မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

ဟောပြောခြင်းနည်းလမ်းများ​—လူတွေဆီ သတင်းကောင်းရောက်ဖို့ နည်းလမ်းတိုင်းကို အသုံးပြုခြင်း

ဟောပြောခြင်းနည်းလမ်းများ​—လူတွေဆီ သတင်းကောင်းရောက်ဖို့ နည်းလမ်းတိုင်းကို အသုံးပြုခြင်း

အဓိကအကြောင်းအရာ

လူများနိုင်သမျှ များများဆီ သတင်းကောင်းရောက်ဖို့ ဟောပြောခြင်းနည်းလမ်း အမျိုးမျိုးကို ဘုရားသခင့်လူမျိုး အသုံးပြု

၁၊ ၂။ (က) ပရိသတ်ကြီးကို စကားပြောဖို့ ဘယ်နည်းလမ်းကို ယေရှု အသုံးပြုခဲ့သလဲ။ (ခ) ခရစ်တော်ရဲ့ပုံသက်သေကို သစ္စာရှိတပည့်တွေ ဘယ်လိုလိုက်လျှောက်ခဲ့သလဲ။ ဘာကြောင့်လဲ။

အိုင်ကမ်းစပ်နားမှာ လူအုပ်ကြီးက ယေရှုဆီ စုဝေးလာတယ်။ ယေရှုကတော့ လှေပေါ်တက်ထိုင်ပြီး လှေကို ကမ်းနဲ့နည်းနည်းခွာလိုက်တယ်။ ဘာကြောင့်လဲ။ ရေမျက်နှာပြင်က သူ့အသံကို ပိုကျယ်စေတာကြောင့် ပရိသတ်ကြီး ပိုရှင်းရှင်းလင်းလင်း ကြားနိုင်မယ်ဆိုတာ ယေရှုသိလို့ပဲ။—မာကု ၄:၁၊ ၂ ကိုဖတ်ပါ။

နိုင်ငံတော်တည်ထောင်ခါနီး ဆယ်စုနှစ်တွေမှာ သစ္စာရှိတပည့်တွေဟာ ခရစ်တော်ရဲ့ပုံသက်သေကို လိုက်လျှောက်ခဲ့တယ်။ လူအမြောက်အမြားဆီ နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေဖို့ ထူးခြားတဲ့နည်းလမ်းတွေ အသုံးပြုခဲ့တယ်။ အခြေအနေတွေ ပြောင်းလဲလာပြီး နည်းပညာအသစ်တွေ ထွန်းကားလာတာနဲ့အမျှ ဘုရားသခင့်လူမျိုးကလည်း ဘုရင့်လမ်းညွှန်မှုအောက် ဆန်းသစ်တီထွင်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ဆောင်လာကြတယ်။ အဆုံးမရောက်ခင် လူများနိုင်သမျှ များများဆီ သတင်းကောင်းရောက်စေချင်တယ်။ (မ. ၂၄:၁၄) လူတွေ ဘယ်ဒေသမှာပဲနေနေ သူတို့ဆီ သတင်းကောင်းရောက်နိုင်ဖို့ အသုံးပြုခဲ့တဲ့နည်းလမ်းတချို့ကို သုံးသပ်ကြည့်ရအောင်။ အဲဒီအစောပိုင်းခေတ်မှာ သတင်းကောင်းပျံ့နှံ့စေခဲ့တဲ့ သစ္စာရှိသူတွေရဲ့ယုံကြည်ခြင်းကို ဘယ်လိုနည်းတွေနဲ့ သင် အတုယူနိုင်မလဲဆိုတာကိုလည်း စဉ်းစားကြည့်ပါ။

လူအမြောက်အမြားဆီ သတင်းကောင်းရောက်ရှိစေခြင်း

၃။ သတင်းစာအသုံးပြုခြင်းက အမှန်တရားရဲ့ရန်သူတွေကို ဘယ်လိုနည်းနဲ့ စိတ်ပျက်သွားစေသလဲ။

သတင်းစာများ။ ညီအစ်ကိုရပ်စယ်လ်နဲ့အပေါင်းပါတွေဟာ လူတွေ နိုင်ငံတော်သတင်းကြားရဖို့ ၁၈၇၉ ခုနှစ်ကစပြီး ကင်းမျှော်စင်ကို ထုတ်ဝေခဲ့တယ်။ ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်မှာတော့ ခရစ်တော်က လူများများဆီ သတင်းကောင်းရောက်ရှိစေဖို့ ကိစ္စရပ်တွေကို စနစ်တကျ စီမံပေးခဲ့ပုံရတယ်။ ၁၉၀၃ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာတယ်။ အဲဒီနှစ်မှာ ပဲင်စီလ်ဗေးနီးယားပြည်နယ်က ပရိုတက်စတင့်ဓမ္မဆရာအုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အီး အယ်လ် အီတန်က ကျမ်းစာအယူဝါဒနဲ့ပတ်သက်ပြီး စကားစစ်ထိုးဖို့ ချားလ်စ် တေ့စ် ရပ်စယ်လ်ကို စိန်ခေါ်ခဲ့တယ်။ ရပ်စယ်လ်ဆီ သူရေးတဲ့စာမှာ “ကျွန်တော်တို့နှစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တဲ့ မေးခွန်းတချို့ကို လူထုရှေ့ စကားစစ်ထိုးမယ်ဆိုရင် . . . လူတွေ အရမ်းစိတ်ဝင်စားမယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး ပြောထားတယ်။ ရပ်စယ်လ်နဲ့အပေါင်းပါတွေကလည်း အဲဒီလိုထင်တဲ့အတွက် စကားစစ်ထိုးတာကို နာမည်ကြီးသတင်းစာတစ်စောင် (The Pittsburgh Gazette) မှာထုတ်ဝေဖို့ စီစဉ်တယ်။ အဲဒီဆောင်းပါးတွေကို လူကြိုက်များတဲ့အပြင် ကျမ်းစာအမှန်တရားအကြောင်း ရပ်စယ်လ်ရဲ့ရှင်းပြချက်တွေကလည်း သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ရပ်စယ်လ်ရဲ့ဟောပြောချက်တွေကို အပတ်စဉ်ထုတ်ဝေဖို့ သတင်းစာတိုက်က ကမ်းလှမ်းခဲ့တယ်။ အမှန်တရားရဲ့ရန်သူတွေ ဘယ်လောက်စိတ်ပျက်သွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။

