းစားကြည့်ပါ။ စည်းစနစ်ရှိရုံနဲ့ ငြိမ်သက်တဲ့အခြေအနေ ဖြစ်မလာဘူး။ ဥပမာအနေနဲ့၊ စစ်သားတွေဟာ ရှေ့တန်းကို စည်းစနစ်တကျ ချီတက်သွားပေမဲ့ အဲဒီလိုစည်းစနစ်ကျတာက ငြိမ်သက်ခြင်းကို မဖြစ်စေဘဲ စစ်ပွဲကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့မှတ်ထားရမယ့် အဓိကအချက်ကတော့ စည်းစနစ်ကျနမှုဆိုတဲ့ အဆောက်အအုံမှာ ငြိမ်သက်ခြင်းဆိုတဲ့ အုတ်မြစ်မရှိရင် အနှေးနဲ့အမြန် ပြိုလဲသွားမယ်ဆိုတာပဲ။ ဘုရားပေးငြိမ်သက်ခြင်းကတော့ တည်မြဲတဲ့စည်းစနစ်ကျနမှုကို ဖြစ်ပေါ်စေတယ်။ “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” က အဖွဲ့အစည်းကို လမ်းညွှန်ပေးပြီး သန့်စင်ပေးနေတဲ့အတွက် ဘယ်လောက်တောင် ကျေးဇူးတင်ဖို့ကောင်းလိုက်သလဲ။ (ရော. ၁၅:၃၃) ဘုရားပေးငြိမ်သက်ခြင်းက ကမ္ဘာတစ်ဝန်း အသင်းတော်တွေမှာခံစားနေရတဲ့ အကျိုးဖြစ်ထွန်းတဲ့စည်းစနစ်ကျနမှုနဲ့ စည်းလုံးမှုအတွက် အုတ်မြစ်ကောင်းပါပဲ။—ဆာ. ၂၉:၁၁

၁၀။ (က) အစောပိုင်းနှစ်တွေအတွင်း အဖွဲ့အစည်းမှာ ဘယ်တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့သလဲ။ (“ ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာ” လေးထောင့်ကွက်ကို ကြည့်ပါ။) (ခ) အခု ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၁၀ အစောပိုင်းနှစ်တွေအတွင်း အဖွဲ့အစည်းမှာဖြစ်ပေါ်ခဲ့တဲ့ အကျိုးဖြစ်ထွန်းပြီး စည်းစနစ်ကျနတဲ့ ပြောင်းလဲမှုတွေအကြောင်းကို “ ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာ” ဆိုတဲ့လေးထောင့်ကွက်မှာ အကျဉ်းချုပ်ဖော်ပြထားတယ်။ ဒါပေမဲ့ ‘ကြေးနီအစား ရွှေ’ ကိုယူဆောင်လာမယ်ဆိုတဲ့ စကားအတိုင်း မကြာသေးခင်နှစ်တွေမှာ ယေဟောဝါက ကျွန်တော်တို့ရဲ့ဘုရင်ကို အသုံးပြုပြီး ဘယ်လိုပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလဲ။ ကြီးကြပ်ကွပ်ကဲပုံဆိုင်ရာ အဲဒီပြောင်းလဲမှုတွေက ကမ္ဘာတစ်ဝန်း အသင်းတော်တွေရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှုကို ဘယ်လိုနည်းနဲ့ခိုင်မာစေခဲ့သလဲ။ အဲဒါတွေက ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ သင့်ကို ဘယ်လိုကူညီပေးသလဲ။

အသင်းတော်ကို ခရစ်တော်ဦးဆောင်နေပုံ

၁၁။ (က) ကျမ်းစာလေ့လာမှုကနေ ဘာကိုသိလာသလဲ။ (ခ) အဖွဲ့အစည်းကို ဦးဆောင်တဲ့ညီအစ်ကိုတွေ ဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့သလဲ။

