မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ချစ်ရတဲ့နိုင်ငံတော်ကြေညာသူ–

၁၉၁၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်၊ သောကြာနေ့မနက်ပိုင်းမှာ ဘရွတ်ကလင် ဗေသလမိသားစုဝင်တွေနဲ့အတူ ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ဗေသလထမင်းစားခန်းမှာ ကိုယ့်နေရာမှာထိုင်နေရင်း ညီအစ်ကိုစီ တီ ရပ်စယ်လ်ရဲ့အလာကို စောင့်နေတယ်။ ရုတ်တရက် ထမင်းစားခန်းတံခါးပွင့်သွားပြီး ညီအစ်ကိုရပ်စယ်လ် ဝင်လာတယ်။ ထုံးစံအတိုင်း သူက ခဏရပ်လိုက်ပြီး “အားလုံး၊ မင်္ဂလာနံနက်ခင်းပါ” လို့ ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်တယ်။ ပြီးတော့ စားပွဲထိပ်မှာ ချက်ချင်းမထိုင်သေးဘဲ လက်ခုပ်တီးပြီး “လူမျိုးခြားအချိန် ကုန်ဆုံးပြီ။ သူတို့ဘုရင်တွေခေတ်ကုန်ပြီ” လို့ ဝမ်းသာအားရ ကြေညာလိုက်တယ်။ အဲဒီအခါ သင်လည်း ပြောမပြနိုင်လောက်အောင် ဝမ်းသာသွားတယ်။ ဒီအချိန်ကို နှစ်နဲ့ချီပြီး စောင့်စားခဲ့ရတာ။ ဒါကြောင့် တခြားဗေသလမိသားစုဝင်တွေနဲ့အတူ အားရပါးရလက်ခုပ်တီးပြီး ဒီဝမ်းသာစရာသတင်းကို ကြိုဆိုလိုက်တယ်။

စိတ်လှုပ်ရှားစရာဒီသတင်းကို ညီအစ်ကိုရပ်စယ်လ် ကြေညာခဲ့ချိန်ကစပြီး ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပါပြီ။ အဲဒီအချိန်ကစပြီး နိုင်ငံတော် ဘာတွေပြီးမြောက်ခဲ့ပြီလဲ။ အများကြီးပါပဲ။ နိုင်ငံတော်အစီအစဉ်ကိုအသုံးပြုပြီး ယေဟောဝါက သူ့လူမျိုးကို အဆင့်ဆင့်သန့်စင် လေ့ကျင့်ပေးခဲ့တယ်။ ၁၉၁၄ မှာ ဘုရားသခင့်လူမျိုးဟာ ထောင်ဂဏန်းလောက်ပဲရှိခဲ့ရာကနေ အခုဆိုရင် ရှစ်သန်းနီးပါးရှိနေပြီ။ အဲဒီလိုလေ့ကျင့်ပေးမှုကနေ သင်ကိုယ်တိုင် ဘယ်လောက်ထိ အကျိုးခံစားနေရသလဲ။

“ယေဟောဝါရဲ့ကောင်းကင်ရထား ရွေ့လျားနေတယ်” လို့ ညီအစ်ကိုတွေ ပြောတတ်ကြတယ်။ ဒါမှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ မျက်မြင်မရအပိုင်းကို တင်စားတဲ့ ဒီကောင်းကင်ရထားက ၁၉၁၄ ကစပြီး အမြန်ဆုံးနှုန်းနဲ့ရွေ့လျားနေတယ်။ ဒီစာအုပ်ကို သေသေချာချာဖတ်ကြည့်မယ်ဆိုရင် အဲဒီအချက်ကို သိရပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောပြောနိုင်ဖို့အတွက် နိုင်ငံတော်ကြေညာသူတွေဟာ သတင်းစာ၊ ကြော်ငြာချီတက်ပွဲ၊ ဆလိုက်ရုပ်ရှင်၊ သက်သေခံကတ်ပြား၊ ဓာတ်ပြား၊ ရေဒီယို၊ အင်တာနက်အပါအဝင် နည်းစနစ်မျိုးစုံကို အသုံးပြုခဲ့ကြတယ်။

ဒီလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးနေတဲ့အတွက် အခုဆိုရင် ကျမ်းစာ,စာပေတွေကို ဘာသာစကားပေါင်း ၆၇၀ ကျော်နဲ့ထုတ်ဝေနေပြီး လူတိုင်းကို အခမဲ့ဝေငှနေတယ်။ ကိုယ်ကျိုးစွန့်တဲ့စေတနာ့ဝန်ထမ်းများစွာဟာ ငွေကြေးချမ်းသာတဲ့နိုင်ငံတွေမှာရော ငွေကြေးအခက်အခဲရှိတဲ့နိုင်ငံတွေမှာပါ နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမနဲ့ ဌာနခွဲရုံးဆောက်လုပ်ရေးလုပ်ငန်းတွေကို ကူညီပေးနေကြတယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတဲ့အခါ ချစ်စရာကောင်းတဲ့ညီအစ်ကိုညီအစ်မတွေက ဘေးအန္တရာယ်ကြုံရတဲ့ဒေသတွေကို ချက်ချင်းသွားရောက် ကူညီပေးကြတယ်။ ဒီလိုနည်းနဲ့ သူတို့ဟာ ‘ဒုက္ခရောက်ချိန်မှာကူညီပေးဖို့ မွေးဖွားလာ’ တယ်ဆိုတာကို သက်သေပြကြတယ်။—သု. ၁၇:၁၇ကဘ။

တစ်ခါတလေမှာ ဘုန်းကြီးဓမ္မဆရာတွေနဲ့ ဆန့်ကျင်သူတွေက ‘ဥပဒေကို အသုံးချပြီး ဒုက္ခရောက်အောင်ကြံစည်’ ကြတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို သူတို့ရဲ့ကြိုးစားမှုက “သတင်းကောင်းကို မတားဆီးဘဲ တိုးပွားစေ” ခဲ့တယ်။ ဒါကိုသိရတာက ယုံကြည်ခြင်းခိုင်ခံ့စေတယ် မဟုတ်လား။—ဆာ. ၉၄:၂၀ကဘ; ဖိ. ၁:၁၂

“အိမ်သူအိမ်သား” ချင်းဖြစ်တဲ့ သင်နဲ့ပူးပေါင်းရတာကို ကျွန်တော်တို့ဂုဏ်ယူပါတယ်။ သင်တို့အားလုံးကို ကျွန်တော်တို့ သိပ်ချစ်တယ်ဆိုတာ ကျေးဇူးပြုပြီး သတိရပါ။ ဒီစာအုပ်မှာပါတဲ့အကြောင်းအရာတွေက သင့်ရဲ့ဘုရားရေးရာအမွေအနှစ်ကို အရင်ကထက် ပိုတန်ဖိုးထားနိုင်အောင် ကူညီပေးပါစေလို့ ကျွန်တော်တို့ ဆုတောင်းလိုက်ပါတယ်။—မ. ၂၄:၄၅

ဆန္ဒမွန်များစွာဖြင့်

သင်တို့ရဲ့ညီအစ်ကိုများ

ယေဟောဝါသက်သေများရဲ့အုပ်ချုပ်ရေးအဖွဲ့