၁၉၁၄ ခုနှစ်မှာ သတင်းစာ ၂,၀၀၀ ကျော်က ရပ်စယ်လ်ရဲ့ဟောပြောချက်တွေကို ပုံနှိပ်ထုတ်ဝေ

၅။ ဘယ်အရည်အသွေးကို ညီအစ်ကိုရပ်စယ်လ် တင်ပြခဲ့သလဲ။ တာ၀န်ရှိ ညီအစ်ကိုတွေလည်း သူ့ပုံသက်သေကို ဘယ်လိုတုပနိုင်သလဲ။

မကြာခင်မှာ တခြားသတင်းစာတွေကလည်း ရပ်စယ်လ်ရဲ့ဟောပြောချက်တွေကို ပုံနှိပ်ချင်လာကြတယ်။ ၁၉၀၈ ခုနှစ်မှာ ဟောပြောချက်တွေကို “သတင်းစာဆယ့်တစ်စောင်မှာ ပုံမှန်” ပုံနှိပ်ထုတ်ဝေနေပြီလို့ ကင်းမျှော်စင်က ဖော်ပြတယ်။ ဒါပေမဲ့ သတင်းစာလုပ်ငန်းနဲ့အကျွမ်းတဝင်ရှိတဲ့ ညီအစ်ကိုတွေက အသင်းရုံးကို ပစ္စဘတ်မြို့ကနေ ပိုလူသိများတဲ့မြို့ကို ပြောင်းရွှေ့မယ်ဆိုရင် ပိုများတဲ့သတင်းစာတွေမှာ ကျမ်းစာအခြေပြုဆောင်းပါးတွေ ပါလာနိုင်မယ်ဆိုပြီး ရပ်စယ်လ်ကို အကြံပေးခဲ့တယ်။ အဲဒီအကြံပြုချက်နဲ့အတူ တခြားအချက်အလက်တွေကို ထည့်စဉ်းစားပြီးနောက် ရပ်စယ်လ်က ၁၉၀၉ ခုနှစ်မှာ ရုံးခန်းကို နယူးယောက်၊ ဘရွတ်ကလင်ကို ပြောင်းရွှေ့လိုက်တယ်။ ဘာရလဒ်ရသလဲ။ ပြောင်းရွှေ့ပြီး လအနည်းငယ်အကြာမှာပဲ ဟောပြောချက်တွေကို သတင်းစာ ၄၀၀ လောက်မှာ ပုံနှိပ်ခဲ့ပြီး အဲဒီအရေအတွက်က ဆက်တိုက်တိုးများလာတယ်။ နိုင်ငံတော်တည်ထောင်တဲ့ ၁၉၁၄ ရောက်တော့ ရပ်စယ်လ်ရဲ့ဟောပြောချက်တွေနဲ့ ဆောင်းပါးတွေကို ဘာသာစကားလေးမျိုးနဲ့ သတင်းစာ ၂,၀၀၀ ကျော်မှာ ပုံနှိပ်ထုတ်ဝေနေပြီ။

ဒီတိုးတက်မှုကနေ ဘယ်အရေးကြီးသင်ခန်းစာ ရရှိသလဲ။ ဒီနေ့ ဘုရားသခင့်အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေဟာ ရပ်စယ်လ်ရဲ့နှိမ့်ချမှုကို အတုယူဖို့ကောင်းပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ တခြားသူတွေရဲ့အကြံပေးချက်ကို ထည့်စဉ်းစားပေးခြင်းအားဖြင့်ဖြစ်တယ်။—သုတ္တံ ၁၅:၂၂ ကိုဖတ်ပါ။

၆။ သတင်းစာဆောင်းပါးတွေမှာပါတဲ့ အမှန်တရားက လူတစ်ဦးရဲ့အသက်တာကို ဘယ်လိုပြောင်းလဲစေခဲ့သလဲ။

အဲဒီသတင်းစာဆောင်းပါးတွေမှာပါတဲ့ နိုင်ငံတော်အမှန်တရားက လူတွေရဲ့အသက်တာကို ပြောင်းလဲစေခဲ့တယ်။ (ဟေဗြဲ ၄:၁၂) သာဓကအနေနဲ့ ၁၉၁၇ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ အော်ရာ ဟက်စယ်လ်ဟာ အဲဒီလိုဆောင်းပါးတွေကတစ်ဆင့် အမှန်တရားကို ဦးဆုံးသိရှိခဲ့သူများစွာထဲက တစ်ယောက်ဖြစ်တယ်။ အော်ရာ ဒီလိုပြောတယ်– “ကျွန်မ အိမ်ထောင်ကျပြီးနောက် မင်နီဆိုတာပြည်နယ်၊ ရိုချက်စတာမြို့မှာနေတဲ့ အမေ့ဆီ သွားလည်တယ်။ အဲဒီကိုရောက်တော့ အမေက သတင်းစာဆောင်းပါးတချို့ကို ညှပ်နေတာ တွေ့ရတယ်။ ရပ်စယ်လ်ရဲ့ ဟောပြောချက်ဆောင်းပါးတွေပေါ့။ အဲဒီဆောင်းပါးတွေကနေ သိလာတာကို အမေ ကျွန်မကို ပြန်ပြောပြတယ်။” အော်ရာဟာ အမှန်တရားကိုလက်ခံခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်လောက်အထိ နိုင်ငံတော်သတင်းကို သစ္စာရှိရှိကြွေးကြော်ခဲ့တယ်။