၁၁ အဖွဲ့အစည်းကိုဦးဆောင်တဲ့ ညီအစ်ကိုတွေဟာ ၁၉၆၄ ကနေ ၁၉၇၁ ခုနှစ်အတွင်း ကျမ်းစာကိုနှံ့နှံ့စပ်စပ်လေ့လာတဲ့ စီမံကိန်းတစ်ခုကို ကြီးကြပ်ပေးခဲ့တယ်။ အဲဒီမှာလေ့လာတဲ့ အကြောင်းအရာများစွာထဲက တစ်ခုကတော့ ပထမရာစုခရစ်ယာန်အသင်းတော် ဖွဲ့စည်းလုပ်ဆောင်ပုံဖြစ်တယ်။ * ပထမရာစုအသင်းတော်တွေကို အကြီးအကဲတစ်ယောက် ဒါမှမဟုတ် ကြီးကြပ်မှူးတစ်ယောက်က မဟုတ်ဘဲ အကြီးအကဲအဖွဲ့က ကြီးကြပ်ပေးတယ်ဆိုတာ သိလာကြတယ်။ (ဖိလိပ္ပိ ၁:၁; ၁ တိမောသေ ၄:၁၄ ကိုဖတ်ပါ။) ဒီအချက်ကို ပိုနားလည်လာတာကြောင့် ဦးဆောင်တဲ့ညီအစ်ကိုတွေက အဖွဲ့အစည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုတွေလုပ်ဖို့ သူတို့ကို ဘုရင်ယေရှုလမ်းညွှန်နေမှန်း သဘောပေါက်လာတယ်။ ဒါနဲ့ ဘုရင့်လမ်းညွှန်မှုကိုလိုက်နာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမ်းစာမှာပါတဲ့ အကြီးအကဲခန့်အပ်မှုအစီအစဉ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေကို ချက်ချင်းလုပ်ဆောင်ကြတယ်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတချို့က ဘာတွေလဲ။

၁၂။ (က) အဖွဲ့အစည်းကိုဦးဆောင်တဲ့ ညီအစ်ကိုအုပ်စုမှာ ဘာတွေပြောင်းလဲခဲ့သလဲ။ (ခ) အခုအချိန်မှာ အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လိုဖွဲ့စည်းထားသလဲ။ (စာမျက်နှာ ၁၃၀ မှာပါတဲ့ “ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်လုပ်ငန်းတိုးတက်ရေးကို ကြီးကြပ်ကွပ်ကဲပေးပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၂ ဦးဆုံးပြုပြင်ပြောင်းလဲမှုက အဖွဲ့အစည်းကိုဦးဆောင်နေတဲ့ ဘိသိက်ခံညီအစ်ကိုအုပ်စုနဲ့ သက်ဆိုင်တယ်။ အဲဒီအချိန်အထိ သူတို့အုပ်စုကို ပဲင်စီလ်ဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင်ခုနစ်ယောက်နဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ်မှာ အဖွဲ့ဝင် ၇ ယောက်ကနေ ၁၁ ယောက်အထိ တိုးလာတဲ့အပြင် အဲဒီအချိန်ကစပြီး သူတို့ဟာ ဒါရိုက်တာအဖွဲ့ဝင်တွေ မဟုတ်ကြတော့ဘူး။ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် တန်းတူပဲလို့ သဘောထားကြတယ်။ သဘာပတိတာဝန်ကို နာမည်အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျထမ်းဆောင်ကြတယ်။

၁၃။ (က) အနှစ်လေးဆယ်ကြာကာလအတွင်း ဘယ်အစီအစဉ်ကို အသုံးပြုခဲ့သလဲ။ (ခ) ၁၉၇၂ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ခဲ့သလဲ။

၁၃ နောက်ပြောင်းလဲမှုကတော့ အသင်းတော်တိုင်းနဲ့ သက်ဆိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ၁၉၃၂ ကနေ ၁၉၇၂ ခုနှစ်အထိ အသင်းတော်ကို ညီအစ်ကိုတစ်ယောက်တည်းက ကြီးကြပ်ကွပ်ကဲတယ်။ အဲဒီလိုခန့်အပ်ခံရတဲ့ညီအစ်ကို,ကို ၁၉၃၆ ခုနှစ်အထိ လုပ်ငန်းတော်ဒါရိုက်တာလို့ခေါ်တယ်။ နောက်ပိုင်းမှာ အသင်းတော်အမှုထမ်းလို့ခေါ်ပြီး နောက်ဆုံး အသင်းတော်ကြီးကြပ်မှူးလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ အဲဒီညီအစ်ကိုတွေဟာ သိုးတော်စုကို ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိစေဖို့ ဂရုစိုက်စောင့်ရှောက်ပေးရာမှာ ဇွဲထက်သန်ကြတယ်။ အသင်းတော်ကြီးကြပ်မှူးက အသင်းတော်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ တခြားအမှုထမ်းတွေနဲ့တိုင်ပင်လေ့မရှိဘူး။ ဒါပေမဲ့ ၁၉၇၂ ခုနှစ်အတွင်း အုပ်ချုပ်ရေးအဖွဲ့က သမိုင်းတွင်တဲ့ပြောင်းလဲမှုတစ်ခုလုပ်ဖို့ ပြင်ဆင်ခဲ့တယ်။ အဲဒီပြောင်းလဲမှုမှာ ဘာတွေပါဝင်သလဲ။

