မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း

ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း

အဓိကအကြောင်းအရာ

ကမ္ဘာချီဆောက်လုပ်ရေးလုပ်ငန်းက နိုင်ငံတော်လုပ်ငန်းကို တိုးတက်စေ

၁၊ ၂။ (က) ရှေးအချိန်ကတည်းက ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေ ဘာလုပ်ရတာကို ပျော်ရွှင်ကြသလဲ။ (ခ) ယေဟောဝါ တန်ဖိုးအထားဆုံး အရာက ဘာလဲ။

ရှေးအချိန်ကတည်းက ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ ကိုယ်တော့်နာမကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ရတာကို ပျော်ရွှင်ကြတယ်။ ဥပမာ၊ အစ္စရေးလူမျိုးက တဲတော်ဆောက်လုပ်ရေးမှာ အင်တိုက်အားတိုက်ပါဝင်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြတယ်။—ထွ. ၃၅:၃၀-၃၅; ၃၆:၁၊ ၄-၇

ဒါပေမဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက ယေဟောဝါကို အဓိကဂုဏ်တင်တဲ့အရာတွေ မဟုတ်သလို ကိုယ်တော် တန်ဖိုးအထားဆုံးအရာတွေလည်း မဟုတ်ဘူး။ (မ. ၂၃:၁၆၊ ၁၇) ယေဟောဝါ တန်ဖိုးအထားဆုံးအရာ၊ ကိုယ်တော့်ကိုဂုဏ်တင်နိုင်ဆုံးအရာက သစ္စာရှိကျေးကျွန်တွေရဲ့ဝတ်ပြုမှုပါပဲ။ အဲဒီထဲမှာ သူတို့ရဲ့ တလိုတလားစိတ်ဓာတ်နဲ့ ဇွဲရှိရှိလုပ်ဆောင်မှုတွေ ပါဝင်တယ်။ (ထွ. ၃၅:၂၁; မာ. ၁၂:၄၁-၄၄; ၁ တိ. ၆:၁၇-၁၉) အဲဒါက ဘာကြောင့် ပိုအရေးကြီးတာလဲ။ အဆောက်အအုံတွေက အမြဲတည်တံ့တဲ့အရာတွေ မဟုတ်လို့ပဲ။ ဥပမာ၊ အခုဆိုရင် တဲတော်နဲ့ဗိမာန်တော် မရှိတော့ဘူး။ အဲဒီအဆောက်အအုံတွေက ပျက်စီးသွားခဲ့ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်မပေးတဲ့ သစ္စာရှိကျေးကျွန်တွေရဲ့ ရက်ရောတဲ့စိတ်ဓာတ်နဲ့ ကြိုးစားလုပ်ဆောင်မှုကိုတော့ ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။—၁ ကောရိန္သု ၁၅:၅၈; ဟေဗြဲ ၆:၁၀ တို့ကိုဖတ်ပါ။

၃။ ဒီအခန်းမှာ ဘာအကြောင်း လေ့လာမလဲ။

ယေဟောဝါရဲ့ မျက်မှောက်ခေတ်ကျေးကျွန်တွေလည်း နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကြိုးစားလုပ်ဆောင်ကြတယ်။ ဘုရင်ယေရှုခရစ်ရဲ့ ညွှန်ကြားမှုအောက် ပြီးမြောက်အောင်မြင်ခဲ့တာတွေက တကယ့်ကိုထူးခြားပါတယ်။ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးနေတယ်ဆိုတာ အထင်အရှားပါပဲ။ (ဆာ. ၁၂၇:၁) ကျွန်တော်တို့ပြီးမြောက်ခဲ့တဲ့လုပ်ငန်းတချို့နဲ့ အဲဒါတွေက ယေဟောဝါကို ဘယ်လိုနည်းနဲ့ဂုဏ်တင်တယ်ဆိုတဲ့အကြောင်း ဒီအခန်းမှာ လေ့လာကြမယ်။ လုပ်ငန်းပြီးမြောက်ရေးမှာပါဝင်ခဲ့သူတချို့ရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း သိခွင့်ရမှာဖြစ်တယ်။