၇။ ဦးဆောင်တဲ့ညီအစ်ကိုတွေက သတင်းစာအသုံးပြုတဲ့နည်းလမ်းကို ဘာကြောင့်ပြန်သုံးသပ်ခဲ့သလဲ။

၁၉၁၆ ခုနှစ်မှာ အဓိကအကြောင်းရင်းနှစ်ခုကြောင့် ဦးဆောင်တဲ့ညီအစ်ကိုတွေက သတင်းစာသုံးပြီး သတင်းကောင်းဖြန့်ဝေတဲ့နည်းလမ်းကို ပြန်သုံးသပ်ခဲ့တယ်။ ပထမအကြောင်းရင်းက အဲဒီအချိန်မှာဖြစ်ပွားနေတဲ့ စစ်ကြီးကြောင့် ပုံနှိပ်လုပ်ငန်းသုံးပစ္စည်းတွေရဖို့ ခက်လာတာပဲ။ အဲဒီအခက်အခဲနဲ့ပတ်သက်ပြီး ၁၉၁၆ မှာ ဗြိတိန်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့သတင်းစာဌာနက အခုလိုသတင်းပို့တယ်– “လက်ရှိမှာ ဟောပြောချက်တွေကို ပုံနှိပ်နေတဲ့သတင်းစာ ၃၀ ကျော်ပဲရှိတော့တယ်။ စက္ကူစျေးတွေ အဆမတန်မြင့်တက်လာလို့ မကြာခင်မှာ ဒီထက်ပိုနည်းလာမယ့်ပုံပဲ။” ဒုတိယအကြောင်းရင်းကတော့ ၁၉၁၆၊ အောက်တိုဘာ ၃၁ ရက်မှာ ညီအစ်ကိုရပ်စယ်လ် သေဆုံးသွားခြင်းပါပဲ။ ဒါကြောင့် ၁၉၁၆၊ ဒီဇင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုကြေညာတယ်– “အခု ညီအစ်ကိုရပ်စယ်လ် ကွယ်လွန်သွားပြီဆိုတော့ [သတင်းစာတွေမှာ] ဟောပြောချက်တွေပုံနှိပ်တာကိုလည်း လုံးဝရပ်ဆိုင်းလိုက်တော့မယ်။” ဒီဟောပြောခြင်းနည်းလမ်း အဆုံးသတ်သွားပေမဲ့ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” လိုမျိုး တခြားနည်းလမ်းတွေကတော့ အကြီးအကျယ် ဆက်အောင်မြင်ခဲ့တယ်။

၈။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ထုတ်လုပ်ရာမှာ ဘာတွေပါဝင်သလဲ။

ဆလိုက်နဲ့ရုပ်ရှင်။ ရပ်စယ်လ်နဲ့အပေါင်းပါတွေဟာ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုထုတ်လုပ်ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပြီး ၁၉၁၄ မှာတော့ ပြဇာတ်ကို ပြသနိုင်ခဲ့တယ်။ (သု. ၂၁:၅) အဲဒါက ရုပ်ရှင်ကို အသံ၊ ရောင်စုံဓာတ်ပုံဆလိုက်တွေနဲ့ တွဲဖက်ပြီး ဆန်းသစ်တီထွင်ထားတဲ့ ပြဇာတ်ဖြစ်တယ်။ ကျမ်းစာဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနိုင်ဖို့ ရာနဲ့ချီတဲ့လူတွေ သရုပ်ဆောင်ခဲ့တဲ့အပြင် တိရစ္ဆာန်တွေတောင်ပါတယ်။ ၁၉၁၃ ခုနှစ်က မှတ်တမ်းတစ်ခုမှာ အခုလိုဖော်ပြတယ်– “အဲဒီပြဇာတ်ကြီးမှာ နောဧဇာတ်ဝင်ခန်းကို ရိုက်ကူးနိုင်ဖို့ တိရစ္ဆာန်ဥယျာဉ်ကြီးတစ်ခုရဲ့ တိရစ္ဆာန်အများဆုံးရှိတဲ့နေရာကို သုံးခဲ့တယ်။” ဖီလဒဲလ်ဖီးယား၊ နယူးယောက်၊ ပဲရစ်နဲ့ လန်ဒန်မြို့က ပန်းချီပညာရှင်တွေဟာ ရာနဲ့ချီတဲ့မှန်ဆလိုက် တစ်ချပ်ချင်းစီပေါ်မှာ ပန်းချီဆွဲခဲ့ကြတယ်။

၉။ “ဓာတ်ပုံပြဇာတ်” ထုတ်လုပ်နိုင်ဖို့ များပြားလှတဲ့ အချိန်နဲ့ငွေကြေးတွေကို ဘာကြောင့်သုံးခဲ့တာလဲ။