၁၄။ (က) ၁၉၇၂၊ အောက်တိုဘာလ ၁ ရက်ကစပြီး ဘယ်အစီအစဉ်သစ် အကျိုးသက်ရောက်ခဲ့သလဲ။ (ခ) အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူးက ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အကြံဉာဏ်ကို ဘယ်လိုကျင့်သုံးသလဲ။

၁၄ အသင်းတော်တိုင်းမှာ ညီအစ်ကိုတစ်ယောက်တည်းကိုပဲ အသင်းတော်ကြီးကြပ်မှူးအဖြစ် ခန့်အပ်မယ့်အစား ကျမ်းစာတောင်းဆိုချက်တွေပြည့်မီတဲ့ တခြားညီအစ်ကိုတွေကိုလည်း ခရစ်ယာန်အကြီးအကဲအဖြစ် ခန့်အပ်မှာဖြစ်တယ်။ သူတို့အားလုံးက အကြီးအကဲအဖွဲ့အဖြစ် အသင်းတော်ကို အတူတကွကြီးကြပ်ကွပ်ကဲကြမယ်။ အဲဒီအကြီးအကဲခန့်အပ်မှုအစီအစဉ်သစ်ဟာ ၁၉၇၂၊ အောက်တိုဘာလ ၁ ရက်ကစပြီး အကျိုးသက်ရောက်တယ်။ ဒီနေ့အချိန်မှာ အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူးဟာ သူ့ကိုယ်သူ ကျန်တဲ့အကြီးအကဲတွေထက် အရေးပါအရာရောက်တယ်လို့ သဘောမထားဘဲ “အငယ်ဆုံးသောသူကဲ့သို့” ကျင့်ကြံတယ်။ (လု. ၉:၄၈) ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမှာ အဲဒီလို နှိမ့်ချတဲ့ညီအစ်ကိုတွေရှိနေတာ တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။—ဖိ. ၂:၃

အမှန်ပါပဲ၊ ဉာဏ်အမြော်အမြင် ကြီးတဲ့ ဘုရင်ယေရှုက သူ့နောက်လိုက်တွေ လိုအပ်တဲ့ သိုးထိန်း တွေကို အချိန်ကိုက် ပြင်ဆင်ပေးခဲ့တယ်

၁၅။ (က) အသင်းတော်တွေမှာ အကြီးအကဲအဖွဲ့ ရှိလာတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသလဲ။ (ခ) ဘုရင်ယေရှုက ဉာဏ်အမြော်အမြင် ရှိရှိလုပ်ဆောင်တယ်ဆိုတာ ဘာက ဖော်ပြသလဲ။

၁၅ အသင်းတော်တာဝန်တွေကို အကြီးအကဲအဖွဲ့ဝင်တွေ ခွဲဝေထမ်းဆောင်တဲ့အစီအစဉ်က ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ရရှိလာတဲ့အကျိုးကျေးဇူးသုံးခုကို သုံးသပ်ကြည့်ပါ။ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က အသင်းတော်မှာ သူတို့ရရှိတဲ့တာဝန်တွေ ဘယ်လောက်ပဲကြီးမားပါစေ အသင်းတော်ရဲ့ဦးခေါင်းက ယေရှုဖြစ်တယ်ဆိုတာ အမြဲသတိရနေဖို့ အဲဒီအစီအစဉ်က အကြီးအကဲအားလုံးကို ကူညီပေးတယ်။ (ဧ. ၅:၂၃) ဒုတိယ၊ ‘အကြံပေးသူများရင်တော့ အောင်မြင်တတ်တယ်’ လို့ သုတ္တံ ၁၁:၁၄ (ကဘ) မှာပြောတယ်။ အသင်းတော်ရဲ့ကောင်းကျိုးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အကြီးအကဲတွေ အတူတူဆွေးနွေးတိုင်ပင်ပြီး တစ်ဦးစီရဲ့အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါ ကျမ်းစာမူတွေနဲ့ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြတယ်။ (သု. ၂၇:၁၇) အဲဒီလိုဆုံးဖြတ်ချက်တွေကို ယေဟောဝါ ကောင်းချီးပေးတာကြောင့် အောင်မြင်မှုရရှိတယ်။ တတိယ၊ အရည်အချင်းရှိညီအစ်ကိုတွေကို အကြီးအကဲတွေအဖြစ် ခန့်အပ်တဲ့အတွက် အသင်းတော်တွေမှာ ပိုလိုအပ်နေတဲ့ ကြီးကြပ်ကွပ်ကဲခြင်းတာဝန်နဲ့ သိုးထိန်းခြင်းတာဝန်ကို ဖြည့်ဆည်းပေးနိုင်တယ်။ (ဟေရှာ. ၆၀:၃-၅) ကမ္ဘာတစ်ဝန်း အသင်းတော်အရေအတွက်ဟာ ၁၉၇၁ ခုနှစ်မှာ ၂၇,၀၀၀ ရှိရာကနေ ၂၀၁၃ ခုနှစ်မှာ ၁၁၃,၀၀၀ ကျော်အထိ တိုးများလာတာကို စဉ်းစားကြည့်ပါ။ အမှန်ပါပဲ၊ ဉာဏ်အမြော်အမြင်ကြီးတဲ့ ဘုရင်ယေရှုက သူ့နောက်လိုက်တွေလိုအပ်တဲ့ သိုးထိန်းတွေကို အချိန်ကိုက်ပြင်ဆင်ပေးခဲ့တယ်။—မိ. ၅:၅

“သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့”

၁၆။ (က) အကြီးအကဲတွေမှာ ဘာတာဝန်ရှိသလဲ။ (ခ) ‘သိုးတို့ကို ထိန်းပါ’ ဆိုတဲ့ ယေရှုရဲ့တိုက်တွန်းချက်ကို ကျမ်းစာကျောင်းသားတွေ ဘယ်လိုသဘောထားခဲ့သလဲ။

၁၆ အစောပိုင်းကျမ်းစာကျောင်းသားတွေခေတ်တုန်းက အကြီးအကဲတွေဟာ ယုံကြည်သူချင်းတွေကို ဘုရားသခင့်ကျေးကျွန်တွေ ဆက်ဖြစ်နိုင်အောင် ကူညီပေးဖို့တာဝန်ရှိမှန်း နားလည်ထားကြတယ်။ (ဂလာတိ ၆:၁၀ ကိုဖတ်ပါ။) ၁၉၀၈ ခုနှစ်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှာ “ငါ၏သိုးသငယ်တို့ကို ထိန်းလော့” ဆိုတဲ့ ယေရှုရဲ့တိုက်တွန်းချက်ကို ဆွေးနွေးထားတယ်။ (ယော. ၂၁:၁၅-၁၇) ဆောင်းပါးမှာ အကြီးအကဲတွေကို အခုလိုပြောတယ်– “သိုးတော်စုနဲ့ပတ်သက်ပြီး သခင်ပေးအပ်တဲ့တာဝန်ကို လေးလေးနက်နက်သဘောထားဖို့၊ သခင့်နောက်လိုက်တွေကို ကျွေးမွေးထိန်းကျောင်းရတာကို အခွင့်ထူးကြီးအဖြစ်ယူမှတ်ဖို့ သိပ်အရေးကြီးတယ်။” ၁၉၂၅ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ သိုးထိန်းတာ၀န်က အရေးကြီးတယ်ဆိုတာ ထပ်အလေးပေးတဲ့အနေနဲ့ အကြီးအကဲတွေကို အခုလိုသတိပေးထားတယ်– “ဘုရားသခင့်အသင်းတော်က ဘုရားသခင်ရဲ့ပိုင်ဆိုင်ရာဖြစ်တယ်။ . . . ညီအစ်ကိုညီအစ်မတွေအတွက် အမှုဆောင်ခွင့်ရထားတဲ့ တာဝန်ရှိသူအားလုံးကို ကိုယ်တော် အရေးယူစာရင်းရှင်းမှာဖြစ်တယ်။”

၁၇။ အရည်အချင်းရှိတဲ့သိုးထိန်းတွေ ဖြစ်လာအောင် ကြီးကြပ်မှူးတွေကို ဘယ်လိုကူညီပေးခဲ့သလဲ။