နိုင်ငံတော်ခန်းမများ ဆောက်လုပ်ခြင်း

၄။ (က) ဝတ်ပြုဖို့နေရာတွေ ဘာကြောင့် ပိုလိုအပ်လာသလဲ။ (ခ) ဌာနခွဲရုံးတချို့ကို ဘာကြောင့်စုစည်းလိုက်တာလဲ။ (“ လိုအပ်ချက်တွေနဲ့အညီ ပြုပြင်ပြောင်းလဲခဲ့တဲ့ ဌာနခွဲဆောက်လုပ်ရေး” လေးထောင့်ကွက်ကို ကြည့်ပါ။)

အခန်း ၁၆ မှာလေ့လာခဲ့တဲ့အတိုင်း အတူတကွစုဝေးဝတ်ပြုဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ (ဟေဗြဲ ၁၀:၂၅) စည်းဝေးတွေက ယုံကြည်ခြင်းကို ခိုင်ခံ့စေရုံသာမက ဟောပြောခြင်းလုပ်ငန်းမှာလည်း စိတ်အားထက်သန်မှု တိုးပွားစေတယ်။ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းရောက်လာတာနဲ့အမျှ ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်တင်နေတဲ့အတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့သူတွေ အဖွဲ့အစည်းထဲ နှစ်စဉ် ဝင်လာနေတယ်။ (ဟေရှာ. ၆၀:၂၂) နိုင်ငံတော်လက်အောက်ခံသူအရေအတွက် တိုးများလာတာနဲ့အမျှ ဝတ်ပြုဖို့နေရာတွေ၊ ကျမ်းစာအခြေပြုစာပေတွေထုတ်ဝေဖို့ ပုံနှိပ်စက်ရုံတွေ ပိုလိုအပ်လာတယ်။

၅။ နိုင်ငံတော်ခန်းမဆိုတဲ့ နာမည်က ဘာကြောင့်သင့်တော်သလဲ။ (“ အလင်းသစ်ချာ့ခ်ျ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

ယေဟောဝါလူမျိုးရဲ့ ခေတ်သစ်သမိုင်းအစပိုင်းမှာ ကျမ်းစာကျောင်းသားတွေဟာ စည်းဝေးလုပ်ဖို့ ကိုယ်ပိုင်နေရာတွေလိုအပ်မှန်း သိလာကြတယ်။ ၁၈၉၀ ပြည့်နှစ်၊ အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဝတ်ပြုရာခန်းမတစ်ခုကို ဦးဆုံးဆောက်လုပ်ခဲ့ပုံရတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရောက်တော့ ယေဟောဝါရဲ့လူမျိုးက ခန်းမအတော်များများ ဆောက်လုပ်၊ ပြုပြင်ပြီးပြီ။ ဒါပေမဲ့ အဲဒီနေရာတွေအတွက် နာမည်သတ်သတ်မှတ်မှတ် မပေးရသေးဘူး။ ၁၉၃၅ ခုနှစ်ကျတော့ ညီအစ်ကိုရပ်သဖော့ဒ်က ဟာဝိုင်ယီကျွန်းကို လည်ပတ်ခဲ့တယ်။ အဲဒီမှာ ဌာနခွဲရုံးအသစ်နဲ့ကပ်လျက် ခန်းမတစ်လုံး ဆောက်နေတယ်။ ဒီခန်းမကို ဘယ်လိုခေါ်ရင်ကောင်းမလဲလို့မေးတော့ ညီအစ်ကိုရပ်သဖော့ဒ်က “ကျွန်တော်တို့လုပ်နေတာက နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းဆိုတော့ ‘နိုင်ငံတော်ခန်းမ’ လို့ခေါ်ရင် မကောင်းဘူးလား” ဆိုပြီး ပြန်ပြောခဲ့တယ်။ (မ. ၂၄:၁၄) နောက်ပိုင်းမှာ အဲဒီခန်းမကိုသာမက ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေရဲ့ စည်းဝေးဝတ်ပြုရာနေရာအများစုကိုလည်း နိုင်ငံတော်ခန်းမလို့ ခေါ်လာကြတယ်။

 