“ဓာတ်ပုံပြဇာတ်” ထုတ်လုပ်နိုင်ဖို့ များပြားလှတဲ့ အချိန်နဲ့ငွေကြေးတွေကို ဘာကြောင့်သုံးခဲ့တာလဲ။ ၁၉၁၃ ခုနှစ်အတွင်း ဆက်တိုက်ကျင်းပတဲ့ စည်းဝေးကြီးတွေရဲ့အဓိဋ္ဌာန်မှာ အခုလိုရှင်းပြတယ်– “အမေရိကန်သတင်းစာတွေဟာ ကာတွန်းနဲ့ သရုပ်ဖော်ပုံတွေအပြင် လူကြိုက်များပြီး ပိုထိရောက်တဲ့ရုပ်ရှင်တွေရဲ့အကူအညီနဲ့ လူထုရဲ့အတွေးအခေါ်ကို ပုံသွင်းရာမှာ မကြုံစဖူးအောင်မြင်မှု ရရှိခဲ့တယ်။ အဲဒါတွေက သိပ်အသုံးဝင်တယ်ဆိုတာ ကောင်းကောင်းသက်သေပြလိုက်တာပဲ။ သတင်းကောင်းဟောပြောသူ၊ သွန်သင်သူတွေအနေနဲ့ ကျွန်တော်တို့ကလည်း ရုပ်ရှင်နဲ့ဆလိုက်တွေဟာ ထိရောက်ကောင်းမွန်တဲ့နည်းလမ်းဖြစ်ကြောင်းကို ခြွင်းချက်မရှိယုံကြည်ပြီး အပြည့်အဝထောက်ခံကြတယ်။”

ပေါ်– “ဓာတ်ပုံပြဇာတ်” စက်ခန်း၊ အောက်– “ဓာတ်ပုံပြဇာတ်” မှန်ဆလိုက်များ

၁၀။ “ဓာတ်ပုံပြဇာတ်” ကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့သလဲ။

၁၀ ၁၉၁၄ ခုနှစ်အတွင်း “ဓာတ်ပုံပြဇာတ်” ကို မြို့ပေါင်း ၈၀ မှာ နေ့စဉ်ပြသခဲ့တယ်။ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံက လူပေါင်းရှစ်သန်းနီးပါး ကြည့်ရှုခဲ့ကြတယ်။ အဲဒီနှစ်မှာပဲ “ဓာတ်ပုံပြဇာတ်” ကို ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ နော်ဝေး၊ ဖင်လန်၊ ဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံတို့မှာလည်း ပြသခဲ့တယ်။ မြို့ငယ်တွေမှာပြသနိုင်ဖို့ ရုပ်ရှင်မပါဘဲ ပိုရိုးရှင်းတဲ့ပြဇာတ်ကို ပြင်ဆင်ခဲ့တယ်။ အဲဒါကတော့ “ယူရစ်ကာပြဇာတ်” ဖြစ်ပြီး ထုတ်လုပ်ခသက်သာတဲ့အပြင် သယ်ဆောင်ရလည်းလွယ်တယ်။ ၁၉၁၆ ခုနှစ်ရောက်တော့ “ဓာတ်ပုံပြဇာတ်” နဲ့ “ယူရစ်ကာပြဇာတ်” ကို ဂရိ၊ ဂျာမန်၊ စပိန်၊ ဆွီဒင်၊ ဒိန်းမတ်-နော်ဝေး၊ ပိုလန်၊ ပြင်သစ်၊ အာမေးနီးယား၊ အီတလီဘာသာစကားတွေနဲ့ ပြန်ဆိုခဲ့တယ်။

၁၉၁၄ ခုနှစ်အတွင်း “ဓာတ်ပုံပြဇာတ်” ကို ပြဇာတ်ရုံတွေမှာ ပြသခဲ့

၁၁၊ ၁၂။ “ဓာတ်ပုံပြဇာတ်” က လူငယ်လေးတစ်ဦးအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ သူ ဘာပုံသက်သေပြခဲ့သလဲ။

၁၁ ပြင်သစ်ဘာသာစကားနဲ့ပြတဲ့ “ဓာတ်ပုံပြဇာတ်” ဟာ ချားလ်စ် ရော်နာဆိုတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်လေးအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ချားလ်စ် ဒီလိုပြောပြတယ်– “ပြဇာတ်ကို ကျွန်တော့်ရဲ့ဇာတိမြို့ဖြစ်တဲ့ ပြင်သစ်နိုင်ငံ၊ အဲလ်စပ်စ်ခရိုင်၊ ကိုလ်မာမြို့မှာပြတယ်။ ပြဇာတ်အစကတည်းက ကျမ်းစာအမှန်တရားကို ရှင်းရှင်းလင်းလင်း တင်ဆက်ထားတာကြောင့် ကျွန်တော် သိပ်သဘောကျသွားတယ်။”