၁၇ ယေဟောဝါရဲ့အဖွဲ့အစည်းက အကြီးအကဲတွေရဲ့ သိုးထိန်းခြင်းအရည်အသွေးကို ‘သံအစား ငွေ’ အဖြစ် ပြောင်းလဲနိုင်အောင် ဘယ်လိုကူညီပေးခဲ့သလဲ။ လေ့ကျင့်မှုတွေပေးခြင်းအားဖြင့် ဖြစ်တယ်။ ၁၉၅၉ ခုနှစ်မှာ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကို ဦးဆုံးအကြိမ် ကျင်းပခဲ့တယ်။ သင်တန်းမှာဆွေးနွေးတဲ့ အကြောင်းအရာတစ်ခုက “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်း” ဖြစ်တယ်။ “ကြေညာသူတွေရဲ့အိမ်ကို လည်ပတ်ဖို့ ဇယားဆွဲပါ” ဆိုပြီး တာဝန်ရှိညီအစ်ကိုတွေကို အားပေးခဲ့တယ်။ အဲဒီလိုလည်ပတ်တဲ့အခါ တည်ဆောက်မှုဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကိုလည်း ဆွေးနွေးတယ်။ ၁၉၆၆ ခုနှစ်မှာ အကြီးအကဲနဲ့အမှုထမ်းများအတွက် မွမ်းမံသင်တန်းကို စတင်ကျင်းပခဲ့တယ်။ အဲဒီမှာ “သိုးထိန်းခြင်းလုပ်ငန်းရဲ့ အရေးပါမှု” အကြောင်းကို ဆွေးနွေးတယ်။ အကြောင်းအရာရဲ့ အဓိကအချက်က ဘာလဲ။ ဦးဆောင်နေသူတွေဟာ “ဘုရားသခင့်သိုးတော်စုကို မေတ္တာပါပါ ဂရုစိုက်စောင့်ရှောက်ရမယ်။ တစ်ချိန်တည်းမှာ မိသားစုတာဝန်နဲ့ အမှုဆောင်လုပ်ငန်းတာဝန်ကိုလည်း မလစ်ဟင်းစေဖို့ ဂရုစိုက်ရမယ်။” မကြာသေးမီနှစ်တွေအတွင်း အကြီးအကဲတွေအတွက် နောက်ထပ်သင်တန်းတွေ ကျင်းပပေးခဲ့တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ဒီလိုဆက်တိုက်လေ့ကျင့်ပေးတာကြောင့် ဘာရလဒ်ရခဲ့သလဲ။ အခုဆိုရင် အသင်းတော်တွေမှာ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုထောင်ပေါင်းများစွာက သိုးထိန်းတွေအဖြစ် အမှုဆောင်နေကြပြီ။

၁၉၆၆ ခုနှစ်၊ ဖိလစ်ပိုင် နိုင်ငံမှာကျင်းပတဲ့ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်း

၁၈။ (က) အကြီးအကဲတွေကို ဘယ် ကြီးမားတဲ့တာဝန် အပ်နှင်းထားသလဲ။ (ခ) အလုပ်ကြိုးစားတဲ့အကြီးအကဲတွေကို ယေဟောဝါနဲ့ယေရှု ဘာကြောင့်သိပ်ချစ်တာလဲ။

၁၈ ယေဟောဝါက ဘုရင်ယေရှုကိုအသုံးပြုပြီး အကြီးအကဲတွေကို ကြီးမားတဲ့တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့တယ်။ ဘယ်တာဝန်ကို ထမ်းဆောင်ဖို့လဲ။ လူ့သမိုင်းရဲ့ အခက်ခဲဆုံးအချိန်တစ်လျှောက်မှာ ဘုရားသခင့်သိုးတော်စုကို ဦးဆောင်ပေးဖို့ဖြစ်တယ်။ (ဧ. ၄:၁၁၊ ၁၂; ၂ တိ. ၃:၁) အလုပ်ကြိုးစားတဲ့အကြီးအကဲတွေကို ယေဟောဝါနဲ့ယေရှု သိပ်ချစ်တယ်။ အကြောင်းကတော့ အဲဒီညီအစ်ကိုတွေဟာ “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို . . . စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ . . . စေတနာစိတ်နှင့် ပြုကြလော့။ . . . သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့” ဆိုတဲ့တိုက်တွန်းချက်ကို နာခံကြလို့ပဲ။ (၁ ပေ. ၅:၂၊ ၃) ခရစ်ယာန်သိုးထိန်းတွေဟာ နည်းအမျိုးမျိုးနဲ့ သိုးတော်စုရှေ့ ပုံသက်သေကောင်းပြပြီး အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ပျော်ရွှင်မှုကို တိုးပွားစေတယ်။ အဲဒီထဲက နည်းနှစ်နည်းကို သုံးသပ်ကြည့်ရအောင်။

ဒီနေ့အချိန်မှာ ဘုရားသခင့်သိုးတော်စုကို အကြီးအကဲတွေ ထိန်းကျောင်းပုံ

၁၉။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူလုပ်ဆောင်တဲ့ အကြီးအကဲတွေကို ဘယ်လိုသဘောထားကြသလဲ။