၆၊ ၇။ အမြန်နည်းနဲ့ဆောက်တဲ့ နိုင်ငံတော်ခန်းမတွေကြောင့် ဘာအခွင့်အရေးရခဲ့သလဲ။

၁၉၇၀ ပြည့်လွန်နှစ်တွေရောက်တော့ နိုင်ငံတော်ခန်းမတွေ အများကြီးလိုအပ်လာတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာရှိတဲ့ညီအစ်ကိုတွေက ရိုးရှင်းလှပတဲ့ခန်းမတွေ အမြန်ဆောက်လုပ်နည်းကို တီထွင်ခဲ့ကြတယ်။ ၁၉၈၃ ခုနှစ်ရောက်တော့ အမေရိကန်နဲ့ကနေဒါနိုင်ငံမှာ အဲဒီလိုနိုင်ငံတော်ခန်းမ ၂၀၀ လောက် ဆောက်ပြီးပြီ။ လုပ်ငန်းပြီးမြောက်နိုင်ဖို့ ညီအစ်ကိုတွေက ဒေသန္တရဆောက်လုပ်ရေးကော်မတီတွေကို စတင်ဖွဲ့စည်းခဲ့တယ်။ ဒီလိုလုပ်တာ အရမ်းအောင်မြင်လာတဲ့အတွက် ၁၉၈၆ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဒီအစီအစဉ်ကို တရားဝင်အတည်ပြုလိုက်တယ်။ ၁၉၈၇ ခုနှစ်ရောက်တော့ အမေရိကန်နိုင်ငံမှာ ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၆၀ ရှိနေပြီ။ * ၁၉၉၂ ခုနှစ်မှာ အဲဒီကော်မတီကို ဂျပန်၊ ဂျာမနီ၊ စပိန်၊ တောင်အာဖရိက၊ ပြင်သစ်၊ မက္ကဆီကို၊ ဩစတြေးလျနဲ့ အာဂျင်တီးနားနိုင်ငံမှာလည်း ဖွဲ့စည်းပြီးပြီ။ နိုင်ငံတော်ခန်းမနဲ့စည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးမှာ ကြိုးစားလုပ်ဆောင်နေတဲ့ ညီအစ်ကိုတွေဟာ မြင့်မြတ်တဲ့အမှုတော်မှာပါဝင်နေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ကူညီထောက်မမှုကို ရထိုက်ပါတယ်။

အမြန်နည်းနဲ့ဆောက်တဲ့ နိုင်ငံတော်ခန်းမတွေကြောင့် အနီးနားဝန်းကျင်မှာလည်း ကောင်းကောင်းသက်သေခံခွင့်ရခဲ့တယ်။ ဥပမာ၊ စပိန်နိုင်ငံက သတင်းစာတစ်စောင်မှာ “ယုံကြည်ခြင်းက တောင်များကိုရွေ့စေ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ပါလာတယ်။ မာတိုစ်မြို့မှာ အမြန်နည်းနဲ့ဆောက်နေတဲ့ နိုင်ငံတော်ခန်းမအကြောင်း အခုလိုရေးထားတယ်– “တစ်ကိုယ်ကောင်းဆန်တဲ့ ဒီကမ္ဘာကြီးမှာ [စပိန်နိုင်ငံ] ဒေသအသီးသီးက ကိုယ်ကျိုးမရှာတဲ့စေတနာ့ဝန်ထမ်းတွေဟာ လျင်မြန်မှု၊ ပြီးပြည့်စုံမှု၊ စီစဉ်ဖွဲ့စည်းမှုပိုင်းမှာ စံချိန်ချိုးတဲ့အဆောက်အအုံတစ်လုံးကို ဆောက်လုပ်ဖို့ မာတိုစ်မြို့ကိုရောက်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။” ဆောင်းပါးမှာ သက်သေခံစေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့စကားကို ကိုးကားပြီး အဲဒီမေးခွန်းကို အခုလိုဖြေဆိုခဲ့တယ်– “ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့သွန်သင်မှုခံရသူတွေ ဖြစ်လို့ပါပဲ။”

 