၁၂ ရလဒ်အနေနဲ့ ချားလ်စ်က နှစ်ခြင်းခံပြီး ၁၉၂၂ ခုနှစ်မှာ အချိန်ပြည့်လုပ်ငန်းကို စတင်ခဲ့တယ်။ သူ့ရဲ့ ဦးဆုံးတာ၀န်ကတော့ ပြင်သစ်နိုင်ငံမှာ “ဓာတ်ပုံပြဇာတ်” ပြတာကို ကူညီပေးရတယ်။ အဲဒီအလုပ်နဲ့ပတ်သက်ပြီး သူဒီလိုပြောပြတယ်– “ကျွန်တော်ရဲ့တာ၀န်က တော်တော်များတယ်။ တယောတီးပေးရတယ်၊ စာရင်းအင်းအမှုထမ်း၊ စာအုပ်စာတမ်းအမှုထမ်းလည်း လုပ်ရတယ်။ အစီအစဉ်မစခင်မှာ ငြိမ်ငြိမ်သက်သက်နေဖို့ ပရိသတ်ကိုပြောပေးရတယ်။ အားလပ်ချိန်မှာတော့ စာပေတွေဝေငှကြတယ်။ ညီအစ်ကိုညီအစ်မတစ်ယောက်ကို ခန်းမရဲ့အပိုင်းတစ်ပိုင်းစီ တာ၀န်ပေးလိုက်တယ်။ သူတို့က လက်ထဲမှာ စာအုပ်တွေအပြည့်ပိုက်ထားပြီး ကိုယ်တာဝန်ကျတဲ့နေရာမှာ လူတိုင်းကိုဝေပေးတယ်။ ခန်းမဝင်ပေါက်မှာလည်း စာပေတွေအပြည့်တင်ထားတဲ့ စားပွဲတွေရှိတယ်။” ၁၉၂၅ ခုနှစ်မှာ ချားလ်စ်က နယူးယောက်၊ ဘရွတ်ကလင်ဗေသလကို ဖိတ်ခေါ်ခံရပြီး အသစ်ဖွဲ့စည်းတဲ့ ရေဒီယိုအသံလွှင့်ဌာန ဒဗလျူ ဘီဘီအာရ်မှာ သံစုံတီးဝိုင်းကို ဦးဆောင်ဖို့ တာ၀န်ပေးခံရတယ်။ ချားလ်စ်ရဲ့ပုံသက်သေကို သုံးသပ်ပြီးနောက် ‘ငါကော နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေဖို့ ဘယ်တာ၀န်ပဲရရ လိုလိုလားလား လက်ခံသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။—ဟေရှာယ ၆:၈ ကိုဖတ်ပါ။

၁၃၊ ၁၄။ သတင်းကောင်းပျံ့နှံ့စေဖို့ ရေဒီယိုကို ဘယ်လိုအသုံးပြုခဲ့သလဲ။ (“ ဒဗလျူ ဘီဘီအာရ်မှ အစီအစဉ်များ” နဲ့ “ သမိုင်းဝင်စည်းဝေးကြီး” ဆိုတဲ့ လေးထောင့်ကွက်တွေကိုလည်း ကြည့်ပါ။)

၁၃ ရေဒီယို။ ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ “ဓာတ်ပုံပြဇာတ်” လုပ်ငန်းကို တဖြည်းဖြည်းလျှော့ချခဲ့တယ်။ ဒါပေမဲ့ ရေဒီယိုက နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေရေးအတွက် ထူးခြားတဲ့ နည်းလမ်းတစ်ခု ဖြစ်လာတယ်။ ၁၉၂၂ ခုနှစ်၊ ဧပြီ ၁၆ ရက်မှာ ညီအစ်ကို ရပ်သဖော့ဒ်က ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယားမြို့၊ မက်ထရိုပိုလီတန် အော်ပရာဇာတ်ရုံကနေ ဦးဆုံးအသံလွှင့်ခဲ့တယ်။ “ယခု အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့ သူ့ဟောပြောချက်ကို လူပေါင်း ၅၀,၀၀၀ လောက် ကြားခဲ့ရတယ်။ ၁၉၂၃ ခုနှစ်မှာ စည်းဝေးကြီးအပိုင်းတစ်ပိုင်းကို ဦးဆုံးအသံလွှင့်ခဲ့တယ်။ အပြင်ရေဒီယိုအသံလွှင့်ရုံတွေကို အသုံးပြုတဲ့အပြင် ကိုယ်ပိုင်အသံလွှင့်ဌာန ဆောက်ရင်ပိုကောင်းမယ်လို့ ဦးဆောင်တဲ့ညီအစ်ကိုတွေ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါနဲ့ နယူးယောက်၊ စတက်တင် အိုင်းလဲန်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အသံလွှင့်ဌာနကို ဆောက်လုပ်ပြီး ဒဗလျူ ဘီဘီအာရ်ဆိုတဲ့နာမည်နဲ့ မှတ်ပုံတင်ခဲ့တယ်။ ၁၉၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ စပြီးအသံလွှင့်ခဲ့တယ်။

၁၉၂၂ ခုနှစ်မှာ “ယခု အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှမသေတော့” ဆိုတဲ့ ရေဒီယိုအသံလွှင့်ဟောပြောချက်ကို လူ ၅၀,၀၀၀ နီးပါး ကြားနာခဲ့

၁၄ ဒဗလျူ ဘီဘီအာရ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုရှင်းပြတယ်– “ရေဒီယိုဟာ အမှန်တရားသတင်းပျံ့နှံ့စေရေးအတွက် အသုံးပြုခဲ့သမျှမှာ အကုန်ကျအနည်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။” “အမှန်တရားပျံ့နှံ့စေရေးအတွက် ရေဒီယိုအသံလွှင့်ဌာနတွေ ထပ်ဆောက်လုပ်သင့်တယ်လို့ သခင်ယူဆတယ်ဆိုရင် လိုအပ်တဲ့ငွေကို သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်ပေးပါလိမ့်မယ်” လို့လည်း ဆက်ပြောတယ်။ (ဆာ. ၁၂၇:၁) ၁၉၂၆ ခုနှစ်ရောက်တော့ ယေဟောဝါရဲ့လူမျိုးမှာ ကိုယ်ပိုင်အသံလွှင့်ရုံခြောက်ခု ရှိနေပြီ။ အမေရိကန်ပြည်ထောင်စုမှာ နှစ်ခုရှိတယ်။ နယူးယောက်မှာ ဒဗလျူ ဘီဘီအာရ်၊ ချီကာဂိုမြို့နားမှာ ဒဗလျူ အိုအာရ်ဒီတို့ဖြစ်တယ်။ တခြားလေးခုက ကနေဒါနိုင်ငံ ဆက်စ်ခက်ချဝမ်၊ ဗြိတိသျှကိုလံဘီယာ၊ အယ်လ်ဘာတာ၊ အွန်တဲရီယိုပြည်နယ်တို့မှာရှိတယ်။