၁၉ ဦးဆုံး၊ အကြီးအကဲတွေက အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ အတူတကွလုပ်ဆောင်ကြတယ်။ ခရစ်ဝင်ကျမ်းရေးသူ လုကာက ယေရှုနဲ့ပတ်သက်ပြီး အခုလိုပြောတယ်– “ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးတို့သည်လည်း [ကိုယ်တော်နှင့်အတူလိုက်ပါလာ၊ ခမ] ကြ၏။” (လု. ၈:၁) ယေရှုက တမန်တော်တွေနဲ့အတူ ဟောပြောခဲ့သလို ဒီနေ့အချိန်မှာလည်း ပုံသက်သေကောင်းတဲ့အကြီးအကဲတွေက ဟောပြောခြင်းလုပ်ငန်းမှာ ယုံကြည်သူချင်းတွေနဲ့အတူ အမှုဆောင်ကြတယ်။ ဒီလိုလုပ်တာက အသင်းတော်မှာ ကောင်းတဲ့စိတ်သဘောထားရှိစေဖို့ အများကြီးအထောက်အကူပြုမှန်း သူတို့နားလည်တယ်။ အဲဒီလိုအကြီးအကဲတွေကို ညီအစ်ကိုညီအစ်မတွေ ဘယ်လိုသဘောထားကြသလဲ။ အသက် ၉၀ ဝန်းကျင်ရှိတဲ့ ညီအစ်မဇာနီးက “အကြီးအကဲတစ်ယောက်နဲ့အတူ အမှုဆောင်တွဲထွက်တဲ့အခါ သူနဲ့စကားပြောခွင့်ရပြီး သူ့အကြောင်းပိုသိလာတယ်” လို့ပြောပြတယ်။ အသက် ၃၅ နှစ်လောက်ရှိတဲ့ ညီအစ်ကိုစတီဗင်က “တစ်အိမ်တက်ဆင်းမှာ အကြီးအကဲတစ်ယောက်နဲ့တွဲတဲ့အခါ သူ ကျွန်တော့်ကို ကူညီပေးချင်မှန်း သိလာတယ်။ အဲဒီလိုမျိုးအကူအညီရလို့ ကျွန်တော် အရမ်းပျော်တယ်” လို့ပြောပြတယ်။

သိုးထိန်းက ပျောက်သွားတဲ့သိုးလေး တစ်ကောင်ကို လိုက်ရှာသလို အကြီးအကဲတွေကလည်း အသင်းတော်နဲ့အဆက်ပြတ်သွားသူတွေကို ကြိုးစားရှာဖွေကြ

၂၀၊ ၂၁။ ယေရှုရဲ့ပုံဥပမာမှာပါတဲ့ သိုးထိန်းကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။ တွေ့ကြုံမှုတစ်ခု ပြောပြပါ။ (“ အကျိုးဖြစ်ထွန်းတဲ့ ပတ်စဉ်လည်ပတ်မှု” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂၀ ဒုတိယ၊ အသင်းတော်နဲ့ အဆက်ပြတ်နေသူတွေကို ဂရုစိုက်ပြီး စိတ်ဝင်စားမှုပြဖို့ ယေဟောဝါအဖွဲ့အစည်းက အကြီးအကဲတွေကို လေ့ကျင့်ပေးတယ်။ (ဟေဗြဲ ၁၂:၁၂) ဝတ်ပြုရေးမှာအားနည်းနေသူတွေကို အကြီးအကဲတွေ ဘာကြောင့်ကူညီပေးသင့်သလဲ။ ဘယ်လိုကူညီပေးသင့်သလဲ။ ယေရှုပြောခဲ့တဲ့ သိုးထိန်းနဲ့ပျောက်တဲ့သိုးပုံဥပမာမှာ အဖြေတွေ့နိုင်တယ်။ (လုကာ ၁၅:၄–၇ ကိုဖတ်ပါ။) သိုးထိန်းက သိုးတစ်ကောင်ပျောက်သွားမှန်းသိတဲ့အခါ သူ့မှာ အဲဒီသိုးတစ်ကောင်တည်းရှိသလိုမျိုး ပျောက်တဲ့သိုးကို အသည်းအသန် လိုက်ရှာတော့တယ်။ ဒီနေ့ ခရစ်ယာန်အကြီးအကဲတွေက အဲဒီသိုးထိန်းကို ဘယ်လိုတုပနိုင်မလဲ။ ပျောက်တဲ့သိုးလေးက သိုးထိန်းအတွက် အရမ်းတန်ဖိုးရှိသလို ဘုရားသခင့်လူမျိုးတော်နဲ့ အဆက်ပြတ်နေသူတွေကလည်း အကြီးအကဲတွေအတွက် တန်ဖိုးရှိနေတုန်းပဲ။ အကြီးအကဲတွေက ဝတ်ပြုရေးမှာအားနည်းနေသူတွေကို အဖတ်ဆယ်မရသူအဖြစ်မဟုတ်ဘဲ ပျောက်နေတဲ့သိုးအဖြစ် သဘောထားကြတယ်။ ဒါ့အပြင် သိုးထိန်းက “ပျောက်သောသိုးတစ်ကောင်ကို မတွေ့မချင်းလိုက်ရှာ” သလို အကြီးအကဲတွေကလည်း အားနည်းသူတွေကိုလိုက်ရှာပြီး ကူညီပေးဖို့ အစပြုလုပ်ဆောင်ကြတယ်။

