မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

ဘုရားသခင့်မိတ်ဆွေများကား မည်သူတို့နည်း

ဘုရားသခင့်မိတ်ဆွေများကား မည်သူတို့နည်း

ယေရှု​ခရစ်​သည် ယေဟောဝါ​၏​သား​တော်​ဖြစ်​ပြီး ကိုယ်​တော်​၏​အရင်း​နှီး​ဆုံး၊ အမြတ်​နိုး​ဆုံး​မိတ်​ဆွေ​ဖြစ်​၏။ ယေရှု​သည် လူ​သား​တစ်​ဦး​အဖြစ် မြေကြီး​ပေါ်​မနေ​ထိုင်​မီ​က တန်​ခိုး​ကြီး​သော​နာမ်​ဝိညာဉ်​သတ္တ​ဝါ​တစ်ပါး​အဖြစ် ကောင်း​ကင်​တွင်​နေ​ထိုင်​ခဲ့​သည်။ (ယောဟန် ၁၇:၅) ထို့နောက် မြေကြီး​ပေါ်​ကြွ​လာ၍ ဘုရား​သခင်​နှင့်​ပတ်သက်​သော​အမှန်​တရား​ကို လူ​တို့​အား​သွန်​သင်​ပေး​သည်။ (ယောဟန် ၁၈:၃၇) နာ​ခံ​သည့်​လူ​သား​များ​ကို အပြစ်​နှင့်​သေခြင်း​မှ​ကယ်​တင်​ရန် မိမိ​၏​လူ​သား​အသက်​ကို​လည်း​စွန့်​ခဲ့​သည်။ (ရော​မ ၆:၂၃) ယ​ခု ယေရှု​သည် မြေကြီး​ကို​ပရ​ဒိ​သု​ဖြစ်​စေ​မည့် ကောင်း​ကင်​အစိုး​ရ​တည်း​ဟူ​သော ဘုရား​သခင့်​နိုင်​ငံ​တော်​၏​ဘု​ရင်​ဖြစ်​၏။—ဗျာဒိတ် ၁၉:၁၆

ကောင်း​ကင်​တ​မန်​များ​သည်​လည်း ဘုရား​သခင့်​မိတ်​ဆွေ​များ​ဖြစ်​ကြ​သည်။ ကောင်း​ကင်​တ​မန်​များ​သည် လူ​သား​များ​ကဲ့​သို့ မြေကြီး​ပေါ်​အသက်​စ​တင်​ခဲ့​ခြင်း​မဟုတ်​ပါ။ ဘုရား​သခင်​သည် မြေကြီး​ကို​မဖန်​ဆင်း​မီ သူ​တို့​ကို​ကောင်း​ကင်​၌​ဖန်​ဆင်း​ခဲ့​သည်။ (ယောဘ ၃၈:၄-၇) ကောင်း​ကင်​တ​မန် သန်း​ပေါင်း​များ​စွာ​ရှိ​၏။ (ဒံယေလ ၇:၁၀) ဘုရား​သခင်​၏ ဤ​ကောင်း​ကင်​ဆိုင်​ရာ​မိတ်​ဆွေ​များ​သည် ယေဟောဝါ​နှင့်​ပတ်​သက်​သော​အမှန်​တရား​ကို လူ​တို့​အား​သင်​ယူ​စေ​လို​ကြ​သည်။—ဗျာဒိတ် ၁၄:၆၊ ၇

မြေကြီး​ပေါ်​၌​လည်း ဘုရား​သခင့်​မိတ်​ဆွေ​များ​ရှိ​ကြ​သည်; သူ​တို့​ကို မိမိ​၏​သက်​သေများ​ဟု ကိုယ်​တော်​ခေါ်​ဆို​၏။ တရား​ရုံး​ရှိ​သက်​သေတစ်​ဦး​သည် တစ်​စုံ​တစ်​ဦး သို့​မဟုတ် တစ်​စုံ​တစ်​ရာ​နှင့်​ပတ်​သက်​၍ သူ​သိ​ရှိ​ထား​ရာ​ကို​ထွက်​ဆို​သည်။ ယေဟောဝါ​သက်​သေများ​သည် ယေဟောဝါ​နှင့် ကိုယ်​တော်​၏​ရည်​ရွယ်​ချက်​နှင့်​စပ်​လျဉ်း​၍ သူ​တို့​သိ​ရှိ​ထား​ရာ​ကို သူ​တစ်​ပါး​အား​ပြော​ပြကြ​သည်။ (ဟေရှာယ ၄၃:၁၀) သက်​သေခံ​များ​သည် ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ပင် ယေဟောဝါ​နှင့်​ပတ်​သက်​သော​အမှန်​တရား​ကို လေ့​လာ​သင်​ယူ​ရာ​တွင် သင့်​အား​ကူ​ညီ​ပေး​လို​ကြ​သည်။ သူ​တို့​က သင့်​ကို​လည်း ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​စေ​လို​ကြ​၏။