၁၅၊ ၁၆။ (က) ကနေဒါနိုင်ငံက အမည်ခံခရစ်ယာန်ဘုန်းကြီးတွေဟာ ကျွန်တော်တို့ရဲ့အသံလွှင့်မှုကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) ရေဒီယိုဟောပြောချက်တွေနဲ့ တစ်အိမ်တက်ဆင်းလုပ်ငန်းက ဘယ်လိုနည်းနဲ့ အပြန်အလှန်အကျိုးပြုသလဲ။

၁၅ ကျမ်းစာအမှန်တရားကို အခုလိုကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်တာကို အမည်ခံခရစ်ယာန်ဘုန်းကြီးတွေ သတိမထားမိဘဲမနေပါဘူး။ ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ပြည်နယ် ရေဒီယိုအသံလွှင့်ဌာနမှာ ကူညီပေးတဲ့ အဲလ်ဘတ် ဟော့ဖ်မန် အခုလိုပြောပြတယ်– “လူတွေက ကျမ်းစာကျောင်းသားတွေ [ယေဟောဝါသက်သေတွေရဲ့ အရင်နာမည်] ကို ပိုပိုသိလာကြတယ်။ ၁၉၂၈ ခုနှစ်အထိ ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ ခရစ်ယာန်ဘုန်းကြီးတွေက အာဏာပိုင်တွေကို ဖိအားပေးတဲ့အတွက် ကနေဒါနိုင်ငံမှာ ကျမ်းစာကျောင်းသားတွေရဲ့ အသံလွှင့်ဌာနအားလုံး လိုင်စင်သိမ်းခံလိုက်ရတယ်။”

၁၆ ကနေဒါမှာ ကျွန်တော်တို့ရဲ့ရေဒီယိုအသံလွှင့်ဌာနတွေကို ပိတ်လိုက်ရပေမဲ့လည်း အပြင်အသံလွှင့်ရုံတွေကနေ ကျမ်းစာဟောပြောချက်တွေ ဆက်ပြီးထုတ်လွှင့်နေတုန်းပဲ။ (မ. ၁၀:၂၃) အဲဒီအစီအစဉ်တွေကို ပိုထိရောက်စေဖို့ ကင်းမျှော်စင်နဲ့ ရွှေခေတ် (အခု နိုးလော့!) မှာ ကျမ်းစာအမှန်တရားထုတ်လွှင့်ပေးတဲ့ အပြင်အသံလွှင့်ရုံစာရင်း ပါလာတယ်။ ဒါကြောင့် ကြေညာသူတွေက တစ်အိမ်တက်ဆင်းသွားတဲ့အခါ လူတွေကို သူတို့ဒေသရဲ့အသံလွှင့်ရုံကနေ ထုတ်လွှင့်တဲ့ဟောပြောချက်တွေကို ဖမ်းယူနားဆင်ဖို့ အားပေးတယ်။ ဘာအကျိုးရခဲ့သလဲ။ ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ဘူလ်လတင် မှာ အခုလိုပြောတယ်— “ရေဒီယိုလုပ်ငန်းက တစ်အိမ်တက်ဆင်းဟောပြောတဲ့ ညီအစ်ကိုတွေအတွက် တကယ်အားပေးမှုဖြစ်စေတယ်။ လူတွေက ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်တွေကို ကြားပြီးသားဖြစ်လို့ သတင်းကောင်းဟောတာကို နားထောင်တဲ့အပြင် စာအုပ်တွေလည်း လိုလိုလားလားလက်ခံကြောင်း မှတ်တမ်းတွေရရှိတယ်။” ရေဒီယိုအသံလွှင့်လုပ်ငန်းနဲ့ တစ်အိမ်တက်ဆင်းလုပ်ငန်းကို “သခင့်အဖွဲ့အစည်းအသုံးပြုတဲ့ ဟောပြောခြင်းနည်းလမ်းကြီးနှစ်ခု” ဆိုပြီး ဘူလ်လတင်မှာ ဖော်ပြခဲ့တယ်။

၁၇၊ ၁၈။ အခြေအနေတွေ ပြောင်းလဲသွားပေမဲ့ ရေဒီယိုက အရေးပါတဲ့ကဏ္ဍကနေ ဘယ်လိုဆက်လုပ်ဆောင်ခဲ့သလဲ။