ငွေကြေးအခက်အခဲရှိတဲ့ဒေသတွေမှာ ဆောက်လုပ်ခြင်း

၈။ ၁၉၉၉ ခုနှစ်ကစပြီး အုပ်ချုပ်ရေး အဖွဲ့က ဘယ်အစီအစဉ်သစ်ကို ခွင့်ပြုလိုက်သလဲ။ ဘာကြောင့်လဲ။

၂၀ ရာစုအကုန်ပိုင်းကို ရောက်လာတဲ့အခါ ငွေကြေးအခက်အခဲရှိတဲ့ဒေသတွေမှာ ယေဟောဝါရဲ့အဖွဲ့အစည်းထဲဝင်လာတဲ့ လူသစ်တွေ တိုးများလာတယ်။ ဒေသခံအသင်းတော်တွေက ဝတ်ပြုစည်းဝေးဖို့နေရာတွေကို အတတ်နိုင်ဆုံး ဆောက်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံတချို့မှာရှိတဲ့ နိုင်ငံတော်ခန်းမတွေက တခြားဘာသာရေးအဆောက်အအုံတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ တော်တော်နိမ့်ကျနေတဲ့အတွက် ကဲ့ရဲ့လှောင်ပြောင်ခံရတယ်၊ အထင်သေးခံရတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့က ၁၉၉၉ ခုနှစ်ကစပြီး ဖွံ့ဖြိုးဆဲဒေသတွေမှာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအရှိန်မြှင့်တင်တဲ့ အစီအစဉ်တစ်ခုကို ခွင့်ပြုလိုက်တယ်။ အဲဒါကတော့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ရန်ပုံငွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အသုံးပြုဖို့ပါပဲ။ ဒီလိုနည်းနဲ့ အားလုံးကို “သာတူညီမျှ” ဖြစ်သွားစေတယ်။ (၂ ကောရိန္သု ၈:၁၃–၁၅ ကိုဖတ်ပါ။) တခြားနိုင်ငံက ညီအစ်ကိုညီအစ်မတွေကလည်း ဆောက်လုပ်ရေးမှာ စေတနာအလျောက်ပါဝင်ကူညီကြတယ်။

၉။ ဘယ်လုပ်ငန်းက ဖြစ်နိုင်မယ့်ပုံမရသလဲ။ ဒါပေမဲ့ ဘယ်အရာ ပြီးမြောက်ခဲ့သလဲ။

၂၀၀၁ ခုနှစ်မှတ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၈ နိုင်ငံမှာ ခန်းမပေါင်း ၁၈,၃၀၀ ကျော် လိုအပ်နေတယ်။ ဒါကြောင့် အစပိုင်းမှာ ဒီလုပ်ငန်းက ဖြစ်နိုင်မယ့်ပုံမရဘူး။ ဒါပေမဲ့ ဘုရားသခင့်စွမ်းအားတော်နဲ့ ဘုရင်ယေရှုခရစ်တို့သာ ထောက်မပေးရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ (မ. ၁၉:၂၆) အဲဒီအစီအစဉ်ကြောင့် ၁၉၉၉ ကနေ ၂၀၁၃ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း ဘုရားသခင့်လူမျိုးက နိုင်ငံတော်ခန်းမပေါင်း ၂၆,၈၄၉ လုံး ဆောက်လုပ်ပြီးစီးခဲ့တယ်။ * ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းကို ဆက်ပြီးကောင်းချီးပေးနေတယ်။ ၂၀၁၃ ခုနှစ်မှတ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ခန်းမပေါင်း ၆,၅၀၀ လောက် လိုအပ်နေဆဲပဲ။ လက်ရှိအချိန်မှာ ရာနဲ့ချီတဲ့ခန်းမတွေ နှစ်စဉ် လိုအပ်နေတယ်။

ငွေကြေးအခက်အခဲရှိတဲ့ဒေသတွေမှာ နိုင်ငံတော်ခန်းမ ဆောက်တဲ့အခါ အခက်အခဲတွေကြုံတွေ့ရ

၁၀–၁၂။ နိုင်ငံတော်ခန်းမဆောက်လုပ်ခြင်းက ယေဟောဝါရဲ့နာမည်ကို ဘယ်လိုနည်းနဲ့ ချီးမွမ်းဂုဏ်တင်သလဲ။

