မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

ပရဒိသုရောက်လုနီးပြီ!

ပရဒိသုရောက်လုနီးပြီ!

ယ​ခု ကမ္ဘာ​ပေါ်​ဖြစ်​ပျက်​နေ​သော မကောင်း​မှု​များ​က ပရ​ဒိ​သု​ရောက်​လု​နီး​ကြောင်း​တင်​ပြ၏။ သမ္မာ​ကျမ်း​စာ​က ပရ​ဒိ​သု​ရောက်​မလာ​မီ​လေး​တွင် ဆိုး​ရွား​သော​အချိန်​ကို ကျွန်ုပ်​တို့​မြင်​တွေ့​ရ​မည်​ဟု​ဆို​၏။ ယင်း​သို့​သော​အချိန်​မျိုး​တွင် ယ​ခု​ကျွန်ုပ်​တို့​အသက်​ရှင်​နေ​ကြ​သည်! အောက်​ပါ​အရာ​များ​သည် ကျမ်း​စာ​က ဖြစ်​ပျက်​လာ​မည်​ဟု​ဆို​သည့်​အရာ​အချို့​ဖြစ်​သည်–

စစ်​ပွဲ​ကြီး​များ။ “လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။” (မဿဲ ၂၄:၇) ဤ​ပရော​ဖက်​ပြု​ချက် ဖြစ်​ပျက်​လာ​သည်။ ၁၉၁၄ ခု​နှစ်​က​တည်း​က ကမ္ဘာ​စစ်​ကြီး​နှစ်ခု​ဖြစ်​ခဲ့​ပြီး စစ်ပွဲ​ငယ်​ပေါင်း​များ​စွာ​ဖြစ်​ခဲ့၏။ ထို​စစ်​ပွဲ​များ​တွင် လူ​သန်း​ပေါင်း​များစွာ​သေကျေ​ခဲ့​သည်။

ရော​ဂါ​ဘ​ယ​ပျံ့​နှံ့​မှု။ “အရပ်​ရပ်​တို့​၌ . . . ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။” (လုကာ ၂၁:၁၁) ထို​သို့​တကယ်​ဖြစ်​လာ​သလော။ ဖြစ်​လာ​ပါ​သည်။ ကင်​ဆာ​ရော​ဂါ၊ နှလုံး​ရောဂါ၊ တီ​ဘီ​ရောဂါ၊ ငှက်​ဖျား​ရော​ဂါ၊ အေအိုင်​ဒီ​အက်စ်​နှင့် အခြား​ရောဂါ​များ​က သန်း​ပေါင်း​များ​စွာ​သော​သူ​တို့​ကို​ သေစေ​ခဲ့​ပြီ။

အစား​အစာ​မလုံ​လောက်​မှု။ ကမ္ဘာ​တစ်​ဝန်း​တွင် အစား​အစာ​အလုံ​အလောက်​မရှိ​သူ​များ​ရှိ​၏။ နှစ်​စဉ် သန်း​ပေါင်း​များ​စွာ​သော​သူ​တို့​သည် ငတ်​မွတ်​ခြင်း​ကြောင့်​သေဆုံး​ကြ​သည်။ ယင်းက မကြာမီ​ ပရဒိသု​ရောက်​လာ​တော့​မည့် အခြား​နိ​မိတ်​တစ်​ခု​ဖြစ်​သည်။ ကျမ်း​စာ​က​ဤ​သို့​ဆို​၏– “အစာ​ခေါင်း​ပါး​ခြင်း . . . ဖြစ်​ကြ​လိမ့်​မည်။”—မာကု ၁၃:၈

မြေင​လျင်​များ။ “အရပ်​ရပ်​တို့​၌ . . . မြေကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။” (မဿဲ ၂၄:၇) ဤသို့ ကျွန်ုပ်​တို့​ခေတ်​တွင် အမှန်​ဖြစ်​နေ​ပြီ။ ၁၉၁၄ ခု​နှစ်​မှ​စ​၍ မြေင​လျင်​များ​ကြောင့် လူ​ပေါင်း​တစ်သန်း​ကျော်​သေဆုံး​ခဲ့​သည်။

လူ​ဆိုး​များ။ လူ​တို့​သည် “ငွေ​ကို​တပ်​မက်​သော​သူ” နှင့် “ကိုယ်​ကို​ကိုယ်​ချစ်​သော​သူ” များ​ဖြစ်​ကြ​မည်။ သူတို့​သည် “ဘုရား​သခင်​ကို​နှစ်​သက်​သည်​ထက် ကာ​မဂုဏ်​ခံ​စား​ခြင်း​ကို​သာ​၍​နှစ်​သက်​သော​သူ” များ​ဖြစ်​ကြ​မည်။ သား​သမီး​တို့​သည် “မိ​ဘ​စ​ကား​ကို​နား​မထောင်​သော​သူ” များ​ဖြစ်​ကြ​မည်။ (၂ တိမောသေ ၃:၁-၅) ယ​နေ့ ထို​သို့​သော​သူ​များ​စွာ​ရှိ​ကြောင်း သင်​သဘော​မတူ​ပေလော။ သူ​တို့​သည် ဘုရား​သခင်​အား​ရို​သေလေး​စား​ခြင်း​မရှိ​ဘဲ ဘုရား​သခင်​အကြောင်း​သင်​ယူ​လေ့​လာ​ဖို့ ကြိုး​စား​သူ​တို့​ကို နှောင့်​ယှက်​ကြ​သည်။

ရာ​ဇ​ဝတ်​မှု။ “မတရား​သော​အမှု​တို့​သည်” လည်း “များ​ပြား” ကြ​လိမ့်​မည်။ (မဿဲ ၂၄:၁၂) လွန်​ခဲ့​သော​နှစ်​များ​က​ထက် ရာဇဝတ်​မှု​ပို​၍​ဆိုး​ရွား​လာ​သည်​ကို သင်​သဘော​တူ​ကောင်း​တူ​ပေမည်။ နေ​ရာ​တိုင်း​ရှိ​လူ​တို့​သည် လု​ယက်​ခံ​ရ၊ လိမ်​လည်​လှည့်​ဖြား​ခံ​ရ၊ ဘေး​ပြု​ခံ​ရ​နိုင်​စ​ရာ​အကြောင်း​ရှိ​သည်။

ဤ​အရာ​အား​လုံး​က ဘုရား​သခင့်​နိုင်​ငံ​တော်​နီး​ပြီဟု တင်ပြ​၏။ ကျမ်း​စာ​က​ဤ​သို့​ဆို​သည်– “ထို​အကြောင်း​အရာ​များ​ဖြစ်​သည်​ကို​မြင်​ရ​လျှင်၊ ဘုရား​သခင်​၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို​သိ​မှတ်​ကြ​လော့။” (လုကာ ၂၁:၃၁) ဘုရား​သခင့်​နိုင်​ငံ​တော်​ကား အဘယ်​နည်း။ ၎င်း​သည် မြေကြီး​ပေါ်​တွင် ပရ​ဒိ​သု​ကို​ဖြစ်​ပေါ်​စေ​မည့် ဘုရား​သခင်​၏​ကောင်း​ကင်​အစိုး​ရ​ဖြစ်​သည်။ ဘုရား​သခင့်​နိုင်ငံ​တော်​က လူ့အုပ်​ချုပ်​ရေး​များ​ကို​အစား​ထိုး​မည်။—ဒံယေလ ၂:၄၄၊ ၄၅