၁၇ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အပြင်အသံလွှင့်ရုံ အသုံးပြုတာကို ဆန့်ကျင်လာကြတယ်။ ဒါကြောင့် ၁၉၃၇ ခုနှစ်နှောင်းပိုင်းမှာ ယေဟောဝါရဲ့လူမျိုးက ပြောင်းလဲလာတဲ့အခြေအနေနဲ့အညီ အလိုက်သင့်ပြုပြင်ခဲ့ရတယ်။ အပြင်အသံလွှင့်ရုံတွေကို မသုံးတော့ဘဲ တစ်အိမ်တက်ဆင်းလုပ်ငန်းကို ပိုအာရုံစိုက်လာတယ်။ * ဒါပေမဲ့ ရေဒီယိုက ဝေးလံခေါင်သီတဲ့ဒေသတွေ၊ ဟောပြောဖို့ခက်ခဲတဲ့ဒေသတွေဆီ နိုင်ငံတော်သတင်းရောက်ရှိစေဖို့ အရေးပါတဲ့ကဏ္ဍကနေ လုပ်ဆောင်နေတုန်းပဲ။ ဥပမာ၊ ၁၉၅၁ ကနေ ၁၉၉၁ ခုနှစ်အထိ ဂျာမနီနိုင်ငံ၊ အနောက်ဘာလင် အသံလွှင့်ရုံက ကျမ်းစာဟောပြောချက်တွေကို ပုံမှန်ထုတ်လွှင့်ပေးတဲ့အတွက် အဲဒီတုန်းက အရှေ့ဂျာမနီလို့ခေါ်တဲ့ဒေသမှာ နေထိုင်သူတွေဟာ နိုင်ငံတော်သတင်း ကြားနိုင်ခဲ့တယ်။ ၁၉၆၁ ခုနှစ်ကစပြီး နောက်အနှစ်သုံးဆယ်ကျော်အထိ တောင်အမေရိကတိုက်၊ စူရီနမ်နိုင်ငံရဲ့ နိုင်ငံပိုင်အသံလွှင့်ရုံမှာ အပတ်စဉ် ၁၅ မိနစ်စာအစီအစဉ် ထုတ်လွှင့်ပြီး ကျမ်းစာအမှန်တရားပျံ့နှံ့စေခဲ့တယ်။ ၁၉၆၉ ကနေ ၁၉၇၇ ခုနှစ်အထိ အဖွဲ့အစည်းက “ကျမ်းတစ်ကျမ်းလုံး အကျိုးပြု” ဆိုတဲ့ ရေဒီယိုအစီအစဉ် အပိုင်း ၃၅၀ ကျော် ထုတ်လုပ်ခဲ့တယ်။ အဲဒီအစီအစဉ်ကို အမေရိကန်နိုင်ငံ၊ ပြည်နယ် ၄၈ ခုက အသံလွှင့်ရုံ ၂၉၁ ရုံမှာ ထုတ်လွှင့်ခဲ့တယ်။ ၁၉၉၆ ခုနှစ်၊ တောင်ပစိဖိတ်မှာရှိတဲ့ ဆာမိုအာကျွန်းရဲ့ မြို့တော်အေပီယာမှာ “ကျမ်းစာမေးခွန်းများအတွက်အဖြေ” ဆိုတဲ့အစီအစဉ်ကို အသံလွှင့်ရုံကနေ အပတ်စဉ်ထုတ်လွှင့်ခဲ့တယ်။

၁၈ ၂၀ ရာစုကုန်ဆုံးလာတာနဲ့အမျှ သတင်းကောင်းပျံ့နှံ့စေရေးမှာ ရေဒီယိုရဲ့အခန်းကဏ္ဍ တဖြည်းဖြည်းမှေးမှိန်လာတယ်။ ဒါပေမဲ့ မကြုံဖူးတဲ့အတိုင်းအတာနဲ့ လူအမြောက်အမြားဆီ သတင်းကောင်းရောက်ရှိစေနိုင်မယ့် နောက်ထပ်နည်းပညာသစ်တစ်ခု ထွက်ပေါ်လာတယ်။

၁၉၊ ၂၀။ ယေဟောဝါရဲ့လူမျိုးက jw.org ဝက်ဘ်ဆိုက်ကို ဘာကြောင့် ပြင်ဆင်ခဲ့သလဲ။ အဲဒါက ဘယ်လောက်ထိ အကျိုးဖြစ်ထွန်းသလဲ။ (“ JW.ORG” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၉ အင်တာနက်။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ လူပေါင်း ၂.၇ ဘီလီယံကျော်ဟာ အင်တာနက်အသုံးပြုကြောင်း ၂၀၁၃ ခုနှစ်မှတ်တမ်းအရ သိရှိရတယ်။ ခန့်မှန်းချက်တချို့အရ လူပေါင်း နှစ်ဘီလီယံနီးပါးဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တို့လို့ မိုဘိုင်းဆက်စပ်ကိရိယာတွေနဲ့ အင်တာနက်ချိတ်ဆက် အသုံးပြုကြတယ်။ အဲဒီအရေအတွက်ဟာ ကမ္ဘာချီအတိုင်းအတာနဲ့ တိုးများလာတယ်။ လက်ရှိအချိန်မှာ ဖုန်းကို အင်တာနက်ချိတ်ဆက်အသုံးပြုတာ အများဆုံးကတော့ အာဖရိကတိုက်ပဲ။ အဲဒီမှာ မိုဘိုင်းဖုန်းနဲ့အင်တာနက် အသုံးပြုတဲ့အရေအတွက် သန်း ၉၀ ကျော်ရှိတယ်။ ဒီလိုတိုးတက်မှုတွေက လူတွေသတင်းအချက်အလက်ရရှိတဲ့ နည်းလမ်းကို ထူးထူးခြားခြား ပြောင်းလဲသွားစေတယ်။

၂၀ ၁၉၉၇ ခုနှစ်ကစပြီး ယေဟောဝါရဲ့လူမျိုးဟာ လူအမြောက်အမြားဆီ သတင်းကောင်း ရောက်ရှိနိုင်တဲ့ ဒီနည်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ jw.org ၀က်ဘ်ဆိုက်ကို ဘာသာစကားပေါင်း ၃၀၀ နီးပါးနဲ့ ရရှိနိုင်ပြီး ကျမ်းစာအခြေပြု သတင်းအချက်အလက်တွေကို ဘာသာစကားပေါင်း ၅၂၀ ကျော်နဲ့ ကူးယူနိုင်အောင် ပြင်ဆင်ခဲ့တယ်။ နေ့စဉ်နေ့တိုင်း ၀င်ရောက်ကြည့်ရှုနှုန်း ၇၅၀,၀၀၀ ကျော်ရှိတယ်။ ဗီဒီယိုတွေကြည့်ရှုတဲ့အပြင် စာအုပ်ပေါင်း ၃ သန်းကျော်၊ မဂ္ဂဇင်း ၄ သန်းနဲ့ အသံသွင်းထားတဲ့ဆောင်းပါး ၂၂ သန်းကို လစဉ်လတိုင်း ကူးယူကြတယ်။