၁၀ နိုင်ငံတော်ခန်းမအသစ်တွေ ဆောက်လုပ်ခြင်းက ယေဟောဝါရဲ့နာမည်ကို ဘယ်လိုနည်းနဲ့ ချီးမွမ်းဂုဏ်တင်သလဲ။ ဇင်ဘာဘွေနိုင်ငံဌာနခွဲရုံးက ပို့တဲ့မှတ်တမ်းအရ “နိုင်ငံတော်ခန်းမအသစ်ဆောက်ပြီး တစ်လအတွင်း စည်းဝေးတက်ရောက်နှုန်း နှစ်ဆဖြစ်လာတယ်။” နိုင်ငံများစွာမှာ လူတွေက သင့်တော်တဲ့ဝတ်ပြုရာနေရာမရခင် ကျွန်တော်တို့နဲ့မပူးပေါင်းချင်ကြဘူး။ ဒါပေမဲ့ နိုင်ငံတော်ခန်းမဆောက်ပြီးတာနဲ့ မကြာခင်မှာပဲ ခန်းမပြည့်သွားပြီး နောက်တစ်လုံး လိုအပ်လာတယ်။ အဆောက်အအုံရဲ့အသွင်အပြင်တစ်ခုတည်းက လူတွေကို ယေဟောဝါဆီ ဆွဲဆောင်တာ မဟုတ်ပါဘူး။ ဆောက်လုပ်သူတွေတင်ပြတဲ့ စစ်မှန်တဲ့ခရစ်ယာန်မေတ္တာကြောင့်လည်း အဖွဲ့အစည်းကို လူတွေရှုမြင်ပုံ ပြောင်းလဲသွားတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

၁၁ အင်ဒိုနီးရှား။ နိုင်ငံတော်ခန်းမဆောက်တာကို အကဲခတ်နေတဲ့ လူတစ်ယောက်က လုပ်သားအားလုံး စေတနာ့ဝန်ထမ်းတွေဖြစ်မှန်းသိတဲ့အခါ အခုလိုပြောတယ်– “ခင်ဗျားတို့က တော်တော်ထူးခြားတာပဲ။ လခမရပေမဲ့ အားလုံးက စေတနာအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြတယ်။ ခင်ဗျားတို့လို ဘာသာရေးအဖွဲ့အစည်းမျိုး ရှိမယ်မထင်ဘူး။”

၁၂ ယူကရိန်း။ နိုင်ငံတော်ခန်းမဆောက်တဲ့နေရာကို နေ့တိုင်းဖြတ်သွားတဲ့အမျိုးသမီးတစ်ဦးက လုပ်သားတွေဟာ ယေဟောဝါသက်သေဖြစ်ရမယ်၊ အဆောက်အဦးကတော့ နိုင်ငံတော်ခန်းမဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့တယ်။ သူအခုလိုပြောပြတယ်– “သက်သေခံဖြစ်လာတဲ့ ကျွန်မညီမဆီကနေ ယေဟောဝါသက်သေတွေအကြောင်း ကြားဖူးတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်းကို တွေ့တဲ့အခါ ကျွန်မလည်း ကမ္ဘာချီမိသားစုအဝင် ဖြစ်ချင်လာတယ်။ အချင်းချင်းမေတ္တာပြတာကို ဒီနေရာမှာ ကျွန်မတွေ့ရတယ်။” အဲဒီအမျိုးသမီးက ကျမ်းစာလေ့လာပြီး ၂၀၁၀ ပြည့်နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။

၁၃၊ ၁၄။ (က) နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို စောင့်ကြည့်နေတဲ့မောင်နှံတစ်စုံရဲ့ တုံ့ပြန်ပုံကနေ သင်ဘာသိရှိရသလဲ။ (ခ) ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းစရာဖြစ်စေဖို့ သင့်နိုင်ငံတော်ခန်းမမှာ ဘာလုပ်ဆောင်နိုင်သလဲ။