၂၁ သိုးထိန်းက သိုးကိုတွေ့တဲ့အခါ ဘာလုပ်သလဲ။ သိုးလေးကို ညင်ညင်သာသာပွေ့ချီပြီး “ပခုံးပေါ်မှာတင်” လိုက်ပြီးနောက် သိုးအုပ်ဆီပြန်ခေါ်သွားတယ်။ အလားတူပဲ၊ အကြီးအကဲတစ်ယောက်က ဝတ်ပြုရေးမှာအားနည်းနေသူကို ဂရုစိုက်ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ဖော်ပြခြင်းအားဖြင့် သူ့ကို ညင်ညင်သာသာချီမပြီး အသင်းတော်ထဲပြန်လာအောင် ကူညီပေးတယ်။ အာဖရိက,က ညီအစ်ကိုဗစ်တာရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူက အသင်းတော်နဲ့မပူးပေါင်းတာကြာပြီ။ “အသင်းတော်နဲ့မပူးပေါင်းတဲ့ ရှစ်နှစ်တာကာလအတွင်း အကြီးအကဲတွေက ကျွန်တော့်ကို အမြဲတမ်း ကြိုးစားကူညီပေးခဲ့ကြတယ်” လို့သူပြောပြတယ်။ အထူးသဖြင့် ဘယ်အရာကြောင့် သူစိတ်စွဲမှတ်သွားတာလဲ။ သူ အခုလိုရှင်းပြတယ်– “တစ်နေ့မှာ အကြီးအကဲညီအစ်ကိုဂျွန် ကျွန်တော့်ဆီ လာလည်တယ်။ သူနဲ့ ကျွန်တော်က ရှေ့ဆောင်သင်တန်း အတူတူတက်ခဲ့တာ။ သင်တန်းတုန်းကရိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို သူယူလာပြတော့ အမှတ်တရအဖြစ်အပျက်လေးတွေကို ပြန်သတိရမိတာပေါ့။ ဒီလိုနဲ့ ယေဟောဝါရဲ့အမှုတော်ဆောင်တုန်းက ခံစားခဲ့ရတဲ့ပျော်ရွှင်မှုကို ပြန်လိုချင်လာမိတယ်။” ညီအစ်ကိုဂျွန် လည်ပတ်ပြီးနောက် သိပ်မကြာပါဘူး၊ ဗစ်တာတစ်ယောက် အသင်းတော်ဆီ ပြန်လှည့်လာတယ်။ အခုဆိုရင် ရှေ့ဆောင်ပြန်လုပ်နေပြီ။ မှန်ပါတယ်၊ မေတ္တာရှိတဲ့အကြီးအကဲတွေရဲ့ ကူညီပေးမှုကြောင့် ကျွန်တော်တို့ တကယ်ပဲဝမ်းမြောက်ရွှင်လန်းရတယ်။—၂ ကော. ၁:၂၄ *

ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာခြင်းက ဘုရားသခင့်လူမျိုးတော်ရဲ့စည်းလုံးမှုကို ခိုင်မာစေ