၂၁။ ဆီနာရဲ့တွေ့ကြုံမှုကနေ သင် ဘာသိရှိရသလဲ။

၂၁ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေရေးမှာ ဒီ၀က်ဘ်ဆိုက်ဟာ အင်မတန်ထိရောက်တဲ့နည်းလမ်းပါပဲ။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့ဒေသတွေမှာတောင် သတင်းကောင်းရောက်ရှိစေတယ်။ ဥပမာ၊ ၂၀၁၃ ခုနှစ် အစောပိုင်းမှာ ဆီနာ ဆိုတဲ့လူတစ်ယောက်ဟာ jw.org ၀က်ဘ်ဆိုက်ကိုတွေ့သွားလို့ အမေရိကန်နိုင်ငံ၊ ကမ္ဘာ့ဌာနချုပ်ဆီ ဆက်သွယ်ပြီး ကျမ်းစာနဲ့ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့တယ်။ ဒီဆက်သွယ်မှုက ဘာလို့ထူးခြားတာလဲ။ ဆီနာက မွတ်စလင်နောက်ခံဖြစ်တယ်။ သူက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ နေထိုင်တယ်။ ဒီလို ဆက်သွယ်မိသွားတဲ့အတွက် အမေရိကန်က ညီအစ်ကိုတစ်ယောက်ဟာ ဆီနာနဲ့ တစ်ပတ်နှစ်ကြိမ် ကျမ်းစာလေ့လာဖို့ စီစဉ်ခဲ့တယ်။ အင်တာနက်ဗီဒီယိုကိုသုံးပြီး သူတို့ ကျမ်းစာလေ့လာကြတယ်။

တစ်ဦးချင်းစီကို သွန်သင်ပေးခြင်း

၂၂၊ ၂၃။ (က) လူအမြောက်အမြားဆီ သတင်းကောင်းရောက်ရှိစေတဲ့ နည်းလမ်းတွေက တစ်အိမ်တက်ဆင်းလုပ်ငန်းကို အစားထိုးဖို့လား။ (ခ) ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘုရင် ဘယ်လိုကောင်းချီးပေးခဲ့သလဲ။

၂၂ လူအမြောက်အမြားဆီ သတင်းကောင်းရောက်ရှိစေဖို့ အသုံးပြုတဲ့ သတင်းစာ၊ “ဓာတ်ပုံပြဇာတ်၊” ရေဒီယိုနဲ့ ၀က်ဘ်ဆိုက်စတဲ့ နည်းလမ်းတွေက တစ်အိမ်တက်ဆင်းလုပ်ငန်းကို အစားထိုးဖို့မဟုတ်ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့လူမျိုးတွေက ယေရှု ချမှတ်ခဲ့တဲ့ပုံစံအတိုင်း လိုက်လျှောက်ကြလို့ပဲ။ ယေရှုက လူအုပ်ကို ဟောပြောရုံသာမကဘဲ လူတစ်ဦးချင်းစီကိုလည်း ကူညီပေးဖို့ အာရုံစိုက်ခဲ့တယ်။ (လု. ၁၉:၁-၅) တပည့်တွေကိုလည်း အဲဒီလိုလုပ်ဖို့ လေ့ကျင့်ပေးပြီး သူတို့ ဘာအကြောင်းဟောရမယ်ဆိုတာ သင်ပေးခဲ့တယ်။ (လုကာ ၁၀:၁၊ ၈–၁၁ ကိုဖတ်ပါ။) အခန်း ၆ မှာလေ့လာခဲ့တဲ့အတိုင်း လူတွေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဟောပြောဖို့ ဦးဆောင်တဲ့ညီအစ်ကိုတွေက ယေဟောဝါရဲ့ကျေးကျွန်တိုင်းကို အမြဲအားပေးတယ်။—တ. ၅:၄၂; ၂၀:၂၀

၂၃ နိုင်ငံတော်တည်ထောင်ပြီးနောက် နှစ်ပေါင်းတစ်ရာအကြာမှာ ကြေညာသူ ၈ သန်းနီးပါးဟာ ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း တခြားသူတွေကို တက်တက်ကြွကြွ သွန်သင်ပေးနေကြတယ်။ နိုင်ငံတော်ကိုကြေညာဖို့ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့နည်းလမ်းတွေကို ဘုရင် ကောင်းချီးပေးခဲ့မှန်း သေချာပါတယ်။ လူမျိုး၊ လူမျိုးနွယ်နဲ့ ဘာသာစကားတိုင်းမှာရှိတဲ့ လူတွေဆီ သတင်းကောင်းပျံ့နှံ့စေဖို့ ကျွန်တော်တို့ လိုအပ်တဲ့ကိရိယာတွေကိုလည်း ဘုရင်ပြင်ဆင်ပေးခဲ့ကြောင်း နောက်အခန်းမှာ လေ့လာသွားပါမယ်။—ဗျာ. ၁၄:၆

^ အပိုဒ်၊ 17 ၁၉၅၇ ခုနှစ်မှာ ဦးဆောင်တဲ့ညီအစ်ကို တွေဟာ နယူးယောက်မြို့က ကျွန်တော်တို့ရဲ့ နောက်ဆုံးအသံလွှင့်ဌာနဖြစ်တဲ့ ဒဗလျူ ဘီဘီအာရ်ကို ပိတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။