၁၃ အာဂျင်တီးနား။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကြီးကြပ်မှူး ညီအစ်ကိုဆီကို မောင်နှံတစ်စုံရောက်လာပြီး ခင်ပွန်းဖြစ်သူက “ခင်ဗျားတို့ ခန်းမဆောက်နေတာကို ကျွန်တော်တို့ အမြဲကြည့်နေတာ။ . . . ဒီနေရာမှာ ဘုရားသခင်အကြောင်းသင်ယူဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ပြောတယ်။ ပြီးတော့ “ဒီမှာ စည်းဝေးတွေတက်နိုင်အောင် ကျွန်တော်တို့ ဘာလုပ်ရမလဲ” လို့မေးတယ်။ သူတို့ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းတဲ့အခါ တစ်မိသားစုလုံးပါဝင်ခွင့်ရမှ လက်ခံမယ်လို့ပြောတယ်။ ညီအစ်ကိုတွေလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်တယ်။

၁၄ သင်က နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ပါဝင်ကူညီခွင့် ရချင်မှရမယ်။ ဒါပေမဲ့လည်း ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းဂုဏ်တင်နိုင်ဖို့ ဒေသခံနိုင်ငံတော်ခန်းမမှာ သင်လုပ်ပေးနိုင်တဲ့အရာ အများကြီးရှိပါတယ်။ ဥပမာ၊ ကျမ်းစာသင်သားတွေ၊ ပြန်လည်ပတ်မှုတွေနဲ့ တခြားသူတွေကို စည်းဝေးတက်ဖို့ ထက်ထက်သန်သန်ဖိတ်ခေါ်နိုင်တယ်။ ခန်းမသန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးမှာလည်း ပါဝင်နိုင်တယ်။ သင့်နိုင်ငံတော်ခန်းမအတွက် ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းက ခန်းမဆောက်လုပ်ရေးလုပ်ငန်းအတွက် အလှူငွေဖယ်ထားနိုင်တယ်။ (၁ ကောရိန္သု ၁၆:၂ ကိုဖတ်ပါ။) ဒီလုပ်ရပ်အားလုံးက ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းစရာဖြစ်စေတယ်။

‘ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်’ နေတဲ့ လုပ်သားများ

၁၅–၁၇။ (က) ဆောက်လုပ်ရေးလုပ်ငန်း တော်တော်များများကို ဘယ်သူတွေ လုပ်ဆောင်ကြသလဲ။ (ခ) အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့မောင်နှံစုံတွေရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။

၁၅ နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမနဲ့ ဌာနခွဲအဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အလုပ်တော်တော်များများကို ဒေသခံညီအစ်ကိုညီအစ်မတွေ လုပ်ကြတယ်။ သူတို့ကို နိုင်ငံရပ်ခြားက ဆောက်လုပ်ရေးအတွေ့အကြုံရှိ ညီအစ်ကိုညီအစ်မတွေက ကူညီပေးတယ်။ အဲဒီစေတနာ့ဝန်ထမ်းတွေဟာ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးစီမံကိန်းမှာ လအတော်ကြာပါဝင်နိုင်ဖို့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သေချာစီစဉ်ကြတယ်။ တချို့ကျတော့ ဆောက်လုပ်ရေးတာဝန်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ပြီး နှစ်အတော်ကြာ အမှုဆောင်ကြတယ်။