၂၂။ ဖြောင့်မတ်ခြင်းနဲ့ငြိမ်သက်ခြင်းက အသင်းတော်ရဲ့စည်းလုံးမှုကို ဘယ်လိုနည်းနဲ့ ခိုင်မာစေသလဲ။ (“ မယုံနိုင်လောက်အောင်ပါပဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂၂ အစပိုင်းမှာဆွေးနွေးခဲ့သလို ယေဟောဝါက သူ့လူမျိုးအလယ်မှာ ဖြောင့်မတ်ခြင်းနဲ့ငြိမ်သက်ခြင်း တစ်စထက်တစ်စ တိုးများလာမယ်လို့ ကြိုပြောခဲ့တယ်။ (ဟေရှာ. ၆၀:၁၇) အဲဒီအရည်အသွေးနှစ်ခုစလုံးက အသင်းတော်တွေရဲ့ စည်းလုံးမှုကို ခိုင်မာစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်လာရင် ‘ဘုရားသခင်ဟာ တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်။ (တရား. ၆:၄ကဘ) ကိုယ်တော်ရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ အသင်းတော်တစ်ခုနဲ့တစ်ခု ကွဲပြားသွားတာမျိုးမရှိဘူး။ အမှားအမှန်နဲ့ပတ်သက်တဲ့ ကိုယ်တော့်စံနှုန်းတွေဟာ တစ်မျိုးတည်းပဲ။ “သန့်ရှင်းသူတို့၏အသင်းတော်အားလုံး” မှာ အတူတူပါပဲ။ (၁ ကော. ၁၄:၃၃) ဒါကြောင့် အသင်းတော်တစ်ခုဟာ ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်နာကျင့်သုံးမှသာ တိုးတက်ဖြစ်ထွန်းပါလိမ့်မယ်။ ငြိမ်သက်ခြင်းနဲ့ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ဘုရင်က အသင်းတော်မှာ ငြိမ်သက်မှုရှိစေချင်တဲ့အပြင် ကျွန်တော်တို့ကိုလည်း “ငြိမ်သက်စေသူ” တွေ ဖြစ်စေချင်တယ်။ (မ. ၅:၉) ဒါကြောင့် ကျွန်တော်တို့ဟာ ‘ငြိမ်သက်ခြင်းရှိစေသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြတယ်။’ ပေါ်ပေါက်လာတတ်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းရာမှာ အစပြုလုပ်ဆောင်ကြတယ်။ (ရော. ၁၄:၁၉) ဒီလိုနည်းနဲ့ အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှုကို တိုးပွားစေကြတယ်။—ဟေရှာ. ၆၀:၁၈

၂၃။ ယေဟောဝါရဲ့ကျေးကျွန်တွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ အခုအချိန်မှာ ဘယ်အရာကို ခံစားနေရသလဲ။

၂၃ ၁၈၉၅၊ နိုဝင်ဘာလထုတ် ကင်းမျှော်စင်မှာ အကြီးအကဲစတင်ခန့်အပ်တဲ့ အစီအစဉ်အကြောင်း ကြေညာတဲ့အခါ တာဝန်ရှိညီအစ်ကိုတွေကလည်း သူတို့ရဲ့သဘောထားမှန်ကို ဖော်ပြခဲ့ကြတယ်။ အဲဒါက ဘာဖြစ်မလဲ။ အဖွဲ့အစည်းဆိုင်ရာ ဒီအစီအစဉ်သစ်ကြောင့် ဘုရားသခင့်လူမျိုးတွေ “ယုံကြည်ခြင်းမှာ တစ်စည်းတစ်လုံးတည်းအဖြစ်ကို မြန်မြန်ဆန်ဆန်ရောက်ရှိစေဖို့” ဆန္ဒပြုဆုတောင်းခဲ့ကြတယ်။ ကုန်လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ယေဟောဝါက ဘုရင်ယေရှုကိုအသုံးပြုပြီး ကြီးကြပ်ကွပ်ကဲမှုပိုင်းကို တဖြည်းဖြည်းသန့်စင်ပေးခဲ့တာကြောင့် ဝတ်ပြုရေးမှာ ကျွန်တော်တို့ရဲ့စည်းလုံးမှု ခိုင်ခံ့မြဲမြံလာတယ်။ (ဆာ. ၉၉:၄) ဒါကြောင့် အခုအချိန်မှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူမျိုးအားလုံးဟာ ‘တူညီတဲ့စိတ်သဘောထား’ နဲ့ ‘တစ်လမ်းတည်းလျှောက်’ လှမ်းပြီး ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ကို ပျော်ရွှင်စွာ “တညီတညွတ်တည်း” ထမ်းဆောင်နေကြတယ်။—၂ ကော. ၁၂:၁၈; ဇေဖနိ ၃:၉ ကိုဖတ်ပါ။

^ အပိုဒ်၊ 11 အဲဒီလိုနှံ့နှံ့စပ်စပ်လေ့လာပြီး သိရှိလာတာကို သမ္မာကျမ်းစာကို နားလည်စေရန် အထောက်အကူ ဆိုတဲ့စာအုပ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။

^ အပိုဒ်၊ 21 ၂၀၁၃၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၁ မှာပါတဲ့ “ခရစ်ယာန်အကြီးအကဲများ—‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’” ဆောင်းပါးကို ကြည့်ပါ။