တီမိုနဲ့လီနာ လပ်ပါလိုင်နန် (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့အခါ အခက်အခဲတွေရှိပေမဲ့ အကျိုးကျေးဇူးလည်း ခံစားရတယ်။ ဥပမာ၊ တီမိုနဲ့လီနာတို့ဟာ အာရှ၊ ဥရောပ၊ တောင်အမေရိကနိုင်ငံတွေမှာ နိုင်ငံတော်ခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေနဲ့ ဌာနခွဲအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့တယ်။ “လွန်ခဲ့တဲ့အနှစ်သုံးဆယ်အတွင်း နှစ်နှစ်တစ်ခါလောက် တာဝန်ပြောင်းရတယ်” လို့ တီမိုပြောပြတယ်။ တီမိုနဲ့အိမ်ထောင်ကျတာ ၂၅ နှစ်ရှိပြီဖြစ်တဲ့ လီနာလည်း အခုလိုပြောတယ်– “တီမိုနဲ့အတူ ဆယ်နိုင်ငံမှာ ကျွန်မအမှုဆောင်ခဲ့တယ်။ အစားအစာအသစ်၊ ရာသီဥတုအသစ်၊ ဘာသာစကားအသစ်၊ အမှုဆောင်ရပ်ကွက်အသစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့၊ မိတ်ဆွေအသစ်တွေဖွဲ့နိုင်ဖို့ အချိန်နဲ့ခွန်အားအများကြီး ပေးဆက်ရတယ်။” * အဲဒီလိုကြိုးစားလုပ်ဆောင်ရကျိုးနပ်ရဲ့လား။ လီနာ ဒီလိုပြောတယ်– “အခက်အခဲတွေကြားမှာ အကြီးမားဆုံးကောင်းချီးတွေ ရခဲ့တယ်။ ခရစ်ယာန်မေတ္တာ၊ ဧည့်ဝတ်ကျေပွန်မှုနဲ့ ယေဟောဝါရဲ့မေတ္တာပါစောင့်ရှောက်မှုကို ခံစားခဲ့ရတယ်။ မာကု ၁၀:၂၉၊ ၃၀ မှာ တပည့်တွေကို ယေရှုပြောခဲ့တဲ့ကတိ ပြည့်စုံတာကိုလည်း မြင်ရတယ်။ အဆတစ်ရာမကတဲ့ ကမ္ဘာချီညီအစ်ကိုမောင်နှမ၊ မိဘတွေ ရခဲ့တယ်။” တီမိုလည်း အခုလိုပြောတယ်– “အမြင့်မြတ်ဆုံးရည်ရွယ်ချက်ဖြစ်တဲ့ ဘုရင့်ပိုင်ဆိုင်ရာတွေတိုးချဲ့ရေးမှာ ကျွန်တော်တို့ရဲ့အစွမ်းအစတွေကို အသုံးပြုခွင့်ရလို့ အတိုင်းမသိ ကျေနပ်ပျော်ရွှင်မိတယ်။”

၁၇ အာဖရိက၊ အာရှ၊ ဗဟိုအမေရိက၊ ဥရောပ၊ တောင်အမေရိက၊ တောင်ပစိဖိတ်တို့မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်ခဲ့တဲ့ ဒါရန်နဲ့စာရာလည်း သူတို့ပေးတာထက် ပိုရရှိတယ်လို့ ခံစားခဲ့ရတယ်။ အခက်အခဲတွေ တွေ့ကြုံရပေမဲ့ ဒါရန် အခုလိုပြောတယ်– “ကမ္ဘာ့ဒေသအသီးသီးက ညီအစ်ကိုတွေနဲ့အတူ အမှုဆောင်ရတာ အခွင့်ထူးပါပဲ။ ယေဟောဝါကိုချစ်တဲ့မေတ္တာက ကျွန်တော်တို့အားလုံးကို ရစ်ပတ်ထားတဲ့ နှောင်ကြိုးတစ်မျှင်နဲ့တူတယ်။ အဲဒီမေတ္တာက ကျွန်တော်တို့ကို စည်းလုံးစေတယ်။” စာရာလည်း အခုလိုပြောတယ်– “ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးရှိတဲ့ ညီအစ်ကိုညီအစ်မတွေဆီကနေ ကျွန်မအများကြီး သင်ယူခဲ့ရတယ်။ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ သူတို့တွေ ကိုယ်ကျိုးစွန့်တာကို မြင်ရတဲ့အခါ ကျွန်မလည်း ကိုယ်တော့်အတွက် အကောင်းဆုံးပေးဆက်ဖို့ လှုံ့ဆော်ခံရတယ်။”

၁၈။ ဆာလံ ၁၁၀:၁-၃ မှာပါတဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံနေသလဲ။

၁၈ ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံတွေဟာ အခက်အခဲတွေ ကြုံတွေ့ရမှာဖြစ်ပေမဲ့ နိုင်ငံတော်လုပ်ငန်းတိုးတက်ဖို့ ‘ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ပေးဆက်ကြလိမ့်မယ်’ ဆိုပြီး ဘုရင်ဒါဝိဒ် ကြိုပြောခဲ့တယ်။ (ဆာလံ ၁၁၀:၁–၃ ကိုဖတ်ပါ။) * နိုင်ငံတော်လုပ်ငန်းကို ထောက်မပေးနေသူအားလုံးဟာ အဲဒီပရောဖက်ပြုချက်ပြည့်စုံရေးမှာ ပါဝင်နေကြတယ်။ (၁ ကော. ၃:၉) ကမ္ဘာတစ်ဝန်းက များပြားလှတဲ့ဌာနခွဲအဆောက်အအုံတွေ၊ ရာနဲ့ချီတဲ့စည်းဝေးပွဲခန်းမတွေ၊ ထောင်နဲ့ချီတဲ့နိုင်ငံတော်ခန်းမတွေက ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိကြောင်း၊ အခုစိုးစံနေပြီဖြစ်ကြောင်း အခိုင်အမာသက်သေထူတယ်။ ဂုဏ်တင်ခံထိုက်တဲ့ ယေဟောဝါဘုရားကို ချီးမွမ်းဂုဏ်တင်တဲ့ဒီလုပ်ငန်းမှာ ပါဝင်ပြီး ဘုရင်ယေရှုခရစ်ရဲ့အမှုတော်ကို ထမ်းဆောင်ရတာ တကယ့်အခွင့်ထူးကြီးပါပဲ။

^ အပိုဒ်၊ 6 ၂၀၁၃ခုနှစ်မှတ်တမ်းအရ အမေရိကန်နိုင်ငံက ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၁၃၂ ခုမှာ စေတနာ့ဝန်ထမ်း ၂၃၀,၀၀၀ ကျော် ပါဝင်ခဲ့တယ်။ အမေရိကန်မှာ အဲဒီကော်မတီတွေက နှစ်စဉ် နိုင်ငံတော်ခန်းမအသစ် ၇၅ လုံးနီးပါး ဆောက်လုပ်တာကို ကြီးကြပ်ပေးပြီး ခန်းမ ၉၀၀ နီးပါး ပြုပြင်မွမ်းမံတာကို ကူညီပေးတယ်။

^ အပိုဒ်၊ 9 အစီအစဉ်မှာမပါတဲ့ နိုင်ငံတွေမှာလည်း နိုင်ငံတော်ခန်းမအတော်များများ ဆောက်လုပ်ခဲ့ပေမဲ့ ဒီအရေအတွက်ထဲမှာ အဲဒီခန်းမတွေ မပါဘူး။

^ အပိုဒ်၊ 16 အပြည်ပြည်ဆိုင်ရာအမှုထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အချိန်အများစုကို ဆောက်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုကြတယ်။ ဒါ့အပြင် စနေ၊ တနင်္ဂနွေ ဒါမှမဟုတ် ညနေပိုင်းတွေမှာလည်း ဒေသခံအသင်းတော်နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ကြတယ်။

^ အပိုဒ်၊ 18 ဆာလံ ၁၁၀:၁-၃ (ကဘ)– ‘“သင့်ရန်သူတွေကို သင့်ရဲ့ခြေတင်ခုံအဖြစ် ငါမထားမချင်း ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ယေဟောဝါပြောတယ်။ ယေဟောဝါက သခင့်ရာဇအာဏာလှံတံကို ဇိအုန်ကနေ စေလွှတ်ပြီး “ရန်သူတွေအလယ်မှာ သွားအုပ်စိုးပါ” လို့ပြောလိမ့်မယ်။ စစ်တပ်အင်အားနဲ့ သခင်စစ်ချီလာတဲ့ နေ့မှာ သခင့်လူတွေက ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်ကြလိမ့်မယ်။ အရုဏ်ဦးရဲ့ဝမ်းထဲကနေ ထွက်လာတဲ့ နှင်းစက်တွေနဲ့တူတဲ့ လူငယ်အုပ်စုကြီးက သန့်ရှင်းမှုကိုဆင်မြန်းပြီး သခင့်ဆီလာကြလိမ့်မယ်။’